အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၁) အခန်း တစ်

ယနေ့ ငါတို့၏ စုဝေးပွဲကို မစတင်မီ စကားဝိုင်းတစ်ခုကို ငါတို့ နားထောင်ကြမည်။ လူနှစ်ဦးက အာလာပသလ္လာပပြောနေကြသည်။ ပထမတစ်ဦးက “ကျွန်ုပ်သာ ပြုပြင်ခြင်းခံရလျှင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လိုကြမည် မဟုတ်တော့ပါ” ဟု ဆိုသည်။ ဒုတိယတစ်ယောက်က “၎င်းတို့က မိမိတို့၏ တာဝန်ကို လုပ်ဆောင်လိုခြင်း မရှိမည်လော။ ဘာအရေးကြီးသနည်း။ ကျွန်ုပ်သာ ဖြုတ်ချခြင်း ခံရလျှင် ညီအစ်ကိုမောင်နှမများသည် အပျက်သဘောဆောင်ပြီး အားနည်းကြမည်ဖြစ်သည်” ဟု ပြောလေသည်။ ပထမတစ်ဦးက သူအကျောခံလိုက်ရသဖြင့် “ကျွန်ုပ်သာ ယုံကြည်ခြင်း ရပ်လိုက်လျှင် ကျွန်ုပ်ရှိသည့်နေရာမှ ညီအစ်ကိုမောင်နှမများအားလုံးက ကျွန်ုပ်၏ နောက်လိုက်ကြမည်ဖြစ်သည်” ဟုပြောသည်။ ဤအရာကို ကြားသည့်အခါ ဒုတိယတစ်ဦးက “သို့ဆိုလျှင် သင်သည် ကျွန်ုပ်ထက် အစွမ်းအစ ပို၍ အားကောင်းသည်။ သို့သော်ငြားလည်း ကျွန်ုပ် ရှင်းလင်းပစ်ခြင်း ခံရလျှင် ကျွန်ုပ်တို့၏ အသင်းတော်မှ လူများစွာတို့သည် ယုံကြည်ခြင်းကို ရပ်ကြမည် ဖြစ်သည်။ ယင်းကို သင်မည်သို့ထင်သနည်း။ ကျွန်ုပ်သည် သင့်ထက် အစွမ်းအစ ပို၍ အားကောင်းသည် မဟုတ်လော” ဟု ပြောလေသည်။ ဤစကားဝိုင်းတွင် ၎င်းတို့ ပြောနေသည့်အရာကို သင်နားလည်သလော။ ၎င်းတို့ နှစ်ဦးသည် မည်သည့်အရာနှင့်ပတ်သက်၍ ယှဉ်ပြိုင်နေကြသနည်း။ (၎င်းတို့သည် လူများကို မည်သူက ပို၍ သိမ်းသွင်းစည်းရုံးနိုင်ကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ အမှီအခိုကင်းသော နယ်မြေကို မည်သူကပို၍ တည်ထောင်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦးထဲမှ မည်သူသည် တစ်ဖက်လူထက် အနည်းငယ် ပို၍ ဉာဏ်များသည်ကို ကြည့်နေကြခြင်း ဖြစ်ပါသည်။) မည်သူက ပို၍ ဉာဏ်များသည်၊ မည်သူက ပို၍ တတ်နိုင်စွမ်းသည်၊ မည်သူက ပို၍ကြီးမားသော စွမ်းရည်ရှိသည်၊ ၎င်းတို့ထဲမှ မည်သူက ပို၍များသော လူများကို သိမ်းသွင်းစည်းရုံးပြီးဖြစ်သည်တို့နှင့်ပတ်သက်၍ ၎င်းတို့ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူ့တွင် သမ္မာတရားလက်တွေ့ကျမှု ပို၍ရှိကြောင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့ထဲမှ မည်သူ့တွင် လူ့သဘာဝ ပိုရှိကြောင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားကို ပိုနားလည်ကြောင်း ယှဉ်ပြိုင်နေကြခြင်းပင် ဖြစ်သလော။ (မဟုတ်ပါ။ ၎င်းတို့ ဖြုတ်ချခြင်း ခံရလျှင်ဖြစ်စေ၊ ၎င်းတို့ ရှင်းလင်းပစ်ခြင်းခံရလျှင်ဖြစ်စေ မည်သူ့ထံတွင် ၎င်းတို့အတွက် အပူတပြင်း ခုခံကာကွယ်ပေးသည့်လူများ ပိုများမည်ကို ၎င်းတို့ ယှဉ်ပြိုင်နေခြင်းဖြစ်ပါသည်။) ၎င်းတို့ ယှဉ်ပြိုင်နေကြသည်မှာ မည်သည့်စွမ်းရည်မျိုးဖြစ်သနည်း။ လူများကို ထိန်းချုပ်ရန်၊ အမိဖမ်းရန်၊ အထင်အမြင်မှားစေရန် မည်သူက ပို၍ တတ်နိုင်စွမ်းရှိသည်ကို ၎င်းတို့ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ ခန့်မှန်းကြည့်လော့။ ဤနှစ်ဦးသည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ (၎င်းတို့ နှစ်ဦးလုံးသည် အန္တိခရစ်များ ဖြစ်ကြပါသည်။) ၎င်းတို့သည် အဘယ်အရာများနည်း။ ၎င်းတို့ နှစ်ဦးလုံးသည် ဆိုးယုတ်သော လူနှစ်ဦးဖြစ်သည်၊ နိုင်လိုမင်းထက် ပြုမူသူနှစ်ဦး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဆိုးယုတ်သော လူနှစ်ဦးဖြစ်သည်မှာ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ၎င်းတို့ထဲမှ မည်သူက မကောင်းမှုကို ပြုရန် ပို၍ကြီးမားသော လုပ်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း၊ မည်သူက လူများကို ပို၍ အထင်အမြင်မှားစေနိုင်ပြီး ထိန်းချုပ်နိုင်သည်ကိုလည်းကောင်း၊ မည်သူက လူများကို ပို၍ သိမ်းသွင်းစည်းရုံးနိုင်သည်ကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ဘုရားသခင်ထံမှ မည်သူက ပို၍ ပြိုင်လုနိုင်သည်ကိုလည်းကောင်း ၎င်းတို့အရှက်မရှိ ယှဉ်ပြိုင်နေကြသည်။ ၎င်းတို့ထဲမှ မည်သူက လူများကို ပို၍ထိန်းချုပ်နိုင်သည်ဖြစ်စေ ယင်းမှာ ပိုကြီးမားသော လုပ်နိုင်စွမ်း ရှိသည့်သူဖြစ်သည်။ ယင်းမှာ ၎င်းတို့ ယှဉ်ပြိုင်နေကြသည့်အရာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သော ယှဉ်ပြိုင်မှုများ လုပ်ကြသည့် အန္တိခရစ်များ ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် ထိုယှဉ်ပြိုင်မှုများကို လူသိရှင်ကြား လုပ်ကြသလော၊ သို့မဟုတ် အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်ကြခြင်း ဖြစ်သလော။ (တိတ်တဆိတ် ဖြစ်ပါသည်။) သို့ဆိုလျှင် ဤဇာတ်ကြောင်းထဲမှ ၎င်းတို့နှစ်ဦးကြားရှိ စကားဝိုင်း၏ အကြောင်းအရာသည် တည်ရှိသလော။ ယင်းမှာ စစ်မှန်သလော။ (တည်ရှိပါသည်၊ စစ်လည်းစစ်မှန်ပါသည်။) ၎င်းတို့သည် အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်သည်ကို ထောက်လျှင် ဤအရာများကို ဗြောင်ကျကျ ပြောကြမည်လော။ အန္တိခရစ်တို့ အားလုံးနီးပါးသည် စဉ်းလဲပြီး ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့နှင့်ပတ်သက်၍ လူများတွင် ပြောကွက်ရစရာ မဖြစ်စေဖို့အလို့ငှာ ၎င်းတို့သည် လူအများရှေ့တွင်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ယင်းကို ပြောမည် မဟုတ်ချေ။ သို့ရာတွင် ဤသည်မှာ ၎င်းတို့ တိတ်တဆိတ် တွေးတောသည့် ပုံစံဖြစ်ပြီး အမှန်ပင် ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့က အမှုအရာများကို ဖုံးဖိရန်၊ အမှုအရာများကို ဖုံးကွယ်ရန်၊ မိမိတို့ကိုယ်ကို ရုပ်ဖျက်ရန် မည်မျှကြိုးစားကြသည်ဖြစ်စေ ၎င်းတို့၏ အန္တိခရစ် သဘာဝနှင့် မလိုမုန်းထားသော သဘာဝတို့ကို ဖုံးဖိ၍မရနိုင်‌ပေ။ ယင်းတို့အားလုံးသည် ဧကန်မုချ ထုတ်ဖော်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့သည် တစ်ခုမျှ ထုတ်ပြောခြင်း မရှိကောင်းမရှိဘဲ အခြားသူများ ကြားနိုင်မည့် သိသာထင်ရှားသည့်အရာ တစ်ခုမျှ မရှိသော်လည်း ကွယ်ဝှက်ထားခြင်း သို့မဟုတ် မပြတ်သားခြင်း စိုးစဉ်းမျှ မရှိဘဲ၊ ဖုံးကွယ်ခြင်း သို့မဟုတ် လျှို့ဝှက်ခြင်း မရှိဘဲ ပြုမူဆောင်ရွက်ကြ၏။ ၎င်းတို့သည် လိုက်လျောမှု တစ်ခုတလေ ပြုဖို့ မဆိုထားနှင့်၊ လူတို့၏ နောက်ကွယ်တွင် တိတ်တဆိတ် ပြုမူဆောင်ရွက်ခြင်းလည်း မရှိပေ။ လူများကို အမိဖမ်းရန်၊ အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်၊ အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ထောင်ရန် ၎င်းတို့၏ အပြုအမူများနှင့် လုပ်ရပ်များတွင် မပြတ်သားခြင်း သို့မဟုတ် ဖြစ်ကတတ်ဆန်းနိုင်ခြင်း တစ်ခုတလေမျှ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ဗြောင်ကျကျ ဆန့်ကျင်ပြီး လူများကို ဗြောင်ကျကျ အမိဖမ်းကာ အထင်အမြင်မှားစေသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရလျှင် များစွာသော ညီအစ်ကိုမောင်နှမများက ၎င်းတို့အတွက် ခုခံကာကွယ်ပေးမည်ဖြစ်ကြောင်း၊ ထိုသူတို့က ဘုရားသခင်နှင့် သူ၏အိမ်တော်ကို ဆန့်ကျင်မည် ဖြစ်ကြောင်း၊ ထိုသူတို့က အပျက်သဘောဆောင်ကာ ခိုကပ်လာမည့်အပြင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်မည် မဟုတ်ကြောင်း ၎င်းတို့ မျှော်လင့်ချက် ထားရှိကြသည်။ ယင်းက ၎င်းတို့ကို ပျော်ရွှင်ဝမ်းမြောက်စေပြီး ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ၎င်းတို့ ဖြုတ်ချခြင်း ခံရလျှင် လူများစွာတို့ အပျက်သဘောဆောင်လာရန်၊ ၎င်းတို့ဘက်မှ ရပ်တည်ပေးရန်နှင့် ၎င်းတို့ကို ခုခံကာကွယ်ပေးရန်၊ နောက်ကွယ်တွင် ၎င်းတို့၏ ကိုယ်စား ရှင်းလင်းချက်များနှင့် အကြောင်းပြချက်များ ပေးရန် ၎င်းတို့က အသည်းအသန် လိုချင်နေကြသည်။ လူများက ၎င်းတို့၏ ကောင်းကွက်များကို ရေတွက်ပြောပြရန်၊ ၎င်းတို့၏ မှန်ကန်ခြင်းကို ကာကွယ်ပေးရန် ၎င်းတို့ အသည်းအသန် လိုချင်သည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချရန်သာမက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လျက်၊ ဘုရားသခင် ပြောသမျှနှင့် လုပ်ဆောင်သမျှသည် သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ယင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်ကိုလည်းကောင်း ငြင်းပယ်လျက် စိတ်ထဲတွင် ဘုရားသခင်ကို တိတ်တဆိတ် ဆန့်ကျင်ရန်ကိုပင် ၎င်းတို့ အသည်းအသန် လိုချင်နေကြသည်။ ပြီးလျှင် ၎င်းတို့ ယုံကြည်ခြင်းကို ရပ်လိုက်လျှင် လူတိုင်းကိုလည်း ၎င်းတို့နောက် လိုက်ပြီး မယုံကြည်တော့ရန်၊ ၎င်းတို့နှင့်အတူ ထွက်ခွာရန်၊ ၎င်းတို့၏ နောက်လိုက်များ ဖြစ်လာရန် ၎င်းတို့ အသည်းအသန် လိုချင်ကြသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို လူတိုင်းငြင်းပယ်ရန်၊ ၎င်းတို့တွင် သမ္မာတရားရှိကြောင်း၊ ၎င်းတို့လုပ်သမျှ မှန်ကန်ကြောင်း၊ ၎င်းတို့သည် လူများကို ပြောင်းလဲနိုင်ပြီး ကယ်တင်နိုင်ကြောင်းကို လူတိုင်းယုံကြည်ရန် ၎င်းတို့ အသည်းအသန် လိုချင်နေကြသည်။ ၎င်းတို့သည် မကောင်းမှုပြုသည့်အတွက် အသင်းတော်၏ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို ခံရလျှင် လူများစွာတို့က ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ပြီး မယုံကြည်သည့်လူများ ဖြစ်လာမည့်နေရာဖြစ်သော လောကီသို့ ပြန်သွားရန် ၎င်းတို့ အသည်းအသန် လိုချင်ကြသည်။ ယင်းက ၎င်းတို့ကို ပျော်ရွှင်ဝမ်းမြောက်စေမည် ဖြစ်သည်။ ယင်းက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဟန်ချက်ညီခြင်းကို ပြန်လည်ရရှိစေမည် ဖြစ်ပြီး ၎င်းတို့အတွက် ထွက်ပေါက်ဖြစ်ပေမည်။ စာတန်ဆန်သော စိတ်သဘောထား၏ ဤထုတ်ဖော်ခြင်းများ၊ ဤအပြုအမူများ၊ ဤအနှစ်သာရများအပြင် ရှုပ်ထွေးပွေလီသော၊ အသေးစိတ်ကျသော ဤစိတ်ကူးများနှင့် အတွေးအခေါ်များပင်လျှင် မည်သူ့ကို ကိုယ်စားပြုသနည်း။ ဤလူများသည် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသလော။ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိုးစဉ်းမျှပင် ရှိသလော။ (မရှိပါ။) ဤအရာမှကြည့်လျှင် အန္တိခရစ်တို့သည် အနှစ်သာရအားဖြင့် ဘုရားသခင်ကို ရန်လိုပြီး ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်ကို မြင်နိုင်သည်။ ဤစကားသည် မှန်ကန်တိကျသလော။ ယင်းမှာ သမ္မာတရားဖြစ်သလော။ (ယင်းမှာ မှန်ကန်တိကျပြီး သမ္မာတရားဖြစ်ပါသည်။) ယင်းမှာ ရာနှုန်းပြည့် ပကတိအခြေအနေဖြစ်၏။ ထိုစကားသည် အမှန်တရား၊ ထာဝရမပြောင်းလဲသော အမှန်တရား ဖြစ်သောကြောင့် လုံးလုံးအပြည့်အဝပင် သမ္မာတရားဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့ တွေးခေါ်ပုံဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံးသည် ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၏ စိုးမိုးခြင်း ခံရပြီး အန္တိခရစ်တို့ သဘာဝ၏ စိုးမိုးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ကို ခံရသည်။ သို့ဆိုလျှင် အန္တိခရစ်များကဲ့သို့ လူများသည် ကယ်တင်ခြင်း ခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့သည် ဘုရားသခင်ကို အချိန်တိုင်း ရန်လိုသည်။ သမ္မာတရားကို အချိန်တိုင်း ရန်လိုသည်။ အခြားသူများ လုပ်ဆောင်သည့်အရာသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့် မည်သူကိုမဆို၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကိုလည်းကောင်း၊ ကောင်းချီးခံစားရဖို့ ၎င်းတို့၏ မျှော်လင့်ချက်ကိုလည်းကောင်း ပိတ်ပင်လျက် ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်နစ်နာစေသည့် မည်သူကိုမဆို ၎င်းတို့သည် ထကြွကာ အတိုက်အခံလုပ်မည်ဖြစ်ပြီး ထိုသူတို့၏ ရန်သူလုပ်မည်ဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့၏ သဘာဝဖြစ်၏။ ဤအကြောင်းကြောင့် အန္တိခရစ်များဖြစ်သည့် ထိုသို့သော လူများက မည်သည့်မှားယွင်းပြီး ဆိုးယုတ်သော အရာများကို လုပ်ဆောင်ထားသည်ဖြစ်စေ၊ စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များနှင့်လည်းကောင်း ဆန့်ကျင်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်ထားသည်ဖြစ်စေ အခြားသူများက ၎င်းတို့အား ပြုပြင်ခြင်း သို့မဟုတ် ဖော်ထုတ်ပြီး ကိုင်တွယ်ခြင်းကို ၎င်းတို့ခွင့်ပြုမည် မဟုတ်ပေ။ ဤအရာများ ၎င်းတို့အပေါ် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယင်းတို့ကို ကျိုးနွံနာခံရန်နှင့် လက်ခံရန် ပျက်ကွက်မည်သာ မဟုတ်ပေ၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်ထားသည့်အရာသည် ဒုစရိုက်အမှုတစ်ခု ဖြစ်ကြောင်းကို အသိအမှတ်ပြုရန် ပျက်ကွက်မည်သာ မဟုတ်ပေ။ ထိုမျှသာမဟုတ်။ သူတို့သည် အခြေအမြစ်မရှိသော တန်ပြန်စွပ်စွဲချက်များကို ပြုလုပ်ကြမည်ဖြစ်ကာလိုအပ်သည့်မည်သည့် နည်းလမ်းများဖြင့်မဆို ၎င်းတို့၏ နာမည်ကောင်းများကို ပြန်လည်ရရှိရန် ကြိုးစားကြမည်။ ၎င်းတို့တွင် ရှိသမျှ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့၏ အပြစ်များ၊ ၎င်းတို့၏ အမှားများကို အခြားလူတစ်ဦး၏ ခေါင်းပေါ်သို့ ပုံချရန် ကြိုးစားမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်က တာဝန်တစ်ခုကိုမျှ ယူမည်မဟုတ်ချေ။ ထိုအရာအပြင် ၎င်းတို့၏ အကြီးမားဆုံးသောဆန္ဒမှာ လူများသည် ၎င်းတို့၏ ဒုစရိုက်အမှုများအတွက် ဆင်ခြေများပေးအောင်၊ ၎င်းတို့အတွက် ကျိုးကြောင်းပြ ငြင်းခုံပေးအောင် လှည့်စားခံရပြီး အထင်အမြင်မှားစေခြင်း ခံရကောင်း ခံရနိုင်ရန်၊ ပို၍များသော လူများက ၎င်းတို့၏ ကိုယ်စား ၎င်းတို့ဘက်မှ ရပ်တည်ကာ ပြောဆိုပေးကောင်း ပေးနိုင်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမြင်လိုဆုံးသော အရာဖြစ်၏။

ငါတို့၏ ဇာတ်ကြောင်းကို ဤနေရာတွင် အဆုံးသတ်မည်။ သင်တို့ မှန်းဆခဲ့သည်မှာ မှန်၏။ ထိုနှစ်ဦးသည် အမှန်ပင် အန္တိခရစ်များ ဖြစ်ကြလေသည်။ အန္တိခရစ်များသာလျှင် ထိုသို့သော စကားဝိုင်းမျိုးကို ပြောဆိုနိုင်ကာ ထိုသို့သောအရာများကို ထုတ်ပြောနိုင်ပြီး ထိုသို့သောအရာများကို ဆန္ဒရှိနိုင်လေသည်။ ပုံမှန်ဖြစ်သော ဖောက်ပြန်ပျက်စီးသည့် လူများသည် ထိုသို့သော စိတ်ကူးများ အနည်းငယ် ရံဖန်ရံခါ ရှိနိုင်သော်လည်း တစ်စုံတစ်ခုက အမှန်တကယ်ပင် ၎င်းတို့အပေါ် ဖြစ်ပျက်လာသည့်အခါတွင် ၎င်းတို့သည် ရှာဖွေပြီး ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလိမ့်မည် ဖြစ်သည်။ နည်းနည်းချင်းဖြင့် ၎င်းတို့ ကျိုးနွံနာခံလာကြလိမ့်မည်။ စစ်မှန်သော ယုံကြည်သူများအားလုံး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများ အားလုံးတို့သည် ပြုပြင်ခြင်းကိုဖြစ်စေ၊ ဖြုတ်ချခြင်းကိုဖြစ်စေ ခံရသည့်အခါတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်၏။ ကျိုးနွံနာခံသော သဘောထား၊ ကျိုးနွံနာခံရန် လိုလားစိတ် တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုလျက် သူ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ဖို့ ဆန္ဒမရှိပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည့် သာမန်လူတစ်ဦး ပြုမူသင့်သည့်ပုံစံ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တစ်ဦးသည် ဤအရာတစ်ခုမျှ မပိုင်ဆိုင်ချေ။ တရားဒေသနာမည်မျှကို ၎င်းတို့ ကြားရပါစေ ၎င်းတို့၏ လိုအင်ဆန္ဒများကို ၎င်းတို့ လက်လွှတ်မည် မဟုတ်သကဲ့သို့ လူများကို ထိန်းချုပ်ခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်း၊ လူများကို အထင်အမြင်မှားစေခြင်းတို့ဖြစ်သည့် ၎င်းတို့၏ ထိုသို့သော ရည်မှန်းချက်များကို ၎င်းတို့ လက်လွှတ်မည် မဟုတ်ပေ။ ထို့အပြင် ထိုအရာများသည် လုံးဝ လျော့ပါးသွားမည် မဟုတ်။ အချိန်ကုန်လွန်ပြီး အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် ယခင်ထက် သာ၍ပင် ဆိုးရွားလာလိမ့်မည်ဖြစ်ကာ ယခင်ထက် သာ၍ တိုးပွားလာလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူများ၏ သဘာဝအနှစ်သာရတို့ကြား အခြေခံကျသော ကွာခြားချက်ဖြစ်၏။

ယခုအခါတွင် ငါတို့သည် အန္တိခရစ်တို့၌ရှိသော အမျိုးမျိုးသော သရုပ်သကန်များ၏ အချက်ကိုးနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ပြီးပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ငါတို့သည် အချက်တစ်ဆယ်နှင့်ပတ်သက်၍ မိတ်သဟာယပြုကြမည်။ ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်။ သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြခြင်းဟူသည့် ဤအရာများထဲမှ တစ်ခုတလေသည် ယင်းဘာသာပင် အတော်အတန် ပြင်းထန်ဆိုးရွားမည်ဖြစ်ပြီး တစ်ခုမျှသည် သာမန်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု မဟုတ်ချေ။ ၎င်းတို့ လွှမ်းခြုံသည့် အန္တိခရစ်တို့၏ အနှစ်သာရသည် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ပါဝင်ကြောင်းကို ယင်းတို့ထဲမှ မည်သည့်အရာတွင်မဆို တွေ့မြင်နိုင်သည်။ ဤသည်တို့မှာ အသိသာဆုံးနှင့် အပြင်းထန်ဆုံး အရိပ်လက္ခဏာနှစ်ခု ဖြစ်သည်။ ဤအခြေအနေတွင် အန္တိခရစ်တို့၏ အနှစ်သာရကို သရုပ်ဖော်ပြရန် မာနထောင်လွှားခြင်း၊ စိတ်နှလုံးခိုင်မာခြင်း၊ လှည့်ဖြားခြင်းတို့ကို အသုံးပြု၍ ရနိုင်သလော။ (မရနိုင်ပါ။) ထိုသရုပ်ဖော်ချက်တို့ဖြင့်ဆိုလျှင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်ဆိုင်သော ဤအင်္ဂါရပ်များ၏ အခရာကို သဘောပေါက်ဖို့မှာ အတော်အတန် ခက်ခဲမည် ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြရန် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းဟူသည့် ထိုစိတ်သဘောထားနှစ်ခုကိုသာ အသုံးပြု၍ရနိုင်လေသည်။

ဤအရာများကို ငါတို့ တစ်ခုချင်း ဆွေးနွေးကြမည်။ ၎င်းတို့က သမ္မာတရားကို မထီမဲ့မြင်ပြုသည်။ “မထီမဲ့မြင်ပြုသည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (တစ်စုံတစ်ခုကို အထင်သေးခြင်း ဖြစ်ပါသည်။) (တစ်စုံတစ်ခုကို သေးသိမ်စေခြင်း၊ အထင်သေးခြင်း၊ သေးနုပ်သယောင်ဖြစ်စေခြင်းတို့ ဖြစ်ပါသည်။) (တစ်စုံတစ်ခုကို အထင်အမြင်သေးနေဖို့ရန်ပင် မတန်ဟု တွေးခြင်းဖြစ်ပါသည်။) သင်တို့ အသုံးပြုနေသည့် စကားအားလုံးသည် အခြေခံအားဖြင့် တစ်ပုံစံတည်းသောအရာကိုသာ ဆိုလို၏။ တစ်စုံတစ်ရာကို “မထီမဲ့မြင်ပြုသည်” ဟူသည်မှာ ယင်းကို အလေးမထားခြင်း၊ အထင်သေးခြင်း၊ သေးနုပ်သယောင်ဖြစ်စေခြင်း၊ သေးသိမ်စေခြင်း၊ အထင်သေးခြင်းတို့ကို ဆိုလိုသည်။ အကြမ်းဖျင်းအားဖြင့် ဆိုရလျှင် ယင်းမှာ လူတစ်ဦး၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ တစ်စုံတစ်ခုကို အတိုက်အခံလုပ်ခြင်း၊ ပစ်ပစ်ခါခါငြင်းခြင်း၊ လွန်စွာ မနှစ်မြို့ခြင်းတို့ ဖြစ်သည့်အပြင် ရန်လိုသော ဝေဖန်ခြင်းနှင့် အသရေဖျက်ခြင်းတို့နှင့်အတူ ထိုအရာကို လက်မခံခြင်းနှင့် ရှုတ်ချခြင်းပင် ဖြစ်လေသည်။ ဤသည်မှာ သင်တို့ပြောသည့်အရာ၏ အတိုင်းအတာနှင့်ယှဉ်လျှင် မည်သို့ရှိသနည်း။ (ယင်းမှာ ပို၍ အသေးစိတ်ကျပြီး တိတိကျကျဖြစ်ပါသည်။) ယင်းမှာ သင်တို့ပြောခဲ့သည့် အရာထက် ပို၍ တိတိကျကျဖြစ်ပြီး လက်တွေ့ကျ၏။ သင်တို့ပေးသည့် အနက်အဓိပ္ပာယ်များထဲမှ အများစုသည် “မထီမဲ့မြင်ပြုသည်” ၏ အနက်တူများ ဖြစ်ကြသည်။ ငါပြောသွားသည့်အရာသည် “မထီမဲ့မြင်ပြုခြင်း” ၏ လုပ်ရပ်၊ အပြုအမူတို့နှင့်သက်ဆိုင်သော အနှစ်သာရအပေါ် ထပ်၍ မွမ်းမံထားခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၏ အပြုအမူနှင့် အနှစ်သာရတို့အတွက် ခိုင်လုံပြီး အသေးစိတ်ကျသော သရုပ်ဖော်ချက် ဖြစ်လေသည်။ ယင်းမှာ လူတစ်ဦးသည် သမ္မာတရားကို မထီမဲ့မြင်ပြုသည့်အခါ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင်လည်းကောင်း၊ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားကို ၎င်းတို့ သဘောထားပုံတွင်လည်းကောင်း၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများ ပါဝင်ပတ်သက်သည့် ကိစ္စရပ်များအပေါ် စိတ်နှလုံးထဲတွင် ၎င်းတို့ ခံယူသည့် သဘောထားတွင်လည်းကောင်း သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှာ လက်မခံခြင်း၊ အတိုက်အခံ လုပ်ခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်းအပြင် ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အမနာပပြောခြင်းတို့ပင် ဖြစ်ကြောင်း လူများက မြင်နိုင်သည်ကို ဆိုလိုသည်။ ဤအရာများအားလုံးသည် “သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း” ပေါ်လွင်ထင်ရှားပြီး ထုတ်ဖော်ခံရသော တိကျသည့် နည်းလမ်းများ ဖြစ်လေသည်။ အလွန်တိကျလှသည်မှာ သမ္မာတရားအပေါ် ထိုသို့သောလူတစ်ဦး၏ သဘောထားများနှင့် ချဉ်းကပ်ပုံများ၏ သွင်ပြင်လက္ခဏာတစ်ခုချင်းစီ ပါဝင်လေသည်။ ၎င်းသည် သမ္မာတရားကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကိုလည်းကောင်း၊ အပြုသဘောဆောင်သော အရာများကိုလည်းကောင်း ပစ်ပစ်ခါခါငြင်းသည်။ ၎င်းတို့သည် ယင်းတို့ကို မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ အတိုက်အခံလုပ်ပြီး လက်မခံကြပေ။ တစ်စုံတစ်ခုသည် ဘုရားနှုတ်ကပတ်တော်များ ဖြစ်ကြောင်း၊ သမ္မာတရား ဖြစ်ကြောင်း သင်က ၎င်းတို့ကို ပြောသည့်အခါတွင် ၎င်းတို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်မည်နည်း။ “ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားဟူသည်တို့ကို မည်သူအရေးစိုက်သနည်း။ အရာရာတိုင်းအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို သင်အသုံးပြုသည်။ လူများဖြစ်သည့် ကျွန်ုပ်တို့ အသက်ရှင်သန်သည့် ဘဝတွင် ဘုရားနှုတ်ကပတ်တော်များအပြင် အခြားသော အရာများ မရှိလေသလော။ ကျွန်ုပ်တို့သည် စာအုပ်များစွာ ဖတ်ရှုကြပြီးဖြစ်သည်၊ ပညာများစွာ ဆည်းပူးရရှိပြီး ဖြစ်သည်။ ယင်းတို့အားလုံးမှာ အလဟဿဖြစ်သလော။ လူများတွင် ဦးနှောက်နှင့် စိတ်တို့ ရှိကြသည်။ ၎င်းတို့တွင် ပြဿနာများနှင့်ပတ်သက်၍ အမှီအခိုကင်းကင်းဖြင့် တွေးတောနိုင်စွမ်း ရှိကြသည်။ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် အခြေခံခြင်းသည် အနည်းငယ် တစ်ယူသန်ဖြစ်လွန်းသည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်လာချိန်၌ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို ရှာဖွေရန်၊ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရန် လိုအပ်ကြောင်း သင်က ၎င်းတို့ကို ပြောသည့်အခါတွင် ၎င်းတို့၏ သဘောထားသည် မည်သည့်အရာ ဖြစ်မည်နည်း။ “ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပါဟု ဆိုသလော။ ကျွန်ုပ်တို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ယင်းမှာ ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ ပြဿနာဖြစ်၏။ လူ၏ ပြဿနာများသည် ဘုရားနှင့် အဘယ်သက်ဆိုင်မှု ရှိသနည်း။ ယင်းတို့သည် သမ္မာတရားနှင့် မည်သို့ပတ်သက်သနည်း။ ဘုရားနှုတ်ကပတ်တော်များတွင် အရာအားလုံး ပါရှိသည်ဟုလည်းကောင်း၊ ယင်းတို့သည် စွယ်စုံကျမ်းတစ်ခု ဖြစ်သည်ဟုလည်းကောင်း သင်အမှန်တကယ် တွေးထင်သလော။ ဘုရားနှုတ်ကပတ်တော်များသည် အရာအားလုံးကို မလွဲမသွေ ဖော်ပြထားခြင်းမျိုးမဟုတ်။ လူများ၏ ပြဿနာများသည် လူများကိုင်တွယ်ရန်အတွက် ဖြစ်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော ပြဿနာများသည် သတ်သတ်မှတ်မှတ်ဖြစ်သော ဖြေရှင်းချက်များ လိုအပ်သည်။ သင်သည် တစ်စုံတစ်ခုကို မကိုင်တွယ်နိုင်လျှင် ယင်းနှင့်ပတ်သက်၍ အင်တာနက်ပေါ်တွင် ရှာဖွေလော့၊ သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်လော့။ ကျွန်ုပ်တို့၏ ဤအသင်းတော်၌ ကောလိပ်ပါမောက္ခများပင် ရှိပြီး ညီအစ်ကိုမောင်နှမ အများအပြားသည် ကောလိပ်ကျောင်းသားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့အားလုံး အတူတကွပေါင်းလိုက်ပါက သမ္မာတရားနှင့် တန်းတူ မဖြစ်နိုင်သလော” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့အကြောင်း သင်ထုတ်ပြောသည်နှင့်တစ်ပြိုင်နက်၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရမည်ဖြစ်ကြောင်း သင်ပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ခေါင်းထဲတွင် သင့်ကို အထင်သေးစိတ် ဖြစ်လာသည်။ ၎င်းတို့သည် ထိုသို့ လက်တွေ့လုပ်ဆောင်ရန် မလိုလားကြပေ။ ယင်းမှာ အလွန် သိက္ခာကျခြင်းနှင့် အရှက်ရခြင်းဖြစ်သည်ဟု ၎င်းတို့က မြင်ကြသည်။ ပြီးလျှင် ယင်းက ၎င်းတို့ကို အရည်အချင်း မပြည့်မီပုံပေါက်စေမည်ဟု ၎င်းတို့ထင်လေသည်။ ယင်းမှာ တစ်စုံတစ်ခုကို မထီမဲ့မြင်ပြုခြင်း၏ အဖြစ်အနေပုံစံပင် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းနှင့်ပတ်သက်သည့် အမှန်တကယ်ဖြစ်သော သရုပ်သကန်တစ်ခု၊ အမှန်တကယ်ဖြစ်သော အပြုအမူတစ်ခုဖြစ်၏။ ဤကဲ့သို့သောလူများသည် လူနည်းစု မဟုတ်ချေ။ ၎င်းတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်ကောင်း နားထောင်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်ထဲတွင် အတွဲလိုက် ကိုင်ထားကောင်း ကိုင်ထားနိုင်သည့်အပြင် ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်သော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာချိန်၌ သမ္မာတရားကို ရှာဖွေရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် စေခိုင်းခြင်းခံရသည့်အခါတွင်မူ ယင်းကို ၎င်းတို့က ရယ်ဖွယ်ဖြစ်သည်ဟု မြင်ကာ ယင်းအပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ကြသည်။ ၎င်းတို့သည် လက်မခံနိုင်ကြချေ။ ၎င်းတို့သည် ယင်းကို ပစ်ပစ်ခါခါပင် ငြင်းကြလေသည်။ ထိုအကြောင်းကြောင့် တစ်စုံတစ်ခု ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါတွင် “သတ်သတ်မှတ်မှတ်ဖြစ်သော ကိစ္စရပ်များသည် သတ်သတ်မှတ်မှတ်ဖြစ်သော ဖြေရှင်းချက်များ လိုအပ်ပြီး လူများ၏ ပြဿနာများသည် လူများဖြေရှင်းရန်အတွက် ဖြစ်သည်။ ဘုရားကို ရှာဖွေရန် မလိုအပ်။ ဘုရားသည် အရာရာကို တာဝန်ယူဖြေရှင်းရန် မလိုအပ်။ ထို့အပြင် ဘုရား တာဝန်ယူမဖြေရှင်းနိုင်သည့် အရာတချို့ ရှိသည်။ ယင်းတို့မှာ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များဖြစ်ကာ ဘုရားနှင့်မည်သို့မျှ မသက်ဆိုင်သကဲ့သို့ သမ္မာတရားနှင့်လည်း မည်သို့မျှ သက်ဆိုင်ခြင်းမရှိ။ ဘုရားသည် ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ဝင်ရောက်မစွက်ဖက်သင့်သကဲ့သို့ ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ ကိစ္စရပ်များကိုလည်း ဝင်ရောက်မစွက်ဖက်သင့်ပါ။ ကျွန်ုပ်တို့တွင် ရွေးချယ်မှုများ ပြုလုပ်ပိုင်ခွင့် ရှိကြသည်။ ပြီးလျှင် ကျွန်ုပ်တို့ မည်သို့နေထိုင်မည်၊ မည်သို့ကျင့်ကြံပြုမူရမည်၊ မည်သို့စကား ပြောဆိုမည်တို့ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များသည် အကြီးမားဆုံး လိုအပ်လာချိန်များ၊ ခက်ခဲကျပ်တည်းသော အချိန်များ၊ အကြီးမားဆုံး မရှိမဖြစ် လိုအပ်လာချိန်များ၊ လူတစ်ဦးတွင် ၎င်းအနေဖြင့် မဖြေရှင်းနိုင်သော၊ ဖြေရှင်းရန် အားကိုးအားထားရာမရှိသော အရာတစ်ခု ဖြစ်ပေါ်သည့် အချိန်များဟူသည့် ထိုအချိန်များသည် စိတ်သက်သာရာရဖို့အတွက်၊ ၎င်းအား ဝိညာဉ်ရေးရာ နှစ်သိမ့်မှု အနည်းငယ်ပေးဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို ထုတ်ပြီး အနည်းငယ် ဖတ်ရှုရမည့်အချိန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်ထက် ပိုသည်” ဟု အခိုင်အမာဆိုလျက် ယင်းကို ဖြေရှင်းရန် ၎င်းတို့က လူသားနည်းစနစ်များကို အသုံးပြုကြသည်။ အန္တိခရစ်များဖြစ်သည့် ထိုသို့သော လူများ၏ သမ္မာတရားအပေါ် ထားသည့် သဘောထားသည် သမ္မာတရားက လူ၏ အသက်ဖြစ်နိုင်ကြောင်းကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက လူတို့၏ လက်တွေ့ဘဝများတွင် ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အရာအားလုံးနှင့် ဆက်စပ်နေကြောင်းကိုဖြစ်စေ အသိအမှတ်မပြုသည့် သဘောထားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ပြီးလျှင် ဘုရားသခင်သည် လူသား၏ အရာအားလုံးကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်ဟူသည့်အချက်ကို သာ၍ပင် မယုံကြည်ကြပေ။

အန္တိခရစ်တို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်။ ဤသည်မှာ အကြောင်းအရာများစွာကို ခြုံငုံထားသည်။ အန္တိခရစ်တို့က သမ္မာတရားကို မထီမဲ့မြင်ပြုသည်ဟု ဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်း၏ အတိုင်းအတာမှာ အဘယ်နည်း။ ယင်းကို ငါတို့ အချက်သုံးချက် ခွဲလိုက်ပြီး စိတ်ဖြာလေ့လာဆွေးနွေးမည်။ သင်တို့အတွက် ထိုနည်းလမ်းသည် သာ၍ ရှင်းလင်းပေမည်။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို မထီမဲ့မြင်ပြုသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် သမ္မာတရားကို မညွှန်ပြလေသလော။ (ညွှန်ပြပါသည်။) ဆက်လက်၍ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိကို မထီမဲ့မြင်ပြုသည်။ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိနှင့် သူလုပ်ဆောင်သည့် အမှုသည် သမ္မာတရား မဟုတ်သလော။ (ဟုတ်ပါသည်။) ကျန်ရှိသည့်အရာမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုသည်ဟူ၍ ဖြစ်သည်။ ပထမဆုံးသော အချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို မထီမဲ့မြင်ပြုသည်။ ဒုတိယအချက်ကိုမူ ၎င်းတို့သည် ခရစ်တော်ကို မထီမဲ့မြင်ပြုသည်ဟု ပြောခြင်းအားဖြင့် အတိုချုံးနိုင်သည်။ ပြီးလျှင် တတိယအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုသည်။ ဤအချက်တစ်ခုချင်းစီကို သီးခြားစီ ငါတို့ ဆက်လက်၍ စိတ်ဖြာလေ့လာဆွေးနွေးမည်။

၁။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို မထီမဲ့မြင်ပြုခြင်း

ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့အပေါ် အန္တိခရစ်တို့ထားရှိသည့် သဘောထားမျိုးနှင့်ပတ်သက်၍ ငါတို့ ဦးစွာ မိတ်သဟာယပြုကြမည်။ ယင်းက ဤအပိုင်း၌ ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုကြောင်း သရုပ်ဖော်ပြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အနှစ်သာရတို့အပေါ် အန္တိခရစ်တစ်ဦး၏ သဘောထားမှာ အဘယ်နည်း။ ထိုအရာများနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာကို တွေးထင်သနည်း။ ယင်းတို့ကို ၎င်းတို့ မည်သို့ သတ်မှတ်သနည်း။ ယင်းတို့ကို ၎င်းတို့ မည်သို့ သဘောထားသနည်း။ ဘုရားသခင်၏ အနှစ်သာရတွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ အနန္တတန်ခိုး၊ သူ၏ သန့်ရှင်းခြင်း၊ သူ၏ အတုမရှိခြင်းတို့ ဖြစ်၏။ သူ၏ ပင်ကိုလက္ခဏာသည် ဖန်ဆင်းရှင်ဖြစ်သည်၊ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည် ဟူသည့်အချက်အတွက်မူ အန္တိခရစ်တို့သည် ထိုသို့ဖြစ်သည်ကို အသိအမှတ်ပြုသလော။ (မပြုပါ။) ၎င်းတို့၏ အသိအမှတ်မပြုခြင်းသည် အတိအကျအားဖြင့် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ (အန္တိခရစ်တို့သည် နေ့စဉ်နေ့တိုင်း ၎င်းတို့အပေါ် ကျရောက်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ဘုရားသခင်ထံမှ ခံယူကြမည် မဟုတ်ပါ။ ထိုအစား ထိုပြဿနာများကို အလွန်အကျွံ ဆန်းစစ်လိုက်မည်သာ ဖြစ်ကာ လူ၏ အယူအဆများ၊ စိတ်ကူးများဖြင့် ကိုင်တွယ်မည်ဖြစ်ပါသည်။) ယင်းတို့ကို လူသား၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ကိုင်တွယ်မည်ဖြစ်သည်။ သင်ပြောသွားသည့်အရာ၏ ပထမတစ်ဝက်မှာ မှန်ကန်သည်။ အန္တိခရစ်တစ်ဦးအပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းသည် ပြဿနာကို အလွန်အကျွံဆန်းစစ်ခြင်းသာ ပြုမည်ဖြစ်သည်။ ၎င်းသည် အမှုအရာများကို လူသား၏ အယူအဆများနှင့် စိတ်ကူးများဖြင့်သာ ကိုင်တွယ်လိမ့်မည်ဟု သင်ပြောသွားသည့်နေရာ ဖြစ်သည့် ဒုတိယတစ်ဝက်မှာမူ ယင်းတို့မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူများ လုပ်ဆောင်သည့် အပြုအမူများဖြစ်၏။ ငါတို့ ဤနေရာတွင် မိတ်သဟာယပြုပြီး ဖော်ထုတ်နေသည့်အရာမှာ အန္တိခရစ်တို့သည် သမ္မာတရားကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာကိုင်စွဲသည့် အချက်ကိုလည်းကောင်း မထီမဲ့မြင်ပြုခြင်းအကြောင်း ဖြစ်သည်။ ယင်းအတွက် သက်သေအထောက်အထားကို ရှာတွေ့ရန်ဆိုလျှင် သင်သည် အန္တိခရစ်တို့၏ ဆီလျော်သော နည်းစနစ်များနှင့် အပြုအမူများကို တွေ့အောင်ရှာဖွေဖို့ လိုအပ်လေသည်။ လက်တွေ့အရှိတရားတွင် အန္တိခရစ်တို့သည် “လူကို ဘုရားက ဖန်ဆင်းထားသည်၊ လူ၏ ကံကြမ္မာသည် ဘုရား၏ လက်ထဲတွင် ရှိသည်၊ လူတို့သည် ဘုရား၏ အုပ်စိုးမှုကို ကျိုးနွံနာခံသင့်သည်” ဟူ၍ ၎င်းတို့၏ စကားများဖြင့် အမှန်တကယ် အသိအမှတ်ပြုသော်လည်း ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါတွင် ယင်းမှာ ၎င်းတို့ လက်ခံသည့်ပုံစံ ဖြစ်သလော။ ၎င်းတို့ပြောဆိုသည့် ထိုစကားများသည် အတော်အတန် ကောင်းမွန်ပြီး မှန်ကန်သော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတွင် ယင်းမှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံ မဟုတ်ချေ။ ၎င်းတို့ပြောသည့် စကားများသည် ပေါ်ပင်ရေပန်းစားသော စကားများဖြစ်ပြီး စစ်မှန်သော သိမြင်မှု မဟုတ်ကြောင်း ထုတ်ဖော်သည်မှာ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် အမှုအရာများအပေါ် ၎င်းတို့၏ ချဉ်းကပ်နည်းနှင့် ၎င်းတို့၏ သဘောထားတို့ ဖြစ်လေသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့တွင် ရှိသည့် မည်သည့်အမြင်ရှုထောင့် အမျိုးအစားများ၊ မည်သည့်အတွေးအခေါ်များ၊ စကားများ၊ သဘောထားများသည် ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိကြောင်း သက်သေပြသနည်း။ အန္တိခရစ်တစ်ဦးအပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါတွင် ၎င်း၏ ပထမဆုံး တုံ့ပြန်မှုအနေဖြင့် ဤအဖြစ်မှန်ကို ၎င်းက လက်ခံနိုင်သလော။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်ဝပ်စွာ နေပြီး ကျိုးနွံနာခံရန်နှင့် ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသည့် ပတ်ဝန်းကျင်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့အတွက် အကျိုးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ လက်ခံရန်ဟူသည်မှာ ၎င်းတို့တွင်ရှိသော သဘောထားမျိုး ဖြစ်သလော။ ၎င်းတို့တွင် ထိုသို့သော သဘောထားမရှိသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့ ပထမဆုံး စဉ်းစားဆင်ခြင်သည့်အရာမှာ ယင်းက ၎င်းတို့၏ အကျိုးစီးပွားများနှင့် ရာထူးအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို ဖြစ်သည်။ ထို့နောက်တွင် ယင်းမှ ရုန်းထွက်လွတ်မြောက်ရန်၊ ထွက်ပေါက်ကို ရှာရန်၊ ယင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများကို အကြံအစည်ထုတ်လေသည်။ ထိုကိစ္စအတွက် တာဝန်ယူလိုစိတ် မရှိသဖြင့် ၎င်းတို့သည် အကြောင်းပြချက်နှင့် ဆင်ခြေများကို သွယ်ဝိုက်၍ ရှာလေတော့သည်။ ၎င်းတို့သည် ယင်းကို ဖြေရှင်းရန် လူ၏ နည်းစနစ်များကို အသုံးပြုပြီး ထိုပြဿနာကို ဆန်းစစ်ရန်နှင့် ကိုင်တွယ်ရန် ၎င်းတို့၏ ဦးနှောက်ကို အသုံးပြုကြသည်။ သူတို့သည် ဤသူက မှားသည်၊ ထိုတစ်ယောက်က ခိုင်းသည့်အတိုင်း မလုပ်ဟု ညည်းညူလျက် တာဝန်ကို အခြားသူများအပေါ်သို့ပင် လွှဲချကြလိမ့်မည်။ ထိုသို့ပြုရင်း အစကတည်းက မိမိတို့ ပေါ့ဆပြီး ဂရုမစိုက်ခဲ့သည်ကိုလည်းကောင်း ဤသို့ ထိုသို့ ပြုမူခဲ့သည်ကိုလည်းကောင်း နောင်တရကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ထံ ဖြစ်ပျက်လာသည့် အခြေအနေများအပေါ်တွင်၊ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အခြေအနေများအပေါ်တွင် အတိုက်အခံလုပ်ခြင်း၊ ရှောင်ရှားခြင်း၊ ငြင်းပယ်ခြင်း၊ လက်မခံခြင်း သဘောထားရှိသည်မှာ သိသာထင်ရှားသည်။ ထိုအခြေအနေများအတွက် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိုအခြေအနေများ ရောက်ရှိလာခြင်းကို တွန်းလှန်တိုက်ခိုက်ရန် ဖြစ်သည်။ ၎င်းတို့၏ ဒုတိယတုံ့ပြန်ချက်မှာ ယင်းတို့ကို လျော့ပါးပြေပျောက်စေရန် လူ့နည်းစနစ်များကို သုံးခြင်း၊ လူ၏ နည်းလမ်းများဖြင့် ကြံ့ကြံ့ခံခြင်း၊ အဖြစ်မှန်ကို ဖုံးဖိရန် လူ၏ နည်းလမ်းများကိုပင် အသုံးပြုခြင်းအပြင် အသင်းတော်၏ အလုပ်အပေါ်တွင်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအပေါ်တွင်လည်းကောင်း ၎င်းတို့ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများကို ဖုံးဖိခြင်းတို့ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများကို ဖုံးဖိပြီး ကွယ်ဝှက်ရန် လူ၏ နည်းလမ်းများကို အသုံးပြုခြင်းအပေါ်တွင် စိတ်အင်အားများအားလုံး ထည့်ထားသည်။ ၎င်းတို့ လုပ်ဆောင်ထားသည့် မကောင်းသောအရာများ၏ သဘာဝကိုဖြစ်စေ၊ မည်သည့်သမ္မာတရားစည်းမျဉ်းများကို ၎င်းတို့ ချိုးဖောက်ခဲ့သည်ကိုဖြစ်စေ ၎င်းတို့ အသိအမှတ်မပြုဘဲ ၎င်းတို့အနီးအနားရှိသူများကိုပင် လမ်းညွှန်လေသည်။ “ဤကိစ္စများကို မပေါက်ကြားစေနှင့်။ ကျွန်ုပ်တို့ တစ်ယောက်မျှ တစ်ခုကိုမျှ မပြောကြစို့နှင့်။ အခြားမည်သူမျှ သိ၍မဖြစ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအခြေအနေများကို ကျိုးနွံနာခံခြင်း မရှိဘဲ လက်ခံရန် ငြင်းပယ်သည်သာမက ၎င်းတို့၏ အထက်ခေါင်းဆောင်များဖြစ်စေ၊ ဘုရားသခင်ဖြစ်စေ မသိရှိစေရန်အလို့ငှာ လှည့်စားပြီး ထိမ်ချန်ထားလျက်၊ အဖြစ်မှန်၏ တကယ့်အခြေအနေကို ဖုံးဖိရန် ကြိုးစားလျက် ထိုအရာကို လျှော့ပေါ့ပြောရန်၊ သေးနုပ်သယောင်ဖြစ်စေရန် မျှော်လင့်လျက် ၎င်းတို့က အခြေအမြစ်မရှိသော တန်ပြန်စွပ်စွဲချက်များကိုလည်း ပြုလုပ်ကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့သည် ၎င်းတို့အပေါ် ကျရောက်သည့် အမှုအရာများကို ကိုင်တွယ်သည့်ပုံစံ ဖြစ်သည်။ အမှုအရာများကို ၎င်းတို့ ကိုင်တွယ်သည့်နည်းလမ်းသည် ၎င်းတို့ ဟစ်ကြွေးသည့် ပေါ်ပင်ရေပန်းစားသော စကားများနှင့် ကိုက်ညီသလော။ ၎င်းတို့ ဟစ်ကြွေးသည့် ပေါ်ပင်ရေပန်းစားသော စကားများနှင့် အမှုအရာများ ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါ ၎င်းတို့၏ သဘောထားတို့အကြားတွင် မည်သည့်အရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို ထုတ်ဖော်ခြင်း ဖြစ်သနည်း။ (အမှုအရာများ ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါ ၎င်းတို့၏ သဘောထားဖြစ်ပါသည်။) သို့ဆိုလျှင် မည်သည့်သဘောထား အတိအကျ ဖြစ်သနည်း။ ၎င်းတို့တွင် ကျိုးနွံနာခံသော သဘောထား ရှိသလော။ ၎င်းတို့အပေါ် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းကို နှိမ့်ချစွာ လက်ခံမည့် ထိုသို့သော သဘောထားတစ်ခု ၎င်းတို့တွင် ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရန် လိုလားစိတ်တစ်ခု ရှိသလော။ ၎င်းတို့၏ သဘောထားနှင့် ရိုးသားစစ်မှန်သော အပြုအမူများက ၎င်းတို့တွင် မည်သည့်အရာ ဖြစ်ပျက်ပါစေ ဘုရားသခင်သည် လူနှင့်သက်ဆိုင်သည့် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည့်သူဖြစ်ကြောင်း စစ်မှန်သော ယုံကြည်လက်ခံခြင်းနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) တစ်စက်မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ အတော်အတန် သိသာထင်ရှား၏။ ၎င်းတို့သည် အမှုအရာများကို ငြင်းပယ်ရန်၊ အမှုအရာများကို ဖုံးဖိရန်၊ လှည့်စားရန် ရည်ရွယ်သည်။ ၎င်းတို့သည် အဆုံးတိုင် ဆန့်ကျင်ရန်၊ ဘုရားသခင်ကို ပြုမူလုပ်ဆောင်ခွင့်ဖြစ်စေ၊ အချုပ်အခြာအာဏာပိုင်စိုးခွင့်ဖြစ်စေ မပေးရန် ရည်ရွယ်သည်။ ၎င်းတို့သည် အရာအားလုံးကို မှန်အောင် လုပ်ဆောင်ရန် လုပ်နိုင်စွမ်းနှင့် အစွမ်းအစရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့၏ ပိုင်နက်တွင် မည်သူကမျှ ၎င်းတို့၏ အလုပ်ကို ဝင်ရောက်စွက်ဖက်ခွင့် သို့မဟုတ် စီမံခွင့် မရှိချေ။ ၎င်းတို့က အကြီးမြတ်ဆုံးဖြစ်ရမည် ဟူလေ၏။ သို့ဆိုလျှင် ၎င်းတို့ ယုံကြည်သည့် ဘုရားသည် ထိုအခိုက်အတန့်တွင် တည်ရှိသေးသလော။ မရှိတော့ပေ။ ယခုအချိန်တွင် သူသည် အနှစ်သာရမဲ့သော အခွံတစ်ခုသာ ဖြစ်တော့သည်။ သို့ဆိုလျှင် ထိုအခိုက်အတန့်တွင် ၎င်းတို့၏ ယုံကြည်ခြင်းသည် အဘယ်နည်း။ ယင်းမှာ မရေရာသကဲ့သို့ အနှစ်မဲ့ပြီး လှည့်စားမှု ပါရှိသည်။ ၎င်းတို့တွင် ရိုးသားစစ်မှန်သော ယုံကြည်ခြင်း မရှိပေ။

အန္တိခရစ်တစ်ဦးထံ၌ မည်သည့်အရာမျှ မဖြစ်သည့်အခါတွင် ၎င်းသည် တရားဒေသနာများကို နားထောင်ယောင်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုယောင်၊ ဓမ္မသီချင်းများကို သင်ယူလေ့လာယောင် ဟန်ဆောင်လိမ့်မည်။ ၎င်းတို့က “ကျွန်ုပ်တို့က ဘုရားကို ယုံကြည်သောကြောင့် သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ရမည်ဖြစ်ပြီး သူ၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည် ဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရား၏ လက်ထဲတွင် ရှိပြီး သူလုပ်ဆောင်သမျှသည် ကောင်းမြတ်သည်” ဟု မကြာခဏ ပြောလျက် အသင်းတော်အသက်တာတွင် ပါဝင်ပြီး အသင်းတော်၏ အလုပ်စီမံကိန်းများအားလုံးတွင် တက်တက်ကြွကြွ ပါဝင်လိမ့်မည်။ ထို့အပြင် ၎င်းတို့သည် အခြားသူများကို “လူများသည် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် မလျှော့တမ်း ပြုမူဆောင်ရွက်ခြင်း မပြုသင့်။ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် အရာအားလုံးသည် ဘုရား၏ လက်ထဲတွင် ရှိသောကြောင့် ၎င်းတို့သည် ဘုရားကို ဆုတောင်းသင့်သည်” ဟု မကြာခဏ လမ်းညွှန်လိမ့်မည်။ ၎င်းတို့သည် ဤပေါ်ပင်ရေပန်းစားသော စကားများကို အတော်အတန် ဟိတ်ကြီးဟန်ကြီးနှင့် ဟစ်ကြွေးကြကာ ၎င်းတို့၏ သဘောထားက အတော်အတန် စိတ်ပိုင်းဖြတ်ထားပြီး အကြွင်းမဲ့ဖြစ်ပုံရသော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါတွင် အမှန်တရားနှင့် ၎င်းတို့ အမှန်တကယ် ထုတ်ဖော်ပြသောအရာတို့က သူတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သူတို့၏ အနှစ်သာရကို လုံးလုံးလျားလျားနှင့် အပြည့်အစုံ ဖော်ထုတ်လိုက်သဖြင့် ၎င်းတို့သည် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ရလေသည်။ ယင်းက ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် သက်ဆိုင်သော အမှန်တရားကိုဖြစ်စေ၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်သသည်ဟူသော အမှန်တရားကိုဖြစ်စေ လက်မခံကြောင်း ဖော်ထုတ်သည်။ ၎င်းတို့သည် ဤအမှန်တရားများကို အသိအမှတ်ပြုရန် မဆိုထားနှင့်၊ လက်ခံရန်ပင် မလိုလားကြချေ။ သာ၍ ကြောက်မက်ဖွယ် ကောင်းသေးသည်မှာ ၎င်းတို့သည် ထိုအရာများကို အသိအမှတ်ပြုရန်ဖြစ်စေ၊ လက်ခံရန်ဖြစ်စေ ပျက်ကွက်သည်သာမက အဆုံးထိတိုင် ခေါင်းမာစွာဖြင့် ဆက်လက်၍ အတိုက်အခံပြုခြင်းပင် ဖြစ်သည်။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့က အကြောင်းတစ်ခုနှင့်ပတ်သက်၍ဖြစ်စေ၊ အခြားအကြောင်းတစ်ခုကြောင့်ဖြစ်စေ ညည်းညူကြ၏။ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် သူ၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ကောင်းစွာ ပြုမူပြီး ကျိုးနွံနာခံသည့် နည်းလမ်းဖြင့် ဘုရားသခင်၏ ‌ရှေ့မှောက်သို့ ၎င်းတို့ မလာကြပေ။ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ ကျိုးနွံနာခံစွာ မလာကြသကဲ့သို့ သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနှင့် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အချုပ်အခြာအာဏာတို့ကို လက်ခံခြင်းတို့လည်း မရှိကြပေ။ ပြီးလျှင် သူ၏ ဆုံးမပဲ့ပြင်ခြင်းကို ၎င်းတို့ ကျိုးနွံနာခံစွာ လက်ခံခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် လူသားတို့၏ နည်းနိဿယများနှင့် အကြံအစည်များဖြင့်၊ လူ၏ နည်းလမ်းများဖြင့် ထိုကိစ္စကို လျော့ပါးပြေပျောက်စေရန်၊ ထိုကိစ္စကို ချေဖျက်ရန်၊ အခြားသူများနှင့် ဘုရားသခင်အပေါ် လှည့်စားရန် ဆန္ဒရှိကြသည်။ ၎င်းတို့သည် ထိုကိစ္စကို ပြေလည်အောင် လုပ်လိုက်လျှင် ယင်းကို ထိရောက်စွာ ပြီးပြတ်စေခဲ့သည်ဟု ယုံကြည်ကြ၏။ ၎င်းတို့သည် ယင်းကို ပြေလည်အောင် လုပ်လိုက်၍ မိမိတို့၏ အပြစ်အနာအဆာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ ဖုံးကွယ်သွားပြီး ဤအမှုအရာများကို မည်သူမျှ မသိရှိ၊ ၎င်းတို့၌ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မည်သူမျှ မတွေ့ရှိနိုင်၊ သို့မဟုတ် ဤအမှုကို ဆက်လက်၍ စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိတော့လျှင် သူတို့သည် ကြီးမားသော အရာတစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့ပြီဟု ယုံကြည်ကြ၏။ ထိုအခါ သူတို့သည် စိတ်သက်သာရာ ရကြလိမ့်မည်။ အန္တိခရစ်တစ်ဦးအပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်း၏ စကားများနှင့် အပြုအမူများ၊ ၎င်း၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များအပြင် ၎င်းအပြုအမူနှင့် စွမ်းဆောင်မှုတို့၏ အနှစ်သာရတို့ကို အကဲဖြတ်ကြည့်လျှင် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာ အတိုက်အခံလုပ်လေသည်။ ၎င်းတို့သည် ယင်းကို အဆုံးထိတိုင် မလျှော့တမ်း တွန်းလှန်တိုက်ခိုက်လိမ့်မည်။ ၎င်းတို့သည် အဘယ်အရာကို မှားယွင်းစွာ ပြုခဲ့သည်ဖြစ်စေ ဘုရားသခင်က ၎င်းတို့ကို ပြုပြင်ပေးသည်ကိုဖြစ်စေ၊ သူတို့ကို ဆုံးမပေးနိုင်သော ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည်ကိုဖြစ်စေ ခွင့်ပြုမည်မဟုတ်ချေ။ ကိုယ်တော်က ၎င်းတို့ကို ထုတ်ဖော်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းကို သာ၍ပင် ခွင့်ပြုမည်မဟုတ်ပေ။ ၎င်းတို့ ဖော်ထုတ်ခြင်းခံရသည်နှင့်၊ ဖုံးကွယ်ထားသော အမှန်တရားများ ပေါ်လာသည်နှင့် ချောက်ချားသွားကာ ပို၍ ပျာယာခတ်သွားပြီး စိတ်တိုလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကာကွယ်ရန် ပျက်ကွက်သည်ဟုလည်းကောင်း၊ ၎င်းတို့ကို ကောင်းချီးမပေးခဲ့ဟုလည်းကောင်း၊ သူသည် တရားမမျှတဟုလည်းကောင်း၊ ၎င်းတို့နှင့် အခြားသူတစ်ယောက်အပေါ် တစ်ခုတည်းသောအရာများ ဖြစ်ပျက်သည့်အခါတွင် ဘုရားသခင်က အခြားသူကို ထုတ်ဖော်မည် မဟုတ်ဘဲ ၎င်းတို့ကိုသာ ထုတ်ဖော်မည်ဖြစ်သည်မှာ အခြားမည်သည့်အကြောင်းကြောင့် ဖြစ်ရမည်နည်းဟုလည်းကောင်း၊ တစ်ခုတည်းသောအရာများ ဖြစ်ပျက်သည့်အခါတွင် ဘုရားသခင်သည် အခြားသူကို ဆုံးမပဲ့ပြင်မည် မဟုတ်ဘဲ ၎င်းတို့ကိုသာ ဆုံးမပဲ့ပြင်မည်မှာ အခြားမည်သည့်အကြောင်းကြောင့် ဖြစ်ရမည်နည်းဟုလည်းကောင်း ပြောလျက် တန်ပြန်၍ပင် တိုက်ခိုက်ကာ စွပ်စွဲချက်များကို အလျင်ဦးအောင် မာန်ပါပါပြောဆိုကြလေသည်။ ၎င်းတို့က “ဘုရားသည် မဖြောင့်မတ်သည်ကို မြင်ရသဖြင့် ကျွန်ုပ်သည် လူသားနည်းစနစ်များဖြင့်၊ ကျွန်ုပ်၏ ကိုယ်ပိုင် နည်းစနစ်များဖြင့် မိမိကိုယ်ကို ကာကွယ်ဖို့ လိုအပ်သည်” ဟူ၍ပင် ပြောလိမ့်မည်။ ၎င်းတို့ အမှားတစ်စုံတစ်ရာ ပြုလုပ်ထားသည့်အခါတွင် ဘုရားသည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး ဖော်ထုတ်၍ မရဘဲ အချိန်တိုင်းတွင် ၎င်းတို့ကို ဆက်လုပ်ဆောင်ခွင့်ပေးလျက်၊ လွယ်ကူ‌သော ထွက်ပေါက်ပေးလျက်၊ ၎င်းတို့၏ မှားယွင်းသော လုပ်ဆောင်မှုတိုင်းကို လိုက်လျောလျက် ၎င်းတို့အတွက် ဖုံးဖိပေးရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ယင်းမှာ ဘုရားပြုမည့်အရာဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်လျှင်၊ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့ကို အထူးမျက်နှာသာ ပေးခြင်းဖြင့် မဆက်ဆံလျှင်၊ အထူးရူပါရုံကိုဖြစ်စေ၊ ဦးဆောင်မှုကိုဖြစ်စေ မပေးလျှင် ထိုသို့သော ဘုရားသခင်တစ်ပါးသည် ချစ်ခင်နှစ်လိုဖွယ် မကောင်းဟုလည်းကောင်း၊ ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲရန် မသင့်တော်ဟုလည်းကောင်း ၎င်းတို့ ခံစားကြရသည်။ သို့ဖြစ်၍ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုခြင်း မရှိဘဲ သူ့ထံမှ လာသည့်အရာအားလုံးကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် လက်ခံလိုခြင်းလည်း မရှိချေ။ ထိုအစား ၎င်းတို့က ဘုရားသခင်ကို ၎င်းတို့အတွက် အစေခံစေလိုသည်။ အရာအားလုံးတွင် ၎င်းတို့အား ထောက်ကူပေးစေလိုသည်။ ပြီးလျှင် ၎င်းတို့ ကျူးလွန်သည့် မည်သည့်ပြစ်မှားခြင်းများအတွက်ကိုမဆို၊ ၎င်းတို့ ထုတ်ဖော်သည့် မည်သည့်ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် ပုန်ကန်ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်းအတွက်ကိုမဆို ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း မပြုရန်၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်း မပြုရန် ၎င်းတို့က အလိုရှိကြသည်။ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်းကို ၎င်း၏ အပြုအမူတိုင်းနှင့် သရုပ်သကန်တိုင်းတွင် တွေ့မြင်နိုင်သည်။ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းဟု ခေါ်သောအရာသည် အကျိုးအမြတ်များကို သဲ့ယူပြီး အကျိုးကျေးဇူးများ ရရှိရန် ကြိုးစားအားထုတ်မှုတစ်ခုသာ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိသော်လည်း ၎င်းတို့အတွက် အရာအားလုံးကို လုပ်ဆောင်ပေးရန်နှင့် ၎င်းတို့အတွက် အထူးအခွင့်အရေးများပေးရန် ဘုရားသခင်ကို အမြတ်ထုတ်ဖို့ ဆန္ဒရှိလျက် သူ့ကို စီစဉ်ညွှန်ကြားမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကိုဖြစ်စေ၊ သူ၏ ကယ်တင်ခြင်းကိုဖြစ်စေ ဖောက်ပြန်ပျက်စီးသော ဖန်ဆင်းခံတစ်ဦးအနေဖြင့် လက်ခံခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့အပေါ် သာမန်ထက် လွန်ကဲသော မျက်နှာသာပေးခြင်းကို ကမ်းလှမ်းနေခြင်းဖြစ်ကြောင်း၊ ဘုရားသခင်သည် ယင်းကို အမှတ်ရပြီး ၎င်းတို့ကို ကာကွယ်သင့်ကြောင်း၊ ၎င်းတို့အား အကြွင်းမဲ့ ကောင်းချီးပေးသင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့က မည်သည့်မကောင်းသည့်အရာကို လုပ်ဆောင်ထားသည်ဖြစ်စေ ၎င်းတို့အား အထူး လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးလျက် ၎င်းတို့ကို ခွင့်လွှတ်သင့်ကြောင်း ၎င်းတို့က ခံစားရသည်။ အန္တိခရစ်များဖြစ်ကြသည့် ထိုသို့သော လူစားမျိုးများသည် အမှန်တကယ် ဆိုးယုတ်၏။ ၎င်းတို့တွင် အရှက်တရား လုံးဝ မရှိချေ။ ၎င်းတို့သည် မည်သို့သော အရာဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့ မည်သူဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ သိပင် မသိကြပေ။ ထို့ကြောင့် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ ၎င်းတို့သည် ရှက်ကြောက်ခြင်းမရှိဘဲ အကြောင်းပြချက်များနှင့် ဆင်ခြေများကို ပေးခြင်း၊ မိမိတို့၏အမှုကို အသနားခံ၍ အတင်းအကျပ် ပြောဆိုခြင်း၊ တာဝန်လွှဲချခြင်းနှင့် အဖြစ်မှန်များကို ဖုံးကွယ်ခြင်းတို့ကို ပြုလျက် အဆုံးတိုင်အောင် ဘုရားသခင်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့သည် ဖော်ထုတ်ခံရပြီး လူတို့က ၎င်းတို့၏ အတွင်းသဘောကို သိမြင်သွားလျှင် မိမိတို့၌ အဆင့်အတန်း သို့မဟုတ် ဂုဏ်သိက္ခာ ရှိတော့မည် မဟုတ်ကြောင်းကို ကြောက်ရွံ့ကြ၏။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် ၎င်းတို့၏ ပါးစပ်ထဲတွင် ရပ်တန့်သွားသည်။ လက်ခံခြင်းတစ်ခုတလေ ရှိဖို့ မဆိုထားနှင့်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ အသုံးခံခြင်း မရှိသကဲ့သို့ ရိုးသားစစ်မှန်စွာ ကျိုးနွံနာခံခြင်းလည်း မရှိချေ။ ထို့ကြောင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်သက်ဆိုင်သော အမှန်တရားနှင့် စပ်လျဉ်း၍ အန္တိခရစ်တစ်ဦးသည် ယင်းကို ၎င်း၏ စိတ်နှလုံး နက်ရှိုင်းရာမှ အတိုက်အခံလုပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က ၎င်း၏ ကံကြမ္မာကို အချုပ်အခြာအာဏာ ကိုင်စွဲပြီး ၎င်း၏ အရာအားလုံးကို စီစဉ်ညွှန်ကြားသည်ကို ခွင့်ပြုရန် မလိုလားသည်ကိုလည်းကောင်း ၎င်း၏ အနှစ်သာရတွင် တွေ့မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အချုပ်အခြာအာဏာ ပိုင်စိုးခွင့်မပြုလိုပေ။ ၎င်းတို့က မည်သူ့ကို အချုပ်အခြာအာဏာ ပိုင်စိုးစေလိုသနည်း။ ၎င်းတို့ကိုယ်တိုင် အဆုံးသတ် ဆုံးဖြတ်ခွင့် ရှိလိုသည်။ ယင်းက စာတန်ကို အမှုအရာများအား ကြိုးကိုင်ညွှန်ကြား ခွင့်ပြုကြောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ၎င်းတို့၏ အသက် ဖြစ်ခွင့်ပေးကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရင်အဖြစ် အုပ်စိုးခွင့်ပေးကြောင်းကို သွယ်ဝိုက်၍ ဆိုလိုလေသည်။ ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်၏။ ဘုရားသခင်၏ အနှစ်သာရနှင့်ပတ်သက်၍မူ အန္တိခရစ်တစ်ဦးသည် ယင်းကို မည်သို့ သဘောထားသနည်း။ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ အနှစ်သာရတွင် ပါဝင်သော လက္ခဏာများနှင့်ပတ်သက်၍ သံသယများ ထားရှိကြသည်။ ၎င်းတို့က မယုံကြည်ပေ။ ၎င်းတို့က သံသယရှိသည်။ ၎င်းတို့သည် ထိုလက္ခဏာများအားလုံးနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခြင်းနှင့်အတူ အယူအဆများပင် ရှိလေသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ထိုလက္ခဏာများကို ဆန်းစစ်ရန်နှင့် အနက်အဓိပ္ပာယ်ကောက်ရန် မိမိတို့၏ စိတ်ကူးများအပြင် အသိပညာနှင့် ဦးနှောက်တို့ကိုပင် အသုံးပြုကြသည်။ အချို့‌သော မိုက်မဲသည့်လူများက ၎င်းတို့၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် အတော်အတန် ကောင်းသည်၊ ဝိညာဉ်ရေးရာဆန်သည်၊ သဘာဝကျပြီး လက်တွေ့ကျသည်ဟုပင် ယုံကြည်ကြသည်။ ယင်းမှာ သာ၍ပင် ရွံရှာဖွယ်ကောင်းသေးသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။