အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂) အခန်း တစ်

ယနေ့ ကျွန်ုပ်တို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ အချက် ၁၀ ဖြစ်သည့် ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် ဟူသည်နှင့် စပ်လျဉ်း၍ ဆက်လက်၍ မိတ်သဟာယပြုကြသည်။ ပြီးခဲ့သည့်အခေါက်က သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းနှင့် ပတ်သက်၍ သီးသန့် မိတ်သဟာယအချို့ ပြုခဲ့ကြပြီး ဖြစ်သောကြောင့် ယင်းကို ဦးစွာ ပြန်လည်သုံးသပ်ကြည့်ကြစို့။ ပြီးခဲ့သည့်အခါက “စက်ဆုပ်ရွံရှာခြင်း” နှင့်ပတ်သက်သော သင်တို့၏ ရှင်းပြချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့က ယင်းကို သမ္မာတရားအပေါ် အရေးမထားခြင်း၊ အထင်သေးခြင်း၊ ဘေးချိတ်ထားခြင်းနှင့် သမ္မာတရားအပေါ် အလေးအနက် မထားခြင်းအပြင် သမ္မာတရားအပေါ် မထီမဲ့မြင်ပြုခြင်းအဖြစ် ရှင်းပြခဲ့ပါသည်။) ဤစကားလုံး၏ အနှစ်သာရကို လက်တွေ့ကျသော အသုံးအနှုန်းများဖြင့် သင်တို့ အသေအချာ ရှင်းပြခဲ့ကြပြီးပြီလော။ (ကျွန်ုပ်တို့၏ ရှင်းလင်းချက်သည် စက်ဆုပ်ရွံရှာခြင်း၏ အနက်တူ ဝေါဟာရများနှင့်သာ ညီမျှပါသည်။ ယင်းသည် အပေါ်ယံသာဖြစ်ပြီး သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း၏ အသေးစိတ် အချက်အလက်များကိုဖြစ်စေ၊ သမ္မာတရားကို ကျွန်ုပ်တို့ ဆက်ဆံရာတွင် ကျွန်ုပ်တို့၏ သဘောထားနှင့် သရုပ်သကန်များကိုဖြစ်စေ ရှင်းလင်းစွာ မဖော်ပြခဲ့ပါ။ ကျွန်ုပ်တို့သည် ယင်း၏ အနှစ်သာရကို ရှင်းပြရန် ပျက်ကွက်ခဲ့ပါသည်။) ထိုသို့သော ရှင်းလင်းချက်၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် မည်သည့်အမျိုးအစားအောက်တွင် ရှိသနည်း။ (စကားလုံးများနှင့် အယူဝါဒများ ဖြစ်ပါသည်။) အခြား ရှိသေးသလော။ ယင်းသည် အသိပညာနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) ဤအသိပညာကို မည်သို့ ရရှိခဲ့သနည်း။ ယင်းကို ကျောင်းများမှ၊ ဆရာများထံမှ၊ အဘိဓာန်များနှင့် စာအုပ်များမှလည်း ရရှိခဲ့သည်။ သို့ဆိုလျှင် ငါ၏ ရှင်းလင်းချက်နှင့် သင်တို့၏ ရှင်းလင်းချက်အကြား ကွာခြားချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရားအပေါ် လူတစ်ဦးချင်းစီ၏ သဘောထားနှင့် သက်ဆိုင်ပေသည်။ ဆိုလိုသည်မှာ လူတို့သည် သမ္မာတရားကို မိမိတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံးမှ အတိုက်အခံပြုကြ၏၊ စက်ဆုပ်ရွံရှာကြ၏၊ အော်ဂလီဆန်ကြ၏၊ ပြီးလျှင် ယင်းကို လက်မခံကြသည့်အပြင် ရှုတ်ချပင် ရှုတ်ချကြသေးကာ ယင်းအပေါ် ရန်လိုသော ဝေဖန်သုံးသပ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကိုလည်း ပြုလုပ်ကြလေသည်။ ဘုရားသခင်၏ ရှင်းလင်းချက်သည် လူတို့၏ သမ္မာတရားအပေါ် သဘောထားနှင့်ဆိုင်သော အနှစ်သာရမှ လာပါသည်။) ကျွန်ုပ်သည် “စက်ဆုပ်ရွံရှာခြင်း” ဟူသော စကားလုံး၏ အနှစ်သာရကို အမျိုးမျိုးသော အနှစ်သာရပိုင်းဆိုင်ရာ အပြုအမူများ၊ ကျင့်ကြံမှုများ၊ သဘောထားများနှင့် အမြင်များ၏ ရှုထောင့်မှ ရှင်းပြသည်။ မည်သည့်ရှင်းလင်းချက်က အမှန်တကယ်တွင် သမ္မာတရား ဖြစ်သနည်း။ (ဘုရားသခင်၏ ရှင်းလင်းချက်သည် သမ္မာတရား ဖြစ်ပါသည်။) သို့ဆိုလျှင် သင်တို့၏ ရှင်းလင်းချက်သည် မည်သည့်နေရာတွင် လိုအပ်နေသနည်း။ (ကျွန်ုပ်တို့သည် သမ္မာတရားကို နားမလည်ကြပါ။ ငါတို့သည် အမှုအရာများ၏ အပေါ်ယံကိုသာ ကြည့်ပြီး ယင်းတို့ကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ဆိုကြကာ ပြဿနာများကို ရှုမြင်ရန် အသိပညာနှင့် အယူဝါဒများအပေါ် မှီခိုကြပါသည်။) သင်တို့သည် ဤစကားလုံးကို မိမိတို့ သိနားလည်ထားသော အသိပညာအပေါ် အခြေခံ၍၊ တိုက်ရိုက်အဓိပ္ပာယ်ကို မိမိတို့ နားလည်သဘောပေါက်မှုအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုကြသော်လည်း ဤစကားလုံးသည် လူတစ်ဦး၏ သဘာဝအနှစ်သာရနှင့်လည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့်လည်းကောင်း မည်သို့ဆက်စပ်နေသည်ကို သင်တို့ လုံးဝ မသိကြချေ။ ဤသည်မှာ အသိပညာနှင့် အယူဝါဒများ၊ နှင့် သမ္မာတရားတို့ကြား ကွာခြားချက်ဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို မိတ်သဟာယပြုသည့်အခါတွင်လည်း ဤနည်းလမ်းနှင့် ဤရှုထောင့်ကို ပုံမှန်အားဖြင့် အသုံးပြုကြသလော။ (အသုံးပြုပါသည်။) လူအများစုသည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ပင် ဖတ်ရှုပါစေ၊ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားသည် အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို နားမလည်နိုင်ကြသည်မှာ မဆန်းပေ။ သို့ဖြစ်၍ လူများစွာတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရား လက်တွေ့ကျမှုကို နားလည်ခြင်း သို့မဟုတ် ဝင်ရောက်ခြင်း မရှိကြပေ။ “လူတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ယင်းကို သဘောပေါက်နားလည်နိုင်စွမ်းလည်း မပိုင်ဆိုင်ကြပေ” ဟု အစဉ် ပြောရခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်သည်။

ငါတို့သည် အန္တိခရစ်တို့၏ သရုပ်သကန်များ၏ အချက် ၁၀ ဖြစ်သည့် ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် ဟူသည့်အကြောင်းကို ဆက်လက်၍ မိတ်သဟာယပြုကြမည်။ ပြီးခဲ့သည့်စုဝေးပွဲတွင် ငါတို့သည် သမ္မာတရားအပေါ် မထီမဲ့မြင်ပြုခြင်းကို အချက်သုံးချက်အဖြစ် ခွဲခြားခဲ့သည်။ ထိုသုံးချက်မှာ အဘယ်နည်း။ (ပထမဦးစွာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို မထီမဲ့မြင်ပြုခြင်း၊ ဒုတိယအနေဖြင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို မထီမဲ့မြင်ပြုခြင်း၊ တတိယအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း တို့ဖြစ်ပါသည်။) ဤအချက်သုံးချက်ကို အခြေခံ၍ “အန္တိခရစ်တို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်” ဟူသော အကြောင်းအရာကို စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ပြီးခဲ့သည့်တစ်ခေါက်က ငါတို့သည် ပထမအချက်နှင့်ပတ်သက်၍ အခြေခံအားဖြင့် အတော်အတန် ဆွေးနွေးပြောဆိုပြီးဖြစ်သော်လည်း ဘုရားသခင်၏ အနှစ်သာရ၏ သန့်ရှင်းခြင်းနှင့် အတုမရှိခြင်းတို့အကြောင်း အလွန်အသေးစိတ် မိတ်သဟာယမပြုခဲ့ပါ။ ယင်းမှာ သင်တို့ချင့်ချိန်စဉ်းစားစရာ ပေးရန်နှင့် ငါ မိတ်သဟာယပြုခဲ့သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ အနန္တတန်ခိုးတို့နှင့်ဆိုင်သော ရှုထောင့်များအပေါ် အခြေခံ၍ သင်တို့ ပို၍ တိကျစွာ မိတ်သဟာယပြုစေရန် ရည်ရွယ်ပေသည်။ ယနေ့ ငါတို့သည် အန္တိခရစ်တို့က သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြပုံနှင့်ပတ်သက်သော အဓိကအကြောင်းအရာကို စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အန္တိခရစ်တို့သည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိအား မည်သို့ဆက်ဆံပုံကို ဆွေးနွေးဖော်ပြသည့် ဒုတိယအချက်နှင့်ပတ်သက်၍ မိတ်သဟာယပြုကြမည်။

၂။ ဘုရားသခင်လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို မထီမဲ့မြင်ပြုခြင်း

လူ့ဇာတိခံဘုရားသခင်၊ ဆိုလိုသည်မှာ ခရစ်တော်နှင့်ပတ်သက်သော အန္တိခရစ်တို့၏ ရှုထောင့်များ၊ အမြင်များနှင့် ၎င်းတို့၏ ဆက်ဆံရေးများတွင်လည်း တိကျသော သရုပ်သကန်အချို့နှင့် အနှစ်သာရပိုင်းဆိုင်ရာ ထုတ်ဖော်ခြင်းများ ရှိလေသည်။ လူတို့၏ တိကျသော သရုပ်သကန်အချို့ကိုဖြစ်စေ၊ လူအချို့၏ တိကျသော ကျင့်ကြံပြုမူမှုများကိုဖြစ်စေ ရိုးရှင်းစွာ တင်ပြရုံသာ တင်ပြမည်ဆိုလျှင် သင်တို့အနေဖြင့် ထိုတင်ပြမှုကို အနည်းငယ် မရှင်းလင်းဟု မြင်ကောင်းမြင်နိုင်သည်။ ထိုအစား ယင်းတို့မှနေ၍ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိအပေါ် အန္တိခရစ်တို့၏ သဘောထားသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို နားလည်ရန်နှင့် အန္တိခရစ်တို့သည် သမ္မာတရားကို မည်သို့ မထီမဲ့မြင်ပြုသည်ကို မှန်မမှန်စစ်ဆေးပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ယင်းကို အချက်အနည်းငယ် ခွဲခြားကြပါစို့။ ပထမအချက်မှာ မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ခြင်းနှင့် နားဝင်ချိုသော စကားများ ဖြစ်သည်။ ဒုတိယအချက်မှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့အပြင် သိချင်စိတ်ပြင်းပြခြင်း ဖြစ်သည်။ တတိယအချက်မှာ ၎င်းတို့ ခရစ်တော်ကို ဆက်ဆံပုံမှာ ၎င်းတို့၏ စိတ်နေစိတ်ထားအပေါ် မူတည်ခြင်း ဖြစ်သည်။ စတုတ္ထအချက်မှာ ခရစ်တော် ပြောဆိုသည့်အရာကို နားထောင်ရုံသာ နားထောင်သော်လည်း မနာခံသကဲ့သို့ ကျိုးနွံနာခံမှု မရှိခြင်း ဖြစ်သည်။ ဤအချက်တစ်ခုစီ၏ ဖော်ပြချက်များအပြင် ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်များမှ သင်တို့ နားလည်နိုင်သော အမြင်များနှင့် သရုပ်သကန်များကို အကဲဖြတ်ရလျှင် ၎င်းတို့တစ်ခုစီသည် အပြုသဘောဆောင်သလော။ အတော်အတန် အပြုသဘောဆောင်ပုံရသော အချက်တစ်ခုတလေ ရှိပါသလော။ “အပြုသဘောဆောင်သော” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ အနည်းဆုံးအနေဖြင့် ယင်းက လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိခြင်းကို ရည်ညွှန်းသည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်စေ၊ ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော သဘောထားနှင့် ရပ်တည်ချက်ရှိခြင်းဟူသည့် အဆင့်သို့ မြှင့်တင်ရန် မလိုအပ်ပေ။ လူသား၏ ဆင်ခြင်တုံတရား အကဲဖြတ်ချက်ကို အသုံးပြုရုံမျှဖြင့် ဤအရာများထဲမှ မည်သည့်အရာက စံမီသနည်း။

ပထမဦးစွာ ပထမအချက်ဖြစ်သည့် မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ခြင်းနှင့် နားဝင်ချိုသော စကားများကို ကြည့်ကြစို့။ ဤအသုံးအနှုန်းသုံးခုကို လူ့ဘာသာစကားတွင် ချီးကျူးသော၊ သို့မဟုတ် ကောင်းသောအနက်ဆောင်သော အသုံးအနှုန်းများအဖြစ် မှတ်ယူပါသလော။ (မယူပါ။) ပုံမှန်အားဖြင့် ဤစကားလုံးများသည် မည်သည့်လူစားမျိုး၏ စကားပြောခြင်းနှင့် အပြုအမူကို သရုပ်ဖော်သနည်း။ (လှည့်ဖြားသော လူများ၊ သစ္စာဖောက်များ၊ ယုတ်ညံ့သော လူများ၊ ဖော်လံဖားများ ဖြစ်ပါသည်။) သစ္စာဖောက်များ၊ ယုတ်ညံ့သော လူများနှင့် သာကူးများဖြစ်သည့် လှည့်ဖြားခြင်း၊ ယုတ်ညံ့ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့နှင့် ဆက်စပ်နေသော လူစားမျိုးတို့ ဖြစ်သည်။ ထိုသို့သော လူများ၏ လုပ်ဆောင်ချက်များကို အခြားသူများ၏ အမြင်တွင် အများအားဖြင့် စက်ဆုပ်ပြီး ယုတ်ညံ့သည်ဟုလည်းကောင်း၊ လူတို့အပေါ် ရိုးသားမှု မရှိဟုလည်းကောင်း၊ ကြင်နာမှု မရှိဟုလည်းကောင်း မြင်ကြသည်။ ၎င်းတို့သည် ဩဇာအာဏာသုံးသော သို့မဟုတ် အဆင့်အတန်း မြင့်သောသူများကို မျက်နှာလိုမျက်နှာရလုပ်လျက်၊ မြှောက်ပင့်လျက် မကြာခဏ မျက်နှာလိုမျက်နှာရလုပ်ကာ မြှောက်ပင့်ပြီး နားဝင်ချိုသော စကားများ ပြောကြသည်။ ဤလူစားမျိုးကို အခြားသူများက အထင်အမြင်သေးကြပြီး အများအားဖြင့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်အဖြစ် ရှုမြင်ကြသည်။

ဒုတိယအချက်ဖြစ်သည့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့အပြင် သိချင်စိတ်ပြင်းပြခြင်းတို့ကို ကြည့်ကြပါစို့။ ဤစကားလုံးများကို အသိအမှတ်ပြုသော စကားလုံးများအဖြစ်ဖြစ်စေ၊ အသရေပျက်စေသော စကားလုံးများအဖြစ်ဖြစ်စေ မှတ်ယူသလော။ (အသရေပျက်စေသော စကားလုံးများအဖြစ် မှတ်ယူပါသည်။) အသရေပျက်စေသော စကားလုံးများအဖြစ် မှတ်ယူသလော။ ယင်းတို့ကို အသရေပျက်စေသော စကားလုံးများအဖြစ် သင်တို့ အဘယ်ကြောင့် အမျိုးအစားခွဲခြားမည်ကို ငါ့အား ရှင်းပြလော့။ ဆက်စပ်အခြေအနေမပါလျှင် ဤစကားလုံးများသည် ကြားနေဖြစ်ပြီး အသိအမှတ်ပြုသော သို့မဟုတ် အသရေပျက်စေသော စကားများအဖြစ် ခေါ်ဆို၍မရပါ။ ဥပမာအားဖြင့် သိပ္ပံဆိုင်ရာ စီမံကိန်းတစ်ခုအပေါ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံယူခြင်း၊ ပြဿနာတစ်ခု၏ အနှစ်သာရကို ဆန်းစစ်ခြင်း၊ အချို့သော အမှုအရာများအပေါ် သိချင်စိတ်ပြင်းပြခြင်း ဟူသည့် ဤသရုပ်သကန်များကို အခြေခံအားဖြင့် အပြုသဘောဆောင်သော သရုပ်သကန်များ သို့မဟုတ် အပျက်သဘောဆောင်သော သရုပ်သကန်များဟု ခေါ်ဆို၍မရဘဲ ယင်းတို့မှာ အတော်အတန် ကြားနေဖြစ်ပါသည်။ သို့ရာတွင် ဤနေရာ၌ ဆက်စပ်အခြေအနေတစ်ခု ရှိသည်။ လူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ဆန်းစစ်ခြင်းနှင့် သိချင်စိတ်ပြင်းပြခြင်းတို့ကို ခံရသည့်အရာသည် လူသားတို့ သုတေသနပြုရန် သင့်လျော်သော အကြောင်းအရာတစ်ခုခု မဟုတ်ဘဲ ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိ ဖြစ်နေသည်။ သို့ဖြစ်၍ ဤထပ်ဖြည့်ထားသော ဆက်စပ်အခြေအနေနှင့်အတူ ဤလူစားမျိုးက လုပ်ဆောင်သော ဤအမှုအရာများအပြင် ၎င်းတို့၏ သရုပ်သကန်များနှင့် အပြုအမူများအပေါ် အခြေခံ၍ ဤစကားလုံးများသည် ဤနေရာတွင် ယုတ်ညံ့ရိုင်းစိုင်းသော စကားလုံးများ ဖြစ်လာသည်မှာ သိသာထင်ရှားပေသည်။ မည်သည့်လူစားမျိုးသည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို ပုံမှန်အားဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်သနည်း။ သမ္မာတရားကို လိုက်စားသောသူများလော၊ သို့မဟုတ် မလိုက်စားသောသူများလော။ ခရစ်တော်ကို ၎င်းတို့၏ စိတ်နှလုံးများမှ အမှန်တကယ် ယုံကြည်သောသူများလော သို့မဟုတ် ခရစ်တော်အပေါ် သံသယရှိသော သဘောထား ရှိသောသူများလော။ သိသာထင်ရှားစွာပင် သံသယရှိသော သဘောထားရှိသောသူများ ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြသည့်အပြင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းအပြင် ၎င်းတို့သည် အထူးသဖြင့်လည်း သိချင်စိတ် ပြင်းပြကြပါသည်။ ၎င်းတို့သည် အတိအကျ မည်သည့်အရာကို သိချင်စိတ်ပြင်းပြကြသနည်း။ ဤသရုပ်သကန်များနှင့် အနှစ်သာရများ၏ အသေးစိတ် အချက်အလက်များကို မကြာမီ ငါတို့ သီးသန့် မိတ်သဟာယပြုကြမည်။

ဆက်လက်၍ တတိယအချက်ကို ကြည့်ကြစို့။ ၎င်းတို့သည် ခရစ်တော်ကို ဆက်ဆံပုံမှာ ၎င်းတို့၏ စိတ်နေစိတ်ထားအပေါ် မူတည်သည်။ ဤအချက်တွင် ယင်းတို့၏ ချီးကျူးသော သို့မဟုတ် အသရေပျက်စေသော အဓိပ္ပာယ်အတွက် ဆန်းစစ်ရန် တိကျသော စကားလုံးများ မပါဝင်ပေ။ ထိုသို့သော လူများ၏ ဤကဲ့သို့သော သရုပ်သကန်နှင့် တိကျသော အလေ့အကျင့်တို့ဖြင့် မည်သည့်အမှန်တရားကို ထုတ်ဖော်သနည်း။ ထိုသို့သော အမှုအရာများကို လုပ်ဆောင်ပြီး ထိုသို့သော သရုပ်သကန်များကို ပြသသော လူတစ်ဦး၌ မည်သည့်စိတ်သဘောထားမျိုး ရှိသနည်း။ ပထမဦးစွာ ၎င်းတို့သည် အခြားသူများကို ဆက်ဆံရာတွင် သမာသမတ်ကျသလော။ (မကျပါ။) ဤအရာကို မည်သည့်စကားရပ်မှ ကောက်ချက်ချနိုင်သနည်း။ (“စိတ်နေစိတ်ထားအပေါ် မူတည်သည်။” ဟူ၍ဖြစ်သည်။) ဤစကားရပ်က ဤလူစားမျိုးသည် စည်းမျဉ်းများ မရှိဘဲ၊ အခြေခံစည်းမရှိဘဲ၊ အထူးသဖြင့် မည်သည့်အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိဘဲ ပြုမူကာ အခြားသူများ သို့မဟုတ် ကိစ္စရပ်များကို ဆက်ဆံသည်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နေစိတ်ထားဖြင့် လုံးလုံး လမ်းညွှန်ခြင်း ခံရသည်ကို ဆိုလိုပါသည်။ တစ်စုံတစ်ဦးသည် သာမန်လူတစ်ဦးကို ၎င်းတို့၏ စိတ်နေစိတ်ထားအပေါ် အခြေခံ၍ ဆက်ဆံပါက ယင်းသည် အဓိကပြဿနာတစ်ခု ဖြစ်ချင်မှဖြစ်မည်။ ယင်းသည် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း ပုန်ကန်ပြစ်မှားမည် မဟုတ်ဘဲ ဤလူသည် တစ်ဇွတ်ထိုးနိုင်သည်၊ သမ္မာတရားကို မလိုက်စား၊ စည်းမျဉ်းများမရှိဘဲ ပြုမူသည်၊ ပြီးလျှင် ၎င်းတို့၏ စိတ်နေစိတ်ထားနှင့် နှစ်သက်မှုများကို အခြေခံ၍ မိမိတို့နှစ်သက်သမျှကို လုပ်ဆောင်ကာ မိမိတို့၏ ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများနှင့် ခံစားချက်များကိုသာ အလေးထားပြီး အခြားသူများ၏ ခံစားချက်များကို ထည့်သွင်းမစဉ်းစားဘဲ အခြားသူများကို လေးစားမှု မပြသည်ကိုသာ သရုပ်ဖော်ပါသည်။ ဤသည်မှာ သာမန်လူတစ်ဦးကို ၎င်းတို့ ဆက်ဆံပုံအပေါ် အခြေခံသော ရှင်းလင်းချက်ဖြစ်သည်။ သို့သော် ဤနေရာတွင် ၎င်းတို့၏ စိတ်နေစိတ်ထားကိုအခြေခံသော ဆက်ဆံမှုကို လက်ခံသူမှာ မည်သူနည်း။ ၎င်းသည် သာမန်လူတစ်ဦးမဟုတ်ဘဲ ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိ ဖြစ်သည့်ခရစ်တော် ဖြစ်သည်။ သင်သည် ခရစ်တော်ကို သင်၏ စိတ်နေစိတ်ထားအပေါ် အခြေခံ၍ ဆက်ဆံပါက ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပြီး ယင်း၏အတိုင်းအတာကို ယခု ငါတို့ ဆွေးနွေးမည်မဟုတ်ပေ။

ယခု စတုတ္ထအချက်ကို ကြည့်ကြစို့။ ခရစ်တော် ပြောဆိုသည့်အရာကို နားထောင်ရုံသာ နားထောင်သော်လည်း နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိပေ။ ဤသည်မှာ အတိအကျ မည်သည့်အရာဖြစ်သည်ကို စရိုက်လက္ခဏာ သရုပ်ဖော်ရန် တိကျသော အသုံးအနှုန်းများ ဤနေရာတွင် မရှိပါ။ ယင်းသည် သရုပ်သကန်တစ်မျိုး၊ လူတို့က အမှုအရာများကို ပြုမူဆက်ဆံပုံရှိ အလေ့အထဖြစ်နေသော အခြေအနေနှင့် တိကျသော သဘောထားတစ်ခု ဖြစ်သော်လည်း ယင်းတွင် လူတစ်ဦး၏ စိတ်သဘောထား ပါဝင်ပတ်သက်နေသည်။ ထိုသို့သော လူများ၏ စိတ်သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် နားထောင်သော်လည်း နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိပေ။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် နားထောင်နိုင်သေးသော်လည်း ၎င်းတို့ အပြင်ပန်းတွင် ပြသသည့်အရာသည် ၎င်းတို့ စိတ်ထဲတွင် တွေးထင်သည့်အရာ သို့မဟုတ် ၎င်းတို့၏ စစ်မှန်သော အတွင်းသဘောထားနှင့် တူညီသလော။ (မတူညီပါ။) အပြင်ပန်းတွင် ၎င်းတို့သည် အမူအကျင့် ကောင်းမွန်နိုင်ပုံရပြီး နားထောင်နေပုံရနိုင်သော်လည်း စိတ်ထဲတွင်မူ ဤသို့မဟုတ်ပေ။ အတွင်းစိတ်တွင် မနာခံလိုသော စိတ်အခြေအနေနှင့် သဘောထားအပြင် အတိုက်အခံပြုလိုသော စိတ်အခြေအနေနှင့် သဘောထားတို့ ရှိနေသည်။ ၎င်းတို့က ဤသို့ တွေးကြသည်။ “ငါသည် သင့်ကို စိတ်နှလုံးထဲတွင် မနာခံပေ။ ငါမနာခံကြောင်းကို သင့်အား မည်သို့ ထင်ရှားစေနိုင်မည်နည်း။ သင်ပြောသော စကားများကို ငါသည် နားဖြင့် နားထောင်ရုံသာ နားထောင်သော်လည်း ယင်းတို့ကို လုံးဝ အလေးမထားပေ သို့မဟုတ် လက်တွေ့အကောင်အထည်ဖော်ခြင်း မရှိပေ။ ငါသည် သင့်ကို ဆန့်ကျင်ပြီး အတိုက်အခံလုပ်မည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော လူများသည် သာမန်လူများနှင့် ထိတွေ့ဆက်ဆံပြီး ပေါင်းသင်းမိပါက သာမန်လူများ ပြောဆိုသည့်အရာကို ဤကဲ့သို့သော စိတ်အခြေအနေ၊ အမြင်ရှုထောင့်နှင့် သဘောထားတို့ဖြင့် ဆက်ဆံပါက ယင်းသည် သိသာထင်ရှားသော သို့မဟုတ် သိရှိနိုင်သော သရုပ်သကန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုသို့သော လူများ၏ စိတ်သဘောထားမှာ အဘယ်နည်း။ ၎င်းတို့ကို အခြားသူများက လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသော လူကောင်းများဟု ခေါ်သည့်အရာအဖြစ် မှတ်ယူသလော။ ၎င်းတို့ကို အပြုသဘောဆောင်သော ပုဂ္ဂိုလ်များအဖြစ် အမျိုးအစား သတ်မှတ်သလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ “နားထောင်ရုံသာ နားထောင်ပြီး နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိ” ဟူသော စကားရပ်မှ အကဲဖြတ်ရုံမျှဖြင့် ဤလူများသည် မာနထောင်လွှားသူများ ဖြစ်ကြသည်။ ၎င်းတို့သည် မည်မျှမာနထောင်လွှားကြသနည်း။ အလွန်အမင်း မာနထောင်လွှားကြသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့သည့်အထိ၊ လုံးလုံး ရူးသွပ်သည့်အထိ၊ မည်သူ့ကိုမျှမနာခံဘဲ မည်သူ့ကိုမျှ အရေးမထားသည့်အထိ ဖြစ်သည်။ အခြားသူများနှင့် ထိတွေ့ဆက်ဆံသောအခါ ၎င်းတို့၏ သဘောထားမှာ “ကျွန်ုပ်သည် သင်နှင့် စကားပြောနိုင်သည်၊ ကျွန်ုပ်သည် သင်နှင့် ပေါင်းသင်းနိုင်သည်၊ သို့သော် မည်သူ၏စကားမျှ ကျွန်ုပ်၏စိတ်နှလုံးထဲသို့ မဝင်နိုင်သကဲ့သို့ မည်သူ၏စကားမျှ ကျွန်ုပ်၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများနှင့် လမ်းညွှန်မှု ဖြစ်မလာနိုင်ပေ” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် စိတ်ထဲတွင် မိမိတို့၏ ကိုယ်ပိုင် အတွေးများကိုသာ ထားရှိကြပြီး မိမိတို့၏စိတ်တွင်းမှ အသံကိုသာ အလေးဂရုပြုကြသည်။ ၎င်းတို့သည် မည်သည့်မှန်ကန်သော၊ သို့မဟုတ် အပြုသဘောဆောင်သော စကားများနှင့် စည်းမျဉ်းများကိုမျှ နားမထောင်သကဲ့သို့ လက်မခံဘဲ ထိုအစား ယင်းတို့ကို မိမိတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ကြသည်။ လူထုအကြားတွင် ထိုသို့သော လူများ ရှိသလော။ အုပ်စုတစ်ခုတွင် ထိုသို့သော လူများကို ဆင်ခြင်တုံတရားရှိသူများအဖြစ် မှတ်ယူသလော သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူများအဖြစ် မှတ်ယူသလော။ ၎င်းတို့ကို အပြုသဘောဆောင်သော ပုဂ္ဂိုလ်များအဖြစ် သို့မဟုတ် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များအဖြစ် အမျိုးအစား သတ်မှတ်သလော။ (အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များအဖြစ် အမျိုးအစား သတ်မှတ်ပါသည်။) သို့ဆိုလျှင် အုပ်စုတစ်စုရှိ လူအများစုသည် ၎င်းတို့ကို ပုံမှန်အားဖြင့် မည်သို့ ရှုမြင်ဆက်ဆံကြသနည်း။ ၎င်းတို့ကို ဆက်ဆံရာတွင် မည်သည့်နည်းလမ်းမျိုးတို့ကို အသုံးပြုကြသနည်း။ လူအများစုသည် ထိုသို့သော လူပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံပြီး ပေါင်းသင်းရန် ဆန္ဒရှိကြသလော။ (မရှိကြပါ။) အသင်းတော်တွင် လူအများစုသည် ထိုသို့သော လူပုဂ္ဂိုလ်များနှင့် သဟဇာတ မဖြစ်နိုင်ကြပေ။ အကြောင်းရင်းမှာ အဘယ်နည်း။ လူတိုင်းက ထိုသို့သော လူများကို အဘယ်ကြောင့် မနှစ်သက်ကြဘဲ စက်ဆုပ်ကြသနည်း။ စာကြောင်းနှစ်ကြောင်းက ဤပြဿနာကို ရှင်းပြနိုင်သည်။ ပထမဦးစွာ ဤလူများသည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အဆုံးအဖြတ်ပေးလိုကြပြီး မည်သူ့ကိုမျှ နားမထောင်ကြပေ။ ၎င်းတို့အား အခြားသူတစ်ဦး၏ စကားများကို အလေးဂရုပြုစေရန်မှာ အလွန်အမင်း ခက်ခဲပြီး ၎င်းတို့အနေဖြင့် အခြားသူများ၏ အမြင်များနှင့် အတွေးအခေါ်များကို ရှာဖွေရန်၊ သို့မဟုတ် အခြားသူများ ပြောဆိုသည်ကို နားထောင်ရန်မှာ မဖြစ်နိုင်ပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိကြပေ။ ဤစာကြောင်းနှစ်ကြောင်းသည် ဤလူစားမျိုး၏ အတိကျဆုံးသော သရုပ်သကန်များ မဟုတ်လော။ ယင်းတို့သည် ထိုသို့သော လူတစ်ဦး၏ အနှစ်သာရ မဟုတ်လော။ (ဟုတ်ပါသည်။) ပထမဦးစွာ ၎င်းတို့၏ စိတ်သဘောထားကို ထည့်သွင်းစဉ်းစားသော် ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်သကဲ့သို့ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်း မရှိကြပေ။ ၎င်းတို့သည် အဆုံးအဖြတ်ပေးလိုကြပြီး အခြားသူများကို နားမထောင်လိုကြဘဲ ထိုသူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် အခြားသူများအတွက် နေရာမရှိသကဲ့သို့ သမ္မာတရား သို့မဟုတ် အသင်းတော်၏ စည်းမျဉ်းများအတွက်လည်း နေရာမရှိပေ။ ဤသည်မှာ ဤလူစားမျိုးတို့၏ အန္တိခရစ် စိတ်သဘောထား ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း သို့မဟုတ် သင့်မြတ်ခြင်း မရှိကြဘဲ စိတ်နှလုံးထဲတွင် အင်တင်တင်ဖြင့် လိုလားနေသည်ဟု ခံစားရလျှင်ပင် အချိန်ကျလာသောအခါတွင် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိကြသေးပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ အချို့သော စိတ်အခြေအနေတစ်ခု ပါဝင်ပတ်သက်နေသည် မဟုတ်လော။ ၎င်းတို့သည် အခြားသူများကို အထင်သေးကြပြီး ၎င်းတို့ကို နားမထောင်ကြသကဲ့သို့ အခြားသူများ၏ စကားများသည် စည်းမျဉ်းများနှင့် မည်မျှပင် ကိုက်ညီနေပါစေ ၎င်းတို့ လက်မခံကြပေ။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်လာလျှင် ၎င်းတို့၏ နည်းလမ်းဖြင့်သာ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု ဟုတ်သလော။ ဤသည်မှာ ပူးပေါင်းဆောင်ရွက်မှု မဟုတ်ပေ။ ယင်းမှာ လူတစ်ဦးက အဆုံးအဖြတ်ပေးသည့် ထင်ရာမြင်ရာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ထိုသို့သော လူများသည် အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းများတွင် ရှိသည့် စိတ်သဘောထားမျိုးဖြစ်ပြီး ၎င်းတို့သည် ခရစ်တော်ကိုလည်း ထိုနည်းအတိုင်းပင် ဆက်ဆံကြသည်။ ဤသည်မှာ စိတ်ဖြာလေ့လာဆွေးနွေးရန် ထိုက်တန်သလော။ ဤနေရာရှိ ပြဿနာသည် ဆိုးရွားပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ထိုက်တန်ပေသည်။ ဆက်လက်၍ အချက်တစ်ခုစီရှိ အန္တိခရစ်တို့၏ တိကျသော သရုပ်သကန်များနှင့် ကျင့်ကြံပြုမူမှုများအကြောင်း ပြောကြပါစို့။ ပြီးလျှင် ဤတိကျသော သရုပ်သကန်များနှင့် ကျင့်ကြံပြုမူမှုများမှတစ်ဆင့် အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သော သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ခြင်းနှင့် ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုခြင်းတို့ကို နားလည်ကြစို့။ ပထမအချက်မှ စတင်၍ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။

က။ မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောခြင်းနှင့် နားဝင်ချိုသော စကားများ

မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောခြင်းနှင့် နားဝင်ချိုသော စကားများဟူသည့် ဤအသုံးအနှုန်းများသည် မည်သည့်အဓိပ္ပာယ်ရှိသည်ကို အပေါ်ယံအားဖြင့် လူတိုင်းသိသင့်ကြပြီး ယင်းတို့ကို သရုပ်ထင်စေသည့် လူပုဂ္ဂိုလ်များကို တွေ့နေမြင်နေကျ ဖြစ်သည်။ မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောခြင်းနှင့် နားဝင်ချိုသော စကားများ ပြောဆိုခြင်းတို့သည် အများအားဖြင့် အခြားသူများထံမှ မျက်နှာသာရမှု၊ ချီးမွမ်းမှု၊ သို့မဟုတ် အကျိုးအမြတ် တစ်မျိုးမျိုးကို ရရှိရန် ခံယူကျင့်သုံးသော ပြောဆိုနည်းများ ဖြစ်ကြသည်။ ဤသည်မှာ မြှောက်ပင့်ပြောဆိုခြင်းနှင့် ဖော်လံဖားခြင်းတို့ကို လုပ်ဆောင်သူများ၌ အတွေ့ရအများဆုံးသော ပြောပုံဆိုပုံဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် အတိုင်းအတာတစ်ခုအထိ စာတန်ဆန်သော အတွေးအခေါ်နှင့် သက်ဆိုင်သည့် ပြောဆိုပုံစံဖြစ်သော ဤသရုပ်သကန်ကို ပြသကြသည်ဟု ဆိုနိုင်ပါသည်။ သို့ဆိုလျှင် လူတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ရှေ့မှောက်တွင်လည်း အကျိုးအမြတ်အချို့ ရရှိရန်အတွက် အလားတူ သရုပ်သကန်များနှင့် ကျင့်ကြံပြုမူမှုများကို ပြသကြပါသလော။ ဟုတ်ပေသည်၊ ယင်းမှာ ထိုမျှ မရိုးရှင်းပေ။ လူတို့သည် လူ့ဇာတိခံ ဘုရားသခင်ခံယူထားသည့် ဇာတိပကတိအား မျက်နှာလို မျက်နှာရလုပ်ခြင်းနှင့် မြှောက်ပင့်ပြောခြင်းတို့ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းရှိ ခရစ်တော်နှင့်ပတ်သက်သော မည်သည့်အမြင်ရှုထောင့်မျိုးက သို့မဟုတ် မည်သည့်အတွေးအခေါ်မျိုးက ထိုသို့သော အပြုအမူကို ဖြစ်စေသနည်း။ ထိုသို့သော အပြုအမူသည် အများအားဖြင့် လူတို့က အခြားလူများအပေါ် ပြသသည့် အပြုအမူ ဖြစ်သည်။ လူတို့သည် လူ့ဇာတိခံ ဘုရားသခင်အပေါ်တွင်လည်း ဤနည်းအတိုင်း ပြုမူပါက ယင်းသည် ပြဿနာတစ်ခုကို သွယ်ဝိုက်၍ ထုတ်ဖော်ပြသသည်။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် ခရစ်တော်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ သာမန်လူတစ်ဦးအဖြစ်သာ မှတ်ယူကြခြင်း ဖြစ်သည်။ ပြင်ပရှုထောင့်မှကြည့်လျှင် ခရစ်တော်၌ အရိုးအသားများရှိပြီး လူသားတစ်ဦး၏ အသွင်အပြင်ကို ဆောင်ထားသည်။ ဤသည်မှာ လူတို့အား ခရစ်တော်သည် လူသားမျှသာဖြစ်သည်ဟု ယုံကြည်စေကာ လူသားများကို ဆက်ဆံသည့် ယုတ္တိဗေဒနှင့် အတွေးအခေါ်တို့ကို အခြေခံ၍ ခရစ်တော်ကို ဗြောင်ကျကျ ဆက်ဆံခွင့်ပြုသော ထင်ယောင်ထင်မှားမှုတစ်ခုကို ပေးသည်။ လူသားများကို ဆက်ဆံသည့် ယုတ္တိဗေဒနှင့် အတွေးအခေါ်တို့အရ အများအားဖြင့် အဆင့်အတန်းနှင့် ကျော်ကြားမှုရှိသော တစ်စုံတစ်ဦးကို ဆက်ဆံရာတွင် အကျိုးအမြတ်များ သို့မဟုတ် အနာဂတ်ရာထူးတိုးခြင်းတို့ကို ချောချောမွေ့မွေ့ ရရှိရန်အလို့ငှာ အကောင်းမြင်သွားစေရန် အကောင်းဆုံးသော နည်းဗျူဟာမှာ လူတစ်ဦး၏ စကားများကို နှစ်လိုဖွယ်ဖြစ်ပြီး ပါးနပ်အောင် ပြုလုပ်ခြင်း၊ နားထောင်သူက သက်သောင့်သက်သာရှိပြီး ပျော်ရွှင်သည်ဟု ခံစားရကြောင်း သေချာစေခြင်း ဖြစ်သည်။ လူတစ်ဦးသည် နူးညံ့သော မျက်နှာအမူအရာကို ထားရှိရမည်ဖြစ်ပြီး ကြမ်းတမ်းသော မျက်နှာကိုဖြစ်စေ၊ ခက်ထန်သော မျက်နှာကိုဖြစ်စေ မပြသရ။ ပြီးလျှင် ဘာသာစကားတွင် ပြင်းထန်သော၊ မလိုမုန်းထားသော သို့မဟုတ် ကြမ်းတမ်းသော စကားလုံးများ၊ သို့မဟုတ် လူတစ်ဦး၏ မာနကို ထိခိုက်စေနိုင်သော စကားလုံးများ မရှိသင့်ချေ။ ထိုသို့သော သရုပ်သကန်များနှင့် စကားလုံးများဖြင့်သာ လူတစ်ဦးသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး၏ ရှေ့တွင် မိမိအား အကောင်းမြင်သွားအောင် လုပ်နိုင်ပြီး ထိုသူက ပစ်ပစ်ခါခါငြင်းမည် မဟုတ်ချေ။ နှစ်လိုဖွယ် ပြောဆိုခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းနှင့် ဖော်လံဖားခြင်းတို့ကို လုပ်ဆောင်ခြင်းသည် အခြားသူများအပေါ် အစစ်မှန်ဆုံးသော လေးစားမှုပုံစံအဖြစ် မှတ်ယူကြပုံရသည်။ အလားတူပင် ခရစ်တော်အား လေးစားမှုပြရန်နှင့် သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်၊ ၎င်းတို့၏ စကားများတွင် ထိခိုက်စေသော ဘာသာစကား သို့မဟုတ် အကြောင်းအရာ မပါဝင်ကြောင်းနှင့် စော်ကားသည့် မည်သည့်အရာမျှ လုံးဝမပါဝင်ကြောင်း သေချာစေလျက် ထိုသို့သော အပြုအမူကို ပြသရန် အစွမ်းကုန် ကြိုးစားရမည်ဟု လူတို့က ယုံကြည်ကြသည်။ ဤသည်မှာ ခရစ်တော်နှင့် အပြန်အလှန်ဆက်ဆံရန်နှင့် စကားပြောဆိုရန် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိအား သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်အကျဆုံးသော လူသားတစ်ဦးအဖြစ် ဆက်ဆံကြပြီး သူ့အား အခြားနည်းဖြင့် ပြုမူရန်ဖြစ်စေ၊ ဆက်ဆံရန်ဖြစ်စေ ပိုကောင်းသော နည်းလမ်းမရှိဟု ထင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ခရစ်တော်၏ ရှေ့မှောက်သို့ လာသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် ထားရှိသည့်အရာသည် ကြောက်ရွံ့ခြင်း၊ လေးစားခြင်း သို့မဟုတ် စစ်မှန်သော ရိုးသားမှု မဟုတ်ဘဲ ဘုရားသခင် လူ့ဇာတိခံယူထားသည့် ဇာတိပကတိအား ပေါ်ပေါ်ထင်ထင် မျက်နှာလို မျက်နှာရလုပ်ခြင်းနှင့် မြှောက်ပင့်ပြောခြင်းတို့ကို လုပ်ဆောင်ရန်အတွက် နှစ်လိုဖွယ်ဖြစ်ပြီး ပါးနပ်သော ဘာသာစကားကို အသုံးပြုရန်၊ အထင်မှားစေခြင်းကိုပင် အားကိုးရန် လိုအင်ဆန္ဒတစ်ခုသာ ဖြစ်သည်။ လူသားအားလုံးသည် ဤလုပ်နည်းကိုင်နည်း ခံနိုင်ရည် မရှိဟုလည်းကောင်း၊ ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိသည်လည်း လူသားဖြစ်သည့်အတွက်၊ သူသည်လည်း ဤလုပ်နည်းကိုင်နည်းကို တုံ့ပြန်ပြီး ယင်းကို မျက်နှာသာပေးလိမ့်မည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ခရစ်တော်ဖြစ်သည့် ဇာတိပကတိအား ဆက်ဆံရာတွင် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ခရစ်တော်၌ ဘုရားသခင်၏ အနှစ်သာရ ရှိသည်ဟူသော အချက်ကို လက်မခံကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူထားသည့် ဇာတိပကတိအား ဆက်ဆံရန် လူသားနည်းဗျူဟာအချို့၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူသားအတွေးအခေါ်များနှင့် အခြားသူများကို ဆက်ဆံခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းဆိုင်ရာ သာမန်လူသား လှည့်ကွက်များကို အသုံးပြုကြသည်။ ဤအပြုအမူများ၏ အနှစ်သာရသည် အန္တိခရစ်တို့က ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိအား မထီမဲ့မြင်ပြုသည်ဟူသော အချက်ကို သရုပ်ပြသလော။ (ပြပါသည်။)

အန္တိခရစ်တို့သည် ခရစ်တော်ကို ဖောက်ပြန်ပျက်စီးသော လူသားများကို ဆက်ဆံသည့် ပုံစံအတိုင်း ဆက်ဆံကြပြီး ခရစ်တော်ကို တွေ့သည့်အခါ မျက်နှာလို မျက်နှာရလုပ်ခြင်းနှင့် မြှောက်ပင့်ပြောခြင်း စကားများကိုသာ ပြောဆိုကာ ထို့နောက် ခရစ်တော်၏ တုံ့ပြန်မှုများကို စောင့်ကြည့်လေ့လာပြီး သူ၏အကြိုက်များကို လိုက်ရန် ကြိုးစားကြသည်။ အချို့လူများက ခရစ်တော်ကို တွေ့သောအခါ ဤသို့ပြောကြသည်။ “ကျွန်ုပ်သည် ကိုယ်တော့်ကို အဝေးမှ မြင်ပါသည်။ ကိုယ်တော်သည် လူအုပ်ထဲတွင် ထင်ပေါ်ပါသည်။ ရောင်ခြည်များ မရှိကြသော အခြားသူများနှင့် မတူဘဲ ကိုယ်တော့်ဦးခေါင်းအထက်တွင် ရောင်ခြည်တစ်ခု ရှိပါသည်။ ကိုယ်တော်သည် သာမန်လူတစ်ဦး မဟုတ်ကြောင်း ကျွန်ုပ် ချက်ချင်း သိပါသည်။ ဘုရားအိမ်တော်တွင် ခရစ်တော်မှလွဲ၍ အခြားမည်သူသည် သာမန်မဟုတ်သနည်း။ ကိုယ်တော့်ကို မြင်လိုက်သည့်အခိုက်အတန့်မှာပင် ကျွန်ုပ် ပိုင်းခြားသိမြင်သည်၊ ယင်းမှာ သိသိသာသာကို မှန်ကန်ပါသည်။ ဘုရားလူ့ဇာတိခံယူထားသော ဇာတိပကတိသည် အမှန်ပင် အခြားသူများနှင့် ကွဲပြားခြားနားပါသည်”ဟူ၍ဖြစ်သည်။ ဤသည်မှာ ဗြောင်ကျသော အဓိပ္ပာယ်မဲ့စကား မဟုတ်လော။ ငါ၏ အသွင်အပြင်သည် သာမန်ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ဖြစ်သည်။ မည်သည့်လူအုပ်ထဲ၌မဆို ငါသည် တစ်စုံတစ်ရာ မလုပ်ဆောင်လျှင် သို့မဟုတ် စကားမပြောလျှင် တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာပြီးနောက်မှာပင် ငါမည်သူဖြစ်သည်ကို သတိပြုမိသူ တစ်ယောက်မျှ ရှိချင်မှ ရှိပေမည်။ မည်သည့်အုပ်စု၌မဆို ငါသည် သာမန်အဖွဲ့ဝင်တစ်ဦးသာ ဖြစ်သည်၊ မည်သူကမျှ ငါ့အကြောင်း ထူးခြားသည့်အရာ တစ်ခုတလေကို မမြင်နိုင်ပေ။ ယခု ငါသည် အသင်းတော်၌ အလုပ်လုပ်နေပြီး ဘုရားသခင်၏ သက်သေခံချက်ကြောင့် သင်တို့အလယ်၌ ငါစကားပြောသောအခါ သင်တို့ နားထောင်ကြသည်။ သို့သော် ဘုရားသခင်၏ သက်သေခံချက်မရှိဘဲ မည်မျှသောသူတို့သည် ငါ့စကားကို နားထောင်မည်နည်း သို့မဟုတ် အာရုံစိုက်မည်နည်း။ ယင်းမှာ မေးခွန်းတစ်ခု၊ မသိနိုင်သောအရာတစ်ခုအဖြစ် ကျန်ရှိနေသည်။ အချို့လူများက ဤသို့ပြောကြသည်။ “သူသည် ကျွန်ုပ်အမြင်တွင် ဘုရားသခင်နှင့် တစ်ပုံစံတည်း တူပါသည်။ သူသည် သာမန်ထက် ထူးကဲပြီး အခြားသူများနှင့် ကွဲပြားသည်ဟု ကျွန်ုပ် အစဉ်သဖြင့် ခံစားရသည်” ဟူ၍ဖြစ်သည်။ ငါသည် မည်သို့ ကွဲပြားသနည်း။ ငါ၌ ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း ရှိသလော။ သင်တို့သည် ခြားနားချက်ကို မည်သို့ သိနိုင်သနည်း။ ဘုရားသခင်သည် တစ်ခါက ဤသို့ မိန့်တော်မူခဲ့သည်။ ငါသည် လူတို့အား ငါ၌ ဘုရား၏သဘောသဘာဝ အရိပ်အမြွက်မျှပင် သိမြင်ခွင့်ကို တမင်တကာ မပေးပေ။ ဘုရားသခင်သည် လူတို့အား သူ၏ ဘုရား၏သဘောသဘာဝကို သိမြင်ခွင့်မပေးလျှင် သင်တို့သည် ယင်းကို မည်သို့ မြင်နိုင်မည်နည်း။ ဤလူများ ပြောဆိုသည့်အရာသည် ပြဿနာရှိသည် မဟုတ်လော။ ယင်းမှာ စကားလုံးများတွင် အခြေအမြစ် လုံးဝကင်းမဲ့သော စက်ဆုပ်ဖွယ် ဖော်လံဖားများ၏ အဓိပ္ပာယ်မဲ့သော စကားသက်သက်သာဖြစ်သည်မှာ ရှင်းပါသည်။ လူ့ဇာတိခံ ဘုရားသခင်၏ ပြင်ပအသွင်အပြင်သည် သာမန်လူတစ်ဦး၏ အသွင်အပြင် ဖြစ်သည်။ လူ့မျက်စိများသည် ခရစ်တော်၏ ဘုရား၏သဘောသဘာဝကို မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ ခရစ်တော်သည် အမှုမပြုဘဲ စကားမပြောခဲ့လျှင် မည်သူကမျှ သူ့ကို သတိပြုမိနိုင်မည် မဟုတ် သို့မဟုတ် သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ သို့ဆိုလျှင် “ကိုယ်တော်သည် အခြားသူများနှင့် ကွဲပြားပြီး ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိ ဖြစ်ကြောင်း ကျွန်ုပ် တစ်ချက်ကြည့်လိုက်ရုံဖြင့် ပိုင်းခြားသိမြင်နိုင်သည်” သို့မဟုတ် “ကိုယ်တော့်ကို မြင်လိုက်သည်နှင့် ကိုယ်တော်သည် ကြီးမြတ်သောအမှုများကို လုပ်ဆောင်နိုင်ကြောင်း ကျွန်ုပ်သိသည်” ဟု ပြောဆိုကြသောသူများနှင့် ပတ်သက်၍မူ မည်သို့နည်း။ ဤစကားများသည် အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် လုံးလုံး အဓိပ္ပာယ်မဲ့သော စကားများ ဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို မပေးခဲ့သည့်အချိန်က သင်တို့သည် အကြိမ်မည်မျှ ကြည့်သည်ဖြစ်စေ ယင်းကို အဘယ်သို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ ဖြစ်နိုင်ရသနည်း။ ဘုရားသခင်၏ သက်သေခံချက်ပြီးနောက် ငါသည် ငါ၏အမှုကို စတင်ခဲ့သောအခါ သင်တို့သည် ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရုတ်တရက် မည်သို့ မြင်နိုင်ခဲ့သနည်း။ ဤသည်တို့မှာ ရှင်းလင်းစွာ လှည့်ဖြားသောစကားများ၊ လုံးလုံး ရူးသွပ်မှုပင် ဖြစ်သည်။

အချို့သောသူတို့သည် ငါနှင့်တွေ့ဆုံသောအခါ သို့မဟုတ် ငါနှင့် ထိတွေ့ဆက်ဆံသောအခါ ကိုယ့်ဂုဏ်ကိုယ် ဖော်လိုကြသည်။ ၎င်းတို့က ဤသို့တွေးကြသည်။ “လူ့ဇာတိခံ ဘုရားသခင်နှင့် တွေ့ရသည်မှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး ဖြစ်သည်၊ ဤသည်မှာ တစ်သက်မှာ တစ်ခါသာရသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ငါသည် ကောင်းစွာ စွမ်းပကားပြရမည်၊ ဘုရားကို ယုံကြည်ခဲ့သည့် နှစ်များစွာ၏ ရလဒ်ကို ဖော်ပြရမည်၊ ပြီးလျှင် ဘုရား၏ လက်ရှိအမှုအဆင့်ကို လက်ခံပြီးကတည်းက ငါပြုခဲ့သည့် ကောင်းမွန်သော အောင်မြင်မှုများကို ဘုရားကို အသိပေးရမည်” ဟူ၍ဖြစ်သည်။ ငါ့ကို အသိပေးရမည်ဟု ဆိုရာတွင် ၎င်းတို့ဆိုလိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် ရာထူးတိုးမြှင့်ခံရဖို့ အခွင့်အရေးတစ်ခုကို မျှော်လင့်နေကြခြင်း ဖြစ်သည်။ အကယ်၍သာ ယင်းက အသင်းတော်ထဲ၌ဖြစ်လျှင် ၎င်းတို့သည် မိမိတို့တစ်သက်တာတွင် ပေါ်လွင်ဖို့ သို့မဟုတ် ရာထူးတိုးမြှင့်ခံရဖို့ အခွင့်အရေးကို မည်သည့်အခါမျှ ရနိုင်မည် မဟုတ်ပေ။ မည်သူကမျှ ၎င်းတို့ကို ရွေးကောက် တင်မြှောက်မည် မဟုတ်။ ယခု အခွင့်အရေး ရောက်လာပြီဟု ၎င်းတို့က ထင်ကြသဖြင့် မည်သည့်ပြဿနာမျှ မထုတ်ဖော်ဘဲ ကိုယ့်ဂုဏ်ကိုယ်ဖော်ရန် ကြိုးစားနေပုံကိုလည်း မပြဘဲ မည်သို့ပြောဆိုရမည်ကို တွေးဆကြသည်။ ၎င်းတို့သည် ပို၍ ပါးနပ်ပြီး ကျွမ်းကျင်လိမ္မာရမည်ဖြစ်ကာ အချို့သော ပရိယာယ်များနှင့် လှည့်ကွက်တို့ကို သုံးလျက် သိမ်ဖျင်းသော ဉာဏ်နီဉာဏ်နက်များကို အားကိုးရမည်ဖြစ်သည်။ ၎င်းတို့က ဤသို့ပြောဆိုကြသည်။ “ဘုရား၊ ဤနှစ်များအတွင်း ကိုယ်တော့်ကို ယုံကြည်ခြင်းမှ ကျွန်ုပ်တို့ အကျိုးကျေးဇူးများစွာ သေချာပေါက် ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့ မိသားစုတစ်ခုလုံး ယုံကြည်ကြပြီး အားလုံးက ဘုရားအတွက် အသုံးခံဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ဤသည်မှာ အရေးအကြီးဆုံးအရာ မဟုတ်ပါ။ အရေးအကြီးဆုံးမှာ ကိုယ်တော့်နှုတ်ကပတ်တော်များက အလွန်ကောင်းမွန်ပြီး ကိုယ်တော်က အမှုအလွန်များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး မိမိတို့၏ တာဝန်ကိုထမ်းဆောင်ပြီး ဘုရားအတွက် အသုံးခံလိုကြပါသည်” ဟူ၍ ဖြစ်သည်။ ထိုအခါ ငါက “သို့သော် ဤအထဲတွင် အမှန်တကယ် အကျိုးကျေးဇူး တစ်စုံတစ်ရာ မရှိ” ဟု ပြောဆိုခဲ့သည်။ “ရှိပါသည်။ ဘုရားပေးသနားသည့် ကျေးဇူးတော်သည် များပြားလှပါသည်။ ဘုရား နှုတ်ကပတ်တော်များထဲတွင် ကျွန်ုပ်တို့သည် အလင်းသစ်များ၊ ထိုးထွင်းသိမြင်မှုများနှင့် နားလည်မှုများစွာ ရရှိခဲ့ကြပါသည်။ ညီအစ်ကိုမောင်နှမများ အားလုံး အလွန်ထကြွလုံ့လရှိနေကြပြီး အားလုံးက ဘုရားအတွက် အသုံးခံလိုကြပါသည်” “အားနည်းပြီး အပျက်သဘောဆောင်သူ တစ်ဦးတစ်ယောက် ရှိသလော။ နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသူ တစ်ဦးတစ်ယောက် ရှိသလော” “မရှိပါ၊ ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် အလွန်ကောင်းမွန်ပါသည်။ ညီအစ်ကိုမောင်နှမများအားလုံး ဘုရားကို ချစ်ရန် လိုက်စားကြပြီး ဧဝံဂေလိတရားဟောရန် အရာအားလုံးကို စွန့်လွှတ်ကြပါသည်။ ဘုရား မိန့်တော်မူသမျှ အရာအားလုံးသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်တို့အားလုံး စိတ်အားထက်သန်နေကြပြီး ယခင်ကဲ့သို့ ကျေးဇူးတော်ကို ရှာဖွေပြီး မုန့်ကို အဝစားရန် လိုက်စားခြင်းဖြင့် မယုံကြည်နိုင်ကြတော့ပါ။ ကျွန်ုပ်တို့ ဘုရားအတွက် အရာအားလုံးကို စွန့်လွှတ်ရမည်၊ ဘုရားထံ မိမိတို့ကိုယ်ကို ဆက်ကပ်ရမည်၊ ဘုရားအတွက် အသုံးခံရမည်” “သို့ဆိုလျှင် ဤလွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သင်တို့ ဘုရားနှုတ်ကပတ်တော်များအပေါ် နားလည်မှု တစ်စုံတစ်ရာ ရရှိခဲ့ကြသလော” “ဟုတ်ကဲ့၊ ရရှိခဲ့ပါသည်။ ဘုရား၊ ကိုယ်တော့်နှုတ်ကပတ်တော်များမှာ အလွန် ကောင်းမွန်လှပါသည်၊ စာကြောင်းတိုင်းသည် ကျွန်ုပ်တို့၏ အဓိကကျသော ပြဿနာများကို တည့်တည့် ထိမှန်ပြီး ကျွန်ုပ်တို့၏ သဘာဝ အနှစ်သာရများကို ဖော်ထုတ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်နှုတ်ကပတ်တော်များထဲတွင် မိမိကိုယ်ကို နားလည်ခြင်းနှင့် ကြီးမားသော ဉာဏ်အလင်း ရရှိခဲ့ကြပါသည်။ ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ မိသားစုတစ်ခုလုံး၊ ကျွန်ုပ်တို့ အသင်းတော်တစ်ခုလုံးအတွက် အသက်ကယ်ရှင် ဖြစ်ပါသည်။ ကိုယ်တော်သာ မရှိလျှင် ကျွန်ုပ်တို့ ကြာမြင့်သောအချိန်ကတည်းက မည်သည့်နေရာတွင် ပျက်စီးသွားမည်ကို မည်သူသိမည်နည်း။ ကိုယ်တော်သာ မရှိလျှင် ကျွန်ုပ်တို့ မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို သိကြမည် မဟုတ်ပါ။ ကျွန်ုပ်တို့ အသင်းတော်မှ လူတိုင်း ကိုယ်တော့်ကို တွေ့မြင်ရန် တောင့်တကြပြီး ကိုယ်တော့်ကို သူတို့၏ အိပ်မက်ထဲတွင် ဆုံတွေ့ရန် နေ့စဉ် ဆုတောင်းနေကြကာ ကိုယ်တော်နှင့် နေ့စဉ် အတူရှိရန် မျှော်လင့်နေကြပါသည်” ဟူ၍ ဖြစ်သည်။ သူတို့၏ စကားတွင် အနှစ်သာရအားဖြင့် စိတ်ရင်းမှန်သော သို့မဟုတ် ရိုးသားသောစကား တစ်ခုတလေ ပါရှိသလော။ (မပါရှိပါ။) သို့ဆိုလျှင် ဤစကားများမှာ အဘယ်အရာများနည်း။ ယင်းတို့သည် ကြောင်သူတော်ဆန်သော၊ အနှစ်မဲ့သော၊ အသုံးမဝင်သော စကားများ ဖြစ်ကြသည်။ မိမိကိုယ်ကို သိကျွမ်းခြင်းအကြောင်း ပြောဆိုရန် ငါက သူတို့ကို တောင်းဆိုသည့်အခါ ၎င်းတို့က “ဘုရား၏ အမှုကို လက်ခံပြီးသည့်နောက် ကျွန်ုပ်သည် လူ့သဘာဝကင်းမဲ့သည့် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု ခံစားရပါသည်” ဟု ပြောဆိုကြသည်။ “သင်သည် မည်သို့ လူ့သဘာဝ ကင်းမဲ့သနည်း” “ကျွန်ုပ်သည် စည်းမျဉ်းမဲ့ ပြုမူပါသည်” “မည်သည့် လုပ်ဆောင်ချက်များတွင် သင်သည် စည်းမျဉ်းမဲ့သနည်း” “ကျွန်ုပ်သည် အခြားသူများနှင့် သဟဇာတရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပါ၊ အခြားသူများနှင့် ကျွန်ုပ်၏ ပေါင်းသင်းဆက်ဆံမှုတွင် စည်းမျဉ်းများ ကင်းမဲ့ပါသည်၊ လူများနှင့် ဆက်ဆံရာတွင် စည်းမျဉ်းများ ကင်းမဲ့ပါသည်။ ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ပါသည်၊ ကျွန်ုပ်သည် စာတန်ထံမှ အစပြုလာပါသည်၊ စာတန်၏ ပြင်းပြင်းထန်ထန် ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်တိုင်း အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို အဆက်မပြတ် ဆန့်ကျင်ကာ ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းပါသည်” ဟူ၍ ဖြစ်သည်။ ဤစကားများသည် အပေါ်ယံတွင် ကောင်းမွန်ပုံရသည်။ ငါက သူတို့ကို “သင်တို့အသင်းတော်မှ မည်သူမည်ဝါသည် ယခု မည်သို့ရှိသနည်း” ဟု မေးမြန်းသောအခါ ၎င်းတို့က “ယခု သူ အဆင်ပြေနေပါသည်။ သူသည် ယခင်က အသင်းတော် ခေါင်းဆောင်ရာထူးမှ ဖြုတ်ချခံခဲ့ရသော်လည်း နောက်ပိုင်းတွင် နောင်တရခဲ့ပြီး ညီအစ်ကိုမောင်နှမများက သူ့ကို ထပ်မံရွေးကောက်တင်မြှောက်ခဲ့ကြပါသည်” ဟု ပြောဆိုကြသည်။ “ထိုသူသည် သမ္မာတရားကို လိုက်စားသူတစ်ဦးလော” “ဘုရားက သူ သမ္မာတရားကို လိုက်စားသည်ဟု မိန့်တော်မူလျှင် သူ လိုက်စားပါသည်။ ဘုရားက သူ မလိုက်စားဟု မိန့်တော်မူလျှင် သူ မလိုက်စားပါ” “ဤသူသည် စိတ်အားထက်သန်ပုံ ပေါက်သော်လည်း သူ၏အရည်အချင်းမှာ အတော်လေး ညံ့ဖျင်းသည် မဟုတ်လော” “ညံ့ဖျင်းပါသလော။ ဟုတ်ကဲ့၊ အနည်းငယ် ညံ့ဖျင်းပါသည်။ သို့မဟုတ်လျှင် ညီအစ်ကိုမောင်နှမများက ယခင်တစ်ကြိမ်က သူ့ကို အဘယ်ကြောင့် ဖြုတ်ချခဲ့မည်နည်း” “သူ၏အရည်အချင်းသည် ညံ့ဖျင်းပါက သူသည် တိကျခိုင်မာသောအလုပ်ကို လုပ်ဆောင်နိုင်မည်လော။ အသင်းတော်ခေါင်းဆောင်မှု တာဝန်ကို သူ ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်လော” ဟူ၍ဖြစ်လေသည်။ ငါ၏ စကားများကို ကြားပြီးသည့်နောက်တွင် အရည်အချင်းညံ့ဖျင်းသူတစ်ဦးသည် တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြောင်း ငါ၏ စကားများက ဆိုလိုသည်ဟု ၎င်းတို့ အဓိပ္ပာယ်ကောက်ပြီး “သို့ဆိုလျှင် သူ ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ပါ။ ညီအစ်ကိုမောင်နှမများက သူ့ကို အဆိုးဆုံးထဲမှ အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သူ မရှိသောကြောင့် သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမများ အားလုံးက သူ၏အရည်အချင်းသည် သာမန်ဖြစ်သည်ဟု ပြောဆိုကြသော်လည်း သူသည် ကျွန်ုပ်တို့ကို ဦးဆောင်နိုင်ပါသေးသည်။ သူ၏အရည်အချင်းသည် ညံ့ဖျင်းပါက နောက်တစ်ကြိမ်တွင် ညီအစ်ကိုမောင်နှမများ သူ့ကို ရွေးချယ်ကြမည် မဟုတ်ဟု ကျွန်ုပ်ထင်ပါသည်။ ဘုရား၊ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို လွှမ်းမိုးရန် ကြိုးပမ်းသင့်ပါသလော” ဟု ပြောလေသည်။ “ဤကိစ္စသည် သင်တို့ အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ ဝိညာဉ်ရင့်ကျက်မှုအပေါ် မူတည်သည်။ သူတို့သည် ကောင်းမွန်သည်ဟု ထင်သောသူတစ်ဦးကို စည်းမျဉ်းများအပေါ် အခြေခံ၍ ရွေးချယ်သည်။ ဤလုပ်ငန်းစဉ်သည် မှန်ကန်သည်၊ သို့သော် အချို့လူများသည် မိုက်မဲပြီး လူများ သို့မဟုတ် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခြင်း မရှိကြ။ ပြီးလျှင် သူတို့သည် တစ်ခါတစ်ရံ လူမှားရွေးချယ်တတ်ကြသည်” ဟု ငါပြောဆိုခဲ့သည်။ ဤသို့ပြောဆိုခြင်းအားဖြင့် ငါဆိုလိုသည်မှာ အဘယ်နည်း။ ငါသည် ဤသူကို ဖြုတ်ချရန် တမင်ရည်ရွယ်နေခြင်း မဟုတ်ဘဲ အဖြစ်မှန်တစ်ခုကို ရိုးရှင်းစွာ ဖော်ပြနေခြင်းသာ ဖြစ်သည်။ သို့သော် ထိုအန္တိခရစ်သည် ဤသည်ကို ကြားပြီးနောက် မည်သို့ သဘောပေါက်နားလည်ခဲ့သနည်း။ ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း မိမိဘာသာ ဤသို့တွေးတောခဲ့ကြသည်။ “ဤသည်မှာ ဤသူကို ဖြုတ်ချရန် ဘုရားထံမှ အရိပ်အမြွက်ပေးခြင်းလော။ ကောင်းပြီလေ၊ ဘုရားသခင် အမှန်တကယ် အဘယ်အရာကို ဆိုလိုသည်ကို ငါ ထပ်မံစုံစမ်းကြည့်သင့်သည်။ ဤသူသာ ဖြုတ်ချခံရလျှင် အသင်းတော်ကို အခြားမည်သူက ဦးဆောင်နိုင်မည်နည်း၊ ဤအလုပ်ကို အခြားမည်သူက လုပ်ဆောင်နိုင်မည်နည်း” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်များ၏ မျက်စိထဲတွင် ဘုရားသခင် မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ခရစ်တော်ကို ၎င်းတို့ ကြုံတွေ့သောအခါ သာမန်လူတစ်ယောက်နှင့်မခြား ဆက်ဆံကြသည်။ အစဉ်သဖြင့် သူ၏ အမူအရာနှင့်လေသံမှ အရိပ်နိမိတ် ယူကြသည်။ အခြေအနေနှင့် သင့်တော်သလို ၎င်းတို့၏ လေသံကို ပြောင်းကြသည်။ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို မည်သည့်အခါမျှ မပြောပေ။ ရိုးသားစစ်မှန်သည့် အရာတစ်ခုမှ မပြောပေ။ အနှစ်မရှိသည့် စကားများနှင့် အယူဝါဒကို ပြောသည်။ ၎င်းတို့ မျက်စိရှေ့တွင် ရပ်နေသော လက်တွေ့ကျသည့်ဘုရားကို လှည့်စားပြီး တစ်ပတ်ရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်အရင်းခံအတိုင်း စကားပြောနိုင်စွမ်း၊ စစ်မှန်သောအရာတစ်ခုတလေကို ပြောနိုင်စွမ်းပင် မရှိကြပေ။ ၎င်းတို့သည် မြွေတစ်ကောင် တွန့်လိမ်သွားသကဲ့သို့ အကွေ့အဝိုက်များပြီး သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောကြသည်။ ၎င်းတို့ စကားများ၏ ဟန်ပန်နှင့် ဦးတည်ရာတို့သည် ဖရဲသီးအနွယ်တစ်ခုက တိုင်ပေါ် တက်နေသကဲ့သို့ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ကောင်းသော အစွမ်းအစရှိပြီး ရာထူးတိုးခြင်း ခံရနိုင်သည်ဟု သင်ပြောသည့်အခါ၊ ၎င်းတို့က ၎င်းတို့မည်မျှ တော်ကြောင်းနှင့် ၎င်းတို့ထဲ၌ ထင်ရှားသည့်အရာနှင့် ပေါ်လွင်သည့်အရာကို ချက်ချင်းပြောကြသည်။ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် ဆိုးသည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် မည်မျှ ဆိုးပြီး မကောင်းကြောင်း၊ ၎င်းတို့သည် အသင်းတော်၌ မည်မျှ အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များ ဖြစ်စေကြောင်းတို့ကို အလျင်အမြန် ပြောပေသည်။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး အမှန်တကယ်ဖြစ်သော အခြေအနေကို သိလိုသည့်အခါ ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သင် ကောက်ချက်ချဖို့ကို စောင့်ဆိုင်းရင်း၊ သင်၏ စကားများရှိ အဓိပ္ပာယ်ကို အာရုံစိုက် နားစွင့်ရင်း မလိမ့်တပတ်လုပ်သည်။ ဤသို့ဖြင့် ၎င်းတို့၏ စကားလုံးများကို သင်၏အတွေးများနှင့် ကိုက်ညီစေရန် ဖြစ်သည်။ ၎င်းတို့ပြောဆိုသမျှသည် နားထောင်ကောင်းသည့် စကားများ၊ မြှောက်ပင့်ခြင်းနှင့် မျက်နှာလိုမျက်နှာရ လုပ်ခြင်းဖြစ်ကာ ရိုးသားစစ်မှန်သော စကားတစ်လုံးမျှ ၎င်းတို့၏ ပါးစပ်မှ မထွက်လာကြချေ။ ဤသည်မှာ ၎င်းတို့၏ လူတို့နှင့် ဆက်ဆံပုံဖြစ်ပြီး ဘုရားသခင်နှင့် ဆက်ဆံပုံဖြစ်သည်။ ၎င်းတို့သည် ထိုမျှ လှည့်စားတတ်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားဖြစ်သည်။

အချို့သောသူတို့သည် ငါ့အနေဖြင့် မည်သို့သော စကားအမျိုးအစားကို သို့မဟုတ် မည်သို့သော ကိစ္စရပ်များကို ကြားနာလိုသည်ကို သူတို့ မသိရှိကြဘဲ ငါနှင့် ထိတွေ့ဆက်ဆံလာကြသည်။ သို့တိုင်အောင် မသိရှိလျှင်ပင် သူတို့သည် နည်းလမ်းတစ်ခုကို ရှာကြံကြသည်။ သူတို့သည် ငါနှင့် ဆွေးနွေးရန် အကြောင်းအရာ အချို့ကို ရွေးချယ်ကြပြီး “ဤအကြောင်းအရာများကို ကိုယ်တော် စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်သည်။ ယင်းမှာ ကိုယ်တော် သိရှိလိုသော်လည်း သို့မဟုတ် ကြားနာလိုသော်လည်း မေးမြန်းရန် အားနာနေသည့် အရာများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်ကပင် ကိုယ်တော့်ထံ အလျင်ဦးအောင် တင်ပြပါမည်” ဟု တွေးတောကြသည်။ ငါတို့ တွေ့ဆုံသောအခါ ၎င်းက “မကြာသေးမီက ကျွန်ုပ်တို့၏ ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြို့တစ်ခုလုံး ရေကြီးရေလျှံမှု ဖြစ်သွားခဲ့ပါသည်။ ပြည်သူ့လုံခြုံရေး အခြေအနေမှာလည်း ယိုယွင်းလာပြီး ယခုအခါ သူခိုးများ အလွန်ပေါများနေပါသည်။ အပြင်ထွက်သည့်အခါ ခိုးယူခံရခြင်း သို့မဟုတ် လုယက်ခံရခြင်း၏ အန္တရာယ်လည်း ရှိနေပါသည်။ အချို့သော နေရာများတွင် ကလေးသူငယ်အများအပြား ပြန်ပေးဆွဲခံခဲ့ရသည်ဟု ကြားသိရသဖြင့် လူအများမှာ စိုးရိမ်ထိတ်လန့်သော အခြေအနေတွင် ရှိနေကြပါသည်။ လူ့အဖွဲ့အစည်းသည် အလွန်တရာ ကမောက်ကမဖြစ်နေပြီး လုံးဝ ပုံမှန်မဟုတ်တော့ကြောင်း ဘာသာတရားမရှိသူတို့က ပြောဆိုကြပါသည်။ ဘာသာတရား လိုက်စားသူတို့မှာမူ သမ္မာကျမ်းစာကို ဆက်လက်ဆုပ်ကိုင်လျက် ဧဝံဂေလိတရား ဟောပြောနေကြဆဲဖြစ်ကာ နောက်ဆုံးသောကာလ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ဘုရား ကြွဆင်းလာတော့မည် ဖြစ်ကြောင်း၊ ကြီးမားသော ကပ်ဘေးများ ကျရောက်နေပြီဖြစ်ကြောင်း ပြောဆိုလျက် ရှိကြပါသည်” ဟု ပြောကြ၏။ အချို့သောသူများကမူ ငါနှင့် တွေ့ဆုံသည့်အခါ ချက်ချင်းပင် “လွန်ခဲ့သော ရက်အနည်းငယ်ခန့်က နေရာတစ်ခု၏ ကောင်းကင်ယံတွင် လသုံးစင်း ပေါ်ထွန်းခဲ့ရာ လူများစွာက ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ မကြာမီ ကောင်းကင်၌ ကြီးကျယ်သော ရူပါရုံများ ပေါ်ထွန်းလာတော့မည် ဖြစ်ကြောင်း၊ စစ်မှန်သော သခင် ပေါ်ထွန်းလာပြီဖြစ်ကြောင်း အချို့သော ရိုးရာနက္ခတ်ဗေဒင်ပညာရှင်များက ဟောကိန်းထုတ်ကြပါသည်” ဟု ပြောကြသည်။ သူတို့သည် ဤကဲ့သို့သော အကြောင်းအရာများကို ပြောဆိုကြသည်။ သူတို့သည် ဤသို့သော လူမှုရေးဆိုင်ရာ ပရမ်းပတာဖြစ်ခြင်းများ၊ ဘေးအန္တရာယ်များ၊ အမျိုးမျိုးသော ထူးခြားသည့် ဖြစ်ရပ်များနှင့် နက္ခတ်ဆိုင်ရာ ဖြစ်စဉ်များ ပေါ်ပေါက်ခြင်းကို အထူးပင် စိတ်ဝင်စားကာ သတင်းအချက်အလက်များ စုဆောင်းကြသည်။ သူတို့သည် ငါနှင့် တွေ့ဆုံသည့်အခါ ဤအကြောင်းအရာများကို ငါနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အတွက် စကားစမြည် ပြောဆိုစရာအဖြစ် အသုံးပြုကြသည်။ အချို့ကမူ ဤသို့ ယုံကြည်ကြသည်။ “လူ့ဇာတိခံ ဘုရားသခင်သည် သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ ကိုယ်တော်နှင့် အခြားသူများအကြား ခြားနားချက်မှာ ကိုယ်တော်သည် ဘုရား၏ အမှုတော်ကို ဆောင်ရွက်ပြီး ဘုရားအား ကိုယ်စားပြုသည်ဟူသော အချက်၌ တည်ရှိသည်။ သို့ဖြစ်၍ လူအများစုသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို၊ လူသားများ သဟဇာတရှိစွာနှင့် စိတ်ကျေနပ်စွာ အသက်ရှင်နေထိုင်ရေးကို မျှော်လင့်ကြသော်လည်း၊ လူ့ဇာတိကို ခံယူထားသော ခရစ်တော်သည် သာမန်လူများနှင့် မတူညီပေ။ ကိုယ်တော်သည် လောက၌ ကြီးစွာသော ပရမ်းပတာဖြစ်ခြင်းများ ဖြစ်ပွားစေဖို့အတွက်၊ ရူပါရုံများနှင့် ကြီးမားသော ကပ်ဘေးများ ကျရောက်စေဖို့အတွက်၊ ဘုရား၏ ကြီးမြတ်သော အမှုတော် လျင်မြန်စွာ ပြီးမြောက်အောင်မြင်စေဖို့အတွက်၊ မိမိမိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များ ပြည့်စုံစေရန်အလို့ငှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ် လျင်မြန်စွာ အဆုံးသတ်စေဖို့အတွက် မျှော်လင့်တော်မူသည်။ ဤသည်တို့သာလျှင် ကိုယ်တော် ဂရုပြုလျက် စိတ်ဝင်စားတော်မူသော အကြောင်းအရာများ ဖြစ်ပေသည်။ သို့ဖြစ်ရာ ကိုယ်တော်နှင့် တွေ့ဆုံသည့်အခါ ကျွန်ုပ်သည် ဤအကြောင်းအရာများကို ပြောလျှင် ကိုယ်တော်သည် အထူးပင် နှစ်ထောင်းအားရ ဖြစ်တော်မူလိမ့်မည်။ ဤသို့ နှစ်ထောင်းအားရ ဖြစ်မှုမှတစ်ဆင့် ကျွန်ုပ်သည် ရာထူးတိုးမြှင့်ခြင်း ခံရကောင်း ခံရနိုင်ပြီး ကိုယ်တော်၏ အပါးတော်၌ ရက်များစွာ ပိုမိုခစားခွင့် ရရှိနိုင်ဖွယ် ရှိပါသည်” ဟူ၍ဖြစ်သည်။ ဤသို့သော လူများ ရှိသလော။ ငါသည် တစ်ချိန်က ချိုသာစွာ ပြောဆိုတတ်သော၊ စကားပြောကောင်းလျက် ဉာဏ်ပညာထက်မြက်ကာ မည်သူ့ကို မည်သည့်စကားပြောဆိုရမည်ကို တိကျစွာ သိရှိသော၊ လူကြိုက်များအောင် ထူးခြားစွာ ပြုမူလျက် နေရာတိုင်း၌ ထင်ပေါ်အောင် နေတတ်သော၊ အထူးသဖြင့် အာဏာနှင့် အဆင့်အတန်း ရှိသူများနှင့် ဆက်ဆံရာတွင် ကျွမ်းကျင်သော မိန်းကလေးငယ်တစ်ဦးကို တွေ့ဆုံခဲ့ဖူးသည်။ သူသည် ငါနှင့် ဆက်ဆံသည့်အခါ “ထိုနေရာတွင် မြေအောက်လောကသည် သောင်းကျန်းလျက်ရှိပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွင်ပင် ဂိုဏ်းသမားများ ရှိနေပါသည်။ ထိုအရပ်၌ မကောင်းမှုများစွာကို ပြုလုပ်ခဲ့သော ဂိုဏ်းခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ တစ်နေ့သ၌ သူသည် လမ်းခရီးတွင် အဆင့်မြင့် အရာရှိကြီးတစ်ဦး၊ မကောင်းဆိုးဝါးခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံခဲ့၏။ သူ၏ မော်တော်ယာဉ်သည် မကောင်းဆိုးဝါးခေါင်းဆောင်၏ မော်တော်ယာဉ်ကို ကျော်တက်သွားခဲ့ရာ မကောင်းဆိုးဝါးခေါင်းဆောင်က သူ၏ ကိုယ်ရံတော်အား ‘ဤသည်မှာ မည်သူ၏ မော်တော်ယာဉ် ဖြစ်သနည်း။ သူ့ကို နောက်တစ်ဖန် ငါ မမြင်လိုတော့’ ဟု ပြောကြားခဲ့ပါသည်။ နောက်တစ်နေ့တွင် ထိုသူသည် ရှင်းလင်းသုတ်သင်ခြင်း ခံခဲ့ရပါသည်” ဟူ၍ ချက်ချင်း ပြောလေသည်။ လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့သော အမှုအရာများ ရှိသလော။ (ရှိပါသည်။) ထိုသို့သော အမှုအရာများ အမှန်ပင် ရှိသည်၊ သို့သော် ယင်းတို့ကို ငါနှင့် တွေ့ဆုံသောအခါတွင် ပြောဆိုရမည့် အဓိကအကြောင်းအရာအဖြစ် သတ်မှတ်ခြင်းသည် အကျိုးရှိသလော။ ဤသည်တို့မှာ ငါအလေးထားသော သို့မဟုတ် ကြားနာလိုသော အကြောင်းအရာများ မဟုတ်ချေ။ သို့သော် သူသည် ယင်းကို မသိခဲ့ပေ။ သူသည် ငါက ဤစိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းများကို ကြားနာလိုသည်ဟု ထင်မှတ်ခဲ့သည်။ ဘေးအန္တရာယ်များ၊ ရူပါရုံများ၊ သဘာဝဘေးနှင့် လူလုပ်သော ဘေးဒုက္ခများသည် ငါ အလေးထားသော၊ ငါ ကြားနာလိုသော အကြောင်းအရာများ ဟုတ်မဟုတ်ဟူသည်ကို ငါ့ကို ပြောလော့။ (မဟုတ်ပါ။) အချိန်ကုန်လွန်စေရန် ဤအရာများကို နားထောင်ခြင်းမှာ ကိစ္စမရှိသော်လည်း သင်တို့က ငါသည် ယင်းတို့ကို အမှန်တကယ် ကြားနာလိုသည်ဟု ထင်မှတ်ပါက သင်တို့ မှားလေသည်။ ငါသည် ဤအရာများကို စိတ်ဝင်စားခြင်း မရှိ၊ ထိုအကြောင်းကို ကြားလိုစိတ်မရှိ။ အချို့သောသူများက “လူများက ဤအကြောင်းအရာများကို ပြောဆိုသည့်အခါ ကိုယ်တော် နားထောင်ပါသလော” ဟု မေးကြသည်။ နားထောင်သည်ကို ငါ မဆန့်ကျင်ပေ၊ သို့သော် ထိုသို့ဆိုခြင်းက ငါ နားထောင်လိုသည်ဟု မဆိုလိုသကဲ့သို့ ငါသည် ဤသတင်းအချက်အလက်များ၊ ဤဇာတ်လမ်းများကို စုဆောင်းလိုသည်ဟုလည်း မဆိုလိုပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ငါ၏ စိတ်နှလုံး နက်ရှိုင်းရာ၌ ဤကိစ္စရပ်များအပေါ် သိလိုစိတ် မရှိကြောင်း၊ လုံးဝ စိတ်ဝင်စားမှု မရှိကြောင်း ဆိုလိုခြင်း ဖြစ်သည်။ အချို့သောသူများကပင် ဤသို့ တွေးထင်ကြသည်။ “ကိုယ်တော့်စိတ်နှလုံးထဲ၌ အဆင်းနီသော နဂါးကြီးကို အထူးသဖြင့် မုန်းတီးတော်မူသည် မဟုတ်လော။ ကိုယ်တော်က အဆင်းနီသော နဂါးကြီးကို မုန်းတီးလျှင် အဆင်းနီသော နဂါးကြီးအပေါ် ကျရောက်ခဲ့သည့် ပြစ်ဒဏ်ခတ်ခြင်းတစ်ခုအကြောင်း ကျွန်တော် ပြောပြပါမည်။ အဆင်းနီသော နဂါးကြီး၏ အတွင်း၌ အဆင့်မြင့် အရာရှိများ အချင်းချင်း တိုက်ခိုက်ကြပြီး ဂိုဏ်းကွဲအများအပြား အချင်းချင်း တိုက်ခိုက်ကြရာ အကြီးအကဲ မကောင်းဆိုးဝါးတစ်ဦးကို သတ်လုနီးပါး ဖြစ်ခဲ့ပါသည်။ ဤအကြီးအကဲ မကောင်းဆိုးဝါးများသည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အကြိမ်ပေါင်းများစွာမှ လွတ်မြောက်ခဲ့ကြရသည်မှာ အမှန်တကယ် အန္တရာယ် ကြီးမားလှပါသည်။ ကိုယ်တော် ဤသတင်းကို ကြားသိရလျှင် ဝမ်းမြောက်တော်မူမည်လော” ဟူ၍ ဖြစ်သည်။ သင်တို့အားလုံး ထိုသို့သော အမှုအရာများအကြောင်း ကြားသိရလျှင် ဝမ်းမြောက်ကြမည်လော။ သင်တို့ ဝမ်းမြောက်လျှင် ဝမ်းမြောက်ကြလော့၊ သင်တို့ နားမထောင်လိုလျှင် နားမထောင်ဘဲ နေကြလော့။ ယင်းမှာ ငါနှင့် သက်ဆိုင်ခြင်း မရှိပေ။ အတိုချုပ်အားဖြင့် ဤကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတစ်ခုခုတွင် ကပ်ရောဂါ ဖြစ်ပွားသည်ဖြစ်စေ၊ ကပ်ရောဂါ မည်သို့ ဖြစ်ပေါ်လာသည်ဖြစ်စေ၊ လူဦးရေ မည်မျှ သေဆုံးသည်ဖြစ်စေ၊ မည်သည့်နိုင်ငံ၌ ကြီးမားသော ဘေးအန္တရာယ် ကြုံတွေ့ရသည်ဖြစ်စေ၊ နိုင်ငံတစ်ခုခု၌ အစိုးရ အခြေအနေ မည်သို့ရှိသည်ဖြစ်စေ၊ နိုင်ငံတစ်ခုခု၏ အထက်အလွှာများ၌ အတွင်းပိုင်း တိုက်ပွဲများ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူမှုရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်သည်ဖြစ်စေ ငါ မတော်တဆ ကြားသိခဲ့လျှင် နားထောင်ကောင်း နားထောင်မည်၊ သို့သော် ငါသည် ဤအဖြစ်အပျက်များအကြောင်း အတိအကျ မသိသောကြောင့် ယင်းတို့၏ အသေးစိတ် အချက်အလက်များကို ရှာဖွေရန်၊ သတင်းနားထောင်ရန်၊ သတင်းစာဖတ်ရှုရန်၊ သို့မဟုတ် ဤအဖြစ်အပျက်များနှင့် သက်ဆိုင်သော အကြောင်းအရာများကို အွန်လိုင်း၌ ရှာဖွေရန် ကြိုးပမ်းအားထုတ်မည် မဟုတ်ပေ။ ငါသည် လုံးဝ ထိုသို့ ပြုလုပ်မည် မဟုတ်သကဲ့သို့ ငါသည် ထိုသို့သော အမှုအရာများကို မည်သည့်အခါမျှ ပြုလုပ်ခြင်း မရှိပေ။ ကျွန်ုပ်သည် ဤကိစ္စရပ်များကို စိတ်ဝင်စားခြင်း မရှိပေ။ အချို့သောသူများက ဤသို့ ပြောဆိုကြသည်။ “ဤအရာအားလုံးသည် ကိုယ်တော်၏ ချုပ်ကိုင်မှုအောက်၌ ရှိပါသည်၊ ၎င်းတို့အားလုံးမှာ ကိုယ်တော်၏ ပြုတော်မူခြင်းများ ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်တော် စိတ်မဝင်စားခြင်း ဖြစ်ပါသည်” ဟူ၍ ဖြစ်သည်။ ဤစကားသည် မှန်ကန်သလော။ အယူဝါဒ ရှုထောင့်မှကြည့်လျှင် မှန်ကန်သော်လည်း အနှစ်သာရအားဖြင့် ယင်းမှာ မမှန်ကန်ပေ။ ဘုရားသခင်သည် လူသားတို့၏ ကံကြမ္မာ၊ လူမျိုးနွယ်တိုင်း၊ လူအုပ်စုတိုင်း၊ ခေတ်ကာလတိုင်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားတော်မူသည်။ ခေတ်တစ်ခုစီတွင် အချို့သော ဘေးအန္တရာယ်များနှင့် ပုံမှန်မဟုတ်သော ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းသည် အလွန်တရာ ပုံမှန်ဖြစ်ပါသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိသည်။ မည်သည့်ခေတ်ဖြစ်ပါစေ၊ ထူးခြားသော သို့မဟုတ် အသေးအဖွဲဖြစ်သော ဖြစ်ရပ်များ ပေါ်ပေါက်သည်ဖြစ်စေ၊ ခေတ်တစ်ခု ပြောင်းလဲရန် အချိန်တန်သောအခါ မြက်တစ်ပင် သို့မဟုတ် သစ်တစ်ပင်မျှ မပြောင်းလဲလျှင်ပင် ထိုခေတ်ကာလသည် မုချ ကုန်ဆုံးရမည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သော ကိစ္စရပ် ဖြစ်သည်။ ခေတ်ကာလတစ်ခုသည် အဆုံးသတ်ရန် မရည်ရွယ်ထားပါက ကောင်းကင်ဆိုင်ရာ ဖြစ်စဉ်များ သို့မဟုတ် မြေကြီးပေါ်ရှိ အရာခပ်သိမ်း၌ ကြီးမားသော ပြောင်းလဲမှုများ ရှိနေလျှင်ပင် ၎င်းသည် အဆုံးသတ်မသင့်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ ကိစ္စရပ်များဖြစ်ပြီး လူသားတို့၏ ကြားဝင်စွက်ဖက်ခြင်း သို့မဟုတ် အကူအညီပေးခြင်းတို့ထက် ကျော်လွန်သည်။ လူတို့ အဓိက လုပ်ဆောင်သင့်သည်မှာ ဤကိစ္စရပ်များကို ပါဝင်ပတ်သက်ခြင်း မရှိဘဲ မိမိတို့၏ သိလိုစိတ်ကို ဖြည့်ဆည်းရန် ဤဖြစ်ရပ်များအကြောင်း သက်သေအထောက်အထားနှင့် သတင်းအချက်အလက်များကို စုဆောင်းခြင်း မဟုတ်ပေ။ ဘုရားသခင် ပြုတော်မူသော အမှုအရာများနှင့် ပတ်သက်၍ သင်တို့သည် တတ်နိုင်သမျှ နားလည်သဘောပေါက်သင့်ပြီး နားလည်ရန် မဖြစ်နိုင်သည့်အခါ အတင်းအကျပ် နားလည်ရန် မကြိုးစားသင့်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြားတွင် ဤကိစ္စရပ်များသည် အလွန်တရာ ပုံမှန်ဖြစ်လျက် အလွန်တရာ တွေ့မြင်နေကျ ဖြစ်သည်။ ခေတ်များ ပြောင်းလဲခြင်း၊ ကမ္ဘာ့အခြေအနေ၏ ဖွဲ့စည်းပုံပြောင်းလဲခြင်း၊ လူမျိုးတစ်မျိုး၏ ကံကြမ္မာ၊ အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုနှင့် အဆင့်အတန်းစသည့် ဤကိစ္စရပ်များအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိကြပြီး ကိုယ်တော်၏ အချုပ်အခြာအာဏာတော်အောက်၌ ရှိကြသည်။ လူတို့သည် ယုံကြည်ရန်၊ လက်ခံရန်၊ ကျိုးနွံနာခံရန်သာ လိုအပ်သည်၊ ယင်းမှာ လုံလောက်သည်။ ပိုမိုများပြားသော နက်နဲမှုများကို နားလည်သဘောပေါက်ရန် အတွေးကို မထားရှိနှင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သင်တို့၌ ကြီးမြတ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ဝိညာဉ်ရေးရာပြည့်ဝမှု ရှိသည့်အလား သင်သည် နက်နဲမှုများကို ပိုမို နားလည်လေ၊ ပိုမိုခေတ်မီပုံရသည်ဟု မထင်မှတ်နှင့်။ ထိုသို့သော စိတ်ဓာတ်ကို ထားရှိခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သင်တို့၏ အမြင် မှားယွင်းနေကြောင်း ဆိုလိုလေသည်။ ဤကိစ္စရပ်များသည် ထူးခြားမှု မရှိပေ။ အမှန်တကယ် ထူးခြားသော ကိစ္စရပ်၊ လူတို့ အများဆုံး အာရုံစိုက်သင့်သည့်အရာမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အဓိကအချက်ဖြစ်သော လူသားမျိုးနွယ်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုတော်အတွင်း၌ လူသားမျိုးနွယ်အား ကယ်တင်ခြင်း ခံရစေရန် ဖြစ်သည်။ ဤသည်မှာ အကြီးမြတ်ဆုံးနှင့် အဓိကအကျဆုံးသော ကိစ္စရပ် ဖြစ်သည်။ သင်တို့သည် ဤကိစ္စရပ်နှင့် သက်ဆိုင်သော သမ္မာတရားများနှင့် ရူပါရုံများကို နားလည်သဘောပေါက်ပါက သင်တို့၌ ဘုရားသခင် ပြုတော်မူသောအရာနှင့် သင့်အား သူ ပေးအပ်သည့် သမ္မာတရားကို လက်ခံကြလော့၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရသည့် အကြိမ်တိုင်းကို လက်ခံကြလော့၊ သင်တို့သည် ဤအရာအားလုံးကို လက်ခံပါက ဤသည်မှာ ကောင်းကင်ဆိုင်ရာ ဖြစ်စဉ်များ၊ နက်နဲမှုများ၊ ဘေးအန္တရာယ်များ၊ သို့မဟုတ် နိုင်ငံရေးကို သုတေသနပြုခြင်းထက် များစွာ ပိုမို တန်ဖိုးရှိလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။