အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄) အခန်း နှစ်

လူအချို့သည် မမြင်ကွယ်ရာတွင် အချို့သော အမှုအရာများကို ပြုလုပ်ကြပြီး ငါနှင့် တွေ့သောအခါ ၎င်းတို့က “ကျွန်ုပ် ဆယ်ကျော်သက်အရွယ်တွင် ကာမလွန်ကျူးခြင်းအပြစ်ကို ကျူးလွန်ခဲ့ပါသည်” ဟု ငါ့အား ပြောကြသည်။ ငါက “ဤအကြောင်းကို ငါ့အား မပြောပါနှင့်။ တစ်ကိုယ်ရေတည်း ရိုးသားစွာ ဆုတောင်းပြီး အမှန်တကယ် နောင်တရပါ၊ သို့ဆိုလျှင် ပြဿနာ ပြေလည်သွားမည်ဖြစ်ပြီး ဘုရားသခင်သည် ယင်းကို အောက်မေ့မည် မဟုတ်ပါ။ သင်သည် ငါ့အား မျက်နှာချင်းဆိုင် ပြောရန် မလိုအပ်ပါ၊ ငါသည် ဤအမှုအရာများထဲသို့ နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းပါ” ဟု ဆိုသည်။ ငါက ၎င်းတို့ကို စကားဖြတ်လိုက်သောအခါ ၎င်းတို့သည် ဤသို့ အတွေးများ စတင်ဖြစ်ပေါ်လာသည်၊ “သင်သည် အမှန်တကယ် ဘုရားသခင် ဟုတ်ပါသလော။ ကျွန်ုပ်၏ စိတ်နှလုံးသည် အလွန်ရိုးသားပါသည်၊ မီးကဲ့သို့ တက်ကြွလောင်ကျွမ်းနေသော စိတ်နှလုံးဖြစ်ပြီး သင်က ယင်းကို ရေခဲရေတစ်ပုံးဖြင့် လောင်းချလိုက်သည်။ ကျွန်ုပ်သည် သင်နှင့် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုလိုရုံသာ ဖြစ်ပါသည်၊ အဘယ်ကြောင့် သင် နားမထောင်ပေးရသနည်း။ သင် နားထောင်လျှင် ကောင်းမည် ဖြစ်သည်၊ ကျွန်ုပ်၌ ပြောစရာ နောက်ထပ် အသေးစိတ် အချက်အလက်များ ရှိပါသေးသည်” ဟူ၍ ဖြစ်သည်။ ငါက “သင်၏ အပြစ်များကို ဝန်ခံခြင်း၏ အန္တိမပန်းတိုင်မှာ များပြားသော အသေးစိတ်အချက်အလက်များကို ပြန်လည်ပြောပြရန်မဟုတ်ဘဲ နောင်တရရန် ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ စိတ်နှလုံးထဲ၌ နက်ရှိုင်းစွာ အမှန်တကယ် နောင်တရခဲ့ပြီးဖြစ်ပါက ပုံစံမှာ အရေးမကြီးပေ၊ ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းသည် အသုံးမဝင်ပေ။ အသေးစိတ်အချက်အလက်များနှင့် အခြေအနေအားလုံးကို ငါ့အား ရှင်းလင်းပြခြင်းသည် သင် နောင်တရခဲ့ပြီးဖြစ်သည်ဟု မဆိုလိုပေ။ အကယ်၍ သင်သည် အမှန်တကယ် နောင်တရခဲ့ပြီးဖြစ်ပါက သင် တစ်စုံတစ်ရာ မပြောလျှင်ပင် သင် နောင်တရပြီးဖြစ်နေဆဲ ဖြစ်သည်။ ပြီးလျှင် အကယ်၍ သင်သည် နောင်တမရသေးပါက သင် ထိုအကြောင်းကို အမှန်တကယ် ပြောလျှင်ပင် အချည်းနှီးသာ ဖြစ်သည်။” ဟု ဆိုသည်။ လူအချို့သည် နားမလည်ကြဘဲ ဘုရားသခင်ကို မယုံကြည်မီ ကာမလွန်ကျူးခြင်း၊ ခိုးယူခြင်း သို့မဟုတ် အခြားသူများကို ပြစ်တင်ရှုတ်ချပြီး အမှုဆင်ခြင်းတို့ကဲ့သို့သော အရာရာတိုင်းကို ငါ ကြားလိုသည်ဟု ထင်မှတ်ကြသည်။ ဤကိုယ်ရေးကိုယ်တာ ဘဝကိစ္စရပ်အားလုံးကို ငါ နားထောင်လိုစိတ်ရှိသည်၊ လူတိုင်း၏ အနက်ရှိုင်းဆုံးသော အတွေးအခေါ်များနှင့် ၎င်းတို့ ပြုလုပ်ခဲ့သော လုပ်ရပ်အားလုံး၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သိရှိလိုပြီး သိမြင်လိုသည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ လူ့အယူအဆတစ်ခု မဟုတ်လော။ ၎င်းတို့ မှားယွင်းနေသည်။ ငါသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းတို့အကြောင်းကိုသာ သိရှိရန် လိုအပ်သည်၊ ဤသည်မှာ ၎င်းတို့၏ ကယ်တင်ခြင်းဆိုင်ရာ အရေးပါသော ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်။ လူတစ်ဦးစီ၏ ပစ္စုပ္ပန်ဘဝ သို့မဟုတ် နောင်ဘဝအကြောင်း သိရှိရန် မလိုအပ်ပေ၊ ထိုသို့သော အသေးစိတ်အချက်အလက်များအတွက် မလိုအပ်ပေ။ လူတို့က ဤသို့ ယူဆကြသည်၊ “သင်သည်လည်း ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်။ သင်မသိသော အရာအချို့ ရှိသည်၊ သို့ဖြစ်၍ သင်သည် လူတစ်ဦးချင်းစီ၏ မိသားစုနောက်ခံ၊ ၎င်းတို့ ကြီးပြင်းလာခဲ့သည့် ပတ်ဝန်းကျင်နှင့် ကြီးပြင်းစဉ်အတွင်း ဤအထူးအတွေ့အကြုံများကို နားလည်လိုသည် ဖြစ်နိုင်သည်၊ ၎င်းတို့ကို အလုပ်ကိစ္စများအတွက် စေ့စေ့စပ်စပ် သိရှိရန်၊ ၎င်းတို့ကို တရားစီရင်ဖို့နှင့် ဖော်ထုတ်ဖို့ နိုင်ကွက် ရရှိရန် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုသို့ ဖြစ်ပါသလော။ (မဟုတ်ပါ။) ဤအယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို သယ်ဆောင်လျက် လူအချို့သည် ငါနှင့် တွေ့သောအခါ ၎င်းတို့၏ ယခင်လုပ်ရပ်များကို ငါ့အား အမြဲတမ်း ဝေမျှလိုကြပြီး ဤသို့ ဆိုကြသည်၊ “အို၊ သင်မသိပါ၊ ကျွန်ုပ်၏ မိသားစုသည် ယခင်က ဤသို့ ဖြစ်ခဲ့ပါသည်...” ဟူ၍ ဖြစ်သည်။ ငါက “သင်၏ မိသားစုကိစ္စများအကြောင်းကို မပြောပါနှင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း အတွေ့အကြုံအချို့ကို ဝေမျှပါ” ဟု ဆိုသည်။ အခြားသူများက “အို၊ သင်မသိပါ၊ ကျွန်ုပ် ယခင်က ချစ်သူများစွာ ထားခဲ့ဖူးပါသည်” သို့မဟုတ် “ကျွန်ုပ် ယခင်က မည်သူ့ကို အမှုဆင်ခဲ့သည်ကို သင်မသိပါ” ဟု ဆိုကြသည်။ ဤအရာများကို ပြောဆိုခြင်းသည် အကျိုးရှိသလော။ (မရှိပါ။) လူ့ဇာတိခံယူသော ဘုရားသခင်သည် ဤကိစ္စရပ်များကို သိရှိရန် အမှန်တကယ် လိုလားသည်၊ လူတို့အကြားရှိ ဂုဏ်သိက္ခာမဲ့သော အပြုအမူအားလုံးနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော ဘဝများ၏ အမျိုးမျိုးသော အသေးစိတ် ကဏ္ဍများကို နားလည်ရန် စိတ်အားထက်သန်သည်ဟု ၎င်းတို့ ထင်ကြသည်။ ထိုသို့သောလူများနှင့် ကြုံတွေ့သောအခါ ငါက ၎င်းတို့အား “အကယ်၍ သင်သည် ဝန်ခံပြီး နောင်တရလိုပါက ဘုရားသခင်ရှေ့၌ တစ်ကိုယ်တည်း ဆုတောင်းလော့၊ ငါ့အား မပြောနှင့်။ ငါသည် သင်တို့ကို လက်တွေ့ဘဝ၌ သင်တို့၏ တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်နှင့် ဘုရားသခင်ကို မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သင်ကြားပေးရန်၊ သင်တို့ကို ကယ်တင်ခြင်း ရရှိစေဖို့ ကူညီရန်အတွက်သာ တာဝန်ရှိသည်။ ကျွန်ုပ်တို့ တွေ့ဆုံသောအခါ ဤအရာများနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သော်လည်း မသက်ဆိုင်သော ကိစ္စရပ်များကို မဖော်ပြခြင်းသည် အကောင်းဆုံး ဖြစ်သည်” ဟု ပြောသည်။ ဤသည်ကို ကြားသောအခါ လူအချို့သည်၊ “ဘုရားသခင်သည် အမှန်တကယ် ချစ်ခြင်းမေတ္တာ ကင်းမဲ့သည်၊ ဘုရားသခင်သည် သည်းခံတတ်သူ မဟုတ်ပေ” ဟု စတင်တွေးထင်ကြသည်။ ၎င်းတို့၏ အမြင်တွင် မည်သို့သော လူစားမျိုး၌ ချစ်ခြင်းမေတ္တာ ရှိသနည်း။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၊ အခြားလူတို့၏ နေ့စဉ် အသေးအဖွဲကိစ္စများကို အထူးကိုင်တွယ်ဖြေရှင်းသော တစ်စုံတစ်ဦး ဖြစ်သည်။ ငါသည် ထိုသို့သော အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သလော။ ငါသည် ထိုကိစ္စရပ်များကို လုံးဝ ဂရုမစိုက်။ သင်တို့သည် သင်တို့၏ ဘဝကို မည်သို့ အသက်ရှင်သည်၊ သင်တို့ အဘယ်အရာကို စားသုံးပြီး ဝတ်ဆင်သည်၊ သင်တို့ မည်သို့ ငွေရှာသည်၊ သင်တို့၏ စီးပွားရေးအခြေအနေ၊ သင်တို့၏ အိမ်နီးချင်းများနှင့် မည်သို့ အတူနေထိုင်သည်ဟူသည့် ထိုအရာများထဲမှ တစ်ခုကိုမျှ ငါ ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ ဤသည်မှာ လူတို့ အယူအဆများ ထားရှိသောအခါ ခရစ်တော်အပေါ် ၎င်းတို့ ထားရှိသည့် သဘောထား ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များအပေါ် အယူအဆများ ဖြစ်ပေါ်လာသောအခါ သို့မဟုတ် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် လုံးဝ ဆန့်ကျင်သောအခါ အန္တိခရစ်များသည် ၎င်းတို့၏ အယူအဆများကို လက်လွှတ်ခြင်း သို့မဟုတ် သမ္မာတရားကို လက်ခံခြင်း မပြုသကဲ့သို့ ၎င်းတို့၏ အယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းလည်း မပြုပေ၊ ထိုအစား ၎င်းတို့သည် မိမိတို့၏ အယူအဆများကို စွဲကိုင်ထားပြီး ခရစ်တော် ပြောသည့်အရာကို မိမိတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ပြစ်တင်ရှုတ်ချကြသည်။

ဤနောက်ဆုံးသောကာလတွင် ဘုရားသခင်သည် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအလုပ်ကို ဆောင်ရွက်နေသည်။ ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာသည်နှင့်အမျှ ဂီတနှင့်သက်ဆိုင်သော အလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် စသည့် မတူညီသော အတတ်ပညာများနှင့် သက်ဆိုင်သော အလုပ်အတော်များများသည် ဘုရားအိမ်တော်၌ ပေါ်ပေါက်လာခဲ့သည်။ ဤအလုပ်ကို လုပ်ဆောင်နေစဉ်အတွင်း ခရစ်တော်သည်လည်း ဤအတတ်ပညာများနှင့် သက်ဆိုင်သော အလုပ်အချို့၌ ပါဝင်ခဲ့ပြီးဖြစ်သည်၊ အဓိကအားဖြင့် လမ်းညွှန်မှုပေးခြင်းနှင့် အမျိုးမျိုးသော အလုပ်များ၏ ဦးတည်ရာကို ဆုံးဖြတ်ပေးခြင်းအားဖြင့် ဖြစ်သည်၊ ကိုယ်တော်သည် ဤဘောင်အတွင်း၌ အလုပ်လုပ်သည်မှာ ပြောစရာမလိုချေ။ ခရစ်တော်သည် ဤနယ်ပယ်များနှင့် သက်ဆိုင်သော အသိပညာ သို့မဟုတ် ယေဘုယျ အချက်အလက်အချို့နှင့် အကျွမ်းတဝင် မရှိနိုင်ခြင်းမှာ မလွဲမသွေဖြစ်ပြီး ကိုယ်တော် နားမလည်သော အရာအချို့ ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ အလွန် ပုံမှန်မဟုတ်လော။ လူအများစုအတွက်မူ ဤသည်မှာ လုံးဝ ပုံမှန်ဟု ထင်ရပြီး အရေးမကြီးသည့်ကိစ္စ ဖြစ်သည်၊ အကြောင်းမှာ လူတိုင်းသည် သင်ယူခြင်းလုပ်ငန်းစဉ်၌ ရှိနေပြီး ဘုရားသခင်၏ ဦးဆောင်မှုအောက်တွင် အလုပ်အမျိုးမျိုးသည် ပို၍ပို၍ ကောင်းမွန်လာနိုင်ရုံသာရှိကာ ပို၍ပို၍ ပြီးစီးသော ထုတ်ကုန်များနှင့် အရည်အသွေးမြင့်သော ရလဒ်များ ထုတ်လုပ်လာနိုင်သောကြောင့် ဖြစ်သည်။ သို့သော် အန္တိခရစ်များအတွက်မူ ဤသည်မှာ သေးငယ်သော ကိစ္စရပ်မဟုတ်ပေ။ ၎င်းတို့က “သင်သည် အချို့သော နယ်ပယ်တစ်ခုနှင့် လုံးဝ အကျွမ်းတဝင်မရှိ၊ မသိနားမလည်သည်ပင် ဖြစ်သည်။ ကျွန်ုပ်တို့ကို ဝင်ရောက်စွက်ဖက်ရန်၊ ညွှန်ကြားပြီး လမ်းညွှန်ရန် သင့်၌ အဘယ်အခွင့်အရေး ရှိသနည်း။ အဘယ်ကြောင့် သင်၏ စကားသည် အဆုံးအဖြတ် ဖြစ်သင့်သနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့အားလုံး သင့်စကားကို နားထောင်သင့်သနည်း။ သင့်ကို နားထောင်ခြင်းသည် မုချမှန်ကန်သလော။ သင့်စကားကို နားထောင်လျှင် လမ်းမှားကို လျှောက်လှမ်းမိမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ အလုပ်တွင် အမှားများလည်း ပြုလုပ်မိမည်မဟုတ် ဟူ၍ ဖြစ်သလော။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ် သိပ်မသေချာပါ” ဟု ဆိုကြသည်။ ခရစ်တော်သည် အလုပ်၌ လမ်းညွှန်မှုပေးသောအခါ လူအချို့သည် ယင်းကို သံသယဖြစ်သော သဘောထားဖြင့် ချဉ်းကပ်ကြသည်၊ “ကိုယ်တော်ပြောသည့်အရာက အဓိပ္ပာယ်ရှိမရှိနှင့် ကျွမ်းကျင်မှု၏ သင့်လျော်သော ဘောင်အတွင်း၌ ရှိမရှိ၊ ပြီးလျှင် ယင်းက ကျွန်ုပ်တို့၏ ကိုယ်ပိုင်စိတ်ကူးများထက် သာလွန်ကောင်းမွန်ခြင်း ရှိမရှိကို ဦးစွာ ကြည့်ကြစို့။ အကယ်၍ ရှိလျှင် ကျွန်ုပ်တို့ ယင်းကို လက်ခံပြီး ကိုယ်တော်၏ လမ်းညွှန်မှုကို လိုက်နာကြမည်၊ မရှိလျှင်မူ ကျွန်ုပ်တို့ အခြားရွေးချယ်မှုတစ်ခု ပြုလုပ်ကြမည်၊ အခြားနည်းလမ်းတစ်ခု ရှာကြမည်” ဟူ၍ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် စိတ်ထဲ၌ လုံးဝ မနာခံလိုသော စိတ်ဓာတ်ကို ထားရှိကြသည်၊ “ကျွန်ုပ်တို့သည် ပညာရှင်များဖြစ်ပြီး ဤနယ်ပယ်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအလုပ်တာဝန်ကို မျက်စိမှိတ်ပြီးပင် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ သင်၏ လမ်းညွှန်မှုကို လိုက်နာခြင်းသည် ဟန်ပြလုပ်ဆောင်ခြင်းမျှသာ ဖြစ်မည် မဟုတ်လော။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် သင့်စကားကို နားထောင်သင့်သနည်း။ သင်၏ အကြံပြုချက်များသည် တရားဝင်ပြောဆိုမှုမျှသာ မဟုတ်လော။ အကယ်၍ ကျွန်ုပ်တို့သည် သင့်စကားကို နားထောင်ခဲ့ပါက ယင်းက ကျွန်ုပ်တို့ကို အရည်အချင်း မရှိသူများအဖြစ် ပေါ်လွင်စေမည် မဟုတ်လော။ သို့သော် ယခု လူတိုင်း နားထောင်နေကြပြီး ကျွန်ုပ်သည် ထ၍ သင့်ကို ကန့်ကွက်၍မရပေ၊ အကြောင်းမှာ ဤသည်က ကျွန်ုပ်ကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်အရေးယူခြင်းသို့ ဦးတည်သွားနိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ် ခဏတာ ဟန်ဆောင်မည်၊ နားထောင်နေသကဲ့သို့ ဟန်ဆောင်မည်၊ ဟန်ပြလုပ်ဆောင်မည်၊ နောက်ပိုင်းတွင် မည်သည့်အရာကိုမျှ မထိခိုက်စေဘဲ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်မည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ခရစ်တော်သည် သမ္မာတရားစည်းမျဉ်းများကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ကိုယ်တော်သည် အမှုအရာများကို မည်မျှပင် ရှင်းလင်းစွာ ရှင်းပြသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် သတ်မှတ်ထားသော စိတ်ကူးများ အစဉ်ရှိကြပြီး ၎င်းတို့သည် အတတ်ပညာကို နားလည်သည်၊ ၎င်းတို့သည် ထိုနယ်ပယ်၌ ကျွမ်းကျင်သူများဖြစ်သည်ဟု အစဉ်ယုံကြည်ကြကာ ထို့ကြောင့် ခရစ်တော် မိတ်သဟာယဖွဲ့နေသော သမ္မာတရားစည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို နားလည်နိုင်ခြင်း မရှိကြပေ။ ခရစ်တော်သည် ၎င်းတို့၏ အတတ်ပညာများနှင့် သက်ဆိုင်သော အလုပ်အပေါ် လမ်းညွှန်မှုပေးသည့်အခါတိုင်း ယင်းသည် အန္တိခရစ်များအတွက် ၎င်းတို့၏ စွမ်းရည်များနှင့် အရည်အချင်းများကို ခရစ်တော်နှင့် နှိုင်းယှဉ်သည့် အခိုက်အတန့်တစ်ခု ဖြစ်လာသည်။ သာ၍ပင် ဆိုးသည်မှာ တစ်ခါတစ်ရံ ခရစ်တော်သည် ၎င်းတို့၏ အတတ်ပညာများနှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်းကို ပြောဆိုသောအခါ အန္တိခရစ်များသည် ယင်းကို ခရစ်တော်က မသိနားမလည်မှုကို ပြသနေသည်ဟု မြင်ကြပြီး ၎င်းတို့သည် ခရစ်တော်ကို တိတ်တဆိတ် လှောင်ပြောင်ကာ မထီမဲ့မြင်ပြုကြလျက် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ မိမိတို့၏ အလုပ်၌ ခရစ်တော်၏ လမ်းညွှန်မှုကို ပို၍ပင် အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ လုံးလုံးလျားလျား လက်မခံဘဲ ဤသို့ ဆိုကြသည်၊ “သင်က ကျွန်ုပ်တို့ကို ဤသို့လုပ်ပါ၊ ထိုသို့လုပ်ပါဟု ပြောသည်၊ သို့သော် သင် မည်သည့်အရာကို သိသနည်း။ ဤနယ်ပယ်များ၌ ပါဝင်သော အမျိုးမျိုးသော အဆင့်များကို သင် နားလည်ပါသလော။ ၎င်းတို့ မည်သို့ အလုပ်လုပ်သည်ဟူသော တိကျသည့် အသေးစိတ်အချက်အလက်များကို သင် သိပါသလော။ သင်က ကျွန်ုပ်တို့ကို ရုပ်ရှင်ရိုက်ကူးရေး၌ လမ်းညွှန်သည့်အခါ စစ်မှန်စွာ မည်သို့ သရုပ်ဆောင်ရမည် သို့မဟုတ် အသံကို မည်သို့ ဖမ်းယူရမည်ကို သင် သိပါသလော” ဟူ၍ ဖြစ်လေသည်။ ဤကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါတိုင်း အန္တိခရစ်များသည် မိမိတို့၏ စိတ်နှလုံးထဲ၌ အတတ်ပညာတစ်ခုစီတွင် ပါဝင်သော သမ္မာတရားစည်းမျဉ်းများကို အလေးအနက်ထား နားမထောင်ကြပေ။ ထိုအစား ၎င်းတို့သည် စိတ်ထဲ၌ ခရစ်တော်နှင့် တိတ်တဆိတ် ယှဉ်ပြိုင်ကြပြီး ခရစ်တော်ကို လှောင်ပြောင်ရန်နှင့် ပြက်ရယ်ပြုရန် ဘေးမှရပ်ကြည့်သူများအဖြစ်ပင် ရပ်တည်ကြကာ ၎င်းတို့၏ စိတ်နှလုံးများသည် မနာခံမှုဖြင့် ပြည့်နေသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို သွားဆောင်ရွက်သောအခါ ဘုရားသခင် အဘယ်အရာ မိန့်မြွက်ခဲ့သည်ကို သိမြင်ရန် ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှတ်စုများကို ဦးစွာ ပြန်လည်သုံးသပ်ခြင်းဖြင့် အပေါ်ယံအားဖြင့် လုပ်ငန်းစဉ်ကို ဝတ်ကျေတမ်းကျေ လုပ်ကြပြီး ထို့နောက် ၎င်းတို့သည် အလုပ်စတင်ကာ အရာရာကို ယခင်နည်းလမ်းဟောင်းအတိုင်းပင် ပြုလုပ်ကြသည်။ လူအချို့က “ဘုရားက ထိုသို့ မပြောခဲ့၊ အဘယ်ကြောင့် သင်တို့ ဤသို့ ပြုလုပ်နေသနည်း” ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုအခါ ၎င်းတို့က “ဘုရားက ထိုသို့ မပြောခဲ့ပေ၊ သို့သော် ဘုရားက အခြေအနေအမှန်ကို သိပါသလော။ ကျွန်ုပ်တို့သည် ယင်းကို အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်ရမည့်သူများ မဟုတ်လော။ ဘုရားက မည်သည့်အရာကို သိသနည်း။ ဘုရားက စည်းမျဉ်းတစ်ခုကိုသာ ပေးခဲ့သည်၊ သို့သော် ကျွန်ုပ်တို့သည် ယင်းကို အခြေအနေအမှန်အရ ကိုင်တွယ်ရမည်။ ဘုရား ဤနေရာတွင် ရှိနေခဲ့မည်ဆိုလျှင်ပင် ကျွန်ုပ်တို့သည် ယင်းကို ဤနည်းအတိုင်းပင် ကိုင်တွယ်ရမည် ဖြစ်သည်။ ဘုရား၏ နှုတ်ကပတ်တော်များက သမ္မာတရား ပါဝင်သောအခါ ကျွန်ုပ်တို့ နားထောင်ကြသည်၊ သို့သော် ယင်းက ပညာရပ်ဆိုင်ရာ အလုပ်အကြောင်းဖြစ်ပြီး သမ္မာတရား ပါဝင်ခြင်း မရှိသောအခါ ကျွန်ုပ်တို့က အဓိက ဆုံးဖြတ်သူများ ဖြစ်သည်” ဟု ပြန်လည်ဖြေကြားကြသည်။ ၎င်းတို့သည် ဘုရားသခင် မိတ်သဟာယဖွဲ့ခဲ့သော သမ္မာတရားစည်းမျဉ်းများကို နားထောင်ခဲ့ကြပြီး ယင်းတို့နှင့်ပတ်သက်၍ မှတ်စုများ ရေးမှတ်ခဲ့ကြကာ လူတိုင်းသည် လုပ်ငန်းစဉ်ကို ဖြတ်သန်းပြီး မှတ်စုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ဖြစ်သည်၊ သို့သော် အမှုအရာများကို မည်သို့ လုပ်ဆောင်သင့်သည်နှင့် ပတ်သက်လာသောအခါ မည်သူက ဆုံးဖြတ်ပိုင်ခွင့် ရှိသနည်း။ ၎င်းတို့၏ ကိစ္စတွင်မူ တန်ခိုးအာဏာကို ကိုင်စွဲထားသည်မှာ သမ္မာတရား မဟုတ်ဘဲ ခရစ်တော် တန်ခိုးအာဏာကိုင်စွဲခြင်းနှင့် သာ၍ပင် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် မည်သူက တန်ခိုးအာဏာကို ကိုင်စွဲထားသနည်း။ အန္တိခရစ်တစ်ဦးက တန်ခိုးအာဏာကို ကိုင်စွဲထားသည်၊ ယင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသော လူသားတစ်ဦး ဖြစ်သည်။ ၎င်းတို့၏ ရှုထောင့်အမြင်တွင် သမ္မာတရားသည် လေနှင့်တူသည်၊ ပေါ့ပေါ့ဆဆ ဖော်ပြပြီးနောက် ပြီးဆုံးသွားသော အယူဝါဒများနှင့် ကြွေးကြော်သံများမျှသာ ဖြစ်သည်၊ လူတို့သည် မိမိတို့ လုပ်ဆောင်ရန် လိုအပ်သည့် မည်သည့်အရာကိုမဆို၊ မိမိတို့ လုပ်ဆောင်လိုသည့် မည်သည့်ပုံစံကိုမဆို ဆက်လက်လုပ်ဆောင်ကြသည်။ ထိုအချိန်က ၎င်းတို့သည် အလွန်ကောင်းမွန်စွာ သဘောတူခဲ့ကြပြီး ၎င်းတို့၏ သဘောထားသည် အလွန်အမင်း ရိုးသားပုံရသော်လည်း လက်တွေ့ဘဝသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် အရာရာတိုင်း ပြောင်းလဲသွားသည်၊ ယင်းမှာ ထင်ရသကဲ့သို့ မဟုတ်ခဲ့ပေ။

အန္တိခရစ်များသည် လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် အယူအဆများနှင့် အတိုက်အခံလုပ်မှုကို အစဉ်သဖြင့် ထားရှိပြီး စိတ်ထဲ၌ မယုံကြည်သောကြောင့် အခြေခံအားဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြုကြပေ၊ ၎င်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ပင် ဖြစ်သည်၊ သူသည် လူ့ဇာတိခံယူသော ယေရှုကို အမှန်တကယ် ယုံကြည်လက်ခံရမည့်အစား အယူအဆများဖြင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် သူရေးခဲ့သော ဩဝါဒစာများအားလုံးတွင် သူသည် ယေရှုကို မည်သည့်အခါမျှ သက်သေမခံခဲ့၊ ယေရှု၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ သက်သေမခံခဲ့သည့်အပြင် သူ၌ ယေရှုအပေါ် ချစ်ခြင်းမေတ္တာ တစ်စုံတစ်ရာ ရှိမရှိကို မည်သည့်အခါမျှ မဆွေးနွေးခဲ့ပေ။ ဤအရာများသည် လူတို့ မြင်နိုင်သောအရာများ ဖြစ်သည်၊ ပေါလုသည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။ ယခု သင်တို့အားလုံးသည် ပေါလုက အန္တိခရစ်တစ်ဦး၏ စံနမူနာတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည်။ အန္တိခရစ်များ၏ အမျိုးအစားနှင့် သက်ဆိုင်သောသူတို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များမှာ သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုလျှင်ပင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်ကို ကျိုးနွံနာခံနိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်ကို သက်သေခံနိုင်ကြသလော။ ယင်းမှာ မတူညီသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော် ပြုသမျှအားလုံးကို ကျိုးနွံနာခံနိုင်ကြသလော။ အကယ်၍ ခရစ်တော်သည် အလုပ်ကို စီစဉ်ခြင်း သို့မဟုတ် တာဝန်ပေးခြင်း၊ လူတို့အား မည်သို့ ပြုလုပ်ရမည်ကို ညွှန်ကြားခြင်း ပြုပါက အန္တိခရစ်များ နာခံနိုင်ကြသလော။ ဤကိစ္စရပ်သည် လူတို့ကို အရှင်းလင်းဆုံး ဖော်ထုတ်သည်။ အန္တိခရစ်များ နာခံနိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များကို လျစ်လျူရှုပြီး အရေးမပါသကဲ့သို့ သဘောထားကြသည်။ ထို့ကြောင့် ခရစ်တော်သည် မည်သည့်အလုပ်အတွက်မဆို မည်သို့သော တိကျသည့် လမ်းညွှန်မှုကို ပေးသည်ဖြစ်စေ၊ မည်သို့သော တာဝန်များကို ပေးအပ်သည်ဖြစ်စေ အန္တိခရစ်များသည် ယင်းတို့ကို မည်သည့်အခါမျှ အကောင်အထည်ဖော်မည် မဟုတ်ပေ။ အန္တိခရစ်များသည် ခရစ်တော်ကို ကျိုးနွံနာခံရန် လုံးဝ လိုလိုလားလား မရှိကြပေ။ ကိုယ်တော်သည် အလုပ်ကို မည်သို့ပင် စီစဉ်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများက ပို၍ အမြော်အမြင်ရှိသည်ဟု အစဉ်ယုံကြည်ပြီး မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များကို လိုက်နာခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု တွေးထင်ကာ ယင်းကို ဆောင်ရွက်ရန် လိုလိုလားလား မရှိကြပေ။ အကယ်၍ သင်က ၎င်းတို့အား “အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် အခြား သုံးလေးဦးနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်၊ အတူတကွ တိုင်ပင်သင့်သည်၊ သမ္မာတရားစည်းမျဉ်းများအကြောင်းကို ပို၍ မိတ်သဟာယဖွဲ့သင့်ပြီး ထိုစည်းမျဉ်းများကို မချိုးဖောက်ဘဲ ယင်းတို့အတိုင်း ပြုမူသင့်သည်” ဟု ပြောလျှင် ၎င်းတို့ နားထောင်ကြမည်လော။ ၎င်းတို့သည် လုံးဝ နားမထောင်ကြပေ၊ ၎င်းတို့သည် ဤစကားများကို မိမိတို့၏ စိတ်ထဲမှ လွန်ခဲ့သောအချိန်ကတည်းက စွန့်ပစ်ခဲ့ပြီးဖြစ်ကာ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိလိုကြသည်။ သင်က ၎င်းတို့အား “အကယ်၍ ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခု ရှိပါက သင်သည် အထက်ထံမှ ရှာဖွေနိုင်သည်” ဟု ပြောသော်လည်း အမှန်တကယ် ပြဿနာတစ်ခုရှိပြီး လူတိုင်းက အထက်ထံမှ ရှာဖွေရန် စဉ်းစားသောအခါ အန္တိခရစ်များက “အဘယ်ကြောင့် ထိုသို့သော အရေးမပါသည့်ကိစ္စအတွက် မေးမြန်းရမည်နည်း။ ယင်းက အထက်ကိုသာ အနှောင့်အယှက်ပေးလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်တိုင် ယင်းကို ကိုင်တွယ်နိုင်သည်၊ မေးမြန်းရန် မလိုအပ်ပါ။ ကျွန်ုပ်တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ တစ်စုံတစ်ခု မှားယွင်းသွားပါက ကျွန်ုပ် အကျိုးဆက်များကို ခံယူမည်” ဟု ဆိုကြသည်။ ဤစကားများမှာ အလွန်နားထောင်ကောင်းလှပါသည်တကား၊ သို့သော် တစ်စုံတစ်ခု အမှန်တကယ် မှားယွင်းသွားသောအခါ ၎င်းတို့သည် အကျိုးဆက်များကို အမှန်တကယ် ခံယူနိုင်ကြသလော။ အကယ်၍ အသင်းတော်၏ အလုပ်က ဆုံးရှုံးမှုတစ်ခုကို ခံစားရပါက ၎င်းတို့သည် နောက်ဆက်တွဲအကျိုးဆက်ကို ခံယူနိုင်ကြသလော။ ဥပမာအားဖြင့် အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စုဝေးပွဲများကို စီစဉ်ရာ၌ သတိမမူသောကြောင့် စုဝေးပွဲတစ်ခုအတွင်း ညီအစ်ကိုမောင်နှမများ အဖမ်းခံခဲ့ရပြီး အချို့ကို အပျက်သဘောဆောင်ပြီး အားနည်းကာ တုံ့ဆိုင်းသွားစေပါက ထိုသို့သော တာဝန်ကို မည်သူ ခံယူနိုင်မည်နည်း။ အန္တိခရစ်များသည် ၎င်းတို့၏ စကားများ၌ တာဝန်ယူတတ်ကြသလော။ ၎င်းတို့သည် လုံးဝ တာဝန်မဲ့လိုက်ခြင်း။ ဤသည်မှာ အန္တိခရစ်များ အလုပ်အပေါ် ထားရှိသည့် သဘောထား ဖြစ်သည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များသည် ခရစ်တော် မိန့်မြွက်သော နှုတ်ကပတ်တော်များကို အမှန်တကယ် လက်ခံပြီး ကျိုးနွံနာခံနိုင်ကြပါသလော။ (မနာခံနိုင်ပါ။) အန္တိခရစ်များ၏ စိတ်နှလုံးများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ခရစ်တော်ကို ကျိုးနွံနာခံခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သနည်း။ စကားတစ်ခွန်းဖြင့်ဆိုရလျှင် ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်တို့ ဆန့်ကျင်မြဲ ဆန့်ကျင်နေကြသည်။ ဤဆန့်ကျင်ခြင်းအတွင်းတွင် ပါဝင်သည့် စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ မနာခံခြင်းသည် ယင်းကို ဖြစ်ပေါ်စေသည့်အရာ ဖြစ်သည်။ စိတ်သဘောထားအရ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်၊ မိမိတို့စိတ်နှလုံးများတွင် မနာခံမှု ရှိခြင်းဖြစ်သည်၊ ယင်းမှာ ၎င်းတို့ ကျိုးနွံနာခံလိုစိတ် မရှိခြင်းဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးက ဦးဆောင်ဆုံးဖြတ်မည့်အစား တွဲဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်းကောင်း၊ အခြားသူများနှင့် အမှုကိစ္စများအား မည်သို့ဆွေးနွေးရမည်ကိုလည်းကောင်း သင်ယူကြဖို့အလို့ငှာ ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို စေခိုင်းသည့်အခါ အန္တိခရစ်များက မိမိတို့ စိတ်နှလုံးတွင် မည်သည့်အရာကို စဉ်းစားကြသနည်း။ “လူတို့နှင့် အရာရာတိုင်းကို ဆွေးနွေးခြင်းမှာ အလွန်ဒုက္ခများလွန်းသည်။ ဤအရာများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ငါချနိုင်သည်။ အခြားသူများနှင့် အလုပ်လုပ်ခြင်း၊ ယင်းကို ၎င်းတို့နှင့် ဆွေးနွေးခြင်း၊ စည်းမျဉ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်းတို့သည် အားနည်းပြီး ကသိကအောက်ဖြစ်စရာ ကောင်းလိုက်လေခြင်းပါတကား”ဟူ၍ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်သည်၊ ၎င်းတို့အဖို့ အရာရာ ရှင်းလင်းသည်၊ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် ထိုးထွင်းအမြင်များနှင့် အမှုအရာများကို လုပ်ဆောင်နည်းများရှိသည်ဟု အန္တိခရစ်များက တွေးထင်ကြသောကြောင့် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြချေ။ လူတို့နှင့် မည်သည့်အရာမျှ ၎င်းတို့ မဆွေးနွေးကြ။ အရာရာကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ကြပြီး အခြားမည်သူ့ကိုမျှ အလျှော့မပေးကြချေ။ အန္တိခရစ်များက ၎င်းတို့ ကျိုးနွံနာခံရန် လိုလားလျက်ရှိပြီး အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားလျက်ရှိသည်ဟု နှုတ်အားဖြင့် ကြေညာသော်လည်း အပြင်ပန်းတွင် ၎င်းတို့၏ အဖြေများက မည်မျှ ကောင်းမွန်ပုံရပါစေ၊ ၎င်းတို့၏ စကားများက မည်မျှ ကြားကောင်းပါစေ ၎င်းတို့၏ ပုန်ကန်တတ်သော အခြေအနေကို ၎င်းတို့ မပြောင်းလဲနိုင်ကြ၊ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြချေ။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် ကြမ်းကြုတ်ရက်စက်စွာ ဆန့်ကျင်တတ်ကြသည်။ မည်သည့် အတိုင်းအတာထိနည်း။ အသိပညာနှင့်ဆိုင်သည့် ဘာသာစကားဖြင့် ရှင်းပြရလျှင် ဤသည်မှာ မတူကွဲပြားသော သဘာဝနှစ်ခုကို အတူတကွ ထားရှိသည့်အခါ ဖြစ်ပေါ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ပစ်ပစ်ခါခါငြင်းပယ်ခြင်း ဖြစ်သည်၊ ယင်းကို “ဆန့်ကျင်ခြင်း”ဟု ငါတို့ အနက်ပြန်နိုင်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား အတိအကျ ဖြစ်သည်။ အထက်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အထက်ကို ဆန့်ကျင်ရန် နှစ်သက်ကြပြီး မည်သူ့ကိုမျှ မနာခံကြချေ။

အန္တိခရစ်များသည် ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၌ သဘောထားတစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ မနာခံခြင်း ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့၏ တစ်ခုတည်းသော လုပ်နည်းကိုင်နည်းမှာ ဆန့်ကျင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ငါက “ငါတို့၏ ခြံဝင်းသည် အတော်ကျယ်ပြီး အရိပ်အာဝါသ မရှိပေ။ ဆောင်းရာသီတွင် နေရောင်သည် နေရာအနှံ့ ထွန်းလင်းသဖြင့် လူတို့ နေပူစာလှုံခွင့် ရကြသော်လည်း နွေရာသီတွင် အနည်းငယ် ပူသည်။ လျင်မြန်စွာ ကြီးထွားပြီး အနာဂတ်တွင် လုံလောက်သော အရိပ်အာဝါသကို ပေးမည့်၊ အတော်အသင့် သန့်ရှင်းပြီး နှစ်လိုဖွယ်ကောင်းသော အပင်များ ဖြစ်သည့် အပင်အချို့ကို ဝယ်ယူကြစို့” ဟု ဆိုသည်။ ဤနေရာတွင် စည်းမျဉ်း မည်မျှ ရှိသနည်း။ (သုံးခုဖြစ်ပါသည်။) တစ်ခုမှာ အပင်များ လျင်မြန်စွာ ကြီးထွားခြင်း၊ နောက်တစ်ခုမှာ အပင်များ သန့်ရှင်းပြီး အတော်အသင့် ကြည့်ကောင်းခြင်း၊ နောက်တစ်ခုမှာ ၎င်းတို့သည် အနာဂတ်တွင် လုံလောက်သော အရိပ်အာဝါသကို ပေးမည်ဖြစ်ပြီး ယင်းမှာ ၎င်းတို့၌ ထူထပ်သော အကိုင်းအခက်များနှင့် အရွက်များ ရှိရမည်ဟု ဆိုလိုသည်။ လူတို့သည် ဤစည်းမျဉ်းသုံးခုကိုသာ အကောင်အထည်ဖော်ရန် လိုအပ်သည်၊ မည်မျှ ဝယ်ရမည်၊ ၎င်းတို့ကို မည်သည့်နေရာ၌ စိုက်ရမည်၊ မည်သည့်အပင်အမျိုးအစားများ ဖြစ်သည်ကိုလည်း ငါ ၎င်းတို့အား အကြောင်းကြားခဲ့သည်။ ဤအလုပ်တာဝန်သည် အကောင်အထည်ဖော်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ဤသည်မှာ ခက်ခဲသော အလုပ်တာဝန်အဖြစ် သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ယင်းမှာ ခက်ခဲသော အလုပ်တာဝန်တစ်ခု မဟုတ်ပေ။ အဘယ်ကြောင့် မခက်ခဲသနည်း။ အပင်များ ရောင်းချသော နေရာများ ရှိသည်၊ ဘုရားအိမ်တော်က ရန်ပုံငွေကို ပံ့ပိုးပေးသည်၊ အပင်များ ဝယ်ယူရန်အတွက် အခြေခံအခြေအနေများအားလုံး ပြည့်စုံနေသည်။ ကျန်ရှိသည်မှာ လူတို့ ယင်းကို ဆောင်ရွက်ရန်သာ ဖြစ်သည်၊ ဤအလုပ်တာဝန်နှင့်ပတ်သက်၍ ခက်ခဲသည့်အရာ တစ်စုံတစ်ရာ မရှိပေ။ သို့သော် အန္တိခရစ်တစ်ဦးအတွက်မူ အခက်အခဲတစ်ခု ရှိသည်၊ “အဘယ်အရာဖြစ်သနည်း။ သစ်ပင်များ ဝယ်မည်ဟုဆိုသလော။ အရိပ်ရရန်နှင့် ပတ်ဝန်းကျင် သာယာလှပစေရုံသက်သက် ငွေကို သုံးမည်လော။ ထိုသို့ပြုခြင်းသည် ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်း မဟုတ်လော။ ထိုငွေသည် ဘုရားသခင်ထံ ပူဇော်သော ပူဇော်သက္ကာဖြစ်သည်၊ ယင်းကို အလွန်ပင် မဆင်မခြင် သုံးစွဲနိုင်မည်လော။ အနည်းငယ် ပူပြင်းသည့်ဒဏ်ကို ခံရခြင်းက အဘယ်၍များ မှားသနည်း။ နေကို ဘုရားသခင်က ဖန်ဆင်းသည်၊ နေပူစာလှုံခြင်းက သင့်ကို သေစေမည်လော။ ထိုအရာကို နေရောင်ခြည်ကို ခံယူ၍ မိုးရေကို ခံစားခြင်းဟု ခေါ်သည်။ သင်သည် နေပူမခံလိုလျှင် အတွင်း၌သာ နေလော့။ ယခုမူကား ဤသက်သာမှုအတွက် သင်က ငွေသုံးလိုသည်တဲ့လော။ သင်သည် အိပ်မက်မက်နေသည်သာ ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က ဤသို့ ဆင်ခြင်ကြသည်၊ “ဤကိစ္စတွင် ကျွန်ုပ်တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ တိုက်ရိုက် ကန့်ကွက်လိုက်လျှင်လည်း ကောင်းမည်မဟုတ်ပါ။ ကျွန်ုပ် ပြစ်တင်ရှုတ်ချခြင်း ခံရနိုင်သည့်အပြင် အခြားသူများကလည်း သဘောတူမည် မဟုတ်ပေ။ ထို့ကြောင့် ဤအကြောင်းကို ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ ကျွန်ုပ် တင်ပြပါမည်။ ထို့အပြင် ညီအစ်ကိုမောင်နှမများကိုလည်း ၎င်းတို့၏ သဘောထားကို ဖော်ပြစေခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ ဆုံးဖြတ်ချက်ချသည့်အဖွဲ့က သဘောတူလျှင် ကျွန်ုပ်တို့ သစ်ပင်များကို ဝယ်မည်။ အကယ်၍ သူတို့ သဘောမတူပါက ညီအစ်ကိုမောင်နှမများ သဘောတူသည့်တိုင်အောင် ကျွန်ုပ်တို့ ဝယ်မည်မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် လူတိုင်းကို စုဝေးစေပြီး ထိုကိစ္စကို ဖော်ပြကာ ထို့နောက် လူတိုင်းကို ဆွေးနွေးပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြခိုင်းသည်။ လူတိုင်းက “သစ်ပင်များ ဝယ်ယူခြင်းသည် ကောင်းသောကိစ္စဖြစ်ပြီး လူတိုင်းအတွက် အကျိုးရှိသည်” ဟု ဆိုကြသည်။ အန္တိခရစ်က ဤသည်ကို ကြားသောအခါ “ယင်းသည် မည်သို့များ ကောင်းသောကိစ္စ ဖြစ်ရသနည်း။ လူတိုင်း အကျိုးရှိရုံမျှဖြင့် သင့်တော်နိုင်မည်လော။ လူတိုင်းသည် မည်သူ၏ငွေဖြင့် အကျိုးခံစားနေရသနည်း။ ၎င်းသည် ဘုရားသခင်၏ငွေကို သုံးစွဲခြင်းဖြစ်ရာ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီပါသလော” ဟု ဆိုသည်။ လူတိုင်းက “လူတိုင်း၏ အကျိုးအတွက် ပူဇော်သက္ကာများကို ဖြုန်းတီးခြင်းသည် အနည်းငယ် မလျော်ကန်ရာ ကျသည်ဟု ထင်ရပါသည်” ဟူ၍ တွေးဆကြသည်။ အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးနောက် နောက်ဆုံးဆုံးဖြတ်ချက်မှာ အပင်များ မဝယ်ရန် ဖြစ်သည်။ ထိုငွေကို ချွေတာရမည်၊ မည်သူက အမိန့်ပေးသည်ဖြစ်စေ ယင်းကို မလုပ်ဆောင်နိုင်ပေ။ ထိုသို့သော ဆွေးနွေးမှုတစ်ခုပြီးနောက် ကောက်ချက်တစ်ခု ထွက်ပေါ်လာသည်။ ကောက်ချက်မှာ အဘယ်နည်း။ “ဤတစ်ကြိမ် ခရစ်တော်၏ အမိန့်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ ဆန့်ကျင်ကန့်ကွက်ရန် ဖြစ်ပြီး၊ ပူဇော်သက္ကာများကို သုံးစွဲမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ငွေကိုလည်း တစ်ပြားတစ်ချပ်မျှ ဖြုန်းတီးမည်မဟုတ်ပါ။ တိတိကျကျဆိုရလျှင် ယင်းက ဆိုလိုသည်မှာ သစ်ပင်များကို ဝယ်မည်မဟုတ်၊ ခြံဝင်းကိုလည်း စိမ်းလန်းစိုပြည်အောင် ပြုလုပ်မည်မဟုတ်ဟူ၍ ဖြစ်ပါသည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ ချမှတ်ခဲ့သော ဆုံးဖြတ်ချက် ဖြစ်သည်။ သုံးလေးရက် ကြာသောအခါ အပင်များ မဝယ်ရသေးသည်ကို ငါ သတိပြုမိသဖြင့် “အဘယ်ကြောင့် သင်တို့ အပင်များ မဝယ်ကြသေးသနည်း” ဟု ငါ မေးသည်။ “အို၊ ကျွန်ုပ်တို့ မကြာခင် ဝယ်ပါ့မည်” ဟု ဆိုကြသည်။ ရာသီချိန် ရောက်လာပြီး အခြားသူများ၏ အပင်များ အရွက်များ ထွက်နေသည့်အခါ အဘယ်ကြောင့် ၎င်းတို့ တစ်ပင်မျှ မဝယ်ရသေးသနည်း။ စုံစမ်းမေးမြန်းသောအခါ ၎င်းတို့ ဆွေးနွေးပြီးနောက် အပင်များဝယ်ရန် သဘောမတူခဲ့ကြကြောင်း ငါ သိရှိရသည်၊ ငါ၏ စကားများသည် အချည်းနှီး ဖြစ်ခဲ့သည်။ တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်းနှင့် ဆန်းစစ်လေ့လာခြင်းတို့ ပြုပြီးနောက် လူတိုင်းသည် ငါ၏ အမိန့်ကို ငြင်းပယ်ရန် စုပေါင်း၍ ဆုံးဖြတ်ခဲ့ကြပြီး ဤသို့ သွယ်ဝိုက်ပြောဆိုကြသည်၊ “ဤနေရာတွင် ကျွန်ုပ်တို့က စီမံဦးစီးသည်။ သင် ဘေးဖယ်နေပါ။ ဤသည်မှာ ကျွန်ုပ်တို့၏ အိမ်ဖြစ်သည်၊ ၎င်းသည် သင်နှင့် သက်ဆိုင်ခြင်းမရှိပါ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ မည်သို့သော လုပ်နည်းကိုင်နည်း ဖြစ်သနည်း။ ဤသည်မှာ ဆန့်ကျင်ခြင်း မဟုတ်လော။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ ဆန့်ကျင်နေကြသနည်း။ ၎င်းတို့၌ ဘုရားအိမ်တော်၏ ငွေတစ်ပြားတစ်ချပ်ကိုမျှ မဖြုန်းတီးရန်၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို မသုံးစွဲရန် အခိုင်အမာပြောဆိုလျက် အခြေခံအကြောင်းပြချက်တစ်ခု ရှိသည်။ ဤအခြေခံအကြောင်းပြချက်နှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်သနည်း။ ဤစကားများ မှန်ကန်သလော။ (မမှန်ကန်ပါ။) ပူဇော်သက္ကာများကို ဖြုန်းတီးပြီး အလွဲသုံးစားပြုသောသူများသည် မကြာခဏဆိုသလို ဤအန္တိခရစ်များပင် ဖြစ်ကြသည်။ ၎င်းတို့သည် ဆုံးဖြတ်ပိုင်ခွင့် ရလိုကြသဖြင့် မိုက်မဲပြီး အသိဉာဏ်ကင်းမဲ့ကာ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူတို့ကို အထင်အမြင်မှားစေရန် ဤသဘောတရားတစ်စုကို အကြံထုတ်ကြသည်။ အမှန်စင်စစ် လူအချို့သည် ယင်းကို ယုံစားပြီး ၎င်းတို့၏ စကားများအတိုင်း ပြုမူကြသော်လည်း ခရစ်တော်၏ နှုတ်ကပတ်တော်များမှာမူ အန္တိခရစ်များ၏ အနှောင့်အယှက်ပေးခြင်းနှင့် ပျက်စီးအောင် လုပ်ခြင်းတို့ကို ခံရကာ အကောင်အထည်ဖော်မှု၌ နှောင့်နှေးမှုများကို ဖြစ်စေသည်။ ဤပြဿနာ၏ အရင်းမြစ်မှာ အဘယ်မှာနည်း။ အဓိကအချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အန္တိခရစ်များ၏ ကြောင်သူတော်ဆန်ခြင်းကို ထိုးထွင်းသိမြင်နိုင်ခြင်းမရှိဘဲ ကိစ္စရပ်များ၏ အပေါ်ယံအသွင်အပြင်အားဖြင့် အစဉ်သဖြင့် အထင်အမြင်မှားစေခြင်းကို ခံရကာ အမှုအရာများ၏ အနှစ်သာရကို မသိမြင်နိုင်ခြင်း၌ တည်ရှိသည်။ အန္တိခရစ်များသည် ဤလူတို့အကြား၌ အာဏာရှင်ဆန်စွာ အတားအဆီးများကို ဖြစ်စေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသူအချို့ကို ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို မကြာခဏ ခံရစေသည်။

ခရစ်တော်က အသင်းတော်၌ ပြုလုပ်သည့် တိကျသော အလုပ်အစီအစဉ်နှင့် အမိန့်တိုင်းတွင် အနှောင့်အယှက်ဖြစ်စေသော အန္တိခရစ်များ မရှိပါက ယင်းတို့ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်သည်။ သို့ရာတွင် အန္တိခရစ်တစ်ဦးက ဝင်ရောက်စွက်ဖက်သည်နှင့် တစ်ပြိုင်နက် ထိုအလုပ်တာဝန်သည် နှောင့်နှေးသွားပြီး အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ပေ။ တစ်ခါတစ်ရံ ခရစ်တော်က လူတို့အား ဆောင်ရွက်စေလိုသော အစီအစဉ်များနှင့် အမိန့်များကို အန္တိခရစ်များက အကြောင်းပြချက်တစ်ခုခုဖြင့် လုံးဝ ပယ်ချတတ်ကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် လူတိုင်းပါဝင်သော ဆုံးဖြတ်ချက်ချသည့်ပုံစံတစ်ခုကို ကျင့်သုံးကြပြီး “ဤသည်မှာ ညီအစ်ကိုမောင်နှမများ၏ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်၊ ယင်းမှာ ကျွန်ုပ်တစ်ဦးတည်း၏ ပြောဆိုချက်မဟုတ်ဘဲ စုပေါင်းဆုံးဖြတ်ချက်၏ ရလဒ်ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ညီအစ်ကိုမောင်နှမများ၏ ဆုံးဖြတ်ချက်များသည် သမ္မာတရားနှင့် ကိုက်ညီကြောင်း၊ ပြဿနာတစ်ရပ် ပေါ်ပေါက်လာသောအခါ ညီအစ်ကိုမောင်နှမတို့၏ စုပေါင်းဆုံးဖြတ်ချက်သည် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ဆိုလိုကြောင်း ယင်းက သွယ်ဝိုက်ညွှန်းဆိုသည်။ သို့သော် တာဝန်ခံ အန္တိခရစ်တစ်ဦးက ခရစ်တော် မိန့်မြွက်သည့်အရာကို ဆန့်ကျင်သောအခါ ဤသည်မှာ သမ္မာတရားက တန်ခိုးအာဏာကို ကိုင်စွဲထားခြင်းလော။ ဤသည်မှာ စင်စစ်အားဖြင့် အန္တိခရစ်က တန်ခိုးအာဏာကို ကိုင်စွဲထားခြင်း ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ အန္တိခရစ်တစ်ဦးက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နေသည့်အခါ သမ္မာတရားက တန်ခိုးအာဏာကို ကိုင်စွဲထားသည်ဟု ဆိုခြင်းသည် အဓိပ္ပာယ်မဲ့ပြီး လှည့်ဖြားခြင်း မဟုတ်လော။ အန္တိခရစ်များသည် အမှန်ပင် ဟန်ဆောင်ခြင်း၌ ကျွမ်းကျင်လှပါတကား။ ခရစ်တော်က ၎င်းတို့ကို တစ်စုံတစ်ခု အကောင်အထည်ဖော်ရန် တောင်းဆိုသောအခါ ယင်းမှာ ဘုရားသခင်၏ ပြုလုပ်မှုဖြစ်ကြောင်း၊ ကိုယ်တော်သည် လူတိုင်းအတွက် အလေးထားသောအားဖြင့် ပြုမူနေခြင်းဖြစ်ကြောင်း လူတိုင်းအား သိစေပြီး လူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျေးဇူးတင်ကြသောအခါ ယင်းက အန္တိခရစ်များကို မနှစ်မြို့စေဘဲ ကသိကအောက် ဖြစ်စေသည်။ ထို့နောက် ၎င်းတို့သည် နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် နည်းလမ်းများကို ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ သို့ရာတွင် အကယ်၍ အစပြုလုပ်ဆောင်မှုသည် ၎င်းတို့ထံမှဖြစ်ပြီး အဆုံးတွင် လူတိုင်းက သူတို့ကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်၍ အသိအမှတ်ပြုကြမည်ဆိုလျှင် ၎င်းတို့သည် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံရန် လိုလားလျက် ထိုအမှုကို မည်သူ့ထက်မဆို ပို၍ တက်ကြွစွာ အကောင်အထည် ဖော်ကြသည်။ အန္တိခရစ်များကဲ့သို့သော ထိုသို့သောလူများသည် စက်ဆုပ်ရွံရှာဖွယ် မကောင်းလော။ (ကောင်းပါသည်။) ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်ပါသည်။) အန္တိခရစ်များသည် ဟန်ဆောင်နိုင်စွမ်းရှိကြပြီး အခြားသူများကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်းရန် လူကောင်းများအဖြစ် ဟန်ဆောင်ကြလျက် မိမိတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသကဲ့သို့ပင် ဟန်ဆောင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ သင်တို့သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသနည်း။ သင်တို့သည် ခရစ်တော်ပေးသော နှုတ်ကပတ်တော်များနှင့် အမိန့်များကို ပယ်ချကြသည်။ ၎င်းတို့ကို ကျိုးနွံနာခံကာ အကောင်အထည်ဖော်နိုင်စွမ်းလည်း မရှိကြပေ။ သင်တို့ လက်တွေ့လုပ်ဆောင်သည်ဟု အခိုင်အမာဆိုသော သမ္မာတရားသည် အဘယ်မှာနည်း။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဟုတ်သလော။ သင်တို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံကြသလော။ သင်တို့ယုံကြည်သော ဘုရားသခင်သည် သင်တို့၏ လုပ်ဖော်ကိုင်ဖက်မဟုတ်၊ သင်တို့၏ အလုပ်ဖော်မဟုတ်၊ သင်တို့၏ သူငယ်ချင်းမဟုတ်ပေ၊ ကိုယ်တော်သည် ခရစ်တော် ဖြစ်သည်၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူသည်တကား။ သင်တို့ ဤသည်ကို မသိမြင်ကြလေသလော။ ခရစ်တော်၏ နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ဆန်းစစ်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ယင်းတို့၏ မှန်ကန်မှုကို ပိုင်းခြားသိမြင်ရန် ကြိုးစားလျက် ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနေခြင်းသည် သင်တို့သည် မှားယွင်းသောနေရာ၌ ရပ်တည်နေခြင်း မဟုတ်လော။ အန္တိခရစ်များသည် လူတို့၏ စကားများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်လေ့လာရာ၌ ကျွမ်းကျင်ကြပြီး အဆုံးတွင် ၎င်းတို့သည် ဤမရပ်မနားသော စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကို ခရစ်တော်အပေါ်၌ပင် အသုံးချကြသည်။ ခရစ်တော်ကို ဤနည်းလမ်းဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆက်ဆံခြင်းသည် ဘုရားသခင်၏ နောက်လိုက်များလော။ ၎င်းတို့သည် မယုံကြည်သူများမျှသာ မဟုတ်လော။ ၎င်းတို့သည် ခရစ်တော်ကို အစဉ်သဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသော်လည်း ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို ၎င်းတို့ နားလည်နိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်ကို ပို၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလေ ၎င်းတို့ ပို၍ သံသယဖြစ်လာလေဖြစ်ပြီး နောက်ဆုံးတွင် ခရစ်တော်သည် သာမန်လူတစ်ဦးဖြစ်သည်ဟု ကောက်ချက်ချကြသည်။ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်စုံတစ်ရာ ကျန်ရှိသေးသလော။ လုံးဝမရှိတော့ပေ။ အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲ၌ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်မျှသာ မှတ်ယူကြသည်။ ခရစ်တော်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံခြင်းသည် ၎င်းတို့အတွက် သဘာဝကျပုံရသဖြင့် ၎င်းတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် အမိန့်များကို လျစ်လျူရှုနိုင်သည်၊ အလေးအနက်မထားဘဲ စုဝေးပွဲများအတွင်း ဆွေးနွေးခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအတွက်သာ ထုတ်ဖော်ပြောဆိုနိုင်သည်ဟု ၎င်းတို့ ခံစားကြရသည်။ အဆုံးတွင် အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်သူမှာ ဘုရားသခင်မဟုတ်ဘဲ အန္တိခရစ် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်ကို အဘယ်အရာအဖြစ် ရှုမြင်ကြသနည်း။ ၎င်းတို့သည် ကိုယ်တော်ကို သာမန်ခေါင်းဆောင်တစ်ဦးအဖြစ်သာ ရှုမြင်ကြပြီး ခရစ်တော်ကို ဘုရားသခင်အဖြစ် လုံးဝ ဆက်ဆံခြင်းမရှိပေ။ ဤသည်မှာ ပေါလု၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သဘာဝ အတူတူပင် မဟုတ်လော။ ပေါလုသည် သခင်ယေရှုကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ မဆက်ဆံခဲ့၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မစားသုံးခဲ့သကဲ့သို့ သခင်ယေရှုကို ကျိုးနွံနာခံရန်လည်း မရှာဖွေခဲ့ပေ။ သူက မိမိအသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်သည်ဟု အစဉ်ထင်မှတ်ခဲ့ပြီး သခင်ယေရှုကို အစားထိုးရန် ကြိုးပမ်းခဲ့ကာ အကျိုးဆက်အားဖြင့် သူသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်။ သင်တို့သည် ခရစ်တော်က လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်ကြောင်း လက်ခံပြီးဖြစ်သည့်အတွက် ခရစ်တော်ကို ကျိုးနွံနာခံသင့်သည်။ ခရစ်တော် မည်သို့ပင် မိန့်မြွက်သည်ဖြစ်စေ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆွေးနွေးခြင်း မပြုဘဲ လက်ခံကာ ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်တို့ ဆန်းစစ်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်အတွက် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ကျိုးနွံနာခံပြီး အကောင်အထည် ဖော်ရန်အတွက် ဖြစ်သည်။ အမှုအရာများကို မည်သို့လုပ်ဆောင်သွားရမည်နှင့် အကောင်အထည်ဖော်ရန် အဆင့်များကို မည်သို့ဆုံးဖြတ်ရမည်မှာ သင်တို့ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးရမည့် နယ်ပယ်ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ စိတ်နှလုံးတွင် ခရစ်တော်၏ ဘုရားသဘာဝကို အမြဲ သံသယထားပြီး မနာခံသော စိတ်သဘောထား အမြဲ ရှိကြသောကြောင့် ခရစ်တော်က ၎င်းတို့ကို အမှုအရာများ လုပ်ဆောင်ရန် တောင်းဆိုသောအခါ ယင်းတို့ကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆွေးနွေးကြသကဲ့သို့ ယင်းတို့သည် မှန်ကန်ခြင်း ရှိမရှိ၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို လူတို့အား မေးမြန်းကြသည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤအရာများကို သမ္မာတရားအား ကျိုးနွံနာခံခြင်း ရှုထောင့်အမြင်မှ ချဉ်းကပ်ခြင်း မရှိကြချေ။ ထိုအစား ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြင့် ယင်းတို့ကို ချဉ်းကပ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ခရစ်တော်၏ အမိန့်များနှင့် အလုပ်အစီအစဉ်များကို ၎င်းတို့ ကြားသည့်အခါ ယင်းတို့ လက်ခံကာ ကျိုးနွံနာခံခြင်းမရှိဘဲ စတင် ဆွေးနွေးကြသည်။ မည်သည့်အရာကို ၎င်းတို့ ဆွေးနွေးကြသနည်း။ ကျိုးနွံနာခံခြင်းကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ ဆွေးနွေးကြသလော။ (မဆွေးနွေးပါ။) ခရစ်တော်၏ စကားများနှင့် အမိန့်များက မှန်ကန်ခြင်း ရှိမရှိ၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို ဆွေးနွေးကြပြီး ယင်းတို့ကို ဆောင်ရွက်သင့်ခြင်း ရှိမရှိဆိုသည်ကို ဆန်းစစ်ကြသည်။ ၎င်းတို့၏ သဘောထားသည် ဤအရာများကို တကယ် ဆောင်ရွက်လိုသည့် သဘောထားဖြစ်သလော။ မဟုတ်ပါ။ ၎င်းတို့သည် ပိုများသောလူတို့ကို မိမိတို့ကဲ့သို့ဖြစ်ရန် ဤအရာများကို မလုပ်ဆောင်ရန် တိုက်တွန်းအားပေးကြသည်။ ယင်းတို့ကို မလုပ်ဆောင်ခြင်းသည် ကျိုးနွံနာခံမှု သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ မဟုတ်သည်မှာ သိသာသည်။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ (ဆန့်ကျင်နေကြသည်။) ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်ကို ဆန့်ကျင်နေကြသည်သာမက စုပေါင်း ဆန့်ကျင်မှုကို မျှော်လင့်စောင့်စားကြသည်။ ဤသည်မှာ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝ ဖြစ်သည် မဟုတ်လော။ စုပေါင်း ဆန့်ကျင်မှုသည် ခရစ်တော်၏ ဆုံးဖြတ်ချက်နှင့် အမိန့်များကို စုပေါင်း ဆန့်ကျင်ရင်း လူတိုင်းကို ၎င်းတို့ကဲ့သို့ ဖြစ်စေခြင်း၊ လူတိုင်းကို ၎င်းတို့ကဲ့သို့ တွေးစေခြင်း၊ ၎င်းတို့ကဲ့သို့ ပြောစေခြင်း၊ ၎င်းတို့ကဲ့သို့ ဆုံးဖြတ်စေခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ လုပ်နည်းလုပ်ဟန် ဖြစ်သည်။ အန္တိခရစ်များ၏ ယုံကြည်လက်ခံမှုမှာ “လူတိုင်းလုပ်လျှင် ပြစ်မှုမဟုတ်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ထိုသို့ဖြစ်ပါက ဘုရားအိမ်တော်က ၎င်းတို့ကို လုပ်နိုင်သည့်အရာ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်ဟု တွေးထင်လျက် ၎င်းတို့နှင့်အတူတကွ ဘုရားသခင်ကို ဆန့်ကျင်ရန် အခြားသူများကို ၎င်းတို့ တိုက်တွန်းကြသည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို ဆန့်ကျင်ရန် အန္တိခရစ်များ၏ ကိုယ်ပိုင် အစွမ်းအစမှာ အလွန် နည်းပါးသည်၊ ၎င်းတို့ တစ်ကိုယ်တည်းသာ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့ စိတ်နှလုံးထဲတွင် “ငါသည် လူတစ်စုကို အထင်အမြင်မှားစေပြီး ငါလုပ်သည့်အတိုင်း သူတို့ကို စဉ်းစားကာ ဆောင်ရွက်စေမည်။ ငါတို့အတူတူ ခရစ်တော်၏ စကားများကို ငြင်းကာ ဘုရား၏ နှုတ်ကပတ်တော်များကို ဟန့်တားပြီး အကျိုးဖြစ်ထွန်းလာခြင်း မရှိအောင်တားမည်။ ငါ၏ အလုပ်ကို တစ်စုံတစ်ဦးက လာစစ်ဆေးသည့်အခါ ယင်းကို ဤသို့လုပ်ဆောင်ရန် လူတိုင်း ဆုံးဖြတ်ကြသည်ဟု ငါ ပြောမည်။ ထို့နောက် ယင်းကို သင် မည်သို့ ကိုင်တွယ်မည်ကို ငါတို့ ကြည့်မည်။ သင့်အတွက် ထိုအရာကို ငါလုပ်မည်မဟုတ်။ ဤအရာကို ငါ ဆောင်ရွက်မည်မဟုတ်။ ပြီးလျှင် ငါ့ကို သင် မည်သည့်အရာ လုပ်မည်ဆိုသည်ကို ကြည့်ကြစို့” ဟု တွေးလျက် ဘုရားသခင်ကို စုပေါင်း ဆန့်ကျင်ရန် လူတို့ကို စည်းရုံးဖို့ ၎င်းတို့ ကြိုးစားကြလေသည်။ ၎င်းတို့၌ တန်ခိုးအာဏာရှိသည်၊ ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့ ခရစ်တော်လည်း မလုပ်ဆောင်နိုင်ဟု ၎င်းတို့ ထင်ကြသည်။ သင်တို့ အဘယ်သို့ ထင်သနည်း၊ ထိုသို့သောလူစားမျိုးကို ကိုင်တွယ်ရန် လွယ်ကူသလော။ ဤလူစားမျိုးကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ထုတ်ပယ်ပြီး စုံစမ်းစစ်ဆေးရန် ဖြစ်သည်။ နတ်ဆိုးတစ်ကောင်က မိမိကိုယ်ကို ထုတ်ဖော်သည်နှင့်တစ်ပြိုင်နက် ယင်းကို ကန်ချက်တစ်ချက်တည်းဖြင့် ဖယ်ရှားရှင်းလင်းလော့၊ သို့ဆိုလျှင် ပြီးဆုံးသွားပြီ ဖြစ်သည်။ ဘုရားအိမ်တော်က သင့်ကို ခေါင်းဆောင်တစ်ဦးဖြစ်ရန် ခွင့်ပြုသော်လည်း သင်သည် ကျိုးနွံနာခံခြင်းမရှိဘဲ ဘုရားသခင်ကို ဆန့်ကျင်ရန်ပင် ရဲတင်းသည်၊ သင်သည် နတ်ဆိုးတစ်ကောင် မဟုတ်လော။ ဘုရားအိမ်တော်က သင့်ကို ခေါင်းဆောင်ရန် တာဝန်ပေးအပ်သည်မှာ သင်သည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ရန်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရန်နှင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်၊ ဘုရားသခင် မည်သို့ပင် မိန့်မြွက်သည်ဖြစ်စေ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး အကောင်အထည်ဖော်သင့်သည်၊ ကိုယ်တော့်ကို ဆန့်ကျင်ရန် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းကို သင်၏ တာဝန်အဖြစ် မှတ်ယူခဲ့သည်၊ သို့ဖြစ်လျှင် စိတ်မကောင်းပေ၊ သင့်ကို ထုတ်ပယ်ခြင်းသည် အရှင်းဆုံးသော ဖြေရှင်းနည်း ဖြစ်သည်။ ဘုရားအိမ်တော်၌ သင့်ကို အသုံးပြုရန် အခွင့်အာဏာရှိသကဲ့သို့ သင့်ကို ထုတ်ပယ်ရန်လည်း အခွင့်အာဏာရှိသည်။ လူအချို့က “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ကောင်းမွန်စွာ ထမ်းဆောင်နေခဲ့ပါလျက် အဘယ်ကြောင့် ကျွန်ုပ် ထုတ်ပယ်ခံခဲ့ရသနည်း။ ဤသည်မှာ ကြိတ်စရာကုန်၍ မြည်းကိုသတ်ပစ်ခြင်းပင် မဟုတ်လော” ဟု ဆိုကြသည်။ သင် ထုတ်ပယ်ခံခဲ့ရသည့်အခါ သင် အမှန်တကယ် ကောင်းကောင်းမွန်မွန် ထမ်းဆောင်နေခဲ့သလော။ မည်သို့ပင် လေ့ကျင့်ပေးစေကာမူ သင့်လျော်သော အလုပ်တာဝန်များကို အာရုံမစိုက်ဘဲ စိတ်အပြောင်းအလဲမြန်ကာ ကန်ကျောက်ပြီး ကိုက်ခဲသော မြည်းတစ်ကောင်သည် “ကြိတ်စရာ ကုန်သောအခါ” အသတ်ခံရမည်မှာ အမှန်ပင် ဖြစ်သည်။ ယင်းကို မည်သည့်အချိန်တွင် သတ်ရမည်မှာမူ ယင်း၏ စွမ်းဆောင်ရည်အပေါ် မူတည်သည်။ ငါ့ကို ပြောလော့၊ လူတစ်ဦးတလေသည် မြည်းကောင်းတစ်ကောင်ကို လိုလိုလားလား ဖယ်ရှားပစ်မည်လော။ ကြိတ်ခွဲနေစဉ်အတွင်း မြည်းသည် အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော ကူညီသူ ဖြစ်သည်။ ယင်းကို အလိုအပ်ဆုံးအချိန်တွင် မည်သူမဆို မြည်းကို သတ်ရန်၊ ကြိတ်ခွဲခြင်းကို ရပ်တန့်ရန်နှင့် ကောက်နှံမရှိဘဲ နေရန်အထိ မိုက်မဲမည်လော။ မည်သူက ထိုသို့ ပြုလုပ်သနည်း။ (မရှိပါ။) ဤသို့ဖြစ်ပွားမည့် အခြေအနေတစ်ခုတည်းသာ ရှိသည်၊ မြည်းသည် လေ့ကျင့်မှုကို နာခံမည်မဟုတ်ဘဲ ဆက်လက်၍ ရိုင်းစိုင်းစွာ ကန်ကျောက်ပြီး ကိုက်ခဲကာ မည်သည့်အရာကိုမျှ ကြိတ်ခွဲရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်၏။ ထိုအခါ သင်သည် ကြိတ်ခွဲခြင်းကို ရပ်ပြီး မြည်းကို သတ်ရမည် ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောသူတို့သည် ယင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။ သို့ဆိုလျှင် မနာခံတတ်သော၊ ဆိုဆုံးမရခက်သော၊ မည်သည့်အလုပ်ကိုမျှ အကောင်အထည်မဖော်နိုင်သော အန္တိခရစ်များကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ၎င်းတို့၏ ရာထူးနေရာများမှ ဦးစွာ ထုတ်ပယ်ရန် ဖြစ်သည်။ လူအချို့က “ထုတ်ပယ်လိုက်ရုံဖြင့် ပြီးဆုံးသွားပြီလော” ဟု မေးကြသည်။ အဘယ်ကြောင့် အလျင်လိုနေရသနည်း။ ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်လော့။ ၎င်းတို့ ထုတ်ပယ်ခံရပြီး ၎င်းတို့၏ တန်ခိုးအာဏာကို ဆုံးရှုံးသွားသည်နှင့်တစ်ပြိုင်နက် အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ ဆက်လက်၍ အလုပ်လုပ်ပေးနိုင်သေးပါက ၎င်းတို့ကို နှင်ထုတ်မည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် အလုပ်လုပ်ပေးရမည့်အစား အယူအဆများကို ဖြန့်ဝေခြင်း၊ မကောင်းမှုပြုလုပ်ခြင်းနှင့် နေရာတိုင်း၌ အနှောင့်အယှက်များ ဖန်တီးခြင်းတို့ဖြင့် အရာရာကို ပိုမိုဆိုးရွားစေပါက စည်းမျဉ်းများအရ ၎င်းတို့ကို နှင်ထုတ်ရမည် ဖြစ်သည်။ ခြုံကြည့်သော် အန္တိခရစ်များတွင် ပေါ်လွင်ထင်ရှားသည့် ဤအရာများသည် မုန်းတီးဖွယ် ဖြစ်သည် မဟုတ်လော။ (အလွန့်အလွန် မုန်းတီးဖွယ် ဖြစ်သည်။) ပြီးလျှင် မည်သည့်အရာက ထိုအရာများကို မုန်းတီးဖွယ် ဖြစ်စေသနည်း။ ဤအန္တိခရစ်များသည် ဘုရားသခင်၏ အိမ်တော်တွင် အာဏာသိမ်းလိုကြသည်၊ ခရစ်တော်၏ စကားများကို ၎င်းတို့ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြချေ။ ယင်းတို့ကို ၎င်းတို့က ဆောင်ရွက်ကြမည်မဟုတ်။ ခရစ်တော်၏ စကားများကို လူတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြသည့်အခါ အခြားသော အခြေအနေမျိုးလည်း ပါဝင်ပတ်သက်နိုင်သည်မှာ အမှန်ဖြစ်သည်။ အချို့သော လူတို့သည် အစွမ်းအစ ညံ့ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားသည့်အခါ ၎င်းတို့ နားမလည်နိုင်ကြသကဲ့သို့ ယင်းတို့ကို မည်သို့ ဆောင်ရွက်ရမည်ကို မသိကြချေ။ မည်သို့ဆောင်ရွက်ရမည်ကို ၎င်းတို့အား သင်က သင်ပေးလျှင်ပင် ၎င်းတို့ မလုပ်နိုင်ကြသေးချေ။ ဤသည်မှာ ကွဲပြားခြားနားသော ကိစ္စတစ်ခု ဖြစ်သည်။ ယခု ငါတို့ မိတ်သဟာယပြုနေသည့် အကြောင်းအရာသည် အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။ ယင်းသည် အမှုကိစ္စများကို လူတို့ လုပ်နိုင်စွမ်းရှိခြင်း မရှိခြင်း၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစက မည်သည့်အရာနှင့် တူသည်ဆိုသည်နှင့် မဆက်နွှယ်ပေ။ အန္တိခရစ်များ၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့သည် ခရစ်တော်၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များနှင့် သမ္မာတရား စည်းမျဉ်းများကို လုံးဝ ဆန့်ကျင်ကြသည်။ ၎င်းတို့တွင် ကျိုးနွံနာခံမှုမရှိ၊ ဆန့်ကျင်မှုသာ ရှိသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည့်အရာ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။