အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂) အခန်း ခြောက်

အန္တိခရစ်တို့သည် အဆင့်အတန်းကို သိသာထင်ရှားသည့် နှစ်သက်မှုရှိကြပြီး ဤအရာကို လူတိုင်း သိရှိကြသည်။ ၎င်းတို့သည် အဆင့်အတန်းကို မည်သည့်အတိုင်းအတာအထိ နှစ်သက်ကြသနည်း။ ဤအရာ၏ သရုပ်သကန်များမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် မျက်နှာလိုအားရလုပ်ခြင်းမှတစ်ဆင့်ဖြစ်စေ လှည့်ဖြားသော နည်းလမ်းများမှတစ်ဆင့်ဖြစ်စေ၊ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် ကောင်းသော အရာများ လုပ်ဆောင်ခြင်းအားဖြင့်ဖြစ်စေ အဆင့်တက်ဖို့ မည်သည့်အခွင့်အရေးကိုမဆို လက်မလွှတ်တမ်း အသုံးချကြသည်။ မည်သို့ပင်ဖြစ်စေ တက်ရန် အခွင့်အရေးတစ်ခု ရှိသည့်အခါတိုင်း ၎င်းတို့က ရယူကြသည်။ အဆင့်အတန်း ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို ယခင်ကထက်ပင် ပို၍ တန်ဖိုးထားကြသည်။ ပုံမှန်လူတို့က အဆင့်အတန်း ရရှိသောအခါ ရှက်စိတ်တစ်ခုရှိကြပြီး မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းကြသည်။ ထို့အပြင် ဘုရားအိမ်တော်ရှိ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ရာထူးသည် တာဝန်တစ်ခု ဖြစ်သည်။ အဆင့်အတန်း သို့မဟုတ် အရာရှိရာထူးတစ်ခု မဟုတ်ဘဲ တာဝန်တစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ ဤပုံမှန်လူတို့သည် ယခုတွင် ၎င်းတို့အနေဖြင့် အရာရှိရာထူးတစ်ခု၌ ရှိနေသည်ဟု တွေးထင်လျက် မိမိတို့ကိုယ်ကို ကြွားဝါခြင်းဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်ကောင်း ထုတ်ဖော်ကြပေမည်။ ပုံမှန်လူတို့သည် ရံဖန်ရံခါဤသို့ ပြုမူခြင်းကို အတော်အတန်လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု မြင်ကြသော်လည်း၊ အကယ်၍ ၎င်းတို့ ပုံမှန် ပြုလုပ်ပါက မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာကြမည်ဖြစ်ပြီး ၎င်းတို့၏ ညီအစ်ကိုမောင်နှမများက သတိပြုမိမည်ကို ကြောက်ရွံ့ကြလိမ့်မည်။ ၎င်းတို့၌ ဂုဏ်သိက္ခာနှင့် အရှက်တရား ရှိကြသဖြင့် မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းကြသည်။ သမ္မာတရားကို နားလည်ပြီးနောက် ၎င်းတို့သည် အဆင့်အတန်းအပေါ် တဖြည်းဖြည်း အရေးထားမှုနည်းလာကြသည်။ ဤအရာက မည်သည့် အပြုသဘောဆောင်သော သက်ရောက်မှု ရှိမည်ဖြစ်ပြီး မည်သည့် ကောင်းမွန်သော ရလဒ်များကို ဆောင်ကြဉ်းပေးမည်နည်း။ ယင်းက ၎င်းတို့အား မိမိတို့၏ တာဝန်ကို စိတ်အေးချမ်းမှုဖြင့် ထမ်းဆောင်နိုင်စေမည် ဖြစ်သည်။ ၎င်းတို့၏ လက်ရှိ အခန်းကဏ္ဍ မည်သို့ပင်ဖြစ်စေ ၎င်းတို့က ထိုအရာကို တာဝန်တစ်ခုအဖြစ် မှတ်ယူကြလိမ့်မည်။ ၎င်းတို့သည် ဦးဆောင်ရန် ရွေးချယ်ခြင်း ခံခဲ့ကြရသည့်အတွက်၊ ခေါင်းဆောင်မှုသည် တစ်ချိန်တည်းမှာပင် လူသားအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုနှင့် တာဝန်တစ်ခု ဖြစ်သောကြောင့် ရှေးဦးစွာ ၎င်းတို့သည် ဤတာဝန်၏ နယ်ပယ်တွင် အကျုံးဝင်သောအရာများက မည်သည့်အရာများဖြစ်သည်ကို နားလည်ရမည် ဖြစ်သည်။ သင်သည် ခေါင်းဆောင်မှု အခန်းကဏ္ဍ၌ မရှိသောအခါ အချို့သော ကိစ္စရပ်များကို စိတ်ဝင်စားရန် မလိုအပ်သကဲ့သို့ သင်၌ အမှန်တကယ် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မရှိပေ။ သို့သော် ခေါင်းဆောင်မှု အခန်းကဏ္ဍကို သင်ယူသောအခါ သင်၏ တာဝန်များအား ကောင်းမွန်စွာ မည်သို့ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် အလုပ်အစီအစဉ်များနှင့်အညီ သင်၏ တာဝန်အား မည်သို့ ထမ်းဆောင်ရမည်ကိုလည်းကောင်း သင် နားလည်သဘောပေါက်ရန် လိုအပ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ဤကဲ့သို့သော အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် တိုးတက်နိုင်ကြသည်။ သို့ဆိုလျှင် အဆင့်အတန်းကို ၎င်းတို့ ချဉ်းကပ်ပုံအရ အန္တိခရစ်များနှင့် သမ္မာတရားကို လိုက်စားသောသူတို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ အန္တိခရစ်တို့သည် မိမိတို့၏ အဆင့်အတန်းကို စိတ်အားထက်သန်စွာ လိုက်စားခြင်း၊ တန်ဖိုးထားခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ပြုကြသည်။ ၎င်းတို့သည် အကြိမ်တိုင်းတွင် မိမိတို့၏ အဆင့်အတန်းအကြောင်း စဉ်းစားကြသည်။ အဆင့်အတန်းသည် ၎င်းတို့၏ အသက်သွေးကြောကဲ့သို့ ဖြစ်သည်။ အကယ်၍ အခြားသူများက ၎င်းတို့ကို လေးစားခြင်းမရှိပါက သို့မဟုတ် ၎င်းတို့အနေဖြင့် မတော်တဆ စကားမှားပြောမိပြီး အခြားသူများ ၎င်းတို့ကို အထင်သေးပါက၊ ၎င်းတို့သည် အခြားလူတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ နေရာကို ဆုံးရှုံးပါက ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့်ပတ်သက်၍ အဆက်မပြတ် စိုးရိမ်ပူပန်ကြမည်ဖြစ်ပြီး ၎င်းတို့ ပြုမူပုံနှင့် စကားပြောပုံ၌ အလွန် သတိထားလာကြလိမ့်မည်။ သင် သမ္မာတရားကို လိုက်စားခြင်းအပေါ် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ နားလည်နိုင်ကြမည်မဟုတ်ပေ။ ၎င်းတို့ နားလည်နိုင်သော တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ “ငါ ဤ‘အစိုးရရာထူး’ကို ကောင်းမွန်စွာ မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ အရာရှိတစ်ဦးကဲ့သို့ မည်သို့ ပြုမူနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤအရာ၏ တိကျသော သရုပ်သကန်အချို့ ရှိသည်။ ဥပမာအားဖြင့် အသင်းတော်ခေါင်းဆောင်တစ်ဦးသည် ညီအစ်ကိုမောင်နှမ နှစ်ဆယ်ကျော်နှင့်အတူ အဖွဲ့ဓာတ်ပုံရိုက်သောအခါ ဂုဏ်သိက္ခာနှင့် ရှက်စိတ်ရှိသည့် တစ်စုံတစ်ဦးသည် မည်သည့်နေရာ၌ ထိုင်ရန် ရွေးချယ်မည်နည်း။ ၎င်းတို့အနေဖြင့် ထိုင်ရန် ဘေးဘက်ရှိ ထောင့်တစ်နေရာကို ရှာဖွေကြပေမည်။ အန္တိခရစ်တို့သည် အများအားဖြင့် မည်သည့်နေရာ၌ ထိုင်ကြသနည်း။ (အလယ်၌ထိုင်ကြသည်။) ၎င်းတို့ အလယ်၌ ထိုင်ခြင်းသည် လူတိုင်း၏ ဆန္ဒလော သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒလော။ (၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒ ဖြစ်ပါသည်။) တစ်ခါတစ်ရံ လူတိုင်းက ၎င်းတို့ကို အဓိကကျသော နေရာသို့ အတင်းအကျပ်တွန်းပို့လျက် ၎င်းတို့အတွက် အလယ်၌ နေရာတစ်ခု ချန်ထားပေးပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့က၊ “လူတိုင်းထံမှ ငါ ထောက်ခံမှု အဘယ်မျှ ရထားသည်ကို ကြည့်ပါ။ ငါ ဤနေရာတွင် ထိုင်ရမည်။ လူတိုင်း၏ စိတ်နှလုံးထဲတွင် ငါ နေရာတစ်နေရာ ရှိသည်ကို ဤနေရာမှ ငါ မြင်နိုင်သည်။ သူတို့သည် ငါမရှိဘဲ မဖြစ်နိုင်ပါ” ဟူ၍ မိမိတို့ကိုယ်ကို အလွန်ကျေနပ်နေကြသည်။ ၎င်းတို့သည် အတော်ပင် ဝမ်းသာပြီး ကျေနပ်နေကြသည်။ အကယ်၍ လူတိုင်းက ၎င်းတို့အတွက် အလယ်၌ နေရာတစ်ခု ချန်ထားပေးသည့် စိတ်ကူးကို ၎င်းတို့ မကြိုက်ပါက အဘယ်ကြောင့် ထိုနေရာတွင် ၎င်းတို့ သွားထိုင်ကြမည်နည်း။ ၎င်းတို့အနေဖြင့် ထိုသီးခြားအချိန်အခါ၌ မိမိတို့ ရာထူးနှင့် ယင်းက ဆောင်ကြဉ်းပေးသော ခံစားချက်ကို လုံးလုံးလျားလျား နှစ်သက်ခံစားနေကြသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် ထိုအချိန်အခါ၏ ခံစားချက်ကို အမှန်တကယ် လိုအပ်ပြီး တန်ဖိုးထားကြသောကြောင့် မိမိတို့အနေဖြင့် ထိုရာထူးကို မငြင်းပယ်ကြခြင်း ဖြစ်သည်။ ဤခေါင်းဆောင်သည် အခြားလူ ဒါဇင်ပေါင်းများစွာ ဝန်းရံခြင်းခံရလျက် အလယ်တည့်တည့်၌ ထိုင်နေပြီး မိမိတို့ကိုယ်ကို ထင်ပေါ်စေရန် အခုအခံတစ်ခုကိုပင် အသုံးပြုကြသည်။ ၎င်းတို့က “တခြားလူများနှင့် အရပ်အမောင်းတူနေခြင်းက မဖြစ်ပါ။ ဤအရာကခေါင်းဆောင်တစ်ဦးအနေဖြင့် ငါ၏ ထူးခြားမှုကို ဘယ်လိုပြသနိုင်မည်နည်း။ ငါ့အနေဖြင့် မိမိကိုယ်ကို အနည်းငယ် မြှင့်တင်ရမည်၊ အလယ်တွင် ထိုင်ရမည်၊ ထိုအခါငါ ပေါ်လွင်မည်ဖြစ်သည်။ ဤသည်မှာ ထိုင်ရမည့် သင့်တော်မှန်ကန်သည့်နေရာကို သိခြင်းဖြစ်သည်။ လူတိုင်းက ဓာတ်ပုံကြည့်သောအခါ၊ ပထမဆုံး မြင်ရမည့်အရာမှာ ငါဖြစ်သည်။ သူတို့က ‘ဤသည်မှာ ကျွန်ုပ်တို့၏ခေါင်းဆောင် မည်သူမည်ဝါတည်း’ဟုပြောကြလိမ့်မည်။ ဂုဏ်ယူစရာကောင်းလိုက်လေခြင်းပါတကား။ ဤဓာတ်ပုံက နှစ်ပေါင်းများစွာ တည်တံ့နေမည်ဖြစ်သည်။ လူများက ငါ့ကို မမြင်နိုင်ဘဲ တဖြည်းဖြည်း မေ့သွားလျှင်၊ ငါ ခေါင်းဆောင်ဖြစ်ခြင်းက မည်သည့်အဓိပ္ပာယ်ရှိမည်နည်း” ဟု တွေးကြသည်။ ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းကို ၎င်းတို့ အလွန် တန်ဖိုးထားပုံ ဖြစ်သည်။

တစ်ကြိမ်တွင်၊ အခြေအနေကို လေ့လာရန် အသင်းတော်တစ်ခုမှ လူအချို့ကို ငါ ရှာဖွေခဲ့သည်။ ၎င်းတို့၏ ဗီဒီယိုကို ဖွင့်ပြီးနောက် အလယ်တွင် နေရာချန်ထားလျက် ၎င်းတို့အားလုံး ကင်မရာရှေ့၌ ထိုင်ကြသည်။ အဘယ်ကြောင့်ဖြစ်သည်ကို ငါ နားမလည်ခဲ့ဘဲ ကင်မရာ၏ဘောင်မှာ ထိုမျှ မကြီးသည့်အတွက်၊ ၎င်းတို့၏ မျက်နှာတစ်ခြမ်းသာ ပေါ်နေ၍ ကြည့်ရဆိုးနေသည့်အတွက် အလယ်ဗဟိုသို့ ပို၍ တိုးကပ်ရန် ၎င်းတို့ကို ငါ အကြံပြုခဲ့သည်။ ထို့နောက် ၎င်းတို့သည် အလယ်ဗဟိုသို့ အနည်းငယ် ရွှေ့ခဲ့ကြသော်လည်း အလယ်၌ လွတ်နေသော ထိုင်ခုံတစ်လုံးကို ချန်ထားဆဲ ဖြစ်သည်။ ငါက၊ “အလယ်တွင် အဘယ်ကြောင့် မည်သူမျှ မထိုင်ကြသနည်း။ ထိုနေရာတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိနေသည့်အလားဖြစ်သည်။ အဘယ်ကြောင့် မည်သူမျှ ထိုနေရာသို့ မသွားဝံ့ကြသနည်း” ဟူ၍ မိမိဘာသာ တိုးတိုး ရေရွတ်မိသည်။ ထို့နောက် အထွတ်အမြတ်ထားအပ်သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကဲ့သို့ပင် ထင်ရလျက် လုံးဝန်း ပြည့်ဖြိုးသည့် အတော်ပင် ဝသော လူတစ်ဦး ရောက်လာပြီး အလယ်တည့်တည့်၌ ပစ်ထိုင်လိုက်လေသည်။ အလယ်ခုံသည် သူ့အတွက် ချန်ထားခြင်းဖြစ်ကြောင်း ထင်ရှားသွားသည်။ ဤလူသည် မည်သူဖြစ်သည်ကို သင်တို့ ခန့်မှန်းနိုင်ကြသလော။ (ခေါင်းဆောင်ဖြစ်သည်။) မှန်ပေသည်၊ သူသည် အလယ်တည့်တည့်၌ ထိုင်ခဲ့သည်။ ယင်းမှာ အဆင့်အတန်း သင်္ကေတ ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့်တူသည့် ဤနတ်ဆိုး ရောက်ရှိလာပြီး ထိုနေရာ၌ ထိုင်နေသောအခါ၊ သူသည် ထိုနေရာကို သူ၏ ထိုက်တန်သောနေရာဖြစ်သကဲ့သို့ အလွန် သဘာဝကျကျ နေရာယူခဲ့သည်။ လူတိုင်းသည် တစ်ဖက်တစ်ချက်စီ၌ ထိုင်ရန် အလွန် ဝမ်းသာနေကြပြီး သူ့ကို အလွန်အမင်း “နားလည်” သကဲ့သို့ အထူး နှစ်သက်မြတ်နိုးမှုဖြင့် ကြည့်ရှုနေကြသည်။ ၎င်းတို့က “အာ၊ သင် နောက်ဆုံးတော့ ရောက်လာပြီ။ ကျွန်ုပ်တို့ သင့်ကို အချိန်အကြာကြီး စောင့်နေခဲ့ခြင်း ဖြစ်သည်” ဟု ပြောဆိုသည့် ဖော်လံဖားအုပ်စုတစ်စုကဲ့သို့ ခံစားခဲ့ရသည်။ ငါ စကားပြောနေစဉ် တစ်စုံတစ်ဦးမျှ ယင်းကို အာရုံစိုက်ခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် ခေါင်းဆောင်ကို စောင့်မျှော်နေခဲ့ကြသည်။ ဤအထွတ်အမြတ်ထားခံရသည့် “ဗုဒ္ဓရုပ်ပွားတော်”သည် ရှေးဦးစွာ ထွက်ပေါ်လာရမည် ဖြစ်သည်။ အကယ်၍ သူ ထွက်မလာပါက ငါ စကားဆက်ပြောနိုင်မည် မဟုတ်ပေ။ သူသည် ထိုနေရာ၌ မည်သို့ ထိုင်နိုင်ခဲ့ပြီး ထိုမျှ သဘာဝကျကျ မည်သို့ ထိုင်နိုင်ခဲ့သနည်း။ ဤအရာသည် သူ၏ ပုံမှန် နှစ်သက်မှုများ၊ ဦးစားပေးမှုများ၊ လိုက်စားမှုများနှင့် ပတ်သက်မှုတစ်ခုတလေရှိသလော။ (ရှိပါသည်။) ဤလူတို့သည် အများအားဖြင့် မည်သို့သော မြင်ကွင်းမျိုးကို ဖော်ပြကြမည်နည်း။ သင်တို့၏ စိတ်ကူးကို အသုံးပြုပြီး ထိုအကြောင်းကို စဉ်းစားကြည့်ကြလော့။ ဤခေါင်းဆောင်သည် စုဝေးပွဲတစ်ခုကို ဦးဆောင်ကျင်းပသောအခါ သို့မဟုတ် လူတို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော အခန်းတစ်ခန်းသို့ ဝင်ရောက်သောအခါ ၎င်းတို့က သူ့ကို မည်သို့ ဆက်ဆံကြသနည်း။ သူသည် ဘိုးဘေးတစ်ဦး သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် သူ့ကို ထိုင်ခုံတစ်ခု ချက်ချင်း ကမ်းပေးကြပြီး အဓိကထိုင်ခုံကို သူ့အတွက် ချန်ထားပေးရမည် ဖြစ်သည်။ အကယ်၍ သူ့အတွက် ယင်းကို ၎င်းတို့ မချန်ထားပါက အဆင်ပြေမည်လော။ ထိုအချိန်အခါ၌ ကင်မရာပေါ်တွင် ငါ မြင်တွေ့ခဲ့သော ဖြစ်စဉ်ကို အခြေခံ၍ ၎င်းတို့အနေဖြင့် သူ့အတွက် အဓိကထိုင်ခုံကို မချန်ထားပါက အဆင်ပြေဖွယ်မရှိပေ။ ယင်းမှာ စည်းမျဉ်းတစ်ခု၊ မရေးထားသော စည်းမျဉ်းတစ်ခု ဖြစ်လာခဲ့သည်။ “ဗုဒ္ဓရုပ်ပွားတော်” ရောက်ရှိလာသောအခါ သူ့ကို အဓိကထိုင်ခုံ ချက်ချင်း ပေးအပ်ရမည် ဖြစ်သည်။ အကယ်၍ “ဗုဒ္ဓရုပ်ပွားတော်”က ထိုနေရာ၌ မရှိပါက အဓိကထိုင်ခုံက လွတ်နေရမည် ဖြစ်သည်။ ယင်းကို အဆင့်အတန်းဟု ခေါ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤသို့ ပြုမူပြီး အဆင့်အတန်းကို အရာခပ်သိမ်းထက် ပို၍ မြင့်မြတ်သည်ဟု မှတ်ယူသလော။ ငါ ယခုတင် ဖော်ပြခဲ့သော မြင်ကွင်းမှ သင်တို့ အဘယ်အရာကို သတိပြုမိနိုင်ကြသနည်း။ မတူကွဲပြားသောလူတို့သည် အဆင့်အတန်းကို ကွဲပြားစွာ သဘောထားပြုမူကြသည်။ သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ တန်ဖိုးထားလျက် မိမိတို့၏ အဆင့်အတန်းကို တာဝန်တစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို လက်ခံကြသော်လည်း မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာ မပြောဆိုကြပေ။ အချို့သောလူတို့သည် အဆင့်အတန်းကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ရှုမြင်ကြပြီး ယင်းမှာ ၎င်းတို့ကို ဖိအားများ၊ ချုပ်ချယ်မှုများနှင့် ဒုက္ခများကိုပင် ဆောင်ကြဉ်းပေးသော နောက်ဆက်တွဲ ဝန်ထုပ်တစ်ခုဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် အဆင့်အတန်းကို ကိုးကွယ်သောသူတို့သည် အဆင့်အတန်းကို အရာရှိတစ်ဦးဖြစ်ခြင်းကဲ့သို့ သဘောထားကြပြီး ယင်း၏ အကျိုးကျေးဇူးများကို အမြဲ မွေ့လျော်ခံစားကြသည်။ ၎င်းတို့သည် အဆင့်အတန်းမရှိဘဲ အသက်မရှင်နိုင်ကြပေ။ ထိုအဆင့်အတန်းကို ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ အသက်များနှင့် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာအပါအဝင် အရာခပ်သိမ်းကို ယင်းအတွက် စတေးရန် လိုလိုလားလား ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ခန္ဓာကိုယ်များကိုပင် ယင်းအတွက် ရောင်းချရန် လိုလိုလားလား ရှိကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ဤအရာကို ကောက်ကျစ်ဆိုးယုတ်မှုဟု ခေါ်သည်။ ၎င်းတို့၏ အမြင်တွင် အဆင့်အတန်းမှာ အဘယ်နည်း။ ယင်းမှာ ထိပ်ဆုံးသို့ ရောက်ရှိရန် လမ်းကြောင်းတစ်ခုနှင့် နည်းလမ်းတစ်ခုဖြစ်ပြီး ၎င်းတို့၏ ပင်ကိုလက္ခဏာ၊ ကံကြမ္မာနှင့် လူတို့အကြား ရပ်တည်ချက်ကို ပြောင်းလဲရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အဆင့်အတန်းကို အလွန် တန်ဖိုးထားကြသည်။ ထိုအဆင့်အတန်းကို ၎င်းတို့ ရရှိပြီး လူတို့က ၎င်းတို့ကို နားထောင်ကြကာ၊ ၎င်းတို့ကို နာခံကြသည်နှင့်တစ်ပြိုင်နက်၎င်းတို့ကို အလိုလိုက်ကြကာ၊ အရာရာတိုင်း၌ ၎င်းတို့ကို မျက်နှာလုပ်ကြသည်နှင့်တစ်ပြိုင်နက်၊ ဤအရာအားလုံးကြောင့် စက်ဆုပ်ရွံရှာခြင်းကို ခံစားရမည့်အစား ၎င်းတို့သည် ထိုအရာ၌ အလွန့်အလွန် ဝမ်းမြောက်ကြသည်။ အလယ်ခုံကို ယူခဲ့သော ထိုခေါင်းဆောင်ကဲ့သို့ပင်၊ သူ၏ ကိုယ်ဟန်အနေအထားမှာ အလွန် သက်သောင့်သက်သာရှိပြီး လွတ်လပ်ပေါ့ပါးကာ ထိုအတွက် အလွန်ကြီးမားသော ပျော်ရွှင်မှုနှင့် မွေ့လျော်ခံစားသည့်စိတ် ရှိခဲ့သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် အဆင့်အတန်းက ဆောင်ကြဉ်းပေးသော သာလွန်ကောင်းမွန်သော ခံစားချက်အားလုံးနှင့် အကျိုးကျေးဇူးအားလုံးကို အထူးနှစ်သက်ခံစားပြီး ဤအရာများကို အထူး လိုက်စားကာ တန်ဖိုးထားလျက် ၎င်းတို့ကို လက်လွှတ်ရန် မလိုလားပါက ထိုလူသည် အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ပေသည်။ ၎င်းတို့ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ အဆင့်အတန်းရှိသောလူများကို ဖော်လံဖားသော၊ နှစ်လိုဖွယ်စကားများ ပြောဆိုသော၊ ချီးကျူးစကားများ ဆိုသောသူတို့နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့ ပြောဆိုနေသည့်အရာမှာ အဘယ်နည်း။ ၎င်းတို့သည် မမှန်သောစကားများ၊ အရှက်မဲ့သောစကားများ၊ ရွံရှာဖွယ်ရာဖြစ်ပြီး စက်ဆုပ်ဖွယ်စကားများ၊ လှည့်ဖြားသောစကားများနှင့် ကြား၍ပင် မကောင်းသော အရာအချို့ကိုပင် ပြောဆိုနေကြပေသည်။ ဥပမာအားဖြင့် အဆင့်အတန်းရှိသော တစ်စုံတစ်ဦး၌ ချွန်သောမျက်နှာရှိသည့် မျောက်နှင့်တူသော ပါးပြင်များဖြင့် အမှန်တကယ် အလွန် အကျည်းတန်သော သားတစ်ဦး ရှိသည် ဆိုကြပါစို့။ ထိုဖော်လံဖားများက သူ အကျည်းတန်သည်ဟု ပြောဆိုကြမည်လော။ အဘယ်အရာကို ၎င်းတို့ ပြောဆိုကြမည်နည်း။ (သူ တကယ်ကို ချောမောခန့်ညားပါသည်။) “သူ အလွန် ချောမောခန့်ညားပါသည်” ဟု ပြောဆိုရုံမျှဖြင့် ၎င်းတို့အတွက် လုံလောက်သလော။ ၎င်းတို့က “သူ့တွင် ပြည့်ဖြိုးသည့် နဖူးနှင့် ကျယ်ပြန့်ပြီး လုံးဝန်းသော မေးရိုးရှိသည်။ သူသည် အနာဂတ်တွင် ချမ်းသာပြီး အဆင့်အတန်းမြင့်မားမည့် သူ၏ မျက်နှာမျိုး ရှိသည်” ဟူကဲ့သို့သော ရွံရှာဖွယ် တစ်စုံတစ်ခုကို ပြောဆိုရမည် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် မဟုတ်ကြောင်း သိသာနေသည့်တိုင် ၎င်းတို့သည် ဤမုသားများကို ပွင့်လင်းစွာ ပြောဆိုဝံ့ကြဆဲ ဖြစ်သည်။ ထိုအရာရှိက ဤအရာကို ကြားသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ ဤအရာများကို သူ ကြားလိုသည်၊ သူသည် ထိုအရာများ နားထောင်ရသည်ကို နှစ်သက်သည်။ ထိုအရာများ နားထောင်သည်ကို သူမည်မျှ နှစ်သက်သနည်း။ အကယ်၍ မည်သူကမျှ သူ၏ ရှေ့မှောက်၌ ဤအရေခြုံစကားများ၊ ဖော်လံဖားစကားများနှင့် လှည့်ဖြားသောစကားများကို မပြောဆိုပါက၊ အကယ်၍ မည်သူကမျှ သူ့ကို ပျော်ရွှင်စေပြီး ကျေနပ်စေရန် မမှန်သကဲ့သို့ စက်ဆုပ်ဖွယ်သော စကားများကို မပြောဆိုပါက ဘဝက စိတ်ဝင်စားဖွယ်မရှိဟု သူ မြင်မည်ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ဤသည်မှာ အလွန် ကောက်ကျစ်ဆိုးယုတ်ပေသည်။ ၎င်းတို့ကိုယ်တိုင် မုသားများ ပြောဆိုသောအခါ ယင်းမှာ အတော်ပင် အော်ဂလီဆန်စရာ ဖြစ်နေပြီးဖြစ်သော်လည်း သူသည် အခြားသော လူလိမ်များကိုလည်း နံစော်သော ယင်ကောင်အုပ်တစ်အုပ်ကဲ့သို့ သူ့အား ဝန်းရံနေခြင်းကိုလည်း နှစ်သက်ပြီး ဤအရာကို သူ မည်သည့်အခါမျှ ငြီးငွေ့ခြင်း မရှိပေ။ သူသည် စကားလုံးများဖြင့် ကျွမ်းကျင်သော၊ ဖော်လံဖားခြင်းနှင့် မျက်နှာလိုအားရလုပ်ခြင်း၌ တော်သော၊ သွယ်ဝိုက်သောနည်းလမ်းဖြင့် စကားပြောဆိုသော မည်သူ့ကိုမဆို ချစ်မြတ်နိုးသည်၊ ဤလူတို့ကို သူ၏ အနီးအနား၌ ထားရှိပြီး အရေးကြီးသော ရာထူးများ၌ ထားလေသည်။ ထိုသို့သော ခေါင်းဆောင်များသည် အန္တရာယ်၌ ရှိနေကြသည် မဟုတ်လော။ ၎င်းတို့သည် မည်သည့် အလုပ်မျိုးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။ အကယ်၍ အသင်းတော်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပါက အဆုံးသတ်သွားမည် မဟုတ်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိနိုင်ဦးမည်လော။

ခေါင်းဆောင်အချို့က စားသောက်ရသည်ကို နှစ်သက်ကြကြောင်း ငါ ကြားရလေပြီ။ ချက်ပြုတ်ရာ၌ မကျွမ်းကျင်သကဲ့သို့ ကောင်းမွန်သည့် အစားအစာများ မပြင်ဆင်တတ်သော ညီအစ်ကိုမောင်နှမများနှင့်အတူ ၎င်းတို့ နေထိုင်ခဲ့ချိန်တွင် မိမိတို့အပေါ် မျက်နှာလုပ်တတ်ပြီး မြှောက်ပင့်တတ်ကာ မိမိတို့အတွက် နေ့စဉ် အရသာရှိသော အစားအစာများကို အထူး ပြင်ဆင်ပေးမည့် အိမ်ရှင်တစ်ဦးကို ၎င်းတို့ ရှာဖွေကြသည်။ နေ့စဉ် ခေါင်းဆောင်များက၊ “ဘုရားကို ကျေးဇူးတင်ပါသည်၊ နေ့စဉ် ဘုရား၏ ပွဲတော်ကို ငါတို့ ခံစားကြရသည်။ ဤသည်မှာ အမှန်ပင် ဘုရား၏ ကျေးဇူးတော် ဖြစ်သည်” ဟု ပြောဆိုလျက် မိမိတို့၏ စိတ်နှလုံး ကျေနပ်အားရသည်ထိ စားသောက်ကြလေသည်။ ထိုသို့သောလူများတွင် အန္တရာယ် ရှိပေသည်။ ၎င်းတို့သည် အန္တိခရစ်များ မဟုတ်သေးလျှင်ပင်၊ ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရနှင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိကြောင်းနှင့် လတ်တလောတွင် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေကြောင်းကို ၎င်းတို့၏ အပြုအမူကဖော်ထုတ်ပြီးသားဖြစ်သည်။ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာနိုင်ခြင်းရှိမရှိ၊ ၎င်းတို့အနေဖြင့် အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်မှာ ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းပေါ်၌ မူတည်သည်။ ၎င်းတို့သည် လတ်တလောတွင် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေကြပြီး ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားအနှစ်သာရနှင့် ကိုက်ညီနေသည်မှာ အတော်ပင် သိသာထင်ရှားသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများကို နှစ်သက်ပြီး အပြုသဘောဆောင်သော အရာများကို မနှစ်သက်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ပြစ်တင်ရှုတ်ချကာ ငြင်းပယ်လျက် မထီမဲ့မြင်ပြုကြသည်။ အဘယ်အရာကို ၎င်းတို့ လက်ခံကြသနည်း။ တမင်လိမ်လည်လှည့်စားခြင်း၊ မုသားများ၊ ပြီးလျှင် အပျက်သဘောဆောင်သော အရာများနှင့် သက်ဆိုင်သည့်အရာအားလုံး ဖြစ်သည်။ ငါသည် နေရာတစ်ခုခုသို့ ရောက်ရှိသောအခါ အချို့လူများက “ကိုယ်တော် ကြည့်ရတာ နေကောင်းသည့်ပုံမရပါ။ ခဏ အနားယူပါ” ဟု ပြောဆိုကြသည်။ ငါ နေကောင်းခြင်း ရှိမရှိဟူသည်နှင့် ငါ အနားယူရန် လိုအပ်သည့်အချိန်ဟူသည့် ဤအရာများကို ငါ့ဘာသာ သိသည်။ သင်တို့သည် တော်ယောင်ဆောင်ရန် မလိုအပ်သကဲ့သို့ သင်တို့ မည်မျှ လိမ္မာပါးနပ်ကြောင်းကို ကြွားဝါရန်လည်း မလိုအပ်ပေ။ ဤအရာကို ငါ လက်မခံ၊ စက်ဆုပ်ရွံရှာသည်။ ငါ မည်သည့် လူစားမျိုးကို နှစ်သက်သနည်း။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ချက်ချင်း မိတ်သဟာယဖွဲ့နိုင်ပြီး မိမိတို့၏ စိတ်ထဲတွင်ရှိအရာကို ငါ့အား ပြောဆိုနိုင်သောသူများ ဖြစ်သည်။ သင်တို့၏ အခက်အခဲများကို ဖြေရှင်းရန် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ပြီး သင်တို့သည် ငါနှင့် ပို၍ ရင်းနှီးသော ဆက်ဆံရေး ရှိနိုင်မည်။ သင်တို့ကိုယ်သင်တို့ မျက်နှာလုပ်ပြီး ငါ့ကို ကျေနပ်အောင် ကြိုးစားခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း မရှိနှင့်။ ယင်းမှာ အလွန် စက်ဆုပ်ဖွယ်ကောင်းသည်။ ၎င်းတို့ကို ငါ ရွံရှာဖွယ်အဖြစ် မြင်သောကြောင့် ဤသို့သောလူများသည် ငါနှင့် ဝေးဝေးနေသင့်သည်။ ငါသည် သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော ယင်ကောင် သို့မဟုတ် ပိုးမွှားတစ်ခုအဖြစ် သတ်မှတ်သည်။ သင်တို့ ဝေးဝေးနေကြလော့။ အချို့လူများက “ကိုယ်တော့်အနားတွင် ကိုယ်တော့်ကို အစေခံရန် တစ်စုံတစ်ဦး မလိုအပ်သလော”ဟု ပြောဆိုကြသည်။ သင်၏ အမြင်တွင် ငါ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းအရ၊ လိုက်လျောညီထွေသော ဆက်ဆံမှုနှင့် အစေခံမှုတစ်ခုခု ရှိသင့်သည်။ သို့သော် ယင်းကို ငါ မလိုအပ်ပေ။ ဤအရာများကို သင်မလုပ်ဆောင်ရပေ၊ နားလည်သလော။ ငါသည် ဤအရာများအပေါ် စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုကို ခံစားရသည်။ အကယ်၍ သင်သည် ငါ့အပေါ် စာနာထောက်ထားပြီး ဂရုစိုက်ရန် သင်၏ စိတ်နှလုံးထဲ၌ အမှန်တကယ် ရှိပါက ထိုသို့ပြုလုပ်ရန် သင့်လျော်သော နည်းလမ်းများစွာ ရှိသည်။ ဥပမာအားဖြင့် သင့်ကို တစ်စုံတစ်ခု ပြုလုပ်ရန် ငါပြောဆိုပါက သင်သည် ယင်းကို နာခံစွာ လိုက်နာဆောင်ရွက်ပြီး အခက်အခဲများ ကြုံတွေ့ရသောအခါ ယင်းတို့ကို ငါနှင့် ချက်ချင်း ဆွေးနွေးနိုင်သည်။ သို့ရာတွင် မည်သည့်အရာကို သင်ပြုလုပ်သည်ဖြစ်စေ နားကြားကောင်းသည့် မြှောက်ပင့်စကားများစွာကို ပြောဆိုလျက် ရာထူးရှိသောလူများကို မျက်နှာလုပ်သော ဘာသာတရားမရှိသူတို့၏ နည်းလမ်းကို အတုမယူနှင့်။ ၎င်းတို့ကို ငါ မကြားလိုပေ။ ငါသည် သိသာစွာပင် အရပ်မရှည်သော်လည်း သင်က “ကိုယ်တော် အရပ်မရှည်သည့်တိုင် ကိုယ်တော်သည် ကျွန်ုပ်တို့ထက် အရပ်ပိုရှည်သည်” ဟု အခိုင်အမာ ဆိုနေသည်။ ယင်းကို ငါ မကြားလို။ သို့ဖြစ်၍ သင်တို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ငါ့ကို မပြောနှင့်။ သင်သည် မှားယွင်းသောလူကို ပြောဆိုနေခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် ဤ စကားမျိုးတို့ကို ကြားလိုကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် မိမိတို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများကို “ငါ ဝနေသလော” ဟု မေးမြန်းကြသည်။ အချို့လူများက “သင် ဝနေသည့်တိုင် သင်က ကျွန်ုပ်တို့ထက် ပိုကြည့်ကောင်းသည်” ဟု ပြောဆိုကြသည်။ “သို့ဆိုလျှင် ငါ ပိန်နေသလော” “သင် ပိန်နေသည့်တိုင် သင်က အံ့သြဖွယ်ကောင်းနေသည်။ မည်သို့ပင်ဖြစ်စေ သင်က ဖက်ရှင်မော်ဒယ်တစ်ဦးကဲ့သို့ပင်ဖြစ်သည်၊ သင့်အပေါ်၌ အရာရာတိုင်းက ကြည့်ကောင်းနေသည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာကို ကြားသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပြီး သင့်ကို ၎င်းတို့၏ ရဲဘော်ရဲဘက်များနှင့် မဟာမိတ်များအဖြစ် မှတ်ယူကြသည်။ အန္တိခရစ်တို့ နှစ်သက်သော ဤအရာအားလုံးသည် ရွံရှာဖွယ်ကောင်းပြီး ကောက်ကျစ်ဆိုးယုတ်သည်၊ သို့မဟုတ်ပါက ၎င်းတို့ကို ကောက်ကျစ်ဆိုးယုတ်သည်ဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။ အန္တိခရစ်တို့သည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ အရှက်တရားနှင့် ဂုဏ်သိက္ခာကဲ့သို့သော ပုံမှန်လူ့သဘာဝ၏ အစိတ်အပိုင်းများအပြင် ပုံမှန်လူ့သဘာဝရှိ အခြားအရာများထဲမှ အကောင်းနှင့်အဆိုး၊ အဖြူနှင့်အမည်း၊ အမှားနှင့်အမှန်တို့အကြား ပိုင်းခြားသိမြင်နိုင်စွမ်းကို ချစ်မြတ်နိုးကြသလော။ အန္တိခရစ်တို့သည် ရှက်စိတ်ရှိသောလူများကို ချစ်မြတ်နိုးကြသလော။ ၎င်းတို့သည် ဂုဏ်သိက္ခာရှိသောလူများကို ချစ်မြတ်နိုးကြသလော။ ၎င်းတို့သည် အရှက်မဲ့သော၊ မည်သည့်အသိမျှမရှိသကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ခြင်းမရှိဘဲ ချိုလွန်းသောပုံစံဖြင့် စကားပြောဆိုနိုင်သောသူများကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့၌ ရှက်စိတ် ကင်းမဲ့နေကြသည် မဟုတ်လော။ သင်၏ စကားများက ပို၍ ချိုလေ၊ ၎င်းတို့က ပို၍ ပျော်ရွှင်လေ ဖြစ်သည်။ အန္တိခရစ်တို့၏ နှစ်သက်မှုများနှင့် အမှုအရာအမျိုးမျိုးအပေါ် ၎င်းတို့၏ သဘောထားများအပြင် ၎င်းတို့၏ ရွေးချယ်မှုများနှင့် ဦးတည်ချက်တို့ကို ကြည့်သည့်အခါ၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုက အကန့်အသတ်များမရှိသည်မှာ သိသာထင်ရှားသည်။ သမ္မာတရားအား နားလည်သောသူတို့ကို ထားလိုက်လော့။ လူ့အဖွဲ့အစည်းတွင် တရားမျှတစိတ် အနည်းငယ်မျှသာရှိသော လူများပင် ထိုသို့သော အပြုအမူမျိုးကို မနှစ်သက်ကြပေ။ သင်တို့ မြင်သလော။ အရာရှိအသိုင်းအဝိုင်းများရှိ အချို့သောလူတို့သည် ရာထူးရှိသောသူများကို အသည်းအသန် မျက်နှာလုပ်ကြသည်။ ၎င်းတို့သည် ရာထူးရှိသောသူများ လိုအပ်သည့် မည်သည့်အရာကိုမဆို ပေးကြပြီး မိမိတို့၏ ဇနီးများကိုပင် စွန့်လွှတ်ကြသည်။ ၎င်းတို့၌ ဂုဏ်သိက္ခာ ကင်းမဲ့ကြသည် မဟုတ်လော။ (ကင်းမဲ့ပါသည်။) ထို့အပြင် အချို့သော အရာရှိများသည် လိင်တူဆက်ဆံမှု၌ ပါဝင်ပတ်သက်ကြပြီး ဤအရာရှိများကဲ့သို့ပင် လိင်တူသော အချို့လူများသည် မိမိတို့ ကိုယ်တိုင် မလိုလားသည့်တိုင် ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ကြလိမ့်မည်။ သင်တို့သည် ထိုသို့သောအရာများကို ပြုလုပ်နိုင်ကြမည်လော။ (လုပ်ဆောင်နိုင်မည် မဟုတ်ပါ။) သို့သော် ၎င်းတို့ ပြုလုပ်နိုင်ကြသည်။ ၎င်းတို့၌ ကိုယ်ကျင့်တရားအခြေခံ မရှိ၊ ရှက်စိတ်မရှိ၊ အသိစိတ်နှင့်ဆိုင်သော အသိမရှိ၊ ဆင်ခြင်တုံတရား မရှိပေ။ ထို့ကြောင့် ဤအရာများကို ၎င်းတို့ ပြုလုပ်ကြခြင်း ဖြစ်သည်။ သင်တို့ကို ပြဇာတ်တစ်ခုရှိ စာကြောင်းများအတိုင်း သရုပ်ဆောင်ခိုင်းမည်ဆိုလျှင် ၎င်းတို့ ပြောဆိုသော ထိုအရာများကို သင်တို့ ဖွင့်ဟပြောဆိုနိုင်မည်ပင် မဟုတ်ပေ။ ဤလူတို့သည် ပြဇာတ်သရုပ်ဆောင်များထက်ပင် ပို၍ ချိုသာနေကြသည်။ ပြဇာတ်သရုပ်ဆောင်များဟုဆိုရာတွင် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ မိမိတို့ကိုယ်လုံးတီးဖြင့်ရှိနေစဉ် မြင်တွေ့ခံရခြင်း သို့မဟုတ် လာရောက်ကြည့်ရှုခြင်းခံရသည့်အခါ စိတ်မဆိုးဘဲ မျက်တောင်တစ်ချက်မခတ်သောသူများကို ငါ ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့သောလူများကို ပြဇာတ်သရုပ်ဆောင်များဟု ခေါ်သည်။ သို့ဖြစ်၍ မိမိတို့၏ ရွံရှာဖွယ်ဖြစ်ပြီး စက်ဆုပ်ဖွယ်စကားများ၊ ကောက်ကျစ်ဆိုးယုတ်သော အရာများကို နှစ်သက်မှုတို့ရှိသည့်ဤဖော်လံဖားများသည် ထိုပြဇာတ်သရုပ်ဆောင်များထက်ပင် ပို၍ ဆိုးရွားကြသည်။ ဒုတိယလူတို့သည် မိမိတို့၏ ခန္ဓာကိုယ်များကိုသာ ရောင်းချကြသော်လည်း အန္တိခရစ်များဟု သိရသည့် ဤကောက်ကျစ်ဆိုးယုတ်သော လူစုက အဘယ်အရာကို ရောင်းချကြသနည်း။ ၎င်းတို့၏ စိတ်ဝိညာဉ်များကို ရောင်းချကြသည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်သော ဆိုးယုတ်သည့် မကောင်းဆိုးဝါးတစ်သိုက် ဖြစ်ကြသည်။ ထို့ကြောင့် ဤလူတို့ကို သမ္မာတရား ပြောဆိုခြင်းသည် ဝက်များရှေ့၌ ပုလဲများ ချထားခြင်းနှင့် တူသည်။ သမ္မာတရားကို ချစ်မြတ်နိုးရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ဤသည်မှာ အဆင့်အတန်းကို ၎င်းတို့ ချဉ်းကပ်ပုံဖြစ်ပြီး ယင်းနှင့်အတူ ပါလာသော သာလွန်ကောင်းမွန်သော ခံစားချက်အမျိုးမျိုးနှင့် အခြား ကောင်းသော ခံစားချက်များကို ခံစားကြလေသည်။ ဤမွေ့လျော်ခံစားမှုမှ ရရှိသော ခံစားချက်အမျိုးမျိုးမှာ အဘယ်နည်း။ ယင်းတို့သည် အပြုသဘောဆောင်သောအရာများလော သို့မဟုတ် အပျက်သဘောဆောင်သော အရာများ ဖြစ်သလော။ ဤသည်တို့မှာ အပျက်သဘောဆောင်သော အရာများချည်းသာ ဖြစ်ကြသည်။ အဆင့်အတန်းကို ၎င်းတို့ ရရှိသောအခါ လူတို့က ၎င်းတို့ကို ဖော်လံဖားခြင်း၊ ၎င်းတို့လိုအပ်သည်တို့ကို ဖြည့်ဆည်းပေးခြင်းနှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ဖြည့်ဆည်းပေးခြင်းတို့အား မွေ့လျော်ခံစားရန် ၎င်းတို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် အထူးအရေးပေးဆက်ဆံမှုကိုလည်း ခံစားလိုကြသည်။ ၎င်းတို့၏ အစားအသောက်၊ နေရာထိုင်ခင်းနှင့် ၎င်းတို့ အသုံးပြုသော အရာများအားလုံးသည် အထူးကောင်းမွန်ရမည်ဖြစ်ပြီး ၎င်းတို့သည် အရာရာတိုင်း၌ အခြားသူများနှင့် ကွဲပြားရမည် ဖြစ်သည်။ သင်၏ ထိုရုပ်ခန္ဓာကိုယ်သည် အခြားသူတို့၏ ရုပ်ခန္ဓာကိုယ်နှင့် အမှန်တကယ် တစ်ခုတလေ ကွာခြားသလော။ အန္တိခရစ်တို့က အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို နေရာချထားရန် မြေကြီးပေါ်၌ နေရာတစ်နေရာမျှ မရှိတော့သည့်အလား၊ ၎င်းတို့က မိမိတို့ကိုယ်ကို မြင့်မြတ်ပြီး ထူးကဲသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ပလ္လင်ပေါ်တွင် ထိုင်ရမည်ဖြစ်ပြီး လူတို့အား မိမိတို့ကို ပူဇော်မှုများ ပြုစေရမည် ဖြစ်သည်။ ထိုသို့ မဟုတ်လော။ ငါ့ကို ပြောလော့၊ ဤသည်တို့မှာ ပုံမှန်လူတို့ အများအားဖြင့် လက်သင့်ခံကြသည့် စိတ်ကူးများဖြစ်သလော။ ၎င်းတို့၌ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံမှန်လူတို့သည် ထိုအတွက် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတစ်ခုခု ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့၌ အရှက်တရား၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့်၊ သမ္မာတရားအပေါ် ယခုအနည်းငယ် နားလည်မှု ရှိသည့်အပြင် အဆင့်အတန်းအပေါ် ၎င်းတို့၏ စွဲလမ်းမှုမှာ လျော့ပါးပြီး မှေးမှိန်သွားသည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းနှင့်အတူ ပါလာသော အကျိုးကျေးဇူးများအပေါ် အရေးထားမှု လျော့နည်းသွားနိုင်ပြီး ယင်းက ဆောင်ကြဉ်းပေးသော အကျိုးကျေးဇူးများကို အရေးမပါဟု ၎င်းတို့ ရှုမြင်နိုင်ပါက ၎င်းတို့သည် အခြားလူတို့၏ ဖော်လံဖားမှုနှင့် ချိုသာသောစကားများ၊ ကပ်ဖားခြင်းနှင့် အခြား ထိုသို့သော အပြုအမူများကိုလည်း စက်ဆုပ်ရွံရှာခြင်း ခံစားရနိုင်ပြီး ထိုသို့သော အရာများနှင့် ခပ်ကင်းကင်းနေနိုင်သည် သို့မဟုတ် ကျောခိုင်းကာ စွန့်လွှတ်ခြင်းပင် ပြုနိုင်သည်။ သို့သော် အန္တိခရစ်တို့သည် ဤအရာများကို စွန့်လွှတ်နိုင်သလော သို့မဟုတ် လက်လွှတ်နိုင်ကြသလော။ လုံးဝ လက်မလွှတ်နိုင်ပေ။ အကယ်၍ သင်တို့သည် ၎င်းတို့ကို ဤအရာများအား လက်လွှတ်ရန် တောင်းဆိုပါက ၎င်းတို့၏ အသက်ကို တောင်းဆိုနေသည့်အလား ဖြစ်သည်။ သို့မဟုတ်ပါက အချို့သောလူတို့သည် မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် “ကျွန်ုပ်နောက်ထပ် ယုံကြည်တော့မည် မဟုတ်ပါ။ ကျွန်ုပ် အသက်ဆက်ရှင်မည်မဟုတ်ပါ။ ဘဝက အသက်မရှင်ထိုက်ပါ” ဟု အဘယ်ကြောင့် ပြောဆိုကြမည်နည်း။ ဤနေရာ၌ တစ်စုံတစ်ခု ဖြစ်ပျက်နေသည် မဟုတ်လော။ အဘယ်ကြောင့် အဆင့်အတန်းသည် ၎င်းတို့အတွက် အလွန်အရေးကြီးနေရသနည်း။ ၎င်းတို့သည် ထူးခြားချက်မရှိသကဲ့သို့ သာမန်ဖြစ်သော ဘဝဖြင့် အသက်မရှင်နိုင်ကြပေ။ ၎င်းတို့၌ အဆင့်အတန်း ရှိရမည်။ ၎င်းတို့သည် လူအများအထက်တွင် ရပ်တည်ပြီး အခြားသူတို့၏ အရိုအသေပြုခြင်း၊ ကိုးကွယ်ခြင်းနှင့် ချီးမြှောက်ခြင်းအပြင် ၎င်းတို့ကို ဖြည့်ဆည်းပေးရန်၊ လှည့်ဖြားရန်နှင့် ဖော်လံဖားရန် ရည်ရွယ်သော မုသားများကိုပါ ခံစားရမည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများ၌ နှစ်သက်ခံစားလိုကြသည်။ ပုံမှန်လူ့သဘာဝရှိသောလူတို့သည် ထိုသို့သော အရာများ၌ လိုလိုလားလား နှစ်သက်ခံစားကြသလော။ သေချာပေါက် မခံစားကြပေ။ ယင်းက ၎င်းတို့ကို နေသားမကျဖြစ်စေသည်။ အဘယ်ကြောင့် အန္တိခရစ်တို့သည် ဤအရာများကို မွေ့လျော်ခံစားရန် နှစ်သက်ကြသနည်း။ အကြောင်းမှာ ၎င်းတို့အတွင်း၌ စာတန်ဆန်သော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ စာတန်၏ အမျိုးအစားဝင်များသာလျှင် ဤအရာများကို လိုက်စားပြီး ထိုသို့သော တောင်းဆိုချက်များ ရှိကြသည်။ ပုံမှန်လူတို့သည် ဤအရာများကို အတန်ကြာ မွေ့လျော်ခံစားနိုင်သော်လည်း ယင်းတို့ကို အဓိပ္ပာယ်မဲ့ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ဟု မြင်လာကြကာ ထို့နောက်တွင် ထိုအရာများအားလုံးနှင့် ဝေးဝေးနေကြသည်။ သို့သော် အချို့သောလူတို့သည် ယင်းတို့ကို လက်လွှတ်ဖို့ ခေါင်းမာစွာ ငြင်းပယ်ကြသည်။ ဥပမာအားဖြင့် အဘယ်ကြောင့် အချို့သော ရုပ်ရှင်သရုပ်ဆောင်များသည် အသက်အရွယ် ကြီးရင့်လာသည့်တိုင် ရုပ်ရှင်လောကမှ လုံးဝအနားမယူကြသနည်း။ အကြောင်းမှာ ထိုဂုဏ်ရောင်ဂုဏ်ဝါမရှိဘဲ၊ ၎င်းတို့ကို ဝန်းရံနေသောလူများမရှိဘဲ ၎င်းတို့၏ ဘဝက ငြီးငွေ့ဖွယ်အတိဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကြီး မပြာတော့သကဲ့သို့၊ ၎င်းတို့၏ ဘဝက ဦးတည်မရှိသည့်အပြင် အဓိပ္ပာယ်မဲ့ပြီး တန်ဖိုးမရှိ ဖြစ်လာခဲ့သကဲ့သို့ ခံစားရကြသည်။ ၎င်းတို့၏ ဘဝတစ်ခုလုံး မျှော်လင့်အားရဖွယ်မရှိဟု ၎င်းတို့ ခံစားရသဖြင့် ၎င်းတို့သည် ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်ဖြစ်ခြင်း၏ ခံစားချက်ကို ပြန်လည်ခံစားရန် ရုပ်ရှင်လောကသို့ ပြန်သွားရပေသည်။ အန္တိခရစ်တို့သည် ၎င်းတို့နှင့် တူညီသော အရည်အသွေးကို မျှဝေခံစားကြသည်။ ၎င်းတို့သည် အလားတူ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် အနှစ်သာရကို ပိုင်ဆိုင်ကြသည်။ အန္တိခရစ်တို့ အဆင့်အတန်း ရရှိသောအခါ နေရာတိုင်း၌ ထိုအဆင့်အတန်းကို ကြွားလုံးထုတ်ကြပြီး မိမိတို့၏ အိမ်များ၌ပင် အာဏာရှင်ဆန်သော အခန်းကဏ္ဍကို ယူကာ ၎င်းတို့၏ မိသားစုဝင်များအား ၎င်းတို့ကို နာခံစေကြသည်။ အန္တိခရစ်တို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် အနှစ်သာရကို ပိုင်ဆိုင်ကြပြီး ၎င်းတို့သည် အဆင့်အတန်းကို အထူးနှစ်သက်မြတ်နိုးမှုဖြင့် သဘောထားပြုမူကြကာ ယင်းကို ထုတ်ဖော်ပြသရန်နှင့် ကြွားလုံးထုတ်ရန် အစွမ်းကုန် ကြိုးစားကြသည်။ ဤအရာက အဘယ်အရာကို ပြသသနည်း။ ဤလူတို့သည် ရှက်စိတ်ရှိကြသလော။ မရှိကြပေ။ ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ပင်ကိုလက္ခဏာ ပြောင်းလဲသွားသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ မိဘများနှင့် ၎င်းတို့၏ ဆက်ဆံရေးသည်ပင် ပြောင်းလဲသွားသည်။ ဤနေရာ၌ ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ယင်းမှာ မလျော်ကန်ပေ။ အဆင့်အတန်းအပေါ် ထိုသို့သော သဘောထားကို ၎င်းတို့ စွဲကိုင်ထားနိုင်ခြင်းသည် သူတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်သည့် သက်သေတစ်မျိုး ဖြစ်သည်။

ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် အမြင့်ဆုံးဖြစ်သည်။ ဘုရားသခင်သည် ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ပိုင်ဆိုင်သည်။ ပြီးလျှင် သူ့တွင် သူ၏ကိုယ်ပိုင်စိတ်သဘောထား၊ သူ၏ကိုယ်ပိုင်ပိုင်ဆိုင်မှုများနှင့် ဖြစ်ခြင်းတို့ရှိသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းခြင်းအားလုံးအလယ်တွင် နှစ်မည်မျှအလုပ်လုပ်နေခဲ့သည်ကို သိသည့်သူ တစ်ဦးတလေ ရှိသလော။ ဘုရားသခင် အလုပ်လုပ်နေပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို စီမံနေခဲ့သည့် အတိအကျ နှစ်အရေအတွက်ကို မသိရပေ။ မည်သူကမျှ တိကျသော ကိန်းဂဏန်းကို မပေးနိုင်ပေ။ ပြီးလျှင် ဘုရားသခင်က ဤအမှုကိစ္စများကို လူသားမျိုးနွယ်ထံ အသိပေးခြင်း မရှိပေ။ သို့ရာတွင် စာတန်က ဤသို့သောအရာတစ်ခုကို လုပ်ဆောင်သည်ဆိုလျှင် သူသည် ဤအရာကို အသိပေးမည်လော။ အသေအချာပင် အသိပေးမည် ဖြစ်သည်။ သူသည် ပိုမိုများပြားသောလူတို့အား အထင်အမြင်မှားစေပြီး သူ၏ပါဝင်ပံ့ပိုးမှုကို လူတို့ ပို၍သတိပြုမိစေရန်အတွက် သူ့ကိုယ်သူ ကိုယ်ရည်သွေးပြချင်သည်။ ဘုရားသခင်က ဤအမှုကိစ္စများကို အဘယ်ကြောင့် အသိမပေးသနည်း။ ဘုရားသခင်၏ အနှစ်သာရတွင် နှိမ့်ချပြီး ကွယ်ဝှက်နေသော သွင်ပြင်လက္ခဏာတစ်ခုရှိသည်။ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်း၏ ဆန့်ကျင်ဘက်မှာ အဘယ်နည်း။ မာနထောင်လွှားခြင်းနှင့် ကိုယ့်ဂုဏ်ကိုယ်ဖော်ခြင်းဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှုက မည်မျှကြီးမားသည်ဖြစ်စေ၊ သူသည် လူတို့အား ၎င်းတို့ သဘောပေါက်နားလည်နိုင်သည့်အရာကိုသာ ပြောပြသည်။ လူတို့ အသိပညာ ရရှိကာ၊ သူပြုလုပ်သော အမှုအားဖြင့် သူ၏ အနှစ်သာရကို သိရှိလာခွင့်ပေးခြင်းဖြင့် ကျေနပ်သည်။ ဤသည်က လူတို့အား မည်သို့သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးသနည်း။ ဤသည်က မည်သို့သော အကျိုးဆက်ကို ရရှိစေသနည်း။ လူတို့အနေဖြင့် ဘုရားသခင်ကို ကိုးကွယ်နိုင်ရန်အလို့ငှာ ဤအရာများကို သိရှိရမည် ဖြစ်သလော။ ယင်းမှာ အမှန်တကယ် ထိုသို့မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်းသည် နောက်ဆုံး ဓမ္မဓိဋ္ဌာန်ကျသော ရလဒ်ဖြစ်သော်လည်း ဤအရာများကို လူတို့အား သိရှိခွင့်ပေးရာတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဤအရာများကို ၎င်းတို့ သိရှိပြီးနောက်၊ ဘုရားသခင်က လူသားမျိုးနွယ်အား မည်သို့ စီမံသည်၊ သူက လူသားမျိုးနွယ်အပေါ် မည်သို့ အချုပ်အခြာအာဏာစွဲကိုင်ပြီး စီစဉ်သည်ဟူသည်တို့ကို ၎င်းတို့ နားလည်ပြီးနောက်၊ ၎င်းတို့အား ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံနိုင်စေရန်၊ အချည်းနှီးသော အတိုက်အခံလုပ်မှုကို နောက်ထပ် မပြုလုပ်ကြရန်၊ လမ်းမှားသို့ နောက်ထပ် မရောက်ရှိကြရန် ဖြစ်သည်၊ ဤနည်းအားဖြင့် လူတို့သည် ဆင်းရဲဒုက္ခခံစားရခြင်းက များစွာ လျော့နည်းသွားလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ပေးအပ်သော နည်းလမ်းများနှင့် နိယာမများနှင့်အညီသော်လည်းကောင်း၊ သူ၏ သတ်မှတ်ချက်များနှင့် သူပေးအပ်သော စည်းမျဉ်းများအတိုင်းလည်းကောင်း အလိုအလျောက် အသက်ရှင်ကာ တည်ရှိခြင်းဖြင့် သင်တို့သည် စာတန်၏ လက်အောက်သို့ နောက်ထပ် ကျရောက်တော့မည်မဟုတ်သကဲ့သို့ ဒုတိယအကြိမ် ဖောက်ပြန်ပျက်စီးကာ နင်းချေခြင်း ခံရလိမ့်မည်မဟုတ်ပေ။ ထိုအစား သင်တို့သည် ဘုရားသခင် ထူထောင်ထားသော စည်းမျဉ်းများအတွင်း၌ ထာဝစဉ် အသက်ရှင်လိမ့်မည်၊ လူသားပုံသဏ္ဌာန်ဖြင့်လည်းကောင်း၊ ဖန်ဆင်းခံတစ်ဦးအဖြစ်လည်းကောင်း အသက်ရှင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုတို့ကို လက်ခံရရှိလိမ့်မည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက်နှင့် ရည်မှန်းချက် ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင် လုပ်ဆောင်ခဲ့သော ကြီးမားလှသည့် အမှုနှင့်ပတ်သက်၍ သူသည် ထိုအရာကို ပြသဖူးသလော။ သူပြုပြီးသည့်အရာကို လူတို့အား သူ ပြောဖူးသလော။ မည်သည့်အခါမျှ မပြောခဲ့ပေ။ လူများစွာတို့သည် ဘုရားသခင် လုပ်ဆောင်ပြီးသည့်အရာ သို့မဟုတ် မည်သည့် အမှုအရာအမျိုးအစားများအား ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အရာများအား မလုပ်ဆောင်ရသေးသည်ကို မသိကြပေ။ လက်တွေ့တွင် ဘုရားသခင်သည် များစွာသော အမှုအရာများကို လုပ်ဆောင်ပြီးဖြစ်သော်လည်း သူသည် ဤအရာများကို လူသားမျိုးနွယ်ထံ မည်သည့်အခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် ယင်းတို့ကို လူသားမျိုးနွယ်ထံ ထုတ်ဖော်ပြောကြားခြင်းမရှိ။ သင်တို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ သင်တို့ သိသင့်သိထိုက်သည့်အရာကို ရှင်းလင်းစွာ သိရှိရန်ဖြစ်သည်။ အနာဂတ်တွင် လူသားမျိုးနွယ်သည် မြေကြီးပေါ်၌ ပုံမှန်အတိုင်း တည်ရှိနိုင်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်က လူသားမျိုးနွယ်ထဲသို့ ရောက်ရှိလာသောအခါ လူတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံမှုများ ရှိနိုင်ကြလိမ့်မည်၊ သူ့ကို လက်ခံနိုင်ကြလိမ့်မည်၊ သူ့ကို ကိုးကွယ်နိုင်ကြလိမ့်မည်၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး စာတန်နှင့်အတူ နောက်ထပ် လျှောက်လှမ်းကြတော့မည်မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်သည် မြေကြီးပေါ်၌ ပေါ်ထွန်းလာလိမ့်မည်ဖြစ်ပြီး မြေကြီးပေါ်၌ သူ့ကို ကိုးကွယ်နိုင်သော လူတစ်စု၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော လူတစ်စု ရှိလာလိမ့်မည်။ ဘုရားသခင်၏ အမှုတော်သည် ထိုသို့ဖြင့် ပြီးမြောက်လိမ့်မည်။ ဤရလဒ်ကို ရရှိခြင်းက လုံလောက်ပေသည်။ သို့ဖြစ်၍ ဘုရားသခင်က တစ်ခုတလေကို လုပ်ဆောင်သောအခါ၊ အကယ်၍ သင်တို့သည် ယင်းကို နားမလည် သို့မဟုတ် သတိမပြုမိပါက ဘုရားသခင်က သင်တို့ကို ရှင်းပြလိမ့်မည်မဟုတ်။ အဘယ်ကြောင့် သူရှင်းမပြသနည်း။ ထိုသို့ပြုလုပ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။ သင်တို့ နားမလည်သော အမှုအရာများစွာ ရှိပြီး ဘုရားသခင်သည် ဤအရာများကို သင်တို့ သိရှိစေရန် သို့မဟုတ် သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို နားလည်စေရန် သို့မဟုတ် သူ၏ တန်ခိုးကို နားလည်စေရန်အလို့ငှာ အချို့နက်နဲသောအရာများကို သင်တို့အား ထုတ်ဖော်ပြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ဤအလုပ်ကို မလုပ်ပေ။ လတ်တလောတွင် ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ခြင်းကို အာရုံစိုက်နေသနည်း။ သူသည် လူတို့အား သမ္မာတရား နားလည်စေခြင်းကို အာရုံစိုက်နေသည်။ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို သိရှိလာလိမ့်မည်၊ သင်၏ အသက်တာအတွက် အခြေခံအုတ်မြစ်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီးအနာဂတ်တွင် ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်လိမ့်မည်။ စာတန်ကိုလည်း သင် ပိုင်းခြားသိမြင်ပြီး စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်သည်။ သူ၏ အထင်အမြင်မှားစေခြင်းခံရတော့မည် မဟုတ်၊ သို့မဟုတ် သူနှင့်အတူ လိုက်ပါတော့မည် မဟုတ်ပေ။ ထို့နောက် သူ၏ အမှုတော် ပြီးစီးပေသည်။ ထိုနက်နဲသောအရာများနှင့် ပတ်သက်၍မူ လူသားမျိုးနွယ်သည် အနာဂတ်တွင် ယင်းတို့ကို နားလည်ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သည့် နက်နဲသောအရာများမှာ မယုံနိုင်လောက်အောင် ကျယ်ပြန့်လှပြီး အကယ်၍ ဘုရားသခင်က ယင်းတို့ကို သင့်အား ထုတ်ဖော်ပြလျှင်ပင်၊ သင် နားလည်မည်ဟု သေချာပေါက် မဆိုလိုပေ။ အကယ်၍ သင်တို့သည် ယင်းတို့နှင့် ထိတွေ့ရလျှင်ပင်၊ သင်တို့ နားလည်ခြင်း သို့မဟုတ် သဘောပေါက်ခြင်း မရှိနိုင်ပေ။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ အကြောင်းမှာ ဖန်ဆင်းခံများနှင့် ဘုရားသခင်အကြား၊ လူသား၏ အတွေးအခေါ်များနှင့် ဘုရားသခင်၏ စိတ်ကူးများကြား အကွာအဝေးတစ်ခု တည်ရှိနေသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် သက်တံသည် ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ပဋိညာဉ်၏ နိမိတ်လက္ခဏာဖြစ်သည်ကို သင်တို့ သိကောင်းသိနိုင်သော်လည်း သက်တံက မည်သို့ ဖြစ်ပေါ်လာသည်ကို သင် သိသလော။ အကယ်၍ ဘုရားသခင်က ဤနက်နဲသောအရာကို သင့်အား ရှင်းပြမည်ဆိုလျှင် သင် နားလည်မည်လော။ သင် နားလည်မည်မဟုတ်သောကြောင့် ဘုရားသခင်က သင့်ကို မပြောခြင်း ဖြစ်သည်။ သူ ပြောလျှင်၊ ထိုအရာက သင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေမည်။ သင်သည် ထိုအရာကို လေ့လာကာ စိစစ်ရန် လိုအပ်မည်ဖြစ်ပြီး ယင်းက သင့်အတွက် ဒုက္ခတစ်ခု ဖြစ်ပေမည်။ ထို့ကြောင့် ဘုရားသခင်သည် နက်နဲသောအရာများနှင့်ပတ်သက်၍ များစွာ မပြောပေ။ သို့သော် စာတန်နှင့်ဆိုင်သော လူသားသည် ဤနက်နဲသောအရာများကို သိရှိပါက တိတ်ဆိတ်စွာ နေနိုင်မည်လော။ လုံးဝ နေနိုင်မည်မဟုတ်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ကွာခြားသည့်နေရာ ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ နှစ်ချီ ထုတ်ဖော်ပြပြီးဖြစ်သော်လည်း လူတို့ မည်သည့်အခါမျှ နားမလည်နိုင်သော အမှုအရာများစွာကို ရှင်းပြသလော။ သူသည် သဘာဝလွန် အမှုအရာများကို လုပ်ဆောင်သလော။ မလုပ်ဆောင်ပေ။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းထားခြင်းဖြစ်ပြီး လူတို့ မည်မျှ နားလည်နိုင်ပြီး၊ မည်သည့်အတိုင်းအတာအထိ နားလည်နိုင်သည်ကို ဘုရားသခင် သိသည်။ ဤအရာများကို လူတို့၏ မျက်စိရှေ့မှောက်၌ ထားသော်လည်း အကယ်၍ လူတို့ နားလည်ရန် မလိုအပ်ပါက ၎င်းတို့အားဉာဏ်အလင်းပေးရန် သို့မဟုတ် ဤအရာများကို လူတို့အပေါ် ချမှတ်ပြီး ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာစေရန် မလိုအပ်ပေ။ သို့ဖြစ်၍ ဘုရားသခင်က ထိုနည်းလမ်းအတိုင်း အမှုမပြုပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ လုပ်ဆောင်မှုများတွင် စည်းမျဉ်းများရှိသည်။ လူသားမျိုးနွယ်အပေါ်သူ၏ ဆက်ဆံနည်းသည် ချစ်မြတ်နိုးခြင်း၊ စာနာထောက်ထားခြင်း၊ ချစ်ခြင်းတစ်မျိုး ဖြစ်သည်။ ဘုရားသခင်က လူတို့အတွက် အကောင်းဆုံးဖြစ်သည့်အရာကို အလိုရှိသည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုအားလုံး နောက်ကွယ်ရှိ အရင်းအမြစ်နှင့် နဂိုမူလရည်ရွယ်ချက်ဖြစ်သည်။ အခြားတစ်ဖက်တွင် စာတန်သည် သူ့ကိုယ်သူ ကိုယ်ရည်သွေးသည်။ လူတို့အပေါ် အဓမ္မလုပ်ဆောင်သည်။ သူ့အား ကိုးကွယ်ပြီး သူ၏ အထင်အမြင်မှားစေခြင်းကို ခံရရန် လူတို့အား လုပ်ဆောင်သည်။ ပြီးလျှင် လူတို့အား အကျင့်ပျက်သောသူ ဖြစ်လာစေသည်။ ဤသို့ဖြင့် ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် အသက်ရှင်သော နတ်ဆိုးများအဖြစ် ပြောင်းသွားပြီး ပျက်စီးခြင်းသို့ ဦးတည်ကြသည်။ သို့သော် ဘုရားသခင်ကို သင်ယုံကြည်သောအခါ သမ္မာတရားကို နားလည်ပြီး ရရှိလျှင် သင်သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်နိုင်ပြီး ကယ်တင်ခြင်းကို ရယူနိုင်သည်။ ဖျက်ဆီးခြင်းခံရသည့် အဆုံးသတ်ကို သင် ရင်ဆိုင်ရမည်မဟုတ်။ စာတန်သည် လူတို့က အဆင်ပြေနေသည်ကို မြင်ရဖို့ကို မခံမရပ်နိုင်ပေ။ ပြီးလျှင် လူတို့ရှင်သည်၊ သေသည်ကို သူ ဂရုမစိုက်ပေ။ သူ့ကိုယ်သူ၊ သူ၏ကိုယ်ပိုင် အကျိုးအမြတ်နှင့် သူ၏ ကိုယ်ပိုင်သာယာမှုကိုသာ ဂရုစိုက်ကာ သူ့တွင် ချစ်ခြင်း၊ သနားကရုဏာ၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း ကင်းမဲ့သည်။ စာတန်သည် ဤအရည်အသွေးများကို မပိုင်ဆိုင်ပေ။ ဘုရားသခင်သာ ဤအပြုသဘောဆောင်သော အရာများကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် လူသားတို့အပေါ် သိသာထင်ရှားသည့် အလုပ်ပမာဏအထိ လုပ်ဆောင်ပြီးဖြစ်သည်။ သို့သော် ဤအကြောင်းကို သူ တစ်ခါဖူးမျှ ပြောခဲ့ဖူးသလော။ ရှင်းပြခဲ့ဖူးသလော။ ကြေညာခဲ့ဖူးသလော။ မကြေညာခဲ့ဖူးပေ။ လူတို့က ဘုရားသခင်ကို မည်သို့ နားလည်မှုလွဲသည်ဖြစ်စေ ဘုရားသခင်က ရှင်းမပြပေ။ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင် သင်သည် အသက်ခြောက်ဆယ် သို့မဟုတ် ရှစ်ဆယ်ပင် ဖြစ်စေကာမူ ဘုရားသခင်အပေါ် သင်၏ သိနားလည်မှုက အလွန် အကန့်အသတ်ရှိပြီး သင် မည်မျှ နည်းပါးစွာ သိရှိသည်ကို အခြေခံကြည့်လျှင် သင်သည် ကလေးတစ်ဦးသာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် သင့်ကို အပြစ်မတင်ပေ။ သင်သည် မရင့်ကျက်သေးသော ကလေးတစ်ဦးသာ ဖြစ်နေသေးသည်။ အချို့သောလူတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်က အသက်အရွယ်ကြီးရင့်ခြင်း၏ လက္ခဏာများ ပြသနေသည်မှာ အရေးမကြီးပေ။ ဘုရားသခင်အပေါ် ၎င်းတို့၏ သိနားလည်မှုက အလွန်ပင် ကလေးဆန်ပြီး အပေါ်ယံဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အပြစ်မတင်ပေ။ သင် နားမလည်လျှင် နားမလည်သည်သာဖြစ်သည်။ ယင်းမှာ သင်၏ အစွမ်းအစနှင့် သင်၏ တတ်စွမ်းနိုင်ခြင်းဖြစ်ပြီး ပြောင်းလဲ၍မရနိုင်ပေ။ ဘုရားသခင်က သင့်အပေါ် မည်သည့်အရာကိုမျှ အတင်းအကျပ် ပြုလိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူတို့အား သူ့အတွက် သက်သေခံရန် တောင်းဆိုသော်လည်း သူ့ကိုယ်သူ သက်သေခံခဲ့သလော။ (မခံခဲ့ပါ။) အခြားတစ်ဖက်တွင် စာတန်ကမူ သူလုပ်ဆောင်သည့် အသေးငယ်ဆုံးသောအရာအကြောင်းကိုပင် လူတို့မသိမည်ကို ကြောက်ရွံ့သည်။ အန္တိခရစ်များသည် မကွာခြားပေ။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် သေးငယ်သောအရာတိုင်းအား လူတိုင်း၏ ရှေ့တွင် ကြွားဝါပြောဆိုကြသည်။ ၎င်းတို့ပြောသည်ကို ကြားရာတွင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေသည့်ပုံစံရှိသည်။ သို့သော် သေချာစွာ နားထောင်လျှင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေခြင်းမဟုတ်ဘဲ ကြွားဝါနေခြင်း၊ မိမိတို့ကိုယ်ကို မြှင့်တင်နေခြင်းဖြစ်သည်ကို သင် တွေ့ရှိရလိမ့်မည်။ ၎င်းတို့ပြောသည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် အနှစ်သာရသည် ဘုရားသခင်ရွေးချယ်ထားသောသူတို့ကိုရဖို့ ဘုရားနှင့် ဖက်ပြိုင်ရန်၊ ဂုဏ်အဆင့်အတန်းကို ရရှိရန်ဖြစ်သည်။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားလျက် စာတန်မှာမူ သူ့ကိုယ်သူ ဝါကြွားသည်။ ခြားနားချက် ရှိသလော။ ကြွားဝါခြင်းနှင့် နှိမ့်ချခြင်း၊ ဖုံးကွယ်ခြင်းတွင် မည်သည့်အရာသည် အပြုသဘောဆောင်သောအရာဖြစ်သနည်း။ (နှိမ့်ချခြင်းနှင့် ဖုံးကွယ်ခြင်းတို့ ဖြစ်ပါသည်။) စာတန်ကို နှိမ့်ချမှုရှိသည်ဟု ဖော်ပြ၍ ရသလော။ (မရပါ။) အဘယ်ကြောင့်နည်း။ သူ၏ ကောက်ကျစ်စဉ်းလဲသော သဘာဝအနှစ်သာရကို အကဲဖြတ်ရလျှင် သူသည် အသုံးမကျသော အမှိုက်စတစ်စပင် ဖြစ်သည်။ စာတန်အနေဖြင့် သူ့ကိုယ်သူ မဝါကြွားလျှင် မူမမှန်ဖြစ်နေပေမည်။ စာတန်ကို “နှိမ့်ချမှုရှိသည်” ဟု အဘယ်သို့လျှင် ခေါ်နိုင်မည်နည်း။ “နှိမ့်ချခြင်း” ဟူသည်ကို ဘုရားသခင်နှင့်ပတ်သက်၍ ပြောရသည်။ ဘုရားသခင်၏ မည်သူမည်ဝါဖြစ်ခြင်း၊ အဖြစ်အနေနှင့် စိတ်နေသဘောထားတို့မှာ အလွန်မြင့်မြတ်ပြီး ဂုဏ်သရေရှိသည်၊ သို့သော် သူသည် မည်သည့်အခါမျှ မကြွားဝါပေ။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားသည်၊ ထို့ကြောင့် သူပြုလုပ်ထားသော အရာကို လူတို့က မမြင်ပေ။ သို့သော် သူသည် ထိုသို့မထင်မပေါ် အလုပ်လုပ်စဉ်တွင် လူသားမျိုးနွယ်မှာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အာဟာရပေးခြင်းနှင့် လမ်းပြခြင်းကို စဉ်ဆက်မပြတ် ခံရ၏။ ဤအရာအားလုံးကို ဘုရားသခင်က စီမံထားခြင်း ဖြစ်လေသည်။ ဘုရားသခင်က ဤအရာများကို ဘယ်တော့မျှ မကြေညာ၊ ဘယ်တော့မျှ မဖော်ပြသည်မှာ ဖုံးကွယ်ထားခြင်းနှင့် နှိမ့်ချခြင်းမဟုတ်သလော။ ဘုရားသခင်၌ နှိမ့်ချမှုရှိရခြင်း အကြောင်းရင်း အတိအကျမှာ သူသည် ဤအရာများကို ပြုလုပ်နိုင်သော်လည်း ယင်းတို့ကို မည်သည့်အခါမျှ ထုတ်မပြော၊ သို့မဟုတ် မကြေညာ၊ ယင်းတို့ကို လူတို့နှင့် မငြင်းခုံသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်း မရှိဘဲလျက် နှိမ့်ချခြင်းအကြောင်းပြောဖို့ သင့်မှာ အဘယ်အခွင့်ရှိသနည်း။ သင်သည် ထိုအရာများ တစ်ခုကိုမျှ မလုပ်ခဲ့သော်လည်း ယင်းတို့အတွက် ချီးကျူးမှုရရန် မရမက တောင်းဆိုနေပေသည်။ ဤသည်ကို အရှက်မဲ့ခြင်းဟု ခေါ်၏။ လူသားမျိုးနွယ်ကို လမ်းပြလျက် ဘုရားသခင်သည် အလွန်ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်သည်။ စကြဝဠာတစ်ခုလုံးကို ဦးဆောင်သည်။ သူ၏အာဏာနှင့် ဘုန်းတန်ခိုးသည် အလွန်ကျယ်ပြန့်သည်။ သို့တိုင်အောင် သူသည် “ငါ၏တန်ခိုးသည် သာလွန်ထူးခြားသည်” ဟု မည်သည့်အခါမျှ မဆိုပေ။ သူသည် အရာရာအပေါ် အုပ်စိုးလျက်၊ လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပြီး ပံ့ပိုးလျက်၊ လူသားမျိုးနွယ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တည်ရှိစေလျက် အရာအားလုံးအထဲတွင် သူသည် ပုန်းကွယ်မြဲ ပုန်းကွယ်လျက်ရှိသည်။ ဥပမာ လေနှင့် နေရောင်၊ သို့မဟုတ် ကမ္ဘာပေါ်တွင် လူသားဖြစ်တည်မှုအတွက် လိုအပ်သော အရာဝတ္ထုပစ္စည်းများအားလုံးကို ကြည့်လော့။ ယင်းတို့အားလုံးသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်ရွေ့လျားသည်။ လူသားအတွက် ဘုရားသခင်က ထောက်ပံ့သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ စာတန်က ကောင်းသောအရာတစ်ခုခုပြုလုပ်လျှင် တိတ်ဆိတ်စွာနေပြီး တိမ်မြုပ်နေသော သူရဲကောင်းတစ်ယောက်အဖြစ် နေမည်လော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အသင်းတော်၌ အန္တရာယ်ရှိသောအလုပ်ကို ယခင်က တာဝန်ယူဆောင်ရွက်ခဲ့သော၊ အရာဝတ္ထုများကို စွန့်လွှတ်ပြီး ဒုက္ခကို ကြံ့ကြံ့ခံခဲ့သော၊ ထောင်ကျခဲ့ရခြင်းပင်ဖြစ်နိုင်သော အန္တိခရစ်အချို့ ရှိခဲ့သည့်ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဘုရားအိမ်တော်၏အလုပ်၏ ကဏ္ဍတစ်ခုတွင် တစ်ချိန်က ပါဝင်ပံ့ပိုးခဲ့သောသူအချို့လည်းရှိသည်။ ၎င်းတို့က ဤအရာများကို မည်သည့်အခါမျှ မမေ့ပေ။ ၎င်းတို့သည် ဤအရာတို့အတွက် တစ်သက်လုံး နာမည်ရသင့်သည်ဟု ထင်မြင်ကြသည်။ ဤအရာတို့သည် ၎င်းတို့တစ်သက်လုံးအတွက် အရင်းအနှီးဖြစ်သည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ လူတို့သည် မည်မျှသေးနုပ်သည်ကို ပြသည်။ လူတို့သည် အမှန်တကယ်ကို သေးနုပ်ပြီး စာတန်က အရှက်မဲ့သည်။

ငါ့ကို ပြောလော့၊ အကယ်၍ အန္တိခရစ်တို့သည် ဘုရားသခင်နှင့် တန်းတူ အဆင့်အတန်း ရှိခဲ့ပါက ၎င်းတို့သည် အဘယ်အရာကို စားသုံးပြီး အဘယ်အရာကို ဝတ်ဆင်ရမည်နည်း။ အကောင်းဆုံးသော အစားအစာများကို စားသုံးပြီး အကောင်းဆုံးသော တံဆိပ်များကို ဝတ်ဆင်ကြရမည် မဟုတ်လော။ သို့ဖြစ်၍ ရုပ်ဝတ္ထုပစ္စည်းများအတွက် ၎င်းတို့၏ တောင်းဆိုချက်များနှင့်စပ်လျဉ်း၍ ငါ့ကို ပြောလော့၊ ၎င်းတို့တွင် တိကျသော သတ်မှတ်ချက်များ ရှိသည် မဟုတ်လော။ တစ်နေရာရာသို့ ၎င်းတို့ သွားသောအခါ လေယာဉ်ပျံဖြင့် သွားဖို့ လိုသည်။ ထိုနေရာသို့ ၎င်းတို့ ရောက်ရှိသောအခါ သာမန်ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မိမိတို့၏ အိမ်များ၌ ဧည့်ခံ၍ရသလော။ ၎င်းတို့ဧည့်ခံ၍ရသည့်တိုင် ထိုအန္တိခရစ်တို့သည် ၎င်းတို့နှင့်အတူ နေထိုင်ကြမည်မဟုတ်ပေ။ အဆင့်မြင့်ဟိုတယ်တစ်ခု၌ ၎င်းတို့ တည်းခိုကြရမည်ဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ အလွန် ဇီဇာကြောင်ကြသည် မဟုတ်လော။ အဆင့်အတန်းက ၎င်းတို့ထံ ဆောင်ကြဉ်းပေးမည့် ဂုဏ်၊ ပျော်ရွှင်မှုနှင့် ဝင့်ဝါမှုတို့နှင့်ပတ်သက်၍မူ ဤအရာများကို ၎င်းတို့ စွန့်လွှတ်နိုင်ကြသလော။ ၎င်းတို့၌ သင့်လျော်သော အခြေအနေများနှင့် အခွင့်အလမ်းများ ရှိနေသရွေ့ ၎င်းတို့သည် ဤအရာများကို များပြားစွာ ရယူကြပြီး မွေ့လျော်ခံစားကြသည်။ ၎င်းတို့၏ စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့၌ အဆင့်အတန်း ရှိနေသရွေ့ ငွေကို လက်ဝယ်ရရှိနိုင်ပြီး နာမည်ကြီးတံဆိပ် အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်နိုင်ကြသည်။ သာမန်ပစ္စည်းများကို ဝတ်ဆင်လိုစိတ်မရှိကြပေ။ နာမည်ကြီးတံဆိပ်များကို ၎င်းတို့ ဝတ်ဆင်မှဖြစ်ပေမည်။ ၎င်းတို့၏ လည်စည်းများ၊ ဝတ်စုံများ၊ ရှပ်အင်္ကျီများ၊ လက်ကောက်ဝတ်ကြယ်သီးများ၊ ရွှေဆွဲကြိုးများနှင့် ခါးပတ်များတို့ဖြစ်သည့် အရာရာတိုင်းသည် နာမည်ကြီးတံဆိပ် ဖြစ်သည်။ ဤသည်မှာ ကောင်းသော နိမိတ်လက္ခဏာတစ်ခု မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများသည် ထိုအရာကြောင့် ဆင်းရဲဒုက္ခ ခံစားကြရသည် မဟုတ်လော။ ညီအစ်ကိုမောင်နှမများ ပေးသော ငွေကို ဤအန္တိခရစ်တို့က နာမည်ကြီးတံဆိပ် ပစ္စည်းများ ဝယ်ယူရန် အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်ခဲ့သော ကြီးမားသည့် မကောင်းမှုတစ်ခု မဟုတ်လော။ ထိုအရာကို ၎င်းတို့၏ ဆိုးယုတ်မှုက ဖြစ်စေသည်မဟုတ်လော။ ဤသည်တို့မှာ ၎င်းတို့ လုပ်ဆောင်နိုင်သည့် အမှုအရာအမျိုးအစားများ ဖြစ်သည်။ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပထမဆုံး ရယူသောအခါ ရိုးရိုးကုပ်ကုပ် ဝတ်စားဆင်ယင်ခဲ့သော လူတစ်ဦး ရှိခဲ့ပြီး သူ့တွင် နာမည်ကြီးတံဆိပ် သို့မဟုတ် အဆင့်မြင့်အဝတ်အစားများ မဟုတ်သော အဝတ်အစား သုံးစုံမှ ငါးစုံအထိသာ ရှိခဲ့သည်။ ခေါင်းဆောင်မှု၌ နှစ်အနည်းငယ်ကြာ လုပ်ဆောင်ပြီးနောက် မည်သည့် စစ်မှန်သော အလုပ်ကိုမျှ သူမလုပ်ဆောင်ခဲ့သောကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သူ ထွက်ခွာသွားခဲ့ချိန်တွင်၊ သူသည် ကားတစ်စီးအပြည့် ပစ္စည်းများဖြစ်သည့် နာမည်ကြီးတံဆိပ် အဝတ်အစားများ၊ အိတ်များ၊ ကောင်းမွန်သော ပစ္စည်းမျိုးစုံကို ယူဆောင်သွားခဲ့သည်။ သူသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်ငွေမျှ မရှာဖွေခဲ့ပေ။ သို့ဆိုလျှင် ဤပစ္စည်းများက မည်သည့်နေရာမှ လာခဲ့သနည်း။ ယင်းတို့သည် သူ၏ အဆင့်အတန်းမှ လာခဲ့ခြင်း ဖြစ်သည်။ အခြားသူများက ဤအရာများကို သူ့အတွက် ဝယ်ပေးသောအခါ သူ ငြင်းပယ်ခဲ့မည်ဆိုလျှင် ညီအစ်ကိုမောင်နှမများက သူ့အတွက် ထိုအရာများကို မရမက ဝယ်ပေးကြဦးမည်လော။ ထိုသို့သော အရာမျိုး ဖြစ်ပျက်ခဲ့မည်လော။ ဤအရာများကို သူမလိုချင်ခဲ့ပါက ညီအစ်ကိုမောင်နှမများက သူ့အတွက် ဝယ်ပေးခဲ့ကြမည်မဟုတ်ပေ။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ သူသည် ဤကုန်ပစ္စည်းများကို အတင်းအကျပ်နှင့် လောဘကြီးစွာ ရယူသိမ်းပိုက်နေခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် ညီအစ်ကိုမောင်နှမများကို ငွေညှစ်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်နည်းအားဖြင့် သူသည် ထိုပစ္စည်းများကို မိမိကိုယ်တိုင် တက်ကြွစွာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ညီအစ်ကိုမောင်နှမများအား ဤအရာများကို သူ့အတွက် ဝယ်ပေးစေခဲ့ပြီး အကယ်၍ တစ်စုံတစ်ဦးက ငြင်းပယ်ပါက ထိုသူကို သူက ညှဉ်းပန်းနှိပ်စက်ကာ အခက်တွေ့စေခဲ့သည်။ ဤအကြောင်းရင်းများအားလုံး သက်ရောက်မှု ရှိခဲ့သည်။ အဆုံးတွင် သူသည် “များပြားလှသော အကျိုး” ကို ရရှိခဲ့ပြီး ချမ်းသာကြွယ်ဝလာခဲ့သည်။ ဤခေါင်းဆောင်မျိုးကို သင်တို့ အားကျကြသလော။ အကယ်၍ သင်တို့၌ အခွင့်အရေးရှိခဲ့ပါက ဤဥစ္စာဓနမျိုးကို သင်တို့လည်း ရရှိနိုင်မည်လော။ ငါ သင်တို့ကို ပြောမည်၊ ဤကဲ့သို့သော ချမ်းသာကြွယ်ဝမှု ရရှိခြင်းသည် မကောင်းပေ။ အကျိုးဆက်များ ရှိသည်တကား။ အချို့သောလူတို့က ခေါင်းဆောင်များ ဖြစ်လာသောအခါ ဤအရာများ ၎င်းတို့ထံ ဖြစ်ပျက်လာမည်ကို ကြောက်ရွံ့ကြသည်။ သွေးဆောင်မှုများက အလွန် ကြီးမားလွန်းမည်ဖြစ်ကြောင်း၊ ဤသွေးဆောင်မှုများကို ရှောင်ရှားရန် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ထိုစုံစမ်းသွေးဆောင်မှုများအား ကျရှုံးရန် လွယ်ကူမည်ဖြစ်ကြောင်းတို့ကို သူတို့ တွေးမိကြသည်။ သို့သော် အချို့သောလူတို့မူကား ဂရုမစိုက်ကြဘဲ “ဤသည်မှာ ပုံမှန်ဖြစ်သည်။ မည်သူသည် ထိုသို့သော အရာများကို မွေ့လျော်မခံစားဘဲ ရာထူးယူထားသနည်း။ အစကတည်းက ရာထူးကို အဘယ်ကြောင့် ယူရသနည်း။ ယင်းမှာ အဓိကအချက်ပင် ဖြစ်သည်” ဟူ၍ စဉ်းစားကြလေသည်။ ဤသည်မှာ မည်သည့်အသံမျိုး ဖြစ်သနည်း။ အန္တိခရစ်တို့၏ အသံဖြစ်ပြီး ဤလူတို့တွင် အန္တရာယ် ရှိနေသည်။

ငါသည် ယခုတွင် အနှစ်သုံးဆယ်နီးပါး အလုပ်လုပ်နေခဲ့ပြီးဖြစ်သည်။ ငါသည် တစ်ဦးတလေထံမှ တစ်ခုခုကို ညှစ်ယူဖူးသလော။ ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ဦးက ကောင်းမွန်သော လက်ဝတ်ရတနာများ ဝတ်ဆင်ထားသည်ကို ငါ မြင်ခဲ့ပါက “သင်၏ လက်ဝတ်ရတနာများကို ငါ့အား ပေးပါ။ ထိုအရာသည် သင်နှင့် မလိုက်ဖက်ပါ။ ရွှေနှင့်ငွေ လက်ဝတ်ရတနာများသည် အဆင့်အတန်းရှိသောလူများအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး အဆင့်အတန်းမရှိသောသူများ မဝတ်ဆင်သင့်ပါ” ဟူသကဲ့သို့သော သတင်းစကားတစ်ခု ပေးပို့ခြင်းအားဖြင့် ၎င်းတို့ထံမှ ထိုအရာကို ငါ ညှစ်ယူခဲ့သလော။ ဤအရာသည် ဖြစ်ပျက်ဖူးသလော။ မဖြစ်ခဲ့ပါ။ အချို့သော ညီအစ်ကိုမောင်နှမများသည် ငွေအနည်းငယ် ရှိပြီး ငါ့အတွက် သားရေဂျာကင် သို့မဟုတ် တစ်စုံတစ်ခု ဝယ်ပေးခဲ့သည့်အခါ၌ပင် ယင်းကို ငါ အမြဲ ပြန်ပေးခဲ့သည်။ ထိုအရာကို ငါ မကြိုက်သောကြောင့် မဟုတ်။ ထိုသို့သော အရာများအတွက် ငါ အသုံးမလိုသောကြောင့်သာ ဖြစ်သည်။ နောက်ပိုင်းတွင် ထိုအကြောင်းကို ငါ တွေးမိသည်။ “ဤအရာများကို ငါ မည်သို့ သင့်လျော်စွာ ကိုင်တွယ်သင့်သနည်း။ ထိုအရာများကို ဝယ်ခဲ့သောလူများ စိတ်ထိခိုက်ခြင်းမရှိအောင် ရှောင်ရှားရန် ငါ အဘယ်အရာကို လုပ်ဆောင်သင့်သနည်း” ဟူ၍ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက စည်းမျဉ်းများအတိုင်း ထိုပစ္စည်းများကို ဖြန့်ဝေနိုင်ရန်အလို့ငှာ ယင်းတို့ကို အသင်းတော်သို့ ငါယူဆောင်သွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးက တန်ဖိုးရှိသော ပစ္စည်းများကို ဝယ်ယူလိုစိတ်ရှိပါက အသင်းတော်က ထိုပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ယင်းမှာ ငွေရှာဖွေခြင်းအကြောင်း မဟုတ်။ နှစ်ဦးနှစ်ဖက်အတွက် သင့်လျော်သော နည်းလမ်းဖြင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်သာ သက်ဆိုင်သည်။ မည်သူမျှ ဤအရာများကို အခမဲ့ မရရှိသင့်ပေ။ အကြောင်းမှာ ထိုအရာများသည် မူလက သင်တို့အတွက် ရည်ရွယ်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဤပစ္စည်းများသည် အကန့်အသတ်ရှိပြီး လူတိုင်းအကြား ညီတူညီမျှ ဖြန့်ဝေ၍မရနိုင်သည့်အပြင် မည်သူကိုမျှ ပေးအပ်ရန် သင့်တင့်လျောက်ပတ်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ငွေရှိပြီး ထိုပစ္စည်းများကို ဝယ်ယူလိုစိတ် ရှိသောသူတို့က ရှေ့ဆက်ပြီး ဝယ်ယူရန်သာ ဖြစ်သည်။ ထိုပစ္စည်းများသည် ဈေးကွက်၌ ရောင်းချသည်ထက် သေချာပေါက် ဈေးချိုသည်။ ထို့ကြောင့် ယင်းမှာ ဘုရားအိမ်တော်မှ အကူအညီတစ်ခု ဖြစ်သည်။ ငါသည် အမှုအရာများကို ဤနည်းဖြင့် လုပ်ဆောင်ပိုင်ခွင့် ရှိသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ခုကို ငါ့အား ပေးထားသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ငါပိုင်သည့်အရာ ဖြစ်လာခဲ့ပြီး သင့်လျော်သည်ဟု ငါ မြင်သည့်အတိုင်း ကိုင်တွယ်ပိုင်ခွင့်ရှိသောကြောင့် ဖြစ်သည်။ ထိုအရာသည် ပထမဆုံး ဝယ်ယူခဲ့သောသူနှင့် မည်သည့် ပတ်သက်မှုမျှ မရှိတော့ပေ။ ကိစ္စရပ်များကို ဤနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် ငါသည် ထိုသူ၏ ဂုဏ်သိက္ခာကို ထောက်ထားပြီးဖြစ်သည်။ ဤလုပ်နည်းကိုင်နည်းမှာ လုံးဝ သင့်လျော်သည့်အတွက် ကန့်ကွက်ချက်များ မရှိသင့်ပေ။ ညီအစ်ကိုမောင်နှမများစွာတို့သည် ငါ့ကို ပစ္စည်းများ ဝယ်ပေးခဲ့ကြသည်။ ငါ့ကို ပစ္စည်းများ ဝယ်ပေးရန် တောင်းဆိုဖို့ မဆိုထားနှင့်၊ ၎င်းတို့ကို ငါ တာဝန်ပင်မပေးခဲ့ပေ။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်လိုစိတ်ရှိခဲ့ကြသည်။ ယင်းကို ငါ အသိအမှတ်ပြုခဲ့သော်လည်း ငါ မလိုအပ်သောကြောင့် ငါ လက်မခံနိုင်ခဲ့သော အရာများစွာ ရှိခဲ့သည်။ ဤသည်မှာ လက်တွေ့ကျသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ငါ ပြောဆိုခဲ့သည့်အရာသည် သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ပါသည်။) ငါ၏ ကိုင်တွယ်ဖြေရှင်းပုံမှာလည်း သင့်တင့်လျောက်ပတ်ခဲ့သလော။ (သင့်တင့်လျောက်ပတ်ခဲ့ပါသည်။) အအေးဒဏ်ကို ငါ မခံနိုင်သကဲ့သို့ အအေးစာများ မစားကြောင်းကို သိသော ညီအစ်ကိုမောင်နှမအချို့လည်း ရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့က “အစာအိမ်အေးခြင်း” အတွက် ငါ့ကို ဆေးအချို့ ဝယ်ပေးခဲ့ကြသည်။ သို့ရာတွင် ထိုဆေးများကို သောက်သုံးပြီးနောက် ငါ သိပ်နေကောင်းသက်သာသည်ဟု မခံစားခဲ့ရပေ။ ငါ၏ ခန္ဓာကိုယ်က ထိုသို့သော စမ်းသပ်မှုများကို မခံနိုင်တော့သဖြင့် ငါ သတိထားရမည့် ဆေးများစွာ ရှိသည်။ ဤအရာကို သင်တို့ နားလည်ရမည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် တောင်ပေါ်ဂျင်ဆင်း၊ ဂျင်ဆင်းနီနှင့် အခြား အားဖြည့်ဆေးအမျိုးအစားများကဲ့သို့သော ကျန်းမာရေးဖြည့်စွက်စာအချို့ကိုလည်း ဝယ်ပေးခဲ့ကြသည်။ ထိုအရာများထဲမှ မည်သည့်အရာကိုမျှ ငါ မသောက်သုံးနိုင်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုဆေးများသည် ငါနှင့် မသင့်လျော်သောကြောင့် ဖြစ်သည်။ ယင်းမှာ ညီအစ်ကိုမောင်နှမများက ငါ့ကို ဝယ်ပေးခဲ့သည့်အရာ သို့မဟုတ် ထိုဆေးများအား ဝယ်ယူခဲ့သည့်နေရာကို ငါ အထင်သေးသောကြောင့် မဟုတ်။ ထိုဆေးများကို ငါ အသုံးမပြုနိုင်ခြင်းသာဖြစ်သည်။ ထိုဆေးများကို ငါ အသုံးမပြုနိုင်ခဲ့ပေ။ ကောင်းမွန်သော အရာအားလုံးသည် လူတိုင်းအတွက် သင့်လျော်သည်မဟုတ်ပေ။ အပြင်ဘက်တွင် ကောင်းမွန်သော အရာများစွာ ရှိနေပြီး အကယ်၍ သင်သည် ကောင်းမွန်သော အရာတစ်ခုခုကို သောက်သုံးပြီးနောက် ထိုအရာက ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်မှုတစ်ခုခုကို ဖြစ်ပေါ်စေပါက သင့်အတွက် ကောင်းမွန်သော အရာတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ဤအရာကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ထိုအရာကို အသုံးပြုဖို့ သင့်လျော်သောသူတို့ကို အသုံးပြုခွင့်ပေးခြင်းက အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ငါ သင်တို့ကို ပြောမည်၊ မည်သူက ငါ့ကို ပစ္စည်းများ ဝယ်ပေးဖို့ ငွေသုံးစွဲနေသည်ဖြစ်စေ ဤစကားများကို အမှတ်ရလော့။ ထိုပစ္စည်းများကို မဝယ်နှင့်။ အကယ်၍ ငါ တစ်စုံတစ်ခု လိုအပ်ပါက သင့်ကို တိုက်ရိုက် ပြောမည်ဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ ငါ အလွန်ယဉ်ကျေးသိမ်မွေ့မည်မဟုတ်ပေ။ နားလည်သလော။ သို့သော် ဤအရာများကို ငါ့ထံ သင်တို့ ယူဆောင်လာပြီး ငါကမလိုအပ် သို့မဟုတ် ယင်းတို့ကမသင့်လျော်ဟု ပြောဆိုပါက ယင်းမှာလည်း ငါက သင်တို့ကို ယဉ်ကျေးပြနေခြင်း မဟုတ်ပေ။ ယင်းက မမှန်သောအရာ သို့မဟုတ် သူတော်ကောင်းယောင်ဆောင်ခြင်း မဟုတ်ပေ။ ငါ ပြောဆိုသမျှတိုင်းက စစ်မှန်သည်၊ အားလုံးက အမှန်ဖြစ်သည်။ ကျေးဇူးပြု၍ ငါ စကားပြောသောအခါ အတိအလင်း ဖော်ပြမထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ခြင်း မရှိနှင့်။ ငါ မလိုအပ်ဟု ပြောဆိုသောအခါ ငါ မလိုအပ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ငါ အသုံးမပြုနိုင်ဟု ပြောဆိုသောအခါ ငါ အသုံးမပြုနိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ သင်တို့ မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဖြစ်စေ ပစ္စည်းများ ဝယ်ယူရန် စဉ်းစားခြင်းဖြင့် သင်တို့၏ အချိန်ကို မဖြုန်းတီးနှင့် သို့မဟုတ် ငွေကို အလဟဿမသုံးစွဲနှင့်။ ကောင်းမွန်သော အရာအားလုံးကို ဘုရားသခင်အား ပေးသင့်သည်ဟု မထင်လေနှင့်။ ထိုအရာများအား ငါ လိုအပ်သည်၊ မလိုအပ်သည်ကို သင်တို့ သိပင်သိကြသလော။ အကယ်၍ ထိုအရာများကို ငါ မလိုအပ်ပါက သင်တို့ အချည်းနှီး ဝယ်ယူကြပြီးဖြစ်သည် မဟုတ်လော။ အကယ်၍ သင်တို့သည် ငါ့အတွက် တစ်စုံတစ်ရာကို အမှန်တကယ် ဝယ်ယူလိုခဲ့ပါက ငါ သင်တို့ကို ပြောမည်။ ငါ့ကို မည်သည့်အရာမျှ မဝယ်ပေးနှင့်။ လူတိုင်းနှင့် မျှဝေရန် ငါ့အတွက် ထိုအရာကို ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု သင်တို့ ဆိုပါက ကောင်းပြီ၊ ငါ ဖြန့်ဝေပေးနိုင်သည်။ ထိုသို့သော အမှုအရာများကို ငါ သဘောထားပြုမူပုံနှင့်လည်းကောင်း၊ အဆင့်အတန်းနှင့် ရာထူးက ဆောင်ကြဉ်းပေးသော ရုပ်ဝတ္ထုပစ္စည်းများကို ငါ သဘောထားပြုမူပုံနှင့်လည်းကောင်း ပတ်သက်လာလျှင် ဤသည်မှာ ငါ၏ သဘောထား ဖြစ်သည်။ အန္တိခရစ်တို့သည် ဤကိစ္စရပ်များကို ထိုနည်းအတိုင်း သဘောထားပြုမူကြသလော။ (သဘောထားပြုမူခြင်း မရှိကြပါ။) ပထမဦးစွာ ၎င်းတို့သည် မည်သည့်အရာကိုမျှ သေချာပေါက် မငြင်းပယ်ကြပေ။ ပို၍များလေ ပို၍ကောင်းလေ ဖြစ်သည်။ မည်သူက ၎င်းတို့ကို လက်ဆောင်များ ပေးပို့သည်ဖြစ်စေ သို့မဟုတ် ထိုလက်ဆောင်များက မည်သည့်အရာများ ဖြစ်သည်ဖြစ်စေ ၎င်းတို့က လက်ခံကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် လူတို့ထံမှ အချို့သော အရာများကို အသေအချာ ညှစ်ယူကြပြီး နောက်ဆုံးတွင် မိမိတို့ကိုယ်တိုင်အတွက် အချို့သော အရာများကို ရယူကြသည်။ ဤသည်မှာ ၎င်းတို့ ရှာဖွေသည့်အရာနှင့် ၎င်းတို့ လိုချင်သည့်အရာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့ လိုက်စားသော အဆင့်အတန်းက ၎င်းတို့ကို ဆောင်ကြဉ်းပေးသည့်အရာ ဖြစ်သည်။

အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့်အကြိမ်နှင့် ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း နှစ်ခုလုံးကို အခြေခံ၍ ဤကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်သည့် ဝါကျတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ်ဖော်ပြချက်တစ်ခုကို သင်တို့ စိတ်ကူးရနိုင်ကြသလော။ အန္တိခရစ်တို့တွင်ရှိသည့် ကောက်ကျစ်ဆိုးယုတ်မှု၏ အကြီးမားဆုံးသော လက္ခဏာရပ်မှာ ဤသို့ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာအားလုံး၊ တရားမျှတပြီး သမ္မာတရားနှင့် ကိုက်ညီသော အရာအားလုံး၊ လူသားမျိုးနွယ်ကြားတွင် နှစ်သက်ဖွယ်ဖြစ်သည်ဟု မှတ်ယူခံရသော အရာအားလုံးကို ရှုတ်ချကြသည်။ ၎င်းတို့သည် ဤအရာများကို မုန်းတီးပြီး အလွန်အမင်း မနှစ်မြို့ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ အပျက်သဘောဆောင်သော အရာအားလုံးနှင့် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် တရားမျှတစိတ်ရှိသောလူများက ရှုတ်ချပြီး အထင်သေးသော အရာအားလုံးသည် အန္တိခရစ်တို့ နှစ်သက်မြတ်နိုးသည့်အရာ အတိအကျ ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့ လိုက်စားပြီး တန်ဖိုးထားသော အရာများ ဖြစ်ကြသည်။ ဤအရာကို အကျဉ်းချုပ်ဖော်ပြနိုင်သော နောက်ထပ် ဝါကျတစ်ကြောင်းလည်း ရှိသေးသည်။ အန္တိခရစ်တို့သည် ဘုရားသခင်ထံမှ လာသော အပြုသဘောဆောင်သည့်အရာအားလုံးကို မုန်းတီးကြပြီး ဘုရားသခင် ချစ်မြတ်နိုးသည့်အရာကို မုန်းတီးကြကာ ယင်းအစား ဘုရားသခင် စက်ဆုပ်ရွံရှာပြီး ရှုတ်ချသည့်အရာများကို အတိအကျ ချစ်မြတ်နိုးကြသည်။ ဤသည်မှာ အန္တိခရစ်တို့တွင်ရှိသည့် ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှု၏ အဓိက လက္ခဏာရပ်မှာ အဘယ်နည်း။ အကျည်းတန်ပြီး အပျက်သဘောဆောင်သော အရာအားလုံးကို အထူး နှစ်သက်မှုရှိစဉ်တွင် နှစ်သက်ဖွယ်ဖြစ်သော၊ အပြုသဘောဆောင်သောအရာ၊ သမ္မာတရားနှင့် ကိုက်ညီသော အရာအားလုံးကိုမူ စက်ဆုပ်ရွံရှာပြီး ရန်လိုမှု ပြသကြခြင်း ဖြစ်သည်။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သောအရာ ဖြစ်သည်။ သင်တို့ နားလည်ကြသည် မဟုတ်လော။ ယနေ့ မိတ်သဟာယတွင် “အန္တိခရစ်တို့ ချစ်မြတ်နိုးသည့်အရာ” ဟူသော အကြောင်းအရာ ပါဝင်ခဲ့သည်။ ဥပမာအချို့ကိုလည်း ငါတို့ ပေးခဲ့ပြီး ထိုဥပမာများထဲမှ အချို့မှာ အခြားဥပမာများထက် ပို၍ စံပြဖြစ်သော်လည်း အားလုံးကို အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝအနှစ်သာရအား ရှင်းပြရန် သက်သေအဖြစ် အသုံးပြုနိုင်သည်။ ဆက်လက်၍၊ ဤအရာပြီးနောက် သင်တို့ လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ မည်သည့် ကောက်ကျစ်ဆိုးယုတ်သော သို့မဟုတ် အပြုသဘောဆောင်သော အရာများကို သင်တို့ မြင်ကာ နားလည်ကြသည်၊ အန္တိခရစ်တို့က မည်သည့် အပျက်သဘောဆောင်သော အရာများကို ချစ်ကြသည်၊ မည်သည့် အပြုသဘောဆောင်သော အရာများကို ၎င်းတို့ မုန်းကြသည်ဟူသည်နှင့် သင်တို့ နားလည်နိုင်သည့်အရာက မည်သည့်အရာဖြစ်သည်ဟူသည်တို့အပြင် သင်တို့ မြင်တွေ့ပြီး တွေ့ကြုံခံစားရသည့်အရာတို့ကို ဆင်ခြင်သုံးသပ်ကာ မိတ်သဟာယဖွဲ့ရန် ဖြစ်သည်။ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် ၎င်းတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရများနှင့်ပတ်သက်၍ အချို့သော ပြဿနာများကို မျှဝေခံစားကြပြီး ဤတူညီမှုများ၏ ပြင်းထန်မှုမှာ ကွဲပြားနိုင်သော်လည်း ၎င်းတို့၏ စိတ်သဘောထားများ၏ အနှစ်သာရများမှာ တူညီကြသည်။ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းများနှင့် ၎င်းတို့ လိုက်စားသော ရည်မှန်းချက်ပန်းတိုင်များမှာလည်း ကွဲပြားနိုင်သော်လည်း ၎င်းတို့သည် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအနှစ်သာရများစွာကို ထုတ်ဖော်ပြသကြသည်။ ထို့ကြောင့် အန္တိခရစ်တို့၏ အနှစ်သာရနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာအမျိုးမျိုးကို ဖော်ထုတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော လူတိုင်းအတွက် အထောက်အကူပြုသည်။ အကယ်၍ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်ပါက ၎င်းတို့သည် ထိုအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရလိမ့်မည်မဟုတ်သကဲ့သို့ ထိုအန္တိခရစ်များကို ကိုးကွယ်လိမ့်မည်မဟုတ်၊ သို့မဟုတ် ထိုအန္တိခရစ်များနောက်သို့ လိုက်လိမ့်မည်မဟုတ်သည်မှာလည်း သေချာနိုင်ပေသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။