ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄) အခန်း နှစ်

စာတန်ဆန်သော အစိုးရစနစ်များ၏ ရန်လိုမှုနှင့် စောင့်ကြည့်စစ်ဆေးမှုအပေါ် ငါတို့၏ သဘောထားသည် မည်သို့ဖြစ်သင့်သနည်း။ ငါတို့သည် ယင်းကို ငြင်းပယ်ပြီး ရှောင်ရှားသင့်သလော သို့မဟုတ် လျစ်လျူရှုလိုက်သင့်သလော။ ပထမဦးစွာ ဤအရာကို စဉ်းစားကြည့်လော့၊ အသင်းတော်သည် မိမိလုပ်ဆောင်သော အလုပ်တစ်ခုခုကို ၎င်းတို့ စောင့်ကြည့်စစ်ဆေးမည်ကို ကြောက်ရွံ့သလော။ (မကြောက်ရွံ့ပါ။) ငါတို့တွင် လျှို့ဝှက်သော လှုပ်ရှားမှုများ တစ်ခုခု ရှိသလော။ ငါတို့သည် နိုင်ငံတော်ကို ဆန့်ကျင်သော သို့မဟုတ် အစိုးရကို ဆန့်ကျင်သော နိုင်ငံရေးဆိုင်ရာ စကားတစ်ခွန်းခွန်းကို ပြောဆိုသလော။ (မပြောဆိုပါ။) ဤအချက်ကို အတည်ပြုနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိုင်ငံရေးတွင် ပါဝင်ခြင်းနှင့် လုံးဝမသက်ဆိုင်ပေ။ သင်တို့အများစုသည် ဘုရားသခင်ကို သုံးနှစ်ကျော် ယုံကြည်ခဲ့ကြပြီးဖြစ်သည်၊ အချို့ဆိုလျှင် နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ပင် ယုံကြည်ခဲ့ကြပြီးဖြစ်သည်။ ဤမျှနှစ်များတစ်လျှောက် တရားဒေသနာများကို နားထောင်ခဲ့ရာတွင် အသင်းတော်က နိုင်ငံတော်ကို ဆန့်ကျင်သော သို့မဟုတ် လူ့အဖွဲ့အစည်းကို ဆန့်ကျင်သော ပြောဆိုချက်များ ပြုလုပ်သည်ကို တစ်စုံတစ်ဦး တွေ့ရှိခဲ့ဖူးသလော။ (မတွေ့ရှိခဲ့ဖူးပါ။) စိုးစဉ်းမျှပင် မရှိပါ၊ ဘုရားအိမ်တော်သည် နိုင်ငံရေးကို မည်သည့်အခါမျှ မဆွေးနွေးပေ။ ထို့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ဘုရားသခင်က တည်ထောင်ထားခြင်းဖြစ်သည်၊ ယင်းသည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ နိုင်ငံတော်ကို ကြိုတင်မြည်းစမ်းခြင်းဖြစ်သည်၊ မည်သည့်လူပုဂ္ဂိုလ်ကမျှ ဖွဲ့စည်းထားသော အဖွဲ့အစည်းမဟုတ်၊ မည်သည့်လူတစ်ဦးတစ်ယောက်ကမျှ တည်ထောင်ထားခြင်း မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင်က အသင်းတော်ကို တည်ထောင်၍ လုပ်ဆောင်စေသည့်အလုပ်မှာ အဘယ်နည်း။ ယင်းမှာ လူမှုရေးကို ဆန့်ကျင်သော၊ ဘာသာရေးကို ဆန့်ကျင်သော သို့မဟုတ် နိုင်ငံရေးကို ဆန့်ကျင်သော အလုပ်တွင် ပါဝင်ဆောင်ရွက်ရန် မဟုတ်ပေ။ သို့ဆိုလျှင် အသင်းတော်၏အလုပ်မှာ အဘယ်နည်း။ ပထမဦးစွာ ယင်း၏ အဓိကအလုပ်မှာ နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော သတင်းကောင်းကို လူသားမျိုးနွယ်ထံ ဖြန့်ဝေရန်ဖြစ်ပြီး လူသားမျိုးနွယ်က ဘုရားသခင်ထံ လှည့်ပြန်လာပြီး ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်နိုင်ကြစေရန်အလို့ငှာ ဘုရားသခင် ဖော်ပြသော သမ္မာတရားအားလုံးကို လက်ခံစေဖို့ ဖြစ်သည်။ ဒုတိယအချက်မှာ ယင်းတွင် သမ္မာတရားကို တောင့်တသောသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန်နှင့် သန့်စင်ခြင်းခံရရန်၊ နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိရန် ဘုရားသခင်ရှေ့မှောက်သို့ ဆောင်ကြဉ်းခြင်း ပါဝင်သည်။ ဤသည်မှာ ဘုရားသခင် တည်ထောင်ထားသည့် အသင်းတော်က လုပ်ဆောင်သောအလုပ်ဖြစ်ပြီး ယင်းသည် အသင်းတော် တည်ရှိခြင်း၏ အရေးပါမှုနှင့် တန်ဖိုးဖြစ်သည်။ ဤသည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ စက်မှုလုပ်ငန်း၊ နည်းပညာ သို့မဟုတ် လူ့အဖွဲ့အစည်း၏ အခြားမည်သည့်ကဏ္ဍနှင့်မျှ မသက်ဆိုင်သည့်အပြင် ဆက်စပ်မှုလည်းမရှိပေ၊ ဤအရာများနှင့် လုံးဝမပတ်သက်ပေ။ သို့ဆိုလျှင် အသင်းတော်အတွင်း၌ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်၏ အနှစ်သာရမှာ အဘယ်နည်း။ အရိုးရှင်းဆုံးနှင့် အပြတ်သားဆုံးသော စကားလုံးများဖြင့် ဆိုရလျှင် ယင်းမှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်သည်။ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ တိကျသောအကြောင်းအရာတွင် လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဆောင်ကြဉ်းခြင်း၊ သန့်စင်ခြင်းခံရရန်နှင့် ကယ်တင်ခြင်းကို ရရှိရန် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ၎င်းတို့အား လက်ခံစေခြင်းတို့ ပါဝင်သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ တိကျသောအလုပ် ဖြစ်သည်။ အသင်းတော်က ပါဝင်ဆောင်ရွက်သော မည်သည့်အလုပ်မဆိုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ဘုရားသခင်၏ အစီအစဉ်တို့နှင့် သက်ဆိုင်ပြီး ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များနှင့်လည်း သက်ဆိုင်သည်မှာ ပြောစရာမလိုပေ၊ ယင်းသည် လောကီလူတို့ လုပ်ဆောင်သော အမျိုးမျိုးသောအလုပ်များနှင့် မည်သို့မျှ ဆက်စပ်မှုမရှိပေ။ သို့ဖြစ်၍ အသင်းတော်နှင့်ပတ်သက်သော မည်သည့်သတင်းအချက်အလက်မဆိုသည် ယင်း၏ သွန်သင်ချက်များ၊ လူပုဂ္ဂိုလ်ဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံများ၊ ယင်းအလုပ်၏ အခြေအနေ သို့မဟုတ် အသင်းတော်၏ ဘဏ္ဍာရေးအခြေအနေနှင့်ပင် သက်ဆိုင်သည်ဖြစ်စေ မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာတရား သို့မဟုတ် မည်သည့်လူအုပ်စုနှင့်မျှ လုံးဝဆက်စပ်မှုမရှိပေ၊ စိုးစဉ်းမျှပင် ဆက်စပ်မှုမရှိပေ။ သို့ဖြစ်၍ ဤအချက်များကို စိတ်ထဲတွင် ထားရှိလျက် အာဏာရပါတီဖြစ်စေ၊ ဘာသာရေးအုပ်စုများဖြစ်စေ သို့မဟုတ် လူမှုရေးအုပ်စုများဖြစ်စေ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရန် လူများကို စေလွှတ်သည့် ၎င်းတို့၏လုပ်ရပ်သည် လုံးလုံးလျားလျား မည်သည့်အရာနှင့် ညီမျှသနည်း။ (မလိုအပ်သော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။) “မလိုအပ်သော လုပ်ရပ်တစ်ခု” သည် သမားရိုးကျ အသုံးအနှုန်းတစ်ခု ဖြစ်သည်။ သာမန်ပြောရိုးစကားမှာ အဘယ်နည်း။ ယင်းမှာ အလုပ်မရှိ အလုပ်ရှာခြင်း ဖြစ်သည်၊ ဟုတ်သလော။ ငါ၏အမြင်တွင် ယင်းမှာ အလုပ်မရှိ အလုပ်ရှာခြင်းပင် ဖြစ်သည်၊ ၎င်းတို့၏ နေ့ရက်များသည် သက်သောင့်သက်သာရှိမှုနှင့် လွယ်ကူမှုတို့ဖြင့် အလွန်အကျွံ ပြည့်နှက်နေသောကြောင့် ၎င်းတို့သည် ဤလတ်လျားလတ်လျားအချိန်ဖြုန်းနေသော လူအနည်းငယ်ကို အသင်းတော်အား စောင့်ကြည့်စစ်ဆေးရန် စေလွှတ်ကြပြီး ဤအရာကို နိုင်ငံရေးတာဝန်တစ်ခုအဖြစ်၊ အလေးအနက်ထားရမည့် အလုပ်တစ်ခုအဖြစ်ပင် သဘောထားကြသည်၊ ယင်းမှာ လုံးဝ အဓိပ္ပာယ်မရှိပေ။ ထိုအားထုတ်မှုဖြင့် ပညာရေးဆိုင်ရာ သို့မဟုတ် ပရဟိတအဖွဲ့အစည်းများကို ဖွင့်လှစ်ခြင်းက များစွာ ပို၍ကောင်းပေမည်။ ဤသည်မှာ လုပ်သင့်လုပ်ထိုက်သော အလုပ်များအပေါ် အာရုံမစိုက်ဘဲ လတ်လျားလတ်လျားအချိန်ဖြုန်းခြင်းသို့ ဦးတည်စေသည့် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှု အလွန်အကျွံရှိခြင်း၏ သာဓကတစ်ခုမျှသာ ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသာ ဘုရားသခင်၏ အသင်းတော်ကဲ့သို့ ဘုရားသခင် ကိုယ်တိုင် ထိန်းကျောင်းခြင်းနှင့် ဦးဆောင်ခြင်းကို ခံရမည်ဆိုလျှင် ဤလောက၊ ဤလူသားမျိုးနွယ်သည် မလိုအပ်သော အဖွဲ့အစည်းများ၊ အသုံးစရိတ်များနှင့် ဒုက္ခများစွာကို သက်သာစေမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သူလျှိုအဖွဲ့အစည်းများနှင့် ရဲဌာနများကဲ့သို့သော အဖွဲ့အစည်းများ၊ ဤလုံခြုံရေးကဏ္ဍများသည် အသုံးဝင်တော့မည်မဟုတ်ဘဲ ဖျက်သိမ်းခြင်းခံရပြီး အခြားအလုပ်များသို့ ပြောင်းလဲတာဝန်ချထားခြင်း ခံရပေမည်။

အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသော လူပုဂ္ဂိုလ်များသည် အထူးတာဝန်တစ်ခုဖြင့် လာကြခြင်းဖြစ်သည်။ အသင်းတော်ထဲသို့ ခိုးဝင်လာပြီးနောက် ၎င်းတို့၏ အဓိကတာဝန်မှာ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးသော ဤကဏ္ဍအနည်းငယ်ပင် ဖြစ်သည်၊ အသင်းတော်အတွင်းရှိ အခြေခံကျပြီး အရေးကြီးသော အခြေအနေအနည်းငယ်ကို ၎င်းတို့ သိရှိနားလည်ပြီးနောက် မိမိတို့၏ အထက်လူကြီးများထံ ပြန်လည်သတင်းပို့ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များ၊ ထင်မြင်ယူဆချက်များ သို့မဟုတ် ၎င်းတို့၏အလုပ်နောက်ကွယ်မှ ရည်ရွယ်ချက်တို့ မည်သို့ပင်ဖြစ်စေ အသင်းတော်အတွင်း ဤစောင့်ကြည့်စစ်ဆေးသူများ ရှိနေခြင်းသည် ညီအစ်ကိုမောင်နှမများကို သတိဝီရိယရှိစေပြီး ၎င်းတို့ကို ဉာဏ်ပညာဖြင့် ကိုင်တွယ်စေရန် စေ့ဆော်သင့်သည်။ ဤလုပ်နည်းကိုင်နည်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) သို့ဆိုလျှင် အလွန်အကျွံ ထိတ်လန့်ကြောက်ရွံ့ရန် လိုအပ်သလော။ (မလိုအပ်ပါ။) ထိုသို့သော လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာခြင်းကို ငါတို့ မည်သို့ ကိုင်တွယ်သင့်သနည်း။ စည်းမျဉ်းနှစ်ခုရှိသည်၊ အလွန်ရိုးရှင်းပါသည်။ ၎င်းတို့သည် သတင်းအချက်အလက်များကို စုံစမ်းမေးမြန်းပြီး ရှာဖွေလျက် နေရာအနှံ့သွားလာနေပါက ဤအချက်က ၎င်းတို့ကို သူလျှို သို့မဟုတ် ကင်းထောက်တစ်ဦးဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် လူ့သဘာဝအားဖြင့် အလွန်ယုတ်မာပြီး မောက်မာကြသည်၊ ၎င်းတို့သည် အသင်းတော်ကို ကြီးမားသော အနှောင့်အယှက်များ ဖြစ်စေသည်။ ၎င်းတို့ ရှိနေခြင်းကပင် လူတို့ကြားတွင် မငြိမ်မသက်မှုကို ဖြစ်စေပြီး ဘုရားသခင်ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို ဟန့်တားသည်။ စုဝေးပွဲများနှင့် တာဝန်များကို ထမ်းဆောင်ခြင်းတို့သည်လည်း နှောင့်ယှက်ခြင်းနှင့် ထိခိုက်မှုခံရသည့်အပြင် လုံခြုံရေးသည်လည်း ထိပါးခံရသည်။ ထိုသို့သောလူကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (သူ့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်ပါသည်။) မှန်ပေသည်၊ ၎င်းတို့သည် အသင်းတော်အသက်တာ သို့မဟုတ် အသင်းတော်၏အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေပါက ၎င်းတို့ကို တိုက်ရိုက် ဖယ်ရှားပစ်သင့်သည်။ သို့ဆိုလျှင် ၎င်းတို့ထံမှ ပုန်းရှောင်ရန် သို့မဟုတ် ၎င်းတို့ကို ကြောက်ရွံ့ရန် လိုအပ်သလော။ (မလိုအပ်ပါ။) အချို့လူများသည် နိုင်ငံရပ်ခြားတွင် သူလျှိုများနှင့် ကြုံတွေ့ရသည့်အခါ ပြည်မကြီးတွင် ရဲကို မြင်တွေ့ခဲ့ရသကဲ့သို့ပင် ထိတ်လန့်ပြီး နေရာအနှံ့ ပုန်းရှောင်ကြသည်။ အချို့ညီအစ်ကိုမောင်နှမများသည် အပြင်သို့ အရေးကိစ္စများဖြင့် သွားသောအခါ ၎င်းတို့အား မေးခွန်းများ မေးမြန်းသည့် သူလျှိုများနှင့် ကြုံတွေ့ရပြီး မေးမြန်းသည့်လေသံသည် ရဲက စစ်ဆေးမေးမြန်းသည့် လေသံနှင့်တူပြီး မည်မျှကြောက်စိတ်သွင်းပေးပုံကို ကြားရသောအခါ အလွန်ကြောက်လန့်သွားကြပြီး အရေးကိစ္စများကိုပင် မပြီးမြောက်စေဘဲ ထွက်ပြေးကြသည်။ ငါက “သင်သည် အဘယ်သို့ ဤမျှ သူကြောက်တစ်ဦး ဖြစ်နိုင်ရသနည်း။ အဘယ်ကြောင့် ပြေးရသနည်း။ ကြောက်ရွံ့စရာ အဘယ်အရာရှိသနည်း။ အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်တွင် ညီအစ်ကိုမောင်နှမများစွာတို့သည် ဖမ်းဆီးခြင်းခံခဲ့ရသော်လည်း မကြောက်မရွံ့ ရှိနေခဲ့ကြသည်၊ ၎င်းတို့သည် ယုဒများ ဖြစ်မသွားခဲ့ကြဘဲ မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့ကြသည်။ သို့ဆိုလျှင် နိုင်ငံရပ်ခြားသို့ ရောက်ရှိပြီးနောက် သင်သည် အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေနိုင်သေးသနည်း။ သင်သည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပါ၊ ကြောက်ရွံ့စရာ အဘယ်အရာရှိသနည်း” ဟု ပြောဆိုသည်။ အချို့လူများက “၎င်းတို့သည် ကျွန်ုပ်ထံ အစဉ် ချဉ်းကပ်ရန် ကြိုးစားကြပြီး ကျွန်ုပ်ကို အစဉ် စစ်ဆေးမေးမြန်းကြသည်” ဟု ပြောဆိုကြသည်။ သင်သည် ၎င်းတို့ကို ပြန်၍ မေးခွန်းမထုတ်နိုင်သလော။ သင်က “သင်သည် ကျွန်ုပ်ကို စစ်မေးရန် မည်သည့်အခွင့်အရေး ရှိသနည်း။ ကျွန်ုပ်သည် သင့်ကို သိပါသလော။ သင်သည် မှတ်ပုံတင်စစ်ဆေးနေသော အဆင်းနီသော နဂါးကြီး၏ အရာရှိတစ်ဦးလော။ သင်သည် မည်သူ့ကို ကိုယ်စားပြုသနည်း။ ကျွန်ုပ်ကို ဆက်၍မေးနေပါက သင့်ကို ကျွန်ုပ် တရားစွဲမည်” ဟု ပြောဆိုနိုင်သည်။ ၎င်းတို့ကို ကြောက်ရွံ့ရန် လိုအပ်သလော။ (မလိုအပ်ပါ။) အချို့လူများသည် ထိုသို့သော သူလျှိုများနှင့် ကြုံတွေ့ရသည့်အခါ စကားမပြောရဲဘဲ ကြောက်လန့်တကြားဖြင့် လျင်မြန်စွာ ထွက်ပြေးကြသည်။ အချို့သော နားဝေတိမ်တောင် ဖြစ်သောလူများသည် လုံးဝ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ ဤစာတန်ဆန်သော သူလျှိုများနှင့် ခိုင်းဖတ်များကို ဧဝံဂေလိတရားဟောရန်ပင် ကြိုးစားကြသည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ၎င်းတို့က “ဤသူသည် ဘုရားသခင် တည်ရှိသည်ကို ယုံကြည်သောသူတစ်ဦး မဟုတ်။ အဘယ်ကြောင့် သူတို့သည် အဆင်းနီသော နဂါးကြီး၏ အရာရှိတစ်ဦးနှင့် တူနေရသနည်း” ဟု သိရှိနားလည်သွားကြသည်။ တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားရသောအခါ ၎င်းတို့သည် လက်လျှော့လိုက်ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ်ကို ကာကွယ်တော်မူနေပါသည်၊ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် မည်သည့်ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ ၎င်းတို့ထံ မပေါက်ကြားစေခဲ့မိပါ။ စိုးရိမ်စရာ မဟုတ်ခဲ့ပါတကား” ဟု ပြန်လည်စဉ်းစားကြသည်။ ၎င်းတို့သည် အလွန်ကြောက်လန့်သွားကြပြီး နောင်တွင် တွေ့ဆုံသည့် မည်သူ့ကိုမဆို ကြုံရာကျပန်း ဧဝံဂေလိတရားဟောရန် မရဲတော့ပေ။ အမှန်တွင် တရားဟောခြင်းမှတစ်ဆင့် အသင်းတော်ထဲသို့ ခေါ်ဆောင်လာခဲ့သော သူလျှိုများ အမှန်တကယ် ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီးက အသင်းတော်ထဲသို့ ထည့်သွင်းထားသော ကင်းထောက်များ ဖြစ်ကြသည်၊ ၎င်းတို့ကို စာတန်က တမင်တကာ စီစဉ်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် သိုးရေခြုံထားသော ဝံပုလွေများကဲ့သို့ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ အသင်းတော်ထဲသို့ ခိုးဝင်လာကြကာ အသင်းတော်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို အစဉ်အမြဲ ချောင်းမြောင်းစုံစမ်းပြီး ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက်များကို စူးစမ်းကြသည်။ ၎င်းတို့၏ အပြုအမူသည် သံသယဖြစ်ဖွယ် ကောင်းကြောင်း သို့မဟုတ် ၎င်းတို့သည် အသင်းတော်အတွင်း အနှောင့်အယှက်များ ဖြစ်စေပြီးဖြစ်ကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ဖယ်ရှားသင့်သည်၊ အဆင်းနီသော နဂါးကြီး၏ ကင်းထောက်များ၊ စာတန်၏ အစေခံများကို အသင်းတော်အား နှောင့်ယှက်ရန် လုံးဝ ခွင့်မပြုသင့်ပေ။ သင်တွေ့ရှိသော တစ်ဦးစီတိုင်းကို ရှင်းလင်းပစ်လော့၊ ၎င်းတို့အား မည်သည့်သက်ညှာမှုမျှ မပြနှင့်။ တစ်စုံတစ်ဦးသည် သူလျှိုတစ်ဦးနှင့် ကောင်းမွန်စွာ ဆက်ဆံပြီး မေးသမျှမေးခွန်းများကို ဖြေကြားလျက် ချစ်ခြင်းမေတ္တာစိတ်ဖြင့် သူလျှိုကို ကြင်နာစွာ ဆက်ဆံလိုစိတ် အစဉ်ရှိကာ သူလျှိုအတွက် ခိုင်းဖတ်တစ်ဦး၏ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါက ထိုသို့သော စက်ဆုပ်ဖွယ်လူကို တိုက်ရိုက် နှင်ထုတ်ရမည်။ သံသယဖြစ်ဖွယ်ရှိသော လူပုဂ္ဂိုလ်များကို အနီးကပ် စောင့်ကြည့်လေ့လာသင့်သည်၊ အသင်းတော်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက် တစ်ခုမျှ ၎င်းတို့အား မထုတ်ဖော်သင့်ပေ၊ အထူးသဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ မည်သူဖြစ်သည်ကို မထုတ်ဖော်သင့်ပေ။ သူလျှိုတစ်ဦးအား မည်သည့်သတင်းအချက်အလက်ကိုမဆို ရရှိခွင့်ပြုလိုက်ပါက ယင်းသည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများထံသို့ မည်သည့်အချိန်တွင်မဆို ပုန်းကွယ်နေသော ခြိမ်းခြောက်မှု သို့မဟုတ် ဘေးအန္တရာယ်ကို ဆောင်ကြဉ်းပေးနိုင်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးသည် သံသယဖြစ်ဖွယ်ကောင်းကြောင်း တွေ့ရှိသည့်အခါ ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ စားသောက်ခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း မရှိနေသမျှကာလပတ်လုံး ၎င်းသည် ဧကန်မုချ မယုံကြည်သူတစ်ဦးဖြစ်ပြီး ၎င်းကို ချက်ချင်း ရှင်းလင်းပစ်ခြင်းသည် မှန်ကန်ပေသည်။ ထိုသို့သောလူသည် သူလျှိုတစ်ဦး မဟုတ်လျှင်ပင် သူသည် လူကောင်းတစ်ဦး မဟုတ်ပေ၊ ၎င်းကို ရှင်းလင်းပစ်ခြင်းသည် မည်သို့မျှ မတရားသောအမှု မဟုတ်ပေ။ တစ်စုံတစ်ဦးသည် သူလျှိုတစ်ဦးနှင့် ရင်းနှီးစွာ ပေါင်းသင်းပြီး အသင်းတော်ကို သစ္စာဖောက်နိုင်စွမ်းရှိကြောင်း တွေ့ရှိပါက မည်သည့်အခြေအနေတွင်မဆို ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်မာသောလူသည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများထံ ဘေးအန္တရာယ်ကိုသာ ဆောင်ကြဉ်းပေးနိုင်သည်။ ၎င်းတို့သည် အိမ်စောင့်ခွေးများထက်ပင် ဆိုးရွားသည်၊ ၎င်းတို့သည် ဒုစရိုက်အမှုများကို မကျူးလွန်လျှင်ပင် ရှင်းလင်းပစ်ရမည်သာ ဖြစ်သည်။ ယခုအခါ အဆင်းနီသော နဂါးကြီးသည် ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ၎င်းတို့သည် မိမိတို့၏ ရှုံးနိမ့်မှုနှင့် ပျက်စီးခြင်းကို လက်ခံရန် မလိုလားကြပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဆက်လက်ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေကြဆဲ ဖြစ်သည့်အပြင် ဘုရားအိမ်တော်အတွင်းသို့ ခိုးဝင်ရန် သူလျှိုလုပ်ငန်းများကို လုပ်ဆောင်နေကြဆဲဖြစ်သည်။ အသင်းတော်၏အလုပ်ကို ၎င်းတို့၏ နှောင့်ယှက်ခြင်းနှင့် ဖျက်လိုဖျက်ဆီးလုပ်ခြင်းသည် မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ ယခုအခါ အချို့သော သိသာထင်ရှားစွာ သံသယဖြစ်ဖွယ်ရှိသော လူပုဂ္ဂိုလ်များသည် ဖော်ထုတ်ခြင်းခံခဲ့ရပြီးဖြစ်သည်။ ၎င်းတို့၏ သတင်းအချက်အလက်များ စုဆောင်းရန် ကြိုးပမ်းမှုများသည် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပြီး အခြားသူများက ၎င်းတို့ကို အလွယ်တကူ ထွင်းဖောက်မြင်နိုင်စေခဲ့သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖော်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် အသင်းတော်က ၎င်းတို့ကို ရှင်းလင်းပစ်လေသည်။ သို့သော် စဉ်းလဲကောက်ကျစ်သော သူလျှိုအားလုံးသည် ဖော်ထုတ်ခြင်း ခံခဲ့ရပြီးပြီလော။ မဖြစ်နိုင်ပေ။ နေရာတိုင်းရှိ အသင်းတော်များသည် အဆင်းနီသော နဂါးကြီး၏ သူလျှိုများ ခိုးဝင်ခြင်းကို ခံရနိုင်ချေရှိသည်။ အချို့သော လူပုဂ္ဂိုလ်များသည် အဆင်းနီသော နဂါးကြီးက ဖမ်းဆီးပြီးနောက် စာတန်၏ ခြိမ်းခြောက်မှုများ၊ သွေးဆောင်မှုများနှင့် အခြားနည်းလမ်း အမျိုးမျိုးမှတစ်ဆင့် ၎င်းတို့ကိုယ်စား ဆောင်ရွက်ရန်နှင့် ထို့နောက် အသင်းတော်ထဲသို့ ခိုးဝင်ရန် အတင်းအကျပ်ခိုင်းစေခြင်းကို ခံရသည်။ ဤသည်တို့မှာ ပုန်းကွယ်နေသော သူလျှိုများ ဖြစ်ကြသည်။ ထိုသို့သော ကင်းထောက်များသည် သစ္စာမဲ့ပြီး စဉ်းလဲကြသည်၊ အချို့သော ပါးနပ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ကြသည်။ ဘာသာတရားမရှိသူများ၏ စကားဖြင့်ဆိုရလျှင် ၎င်းတို့တွင် အစွမ်းအစအချို့ ရှိသည်။ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ အပြန်အလှန်ဆက်ဆံမှုများတွင် မိမိတို့၏ စစ်မှန်သော ရည်ရွယ်ချက်များကို မည်သည့်အခါမျှ မထုတ်ဖော်ဘဲ မသိမသာ၊ တိတ်တဆိတ်နှင့် လျှို့ဝှက်စွာ ပြုမူဆောင်ရွက်ကြသည်။ လူအများစုသည် ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံသည့်အခါ မည်သည့်အရာကိုမျှ မခံစားမိကြပေ၊ ၎င်းတို့သည် ထိုသူလျှိုက သတင်းအချက်အလက်များ စုဆောင်းနေသည်ကို သတိမထားမိကြသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ထိုသူလျှို၏ စက်ဆုပ်ရွံရှာမှုကိုလည်း မခံစားမိကြပေ။ အသင်းတော်ကို ၎င်း စောင့်ကြည့်စစ်ဆေးရန် ထိုနေရာသို့ ရောက်ရှိနေသည်ကိုပင် လူအများစု မသိရှိမီတွင် ထိုသူလျှိုသည် အသင်းတော်၏ အခြေခံအခြေအနေကို သိရှိနားလည်ပြီးဖြစ်ကောင်း ဖြစ်ပေမည်။ အပြင်ပန်းအားဖြင့် ထိုသို့သော လူပုဂ္ဂိုလ်များသည် အသင်းတော်ကို သို့မဟုတ် လူအများစုကို မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေပေ၊ သို့ဆိုလျှင် ၎င်းတို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ငါတို့သည် အသင်းတော်အပေါ် ၎င်းတို့၏ စောင့်ကြည့်စစ်ဆေးမှုကို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်ဆောင်ရွက်ချက်များ သို့မဟုတ် ဖြေရှင်းနည်းများကိုမဆို လုပ်ဆောင်သင့်သလော။ အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အသင်းတော်သည် မည်သည့်ကဏ္ဍတွင်မဆို ၎င်းတို့၏ စောင့်ကြည့်စစ်ဆေးမှုကို ကြောက်ရွံ့သလော။ (မကြောက်ရွံ့ပါ။) ငါတို့၏ အသင်းတော် တည်ရှိခြင်းနှင့် ယင်းပါဝင်ဆောင်ရွက်သော အမျိုးမျိုးသော အလုပ်ကဏ္ဍများသည် ပွင့်လင်းမြင်သာပြီး မှန်ကန်ဖြောင့်မတ်သည်၊ ဤအလုပ်ကဏ္ဍများသည် လူသားမျိုးနွယ်ကြားတွင် တရားအမျှတဆုံးသော အမှုကိစ္စများ ဖြစ်ကြသည်။ မည်သည့်အဖွဲ့အစည်းမဆို အသင်းတော်၏ မည်သည့်ကဏ္ဍကိုမဆို နားလည်လိုပါက အသင်းတော်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို အွန်လိုင်းတွင် လူသိရှင်ကြား ထုတ်လွှင့်ထားသည်၊ လူတိုင်းသည် ၎င်းတို့ကို မိမိတို့အလိုရှိသလို ကြည့်ရှုနိုင်သည်။ လျှို့ဝှက်ချက်များမရှိ၊ တရားမဝင်သော လှုပ်ရှားမှုများမရှိသည့်အပြင် လူမှုရေးဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခြင်းများ သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်သော အပြောအဆို သို့မဟုတ် လုပ်ရပ်များလည်း သေချာပေါက် မရှိပေ။ သို့ဖြစ်၍ အကယ်၍ ၎င်းတို့သည် အသင်းတော်၏ အခြေအနေကို လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးပြီး စောင့်ကြည့်စစ်ဆေးပါက ၎င်းတို့ကို လွှတ်ပေးလော့။ ငါအဘယ်ကြောင့် ဤသို့ပြောရသနည်း။ သူလျှိုများအဖြစ် လုပ်ဆောင်နေသော ဤလူပုဂ္ဂိုလ်များသည် အတတ်ပညာဆိုင်ရာ စံနှုန်းတစ်ခုကို ပိုင်ဆိုင်ကြပြီး သာမန်လူများသည် ၎င်းတို့ နောက်ကွယ်တွင် လုပ်ဆောင်နေသော တာဝန်များမှာ အတိအကျ မည်သည့်အရာဖြစ်သည်ကို မသိရှိနိုင်ပေ။ သို့ဖြစ်၍ ၎င်းတို့ အနှောင့်အယှက်များ မဖြစ်စေသမျှ ကာလပတ်လုံး ၎င်းတို့နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက် အဖြစ်ခံရန် မလိုအပ်ပေ၊ ၎င်းတို့ကို လွှတ်ထားလိုက်ရုံသာ ဖြစ်သည်။ ထို့အပြင် ဤမယုံကြည်သူများ၊ ဘုရားမဲ့ဝါဒီများနှင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သော လူပုဂ္ဂိုလ်များသည် အသင်းတော်အသက်တာကို အကျွမ်းတဝင်မရှိသည့်အပြင် စိတ်ဝင်စားခြင်းလည်း မရှိကြပေ။ နေ့စဉ်နေ့တိုင်း လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံကြကာ မိမိကိုယ်ကိုသိခြင်း၊ ဘုရားသခင်ကိုသိခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းတို့ကို ဆွေးနွေးကြသည့် အသင်းတော်၌ ၎င်းတို့သည် ဆူးပုံပေါ်ထိုင်ရသလို သို့မဟုတ် ညှဉ်းပန်းခြင်းကို ခံနေရသကဲ့သို့ မည်သို့ မခံစားရဘဲ နေနိုင်မည်နည်း။ စုဝေးပွဲတိုင်းတွင် ၎င်းတို့သည် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ဂနာမငြိမ် ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်၌ မဖြစ်မနေ ဆက်၍နေရန် မလိုလားမှုကို ခံစားကြရသည်။ အသင်းတော်သည် အသင်းတော်တစ်ခုမျှသာဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခု လုံးဝမဟုတ်ကြောင်းကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် နားလည်ကြသည်။ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးပြီး လေ့လာခြင်းအားဖြင့်နှင့် အသင်းတော်က အတိအကျ မည်သည့်အရာကို လုပ်ဆောင်သည်ကို သိရှိလာခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့်အချက်နှင့်ပတ်သက်၍ သိမြင်လာပြီး ဤမျှ အသိဉာဏ်မဲ့စွာ မနေထိုင်ရန် မိမိတို့၏ အမြင်ကို ကျယ်ပြန့်စေသည်။ ၎င်းတို့သည်လည်း ဖန်ဆင်းခံများ ဖြစ်ကြသည့်တိုင် လူကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ကိုပင် ၎င်းတို့မသိကြပေ၊ ဤအချက်က ၎င်းတို့သည် မည်မျှ မိုက်မဲပြီး သေးနုပ်ကြောင်းကို ပြသနေသည်။ ၎င်းတို့ကို အသင်းတော်၌ နေခွင့်ပြုခြင်းတွင် အန္တရာယ်တစ်ခုခု ရှိသလော။ ၎င်းတို့သည် အသင်းတော်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မည်သည့်ခြိမ်းခြောက်မှု သို့မဟုတ် အနှောင့်အယှက်မျှ မဖြစ်စေပါက ၎င်းတို့ကို လွှတ်ထားလိုက်လော့။ အနှောင့်အယှက်ဖြစ်စေသော တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် ယင်းသည် ၎င်းတို့၏ ဖော်ထုတ်ခံရသည့်အချိန်ဖြစ်ပြီး ၎င်းတို့ကို ကိုင်တွယ်ရန် အချိန်အခါကောင်းပင် ဖြစ်သည်။ အချက်အလက်များနှင့် သက်သေအထောက်အထားများအရ ၎င်းတို့ကို ချက်ချင်း ပိုင်းခြားသိမြင်ပြီး စရိုက်လက္ခဏာကို သရုပ်ဖော်လော့၊ ၎င်းတို့၏ အထူးတာဝန်သည် အဆုံးသတ်သွားပြီး အသင်းတော်က ၎င်းတို့ကို သဘာဝကျကျ နှင်ထုတ်ပေမည်။ ဤချဉ်းကပ်နည်းသည် ကောင်းသလော။ (ဟုတ်ပါသည်။) အချို့လူများက “အသင်းတော်၏အလုပ်သည် ပွင့်လင်းမြင်သာပြီး မှန်ကန်ဖြောင့်မတ်သည် မဟုတ်လော။ လူတို့၏ စောင့်ကြည့်စစ်ဆေးမှုကို အဘယ်ကြောင့် ကန့်သတ်ရသနည်း” ဟု မေးကြသည်။ ဤသည်မှာ အဓိကအားဖြင့် အဆင်းနီသော နဂါးကြီး၊ စာတန်၏ အစိုးရစနစ်ကို ရည်ရွယ်ခြင်းဖြစ်သည်။ အသင်းတော်ကို ၎င်း၏ စောင့်ကြည့်စစ်ဆေးခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို နှိပ်ကွပ်ရန်၊ ဖမ်းဆီးရန်နှင့် ထိခိုက်နစ်နာစေရန် ရည်ရွယ်သည်၊ သို့ဖြစ်၍ ဘုရားအိမ်တော်သည် ဘုရားသခင် ရွေးချယ်ထားသောလူများ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ခံရခြင်းမှ ကာကွယ်ရန်အလို့ငှာ ၎င်း၏ စောင့်ကြည့်စစ်ဆေးမှုကို ခွင့်မပြုခြင်းဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများမှ လူပုဂ္ဂိုလ်များ သို့မဟုတ် ဘာသာရေးအုပ်စုများသည် မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးရန် လာရောက်ပါက ၎င်းတို့သည် အွန်လိုင်းတွင် ရှာဖွေကြည့်ရှုနိုင်သည် သို့မဟုတ် အသင်းတော်ကို ဆက်သွယ်နိုင်သည်။ အသင်းတော်သည် သမ္မာတရားကို စိတ်ရင်းမှန်ဖြင့် ရှာဖွေသော မည်သူ့ကိုမဆို လက်ခံသည်။ သို့သော် တစ်ဖက်လူက မကောင်းသော ရည်ရွယ်ချက်များကို သိုထားပြီး အမှားနှင့်အမှန်ကို လွဲချော်စေရန်နှင့် အသင်းတော်ကို အသရေဖျက်ရန် ကြိုးပမ်းပါက ဘုရားအိမ်တော်သည် ၎င်းတို့၏ စောင့်ကြည့်စစ်ဆေးမှုကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့၏ စောင့်ကြည့်စစ်ဆေးမှုကို ခွင့်ပြုခြင်းသည် အလွန်မိုက်မဲရာ ကျမည်မဟုတ်လော။ ယင်းသည် မိုက်မဲပြီး အသိဉာဏ်မဲ့ရာ ကျမည်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်သည် သမ္မာတရားကို ရှာဖွေသောသူတို့ကို အစဉ်အမြဲ ကြိုဆိုခဲ့ပြီး ၎င်းတို့ကို နွေးထွေးစွာ လက်ခံသည်၊ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝကိုက်ညီသည်။ လူတို့သည် ဤအချက်ကို နားမလည်ပါက ယင်းမှာ ၎င်းတို့၏ မိုက်မဲခြင်းနှင့် အသိဉာဏ်မဲ့ခြင်းကြောင့် ဖြစ်သည်။ အသင်းတော်၏ ပြင်ပမူဝါဒသည် ပွင့်လင်းမြင်သာပြီး မှန်ကန်ဖြောင့်မတ်သည်၊ သမ္မာတရား စည်းမျဉ်းများနှင့် အပြည့်အဝ ကိုက်ညီသည့်အပြင် အသိဉာဏ်၊ ဉာဏ်ပညာတို့နှင့် ပြည့်စုံသည်။ တစ်စုံတစ်ဦးသည် ဤအပြုသဘောဆောင်သော အရာများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိပါက ၎င်းသည် အဓိပ္ပာယ်မရှိသောသူ၊ နားဝေတိမ်တောင် ဖြစ်သောသူတစ်ဦး ဖြစ်သည်။ အချို့လူများက “ကင်းထောက်များ သို့မဟုတ် စာတန်၏ အစေခံများသည် အသင်းတော်အကြောင်း လေ့လာရန် လာရောက်ပါက ကျွန်ုပ်တို့သည် ရိုးသားသောလူများဖြစ်သင့်ပြီး ၎င်းတို့၏မေးခွန်းများကို အမှန်အတိုင်း ဖြေကြားသင့်သလော” ဟု ပြောဆိုကြသည်။ နတ်ဆိုးများနှင့် စာတန်များကို အမှန်တရားကို ပြောဆိုခြင်းသည် မိုက်မဲခြင်းဖြစ်သည်၊ ဤသည်မှာ လူတစ်ဦးကို ရိုးသားသောသူ ဖြစ်စေခြင်းမဟုတ်ဘဲ စာတန်၏ ခိုင်းဖတ်တစ်ဦးအဖြစ်သို့ ပြောင်းလဲစေသည်။ စာတန်၏အမျိုးအနွယ်က အသင်းတော်၏ အခြေအနေများကို လေ့လာပြီး သိရှိနားလည်လိုသည့်အခါ ဘုရားသခင် ရွေးချယ်ထားသောလူများတွင် ၎င်းတို့အား ပြောပြရန် တာဝန်မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်ဘဲ စေတနာကောင်းလည်း မရှိကြပေ၊ သို့ဖြစ်၍ ငါတို့သည် ၎င်းတို့အား ပြောစရာအကြောင်းမရှိပေ။ ဤသို့ပြုလုပ်ခြင်းသည် တဇောက်ကန်းဖြစ်ခြင်းမဟုတ်ဘဲ ဉာဏ်ပညာရှိခြင်း ဖြစ်သည်။ အချို့လူများက “သူတို့က ကျွန်ုပ်အား ‘သင်တို့အသင်းတော်ကို မည်သူဦးဆောင်သနည်း။ သူတို့ ယုံကြည်သည်မှာ နှစ်မည်မျှရှိပြီနည်း’ ဟု မေးပါက ကျွန်ုပ် သူတို့ကို ပြောပြနိုင်သလော” ဟု မေးကြသည်။ သင်သည် ၎င်းတို့ကို “ကျွန်ုပ်တို့၏ ခေါင်းဆောင်အကြောင်း သိရှိခြင်း၌ သင်၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကျွန်ုပ်ကို ဦးစွာပြောပြပါ၊ ကျွန်ုပ် စဉ်းစားပြီးနောက် သင့်အား အသိပေးသင့် မပေးသင့်ကို ဆုံးဖြတ်မည်” ဟု မေးသင့်သည်။ ဤအဖြေသည် ဉာဏ်ပညာရှိသလော။ (ရှိပါသည်။) ဤသည်ကို စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်းဟု ခေါ်သည်။ သင်နားလည်ပြီလော။ ဧဝံဂေလိအလုပ် ပျံ့နှံ့လာသည်နှင့်အမျှ အသင်းတော်ရှိ လူဦးရေ တဖြည်းဖြည်း တိုးပွားလာသည်နှင့်အမျှ ကင်းထောက်များနှင့် သူလျှိုများသည် အမျိုးမျိုးသော နိုင်ငံများနှင့် ဒေသများရှိ အသင်းတော်များတွင် အခါအားလျော်စွာ ပေါ်ပေါက်လာနိုင်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များအတွက်မူ ဘုရားသခင် ရွေးချယ်ထားသောလူများအား ၎င်းတို့ကို ဉာဏ်ပညာရှိစွာ ကိုင်တွယ်ရန် အသိပေးလိုက်ရုံဖြင့် လုံလောက်ပေမည်။ အကယ်၍ ၎င်းတို့သည် အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေကြောင်း တွေ့ရှိပါက ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ လူအများစုသည် ဤသူလျှိုများ စကားပြောဆိုပုံနှင့် ပြုမူပုံ သို့မဟုတ် ၎င်းတို့၏ အမူအရာနှင့်ပတ်သက်၍ အချို့သော နားလည်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်ပြီး ၎င်းတို့နှင့် အပြန်အလှန် ဆက်ဆံသည့်အခါတွင် အချို့သော သတိပြုမိခြင်း သို့မဟုတ် သိမြင်ခြင်းကို သေချာပေါက် ရရှိကြလိမ့်မည်။ အသင်းတော်တစ်ခုရှိ ညီအစ်ကိုမောင်နှမ အနည်းငယ်မျှသာ ထိုသို့သော လူပုဂ္ဂိုလ်များကို သတိပြုမိသော်လည်း ၎င်းတို့သည် သူလျှိုများ သို့မဟုတ် ကင်းထောက်များ ဟုတ်မဟုတ်ကို မသေချာပါက ၎င်းတို့ကို သတိဖြင့်လည်းကောင်း၊ ဉာဏ်ပညာရှိသော ချဉ်းကပ်နည်းဖြင့်လည်းကောင်း ဆက်ဆံသင့်သည်။ လူအများစုက သတိပြုမိခဲ့ပါက ၎င်းတို့သည် အချင်းချင်း အသိပေးနိုင်ပြီး ကြိုတင်ကာကွယ်သည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်သည်။ သံသယရှိသော သူလျှိုများသည် အသင်းတော်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မည်သည့်ဖော်ရွေရင်းနှီးမှုကိုမျှ မပြဘဲ ညီအစ်ကိုမောင်နှမများကို ထောင်ချောက်ဆင်ရန်နှင့် အသင်းတော်ကို နှောင့်ယှက်ရန် အစဉ်အမြဲ ကြိုးပမ်းနေပြီး အသင်းတော်ကို အသရေဖျက်ရန် သက်သေအထောက်အထားများကို အစဉ်အမြဲ ရှာဖွေနေကာ ညီအစ်ကိုမောင်နှမများကို ဓာတ်ပုံများ သို့မဟုတ် အသံသွင်းမှုများ ပြုလုပ်သည်အထိပင်ဖြစ်စေ၊ ၎င်းတို့ သိလိုသော သတင်းအချက်အလက်များကို အစ်အောက်ယူရန် ဆွဲဆောင်ခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းကို အသုံးပြုပါက ထိုသို့သော လူပုဂ္ဂိုလ်များကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် လျစ်လျူရှုထားခွင့်မပြုသင့်ပေ၊ ၎င်းတို့ကို အသင်းတော်မှ ချက်ချင်း ရှင်းလင်းပစ်ရမည်။ သင်တို့သည် ဤအခြေအနေများကို ယခင်က မကြုံတွေ့ဖူးသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ထို့ကြောင့် ငါသည် သင်တို့ကို ကြိုတင် သတိပေးနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့၏ နားလည်မှုကို ကျယ်ပြန့်စေခြင်း၊ လူသားမျိုးနွယ်၊ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးနှင့် လောကကို သိရှိခြင်းနှင့်ပတ်သက်သည်၊ ယင်းသည် ထိုမျှ မှောင်မိုက်ပြီး ထိုမျှ ဆိုးယုတ်လှသည်။

ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၌ရှိသော နဝမမြောက်ရည်ရွယ်ချက်ဖြစ်သည့် အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းနှင့်ပတ်သက်၍ အခြေခံအကြောင်းအရာအပေါ် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်သည်။ အရာအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးပြီလော။ (ဖွဲ့ပြီးပါပြီ။) အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသူတို့က စောင့်ကြည့်စစ်ဆေးရန် ရည်ရွယ်သည့် အကြောင်းအရာများမှာ အဘယ်နည်း။ (အသင်းတော်၏ သွန်သင်ချက်များ၊ လူပုဂ္ဂိုလ်ဆိုင်ရာ အခြေအနေများ၊ အလုပ်၏ အခြေအနေများနှင့် ဘဏ္ဍာရေးအခြေအနေတို့ ဖြစ်ပါသည်။) အခြေခံအားဖြင့် ဤနယ်ပယ်လေးခုသည် ၎င်းတို့ အစိုးရိမ်ဆုံးသောအရာများ ဖြစ်ကြသည်။ ဤကဏ္ဍလေးခုတွင် အဘယ်အရာများ ပါဝင်သနည်း။ ၎င်းတို့ အစိုးရိမ်ဆုံးသောအရာများ ပါဝင်သည်၊ ယင်းတွင် အသင်းတော် တည်ရှိခြင်းက လူ့အဖွဲ့အစည်း၊ နိုင်ငံတော်နှင့် ဘာသာရေးလောကအပေါ် သက်ရောက်မှု ဖြစ်သည်။ အသင်းတော်သည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန်နှင့် အစိုးရကို ဖြုတ်ချရန် ဘာသာရေးကို အကာအကွယ်အဖြစ် အသုံးပြုနိုင်သည်ကိုလည်း ၎င်းတို့ စိုးရိမ်ကြပြီး ဤအရာကို အကြီးမားဆုံးသော ပုန်းကွယ်နေသည့် အန္တရာယ်အဖြစ် ရှုမြင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်ကို နှိပ်ကွပ်ပြီး ညှဉ်းပန်းနှိပ်စက်ကာ တားမြစ်သည့်အပြင် ယင်း၏အသင်းသားများကိုလည်း ဖမ်းဆီးကြသည်။ အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်သည် ဘာသာရေးယုံကြည်ချက်အားလုံးကို တားမြစ်သည်၊ အချို့နိုင်ငံများသည် အချို့သော ယုံကြည်ချက်များကို တားမြစ်ပြီး နိုင်ငံအများစုသည် သမ္မာတရားက အာဏာကိုင်စွဲထားသည်ကို ကြောက်ရွံ့ကြသည့်အပြင် သမ္မာတရားကို လူတို့ လက်ခံမည်ကိုလည်း ကြောက်ရွံ့ကြသည်၊ ယင်းက ၎င်းတို့၏ အုပ်ချုပ်မှုကို ခြိမ်းခြောက်၍ ဖြစ်၏။ အတိုချုပ်အားဖြင့် နေရာတစ်ခုတွင် ဘုရားသခင် အမှုပြုခြင်းနှင့် သမ္မာတရားကို ဖော်ပြခြင်း ပို၍ရှိလေ၊ အသင်းတော်တစ်ခုတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော် ပို၍ရှိလေဖြစ်ကာ ယင်းသည် အမျိုးမျိုးသော အစိုးရများ၏ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ရန်လိုစွာ ရှုမြင်ခြင်းကို ခံရနိုင်ချေ ပို၍များလေ ဖြစ်သည်။ သို့ဖြစ်၍ အစိုးရများသည် အသင်းတော်၏ အခြေအနေကို လေ့လာပြီး သိရှိနားလည်ရန်၊ အသင်းတော်၏ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်စစ်ဆေးရန်အလို့ငှာ မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးသောလူများအဖြစ် အယောင်ဆောင်ထားသော သူလျှိုများကို မကြာခဏ စေလွှတ်ကြသည်။ ထို့ထက်ပို၍ အခြားသော စိုးရိမ်ပူပန်မှုများအပြင် ၎င်းတို့က အသင်းတော်သည် နိုင်ငံရေးတွင် ပါဝင်ခြင်း ရှိမရှိ၊ အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်းဟူသော အကြောင်းပြချက်အောက်တွင် အချို့သော နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်နေခြင်း ရှိမရှိ သို့မဟုတ် နိုင်ငံရပ်ခြား ဘာသာရေးအင်အားစုများနှင့် ဆက်သွယ်မှု တစ်ခုခု ရှိမရှိ စသည့် အသင်းတော်၏အလုပ်၏ လားရာများကို သိရှိနားလည်ရန် ကြိုးပမ်းကြသည်။ ဤသည်တို့မှာ ၎င်းတို့ သိရှိနားလည်လိုပြီး စိုးရိမ်နေကြသည့်အရာများ ဖြစ်ကြသည်။ ထို့အပြင် အသင်းတော်၏ ဘဏ္ဍာရေးအခြေအနေသည်လည်း ၎င်းတို့ သိရှိနားလည်လိုသော အရာတစ်ခု ဖြစ်သည်။ ၎င်းတို့က “ဤအသင်းတော်သည် အရေအတွက် တိုးပွားလာပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်၊ ၎င်းတို့၏ငွေသည် အဘယ်မှ လာသနည်း။ မည်သည့်အဖွဲ့အစည်းများ သို့မဟုတ် ချမ်းသာသော လူပုဂ္ဂိုလ်များက ၎င်းတို့ထံ လှူဒါန်းနေကြသနည်း” ဟု စဉ်းစားကြသည်။ အတိုချုပ်ပြောရလျှင် ငါတို့ မတွေးမိနိုင်လောက်အောင် ၎င်းတို့ မစဉ်းစားထားမိသည်ဟူ၍ တစ်ခုမျှမရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ဆိုးယုတ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူသားများ ဖြစ်ကြသည်။ အသင်းတော်၏ အခြေအနေကို သိရှိနားလည်ရန် ၎င်းတို့၏ ကြိုးပမ်းမှုများသည် အသင်းတော် တည်ရှိခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ ကြီးမားသော စိုးရိမ်ပူပန်မှုမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး အသင်းတော်သည် လူအများကို ပို၍ ဩဇာလွှမ်းမိုးနိုင်မည်ကို ကြောက်ရွံ့ခြင်းကြောင့် ဖြစ်သည်၊ ယင်းက ၎င်းတို့၏ အုပ်ချုပ်မှုကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေမည်ဖြစ်သည်၊ ဤသည်မှာ အသင်းတော်နှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်နေကြသည့်အရာ အတိအကျပင် ဖြစ်သည်။ အသင်းတော်က လုပ်ဆောင်သော အလုပ်သည် မည်မျှ တရားမျှတသည် သို့မဟုတ် တရားဝင်သည်ဖြစ်စေ ၎င်းတို့သည် မယုံကြည်ဆဲ ဖြစ်၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် မယုံကြည်သူများ၊ ဘုရားမဲ့ဝါဒီများနှင့် ရုပ်ဝါဒီများ ဖြစ်ကြသောကြောင့် ဖြစ်သည်၊ ရုပ်ဝါဒီများ လုပ်ဆောင်နိုင်သည့်အရာမှာ ဤမျှသာ ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့ စိုးရိမ်သော အခြေအနေလေးခု ဖြစ်ကြသည်။ ဤအခြေအနေလေးခုနှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများနောက်ကွယ်မှ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များကို နားလည်ပြီးနောက် ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းနှင့်ပတ်သက်၍ စည်းမျဉ်းနှစ်ခုကို ငါတို့ အခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဤစည်းမျဉ်းများကို ရိုးရှင်းစွာ အကျဉ်းချုပ်ပြီး ယင်းတို့နှင့်ပတ်သက်၍ ရှင်းပြကြလော့။ (၎င်းတို့သည် အသင်းတော်၌ အနှောင့်အယှက်များ ဖြစ်စေပါက ၎င်းတို့ကို ဖယ်ရှားပါ၊ ၎င်းတို့သည် အနှောင့်အယှက်များ မဖြစ်စေပါက ၎င်းတို့နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ခံရန် မလိုအပ်ပါ။) ၎င်းတို့သည် အနှောင့်အယှက်များ ဖြစ်စေပြီး နေရာအနှံ့ ချောင်းမြောင်းစုံစမ်းကာ ထိတ်လန့်မှုကို ဖြစ်စေပါက ၎င်းတို့ကို မသက်ညှာဘဲ ဖယ်ရှားလော့၊ ၎င်းတို့သည် အနှောင့်အယှက်များ မဖြစ်စေဘဲ လူအများစုက သတိမပြုမိပါက၊ သို့မဟုတ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက ၎င်းတို့ကို လျစ်လျူရှုလော့။ ဤသည်မှာ အမှန်တကယ် အသင်းတော်အလုပ်ဖြစ်ကြောင်း၊ ဘာသာရေးလှုပ်ရှားမှုများအားလုံးဖြစ်ပြီး နိုင်ငံရေးတွင် လုံးဝမပါဝင်ကြောင်းကို ၎င်းတို့ ရှင်းလင်းစွာ မြင်တွေ့သည်နှင့်တစ်ပြိုင်နက် ဤအချက်ကို အတည်ပြုလိုက်ရုံဖြင့် ၎င်းတို့သည် မိမိတို့သဘောအလျောက် ထွက်ခွာသွားကြလိမ့်မည်။ ဤသည်မှာ ဒီမိုကရေစီနိုင်ငံများက ဘာသာရေးအခြေအနေများကို နားလည်ရန် အသုံးပြုသည့် လုပ်နည်းကိုင်နည်းဖြစ်သည်။ လူသားမျိုးနွယ်သည် အလွန်ရှုပ်ထွေးကြောင်းကိုလည်း အစောပိုင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ လူသားမျိုးနွယ်၏ ရှုပ်ထွေးမှုအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ ဆိုးယုတ်မှုမှ ဆင်းသက်လာခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်၏ ဆိုးယုတ်မှုသည် မည်သို့ အစပြုခဲ့သနည်း။ လူသားမျိုးနွယ်သည် ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ စာတန်သည် လူသားမျိုးနွယ်ကို အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့် ဖြစ်သည်။ သာမန်စကားဖြင့် မည်သို့ဆိုသနည်း။ ယင်းမှာ စာတန်သည် လူတို့ကို မကောင်းဆိုးဝါးများအဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်၊ လူသားမျိုးနွယ်အားလုံးသည် နတ်ဆိုးများ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပြီး အလွန်များပြားသော နတ်ဆိုးကြီးများနှင့် နတ်ဆိုးငယ်များ ရှိနေသောကြောင့် လူတို့ စုဝေးရာနေရာများသည် မကောင်းဆိုးဝါးများ၏ မြို့များ ဖြစ်လာခဲ့သည်။ မကောင်းဆိုးဝါးများစွာ စုဝေးကြသည့်အခါ ရှုပ်ထွေးလာသည်၊ ၎င်းတို့သည် ဒုစရိုက်အမှုအမျိုးမျိုးကို ကျူးလွန်နိုင်စွမ်းရှိပြီး မတရားသော လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်နိုင်စွမ်းရှိသည်။ အကြောင်းမှာ နတ်ဆိုးအားလုံးသည် ဆိုးယုတ်ကြပြီး ၎င်းတို့ကြားတွင် အစဉ်အမြဲ ပဋိပက္ခရှိနေကာ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး မည်သည့်အခါမျှ သဟဇာတမဖြစ်နိုင်သောကြောင့် ဤအရာက ကိစ္စရပ်များကို ရှုပ်ထွေးစေသည်။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောလူတို့ အတူတကွ စုဝေးကြသည့်အခါ များစွာ ပို၍ရိုးရှင်းသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ်ရှိပြီး အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်လိုစိတ် ရှိကြကာ ၎င်းတို့အားလုံးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို လုပ်ဆောင်ခြင်းတို့၌ ပျော်မွေ့ကြသည်။ ၎င်းတို့သည် ကလိမ်ကကျစ်ကျသော၊ မတရားသော လှုပ်ရှားမှုများတွင် မပါဝင်ကြပေ၊ အများဆုံးအနေဖြင့် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှုအချို့ကို ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်ပေမည်။ ထိုသို့သောလူများသာလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ နတ်ဆိုးများသည် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်ပေ၊ အကြောင်းမှာ ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ နတ်ဆိုးများသည် ဘုရားသခင်ကို ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ ယုံကြည်ခဲ့လျှင်ပင် ၎င်းတို့သည် ပြောင်းလဲကြမည်မဟုတ်ပေ၊ ဤသည်မှာ အားလုံးမြင်နိုင်သော အမှန်တရားတစ်ခု ဖြစ်သည်။ ယခုအခါ အသင်းတော်များစွာတို့သည် နတ်ဆိုးများဖြစ်သောသူတို့ကို ဖယ်ရှားခဲ့ပြီးဖြစ်သည်၊ ဤသည်မှာ ကောင်းသောအရာဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝကိုက်ညီသည်။ အချို့အသင်းတော်များတွင် လူတစ်ဝက်သည် နတ်ဆိုးများဖြစ်ကြပြီး အခြားအသင်းတော်များတွင်မူ လူနည်းစုသည် နတ်ဆိုးများဖြစ်ကြသည်။ ထိုသို့သောအသင်းတော်များတွင် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ရန် လွယ်ကူသလော။ သေချာပေါက် မလွယ်ကူပါ။ နတ်ဆိုးများကို ဖယ်ရှားလိုက်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သာ ကျန်ရှိပါက အသင်းတော်အလုပ်သည် လုပ်ဆောင်ရန် များစွာ ပို၍လွယ်ကူလာသည်။ အသနားစရာအကောင်းဆုံးသော အခြေအနေမှာ အချို့အသင်းတော်များတွင် အယောင်ဆောင်ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များက အာဏာကိုင်စွဲထားပြီး နတ်ဆိုးများက ခေါင်းဆောင်ပိုင်းအခန်းကဏ္ဍကို ယူထားသည့်အချိန်တွင် ဖြစ်သည်၊ ထိုအခါ ထိုအသင်းတော်များရှိ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အမှန်တကယ် ဒုက္ခရောက်ကြလေသည်။ ငါ့ကို ပြောလော့၊ အယောင်ဆောင်ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များ အာဏာကိုင်စွဲထားခြင်းက ဘုရားသခင် ရွေးချယ်ထားသောလူများထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သလော။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အတွေးအခေါ်များနှင့် စိတ်ကူးများသည် လုံးဝ ဆိုးယုတ်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သည်။ ၎င်းတို့ကို ထောက်ခံသော သက်ရှိမကောင်းဆိုးဝါး ဆယ်ဦး သို့မဟုတ် နှစ်ဆယ်ဦး ရှိနေပါက ထိုသို့သောအသင်းတော်၌ နေထိုင်ခြင်းသည် မကောင်းဆိုးဝါးများ စုဝေးရာနေရာတစ်ခု၌၊ နတ်ဆိုးဘုရင်တစ်ပါးက ထိန်းချုပ်ထားသော မကောင်းဆိုးဝါးတွင်းတစ်ခု၌ နေထိုင်ခြင်းနှင့် တူသည်၊ ယင်းသည် သင်၏စိတ်နှင့် ဝိညာဉ်ကို မငြိမ်မသက်ဖြစ်စေလျက် အသားကြိတ်စက်ထဲတွင် နေထိုင်ရခြင်းနှင့် တူသည်။ နေ့စဉ်နေ့တိုင်း သင်၏အတွေးများကို လွှမ်းမိုးထားသည့်အရာများမှာ မည်သူ့ကို တိုက်ခိုက်ရမည် သို့မဟုတ် ရုန်းကန်ရမည်၊ မည်သူ့ကို မိတ်ဆွေဖွဲ့ပြီး ချဉ်းကပ်ရမည်၊ မည်သူ့ကို ရှောင်ရှားပြီး သတိထားရှောင်ရမည် စသည့်အရာများ ဖြစ်နေပြီး သင့်တွင် ငြိမ်သက်သော ပတ်ဝန်းကျင်တစ်ခုပင် မရှိဘဲ စိုးစဉ်းမျှသော ငြိမ်သက်ခြင်းမရှိဘဲ အစဉ်မပြတ် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ဖြင့် နေထိုင်နေရသည်။ ဤသည်မှာ အသားကြိတ်စက်ထဲတွင် ရှိနေခြင်းနှင့် မတူပေလော။ (တူပါသည်။) ဤဆိုးယုတ်သော လူ့အဖွဲ့အစည်း၊ ဤဆိုးယုတ်သော လူသားမျိုးနွယ်သည် လူတိုင်းနှင့် အုပ်စု သို့မဟုတ် အဖွဲ့အစည်းတိုင်းကို တစ်ပုံစံတည်း ဆက်ဆံပြီး အားလုံးအပေါ် တစ်ပုံစံတည်းသော ထင်မြင်ယူဆချက်များနှင့် အမြင်ရှုထောင့်များကို ထားရှိသည်။ အလားတူပင် ၎င်းတို့သည် အတော်အတန် အပြုသဘောဆောင်သော အဖွဲ့အစည်းဖြစ်သည့် အသင်းတော်အပေါ်၌ပင် စိတ်မအေးဖြစ်ကြပြီး ချန်လှပ်မထားကြပေ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို ငါတို့ ဆက်ဆံသည့်ပုံစံသည် စည်းမျဉ်းရှိသည်၊ ဟုတ်သလော။

ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် နဝမမြောက် ရည်ရွယ်ချက်ဖြစ်သည့် အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းနှင့်ပတ်သက်သော အခြေခံအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းသည် ဤနေရာတွင် အလုံးစုံ ပြီးဆုံးသွားပြီဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်ဝတ္တရား၏ ပထမအမျိုးအစား၏ အကြောင်းအရာအားလုံးကိုလည်း အခြေခံအားဖြင့် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ဤမယုံကြည်သူများနှင့် ဘုရားမဲ့ဝါဒီများ၏ ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ အခြေခံအားဖြင့် ငါတို့ ရရှိလာသော အချက်များဖြစ်၏။ နောက်ဆုံး မိတ်သဟာယဖွဲ့ခဲ့သော ရည်ရွယ်ချက်သည် အကြောင်းအရာအားဖြင့် ယခင်ရည်ရွယ်ချက်များနှင့် အနည်းငယ် ကွဲပြားသည်။ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသောသူတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသည့်အခါ ၎င်းတို့သည် စားဝတ်နေရေးအတွက်၊ အဆင့်အတန်း သို့မဟုတ် အသက်တာနှင့် အလုပ်တွင် အဆင်ပြေမှုများကို လိုက်လံရှာဖွေနေခြင်းမဟုတ်ဘဲ နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် လာကြခြင်းဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များ မည်သို့ပင်ဖြစ်စေ ငါတို့သည် ၎င်းတို့ကို ထွင်းဖောက်မြင်ပြီး ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ဤလူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဟူသော သင့်လျော်သည့်အရေးယူမှုကို ချက်ချင်း လုပ်ဆောင်သင့်ပြီး ၎င်းတို့ကို အသင်းတော်၌ အချိန်ကြာမြင့်စွာ ခိုအောင်းနေရန် လုံးဝ ခွင့်မပြုသင့်ပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော တာဝန်တစ်ရပ် ဖြစ်သည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ ရည်ရွယ်ချက်ကို အခြေခံ၍ မည်သူတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများဖြစ်သည့် ဘုရားသခင် ရွေးချယ်ထားသောလူများဖြစ်သည်ကိုလည်းကောင်း၊ မည်သူတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သော အမျိုးမျိုးသော ဆိုးယုတ်သည့်လူစားများဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်ပြီး ဆုံးဖြတ်လော့၊ ဤဆိုးယုတ်သောလူများကို ချက်ချင်း ပိုင်းခြားသိမြင်ပြီးနောက် ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် သက်ဆိုင်ရာ ချဉ်းကပ်နည်းတစ်ခုကို ချက်ချင်း ကျင့်သုံးလော့။ ဤသည်မှာ အမျိုးမျိုးသော ဆိုးယုတ်သည့်လူစားများကို ပိုင်းခြားသိမြင်ပြီး အမျိုးအစားခွဲခြားခြင်း၏ ပထမအမျိုးအစားဖြစ်သည်။ ၎င်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။ ငါတို့သည် ၎င်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို အဆုံးသတ်ပြီဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။