ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆) အခန်း သုံး
ခ။ အယူအဆများ ဖြန့်ဝေသည့်လူများကို ဆက်ဆံရမည့် နည်းလမ်း
အသင်းတော်၌ တစ်စုံတစ်ဦးက ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် မကျေနပ်ချက်များကို ဖြန့်ဝေသည့်အခါ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာသနည်း။ ယင်းက အသင်းတော်အသက်တာ၏ ရလဒ်များကို တိုက်ရိုက် ထိခိုက်စေသလော။ ယင်းက ပုံမှန်အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်သလော။ (နှောင့်ယှက်ပါသည်။) ဤသည်မှာ လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သက်ရောက်မှုရှိပြီး ၎င်းတို့၏ တာဝန်များ ပုံမှန်ထမ်းဆောင်နိုင်စွမ်းကိုလည်း ထိခိုက်စေသည်။ ထို့ကြောင့် အယူအဆများ ဖြန့်ဝေသည့် သူတို့ကို ကန့်သတ်ရမည်။ ၎င်းတို့က ထိုသို့သောအရာများကို ရံဖန်ရံခါမျှသာ ဖော်ပြပြောဆိုလျှင်ပင် ၎င်းတို့ကို ကန့်သတ်ပြီး ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ ၎င်းတို့တွင် မည်သည့် လူ့သဘာဝမျိုးရှိသည်ကိုဖြစ်စေ၊ ၎င်းတို့၏ အယူအဆများ ဖြန့်ဝေခြင်းသည် ယာယီ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကြောင့် ဟုတ်မဟုတ်ကိုဖြစ်စေ၊ ယင်းက ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားကို တစိုက်မတ်မတ် မလိုက်စားသည့်အပြင် ပိုများသောလူတို့ကို အထင်အမြင်မှားစေရန်နှင့် အသင်းတော်အသက်တာကို နှောင့်ယှက်ကာ ပျက်စီးစေရန် အယူအဆများကို တမင်တကာ ဖြန့်ဝေနေခြင်း ဟုတ်မဟုတ်ကိုဖြစ်စေ ကြည့်လော့။ ယင်းမှာ ရံဖန်ရံခါဖြစ်သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းမျှသာဖြစ်ပါက ၎င်းတို့ကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အားပေးကာ ကူညီခြင်းက လုံလောက်ပေသည်။ ၎င်းတို့သည် အကြံဉာဏ်ကို နားမထောင်ဘဲ အယူအဆများကို ဆက်လက်ဖြန့်ဝေကာ အသင်းတော်အသက်တာကို နှောင့်ယှက်မည်ဆိုလျှင်၊ ထို့ပြင် အခြားသူများကို အပျက်သဘောဆောင်၍ အားနည်းလာစေကာ ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိလာလျှင် ယင်းမှာ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြောင်း ဆိုလိုပြီး စည်းမျဉ်းများနှင့်အညီ ရှင်းလင်းပစ်သင့်သည်။ အဘယ်ကြောင့် ၎င်းတို့ကို နောက်ထပ်အခွင့်အရေးတစ်ခု မပေးရသနည်း။ ထိုသို့သောလူများသည် မယုံကြည်သူများဖြစ်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ၎င်းတို့၏ လူ့သဘာဝက မည်သို့ပင်ဖြစ်စေ၊ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများသည် ဂျုံစပါးပင်များထဲမှ တောပင်များနှင့် တူသည်။ ၎င်းတို့ကို နှုတ်ပစ်သင့်သည်။ အကယ်၍ ၎င်းတို့သည် မယုံကြည်သူများ၏ သရုပ်သကန်အချို့ကိုသာ ပြသပြီး အသင်းတော်အသက်တာတွင် နှောင့်ယှက်မှုများကို မဖြစ်စေသေးသည့်အပြင်၊ အသင်းတော်၏ မိတ်ဆွေများအဖြစ် အစေခံနိုင်ကာ အစေခံမှုပေးနိုင်သေးပါက၊ ၎င်းတို့ကို လျစ်လျူရှုထား၍ရသည်။ သို့သော် အယူအဆများကို အစဉ်အမြဲ ဖြန့်ဝေသောသူတို့သည် မယုံကြည်သူများ၏ အမြင်ရှုထောင့်များနှင့် မှတ်ချက်များကို အစဉ်အမြဲ ဖော်ပြကြသည်။ ၎င်းတို့သည် အမှုအရာများကို ကြုံရာကျပန်း ပြောဆိုနေခြင်းမဟုတ်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပိုများသောလူတို့ကို ဘုရားသခင်နှင့် အလှမ်းဝေးသွားစေဖို့ လှုံ့ဆော်ရန်၊ အထင်အမြင်မှားစေရန်နှင့် ဆွဲဆောင်ရန် ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “ငါ ကောင်းချီးများ မရနိုင်လျှင် ယုံကြည်တော့မည်မဟုတ်ပါ။ သင်တို့တစ်ယောက်မျှ ကောင်းချီးများရရန် မမျှော်လင့်သင့်သည့်အပြင် ယုံလည်းမယုံကြည်သင့်ပါ။ သင်တို့ ဆက်လက်ယုံကြည်နေလျှင်၊ သင်တို့ မလျှော့တမ်းလုပ်ပြီး တစ်နေ့တွင် နောက်ဆုံး၌ ကောင်းချီးများ ရရှိသွားလျှင်ကော၊ ယင်းက ငါ့ကို အခက်တွေ့စေမည် မဟုတ်လော။ ထိုအခါ ငါသည် စိတ်ထဲတွင် မည်သို့ တည်ငြိမ်နေနိုင်မည်နည်း။ ယင်းက အဆင်ပြေမည်မဟုတ်ပါ။ နောင်တွင် နောင်တရခြင်းကို ရှောင်ရှားရန်အတွက်၊ ငါသည် သင်တို့ကို နှောင့်ယှက်ပြီး သင်တို့၏ ယုံကြည်ခြင်းကို လှုပ်ခတ်စေမည်။ သင်တို့ကို ဘုရားနှင့် အလှမ်းဝေးစေမည်၊ ဘုရားကို သစ္စာဖောက်စေမည်၊ ငါနှင့်အတူ အသင်းတော်မှ ထွက်ခွာစေမည်၊ ယင်းမှာ အကောင်းဆုံးဖြစ်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ထိုသို့သော မယုံကြည်သူများကို ရှင်းလင်းပစ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ အချို့မယုံကြည်သူများသည် ယုံကြည်ခြင်းကို ရပ်လိုက်လျှင် အသင်းတော်သည် ၎င်းတို့၏ ဘုရား နှုတ်ကပတ်တော် စာအုပ်များကို ယတိပြတ် ပြန်ယူပြီး ၎င်းတို့ကို စာရင်းမှ ပယ်ဖျက်လိုက်မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ယုံကြည်သူများအပေါ် အပြုသဘောဆောင်သော ခံစားချက်အချို့ရှိသည့် အခြားမယုံကြည်သူများ ရှိသေးသည်။ ၎င်းတို့သည် အသင်းတော်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ခြင်းမရှိပေ။ ၎င်းတို့သည် အသင်းတော်၏ မိတ်ဆွေများအဖြစ် ရံဖန်ရံခါ ကူညီရုံသာ ကူညီကြသည်။ ထိုသို့သောလူများသည် သမ္မာတရားကို မလိုက်စားသော်လည်း၊ သမ္မာတရားကို မိတ်သဟာယမဖွဲ့သော်လည်း အယူအဆများကို မဖြန့်ဝေပေ သို့မဟုတ် အသင်းတော်အသက်တာကို မနှောင့်ယှက်ပေ။ ၎င်းတို့သည် အစေခံမှု အနည်းငယ်မျှ ပေးနိုင်သရွေ့ ၎င်းတို့ကို အသင်းတော်တွင် နေထိုင်ခွင့်ပြုသင့်ပြီး ရှင်းလင်းပစ်ရန် မလိုအပ်ပေ။ သို့ရာတွင် အယူအဆများကို စဉ်ဆက်မပြတ် ဖြန့်ဝေသော ထိုမယုံကြည်သူများအတွက်မူ ၎င်းတို့ကို မည်သည့်သနားညှာတာမှုမျှ မပြသင့်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့် အထင်အမြင်လွဲမှားမှုများကို ဖြန့်ဝေကြပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ကာ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်ပေါ်စေကြ၏။ ဤမယုံကြည်သူများသည် စာတန်၏ အစေခံများ ဖြစ်ကြသည်။ ၎င်းတို့တွင် အယူအဆများ ရှိသည်၊ သို့ရာတွင် ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေရုံသာမက ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေရန် ၎င်းတို့၏ အယူအဆများကိုပင် ဖြန့်ဝေကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး အခြားသူများအနည်းငယ်ကိုလည်း ၎င်းတို့နှင့်အတူ ပျက်စီးခြင်းသို့ ဆွဲခေါ်သွားလိုကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ဤသို့သော ရည်ရွယ်ချက်မျိုးများဖြင့် နှောင့်ယှက်ခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ခွင့်လွှတ်နိုင်သလော။ မလွှတ်နိုင်ပေ၊ ၎င်းတို့ကို ချမ်းသာမပေးရ။ ဤသည်မှာ ၎င်းတို့ကို ကန့်သတ်ရန် သို့မဟုတ် သီးခြားခွဲထားရန် လိုအပ်သည့် ကိစ္စရပ်တစ်ခု မဟုတ်။ ၎င်းတို့ကို လုံးဝ သက်ညှာမှုမပြဘဲ ဖယ်ရှားရမည်ဖြစ်ပြီး အသင်းတော်မှ ထာဝစဉ် ထုတ်ပယ်ရမည်။
အသင်းတော်၌ လူအချို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြသည့်အပြင်၊ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် မည်သို့အလုပ်လုပ်သည်ကိုလည်း လုံးဝ နားမလည်ကြပေ။ အချို့အရာများကို တွေ့ကြုံပြီးနောက် ၎င်းတို့သည် ဘုရားသခင်အပေါ် အထင်လွဲမှားမှုများ၊ အတိုက်အခံလုပ်ခြင်းများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာအချို့သည် အယူအဆများကို ဖြန့်ဝေခြင်းပင် ဖြစ်သည်။ ၎င်းတို့ဖြန့်ဝေသည့် အယူအဆများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို နားလည်သဘောပေါက်ရာတွင် လမ်းလွဲခြင်းများ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်သည့် အထင်လွဲမှားမှုများမျှသာ မဟုတ်ပေ။ အချို့မှာ ပို၍ဆိုးရွားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို တိုက်ရိုက်ငြင်းပယ်ခြင်းဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးလုံးလျားလျား ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြသည်။ ပြီးလျှင် ၎င်းတို့ဖြန့်ဝေသည့် အခြားအယူအဆများသည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်းပင် တိုက်ခိုက်ပြီး ပြစ်မှားစော်ကားလေသည်။ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး သို့မဟုတ် ဘုရားသခင်၏ နောက်လိုက်တစ်ဦး၏ အမြင်ရှုထောင့်မှ ရပ်တည်လျက် ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးနေခြင်း သို့မဟုတ် သိရှိရန် ကြိုးစားနေခြင်း မဟုတ်သည့်အပြင်၊ သမ္မာတရားကို လက်ခံပြီး ဘုရားသခင်၏ အမှုတော်အပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် သူ၏ရည်ရွယ်ချက်များအပေါ် ၎င်းတို့၏ သဘောပေါက်နားလည်မှုကို မိတ်သဟာယဖွဲ့ခြင်းလည်း မဟုတ်ပေ။ ၎င်းတို့ဖော်ပြသည့် အယူအဆများသည် ဤအပြုသဘောဆောင်သော သိနားလည်မှုများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ အခြားသူများက ၎င်းတို့၏ အယူအဆများကို ကြားသည့်အခါ ဘုရားသခင်အပေါ် သိနားလည်မှုတစ်ခု မရရှိကြသည့်အပြင်၊ စစ်မှန်သော ယုံကြည်ခြင်းလည်း မဖြစ်ပေါ်ကြဘဲ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည်လည်း မကြီးထွားသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းက မရေရာဖြစ်လာသည်၊ လျော့နည်းသွားသည် သို့မဟုတ် လုံးလုံး ပျောက်ဆုံးသွားသည်အထိပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ရူပါရုံသည် ၎င်းတို့အတွက် မရှင်းမလင်းဖြစ်လာသည်။ လူတို့သည် ၎င်းတို့ဖြန့်ဝေသည့် အယူအဆများကို နားထောင်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် ယုံကြည်သင့်သည်ဟူသည်မှာ မရှင်းမလင်းဖြစ်သည်အထိပင် ထိုသူတို့၏ စိတ်နှလုံးများ ပို၍ နားဝေတိမ်တောင်ဖြစ်လာလေဖြစ်ပြီး ဘုရားသခင် တည်ရှိခြင်း ရှိမရှိကိုပင် သံသယဝင်လာကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဟုတ်မဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က လူတို့ကို သန့်စင်ပြီး ကယ်တင်နိုင်ခြင်း ရှိမရှိဟူသည်နှင့် အခြားထိုသို့သော ကိစ္စရပ်များ၊ ဤအရာအားလုံးသည် ၎င်းတို့အတွက် မရှင်းမလင်းဖြစ်လာပြီး သံသယဖြစ်ဖွယ်ဖြစ်လာသည်။ လူတို့သည် ထိုသို့သော ပုဂ္ဂိုလ်များက ဖြန့်ဝေသည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ကြားသည့်အခါ ဘုရားသခင်ကို သံသယဝင်ပြီး သတိထားလာကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စတင် ဘောင်ခတ်လာကြပြီး ဘုရားသခင်အပေါ် အထင်လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်လာကာ စိတ်ထဲတွင် ဘုရားသခင်နှင့် ခပ်ကင်းကင်းပင် နေလာကြလေသည်။ ဤသည်မှာ အလွန်ပြဿနာဖြစ်ပေသည်။ ၎င်းတို့တွင် ဤအပျက်သဘောဆောင်သော အတွေးများ၊ အမြင်များ၊ အစီအစဉ်များနှင့် ကြံစည်မှုများရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့လက်ခံပြီးဖြစ်သည့် အချက်အလက်နှင့် မှတ်ချက်များသည် သမ္မာတရားနှင့် ကိုက်ညီဖို့ မဆိုထားနှင့်၊ ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့်ပင် မကိုက်ညီကြောင်း သိသာထင်ရှားလာသည်။ ယင်းတို့သည်စာတန်ထံမှလာကြောင်း ရာနှုန်းပြည့် သေချာပေသည်။ အယူအဆများ ဖြန့်ဝေသူတို့၏ ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများက မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် မှားယွင်းသော အယူအဆများနှင့် အခြေအမြစ်မရှိသော ကောလာဟလများကို တမင်တကာ ဖြန့်ဝေသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြန့်ဝေသည်ဖြစ်စေ၊ ၎င်းတို့သည် အသင်းတော်၌ ထိခိုက်နစ်နာစေသောသက်ရောက်မှုတစ်ခု ဖြစ်စေသရွေ့ ၎င်းတို့ကို ကန့်သတ်သင့်သည်။ ထိုသို့သောလူများကို အသင်းတော်အသက်တာပြင်ပ၌ သတိပြုမိပြီး ပိုင်းခြားသိမြင်ခဲ့ပါက ၎င်းတို့ကိုလည်း ချက်ချင်းတားဆီးပြီး ကန့်သတ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သမ္မာတရားကို နားလည်သူတစ်ဦးက ညီအစ်ကိုမောင်နှမများအား ထိုသို့သောအရာများ ဖြန့်ဝေသူတို့ကို ပိုင်းခြားသိမြင်စေရန် ကူညီလျက် ထိုသူတို့အားချေပပြီး ဖော်ထုတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် သိနားလည်မှုကို အသုံးပြုနိုင်လျှင် ဤသည်မှာ သာ၍ပင် ကောင်းပေသည်။ ဤသည်မှာ စာတန်ကို တိုက်ခိုက်ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ပါက ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ရှောင်ရှားရန် သင်ယူသင့်သည်။ အကယ်၍ သင်သည် ဝိညာဉ်ရင့်ကျက်မှု ရှိပါက ၎င်းတို့ကို ဖော်ထုတ်သင့်သည်။ ဤအရာကို သင်တို့ လုပ်ဆောင်ဝံ့သလော။ ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ဟူသည်ကို သင်တို့ သိကြသလော။ ဤအရာက တစ်စုံတစ်ဦးတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်ကို အထုတ်ဖော်ဆုံးဖြစ်သည်။ အချို့ယုံကြည်သူအသစ်များသည် ဘုရားသခင်နှင့်ပတ်သက်၍ ထိုသို့သောလူများ ဖြန့်ဝေသည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ကြားသည့်အခါ တုန်လှုပ်သွားပြီး “ဘုရားသခင်ကို ယုံကြည်သူတစ်ဦးက မည်သို့ဖြစ်ပြီး ဤကဲ့သို့ စကားပြောနိုင်ရသနည်း” ဟု ပြောဆိုကြသည်။ အကယ်၍ အခြေခံအုတ်မြစ်မရှိသော လူတို့သည် ဤအယူအဆများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ကြားလျှင် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြလိမ့်မည်လော။ ဤမှားယွင်းသော အယူအဆများကို ၎င်းတို့ လက်ခံကြလိမ့်မည်လော။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်းခံရပြီး အသင်းတော်ကို စွန့်ခွာကြလိမ့်မည်လော။ ဤသည်တို့မှာ ဖြစ်နိုင်သည်ချည်းသာဖြစ်သည်။ အယူအဆများ ဖြန့်ဝေသူတစ်ဦးက “ကျွန်ုပ်သည် ဘုရားသခင်ကိုတစ်ဖန် လုံးဝ ယုံကြည်မည်မဟုတ်ပါ”ဟု ပြောဆိုသည့်အခါ ဤစကားကို ပြောချိန်တွင် မည်သည့် အခြေအနေမျိုး၌ ၎င်းတို့ရှိသည်ဖြစ်စေ၊ ယင်းက ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း လုံးဝပျောက်ဆုံးသွားပြီး မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ညွှန်ပြသည်။ ထိုသို့သောစကားများကို ဖြန့်ဝေခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်စေ၊ ယင်းတို့ကို ကြားရခြင်းမှ သင်သည် တည်ဆောက်မှု တစ်ခုတလေကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သင်သည် အားနည်းပြီး ဤစကားများကို ကြားသည့်အခါ “ဤလူက ငါ၏ နာကျင်မှုကို မျှဝေခံစားပေးသည်။ သူက သူ၏ အယူအဆတွေအကြောင်း ပြောချိန်တွင်၊ ငါ၏ အတွင်းကျကျ အတွေးများကို ဖွင့်ပြောပေးနေသကဲ့သို့ ဖြစ်သည်”ဟု သင်ခံစားကောင်းခံစားရနိုင်သည်။ သို့ရာတွင် ယုံကြည်ခြင်းရှိသူတစ်ဦးက ဤစကားများကို ကြားလျှင် “ဤသည်မှာ လုံးဝ မတန်တဆ ပုန်ကန်မှုပင်ဖြစ်သည်။ ထိုသို့သောစကားမျိုးကို မည်သို့ဖြစ်ပြီး ပြောနိုင်ရသနည်း။ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသောကြောင့် ထိုသို့သောအရာများကို ငါ ပြောဝံ့မည်မဟုတ်ပါ”ဟု ၎င်းတို့ စဉ်းစားပေမည်။ ၎င်းတို့က ဤအယူအဆများကို ဖြန့်ဝေနိုင်သည့်အချက်က ဤစိတ်ကူးများသည် အချိန်ကြာမြင့်စွာက ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်ပြီးဖြစ်ကြောင်းကို ညွှန်ပြသည်။ အကယ်၍ ထိုသို့သော စိတ်ကူးများသည် ယခုတင် ဖြစ်ပေါ်ပြီး အစပျိုးသည့်အဆင့်တွင်သာ ရှိနေသေးကာ အယူအဆများအဖြစ်သို့ အပြည့်အဝ မဖြစ်ပေါ်သေးပါက၊ လူတစ်ဦးက ယင်းတို့ကို နှုတ်ဖြင့်မပြောသရွေ့၊ ပြီးလျှင် အခြားသူများကို အထင်အမြင်မှားစေခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုသရွေ့၊ ဤအရာက ၎င်းတို့တွင် ဆင်ခြင်တုံတရား အနည်းငယ်ရှိကြောင်း ပြသည်။ ၎င်းတို့သည် မိမိတို့၏ လျှာကို စောင့်ထိန်းနိုင်ပြီး ထိုသို့ဖြင့် ရှင်းလင်းပစ်ခြင်း၏ အကျိုးဆက်ကို ရှောင်ရှားနိုင်သည်။ သို့သော် ၎င်းတို့က ထုတ်ပြောပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ပါက ၎င်းတို့ကို နောက်ထပ် လောကဝတ်ပြု၍ မရတော့ပေ။ ၎င်းတို့ကို ဖော်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ သမ္မာတရားကို မချစ်မြတ်နိုးသည့်အပြင်၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်း ကင်းမဲ့သောလူများတွင် အယူအဆများကို မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး နားလည်သဘောပေါက်နိုင်စွမ်းရှိသူတို့သည် အယူအဆများ ဖြစ်ပေါ်လာလျှင်ပင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေကြလိမ့်မည်။ အယူအဆများကို မကြာခဏ ဖြန့်ဝေသူတို့သည် ဘုရားသခင်၏အမှုတော်အားဖြင့် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံကြရသည်။ ၎င်းတို့သည် သမ္မာတရားကို ဘာဆိုဘာမျှ မချစ်မြတ်နိုးသူများနှင့် သမ္မာတရားကို လက်မခံနိုင်သူများဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင်၊ သမ္မာတရားကို မုန်းတီးကြသည်။ ဤသည်မှာ လုံးဝ သံသယဖြစ်ဖွယ်မရှိပေ။
အမျိုးမျိုးသော နိုင်ငံများနှင့် နေရာများ အနှံ့ရှိ အသင်းတော်အသက်တာတွင် သမ္မာတရားကို မချစ်မြတ်နိုးသောလူများသည် နေရာအနှံ့တွင် ရှိနေသောကြောင့် အယူအဆများ ဖြန့်ဝေခြင်းဟူသည့် ပြဿနာက သေချာပေါက် တည်ရှိနေသည်။ သမ္မာတရားကို မလိုက်စားသူများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများ၊ ဇာတိပကတိဆိုင်ရာ သာယာမှုကို ရှာဖွေသူများအပြင် မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အခြားသူများသည် သမ္မာတရားကို မလိုက်စားကြသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်အမြဲ အယူအဆများ ထားရှိကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အယူအဆများဖြင့် ပြည့်နေသည်၊ ဘုရားသခင်နှင့်ပတ်သက်သည့် စိတ်ကူးစိတ်သန်းများနှင့် သူ့အပေါ် တောင်းဆိုချက်များဖြင့် ပြည့်နေပြီး ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်တိုင်းကို ၎င်းတို့သည် ဖြူစင်စွာ သဘောပေါက်ပြီး နားလည်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အယူအဆများ၊ နှစ်သက်မှုများနှင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများကိုပင် အခြေခံ၍သာ ယင်းတို့ကို နားလည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သည့် အမျိုးမျိုးသော အထင်လွဲမှားမှုများနှင့် ဝေဖန်မှုများစသည်တို့နှင့်အတူ ဘုရားသခင်အပေါ် အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် မလျော်ကန်သော တောင်းဆိုချက်များဖြင့် ပြည့်နေသည်။ ထို့ကြောင့် ဤလူများအတွက် အယူအဆများ ဖြန့်ဝေခြင်းက သဘာဝဖြစ်သည်။ ဤသည်မှာ ဘာမျှ အသစ်အဆန်းမဟုတ်ပေ။ ထိုသို့သောလူများ တည်ရှိနေသရွေ့ အယူအဆများ ဖြန့်ဝေခြင်းက အခါအားလျော်စွာ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး အချိန်မရွေး ဖြစ်ပျက်နိုင်သည်။ ဘုရားသခင်ပြောဆိုသည့် သို့မဟုတ် လုပ်ဆောင်သည့်အရာ တစ်စုံတစ်ခုသည် ၎င်းတို့၏ အယူအဆများ၊ ဆန္ဒများနှင့် မကိုက်ညီသည့်အခါတွင်လည်းကောင်း၊ ယင်းက ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါတွင်လည်းကောင်း ၎င်းတို့သည် ဒေါသပေါက်ကွဲပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် စတင်ပြောဆိုကာ ဘုရားသခင်နှင့် သူ၏အမှုတော်ကို ထိပ်တိုက်ရင်ဆိုင်ကြသည်။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အမှုတော်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလျက် သမ္မာတရားနှင့် ဘုရားသခင်ကို အမြဲ ဆန့်ကျင်ရပ်တည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်၏ မှန်ကန်မှုကို အဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်လည်းကောင်း၊ အဆင့်အတန်းနှင့်လည်းကောင်း ကိုက်ညီခြင်း ရှိမရှိဟူသည်ကိုလည်း စစ်ဆေးအတည်ပြုလိုကြသည်။ ၎င်းတို့၏ စစ်ဆေးအတည်ပြုခြင်း ဖြစ်စဉ်အတောအတွင်းတွင် တိကျသော အဖြေများရရှိရန် အလွန်ခက်ခဲကြသည်ကို ၎င်းတို့ တွေ့ရှိရသည်။ ၎င်းတို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာကာ အမှန်တကယ်ဖြစ်လာရန်ပင်လျှင် အလွန်ခက်ခဲလှသည်။ ထို့ကြောင့် ၎င်းတို့သည် အယူအဆများ ဖြန့်ဝေသည့်အခါ ပြောစရာများစွာ ရှိကြသည်။ ၎င်းတို့သည် အချိန်၊ နေရာ သို့မဟုတ် အခြေအနေကို ထည့်မစဉ်းစားဘဲ ၎င်းတို့၏ အယူအဆများကို ဖြန့်ဝေကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် မည်သည့်နည်းနှင့်မဆို မကျေမနပ်ဖြစ်သည့်အခါတိုင်း ၎င်းတို့၏ အယူအဆများကို အသုံးပြုလျက် အမှုအရာများကို တိုင်းတာကြသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီပါက ၎င်းတို့၏ အယူအဆများကို အလျင်အမြန် ဖော်ပြကြသည်။ ဤဖော်ပြခြင်းမျိုးကို ဖြန့်ဝေခြင်းအဖြစ် စရိုက်လက္ခဏာကို ငါတို့ သတ်မှတ်သည်။ အဘယ်ကြောင့် “ဖြန့်ဝေခြင်း”ဟု ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဖော်ပြသည့်အရာများသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၊ အသင်းတော်အသက်တာ သို့မဟုတ် ဘုရားအိမ်တော်၏အလုပ်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှု မရှိသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့သည် နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် ထိခိုက်နစ်နာစေခြင်းတို့ကိုသာ ဖြစ်စေသည်။ ထို့ကြောင့် ထိုသို့သော မှတ်ချက်များနှင့်ဆိုင်သည့် စကားကို “ဖြန့်ဝေခြင်း”အဖြစ် ရည်ညွှန်းခြင်းသည် တိကျမှန်ကန်ပေသည်။
သင်သည် အယူအဆများ ဖြန့်ဝေခြင်းဟူသည့် ကိစ္စရပ်နှင့် ပတ်သက်၍ အခြေခံ ပိုင်းခြားသိမြင်မှုအချို့ ရရှိပြီးနောက်၊ သင်သည် လူတို့၏ အမျိုးမျိုးသော မှားယွင်းသည့် အယူအဆများနှင့် မှတ်ချက်များကို သမ္မာတရားအပေါ် အခြေခံ၍ စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်သင့်ကာ၊ ထို့နောက်တွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ထိုသို့သော ကိစ္စရပ်များကို ဖြေရှင်းခြင်းအတွက် ရှောင်လွှဲ၍မရသော တာဝန်တစ်ခုရှိသည်မှာ အမှန်ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးသည် ဤမိတ်သဟာယကို နားထောင်ပြီးနောက် အယူအဆများ ဖြန့်ဝေသည့်လူများနှင့် ၎င်းတို့၏ စကားများ၊ အပြုအမူများကို ဖော်ထုတ်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် ဝတ္တရားနှင့် တာဝန်လည်း ရှိပေသည်။ အကယ်၍ သင်သည် ၎င်းတို့ကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် သတ္တိမရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သင်နားလည်သည့် သမ္မာတရားအပေါ် အခြေခံ၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး ဝေဖန်ဆွေးနွေးနိုင်သည်။ ထိုသို့ ဝေဖန်ဆွေးနွေးငြင်းခုံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဝိညာဉ်ရင့်ကျက်မှုသေးငယ်ပြီး သမ္မာတရားကို သိနားလည်မှုမရှိသူတို့အား အချို့လူတို့ ဖြန့်ဝေသည့် အယူအဆများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ၏ ရှုပ်ထွေးစွာ အထင်အမြင်မှားစေခြင်းကို ခံရမည့်အစား၊ ဆွေးနွေးငြင်းခုံမှုကို ၎င်းတို့ နားထောင်ပြီးနောက် မည်သူ၏စကားများက သမ္မာတရားနှင့် ကိုက်ညီသည်ကို သိရှိနားလည်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် အသင်းတော်အသက်တာအတွက် အကျိုးရှိသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားနှင့် မကိုက်ညီသော စကားများ ပြောဆိုနေသည်ကို တွေ့ရှိရသည့်အခါ၊ ယင်းတို့က လူ့အယူအဆများဖြစ်စေ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများဖြစ်စေ၊ ဝေဖန်ဆွေးနွေးမှုတစ်ခု ရှိသင့်ပေသည်။ ထိုသို့သော ဝေဖန်ဆွေးနွေးမှုများသည် လူတို့ကို တည်ဆောက်ပေးသည်။ အနည်းဆုံးအားဖြင့် ဤဝေဖန်ဆွေးနွေးမှုများကို နားထောင်ပြီးနောက် ပွဲကြည့်ပရိသတ်များသည် အယူအဆများ ဖြန့်ဝေသူတို့၏ စကားများက အမှန်တွင် အယူအဆများဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်ပြီး၊ ဤအယူအဆများ၏ မည်သည့်သွင်ပြင်လက္ခဏာများက သမ္မာတရားနှင့် မကိုက်ညီသည်ကိုလည်းကောင်း၊ အယူအဆများ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ အဘယ်ကြောင့် ယင်းတို့က သမ္မာတရားနှင့် မကိုက်ညီသည်ကိုလည်းကောင်း၊ အဘယ်ကြောင့် ယင်းတို့ကို အယူအဆများအဖြစ် သတ်မှတ်သည်ကိုလည်းကောင်း၊ ယင်းတို့ကို ဖြန့်ဝေသူများအား အဘယ်ကြောင့် ကန့်သတ်သင့်သည်ကိုလည်းကောင်း စသည်တို့ကို နားလည်နိုင်ပေသည်။ ၎င်းတို့သည် မရှင်းမလင်းသောပုံစံဖြင့် အထင်အမြင်မှားစေခြင်းနှင့် ကစားစရာကဲ့သို့ အသုံးချခံရခြင်းကို ခံရမည့်အစား ဤကိစ္စရပ်များကို တိကျသော ထိုးထွင်းသိမြင်မှုတစ်ခု ရှိနိုင်ကြသည်။ လူတို့က ဖြန့်ဝေသည့် အယူအဆများသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အသက်တာကို အချို့သော နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း ဤအရာများကို တွေ့ကြုံခြင်းသည် လူတို့အတွက် အမှန်တွင် မကောင်းသောအရာတစ်ခု မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် ယင်းက ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်စွမ်းတွင် ကြီးထွားခွင့်ပေးသည်၊ အယူအဆများ ဖြန့်ဝေသူတို့၏ စရိုက်အမှန်မှာ အဘယ်အရာဖြစ်သည်ကို မြင်ခွင့်ပေးသည်၊ အယူအဆများ ဖြန့်ဝေသည့်အခါ ၎င်းတို့ထုတ်ဖော်သည့် စိတ်သဘောထားများက အဘယ်အရာဖြစ်သည်ကို မြင်ခွင့်ပေးပြီး ၎င်းတို့ဖြန့်ဝေသည့် အယူအဆများနှင့် သမ္မာတရားတို့ကြား ခြားနားချက်ကို မြင်ခွင့်ပေးသည်။ တစ်နည်းအားဖြင့် လူတို့သည် ဤမှတ်ချက်များကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး ထိုအရာများကို ခံနိုင်ရည် ရှိလာနိုင်လိမ့်မည်။ နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ထိုသို့သောလူများအပေါ် ပိုင်းခြားသိမြင်မှုတစ်ခုခုလည်း ရှိလိမ့်မည်ဖြစ်ပြီး မယုံကြည်သူများ၊ သမ္မာတရားကို လုံးဝမပိုင်ဆိုင်ဘဲ ဘုရားသခင်အပေါ် အယူအဆများကို မကြာခဏ ထားရှိသူများက မည်သည့်စကားမျိုး ပြောဆိုသည်ကို သိရှိလာမည်ဖြစ်ကာ ထိုသူတို့၏ ယုံကြည်ခြင်းက စစ်မှန်ခြင်းမရှိသည်ကို သိရှိလာမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် လူတို့သည် ဤပိုင်းခြားသိမြင်မှုမျိုးကို ရရှိနိုင်သည်။ အကယ်၍ သင်သည် ဤကိစ္စရပ်များကို မကြုံတွေ့သေးပါက “အို ဘုရားသခင်၊ လူတို့ဖြန့်ဝေသည့် အယူအဆများက မည်သည့်အရာ ဆိုလိုသည်ကို ကျွန်ုပ်မြင်နိုင်ရန်အတွက် ကျွန်ုပ်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးပါ”ဟု ပြောဆိုလျက် မဆင်မခြင် ဆုမတောင်းနှင့်။ အယူအဆများ ဖြန့်ဝေခြင်းကို မျက်မြင်တွေ့ရှိခြင်းသည် ကစားပွဲတစ်ခု မဟုတ်သည့်အပြင်၊ သင့်အား အလွယ်တကူ အထင်အမြင်မှားစေနိုင်သည်။ ပြီးလျှင် ဤအရာများ အမှန်တကယ် ဖြစ်ပျက်သည့်အခါ သင်သည် ယင်းတို့ကိုမှန်ကန်စွာ ကိုင်တွယ်သင့်သည်။ ၎င်းတို့ကို လွတ်သွားခွင့် မပြုနှင့် သို့မဟုတ် ရှောင်ရှားခြင်း မပြုနှင့်။ ယင်းတို့ကို မှန်ကန်စွာ ရင်ဆိုင်လော့။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် စီစဉ်ပေးထားသည့် ပတ်ဝန်းကျင်တစ်ခုစီတိုင်းကို လေးနက်ပြီး စေ့စပ်သေချာသော သဘောထားဖြင့် ချဉ်းကပ်လော့။ ဤသည်မှာ သမ္မာတရားကို ရရှိရန်အလို့ငှာ သမ္မာတရားကို လိုက်စားသူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ တစ်စုံတစ်ဦးက အယူအဆများ ဖြန့်ဝေသည်ကို သင် ကြုံတွေ့သည့်အခါ ဘုရားသခင်ထံ “အို ဘုရားသခင်၊ ဤစကားများနှင့် ဤလူအမျိုးအစားကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ကျေးဇူးပြု၍ ကျွန်ုပ်နှင့်အတူ ရှိတော်မူပါ။ ကျွန်ုပ်အား ဉာဏ်ပွင့်စေပါ၊ လမ်းပြတော်မူပါ၊ ကျွန်ုပ်အတွင်း၌ ဤလူတို့၏ အယူအဆများ တစ်ခုခုရှိမရှိဟူသည်ကိုလည်း သတိပြုမိနိုင်စေတော်မူပါ”ဟု ဆုတောင်းတတ်ရန် သင်ယူသင့်သည်။ ထို့နောက် ဆုတောင်းပြီးလျှင် ဤကိစ္စကို သွား၍ တွေ့ကြုံလော့။ ဤသည်မှာ သင့်အနေဖြင့် သမ္မာတရားကို အမှန်တကယ် မည်မျှနားလည်သည်ဟူသည်နှင့် သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားသည်ဟူသည်တို့ကို သင်စမ်းသပ်ခံရမည့်အချိန်လည်း ဖြစ်လိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ တစ်စုံတစ်ဦးက အယူအဆများ ဖြန့်ဝေနေသည့်အခါ သင်သည် ၎င်းတို့ကို ကြားပြီး စိတ်ထဲတွင် မည်သည့်တုံ့ပြန်မှုမျှ သို့မဟုတ် မည်သည့်အတွေးမျှမရှိဘဲ ထိုအစား ရေဒီယိုတစ်လုံးကဲ့သို့ပင်၊ မည်သည့်အတိုက်အခံလုပ်ခြင်းမျှမရှိဘဲ သို့မဟုတ် ငြင်းပယ်နိုင်စွမ်းမရှိဘဲ၊ ထို့ထက်ပင်ပို၍ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲလျက် ၎င်းတို့ဖော်ပြပြီး ဖြန့်ဝေသည့် မည်သည့်အယူအဆများကိုမဆို လက်ခံနေမည်ဆိုလျှင် ဤသည်မှာ ပြဿနာကြီးတစ်ခုပင်ဖြစ်သည် မဟုတ်လော။ အချို့လူများသည် တစ်စုံတစ်ဦးက အယူအဆများ ဖော်ပြနေသည်ကို ကြားသည့်အခါ ပြောဆိုနေသည့်အရာမှာ မှားသည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခံစားရပြီး ထိုလူနှင့် မိတ်သဟာယဖွဲ့ကာ ဝေဖန်ဆွေးနွေးလိုကြသော်လည်း မိမိတို့ကိုယ်ကို မည်သို့ သင့်တင့်လျောက်ပတ်စွာ ဖော်ပြရမည်ကိုဖြစ်စေ၊ ထိုလူကို မည်သို့ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်ကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် ထိထိရောက်ရောက် ပြန်လည်ငြင်းခုံရန် ပျက်ကွက်ပါက မျက်နှာနှင့် နားရွက်များပင် နီမြန်းလာမည်ကိုလည်းကောင်း၊ ထို့နောက် နောက်ဆုံးတွင် ရှုံးနိမ့်သည့်အခါ သိက္ခာဆုံးရှုံးပြီး အကျပ်ရိုက်သည့် အခြေအနေတွင် ပိတ်မိနေမည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ သို့ရာတွင် ၎င်းတို့က၊ “တရားဒေသနာများစွာကို ငါ နားထောင်ပြီးဖြစ်ကာ အတော်များများကို နားလည်သည်။ ထို့ကြောင့် သူတို့ကို ချေပဖို့ ငါ့တွင် စကားလုံးများ အဘယ်ကြောင့် မရှိရသနည်း။ ငါသည် ဘုရားသခင်အပေါ် အယူအဆများ မရှိပါ။ ငါ့မှာ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း ရှိသည်။ ထို့ကြောင့်သူတို့၏ မှားယွင်းသော အယူအဆများကို ချေပရမည့်အချိန်ရောက်သည့်အခါ အဘယ်ကြောင့် အမှုအရာများကို ငါ ရှင်းရှင်းလင်းလင်း မပြောပြနိုင်ရသနည်း”ဟု တွေးတောလျက် ဝေဖန်ဆွေးနွေးခြင်းမရှိဘဲ ယင်းကို လက်လွှတ်ခွင့်ပေးဖို့ကိုလည်း လိုလားခြင်း မရှိကြပေ။ ၎င်းတို့သည် အယူအဆများ ဖြန့်ဝေသူက ပို၍ပို၍ ပြောဆိုလာသည်ကို ကြည့်နေကြသည်၊ သူ၏စကားများမှာ ပို၍ပင် တရားလွန်ဖြစ်လာပြီး စက်ဆုပ်ဖွယ်ဖြစ်လာသော်လည်း ၎င်းတို့သည် ထိုသူကို ချေပခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုနိုင်သည့်အပြင် တားဆီးနိုင်ဖို့ မဆိုထားနှင့်၊ ထရပ်ပြီး ထိုသူကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။ ယင်းက ၎င်းတို့ကို စိတ်ထဲတွင် အလွန့်အလွန် ပူပန်သောကဖြစ်စေပြီး စိုးရိမ်စေခဲ့သည်။ ဤအခိုက်အတန့်တွင်မှ ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်ငယ်သေးသည်ကို သိရှိနားလည်လာပြီး သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုက ပြည့်စုံကာ မှန်ကန်သော သဘောထားအမြင်တစ်ခုအဖြစ်သို့ မဖြစ်ပေါ်သေးကြောင်း၊ ယင်းသည် အပိုင်းအစ စကားစုများ၊ ပြန့်ကျဲနေသော ဉာဏ်အလင်းများနှင့် စိတ်ကူးအချို့မျှသာဖြစ်ပြီး သမ္မာတရား၏ စစ်မှန်သော အသိပညာ လုံးဝမဟုတ်ကြောင်းကို မြင်တွေ့ကြလေသည်။ ဤလူသည် အယူအဆများ ဖြန့်ဝေပြီး လူတို့ကို အထင်အမြင်မှားစေနေကြောင်းနှင့် သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်းတို့ကို ၎င်းတို့က ကောင်းကောင်းသိကြပြီး ထိုသူကို ဖော်ထုတ်ကာ သူ၏ အမြင်များကို ချေပလိုကြသည်။ ၎င်းတို့အနေဖြင့် ထိုသို့ပြုလုပ်ရန် သင့်လျော်ပြီး အားကောင်းသော အသုံးအနှုန်း မရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့က “ဘုရားသခင် လုပ်ဆောင်သမျှက ကောင်းမြတ်သည်။ သင် လက်ခံရမည်။ ဘုရားသခင်သည် သန့်ရှင်းပြီး စုံလင်သည်။ သူသည် သင်ပြောသကဲ့သို့ လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး လူတို့သည် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြင့် ဆုံးရှုံးခြင်းမရှိပါ” ဟုသာ ပြောဆိုနိုင်သည်။ ၎င်းတို့သည် အဓိကကျသော အချက်များကို လုံးဝ မထိသည့် ဤအပေါ်ယံ သဘောတရားများကိုသာ ထုတ်ဖော်ပြောဆိုနိုင်ကြသည်။ ဤအထူးဖြစ်ရပ်ကို တွေ့ကြုံပြီးနောက် ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်ငယ်သေးသည်ကို သိရှိနားလည်လာပြီး “ငါသည် အဘယ်ကြောင့် အလွန် မတတ်စွမ်းနိုင်သနည်း။ ပုံမှန်အားဖြင့်၊ ငါသည် ကြီးကျယ်သည့် အယူဝါဒများအကြောင်းကို အတော်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုလျက်၊ ပြောပြီးရင်းပြောနိုင်သည်။ စုဝေးပွဲတစ်ခုတွင် မည်သည့်ပြဿနာမျှမရှိဘဲ တစ်နာရီကြာ ငါ စကားပြောနိုင်ပြီး၊ ဤအရာနှင့်စပ်လျဉ်း၍ အလွန်ယုံကြည်စိတ်ချလျက် မျက်တောင်မခတ်ဘဲ တရားဒေသနာ မှတ်စုများကို သုံးမျက်နှာမှ ငါးမျက်နှာအထိ ရေးနိုင်သည်။ သို့သော် ဤကဲ့သို့ ဘုရားသခင်ကို ဝေဖန်ကာ ပြစ်မှားစော်ကားလျက် ဤကဲ့သို့သော အယူအဆများ ဖြန့်ဝေနေသည့် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ငါသည် အဘယ်ကြောင့် နိုးကြားမှု၊ တုံ့ပြန်မှု မရှိရသနည်း။ ငါသည် အဘယ်ကြောင့် အားကောင်းသည့် ဖော်ထုတ်ခြင်းနှင့် ချေပချက်ကို မပေးနိုင်ရသနည်း”ဟု တွေးတောကြသည်။ ဤအရာမှနေ၍ မည်သည့်အရာကို ၎င်းတို့ ရှာဖွေတွေ့ရှိသနည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း သဘောပေါက်နားလည်လာခြင်းဖြစ်သည် မဟုတ်လော။ ဤသဘောပေါက်နားလည်မှုသည် ကောင်းသောအရာတစ်ခုလော သို့မဟုတ် မကောင်းသောအရာတစ်ခုလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ရှာဖွေတွေ့ရှိကြသည်။ အကယ်၍ ၎င်းတို့သည် အယူအဆများ ဖြန့်ဝေသည့် တစ်စုံတစ်ဦးကို မကြုံတွေ့ခဲ့ပါက ၎င်းတို့တွင် ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ သမ္မာတရားကို ၎င်းတို့ နားလည်သည်၊ ၎င်းတို့ ပိုင်းခြားသိမြင်မှုရှိသည်၊ အရာရာတိုင်းကို ထိုးထွင်းသိမြင်နိုင်သည်၊ အမျိုးမျိုးသော ဝိညာဉ်ရေးရာ အယူဝါဒများကို ဟောပြောနိုင်ပြီး၊ သမ္မာတရားတိုင်းကို အလွန်ရင်းနှီးကျွမ်းဝင်မှုဖြင့် အနည်းငယ် မိတ်သဟာယဖွဲ့နိုင်သည်ဟု ၎င်းတို့ တွေးထင်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် အယူအဆများ ဖြန့်ဝေသည့် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ယင်းမှာ မှားယွင်းကြောင်း ၎င်းတို့ သိသော်လည်း ၎င်းတို့သည် ဘာကိုမျှ မတတ်နိုင်ဘဲ အကူအညီမဲ့ ဖြစ်နေကြကာ နောက်ဆုံးတွင် ရှုံးနိမ့်သွားကြ၏။ ဤသည်မှာ အရှက်ရစရာဖြစ်သလော။ ဂုဏ်ကျက်သရေရှိသော ကိစ္စရပ်တစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ အကယ်၍ သင်သည် ၎င်းတို့နှင့် ငြင်းခုံရန် မှန်ကန်သော စကားလုံးများ မရှိသည့်အပြင် အရှက်ရခြင်းကိုလည်း ရှောင်ရှားလိုပြီး စာတန်ကို လုံးဝ အရှက်ရစေကာ ရှုံးနိမ့်စေရန် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်လိုပါက သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိရောက်သော နည်းလမ်းတစ်ခုကို သင်တို့အား ငါပြောပြမည်။ ၎င်းတို့က အယူအဆများကို အတောမသတ် ဖြန့်ဝေနေကာ လူအများစုက ပိုင်းခြားသိမြင်မှု ကင်းမဲ့ပြီး ၎င်းတို့၏ လွှမ်းမိုးမှုကို ခံနေသည်ကို သင် မြင်သော်လည်း၊ သင်က ၎င်းတို့ကို ငြင်းခုံ၍ မနိုင်ပါက ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည့်အချိန် ဖြစ်သည်။ စားပွဲကိုရိုက်ပြီး “ပါးစပ်ပိတ်ထား။ မည်သည့်အရာကို သင် ပြောနေသနည်း။ ကျွန်ုပ်က သင့်ကို ငြင်းခုံ၍မနိုင်သော်လည်း၊ သင်မယုံကြည်သူတစ်ဦးဖြစ်သည်ကို ကျွန်ုပ်သိသည်။ သင်ပြောနေသည့်အရာကို ကြည့်ပါ။ သမ္မာတရားနှင့် ကိုက်ညီသည့် စကားတစ်ခွန်း ရှိသလော။ ဘုရားသခင်၏ ကျေးဇူးတော်ကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားပြီးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်း သို့မဟုတ် သက်သေခံခြင်း စကားတစ်ခွန်း ပြောဖူးသလော။ သင်သည်ဘုရားသခင်အပေါ် မကျေနပ်ချက်များ ရှိသည်။ သင့်တွင် လိုအပ်သည့်အရာရှိလျှင်၊ တတိယကောင်းကင်ဘုံသို့ တန်းသွားပြီး ဘုရားသခင်ကို တိုက်ရိုက်ပြောလော့။ ဤနေရာတွင် နှောင့်ယှက်မှုများ ဖြစ်စေခြင်းကို ရပ်လော့။ ယခု သင့်ကို ထွက်သွားဖို့ ငါ တရားဝင် အမိန့်ပေးသည်” ဟု ပြောလော့။ သင်တို့သည် ဤအရာကို ပြောဝံ့ကြသလော။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ စာတန်ထံ ကြေညာချက်တစ်ခု ထုတ်ပြန်ခြင်း ဖြစ်သည်။ ဤအရာကိုသာ လုပ်ဆောင်လော့။ ၎င်းတို့ကို “အသင်၊ မယုံကြည်သူ၊ ယခုထွက်သွားလော့။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်များစွာကို အချည်းနှီး မွေ့လျော်ခံစားရပြီးဖြစ်သည်။ အသင် အသိတရားကင်းမဲ့သည့် အကောင်ယုတ်။ သင်သည် လူသားမဖြစ်ထိုက်”ဟု ပြောလော့။ “ထွက်သွားပါ”ဟူသည့် စကားသုံးလုံးသာ ဖြစ်သည်။ ယင်းမှာ မည်သို့ထင်ရသနည်း။ အားကောင်းသည်၊ သို့သော် ယင်းကို မဆင်မခြင် အသုံးပြု၍ မရပေ။ သင်သည် ဤစကားကို ယုံကြည်ခြင်းသို့ ရောက်လာကာစဖြစ်ပြီး သမ္မာတရားကို နားမလည်သေးသော ညီအစ်ကိုမောင်နှမအသစ်များအား မပြောဆိုသင့်ပေ။ သို့သော် မယုံကြည်သူများနှင့် စာတန်၏ အစေခံများအား ထိုသို့သော အမိန့်များကို သနားညှာတာမှုကင်းမဲ့စွာ သင် ပေးနိုင်သည်။ “ဤသည်မှာ ဘုရားအိမ်တော်၊ စစ်မှန်သော ညီအစ်ကိုမောင်နှမများ၏ အိမ်၊ ဘုရားသခင်နောက်လိုက်သူတို့၏ အိမ် ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများနှင့် စာတန်များ၏ အိမ်မဟုတ်။ နတ်ဆိုးများနှင့် စာတန်များကို ဤနေရာတွင် မလိုအပ်။ သင်သည်နတ်ဆိုးတစ်ဦးနှင့် စာတန်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ယခုထွက်သွားလော့” ဤသည်မှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤသည်မှာ အကောင်းဆုံးနည်းလမ်းမဟုတ်ပေ။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု ငယ်သောကြောင့်၊ သင်တို့တွင် စာတန်နှင့် တိုက်ခိုက်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှု မရှိသောကြောင့်သာ ဤနည်းလမ်းကို သင်တို့အား ငါ သင်ပေးနေခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ယင်းမှာ အကောင်းဆုံး မဟုတ်ပေ။ အကောင်းဆုံး နည်းလမ်းမှာ သမ္မာတရားများစွာကို သင်တို့ နားလည်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော အသိပညာရှိပါက ၎င်းတို့ကို သင် ချေပနိုင်ပြီး ၎င်းတို့ လုံးဝ အရှက်ရသည်အထိ လုံးလုံးလျားလျား ချေပနိုင်သည်။ သို့မှသာ နောက်ဆုံးတွင် ၎င်းတို့က၊ “ကျွန်ုပ်ယုံကြည်ခြင်းကို ကျွန်ုပ် မထိန်းသိမ်းနိုင်ပါ။ သင်တို့အားလုံးကို ရင်ဆိုင်ဖို့ ကျွန်ုပ် အလွန်ရှက်မိပါသည်။ ကျွန်ုပ်က နတ်ဆိုးတစ်ဦးနှင့် စာတန်တစ်ဦးပင် ဖြစ်သည်။ ကျွန်ုပ်ဘာသာ အသင်းတော်ကို စွန့်ခွာပါမည်” ဟု ပြောဆိုကြလိမ့်မည်။ ယခု သင်တို့တွင် ဤအစွမ်းအစ မရှိသည့်အတွက်၊ အယူအဆများကို မကြာခဏ ဖြန့်ဝေသူတို့အား ငါသင်ပေးခဲ့သော နည်းလမ်းအတိုင်း သင်တို့ ဆက်ဆံသင့်သည်။
အသင်းတော်၌ အယူအဆများကို မကြာခဏ ဖြန့်ဝေသူတို့အား မည်သို့ကိုင်တွယ်ရမည်ကို ယခု သင်တို့ သိကြပြီလော။ လူတို့ကို အထင်အမြင်မှားစေရန် အယူအဆများ ဖြန့်ဝေသူတို့ကို သင်တို့ ယခု ပိုင်းခြားသိမြင်နိုင်ကြပြီလော။ (ပိုင်းခြားသိမြင်နိုင်ကြပါပြီ။) အယူအဆများ ဖြန့်ဝေသည့် အဓိက စကားအမျိုးအစားများမှာ အဘယ်အရာများ ဖြစ်သနည်း။ တစ်မျိုးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်မှတ်ထားသည်၊ နောက်တစ်မျိုးမှာ ဘုရားသခင်၏ အမှုတော်ကို ပစ်မှတ်ထားပြီး၊ နောက်ထပ်တစ်မျိုးမှာမူ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို ပစ်မှတ်ထားသည်။ ဤစကားအမျိုးအစားများသည် ဘုရားသခင်နှင့်ဆိုင်သည့် စိတ်ကူးစိတ်သန်းများနှင့် အဓိပ္ပာယ်ကောက်လွဲမှားမှုများဖြစ်သည့် မပြင်းထန်သောအမျိုးအစားမှသည် ဘုရားသခင်ကို ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းတည်းဟူသော ပြင်းထန်သည့်အရာများအထိပါဝင်သည်။ ဤအရာများအပြင်၊ ဘုရားသခင်အပေါ် မိမိတို့၏ မကျေနပ်ချက်များ၊ အာခံခြင်းနှင့် စိတ်တိုင်းမကျမှုများကဲ့သို့သော အရာများကို ဖော်ပြလျက် လူတို့၏ အပျက်သဘောဆောင်ပြီး အတိုက်အခံပြုသော မှတ်ချက်များလည်း ရှိသေးသည်။ အချုပ်ဆိုရလျှင်၊ အယူအဆများ ဖြန့်ဝေသည့် စကားများသည် ဘုရားသခင်ကို အာခံခြင်း၊ ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်း သဘောသဘာဝရှိကြပြီး ထိုအရာများကဖြစ်စေသည့် အကျိုးဆက်မှာ လူတို့အား ဘုရားသခင်အပေါ် သံသယဝင်ပြီး သတိထားလာစေခြင်း၊ အထင်လွဲမှားစေပြီး သူနှင့် ခပ်ကင်းကင်းနေစေခြင်းအပြင်၊ သူ့ကို ငြင်းပယ်စေခြင်းပင် ဖြစ်သည်။ ဤအရာများကို ပိုင်းခြားသိမြင်ရန် လွယ်ကူသင့်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။