ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၂) အခန်း နှစ်

၃။ အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်

အသင်းတော်ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ဟူသော အကြောင်းအရာကို မိတ်သဟာယဖွဲ့ပြီးနောက် သင်တို့သည် ယခုအခါ အသင်းတော်တစ်ခု ဖြစ်ပေါ်လာပုံ၊ အသင်းတော်တစ်ခု လုပ်ဆောင်သည့်အလုပ်နှင့် ယင်းက စွမ်းဆောင်ရရှိသည့် ရလဒ်များအကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်မှုရှိလာပြီဖြစ်သည်။ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုအချို့ကိုလည်း သင်တို့ နားလည်နိုင်သည်။ သို့ဆိုလျှင် အသင်းတော်တစ်ခုသည် အတိအကျ အဘယ်အရာ ဖြစ်သည်ကို ငါတို့ ယခု တိကျသော အနက်အဓိပ္ပာယ်တစ်ခု ဖွင့်ဆိုနိုင်ပြီလော။ ပထမဦးစွာ အသင်းတော်သည် လူတို့အား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးရန် နေရာတစ်ခု မဟုတ်သကဲ့သို့ လူတို့အား ကောင်းစွာ ကျွေးမွေးပြီး ဝတ်စားဆင်ယင်ပေးရန် သို့မဟုတ် လူတို့အား ခိုလှုံခွင့်ပေးရန် နေရာတစ်ခုလည်း မဟုတ်ပေ။ အသင်းတော်သည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့ ဘဝ၌ ရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် နေရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူတို့၏ ဝိညာဉ်ရေးရာ လစ်ဟာမှုများကို ဖြည့်ဆည်းပေးပြီး ဝိညာဉ်ရေးရာ မှီခိုအားထားရာ ရရှိစေသော နေရာတစ်ခုလည်း မဟုတ်ပေ။ အသင်းတော်များသည် လူတို့က ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း ယူဆသည့်အရာများ မဟုတ်သောကြောင့် အသင်းတော်တစ်ခု၏ တိကျသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ အသင်းတော်တစ်ခုသည် အတိအကျ အဘယ်အရာဖြစ်သနည်း။ သမ္မာကျမ်းစာတွင် သခင်ယေရှုသည် အသင်းတော်ဟူသော အမည်သညာနှင့်ပတ်သက်၍ အခြေခံကျသော ဖော်ပြချက်တစ်ခုကို ပေးခဲ့သည်။ ကိုယ်တော်သည် ယင်းကို အတိအကျ မည်သို့ မိန့်ဆိုခဲ့သနည်း။ (“အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၂၀)) ဤနှုတ်ကပတ်တော်များက မည်မျှများသောလူတို့ စည်းဝေးကြသည်ဖြစ်စေ ၎င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိနေသရွေ့၊ ထိုအရပ်၌ ၎င်းတို့အလယ်တွင် ဘုရားသခင်၏ မျက်မှောက်တော်ကို ၎င်းတို့ ခံစားရသရွေ့ ထိုနေရာသည် အသင်းတော်တစ်ခုဖြစ်သည်၊ အတိအကျပင် ထိုသို့ဖြစ်သည်ဟု ဆိုလိုသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အလုပ်လုပ်ပြီး သမ္မာတရားကို ဖော်ပြရန် ပေါ်ထွန်းခဲ့ပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ဆုတောင်းရင်းဖြင့် ဖတ်ရှုရန်နှင့် မိတ်သဟာယဖွဲ့ရန် အတူတကွ စုဝေးကြသည့်အခါ ဘုရားသခင်သည် ထိုနေရာ၌ ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်ခြင်းလည်း ရှိနေသဖြင့် ယင်းက ဘုရားသခင်သည် ထိုအရာကို အသင်းတော်တစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ဆိုလိုသည်။ အကယ်၍ လူတို့သည် စည်းဝေးကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်လျှင်၊ ၎င်းတို့သည် အနှစ်မဲ့သော ဝိညာဉ်ရေးရာ အယူဝါဒများကိုသာ သံယောင်လိုက်နေပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မခံစားနိုင်ပါက ယင်းသည် အသင်းတော်တစ်ခု မဟုတ်ပေ၊ အကြောင်းမှာ ယင်းကို ဘုရားသခင်က အသိအမှတ်မပြုသောကြောင့်ဖြစ်သဖြင့် ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မရှိပေ။ ဘုရားသခင် မျက်မှောက်တော်ရှိသော စည်းဝေးပွဲများသည် ကိုယ်တော်၏ ကောင်းချီးပေးခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ခံရပြီး လူတို့သည် ထိုသို့သော စည်းဝေးပွဲများတွင် အတူတကွ စုဝေးကြသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေသည်ဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနေသည်ဖြစ်စေ ဤအရာအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဦးဆောင်မှုတို့နှင့် ဆက်စပ်နေသောကြောင့် ကိုယ်တော်၏ ကောင်းချီးပေးခြင်းကို ခံရသည်။ သို့ဖြစ်၍ ထိုသို့သောစည်းဝေးပွဲမျိုး၌ ဘုရားသခင်၏ လမ်းညွှန်မှု၊ ဦးဆောင်မှုနှင့် မျက်မှောက်တော်တို့ ရှိနေသရွေ့ ယင်းကို အသင်းတော်တစ်ခုဟု ခေါ်ဆိုနိုင်သည်။ ဤသည်မှာ အသင်းတော်တစ်ခု၏ အရိုးရှင်းဆုံး၊ အခြေခံအကျဆုံးသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပြီး ယင်းသည် ကျေးဇူးတော်ခေတ်အတွင်း အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ခဲ့သည်။ ယင်းသည် ထိုအချိန်က ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော နောက်ခံအခြေအနေမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး ထို့ကြောင့် တိကျသည့်အပြင် မှန်ကန်ခိုင်မာမှုလည်း ရှိသည်။ သို့သော် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များ ပိုမိုပြောဆိုခဲ့ပြီး ပို၍ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ခဲ့သောကြောင့် အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကျေးဇူးတော်ခေတ်မှ ထိုအခြေခံကျသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပို၍ နက်ရှိုင်းရမည်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် ရှေ့သို့ ပို၍ တိုးတက်ခဲ့ပြီဖြစ်သည်။ အသင်းတော်တစ်ခုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ မျက်မှောက်တော်ကိုသာ ရိုးရှင်းစွာ အဓိကထားခြင်း မရှိတော့ပေ။ ယခုအခါ ဘုရားသခင်သည် သူ၏ အသင်းတော်များတွင် ကိုယ်တိုင် အလုပ်လုပ်လျက်၊ ၎င်းတို့ကို လမ်းညွှန်ပြီး ထိန်းကျောင်းလျက်ရှိသည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ကိုယ်တော်၏ လက်ရှိ နှုတ်ကပတ်တော်များကို စားသောက်နိုင်ကြပြီး ခရစ်တော်နောက်ကို လိုက်လျှောက်ကာ သက်သေခံနိုင်ကြသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကျေးဇူးတော်ခေတ်ကထက် ပို၍ အဆင့်မြင့်သည်၊ ယင်းသည် ယခင်ကထက် ပို၍ နက်နဲပြီး ပို၍ တိကျမှန်ကန်ကာ ပို၍ အသေးစိတ်ကျသော ဖော်ပြချက်ဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ခွဲခွာ၍မရသည်မှာ ပြောစရာမလိုပေ။ သို့ဆိုလျှင် အသင်းတော်တစ်ခုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် အတိကျဆုံးနှင့် အသင့်လျော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ ပထမဦးစွာ အခြေခံ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်သော လူတစ်စု ဖြစ်သင့်သည်။ ပို၍ တိတိကျကျဆိုရလျှင် အသင်းတော်ဆိုသည်မှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းမှုကို ခံယူကာ သမ္မာတရားကို လိုက်စားသည့်အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားလျက် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်နိုင်ကာ ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်နိုင်ပြီး ကိုယ်တော်၏ ကယ်တင်ခြင်းကို ရယူနိုင်သော လူတစ်စု ဖြစ်သည်။ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ အဓိကအပိုင်းမှာ “လူတစ်စု” ဖြစ်သည်။ အသင်းတော်သည် ယုံကြည်ခြင်းရှိသော လူတို့၏ ရိုးရှင်းသော စည်းဝေးပွဲတစ်ခုမျှသာ ဖြစ်ဖို့ မဆိုထားနှင့်၊ နေရာတစ်ခု သို့မဟုတ် စုပေါင်းအဖွဲ့တစ်ခု သို့မဟုတ် အသိုင်းအဝိုင်းတစ်ခု မဟုတ်ပေ။ ထို “အုပ်စု” သည် လူတစ်ဒါဇင်ခန့်ဖြင့်ဖြစ်စေ၊ လူသုံးဆယ်မှ ငါးဆယ်ဖြင့်ဖြစ်စေ ဖွဲ့စည်းနိုင်သည်၊ သို့မဟုတ် ထို့ထက်ပိုများသော အရေအတွက်ဖြင့်လည်း ဖွဲ့စည်းနိုင်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် အတူတကွ စည်းဝေးနိုင်သည်၊ သို့မဟုတ် စည်းဝေးရန် အုပ်စုငယ်များအဖြစ် ခွဲထွက်နိုင်သည်၊ ဤသည်မှာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပြောင်းလဲနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်၏ ဤနောက်လိုက်များသည် ကိုယ်တော့်ကို ချီးမြှောက်ပြီး သက်သေခံကာ ကိုးကွယ်လျက် ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်သည့်အခါ ၎င်းတို့သည် အသင်းတော်တစ်ခု ဖြစ်သည်။ ၎င်းတို့ထဲမှ မည်မျှများသောသူတို့ အတူတကွ စည်းဝေးသည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်တစ်ခုပင် ဖြစ်သည်။ ဥပမာအားဖြင့် လူ ၅၀ ကို အသင်းတော်ငယ်ဟု ခေါ်ပြီး လူ ၁၀၀ ကို အသင်းတော်ကြီးဟု ခေါ်သည်၊ အသင်းတော်၏ အရွယ်အစားကို အသင်းသားဦးရေဖြင့် ဆုံးဖြတ်သည်။ အသင်းတော်ကြီး၊ အသင်းတော်လတ်၊ အသင်းတော်ငယ်ဟူ၍ ရှိပြီး အသင်းတော်တစ်ခုရှိ လူဦးရေသည် ပုံသေမဟုတ်ပေ။ အသင်းတော်တစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နောက်တစ်ကြိမ် ကြည့်ကြပါစို့။ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးမှုကို ခံယူကာ သမ္မာတရားကို လိုက်စားသည့်အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားလျက် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်နိုင်ကာ ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သော လူတစ်စု ဖြစ်သည်။ အဘယ်ကြောင့် အသင်းတော်တစ်ခုကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အသင်းတော်များတွင် အလုပ်လုပ်လိုသောကြောင့်ဖြစ်ပြီး ဘုရားသခင်သည် ထိုလူစုကို ကယ်တင်လိုသောကြောင့်ဖြစ်သည်။ ဤလူအုပ်စုမျိုးကိုသာ အသင်းတော်တစ်ခုဟု ခေါ်ဆိုနိုင်သည်။ ဤသို့သော လူအုပ်စုက အတူတကွ စုရုံးမှသာလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို ပုံမှန် စားသောက်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ဘုရားသခင်ကို အမှန်တကယ် ဆုတောင်းနိုင်ကာ ဘုရားသခင်အား ကျိုးနွံနာခံနိုင်ပြီး ကိုးကွယ်နိုင်သည်။ ထိုလူအုပ်စုသည် ဘုရားနှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းနှင့် ဦးဆောင်ခြင်းကို ခံရသည်။ ထို့ကြောင့် ထိုသို့သော လူအုပ်စုမှတစ်ဆင့် အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပေါ်လာလေသည်။ ဘာသာတရားများတွင် ရှိသောလူတို့သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်၏ အလုပ်ကိုလည်း လက်မခံသောကြောင့်၊ ဘုရားသခင်ကလည်း ၎င်းတို့ကို မကယ်တင်သောကြောင့် ၎င်းတို့သည် အသင်းတော်တစ်ခု မဟုတ်ဘဲ ဘာသာရေးအစုအဝေးတစ်ခု ဖြစ်သည်။ ဤသည်မှာ အသင်းတော်တစ်ခုနှင့် ဘာသာတရားတို့ကြား အရှင်းလင်းဆုံးသော ကွာခြားချက် ဖြစ်သည်။ အသင်းတော်တစ်ခုသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရပြီး ခရစ်တော်က ကိုယ်တိုင် ထိန်းကျောင်းသော အသင်းတော်တစ်ခုသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှု၊ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းတို့ကို ငါတို့ ဖော်ပြရန် လိုအပ်သလော။ (မလိုအပ်ပါ။) ငါ့ကို ပြောလော့၊ မည်သည့်အရာက ပို၍ လက်တွေ့ကျသနည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်းလော သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိခြင်းလော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်းသည် ပို၍ လက်တွေ့ကျပြီး ပို၍ တိကျခိုင်မာသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူတို့အား သမ္မာတရားကို နားလည်စေရန် ကူညီဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရှာတွေ့စေရန် ဦးဆောင်ဖို့ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းအချို့ကိုသာ ပေးအပ်သည်။ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်ခဲ့လျှင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး စည်းမျဉ်းများကို သဘောပေါက်ခြင်းဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သေးမည်လော။ (ဖြည့်ဆည်းနိုင်ပါသည်။) ယခုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်၊ လူတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိဘဲနှင့်ပင် လူတို့သည် မည်သို့လုပ်ဆောင်ရမည်ကို သိကြသည်။ သမ္မာတရားကို ချစ်သောသူများသည် သမ္မာတရားကို နားလည်သရွေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံနိုင်သည်။ သမ္မာတရားကို မချစ်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားလျှင်ပင် နားလည်မည်မဟုတ်ဘဲ အနည်းငယ် နားလည်လျှင်ပင် လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်သောကြောင့် ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူတို့ကို ကိုယ်တိုင် ဦးဆောင်ပြီး ထိန်းကျောင်းရန် သမ္မာတရားကို တိုက်ရိုက် ဖော်ပြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အရန်မျှသာ ဖြစ်သည်။ ယင်းသည် ကလေးတစ်ဦး လမ်းလျှောက်သင်ယူခါစအချိန်နှင့် တူသည်၊ တစ်ခါတစ်ရံတွင် လူကြီးတစ်ဦးက ကူညီရန် လက်တစ်ဖက်ကို ကမ်းပေးလိမ့်မည်။ ကလေးသည် တည်ငြိမ်စွာ လမ်းလျှောက်နိုင်ပြီး ပြေးနိုင်သည်နှင့်တစ်ပြိုင်နက် တစ်ယောက်ယောက်က ၎င်းတို့ကို ထောက်ပံ့ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အကြွင်းမဲ့မဟုတ်သကဲ့သို့ အဓိကကျဆုံးလည်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး သမ္မာတရားကို နားလည်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသော စည်းမျဉ်းများနှင့် စံနှုန်းများမှာ အဘယ်အရာဖြစ်သည်ကို သိရှိကြပြီး ဤစည်းမျဉ်းများနှင့် စံနှုန်းများကို နားလည်ကာ အသုံးချနိုင်သည်ကို ဆိုလိုသည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးများ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများအကြောင်းကို လုံလောက်သော ရှင်းလင်းပြတ်သားမှုနှင့် ထင်ရှားပေါ်လွင်မှုတို့ဖြင့် ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဖော်ပြရန် မလိုအပ်တော့ပေ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီး သမ္မာတရားတစ်ခုစီတိုင်းကို လူတို့အား ရှင်းလင်းပြီး နားလည်နိုင်အောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် ထိုမျှ အရေးမကြီးဘဲ အရန်မျှသာ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်ခြင်းမရှိသည့်အခါ သို့မဟုတ် ဘုရားသခင်က ထိုမျှများပြားသော နှုတ်ကပတ်တော်များကို ထိုသို့သော ပြည့်စုံမှုနှင့် ရှင်းလင်းမှုတို့ဖြင့် မပြောဆိုခဲ့သည့်အခါတွင်သာ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ရိုးရှင်းသော အလင်းအချို့ကို ပေးအပ်ပြီး ၎င်းတို့အား အနည်းငယ် တိုက်တွန်းရန် ဆောင်ရွက်သည့် အရန်ဖြစ်သော၊ သတိပေးနှိုးဆော်တတ်သည့် သဘောသဘာဝရှိသည့် အလုပ်အချို့ကို လုပ်ဆောင်ကာ ၎င်းတို့၏ ဘဝများနှင့် အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ပြီး မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန် ကူညီပေးသည်။ ယခုသည် ဘုရားနှုတ်ကပတ်တော်၏ ခေတ်ဖြစ်ပြီး ဘုရားသခင်က လူသားမျိုးနွယ်ကို ဦးဆောင်ရန် ကိုယ်တိုင် စကားပြောကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ဦးဆောင်လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အရန်မျှသာ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် အထမြောက်လေသည်။

အသင်းတော်တစ်ခု၏ အခြေခံအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှ ပထမစကားစုဖြစ်သည့် “ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ခြင်း” ကို ကြည့်ကြစို့။ ဤ “ရိုးသားစစ်မှန်စွာ” ဟူသည်မှာ တိကျသော အဓိပ္ပာယ်တစ်ခု ရှိသည်။ ယင်းသည် အချိန်ဖြုန်းနေရုံမျှသာ ဖြစ်သောသူများ၊ အမည်ခံ စာရင်းဖြည့်နေရုံမျှသာဖြစ်သောသူများ၊ မုန့်ကို အဝစားသောသူများ၊ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို မှီခိုသောသူများ၊ သို့မဟုတ် မည်သည့် ကွယ်ဝှက်ထားသော ကြံရွယ်ချက်များနှင့် ပန်းတိုင်များမဆို ရှိသောသူများကို ရည်ညွှန်းခြင်း မဟုတ်ပေ။ သို့ဆိုလျှင် “ရိုးသားစစ်မှန်စွာ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးသော ရှင်းလင်းချက်မှာ ဤသို့ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၊ သမ္မာတရား သို့မဟုတ် ဖန်ဆင်းရှင်အကြောင်းကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် တောင့်တမှုကို ခံစားရသည်၊ လိုလိုလားလား စွန့်လွှတ်သည်၊ လိုလိုလားလား ဆက်ကပ်သည်၊ လိုလိုလားလား ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံသည်၊ ပြီးလျှင် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလိုစိတ်ရှိကာ ဘုရားသခင်နောက် လိုက်လျှောက်ရန် အရာရာကို စွန့်လွှတ်လိုစိတ်ရှိခြင်း ဖြစ်သည်။ ၎င်းတို့တွင် စိတ်ရင်းမှန်တစ်ခု ရှိသရွေ့ ယင်းမှာ လုံလောက်ပြီဖြစ်သည်။ အချို့လူများက “အဘယ်ကြောင့် ကိုယ်တော်က ဘုရားသခင်နောက် လိုက်လျှောက်သော ယုံကြည်ခြင်းနှင့်ပြည့်သည့် လူတစ်စုဖြစ်သည်ဟု မပြောသနည်း” ဟု ပြောကြသည်။ လူတို့သည် ထိုအဆင့်သို့ မရောက်နိုင်ကြပေ။ ယခု တာဝန်ထမ်းဆောင်နေကြသောသူများထဲတွင် အချို့က ဆယ်နှစ်ခန့် ယုံကြည်ပြီးဖြစ်ကာ အချို့က နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ယုံကြည်ပြီးဖြစ်သည်။ ဤရိုးသားစစ်မှန်မှု ရှိခြင်းသည် အခြေခံအားဖြင့် လုံလောက်ပြီဖြစ်သည်။ ယုံကြည်ခြင်းနှင့်ပြည့်သည်ဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် တိကျမှုမရှိပေ။ ကျွန်ုပ်တို့၏ အသင်းတော်တစ်ခုနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် စကားလုံးများကို ဇီဇာကြောင်ခြင်း သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စံသတ်မှတ်ချက်ကို အလွန်မြင့်မားစွာ သတ်မှတ်ခြင်းဖြစ်လျှင် လက်တွေ့မကျမည်ဖြစ်သဖြင့် ထိုသို့ပြုခြင်းမရှိဘဲ အခြေခံကျပြီး တိကျသော အခြေအနေတစ်ခုအပေါ် အခြေခံသည်။ အချို့လူများက “‘ရိုးသားစစ်မှန်စွာ’ နှင့် ‘ယုံကြည်ခြင်းနှင့်ပြည့်သည်’ ဟု ပြောဆိုခြင်းသည် မလုံလောက်ပေ။ ယင်းကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော ဖြောင့်မတ်သည့်လူတစ်စုဟု ခေါ်သင့်သည်၊ ယင်းသို့ဆိုလျှင် ကောင်းပေမည်” ဟု ပြောကြသည်။ ဤမျှမြင့်မားသော စံတစ်ခုကို ငါတို့ သတ်မှတ်လိုက်ပါက နောက်ဆက်တွဲ စကားစုများဖြစ်သည့် “သမ္မာတရားကို လိုက်စားသည့်အပြင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားခြင်း” တို့အားလုံးသည် မလိုအပ်တော့ပေ။ အဓိကအချက်မှာ အသင်းတော်၏ အသင်းသားအားလုံးသည် ဘုရားသခင် ကယ်တင်လိုသောသူများ ဖြစ်ကြခြင်းပင်ဖြစ်သည်။ ဤလူအုပ်စုသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေပြီး ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများနှင့် ပြည့်နေသည်။ ပို၍ လက်တွေ့ကျကျ ပြောရလျှင် ၎င်းတို့သည် ပုန်ကန်မှုနှင့် ပြည့်နေသည်၊ ကျိုးနွံနာခံခြင်း ကင်းမဲ့သည်၊ သမ္မာတရားကို နားမလည်ကြ၊ ပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ သိနားလည်မှု လုံးဝမရှိကြပေ။ ဤသည်မှာ လက်တွေ့အကျဆုံးသော အခြေအနေဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် အသင်းတော်ရှိ အသင်းသားများသည် ထိုသို့သော တကယ့်အခြေအနေနှင့် အမှန်တကယ်ဖြစ်သော အနေအထားတွင် ရှိကြသည်။ ဘုရားသခင်၏ လူတို့ကို ရွေးချယ်ခြင်းသည် ဤအခြေခံအခြေအနေဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်နိုင်ခြင်း ရှိမရှိနှင့် စစ်မှန်စွာ မိမိတို့ကိုယ်ကို အသုံးခံပြီး စွန့်လွှတ်နိုင်ခြင်း ရှိမရှိအပေါ် အခြေခံသည်။ အချို့လူများက “အကယ်၍ ၎င်းတို့သည် ရိုးသားစစ်မှန်ပါက အဘယ်ကြောင့် ၎င်းတို့တွင် အလွန်အကျွံ လိုအင်ဆန္ဒများ ရှိနေသေးသနည်း။ အကယ်၍ ၎င်းတို့သည် ရိုးသားစစ်မှန်ပါက အဘယ်ကြောင့် ကောင်းချီးများကို ရယူလိုနေသေးသနည်း” ဟု ပြောကြသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခံစားသည်နှင့်အမျှ ဤအရာများသည် တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်။ ယခုတွင် ငါတို့သည် အသင်းတော်တစ်ခု၏ အခြေခံအယူအဆကို အနက်အဓိပ္ပာယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤအခြေခံအယူအဆသည် လူတို့ကို ဘုရားသခင်၏ ရွေးချယ်ခြင်းအတွက် အနိမ့်ဆုံးသော တောင်းဆိုချက်နှင့် အနိမ့်ဆုံးသော စံနှုန်းဖြစ်သည်။ ဤစံနှုန်းများသည် လုံးဝ အနှစ်မဲ့ခြင်း သို့မဟုတ် ချဲ့ကားထားခြင်းမရှိပေ။ ၎င်းတို့သည် သင်တို့၏ တကယ့်အခြေအနေနှင့် အထူးတလည် ကိုက်ညီမှုရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်က သင်တို့ကို ရွေးချယ်ပြီး သင်တို့ထဲမှ မည်သူ့ကိုမဆို ကယ်တင်ရန် ဆုံးဖြတ်သည့်အခါ ဤသည်တို့မှာ ဘုရားသခင် ကြည့်ရှုသော စံသတ်မှတ်ချက်များ ဖြစ်သည်။ အကယ်၍ သင်သည် ဤတောင်းဆိုချက်များနှင့် ကိုက်ညီပါက သင်သည် ဘုရားအိမ်တော်ထဲသို့ ဘုရားသခင်၏ ဆောင်သွင်းခြင်းကိုခံရပြီး အသင်းတော်၏ အသင်းသားတစ်ဦး ဖြစ်လာသည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှ ပထမစကားစုမှာ “ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ခြင်း” ဖြစ်သည်၊ ဤသည်မှာ အတော်အတန် တိကျမှန်ကန်လေသည်။ ဤလူအုပ်စုသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းတွင် စံမမီဘဲ ၎င်းတို့သည် အမှောင်၏လွှမ်းမိုးမှုမှ ရုန်းထွက်နိုင်ခြင်းတွင် စံမမီပေ၊ ပြီးလျှင် လောကနှင့် အဆင်းနီသော နဂါးကြီးကို အပြည့်အဝ ပုန်ကန်ခြင်းတွင် စံမမီပေ။ ၎င်းတို့သည် ဤအရာအားလုံးတွင် ချို့တဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားနိုင်ခြင်းကို ထပ်မံဖော်ပြထားသောကြောင့် ဖြစ်ပေသည်။ လိုက်စားခြင်းဖြစ်စဉ်တွင် လူတို့သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို တောင့်တသော စိတ်နှလုံးတစ်ခု ရှိသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားပြီး လက်တွေ့လုပ်ဆောင်နိုင်ကာ အဆုံးစွန်၌ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်သည်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံခြင်းတို့ ပါဝင်သည်။ နောက်ဆုံးတွင် ဤလူအုပ်စုသည် ကယ်တင်ခြင်းကို ရရှိနိုင်သော လူတစ်စု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမြင်တွင် အသင်းသားများ၏ အမှန်တကယ်ဖြစ်သော အနေအထားဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော အခြေအနေ မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “ကိုယ်တော်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် သန့်စင်ခြင်းကို ရရှိခြင်းအကြောင်း မဖော်ပြခဲ့ပေ။ အသင်းတော်တစ်ခု၏ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဤအရာများ မပါဝင်ပါ” ဟု ပြောကြသည်။ ယင်းတို့သည် ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်သလော။ (ပါဝင်ပါသည်။) ယင်းတို့သည် မည်သည့်အပိုင်းတွင် ပါဝင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားနိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တဖြည်းဖြည်း ဖြေရှင်းခြင်းခံရသည် မဟုတ်လော။ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှား၍ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ရရှိသည့် ကာလအတွင်းတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တဖြည်းဖြည်း နားလည်ပြီး သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို သင်ဖြေရှင်းသည်နှင့်အမျှ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းတို့ တိုးပွားလာသလော။ ဤအရာများအကြားတွင် ဆက်နွှယ်မှုတစ်ခု ရှိသလော။ (ရှိပါသည်။) သင်သည် ဘုရားသခင်ကို ပို၍ ဝတ်ပြုကိုးကွယ်လေ၊ သင့်တွင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း ပို၍ ရှိလေ ဖြစ်လိမ့်မည်။ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်း တိုးပွားလာသည်နှင့်အမျှ သင်သည် ကယ်တင်ခြင်းကို ရရှိရန် ပို၍ နီးကပ်လာသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအုပ်စုသည် မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သောသူများ ဖြစ်ကြသည်။ ဤသည်မှာ အသင်းတော်အသင်းသားများ၏ အမှန်တကယ်ဖြစ်သော အခြေအနေဖြစ်သည်။ အချို့က “အသင်းတော်တစ်ခု၏ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အသင်းတော်က လုပ်ဆောင်သည့် အလုပ်အကြောင်းကို ဖော်ပြထားခြင်း မရှိပါ” ဟု ပြောကြသည်။ ဤနေရာတွင် အသင်းတော်တစ်ခု လုပ်ဆောင်သည့် အနှစ်သာရရှိသော အလုပ်နှင့် ဆက်စပ်သည့် အပိုင်းတစ်ခုခု ရှိသလော။ (ကယ်တင်ခြင်းကို ရရှိရန် လိုက်စားခြင်း ဖြစ်ပါသည်။) ဤအပိုင်းသည် အနီးကပ် ဆက်စပ်မှုရှိသည်။ အသင်းတော်တစ်ခု လုပ်ဆောင်သည့်အလုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းဖြစ်စေ၊ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ရန် ဦးဆောင်ခြင်းဖြစ်စေ၊ လူတို့အား မိမိတို့ကိုယ်ကို သိရှိစေပြီး စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် ကူညီခြင်းဖြစ်စေ အဆုံးတွင် လူတို့အား ကယ်တင်ခြင်းကို ရရှိရန် ကူညီဖို့ ရည်ရွယ်သည်။ သို့ဆိုလျှင် အသင်းတော်တစ်ခု၏ ဤအခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးသော အယူအဆကို သင်တို့ ယခု လက်ခံနိုင်ကြသလော။ (လက်ခံနိုင်ပါသည်။) ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ချဲ့ကားထားခြင်း သို့မဟုတ် အနှစ်မဲ့ခြင်းမရှိသည့်အပြင် ဟိတ်ဟန်ကြီးသော ဝေါဟာရများနှင့် စကားစုများကို အသုံးမပြုပေ၊ သို့သော် ယင်းသည် အသင်းတော်တစ်ခု ဖြစ်ပေါ်လာခြင်း သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များ ပါဝင်သည်။

အသင်းတော်ဟူသည့် အယူအဆ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ နောက်ခံအကြောင်းရင်းကို ငါသင်တို့အား ရှင်းပြပြီးသည့်နောက် သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ငါသည် ဤနည်းလမ်းဖြင့် မရှင်းပြခဲ့ပါက အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်နှင့် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တို့သည် အလွန်နက်နဲသည်ဟု သင်တို့ ထင်မှတ်ကြလိမ့်မည်။ ယခု သင်တို့သည် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သောအခါ အသင်းတော်တစ်ခုအပေါ် သင်တို့၏ နားလည်မှုသည် အလွန်အပေါ်ယံဆန်သည်ဟု သင်တို့ ခံစားရသည်။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းစွာ ပြောပြီးဖြစ်သည်၊ ယင်းမှာ ထိုမျှ လက်တွေ့ကျသည်။ အမှုအရာများက ပို၍ လက်တွေ့ကျလေ၊ လူတို့က ၎င်းတို့သည် အပေါ်ယံဆန်သည်ဟု မကြာခဏ ပို၍ ခံစားရလေ ဖြစ်သည်။ အမှန်တကယ်တွင် သင်သည် အနီးကပ်ကြည့်ရှုပါက ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ စကားလုံးတိုင်းသည် လက်တွေ့ကျပြီး တိကျသော အခြေအနေများနှင့် ဆက်စပ်ကာ အနီးကပ်ဆက်နွှယ်နေပြီး လုံးဝ အပေါ်ယံမဆန်ပေ။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှ ပထမစကားစုမှာ “ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ခြင်း” ဖြစ်သည်။ ဤ “ရိုးသားစစ်မှန်စွာ” သည် ဘုရားသခင် အလိုရှိသောအရာ ဖြစ်သည်။ လူမည်မျှသည် ထိုသို့သော စိတ်ရင်းမှန်ကို ပိုင်ဆိုင်ကြသနည်း။ လူတို့အတွက် ဤစိတ်ရင်းမှန်ရှိရန် လွယ်ကူသလော။ မလွယ်ကူပေ။ “ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးမှုကို ခံယူခြင်း” ကိုမူ သင်သည် စွမ်းဆောင်ရရှိပြီးပြီလော။ သင်သည် ဤစကားစုကို အပေါ်ယံကျပြီး ရရှိရန် လွယ်ကူသည်ဟု ထင်သည်။ အကယ်၍ ဘုရားသခင်က “ထလော့၊ ငါ့နောက်သို့လိုက်လျှောက်ပြီး သင်၏တာဝန်ကို ထမ်းဆောင်လော့” ဟု ပြောဆိုသဖြင့် လူတို့က နာခံပါက ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရသည်ဟု ဆိုလိုသလော။ ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်လိုပြီး ဘုရားသခင်နောက် လိုက်လိုစိတ်ရှိသည်ဟုသာ ဆိုလိုသည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံယူသည့်အဆင့်သို့ မရောက်သေးပေ၊ ၎င်းတို့သည် ထိုအရာနှင့် အလှမ်းဝေးနေသေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရရန်အလို့ငှာ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ အနိမ့်ဆုံးသော လိုအပ်ချက်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရမည် ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ တောင်းဆိုချက်များက မည်သည့်အရာကို ရည်ညွှန်းနေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လိုအပ်သော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ ပြီးလျှင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ အသုံးချရမည်၊ ပြီးလျှင် ဘုရားသခင်ကို ကျေနပ်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့လုပ်ဆောင်ခြင်းအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်ကို သိရှိရန် လိုအပ်သည်။ ဤသည်မှာ မလွယ်ကူပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို အတိုင်းအတာတစ်ခုအထိ တဖြည်းဖြည်း ခံလာရရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ကာလကြာရှည်စွာ စားသောက်ခြင်း၊ ဆုတောင်းရင်းဖြင့်ဖတ်ရှုခြင်း၊ တွေ့ကြုံခံစားခြင်းနှင့် နားလည်ခြင်း၊ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ခြင်းတို့ လိုအပ်သည်။ ထို့ကြောင့် “ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံယူခြင်း” ဟူသော စကားစုသည် လူအများစုက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်ထိန်းခြင်းကို ခံရသည့်အလား အပေါ်ယံအားဖြင့် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ လူတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများမှ အကဲဖြတ်ရလျှင် ဤစကားစုသည် ၎င်းတို့ လုံးဝ မရရှိသေးသည့် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်မျှသာဖြစ်ကြောင်း ရှင်းလင်းသည်။ နောက်စကားစုဖြစ်သည့် “ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်း” သည် လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းကို မရရှိသေးပေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားနေရုံမျှသာ ဖြစ်သည်။ သင်သည် ဤအရာကို မည်သို့ လိုက်စားသင့်သနည်း။ သင်သည် အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လက်တွေ့လုပ်ဆောင်လော့။ လိမ်လည်မပြောနှင့်၊ ရိုးသားသောသူတစ်ဦး ဖြစ်လော့။ သင်သည် ထိုသို့ လုပ်ဆောင်နိုင်သလော။ လုပ်ဆောင်ရန် မလွယ်ကူပေ။ သင်သည် ပြုပြင်ခြင်းခံရသည့်အခါ သင်သည် ကျိုးနွံနာခံပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိနိုင်သင့်သည့်အပြင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်သင့်သည်။ သင်သည် ဤအရာကို ရရှိနိုင်သလော။ ယင်းသည် အားစိုက်ရသည်ဟု ခံစားရလျှင် သို့မဟုတ် သင်၏ ကိုယ်ပိုင်အလိုဆန္ဒက အလွန်အားကြီးလျှင်၊ ပြီးလျှင် သင်သည် သင်၏ တဇောက်ကန်းဖြစ်ခြင်းကို အမြဲ ထွက်ပေါ်စေလိုလျှင် သင်သည် သင်၏ တဇောက်ကန်းဖြစ်ခြင်းကို မဖော်ထုတ်ဘဲ သို့မဟုတ် တစ်ဇွတ်ထိုးဆန်သော၊ ထင်ရာမြင်ရာ နည်းလမ်းဖြင့် ပြုမူခြင်းမရှိဘဲ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန် လိုက်စားရမည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆိုသည့်အတိုင်း လုပ်ဆောင်ရမည်၊ ပြုပြင်ခြင်းကို လက်ခံရမည်၊ သင်၏ ပြစ်မှားခြင်းများကို သိရှိလာရမည်၊ ပြီးလျှင် သင် မည်သည့်နေရာတွင် မှားသွားသည်ကို နားလည်ရမည်။ ဤသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်းဟု ခေါ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်လက်တွေ့လုပ်ဆောင်ခြင်းသည် လူတစ်ဦး ပြောင်းလဲသွားပြီဟု ဆိုလိုသလော။ ထိုမျှ မရိုးရှင်းပေ။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပါက သင်သည် တစ်ဇွတ်ထိုးဆန်ပြီး ထင်ရာမြင်ရာပြုမူခြင်းမှ ရှောင်ကြဉ်နိုင်သလော။ မလွယ်ကူပေ၊ ယင်းသည် သင် သမ္မာတရားကို နားလည်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် အချိန်ကာလတစ်ခုကြာ တွေ့ကြုံခံစားခြင်းတို့ လိုအပ်သည်၊ ထိုအခါမှသာ သင်သည် ဤအရာကို ရရှိနိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုသည်ဟု ပြောဆိုသော်လည်း ဤနှုတ်ဖြင့် လိုလားပြခြင်းသာရှိပြီး သင်၏စိတ်နှလုံးထဲတွင် စေ့ဆော်မှုမရှိပါက ယင်းမှာ အလုပ်ဖြစ်မည် မဟုတ်ချေ။ သင်၏စိတ်နှလုံးက လိုလားသည့်အခါ၊ ပြီးလျှင် သင်သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်လိုသည့်အခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သင်၏စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားသည့်အခါ သင်သည် သစ္စာဆိုလျှင်ပင် သို့မဟုတ် အခြားသူများက သင့်ကို ထောက်ပံ့ပေးလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ သင်သည် စိတ်ပိုင်းဖြတ်မှု ရှိရမည်၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ပြင်းပြသော တောင့်တမှုရှိသည့် စိတ်နှလုံးတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်က ကိစ္စရပ်တစ်ခုကို မည်သို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုသည်နှင့် ယင်းနှင့်ပတ်သက်၍ သူ အဘယ်အရာကို တောင်းဆိုသည်ကို သိရှိရန် လိုအပ်သည်၊ ဤကဏ္ဍနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို ရှာဖွေပြီး စုဆောင်းကာ ထို့နောက် ၎င်းတို့ကို ဆုတောင်းရင်းဖြင့်ဖတ်ရှုပြီး နားလည်ရမည်။ ယင်းတို့ကို မှတ်စုစာအုပ်တစ်အုပ်ထဲတွင် ရေးမှတ်ထားလော့ သို့မဟုတ် သင် အလွယ်တကူ မြင်နိုင်သည့်နေရာတွင် ထားလော့။ သင်၏ အလုပ်နားချိန်များအတွင်း ယင်းတို့ကို ကြည့်လော့၊ ဖတ်လော့၊ ပြီးလျှင် အချိန်ကြာလာသည်နှင့်အမျှ သင်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်မိပြီး သင်၏စိတ်နှလုံးထဲတွင် ထားရှိလိမ့်မည်။ နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို တွေးတောဆင်ခြင်ပြီး မည်သို့သော ပြောဆိုပြုမူပုံမျိုးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူ၍ရသည်ကို စဉ်းစားချင့်ချိန်လော့။ ဤသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားခြင်းဟု ခေါ်သည်။ ရရှိရန် လွယ်ကူသလော။ မလွယ်ကူပေ၊ ယင်းသည် ညတွင်းချင်း သို့မဟုတ် ပြင်းပြင်းထန်ထန် တစ်ချီမျှ အားထုတ်ရုံဖြင့် ပြီးမြောက်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်သည် သွေးသောက်သစ္စာဆိုပါသည်” ဟု ပြောကြသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ သင်က “ကျွန်ုပ်သည် အစာရှောင်ပြီး အစာရေစာမစားဘဲ ဆုတောင်းပါမည်” ဟု ပြောသော်လည်း အသုံးမဝင်ပေ။ သင်က “ကျွန်ုပ်သည် တစ်ညလုံးမအိပ်ဘဲ ဆင်းရဲဒုက္ခခံပါမည်” ဟု ပြောသော်ငြား ယင်းကလည်း အသုံးမဝင်ပေ။ သင်သည် သမ္မာတရားကို လိုက်စားရမည်၊ သင်သည် သမ္မာတရားကို လိုက်စားခြင်း၏ သရုပ်သကန်များကို ပိုင်ဆိုင်ရမည်၊ ပြီးလျှင် သင်သည် သမ္မာတရားကို လိုက်စားရန်အတွက် လမ်းကြောင်းတစ်ခု ရှိရမည်၊ သင်သည် မှန်ကန်သော နည်းလမ်းများနှင့် နည်းစနစ်များ ရှိရမည်။ သင့်တွင် မည်သို့သော နည်းလမ်းများ သို့မဟုတ် နည်းစနစ်မျိုး ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ခွဲထွက်၍မရပေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အားထုတ်မှု ပြုလုပ်ရမည်၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ရမည်၊ အခြေအနေတိုင်းတွင် ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရမည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ထိပ်တန်းဦးစားပေးအဖြစ် ထားရှိရမည်။ ဤသည်ကို သမ္မာတရားကို လိုက်စားခြင်းဟု ခေါ်သည်။ ဥပမာအားဖြင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့်ပတ်သက်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအကြောင်းကို မည်သို့ဆိုသည်ကို ကြည့်ရှုရန်နှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် သက်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေရန် လိုအပ်သည်။ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ဤကဏ္ဍနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ရှာဖွေလော့။ တာဝန်တစ်ခုကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ တာဝန်များကို စံမီသောနည်းလမ်းဖြင့် မည်သို့ထမ်းဆောင်ရမည်နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေပြီး ဘုရားသခင်၏ ပဓာနကျသော နှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်ကာ သင်၏စိတ်နှလုံးထဲတွင် ထားရှိလော့။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ အယောင်ဆောင် ခေါင်းဆောင်များတွင် မည်သည့်သရုပ်သကန်များ ရှိသည်၊ ၎င်းတို့တွင် အသိတရားနှင့် ဆင်ခြင်တုံတရား ရှိမရှိ၊ ပြီးလျှင် ဘုရားသခင်က အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ စရိုက်လက္ခဏာ သရုပ်ဖော်သည်တို့ကိုမူ ဘုရားသခင်၏ ဤအဓိကကျသော နှုတ်ကပတ်တော်များကို ရှာဖွေပြီး မှတ်စုစာအုပ်တစ်အုပ်ထဲတွင် ရေးမှတ်ထားလော့၊ ယင်းတို့ကို သင် အလွယ်တကူ မြင်နိုင်သည့်နေရာတွင် ထားလော့၊ ပြီးလျှင် သင့်တွင် အချိန်ရှိသည့်အခါတိုင်း ယင်းတို့ကို ဆုတောင်းရင်းဖြင့်ဖတ်ရှုလော့။ သင်၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်တိုင်းအတွက် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပြီး အားထုတ်လော့။ ဤသည်ကို သမ္မာတရားကို လိုက်စားခြင်းဟု ခေါ်သည်။ သင်၏ အားထုတ်မှုသည် ဤအဆင့်သို့ မရောက်ပါက ယင်းကို သမ္မာတရားကို လိုက်စားခြင်းဟု မခေါ်ပေ၊ ယင်းကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း၊ အပေါ်ယံသဘောမျှသာ ကြည့်ရှုခြင်းနှင့် သင်၏နေ့ရက်များကို အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းဟု ခေါ်သည်။

“ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း” ကို ကြည့်ကြစို့။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းတွင် စစ်မှန်သော ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ လေးစားခြင်းနှင့် ရိုးသားစစ်မှန်ခြင်းတို့ ပါဝင်သည့်အပြင် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံခြင်း၊ မိမိ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခုထားရှိခြင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်များနှင့် ဘုရားသခင်ပေးအပ်သော တာဝန်ပေးစေခိုင်းချက်များကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ခြင်း၊ ပြီးလျှင် ဘုရားသခင်ပြောဆိုခဲ့သော နှုတ်ကပတ်တော်တိုင်းကို အလေးအနက်ထားပြီး တာဝန်သိစွာ သဘောထားပြုမူခြင်း စသည်တို့ ပါဝင်သည်။ ဤသရုပ်သကန်အားလုံးကို ဝတ်ပြုကိုးကွယ်ခြင်းဟု ခေါ်သည်။ ယင်းသည် ဘုရားသခင်က သင်နှင့် မျက်နှာချင်းဆိုင် ပြောဆိုသော နှုတ်ကပတ်တော်များဖြစ်စေ၊ သူဖော်ပြခဲ့ဖူးသော နှုတ်ကပတ်တော်များ အားလုံးဖြစ်စေ သင်သိရှိပြီး အမှတ်ရနေသရွေ့ ပြီးလျှင် သင်၏စိတ်နှလုံးထဲတွင် ၎င်းတို့ကို နားလည်ပြီး အတည်ပြုနေသရွေ့ သင်၏ ကျင့်ကြံပြုမူခြင်း၊ အသက်ရှင်ပုံ စသည်တို့အတွက် စံသတ်မှတ်ချက်များအဖြစ် ယင်းတို့ကို သဘောထားပြုမူခြင်းသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၏ သရုပ်သကန်ပင် ဖြစ်သည်။ ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ သင်၏ကိုယ်ပိုင်အကြိုက်များ၊ လိုအင်ဆန္ဒများ သို့မဟုတ် အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သင်သည် သင်၏စိတ်နှလုံးကို ငြိမ်သက်စေပြီး “ဤအရာကို ဘုရားသခင်က ပြုလုပ်ခဲ့သလော။ ယင်းသည် ဘုရားသခင်ထံမှ အရင်းခံခဲ့သလော။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် ငါ့ထဲတွင် အဘယ်အရာကို စစ်ဆေးလိုသနည်း၊ သူသည် ငါ့ထဲတွင် အဘယ်အရာကို ပြောင်းလဲစေလိုသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အတိအကျ အဘယ်အရာဖြစ်သနည်း။ ငါသည် ဘုရားသခင်၏ အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံသင့်သနည်း။ ငါသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်သို့ အထမြောက်အောင် လုပ်ဆောင်သင့်သနည်း။ ငါသည် လူသားတစ်ဦးအနေဖြင့် ငါ၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သနည်း” ဟု စဉ်းစားသုံးသပ်နိုင်သင့်သည်။ ဤသရုပ်သကန်အားလုံးသည် အခြားထိုသို့သော အရာများအပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ သင်သည် ပို၍များသော သမ္မာတရားကို နားမလည်လျှင်ပင်၊ သာမန်လူတစ်ဦးအနေဖြင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သောသူတစ်ဦးအနေဖြင့်၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်သောသူ တစ်ဦးအနေဖြင့် ဤသည်မှာ သင်သည် ဘုရားသခင်အပေါ် အနည်းဆုံး ရှိသင့်သည့် သဘောထားဖြစ်သည်။ ဘုရားသခင်နှင့်သက်ဆိုင်သော အရာရာတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်စပ်လျဉ်းသော အရာရာတိုင်း၊ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သင်၏တာဝန်၊ သင်၏ တာဝန်ဝတ္တရားတို့နှင့်ပတ်သက်သော အရာရာတိုင်းကို သင်သည် ဂရုတစိုက်နှင့် သတိဖြင့် သဘောထားပြုမူသင့်သည်၊ ပေါ့ဆစွာမပြုဘဲ၊လျစ်လျူရှုခြင်းမရှိဘဲ၊ မထီမဲ့မြင်မပြုဘဲ သဘောထားပြုမူသင့်သည်၊ ဤသည်ကို ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းဟု ခေါ်သည်။ ဘုရားသခင်နှင့်ဆက်စပ်သော အရာရာတိုင်းကို သတိကြီးစွာ၊ ဂရုတစိုက်၊ ဘုရားသခင်ကို ကြောက်ရွံ့သော၊ ဘုရားသခင်ကို ထိတ်လန့်သော စိတ်နှလုံးဖြင့် ကိုင်တွယ်ခြင်း ဤသည်ကို ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းဟု ခေါ်သည်။ ဤအရာကို စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ မလွယ်ကူပေ။ စစ်မှန်သော အတွေ့အကြုံမရှိဘဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ “ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း” ဟူသော စကားလုံးနှစ်လုံးကို နားလည်ရန်ပင် ခက်ခဲသည်။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၏ နောက်ဆုံးစကားစုမှာ “ကိုယ်တော်၏ကယ်တင်ခြင်းကို ရယူခြင်း” ဖြစ်သည်။ ဤအရာကို မည်သို့ နားလည်သင့်သနည်း။ ကယ်တင်ခြင်းကို ရရှိရန် လမ်းခရီးသည် ရှည်လျားပြီး ဤနေရာတွင် ပို၍ပင် လိုအပ်သည်။ ပထမဦးစွာ သင်လျှောက်လှမ်းသော လမ်းခရီးသည် မှန်ကန်ရမည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားအားလုံးကို လက်ခံနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားကာ ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်ရမည်။ သင်၏အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အုပ်စိုးခြင်းကို ခံရမည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုရုံသာမက သမ္မာတရားကို ချစ်ပြီး သမ္မာတရားနှင့်အညီ ပြုမူရမည်၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်း ရှိရမည်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မကြာခဏ ဆုတောင်းပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းသို့ တဖြည်းဖြည်း ကူးပြောင်းရမည်။ ထိုအခါ သင်သည် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်သည်၊ သင်သည် ဘုရားသခင် ကယ်တင်လိုသော လူစားမျိုး အတိအကျ ဖြစ်သည်။ ရိုးသားစစ်မှန်စွာ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးသည် မှန်ကန်သောသူတစ်ဦး ဖြစ်ရမည်။ မှန်ကန်သောသူတစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။ အကျိုးကျေးဇူးမှာ ကယ်တင်ခြင်းကို ရယူခြင်းသည် သင့်အတွက် အလွန်အမင်း ခက်ခဲမည်မဟုတ်ခြင်း ဖြစ်သည်၊ သင်သည် ယင်းကို ရရှိရန် မျှော်လင့်ချက် ရှိလိမ့်မည်။ ဤသည်မှာ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်ပတ်သက်၍ တိကျသော အသေးစိတ်အချက်များအပေါ် ငါပြုလုပ်ခဲ့သော မိတ်သဟာယပင် ဖြစ်သည်။

၄။ အသင်းတော်အပေါ် လူတို့ ထားရှိသော အယူအဆများနှင့် အမြင်များ

ယခုလေးတင် ငါတို့သည် အသင်းတော်ဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ အသင်းတော်က လုပ်ဆောင်သည့် အနှစ်သာရရှိသော အလုပ်မှာ အဘယ်အရာဖြစ်သည်၊ လူတို့က မိမိတို့၏ အယူအဆများထဲတွင် အသင်းတော်နှင့်ပတ်သက်၍ အဘယ်အရာကို စိတ်ကူးပုံဖော်ပြီး တောင်းဆိုကြသည်တို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အဆုံးတွင် ငါတို့သည် အသင်းတော်ဟူသည့် သဘောတရားအတွက် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို ပေးခဲ့သည်။ ယခု အနက်အဓိပ္ပာယ်ဖွင့်ဆိုပြီးဖြစ်သည့်အတွက် သင်တို့သည် “အသင်းတော်” ဟူသည့် အမည်သညာအပေါ် တိကျမှန်ကန်သော သိနားလည်မှုတစ်ခု ယခု ရှိသင့်ပေပြီ။ အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ်၊ လူတို့အား သမ္မာတရားကို ရရှိစေပြီး ကယ်တင်ခြင်းကို ရရှိအောင် ကူညီရာတွင် အသင်းတော်တစ်ခုက ပါဝင်သည့် အခန်းကဏ္ဍနှင့် ဘုရားသခင်နောက် လိုက်လျှောက်သည့် လူတိုင်းအတွက် အသင်းတော်တစ်ခု၏ အရေးပါမှုတို့ကို သင်တို့ အခြေခံအားဖြင့် နားလည်သင့်ပေသည်။ လူတို့က မိမိတို့၏ အယူအဆများထဲတွင် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်ဟု ယုံကြည်သည့်အရာကိုလည်း ငါတို့က သဘောထားထင်ဟပ်သော စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ဖော်ထုတ်ခြင်းတစ်ခုကို အကျဉ်းချုံး လုပ်ဆောင်ခဲ့သည်။ လူတို့က မိမိတို့၏ အယူအဆများထဲတွင် အသင်းတော်များနှင့်ပတ်သက်၍ ထားရှိသော သိနားလည်မှုများနှင့် အနက်ဖွင့်ဆိုချက်များအကြောင်း သင်တို့အနေဖြင့် ထိုးထွင်းမမြင်နိုင်သော သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိသော တစ်စုံတစ်ရာ ရှိသလော။ အချို့လူများက အသင်းတော်တစ်ခုသည် လူ့အဖွဲ့အစည်းတွင် တရားမျှတမှုကို ထိန်းသိမ်းခြင်းကဲ့သို့သော လူမှုရေးလုပ်ငန်းတစ်မျိုးမျိုးတွင် ပါဝင်သင့်သည် သို့မဟုတ် လူ့အဖွဲ့အစည်းတွင် အခန်းကဏ္ဍတစ်မျိုးမျိုး ရှိသင့်သည်ဟု ထင်မှတ်ကြသည်။ လူတို့၏ အယူအဆများတွင် အသင်းတော်သည် အပြုသဘောဆောင်သော ပုံရိပ်ကို ကိုယ်စားပြုသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် တရားမျှတမှုကို မထိန်းသိမ်းနိုင်ရမည်နည်း။ တရားမျှတမှုကို ထိန်းသိမ်းခြင်းသည် အသင်းတော်၏အလုပ်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ဖြစ်စေ တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) လူတို့ပြောဆိုကြသည့် ဤ “တရားမျှတမှုကို ထိန်းသိမ်းခြင်း” က အဘယ်အရာကို ရည်ညွှန်းသနည်း။ (လူတို့က တရားမျှတမှုကို ထိန်းသိမ်းခြင်းဟု ခေါ်သည့်အရာသည် စစ်မှန်သော တရားမျှတမှု မဟုတ်ပါ။ ယင်းမှာ ဇာတိပကတိ၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းမျှသာဖြစ်ပြီး သမ္မာတရားနှင့် မကိုက်ညီပါ။) ဤတရားမျှတမှုသည် သမ္မာတရားနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ဤသည်မှာ လူသားမျိုးနွယ်က တရားမျှတမှုဟု ခေါ်သည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် ဆိုးယုတ်သော အင်အားစုအချို့ကို နှိမ်နင်းခြင်း၊ တရားမမျှတမှုအချို့နှင့် လူတို့ မှားယွင်းစွာ အပြစ်တင်ခံရပြီး အရှက်ခွဲခံရသည့် ဖြစ်ရပ်များကို ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် ဆိုးယုတ်သောလူများအပေါ် ထိုက်တန်သော အပြစ်ဒဏ်ကို ပေးခြင်းနှင့် အားနည်းသောအုပ်စုများ၏ အကျိုးစီးပွားများကို ပြန်လည်ရရှိစေပြီး ကာကွယ်ပေးခြင်း စသည်တို့ဖြစ်သည်၊ ဤသည်တို့ကို လူတို့က တရားမျှတမှုကို ထိန်းသိမ်းခြင်းဟု ခေါ်ကြသည်။ ဤတရားမျှတမှုကို ထိန်းသိမ်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူတို့ သမ္မာတရားကို လိုက်စားခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ ယင်းသည် လူတို့ ကယ်တင်ခြင်းခံရခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုနှင့် ကျင့်ဝတ်သိက္ခာတို့ကို အခြေခံ၍ ပေါ်ပေါက်လာသော ဆိုရိုးစကားမျှသာ ဖြစ်သည်၊ ယင်းသည် သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ပေ။ ယင်းသည် သမ္မာတရား၏ အဆင့်သို့ မတက်လှမ်းနိုင်ဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ငါတို့ ဆိုနိုင်သလော။ (မဆိုနိုင်ပါ၊ ထိုနှစ်ခုမှာ မသက်ဆိုင်ပါ။) မှန်သည်၊ ယင်းတို့သည် လုံးဝမသက်ဆိုင်ပေ၊ ယင်းတို့သည် ကွဲပြားသော အမှုအရာနှစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်သည် မည်သို့သော တရားမျှတမှုကို ထိန်းသိမ်းသနည်း။ ယင်းမှာ လူမှုအဆင့်အတန်း အနည်းငယ်နိမ့်ကျသော သာမန်လူတစ်ဦးသည် ဆိုးယုတ်သောလူများ၏ ဖိနှိပ်ခြင်းကိုဖြစ်စေ၊ အခွင့်အရေးတစ်ခုတလေ သို့မဟုတ် အကျိုးစီးပွားတစ်ခုတလေ သိမ်းယူသွားခြင်းကိုဖြစ်စေ ခံရပြီးနောက် ဆိုးယုတ်သောလူများသည် ထိုက်တန်စွာ အပြစ်ပေးခြင်းခံရပြီး သာမန် သို့မဟုတ် ရိုးရိုးလူသည် နောက်ထပ် မတော်မတရားပြုခြင်းကို မခံစားရတော့သည့် အမျိုးအစား ဖြစ်သည်။ ယင်းမှာ လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကို ပြန်လည်ရရှိစေပြီး အာမခံပေးခြင်း၊ လူတို့ကြားတွင် တန်းတူညီမျှမှုကို ရရှိစေခြင်း၊ လူမှုအလွှာများကြားရှိ ကွာဟချက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ ဆိုးယုတ်သောလူများသည် ၎င်းတို့၏ ဒုစရိုက်အမှုများတွင် အောင်မြင်မှုမရှိစေရန်နှင့် မတရားသဖြင့်ပြုခြင်း ခံရသူများ၏ နစ်နာချက်များကို ပြန်လည်ဖြေရှင်းပေးကြောင်း သေချာစေခြင်းတို့နှင့် သက်ဆိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်က တရားမျှတမှုကို ထိန်းသိမ်းခြင်းဟု ခေါ်သည့်အရာဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ပေ။ ယင်းသည် သမ္မာတရား၏ အဆင့်သို့ မတက်လှမ်းနိုင်ဟု သင်တို့ အဘယ်သို့ ဆိုနိုင်သေးသနည်း။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်သလော။ မသက်ဆိုင်ပေ။ ငါ့ကို ပြောလော့၊ နစ်နာချက်များကို ခံစားခဲ့ရသော ထိုသာမန်နှင့် ရိုးရိုးလူများသည် မလွဲမသွေ လူကောင်းများ ဖြစ်ကြသလော။ (ဖြစ်ချင်မှဖြစ်ပါမည်။) ၎င်းတို့အား နစ်နာချက်များကို မခံစားရစေရန် တားဆီးခြင်း ယင်းမှာ တရားမျှတမှုလော။ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ထိုလူများသည် ထိုအခါ ကယ်တင်ခြင်းခံရနိုင်သလော။ ဤသည်တို့မှာ ရှင်းလင်းစွာပင် ကွဲပြားသော အမှုအရာနှစ်ခု ဖြစ်သည်၊ ယင်းတို့ကို အဘယ်သို့ ရောထွေးနိုင်မည်နည်း။ ဤအရာကို သမ္မာတရား၏ အဆင့်သို့ တက်လှမ်းနိုင်သည်ဟု လုံးဝ သတ်မှတ်၍မရချေ၊ ယင်းသည် သမ္မာတရားနှင့် တူညီသောအရာ လုံးဝမဟုတ်ပေ။ အကယ်၍ သင်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုအချို့ ရှိပါက သင်တို့ထဲမှ အများစုသည် တရားမျှတမှုကို ထိန်းသိမ်းခြင်းကိစ္စကို ထိုးထွင်းမမြင်နိုင်ဘဲ “ဤအရာသည် အဘယ်သို့ မှားနိုင်မည်နည်း။ ဤအရာသည် အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ် အဘယ်သို့ မဖြစ်နိုင်ရမည်နည်း” ဟု တွေးထင်လျက် ယင်းကို အနည်းငယ် စွဲလမ်းနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှန်တွင် ဤအရာသည် အသင်းတော်၏အလုပ်နှင့် မည်သို့မျှမသက်ဆိုင်ပေ။ အသင်းတော်တစ်ခုသည် ဆိုးယုတ်ခြင်းကို အပြစ်ပေးပြီး ကောင်းမြတ်ခြင်းကို အားပေးသည့်နေရာတစ်ခု ဖြစ်သင့်သည်၊ ယင်းသည် ဤလုပ်ငန်းဆောင်တာကို ဆောင်ရွက်သင့်သည်၊ ကောင်းမြတ်ပြီး အကျင့်သီလကောင်းသောအရာများကို အားပေးနေစဉ်တွင် ဒုစရိုက်အမှုများနှင့် ဆိုးယုတ်ပြီး အမှောင်ဖုံးသော အင်အားစုများကို အပြစ်ပေးသင့်သည်ဟု ထင်မှတ်သော လူအချို့လည်း ရှိသေးသည်။ ဤသည်မှာ မှန်ကန်သလော။ ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်းနှင့် ကောင်းမြတ်ခြင်းကို အားပေးခြင်းသည် သမ္မာတရား၏ အဆင့်သို့ တက်လှမ်းနိုင်သလော။ ဆိုးယုတ်သည့်အရာ၊ ကောင်းမြတ်သည့် အရာတို့နှင့်ပတ်သက်လာလျှင် လူတို့သည် ဤအရာများကြားတွင် ရှင်းလင်းစွာ မခွဲခြားနိုင်ကြပေ။ ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်းနှင့် ကောင်းမြတ်ခြင်းကို အားပေးခြင်းအားဖြင့် လူတို့သည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် ဘုရားသခင်ပြောဆိုသည့် ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်း၊ ကောင်းမြတ်ခြင်းကို ဆုလာဘ်ပေးခြင်းနှင့် အားလုံးကို ၎င်းတို့၏ အမျိုးအစားအညီ ခွဲခြားသတ်မှတ်ခြင်းတို့နှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ယင်းမှာ မသက်ဆိုင်ပေ။ ဆိုးယုတ်ခြင်းနှင့် ကောင်းမြတ်ခြင်းကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် လူသားမျိုးနွယ်၏ စံနှုန်းမှာ အဘယ်နည်း။ တရုတ်လူမျိုးတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုးယုတ်ခြင်းဟူသည် အဘယ်နည်း၊ ပြီးလျှင် ကောင်းမြတ်ခြင်းဟူသည် အဘယ်နည်း။ ဆိုးယုတ်ခြင်းနှင့် ကောင်းမြတ်ခြင်းကို ၎င်းတို့၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အခြေခံမှာ အဘယ်နည်း။ ယင်းမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဖြစ်သည်။ ဗုဒ္ဓဘာသာသည် လောကကို ကူညီခြင်းနှင့် လူတို့ကို ကယ်တင်ခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကဲ့သို့သော အယူအဆများကို ပြောဆိုသည်၊ ဤသည်တို့ကို ကောင်းသည်ဟု မှတ်ယူကြပြီး ကြက်သား၊ ငါး၊ အမဲသား သို့မဟုတ် သိုးသားစားခြင်းကို ဆိုးယုတ်ခြင်းဟု မှတ်ယူကြကာ ထိုသို့ပြုလုပ်သောလူများသည် အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ မည်သည့်အသားကိုမျှ မစားသင့်ပါ၊ ပြီးလျှင် မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်သင့်ပါ။ သတ်ဖြတ်ခြင်းကို ဆိုးယုတ်ခြင်းဟု မှတ်ယူကြပြီး သတ်ဖြတ်သောသူများသည် ဗုဒ္ဓရှေ့မှောက်တွင် ဝန်ချတောင်းပန်ကာ ခွင့်လွှတ်မှုအတွက် တောင်းပန်သင့်သည် ဟူ၍ဖြစ်လေသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းနှင့်ပတ်သက်သည့် ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်၊ ယင်းသည် ဘုရားသခင်ပြောဆိုသော ဆိုးယုတ်ခြင်းနှင့် တူညီသလော။ (မတူညီပါ။) ယင်းတို့သည် ကွဲပြားသော အမှုအရာနှစ်ခုဖြစ်သည်၊ ထို့ကြောင့် ဆိုးယုတ်ခြင်းနှင့်ပတ်သက်သည့် ထိုအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာတရားနှင့် လုံးဝမသက်ဆိုင်သည့်အပြင် သမ္မာတရား၏ အဆင့်သို့ သေချာပေါက် မတက်လှမ်းနိုင်ပေ။ သို့ဆိုလျှင် ဗုဒ္ဓဘာသာသည် ကောင်းမြတ်ခြင်းအားဖြင့် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် သာ၍ပင် အဓိပ္ပာယ်မဲ့ပြီး အပေါ်ယံဆန်ကာ ကြောင်သူတော်ဆန်သည်။ ဗုဒ္ဓဘာသာဝင်များက မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်ဖြတ်ခြင်းသည် ကောင်းသည်၊ ဖမ်းဆီးခံထားရသော တိရစ္ဆာန်များကို လွှတ်ပေးခြင်းသည် ကောင်းသည်ဟု ယုံကြည်ကြသည်။ ဆိုးယုတ်သောသူတစ်ဦးသည် လူမည်မျှကို သတ်ဖြတ်ခဲ့သည်ဖြစ်စေ၊ အပြစ်မည်မျှကို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် လူသတ်ဓားကို ချထားပါက ၎င်းတို့သည် ချက်ချင်း ဗုဒ္ဓတစ်ဆူ ဖြစ်လာနိုင်သည်၊ ဤသည်ကို ကောင်းသည်ဟု မှတ်ယူကြသည်။ “အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ခုနစ်ထပ်စေတီတစ်ဆူ တည်ခြင်းထက် သာလွန်သည်” ဟူသော ဆိုရိုးစကားလည်း ရှိသေးသည်၊ ယင်းမှာ လူတို့ကို အကြွင်းမဲ့နှင့် စည်းမျဉ်းများမရှိဘဲ၊ ကြောင်းကျိုးမမြင်ဘဲ ကယ်တင်ခြင်း၊ နတ်ဆိုးများ၊ ဆိုးယုတ်သောလူများ၊ လူမိုက်များ၊ လူရမ်းကားများနှင့် အခြားမည်သူ့ကိုမဆိုပင် ကယ်တင်ခြင်းကို ကောင်းသည်ဟု မှတ်ယူကြသည်ကို ဆိုလိုသည်။ ဤသည်မှာ မည်သို့သော ကောင်းမြတ်ခြင်းမျိုးနည်း။ ထိုသို့သောလူများသည် မည်သည့်ပိုင်းခြားသိမြင်နိုင်စွမ်း၊ ရပ်တည်ချက် သို့မဟုတ် စည်းမျဉ်းတို့မျှ မရှိဘဲ ငတုံးများ ဖြစ်ကြသည်။ မည်သူ့ကိုမဆို ကယ်တင်ခြင်းနှင့် မည်သူ့ကိုမဆို ခွင့်လွှတ်ခြင်း၊ ယင်းကို ကောင်းသည်ဟု မှတ်ယူနိုင်သလော။ ယင်းသည် ထိုစကားလုံးနှင့်ပင် မထိုက်တန်ပေ၊ ဤသည်မှာ စာတန်နှင့် နတ်ဆိုးများက ဟန်ဆောင်ဖန်တီးထားသည့်အရာသာ ဖြစ်သည်။ ၎င်းတို့သည် တိရစ္ဆာန်များကို မသတ်ဖြတ်ကြသော်လည်း မရေမတွက်နိုင်သော ဝိညာဉ်များကို မျိုချခဲ့ကြပြီးဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောင်းမြတ်ခြင်းဟု ခေါ်သည့်အရာဖြစ်ပြီး အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်သည် ဆိုးယုတ်ခြင်းကို အပြစ်ပေးပြီး ကောင်းမြတ်ခြင်းကို အားပေးသည့် အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟူသော လူ့အယူအဆသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) မည်သည့်လူမျိုး သို့မဟုတ် ဘာသာရေး၏ ယဉ်ကျေးမှုနောက်ခံဖြစ်စေ ဆိုးယုတ်ခြင်းကို အပြစ်ပေးခြင်းနှင့် ကောင်းမြတ်ခြင်းကို အားပေးခြင်းသည် အသင်းတော်၏အလုပ် သို့မဟုတ် အသင်းတော်၏ သက်သေခံချက်နှင့် မည်သို့မျှမသက်ဆိုင်ပေ။ ဤဝေါဟာရများသည် တရားမျှတပြီး ချီးကျူးထောမနာပြုဖွယ်ဖြစ်သည်ဟု ထင်ရသောကြောင့် ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် သက်ဆိုင်သင့်သည် သို့မဟုတ် ဤသည်မှာ အသင်းတော်တစ်ခုက လူ့အဖွဲ့အစည်းတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍဖြစ်သည်ဟု မထင်မှတ်ကြနှင့်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးပုံဖော်ခြင်းတစ်ခု ဖြစ်သည်။ “တရားမျှတမှုကို ထိန်းသိမ်းခြင်း” နှင့် “ဆိုးယုတ်ခြင်းကို အပြစ်ပေးပြီး ကောင်းမြတ်ခြင်းကို အားပေးခြင်း” တို့အပြင် “လူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများအတွက် တိုက်ပွဲဝင်ခြင်း” နှင့် “စိုးရိမ်ပူပန်မှုများကို လျော့ပါးစေပြီး အခက်အခဲများကို ဖြေရှင်းခြင်း” ကဲ့သို့သော လူ့အယူအဆများအရ အခြားသော ကောင်းသည့်ဝေါဟာရများသည်လည်း အသင်းတော်၏အလုပ် သို့မဟုတ် အသင်းတော်၏ သက်သေခံချက်နှင့် ဆက်စပ်မှုမရှိပေ။ သင်တို့အားလုံး ဤအရာကို နားလည်နိုင်သင့်သည်။ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ်နှင့် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုတို့ကို အတော်အတန် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။