အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၆) အခန်း တစ်

၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ

ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သည့် နဝမမြောက် အချက်ကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် ဟူ၍ ဖြစ်၏။ ထို့နောက် ငါတို့သည် အန္တိခရစ်များ၏ အကျိုးစီးပွားများကို အချက်အနည်းငယ် ခွဲခဲ့ကြသည်။ ပထမအချက်မှာ သူတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးဖြစ်သည်၊ ဒုတိယမှာ သူတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်ပြီး တတိယမှာ အကျိုးအမြတ်များဖြစ်သည်။ ဤအကျိုးအမြတ်များတွင် မည်သည့်အရာ ပါဝင်သနည်း။ (ပထမအချက်မှာ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားပြုခြင်းဖြစ်သည်။ ဒုတိယမှာ ၎င်းတို့ကို အစေခံစေရန်နှင့် ၎င်းတို့အတွက် အလုပ်လုပ်ပေးစေရန် ညီအစ်ကိုမောင်နှမများကို အသုံးချခြင်း ဖြစ်ပြီး တတိယမှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် ဟန်ဆောင်သောအသွင်ဖြင့် စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူရန် မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း ဖြစ်သည်။) ဤ “အခြားအရာများ”တွင် အထူးအကျိုးခံစားခွင့်၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စများကို ကိုင်တွယ်ခြင်း စသည်တို့ ပါဝင်သည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ မိတ်သဟာယပြုခြင်း၊ ဆက်လက်မိတ်သဟာယပြုရန် အဓိက ခေါင်းစီးများကို ခေါင်းစီးခွဲများအဖြစ်သို့လည်းကောင်း၊ ခေါင်းစီးခွဲများကို အမျိုးမျိုးသော ကဏ္ဍများအဖြစ်သို့လည်းကောင်း ခွဲခြင်းသည် သင်တို့အား စိတ်ရှုပ်ထွေးစေသလော။ (စိတ်မရှုပ်ထွေးစေပါ။) အမှန်တွင် မိတ်သဟာယကို ဤသို့ သာ၍ ဆောင်ရွက်လေ၊ အမှုအရာများက သာ၍ ရှင်းလင်းလာလေဖြစ်သင့်ပေသည်။ ငါတို့သည် အန္တိခရစ်တို့၏ အကျိုးစီးပွားများနှင့်ဆိုင်သည့် အချက် သုံးချက်အပေါ် မိတ်သဟာယပြုပြီး ဖြစ်သော်လည်း အခြားတစ်ခုလည်း ရှိသေးသည်၊ ယင်းမှာ အန္တိခရစ်တို့၏ အကျိုးစီးပွားများအနက် အရေးအကြီးဆုံးဖြစ်သော စတုတ္ထမြောက်အချက်ဖြစ်သည့် ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာပင် ဖြစ်သည်။ အလားအလာများနှင့် ကံကြမ္မာတို့သည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်မှုတွင် အန္တိခရစ်များ ထားရှိကြသည့် အဓိကရည်မှန်းချက်ဖြစ်နိုင်သည်။ ယင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် စွဲကိုင်ထားသော အကြီးမားဆုံး ရည်သန်မျှော်မှန်းချက်များလည်း ဖြစ်ပြီး ၎င်းတို့၏ နက်ရှိုင်းသော အတွင်း စိတ်နှလုံးများတွင် လိုက်စားသည့် အမြင့်မားဆုံးသော အရာများလည်း ဖြစ်သည်။ အလားအလာများနှင့် ကံကြမ္မာဆိုသည့် အကြောင်းအရာကို သင်တို့ ရင်းနှီးရန် ဖြစ်နိုင်ချေအရှိဆုံးဖြစ်၏။ ထိုအရာက လူတို့အနေဖြင့် မည်သည့်နေရာတွင် အဆုံးသတ်မည်၊ မည်သည့်နေရာသို့ သွားမည်၊ အနာဂတ် သို့မဟုတ် နောက်လာမည့်ခေတ်တွင် မည်သည့်နေရာသို့ ဦးတည်နေကြသည်ဆိုသည်တို့နှင့် သက်ဆိုင်သည်။ တိုတိုပြောရလျှင် ၎င်းတို့၏ အနာဂတ် ပန်းတိုင်ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ယုံကြည်သူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးတွင် အကြီးမားဆုံးနှင့် အရေးအကြီးဆုံးသော အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အလားအလာများနှင့် ကံကြမ္မာသည် ဘုရားသခင်ကို ယုံကြည်သူအားလုံးအတွက် အလွန့်အလွန် အရေးကြီးပေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ၎င်းတို့၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် အရေးကြီးဆုံးသော ကဏ္ဍမှာ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ၊ ဆိုလိုသည်မှာ ၎င်းတို့၏ ခရီးပန်းတိုင်ပင် ဖြစ်ရမည်မှာ သိသာထင်ရှားပေသည်။

ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ

အမှုအရာများ အတော်အတန် ရှင်းလင်းသွားဖို့အလို့ငှာ အန္တိခရစ်များ၏ အကျိုးစီးပွားများအတွင်းတွင်ရှိသော အလားအလာများနှင့် ကံကြမ္မာတို့ကိုလည်း အမျိုးမျိုးသော ရှုထောင့်များနှင့် သွင်ပြင်လက္ခဏာများမှ မိတ်သဟာယပြုကြစို့။ ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ကြသည့် အန္တိခရစ်များ၏ အမျိုးမျိုးသော အကျိုးစီးပွားများတွင် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများနှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သော အကျိုးစီးပွားများ နှစ်ခုလုံး ပါဝင်သည်။ ဥပမာအားဖြင့် မိမိ၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေး၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ရုပ်ပိုင်းဆိုင်ရာမဟုတ်သော အကျိုးစီးပွားများချည်းသာ ဖြစ်သည်။ ယင်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များရှိ လက်ဆုပ်လက်ကိုင် မပြနိုင်သောအရာများသာ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများတွင် အဖိုးတန်ပစ္စည်းများ၊ စားစရာနှင့် သောက်စရာအပြင် အထူးအကျိုးခံစားခွင့်များ၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများ စသည်တို့ ပါဝင်သည်။ သို့ဆိုလျှင် ယနေ့ မိတ်သဟာယနှင့်ဆိုင်သည့် အလားအလာများနှင့် ကံကြမ္မာတို့တွင် မည်သည့်အရာများ ပါဝင်သနည်း။ လူသား အယူအဆများ၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ ဤအရာများသည် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အရာများလော၊ သို့မဟုတ် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်အရာများလော။ (လက်ဆုပ်လက်ကိုင် မပြနိုင်သော အရာများဖြစ်သည်။) ထို့ကြောင့် ယင်းတို့သည် လူတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များတွင် ရှိသောအရာများ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ စိတ်များတွင် ရှိသောအရာများဖြစ်ရမည်။ လူတို့အတွက် ဤအရာများသည် မျှော်လင့်ချက်နှင့် ဝိညာဉ်ရေးရာ အာဟာရတစ်မျိုး ဖြစ်ပြီး လူတို့က မိမိတို့ တစ်ဘဝလုံး လိုက်စားရင်း အချိန်ကုန်ဆုံးကြသည့် အရာများဖြစ်သည်။ ဤအရာများသည် လူတို့အတွက် မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရသော်လည်း လူတို့၏ စိတ်နှလုံးများတွင် စိုးမိုးသော နေရာတစ်ခုကို ယူထားကြသည်၊ လူတို့၏ ဘဝတစ်ခုလုံးကို စိုးမိုးပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် လုပ်ရပ်များ၊ ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ၎င်းတို့ လိုက်စားမှု၏ ဦးတည်ချက်ကို ထိန်းချုပ်လေသည်။ ထို့ကြောင့် အလားအလာများနှင့် ကံကြမ္မာတို့သည် လူတိုင်းအတွက် အလွန့်အလွန် အရေးကြီး၏။ အလားအလာများနှင့် ကံကြမ္မာတို့သည် အရေးကြီးသော်လည်း အန္တိခရစ်များက ထိုအရာများကို ပုံမှန်ဖြစ်သော၊ သာမန်လူများနှင့် လုံးဝ ကွဲပြားသည့် နည်းလမ်းတစ်ခုဖြင့် လိုက်စားကြသည်။ ကွာခြားချက် အတိအကျမှာ မည်သည့်အရာ ဖြစ်သနည်း။ မည်သည့်သွင်ပြင်လက္ခဏာများက ဤအရာကို ဖော်ပြပြီး ယင်းမှာ အန္တိခရစ်၏ လိုက်စားမှုနည်းလမ်းဖြစ်ကြောင်းနှင့် အန္တိခရစ်တစ်ဦး၏ စရိုက်လက္ခဏာဖြစ်ကြောင်းကို လူတို့အား ရှင်းလင်းစွာ မြင်စေပြီး သတိပြုမိစေရန် ထောက်ကူပေးသနည်း။ ဤသည်မှာ ဆွေးနွေးကာ မိတ်သဟာယပြုဖို့ ထိုက်တန်သည် မဟုတ်လော။ လူများစွာ၏ သရုပ်သကန်များသည် စစ်မှန်သော အန္တိခရစ်များ၏ သရုပ်သကန်များနှင့်လည်းကောင်း၊ အန္တိခရစ်များ၏ အနှစ်သာရရှိသူတို့နှင့်လည်းကောင်း နည်းလမ်းများစွာဖြင့် ဆင်တူသည်မှာ အမှန်ဖြစ်၏။ သို့သော် ၎င်းတို့၏ သရုပ်သကန်များနှင့် စိတ်သဘောထားများက တူညီနေသည့်အခါတွင်ပင် ၎င်းတို့၏ အနှစ်သာရက ကွဲပြားပေသည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများထဲမှ စတုတ္ထမြောက်ဖြစ်သော ၎င်းတို့၏ အလားအလာနှင့် ကံကြမ္မာအကြောင်းကို အမျိုးမျိုးသော ရှုထောင့်များမှ မိတ်သဟာယပြုကြစို့။

အလားအလာများနှင့် ကံကြမ္မာကို ငါတို့ အဘယ်သို့ စိစစ်နိုင်သနည်း။ အန္တိခရစ်များ၏ အကျိုးစီးပွားများတွင်ရှိသည့် အလားအလာများနှင့် ကံကြမ္မာက သမ္မာတရားနှင့် မကိုက်ညီကြောင်းကိုလည်းကောင်း၊ ယင်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရ ထုတ်ဖော်ပြချက်များဖြစ်ကြောင်းကိုလည်းကောင်း စိစစ်ရန် မည်သည့် နည်းလမ်းနှင့် ဥပမာများကို ငါတို့ အသုံးပြုနိုင်သနည်း။ မည်သည့် ရှုထောင့်များမှ ယင်းတို့ကို စိစစ်၍ရနိုင်သနည်း။ ဤအရာက စေ့စပ်သေချာသော စုံစမ်းစစ်ဆေးခြင်း လိုအပ်သည်။ လူတို့အနေဖြင့် အန္တိခရစ်များ၏ အနှစ်သာရကို သာ၍ တိကျစွာနှင့် ရှင်းလင်းစွာ နားလည်နိုင်ရန်အလို့ငှာ ဤအရာကို ကျယ်ပြန့်သော အမျိုးအစားအချို့အဖြစ်သို့ ခွဲခြားကြစို့။ ပထမမှာ အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပြုမူပုံ။ ဒုတိယမှာ အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပြုမူပုံ။ တတိယမှာ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို မည်သို့သဘောထားပြုမူပုံ။ စတုတ္ထမှာ အန္တိခရစ်များက “အစေခံသူ” ဟူသည့် အမည်ကို မည်သို့သဘောထားပြုမူပုံဖြစ်ပြီး ပဉ္စမမှာ အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးကို မည်သို့ချဉ်းကပ်ပုံဖြစ်သည်။ အဘယ်ကြောင့် ဤအမျိုးအစားငါးခု ဖြစ်ရသနည်း။ နားလည်ရန် ကြိုးစားလော့။ တစ်ခုစီအပေါ် သိနားလည်မှု အနည်းငယ် သင်တို့ ရနိုင်ကြသလော။ အန္တိခရစ်များနှင့် သက်ဆိုင်သည့် အချို့သော အလားတူ ဆက်စပ်မှုရှိသည့် သရုပ်သကန်များ သို့မဟုတ် စိတ်သဘောထားများကို သင်တို့ ရှာတွေ့နိုင်ကြသလော။ ဤအမျိုးအစား ငါးခု၏ အခြေခံအုတ်မြစ်ပေါ်တွင် မည်သည့်အရာကို တိကျစွာ စိစစ်သင့်သနည်း။ ဤအမျိုးအစားများနှင့် စပ်လျဉ်း၍ အန္တိခရစ်များ၏ အဓိက စရိုက်လက္ခဏာများနှင့် ၎င်းတို့ ပြသသည့် အဓိကကျသော စိတ်သဘောထားများမှာ အဘယ်အရာဖြစ်ပြီး သမ္မာတရားကို ပုံမှန် လိုက်စားသူများနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့၏ သရုပ်သကန်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့ကြားမှ ခြားနားမှုမှာ အဘယ်နည်း။ ဤခြားနားမှုများသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ၎င်းတို့ ရွေးချယ်ပြီးဖြစ်သည့် လမ်းကြောင်းများကြား ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့၏ သရုပ်သကန်များတွင် ခြားနားချက်မှာ အဘယ်နည်း။ သင်တို့သည် ဤအမျိုးအစားများအပေါ် သိနားလည်မှုတစ်ခုခု ရှိကြသလော။ (ဤအမျိုးအစားငါးခုတွင် အန္တိခရစ်များသည် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များတွင် ရှိသည့် သမ္မာတရားကို အခြေခံ၍ အဓိက မရှုမြင်ကြပါ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မှန်းဆရန်၊ ၎င်းတို့တွင် အလားအလာနှင့် ကံကြမ္မာ တစ်ခုတလေ ရှိမရှိဟူသည်ကို ကြည့်ရန် အချို့သော အရာများ၏ အပေါ်ယံ သွင်ပြင် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေကို အမြဲ အသုံးပြုကြသည်။ ဥပမာအနေဖြင့် ၎င်းတို့၏ တာဝန်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့အနေဖြင့် ထင်ရှားကျော်ကြားမှု ရနိုင်ပြီး မိမိတို့ အလိုဆန္ဒများ၊ ပကာသနနှင့် ဂုဏ်သိက္ခာတို့ကို ဖြည့်ဆည်းနိုင်လျှင် ဘုရားအိမ်တော်၌ ၎င်းတို့သည် အသုံးဝင်သော လူများဖြစ်ကာ ၎င်းတို့တွင် အလားအလာများနှင့် ကံကြမ္မာ ရှိကြသည့်အလား ခံစားကြလိမ့်မည်။ ၎င်းတို့ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်က ၎င်းတို့ကို သဘောမကျ ဖြစ်ကြောင်း၊ ၎င်းတို့နှင့်ပတ်သက်၍ ဘုရားသခင်က စိတ်ကျေနပ်ခြင်း မရှိကြောင်းတို့ကို ၎င်းတို့ ခံစားရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်မှုနှင့်ပတ်သက်၍ ၎င်းတို့ စိတ်ဓာတ်ကျလာလိမ့်မည်ဖြစ်ကာ စိတ်ပျက်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အတွင်းတွင် အပျက်သဘောဆောင်ခြင်းနှင့် ဆန့်ကျင်မှုတို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။) ဤအကျဉ်းချုပ်သည် ဉာဏ်အလင်းတစ်ခုခုကို ပေးပြီး ဤကိစ္စရပ်အတွင်းရှိ သမ္မာတရားကို အနည်းငယ် ထိတွေ့ဖော်ပြထားသည်။ သင်တို့ ပြောပြီးသည့် ယေဘုယျအဓိပ္ပာယ်မှ အကဲဖြတ်ရလျှင် သင်တို့၌ ဤအမျိုးအစားငါးခုနှင့်ဆိုင်သည့် အခြေခံ သိနားလည်မှုတစ်ခု ရှိသည်မှာ သေချာသလောက်ဖြစ်သည်။ ဆက်လက်၍ ယင်းတို့ကို ငါတို့ တစ်ခုပြီးတစ်ခု မိတ်သဟာယပြုကြမည်ဖြစ်သည်။

၁) အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပြုမူပုံ

ပထမ အမျိုးအစားမှာ အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားပြုမူပုံဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင် နောက်လိုက်သည့် လူများလည်း ဖြစ်ကြ၏။ ၎င်းတို့သည်လည်း မိမိတို့၏ လက်ထဲတွင် ဘုရားနှုတ်ကပတ်တော်များကို ပိုင်ဆိုင်ကြသည်၊ တရားဒေသနာများကို နားထောင်ကြသည်၊ စုဝေးပွဲများကို တက်ရောက်ကြပြီး ပုံမှန် ဝိညာဉ်ရေးရာ အသက်တာများရှိကြသည်။ အန္တိခရစ်များအတွက် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ၎င်းတို့ ဘဝများ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး ဤအရာကို ၎င်းတို့က မကြာခဏ လုပ်ဆောင်ကြသည်။ နှစ်ဦးလုံးက ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်လည်း အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားသူများနှင့် ကွာခြားသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအပေါ် လုံးဝ ကွဲပြားသည့် သဘောထားတစ်ခု ရှိကြသည်။ သို့ဆိုလျှင် အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို မည်သို့ သဘောထားကြသနည်း။ ပထမဆုံးအနေဖြင့် ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို ထူးဆန်းသည့် ရှုထောင့်နှင့် အမြင်တစ်ခုမှ လေ့လာရင်း သုတေသနပြုကာ စိစစ်ကြသည်။ ထိုအရာကို “လေ့လာခြင်း”ဟု ငါ အဘယ်ကြောင့် ခေါ်ဆိုသနည်း။ ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေအရ၊ အန္တိခရစ်များက ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များ ဖြစ်ကြောင်းကို ဝန်ခံရမည်ဖြစ်ကာ သာမန်လူများက မဖော်ပြနိုင်အောင်ပင် ဘုရားနှုတ်ကပတ်တော်များက အလွန် မြင့်မားကြောင်းနှင့် ဤနှုတ်ကပတ်တော်များကို အခြားမည်သည့်နေရာတွင်မျှ ရှာတွေ့နိုင်မည်မဟုတ်ကြောင်းကိုလည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ခံစားကြရသည်။ ဤအခြေခံအကြောင်းရင်းပေါ်တွင် ၎င်းတို့အနေဖြင့် ဤအရာများက ဘုရားနှုတ်ကပတ်တော်များ ဖြစ်ကြောင်း ဝန်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိသော်လည်း ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့က လက်ခံကြသလော။ လက်မခံကြပေ။ သို့ဆိုလျှင် အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ဖတ်ရှုကြသေးသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များတွင် ၎င်းတို့ လိုအပ်သည့်အရာများ၊ ၎င်းတို့ သိရှိလိုသည့်အရာများနှင့် ၎င်းတို့၏ ဝိညာဉ်ရေးရာ လောကတွင် ၎င်းတို့ကို အကျိုးပြုသည့်အရာများ ရှိသောကြောင့် ဖြစ်သည်။ ဤအရာများက မည်သည့်အရာများ ဖြစ်သနည်း။ ယင်းတို့သည် အန္တိခရစ်များ၏ အလားအလာများ၊ ကံကြမ္မာတို့နှင့် နီးကပ်စွာ ဆက်စပ်သည်မှာ အမှန်ဖြစ်၏။ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို လေ့လာသည့်အခါ ၎င်းတို့သည် ခရီးပန်းတိုင်များ၊ အဆုံးသတ်များ၊ အနာဂတ်တွင် လူတို့ အဆုံးသတ်ကြမည့်နေရာ၊ စသည်တို့နှင့် ဆက်စပ်သည့် စကားများကို စဉ်ဆက်မပြတ် ရှာဖွေနေကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို အန္တိခရစ်များ၏ ဖတ်ရှုခြင်းကို “လေ့လာခြင်း”ဟု ခေါ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ် ယင်းတို့ကို သုတေသနပြုနေကြသည်၊ စိစစ်နေကြပြီး အကဲဖြတ်မှုများ ပြုလုပ်နေကြပေသည်။ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ် သုတေသနပြုနေကြသည်။ “ဘုရား၏ လေယူလေသိမ်းမှကြည့်ရလျှင် သူသည် ဤလူစားမျိုးများကို မနှစ်သက်သည့်ပုံရသည်။ ငါက ထိုသူတို့ထဲမှ တစ်ဦးကဲ့သို့ အဘယ်ကြောင့် ခံစားရသနည်း။ ဘုရားက ဤလူများအား မည်သည့် ခရီးပန်းတိုင်ပေးသည်ကို ငါ သိအောင်လုပ်သင့်သည်”ဟူ၍ ဖြစ်၏။ ဘုရားသခင်က ထိုသို့သောလူများကို အနက်ဆုံးသောတွင်းထဲသို့ ကန်ချခြင်းအကြောင်း ပြောသည်ကို ၎င်းတို့မြင်သောအခါ “ဤသည်မှာ မကောင်းပါ။ အနက်ဆုံးသောတွင်းထဲသို့ ကန်ချခံရခြင်းသည် အဆုံးသတ်ခြင်းကို ဆိုလိုသည် မဟုတ်လော။ ဤလူစားမျိုးများတွင် အလားအလာများမရှိသည့်အပြင် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်သင့်သနည်း” ဟု မိမိတို့ဘာသာတွေးမိကြသည်။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲတွင် တစိမ့်စိမ့် နာကျင်မှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်မသက်မသာဖြစ်ခြင်းတို့ ခံစားရသည်။ “ဤသည်မှာ ဘုရားက ဤကဲ့သို့သော လူတို့ကို အမှန်တကယ် ဆက်ဆံပုံဖြစ်သလော။ မဖြစ်ပါ၊ ငါ လက်လျှော့၍မဖြစ်ပါ”ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက်၍ သုတေသနပြုကြသည်။ ဘုရားနှုတ်ကပတ်တော်များက “ငါ့သားတို့၊ ငါသည် သင်တို့အတွက် ဤအရာ၊ ထိုအရာကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး သင်တို့ထံ ထိုအရာ ဖြစ်ပျက်လိမ့်မည်”ဟု ပြောသည်ကို မြင်သည့်အခါ ၎င်းတို့ စိတ်မကောင်းမဖြစ်တော့ပေ။ “ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ် စိတ်နှလုံးကို နွေးထွေးစေသည်။ ယင်းတို့သည် အလွန်နှစ်သက်ဖွယ်ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားပြောသည့် “သားများ”ထဲမှတစ်ဦးဖြစ်သည်”ဟူ၍ဖြစ်၏။ ထို့နောက် ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များတွင် “သားဦးများ” နှင့် “ရှင်ဘုရင်များကဲ့သို့ စိုးစံ”ဟူသည့်အရာ ဖော်ပြထားသည်ကို မြင်ပြီး “အလွန်ကောင်းပေ၏။ ဘုရားကို ယုံကြည်ခြင်းအတွက် အကျိုးကျေးဇူးများနှင့် အလားအလာကောင်းသော အနာဂတ်တစ်ခုရှိပေသည်။ မှန်သော လမ်းကြောင်းကို ငါ ရွေးချယ်ပြီးဖြစ်သည်။ မှန်ကန်သည့် အလောင်းအစားကို ငါ ပြုလုပ်ပြီးဖြစ်သည်။ ငါ၏ ယုံကြည်မှုတွင် ငါ လုံ့လရှိရမည်ဖြစ်ပြီး ဘုရား၏ ဝတ်ရုံကို ငါ ကိုင်ထားရမည်။ နောက်ဆုံး အခိုက်အတန့်တွင်ပင် ငါ လက်လျှော့ရမည်မဟုတ်”ဟု တွေးကြလေသည်။ ၎င်းတို့ ဆက်လက်ဖတ်ရှုနေချိန်တွင် ဘုရားနှုတ်ကပတ်တော်များက “အဆုံးတိုင်အောင် လိုက်လျှောက်သောသူသည် ဧကန်မုချ ကယ်တင်ခံရလိမ့်မည်”ဟူ၍ ဖော်ပြသည်ကို မြင်ကြသည်။ အန္တိခရစ်များအတွက် ဤအရာကို ဖတ်ရှုခြင်းသည် အသက်ကယ်ကြိုးကို ဖမ်းဆုပ်မိခြင်းကဲ့သို့ ဖြစ်သည်။ “ဤစကားများအတိုင်း ငါ လက်တွေ့လုပ်ဆောင်မည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ၊ ပင်လယ်များ ခမ်းခြောက်ပြီး ကျောက်ဆောင်များက မြေမှုန့်များဖြစ်သွားလျှင်ပင်၊ ပင်လယ်ပြာများက အစိမ်းရောင် ကွင်းပြင်များအဖြစ်သို့ ပြောင်းသွားလျှင်ပင် ဤစကားများက ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီး ဆိတ်သုဉ်းသွားလျှင်ပင် ဤစကားများ ဆိတ်သုဉ်းသွားလိမ့်မည်မဟုတ်ပါ။ ဤစကားများကို ငါ ထိန်းသိမ်းသရွေ့၊ ငါ့အနေဖြင့် ကောင်းမွန်သည့် အဆုံးသတ်တစ်ခု၊ ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ရှိမည် မဟုတ်လော။ ငါ၏ အလားအလာများနှင့် ကံကြမ္မာက အတည်တကျ ဖြစ်မည်မဟုတ်လော။ အလွန်ကောင်းပေသည်။ ငါသည် အဆုံးထိ လိုက်လျှောက်သောသူတစ်ဦး ဖြစ်ရမည်”ဟူ၍ ဖြစ်သည်။ အကြိမ်ကြိမ် ရှာဖွေခြင်း၊ ဤသို့ သုတေသနပြုခြင်းနှင့် ထိုသို့ စိစစ်ခြင်းဖြင့် ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားနှုတ်ကပတ်တော်များ၌ အသက်ကယ်ကြိုးတစ်ခုကို ရှာတွေ့သွားကြပြီး အကြီးမားဆုံးသော “လျှို့ဝှက်ချက်”ကို ရှာဖွေတွေ့ရှိသွားကြသည်။ ၎င်းတို့က “နောက်ဆုံးတွင် ငါသည် ဖယ်ရှားရှင်းလင်းခံရမည့်အကြောင်းကို စိုးရိမ်ရန်မလိုပါ။ ကန့်နှင့်ရောနှောသော မီးအိုင်ဆီသို့ သွားရမည့်အကြောင်းကို ငါ စိုးရိမ်ရန် မလိုအပ်ပါ။ ငရဲသို့ သွားရမည့်အကြောင်းကို ငါ စိုးရိမ်ရန် မလိုအပ်ပါ။ နောက်ဆုံးတွင် ငါ၏ ခရီးပန်းတိုင်ကို ငါ ရှာတွေ့ပြီဖြစ်ပြီး ကောင်းကင်ဘုံသို့ သွားသည့် လမ်းကြောင်းတစ်ခု၊ လူသားမျိုးနွယ်၏ လှပသော ခရီးပန်းတိုင်ကို နောက်ဆုံးတွင် ငါ ရှာတွေ့လေပြီ။ နှစ်သက်ဖွယ် ဖြစ်လိုက်လေခြင်းပါတကား”ဟူ၍ ဝမ်းမြောက်ခြင်းဖြင့် ပြည့်သွားကြသည်။ သို့သော် ဤသည်မှာ ကြာရှည်မခံသကဲ့သို့ “ခရီးပန်းတိုင်နှင့် ပတ်သက်၍”ဟူသည့် ဘုရားနှုတ်ကပတ်တော် အခန်းကြီးကို ၎င်းတို့က ဖတ်ရှုသည့်အခါ ၎င်းတို့က “ဤစကားများက ခရီးပန်းတိုင်များနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ လူအမျိုးအစား အမျိုးမျိုး၏ ခရီးပန်းတိုင်များနှင့်ပတ်သက်၍ ဘုရားက အလွန်တိကျစွာ ပြောဆိုပုံမရပါ။ ဘုရားက မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ မည်သည့်အရာကို ငါ လုပ်ဆောင်သင့်သနည်း။ ငါ မစိုးရိမ်သင့်ပါ။ ငါ ဆက်ဖတ်ရှုဖို့ လိုအပ်သည်”ဟု စဉ်းစားကြသည်။ ထို့နောက်တွင် ဘုရားက “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်”ရန် ပြောသည်ကို မြင်သည့်အခါ ၎င်းတို့က ထိုအကြောင်းကို နောက်ထပ်အနည်းငယ် စဉ်းစားကြသည်။ “ငါ့အနေဖြင့် လှပသည့် ခရီးပန်းတိုင်တစ်ခု ရှိလိုလျှင် လုံလောက်သည့် ကောင်းမှုများကို ပြင်ဆင်ရန်လိုအပ်သည်။ ယခုတွင် ဘုရားက သတ်မှတ်ချက်များကို ချပြပြီးဖြစ်သဖြင့် ဤအရာက အမှုအရာများကို သာ၍ လွယ်ကူသွားစေသည်။ ငါသည် အဓိပ္ပာယ်မဲ့သော ကြိုးပမ်းအားထုတ်မှုများကို ဆက်လုပ်ဆောင်ရန် မလိုသည့်အပြင် အချည်းနှီး ကြိုးစားရန် မလိုပါ။ ယခုတွင် ငါ၏ အားထုတ်မှုများကို မည်သည့်နေရာတွင် အသုံးပြုရမည်ကို ငါ သိသည်”ဟူ၍ ဖြစ်သည်။ မိတ်သဟာယမှတစ်ဆင့် ကောင်းမှုများက မည်သည့်အရာဖြစ်သည်ကို အန္တိခရစ်များက သင်ယူကြသည်၊ “နည်းလမ်း”တစ်ခုကို ရှာကြပြီး ဖြေရှင်းချက်တစ်ခု ရှိကြသည်။ “လက်စသတ်တော့၊ ထိုအရာ အလွန်ရိုးရှင်းပေသည်။ ပေးကမ်းစွန့်ကြဲခြင်းနှင့် လှူဒါန်းပူဇော်ခြင်းတို့သည် ကောင်းမှုများဖြစ်သည်။ ဧဝံဂေလိ ဟောခြင်းနှင့် ပိုများသော လူတို့ကို ရရှိခြင်းသည် ကောင်းမှုများဖြစ်သည်။ ညီအစ်ကို မောင်နှမများကို ထောက်ပံ့ခြင်းသည် ကောင်းမှုတစ်ခုဖြစ်သည်။ ငါ တန်ဖိုးထားသည့် အရာများကို လှူဒါန်းခြင်းသည် ကောင်းမှုတစ်ခု ဖြစ်သည်။ ငါ၏ ခရီးပန်းတိုင်အတွက် ငါ ထိုအရာအားလုံးကို ပုံအောမည်။ ဤအရာများအားလုံးကို ငါ လှူဒါန်းမည်”ဟူ၍ ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းတို့က “မဟုတ်ပါ။ ငါ့ငွေနှင့် ရုပ်ဝတ္ထု ပိုင်ဆိုင်မှုများအားလုံးကို ငါ လှူဒါန်းလိုက်လျှင် အနာဂတ်၌ ငါ အဘယ်သို့ အသက်ရှင်မည်နည်း။ ဘုရား၏ အမှုတော် အဆုံးသတ်မည့်အချိန်နှင့် လူတို့က ကမ္ဘာပေါ်ရှိ ၎င်းတို့၏ ဘဝအတွက် ဤအရာများကို မလိုအပ်တော့မည့်အချိန်ကို သိမြင်ရန် ဘုရားနှုတ်ကပတ်တော်များကို ပထမဆုံး ငါ ဖတ်ရှုသင့်သည်။ ငါ မလောသင့်ပါ။ သို့သော် ဤအရာများကို ငါ ပူဇော်ပေးလှူခြင်းမရှိလျှင် ကောင်းမှုများကို အဘယ်သို့ ပြင်ဆင်နိုင်မည်နည်း။ ညီအစ်ကို မောင်နှမအချို့ကို ဧည့်ခံခြင်းနှင့် လူတို့ကို ရရှိရန် ဧဝံဂေလိ ဟောခြင်းတို့သည် လုပ်ဆောင်ရန် လွယ်ကူသည့်အရာများ ဖြစ်သည်။ ဤအရာများကို ငါ စွမ်းဆောင်ရရှိနိုင်သည်”ဟူ၍ ဖြစ်သည်။ ကောင်းမှုများကို ပြင်ဆင်နေစဉ် ကောင်းမှုမည်မျှကို ၎င်းတို့ ပြင်ဆင်ပြီးဖြစ်သည်ဆိုသည်နှင့် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုရှိဖို့ မည်သို့ အလားအလာ ရှိသည်ဟူသည်တို့ကို ၎င်းတို့၏ စိတ်နှလုံးများတွင် စဉ်ဆက်မပြတ် တွက်ချက်နေကြသည်။ “အလွန်များသည့် ကောင်းမှုများကို ငါ ပြင်ဆင်ပြီးဖြစ်သော်လည်း ဘုရားက ပြတ်သားသောစကားကို အဘယ်ကြောင့် ငါ့အား မပြောသနည်း။ ဘုရား၏ အမှုတော် အဆုံးမသတ်သေးပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်သင့်သနည်း။ မဖြစ်ပါ၊ အလားအလာများနှင့် ကံကြမ္မာအကြောင်းကို ဘုရားနှုတ်ကပတ်တော်များက အခြားမည်သည့်အရာ ပြောသည်ဆိုသည်နှင့် ထိုနှုတ်ကပတ်တော်များတွင် အခြား တိကျသော မည်သည့်ရှင်းပြချက်များ ပါဝင်သည်ဟူသည်တို့ကို ငါ ကြည့်ရမည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်ကြိမ် ဆက်လက် ရှာဖွေကြသည်။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာကို အကျိုးပြုသည့် တစ်စုံတစ်ရာကို ၎င်းတို့ ရှာတွေ့လျှင် ဝမ်းသာကြသည်။ ၎င်းတို့၏ အလားအလာများ၊ ကံကြမ္မာတို့နှင့် ကွဲလွဲသည့် တစ်စုံတစ်ရာကို ရှာတွေ့လျှင် ၎င်းတို့ ဝမ်းနည်းရသည်။ ဤပုံစံဖြင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့် နှစ်ကာလများအတောအတွင်းတွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကြောင့် ထပ်တလဲလဲ အပျက်သဘောဆောင်ကာ အားနည်းကြပြီး သူ၏ နှုတ်ကပတ်တော်များကြောင့်ပင် ထပ်တလဲလဲ အပြုသဘောဆောင်ကြသည်၊ ဝမ်းသာပြီး ပျော်ရွှင်ဝမ်းမြောက်ကြလေသည်။ သို့သော် မည်သည့် အခြေအနေများ သို့မဟုတ် စိတ်ခံစားမှုများ ၎င်းတို့တွင် ဖြစ်ပေါ်သည်ဖြစ်စေ၊ ၎င်းတို့၏ ခရီးပန်းတိုင်၊ အလားအလာများနှင့် ကံကြမ္မာတို့အား ၎င်းတို့စွဲလမ်းမှုကို တကယ် ရှောင်လွှဲ၍ မရနိုင်ကြသည့်အပြင် လူအမျိုးအစား အမျိုးမျိုး၏ အဆုံးသတ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်သတ်မှတ်ချက်များနှင့် ဖော်ပြချက်များကို ဆက်လက်ရှာဖွေကြသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တတ်နိုင်သမျှ အားထုတ်ကြိုးပမ်းကြလေသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်မျှ ဖတ်ရှုသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များ၌ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ရှိသည်ကို ၎င်းတို့ သိကိုမသိကြပေ။ ဘုရားနှုတ်ကပတ်တော်များတွင် ၎င်းတို့၏ ခရီးပန်းတိုင်၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ငရဲသွားခြင်းနှင့် မိမိတို့၏ ခရီးပန်းတိုင် ဆုံးရှုံးခြင်းကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခုရှိသည်ကိုသာ ၎င်းတို့ သိကြသည်။ ထို့ကြောင့် ဤနည်းဖြင့် ဘုရားနှုတ်ကပတ်တော်များကို နှစ်ပေါင်းများစွာ ဖတ်ရှုပြီးနောက်တွင် မည်သည့်အရာကို ၎င်းတို့ ရရှိကြလေပြီနည်း။ မှန်ကန်သည့် အယူဝါဒများနှင့် ဝိညာဉ်ရေးရာ သဘောတရားများစွာအကြောင်းကို ၎င်းတို့ ပြောဆိုဆွေးနွေးနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ ဘုရားကို ပုန်ကန်ခြင်း၊ သမ္မာတရားကို မလိုက်စားခြင်း၊ သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းနှင့်ဆိုင်သော ၎င်းတို့၏ အနှစ်သာရနှင့် လုံးဝ ဆက်စပ်၍မရနိုင်ကြပေ။

အန္တိခရစ်များသည် နက်နဲသောအရာများနှင့်ပတ်သက်၍ ဘုရားသခင်၏ ဖွင့်ပြချက်များအတွက် ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ သုတေသနပြုကာ ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဝေါဟာရသစ်များ၊ အသစ်သောအရာများနှင့် ထုတ်ပြန်ချက်အသစ်များကို ရှာဖွေကြသည်။ သင်္ဘောသဖန်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ ကလေးငယ် ယောက်ျားလေး ၁၄၄၀၀၀ ဦးရေဆိုသည့်အရာ၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် အောင်မြင်သူဆိုသည်မှာ အဘယ်အရာဖြစ်သည်ဆိုသည့်အရာအပြင် လူတို့က သိနားလည်မှုမရှိဘဲ နှစ်ပေါင်းများစွာ သုတေသနပြုခဲ့ကြသည့် ဗျာဒိတ်ကျမ်းထဲမှ အချို့သော ထုတ်ပြန်ချက်များနှင့် ဝေါဟာရများကဲ့သို့သော ဝိညာဉ်ရေးရာဆန်သည့်သူဖြစ်စေ၊ မဆန်သည့်သူဖြစ်စေ မည်သည့်လူတစ်ဦးမျှ မသိရှိသေးသည့် နက်နဲသောအရာအချို့ကိုပင် ရှာဖွေစူးစမ်းသည်အထိ လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် အထူးသဖြင့် ဤအရာများအပေါ် ကြိုးစားကြပြီး ဤစကားများတွင် လူတို့၏ ခရီးပန်းတိုင်များနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစ်ခုတလေ ရှိမရှိဆိုသည်နှင့် လူတို့၏ ခရီးပန်းတိုင်များနှင့်ပတ်သက်၍ ရှင်းလင်းသော ရှင်းပြချက်များ တစ်ခုတလေ ရှိမရှိဟူသည်တို့ကို စဉ်ဆက်မပြတ် ရှာဖွေကာ သုတေသနပြုနေကြသည်။ သို့သော် ၎င်းတို့ မည်သို့ ကြိုးစားကြည့်ရှုကြသည်ဖြစ်စေ၊ ၎င်းတို့၏ အားထုတ်မှုများက အမြဲ အချည်းနှီးဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ်၊ ဘုရားသခင်နောက် လိုက်နေပြီး အသင်းတော်တွင် ရေလိုက်ငါးလိုက်နေကြစဉ်၊ ၎င်းတို့၏ အတွင်းစိတ်နှလုံးတွင် အမြဲ မသက်မသာခံစားကြသည်။ ၎င်းတို့က “ကောင်းချီးများကို ငါ ရရှိနိုင်သလော။ ငါ၏ အလားအလာများနှင့် ကံကြမ္မာသည် မည်သည့်အရာများသာ ဖြစ်သနည်း။ ဘုရား၏ နိုင်ငံတော်တွင် ငါ့အတွက် နေရာတစ်ခု ရှိလိမ့်မည်လော။ ငါ၏ ခရီးပန်းတိုင် ရောက်ရှိသည့်အခါ ငါသည် ကောင်းကင်ပြာကို ငေးကြည့်နေရလိမ့်မည်လော သို့မဟုတ် ငါသည် ကိုယ့်လက်ကိုယ်ပင် မမြင်နိုင်ရလောက်အောင် အလွန် မှောင်မိုက်သည့် လောကတစ်ခုတွင် ငါ ရောက်နေလိမ့်မည်လော။ ငါ၏ ခရီးပန်းတိုင်က မည်သည့်အရာသာ ဖြစ်သနည်း”ဟု မိမိတို့ဘာသာ မကြာခဏ မေးမိကြသည်။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် ဤကဲ့သို့ မိမိတို့ကိုယ်ကို မေးခွန်း ဆက်ထုတ်နေမိချိန်တွင် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများ၌ ဘုရားသခင်ကိုလည်း တိတ်တဆိတ် မေးခွန်းထုတ်နေကြပေသည်။ “ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ငါ အရည်အချင်း ပြည့်မီသလော။ ငရဲသို့သွားခြင်းကို ငါ ရှောင်ရှားနိုင်သလော။ ဤကဲ့သို့ လိုက်စားခြင်းဖြင့် ကောင်းကင်နိုင်ငံထဲသို့ ငါ ဝင်ရောက်နိုင်သလော။ အနာဂတ် ကောင်းချီးများကို ငါ ရရှိနိုင်သလော။ နောင်ဘဝထဲသို့ ငါ ဝင်ရောက်လိမ့်မည်လော။ ဘုရား၏ သဘောထားမှာ အဘယ်နည်း။ ငါသည် စိတ်၏ ငြိမ်သက်ခြင်း ရှိနိုင်ရန်အလို့ငှာ ဘုရားက အဘယ်ကြောင့် ငါ့ကို ဤကိစ္စရပ်နှင့်ပတ်သက်သည့် မှန်ကန်တိကျပြီး သတ်သတ်မှတ်မှတ် ဖြစ်သော စကားတစ်ခွန်းကို မပြောသနည်း။ ငါ၏ အဆုံးသတ်က မည်သည့်အရာသာ ဖြစ်သနည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို လေ့လာနေစဉ်တွင်လည်းကောင်း၊ ရေလိုက်ငါးလိုက်နေကာ ရှေ့ဆက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိကြစဉ်တွင် ၎င်းတို့၏ အတွင်းစိတ်နှလုံးများ၌ စဉ်းစားကြသည့်အရာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများ၌ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာအပေါ် ၎င်းတို့ ထားရှိသည့် သဘောထားဖြစ်သည်။ ၎င်းတို့၏ စိတ်များသည် ဤအရာများထံသို့ စဉ်ဆက်မပြတ် အာရုံရောက်နေကြသည်၊ ၎င်းတို့က ယင်းတို့ကို အသည်းအသန် ဖမ်းဆုပ်ကာ လက်လွှတ်ဖို့ ငြင်းဆန်ကြလေသည်။

အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်ကို လေ့လာသည့်အခါ ၎င်းတို့၏ ခရီးပန်းတိုင်များကို ရှာဖွေခြင်းနှင့် နက်နဲသောအရာများကို သုတေသနပြုခြင်းတို့ထက် သာ၍ ၎င်းတို့ကို စိတ်ဝင်စားစေသည့်အရာတစ်ခု ရှိသည်။ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်က ကမ္ဘာမြေကို စွန့်ခွာမည့်အချိန်၊ သူ၏ သာသနာလုပ်ငန်းကို သူ အဆုံးသတ်မည့်အချိန်၊ သူ၏ ကြီးမြတ်သော လုပ်ငန်းကြီးကို အပြီးသတ်မည့်အချိန်၊ သူ၏ အမှုတော် အဆုံးသတ်မည့်အချိန်၊ သူ့နောက်လိုက်သည့်သူများက ကြီးမားသော ကောင်းချီးများကို မွေ့လျော်ခံစားပြီး သူ၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို မြင်တွေ့မည့်အချိန် ဖြစ်သည်။ ဘုရားက ကမ္ဘာမြေအား စွန့်ခွာသည်ကို ၎င်းတို့ မြင်နိုင်ခြင်း ရှိမရှိဆိုသည်မှာလည်း ၎င်းတို့၏ အကြီးမားဆုံးသော အမှုထားစရာကိစ္စ ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် အောင်မြင်စွာ အပြီးသတ်မည့် နေ့ရက်အပြင် ခရစ်တော်က မည်သည့်အချိန်တွင် ကမ္ဘာမြေကို စွန့်ခွာမည်၊ ခရစ်တော်က ကမ္ဘာမြေကို စွန့်ခွာမည့်အချိန်တွင် မည်သည့်ပုံစံရှိမည်၊ ယခု ၎င်းတို့ အသက်အရွယ်မည်မျှ ရှိသည်၊ ၁၀နှစ် သို့မဟုတ် အနှစ် ၂၀ တွင် ကမ္ဘာမြေကို ခရစ်တော် စွန့်ခွာခြင်းကို မြင်တွေ့ဖို့ ၎င်းတို့ အသက်ရှင်လိမ့်ဦးမည်လော၊ ထိုအရာကို ၎င်းတို့ တွေ့မြင်လျှင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ဆိုသည်နှင့် မမြင်တွေ့နိုင်လျှင် မည်သည့်အရာ ဖြစ်လိမ့်မည်ဟူသည်တို့အကြောင်းကို ၎င်းတို့က ပိုမိုအလေးထားကြသည်။ ယင်းတို့သည် ၎င်းတို့၏ စိတ်များထဲမှ တွက်ချက်မှုများဖြစ်သည်။ အချို့က “ငါသည် အသက် ၆၀ ရှိနှင့်လေပြီ။ ၁၀ နှစ်တွင် ကျွန်ုပ် အသက်ရှင်ဦးမည်ဆိုလျှင် ခရစ်တော်က ကမ္ဘာမြေအား စွန့်ခွာသည်ကို ငါ မြင်တွေ့နိုင်မည်ဖြစ်သော်လည်း ဘုရားအမှုတော်က ၁၀ နှစ်အတွင်း အဆုံးသတ်ချိန်တွင် ငါ သေဆုံးနှင့်ပြီးသားဖြစ်လျှင် ဘုရားကို ငါ၏ ယုံကြည်မှုက အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤခေတ်တွင် မွေးရန် ဘုရားက ငါ့ကို အမိန့်ဖြင့်ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ဘုရား၏ နောက်လိုက်တစ်ဦးဖြစ်သည့် ငါက ထိုသို့သော ကြီးမြတ်ကာ ကြီးမားသည့် ဖြစ်ရပ်တစ်ခုကို မျက်မြင်ကြုံတွေ့ရမည့် အခွင့်အရေးအား လွဲချော်သွားလျှင် ငါသည် ကောင်းချီးခံစားရသည့် လူတစ်ဦးအဖြစ် ယူဆ၍ မရနိုင်သည့်အပြင် မည်သည့် ကြီးမားသည့် ကောင်းချီးမင်္ဂလာကိုမျှ ငါ ရရှိပြီးဖြစ်မည် မဟုတ်ပါ”ဟူ၍ မိမိတို့ဘာသာ တွေးဆကြလေသည်။ ထိုသို့သော အတွေးများသည် ၎င်းတို့ထဲတွင် မပျော်ရွှင်ခြင်းနှင့် မကျေနပ်မှုကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ မကျေနပ်မှုဖြစ်ကြသနည်း။ “ငါသည် အသက်အရွယ် အိုမင်းနှင့်နေပြီဖြစ်သည်။ ဘုရားက ကမ္ဘာမြေကို အဘယ်ကြောင့် မစွန့်ခွာသေးသနည်း။ ဘုရား၏အလုပ်သည် အဘယ်ကြောင့် ယခုတိုင် အဆုံးမသတ်သေးသနည်း။ ငါတို့သည် မည်သည့်အချိန်တွင် ဧဝံဂေလိဖြန့်ဝေခြင်းကို ပြီးစီးကြလိမ့်မည်နည်း။ ဘုရား၏ အမှုတော် အမြန်အဆုံးသတ်ပါစေ၊ ဘုရားက သူ၏ ကြီးမားသော စီမံကိန်းကို အမြန် အပြီးသတ်ပါစေ၊ ကပ်ဘေးများ အလျင်အမြန် ကျရောက်ပါစေ၊ ဘုရားက စာတန်ကို ဖျက်ဆီးပြီး ဆိုးယုတ်သည့် လူများကို အပြစ်ပေးဖို့ လောဆော်ပါစေ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်စေဖို့ မျှော်လင့်လျက် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အလိုဆန္ဒပေါ် အခြေခံ၍ ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလုပ်နေကြသည် မဟုတ်လော။ ၎င်းတို့၏ ဤအလိုဆန္ဒအတွင်းတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ ပါရှိသည် မဟုတ်လော။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများကြောင့်၊ ဘုရားသခင်က သူ၏ ကြီးမြတ်သော စီမံကိန်းကို အပြီးသတ်ဖို့အတွက်လည်းကောင်း၊ ဘေးဒုက္ခများ အလျင်အမြန် ကျရောက်ဖို့အတွက်လည်းကောင်း၊ ဘုရားသခင်က လောဆော်ပြီး ဆိုးယုတ်သူကို အပြစ်ပေးကာ ကောင်းသောသူကို ဆုချီးမြှင့်ရန်အတွက်လည်းကောင်း၊ ဘုရားသခင်က သူ၏ ဘုန်းအသရေကို ရရှိရန်အတွက်လည်းကောင်း ၎င်းတို့ စိတ်ထက်သန်စွာ မျှော်လင့်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့် ရည်ရွယ်ချက်များကို ထားရှိနေကြသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ ထည့်သွင်းစဉ်းစားနေကြသလော။ (မဟုတ်ပါ။) မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ (၎င်းတို့သည် ကောင်းချီးများ ရရှိဖို့ မျှော်လင့်နေကြပေသည်။) ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ခရီးပန်းတိုင်တို့အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်ကို ၎င်းတို့၏ ခရီးပန်းတိုင်များအား ဗဟိုပြုစေချင်ကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ဖြစ်ပြီး အရှက်မဲ့သည် မဟုတ်လော။ ကိစ္စရပ်များအားလုံးတွင် အန္တိခရစ်များ ပြသသည့် အနှစ်သာရမှာ အဘယ်နည်း။ အခြားအရာအားလုံးထက် မိမိတို့၏ အကျိုးစီးပွားများကို ဦးစားပေးခြင်းနှင့် ၎င်းတို့၏ အကျိုးစီးပွားများကို အထွတ်အထိပ် စိုးမိုးခွင့်ပြုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ပင် ဖြစ်စေကာမူ မည်သည့်အရာကိုမျှ မိမိတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ကွဲလွဲခွင့် မပေးကြပေ။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်မည့်အချိန်တွင်၊ သူ၏ ကြီးမြတ်သည့် လုပ်ငန်းကြီး အပြီးသတ်မည့်အချိန်တွင်၊ ဘုန်းအသရေကို သူ ရရှိမည့်အချိန်နှင့် လူသားမျိုးနွယ်ကို သူ ဖျက်ဆီးမည့်အချိန်တွင် ဤအရာအားလုံးက ၎င်းတို့၏ အကျိုးစီးပွားများနှင့် ခရီးပန်းတိုင်များကို ဗဟိုပြုရမည်ဖြစ်သည်။ ဤအရာအားလုံးက ၎င်းတို့၏ ခရီးပန်းတိုင်များနှင့် ဆက်စပ်ရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ဘုရားသခင်ကို ၎င်းတို့ ငြင်းပယ်ကြလိမ့်မည်၊ သူ့ကို၎င်းတို့ ယုံကြည်လက်ခံမှုအား စွန့်လွှတ်ကြလိမ့်မည်ဖြစ်ပြီး သူ့ကို ကျိန်ပင်ကျိန်ဆဲကြလိမ့်မည်။

အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်အား သဘောထားပုံနှင့်ဆိုင်သည့် အဓိက သရုပ်သကန်များထဲမှ တစ်ခုမှာ လေ့လာခြင်းဖြစ်သည်။ ဤသည်မှာ မယုံကြည်သူစစ်စစ် ဖြစ်သောသူတစ်ဦးက ဘုရားနှုတ်ကပတ်တော်ကို ပြုမူသည့် သဘောထားဖြစ်သည်။ ၎င်းတို့ လေ့လာသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့သည် သမ္မာတရားကိုဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာကိုဖြစ်စေ၊ လူသားမျိုးနွယ်ကို ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များကိုဖြစ်စေ၊ လူသားမျိုးနွယ်ကို တရားစီရင်သည့် သူ၏ နှုတ်ကပတ်တော်များကိုဖြစ်စေ မလေ့လာကြသည့်အပြင် သူ၏ ရည်ရွယ်ချက်များကို ဧကန်မုချ မလေ့လာကြပေ။ ၎င်းတို့က ၎င်းတို့ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာကို လေ့လာကြသည်။ ဘုရားနှုတ်ကပတ်တော်၏ မည်သည့်အပိုင်းကို ၎င်းတို့ ဖတ်ရှုသည်ဖြစ်စေ ထိုအရာက ၎င်းတို့ အလေးထားဆုံးသောအရာဖြစ်သည့် ၎င်းတို့၏ အလားအလာများ၊ ကံကြမ္မာနှင့် ဆက်စပ်သည့် စကားများပါရှိလျှင် ထိုသို့သော အပိုင်းများကို ဂရုတစိုက် လေ့လာကြလိမ့်မည်ဖြစ်ပြီး အရေးကြီးသောအရာအဖြစ် မှတ်သားကြလိမ့်မည်။ ဥပမာအနေဖြင့် ၎င်းတို့ကဲ့သို့သော လူများကို ဖော်ထုတ်ကာ စိစစ်သည့် ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် ၎င်းတို့ကဲ့သို့သော လူများနှင့်ပတ်သက်သည့် စရိုက်လက္ခဏာကို သရုပ်ဖော်ချက်များ သို့မဟုတ် စကားများကို ၎င်းတို့ မြင်သည့်အခါ ထိုသို့သော စကားများကို အပင်ပန်းခံ၍ လေ့လာကြလိမ့်မည်ဖြစ်ပြီး အကြိမ်ကြိမ် ဖတ်ရှုကြလိမ့်မည်။ မည်သည့်အရာကို ၎င်းတို့ ရှာဖွေနေကြသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ၎င်းတို့ နားလည်ပြီး လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ရှာတွေ့နိုင်သည်ဟူသည်ကို သိမြင်ရန် ၎င်းတို့ ကြည့်ရှုကြသလော။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် မိမိတို့ကိုယ်ကို မည်သို့ နားလည်နိုင်သည်ကို သိမြင်ရန် ကြည့်ရှုနေကြသလော။ မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ဤစကားများနောက်ကွယ်ရှိ ၎င်းတို့ကဲ့သို့သော လူများအပေါ် ဘုရားသခင် ထားရှိသည့် သဘောထား၊ ဘုရားသခင်က ၎င်းတို့ကို မုန်းတီးကာ စက်ဆုပ်ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့ကို သူ ကယ်တင်လိမ့်မည်လောဟူသည်တို့ကို ရှင်းလင်းစွာ သိမြင်နိုင်ရန် အတွင်းသဘောကို နားလည်ရန် ကြိုးပမ်းကြ၏။ ၎င်းတို့သည် ဤဘုရားနှုတ်ကပတ်တော်များ၏ အကြောင်းအရာသာမက၊ ဘုရားနှုတ်ကပတ်တော်များ၏ သဘောသွားနှင့် သဘောထားအပြင် ယင်းတို့နောက်ကွယ်ရှိ အတွေးအခေါ်များကိုလည်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့ကဲ့သို့သောသူများ၏ ခရီးဆုံးပန်းတိုင်နှင့် ဆက်စပ်သည့် ဘုရားနှုတ်ကပတ်တော်၏ အစိတ်အပိုင်းများအားလုံးကို စုစည်းခဲ့ပြီး ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ ပစ်ပစ်ခါခါငြင်းခြင်းဖြစ်ပြီး ကယ်တင်ခြင်း မဟုတ်သည်ကို သိရပြီးသည်နှင့်တစ်ပြိုင်နက် သူ့ကို ယုံကြည်မှုအပေါ် ၎င်းတို့၏ သဘောထားက ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ချက်ချင်းပင် အေးစက်သွားလိမ့်မည်။ မယုံကြည်မှုက ၎င်းတို့၏ စိတ်နှလုံးများတွင် ချက်ချင်း ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ သဘောထားက လုံးလုံးလျားလျား ပြောင်းလဲမှုတစ်ခုကို ကြုံရလိမ့်မည်။ ဤအပြောင်းအလဲ၏ အတိုင်းအတာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ ထမ်းဆောင်ရန် စီစဉ်ထားသည့် တာဝန်များကို ထမ်းဆောင်လိုစိတ် ရှိတော့မည်မဟုတ် သို့မဟုတ် ၎င်းတို့ စွန့်လွှတ်ရန် စီစဉ်ထားသည့်အရာကို စွန့်လွှတ်လိုစိတ်ရှိတော့မည် မဟုတ်ပေ။ မူလက ၎င်းတို့သည် မိမိတို့၏ မိသားစုများထံသို့ ဧဝံဂေလိတရားကို ဟောပြောရန် ဆန္ဒရှိခဲ့ကြသော်လည်း ယခုအခါ ထိုသို့ မလုပ်ကြတော့ပေ။ ၎င်းတို့သည် မယုံကြည်ကြတော့သည့်အပြင် သူတို့၏ မိသားစုဝင်များလည်း ယုံကြည်ကြရန် အကြောင်းမရှိတော့သောကြောင့် ဖြစ်၏။ အကျဉ်းရုံးဖော်ပြရလျှင် ၎င်းတို့၏ မူလ အစီအစဉ်များအားလုံးကို ၎င်းတို့ ဖျက်ဆီးကာ လက်လျှော့ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်အပေါ် အန္တိခရစ်များထားရှိသည့် အခြေခံကျသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်ကို လေ့လာရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့အနေဖြင့် သူ၏ ရည်ရွယ်ချက်များကို နားလည်နိုင်ရန်နှင့် သူ့ကို သစ္စာစောင့်သိနိုင်ရန်အလို့ငှာ သမ္မာတရားကို လိုက်စားရန် မဟုတ်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ရှာရန် မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့ကဲ့သို့သော လူတို့အတွက် အဆုံးသတ်များနှင့် ခရီးပန်းတိုင်များအား ဘုရားသခင် ဆုံးဖြတ်ပုံနှင့်ပတ်သက်သည့် တိကျသော ထုတ်ပြန်ချက်တစ်ခုကို ရှာတွေ့ရန် ဖြစ်သည်။ ၎င်းတို့သည် မျှော်လင့်ချက် ရေးရေးမျှ ရှာတွေ့ကြသည့်အခါ ထိုမျှော်လင့်ချက်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိမ့်မည်။ ဤမျှော်လင့်ချက် ရေးရေးအတွက် အရာရာကို ၎င်းတို့ စွန့်လွှတ်နိုင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ သဘောထားက အလွန်ကြီးမားစွာ ပြောင်းလဲသွားလိမ့်မည်။ သို့သော် ၎င်းတို့ ကောင်းချီးမင်္ဂလာများ ခံစားရမည်ဟူသော မျှော်လင့်ချက်အားလုံး ကြေမွသွားသောအခါ ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးကာ သစ္စာဖောက်ခြင်း၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုပင် ကျိန်ဆဲခြင်းသို့တိုင် ရောက်ရှိသည်အထိ တစ်ဖန် အကြီးအကျယ် ပြောင်းလဲသွားလိမ့်မည်။ ဤသည်တို့မှာ အန္တိခရစ်တို့၏ သရုပ်သကန်များ ဖြစ်သည်။

အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို လေ့လာနေစဉ် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ရှာဖွေဖို့ ထိုနှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်မှာလည်း အမှန်ပင်ဖြစ်၏။ မည်သည့် အကျိုးအမြတ်မျိုးနည်း။ ဘုရားနှုတ်ကပတ်တော်များကို လေ့လာနေစဉ် ဘုရားသခင်၏ စကားနှင့်ဆိုင်သည့် စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်၊ လူတို့ကို ပြုပြင်သည့်အခါ သူ၏ လေသံက မည်သည့်အရာ ဖြစ်သည်၊ လူသားမျိုးနွယ်ကို ဖော်ထုတ်သည့်အခါ သူ၏ စကားပြောဆိုပုံက မည်သည့်အရာဖြစ်သည်၊ လူတို့ကို သူ မည်သို့ နှစ်သိမ့်ကာ တိုက်တွန်းသည်၊ မည်သည့် နည်းလမ်းများ သူ အသုံးပြုသည်ဆိုသည်နှင့် မည်သည့် ဉာဏ်ပညာ သူ့တွင် ရှိသည်ဟူသည်တို့ကို ၎င်းတို့က အကျဉ်းချုပ်သည်။ ဘုရားသခင် စကားပြောပြီး အမှုပြုပုံကို သင်ယူခြင်းနှင့် အတုခိုးခြင်းတွင် အန္တိခရစ်များက ကျွမ်းကျင်ကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အခြားသူများကို စကားပြောကာ မိတ်သဟာယပြုရန် ဘုရားသခင် ပြောလေ့ပြောထရှိသည့် စကားများကိုလည်း အသုံးပြုကြသည်။ ဘုရားနှုတ်ကပတ်တော်များကို လေ့လာစဉ်တွင် ၎င်းတို့သည် အမျိုးမျိုးသော သမ္မာတရားများပါရှိသည့် နှုတ်ကပတ်တော်များဖြင့် မိမိတို့ကိုယ်ကိုလည်း ပြင်ဆင်ကြသည်၊ ယင်းတို့ကို မိမိတို့ကိုယ်ပိုင် အမှုအရာများအဖြစ် ပြောင်းလဲစေကြသည်၊ အလုပ်လုပ်ရန်နှင့် အရင်းအနှီးကို စုဆောင်းရန် ဤဘုရားနှုတ်ကပတ်တော်များကို အသုံးပြုကြလေသည်။ ဤအရင်းအနှီးက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဥပမာအနေဖြင့် စုဝေးပွဲတစ်ခုတွင် မှန်ကန်သည့် စကားများနှင့် အယူဝါဒများကို ပြောဆိုနိုင်စွမ်းရှိသူ မည်သူမဆို၊ ပိုများသည့် ဘုရားနှုတ်ကပတ်တော်များကို အလွတ်ကျက်နိုင်သူ၊ ပိုများသည့် ဘုရားနှုတ်ကပတ်တော်များကို ကိုးကားနိုင်ပြီး ပိုများသည့် ဘုရားနှုတ်ကပတ်တော်များကို ရှင်းပြနိုင်သူမည်သူမဆိုသည် အသင်းတော်တွင် ကယ်တင်ခြင်း အရရှိနိုင်ဆုံးသော လူစားမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်က။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာသည် ၎င်းတို့၏ အလားအလာများ၊ ကံကြမ္မာတို့နှင့် ဆက်စပ်ပေသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ရိုးရှင်းစွာ လုံးဝ လက်တွေ့လုပ်ဆောင်ကြလိမ့်မည် မဟုတ်သည့်အပြင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဆင်းရဲဒုက္ခခံကြလိမ့်မည် မဟုတ်၊ သို့မဟုတ် အဖိုးအခပေးကြလိမ့်မည် မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို မြှင့်တင်ရန် အသုံးပြုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ကယ်တင်ခြင်းအတွက် လုံလောက်သော အခြေအနေများကို ပြင်ဆင်ရန် အသုံးပြုကြလိမ့်မည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်ကို အန္တိခရစ်များ သဘောထားပုံ၏ အနှစ်သာရမှာ မည်သည့်အချိန်တွင်ဖြစ်စေ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် သို့မဟုတ် လူတို့ လိုက်လျှောက်သင့်သည့် နည်းလမ်းတစ်ခုအဖြစ် လုံးဝ သဘောမထားကြခြင်း ဖြစ်သည်။ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို ကိုင်စွဲပြီး နေ့စဉ် ဖတ်ရှုကြသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များ ဖတ်ရွတ်ခြင်းများကို နားထောင်ကြသော်လည်း ကိစ္စတစ်ခုက သေချာ၏။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြပေ။ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ အချိန်ရောက်လာသည့်အခါတိုင်းတွင် ၎င်းတို့ စစ်မှန်ရိုးသားမှု ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာအတွက်သာ ၎င်းတို့က ကြံစည်ကြသည်။ အပြင်ပန်းတွင် ဘုရားနှုတ်ကပတ်တော်များကို ချစ်ပြီး တမ်းတသည့် အသွင်အပြင်ကို ဆောင်ကြသည်။ သို့သော် လက်တွေ့တွင် ဘုရားနှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှုခြင်းနှင့် အဆင့်ဆင့်ဆည်းပူးခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ မိမိတို့၏ ကယ်တင်ခြင်းအတွက် အခြေအနေများ စွမ်းဆောင်ရရှိရန် ဖြစ်သည်။ အပြန်အလှန်အနေဖြင့် ဘုရားသခင်ကို အကောင်းမြင်စေခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်များဖြင့် ဤအရာကို ၎င်းတို့ လုပ်ဆောင်ကြသည်။ လူတို့၏စိတ်နှလုံးများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို ၎င်းတို့ မယုံကြည်ကြ။ လူတို့က အပြင်ပန်း သွင်ပြင်များကိုသာ ကြည့်ကြသောကြောင့် ဘုရားသခင်ကလည်း အပြင်ပန်း သွင်ပြင်များကိုသာ ကြည့်ရမည်ဟုသာ ၎င်းတို့ သိကြသည်။ ထို့ကြောင့် ဤကိစ္စရပ်များတွင် လိမ်လည်လှည့်စားမှုကို ကျင့်သုံးလျက် ၎င်းတို့က ဟန်ဆောင်မှုနှင့် လှည့်ဖြားမှုတို့ ဆောင်ရွက်ကြသည်။ ၎င်းတို့က “ဤအရာကို အပြင်ပန်းဖြင့်သာ ငါ လုပ်ဆောင်ရန် လိုအပ်သည်။ ငါ့စိတ်နှလုံးတွင် မည်သည့်အရာ စဉ်းစားသည်ဟူသည်မှာ အရေးမကြီးပါ။ လူတို့က ထိုအရာကို မမြင်နိုင်သည့်အပြင် ဘုရားကလည်း မမြင်နိုင်ပါ။ အမှန်တွင် ဘုရားနှုတ်ကပတ်တော်များကို ငါအဘယ်သို့ ဖတ်ရှုသည်ဖြစ်စေ၊ စစ်မှန်သည့် ဖန်ဆင်းခံတစ်မျိုးမျိုး ဖြစ်လာဖို့အတွက် ထိုအရာကို ငါ လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ငါ၏ အလားအလာများနှင့် ကံကြမ္မာ ပါဝင်ပတ်သက်ခြင်းမရှိလျှင် ဤအခက်အခဲကို ငါ ခါးစည်းခံမည် မဟုတ်သည့်အပြင် ဤနာကြည်းစရာကို ငါ သည်းခံမည်မဟုတ်ပါ”ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်များတွင် ဘုရားနှုတ်ကပတ်တော်များက မည်သို့ ကောင်းမွန်ပုံရသည်ဖြစ်စေ ယင်းတို့ကို အမှန်တကယ် အကောင်အထည်ဖော်၍မရနိုင်သကဲ့သို့ လူတို့က ယင်းတို့ကို တကယ် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ လက်တစ်ဆုပ်စာ လူတို့က ဘုရားနှုတ်ကပတ်တော်များကို အနည်းငယ် အသက်ရှင်နေထိုင်လျှင်ပင် ထိုသို့ လုပ်ဆောင်ရခြင်းမှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက်လည်း ဖြစ်ရမည်။ ဘာသာတရားမရှိသူတို့က “အခမဲ့ နေ့လည်စာဟူသကဲ့သို့သော အရာမျိုး မရှိပါ”ဟု ပြောကြသည့်အတိုင်းပင်ဖြစ်သည်။ ၎င်းတို့က “ဘုရားကို ငါတို့၏ ယုံကြည်မှုအတွက် သူ၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှု၊ နားထောင်ရင်း၊ သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်ရင်း ထိုသို့သော အခက်အခဲများကို ငါတို့ ခါးစည်းခံကြသည်။ ထိုအရာအားလုံးက အဘယ်အတွက်ဖြစ်သနည်း။ ထိုရည်ရွယ်ချက်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ ထိုအရာက ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာအတွက်ချည်းသာ ဖြစ်သည်ကို လူတိုင်းက ၎င်းတို့ စိတ်နှလုံးများတွင် ကောင်းစွာ သိရှိကြသည်။ သို့မဟုတ်လျှင် ဤနေရာတွင် ဆင်းရဲဒုက္ခခံဖို့သက်သက်အတွက် လောကီကို လိုက်စားခြင်းနှင့်ဆိုင်သည့် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသော အချိန်ကာလများကို ငါတို့ အဘယ်ကြောင့် စွန့်လွှတ်ကြမည်နည်း”ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤကိစ္စရပ်တွင် မည်သည့် အဖြစ်မှန်ကို ၎င်းတို့ ငြင်းပယ်လေပြီနည်း။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ပြီး သမ္မာတရားက လူတို့ကို ကယ်တင်နိုင်သည်၊ လူတို့ကို ပြောင်းလဲစေနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့ ကူညီနိုင်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်က ဖြစ်စေနိုင်သည့် ရလဒ် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များက ဤအဖြစ်မှန်ကို ဝန်ခံကြသလော။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်များက လူတို့ကို ကယ်တင်နိုင်သည်ဟု လူတိုင်းက အခိုင်အမာပြောကြသော်လည်း မည်သူ့ကို ထိုအရာက ကယ်တင်ပြီနည်း။ ထိုအရာ ဖြစ်ပျက်သည်ကို မည်သူ မြင်ပြီနည်း။ ဤအရာကို ငါ မယုံကြည်ပါ”ဟု ပြောလျက် ငြင်းပယ်ကြသည်။ ဘုရားနှုတ်ကပတ်တော်က လူတို့ကို ကယ်တင်နိုင်သည်၊ လူတို့ကို ပြောင်းလဲစေနိုင်ပြီး လူတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ရုန်းထွက်လွတ်မြောက်ဖို့ ကူညီနိုင်သည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ပြီး လူတို့၏ အသက်ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ လူတို့က ဘုရားနှုတ်ကပတ်တော်ကို မိမိတို့၏ အသက်အဖြစ် ရှိကြသည့်အခါ ၎င်းတို့ ကယ်တင်ခံရနိုင်ပေသည်။ ၎င်းတို့သည် ကယ်တင်ခံရသောသူများ ဖြစ်လာကြသည်။ အန္တိခရစ်များက ဤအချက်ကို အသိအမှတ်မပြုကြပေ။ လူတို့က ယခုရှိသည့်နေရာတွင် ရောက်ရှိကြခြင်းမှာ ကောင်းချီးမင်္ဂလာများနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိခြင်းအတွက်သာ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤသည်မှာ ဘုရားအိမ်တော်တွင် လူတို့က မိမိတို့တာဝန်ကို ထမ်းဆောင်ကြသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်၏ အသီးအပွင့်များကို ၎င်းတို့က ငြင်းပယ်ကြသည်။ လူတို့၌ သမ္မာတရားက စွမ်းဆောင်ရရှိသည့် ရလဒ်များကို ၎င်းတို့က ငြင်းပယ်ကြပြီး သမ္မာတရားက လူတို့ကို သိမ်းပိုက်နိုင်သည်၊ လူတို့ကို ပြောင်းလဲစေနိုင်ပြီး ကယ်တင်နိုင်သည်ကို ငြင်းပယ်ကြသည်။ လူတို့က မိမိတို့ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာအတွက် ပူပန်မှုကြောင့်သာလည်းကောင်း၊ လိုက်စားခြင်းဖြင့်သာလည်းကောင်း ဘုရားသခင်နောက်လိုက်ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်က လူတို့ကို ပြောင်းလဲစေနိုင်ကြောင်း၊ ၎င်းတို့အား ဘုရားသခင်အပေါ် သစ္စာစောင့်သိစေနိုင်ကြောင်း၊ ၎င်းတို့အား ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံစေနိုင်ကြောင်း သို့မဟုတ် ဘုရားအိမ်တော်၌ ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စေနိုင်ကြောင်း ၎င်းတို့က မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ ထို့ကြောင့် မိမိတို့၏ အကျိုးစီးပွားများကို ဦးစားပေးသည့် အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင် သမ္မာတရားကို မလိုက်စားကြပေ။ ဘုရားနှုတ်ကပတ်တော်များကို လေလုံးတစ်မျိုး၊ ထုတ်ပြန်ချက်တစ်မျိုးအဖြစ် သဘောထားကြစဉ်တွင် ဤဘုရားနှုတ်ကပတ်တော်များက လူတို့အား ကယ်တင်နိုင်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ရိုးသားစစ်မှန်ပြီး ဘုရားသခင်ကို သစ္စာစောင့်သိသော သူအားလုံးက အတုအယောင်ဖြစ်ပြီး ၎င်းတို့ကိုယ်ပိုင် အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်မည်မျှကို ၎င်းတို့ ကြားသည်ဖြစ်စေ၊ ဘုရားသခင်၏ တရားဒေသနာ မည်မျှကို ၎င်းတို့ ကြားရသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်နှလုံးများ၌ နောက်ဆုံးတွင် ရှိနေသည့်အရာမှာ အလားအလာများနှင့် ကံကြမ္မာတည်းဟူသော စကားနှစ်လုံးသာ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တို့က လူတို့အတွက် ကောင်းမွန်သော အလားအလာများနှင့် ကံကြမ္မာကို ဖြစ်စေနိုင်ပြီး ၎င်းတို့အတွက် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ဖြစ်စေနိုင်သည်ဟူ၍ ဖြစ်၏။ အန္တိခရစ်များအတွက် ဤသည်မှာ အစစ်မှန်ဆုံးသောအရာဖြစ်သည်၊ အထွတ်အထိပ်အဖြစ်ဆုံးသော သမ္မာတရားဖြစ်သည်။ ဤအရာအတွက် မဟုတ်ခဲ့လျှင် ပထမဆုံးအနေဖြင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည်မဟုတ်။ ဒုတိယအနေဖြင့် ဘုရားအိမ်တော်၌နေရန် ထိုသို့သော နာကြည်းချက်ကို ၎င်းတို့ သည်းညည်းခံမည်မဟုတ်။ တတိယအနေဖြင့် ဘုရားအိမ်တော်၌ မည်သည့်တာဝန်ကိုမျှ ၎င်းတို့ ထမ်းဆောင်မည်မဟုတ်။ စတုတ္ထအနေဖြင့် ဘုရားအိမ်တော်၌ မည်သည့် ဆင်းရဲဒုက္ခများကိုမျှ ၎င်းတို့ ခါးစည်းခံမည်မဟုတ်။ ပြီးလျှင် ပဉ္စမအနေဖြင့် ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သရေတွင် မွေ့လျော်ရန်၊ လောကီကို လိုက်စားရန်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရန် ငွေကို လိုက်စားရန်နှင့် ကောက်ကျစ်ဆိုးယုတ်သည့် ရေပန်းစားမှုများကို လိုက်စားရန်အတွက် လောကီဘဝဆီသို့ အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့ ပြန်သွားပြီးဖြစ်ပေမည်။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ ပါဝင်ပတ်သက်သောကြောင့်သာ ၎င်းတို့က ယခုတွင် ဘုရားအိမ်တော်၌ ယာယီနေထိုင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလားအလာများနှင့် ကံကြမ္မာကို လုံခြုံစိတ်ချစေဖို့အတွက် စိတ်ပိုင်းဖြတ်ထားသည့် သဘောထားတစ်ခု ရှိကြစဉ်တွင် ဘုရားသခင်၏ အမှုတော် အဆုံးသတ်သည့်အခါ ၎င်းတို့အနေဖြင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ပြီး ကြီးမားသည့် ကောင်းချီးများရရှိသော သူတို့အလယ်တွင် ရှိလိမ့်မည်ဟု မျှော်လင့်လျက် အခွင့်အရေးတစ်ခုကို ရယူသည့် စိတ်နေစိတ်ထားတစ်ခုကိုလည်း ထားရှိကြသည်။ ဤသည်မှာ မည်သည့် စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ဘုရားသခင်ထံမှ အကျိုးအမြတ်များကို ရှာဖွေဖို့ အလိုရှိကြသော်လည်း သူ့ကို ကျိုးနွံနာခံလိုစိတ် မရှိကြပေ။ ထို့အပြင် ဘုရားသခင် ပြောပြီးသည့် စကားများအားလုံးကိုပင် ၎င်းတို့ မယုံကြည်ကြသည့်အပြင် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ကိုလည်း မယုံကြည်ကြပေ။ ဤသည်မှာ အနည်းငယ် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များကို လေ့လာခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ သဘောထားနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့က မယုံကြည်သူများဖြစ်သည်။ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို သုတေသနပြုရန်၊ ဖတ်ရှုရန်နှင့် ဆက်ဆံရန် ထိုသို့သော သဘောထားတစ်ခုကို အသုံးပြုနိုင်ခြင်းက ၎င်းတို့သည် စံပြ မယုံကြည်သူများ၊ လုံးလုံးလျားလျား မယုံကြည်သူများ စစ်စစ်ဖြစ်သည်ကို ပြပေသည်။ သို့ဆိုလျှင် ၎င်းတို့သည် စွန့်ခွာခြင်း မရှိဘဲ ဘုရားအိမ်တော်တွင် အပေါ်ယံဆန်သော အလုပ်တစ်ခုခုကို ဆောင်ရွက်ကာ ဆက်လက် လိုက်လျှောက်နိုင်ကြသေးသနည်း။ ၎င်းတို့ မည်မျှ ပြုပြင်ခံရသည်ဖြစ်စေ၊ အဘယ်ကြောင့် နေထိုင်ပြီး အသင်းတော် အသက်တာကိုပင် ပါဝင်လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်များ ဆက်လက် နားထောင်၊ ဖတ်ရှုနေနိုင်ကြသနည်း။ ဤသည်မှာ အဘယ်ကြောင့်နည်း။ (၎င်းတို့က ကောင်းချီးများကို ရရှိချင်ကြသည်။) အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ကောင်းချီးများကို ရရှိလိုကြသောကြောင့် ဖြစ်သည်။ ဘာသာတရားမရှိသူများက “ကျွန်ုပ်ကို ကျွေးမွေးသောသူ မည်သူမဆို ကျွန်ုပ်၏ မိခင်ဖြစ်ပြီး ကျွန်ုပ်ကို ငွေပေးသောသူ မည်သူမဆို ကျွန်ုပ်၏ ဖခင်ဖြစ်သည်”ဟု ပြောသကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ ဤဆင်ခြင်တွေးခေါ်မှုစနစ်သည် လောကီဆက်ဆံရေးများအတွက် စာတန်၏ အတွေးအခေါ်နှင့် ပြည့်နေသည် မဟုတ်လော။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ကြသည်မှာ “သင် မည်သည့် ထူးခြားလှသည့် အလုပ်မျိုး လုပ်ဆောင်ပြီးဖြစ်သည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ သင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရက မည်သည့်အရာဖြစ်နိုင်သည်ဖြစ်စေ၊ ကျွန်ုပ်ကို ကောင်းချီးများ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုနှင့် ကောင်းမွန်သည့် အနာဂတ်တစ်ခု ပေးနိုင်ကာ ကြီးမားသည့် ကောင်းချီးများကို ရှိခွင့်ပေးသရွေ့ သင့်နောက် ကျွန်ုပ် လိုက်မည်ဖြစ်ပြီး ယခု သင့်ကို ဘုရားအဖြစ် ကျွန်ုပ် သဘောထားမည်”ဟူသော စာတန်ဆန်သည့် အတွေးအခေါ်၏ စိုးမိုးခြယ်လှယ်မှုအောက်တွင် ဖြစ်ပေသည်။ ဤနေရာတွင် စစ်မှန်သော ယုံကြည်ခြင်းနှင့်ဆိုင်သည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ သဘောထားပုံအရ၊ ထိုသို့သော လူတို့ကို အန္တိခရစ်များနှင့် မယုံကြည်သူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းက မှန်ကန်တိကျလွန်းသည်ချည်းသာ ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “၎င်းတို့ ယုံကြည်ကြသည်”ဟူသည့် စကားရပ် မပါရှိပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။