အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၃) အခန်း သုံး

၄။ ရာထူးတိုးခံရသောအခါ၊ သို့မဟုတ် အဖြုတ်ခံရသောအခါ ၎င်းတို့၏အပြုအမူ

အသင်းတော်၌ အချို့လူများသည် အစွမ်းအစအနည်းငယ်နှင့် အလုပ်လုပ်နိုင်စွမ်းအချို့ ရှိကြသည်။ သူတို့ ရာထူးတိုးခံရသောအခါ သူတို့၏ စိတ်အားထက်သန်မှုသည် ကြီးမားသည်၊ သူတို့သည် မိမိတို့၏ တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ကြသည်၊ တာဝန်ယူကြသည်၊ အဖိုးအခ ပေးဆပ်လိုစိတ်ရှိကြပြီး သစ္စာစောင့်သိခြင်းလည်း ရှိကြသည်။ သို့ရာတွင် အလုပ်ကို မထမ်းဆောင်နိုင်ခြင်းကြောင့် သူတို့၏ ရာထူးမှ ဖြုတ်ချခံရပြီး သူတို့၏ အဆင့်အတန်းကို ဆုံးရှုံးသောအခါ ဘုရားသခင်အပေါ် သူတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ သူတို့၌ အဆင့်အတန်း ရှိခဲ့စဉ်က သူတို့သည် ဘုရားသခင်ကို ဤသို့ ပြောဆိုခဲ့ကြသည်၊ “ကျွန်ုပ်တို့အိမ်၏ ညီအစ်ကိုမောင်နှမများသည် ထိုကဲ့သို့ပင် ဖြစ်သည်၊ ကျွန်ုပ်တို့အိမ် အဆောက်အဦးသည် ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်၊ ကျွန်ုပ်တို့အိမ်၏ ခြံဝင်းသည် သန့်ရှင်းရေးလုပ်ရန် လိုအပ်သည်...” ဟူ၍ ဖြစ်သည်။ အရာရာတိုင်းသည် “ကျွန်ုပ်တို့အိမ်” နှင့်ပတ်သက်နေသည်။ သူတို့ ရာထူးတိုးခံရသောအခါ သူတို့သည် ဘုရားအိမ်တော်၏ မိသားစု၀င် ဖြစ်လာခဲ့ကြသည်၊ သူတို့သည် မိသားစုကဲ့သို့ပင် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ဖြစ်နေပုံရသည်၊ ဘုရားသခင်၏ စိတ်နှလုံးကို ထည့်သွင်းစဉ်းစားလျက် သူနှင့်အတူ ဘုရားအိမ်တော်၏အလုပ်ကို တာဝန်ယူနိုင်ပြီး ဘုရားသခင်နှင့် တန်းတူရည်တူ ဆက်ဆံကြသည်။ သူတို့ ရာထူးတိုးခံရပြီး အရေးကြီးသော ရာထူးတစ်ခု၌ ထားရှိခြင်းခံရသောအခါ သူတို့သည် ဂုဏ်ရှိသည်ဟု ခံစားခဲ့ကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ တာဝန်ကို ခံစားခဲ့ကြသည်။ ငါ့ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ စကားပြောသည့်အခါ သူတို့သည် “ကျွန်ုပ်တို့အိမ်” ဟု မကြာခဏ ပြောဆိုခဲ့ကြသည်။ ဤသည်ကို ကြားရသည့်အခါ သင်က ဤသူသည် မဆိုးဟုလည်းကောင်း၊ စိတ်နှလုံးကောင်းရှိသည်ဟုလည်းကောင်း၊ နွေးထွေးသောစိတ်ရှိသည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်အိမ်အဖြစ် သဘောထားသည်ဟုလည်းကောင်း၊ အရာရာတိုင်းအပေါ် အလွန်ဂရုစိုက်ပြီး အလွန် တာဝန်ယူသည်ဟုလည်းကောင်း၊ အရာရာတိုင်းကို ကြိုတင်စဉ်းစားသည်ဟုလည်းကောင်း ထင်မှတ်ပေမည်၊ ထိုသူသည် သမ္မာတရားကို လိုက်စားပြီး အဖိုးအခ ပေးဆပ်ရန် စိတ်အားထက်သန်သောသူတစ်ဦးအဖြစ် ပေါ်လွင်နေသည်။ သို့သော် သူတို့ ဖြုတ်ချခံရပြီးနောက် ဤသို့ ဆက်လက်ပြောဆိုကြသေးသလော။ သူတို့ ဖြုတ်ချခံရသည်နှင့်တစ်ပြိုင်နက် သူတို့သည် တူညီသော စိတ်နေစိတ်ထား မရှိတော့ပေ၊ ထိုသဘောထားသည် ပျောက်ကွယ်သွားသည်။ သူတို့သည် “ကျွန်ုပ်တို့အိမ်” ဟု မပြောတော့ဘဲ တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုခံရသောအခါ သူတို့သည် ထိုမျှ စိတ်အားထက်သန်ခြင်း မရှိတော့ပေ။ သူတို့ အဘယ်အရာ တွေးကြသနည်း။ “ယခင်က သင် ကျွန်ုပ်ကို ရာထူးတိုးပေးသည့်အခါတွင် ငါ့တွင် အဆင့်အတန်းရှိသည်၊ ပြီးလျှင် ငါသည် သင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့သည်။ ယခုတွင်မူ ငါ့တွင် အဆင့်အတန်း မရှိတော့ပြီ၊ ငါတို့သည် မိသားစု မဟုတ်တော့ပြီ။ သို့ဖြစ်၍ သင်သည် ကိုယ့်ဘာသာကိုယ် လုပ်ပါ။ သင် မည်သို့လုပ်ဆောင်ရမည်ဟူသည်ကို ငါနှင့် မတိုင်ပင်လေနှင့်၊ ငါ့ကိုလည်း အသိမပေးလေနှင့်၊ ဤသည်မှာ ငါနှင့် မည်သည့်အရာမျှ မသက်ဆိုင်တော့ပါ။ ငါက သင့်အတွက် သတင်းစကားများ ပို့ပေးရုံသာ ပို့ပေးမည်၊ ဤမျှသာဖြစ်သည်။ သင် လုပ်ခိုင်းသည့်အရာမှန်သမျှ ငါ အနည်းအကျဉ်း လုပ်ပေးမည်ဖြစ်သော်လည်း ငါနှင့် သင်သည် တစ်စိတ်တစ်ဝမ်းတည်း မရှိတော့ပြီ” ဟူ၍ ဖြစ်သည်။ ထို့နောက် သူတို့သည် သင့်ကို သူစိမ်းတစ်ဦးအဖြစ် သဘောထားကြသည်။ အကယ်၍ သင်က သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက သူတို့သည် အခြားတစ်စုံတစ်ယောက်အတွက် အလုပ်လုပ်ပေးနေသကဲ့သို့ အလုပ်လုပ်ကြပြီး အပေါ်ယံအားဖြင့်သာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည်။ ယခင်က သူတို့သည် အလုပ်ငါးခု လုပ်ဆောင်ခဲ့နိုင်သော်လည်း ယခုမူ သူတို့သည် တစ်ခု သို့မဟုတ် နှစ်ခုသာ လုပ်ဆောင်ပြီး လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်ဆောင်သွားကာ ဖြစ်သလိုနှင့် အပေါ်ယံအလုပ်အချို့ကို လုပ်ဆောင်ပြီးလျှင် ပြီးဆုံးသွားသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ သူတို့က ဤသို့ ဆိုကြသည်၊ “ယခင်က ငါသည် သင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိပြီး သင့်ကို ဤအရာအတွက်လည်းကောင်း၊ ထိုအရာအတွက်လည်းကောင်း ကူညီပေးခဲ့သည်၊ သင်၏ ကိစ္စများကို ငါ၏ကိစ္စများကဲ့သို့၊ ငါတို့၏ ဘုံလုပ်ငန်းတာဝန်ကဲ့သို့ သဘောထားပြီး သင့်ကိုယ်စား လုပ်ဆောင်ပေးခဲ့သည်။ သို့သော် သင်သည် ငါ၏ ခံစားချက်ကို လုံးဝ ထည့်တွက်စဉ်းစားခြင်း မရှိဘဲ ငါ့ကို ဖြုတ်ချလိုက်သည်။ သင်သည် ငါ၏ခံစားချက်ကို ထည့်တွက်စဉ်းစားခြင်း မရှိ၊ ငါသည် သင့်အတွက် မည်သို့များ အလုပ်လုပ်ပေးနိုင်မည်နည်း။ အကယ်၍ သင် ငါ့ကို ထပ်၍ ရာထူးတိုးပေးပြီး အဆင့်အတန်း ပေးလျှင် ယင်းက အဆင်ပြေမည်ဖြစ်သည်။ သို့ရာတွင် သင်သည် ငါ့ကို အဆင့်အတန်း မပေးလျှင် ဤအရာကို မေ့လိုက်လော့။ သင်သည် ငါ့ကို အလုပ်များ ထပ်ခိုင်းလိုလျှင် ယခင်ကကဲ့သို့ အဆင်ပြေမည် မဟုတ်ပါ။ သင်သည် ငါ့ကို သုံးလိုလျှင် ငါ့ကို ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ ပေးရမည်ဖြစ်သည်။ အဆင့်အတန်းမရှိဘဲ သင်က အမိန့်တစ်ခုပေးပြီး အလုပ်တစ်ခုခုလုပ်ရန် ငါ့ကို မျှော်လင့်နေလျှင် ယင်းတွင် ဂုဏ်ပုဒ်က အဘယ်မှာနည်း။ ရှင်းပြချက်တစ်ခုခုတော့ ရှိသင့်သည်” ဟူ၍ ဖြစ်သည်။ ယခု သင် စကားပြောသောအခါ ယင်းမှာ အကျိုးသက်ရောက်မှု မရှိတော့ပေ။ သင်က သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့သည် ယခင်ကကဲ့သို့ ရည်စူးမြှုပ်နှံခြင်း မရှိတော့ဘဲ သူတို့၏ စိတ်နှလုံးတစ်ခုလုံးကို မဆက်ကပ်တော့ပေ။ သူတို့၏ သဘောထားသည် ပြောင်းလဲသွားပြီ ဖြစ်သည်။ အကယ်၍ သင်က သူတို့ကို တစ်စုံတစ်ခု ထပ်လုပ်ခိုင်းလျှင်၊ သို့မဟုတ် ဘုရားအိမ်တော်က သူတို့ကို တစ်စုံတစ်ခု လုပ်ခိုင်းလျှင် သူတို့သည် ယင်းကို အပိုတာဝန်တစ်ခုအဖြစ်၊ အပြင်လူတစ်ဦး၏ ကိစ္စအဖြစ် သဘောထားကြပြီး သူတို့ သွားလုပ်ပေးခြင်းသည်ပင် သင့်ကို မျက်နှာသာကြီးစွာ ပေးနေသည့်အလားပင် ဖြစ်သည်။ အကယ်၍ သူတို့ မလုပ်လျှင် အထူးသဖြင့် သူတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ယင်းမှာ မမျှတဟု ထင်ရသည်ဟု ခံစားကြရသည်။ သို့သော် အကယ်၍ သူတို့ သွားလုပ်လျှင် သူတို့သည် ဆန္ဒမပါဘဲ လုပ်ဆောင်ပြီး ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ အဘယ်ကြောင့် သူတို့ ဤသို့ ပြုလုပ်ကြသနည်း။ သူတို့က “ငါ ယခင်က သင့်ကို ရာခိုင်နှုန်းပြည့် ယုံကြည်ခဲ့သည်၊ သင်၏ ကိစ္စများကို ငါ၏ ကိစ္စများကဲ့သို့ သဘောထားခဲ့သော်လည်း သင်က ငါ့ကို ဆိုင်းမဆင့်ဗုံမဆင့် ဘေးဖယ်ပစ်လိုက်သည်၊ ဤအရာက ငါ၏ စိတ်နှလုံးနှင့် ငါ၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေခဲ့သည်၊ ငါ့ကို သင် လျစ်လျူရှုခဲ့သည်။ ကောင်းပြီ၊ အကယ်၍ သင် ငါ့အပေါ် မကြင်နာလျှင် ငါ့ကို နှလုံးသားမရှိဘူးဟူ၍ အပြစ်မတင်နှင့်။ အကယ်၍ သင် ငါ့ကို ထပ်ပြီး အသုံးချလျှင် ငါသည် ယခင်ကကဲ့သို့ ဖြစ်နိုင်မည် မဟုတ်တော့ပါ၊ အကြောင်းမှာ ငါတို့၏ ဆက်ဆံရေးသည် ပြတ်တောက်သွားပြီဖြစ်သောကြောင့် ဖြစ်သည်။ ငါသည် ထားရာနေ၊ စေရာသွားရအောင် အလွယ်တကူ အမိန့်ပေး၍ရသည့်သူ မဟုတ်ပါ။ ငါသည် အဘယ်သူနည်း။ ဘုရားသခင်ကိုသာ ငါ မယုံကြည်လျှင် အခြားသူများက ငါ့ကို ဤသို့ကြိုးကိုင် ညွှန်ကြားသည်ကို ငါအခွင့်ပေးမည်လော” ဟု တွေးကြသည်။ အန္တိခရစ်တို့သည် ဖြုတ်ချခံရပြီး သူတို့၏ အဆင့်အတန်းကို ဆုံးရှုံးသောအခါ သူတို့၏ သဘောထားသည် ထိုသို့သော သိသာထင်ရှားသည့် ပြောင်းလဲမှုကို ကြုံတွေ့နိုင်သည်။ သူတို့၌ အဆင့်အတန်း ရှိခဲ့စဉ်က သူတို့သည် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့မိသားစု” ဟု ခေါ်ပြီး မကြာခဏ ပြောဆိုခဲ့သော်လည်း သူတို့သည် ဘုရားအိမ်တော်၏ ကိစ္စများကို မိမိတို့၏ ကိုယ်ပိုင်ကိစ္စအဖြစ် အမှန်တကယ် သဘောမထားခဲ့ကြပေ။ အဖြုတ်ခံရပြီး အဆင့်အတန်း ဆုံးရှုံးပြီးနောက် အကယ်၍ ဘုရားအိမ်တော်က သူတို့ကို မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် တောင်းဆိုပါက သူတို့သည် ညှိနှိုင်းမှုမရှိဘဲ ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိကြပေ၊ ထိုတင်မက သူတို့သည် ရှင်းပြချက်တစ်ခု သို့မဟုတ် ဂုဏ်ပုဒ် တစ်မျိုးမျိုးကို တောင်းဆိုကြသည်။ အချို့က “ယခင်တစ်ခါက သင်သည် ကျွန်ုပ်ကို ဖြုတ်ချပြီး ဆိုင်းမဆင့်ဗုံမဆင့် ဘေးဖယ်ထားခဲ့သည်။ ယခုအခါတွင် သင်သည် ကျွန်ုပ်ကို တစ်စုံတစ်ခု လုပ်ဆောင်စေလိုလျှင် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူက ကျွန်ုပ်ကို ကိုယ်တိုင်လာ၍ မပြောမချင်း သို့မဟုတ် လူ့ဇာတိခံဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်ကို လာ၍ မပြောမချင်း ထိုသို့မဟုတ်လျှင် မေ့လိုက်ပါ” ဟုပင် ဆိုကြသည်။ သူတို့သည် စိတ်ကြီးဝင်လှပါတကား။ ငါ့ကို ပြောကြလော့၊ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အသုံးပြုသင့်သလော။ (မပြုသင့်ပါ။) သူတို့သည် မိမိတို့ကိုယ်ကို အရေးပါသောသူတစ်ဦးဟု ထင်ကြသော်လည်း အမှန်တကယ်တွင် ဘုရားအိမ်တော်သည် ထိုသို့သောလူများကို တန်ဖိုးမထားပေ။ သင်သည် မည်မျှပင် အရည်အချင်းရှိသည်ဖြစ်စေ၊ စွမ်းဆောင်နိုင်သည်ဖြစ်စေ၊ ခေါင်းဆောင်မှု၌ ကျွမ်းကျင်သည်ဖြစ်စေ ဘုရားအိမ်တော်သည် သင့်ကို အသုံးပြုမည် မဟုတ်ပေ။ အချို့က “သင်က ဆိုးယုတ်သောလူများကို ဦးမညွှတ်သောကြောင့်လော” ဟု မေးကောင်းမေးနိုင်သည်။ မဟုတ်ပေ၊ ဤသည်မှာ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်ပြီး လူကို အသုံးပြုခြင်းဆိုင်ရာ ယင်း၏ စည်းမျဉ်း ဖြစ်သည်။ အကယ်၍ အန္တိခရစ်တို့ကို ဘုရားအိမ်တော်၌ အာဏာကိုင်စွဲခွင့်ပြုပါက ယင်းမှာ ညီအစ်ကိုမောင်နှမများအတွက်၊ အသင်းတော်အတွက် ကောင်းသောအရာဖြစ်မည်လော သို့မဟုတ် ဆိုးသောအရာ ဖြစ်မည်လော။ (ဆိုးသောအရာ ဖြစ်ပါသည်။) ဘုရားအိမ်တော်သည် ထိုသို့သော ဆိုးသောအရာကို ပြုလုပ်နိုင်သလော။ လုံးဝ မပြုလုပ်နိုင်ပေ။ သူတို့သည် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ခြင်းမခံရမီတွင် ဘုရားအိမ်တော်သည် သူတို့ကို အစေခံရန် ဝန်လေးစွာ ရာထူးတိုးပေးခဲ့သည်။ သူတို့သည် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်သည် သူတို့ကို ရာထူးတိုးပေးနိုင်ဦးမည်လော။ မဖြစ်နိုင်တော့ပေ။ သူတို့သည် စိတ်ကူးယဉ်နေကြပြီး အတော်ပင် လိုရာဆွဲ တွေးနေကြခြင်း ဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် ဤသို့ တွေးကြသည်၊ “ဟွန်း၊ ဘုရားအိမ်တော်သည် ငါမရှိဘဲ အလုပ်မဖြစ်နိုင်ပါ၊ ဘုရားအိမ်တော်တွင် ငါမှလွဲ၍ ဤအလုပ်ကို တာဝန်ယူ လုပ်ဆောင်နိုင်သည့် တစ်ဦးမျှ မရှိ။ မည်သူက ငါ့ကို အစားထိုးနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤသို့သော အခိုင်အမာပြောဆိုမှုကို ပြုလုပ်လိုကြသည်။ ဘုရားအိမ်တော်၌ ဤအန္တိခရစ်များမရှိဘဲ ဘုရားသခင်၏အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ပြီး ပြီးမြောက်အောင်မြင်နိုင်ခြင်း ရှိမရှိကို သူတို့ကို ပြသကြပါစို့။

ယခု ဘုရားအိမ်တော်ရှိ အလုပ်အမျိုးမျိုး၏ ချောမွေ့သော တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် အသင်းတော်မှ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူအမျိုးမျိုးကို ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းတို့နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ ယင်းမှာ အလွန်အမင်း သက်ဆိုင်ပါသည်။ အန္တိခရစ်တို့သည် ဤသည်ကို သတိမပြုမိကြပေ၊ သူတို့သည် ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ကန့်သတ်ခြင်းတို့ကို ခံရသောကြောင့်သာ ဘုရားအိမ်တော်၏ အလုပ်သည် ချောမွေ့စွာ တိုးတက်နိုင်သည်ကို သူတို့ မသိရှိကြပေ၊ သူတို့သည် ဘဝင်မြင့်ပြီး ညည်းညူကြသည်ပင်။ သင်တို့ အဘယ်အရာကို ညည်းညူနေကြသနည်း။ သင်တို့၌ အရည်အချင်းနှင့် ဉာဏ်ရည်၊ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ရှိသည်ဟု သင်တို့ ထင်ကြသော်လည်း ဘုရားအိမ်တော်၌ သင်တို့ အဘယ်အရာ လုပ်ဆောင်နိုင်ကြသနည်း။ ဤလူတို့သည် စာတန်၏ အစေခံများအဖြစ်၊ ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်း အခန်းကဏ္ဍမှသာ ပါဝင်ကြသည်။ သူတို့ မတည်ရှိဘဲ ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၏ အသင်းတော်အသက်တာ၊ သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အသက်တာနှင့် သူတို့၏ နေ့စဉ်အသက်တာအားလုံးသည် ပို၍ ငြိမ်သက်မည်၊ ပို၍ ချောမွေ့မည်၊ ပို၍ ငြိမ်းချမ်းမည် ဖြစ်သည်၊ ဤသည်မှာ အန္တိခရစ်တို့ သတိမပြုမိသည့်အရာ ဖြစ်သည်။ ဤအန္တိခရစ်တို့သည် သူတို့၏ စွမ်းဆောင်နိုင်စွမ်းများကို အလွန်အမင်း အထင်ကြီးကြပြီး သူတို့ အမှန်တကယ် မည်သို့သောအရာဖြစ်သည်ကို သတိမပြုမိကြပေ။ ဘုရားအိမ်တော်သည် သူတို့မရှိဘဲ အလုပ်မလုပ်နိုင်ဟုလည်းကောင်း၊ အလုပ်ကို မဆောင်ရွက်နိုင်ဟုလည်းကောင်း၊ အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စ အမျိုးမျိုးကို သူတို့မရှိဘဲ ရှေ့ဆက် မလုပ်ဆောင်နိုင်ဟုလည်းကောင်း ထင်ကြသည်။ ဘုရားအိမ်တော်၌ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားက တန်ခိုးအာဏာ ကိုင်စွဲထားသည်ကို သူတို့ နားမလည်ကြပေ။ အဘယ်ကြောင့် သူတို့ မသိကြသနည်း။ အဘယ်ကြောင့် အန္တိခရစ်တို့သည် ထိုသို့သော ရိုးရှင်းသည့်ကိစ္စကို နားမလည်နိုင်ကြသနည်း။ ဤသည်က အန္တိခရစ်တို့၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ရန်လိုသော အနှစ်သာရရှိသည်ကိုသာ ပြသသည်။ သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး ရန်လိုသောကြောင့် အတိအကျပင် သူတို့သည် သမ္မာတရားကား အဘယ်နည်းဟူသည်ကို မသိကြ၊ အပြုသဘောဆောင်သော အရာများကား အဘယ်နည်းဟူသည်ကို မသိကြခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ဘုရားသခင်ကို အတိုက်အခံပြုသော သူတို့၏ ကောက်ကျစ်ဆိုးယုတ်ပြီး မလိုမုန်းထားသော အပြုအမူများသည် မည်သည့်အမှားအယွင်းမျှမရှိဘဲ ကောင်းမွန်ပြီး မှန်ကန်သည်ဟု ထင်ကြသည်။ သူတို့တစ်ဦးတည်းသာ သမ္မာတရားကို နားလည်သည်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်၊ သူတို့တစ်ဦးတည်းသာ ဘုရားအိမ်တော်၌ အာဏာကိုင်စွဲရန် ထိုက်တန်သည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့ မှားကြသည်။ ဘုရားအိမ်တော်၌ အာဏာကိုင်စွဲသည်မှာ သမ္မာတရားဖြစ်သည်။ အန္တိခရစ်အားလုံးသည် ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ခံရမည်ဖြစ်သည်၊ သူတို့သည် ဘုရားအိမ်တော်၌ နေရာတစ်နေရာ ရှိနိုင်မည်မဟုတ်ဘဲ ထာဝရ ငြင်းပယ်ခြင်းကိုသာ ခံရနိုင်သည်။

အချို့သော အန္တိခရစ်တို့သည် ဆုကျေးဇူးအချို့၊ အစွမ်းအစအနည်းငယ်နှင့် စွမ်းဆောင်နိုင်စွမ်းအချို့ကို ပိုင်ဆိုင်ကြပြီး အာဏာကို အသုံးပြု၍ အခြားသူများကို ကြိုးကိုင်ညွှန်ကြားခြင်း၌ ကျွမ်းကျင်ကြသည်။ ဘုရားအိမ်တော်၌ သူတို့သည် ရာထူးတိုးခံရပြီး အရေးကြီးသော ရာထူးများ၌ ထားရှိခြင်း ခံရသင့်သောသူများဖြစ်သည်ဟု သူတို့ ထင်ကြသည်။ သို့သော် ယနေ့ ကြည့်လျှင် ထိုသို့ မဟုတ်ပေ။ ဤလူတို့သည် ပြစ်တင်ရှုတ်ချခြင်း၊ ကန့်သတ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံခဲ့ကြရပြီး အချို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့ကိုပင် ခံခဲ့ကြရသည်။ သူတို့သည် မိမိတို့ကဲ့သို့သော “မြင့်မြတ်သည့်” ပုဂ္ဂိုလ်များ၊ ကြီးမားသော စွမ်းဆောင်နိုင်စွမ်းများနှင့် မြင့်မားသော ပင်ကိုစွမ်းရည်များရှိသည့် ပုဂ္ဂိုလ်များက ဘုရားအိမ်တော်၌ အမှန်တကယ် မှောက်မှားပြီး ငြင်းပယ်ခြင်းခံရမည်ဟု သူတို့ မည်သည့်အခါမျှ စိတ်ကူးကြည့်ခဲ့မည် မဟုတ်ပေ။ သူတို့သည် အဘယ်ကြောင့်ဖြစ်သည်ကို နားကိုမလည်နိုင်ကြပေ။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် သူတို့အပေါ် ဆက်လက်၍ အလုပ်လုပ်သင့်သလော။ မလိုအပ်တော့ပေ။ သင်သည် စာတန်များကို ကျိုးကြောင်းပြပြောဆိုနိုင်သလော။ စာတန်များကို ကျိုးကြောင်းပြပြောဆိုခြင်းသည် နားပင်းသူကို တရားဟောခြင်းနှင့်တူသည်၊ စာတန်များကို ဖော်ပြရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်၊ အသိခေါက်ခက် အဝင်နက်ခြင်း ဖြစ်သည်။ ဤသည်မှာ အချို့လူများက “ဘုရားသခင်က လူများကို ရိုးသားရန် တောင်းဆိုသော်လည်း ရိုးသားခြင်းသည် အဘယ်ကောင်းသနည်း။ လိမ်ညာမှုအနည်းငယ် ပြောခြင်း၊ လူများကို လှည့်စားခြင်းတို့သည် အဘယ်မှားသနည်း။ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်ခြင်းသည် အဘယ်မှားသနည်း။ သစ္စာမဲ့ခြင်းက အဘယ်မှားသနည်း။ ပါးနပ်ခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ခြင်းက အဘယ်မှားသနည်း။ ဘုရားကို ဝေဖန်သုံးသပ်ခြင်းက အဘယ်မှားသနည်း။ ဘုရားအပေါ် အယူအဆများရှိခြင်းက အဘယ်ဖြစ်သနည်း။ ဘုရားကို ပုန်ကန်ခြင်းက အဘယ်မှားသနည်း။ အဘယ်အမှားကြီးနည်း။ ဤသည်မှာ အမှန်တွင် စည်းမျဉ်းနှင့်ဆိုင်သည့် ကိစ္စ မဟုတ်ပါ” ဟု ဆိုကြသကဲ့သို့ ဖြစ်သည်။ အချို့လူများက “စွမ်းဆောင်နိုင်သည့်သူတစ်ဦးသည် ကိုယ်ပိုင် လွတ်လပ်သည့် နယ်မြေတစ်ခုကို တည်ထောင်သည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည် မဟုတ်လော။ ဤလောကကြီးတွင် ငါးကြီးက ငါးသေးကို စားသည်၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် လောကကြီးဖြစ်သည်။ သင်သည် အရည်အချင်းရှိပါက သင်၏ ကိုယ်ပိုင်နယ်မြေတစ်ခုကို တည်ထောင်လော့။ ယင်းမှာ အဘယ်အမှားရှိသနည်း။ လူတိုင်းသည် သူတို့၏ အရည်အချင်းက ဆုံးဖြတ်သလောက် အာဏာရှိပြီး သူတို့၏ အာဏာက ခွင့်ပြုသလောက် လူမည်မျှကိုမဆို အုပ်ချုပ်သင့်သည်” ဟုပင် ဆိုကြသည်။ အခြားသူများက “အကျင့်စာရိတ္တ ပျက်ပြားခြင်းက အဘယ်မှားသနည်း။ အကျင့်စာရိတ္တ ပျက်ပြားခြင်းက အဘယ်ကိစ္စရှိသနည်း။ ကောက်ကျစ်ဆိုးယုတ်သည့် လမ်းစဉ်များကို လိုက်ခြင်းက အဘယ်မှားသနည်း” စသည်ဖြင့် ဆိုကြသည်။ ဤစကားများကို ကြားပြီးနောက် သင်တို့ အဘယ်သို့ ခံစားရသနည်း။ (စက်ဆုပ်ရွံရှာပါသည်။) စက်ဆုပ်ရွံရှာရုံမျှသာလော။ ဤစကားများကို ကြားပြီးနောက် လူတစ်ဦးသည် ဤသို့ ခံစားရသည်၊ “ငါတို့အားလုံး အတူတူပင် လူ့အရေကို ခြုံထားကြသည်၊ သို့ဖြစ်ပါ၍ အဘယ်ကြောင့် အချို့လူများသည် ဤအပျက်သဘောဆောင်သော အရာများကို မစက်ဆုပ်ရွံရှာရုံသာမက အမြတ်တနိုးတန်ဖိုးပင် ထားကြသနည်း။ အဘယ်ကြောင့် အချို့လူများသည် ဤအရာများကို စက်ဆုပ်ရွံရှာကြသနည်း။ အဘယ်ကြောင့် လူအချင်းချင်းကြားတွင် ထိုမျှ ကြီးမားသော ကွာခြားချက် ရှိနေရသနည်း။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့သော ထိုသူတို့သည် အပြုသဘောဆောင်သော အရာများကို အဘယ်ကြောင့် မချစ်မြတ်နိုးကြသနည်း။ အဘယ်ကြောင့် သူတို့သည် အပျက်သဘောဆောင်သော အရာများကို ထိုမျှ တန်ဖိုးထားကြသနည်း၊ ယင်းတို့ကို ရတနာများအဖြစ်ပင် မှတ်ယူကြသနည်း။ အဘယ်ကြောင့် သူတို့သည် ဤအပျက်သဘောဆောင်သော အရာများ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရွံရှာဖွယ်ကောင်းခြင်းကို အသိအမှတ်မပြုနိုင်ကြသနည်း” ဟူ၍ ဖြစ်သည်။ ထိုသို့သော ဆင်ခြင်သုံးသပ်မှုများသည် လူတို့၏ စိတ်နှလုံးထဲ၌ ပေါ်ပေါက်လာသည်။ အန္တိခရစ်တို့ထံမှ ထိုစကားများကို ကြားရသောအခါ လူတို့သည် တစ်ဖက်တွင် စက်ဆုပ်ရွံရှာသည်ဟု ခံစားရပြီး အခြားတစ်ဖက်တွင် စကားမပြောနိုင်အောင် ဖြစ်သွားသည်။ ထိုသို့သောလူများ၏ သဘာဝသည် ပြောင်းလဲ၍မရပေ၊ သူတို့သည် မပြောင်းလဲနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်က သူသည် နတ်ဆိုးများ သို့မဟုတ် စာတန်များကို မကယ်တင်ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး လူ့တိရစ္ဆာန်များ သို့မဟုတ် မကောင်းဆိုးဝါးများအတွက် မဟုတ်ပေ။ ဤအန္တိခရစ်များကဲ့သို့သော လူများသည် ဘုရားသခင်က နတ်ဆိုးများနှင့် လူ့တိရစ္ဆာန်များအဖြစ် ရည်ညွှန်းသည့်အရာ အတိအကျ ဖြစ်သည်၊ သူတို့ကို လူသားမျိုးနွယ်အကြားတွင် ထည့်တွက်၍မရနိုင်ပေ။ ဤသည်မှာ ရှင်းလင်းသည် မဟုတ်လော။

၅။ အသင်းတော်၏ အခြေအနေအမျိုးမျိုးအပေါ် တုံ့ပြန်ရာ၌ ၎င်းတို့၏အပြုအမူ

အန္တိခရစ်တို့သည် ခရစ်တော်ကို သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ဆက်ဆံကြသည် ဟူသည့် ဤအချက်၏ ရှုထောင့်မည်မျှကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သနည်း။ သူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ ခရစ်တော်ကို နည်းလမ်းတစ်ခုဖြင့် ဆက်ဆံကြသည်၊ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ (သူတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်သောအခါ၊ သူတို့ ရာထူးတိုးခံရသောအခါ သို့မဟုတ် ဖြုတ်ချခံရသောအခါ၊ ခရစ်တော် လိုက်လံဖမ်းဆီးခံရသောအခါတို့ ဖြစ်ပါသည်။) စုစုပေါင်း ရှုထောင့်လေးခု ဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းကို ဆက်ကြစို့။ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသောကြောင့် သူတို့သည် သမ္မာတရားကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ကြခြင်းမဟုတ်၊ သူတို့သည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်သည်၊ သူတို့၌ ကိုယ်ပိုင်အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ရှိကြသည်။ ထို့အပြင် သူတို့သည် အာဏာနှင့် သြဇာလွှမ်းမိုးမှုကို နှစ်သက်ကြသောကြောင့် သူတို့သည် စောင့်ကြည့်သည့် သဘောထားဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ သူတို့သည် မည်သို့ စောင့်ကြည့်ကြသနည်း။ ဆိုလိုသည်မှာ သူတို့ ယုံကြည်နေစဉ် ဘုရားအိမ်တော်ရှိ လူဦးရေ တိုးပွားနေခြင်း ရှိမရှိ၊ ဧဝံဂေလိအလုပ် မည်သို့ဖြန့်ဝေနေသည်၊ ချောမွေ့ခြင်း ရှိမရှိနှင့် ဘုရားအိမ်တော်၏ သြဇာလွှမ်းမိုးမှု အဆက်မပြတ် ကြီးထွားနေခြင်း ရှိမရှိကိုလည်း တွေ့ရရန် သူတို့ စောင့်ကြည့်လေ့လာကြသည် ဟူ၍ ဖြစ်သည်။ ထို့အပြင် သူတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော လူဦးရေ တိုးပွားနေခြင်း ရှိမရှိ၊ ဘုရားသခင်ကို လိုလိုလားလား အစေခံသောလူများ ပို၍ပို၍ များလာခြင်း ရှိမရှိနှင့် ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်လိုသောလူများ ပို၍ပို၍ များလာခြင်း ရှိမရှိကိုလည်း စောင့်ကြည့်လေ့လာကြသည်။ သူတို့သည် ဘုရားအိမ်တော်၌ တာဝန်များ ထမ်းဆောင်နေသော ထိုသူတို့၏ လူမှုရေးနှင့် ပညာရေး နောက်ခံ၊ လူ့အဖွဲ့အစည်း၌ သူတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ အမှန်တကယ် မည်သို့ရှိသည်ကိုလည်း စောင့်ကြည့်လေ့လာကြသည်။ စောင့်ကြည့်လေ့လာခြင်းအားဖြင့်၊ သူတို့သည် နောက်ထပ် ပို၍များသော လူများက ဘုရားသခင်ကို ယုံကြည်ကြသည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်ရှိ လူဦးရေ တိုးပွားနေသည်ကိုလည်းကောင်း၊ နောက်ထပ်လူများက ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် မိမိတို့၏ မိသားစုများ၊ အလုပ်အကိုင်များနှင့် အလားအလာများကို စွန့်လွှတ်လိုစိတ် ရှိကြသည်ကိုလည်းကောင်း မြင်တွေ့ကြသည်။ သူတို့သည် ဤအရာများကို သတိပြုမိသောအခါ၊ လျစ်လျူရှု၍ မနေနိုင်တော့ဘဲ မိမိတို့လည်း အနာဂတ်၏ ကောင်းချီးမင်္ဂလာများတွင် ဝေစုတစ်စု ရရှိနိုင်ရန်အတွက် တာဝန်ထမ်းဆောင်သူများ၏ အစုအဝေးတွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာကာ ဘုရားအိမ်တော်အမှု၌ မိမိတို့ကိုယ်ကိုလည်း ဆက်ကပ်အပ်နှံသင့်သည်ဟု ခံစားကြရသည်။ သူတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ပြီး ထိုနေရာ၌ အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သော်လည်း သူတို့သည် မိမိတို့၏ အလားအလာများနှင့် ကံကြမ္မာကို မည်သည့်အခါမျှ လက်မလွှတ်ကြဘဲ သူတို့၏ စိတ်နှလုံးထဲ၌ အဆက်မပြတ် တွက်ချက်နေကြဆဲ ဖြစ်သည်။ အကြောင်းမှာ ဤအုပ်စု၊ ဤအန္တိခရစ်တို့သည် ထိုသို့သော ရည်မှန်းချက်များနှင့် စိတ်သဘောထားများ ရှိကြသောကြောင့် ဘုရားအိမ်တော်၏ အဆင့်အတန်းနှင့် ကျော်ကြားမှု ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ခရစ်တော်နှင့် ဘုရားသခင်အပေါ် သူတို့၏ သဘောထားသည် ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် တစ်ဖက်၌ သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာအတွက် အားကြိုးမာန်တက် စီစဉ်ခြင်း၊ တွက်ချက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နေကြသည်၊ အခြားတစ်ဖက်၌ သူတို့သည် ဘုရားအိမ်တော်၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပနှင့် ပြည်တွင်း၌ ယင်း၏ သြဇာလွှမ်းမိုးမှု၊ လူဦးရေ တဖြည်းဖြည်း တိုးပွားနေခြင်း ရှိမရှိ၊ အသင်းတော်၏ အတိုင်းအတာ ဆက်လက်တိုးချဲ့နေခြင်း ရှိမရှိ၊ အသင်းတော်သည် လူ့အဖွဲ့အစည်းရှိ လူသိများသော အချို့လူများနှင့် ဆက်သွယ်ခဲ့ခြင်း ရှိမရှိ၊ အနောက်နိုင်ငံ၌ ကျော်ကြားမှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ခြင်း ရှိမရှိနှင့် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု တည်ထောင်ခဲ့ခြင်း ရှိမရှိကိုလည်း စောင့်ကြည့်နေကြသည်။ သူတို့သည် ဤကိစ္စရပ်များကို အဆက်မပြတ် စောင့်ကြည့်ပြီး စုံစမ်းမေးမြန်းနေကြသည်။ အသင်းတော်၏အလုပ်၌ မပါဝင်ဘဲ မိမိတို့၏ တာဝန်များကို မထမ်းဆောင်သော အချို့လူများပင်လျှင် မိမိတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာအတွက် အဆက်မပြတ် တွက်ချက်နေကြပြီး အသင်းတော်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားသော သိလိုစိတ်ကို ပြသကြသည်။ ဤသို့ဖြင့် တစ်ဖက်တွင် ဤအချက်အလက်ကို အသင်းတော်၏ ဝက်ဘ်ဆိုက်တွင် ရှာဖွေကြသကဲ့သို့ အခြားတစ်ဖက်တွင် အသင်းတော်အတွင်း၌ ဤကိစ္စရပ်များကို စုံစမ်းမေးမြန်းကြသည်။ ဘုရားအိမ်တော်၏ ပြည်ပအလုပ်သည် ချောမွေ့စွာ ဖြန့်ဝေနေပြီး ပို၍ အလားအလာ ကောင်းလာသည်ကိုလည်းကောင်း၊ အနောက်နိုင်ငံရှိ အလုပ်သည် ပို၍ကောင်းမွန်စွာ ဖြန့်ဝေနေပြီး အခြေအနေ တိုးတက်နေသည်ကိုလည်းကောင်း သူတို့ သိရှိသောအခါ သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ စိတ်သက်သာရာရသွားကြသည်။ သူတို့၏ စိတ်သက်သာရာရခြင်း ခံစားချက်သည် သူတို့၌ စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို ညွှန်ပြသလော။ (မညွှန်ပြပါ။) သူတို့ စိတ်သက်သာရာရနေစဉ် လူ့ဇာတိခံ ဘုရားသခင်အပေါ်၊ ခရစ်တော်အပေါ် သူတို့၏ သဘောထားသည် စစ်မှန်သော ကျိုးနွံနာခံခြင်းမရှိဘဲ အနည်းငယ်မျှ ပိုသော “လေးစားမှု” နှင့် အထင်ကြီးလေးစားမှုမျှသာ ဖြစ်သည်။

ခရစ်တော်သည် တရုတ်နိုင်ငံ ပြည်မကြီး၌ အလုပ်လုပ်နေစဉ် အန္တိခရစ်တို့သည် “လူ့ဇာတိခံ ဘုရား အဖမ်းခံရနိုင်သလား။ သူ အစိုးရအာဏာပိုင်များ၏ လက်ထဲသို့ ကျရောက်နိုင်သလော” ဟု မကြာခဏ တွေးတောခဲ့ကြသည်။ သူတို့ ဤသို့ တွေးသောအခါ၊ သူတို့သည် ဤ “အရေးမပါသော ပုဂ္ဂိုလ်” အပေါ် မထီမဲ့မြင်ပြုစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ လူ့ဇာတိခံ ဘုရားသခင်သည် မကြာခဏ အိမ်ဟုခေါ်စရာနေရာမရှိ၊ ခေါင်းချစရာနေရာမရှိဘဲ အဖမ်းမခံရဖို့ ရှောင်ရှားရန်အတွက် သူ မည်သည့်နေရာတွင်မဆို တတ်နိုင်သမျှ ပုန်းကွယ်နေရသည်ကို သူတို့ ကြားသောအခါ လူ့ဇာတိခံ ဘုရားသခင်အပေါ် သူတို့၏ အနည်းငယ်မျှသော သိလိုစိတ်နှင့် အလွန်ဝန်လေးသော “ရိုသေလေးစားမှု” တို့သည် လုံးဝ ပျက်စီးသွားခဲ့သည်။ သို့ရာတွင် လူ့ဇာတိခံ ဘုရားသခင်၊ ခရစ်တော်သည် လူသားမျိုးနွယ် တောင့်တသော လွတ်လပ်ခြင်း၏မြေ၊ အမေရိကန်ပြည်ထောင်စု၌ ရှိနေသည်ကို သူတို့ ကြားသောအခါ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်အပေါ် အားကျခဲ့ကြသည်၊ ရိုသေလေးစားခြင်းမဟုတ်၊ အားကျခြင်း ဖြစ်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် အနောက်နိုင်ငံ၌၊ လူသားမျိုးနွယ်အကြား ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံနေရသည်ကို သူတို့ ကြားသောအခါ အန္တိခရစ်တို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ ဂယက်လှိုင်းများ ထကြွလာခဲ့သည်၊ “သင်သည် ဘုရားဖြစ်သည်၊ လူများက သင့်ကို အဘယ်ကြောင့် လက်မခံကြသနည်း။ သင်သည် ဘုရားဖြစ်သည်၊ ဘာသာရေးလောကသည် သင့်ကို လက်ခံရမည့်အစား သင့်အကြောင်း အခြေအမြစ်မရှိသည့် ကောလာဟလများစွာ ဖြန့်ဝေနေသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အဘယ်ကြောင့် မထွက်လာသနည်း။ ရှေ့နေအဖွဲ့တစ်ဖွဲ့ သင်ငှားသင့်သည်။ အွန်လိုင်းပေါ်မှ အသရေဖျက်သည့်၊ မဟုတ်မမှန်သည့် စကားများ၊ သင့်ကို အလွန်ပင် ဆိုးရွားနေသည့်ပုံစံပေါက်အောင် ဖန်တီးထားသည့် ဘာသာရေးလောကမှ ကောလာဟလများကို ကြည့်ပါ။ သင့်နောက်လိုက်ရသည်ကို ကျွန်ုပ်တို့ ရှက်မိသည်၊ ဤအကြောင်းများ ပြောရသည်မှာပင် ကျွန်ုပ်တို့ အနေခက်လှသည်။ သင်သည် အရှေ့တိုင်းတွင်ရော အနောက်တိုင်းတွင်ပါ ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်၊ ဘာသာရေးလောက၊ လူသားမျိုးနွယ်နှင့် ဤလောကကြီးက ငြင်းပယ်သည်ကို သင်ခံရသည်။ သင့်နောက်ကို လိုက်ရသဖြင့် ကျွန်ုပ်တို့ ဂုဏ်သိက္ခာကျသည်ဟု ခံစားရသည်” ဤသည်မှာ အန္တိခရစ်တို့၏ စိတ်နေသဘောထား ဖြစ်သည်။ သူတို့၏ စိတ်နှလုံးထဲ၌ ဂုဏ်သိက္ခာကျသည်ဟု ခံစားနေစဉ်၊ သူတို့သည် သူတို့၏ မျက်စိနှင့် စိတ်နှလုံးထဲ၌ မြင်တွေ့ရသည့်အတိုင်း ဤ “အရေးမပါသော ပုဂ္ဂိုလ်” အပေါ် အထင်သေးခြင်းနှင့် သနားခြင်း၊ ဝန်အလေးဆုံးသော သနားခြင်းတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ဤသနားခြင်းသည် မည်သို့ ပေါ်ပေါက်ခဲ့သနည်း။ သူတို့က “သင်က ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက်ဖြစ်စေ၊ ဆုံးရှုံးမှုအတွက်ဖြစ်စေ မစိုးရိမ်ဘဲ ဤမျှကြီးမားသည့် အလုပ်ကို လုပ်နေသည်မှာ ဤအရာကို တစ်ကိုယ်ကောင်းမဆန်သော ရည်စူးမြှုပ်နှံခြင်းအဖြစ် မှတ်ယူနိုင်သည်။ ဤမျှကြီးမားသော ဆင်းရဲဒုက္ခနှင့် အရှက်ရခြင်းတို့ကို ခါးစည်းခံပြီး သင်သည် မည်သည့်အရာကို ရည်မှန်းနေသနည်း။ ယုတ္တိရှိရှိ ပြောရလျှင် သင်က လူကောင်းတစ်ယောက် ဖြစ်ရမည်၊ မဟုတ်လျှင် သင်သည် ဤမျှကြီးမားသည့် အရှက်ရခြင်းကို မည်သို့ခါးစည်းခံပြီး ဤမျှများပြားသည့် နာကျင်မှုကို မည်သို့ခံစားနိုင်မည်နည်း။ အင်မတန် သနားစရာကောင်းသကဲ့သို့ လွယ်လည်းမလွယ်ပေ၊ သင်၏ စိတ်ထဲတွင် အလွန်ပင် မတရားသဖြင့်ပြုခြင်း ခံရသည်ဟု ခံစားနေရမည်ဖြစ်သည်” ဟု တွေးခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ခရစ်တော်အပေါ် သနားစိတ်အနည်းငယ် ခံစားခဲ့ကြသည်။ သူတို့က “ငါသာဖြစ်လျှင် ဤမျှကြီးမားသည့် ဆင်းရဲဒုက္ခကို မခံနိုင်ပါ၊ ငါသည် လူသားမျိုးနွယ်ကို ကျိုးကြောင်းပြခုခံပြောဆိုလိမ့်မည်။ တစ်ဖက်တွင် အွန်လိုင်းပေါ်မှ မှားယွင်းသော ကောလာဟလများကို ဖျက်ပစ်ရန် ရှေ့နေတစ်ဖွဲ့ကို ငါ ငှားမည် ဖြစ်သည်၊ နောက်တစ်ဖက်တွင် မည်သူက ဘုရားဖြစ်သည်၊ မည်သူကအစစ်ဖြစ်ကာ မည်သူကအတု ဖြစ်သည်ဟူသည်တို့ကို သူတို့ကို မြင်စေဖို့ ဘာသာရေးလောကတွင် နိမိတ်လက္ခဏာအချို့နှင့် အံ့ဖွယ်အမှုအချို့ကို ပြမည်၊ အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချသော သူများ၏ ပါးစပ်များကို ပိတ်ပစ်ရန်၊ သူတို့ကို အပြစ်ပေးပြီး သင်ခန်းစာပေးရန် လုပ်မည်။ သူတို့သည် နောက်ထပ် မလုပ်ဝံ့တော့မည် မဟုတ်လား။ သင် အဘယ့်ကြောင့် ထိုသို့မလုပ်သနည်း။ သင်သည် အဘယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ် မည်သည့်အခါမျှ မခုခံမကာကွယ်သနည်း။ သင်က တန်ခိုး၊ သတ္တိ၊ သို့မဟုတ် ရဲစွမ်းသတ္တိ မရှိ၍များဖြစ်သလော။ တကယ်တမ်းတွင် မည်သည့်အရာ ဖြစ်နေသနည်း။ သူရဲဘောကြောင်ခြင်းလား။ ဪ၊ သင့်စိတ်ထဲတွင် များစွာ ဖုံးကွယ်ထားပြီး ဤမျှကြီးမားသော မတရားမှုကို ခါးစည်းခံကာ တိတ်ဆိတ်နေသည်၊ အလုပ်ကို ဆက်လက်ဖြန့်ဝေနေဆဲဖြစ်သည်၊ အသင်းတော်မှ လူများကို စိတ်ရှည်စွာနှင့် လေးနက်စွာ စကားပြောသည်၊ သူတို့ကို ထောက်ပံ့ပေးသည်၊ သို့တိုင်အောင် သူတို့သည် အစဉ်သဖြင့် အယူအဆများရှိပြီး ပုန်ကန်နေကြသည်။ သင့်စိတ်နှလုံးသည် ဆင်းရဲဒုက္ခရောက်နေမည်ပင်၊ သင်သည် ဤအရာအားလုံးကို ခါးစည်းခံနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သင်သည် တကယ်ကို အတော်ပင် လူကောင်းတစ်ဦးဖြစ်သည်၊ စာနာထိုက်သည်” ဟု ဆင်ခြင်သုံးသပ်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့၏ စာနာစိတ် ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ အန္တိခရစ်တို့၏ စာနာစိတ် ဖြစ်သည်။ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း အစပြုကတည်းက ယခုအချိန်အထိ ဤသည်မှာ သူတို့ ပြုလုပ်ခဲ့သော တစ်ခုတည်းသော “ကောင်းမှု” အမျိုးအစား ဖြစ်သည်။ ဤ “ကောင်းမှု” ကို မည်မျှ ကောင်းစွာ ပြုလုပ်ခဲ့သနည်း။ ယင်းမှာ စစ်မှန်သလော။ (မစစ်မှန်ပါ။)

အန္တိခရစ်တို့သည် ခရစ်တော်နောက်သို့ လိုက်ပြီး ခရစ်တော်ပြောသော စကားများကို နှစ်ပေါင်းများစွာ လက်ခံခဲ့ကြသည့်တိုင် သူတို့သည် ဤအသက်တာ၌ ခရစ်တော်ကို သူတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံနိုင်ခြင်းအတွက် မည်သည့်အခါမျှ ဂုဏ်ယူသည်ဟု မခံစားခဲ့ကြပေ။ ထို့အတူ ခရစ်တော်ကဲ့သို့ပင် လောက၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရလျက် ခရစ်တော် ခံစားခဲ့ရသကဲ့သို့ ဆင်းရဲဒုက္ခခံရခြင်းအတွက်လည်း မည်သည့်အခါမျှ ဂုဏ်ယူသည်ဟု မခံစားခဲ့ကြပေ။ ထိုအစား သူတို့သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများကို ခရစ်တော်ကို အထင်အမြင်သေးရန်နှင့် ငြင်းပယ်ရန်အတွက် နိုင်ကွက်နှင့် သက်သေအဖြစ် မှတ်ယူကြသည်။ သူတို့၌ ဤဆင်းရဲဒုက္ခအားလုံးကို ခရစ်တော်နှင့်အတူ ဝေမျှခံစားရန် ဆန္ဒ သို့မဟုတ် သဘောထား မရှိကြပေ။ ထိုအစား သူတို့သည် ခရစ်တော် ခါးစည်းခံသော ဆင်းရဲဒုက္ခအားလုံးကို စောင့်ကြည့်လေ့လာလျက် လူသားမျိုးနွယ်က ခရစ်တော်ကို မည်သို့ဆက်ဆံသည်ကို စောင့်ကြည့်လေ့လာလျက် ပွဲကြည့်ပရိသတ်များအဖြစ် ရပ်တည်ကြပြီး ဤစောင့်ကြည့်လေ့လာမှုများအပေါ် အခြေခံ၍ ခရစ်တော်ကို သူတို့ ဆက်ဆံကြသည်။ ဘုရားသခင်၏ နာမတော်ကို ဖြန့်ချိပြီး ဧဝံဂေလိအလုပ် လူသားမျိုးနွယ်အားလုံးအကြား တဖြည်းဖြည်း ဖြန့်ဝေလာကာ ဧဝံဂေလိအလုပ်၏ အလားအလာများက အလားအလာ ကောင်းပုံရသောအခါ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြပြီး သူ့အပေါ် ရိုသေလေးစားမှုနှင့် အားကျစိတ် အနည်းငယ်ကို ခံစားကြရသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဘုရားအိမ်တော်ထံသို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်ရန်၊ ဘုရားအိမ်တော်၏ အသင်းသားတစ်ဦး ဖြစ်လာရန်နှင့် ဘုရားသခင်၏အလုပ် ဖြန့်ဝေခြင်းတွင် ပါဝင်ရန် ကြိုးပမ်းလျက် ကြီးမားသော အားထုတ်မှုများကို ပြုလုပ်ကြသည်။ ယင်းမျှသာလော။ ထိုမျှ ရိုးရှင်းသလော။ မဟုတ်ပါ၊ သူတို့သည် ဘုရားအိမ်တော်နှင့် ခရစ်တော်အပေါ် သူတို့၏ သဘောထားကို ဘုရားအိမ်တော်ရှိ အလုပ်စီမံကိန်းအမျိုးမျိုး၏ တိုးချဲ့မှု အခြေအနေပေါ် အခြေခံ၍ အချိန်မရွေး၊ နေရာမရွေး ပြောင်းလဲကြသည်။ အကယ်၍ သူတို့သည် လူသားမျိုးနွယ်အကြား၊ အထူးသဖြင့် အနောက်နိုင်ငံ၌ လူမျိုးတစ်မျိုးက “ဤစကားများသည် အမှန်တကယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ၎င်းတို့၌ အမှန်တကယ် သြဇာအာဏာ ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အနှစ်သာရကို မြင်တွေ့ရသည်၊ ဤသာမန်လူသည် ဘုရားသခင်ဖြစ်ကြောင်းနှင့် ဤလမ်းခရီးသည် မှန်သော လမ်းခရီးဖြစ်ကြောင်း ကျွန်ုပ်တို့ သေချာသည်” ဟု ဆိုသည်ကို ကြားလျှင် အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြသည်၊ “တော်သေးသည်၊ ငါထွက်မသွားခဲ့ပါ၊ ဤသည်မှာ တကယ်ကို မှန်သော လမ်းခရီးဖြစ်၏။ ကြည့်ပါ၊ အနောက်တိုင်းသားများပင် လူ့ဇာတိခံဘုရား မည်သည့်နေရာတွင် ရှိကြောင်းကို ပြောနေကြပြီဖြစ်သည်။ ငါသည် သူ၏စကားများကို ပို၍ နားထောင်သင့်သည်၊ တရားဒေသနာများကို ငါ အမြန်နားထောင်ရန် လိုအပ်သည်” ဟူ၍ဖြစ်သည်။ ဤအခိုက်အတန့်၌ အန္တိခရစ်တို့သည် ဘုရားသခင်၏ အသံသည် အလွန်လှပသည်၊ သူတို့၏ စိတ်ဝိညာဉ်များကို အလွန် သန့်စင်စေသည်ဟု ခံစားရပြီး ယင်းကို တန်ဖိုးထားသင့်သည်ဟု သူတို့ ခံစားကြရသည်။ သို့ရာတွင် ဘုရားအိမ်တော်သည် ပြည်ပနှင့် လူသားမျိုးနွယ်အကြား သူ၏အလုပ် ဖြန့်ဝေခြင်း၌ အခါအားလျော်စွာ အဆင်မပြေမှုအချို့နှင့် ရင်ဆိုင်ရသောအခါ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်သည် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် ထိခိုက်ခြင်း ခံရသောအခါ၊ ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်းကို ခံရသောအခါ၊ သို့မဟုတ် ဘုရားအိမ်တော်သည် အခက်အခဲအချို့နှင့် ရင်ဆိုင်ရသောအခါ၌ပင်၊ အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ တစ်ဖန် မတည်မငြိမ် ဖြစ်လာကြသည်၊ “လူ့ဇာတိခံ ဘုရားသည် အဘယ်မှာ ရှိသနည်း။ ကိုယ်တော်သည် စကားပြောသလော။ ဤကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းနေသနည်း။ ဘုရားသည် အရာရာကို မှန်ကန်စေသလော။ ဘုရား ရွေးချယ်ထားသောလူများသည် ထိတ်လန့်နေကြပြီလော။ ဘုရား၏ အိမ်တော်ကို စွန့်ခွာသွားသောသူ တစ်စုံတစ်ယောက် ရှိသလော။ အပြင်လောကမှ နာမည်ကြီးသော သို့မဟုတ် ဝါရင့်သော ပုဂ္ဂိုလ်များထဲတွင် ဘုရား၏ အိမ်တော်အတွက် ထုတ်ဖော်ပြောဆိုသူ၊ သို့မဟုတ် လုပ်ဆောင်ပေးသူ၊ သို့မဟုတ် ယင်းဘက်မှ ရပ်တည်ပေးသူ တစ်စုံတစ်ယောက် ရှိသလော။ တစ်စုံတစ်ယောက်မျှ မရှိဟု ငါ ကြားသိရသည်။ သို့ဖြစ်လျှင် မည်သို့ ပြုလုပ်သင့်သနည်း။ ဘုရား၏ အသင်းတော်သည် ပျက်စီးသွားပြီလော။ ငါသည် အချိန်မီ ထွက်သွားသင့်သလော” ဟူ၍ဖြစ်သည်။ ဤဂယက်ထမှုသည် သိသာထင်ရှားသလော။ ဤအခိုက်အတန့်၌ ဘုရားသခင်၏ တရားဒေသနာများကို တစ်ဖန် နားထောင်သောအခါ သူတို့က “ထိုအနှစ်မရှိသော စကားများကို နောက်ထပ် မပြောဆိုကြတော့နှင့်၊ ကြီးကြီးကျယ်ကျယ်လည်း မပြောဆိုကြတော့နှင့်။ ယခု ငါသည် သင့်ကို နားထောင်နေမည် မဟုတ်။ ဘုရားသခင်၏ အိမ်တော်သည် အချိန်မရွေး လောက၏ ဝါးမျိုခြင်းကို ခံရနိုင်သည်၊ ထိုစကားများက မည်သို့ အသုံးဝင်မည်နည်း။ လူများကို ကယ်တင်နိုင်မည်လော။ ဘုရားသခင်၏ အိမ်တော်၏ ဩဇာအာဏာသည် မျက်စိတစ်မှိတ်အတွင်း၌ ကွယ်ပျောက်သွားနိုင်သည်။ ယင်း၏ လူများအားလုံးသည်လည်း ဆိုင်းမဆင့်ဗုံမဆင့် လူစုကွဲသွားကြလိမ့်မည်” ဟု တွေးကြသည်။ သူတို့သည် ငါပြောသည့်အရာကို နားမထောင်လိုကြတော့ပေ။ ရိုသေလေးစားမှု တစ်စုံတစ်ရာ ကျန်သေးသလော။ သနားခြင်းကော။ (မကျန်ပါ။) အဘယ်အရာ ကျန်သနည်း။ ကြည့်ရှုပြီး လှောင်ပြောင်ရန် ဆန္ဒတစ်ခုသာ ဖြစ်သည်။ အချို့လူများသည် ကွယ်ရာတွင် မကောင်းသောစကားများ ပြောကြသည်၊ ထိခိုက်စေသောစကားများ ပြောကြပြီး ဘုရားအိမ်တော်၏ ကံဆိုးမှုများအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်၊ “ဒုက္ခရောက်တော့မည်ဟု ကျွန်ုပ်ထင်သည်၊ သင် ခိုင်မြဲစွာ ရပ်တည်နိုင်ကြမည်ဟု ကျွန်ုပ်တော့မထင်ပါ။ ထိုသမ္မာတရားများက အသုံးဝင်ပါသလား။ သင်၏ စကားများက ထိရောက်ပါသလား။ ယခု အဘယ်သို့နည်း။ ဒုက္ခသည် ရောက်လာပြီ မဟုတ်လော” ဟူ၍ ဖြစ်သည်။ သူတို့၏ မကောင်းဆိုးဝါးဘက် ပေါ်ထွက်လာသည်။ အန္တိခရစ်တို့ ပြုလုပ်သမျှသည် နတ်ဆိုးများ ပြုလုပ်မည့်အရာသာ ဖြစ်သည် မဟုတ်လော။ သူတို့၌ အခြေခံအကျဆုံး လူ့ကိုယ်ကျင့်တရားပင် ကင်းမဲ့နေသည်၊ သူတို့သည် လုံးလုံးလျားလျား ကောက်ကျစ်ဆိုးယုတ်ပြီး ကျွေးသည့်လက်ကို ပြန်ကိုက်ကြ၏။ သူတို့သည် ဘုရားအိမ်တော်မှ စားသုံးသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို ခံစားသည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် ကျေးဇူးတော်ကို ခံစားသည်၊ သို့သော် ဒုက္ခ၏ ပထမဆုံးအရိပ်အယောင်တွေ့သည်နှင့် သူတို့သည် ပြင်ပလူများဘက်မှ ရပ်တည်သည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်သည်၊ ပြီးလျှင် ၎င်း၏ ကံဆိုးမှုများအပေါ် နှစ်ထောင်းအားရ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် နတ်ဆိုးများမဟုတ်လျှင် အဘယ်အရာများ ဖြစ်ကြသနည်း။ သူတို့သည် နတ်ဆိုးစစ်စစ်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားအိမ်တော် အရှိန်အဟုန်ရလာသည်ကို မြင်သောအခါ သူတို့သည် ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သည့်အလား လူ့ဇာတိခံ ဘုရားသခင်၏ ရှေ့မှောက်၌ ဒူးထောက်၍ “ပျပ်” ကနဲ ပျပ်ဝပ်လိုက်ကြသည်။ သို့သော် သူတို့သည် ဘုရားအိမ်တော်ကို စာတန်က ဝန်းရံပြီး ပြစ်တင်ရှုတ်ချနေသည်ကို မြင်သောအခါ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ နောက်ထပ် ပျပ်ဝပ်ကိုးကွယ်ကြတော့မည် မဟုတ်ပေ။ ထိုအစား သူတို့သည် မိမိတို့ကိုယ်ကို အလွန်ဂုဏ်သိက္ခာကြီးလွန်းသဖြင့် မည်သူ့ရှေ့တွင်မျှ ဒူးမထောက်နိုင်ဟု ယုံကြည်ကာ သင့်ကို လှောင်ပြောင်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ကြသည်။ သူတို့ သင့်ကို စကားပြောသောအခါ သူတို့၏ ပြောဆိုပုံ လေသံနှင့် အသံအတိုးအကျယ်သည်လည်း ပို၍ ကျယ်လောင်လာသည်၊ သူတို့သည် အာဏာပိုင်ဆန်ဆန် စကားပြောလာကြသည်၊ ပုံမှန်မဟုတ်ဘဲ ပြုမူလာကြသည်၊ သူတို့၏ နတ်ဆိုးဆန်သော အမူအရာသည် ပေါ်ထွက်လာပြီး လျင်မြန်စွာ ပြောင်းလဲသွားသည်။ ငါ့ကို ပြောကြလော့၊ ဤလူတို့သည် မည်သည့်အခါမျှ ဘုရားသခင်ကို ကြောက်ရွံ့ကြမည်နည်း။ (မည်သည့်အခါမျှ ကြောက်ရွံ့မည်မဟုတ်ပါ။) ယင်းမှာ အတိအကျ မှန်သည်၊ ယင်းမှာ အလွန်မှန်ကန်သော ပြောဆိုချက် ဖြစ်သည်။ ဤလူတို့သည် စာတန်၏အမျိုးအစား ဖြစ်သည်၊ သူတို့သည် သမ္မာတရားကို လက်မခံသောကြောင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ကြမည် မဟုတ်ပေ၊ သူတို့သည် စာတန်နှင့်ဆိုင်သောသူများ ဖြစ်ကြသည်။ ဤသည်မှာ စာတန်၏ သဘာဝအနှစ်သာရ၊ စာတန်နှင့်ဆိုင်သော အန္တိခရစ်တို့၏ ရုပ်ဆိုးသော မျက်နှာ ဖြစ်သည်။ သူတို့သည် ဘုရားအိမ်တော်ကို လှောင်ပြောင်ရန် အမြဲအသင့် ရှိနေကြသည်၊ လူ့ဇာတိခံ ဘုရားသခင်ကို လှောင်ပြောင်ရန် အမြဲ ကြိုးစားနေကြသည်၊ ခရစ်တော်ကို ငြင်းပယ်ရန်နှင့် ဘုရားသခင်၏ အနှစ်သာရကို ငြင်းပယ်ရန်အတွက် အချက်အလက်များကို အဆက်မပြတ် ပြင်ဆင်ပြီး စုဆောင်းနေကြသည်၊ သူတို့သည် ပြင်ပလူများဘက်မှ ရပ်တည်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်ရန် အမြဲအသင့်ရှိနေကြသည်။ ဘုရားအိမ်တော် ဒုက္ခများ ပို၍ ရင်ဆိုင်ရလေ၊ အန္တိခရစ်တို့ ပို၍ ပျော်ရွှင်ပြီး ပို၍ ဝမ်းမြောက်ကြလေ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်ရှိ အလုပ်နှင့်ပတ်သက်၍ အရာရာတိုင်း စနစ်တကျ ရှိသောအခါ သူတို့သည် သက်သောင့်သက်သာ မရှိဘဲ မကျေမနပ် ဖြစ်ကြပြီး ဘုရားအိမ်တော်အပေါ် ဒုက္ခများ ချက်ချင်း ကျရောက်ရန် ဆန္ဒရှိကြကာ ဘုရားအိမ်တော်၏အလုပ် ချောမွေ့စွာ မတိုးတက်ရန်၊ အဆင်မပြေမှုများနှင့် အတားအဆီးများကို ကြုံတွေ့ရန် မျှော်လင့်ကြသည်။ အတိုချုပ်အားဖြင့် အကယ်၍ ဘုရားအိမ်တော်၌ အရာရာတိုင်း ကောင်းမွန်နေပြီး ညီအစ်ကိုမောင်နှမများက သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နိုင်ကာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်လျှင် အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ပျော်ရွှင်မှုကို မတွေ့ရှိကြပေ။ ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်နှင့် ခရစ်တော်ကို ကြီးမြတ်သည်ဟု ဂုဏ်ပြုပြီး ခရစ်တော်ကို သက်သေခံနိုင်ကာ ချီးမြှောက်နိုင်သောအခါ ယင်းသည် အန္တိခရစ်တို့အတွက် မခံမရပ်နိုင်အဖြစ်ဆုံးအချိန်နှင့် သူတို့ အများဆုံး တရားစီရင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို အခံရဆုံးအချိန် ဖြစ်သည်။

အန္တိခရစ်တို့သည် ဘုရားအိမ်တော်ရှိ သတင်းအမျိုးမျိုးကို စုံစမ်းမေးမြန်းကြသည်။ အကယ်၍ သူတို့သည် ဘုရားအိမ်တော်၏ ဧဝံဂေလိအလုပ် ဖြန့်ဝေခြင်းက မည်သို့ တိုးတက်နေသည်၊ ဘုရားအိမ်တော်ရှိ အတတ်ပညာပိုင်းဆိုင်ရာ အလုပ်အမျိုးမျိုး မည်သို့ ဖွံ့ဖြိုးတိုးတက်နေသည်၊ ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နေခြင်း ရှိမရှိ၊ ပြည်ပရှိ လူဦးရေ တိုးပွားနေခြင်း ရှိမရှိ၊ အသင်းတော်၏ အတိုင်းအတာ တိုးချဲ့နေခြင်း ရှိမရှိ၊ နိုင်ငံအသီးသီး၌ အသင်းတော်များ တည်ထောင်ပြီးခြင်း ရှိမရှိကို အချိန်ကြာမြင့်စွာပင် သိအောင် မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် လူ့အဖွဲ့အစည်းရှိ ပို၍များသော ရည်မှန်းချက်ကြီးသော ပုဂ္ဂိုလ်များ သို့မဟုတ် ကျော်ကြားသောလူများ ဘုရားအိမ်တော်သို့ ဝင်ရောက်လာခြင်းအကြောင်းကို သူတို့ မကြားရလျှင် သူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ငြီးငွေ့ဖွယ်ကောင်းပြီး စိတ်ဝင်စားစရာမကောင်းဟု ခံစားရသည်။ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို အာရုံစိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ပို၍ တက်ကြွသော သို့မဟုတ် သြဇာလွှမ်းမိုးမှုရှိသော အခြားဂိုဏ်းဂဏများသို့ ဝင်ရောက်ရန်ပင် စဉ်းစားကြသည်။ သို့ရာတွင် အကယ်၍ သူတို့သည် ဘုရားအိမ်တော်နှင့်ပတ်သက်၍ သတင်းကောင်းအချို့ကို အခါအားလျော်စွာ ကြားလျှင် ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများ၏ သက်သေခံချက် ဗီဒီယိုများသည် အချို့သော လူ့အခွင့်အရေးအဖွဲ့အစည်းများ၌ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေပြီး သိသာထင်ရှားသော အာရုံစိုက်မှုကို ရရှိခြင်းကဲ့သို့သော သတင်းကောင်းများကို ကြားလျှင် သူတို့၏ စိတ်နှလုံးများသည် ပျော်ရွှင်မှု၊ မျှော်လင့်ချက်နှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် လူသိများသော အဖွဲ့တစ်ဖွဲ့ထံမှ အာရုံစိုက်မှု သို့မဟုတ် သတင်းဖော်ပြမှု ခံရပါက သူတို့သည် ပို၍ပင် ဝမ်းမြောက်ပြီး စိတ်လှုပ်ရှားလာကြသည်၊ “ကြည့်ရသည်မှာ ဤသာမန်လူသည် လုံးဝမရိုးစင်းလှပေ။ သူသည် ကြီးကျယ်သောအမှုတစ်ခုကို ပြီးမြောက်အောင်မြင်စေတော့မည့်ပုံပင်” ဟူ၍ဖြစ်လေသည်။ အကယ်၍ အသင်းတော်၏အမည်ကို ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦးကပင် ကံကောင်းစွာ လူသိရှင်ကြား ဖော်ပြခဲ့လျှင် အန္တိခရစ်တို့သည် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်၊ “ဤဘဝတွင် ကျွန်ုပ်သည် အကြီးမြတ်ဆုံးနှင့် တိကျမှန်ကန်မှု အရှိဆုံးသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ ယင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်သို့ လိုက်ခြင်းပင် ဖြစ်သည်။ ယခုမှစ၍ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို မည်သည့်အခါမျှ မစွန့်ခွာရန်၊ ကိုယ်တော့်ကို ဘုရားအဖြစ် သတ်မှတ်ရန်နှင့် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကြောက်ရွံ့ရိုသေရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်၊ အကြောင်းမှာ ဤဘုရားသည် ခေါင်းဆောင် မည်သူမည်ဝါက လေးစားရိုသေသောသူ ဖြစ်သောကြောင့်တည်း။ သူက ကိုယ်တော့်ကို လေးစားရိုသေလျှင် ကျွန်ုပ်လည်း လေးစားရိုသေသင့်သည် မဟုတ်လော။ ဤဘုရားသခင်သည် ခေါင်းဆောင်များက အမည်သတ်မှတ်ပြီး အသိအမှတ် ပြုထားပြီးဖြစ်သောကြောင့် သူ့ကို ယုံကြည်၍ သူ့နောက်သို့ လိုက်ရာ၌ မည်သည့်နောင်တများ ရှိနိုင်မည်နည်း။ ကျွန်ုပ်သည် သူ့နောက်ကို ပို၍ပင် ခိုင်မာပြတ်သားစွာ လိုက်သင့်သည် မဟုတ်လော။ ယခုမှစ၍ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရား၏ အသင်းတော်မှ ထွက်ခွာရန် စိတ်ကူးကိုပင် မထားရှိတော့ရန် သန္နိဋ္ဌာန်ချထားသည်။ ကျွန်ုပ်သည် ကောင်းမွန်စွာ ထမ်းဆောင်ရမည်၊ ဒုက္ခကို ပို၍ ခါးစည်းခံရမည်၊ ပိုကြီးသော အဖိုးအခကို ပေးဆပ်ရမည်၊ အမှုကိစ္စများ လုပ်ဆောင်သည့်အခါ ညီအစ်ကိုမောင်နှမများနှင့် ပို၍ တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး အသင်းတော်က ပြောသမျှကိုလည်း လိုက်နာရပေမည်။ အနာဂတ်တွင် အသင်းတော်သည် တိုးချဲ့လာပြီး ပို၍ ကျော်ကြားလာသည့်အခါ ကျွန်ုပ်သည် ရာထူးကြီးတစ်ခု ရရှိကာ ထင်ပေါ်ကျော်ကြားလာနိုင်လောက်သည်တကား” ဟူ၍ ဖြစ်သည်။ ဤသည်ကို စဉ်းစားရင်း သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ဝမ်းမြောက်သည်ဟု ခံစားရသည်၊ “ကျွန်ုပ်၏ ရွေးချယ်မှုသည် အလွန်ကောင်းမွန်၍ အလွန်တိကျမှန်ကန်လေစွ။ ကျွန်ုပ်သည် အလွန်ပင် လိမ္မာပါးနပ်ပါပေသည်တကား။ ယခင်က ကျွန်ုပ်သည် ထွက်ခွာသွားရန်ပင် စဉ်းစားခဲ့ဖူးသေး၏။ ထိုအချိန်အခါက ကျွန်ုပ်သည် စဉ်းစားဉာဏ်မဲ့ပြီး မသိနားမလည်လိုက်လေခြင်း။ ကျွန်ုပ်သည် ငယ်ရွယ်၍ စိတ်လိုက်မာန်ပါ ပြုမူတတ်ကာ မှားယွင်းသော ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များကို ပြုလုပ်လေ့ရှိခဲ့ပေသည်။ ယခု အသက်အရွယ် ရလာသောအခါ၌မူကား ကျွန်ုပ်သည် ပို၍တည်ငြိမ်လာကာ မိမိကိုယ်ကို မည်သို့ဖုံးကွယ်ရမည်ကို သိရှိလာ၍ နောက်ဆုံးတွင် မျှော်လင့်ချက်ကို မြင်တွေ့ရလေပြီ။ ကျွန်ုပ်သည် ထွက်မသွားခဲ့သည်မှာ၊ ထိုကောလာဟလများကို မယုံကြည်ခဲ့သည်မှာ၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ယိမ်းယိုင်စေခြင်းကို မခံခဲ့ရသည်မှာ ကံကောင်းသောကြောင့်ဖြစ်ပေသည်။ ယင်းမှာ အလွန်ပင် အန္တရာယ်ကြီးမားခဲ့ပါသည်တကား။ နောင်အခါ၌ ပို၍သတိထားရန် လိုအပ်ပေမည်။ ဤပုဂ္ဂိုလ်သည် ထူးခြားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်တူ၏။ ကျွန်ုပ်သည် သူ့အား ကောင်းစွာဆက်ဆံရပေမည်” ဟူ၍ ဖြစ်သည်။ စိတ်လှုပ်ရှားပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားသည့်အခါ သူတို့သည် ပူဇော်ဆက်ကပ်ရန် ကျန်းမာရေး ထုတ်ကုန်အချို့နှင့် ကောင်းမွန်သော အရာအချို့ကို ဝယ်ယူပြီး ယင်းတို့အပေါ်၌ ဤသို့ ရေးသားခဲ့သည်၊ “ကျွန်ုပ်၏ ချစ်လှစွာသော ဘုရားသခင်ထံ ရည်စူးဆက်ကပ်ပါသည်၊ အောက်ပါ ပစ္စည်းများ ပါဝင်ပါသည်” ဟူ၍ဖြစ်လေသည်။ အောက်ခြေ၌ သူတို့က “အထူးဆက်သပါသည်၊ မည်သူမည်ဝါက ဤနေ့ဤရက်တွင် ရိုသေလေးစားစွာ ဆက်သပါသည်” ဟု လက်မှတ်ရေးထိုးခဲ့သည်။ ဤသည်မှာ အထူးတလည် တန်ဖိုးရှိသော လက်ဆောင်တစ်ခု ဖြစ်ခဲ့သော်လည်း ယင်း၏နောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ်၊ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တစ်ခု ရှိနေသည်။ ဤသည်ကို ကြားရလျှင် သင်တို့က “ဤသို့ဆိုလျှင် လူများက ဘုရားသခင်ကို ပေးသည့် ပူဇော်သက္ကာများကို သင်ဤသို့နားလည်နေခဲ့ခြင်း ဖြစ်သလော” ဟု ဆိုမည် မဟုတ်လော။ ငါ ဤသို့ နားလည်နေခြင်း မဟုတ်ပါ။ လူအားလုံးလည်း ဤသို့ မပြုမူကြသကဲ့သို့ ပူဇော်သက္ကာအားလုံးလည်း ဤသို့သော ရည်ရွယ်ချက်များဖြင့် လာကြသည် မဟုတ်ပေ။ သို့ရာတွင် အချို့လူများ၏ အရာဝတ္ထုများ ပူဇော်ဆက်ကပ်ခြင်း အပြုအမူသည် အမှန်တကယ်ပင် ထိုသို့သော ရည်ရွယ်ချက်များနှင့် ထိုသို့သော နောက်ခံတို့၏ လွှမ်းမိုးခြင်းနှင့် တွန်းအားပေးခြင်းကို ခံရသည်ကိုမူကား မငြင်းပယ်နိုင်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အမြင်တစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။)

အန္တိခရစ်တို့သည် သူတို့၏ စိတ်ထဲ၌ အရာရာတိုင်းကို တွက်ချက်သောအခါ သူတို့၏ အဓိက ထည့်သွင်းစဉ်းစားမှုမှာ ကိုယ်ကျိုးစီးပွား ဖြစ်သည်။ သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကာ အရာရာတိုင်း၌ သူတို့၏ ကိုယ်ပိုင် တွက်ချက်မှုများ ရှိကြသည်။ ဘုရားအိမ်တော်ရှိ အလုပ်အမျိုးမျိုး၏ တိုးတက်မှုနှင့်ပတ်သက်၍ သမ္မာတရားကို လိုက်စားသောသူတို့ အများစုအပြင် သာမန်ယုံကြည်သူ အများစုသည် ထိုသို့သော ကိစ္စရပ်များကို သိရှိရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် ဆန္ဒမရှိကြပေ၊ အကြောင်းမှာ ဤအထွေထွေကိစ္စများအကြောင်း သိရှိခြင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် သက်ဆိုင်မှုမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို သိရှိခြင်းသည် အသုံးမဝင်ပေ။ ယင်းက သင်သည် အသက် သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ထို့အတူ ၎င်းတို့ကို မသိရှိခြင်းကလည်း သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်ဟု မဆိုလိုပေ။ ဤကိစ္စရပ်များသည် သမ္မာတရားနှင့် မသက်ဆိုင်ဘဲ သမ္မာတရားကို နားလည်ရန် သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကို စွမ်းဆောင်ရရှိရန် မည်သို့မျှ အထောက်အကူမပြုပေ။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသောလူများ ရောက်ရှိနိုင်သည့် အဆင့်တစ်ခု ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ဤကိစ္စရပ်များကို အထွတ်အထိပ် သမ္မာတရားအဖြစ် သဘောထားကာ ဇွဲနပဲကြီးစွာ ဖက်တွယ်ထားကြသည်။ သူတို့သည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းပြီး အချက်အလက်များကို စုဆောင်းကြသည်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်များကို စုဆောင်းပြီးနောက် သူတို့သည် မိမိတို့အတွက်သာ သိမ်းထားခြင်းမဟုတ်၊ ညီအစ်ကိုမောင်နှမတိုင်း ဤအရာများကို သိလိုစိတ်ပြင်းပြသည်ဟု ယုံကြည်ကာ နေရာတိုင်း၌ ဖြန့်ဝေကြသည်၊ သို့သော် အမှန်တကယ်တွင် လူအတော်များများက စိတ်မဝင်စားကြပေ။ ငါ ကိုယ်တိုင် ဤကိစ္စရပ်များကို ရှားရှားပါးပါး စုံစမ်းမေးမြန်းသည်။ အကယ်၍ ငါသည် ပါဝင်ပတ်သက်သူတစ်ဦးဦးနှင့် မတော်တဆ တွေ့ဆုံပါက ငါသည် ယင်းနှင့်ပတ်သက်၍ စကားစမြည် ပြောကောင်းပြောမည်၊ သို့သော် ငါသည် စုံစမ်းမေးမြန်းရန် လူများကို တက်ကြွစွာ ရှာဖွေခြင်းမပြုပေ။ ငါ စုံစမ်းမေးမြန်းသည့် အခြေအနေတစ်ခုတည်းသာ ရှိသည်၊ အချို့အလုပ်ကို မည်သို့ လုပ်ဆောင်သင့်သည်၊ သင်တို့၏ အလုပ် တိုးတက်မှုနှင့် ပြဿနာများ သို့မဟုတ် လစ်ဟင်းမှုများ ရှိမရှိနှင့် ပတ်သက်၍ ဖြစ်သည်။ ဤအခြေအနေ၌သာ ငါ စုံစမ်းမေးမြန်းသည်၊ သို့သော် ဤအရာမှလွဲ၍ ငါသည် သိလိုစိတ် သို့မဟုတ် စိုးရိမ်ပူပန်မှုကြောင့် လုံးဝ စုံစမ်းမေးမြန်းခြင်းမပြုပေ။ ငါ၏ စုံစမ်းမေးမြန်းမှုများသည် အလုပ်နှင့်သာ သက်ဆိုင်ပြီး အချက်အလက်၏ ရင်းမြစ် သို့မဟုတ် သိလိုစိတ်နှင့် မသက်ဆိုင်ပေ။ သမ္မာတရားကို မချစ်မြတ်နိုးသော အန္တိခရစ်တို့သည် ဤကိစ္စရပ်များကို စေ့စေ့စပ်စပ် လေ့လာရန် စိတ်အားထက်သန်ကြပြီး သူတို့၌ ထိုသို့ပြုလုပ်ရာတွင် တိကျသော ရည်ရွယ်ချက်တစ်ခု ရှိသည်။ သူတို့သည် ဘုရားသခင်၏အလုပ် မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်းကို ဝေဖန်သုံးသပ်ကာ ခရစ်တော်သည် ဘုရားသခင် ဟုတ်မဟုတ်ကိုပင် ဝေဖန်သုံးသပ်ရန်အတွက် အသင်းတော်၏ ကာလအသီးသီးရှိ အခြေအနေအမျိုးမျိုးနှင့် မတူညီသော ဂိုဏ်းဂဏများ၊ လူမျိုးများနှင့် တိုင်းရင်းသားအုပ်စုများအကြား အခြေအနေများအပါအဝင် ပြင်ပအခြေအနေများနှင့် ပတ်ဝန်းကျင်များကို အသုံးပြုကြသည်။ သူတို့သည် မည်သို့သော သတ္တဝါအမျိုးအစားများ ဖြစ်ကြသနည်း။ သူတို့သည် ဘုရားသခင်ကို ယုံကြည်နေကြသလော။ ရှင်းလင်းစွာပင် သူတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ သင်သည် သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ သူတို့သည် ယင်းကို မကြားနိုင် သို့မဟုတ် နားမလည်နိုင်ပေ။ သို့ရာတွင် သူတို့သည် အသင်းတော်၏ ပြင်ပအကဲဖြတ်မှုများနှင့် နိုင်ငံအသီးသီးရှိ အသင်းတော်၏ အဆင့်အတန်းနှင့် အခြေအနေများအကြောင်းကို အလွန်အသေးစိတ်ကျကျ စုံစမ်းမေးမြန်းကြပြီး မယုံကြည်သူများနှင့် ခွဲခြား၍မရလုနီးပါးပင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဖုံးကွယ်ထားသော ကြံရွယ်ချက်ရှိသော မယုံကြည်သူများ၏ သရုပ်သကန်များ ဖြစ်သည်။ သင်တို့၏ ပတ်ဝန်းကျင်၌ ထိုသို့သောလူများ ရှိသလော။ သင်တို့ သတိပြုမိကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့ စုဝေးပြီး အန္တိခရစ်တို့၏ အနှစ်သာရအမျိုးမျိုးကို ဖော်ထုတ်သည့်အခါတိုင်း ဤလူတို့၏ အစိတ်အပိုင်းတစ်ခုသည် ပြစ်တင်ရှုတ်ချခြင်း ခံရသည်။ ဖော်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက် သူတို့၏ စစ်မှန်သော စရိုက်မှန်သည် မှေးမှိန်သွားပြီး သူတို့သည် မိမိတို့ကိုယ်ကို မပြဝံ့ကြတော့ပေ။ အထူးသဖြင့် ဤမိတ်သဟာယဖွဲ့ခြင်းပြီးနောက် အချို့လူများသည် နောက်ထပ် စုံစမ်းမေးမြန်းဝံ့တော့မည် မဟုတ်ပေ။ သို့သော် သူတို့သည် တိုက်ရိုက် မေးမြန်းဝံ့တော့မည် မဟုတ်သော်လည်း သူတို့သည် ကွယ်ရာ၌ အတင်းအဖျင်းများကို စုဆောင်းနေဆဲ ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများအကြား မေးမြန်းခြင်းကို ရပ်တန့်လိုက်သော်လည်း အင်တာနက်ပေါ်၌ တိတ်တဆိတ် စုံစမ်းမေးမြန်းကြသည်။ ထို့အပြင် သူတို့သည် ဘာသာတရားမရှိသူများ၊ ဂိုဏ်းဂဏများနှင့် အနောက်နိုင်ငံများက ငါတို့၏ အသင်းတော်အပေါ် မည်သို့ ထင်မြင်သည်၊ ပြောဆိုသည်ကို သိရှိရန် အစွမ်းကုန်ကြိုးစားကြပြီး သူတို့သည် ရူးသွပ်နေသကဲ့သို့နီးပါးပင် ဖြစ်သည်။ ဤသည်မှာ အနည်းငယ် စိတ်ဖောက်ပြန်နေခြင်း မဟုတ်လော။ သူတို့သည် နတ်ဆိုးစွဲနေကြသည်၊ သူတို့သည် မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောလူများသည် အကျိုးအကြောင်းပြ ပြောဆို၍မရပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။