အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၃) အခန်း နှစ်
၁။ အန္တိခရစ်တို့က ပြုပြင်ခံရခြင်းကို မည်သို့သဘောထားပုံ
အန္တိခရစ်များသည် အဆင့်အတန်း၊ ဂုဏ်သတင်းတို့နှင့် ပတ်သက်လာသည့်အခါ အလွန့်အလွန် ကြီးမားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ထားရှိကြပြီး အခြားသူတို့က ဤအရာကို အလွန့်အလွန် စက်ဆုပ်ဖွယ်ဖြစ်ကာ မနှစ်မြို့စရာ ဖြစ်သည်ဟု မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရက အလွန် မြင်မကောင်းရှုမကောင်းဖြစ်ပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း ပြသရန် လုံလောက်ပေသည်။ သို့ဆိုလျှင် မည်သည့် တိကျသော သရုပ်သကန်များက အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရကို သရုပ်ဖော်ပြသနည်း။ ပထမဦးစွာ အန္တိခရစ်များက ပြုပြင်ခံရခြင်းအား မည်သို့ သဘောထားကြသည်ကို စဉ်းစားကြစို့။ (သူတို့က ထိုအရာကို မုန်းပြီး လက်မခံကြပါ။) မည်သည့်ပုံစံဖြင့် ထိုအရာကို မုန်းကြသနည်း။ အသေးစိတ် ပြောလော့။ (မကောင်းမှု အတော်လေး လုပ်ဆောင်ခဲ့သည့် အန္တိခရစ်တစ်ဦးရှိပြီး ညီအစ်ကို မောင်နှမများက သူ၏ သရုပ်သကန်များထဲမှ အချို့ကို သွားရောက်ဖော်ထုတ်ကြသည့်အခါ သူသည် လုံးဝ နောင်တမရခဲ့ပါ။ သူသည် အလွန် စိတ်နှလုံးခိုင်မာပြီး နောင်တ စိုးစဉ်းမျှ မခံစားခဲ့ရပါ။ မတရားခံရသည်ဟုပင် သူ ခံစားခဲ့ရသည်။ ဤသည်မှာ ကျွန်ုပ် တွေ့မြင်ခဲ့သည့် သရုပ်သကန်မျိုး ဖြစ်သည်။) ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စံပြ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြုပြင်ခြင်းအပေါ် အန္တိခရစ်များ၏ သဘောထားစစ်စစ်မှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေသည်။ ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ ဆက်တိုက်ဖြစ်သော ဒုစရိုက်အမှုများကို မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်းကို ညွှန်ပြနေခြင်း မဟုတ်သလော။ အန္တိခရစ်တို့သည် ဤအတိုင်းအတာအထိ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ၊ မကောင်းသည့်အရာမည်မျှကို ၎င်းတို့ လုပ်ဆောင်ပါစေ ၎င်းတို့သည် ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လာကြခြင်းမဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် “သေသည်အထိ ငြင်းပါ” ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံသည်။ လူတို့က ၎င်းတို့ကို မည်သို့ ဖော်ထုတ်ပါစေ၊ ပိုင်းခြားစိစစ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤအပြုအမူများသည် အန္တိခရစ်များ၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်မဲ့ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသည် မဟုတ်လော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် သဘာဝအနှစ်သာရကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ နှောင့်ယှက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်မကောင်းမဖြစ်နိုင်ကြချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား အနည်းငယ်ကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် နတ်ဆိုးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်မျှထိခိုက်သည်ဖြစ်စေ ယင်းကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ယင်းအားဖြင့် ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ ဝမ်းနည်းခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ဤသည်မှာ သာမန်လူများ၌ မြင်ရသင့်သည့်အရာ လုံးဝ မဟုတ်ချေ။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြပြီး နတ်ဆိုးများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့ကြပေသည်။ ၎င်းတို့က မကောင်းသည့်အရာ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ အသင်းတော်၏ အလုပ်ကို ကြီးမားသည့် ဆုံးရှုံးမှုများ ၎င်းတို့က မည်မျှဖြစ်စေသည်ဖြစ်စေ ဤအရာကို ဝန်ခံရန် ၎င်းတို့က ပြင်းပြင်းထန်ထန် ငြင်းပယ်ကြသည်။ ထိုအရာကို ဝန်ခံခြင်းဟူသည်မှာ ၎င်းတို့က မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ခဲ့မိပြီဖြစ်သည်ဟု ဆိုလိုမည်ဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က “ငါသည် တစ်စုံတစ်ရာကို အမှားများလုပ်မိနိုင်သလော။ ငါသည် လုံးဝ အမှားတစ်ခုမျှ လုပ်မည်မဟုတ်ပါ။ ငါ၏ အမှားကို ငါ့အား ဝန်ခံခိုင်းလျှင် ယင်းမှာ ငါ၏ အကျင့်စရိုက်ကို စော်ကားခြင်း ဖြစ်မည် မဟုတ်လော။ ထိုအဖြစ်အပျက်တွင် ငါ ပါဝင်ပတ်သက်ခဲ့သော်လည်း ငါက ယင်းကို ဖြစ်အောင်လုပ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ငါသည် အဓိက တာဝန်ရှိသည့်လူ မဟုတ်ခဲ့ပါ။ သင် အလိုရှိသည့် မည်သူကိုမဆို သွားရှာပါ၊ သို့သော် ငါ့ကို သင် လာမရှာသင့်ပါ။ မည်သို့ဆိုစေ ဤအမှားကို ငါ ဝန်မခံနိုင်ပါ။ ဤတာဝန်ကို ငါ ခေါင်းမခံနိုင်ပါ”ဟု တွေးကြသည်။ ၎င်းတို့၏ အမှားကို ဝန်ခံလျှင် ရှုတ်ချခံရမည်၊ သေဒဏ်စီရင်ခံရမည် ဖြစ်ပြီး ငရဲသို့လည်းကောင်း၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့လည်းကောင်း အပို့ခံရမည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ၎င်းတို့၏ စစ်မှန်သော နောင်တကို မျှော်လင့်၍ရနိုင်သလော။ အခြားသူများက သမ္မာတရားနှင့်ပတ်သက်၍ မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ အန္တိခရစ်များက အတိုက်အခံ လုပ်ကြဆဲဖြစ်သည်၊ ဆန့်ကျင်ကြဆဲဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ထိုအရာကို အာခံကြဆဲဖြစ်သည်။ ၎င်းတို့ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ၎င်းတို့၏ အမှားများကို ဝန်မခံကြသေးသကဲ့သို့ နောင်တနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခုတလေမျှ လုံးဝ မပြကြချေ။ ထိုကိစ္စကို နောင် ၁၀ နှစ်တွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသည့်အပြင် အမှားတစ်ခု ပြုမိခဲ့ကြသည်ကို ဝန်မခံကြချေ။ ထိုကိစ္စကို နောင် အနှစ် ၂၀ တွင် ထုတ်ပြောသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ရန် ကြိုးစားကြဆဲ ဖြစ်သည်။ သာ၍ စက်ဆုပ်ဖွယ် ကောင်းသေးသည်မှာ ထိုကိစ္စကို နောင် အနှစ် ၃၀အကြာတွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ “ကျွန်ုပ်သည် အမှား မလုပ်ခဲ့ပါ။ ထို့ကြောင့် အမှားတစ်ခုကို ကျွန်ုပ် ဝန်မခံနိုင်ပါ။ ထိုအရာသည် ကျွန်ုပ်၏ တာဝန်မဟုတ်ပါ။ ယင်းကို ကျွန်ုပ် ခေါင်းမခံသင့်ပါ” ဟု ပြောလျက် ငြင်းခုံပြီး မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ကြိုးစားကြဆဲ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ အထုတ်ခံရပြီးနောက် အနှစ် ၃၀ အကြာတွင် အန္တိခရစ်များသည် အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ခဲ့သည့် နည်းလမ်းအပေါ် အတိုက်အခံလုပ်သော သဘောထားတစ်ခုကို ထားရှိကြဆဲဖြစ်သည်ကို လူတိုင်းက အံ့အားသင့်ရပေသည်။ အနှစ် ၃၀ ကြာပြီးနောက်တွင်ပင် ၎င်းတို့ လုံးဝ မပြောင်းလဲကြသေးပေ။ ထို့ကြောင့် ထိုအနှစ် ၃၀ ကို ၎င်းတို့ မည်သို့ ကုန်ဆုံးခဲ့ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ရှုခဲ့ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ပြန်၍မသုံးသပ်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့က ဆုမတောင်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ထံ ရင်ဖွင့်မတိုင်ပင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ တရားဒေသနာများနှင့် မိတ်သဟာယကို ၎င်းတို့ နားမထောင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့သည် ဉာဏ်ရည်မရှိခြင်းနှင့် ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အတွေးအခေါ် မပိုင်ဆိုင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ထိုအနှစ် ၃၀ ကို ၎င်းတို့ ကုန်ဆုံးခဲ့ပုံသည် အမှန်တကယ်ပင် ပဟေဠိတစ်ခုဖြစ်သည်။ အဖြစ်အပျက် ဖြစ်ပြီးနောက် အနှစ်သုံးဆယ်အကြာတွင် ၎င်းတို့သည် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မတရားဆက်ဆံကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို နားမလည်ပေးကြောင်း၊ ဘုရားအိမ်တော်က ၎င်းတို့ကို မမျှမတ ဆက်ဆံကြောင်း၊ ၎င်းတို့အတွက် ပြဿနာများ ဖန်တီးခဲ့ကြောင်း၊ ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင်လုပ်ပြီး ၎င်းတို့ကို မတော်မတရား အပြစ်တင်ခဲ့ကြောင်း တွေးထင်လျက် မကျေမချမ်းမှုနှင့် ပြည့်နေကြဆဲ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူများသည် ပြောင်းလဲနိုင်ကြသလော။ လုံးဝ မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးများက အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုမှုဖြင့်လည်းကောင်း၊ အတိုက်အခံဖြစ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ဖြင့်လည်းကောင်း ပြည့်နေသည်။ ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခြင်းနှင့် ၎င်းတို့ကို ပြုပြင်ခြင်းအားဖြင့် အခြားလူတို့က ၎င်းတို့၏ တည်ကြည်မှုများကို ဖျက်ဆီးခဲ့သည်၊ ၎င်းတို့၏ ဂုဏ်သတင်းကို ပျက်အောင်လုပ်ခဲ့ကြပြီး ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန့်အလွန် ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေခဲ့ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်တွင် ဆုတောင်းရန်၊ ရှာဖွေရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အမှားများကို ဝန်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ လာကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အမှားများနှင့်ပတ်သက်၍ နောင်တရသည့် သို့မဟုတ် ဝန်ခံသည့် သဘောထား လုံးဝ ရှိကြလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သာ၍ပင် လက်ခံကြလိမ့်မည် မဟုတ်ပေ။ ယနေ့အချိန်တွင် ၎င်းတို့သည် ဤကိစ္စရပ်ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သံသယပင်ရှိကာ ငြင်းပယ်ပြီး ဘုရားအိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်စိုးသည်ကို သံသယထားကာ ငြင်းပယ်သည့်အတိုင်းအတာထိ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုကာ ဤအမှားများကို တရားသဖြင့်ဖြစ်အောင် လုပ်ပေးရန်၊ ဤကိစ္စရပ်ကို ထုတ်ဖော်ရန်နှင့် မည်သူမှန်သည်၊ မည်သူမှားသည်ကို အတိအကျ စီရင်ရန် တောင်းဆိုကြသည်နှင့်အမျှ မနာခံမှု၊ မကျေနပ်ခြင်းနှင့် နာကြည်းချက်တို့ကို အငြိုးသိုထားလေသည်။ ဤသည်မှာ အန္တိခရစ်တို့ ပြုပြင်ခံရခြင်း၏ နောက်ဆုံး ရလဒ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြသလော။ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ထိုသမ္မာတရားကို လက်ခံခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်။ ဤအရာမှနေ၍ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်ကို ငါတို့ မြင်နိုင်သည်။
အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကို လက်မခံကြသည့်အတွက် ပြုပြင်ခံရခြင်းကို ၎င်းတို့ သိမြင်မှု တစ်ခုတလေ ရှိကြသလော။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ၎င်းတို့ မိတ်သဟာယပြုသည့်အခါ မည်သည့်အရာကို ၎င်းတို့ ပြောဆိုကြသနည်း။ အခြားသူတို့အား မည်သည့်အရာကို သွန်သင်ပေးကြသနည်း။ ၎င်းတို့က “လူတို့ကို ပြုပြင်ခြင်းသည် ၎င်းတို့ကို စုံလင်စေရန် ဘုရားက အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာက လူတို့အား မိမိတို့ကိုယ်ကို သာ၍ကောင်းစွာ သိရှိရန် အထောက်အကူပြုသည်။ လူတို့ ပြုပြင်ခြင်းခံရသည့်အခါ ထိုအရာကို ၎င်းတို့ အကြွင်းမဲ့ လက်ခံပြီး ကျိုးနွံနာခံသင့်ကြသည်။ ပြုပြင်ခံရခြင်းကို လက်မခံသောသူတို့သည် ဘုရားကို ပုန်ကန်ပြီး သမ္မာတရားကို မချစ်သောလူများ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုလျှင် ပထမဆုံးအနေဖြင့် ပြုပြင်ခြင်းကို လက်ခံရမည်။ ဤသည်မှာ လူတို့ကို ဘုရား စုံလင်စေပုံဖြစ်ပြီး လူတိုင်းက ဤအရာကို တွေ့ကြုံခံစားရမည်။ ပြုပြင်ခြင်းကို လက်ခံခြင်းသည် သမ္မာတရားကို နားလည်ရန်ဖြစ်ပြီး ထိုသို့ဖြင့် မိမိကိုယ်ကိုသိသောအသိ ရရှိကာ ဘုရားကို စိတ်ကျေနပ်အောင် လုပ်ဆောင်ရန် လူတို့အတွက် အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ သင် မည်သူဖြစ်စေ၊ ခေါင်းဆောင်တစ်ဦးဖြစ်စေ၊ သာမန် ယုံကြည်သူတစ်ဦးဖြစ်စေ၊ မည်သည့် တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ ပြုပြင်ခံရရန် သင် ပြင်ဆင်ရမည်။ ပြုပြင်ခံရခြင်းကို သင် လက်မခံနိုင်လျှင် သင်သည် ဝိညာဉ်ရင့်ကျက်မှု မရှိသူတစ်ဦး၊ ကလေးတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။ ပြုပြင်ခြင်းကို လက်ခံသောသူတိုင်းသည် အသက်ကို ပိုင်ဆိုင်ပြီး စုံလင်စေခြင်း ခံရနိုင်စွမ်းရှိသည့် ရင့်ကျက်သော အရွယ်ရောက်သူတစ်ဦး ဖြစ်သည်”ဟု ပြောကြသည်။ အန္တိခရစ်များ၏ နှုတ်များမှ ရိုက်ချက်ပြင်းပြင်းဖြင့် ထွက်လာသော ဤကြီးကျယ်သော စကားများသည် တူရိုက်ချက်များကဲ့သို့ ဖြစ်ပြီး ကြားကောင်းသည့်ပုံပေါ်သည်။ သို့သော် ဤစကားများက မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ပြောဆိုသည့် စာကြောင်းတစ်ကြောင်းတစ်လေက သမ္မာတရား ဖြစ်သလော။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်ကြသလော။ သင်တို့သည်လည်း ထိုသို့သော အရာများကို မကြာခဏ ပြောဆိုကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့၊ ဤစကားများသည် မည်သည့်အရာများ ဖြစ်သနည်း။ (အယူဝါဒများ ဖြစ်သည်။) အယူဝါဒများက မည်သည့်အရာဖြစ်သည်ကို အကျဉ်းချုပ်ကာ အဓိပ္ပာယ်ဖွင့်ဆိုရန် သုံးနေကျ စကားရပ်တစ်ခုကို အသုံးပြုလော့။ (ဆောင်ပုဒ်များ ဖြစ်သည်။) အခြားစကားရပ်များ တစ်ခုတလေကို သင်တို့ စဉ်းစားနိုင်ကြသလော။ (အသုံးမဝင်သည့်၊ အယူအဆဆိုင်ရာ စကားများဖြစ်သည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (ယင်းတို့သည် မဟုတ်တရုတ်နှင့် ပေါက်ကရ စကားချည်းသာ ဖြစ်သည်။) မှန်ပေ၏၊ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်က ထိထိမိမိရှိပြီး စစ်မှန်ပေသည်။ ဤအရာကို လူတိုင်းပြောသည့် အသုံးအနှုန်းဟု ခေါ်သည်။ အယူဝါဒများသည် ပေါက်ကရ စကားချည်းသာ ဖြစ်သည်။ “ပေါက်ကရစကား”ဟူသည့်အရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ အနှစ်မဲ့သော စကားများဖြစ်သည်။ အမှန်တွင် ထိုအရာကို ငါတို့က မည်သို့ စရိုက်လက္ခဏာ သရုပ်ဖော်သနည်း။ စကားများနှင့် အယူဝါဒများအဖြစ် ဖြစ်သည်။ အန္တိခရစ်များ ပြောဆိုသည့် ဤစကားများသည် စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ ပြုပြင်ခံရခြင်း အကြောင်းအရာနှင့် ပတ်သက်လာသည့်အခါ ထိုသို့သော အယူဝါဒများကို မကြာခဏ မြွက်ဆိုနိုင်ကြသော်လည်း ယင်းက ၎င်းတို့တွင် ထိုသမ္မာတရားအပေါ် စစ်မှန်သော သိနားလည်မှုနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိသည်ဟု သက်သေပြသလော။ ၎င်းတို့က ဤစကားများပြောသည်ကို သင် ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့တွင် ပြုပြင်ခံရခြင်းအပေါ် စစ်မှန်သည့်နားလည်မှု တစ်ခုမျှ မရှိသည်ကို သင် သိပေသည်။ ထိုသို့သော မဟုတ်တရုတ်စကား တစ်ပုံကြီးကို ၎င်းတို့၏ ပြောဆိုနိုင်စွမ်းက ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားခြင်း မရှိကြောင်း ပြပေသည်။ ၎င်းတို့သည် အမှန်တကယ် ပြုပြင်ခံရမည်ဆိုလျှင် ၎င်းတို့ လက်ခံမည့် နည်းလမ်း မရှိပေ။ ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်တစ်ဦး၏ သဘောထားမှာ ရန်လိုခြင်းနှင့် အတိုက်အခံလုပ်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ထိုအရာကို သမ္မာတရားအဖြစ် ၎င်းတို့က လုံးဝ လက်မခံကြ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိကြပေ။ ၎င်းတို့အတွက် ထိုသို့ လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ အကျင့်စရိုက်နှင့် သမာဓိကို စော်ကားခြင်း ဖြစ်မည်ဖြစ်သည်။
ပြုပြင်ခံရခြင်းကို အန္တိခရစ်တို့ သဘောထားပုံနှင့် စပ်လျဉ်း၍ အခြားဥပမာတစ်ခုတလေ သင်တို့တွင် ရှိကြသလော။ (အချို့သော အန္တိခရစ်များသည် ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ အပေါ်ယံတွင် မိမိတို့ကိုယ်ကို သိလာကြပုံ ရကောင်းရနိုင်သော်လည်း သွယ်ဝိုက်ညွှန်းဆိုမှုမှာ ဤအရာအတွင်းတွင် တစ်ပတ်ရိုက်ခြင်းနှင့် လူတို့ကို အထင်အမြင်မှားစေရန် ကြိုးစားသည့် လက္ခဏာတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ အမှားတစ်ခုကို ၎င်းတို့ လုပ်မိလျှင် ၎င်းတို့က “ဘုရားသခင်သည် ဤအရာကို ဖြစ်ခွင့်ပေးသည်၊ လူတိုင်းက ဘုရား၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်သည်”ဟု ပြောကြလိမ့်မည်။ တစ်ခါတစ်ရံ အန္တိခရစ်များက “ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင် အကျပ်ရိုက်အောင်လုပ်ရန် မကြိုးစားရပေ သို့မဟုတ် ၎င်းတို့အပေါ် မြင့်မားသည့် တောင်းဆိုမှုများ အလွန်အကျွံ မရှိရပေ”ဟု ပြောလျက် တန်ပြန်စွပ်စွဲချက် အတုများကိုပင် ပြုလုပ်ကြလိမ့်မည်။ အန္တိခရစ်များသည် လူတို့အား အထင်အမြင်မှားစေရန်နှင့် ၎င်းတို့ကို ပိုင်းခြားသိမြင်ခြင်းမှ တားဆီးရန် အားထုတ်သည့်အနေဖြင့် ထိုသို့သော အရာများကို ပြောကြပါသည်။) ဤသည်မှာ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်များသည် အမှားများကို အမှန်များအဖြစ်သို့ မလိမ့်တစ်ပတ် ပြောဆိုကြသည်၊ အဖြူနှင့် အမည်းကို ပြောင်းပြန်ဖြစ်စေကြသည်။ လူတို့က ၎င်းတို့၏ ပြဿနာများအား ရိပ်စားမိမည်ကို ကြောက်လန့်သဖြင့် အန္တိခရစ်များသည် ၎င်းတို့ ပြုလုပ်ခဲ့သည့် အရာများအား သိရှိခြင်း သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း တစ်ခုတလေ မရှိစေဖို့ ထိုသူတို့ကို တားဆီးရန်နှင့် ထိုသို့ဖြင့် လူတို့၏ စိတ်ထဲတွင်ရှိသော ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းနှင့် ဂုဏ်သတင်းကောင်းကို ထိန်းသိမ်းထားရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေဖို့၊ ထိုသူတို့၏ စိတ်များကို အဖျက်အမှောင့်လုပ်ပြီး ထိုသူတို့၏ အမြင်ကို ဝေဝါးသွားအောင် လုပ်ဖို့အတွက် တစ်ပတ်ရိုက်ခြင်းကို အလောတကြီး လုပ်ဆောင်ကြပြီး လှည့်ကွက်စကားအသုံးအနှုန်းမျိုးစုံကို အသုံးပြုကြသည်။ ဤသည်မှာ အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ သို့မဟုတ် ၎င်းတို့ အမှားတစ်ခု လုပ်မိသည့်အခါ သို့မဟုတ် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်မိသည့်အခါ ရုတ်ခြည်း ပြောင်းလဲမှုတစ်ခု လုံးဝ လုပ်ဆောင်မည် မဟုတ်ကြပုံနှင့်စပ်လျဉ်း၍ လွန်ခဲ့သည့်အချိန်တစ်ခဏက ငါတို့ ပြောခဲ့သည့် သဘောထားမျိုးနှင့် အတူတူပင် ဖြစ်သည်။ အခြားသော ဥပမာအချို့မှာ အဘယ်နည်း။ (အန္တိခရစ်များသည် ၎င်းတို့ကို ပြုပြင်သည့် မည်သူ့ကိုမဆို အာဃာတ ထားကြပြီး နောက်ပိုင်းတွင် ထိုသူတို့ကို လက်တုံ့ပြန်ကာ တိုက်ခိုက်ရန် အခွင့်အရေးများကိုပင် ရှာကြသည်။) တိုက်ခိုက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းသည် နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤအရာသည် အန္တိခရစ်များက ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ အဘယ်ကြောင့် ၎င်းတို့က တိုက်ခိုက်ကာ လက်တုံ့ပြန်လိုကြသနည်း။ (၎င်းတို့ကို ပြုပြင်သူမည်သူမဆိုက ၎င်းတို့ လုပ်ခဲ့သည့် မကောင်းမှုမှန်သမျှနှင့် အမှန်တရားများကို ဖော်ထုတ်ကြသည်။ ထိုသူတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်နစ်နာစေကြပြီး လူတို့၏ စိတ်နှလုံးများတွင် ရှိသည့် ၎င်းတို့၏ ပုံရိပ်ကို ဖျက်ဆီးကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသူတို့အပေါ် အာဃာတထားရှိကြပါသည်။) မှန်ပေ၏။ ယင်းမှာ ဆက်နွှယ်မှု တည်ရှိသည့်နေရာ ဖြစ်သည်။ ၎င်းတို့ကို ပြုပြင်သည့် လူများသည် ၎င်းတို့၏ မာနကို ထိခိုက်စေသည်၊ ၎င်းတို့ကို အရှက်ရစေသည့် အနေအထားတစ်ခုတွင် ထားရှိသည်၊ ၎င်းတို့၏ ဂုဏ်သတင်းကို ပျက်စီးစေပြီး အလွန်များသော လူတို့ရှေ့တွင် ၎င်းတို့ကို ဖော်ထုတ်ခြင်းအားဖြင့် အခြားလူတို့၏ စိတ်များတွင်ရှိသည့် ၎င်းတို့၏ အဆင့်အတန်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ လက်တုံ့ပြန်ခြင်းအတွက် အကြောင်းရင်း ဖြစ်သည်။ ဤကိစ္စရပ်တွင် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ ပျက်စီးသွားပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင်ရှိသော ၎င်းတို့၏ မကျေမချမ်းဖြစ်ခြင်းနှင့် အမုန်းတရားတို့အတွက် ထွက်ပေါက်ရှာရန်အလို့ငှာ ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်သည့် လူတို့အား တိုက်ခိုက်ကာ လက်တုံ့ပြန်ရမည့် အခွင့်အရေးများကို ရှာကြလေသည်။ အန္တိခရစ်များက အခြားမည်သည့် သရုပ်သကန်များကို ပြသကြသနည်း။ (အချို့သော အန္တိခရစ်များသည် အထူးသဖြင့် ဉာဏ်များကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်သည့်အခါ ထိုသူတို့ကို ၎င်းတို့က ဆန့်ကျင်ကြမည်မဟုတ် သို့မဟုတ် အပေါ်ယံတွင် မည်သည့် ကြေညာချက်မျှ ပြုလုပ်ကြမည်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ၎င်းတို့ အမှန်တကယ် နားလည်လာပုံရကောင်းရနိုင်သော်လည်း နောက်ပိုင်းတွင် ယခင်က ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မကောင်းသောလုပ်ရပ်များကိုပင် ဆက်လက် ကျူးလွန်ကြလိမ့်မည်ဖြစ်ကာ လုံးဝ အမှန်တကယ် နောင်တရကြလိမ့်မည် မဟုတ်ပါ။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် ထိုသို့သော ဟန်ဆောင်မှုများကို အသုံးပြုကြပါသည်။) ဤသည်မှာ နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်မျိုးမျိုးက ထိုသို့ အတိအကျ လုပ်ဆောင်သည်။ ၎င်းတို့က “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်။ လက်ရှိအချိန်တွင် သည်းခံခြင်းကို ကျင့်သုံးမည်ဖြစ်ပြီး ငါ့ကို ရိပ်စားမိခွင့် သင့်ကို ပေးမည်မဟုတ်ပါ။ ငါက သင့်ကို ဗြောင်ကျကျ ဆန့်ကျင်ကာ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်လျှင် ငါက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူတစ်ဦး၊ သို့မဟုတ် မချစ်သောသူတစ်ဦး ဖြစ်သည်ဟု သင် ပြောလိမ့်မည်ဖြစ်ပြီး ထိုအရာက ပေါက်ကြားသွားလျှင် ငါ၏ ဂုဏ်သတင်းအပေါ် သက်ရောက်မှုတစ်ခု ရှိမည်ဖြစ်သည်။ ငါတို့၏ ညီအစ်ကို မောင်နှမများက သိသွားလျှင် သမ္မာတရားကို ချစ်ခြင်းလုံးဝ မရှိသူတစ်ဦး၏ ခေါင်းဆောင်မှုကို ၎င်းတို့ လက်ခံရန် သေချာပေါက် ငြင်းကြမည်ဖြစ်သည်။ ပုံရိပ်ကောင်းကို ငါ ဦးစွာ ထူထောင်ရမည်။ ပြုပြင်ခြင်းကို ငါ ရင်ဆိုင်ရပြီး တစ်စုံတစ်ဦးက ငါ ပြုလုပ်မိသည့် အမှားများ သို့မဟုတ် ပြစ်မှားမှုများ တစ်ခုတလေကို ဖော်ထုတ်နေသည့်အခါ ငါ အမှန်တကယ် တွေးနေသည့်အရာကို မည်သူ့ကိုမျှ ရိပ်စားမိခွင့် သို့မဟုတ် သိခွင့်မပေးဘဲ ထိုအရာကို လက်ခံကာ ဝန်ခံခြင်းဖြင့် ခေါင်းညိတ်နေသယောင် ဟန်ဆောင်ခြင်းအားဖြင့် ပြုံးကာ သည်းခံလိုက်မည်။ ထို့နောက် ဟန်ဆောင်မှုတစ်ခုကို ပြုလုပ်နိုင်သည်၊ မျက်ရည်အနည်းငယ် ကျကာ ဘုရားကို အကြွေးတင်ကြောင်း အကြောင်းအရာအချို့ကို ပြောပြီး ထိုကိစ္စကို အပြီးသတ်နိုင်သည်။ ထိုသို့ဖြင့် ညီအစ်ကို မောင်နှမများက ငါသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးဖြစ်သည်ဟု တွေးထင်ကြလိမ့်မည်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦးအဖြစ် ငါ တရားသဖြင့် ဆက်လုပ်နိုင်သည်။ သို့ဆိုလျှင် ငါ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် တာရှည်ခံလိမ့်မည်ဖြစ်သည်၊ ဟုတ်ပါသလော”ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းမှာ ဟန်ဆောင်မှုတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ရိပ်စားမိဖို့ လွယ်သည်ဟု သင်တို့ ပြောမည်လော။ (ရိပ်စားမိဖို့ မလွယ်ပါ။) ၎င်းတို့က ပြဿနာများ ကြုံနေရချိန်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း ရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဟူသည်တို့ကို မြင်ရန် စောင့်ကြည့်လေ့လာခြင်းနှင့် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်း ကာလတစ်ခု လိုအပ်သည်။ အပေါ်ယံတွင် ၎င်းတို့က မည်မျှ ကောင်းမွန်စွာ သို့မဟုတ် မှန်ကန်စွာ စကားပြောနိုင်ကြမည်ဖြစ်စေ ယင်းမှာ ယာယီခဏသာ ဖြစ်သည်။ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ အမှန်တကယ် စဉ်းစားသည့်ပုံစံက ပေါ်လာလိမ့်မည်။ ၎င်းတို့ကို ဘုရားသခင်က ထုတ်ဖော်ခြင်းမရှိလျှင်ပင် အန္တိခရစ်များသည် ၎င်းတို့၏ စစ်မှန်သော အတွေးအခေါ်များနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရများကို ဆက်လက် သိုသိပ်ဖုံးဖိနိုင်ကြသလော။ ၎င်းတို့၏ တစ်ဘဝလုံး ထိုအရာများကို ဖုံးဖိနိုင်ကြသလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ အနှေးနှင့်အမြန်ဆိုသကဲ့သို့ ဤအရာများက ပေါ်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက မည်မျှ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ သို့မဟုတ် ဉာဏ်များသည်ဖြစ်စေ ၎င်းတို့က ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများ ထားရှိကာ ၎င်းတို့၏ လုပ်ရပ်များတွင် သမ္မာတရားကို ဆန့်ကျင်ကြသရွေ့ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောလူတို့၏ ပိုင်းခြားသိမြင်ခြင်းနှင့် ရိပ်စားမိခြင်း ခံရကြလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့သော အန္တိခရစ်များသည် အားလုံးထဲတွင် ဉာဏ်အများဆုံး ဖြစ်သည်။ အပေါ်ယံတွင် ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို လက်ခံပုံရကြသော်လည်း အမှန်တွင် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများနှင့် ၎င်းတို့၏အနှစ်သာရတွင် ၎င်းတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ အပြုသဘောဆောင်သည့်အရာများနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့က အပြောကောင်းကြသောကြောင့် အများစုက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသကဲ့သို့ သမ္မာတရားကို နားလည်သော လူတို့ကသာ ဤလူစားမျိုးကို ပိုင်းခြားသိမြင်ကာ ရိပ်စားမိနိုင်ကြသည်။ အခြားဥပမာတစ်ခုတလေ ရှိသေးသလော။ (သူ၏ လုပ်ဖော်ကိုင်ဖက်က သူ့ထက် အစွမ်းအစကောင်းပြီး အလုပ်လုပ်ရာတွင် သူ့ထက် တော်သည်ကို မြင်သည့် ဤအန္တိခရစ်တစ်ဦး ရှိသည်။ သူ၏ အဆင့်အတန်းကို လုံခြုံစိတ်ချစေရန်အလို့ငှာ သူသည် အချက်အလက်များကို လျှို့ဝှက်စွာ လွဲချော်စေပြီး လူတို့ကို အထင်အမြင်မှားစေလျက်၊ ၎င်းတို့ကို စည်းရုံးသိမ်းသွင်းပြီး သူ့စကားကို နားထောင်စေလျက် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွဲဖက်များကို ဝေဖန်မှုများ ပြုလုပ်လေသည်။ ဤအရာက သူ၏ လုပ်ဖော်ကိုင်ဖက်များကြားတွင် အပြန်အလှန် မယုံကြည်မှု ဖြစ်စေခဲ့သည်။ သူတို့သည် သဟဇာတဖြစ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြတော့သကဲ့သို့ အလုပ်၏ မည်သည့်ကဏ္ဍတွင်မျှ ရလဒ်တစ်ခုမျှ မရရှိခဲ့ပေ။ အန္တိခရစ်၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခံရသည့်အခါ ထိုအရာကို သူက လက်ခံရန် ငြင်းရုံမက ဆင်ခြေများပင် ပေးကာ တာဝန်ကို ခေါင်းရှောင်ဖို့ ကြိုးစားလေသည်။ သူသည် သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်မှာ သိသာထင်ရှားခဲ့သည်။ ညီအစ်ကို မောင်နှမ မည်မျှကို သူ ထိခိုက်နစ်နာစေခဲ့သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အလုပ်ကို သူ မည်မျှ ပြင်းထန်စွာ အဖျက်အမှောင့်လုပ်ခဲ့ပြီး နှောင့်ယှက်ခဲ့သည်ဖြစ်စေ၊ သူသည် စိတ်မကောင်းဖြစ်ခြင်းကိုဖြစ်စေ၊ အပြစ်ရှိသည့်စိတ်ခံစားရခြင်းကိုဖြစ်စေ မဆိုထားနှင့်၊ ဂရုပင်မစိုက်ခဲ့ပါ။ သူသည် လူ့သဘာဝ သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှ မရှိခဲ့ပါ။) တိုတိုပြောရလျှင် အန္တိခရစ်များသည် ၎င်းတို့ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် လူတကာ၏ အကျိုးစီးပွားများကို စတေးခြင်းနှင့် ပတ်သက်၍ မည်သည့် စနိုးစနောင့်ဖြစ်ခြင်းမျှ မရှိပေ။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ထိန်းသိမ်းရန် လူတိုင်းအပေါ် ၎င်းတို့ နင်းရမည်ဆိုလျှင်ပင် ဤအရာကို လုပ်ဆောင်ရန် ၎င်းတို့ တွန့်ဆုတ်ကြမည် မဟုတ်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ အခြားလူများ ရှင်သည်၊ သေသည်ကို ၎င်းတို့ ဂရုမစိုက်ကြသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်နှင့် အသင်းတော်၏ အကျိုးစီးပွားများက ၎င်းတို့ စိတ်များတွင် တကယ့်ကို ရှိပင်မရှိသည့်အပြင် ၎င်းတို့ အလေးထားခြင်း နယ်ပယ်အတွင်းတွင် လုံးဝ မရှိပေ။ ဤလုပ်ရပ်များမှနေ၍ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ လူများ မဟုတ်သည်ကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့သည် တဖြည်းဖြည်းချင်း အယုံသွင်းပြီး ဝင်လာခဲ့ကြသည့် ဘာသာတရား မရှိသောသူများဖြစ်သည်။ ဘုရားအိမ်တော်သည် ၎င်းတို့၏ အိမ်မဟုတ်။ ထို့ကြောင့် ထိုအိမ်တော်၏ အကျိုးစီးပွားတစ်ခုမျှ ၎င်းတို့နှင့် ပတ်သက်မှု တစ်ခုတလေ မရှိပေ။ ၎င်းတို့သည် တန်ခိုးအာဏာ စွဲကိုင်ခြင်းနှင့် လူတို့ကို ထိန်းချုပ်ခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကိုသာ စွမ်းဆောင်ရရှိလိုကြပြီး ဘုရားအိမ်တော်တွင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းလိုကြသည်။ ဤသည်မှာ အန္တိခရစ်များတွင် ရှိသည့် သဘာဝ အနှစ်သာရမျိုး ဖြစ်သောကြောင့်၊ ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။
ငါတို့ ယခုတင်ပေးပြီးဖြစ်သည့် ဥပမာများမှနေ၍ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားရန်ဖြစ်သော အန္တိခရစ်များ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မွေးရာပါဖြစ်သည်ကို သင် မြင်နိုင်သည်။ အန္တိခရစ်များသည် ထိုသဘာဝ အနှစ်သာရမျိုးဖြင့် ထိုသို့ မွေးလာကြသည်။ ၎င်းတို့သည် မွေးဖွားပြီးနောက် ဤအရာကို သင်ယူခဲ့ကြခြင်း လုံးဝ မဟုတ်သကဲ့သို့ ၎င်းတို့ ပတ်ဝန်းကျင်၏ အကျိုးဆက်တစ်ခုလည်း မဟုတ်ပေ။ ထိုအရာမှာ အချို့သော နာမကျန်းဖြစ်သည့် လူများက မွေးဖွားပြီးနောက်တွင် ၎င်းတို့၏ ရောဂါများ ကူးစက်ခြင်း မဟုတ်ဘဲ ထိုအစား မျိုးရိုးလိုက်ကြခြင်းကဲ့သို့ပင် ဖြစ်သည်။ ဤရောဂါမျိုးများကို ကုသရန် မဖြစ်နိုင်ပေ။ အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားရန် ရည်မှန်းချက်တစ်ခုဖြင့် မွေးဖွားလာကြခြင်း ဖြစ်ပြီး ၎င်းတို့သည် နတ်ဆိုး ဘုရင်များ၏ လူဝင်စားခြင်းများနှင့် မခြားပေ။ အန္တိခရစ်များသည် သမ္မာတရားကို မနှစ်မြို့သကဲ့သို့ မုန်းတီးကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လုံးဝ လက်မခံကြချေ။ ထို့ကြောင့် မည်သည့် ပြုပြင်ခြင်းမျိုးကို ၎င်းတို့ ကြုံရသည်ဖြစ်စေ ထိုအရာကို လက်ခံကြမည် မဟုတ်။ သာမန် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးက ၎င်းတို့ကို ပြုပြင်လျှင် ထိုအရာကို လက်ခံရန် ၎င်းတို့ သာ၍ပင် လိုလားကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က “သင်သည် ငါ့ကို ပြုပြင်ရန် အရည်အချင်းမပြည့်မီပါ။ သင် မထိုက်တန်ပါ။ သင်သည် ရက်ပေါင်းမည်မျှ ယုံကြည်ဖြစ်ပြီးပြီနည်း။ ငါ ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့ချိန်တွင် သင် မွေးပင်မမွေးသေးပါ။ ငါ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ချိန်တွင် သင်သည် ဘုရားကို စတင်၍ပင် ယုံကြည်ခြင်း မရှိသေးပါ”ဟု ယုံကြည်ကြသည်။ ယင်းမှာ ၎င်းတို့ကို ပြုပြင်နေသည့် ညီအစ်ကို မောင်နှမများအပေါ် ၎င်းတို့ထားရှိသည့် သဘောထား ဖြစ်သည်။ ၎င်းတို့သည် အရည်အချင်းများနှင့် ဝါရင့်မှုတို့ကို အာရုံစိုက်ကြပြီး ဤအကြောင်းပြချက်များကြောင့် ပြုပြင်ခြင်းကို ငြင်းကြသည်။ သို့ဆိုလျှင် အထက်က ၎င်းတို့ကို ပြုပြင်သည့်အခါ ၎င်းတို့ လက်ခံနိုင်ကြသလော။ ၎င်းတို့၏ သဘာဝ အနှစ်သာရအရ ယင်းကိုလည်း ၎င်းတို့က လက်ခံကြမည် မဟုတ်ပေ။ အပေါ်ယံတွင် မည်သည့်အရာကိုမျှ ၎င်းတို့ ပြောကောင်းမပြောနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများက ထိုအရာကို မုချ အတိုက်အခံလုပ်ကာ ငြင်းပယ်ကြလိမ့်မည်။ ဤသည်မှာ သံသယရှိရန် မလိုပေ။ အထက်၏ ပြုပြင်ခြင်းကို ၎င်းတို့ အမှန်တကယ် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များ၏ မြင်ရလေ့အရှိဆုံးသော သရုပ်သကန်မှာ ၎င်းတို့အနေဖြင့် အကျိုးဆက်မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်ရန်အလို့ငှာ အထက်ကို လိမ်ပင်လိမ်ညာကာ ၎င်းတို့လက်အောက်တွင် ရှိသူများထံမှ အမှုအရာများကို ဖုံးကွယ်ကြလျက် တာဝန်ကို ခေါင်းရှောင်ရန်အလို့ငှာ မိမိတို့ကိုယ်စား အသည်းအသန် ကတ်သီးကတ်ဖဲ့ ပြောပြီး ငြင်းခုံခြင်းဖြစ်သည်။ အန္တိခရစ်များသည် အထက်၏ ပြုပြင်ခြင်းကို ရှောင်ရှားရန်အတွက် အထက်ကို လိမ်ညာပြီး ၎င်းတို့လက်အောက်တွင် ရှိသူများထံမှ အမှုအရာများကို ဖုံးကွယ်သည့် နည်းလမ်းကို မကြာခဏ အသုံးပြုကြသည်။ ဥပမာအနေဖြင့် အသင်းတော်တွင် ပြဿနာများစွာ ရှိလျှင် ယင်းတို့ကို ၎င်းတို့ လုံးဝ သတင်းမပို့ကြပေ။ ထိုပြဿနာများကို ညီအစ်ကို မောင်နှမများက သတင်းပို့လိုလျှင် အန္တိခရစ်များက ၎င်းတို့ကို သတင်းပို့ခွင့် မပေးကြသကဲ့သို့ သတင်းပို့သူ မည်သူမဆိုသည် ၎င်းတို့၏ ဖိနှိပ်ခြင်းနှင့် ဖယ်ကြဉ်ခြင်းတို့ကို ကြုံရသည်။ အကျိုးဆက်အနေဖြင့် လူအများစုသည် ထိုအရာနှင့် မဖြစ်မနေ ကင်းကင်းရှင်းရှင်း နေရသည်၊ ပြဿနာများကို မဖြေရှင်းဘဲ ထားကြရပြီး လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူဆောင်ရွက်ကြရလေသည်။ အန္တိခရစ်များက အသင်းတော်၏ ပြဿနာများကို လုံးဝ လျှို့ဝှက်ထားလျက် ပိတ်ပင်ထားပြီး အထက်ကို ကြားဝင်ခွင့် သို့မဟုတ် မေးမြန်းမှုများ ပြုလုပ်ခွင့်မပေးပေ။ အန္တိခရစ်များက အထက်၏ အလုပ်အစီအစဉ်များကိုလည်း ၎င်းတို့ တတ်နိုင်သမျှ ထိမ်ချန်ထားပြီး ယင်းတို့ကို လက်ဆင့်ကမ်းခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်း မရှိကြပေ။ အထက်၏ အလုပ်အစီအစဉ်များက ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို သက်ရောက်မှု မရှိလျှင် အပေါ်ယံ ကြေညာချက် အနည်းငယ်ကို ၎င်းတို့ ပြုလုပ်ကောင်းပြုလုပ်မည်ဖြစ်ပြီး ဟန်ဆောင်လုပ်ပြရုံ လုပ်ပြမည်ဖြစ်သော်လည်း ယင်းတို့ကို အမှန်တကယ် သေချာပေါက် အကောင်အထည်ဖော်ကြမည် မဟုတ်ပေ။ အထက်၏ အလုပ်အစီအစဉ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေလျှင် သို့မဟုတ် သက်ရောက်မှု တစ်ခုခုရှိလျှင် အန္တိခရစ်များက စဉ်းစားကြရသည်။ မည်သို့ ပြုမူဆောင်ရွက်ရမည်၊ မည်သူ့အပေါ် ဦးတည်ဆောင်ရွက်ရမည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ပြုမူဆောင်ရွက်ရမည်ဟူသည်တို့ကို ၎င်းတို့ စဉ်းစားကြရသည်။ ဤအရာများနှင့် စပ်လျဉ်း၍ ၎င်းတို့သည် မိမိတို့ စိတ်များတွင် အကြိမ်ကြိမ် အပိုင်ကြံလျက် သေချာ ဆောင်ရွက်ရမည်ဖြစ်သည်။ အသင်းတော်အလုပ်တွင် ပြဿနာအချို့ ဖြစ်ပေါ်လျှင် အထက်က ထိုပြဿနာများအကြောင်းကို သိသွားသည့်အခါ ၎င်းတို့ မုချ ပြုပြင်ခံရမည် သို့မဟုတ် ထုတ်ပင်အထုတ်ခံရမည်ကို အန္တိခရစ်များက သိကြသည်။ ထို့ကြောင့် ပြဿနာများကို ၎င်းတို့က ထိမ်ချန်ထားပြီး အထက်ဆီသို့ သတင်းမပို့ကြပေ။ ထိုပြဿနာများ ပြေလည်သွားခြင်း မရှိလျှင် ဘုရားအိမ်တော်၏ အလုပ်အပေါ် ထိုပြဿနာများက မည်သည့်သက်ရောက်မှုဖြစ်စေ၊ မည်သည့်ထိခိုက်နစ်နာမှုဖြစ်စေ ဖြစ်စေမည်ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ဘုရားအိမ်တော်က ခံစားရမည့် မည်သည့် ဆုံးရှုံးမှုများကိုမဆို ၎င်းတို့ စိတ်မဝင်စားကြပေ။ မည်သည့်ဆောင်ရွက်ပုံနည်းလမ်းက ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုမည် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ကို ၎င်းတို့ မစဉ်းစားကြချေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်း၊ အထက်က ၎င်းတို့ကို မည်သို့ ရှုမြင်ပြီး သဘောထားမည်ဆိုသည်နှင့် ၎င်းတို့ မထိခိုက်စေဖို့အလို့ငှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မည်သို့ စောင့်ရှောက်ကာကွယ်ရမည်ဆိုသည်တို့ကိုသာ ၎င်းတို့ စဉ်းစားကြသည်။ ဤသည်မှာ အမှုအရာများကို အန္တိခရစ်များက ရှုမြင်ပြီး ပြဿနာများနှင့်ပတ်သက်၍ စဉ်းစားပုံဖြစ်ကာ ထိုအရာသည် ၎င်းတို့၏ စိတ်သဘောထားကို လုံးဝ ကိုယ်စားပြုလေသည်။ ထို့ကြောင့် အန္တိခရစ်များသည် အသင်းတော်အတွင်းတွင် တည်ရှိသည့် ပြဿနာများ သို့မဟုတ် ၎င်းတို့ အလုပ်တွင် ဖြစ်ပေါ်သည့် ပြဿနာများကို လုံးဝ မှန်မှန်ကန်ကန် သတင်းပို့ကြလိမ့်မည် မဟုတ်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် အခက်အခဲများကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ၊ ထိုအလုပ်ကို ဆောင်ရွက်နေစဉ် မည်သို့ ကိုင်တွယ်ရမှန်း ၎င်းတို့ မသိသည့် အခြေအနေများ သို့မဟုတ် မည်သည့် ရွေးချယ်မှုများ ပြုလုပ်ရမှန်း မသိသည့် အခြေအနေများကို ကြုံရလျှင် အထက်က ၎င်းတို့၏ အစွမ်းအစ အလွန် ညံ့ဖျင်းသည်ဟု ပြောမည်ကိုဖြစ်စေ၊ ၎င်းတို့၏ စစ်မှန်သော အခြေအနေကို သိသွားမည်ကိုဖြစ်စေ၊ ထိုအခက်အခဲများ သို့မဟုတ် အခြေအနေများကို ချက်ချင်း မကိုင်တွယ်၊ မဖြေရှင်းသောကြောင့် အထက်က ၎င်းတို့အား ပြုပြင်မည်ကိုဖြစ်စေ စိုးရွံ့သဖြင့် ထိုအရာကို ဖုံးဖိကာ ကွယ်ဝှက်ကြလိမ့်မည်။ အန္တိခရစ်များသည် အထက်၏ ပြုပြင်ခြင်းကို ရှောင်ရှားရန်အလို့ငှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် အသက်မွေးမှုကို ထိန်းသိမ်းရန်လည်းကောင်း၊ ၎င်းတို့အပေါ် အထက်က အကောင်းမြင်သည်ကို သေချာစေရန်လည်းကောင်း အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို စတေးရန် ဝန်မလေးကြပေ။ ၎င်းတို့သည် အသင်းတော်အလုပ်၏ တိုးတက်မှု နှောင့်နှေးခြင်း သို့မဟုတ် ထိခိုက်ခြင်းကို ဂရုမစိုက်ကြသကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို သာ၍ပင် ဂရုမစိုက်ကြပေ။ ညီအစ်ကို မောင်နှမများက မည်သည့်အခက်အခဲများကို ကြုံရသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ မည်သည့်ပြဿနာများ တည်ရှိသည်ဖြစ်စေ၊ အန္တိခရစ်များက ယင်းတို့ကို မဖြေရှင်းနိုင်သကဲ့သို့ အထက်ထံမှ အကူအညီ ရှာကြမည် မဟုတ်ပေ။ ပြဿနာများကို ထိမ်ချန်ခြင်းနှင့် ယင်းတို့ကို မဖြေရှင်းဘဲ ထားခြင်းတို့က အသင်းတော်အလုပ်၏ တိုးတက်မှုအား နှောင့်နှေးစေပြီး ထိခိုက်မည်ဖြစ်ကာ ညီအစ်ကို မောင်နှမများ၏ အသက်တာများအား ဆုံးရှုံးမှုများ ဖြစ်စေမည်ကို ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း ဤအရာများကို ၎င်းတို့ လျစ်လျူရှုကြပြီး ဂရုမစိုက်ကြပေ။ အသင်းတော်တွင် မည်သည့် အကြီးစား ပြဿနာများ ဖြစ်ပေါ်သည်ဖြစ်စေ ယင်းတို့ကို ၎င်းတို့က လုံးဝ သတင်းမပို့ကြပေ။ ထိုအစား ယင်းတို့ကို ဖုံးကွယ်ကာ ပိတ်ပင်ထားရန် အစွမ်းကုန် ကြိုးစားကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ ဒုစရိုက်အမှုများကို သိရှိပြီး ၎င်းတို့ကို တိုင်ကြားသည့် စာများရေးလျှင် ထိုစာများကို ထိမ်ချန်ကာ ပိတ်ပင်ရန် အန္တိခရစ်များက သာ၍ပင် ကြိုးစားကြလေသည်။ ထိုစာများကို ထိမ်ချန်ခြင်းနှင့် ပိတ်ပင်ခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းများကို ထိန်းသိမ်းရန်၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် သိက္ခာကို ကာကွယ်ရန်နှင့် ထိုအခိုက်တွင် ၎င်းတို့ ပိုင်ဆိုင်သမျှတိုင်းကို ထိန်းသိမ်းထားရန်ဖြစ်သည်။ ၎င်းတို့အတွက် ထုတ်ပယ်ခံရခြင်း သို့မဟုတ် ၎င်းတို့ကို အထက်က ၎င်းတို့၏ အလုပ်အတွက် မသင့်တော်သူအဖြစ် အကဲဖြတ်ခြင်းသည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးခြင်းနှင့် သေဒဏ်ပေးခံရခြင်းကဲ့သို့ ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုလမ်း၏ အဆုံးသို့ ရောက်ရှိခြင်းကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် မည်သို့ဖြစ်စေ ၎င်းတို့သည် အထက်ထံမှ လုံးဝ ရှာဖွေခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့၏ အလုပ်တွင် တည်ရှိသည့် ပြဿနာအားလုံးကို ဖုံးကွယ်ဖို့နှင့် အထက်အား ထိုပြဿနာများကို သိရှိခြင်းမှ တားဆီးဖို့ နည်းလမ်းများကို ၎င်းတို့ စဉ်းစားကြလေသည်။ ၎င်းတို့၏ ဤအလေ့အကျင့်သည် အလွန် စက်ဆုပ်စရာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်နှင့် အထက်၏ အမြင်တွင် ခေါင်းဆောင်ကောင်းဟူသည်မှာ မည်သည့်အခါမျှ ပြဿနာဖြစ်စေ၊ အခက်အခဲဖြစ်စေ တစ်ခုမျှ မရှိသည့်သူတစ်ဦး၊ ကိစ္စရပ်အားလုံးကို ကောင်းစွာ ကိုင်တွယ်နိုင်ပြီး အလုပ်မျိုးစုံနှင့် သင့်တော်သောသူတစ်ဦး ဖြစ်ရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ဦးက ပြဿနာများနှင့်ပတ်သက်၍ လုံးဝ ညည်းညူခြင်း မရှိ သို့မဟုတ် ပြဿနာများအတွက် အကူအညီ ရှာဖွေခြင်းမရှိကြောင်း၊ ပြီးလျှင် ခေါင်းဆောင်ကောင်းတစ်ဦးသည် ဘုရားသခင်နှင့် အထက်၏ စိတ်ထဲတွင် လုံးဝဥဿုံ ပြီးပြည့်စုံသည့်၊ အပြစ်အနာအဆာမဲ့သော လူတစ်ဦး၊ အထက်က ပြုပြင်ရန်မလိုဘဲ အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးစီးနိုင်သည့်သူတစ်ဦး ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းတို့က တွေးထင်ကြသည်။ အကျိုးဆက်အနေဖြင့် အထက်က ၎င်းတို့အပေါ် အကောင်းမြင်စေရန်၊ ၎င်းတို့က ၎င်းတို့၏ အလုပ်အတွက် သင့်တော်ကြောင်း၊ ၎င်းတို့၏ အလုပ်ကို ၎င်းတို့ တာဝန်ယူနိုင်ကြောင်းနှင့် မည်သည့် ကြီးကြီးမားမား ပြဿနာမျှ ဖြစ်ပွားလိမ့်မည် မဟုတ်ကြောင်း အထက်က တလွဲယုံကြည်သွားသောကြောင့် ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ တိုက်ရိုက် မေးမြန်းခြင်းဖြစ်စေ၊ ၎င်းတို့အား လမ်းညွှန်မှုပေးခြင်းဖြစ်စေ မလိုအပ်သကဲ့သို့ ၎င်းတို့ကို ပြုပြင်ရန် သေချာပေါက် မလိုအပ်ကြောင်း တွေးထင်သွားအောင်လုပ်ရန် မျှော်လင့်လျက် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ပြင်းပြင်းထန်ထန် ကာကွယ်ကြလေသည်။ အန္တိခရစ်များသည် ၎င်းတို့အတွက် ဤပုံရိပ်မျိုးကို ဖန်တီးရန် အလိုရှိကြသည်၊ ဘုရားသခင်က ၎င်းတို့ကို ယုံကြည်ပြီး ၎င်းတို့ကို အရာရာ အပ်နှံထားကြောင်း၊ သူက ၎င်းတို့ကို အရေးကြီးသည့် အလုပ်တာဝန်များကို တာဝန်ပေးစေခိုင်းကာ ၎င်းတို့၌ ကြီးမားသည့် ယုံကြည်ကိုးစားမှုရှိသည်မှာ ၎င်းတို့ အပျက်သဘောဆောင်လာပြီး အချောင်ခိုလာခြင်းက အလုပ်အား ထိခိုက်မည်ကို ကြောက်သဖြင့် ၎င်းတို့ကို ပြုပြင်ရန် ဝန်လေးသည်အထိပင် ဖြစ်ကြောင်း အခြားသူများအား တလွဲ ယုံကြည်စေရန် အလိုရှိကြသည်။ အန္တိခရစ်များက ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်နှင့် အသင်းတော်တွင် လူကြိုက်များသောလူများဖြစ်ပြီး ဘုရားအိမ်တော်တွင် အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြောင်း ညီအစ်ကို မောင်နှမများကို တွေးထင်စေသည်။ ၎င်းတို့သည် အဘယ်ကြောင့် ညီအစ်ကို မောင်နှမများအား ဤအတွေးမှားနှင့် ဟန်ဆောင်မှုမျိုးကို စွဲမှတ်စေချင်ကြသနည်း။ ထိုအရာမှာ လူတို့အား ၎င်းတို့ကို လေးစားကာ ကိုးကွယ်စေရန်အလို့ငှာ၊ ဘုရားသခင်၏ နေရာကို ၎င်းတို့ ယူနိုင်သည့်အတိုင်းအတာအထိ အသင်းတော်တွင် အဆင့်အတန်း၏ အကျိုးကျေးဇူးများအပြင် မြင့်မားသော အဆင့်အတန်းနှင့် အလေးပေးသော ဆက်ဆံမှုကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့က ညီအစ်ကို မောင်နှမများကို “ဘုရားက သင်တို့ကို ကိုယ်တိုင်ကိုယ်ကျ စကားမပြောနိုင်ပါ၊ သူသည် သင်တို့၏ အဆင့်သို့ မလာနိုင်သကဲ့သို့ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ မဆောင်ရွက်နိုင်ပါ။ ပြီးလျှင် သူသည် သင်တို့နှင့်အတူ အသက်ရှင်ကာ သင်တို့၏ နေ့စဉ်ဘဝများတွင် သင်တို့ ကြုံရသည့် မတူကွဲပြားသော အရာများအားလုံးတွင် သင်တို့ကို လမ်းပြဖို့ တကယ့်ကို ဖြစ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဤသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များကို မည်သူ ဆောင်ရွက်လိမ့်မည်နည်း။ ငါတို့ကဲ့သို့ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရမည် မဟုတ်လော”ဟု မကြာခဏ ပြောကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း ညီအစ်ကို မောင်နှမများက ၎င်းတို့ကို လုံးဝ၊ ဧကန် ယုံကြည်ကာ ကိုးစားကြရန်အလို့ငှာ ဤကဲ့သို့သောအရာများကို မကြာခဏ ပြောဆိုပြီး ဤအယူအဆမျိုးများကို ဖော်ပြကြလေသည်။ ၎င်းတို့၏ ဤအလေ့အကျင့်နှင့်ဆိုင်သည့် သဘာဝမှာ အဘယ်နည်း။ ထိုအရာသည် အထက်ကို လိမ်ညာခြင်းနှင့် ၎င်းတို့အောက်တွင် ရှိသည့်လူတို့ထံမှ အမှုအရာများကို ကွယ်ဝှက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ လုပ်နည်းကိုင်နည်းနှင့်ဆိုင်သည့် လိမ္မာပါးနပ်သော အပိုင်းဖြစ်သည်။ လူအများစုတွင် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသကဲ့သို့ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းကိုသာ ခံရနိုင်သည်။ အန္တိခရစ်များက “အထက်က ကျွန်ုပ်ကို အမှန်တကယ် ယုံကြည်မှု ရှိသည်။ ကိစ္စရပ်အားလုံးတွင် ကျွန်ုပ်စကားကို နားထောင်ကြသည်”ဟု ပြောခြင်းဖြင့် လူတို့ကို အထင်အမြင်မှားစေရန် တိုက်ရိုက် ကြိုးစားခဲ့လျှင် လူတို့သည် အနည်းငယ် သတိရှိကြမည်ဖြစ်ပြီး ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ရှိကြမည် ဖြစ်သော်လည်း အန္တိခရစ်များက ဤကဲ့သို့သော တိုက်ရိုက်နည်းလမ်းတစ်ခုဖြင့် မပြောဆိုပေ။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် အထက်က ၎င်းတို့ထံ ခေါင်းဆောင်ပိုင်း အလုပ်ကို ပေးအပ်စေဖို့အလို့ငှာ ၎င်းတို့ကို ယုံကြည်ခြင်းရှိပြီး ကိုးစားရော့မည်ဖြစ်ကြောင်း မှားယွင်းစွာ ယုံကြည်အောင်လုပ်ဖို့ စကားပြောပုံနည်းလမ်းတစ်ခုခုကို အသုံးပြုကြလေသည်။ ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ပြီး သမ္မာတရားကို မလိုက်စားသော နုံအသောသူတို့သည် ဤအရာကြောင့် လှည့်စားခံရပြီး ၎င်းတို့နောက် လိုက်ကြလေသည်။ ပြီးလျှင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုနုံအသူများသည် ဘုရားသခင်ကို ဆုမတောင်းကြ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များတွင် သမ္မာတရားကို မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် အန္တိခရစ်များအား ၎င်းတို့ကို လမ်းပြရန်နှင့် ၎င်းတို့အတွက် လမ်းကြောင်းတစ်ခု ရွေးချယ်ပေးရန် တောင်းဆိုလျက် အန္တိခရစ်များ၏ ရှေ့မှောက်သို့ လာကြလေသည်။ ဤသည်မှာ မိမိတို့၏လုပ်ရပ်များဖြင့် အန္တိခရစ်များက စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက် ဖြစ်သည်။ အသင်းတော်တွင် အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်သည့် သမ္မာတရားကို နားလည်သော လူအနည်းငယ် မရှိလျှင် လူအများစုက ၎င်းတို့ကို ကြောင်းကျိုးမမြင်ဘဲ ယုံကြည်ကြလိမ့်မည်၊ ၎င်းတို့ကို ကိုးကွယ်ကာ ၎င်းတို့နောက် လိုက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ကြလိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များ၏။ တစ်စုံတစ်ဦးသည် သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းခံရလျှင် ၎င်း၏ ဘဝသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ခံစားရလိမ့်မည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ အထင်မြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ရှစ်နှစ် သို့မဟုတ် ၁၀ နှစ်ကြာ ခံရလျှင် ၎င်းတို့ လုံးလုံးလျားလျား ပျက်စီးသွားလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဖတ်ဆယ်လိုလျှင်ပင် ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးရှိမည် မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။