အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၂) အခန်း သုံး

ခ။ သူတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း

မိတ်သဟာယ၏ ဒုတိယကဏ္ဍခွဲဖြစ်သည့် အန္တိခရစ်များ၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဆက်ကြစို့။ ဤအရာသည်လည်း အန္တိခရစ်များ၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်သည်။ ယခုအခါတွင် အန္တိခရစ်တို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း၊ ပြီးလျှင် ၎င်းတို့ကိုယ်ပိုင် အကျိုးကျေးဇူးများဖြစ်သည့် ငါတို့ ဆွေးနွေးနေသည့် ဤကဏ္ဍခွဲသုံးခုလုံးတွင် ယင်းတို့ထဲမှအားလုံးသည် အန္တိခရစ်များ၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဆက်စပ်သည်။ ဤအရာများသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဆက်စပ်မှုမှာ အဘယ်နည်း။ (အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ အသင်းတော်၏ အလုပ်ကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးနိုင်သည်။) အန္တိခရစ်များသည် ၎င်းတို့ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသည်။ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော သဘာဝကို ကြည့်သည့်အခါ ဤလူစားမျိုးက ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို အထူးတလည် ကာကွယ်တတ်ခြင်းအပြင် မည်သည့်အရာကို မြတ်နိုးတန်ဖိုးထားသနည်း။ (၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အလွန်နှစ်သက်ကြသည်။) ယင်းမှာ မှန်ပေ၏။ အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်နှစ်သက်ကြသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက်သွေးကြော ဖြစ်သည်။ ဘဝက ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ တစ်ခုတလေကို လုပ်ဆောင်ရန် အားအင်မဲ့ကြသည်။ အန္တိခရစ်တို့အတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းနှစ်ခုလုံးသည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် အတွင်းကျကျ ဆက်နွှယ်သည်။ ယင်းတို့သည် ၎င်းတို့၏ ပျော့ကွက်ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းသည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို ဗဟိုပြုလေသည်။ ဤအရာများအတွက် မဟုတ်လျှင် မည်သည့်အလုပ်ကိုမျှ ၎င်းတို့ လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။ အန္တိခရစ်များတွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့ အပြင်းအထန် ကြိုးပမ်းနေသည့် ရည်မှန်းချက်၊ ၎င်းတို့ အားထုတ်နေသည့် ဦးတည်ချက်မှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းတည်းဟူသော ဤအရာများနှစ်ခုအတွက် ဖြစ်သည်။ တရုတ်ပြည်မကဲ့သို့သော သက်ဦးစံပိုင်အုပ်ချုပ်ရေးနှင့်ဆိုင်သည့် ပတ်ဝန်းကျင်တစ်ခုတွင် ဘုရားသခင်ကို ယုံကြည်သည့်အခါ အန္တိခရစ်များသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို သေချာစေရန်အလို့ငှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားခြင်း မပြုကြပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာ၏ တစ်စိတ်တစ်ပိုင်းမှာ တန်ခိုးအာဏာကို ခိုင်မာစွာ စွဲကိုင်ကာ အသင်းတော်ကို ထိန်းချုပ်လျက် ၎င်းတို့၏ အစွမ်းရှိသမျှဖြင့် အဆင့်အတန်းကို လိုက်စားကြခြင်း ဖြစ်သည်။ အခြားသော အစိတ်အပိုင်းမှာ ၎င်းတို့သည် ၎င်းတို့တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အမြဲ စကားပြောနေကြသည်၊ အလုပ်လုပ်နေကြသည်၊ ပြေးလွှားအလုပ်များကာ အားသွန်ခွန်စိုက် အလုပ်လုပ်နေကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြောဆို၊ လုပ်ဆောင်သမျှတိုင်း ဗဟိုပြုသည့် အဓိကအချက်အချာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအတွက် တကယ့်အလုပ်တစ်ခုမျှ လုံးဝ လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေရန် တကယ့်အလုပ် တစ်ခုကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့က အဖိုးအခပေးသည့်အခါ အဘယ်ကြောင့် ၎င်းတို့ အဖိုးအခပေးသည်ကို ကြည့်လော့။ ကိစ္စရပ်တစ်ခုကို ၎င်းတို့ ကြိုးစားပမ်းစား ငြင်းခုံဆွေးနွေးကြသည့်အခါ ထိုအရာကို အဘယ်ကြောင့် ၎င်းတို့ ငြင်းခုံဆွေးနွေးကြသည်ကို ကြည့်လော့။ လူတစ်ဦးကို ၎င်းတို့ ဆွေးနွေးသည့်အခါ၊ သို့မဟုတ် ရှုတ်ချကြသည့်အခါ ၎င်းတို့တွင် မည်သည့် ကြံရွယ်ချက်နှင့် ရည်မှန်းချက် ရှိသည်ကို ကြည့်လော့။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ၎င်းတို့ စိတ်မကောင်းဖြစ်သည့်အခါ၊ သို့မဟုတ် ဒေါသထွက်သည့်အခါ မည်သည့် စိတ်သဘောထားအား ၎င်းတို့ ထုတ်ဖော်ပြသည်ကို ကြည့်လော့။ လူတို့သည် လူတို့၏ စိတ်နှလုံးအတွင်းကို မမြင်နိုင်ကြသော်လည်း ဘုရားသခင်က မြင်နိုင်သည်။ လူတို့ စိတ်နှလုံးများ၏ အတွင်းကို ဘုရားသခင် ကြည့်သည့်အခါ လူတို့ ပြောဆို၊ လုပ်ဆောင်သည့်အရာ၏ အနှစ်သာရကို အကဲဖြတ်ရန် ဘုရားသခင်က မည်သည့်အရာအား အသုံးပြုသနည်း။ ထိုအရာကို အကဲဖြတ်ရန် သူက သမ္မာတရားကို အသုံးပြုသည်။ လူ၏ အမြင်တွင် မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ခြင်းသည် သင့်တင့်လျောက်ပတ်ပေသည်။ ထို့ကြောင့် ထိုအရာကို ဘုရားသခင်၏ အမြင်တွင် အန္တိခရစ်များ၏ ထုတ်ဖော်ပြချက်နှင့် အမူအရာများ အဖြစ်လည်းကောင်း၊ အန္တိခရစ်များ၏ အနှစ်သာရအဖြစ်လည်းကောင်း အဘယ်ကြောင့် သရုပ်ဖော်ခြင်းခံရသနည်း။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းအတွက် တွန်းအားနှင့် လှုံ့ဆော်သောအရာအပေါ် အခြေခံသည်။ ဘုရားသခင်က ၎င်းတို့ လုပ်ဆောင်သည့်အရာအတွက် တွန်းအားနှင့် စိတ်လှုံ့ဆော်မှုတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အဆုံးတွင် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအတွက် ဖြစ်ရန် မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် ဖြစ်ခြင်းထက် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဖြစ်သည်ကို ဆုံးဖြတ်သည်။

အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားကြသောကြောင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အလို့ငှာ သေချာပေါက် စကားပြောကာ အလုပ်လုပ်သည်။ ၎င်းတို့သည် အခြားအရာအားလုံးအထက်တွင် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ၎င်းတို့ အနီးဝန်းကျင်ရှိ တစ်စုံတစ်ဦးတွင် အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို လိုက်စားကာ ဤလူက ညီအစ်ကို မောင်နှမများကြားတွင် ဂုဏ်ဒြပ်တစ်ခုခု ရရှိသည့်အပြင် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရပြီး ညီအစ်ကို မောင်နှမများက ဤလူကို အမှန်တကယ် လေးစားကာ အသိအမှတ်ပြုလျှင် အန္တိခရစ်များက မည်သို့ တုံ့ပြန်ကြလိမ့်မည်နည်း။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ မုချ ဝမ်းသာမည်မဟုတ်သကဲ့သို့ ၎င်းတို့ထဲတွင် မနာလိုမှု ဖြစ်ပေါ်လိမ့်မည်။ အန္တိခရစ်များက မနာလိုမှု ထားရှိလျှင် ငါ့ကို ပြောလော့၊ ၎င်းတို့သည် ဣန္ဒြေရရနေထိုင်ကြသလော။ ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူကို ၎င်းတို့ အမှန်တကယ် မနာလိုလျှင် မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့၏ စိတ်များတွင် “ဤလူတွင် အတော်လေး ကောင်းမွန်သော အစွမ်းအစရှိသည်။ ဤအလုပ်အကိုင်နှင့်ဆိုင်သည့် သိနားလည်မှုတစ်ခုခု ပိုင်ဆိုင်ပြီး ငါ့ထက် ပိုအားကောင်းသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိသော်လည်း ငါ့အတွက် အကျိုးမရှိပါ။ ငါ့နေရာကို သူ လုယူမည်လော။ တစ်နေ့တွင် ငါ့ကို သူ အမှန်တကယ် အစားထိုးလျှင် ယင်းသည် ဒုက္ခပေးတတ်မည် မဟုတ်လော။ လက်ဦးမှုယူလျက် ငါ ပြုမူဆောင်ရွက်သင့်သည်။ တစ်နေ့တွင် သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လျှင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ငါ့အတွက် သိပ်လွယ်ကူမည် မဟုတ်ပါ။ အရင်ဆုံး တိုက်ခိုက်ခြင်းက ငါ့အတွက် ပိုကောင်းသည်။ ငါ နှောင့်နှေးပြီး ငါ့ကို ဖော်ထုတ်ခွင့် သူ့ကို ပေးလျှင် အကျိုးဆက်က မည်သည့်အရာဖြစ်မည်ကို မည်သူ သိမည်နည်း။ သို့ဆိုလျှင် အဘယ်သို့ ငါ တိုက်ခိုက်၍ရသနည်း။ ဆင်ခြေတစ်ခုကို ငါ ရှာဖို့လိုသည်၊ အခွင့်အရေးတစ်ခုကို ရှာဖို့လိုသည်”ဟူသော ဤအပိုင်ကြံခြင်းမျိုးကို မုချ ပြုလုပ်ကြမည်ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူတို့က တစ်စုံတစ်ဦးကို နှိပ်စက်လိုလျှင် ထိုသို့အပြစ်ပေးရန် ဆင်ခြေနှင့် အခွင့်အရေးတစ်ခုကို ရှာရသည်မှာ ၎င်းတို့အတွက် လွယ်ကူသည် မဟုတ်လော။ မည်သည့်အရာသည် နတ်ဆိုး၏ နည်းစနစ်များထဲမှ တစ်ခု ဖြစ်သနည်း။ (“မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်”ဟူ၍ ဖြစ်သည်။) အတိအကျပင် “မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်” ဟူ၍ ဖြစ်သည်။ စာတန်၏ လောကတွင် ဤဆင်ခြင်တွေးခေါ်မှုစနစ်မျိုး တည်ရှိပြီး ဤအရာမျိုး ဖြစ်ပျက်ပေသည်။ ဤသည်မှာ ဘုရားသခင်အဖို့ လုံးဝ မတည်ရှိပေ။ အန္တိခရစ်များသည် စာတန်နှင့် သက်ဆိုင်ပြီး ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။ ၎င်းတို့က ဤသို့ တွေးဆကြလိမ့်မည်။ “မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်။ ငါသည် သင့်အပေါ် စွပ်စွဲချက်တစ်ခု ထားမည်၊ သင့်ကို နှိပ်စက်ဖို့ သင်၏ မာနထောင်လွှားမှုနှင့် မောက်မာမှုတို့ကို ဖိနှိပ်ဖို့နှင့် ညီအစ်ကို မောင်နှမများ သင့်ကို လေးစားသမှုရှိခြင်းနှင့် နောက်တစ်ကြိမ် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းမှ တားဆီးဖို့ အခွင့်အရေးတစ်ခုကို ရှာမည်ဖြစ်သည်။ ထိုအခါ သင်သည် ငါ့အဖို့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တော့မည်မဟုတ်၊ ဟုတ်သလော။ ဤအလားအလာရှိသော ပြဿနာကို ဖယ်ရှားရှင်းလင်းပြီး ဤပြိုင်ဘက်ကို ဖယ်ရှားလျှင် ငါသည် စိတ်အေးလက်အေးဖြစ်မည် မဟုတ်လော”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်များက ဤကဲ့သို့ ချီတုံချတုံ စဉ်းစားနေလျှင် ပြုမူဆောင်ရွက်ခြင်းမှ အပြင်ပန်းအားဖြင့် ၎င်းတို့ ချုပ်တည်းနိုင်သလော။ အန္တိခရစ်များ၏ သဘာဝကို ထောက်ရှုသော် ၎င်းတို့သည် ဤစိတ်ကူးကို ၎င်းတို့ထဲတွင် သိုဝှက်ထားပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေနိုင်သလော။ လုံးဝ မနေနိုင်ပေ။ ၎င်းတို့အနေဖြင့် ပြုမူဆောင်ရွက်ရန် နည်းလမ်းတစ်ခု မုချ ရှာကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်မှု ဖြစ်သည်။ ၎င်းတို့သည် ဤကဲ့သို့ တွေးကြသည်သာမက ဤရည်မှန်းချက်ကိုလည်း စွမ်းဆောင်ရရှိလိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဦးနှောက်ခြောက်ခံစဉ်းစားရင်း ဤကိစ္စရပ်အပေါ် အသည်းအသန် တွေးဆကြလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ အလေးမထားကြသကဲ့သို့ အသင်းတော်၏ အလုပ်ကိုလည်း အလေးမထားကြပေ။ ၎င်းတို့၏ လုပ်ရပ်များက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းရှိမရှိဟူသည်ကို သာ၍ပင် အရေးမစိုက်ကြချေ။ ၎င်းတို့ တွေးသမျှမှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မည်သို့ ထိန်းသိမ်းရမည်၊ ၎င်းတို့၏ တန်ခိုးအာဏာကို မည်သို့ ကာကွယ်ရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ပြိုင်ဘက်က ၎င်းတို့၏ အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်စေနှင့်ပြီးဖြစ်သည်ဟု ၎င်းတို့ တွေးကြသည်။ ထို့ကြောင့် ထိုသူကို ဖြုတ်ချဖို့ အခွင့်အရေးတစ်ခု ကြိုးစားရှာကြသည်။ ၎င်းတို့၏ ပြိုင်ဘက်က မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တစ်စိုက်မတ်မတ် လုပ်ဆောင်နေခဲ့သူတစ်ဦးကို ၎င်းတို့ကို တိုင်ပင်ခြင်းမရှိဘဲ ဖြုတ်ချကြောင်းကို ၎င်းတို့ သိသည့်အခါ ၎င်းတို့ ဤအရာကို ၎င်းတို့၏ ပြိုင်ဘက်အပေါ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အပြစ်တင်စွပ်စွဲရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုအဖြစ် မြင်ကြလေသည်။ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့က “လူတိုင်း ယနေ့ ဤနေရာတွင် ရှိသဖြင့် ဤကိစ္စရပ်ကို စိစစ်ဖို့အတွက် တင်ပြကြစို့။ တစ်စုံတစ်ဦးကို ခွင့်ပြုချက်မရှိဘဲ၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အလုပ်ဖော်များနှင့် ဆွေးနွေးခြင်းမရှိဘဲ ဖြုတ်ချခြင်းသည် အာဏာရှင်ဆန်သော လုပ်ရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အမှားတစ်ခုကို တစ်စုံတစ်ဦးက အဘယ်ကြောင့် ပြုလုပ်မိမည်နည်း။ ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့ ပြုပြင်ခံရသင့်သည် မဟုတ်လော။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို စွန့်ပစ်သင့်သည် မဟုတ်လော” ဟု ပြောကြသည်။ ဤကိစ္စကို ၎င်းတို့က မလွတ်တမ်းအသုံးချပြီး ၎င်းတို့၏ ပြိုင်ဘက်ကို မတရားသဖြင့် ပြစ်တင်ဝေဖန်ကာ မိမိတို့ကိုယ်ကို မြှင့်တင်ရန် တစ်ဆိတ်ကိုတစ်အိတ်လုပ်၍ ပြောဆိုကြလေသည်။ လက်တွေ့အရှိတရားတွင် အခြေအနေက ထိုမျှ မပြင်းထန်ပေ။ ဖြုတ်ချခြင်း သို့မဟုတ် တာဝန်ခန့်အပ်မှုကို ပြုပြင်ခြင်း စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းသရွေ့ အဖွဲ့ဝင်တစ်ဦး ဖြုတ်ချခြင်းခံရပြီးနောက် သို့မဟုတ် သူ၏တာဝန်ခန့်အပ်မှုမှ ပြုပြင်ခြင်း ခံရပြီးနောက်တွင် အစီရင်ခံချက်တစ်ခု ပြုလုပ်ခြင်းက လုံးဝ လက်ခံနိုင်စရာ ဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤကိစ္စကို တစ်ဆိတ်ကိုတစ်အိတ်လုပ်၍ ပြောဆိုကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်ကို တမင် တိုက်ခိုက်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ကြသည်။ ဤသည်မှာ အခြားသူများကို နှိပ်စက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်ကို ရက်စက်စွာ ပြုပြင်ပြီး ထိုသူနှင့်ပတ်သက်သည့် ပုံကြီးချဲ့ထားသော စွပ်စွဲချက်များကို ပြုလုပ်ကြသည်။ ဤအကြောင်းကို ကြားပြီးနောက်တွင် ညီအစ်ကို မောင်နှမများက “ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသနည်း။ တစ်စုံတစ်ခု မှားနေပုံရသည်။ သူတို့ ပြောနေသည့်အရာသည် လက်တွေ့အရှိတရားနှင့် မကိုက်ညီပါ။ မိမိ၏ တာဝန်ခန့်အပ်ခြင်းကို ပြုပြင်ခံခဲ့ရသည့်သူတစ်ဦးသည် မိမိ၏ တာဝန်ကို တာဝန်သိစွာ ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ပါ။ ယင်းမှာ လက်ခံထားသည့် အချက်တစ်ခု ဖြစ်သည်။ အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းရန်အလို့ငှာ ထိုသူသည် ဖြုတ်ချခံရခြင်း ဖြစ်သည်။ မိမိ၏တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် လေးနက်ပြီး တာဝန်ယူသော လုပ်နည်းကိုင်နည်းတစ်ခုဖြစ်ပြီး သစ္စာစောင့်သိမှုနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤအရာကို အာဏာရှင်ဆန်သော လုပ်ရပ်တစ်ခုအဖြစ် အဘယ်ကြောင့် အမည်တပ်ရသနည်း။ ဤသည်မှာ ‘မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်’ ဟူသည့် ကိစ္စတစ်ခုဖြစ်သည်မှာ သိသာပေသည်။” သမ္မာတရား သိနားလည်မှုအချို့နှင့် ပိုင်းခြားသိမြင်မှု အနည်းငယ်ရှိသည့် မည်သူမဆိုက ဤအန္တိခရစ်များသည် ဩဇာသုံးနေပြီး မိမိတို့ ပြိုင်ဘက်အပေါ် ဒေါသဖြင့်မဲနေခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သတိပြုမိနိုင်ပေသည်။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး အလုပ်အတွက် တာဝန်ယူခြင်း ဖြစ်သနည်း။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး လူကို ပြုပြင်ခြင်း ဖြစ်သနည်း။ ဤအန္တိခရစ်များက ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ် လုပ်နေကြခြင်း ဖြစ်သည်။ ထိုအရာသည် လုံးလုံး လက်တုံ့ပြန်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ လက်စားချေခြင်းသာ ဖြစ်သည်။ ဤအရာသည် လူ၏ အလိုဆန္ဒနှင့် စာတန်ထံမှ လာသည်၊ ဘုရားသခင်ထံမှ မလာပေ။ အလုပ်အတွက်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များအတွက်လည်းကောင်း တာဝန်ယူသော သဘောထားတစ်ခုမှ လာခြင်း သေချာပေါက် မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ ရည်ရွယ်ချက် မဟုတ်။ အန္တိခရစ်များက ၎င်းတို့၏ ရည်ရွယ်ချက်ကို အလွန်ရှင်းလင်းစွာ ဖော်ထုတ်ပြီး လူအချို့က ဤအရာကို မြင်နိုင်ကြသည်။ အန္တိခရစ်များက ယင်းကို သတိပြုမိနိုင်ကြသလော။ (သတိပြုမိနိုင်ကြပါသည်။) ယင်းမှာ အန္တိခရစ်များ၏ ပါးနပ်မှုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ရာတွင်လည်းကောင်း၊ တစ်ပတ်ရိုက်ရာတွင်လည်းကောင်း၊ လူတို့ကို စည်းရုံးသိမ်းသွင်းရာတွင်လည်းကောင်း၊ အထူးသဖြင့် လူတို့ စိတ်နှလုံးများထဲသို့ “ထိုးထွင်းအမြင်” ရှိရာတွင်လည်းကောင်း အကျွမ်းကျင်ဆုံး ဖြစ်သည်။ ၎င်းတို့က “သင်တို့စိတ်နှလုံးများတွင်ရှိသည့် အတွေးတိုင်းကို ငါ ရိပ်စားမိနိုင်သည်။ သင်တို့သည် သမ္မာတရားကို နားလည်ကောင်း နားလည်ကြမည် ဖြစ်သော်လည်း ငါ့ကို မရိပ်စားမိနိုင်ပါ။ သင်တို့ကို ငါ ရိပ်စားမိနိုင်သည်။ ငါ ပြောသည့်အရာကို မည်သူက လက်ခံယုံကြည်ခြင်းမရှိသည်ကို ငါ ပြောနိုင်သည်”ဟု မိမိတို့ဘာသာ တွေးကြသည်။ သို့သော် ဤအရာတစ်ခုကိုမျှ ၎င်းတို့ ပြောဆိုကြသလော။ မပြောဆိုကြပေ။ လူတိုင်း လက်ခံယုံကြည်စေရန်၊ ၎င်းတို့က ထိုလူကို ပြုပြင်ခြင်းအတွက် ကျိုးကြောင်းသင့်သည်ဟု ထိုသူတို့ကို တွေးထင်စေရန် ကျေနပ်စရာကောင်းသည့် အချို့သော စကားလုံးများနှင့် အသုံးအနှုန်းများကို အသုံးပြုကြလေသည်။ မည်သည့်စကားလုံးများကို ၎င်းတို့ အသုံးပြုကြသနည်း။ ၎င်းတို့က “ကျွန်ုပ်သည် သင့်ကို တစ်ကိုယ်ကောင်းဆန်သည့်၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်ကြောင့် ပြုပြင်ခဲ့ခြင်း မဟုတ်ပါ။ အမှန်တွင် ကျွန်ုပ်တို့ကြား၌ ပုဂ္ဂိုလ်ရေး အာဃာတမရှိပါ။ သင့်အနေဖြင့် ထိုလူကို သူ၏ တာဝန်မှ မဆင်မခြင် ဖယ်ရှားသည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းသာ ဖြစ်သည်။ ယင်းကို ကျွန်ုပ် လျစ်လျူရှု၍ ရနိုင်သလော။ သင့်ကို ထိုအရာကို ကျွန်ုပ် လုပ်ခွင့်ပေးခဲ့လျှင် ကျွန်ုပ်ဘက်မှ တာဝန်မဲ့ခြင်း ဖြစ်မည်။ ကျွန်ုပ်သည် သင့်ကိုဖြစ်စေ၊ တစ်ဦးတလေကိုဖြစ်စေ အထူးတလည် ပစ်မှတ်ထားရန် ဤအရာကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ကျွန်ုပ်ဘက်က မှားနေလျှင် ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ဝေဖန်ကာ ပြစ်တင်မောင်းမဲနိုင်သည်။ နောက်လာမည့် ရွေးကောက်ပွဲတွင် ကျွန်ုပ် ဝင်ပြိုင်မည်မဟုတ်ပါ”ဟု ပြောကြသည်။ ဤအရာကို လူအချို့က ကြားသည့်အခါ ၎င်းတို့က လုံးလုံး နားဝေတိမ်တောင် ဖြစ်သွားသည်။ ၎င်းတို့က “သူ့ကို ငါ အထင်လွဲမိပြီထင်သည်။ ရွေးကောက်ပွဲအတွင်းတွင်ပင် ဝင်ပြိုင်ဖို့ပင် သူသည် လိုလားခြင်း မရှိကြပါ။ သူသည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ထိုလူကို ပြုပြင်ခဲ့ခြင်း မဟုတ်ပါ၊ ၎င်း၏ လုပ်ရပ်သည် အသင်းတော်အလုပ်အတွက် တာဝန်ယူတတ်သည့် သဘောထားတစ်ခုအပေါ် အခြေခံသည်။ ဤအရာတွင် အပြစ်မရှိပါ”ဟု တွေးထင်ကြလေသည်။ ဤအန္တိခရစ်များသည် လူအချို့ကို တစ်ဖန် အထင်အမြင်မှားစေနိုင်ကြသည်။ အန္တိခရစ်များသည် ဉာဏ်များကြသည် မဟုတ်လော။ (ဉာဏ်များကြပါသည်။) အလွန့်အလွန် ဉာဏ်များကြ၏။ အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်၊ ၎င်းတို့ စိတ်နှလုံး၏ နက်ရှိုင်းရာကို နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာပြီး လိုအပ်သည့် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုကြသည်ဟု ဆိုနိုင်ပေသည်။ “ဘုန်းကြီးခေါင်းခေါက်ပြီးမှ ပြန်ကန်တော့သည်”ဟူသည့် ဆိုရိုးစကားတစ်ခုခု ရှိသည်။ အန္တိခရစ်များသည် ဤနည်းစနစ်ကို အသုံးပြုကြမည် မဟုတ်လော။ သင့်ကို တိုက်ခိုက်ပြီးနောက်တွင် သင့်ကို ချော့ရန်၊ နှစ်သိမ့်ရန်နှင့် ၎င်းတို့က အလွန့်အလွန် စိတ်ရှည်၊ သည်းခံပြီး မေတ္တာရှိသည်ဟု ခံစားစေရန် နှစ်လိုဖွယ်ကောင်းသော စကားအချို့ကို ပြောကောင်းပြောကြမည် ဖြစ်သည်။ နောက်ဆုံးတွင် သင်သည် ၎င်းတို့ကို အသိအမှတ်ပြုကာ “ကြည့်ပါ၊ ဤလူသည် သူ၏ အလုပ်တွင် ထိုသို့သော ရှင်းလင်းသည့် ရည်မှန်းချက်များရှိပြီး ထိုအလုပ်တွင် သူသည် အလွန် ကျွမ်းကျင်ကြသည်။ ကောင်းလိုက်သည့် ပညာပါတကား။ ၎င်းတို့တွင် ခေါင်းဆောင်၏ အရည်အသွေးများရှိသည်မှာ သိသာထင်ရှားပြီး ကျွန်ုပ်တို့အားလုံးသည် သူနှင့် ယှဉ်လိုက်ပါက အရည်အချင်း မပြည့်မီဟု ခံစားရသည်”ဟု ပြောရလေသည်။ ထိုအခါ ဤအန္တိခရစ်များသည် ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိကြပြီးဖြစ်သည် မဟုတ်လော။ ဤသည်တို့မှာ အန္တိခရစ်များ၏ လှည့်ကွက်များဖြစ်သည်။

အန္တိခရစ်များသည် အထူးသဖြင့် ဒုက္ခပေးတတ်ပြီး ဉာဏ်များကြသည်။ ၎င်းတို့ ပြောသမျှတိုင်းကို အသေအချာ စဉ်းစားထားခြင်းဖြစ်သည်။ မည်သူမျှသည် ဟန်ဆောင်ရာတွင် သာ၍ မကျွမ်းကျင်ပေ။ သို့သော် လျှို့ဝှက်ချက်များ ပေါက်ကြားသွားသည်နှင့်၊ ၎င်းတို့ကို အရှိအတိုင်း လူတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကိုယ်တိုင်အတွက် ငြင်းခုံရန် အစွမ်းကုန် လုပ်ဆောင်ကြပြီး အခြေအနေကို ကုစားရမည့် နည်းလမ်းများကို စဉ်းစားကြကာ ၎င်းတို့၏ ပုံရိပ်နှင့် ဂုဏ်သတင်းကို အဖတ်ဆယ်ဖို့ နည်းလမ်းတစ်ခုအဖြစ် အကျပ်အတည်းမှ လွတ်လမ်းထွင်ရန် လှည့်ဖြားကြလေသည်။ အန္တိခရစ်များသည် နေ့စဉ် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အသက်ရှင်သည်။ အဆင့်အတန်း၏ အကျိုးကျေးဇူးများတွင် ပျော်မွေ့ခံစားရန်အတွက်သာ အသက်ရှင်ကြသည်။ ဤအရာကိုသာ ၎င်းတို့စဉ်းစားသည်။ ၎င်းတို့က ရံဖန်ရံခါ အချို့သော အသေးစား ဆင်းရဲဒုက္ခများကို ခံသောအခါ၊ သို့မဟုတ် အချို့သော အသေးအဖွဲအဖိုးအခများကို ပေးဆပ်သောအခါတွင်ပင် ယင်းသည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ရရှိရန်အတွက်ဖြစ်သည်။ အဆင့်အတန်းကို လိုက်စားခြင်း၊ အာဏာစွဲကိုင်ခြင်း၊ သာယာသောဘဝရှိခြင်းတို့သည် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည်နှင့် ၎င်းတို့အစဉ် ကြံစည်သော အဓိကအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိသည်အထိ လက်မလျှော့ကြပေ။ ၎င်းတို့၏ မကောင်းမှုများ ဖော်ထုတ်ခံရလျှင် ၎င်းတို့က ထိတ်လန့်တုန်လှုပ်ကြသည်။ မိုးကောင်းကင်က ၎င်းတို့အပေါ် ပြိုကျတော့မည့်အလားဖြစ်သည်။ ၎င်းတို့သည် စား၍မဝင်နိုင်၊ အိပ်၍မပျော်နိုင်ပေ။ ၎င်းတို့သည် အိပ်မွေ့ချခံရသကဲ့သို့ ဖြစ်သည်။ စိတ်ဓာတ်ကျခြင်းကို ခံစားနေရသကဲ့သို့ဖြစ်သည်။ မည်သို့ဖြစ်သည်ကို လူတို့က မေးသောအခါတွင် ၎င်းတို့က မုသားများဖန်တီးပြီး “မနေ့က ကျွန်ုပ်သည် အလွန်အလုပ်ရှုပ်ပြီး တစ်ညလုံး မအိပ်ရပါ။ ထို့ကြောင့် ကျွန်ုပ် အလွန် ပင်ပန်းနေသည်” ဟု ပြောသည်။ သို့သော် အမှန်တကယ်တွင် မည်သည့်အရာမျှ မမှန်ပေ။ အားလုံးက လှည့်စားခြင်း ဖြစ်သည်။ ၎င်းတို့သည် “ငါလုပ်ခဲ့သည့် မကောင်းသောအရာများက ဖော်ထုတ်ခံရပြီဖြစ်သည်။ သို့ဖြစ်၍ ငါ၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို မည်သို့ပြန်ရအောင် လုပ်နိုင်မည်နည်း။ ငါ့ကိုယ်ငါ အဖတ်ဆယ်ဖို့အတွက် မည်သည့်နည်းကို ငါအသုံးပြုနိုင်မည်နည်း။ လူတိုင်းအပေါ် ဤအရာကို ရှင်းပြရန် မည်သည့်လေသံ သုံး၍ရမည်နည်း။ ငါ့ကို လူများ မရိပ်စားမိစေရန် မည်သည့်အရာကို ငါပြော၍ရနိုင်မည်နည်း” ဟူ၍ အစဉ်သဖြင့် တွေးတောနေခြင်းကြောင့် ဤသို့ ခံစားရခြင်းဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာသည်အထိ မည်သည့်အရာကိုလုပ်ရမည်ကို အဖြေမရှာနိုင်ပေ။ ထို့ကြောင့် စိတ်ဓာတ်ကျကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မျက်လုံးသည် တစ်နေရာထဲတွင် ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ မည်သည့်အရာကို ကြည့်သည်ကို မည်သူကမျှ မသိပေ။ ပြဿနာများက ၎င်းတို့ကို ဦးနှောက်ခြောက်အောင် စဉ်းစားစေသည်။ အကြောင်းပြချက်ပေါင်းစုံကို ကုန်စင်အောင် စဉ်းစားသည်။ စားချင်သောက်ချင်စိတ် မရှိအောင် ဖြစ်စေသည်။ ဤသို့ဖြစ်သော်လည်း ၎င်းတို့သည် အသင်းတော်အလုပ်ကို ဂရုစိုက်သည့်အသွင် ဟန်ဆောင်နေဆဲဖြစ်ပြီး လူတို့ကို မေးသည်။ “ဧဝံဂေလိအလုပ်က မည်သို့သော အခြေအနေရှိသနည်း။ ဧဝံဂေလိတရားဟောသည်မှာ မည်မျှ ထိရောက်သနည်း။ ညီအစ်ကိုမောင်နှမများက ယခုရက်ပိုင်းတွင် အသက်ဝင်ရောက်မှု တစ်ခုခု ရပြီလော။ တစ်စုံတစ်ဦးက အနှောင့်အယှက်နှင့် အဖျက်အဆီးများ ပြုနေသလော” ဟူ၍ ဖြစ်သည်။ အသင်းတော်အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏ ဤမေးမြန်းခြင်းများသည် အခြားသူများအတွက် အပြသဘောအဖြစ် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို အမှန်တကယ် သိခဲ့ပါက ယင်းတို့ကို ဖြေရှင်းနိုင်ခဲ့မည် မဟုတ်သောကြောင့် ၎င်းတို့၏ မေးခွန်းများသည် ၎င်းတို့က အသင်းတော်၏ အလုပ်အပေါ် ဂရုစိုက်ပုံပေါက်စေရန် မေးခြင်းဖြစ်သည့် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်လေသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့ ဖြေရှင်းဖို့အတွက် အသင်းတော်၏ ပြဿနာများကို တိုင်ကြားလာပါက ၎င်းတို့သည် ခေါင်းခါမည်သာ ဖြစ်သည်။ မည်သည့်အကြံအစည်မျှ ၎င်းတို့အသုံးပြုနိုင်မည် မဟုတ်ဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်လိုသော်လည်း ဟန်မဆောင်နိုင်ကြသကဲ့သို့ မြင်သာအောင်ပြခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို ခံရဖို့ အန္တရာယ်ရှိမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ တစ်ဘဝလုံးတွင် ၎င်းတို့ရင်ဆိုင်ရသည့် အကြီးဆုံး ပြဿနာဖြစ်သည်။ ဤအချိန်တွင် အန္တိခရစ်များသည် “ဤအရာ ဆက်ဖြစ်၍မရပါ”ဟု ပြောသည့်အလား ရံဖန်ရံခါ ခေါင်းခါလျက် ပူသော ပန်းကန်ပြားတစ်ချပ်ပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထို့နောက် ၎င်းတို့က “အဘယ်သို့ဖြစ်ပြီး ငါ အလွန် မိုက်မဲရသနည်း။ ဤကိစ္စရပ်နှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပြီး ငါ မှောက်မှားနိုင်ခဲ့ရသနည်း”ဟု တွေးနေသည့်အလား မိမိတို့ခေါင်းများကို မိမိတို့လက်များဖြင့် ရိုက်ကြလေသည်။ အန္တိခရစ်များက ဤအချက်ကို လက်မခံနိုင်ကြသကဲ့သို့ သက်ပြင်းသာချနိုင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို ဖြည့်ဆည်းရန် ဒုစရိုက်အမှုမျိုးစုံကို ကျူးလွန်ကြလျက် ၎င်းတို့၏ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အလုပ်လုပ်ပေးကြသည်၊ ဆင်းရဲဒုက္ခခံကြပြီး အဖိုးအခပေးကြလေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖော်ထုတ်ခြင်းခံရခြင်းသည် ရှောင်လွှဲမရသော ရလဒ်တစ်ခု ဖြစ်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားခြင်းမှ အနှေးနှင့်အမြန် ပြိုလဲဖို့ သေချာသည်။ ဤဆိုရိုးစကားသည် အန္တိခရစ်များနှင့်ပတ်သက်၍ အံကိုက် ပြည့်စုံလေသည်။ ဟန်ဆောင်မှုများတွင် ကျွမ်းကျင်ပြီး ကျလောက်အောင် ပြောနိုင်ကာ အခြားသူတို့ကို အထင်အမြင်မှားစေနိုင်သော်လည်း ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က သမ္မာတရားကို နားလည်ပြီး လူတစ်ဦး၏ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်လျှင် အန္တိခရစ်များက မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်သည်ဖြစ်စေ၊ မကောင်းမှု မည်မျှ လုပ်ဆောင်ကြသည်ဖြစ်စေ ယင်းတို့ကို လုံးဝ ပိုင်းခြားသိမြင်နိုင်ကြသည်။ “မကောင်းမှုကို ဆက်တိုက် လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေသည်”ဟူသည်နှင့် “မီးဖြင့် ကစားခြင်းသည် သင့်ကို လောင်စေလိမ့်မည်”ဟူသကဲ့သို့သော ဆိုရိုးစကားနှစ်ခု ရှိသည်။ ဤအရာများမှာ အမှုအရာများ တိုးတက်ဖြစ်ထွန်းခြင်းကို စိုးမိုးသည့် ဓမ္မဓိဋ္ဌာန်ကျသော ဥပဒေသများ၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအတွက် ဘုရားသခင် ထူထောင်ထားသည့် ဥပဒေသများဖြစ်သည်။ မည်သူကမျှ ထိုအရာများကို ရှောင်လွှဲ၍မရနိုင်ပေ။ အန္တိခရစ်များ၏ အုပ်စိုးမှုအောက်တွင် အသင်းတော်အလုပ်သည် ဆက်ရှိနေသော်လည်း ယင်း၏ ထိရောက်မှုမှာ ကြီးမားစွာ လျော့ပါးသွားပြီဖြစ်သည်။ အရေးကြီးသော အလုပ်တစ်ခုခုကို ဆိုးယုတ်သော ပုဂ္ဂိုလ်များက ထိန်းချုပ်ထားဆဲဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည် ဖော်ထားခြင်း မရှိလေပြီ။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့သည် အသီးသီး မိမိတို့တာဝန်ကို လုပ်ဆောင်နေကြသော်လည်း စစ်မှန်သည့် ရလဒ် မရှိသကဲ့သို့ အမျိုးမျိုးသော အလုပ်တာဝန်များက တုံ့ဆိုင်းသွားသည့် အခြေအနေတစ်ခုတွင် ရှိသည်မှာ ကြာပြီဖြစ်သည်။ ဤပြဿနာများ၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက အသင်းတော်ကို ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အန္တိခရစ်များအာဏာရှိသည့် မည်သည့်နေရာမဆိုတွင် ၎င်းတို့၏ လွှမ်းမိုးနယ်ပယ်က မည်သို့ရှိသည်ဖြစ်စေ၊ အဖွဲ့တစ်ဖွဲ့သာရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတစ်စိတ်တစ်ပိုင်း၏ အသက်ဝင်ရောက်မှုကို လွှမ်းမိုးမည်ဖြစ်သည်။ အသင်းတော်တွင် ၎င်းတို့ အာဏာရှိလျှင် အသင်းတော်အလုပ်နှင့် ဘုရားအလိုတော်သည် ထိုနေရာတွင် နှောင့်ယှက်ခံရသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အသင်းတော်အချို့တွင် အဘယ်ကြောင့် အကောင်အထည် မဖော်နိုင်သနည်း။ ဤသည်မှာ ဤအသင်းတော်များတွင် အန္တိခရစ်များ၏အာဏာ ရှိသောကြောင့် ဖြစ်သည်။ အန္တိခရစ်ဖြစ်သူ မည်သူမဆိုသည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံမည်မဟုတ်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်နှင့် ဟန်ပြလုပ်ဆောင်ခြင်းတို့သာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များ ဖြစ်လျှင်ပင် တကယ့်အလုပ်ကို လုပ်ဆောင်မည်မဟုတ်။ ပြီးလျှင် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်ခြင်းမရှိဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ ပြောဆိုလုပ်ဆောင်လိမ့်မည်။ ဤသို့ဆိုလျှင် အန္တိခရစ်များက တစ်နေကုန် မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် ဟန်ဆောင်လုပ်ကိုင်ပြပြီး ကြွားဝါနေခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ ပါဝင်သောအရာများကိုသာ လုပ်ဆောင်ကြသည်။ အခြားလူများကို အထင်အမြင်မှားစေခြင်း၊ လူတို့ကို ဆွဲဆောင်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ပြီးလျှင် ခွန်အားစုဆောင်းပြီးသည့်အခါ ပို၍များသော အသင်းတော်များကို ဆက်လက်ထိန်းချုပ်ကြလိမ့်မည်။ ၎င်းတို့က ဘုရင်များအဖြစ်သာ အုပ်စိုးလိုကြပြီး အသင်းတော်တို့ကို ၎င်းတို့၏ သီးခြားနိုင်ငံတော်အဖြစ် ပြောင်းလဲလိုကြသည်။ ၎င်းတို့သည် ကြီးမြတ်သည့် ခေါင်းဆောင်များဖြစ်ဖို့၊ ပြည့်စုံ၍ တစ်ဖက်သတ်ဖြစ်သော အာဏာကို ရဖို့၊ ပို၍များသော အသင်းတော်များကို ထိန်းချုပ်ဖို့သာ လိုလားကြသည်။ အခြားမည်သည့်အရာကိုမျှ စိုးစဉ်းမျှ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းရှိမရှိကို ဂရုစိုက်ရန်မဆိုထားနှင့်၊ အသင်းတော်အလုပ်ကို၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကို အရေးမစိုက်ကြပေ။ ၎င်းတို့သည် မည်သည့်အချိန်တွင် သီးခြား အာဏာကိုင်စွဲနိုင်သည်၊ ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို ထိန်းချုပ်နိုင်သည်၊ ဘုရားသခင်နှင့် တန်းတူရပ်တည်နိုင်သည်ကိုသာ အရေးစိုက်သည်။ အန္တိခရစ်များ၏ ဆန္ဒများနှင့် ရည်မှန်းချက်များသည် အမှန်ပင် ကြီးမားလေသည်။ အန္တိခရစ်များသည် မည်မျှ အလုပ်ကြိုးစားသည့်ပုံပေါ်ပါစေ ၎င်းတို့နှစ်သက်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများ၊ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ဆက်နွှယ်သည့်အရာများနှင့်သာ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ တာဝန်ဝတ္တရားများ၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့်တာဝန်အကြောင်းကိုပင် မစဉ်းစားကြပေ။ ၎င်းတို့သည် သင့်လျော်မှန်ကန်သည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အန္တိခရစ်များဟူသည့် အရာမျိုးပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်နတ်ဆိုးများ၊ စာတန်များ ဖြစ်ကြလေသည်။

အတိတ်ကာလတွင် သူ၏ သက်တမ်းကာလအတွင်းတွင် ငါ အလုပ်တာဝန် ငါးခု ပေးခဲ့သည့် ခေါင်းဆောင်တစ်ဦးရှိခဲ့သည်။ သို့သော် နှစ်လကြာပြီးနောက်တွင် ဤကိစ္စရပ်များထဲမှ တစ်ခုကိုမျှ အကောင်အထည်ဖော်ထားခြင်း မရှိခဲ့ပေ။ အပေါ်ယံတွင် ခေါင်းဆောင်သည် ငုတ်တုတ်ထိုင်ရုံသာ မဟုတ်ဘဲ သူသည် အတော်လေး အလုပ်များပြီး ပင်ပန်းပုံပေါ်ကာ သူ့ကို တစ်ကြိမ်တစ်ခါမျှပင် သင် မြင်ရခဲလေသည်။ ထို့ကြောင့် မည်သည့်အရာဖြင့် သူ အလုပ်များနေခဲ့သနည်း၊ ပြီးလျှင် အဘယ်ကြောင့် သူသည် ငါ တာဝန်ပေးထားသည့် အလုပ်တာဝန်များကို မဖြည့်ဆည်းနိုင်ခဲ့သနည်း။ ဤနေရာတွင် ပြဿနာတစ်ခု ရှိ၏။ ခေါင်းဆောင်သည် အချို့သော အလုပ်တာဝန်များကို ၎င်း၏ တာဝန်များနှင့် သက်ဆိုင်ခြင်းမရှိဟု ယူဆလျက် မလုပ်ချင်ခဲ့သောကြောင့် မလုပ်ခဲ့ပေ။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ထို့အပြင် အချို့သော အလုပ်တာဝန်များအပေါ်ကိုမူ ကွဲပြားသည့် အယူအဆများ ထားရှိလျက် ယင်းတို့ကို ဘေးဖယ်ထားလေသည်။ အခြားသူများထံမှ အကူအညီ လိုအပ်ပြီး အတော်အတန် ဒုက္ခပေးတတ်လျက် အခက်အခဲအချို့ကို ဖြစ်စေသော ခေါင်းဆောင်များက ကိုင်တွယ်ခြင်း မရှိသည့် အလုပ်တာဝန်များလည်း ရှိသည်။ ဤသည်တို့မှာ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ ဖြစ်သည်။ ထို့ကြောင့် နှစ်လကုန်သွားပြီး အလုပ်တာဝန်တစ်ခုတလေကိုမျှ ပြီးမြောက်ခြင်း မရှိပေ။ လူအချို့က “နှစ်လအတွင်းတွင် ဤအလုပ်တာဝန်အားလုံးကို အပြီးသတ်ရန်မှာ ဖြစ်နိုင်သလော”ဟု ပြောကြသည်။ ဖြစ်နိုင်၏၊ ဤအလုပ်တာဝန်အားလုံးကို နှစ်လတွင် အပြီးသတ်နိုင်ပြီး ဤအလုပ်တာဝန်အများစုကို တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းတွင် အပြီးသတ်နိုင်သော်လည်း ခေါင်းဆောင်က ယင်းတို့ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်။ အခြားတစ်စုံတစ်ဦးက လွှဲယူပြီး ဤအလုပ်တာဝန်များကို ထမ်းဆောင်သည့်အခါ အလုပ်တာဝန်ငါးခုလုံးကို တစ်ပတ်အတွင်းတွင် ပြီးစီးခဲ့သည်။ ထိုသို့သော ခေါင်းဆောင်တစ်ဦးကို ဖြုတ်ချသင့်သည်ဟု သင် ထင်သလော။ (ထင်ပါသည်။) အထက်မှ ပေးထားသည့် အလုပ်တာဝန်များထဲမှ တစ်ခုကိုမျှ မပြီးမြောက်သော်လည်း အပေါ်ယံတွင် ၎င်းတို့ အတော်လေး အလုပ်များပုံရသည့် ဤကဲ့သို့သော လူတစ်ဦးကို သင်တို့ အမှတ်မထင် တွေ့ရလျှင် ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်ဖြစ်ပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ချက်ချင်း ဖြုတ်ချသင့်သည်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းသင့်ပေသည်။ ဤစည်းမျဉ်းကို သင်တို့ အဘယ်အရာ တွေးထင်ကြသနည်း။ (ကောင်းပါသည်။) ၎င်းတို့၏ အပြင်ပန်း စိတ်ထက်သန်မှုနှင့် တစ်နေ့လုံး အတော် အလုပ်များပုံရသည့် အချက်ကို မကြည့်နှင့်။ အမှန်တွင် ၎င်းတို့သည် မည်သည့် တကယ့် အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသေးအဖွဲ ကိစ္စများနှင့် အချိန်ကုန်မြဲကုန်လွန်နေကြသည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့၏ လုပ်ရပ်များသည် အနည်းငယ်သော မတူညီသည့် အတန်းအစားများတွင် ကျရောက်သည်။ ပထမဦးစွာ ၎င်းတို့ ကိုင်တွယ်နိုင်သည်ဟု ယုံကြည်သည့် အလုပ်တာဝန်များ၊ ဘေးကင်းလုံခြုံပြီး အန္တရာယ်များစွာ မရှိသည့် အလုပ်တာဝန်များကို ၎င်းတို့က တာဝန်ယူကြသည်။ “အန္တရာယ်များစွာ မရှိ”ဟူ၍ ဆိုခြင်းဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ ဤအလုပ်တာဝန်များကို လုပ်ဆောင်ခြင်းဖြင့် အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားရန် လွယ်ကူသည်၊ အထက်နှင့် ၎င်းတို့ ဆက်ဆံရန် မလိုသကဲ့သို့ အမှုအရာများကို အမှားလုပ်မိခြင်းနှင့် ပြုပြင်ခံရခြင်းတို့အား ၎င်းတို့ ရှောင်ရှားနိုင်သည်ဟု ငါ ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့ ကျွမ်းကျင်သည့် အလုပ်တာဝန်များ၊ အမှားများ လုပ်မိဖို့ အလားအလာ နည်းသည့် အလုပ်တာဝန်များကို ၎င်းတို့ ကိုင်တွယ်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ကြီးမားသည့် အတိုင်းအတာဖြင့် တာဝန်ယူရခြင်းကို ရှောင်ရှားနိုင်ပြီး ပြုပြင်ခံရခြင်း၊ ရှင်းလင်းပစ်ခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်းမှ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ပေသည်။ ဤအလုပ်တာဝန်များသည် အန္တရာယ်ကင်းပြီး တာဝန်ယူရခြင်း မပါဝင်ပေ။ ထို့ကြောင့် ယင်းတို့ကို ၎င်းတို့က တုံ့ပြန်ကာ ကိုင်တွယ်နိုင်ကြသည်။ အမှန်တွင် ဤအရာနှင့် ပတ်သက်၍ ကွယ်ဝှက်ထားသော အရိပ်လက္ခဏာတစ်ခု ရှိသည်။ မည်သူမျှ မမြင်ဘဲ ဤတာဝန်များကို ၎င်းတို့ လုပ်ဆောင်နိုင်မည်ဆိုလျှင် လုပ်ဆောင်ကြမည်လော။ ၎င်းတို့အတွက် တစ်ကိုယ်ရေ အကျိုးအမြတ် မရှိလျှင် လုပ်ဆောင်ကြမည်လော။ မုချ လုပ်ဆောင်ကြမည် မဟုတ်။ မည်သည့် အလုပ်တာဝန်မျိုးကို ၎င်းတို့ နှစ်သက်ကြသနည်း။ အတော် လွယ်ကူ၊ ရိုးရှင်းပြီး အလွန်များစွာ ဆင်းရဲဒုက္ခခံစားရခြင်းမရှိဘဲ ပြီးမြောက်နိုင်သည့် အလုပ်တာဝန်များကို နှစ်သက်ကြသည်။ ထို့အပြင် ၎င်းတို့ စိတ်ဝင်စားပြီး ၎င်းတို့ အယူအဆများနှင့် ကိုက်ညီသည့် တရားဒေသများကို ပိုနားထောင်ကာ အာဂုံဆောင်ရန် လိုလားကြသည်။ ယင်းတို့ကို ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက် ဤတရားဒေသနာများကို အခြားသူများနှင့် ဆွေးနွေးနိုင်ကြသည်။ ဤအရာကို မိမိတို့ကိုယ်ကို ပြစားရန်နှင့် အခြားသူများထံမှ လေးစားမှုကို ရယူရန် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ဤအလုပ်တာဝန်များကို ထမ်းဆောင်ခြင်းက ၎င်းတို့အား ပိုများသော လူတို့နှင့် ဆက်ဆံခွင့်ပေးကာ ၎င်းတို့ အလုပ်လုပ်ရင်း အလုပ်များနေကြောင်း၊ ၎င်းတို့က ခေါင်းဆောင်မှု ရာထူးတစ်ခု ရထားကာ ဤအဆင့်အတန်းနှင့် အခန်းကဏ္ဍရှိကြောင်းတို့ကို သိစေလျှင် ထိုအလုပ်တာဝန်များကို ၎င်းတို့ လုပ်ဆောင်ကြမည်ဖြစ်သည်။ ဤသဘာဝရှိသည့် အလုပ်တာဝန်များကို ၎င်းတို့က ရွေးကြသည်။ သို့သော် ၎င်းတို့ ထမ်းဆောင်ရန် လိုအပ်သည့် အလုပ်က ရှုပ်ထွေးပြီး ၎င်းတို့ တတ်စွမ်းနိုင်မှုများကို ကျော်လွန်လျှင်၊ တစ်စုံတစ်ဦးက ၎င်းတို့ထက် ပိုမိုကျွမ်းကျင်ပြီး ၎င်းတို့ကျရှုံးလျှင် မျက်နှာပျက်ရမည့်၊ အခြားသူများ၏ အထင်သေးခြင်းခံရမည့် အန္တရာယ်ရှိလျှင် ဤအလုပ်တာဝန်များကို လုပ်ဆောင်ရန် မလိုလားကြချေ။ ၎င်းတို့သည် အလုပ်ကြိုးစားရခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ကောင်းစွာ မလုပ်ဆောင်သည့်အတွက် အရှက်ရရခြင်းတို့ကို ကြောက်ကြသည်။ ထို့အပြင် ၎င်းတို့သည် အထူးသဖြင့် ပျင်းရိကာ အားသွန်ခွန်စိုက်လုပ်ရပြီး ပင်ပန်းသော အလုပ်တာဝန်များမှ ဝေးဝေးတွင် ပုန်းကွယ်လျက် ထိုတာဝန်များကို ရှောင်ရှားတတ်ကြသည်။ ထိုအစား ၎င်းတို့၏ ပုံရပ်များကို တိုးတက်ကောင်းမွန်စေသည့် အလုပ်တာဝန်များ၊ အထက်၏ ရိပ်စားမိခြင်းမခံရဘဲ ၎င်းတို့ ဟန်ဆောင်လုပ်ပြ၍ရပြီး အခြားလူတို့၏ စိတ်နှလုံးများကို သိမ်းသွင်းနိုင်သည့် လွယ်ကူအေးဆေးသော အလုပ်တာဝန်များကို လုပ်ဆောင်ရန် နှစ်သက်ကြသည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ ရှိရင်းစွဲ လက္ခဏာများချည်းသာ ဖြစ်သည်။ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့က စံရွေးကြသည်။ ၎င်းတို့တွင် ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုများ၊ အစီအစဉ်များနှင့် အကြံများပင် ရှိသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ တကယ်ကို နာခံခြင်း မရှိကြချေ။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ကြသည်။ အထက်မှ အစီအစဉ်အချို့နှင့်စပ်လျဉ်း၍ ယင်းတို့ကို ၎င်းတို့ သဘောမတူလျှင် လုံးဝ အကောင်အထည်ဖော်ကြလိမ့်မည် မဟုတ်။ ဤကိစ္စရပ်များကို ၎င်းတို့က လုံးဝ ရပ်တန့်သွားအောင် လုပ်ကာ နှောင့်ယှက်နေကြပြီး အသင်းတော်တွင်ရှိသည့် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို သတိမပြုမိကြပေ။ အထက်မှလာသော ဤအစီအစဉ်များကို အကောင်အထည် ဖော်ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆန့်ကျင်ကွဲလွဲလျှင် သို့မဟုတ် လူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင် ယင်းတို့ကို ၎င်းတို့က အကောင်အထည်ဖော်ကြမည်လော။ အကောင်အထည်ဖော်မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က “အထက်က ဤအရာကို ပြီးစေလိုလျှင် ငါ လုပ်မည် မဟုတ်ပါ။ ငါ လုပ်လျှင်ပင် ထိုအရာကို အထက်မှ အမိန့်ပေးခြင်းဖြစ်သည်ဟု အခိုင်အမာဆိုလျက် အထက်၏ အမည်သုံး၍ လုပ်ရမည်ဖြစ်သည်။ ထိုလူတို့ကို ငါ စိတ်အနှောင့်အယှက်ပေးဖို့ မတတ်နိုင်ပါ”ဟု တွေးကြသည်။ အန္တိခရစ်များသည် ဉာဏ်များသော လူစားမျိုးဖြစ်၏၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့လုပ်သမျှတွင် ကျိတ်တွက်ချက်ကာ ရှစ်ကြိမ်၊ ဆယ်ကြိမ်၊ သို့မဟုတ် ထိုထက်ပို၍ပင် တွက်ချက်ကြသည်။ လူစုထဲတွင် တည်ငြိမ်သော ရာထူးများ ရရှိအောင် မည်သို့ပြုလုပ်ရမည်၊ ကောင်းမွန်သော ဂုဏ်သတင်းများနှင့် မြင့်မားသော ဂုဏ်သိက္ခာကို မည်သို့ရရှိရမည်၊ အထက်ကို မည်သို့မျက်နှာလိုမျက်နှာရ လုပ်ရမည်၊ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများက ပံ့ပိုးအောင်၊ ချစ်ခင်လေးစားအောင် မည်သို့ပြုရမည်ဆိုသည်တို့နှင့်ပတ်သက်သည့် အတွေးများက ၎င်းတို့၏ ခေါင်းထဲတွင် ပြည့်နေပြီး ဤရလဒ်များ ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့လျှောက်နေကြသနည်း။ ၎င်းတို့အတွက်မူ ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ အသင်းတော်၏ အကျိုးစီးပွား၊ ဘုရားအိမ်တော်၏ အလုပ်တို့သည် ၎င်းတို့ အဓိက ထည့်သွင်းစဉ်းစားသည့်အရာ မဟုတ်ပေ။ ၎င်းတို့ အလေးထားသည့်အရာများ ဖြစ်ရန်မှာ ပို၍ပင် ဝေးသေး၏။ မည်သည့်အရာကို ၎င်းတို့စဉ်းစားသနည်း။ “ဤအရာအားလုံးက ငါနှင့်မဆိုင်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရောသာ ဖြစ်သည်။ လူတို့သည် ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမည်။ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အသက်ရှင်ရမည်။ ဤသည်မှာ အမြင့်ဆုံးသော ပန်းတိုင်ပင်။ အကယ်၍ လူတစ်ယောက်သည် သူ့အတွက်သူ အသက်ရှင်သင့်ကြောင်းနှင့် သူ့ကိုယ်သူ ကာကွယ်သင့်ကြောင်းကို မသိလျှင် ငတုံးပင် ဖြစ်တော့၏။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှင့် သူ့အိမ်တော်၏ အစီအစဉ်များကို နာခံဖို့ ငါ့ကို ပြောလာလျှင် ထိုအရာက ငါ့အတွက် အကျိုးတစ်ခုခုရှိမရှိ၊ ထိုသို့လုပ်ခြင်းဖြင့် အကျိုးကျေးဇူးတစ်ခုခု ရှိမရှိအပေါ်တွင် မူတည်လိမ့်မည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသောကြောင့် ငါ ရှင်းလင်းပစ်ခြင်း ခံရနိုင်ချေရှိပြီး ကောင်းချီးများရဖို့ အခွင့်အလမ်းကို ဆုံးရှုံးရနိုင်ချေရှိလျှင် ငါကျိုးနွံနာခံမည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အတွက် အလျော့အတင်းအချို့ လုပ်ရန် မကြာခဏ ရွေးချယ်ကြသည်။ အဆင့်အတန်းအတွက် အန္တိခရစ်များသည် မည်သည့်ဒုက္ခမျိုးကိုမဆို ခံနိုင်သည်၊ ဂုဏ်သတင်းကောင်း ရှိရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။ “ကြီးမြတ်သောသူသည် မည်သည့်အချိန်တွင် အလျှော့ပေးပြီး မည်သည့်အချိန်တွင် အလျှော့မပေးရမည်ကို သိသည်” ဆိုသည့် ဆိုရိုးစကားက ၎င်းတို့အတွက် မှန်ကန်ပုံရသည်။ ဤသည်မှာ စာတန်၏ တွေးခေါ်ပုံဖြစ်သည် မဟုတ်လော။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်ဖြစ်သည်။ စာတန်၏ အသက်ရှင်သန်ရေး အခြေခံသဘောတရားလည်း ဖြစ်သည်။ ယင်းသည် လုံးလုံး စက်ဆုပ်ဖွယ်ပင် ဖြစ်၏။

အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် လှည့်ဖြားတတ်ရုံ၊ ဉာဏ်များရုံနှင့် ကောက်ကျစ်ဆိုးယုတ်ရုံသာမကဘဲ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ချေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်တွယ်တာမှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်း မရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ရန်လိုကုန်ကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက်မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်သည်။ ၎င်းတို့၏ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက် မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် လက်စားချေခြင်းတို့ ထွက်ပေါ်လာသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိရုံမက ကျိုးနွံနာခံခြင်း တစ်စက်မျှလည်း မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် အသင်းတော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ မိမိတို့၏ တာဝန်တွင် သစ္စာစောင့်သိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။ ဤလူများသည် သိသာထင်ရှားစွာပင် ဆိုးယုတ်သောလူများဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏အနှစ်သာရ၌ ဆိုးယုတ်သော လူများဖြစ်လေသည်။ စုဝေးပွဲများကို အွန်လိုင်းတွင် ပြုလုပ်သည့်အခါတွင်ပင် အင်တာနက်လိုင်းအားကောင်းသည်ကို ၎င်းတို့ မြင်လျှင် ၎င်းတို့သည် တိတ်တဆိတ်ကျိန်ဆဲပြီး “လိုင်းကျပါစေ။ လိုင်းကျပါစေ။ တရားဒေသနာတွေကို ဘယ်သူမှ မကြားနိုင်ရင် ပိုကောင်းတယ်” ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤလူများသည် မည်သည့်အရာများဖြစ်သနည်း။ (နတ်ဆိုးများဖြစ်သည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်။ အသေအချာပင် ဘုရားအိမ်တော်၏ လူများမဟုတ်ပေ။ ဤနတ်ဆိုးများနှင့် ဆိုးယုတ်သော လူစားမျိုးများသည် မည်သည့်အသင်းတော်တွင် ၎င်းတို့ ရှိကြသည်ဖြစ်စေ ပြဿနာကို ဤနည်းဖြင့် မွှေနှောက်ကြသည်။ ပိုင်းခြားသိမြင်နိုင်သော လူတို့က ၎င်းတို့ကို ဖော်ထုတ်ကာ ကန့်သတ်လျှင်ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် မိမိတို့ အမှားများကို ဝန်ခံခြင်း ရှိကြမည် မဟုတ်။ ထိုအရာသည် ၎င်းတို့ အပိုင်းတွင် ခဏတာဖြစ်သော သတိလစ်ဟင်းမှုတစ်ခုသာ ဖြစ်ပြီး ထိုအရာမှ ၎င်းတို့ သင်ယူသင့်သည်ဟုသာ တွေးကြလိမ့်မည်။ နောင်တရရန် လုံးဝ ငြင်းဆန်သည့် ဤကဲ့သို့သော လူတစ်ဦးသည် မည်သူက ၎င်းကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်သည်ဖြစ်စေ ကျိုးနွံနာခံမည် မဟုတ်ပေ။ ၎င်းက ထိုလူအပေါ် လက်တုံ့ပြန်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ၎င်းက အနေရခက်သောအခါ ညီအစ်ကို မောင်နှမများကိုလည်း လွယ်ကူသက်သာစေဖို့ အလိုမရှိပေ။ ၎င်း၏ စိတ်နှလုံးထဲတွင် ညီအစ်ကို မောင်နှမများကို မကောင်းသည့်အရာများ ဖြစ်ဖို့ ဆန္ဒရှိလျက် ကျိန်ပင်ကျိန်ဆဲပြီး ဘုရားအိမ်တော်၏ အလုပ်ထဲသို့ ဒုက္ခပြဿနာ ရောက်လာဖို့ ဆန္ဒရှိလျက် ကျိန်ဆဲလေသည်။ ဘုရားအိမ်တော်တွင် တစ်ခုတလေ ပြဿနာတက်သည့်အခါ “ဟွန်း၊ နောက်ဆုံးတော့ ပြဿနာတက်ပေပြီ။ ဤအရာအားလုံးသည် သင်က ငါ့ကို ဖြုတ်ချခဲ့သောကြောင့် ဖြစ်ပျက်ခြင်းဖြစ်သည်။ အရာရာ ပြဿနာတက်သွားခြင်းက ကောင်းသည်”ဟု တွေးလျက် တိတ်တဆိတ် ဝမ်းမြောက်ကာ အောင်ပွဲခံသည်။ အခြားသူများ အားနည်းပြီး တိုး၍ အပျက်သဘောဆောင်ကြသည်ကို မြင်ရာတွင် ၎င်းက ဝမ်းသာပြီး နှစ်သက်အားရသည်။ လူတို့ကို သိက္ခာချရန် လှောင်ပြောင်၊ ကဲ့ရဲ့သော စကားများကို ပြောဆိုပြီး “ကျွန်ုပ်တို့ ယုံကြည်သူများသည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် ကျွန်ုပ်တို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်ကာ ဆင်းရဲဒုက္ခကို ခါးစည်းခံကြသည်။ ဘုရားအိမ်တော်က ကျွန်ုပ်တို့၏ အနာဂတ်များအတွက် အမှန်တကယ် တာဝန်ယူနိုင်သည်ဟု သင် ထင်သလော။ ထိုအကြောင်းကို သင် တွေးဖူးသလော။ ကျွန်ုပ်တို့ ပေးနေသည့် အဖိုးအခသည် ထိုက်တန်ပါသလော။ ယခု ကျွန်ုပ်၏ ကျန်းမာရေး သိပ်မကောင်းပါ၊ ပြီးလျှင် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဖတ်ဖတ်မောစေမိလျှင် ကျွန်ုပ်၏ အိုမင်းသည့်အရွယ်တွင် ကျွန်ုပ်ကို မည်သူက စောင့်ရှောက်လိမ့်မည်နည်း” ဟုပင် ပြောဆိုလျက် အပျက်သဘောဆောင်ပြီး ပျက်စီးခြင်းနှင့်ဆိုင်သော စကားများကိုပင် ဖြန့်လေသည်။ လူတိုင်းက အပျက်သဘောဆောင်ခြင်း ခံစားရစေမည့် အရေးအတွက် ထိုသို့သော အရာများကို ၎င်းက ပြောဆိုလေသည်။ ထိုအခါမှသာ ၎င်းသည် ဝမ်းသာပျော်ရွှင်သည်။ ၎င်းတို့သည် မကောင်းကြံတတ်သောသူများ ဖြစ်သည် မဟုတ်လော၊ အန္တရာယ်ပေးနိုင်ပြီး ရက်စက်ကြသည် မဟုတ်လော။ ထိုသို့သော လူများသည် အပြစ်ဒဏ် ခံရသင့်ကြသည် မဟုတ်လော။ (ခံရသင့်ပါသည်။) ထိုသို့သောလူများ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် အမှန်တကယ် ရှိသည်ဟု သင်တို့ ထင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများ ဖြစ်ပုံမရကြ၊ ဘုရားသခင်က လူတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများအား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို အခြေခံအားဖြင့် ၎င်းတို့က မယုံကြည်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လျှင် ထိုသို့သော အရာများကို အဘယ်သို့ဖြစ်ပြီး ပြောနိုင်ကြမည်နည်း။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့သောကြောင့်ဖြစ်သည်ဟု အချို့က ပြောကောင်းပြောနိုင်သည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ (ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် တကယ် မရှိပါ။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိကြသည်။) အမှန်တွင် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်သောကြောင့် ထိုသို့သောအရာများကို ပြောဝံ့ကြခြင်း ဖြစ်သည်။ ဘုရားသခင်က လူတိုင်းအား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို ၎င်းတို့ သာ၍ပင် ယုံကြည်မှု လျော့နည်းကြသကဲ့သို့ ဘုရားသခင်က စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ အတွေးအခေါ်နှင့် စိတ်ကူးတိုင်းအား စောင့်ကြည့်လေ့လာနေသည်ဟူသည်ကို မယုံကြည်ကြပေ။ ဤအရာများကို ၎င်းတို့ မယုံကြည်ကြသောကြောင့်၊ ကြောက်ရွံ့ခြင်း မရှိကြဘဲ ထိုသို့သော နတ်ဆိုးဆန်သော စကားများကို လွတ်လပ်စွာနှင့် မရိုးမဖြောင့် ပြောနိုင်ကြလေသည်။ ဘာသာတရားမရှိသောသူများပင်လျှင် “ကောင်းကင်ဘုံက မျက်လုံးများရှိသည်”ဟူသည်နှင့် “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်”ဟူ၍ မကြာခဏ ပြောဆိုကြသည်။ စစ်မှန်သည့် ယုံကြည်ခြင်း အနည်းငယ်မျှပင်ရှိသော မည်သူမဆိုသည် မယုံကြည်သူများ၏ ဤနတ်ဆိုးဆန်သော စကားများကို သာမန်ကာလျှံကာ ပြောဆိုမည် မဟုတ်ပေ။ ဤသို့ စဉ်းစားပြီး ပြောဆိုသော ယုံကြည်သူများအတွက် ပြင်းထန်သည့် အကျိုးဆက်များ ရှိမည် မဟုတ်လော။ ဤအရာ၏ သဘောသဘာဝသည် ပြင်းထန်သည် မဟုတ်လော။ အလွန် ပြင်းထန်၏။ ဘုရားသခင်ကို ၎င်းတို့က ထိုသို့ ငြင်းပယ်နိုင်ခြင်းသည် ၎င်းတို့က ဘုရားအိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်သည့် နတ်ဆိုးစစ်စစ်များနှင့် ဆိုးယုတ်သောသူများဖြစ်သည်ဟု ဆိုလိုပေသည်။ နတ်ဆိုးများနှင့် အန္တိခရစ်များသာ ဘုရားသခင်ကို ပေါ်တင် စိန်ခေါ်ကြွေးကြော်ဝံ့ကြသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများက ဘုရားသခင်၏ အကျိုးစီးပွားများကို ကိုယ်စားပြုပြီး ဘုရားအိမ်တော် လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်၏ ခေါင်းဆောင်မှု၊ သူ၏ ခွင့်ပြုခြင်းနှင့် သူ၏ လမ်းပြမှုအောက်တွင် ရှိသည်။ ထိုအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး ထိုအရာနှင့် ခွဲ၍မရနိုင်ပေ။ ဘုရားအိမ်တော်၏ အလုပ်ကို ဤသို့ ပွင့်လင်းစွာ ကျိန်ဆဲသောလူများ၊ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားအိမ်တော်ကို အသရေဖျက်ပြီး လှောင်ရယ်ချင်သော လူများ၊ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး အဖမ်းခံရခြင်း၊ အသင်းတော်၏ အလုပ် လုံးဝ တုံ့ဆိုင်းသွားခြင်းနှင့် ယုံကြည်သူများက ၎င်းတို့၏ ယုံကြည်ခြင်းမှ လှည့်ထွက်သွားခြင်းတို့ကို မြင်လိုသူများ၊ ဤအရာ ဖြစ်ပျက်သည့်အခါ ဝမ်းသာမည့်သူများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ (နတ်ဆိုးများဖြစ်ပါသည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်၏၊ ဆိုးယုတ်သော မကောင်းဆိုးဝါး ဝင်စားသူများဖြစ်သည်။ သာမန်လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့သည် ရံဖန်ရံခါ ပုန်ကန်တတ်ကြပြီး ၎င်းတို့ အပျက်သဘောဆောင်ကာ အားနည်းသည့်အခါ အနည်းငယ်သော စိတ်ကူးလေးများကို လက်သင့်ခံကြပြီး ထိုမျှသာဖြစ်ကြသော်လည်း အလွန်ဆိုးကြမည်မဟုတ်၊ သို့မဟုတ် ထိုသို့သော ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်သည့် အတွေးအခေါ်များ ဖြစ်ပေါ်မည် မဟုတ်ပေ။ ဤအနှစ်သာရမျိုးသည် အန္တိခရစ်များနှင့် နတ်ဆိုးများတွင်သာ ပါရှိသည်။ အန္တိခရစ်များတွင် ဤစိတ်ကူးများရှိသည့်အခါ ၎င်းတို့ လွဲမှားကောင်းလွဲမှားမည်ဟု ၎င်းတို့က သံသယရှိကြသလော။ (သံသယမရှိကြပါ။) အဘယ်ကြောင့် သံသယမရှိကြသနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့ စဉ်းစားပြီး ပြောဆိုသည့်အရာက သမ္မာတရားဖြစ်သည်ဟု သူတို့က ယူဆကြသောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မယုံကြည်ကြ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ကြပြီး သူတို့၏ သဘာဝက ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။) ယင်းမှာ ၎င်းတို့၏ သဘာဝ အတိအကျဖြစ်သည်။ စာတန်သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ဘုရားသခင်အဖြစ် သဘောထားဆက်ဆံဖူးသနည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ဟု မည်သည့်အချိန်တွင် ၎င်းက ယုံကြည်ဖူးသနည်း။ မည်သည့်အခါတွင်မျှ မယုံကြည်ဖူးသကဲ့သို့ မည်သည့်အခါတွင်မျှ ယုံကြည်လိမ့်မည်လည်း မဟုတ်ပေ။ အန္တိခရစ်များ၊ ဤနတ်ဆိုးများသည် အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားကြ သို့မဟုတ် သူ့ကို သမ္မာတရားအဖြစ် မယုံကြည်ကြပေ။ အရာခပ်သိမ်းကို ဖန်ဆင်းပြီး အချုပ်အခြာအာဏာ စွဲကိုင်ထားသူမှာ ဘုရားသခင် ဖြစ်ကြောင်းကို ၎င်းတို့က မယုံကြည်ကြပေ။ ထို့ကြောင့် ၎င်းတို့ ပြောဆိုသည့် မည်သည့်အရာမဆို မှန်သည်ဟု ၎င်းတို့က ယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤသို့ မရိုးမဖြောင့် တွေးတောကာ ပြုမူဆောင်ရွက်ကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများက အလားတူ လုပ်ဆောင်ကြသည့်အခါ အတွင်းပိုင်း သဘောကွဲလွဲမှုကို တွေ့ကြုံခံစားကြရသည်။ ၎င်းတို့တွင် အသိစိတ်နှင့် လူ့သိနားလည်မှု ရှိသည်။ ၎င်းတို့၏ အသိစိတ်၊ သိနားလည်မှုနှင့် ၎င်းတို့ နားလည်သည့် သမ္မာတရားတို့က ၎င်းတို့အပေါ် အတွင်းကျကျ သက်ရောက်မှုရှိပြီး ဤအရာက သဘောကွဲလွဲမှု ဖြစ်ပေါ်စေသည်။ ဤသဘောကွဲလွဲမှု ဖြစ်ပေါ်သည့်အခါ မှန်ကန်သောအရာနှင့် မမှန်ကန်သောအရာကြား၊ အမှန်နှင့် အမှား၊ တရားမျှတမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုတို့ကြား တိုက်ပွဲတစ်ခု ဖြစ်ပွားပြီး အဆုံးသတ်တစ်ခုကို ရရှိသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်ကြစဉ်တွင် သမ္မာတရားကို မလိုက်စားသောသူတို့မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများဘက်တွင် ရပ်တည်ကြသည်။ အန္တိခရစ်များ လုပ်ဆောင်သည့် အရာတိုင်းသည် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ပျံ့နှံ့စေကြပြီး ဘုရားအိမ်တော်ကို လှောင်ရယ်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့က ကျိန်ဆဲပြီး အသရေဖျက်ကာ ညီအစ်ကို မောင်နှမများကို ကျိန်ဆဲကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် လိပ်ပြာမသန့်ခြင်း တစ်စက်မျှ မရှိဘဲ၊ နောင်တ စိုးစဉ်းမျှ မရှိဘဲ စိတ်အေးလက်အေးပင် ခံစားရပြီး ၎င်းတို့၏ လုပ်ရပ်များက လုံးဝ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ ဤအရာက အန္တိခရစ်များ၏ စာတန်ဆန်သော သဘာဝကို အပြည့်အဝ ထုတ်ဖော်ပြပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ထုတ်ဖော်ပြသည်။ ထို့ကြောင့် အန္တိခရစ်များသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်ဖြစ်သည်ဟု ပြောခြင်းက ချဲ့ကားခြင်း မဟုတ်ပေ။ အန္တိခရစ်များသည် မွေးရာပါ နတ်ဆိုးများဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိသည့်သူများ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် လုံးဝ မသက်ဆိုင်ပေ။ အန္တိခရစ်များသည် နတ်ဆိုးဝင်စားသူများဖြစ်ကြသည်၊ မွေးရာပါ ဆိုးယုတ်သော မကောင်းဆိုးဝါးများ ဖြစ်သည်။ ယင်းမှာ ပကတိအတိုင်းပင် ဖြစ်လေသည်။

အန္တိခရစ်များ၏ အဓိက အာရုံစိုက်ရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထားရှိရန် ဖြစ်သည်။ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များ ဆောင်ရွက်သည့် လုပ်ရပ်များမှာ အဘယ်နည်း။ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စီမံခန့်ခွဲရန် ၎င်းတို့ မရိုးမဖြောင့် ပြုမူဆောင်ရွက်ကြသည်၊ ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်၊ တွေးနိုင်သမျှအကုန် တွေးကြပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် လိုလားနေကြသည်။ ဤအရာနှစ်ခုသည် ၎င်းတို့၏ အသက်သွေးကြော၊ ၎င်းတို့၏အရာရာ ဖြစ်သည်။ ဤအရာနှစ်ခုကို ရရှိခြင်းသည် အရာရာကို ရရှိပြီးခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့လောကတွင် အဆင့်အတန်းနှင့် ဂုဏ်သတင်းအပြင် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများသာ ရှိသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့အတွက် အရေးမကြီးပေ။ ထို့ကြောင့် အန္တိခရစ်များကဲ့သို့သော လူတို့နှင့် သမ္မာတရား၊ လူ့သဘာဝ၊ တရားမျှတမှု သို့မဟုတ် အပြုသဘောဆောင်သော အရာများအကြောင်း မိတ်သဟာယ ပြုခြင်းသည် အသုံးဝင်သလော။ (အသုံးမဝင်ပါ။) မှန်ပေ၏၊ အသုံးမဝင်ပေ။ ထိုအရာသည် ပြည့်တန်ဆာတစ်ဦးကို အကျင့်သီလကောင်းသော အိမ်တစ်အိမ်တွင် မိန်းမကောင်းတစ်ဦး မည်သို့ဖြစ်ရမည်ဆိုသည်နှင့်ပတ်သက်၍ ပြောပြခြင်း သို့မဟုတ် အကျင့်သီလကောင်းသော ဇနီးမယားနှင့် မိခင်တစ်ဦးဖြစ်ရန် သူမကို သွန်သင်ဖို့ ကြိုးစားခြင်းကဲ့သို့ ဖြစ်သည်။ သူမ နားမထောင်ချင်ပေ၊ ထိုအရာကို သူမ မနှစ်သက်သကဲ့သို့ နှစ်မြို့စရာမရှိဟု မြင်သည်။ ထိုအရာကို မည်သို့ နှစ်မြို့စရာမရှိဟု သူမ မြင်သနည်း။ သူမသည် သင့်ကို သူမ၏ စိတ်နှလုံးထဲတွင် ကြိမ်းမောင်းပြီး သင့်ကို လှောင်ရန်၊ သရော်ရန်၊ တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် အခွင့်အရေးများကို အမိအရ အသုံးချလေသည်။ ယနေ့ခေတ်တွင် အသင်းတော်၌ သမ္မာတရားအကြောင်း သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းကဲ့သို့သော သမ္မာတရားများအကြောင်းကို တစ်စုံတစ်ဦးက မိတ်သဟာယပြုနေသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် အထူးသဖြင့် ပုန်ကန်တတ်သော သဘောထားတစ်ခု ပြသကြသည့် လူများရှိသည် မဟုတ်လော။ (ရှိပါသည်။) ရှိလောက်ပေသည်။ ထိုသို့သော အပြုအမူကို ပြသသူများအား စောင့်ကြည့်လေ့လာပြီး ပိုင်းခြားသိမြင်လော့။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုအပ်မှုအကြောင်း သင် မိတ်သဟာယပြုသည့်အခါ ၎င်းတို့က “အရာရာကို ဘုရားက စီစဉ်သည့်အလား ဘုရား၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်းအကြောင်း တစ်နေ့လုံး သူတို့ ပြောနေကြပြီး လူတို့တွင် ရွေးချယ်စရာတစ်ခုတလေ လုံးဝပင် မရှိပါ”ဟု တွေးလျက် ပြင်းထန်သည့် စက်ဆုပ်မှုတစ်ခုဖြင့် တုံ့ပြန်ကြသည်။ သမ္မာတရားကိုဖြစ်စေ၊ သဟဇာတကျစွာ ပူးပေါင်းဆောင်ရွက်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့် ၎င်းတို့၏တာဝန်များတွင် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် လိုအပ်ချက်ကိုဖြစ်စေ သင် မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အထူးသဖြင့် စက်ဆုပ်လာကြပြီး နားထောင်ရန် မလိုမလားဖြစ်လာကြသည်။ ၎င်းတို့က အင်တင်တင်ဖြင့် နားထောင်လျှင်ပင် ငြိမ်ငြိမ် မထိုင်နိုင်ကြသကဲ့သို့ တစ်နည်းနည်းဖြင့် ငြိမ်ငြိမ် ထိုင်နိုင်ကြလျှင် ၎င်းတို့ အိပ်မောကျသွားပြီးဖြစ်သည်မှာ သေချာသလောက်နီးနီး ဖြစ်သည်။ သင်သည် သမ္မာတရားအကြောင်းနှင့် ကိစ္စရပ်များကို ကိုင်တွယ်နေချိန် စည်းမျဉ်းများ လိုက်လျှောက်ခြင်း အကြောင်းကို မိတ်သဟာယပြုသည့်အခါ ၎င်းတို့သည် အိပ်ချင်မူးတူး ဖြစ်လာကြပြီး ခေါင်းငိုက်စိုက်ဖြစ်လာကြသည်။ သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်း မရှိဘဲ၊ ပြုပြင်ခြင်းမရှိဘဲ အချိန်တချို့ ကြာပြီးနောက်တွင် ၎င်းတို့ အားအင်အပြည့်ဖြစ်လာကြသည်။ ၎င်းတို့သည် လက်လွတ်စပယ်နှင့် မဆင်မခြင် ပြုမူဆောင်ရွက်ကြသည်၊ တစ်ဖက်သတ် ဆုံးဖြတ်ချက်များ ပြုလုပ်ကြပြီး လက်တစ်ဖက်က ဂုဏ်သတင်းကို ဖမ်းဆုပ်စဉ်တွင် အခြားတစ်ဖက်က အဆင့်အတန်းကို ဖမ်းဆွဲလေသည်။ ၎င်းတို့သည် အခြားမည်သူမဆိုထက် ပိုမြင့်အောင်ခုန်ကာ ပြဿနာမျိုးစုံ ဖန်တီးရာတွင် အရသာတွေ့ကြသည်။ ဤလူများသည် အန္တိခရစ်များချည်းသာ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကြပြီး အချိန်မရွေး ကြီးမားသည့် ဒုက္ခပြဿနာ ဖန်တီးနိုင်ကြသည်။

အန္တိခရစ်များ၏ သဘာဝကို ပိုင်ဆိုင်သောသူ မည်သူမဆိုကို အန္တိခရစ်တစ်ဦးအဖြစ် သရုပ်ဖော်သင့်သည်။ ၎င်းတို့ တစ်ဖက်သတ် ပြုမူဆောင်ရွက်လိုသည့်အခါ ၎င်းတို့ကို ချုပ်ထိန်းပြီး တားဆီးသင့်သည်။ ဤအရာကို သံသယရှိရန် မလိုပေ။ အချို့က “သူတို့ကို ကျွန်ုပ်တို့ မတားဆီးနိုင်လျှင် အဘယ်သို့ ဖြစ်မည်နည်း။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု ပြောကောင်းပြောကြမည်။ ၎င်းတို့ကို သေချာပေါက် အောင်မြင်စွာ တားဆီးရန် နည်းလမ်းတစ်ခုကို စကားတစ်ခွန်းမျှဖြင့် သင်တို့ကို ငါ ပြောပြမည်။ ထိုသို့သော အခြေအနေတစ်ခုကို သင် ကြုံရသည့်အခါ “သင်သည် မဆင်မခြင် ပြုမူခြင်း၊ တစ်ဖက်သတ် ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းနှင့် အဆုံးအဖြတ်ပေးခြင်းတို့ကို ရပ်လျှင် သင် သေသွားမည်လော”ဟု ယတိပြတ် ပြောလော့။ ယင်းကို အဘယ်သို့ ထင်သနည်း။ (ကောင်းပါသည်။) အန္တိခရစ်များသည် တစ်ဖက်သတ် ပြုမူဆောင်ရွက်ခြင်းမှ တားဆီးခံရလျှင် အမှန်တကယ် သေဆုံးသွားနိုင်မည်ဟု သင်တို့ ထင်ကြသလော။ (ထင်ပါသည်။) အဘယ်သို့ ဤ“ထင်ပါသည်”ဟူသည့်အရာကို သင်တို့ ရသနည်း။ (အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်အနှစ်သာရတွင် ဤကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့က တစ်ဖက်သတ် ပြုမူ၍မရလျှင် စိတ်မချမ်းမြေ့ဖြစ်ကာ အသက်ဆက်မရှင်နိုင်ကြပါ။) အတိအကျပင် ယင်းမှာ ၎င်းတို့၏ အနှစ်သာရတွင် ၎င်းတို့၏ ဖြစ်ခြင်းသာဖြစ်ပြီး ဤနည်းဖြင့် ၎င်းတို့ ပြုမူဆောင်ရွက်နိုင်ခြင်းမရှိလျှင် စိတ်မချမ်းမြေ့ခံစားကြရသည်။ ထို့ကြောင့် ဤလူများသည် ပုံမှန် ဖြစ်ကြသလော။ (ပုံမှန်မဟုတ်ပါ။) ၎င်းတို့သည် ပုံမှန် မဟုတ်ကြပေ။ ပုံမှန်လူတစ်ဦးက မည်သို့ စဉ်းစားမည်နည်း။ “ကျွန်ုပ် တစ်ဖက်သတ် မပြုမူနိုင်လျှင် ကျွန်ုပ် လက်လျှော့လိုက်မည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ အလွန်ခက်ခဲရသနည်း။ ထိုအရာက ကျွန်ုပ်အတွက် ဘဝကို ပို၍ပင် လွယ်ကူစေသည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူတစ်ဦး တွေးမည့်ပုံ ဖြစ်သည်။ သို့သော် ၎င်းတို့ကို သင်က ဤသို့ပြုမူဆောင်ရွက်ခွင့် မပေးလျှင် အန္တိခရစ်တစ်ဦးသည် စိတ်မချမ်းမြေ့ခံစားရလိမ့်မည် ဖြစ်သည်။ ၎င်းတို့ထဲတွင် နတ်ဆိုးတစ်ကောင် နေထိုင်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ၎င်းတို့ကို တစ်ဖက်သတ် ပြုမူဆောင်ရွက်ခွင့်မပေးခြင်းက ၎င်းတို့အား သေလုနီးပါးဖြစ်သည့်အလား ခံစားရအောင် လုပ်နိုင်ပေသည်။ ဤ“သေလုနီးပါး”ဟူသည့်အရာက မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် သေခါနီးဖြစ်သည့်အလား ထိုအရာကို ၎င်းတို့ မခံနိုင် သို့မဟုတ် ၎င်းတို့ ဆက်အသက်မရှင်နိုင်ဟု ခံစားစေရန်အလို့ငှာ နတ်ဆိုးက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ညှဉ်းဆဲကာ အနှောင့်အယှက်ပေးခြင်းကို ဆိုလိုပေသည်။ ယင်းမှာ ဆိုလိုသည့်အရာဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ရန် ကြိုးစားသည့် အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် ထိုနတ်ဆိုးများအတွက် ၎င်းတို့ထံ ဤစာကြောင်းတစ်ကြောင်းကို ပြောဆိုခြင်းသည် ၎င်းတို့နှင့်အတူ သမ္မာတရားတစ်ခုတလေကို ဆွေးနွေးခြင်းထက် ပို၍ ထိရောက်ပေသည်။ ဤစကားတစ်ခွန်းသည် ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်သည့်အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကဲ့သို့သော လူများအပေါ် အသုံးဝင်သည်။ ဤလူများထံ သမ္မာတရားကို ပြောဆိုခြင်းသည် အသုံးဝင်သလော။ (အသုံးမဝင်ပါ။) “သင့်အနေဖြင့် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို လုပ်ဆောင်ကာ ကိစ္စရပ်များကို ကိုင်တွယ်သင့်သည်” ဟူသည့် ဤစကားမျိုးကို နှစ်များစွာ ပြောဆိုထားပြီးဖြစ်သည်။ ယင်းတို့ကို နားမလည်သောသူ သို့မဟုတ် သတိမရသောသူ တစ်ဦးတလေ ရှိသလော။ မရှိသင့်ပေ။ ထို့ကြောင့် လူအချို့သည် အဘယ်ကြောင့် တစ်ဖက်သတ် ပြုမူဆောင်ရွက်ကြသေးသနည်း။ ဤအရာက အမှုအရာတစ်ခုတည်းကိုသာ ဆိုလိုနိုင်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို မိမိတို့ ထိန်းချုပ်နိုင်ခြင်းမရှိကြ။ ၎င်းတို့က သာမန်လူများ မဟုတ်ကြပေ။ ၎င်းတို့၏ စိတ်များနှင့် နှလုံးသားများက ၎င်းတို့ကို မအုပ်စိုးနိုင်ပေ။ ၎င်းတို့ကို ဤသို့ပြုမူဆောင်ရွက်ရန်၊ အတိအကျအားဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန်၊ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေရန်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ခံစားရရန် ပြုလုပ်ဖို့ ၎င်းတို့ကို အုပ်စိုးနေသည့်၊ ကြမ်းတမ်းစွာနှင့် အတင်းအဓမ္မ ညွှန်ကြားနေသည့် အခြားအရာတစ်ခုသည် အထဲတွင် ရှိသည်။ ထိုသို့သော အရာများကို မည်သူက လုပ်ဆောင်နိုင်မည်နည်း။ စာတန်များနှင့် နတ်ဆိုးများသာ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်နောက်လိုက်သူများ၊ ပုံမှန်လူများ၊ စစ်မှန်သော ဖန်ဆင်းခံများသည် ထိုသို့သော အရာများကို လုပ်ဆောင်ရန် စိတ်လှုံ့ဆော်မှု ရှိကြမည်မဟုတ်ပေ။ စာတန်များနှင့် နတ်ဆိုးများသာ စိတ်လှုံ့ဆော်မှုရှိကြပြီး ဤအရာများကို တမင်တကာ လုပ်ဆောင်ကြသည်။ ဤပြောဆိုချက်ကို သင်တို့ သတိရပြီလော။ (ရပါပြီ။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်ဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။