အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၇) အခန်း သုံး

၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏ အဓိက ရည်ရွယ်ချက်များနှင့် သဘောထားများထဲမှတစ်ခုမှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန်နှင့် ၎င်းတို့ လိုချင်သည့် အကျိုးအမြတ်များကို ရရှိရန် ထိုတာဝန်ကို အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့က “လူတို့သည် ဘုရားအိမ်တော်၌ မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ မိမိတို့၏ မိသားစုများကို စွန့်ပစ်ပြီး ၎င်းတို့၏ လောကီ အလားအလာများကို စွန့်လွှတ်သည့်အခါ တစ်စုံတစ်ရာကို ၎င်းတို့ ရရှိသင့်ကြသည်မှာ၊ အပြန်အလှန်အနေဖြင့် တစ်စုံတစ်ရာကို ရရှိသင့်ကြသည်မှာ သိသာထင်ရှားပါသည်။ ဤအရာသည်သာ မျှတပြီး ကျိုးကြောင်းသင့်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး မည်သည့်အရာမျှ မရရှိလျှင် သမ္မာတရားအချို့ကို သင် ရရှိလျှင်ပင် ထိုအရာက မတန်ပေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည်လည်း ထိုသို့သော လက်ဆုပ်လက်ကိုင်ပြ၍ရသည့် အကျိုးအမြတ်တစ်ခု မဟုတ်ပေ။ ကယ်တင်ခြင်းကို သင် ရရှိလျှင်ပင် မည်သူကမျှ ထိုအရာကို မြင်နိုင်လိမ့်မည် မဟုတ်ပါ”ဟုလည်း ယုံကြည်ကြသည်။ ဤမယုံကြည်သူများသည် ဘုရားသခင်က လူသားမျိုးနွယ်အတွက် ရှိထားသည့် မည်သည့်သတ်မှတ်ချက်ကိုမဆို မသိကျိုးကျွန်ပြုကြသည်။ ထိုအရာကို ၎င်းတို့က အသိအမှတ်ပြုခြင်း သို့မဟုတ် ယုံကြည်ခြင်း မရှိကြသကဲ့သို့ ငြင်းပယ်သည့် သဘောထားတစ်ခုကို ခံယူကြသည်။ အန္တိခရစ်များက မိမိတို့တာဝန်ကို သဘောထားသည့် သဘောထားများနှင့် ရည်ရွယ်ချက်များမှ အကဲဖြတ်သော် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ မဟုတ်ဘဲ မယုံကြည်သူများနှင့် အခွင့်အရေးသမားများ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပေသည်။ စာတန်က တာဝန်တစ်ခုကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်သည်ဟု သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) စာတန်သည် ၎င်း၏ “တာဝန်”ကို ဘုရားသခင်ရှေ့မှောက်တွင် ထမ်းဆောင်နိုင်လျှင် စာတန်သည် ထိုတာဝန်ကို မတက်မကြွနှင့် မလုပ်မနေလုပ်ရခြင်းဖြင့် ထမ်းဆောင်နေသောကြောင့် ဤတာဝန်ကို မျက်တောင်အဖွင့်အပိတ် သင်္ကေတဖြင့် ထားရမည် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ကိုင်တွယ်စေခိုင်းခြင်းခံရပြီး ဘုရားသခင်က ၎င်းကို အသုံးချနေခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် အနှစ်သာရကြောင့်လည်းကောင်း၊ ၎င်းတို့က သမ္မာတရားကို မချစ်ကြ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသောကြောင့်လည်းကောင်း၊ ထို့ထက်ပို၍ပင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကြောင့်၊ အန္တိခရစ်များသည် ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ခြွင်းချက်မရှိ သို့မဟုတ် အဖိုးအခမရှိဘဲ မထမ်းဆောင်နိုင်ကြသကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် သမ္မာတရားကို မလိုက်စားနိုင်ကြ သို့မဟုတ် သမ္မာတရားကို မရရှိနိုင်ကြပေ သို့မဟုတ် ထိုတာဝန်များကို ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များအတိုင်း မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့၏ ဤသဘာဝ၊ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ပြုမူသည့် သဘောထားနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင်ရှိသည့် အမျိုးမျိုးသော သရုပ်သကန်များကြောင့် မိမိတို့တာဝန်များအပေါ် အန္တိခရစ်များ၏ ပြုမူခြင်းသည် ပေါ့ဆခြင်း ဖြစ်သည်။ မိမိတို့တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့သည် မကောင်းမှုကို ပြုနိုင်ကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့် အခြေအနေတွင်မဆို အချိန်မရွေး အနှောင့်အယှက်ပေးကာ အဖျက်အမှောင့်လုပ်သည့် အခန်းကဏ္ဍကို ဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် အဓိကကျပြီး ပေါ်လွင်သော သရုပ်သကန်မှာ အဘယ်နည်း။ တစ်ဇွတ်ထိုးလုပ်ပြီး ထင်ရာမြင်ရာ ပြုမူဆောင်ရွက်ခြင်း၊ ထင်ရာစိုင်းခြင်းနှင့် အခြားသူများကို တိုင်ပင်ခြင်းမရှိဘဲ အမှုအရာများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးဆက်များ စဉ်းစားခြင်းမရှိဘဲ အမှုအရာများကို မိမိတို့ နှစ်သက်သည့်ပုံစံအတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် မည်သို့ရှေ့ရောက်နိုင်မည်၊ ပိုများသည့် လူတို့ကို မည်သို့ထိန်းချုပ်နိုင်မည်ဆိုသည်ကိုသာ စဉ်းစားကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့တွင် အရင်းအနှီးရှိကာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ပြီး ကောင်းချီးများရရှိခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဆုလာဘ်များနှင့် သရဖူတစ်ခုကို ဘုရားသခင်ထံ တောင်းဆိုပိုင်ခွင့်ရှိကြောင်းကိုသာ ဘုရားသခင်ကို ပြသလိုကြသည်။

၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာတို့ကို စဉ်ဆက်မပြတ် တွက်ချက်နေကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ယခု နှစ်ပေါင်းမည်မျှ ထမ်းဆောင်နေပြီး ဖြစ်သည်၊ ဆင်းရဲဒုက္ခမည်မျှ ၎င်းတို့ ခါးစည်းခံပြီးဖြစ်သည်၊ ဘုရားသခင်အတွက် မည်မျှ စွန့်လွှတ်ပြီးဖြစ်သည်၊ အဖိုးအခမည်မျှ ပေးပြီးဖြစ်သည်၊ ၎င်းတို့၏ ခွန်အား မည်မျှ သုံးစွဲပြီးဖြစ်သည်၊ ၎င်းတို့၏ ငယ်ရွယ်မှု နှစ်ကာလ မည်မျှကို ၎င်းတို့ စွန့်လွှတ်ပြီးဖြစ်သည်ဆိုသည်နှင့် ယခုတွင် ၎င်းတို့အနေဖြင့် ဆုလာဘ်များနှင့် သရဖူတစ်ခု ရရှိရန် ခံစားပိုင်ခွင့်ရှိမရှိ၊ ဤနှစ်ကာလ အနည်းငယ်တွင် မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း လုံလောက်သည့် အရင်းအနှီးကို ၎င်းတို့ စုဆောင်းပြီးခြင်း ရှိမရှိ၊ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် သူ့ရှေ့၌ မျက်နှာသာရသောလူတစ်ဦး ဟုတ်မဟုတ်ဆိုသည်နှင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ဆုလာဘ်များနှင့် သရဖူတစ်ခု ရရှိနိုင်သည့် လူတစ်ဦး ဟုတ်မဟုတ်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် စဉ်ဆက်မပြတ် ချိန်ဆနေကြသည်၊ ဤသို့ တွက်ချက်ကာ စီစဉ်နေကြစဉ် တစ်ချိန်တည်းတွင် အခြားသူတို့၏ စကားများနှင့် မျက်နှာအမူအရာများကို လေ့လာစောင့်ကြည့်ကာ ၎င်းတို့နှင့်ပတ်သက်၍ ညီအစ်ကို မောင်နှမများ၏ အကဲဖြတ်ချက်များနှင့် ထုတ်ဖော်ပြောဆိုချက်များကို လေ့လာစောင့်ကြည့်နေကြလေသည်။ ၎င်းတို့ အပူပန်ဆုံးသောအရာမှာ ၎င်းတို့ တည်ရှိပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းအား အထက်က သိရှိခြင်း ရှိမရှိဟူသည့်အရာ ဖြစ်သည်။ အထက်က ၎င်းတို့ကို မြင်ပုံ၊ ၎င်းတို့အကြောင်း ပြောဆိုဆွေးနွေးကာ ၎င်းတို့ကို အကဲဖြတ်ပုံ၊ ဆင်းရဲဒုက္ခခံစားကာ အဖိုးအခပေးရာတွင် အထက်က ၎င်းတို့၏ “အပင်ပန်းခံရသော ရည်ရွယ်ချက်များ”ကို နားလည်ခြင်းရှိမရှိ၊ ဘုရားသခင်နောက် လိုက်သည့် ၎င်းတို့၏ နှစ်ကာလများတွင် ၎င်းတို့ ခါးစည်းခံရပြီးဖြစ်သည့် ဆင်းရဲဒုက္ခနှင့် အတိဒုက္ခများကို အထက်က ရှင်းလင်းစွာ သိရှိခြင်း ရှိမရှိဆိုသည်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်က ၎င်းတို့ လုပ်ဆောင်သမျှအရာတိုင်းကို မည်သို့ တရားစီရင်သည်ဟူသည်တို့ကို ၎င်းတို့က သာ၍ပင် ပူပန်ကြသည်။ ၎င်းတို့သည် မိမိတို့ စွဲကိုင်ထားသည့် တာဝန်များနှင့် အလုပ်များနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့၏ စိတ်များကလည်း စဉ်ဆက်မပြတ် တွက်ချက်နေကြပြီး အရင်းအမြစ်မျိုးစုံမှ သတင်းအချက်အလက်များကို ရယူဖို့ ကြိုးစားကာ ကပ်ဘေးများကို ၎င်းတို့ ရှောင်ရှားနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး မသိရသော သရဖူနှင့် ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ချိန်ဆကြလေသည်။ ဤသည်တို့မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် မကြာခဏ တွက်ချက်ကြသည့်အရာများ၊ နေ့ရက်တိုင်း၏ အချိန်တိုင်းတွင် ၎င်းတို့ တွက်ချက်ကြသည့် အဓိကနှင့် ပဓာန အကျဆုံးသော အရာများ ဖြစ်သည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောလူများ ဟုတ်မဟုတ်၊ သမ္မာတရား မည်မျှကိုသာ ၎င်းတို့ နားလည်သည်၊ ၎င်းတို့ အမှန်တကယ် နားလည်သည့် သမ္မာတရား မည်မျှကို ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ ၎င်းတို့၏ စိတ်သဘောထားက စစ်မှန်သည့် ပြောင်းလဲမှုကို ကြုံရပြီးခြင်း ရှိမရှိ၊ ရိုးသားစစ်မှန်မှု စိုးစဉ်းမျှ ရှိမရှိ သို့မဟုတ် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့် အရာများအတွင်းတွင် ရောနှောမှုများ၊ အပေးအယူများ၊ သို့မဟုတ် တောင်းဆိုချက်များ ရှိမရှိ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်မှုတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ၎င်းတို့ ထုတ်ဖော်ပြပြီးဖြစ်သည်၊ နေ့တိုင်း ၎င်းတို့ လုပ်ဆောင်သည့် တာဝန်နှင့် လုပ်ငန်းဆောင်တာတစ်ခုစီသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ထားခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းက စံနှုန်းပြည့်မီကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်း ရှိမရှိဟူသည်တို့ကို တွေးဆရန် သို့မဟုတ် ပြန်လည်သုံးသပ်ရန် ၎င်းတို့ လုံးဝ မကြိုးစားကြချေ။ ဤအရာများကို ၎င်းတို့က လုံးဝ ပြန်မသုံးသပ်ကြ သို့မဟုတ် တွေးဆရန် မကြိုးစားကြပေ။ ၎င်းတို့သည် အနာဂတ်တွင် ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့၏ ခရီးပန်းတိုင်က မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကိုသာ တွက်ချက်ကြသည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ၎င်းတို့ကိုယ်ပိုင် အကျိုးများ၊ ဆုံးရှုံးမှုများကိုသာ ၎င်းတို့ တွက်ချက်ကြသော်လည်း သမ္မာတရား၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ဖြည့်ဆည်းရမည်ဟူသည်တို့နှင့်ပတ်သက်၍ မည်သည့် အားအင်မျှ သို့မဟုတ် အားထုတ်မှုမျှ လုံးဝ မသုံးစွဲကြချေ။ အန္တိခရစ်များသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြစ်စေ၊ ၎င်းတို့ လျှောက်ပြီးဖြစ်သည့် မှားယွင်းသည့် လမ်းကြောင်းများကိုဖြစ်စေ ဆင်ခြင်သုံးသပ်ခြင်း၊ သိရှိခြင်း သို့မဟုတ် စိစစ်ခြင်းတို့အား မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြသကဲ့သို့ ၎င်းတို့ကိုယ်ပိုင် မှားယွင်းသည့် ရှုထောင့်အမြင်အား မည်သို့ ပြောင်းလဲရမည်ကို လုံးဝ မစဉ်းစားကြပေ။ ၎င်းတို့က သမ္မာတရားအား ချိုးဖောက်မိပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့ ဆိုးယုတ်သည့် အရာများစွာ လုပ်ဆောင်ခဲ့သည်ကို မည်သည့်အခါမျှ မုန်းကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ကြသောကြောင့် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မုန်းတီးလိမ့်မည် မဟုတ်သည့်အပြင် ၎င်းတို့ လျှောက်ပြီးဖြစ်သည့် မှားယွင်းသော လမ်းကြောင်းများ သို့မဟုတ် နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရန် ၎င်းတို့ လုပ်ဆောင်ပြီးသည့် အရာများအတွက် မည်သည့်အခါမျှ နောင်တရကြလိမ့်မည် မဟုတ်ပေ။ မိမိတို့တာဝန်ကို ထမ်းဆောင်စဉ်တွင် မိမိတို့ကိုယ်တိုင်၏ ချို့ယွင်းချက်များ၊ အားနည်းချက်များ၊ အပျက်သဘောဆောင်ခြင်း၊ မတက်မကြွ ဖြစ်ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်နည်းနှင့်မဆို ဖုံးကွယ်သည့်အပြင် ၎င်းတို့ ရှေ့ရောက်နိုင်ဖို့အလို့ငှာ မိမိတို့ကိုယ်ကို ပြသရန် အစွမ်းကုန် လုပ်ဆောင်ကြပြီး မိမိတို့၏ ပါရမီများ၊ ဆုကျေးဇူးများနှင့် အစွမ်းအစများကို ဘုရားသခင်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား မြင်တွေ့စေရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နှစ်သိမ့်ရန်နှင့် ၎င်းတို့အနေဖြင့် သရဖူနှင့် ဆုလာဘ်များကို ရရှိဖို့ အရင်းအနှီးနှင့် စိတ်ချမှုရှိကြောင်းကိုလည်းကောင်း၊ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းအား ၎င်းတို့ လျှောက်ရန် မလိုအပ်ကြောင်းကိုလည်းကောင်း မိမိတို့ကိုယ်ကို တွေးထင်စေဖို့အတွက် ဤအရာကို အသုံးပြုကြလေသည်။ ထို့ကြောင့် အန္တိခရစ်များ၏ ဆင်ခြင်တုံတရားက အပြစ်အနာအဆာရှိသည်။ သမ္မာတရားကို မည်သို့ မိတ်သဟာယပြုထားသည်ဖြစ်စေ၊ ထိုသမ္မာတရားကို မည်သို့ ရှင်းလင်းစွာ မိတ်သဟာယပြုထားသည်ဖြစ်စေ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းက မည်သည့်အရာအတွက်သာ ဖြစ်သည်ဆိုသည်နှင့် လူတို့ လျှောက်သင့်သည့် မှန်ကန်သော လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို ၎င်းတို့ နားမလည်ကြသေးပေ။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကြောင့်၊ ထိုသို့သော လူတို့၏ သဘာဝ အနှစ်သာရကြောင့် စိတ်ထဲတွင် ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်ပြီး အပြုသဘောဆောင်သည့် အရာများက မည်သည့်အရာသာဖြစ်သည်၊ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ဟူသည်တို့ကို ၎င်းတို့ ပိုင်းခြားနိုင်ခြင်းကို မရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို သမ္မာတရားအဖြစ်၊ အသက်တာတွင် တစ်ခုတည်းသော ရည်မှန်းချက်များအဖြစ်လည်းကောင်း၊ တရားအမျှတဆုံးသော လုပ်ငန်းတစ်ခုအဖြစ်လည်းကောင်း သဘောထားလျက် ခိုင်မာစွာ ဆုပ်ကိုင်ထားကြသည်။ လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲလျှင် ထိုသူသည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်သူ ဖြစ်လိမ့်မည်ဟူသည့် သမ္မာတရားကို ၎င်းတို့ မသိကြသကဲ့သို့ လူတစ်ဦးကို ဘုရားသခင်က မည်သည့် ကောင်းချီးများပေးပြီး လူတစ်ဦးကို ဘုရားသခင် မည်သို့ ဆက်ဆံသည်ဟူသည်တို့မှာ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ ပါရမီများ သို့မဟုတ် အရင်းအနှီးတို့ကို အခြေမခံဘဲ သမ္မာတရားကို မည်မျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရား မည်မျှ ရရှိသည်ကိုလည်းကောင်း၊ ၎င်းတို့က ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဟုတ်မဟုတ် ဟူသည်ကိုလည်းကောင်း အခြေခံသည်ကို မသိကြပေ။ ဤသည်တို့မှာ အန္တိခရစ်များ လုံးဝ နားလည်လိမ့်မည် မဟုတ်သည့် သမ္မာတရားများ ဖြစ်သည်။ အန္တိခရစ်များက ဤအရာကို လုံးဝ မြင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤသည်မှာ ၎င်းတို့ အမိုက်မဲဆုံးသောနေရာ ဖြစ်သည်။ အစမှအဆုံးထိ ၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိ၏တာဝန်ကို လုပ်ဆောင်ခြင်းက အပေးအယူတစ်ခု ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်တွင် အသုံးခံဆုံးသောသူ၊ ဘုရားအိမ်တော်အတွက် အကြီးမားဆုံးသော ပံ့ပိုးမှုပြုလုပ်ပြီး ဘုရားအိမ်တော်တွင် နှစ်အများဆုံး သည်းညည်းခံသောသူ မည်သူမဆိုသည် ကောင်းချီးခံစားရပြီး အဆုံးတွင် သရဖူတစ်ခု ရရှိမည့် သာ၍ မြင့်မားသော အခွင့်အရေးတစ်ခု ရှိကြလိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ဆင်ခြင်မှုစနစ်ဖြစ်သည်။ ဤတွေးခေါ်ဆင်ခြင်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤရှုထောင့်အမြင်မျိုးကို ပြောင်းပြန်လှန်ရန် လွယ်ကူသလော။ ပြောင်းပြန်လှန်ရန် မလွယ်ကူပေ။ ဤအရာကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်နေကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရှုထောင့်အမြင်သည် ပြောင်းပြန်ဖြစ်စေဖို့ မလွယ်ပေ။ နောက်ဆုံးတွင် အန္တိခရစ်များသည် ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို မယုံကြည်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ မှန်းဆပြီး ကောင်းချီးများရရှိဖို့ ဤနေရာတွင် ရှိနေကြခြင်း ဖြစ်သည်။ မယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဤအရာကိုယ်၌က ယုတ္တိမရှိသော၊ အဓိပ္ပာယ်မဲ့သောအရာတစ်ခုဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခ ပေးဆပ်ခြင်းဖြင့် ဘုရားသခင်နှင့် အပေးအယူလုပ်ပြီး ကောင်းချီးများ ရရှိဖို့ အလိုရှိကြသည်။ ဤသည်မှာ သာ၍ပင် အဓိပ္ပာယ်မဲ့သော အရာတစ်ခု ဖြစ်သည်။

အန္တိခရစ်များသည် ကောင်းချီးများနှင့် သရဖူတစ်ခု ရရှိဖို့ရန်အလို့ငှာသာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက တစ်နည်းနည်းဖြင့် ၎င်းတို့ကို တလွဲဦးဆောင်သောကြောင့်ဖြစ်ဖို့မဆိုထားနှင့်၊ တစ်စုံတစ်ဦးက ၎င်းတို့ကို အတင်းအကျပ်ပြုသောကြောင့် ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ခဲ့ကြခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကတိတော်များ ပေးခဲ့သော်လည်း ကတိတော်များကို ပေးသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့အပေါ် ပုံမှန်လူများ မြင်နိုင်သင့်သည့် သမ္မာတရားများစွာကိုလည်း ပေးသနားခဲ့ပြီး ၎င်းတို့အပေါ် သတ်မှတ်ချက်များစွာကိုလည်း အဆိုပြုခဲ့သည်။ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူတို့သည် မည်သည့်အရာကို တွေးထင်ကြသနည်း။ “ဤကောင်းချီးများကို ရရှိဖို့ မလွယ်ပါ။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ငါ ပြုမူဆောင်ရွက်ရမည်ဖြစ်ပြီး မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရမည်။ ပေါလု၏ လမ်းကြောင်းကို ငါ မလျှောက်ရပါ။ လူတို့သည် ပေါလု၏ လမ်းကြောင်းကို လျှောက်လျှင် ၎င်းတို့ လုံးဝ အဆုံးသတ်ပြီဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို လူတို့ ယုံကြည်၊ လက်ခံပြီး ကျိုးနွံနာခံကြသည့်အချိန်တွင်သာ ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် ကတိတော်များ၊ ကောင်းချီးများ၊ အလားအလာများနှင့် ကံကြမ္မာအားလုံးသည် ၎င်းတို့နှင့် ပတ်သက်မှု တစ်ခုတလေ ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို ယုံကြည်ခြင်းမရှိ၊ လက်ခံခြင်း မရှိသကဲ့သို့ ကျိုးနွံနာခံခြင်းမရှိလျှင် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် ဤကတိတော်များနှင့် ကောင်းချီးများအားလုံးက ၎င်းတို့နှင့် ဘာမျှ ပတ်သက်လိမ့်မည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူတို့သည် ဤကဲ့သို့ စဉ်းစားကြလိမ့်မည်။ သို့သော် အန္တိခရစ်များက အဘယ်ကြောင့် ဤကဲ့သို့ မစဉ်းစားကြသနည်း။ အန္တိခရစ်များသည် စာတန်များဖြစ်ကြသည်၊ နတ်ဆိုးများဖြစ်ကြပြီး ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား မရှိကြပေ။ ဤသည်မှာ ပထမဆုံးသော အကြောင်းရင်း ဖြစ်သည်။ ဒုတိယအနေဖြင့် အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြလေသည်၊ ဘုရားသခင်၏ နှုတ်မှ ပြောဆိုထားသည့် စကားတစ်လုံးစီတိုင်းကို မယုံကြည်ကြသကဲ့သို့ အပြုသဘောဆောင်သည့် အရာများကို မနှစ်မြို့ကြချေ။ သမ္မာတရားကို အသိအမှတ်မပြုသကဲ့သို့ အပြုသဘောဆောင်သည့်အရာများကို အလွန်အမင်း မနှစ်မြို့သည့် လူတစ်ဦးသည် သမ္မာတရား၊ အပြုသဘောဆောင်သည့် အရာများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ဤသည်မှာ ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်ကဲ့သို့ မြက်ကို စားခိုင်းခြင်းနှင့်တူသည်။ အခြေခံအားဖြင့် ထိုအရာကို ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ အသားမရှိဘဲ ၎င်းတို့ ငတ်၍သေတော့မည့်အချိန်တွင် မြက်အနည်းငယ်ကို မစားချင်ဘဲအတင်း စားကောင်းစားနိုင်သော်လည်း စားဖို့ အသားရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ပထမဆုံး ရွေးချယ်မှုက သေချာပေါက် အသားစားရန် ဖြစ်သည်။ ဤအရာကို ဝံပုလွေ၏ သဘာဝက ဆုံးဖြတ်ပေသည်။ အန္တိခရစ်များတွင် ထိုသို့သော သဘာဝတစ်ခု ရှိကြသည်။ ၎င်းတို့၏ အကျိုးစီးပွားများက ၎င်းတို့အား အပြုအမူကောင်းအချို့ ပြသရန်၊ အဖိုးအခတစ်ခုခု ပေးရန်နှင့် ကောင်းမွန်သည့် သရုပ်သကန်အချို့ ပြရန် လှုံ့ဆော်နိုင်သော်လည်း ဤအကျိုးအမြတ်များအတွက် လိုက်စားခြင်းနှင့် လိုအင်ဆန္ဒတို့အား ၎င်းတို့ လုံးဝ မစွန့်နိုင်ကြပေ။ ဥပမာအနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ၎င်းတို့ လိုက်စားသည့်အရာမှာ တစ်ကိုယ်ရေ အကျိုးစီးပွားများဖြစ်ပြီး ၎င်းတို့ စဉ်းစားသည့်အရာမှာ ၎င်းတို့ကိုယ်တိုင်အတွက် ကောင်းချီးများရရှိဖို့ ၎င်းတို့၏ တာဝန် ထမ်းဆောင်ခြင်းအား အရင်းအနှီးအဖြစ် မည်သို့ ပြောင်းလဲရမည် ဟူသည့်အရာ ဖြစ်သည်။ ဤမျှော်လင့်ချက် ပျက်ပြားသွားသည်နှင့် တစ်ပြိုင်နက်၊ ဤအကာအကွယ်လမ်းကြောင်း ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သည့် အခြေအနေတွင်မဆို အချိန်မရွေး စွန့်လွှတ်နိုင်သည်။ ထိုအချိန်ရောက်လာပြီး မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်မျှကောင်းမွန်ကာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပုံကို ၎င်းတို့အား သင် ပြောသည့်အခါ ၎င်းတို့ နားထောင်ကြလိမ့်ဦးမည်လော။ (နားထောင်ကြမည် မဟုတ်ပါ။) ၎င်းတို့ စွန့်လွှတ်ပြီး ထွက်သွားဖို့ ဆုံးဖြတ်ကြသည့်အခါ လူတို့က ၎င်းတို့ကို ဖျောင်းဖျဖို့ ကြိုးစားကြသည်။ “သင် နေသင့်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက ကောင်းမွန်ပြီး လောကီထဲသို့ ပြန်သွားခြင်းက အလွန် ခက်ခဲသည်။ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည် မဟုတ်ပါ။ သင်သည် အနိုင်ကျင့်ခံရပြီး မောပန်းနွမ်းနယ်လိမ့်မည်။ သမ္မာတရားကို သင် ရမည်မဟုတ်သကဲ့သို့ ကယ်တင်ခံရမည့် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို အကြံပေးခြင်းက အဆင်ပြေသည်ဟု လူတို့က တွေးထင်နိုင်သော်လည်း ၎င်းတို့ နေကြလိမ့်မည် မဟုတ်သည်သာမက၊ ကသိကအောက် ဖြစ်ခြင်းဖြင့်လည်း ငိုကြွေးကြလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ ငိုကြွေးကြလိမ့်မည်နည်း။ (၎င်းတို့က မတရားခံရသည်ဟု ခံစားရသည်။) ဤသည်မှာ မှန်ပေသည်။ ပြီးလျှင် ၎င်းတို့ မည်သို့ မတရားခံရသနည်း။ (၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခများစွာ ခါးစည်းခံရပြီးဖြစ်ကာ ကြီးမားသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်သော်လည်း ၎င်းတို့ လိုချင်သည့်အရာကို မရရှိသေးဟု တွေးထင်ကြသောကြောင့် မတရားခံရသည်ဟု ၎င်းတို့ ခံစားကြရပါသည်။) မည်သည့်အရာကိုမျှ မရရှိလေပြီဟု ၎င်းတို့ ခံစားပြီး မကျေနပ်ချက်များဖြင့် ပြည့်နေကြသည်။ ဘုရားသခင်သည် ထိုသို့သော ကြီးမားသည့် အမှုကို ပြုကာ ထိုအရာက ၎င်းတို့ကို လုံးဝ မတို့ထိသကဲ့သို့ ထိုအတွက် မျက်ရည်တစ်စက်မျှ ၎င်းတို့ မကျဖူးကြသော်လည်း အခြားသူတို့က ၎င်းတို့ကို ဖျောင်းဖျဖို့ ကြိုးစားသည့်အခါ စငိုကြွေးကြသည်။ ၎င်းတို့ မတရားခံရသည်ဟု ခံစားရလျှင် ထိုသို့ အဘယ်ကြောင့် မပြောခဲ့ကြသနည်း။ ထိုအရာကို ရှင်းလင်းစွာ ဖော်ပြခြင်းသည် အမှုအရာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်လော။ မည်သည့်အရာအတွက် ၎င်းတို့ ငိုကြွေးနေကြသနည်း။ အဘယ်ကြောင့် ရှင်းရှင်းလင်းလင်း မပြောသနည်း။ ၎င်းတို့၏ အတွေးများက အလွန် ပြောမထွက်နိုင်အောင် ဆိုးရွားသောကြောင့် ၎င်းတို့ပင်လျှင် ထိုအရာများအကြောင်းကို ပြောဖို့ ရှက်ကြသည်။ အစတွင် ၎င်းတို့သည် ဘုရားသခင်ထံ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့် ကျမ်းသစ္စာများ ကျိန်ဆိုကြပြီး ယခုတွင် အဘယ်သို့ဖြစ်သနည်း။ “ကျွန်ုပ် လုပ်ဆောင်ခဲ့သည့်အရာကို ကျွန်ုပ် နောင်တရမိသည်။ အဘယ်သို့ဖြစ်ပြီး ကျွန်ုပ် အလွန်နုံအနိုင်ခဲ့ရသနည်း။ ဤသို့ဖြစ်လာမည်ကို ကျွန်ုပ်သိခဲ့မည်ဆိုလျှင် ယခင်က ငါ ပြုမူဆောင်ရွက်ခဲ့ပုံအတိုင်း ငါ ပြုမူဆောင်ရွက်ခဲ့မည် မဟုတ်ပါ။ ထိုစဉ်အချိန်က မည်သည့်အရာကိုမျှ ငါ နားမလည်ခဲ့ပါ။ ဘုရားကို ယုံကြည်ခြင်းသည် ကောင်းမြတ်သည်ဟု သူတို့ ပြောခဲ့ကြသောကြောင့် သူ့ကို ကျွန်ုပ် ယုံကြည်ခဲ့သည်။ ဘုရားအိမ်တော်၌ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်ုပ်၏ မိသားစုနှင့် အလုပ်ကိုပင် စွန့်လွှတ်ခဲ့သည်။ ကျွန်ုပ် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့သည်၊ နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရပြီး အဖမ်းခံခဲ့ရသည်။ သို့သော် ဤပြီးခဲ့သည့်နှစ်အနည်းငယ်တွင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ မည်သည့်အရာကိုမျှ ကျွန်ုပ် လုံးဝ မရရှိလေပြီ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ မတရားခံရသည်ဟု ခံစားပြီး ဝမ်းနည်းကြသည့်အပြင် ၎င်းတို့ လုပ်ဆောင်ပြီးသမျှအရာအားလုံးကို နောင်တရကြသည်။ ထိုအရာသည် ထိုက်တန်ခြင်းမရှိဟု ၎င်းတို့က တွေးထင်ကြပြီး ၎င်းတို့ အယုံသွင်းခံရကာ လှည့်စားခံရသည်ဟု တွေးထင်ကြသည်။ ဤလူစားမျိုးနှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်သင့်သည်ဟု သင်တို့ ထင်သနည်း။ (၎င်းတို့ကို ချက်ချင်း ထွက်သွားခိုင်းသင့်သည်။) ၎င်းတို့ကို ဖျောင်းဖျဖို့ သင် ကြိုးစားဦးမည်လော။ (ကြိုးစားမည်မဟုတ်ပါ။) ၎င်းတို့ကို ဖျောင်းဖျဖို့ သင် ကြိုးစားမြဲကြိုးစားနေလျှင် ၎င်းတို့သည် ဝုန်းဒိုင်းကြဲလျက် ကြမ်းပြင်ပေါ် လူးလှိမ့်နေလိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့ကို ဖျောင်းဖျရန် သင် လုံးဝ မကြိုးစားရပေ။

ဘုရားအိမ်တော်သည် ခါနာန်ပြည်၏ ကောင်းမွန်သော မြေဖြစ်သည်။ ထိုမြေသည် စင်ကြယ်သော မြေတစ်ခုဖြစ်၏။ လူတို့သည် ဘုရားအိမ်တော်သို့လာပြီး ဘုရားသခင်ထံမှလာသည့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ရရှိကြကာ သူ၏ ထောက်ပံ့ခြင်း၊ ကူညီမစခြင်း၊ လမ်းပြမှုနှင့် ကောင်းချီးများကို ရရှိကြသည်။ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ အမှုပြုပြီး ထိန်းကျောင်းပေးကာ လူတို့အနေဖြင့် အဖိုးအခ အနည်းငယ်ပေးပြီး ဆင်းရဲဒုက္ခအချို့ ခါးစည်းခံရမည်ဖြစ်သော်လည်း ထိုက်တန်ပေသည်။ ဤဆိုးယုတ်သော လောကမှ လွတ်မြောက်စေရန်၊ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲဖို့နှင့် ကယ်တင်ခံရဖို့အလို့ငှာ လူတို့ လုပ်ဆောင်သည့်အရာတိုင်းက လုပ်ရကျိုးနပ်ပေသည်။ သို့သော် အန္တိခရစ်များအတွက်မူ ကောင်းချီးများ သို့မဟုတ် ဆုလာဘ်များ ရရှိဖို့မဟုတ်လျှင်၊ သရဖူနှင့် ဆုလာဘ်များ မပါရှိလျှင် ဤအရာအားလုံးကို လုပ်ဆောင်ခြင်းက မတန်ပေ။ ယင်းတို့သည် မိုက်မဲသော လုပ်ရပ်များချည်းသာဖြစ်ပြီး လှည့်စားခံရခြင်း၏ သရုပ်သကန်များချည်းသာ ဖြစ်သည်။ စိတ်ဆုံးဖြတ်ချက်က မည်မျှ ကြီးမားသည်ဖြစ်စေ၊ ယခင်က မည်မျှမြင့်မြတ်သော ကတိသစ္စာကို ၎င်းတို့ ပြုခဲ့ကြသည်ဖြစ်စေ အားလုံးကို ထိုအတိုင်းသာ ပယ်ဖျက်နိုင်ပြီး ထည့်သွင်းရေတွက်၍ မရပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဤကဲ့သို့ ဆင်းရဲဒုက္ခခံကာ အဖိုးအခတစ်ခု ပေးပြီး အဆုံးတွင် မည်သည့်အရာမျှ မရရှိလျှင် ၎င်းတို့အနေဖြင့် ဤ “ပြဿနာများသောနေရာ”မှ အမြန်ဆုံး ရှောင်တိမ်းခြင်းက ပိုကောင်းမည် ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အဖိုးအခပေးခြင်းတို့ကို ၎င်းတို့ ရွေးချယ်စရာမရှိဘဲ လုပ်ဆောင်ရသည့် အရာများအဖြစ်လည်းကောင်း၊ အရင်းအနှီးကို ရရှိဖို့၊ သရဖူနှင့် ဆုလာဘ်များအတွက် အလဲအလှယ် လုပ်ဖို့အတွက် အပေးအယူလုပ်၍ရသည့် တိုကင်ပြားများ အဖြစ်လည်းကောင်း သဘောထားကြသည်။ ဤစမှတ်ကိုယ်၌က မှားယွင်းသည်။ ထို့ကြောင့် အဆုံးသတ် ရလဒ်မှာ အဘယ်နည်း။ လူအချို့အတွက် ၎င်းတို့၏ တာဝန် ထမ်းဆောင်မှုသည် အဖျားရှူးသွားပြီး အဆုံးထိတိုင် အလုပ်မလုပ်ပေးနိုင်ကြပေ။ တစ်ချိန်တည်းတွင် ၎င်းတို့၏ သဘာဝ အနှစ်သာရကြောင့် ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် မဆင်မခြင်နှင့် ထင်ရာမြင်ရာ ပြုမူဆောင်ရွက်ရင်းနှင့် နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်သည့် အရာများကိုသာ လုပ်ဆောင်ရင်း သမ္မာတရား စည်းမျဉ်းများကို စဉ်ဆက်မပြတ် ချိုးဖောက်ကြသည်။ သို့ဆိုလျှင် ၎င်းတို့ လုပ်ဆောင်သည့် တာဝန်များသည် မည်သည့်အရာအဖြစ်သို့ ပြောင်းသွားသနည်း။ ဘုရားသခင်၏ အမြင်တွင် ယင်းတို့သည် ကောင်းမှုများ မဟုတ်ဘဲ ဒုစရိုက်အမှုများဖြစ်ပြီး ထိုအရာများ စုပုံနေလေသည်။ ထိုသို့သော ရလဒ်များသည် ဖြစ်ကြောင်းရင်းမြစ်တစ်ခု ရှိ၏။ သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို တကယ်ပင် မယုံကြည်သည့် လူတစ်ဦးသည် သူ၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူဆောင်ရွက်နိုင်သလော။ သေချာပေါက် မဆောင်ရွက်နိုင်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ကြွားဝါဖို့၊ တန်ခိုးအာဏာကို မလွှတ်တမ်း အသုံးချဖို့၊ အခြားသူတို့ကို ထိန်းချုပ်ဖို့၊ အခြားသူတို့၏ အပြုအမူနှင့် အတွေးများကို ထိန်းချုပ်ကာ မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက် လူတို့နှင့်ပတ်သက်သည့် အရာရာတိုင်းကိုပင် ထိန်းချုပ်ဖို့အတွက် အခွင့်အရေးတိုင်းကိုသာ ရှာဖွေကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဒုစရိုက်အမှု များစွာကို ကျူးလွန်သည့် ဤလူများထဲမှ အချို့သည် နှင်ထုတ်ခံရပြီး အတော်အတန် သစ္စာမဲ့သည့်အပြင်၊ မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် တော်ကြသည့်သူ အချို့မှာ ဘုရားအိမ်တော်တွင် နေကြဆဲဖြစ်သည်။ ဤလူများက ဘုရားအိမ်တော်တွင် နေကြသည်ဟု အဘယ်ကြောင့် ပြောသနည်း။ ဤလူများသည် သိသာထင်ရှားသည့် မကောင်းမှုကို မပြုလုပ်သေးသကဲ့သို့ ၎င်းတို့ထဲမှ အချို့မှာ မိမိတို့နေရာကိုပင် သိရှိပြီး ၎င်းတို့အား စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် ကောင်းစွာပြုမူကာ နာခံတတ်ကြသည်။ သို့သော် ၎င်းတို့၏ အနှစ်သာရအရ ၎င်းတို့သည် မိမိတို့တာဝန်များနှင့် ဝတ္တရားများကို အစွမ်းကုန် ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြရမည့်အစား အဆုံးထိတိုင် ၎င်းတို့ သည်းညည်းခံလျှင် ၎င်းတို့ အောင်နိုင်မည်ဖြစ်ပြီး တစ်စုံတစ်ခုကို ရရှိလိမ့်မည်ဟု ယုံကြည်လျက် တော်စွလျော်စွ ကြုံရာကျပန်းနေကြပြီး အေးအေးဆေးဆေး အချိန်ဖြုန်းနေကြလေသည်။ ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် အခွင့်ရေးသမားများ၊ သမ္မာတရားကို အခြေခံအားဖြင့် မလိုက်စားကြသည့်လူများ ဖြစ်ကြသည်။ လူအချို့သည် ဘုရားအိမ်တော်တွင် မကောင်းမှုတစ်ခုခုကို ပြုမိပြီးဖြစ်သော်လည်း ဘုရားအိမ်တော်၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့်အညီ ၎င်းတို့သည် ရှင်းလင်းပစ်ခံရမည့် သို့မဟုတ် နှင်ထုတ်ခံရမည့် အဆင့်သို့ မရောက်ကြသေးဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြဆဲဖြစ်သည်။ အမှန်တွင် စိတ်ထဲ၌ ဘုရားအိမ်တော်က ၎င်းတို့ကို မရှင်းလင်းပစ်သေးသည့် သို့မဟုတ် မနှင်ထုတ်သေးသည့် အကြောင်းရင်းမှာ ၎င်းတို့၏ အကြောင်းကို ကောင်းစွာ မသိရှိထားသောကြောင့် သို့မဟုတ် ၎င်းတို့အရေးကိစ္စများ၏ စစ်မှန်သော အခြေအနေကို မသိသောကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းရင်း အမျိုးမျိုးကြောင့်ဖြစ်သည်ကို ၎င်းတို့က သိရှိကြသည်။ နှင်ထုတ်ခြင်း မခံရသေးသည့် ဤလူများစွာတို့သည်လည်း အန္တိခရစ်များ ဖြစ်ကြသည်။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခု ဤလူများတွင် အခွင့်အရေး မရှိကြသော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရအရ အဆင့်အတန်းကို ၎င်းတို့ ရရှိပြီး တန်ခိုးအာဏာကို စွဲကိုင်သည်နှင့်တစ်ပြိုင်နက် မကောင်းမှုများစွာကို ချက်ချင်း လုပ်ဆောင်ကြလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဤလူများသည် ဘုရားအိမ်တော်မှ ရှင်းလင်းပစ်ခြင်း မခံရသေးသော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ပုံမှန်အားဖြင့် ဆိုးကျိုးများက ကောင်းကျိုးများထက် အလေးသာပေသည်။ ၎င်းတို့သည် မကောင်းသည့်အရာအချို့၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေသည့်အရာအချို့ကို မကြာခဏ လုပ်ဆောင်ကြသည်။ ထိုအရာကို ၎င်းတို့ကိုယ်တိုင် သိကြသော်လည်း လုံးဝ နောင်တမရကြ၊ ၎င်းတို့ တလွဲလုပ်ဆောင်ပြီးဖြစ်သည်ကို လုံးဝ မစဉ်းစားကြသကဲ့သို့ ဤကဲ့သို့ မပြုမူခဲ့သင့်ကြောင်းကို လုံးဝ မစဉ်းစားကြပေ။ ၎င်းတို့တွင် နောင်တများ ရှိရမည့်အစား ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့် အခြေအနေမျိုး ဖြစ်ပေါ်သနည်း။ “ဘုရားအိမ်တော်က ငါ့ကို မနှင်ထုတ်သရွေ့ ဤနေရာတွင် ငါသည် အချိန်ဆွဲ၍သာ နေနေမည်ဖြစ်ပြီး ငါ့အချိန်ကျလာသည်အထိ တော်စွလျော်စွ ကြုံရာကျပန်း နေလိုက်မည်။ သမ္မာတရားကို ငါ လိုက်စားမည်မဟုတ်သကဲ့သို့ သူတို့က ငါ့ကို တစ်စုံတစ်ခုလုပ်ဖို့ စေခိုင်းလျှင် ငါ လုပ်နိုင်သည့်အရာကို လုပ်မည်။ ငါ ပျော်လျှင် နည်းနည်း ပို၍ လုပ်မည်ဖြစ်ပြီး ငါ မပျော်လျှင် နည်းနည်း လျှော့လုပ်မည်။ ပြီးလျှင် သူတို့ကို ငါ ဆွဲထားရမည်ဖြစ်ပြီး အပျက်သဘောဆောင်ခြင်းနှင့် အယူအဆအချို့ကို ငါ ဖြန့်ရမည်၊ ဝေဖန်သုံးသပ်သော စကားအချို့ကို ဖြန့်ရမည်။ အချိန်ရောက်လာသည့်အခါ သူတို့ ငါ့ကို ရှင်းလင်းပစ်ပြီး နှင်ထုတ်ကာ မည်သည့် ကောင်းချီးမျှ ငါ မရရှိလျှင်ပင် လူအချို့ကို ငါ့အစား ကြားမှခံပေးရသည့်သူများအဖြစ် အသုံးပြုကာ ငါနှင့်အတူ အချို့ကို ပျက်စီးစေမည်”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ ဆိုးယုတ်သော လူများဖြစ်သည် မဟုတ်လော။ မည်သည့်လူတို့တွင် ထိုးထွင်းသိမြင်မှုမရှိသည်၊ မည်သူတို့က မကြာခဏ အားနည်းပြီး အပျက်သဘောဆောင်တတ်သည်၊ မည်သူတို့က မကောင်းသည့် လူ့သဘာဝရှိသည်၊ မည်သူတို့က ကိုယ်ကျင့်တရားပျက်သည်၊ မည်သူတို့က ဘာသာတရားမရှိသူများ၏ ပုံစံအတိုင်းဖြစ်သည်ဟု ထင်ရသည်ဆိုသည်တို့ကို ၎င်းတို့က စောင့်ကြည့်လေ့လာပြီးနောက် ဤလူများကို ဆွဲဆောင်ကာ နောက်ကွယ်တွင် ၎င်းတို့ထံ အပျက်သဘောဆောင်ခြင်းကို ဖြန့်ကြလေသည်။ ထိုသို့သော လုပ်ရပ်များ၏ သဘာဝကို ၎င်းတို့သိကြသလော။ ၎င်းတို့ အလွန်ပင် ကောင်းစွာ ရှင်းရှင်းလင်းလင်း သိရှိကြသည်။ သို့ဆိုလျှင် ဤကဲ့သို့ အဘယ်ကြောင့် ပြုမူဆောင်ရွက်ကြသေးသနည်း။ (၎င်းတို့၏ သဘာဝ မပြောင်းလဲနိုင်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့၏ သဘာဝ မပြောင်းလဲနိုင်ခြင်းသည် အပေါ်ယံ၌ သိသာသည့်အရာတစ်ခု ဖြစ်သော်လည်း လက်တွေ့အရှိတရားတွင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း။ (၎င်းတို့သည် ထိုအရာကို အားလုံးရှုံးသည့် အခြေအနေတစ်ခု ဖြစ်စေချင်ကြပြီး ဘုရားသခင်ကို ကလဲ့စားချေရန်အတွက် အခြားသူတို့ကို ၎င်းတို့နှင့်အတူ ပျက်စီးဆုံးရှုံးစေချင်ကြသည်။) ၎င်းတို့တွင် ဤမလိုမုန်းထားသော စိတ်ရှိကြသည်။ ၎င်းတို့၏ အချိန်သည် ကုန်လုနီးပါးဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အနှေးနှင့်အမြန် ရှင်းလင်းပစ်ခံရမည်ဖြစ်ကြောင်းကို ၎င်းတို့ သိကြသည်။ ၎င်းတို့ လုပ်ဆောင်ပြီးသည့်အရာကို ၎င်းတို့ သိကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးသည့် ဤအရာများ၏ သဘာဝကို သိကြသော်လည်း မလှည့်ပြန်ကြသည်သာမက နောင်တရခြင်း သို့မဟုတ် ၎င်းတို့ စွဲကိုင်မိသည့် မကောင်းမှုကို စွန့်လွှတ်ခြင်း ရှိရမည့်အစား နှစ်ဆတိုးလုပ်ကာ ၎င်းတို့နှင့်အတူ မကောင်းမှုကျူးလွန်ဖို့အတွက် ပိုများသည့် ဆိုးယုတ်သောလူများကို ဆွဲဆောင်ကြသည်။ ၎င်းတို့သည် ပိုများသည့် လူတို့အား မိမိတို့တာဝန်များကို စွန့်ပစ်စေကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေလျက် အပျက်သဘောဆောင်ခြင်းကိုပင် ဖြန့်ကြပြီး အယူအဆများကို ဖြန့်ဖြူးကြသည်။ ဤအရာက လက်စားချေခြင်း သဘာဝ အနည်းငယ်ကို သယ်ဆောင်ပြီး ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ ပြောဆိုနေသည့်အရာမှာ “ကျွန်ုပ် ဆက်မယုံကြည်နိုင်ပါ။ ပြီးလျှင် ကျွန်ုပ်သည် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်းကို အနှေးနှင့်အမြန် ခံရဖို့ သေချာသည်။ ထို့ကြောင့် သင်တို့အားလုံးကို ကျွန်ုပ် အေးဆေးနေခွင့်ပေးမည် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်ကိုလည်း ကျွန်ုပ် အေးဆေးနေခွင့်ပေးမည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်၍ ဘုရားအိမ်တော်က ဆုံးဖြတ်ချက်တစ်ခုတလေ မပြုမီတွင် ၎င်းတို့က ဦးစွာ တိုက်ခိုက်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူတို့၏ လုပ်ဆောင်ချက်များဖြစ်သည် မဟုတ်လော။ ၎င်းတို့က “ကျွန်ုပ်သည် ကောင်းချီးများရရှိမည့် မျှော်လင့်ချက် မရှိပါ။ ယခင်က ကျွန်ုပ် လုပ်ဆောင်ခဲ့သည့် အရာများကို ကျွန်ုပ်အား သင်တို့ ပြောပြဖို့ မလိုအပ်ပါ။ ထိုအရာအားလုံးကို ကျွန်ုပ် ရှင်းလင်းစွာ နားလည်သည်။ သင်တို့ ကျွန်ုပ်ကို နှင်ထုတ်ဖို့ မလိုပါ။ ကျွန်ုပ်ဘာသာ အရှုံးပေးပါမည်” ဟု ယုံကြည်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းက မိမိကိုယ်ကို သတိပြုမိခြင်းနှင့် ဆင်ခြင်တုံတရားရှိသောအရာဖြစ်သည်၊ အမြော်အမြင်ရှိသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟုပင် ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က “သင်သည် ကျွန်ုပ်ကို ကောင်းချီးများ ရရှိခွင့်မပေးသကဲ့သို့ ကျွန်ုပ် ဘာမျှ မရရှိလျှင်ပင် ကျွန်ုပ် နောင်တရမည် မဟုတ်သည်သာမက သင့်ကိုလည်း ကျွန်ုပ် တားဆီးမည်၊ အပျက်သဘောဆောင်ခြင်းကို ဖြန့်မည်ဖြစ်ပြီး သင်၏ နောက်ကွယ်တွင် အယူအဆများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ဖြန့်မည်။ ကောင်းချီးများကို ကျွန်ုပ် မရရှိနိုင်လျှင် အခြားသူတို့ ရရှိလိမ့်မည်ဟု မတွေးထင်လေနှင့်”ဟူ၍ ပြောဆိုကြသည်။ ထိုသို့သော လူများသည် မလိုမုန်းထားကြသည် မဟုတ်လော။ အချို့သော အန္တိခရစ်များကလည်း ထိုသို့သော စကားများကို ဖြန့်ကြသည်။ “ကျွန်ုပ်တို့ကဲ့သို့သော လူများသည် ဘုရားအိမ်တော်တွင် အသုံးချခံများ ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး အလွန် နုံအကြသည်”ဟူ၍ ဖြစ်၏။ ၎င်းတို့အနေဖြင့် ကောင်းချီးများ မရရှိနိုင်ကြသည်ကို မြင်ကြသည်။ ထို့ကြောင့် အပျက်သဘောဆောင်သည့်၊ နားဝေတိမ်တောင်ဖြစ်ပြီး ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသော လူတို့ထံ ဤအရာများကို ဖြန့်ဝေခြင်းအား အထူးတလည် အာရုံစိုက်ကြသည်။ ဤအရာသည် နှောင့်ယှက်ခြင်းနှင့်ဆိုင်သည့် သဘာဝကို သယ်ဆောင်သည် မဟုတ်လော။ ဘုရားအိမ်တော်တွင် ၎င်းတို့ ခိုင်မာစွာ မရပ်တည်နိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့ ကောင်းချီး မခံစားရမည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် အနှေးနှင့်အမြန်ဆိုသလို ရှင်းလင်းပစ်ခြင်း ခံရလိမ့်မည်ကိုလည်းကောင်း ၎င်းတို့ ယုံကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းမှာ ၎င်းတို့ စွဲကိုင်သည့် မကောင်းမှုကို စွန့်လွှတ်ကာ ဘုရားသခင်ထံ ဝန်ချပြီး နောင်တရဖို့၊ မိမိတို့ တာဝန်ကို ရိုးသားစစ်မှန်မှုနှင့် ထမ်းဆောင်ကာ မိမိတို့၏ အတိတ်မှ အမှားများအတွက် ပြေရာပြေကြောင်း လုပ်ပေးဖို့အတွက် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၌ အပျက်သဘောဆောင်မှုကို ဖြန့်ခြင်း၊ အခြားသူတို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား အဖျက်အမှောင့်လုပ်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေကာ အဖျက်အမှောင့်လုပ်ခြင်း၊ ပိုများသည့် လူတို့ကို ၎င်းတို့ကဲ့သို့ မကောင်းမှုလုပ်ဆောင်စေရန်၊ အပျက်သဘောဆောင်ပြီး နုတ်ထွက်လာစေရန်နှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား စွန့်ပစ်စေရန် ကြိုးစားခြင်းတို့ကို နှစ်ဆတိုးလုပ်ဆောင်ကြလေသည်။ ယင်းက ၎င်းတို့၏ လက်စားချေခြင်း ရည်မှန်းချက် ဖြစ်မြောက်အောင်မြင်စေသည်။ ဤသည်မှာ ဆိုးယုတ်သည့်လူများ လုပ်ဆောင်သည့်အရာ ဖြစ်သည် မဟုတ်လော။ ထိုသို့သောလူများသည် မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင် ရှိကြသေးသလော။ (မရှိကြပါ။) ၎င်းတို့ စိတ်နှလုံးများတွင် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်တစ်ပါး ရှိပြီး ကမ္ဘာမြေပေါ်တွင် လူတို့ မြင်နိုင်ပြီး လူတို့ကြားတွင် အမှုပြုသည့် ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် သဘောထားကြလေသည်။ ဆန့်ကျင်ဘက် လုပ်ဆောင်သည့် လူအချို့လည်း ရှိကြ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် မရေရာသည့် ဘုရားသခင်ကို အမြဲ ယုံကြည်ကြပြီးဖြစ်သော်လည်း အဆုံးတွင် မိမိတို့ ပုဂ္ဂိုလ်ရေးကြည်ညိုသည့် လူများကို ဘုရားများအဖြစ် ကျိုးနွံနာခံကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့် အရာတိုင်းတွင် ဤလူများကို ကျိုးနွံနာခံကြလေသည်။ ဘုရားသခင်ကို လူသားဖြစ်ခဲ့သည့်အလား ယုံကြည်ဖို့ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က မရေရာသည့် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်းတို့ မမြင်နိုင်သည့် ဤမရေရာသော ဘုရားသခင်က ၎င်းတို့အပေါ် ကောင်းချီးများ ပေးသနားနိုင်ပြီး နောက်လာမည့်ခေတ်ထဲသို့ ၎င်းတို့ကို ခေါ်ဆောင်ကာ ဆုလာဘ်များနှင့် သရဖူတစ်ခု ပေးဖို့အတွက် လုံလောက်သည့် လုပ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြလေသည်။ ထိုအရာကို ၎င်းတို့ မသိလိုက်ဘဲ၊ ကမ္ဘာမြေပေါ်တွင် လက်တွေ့ကျသော ဘုရားသခင်ကို ၎င်းတို့ စတင်၍ သံသယရှိလာကြသည်။ သူ့ကို ၎င်းတို့ မည်သို့ ကြည့်သည်ဖြစ်စေ သူသည် ဘုရားသခင်နှင့် တူသည်ဟု မထင်ရသောကြောင့် သူ့ကို ယုံကြည်ဖို့ ၎င်းတို့ အခက်တွေ့ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် ဖြစ်သည်ဟုသာ ယုံကြည်ကြပြီး ၎င်းတို့ မြင်နိုင်သည့် လက်တွေ့ကျသော ဘုရားသခင်မှာ အလွန် အရေးမပါ၊ အလွန် ပုံမှန်ဖြစ်ပြီး အလွန် လက်တွေ့ကျသောကြောင့် ၎င်းတို့၏ အမြင်တွင် သူ့ထံ၌ ၎င်းတို့အား ယုံကြည်အောင်လုပ်နိုင်သည့်အရာ မရှိဟူ၍ဖြစ်ပြီး ဤဘုရားသခင်ကို လူသားအဖြစ် သဘောထားကြလေသည်။ ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် ၎င်းတို့ သဘောထားကြသည့်အခါ ၎င်းတို့၏ အခက်အခဲများ ဖြစ်ပေါ်သည်။ “လူတို့ကို သမ္မာတရားပေးပြီး ကတိတော်အချို့ ပေးခြင်းအပြင် ဤလူသည် အခြား မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သူ့ကို ကျွန်ုပ် မည်သို့ ကြည့်သည်ဖြစ်စေ၊ သူသည် ဘုရားနှင့် မဆင်သကဲ့သို့ လူတို့အား မည်သည့် အကျိုးကျေးဇူးမျှ သို့မဟုတ် အကျိုးအမြတ်မျှ မယူဆောင်ပေးနိုင်ပါ။ သူသည် လူသားတစ်ဦးသာ ဖြစ်သည်။ ဤလူသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ လူတို့သည် ဘုရားကို ယုံကြည်လျှင် ၎င်းတို့၌ မျှော်လင့်ချက် အနည်းငယ်၊ ဝိညာဉ်ရေးရာ အာဟာရ အနည်းငယ် ရှိနေဆဲဖြစ်သည်။ သို့သော် ၎င်းတို့က လူသားတစ်ဦးကို ယုံကြည်လျှင် ဤလူက လူတို့အား မည်သည့် အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များ ပေးနိုင်သနည်။ လူတို့၏ မျှော်လင့်ချက်များနှင့် အာဟာရတို့သည် ထိုသူ၌ အကောင်အထည်ပေါ်နိုင်သလော။ ယင်းတို့သည် အချည်းနှီး ဖြစ်လာလိမ့်မည် မဟုတ်လော။ သူသည် လူတစ်ဦးဖြစ်လျှင် သူ့ကို ကြောက်ရွံ့ရန် မလိုအပ်ပါ။ သူ၏ မျက်မှောက်တွင် ကျွန်ုပ် ပြောသင့်သည့်အရာကို ပြောမည်ဖြစ်ပြီး လုပ်သင့်သည့်အရာကို လုပ်မည်ဖြစ်သည်” ဟူ၍ ဖြစ်၏။ ဤသည်မှာ ဆိုးယုတ်သောလူများက ဘုရားသခင်ကို သဘောထားပုံဖြစ်သည်။ သူ့ကို ၎င်းတို့ မမြင်ရသေးသည့်အခါ ဘုရားသခင်သည် အလွန် အဆင့်မြင့်သည်၊ အလွန် မြင့်မြတ်သည်၊ အလွန်ပုန်ကန်ပြစ်မှားမရနိုင်ဖြစ်သည်ဟု ၎င်းတို့ စိတ်ကူးကြသော်လည်း ကမ္ဘာမြေပေါ်တွင် ဘုရားသခင်ကို ၎င်းတို့ မြင်သည့်အခါ ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများက မရပ်တည်နိုင် ဖြစ်လာသည်။ ဤအရာ ဖြစ်ပျက်သည့်အခါ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့က ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် သဘောထားကြသည်။ ထိုအခါ ၎င်းတို့ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ၎င်းတို့၏ အလွန်ကြောက်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းတို့မဆိုထားနှင့်၊ ရိုသေလေးစားမှု အနည်းငယ်ပင် မရှိတော့ပေ။ ဤအရာများမရှိလျှင် ဆိုးယုတ်သော လူတို့သည် သာ၍ ရဲတင်းလာကြပြီး ၎င်းတို့ စိတ်နှလုံးများတွင်ရှိသည့် ခုခံကာကွယ်သည့် သဘောထားများနှင့် သတိရှိခြင်းတို့ ပျောက်ကွယ်သွားကာ ထို့နောက်တွင် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ဝံ့ကြလိမ့်မည်ဖြစ်သည်။ ထိုသို့သော လူတို့သည် တကယ့် အဆုံးထိတိုင် ယုံကြည်ကြလျှင်ပင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လူများ ဖြစ်နေလိမ့်ဦးမည်ဖြစ်သည်။

ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ခြင်းက လွယ်ကူသည်ဟု အန္တိခရစ်များက မြင်ကြသော်လည်း ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ယုံကြည်ခြင်းက ၎င်းတို့အတွက် အမှန်တကယ် ခက်ခဲလေသည်။ ပေါလုသည် ဤအရာနှင့်ပတ်သက်သည့် လက်တွေ့ကျသော ပုံသက်သေတစ်ခု ဖြစ်သည်။ ခရစ်တော်ကို သူ့ယုံကြည်လက်ခံမှု၏ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ ခရစ်တော်ကို သူ၏ ယုံကြည်လက်ခံမှုတွင် သူ လိုက်စားခဲ့သည့် ရည်မှန်းချက်သည် နောက်ဆုံးတွင် မည်သည့်အရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သနည်း။ သူသည် ခရစ်တော် ဖြစ်လာဖို့ အလိုရှိခဲ့ပြီး ခရစ်တော်ကို အစားထိုးချင်ခဲ့သည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို သူ ငြင်းပယ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ သရဖူတစ်ခုနှင့် ကောင်းချီးများကို ရရှိချင်ခဲ့သည်။ ဤအန္တိခရစ်များသည် ပေါလုနှင့် အတိအကျ တူကြသည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် သဘောထားပြီး မြင်၍မရနိုင်သည့် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်ကို မိမိတို့စိတ်နှလုံးများတွင် အကြီးမြတ်ဆုံးသော ဘုရားသခင်အဖြစ်လည်းကောင်း၊ လှည့်ဖြား၍ရနိုင်သည့်၊ သဘောရှိ ကစား၍ ရနိုင်သည့်၊ ၎င်းတို့ နှစ်သက်သကဲ့သို့ အနက်အဓိပ္ပာယ်ဖွင့်နိုင်ပြီး မိမိတို့ သဘောကျ အယူအဆများ ထားရှိ၍ရပြီး အတိုက်အခံ လုပ်နိုင်သည့် ဘုရားသခင်အဖြစ်လည်းကောင်း သဘောထားကြသည်။ ဤသည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင်ကို မယုံကြည်သူများနှင့် အန္တိခရစ်များ သဘောထားပုံကြား ခြားနားချက်ဖြစ်သည်။ ၎င်းတို့၏ တာဝန်များအပေါ် သဘောထားပြုမူခြင်းတွင် မတူကွဲပြားသော သရုပ်သကန်များ ၎င်းတို့ ဖြစ်ပေါ်ကြသည်မှာ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ၎င်းတို့က ထိုသို့သော သဘောထားဖြင့် ဆက်ဆံကြသောကြောင့် အတိအကျ ဖြစ်ပေသည်။ ဤသရုပ်သကန်များတွင် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ၎င်းတို့ မြင်သည့်အခါ မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ စိတ်ဝင်စားမှုနှင့် လိုလားမှု နည်းသည်ထက် နည်းပါးလာခြင်း ပါဝင်သည်။ ဤအရာက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှု ပျောက်ဆုံးစေပြီး အချို့သော အပျက်သဘောဆောင်သည့် အတွေးများနှင့် သရုပ်သကန်များ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အန္တိခရစ်များသည် အဆုံးတွင် ခိုင်မာစွာ မရပ်တည်နိုင်ကြသည်ချည်းသာ ဖြစ်သည်။ အသင်းတော်က ၎င်းတို့ကို မရှင်းလင်းပစ်လျှင်ပင် ၎င်းတို့ ဆန္ဒအလျောက် ထွက်သွားကြလိမ့်မည် ဖြစ်သည်။ ထိုသို့သော ဥပမာများတစ်ခုတလေကို သင်တို့ သိကြသလော။ (သိပါသည်၊ ယခင်က အန္တိခရစ်တစ်ဦးကို ကျွန်ုပ် ဆုံတွေ့ဖူးသည်။ သူသည် အထူးသဖြင့် တစ်ဇွတ်ထိုးဆန်သည်။ သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ သူ၏ တာဝန်ကို ဝတ်ကျေတမ်းကျေနှင့် တာဝန်မသိတတ်သော ပုံစံတစ်ခုဖြင့် ထမ်းဆောင်ခဲ့သည်။ ထို့အပြင် သူ၏ အလုပ်အကိုင်ကို လေ့လာရန် သူ ကြိုးစားလုပ်ဆောင်ခဲ့ခြင်း မရှိသကဲ့သို့ အထူးသဖြင့် ပျင်းရိကာ ဟိတ်ဟန်လုပ်တတ်သည်။ နေ့တိုင်း သူ အလေးထားသည်မှာ အစားအစာနှင့် အဝတ်အထည်ဖြစ်ပြီး ကာမဂုဏ်လွန်ကျူးခြင်းကို သူ လုပ်ဆောင်ခဲ့သည်။ သူ နှင်ထုတ်ခံခဲ့ရချိန်တွင် နောင်တရဖို့ ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိခဲ့ဘဲ ထိုအစား ထိုအရာကို စိတ်သက်သာရာရခြင်းတစ်မျိုးအဖြစ် ခံစားခဲ့သည်။) ဤကဲ့သို့သော လူများသည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို လေးစားဖို့ သို့မဟုတ် တန်ဖိုးထားဖို့ မဆိုထားနှင့်၊ တာဝန်တစ်ခု လုပ်ဆောင်ဖို့ အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားခြင်း မရှိကြပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ ဖြစ်ပြီး မိမိတို့၏အချိန်ကို ဖြုန်းတီးကြသည်။ ဤသည်မှာ တာဝန်တစ်ခုကို ထမ်းဆောင်ရမည့် နည်းလမ်းတစ်ခု မဟုတ်ကြောင်း သူ့ကို လူတစ်ဦးတလေက မိတ်သဟာယပြုခဲ့သလော။ (ပြုခဲ့ပါသည်။ ကျွန်ုပ်လည်း သူ့ကို မိတ်သဟာယပြုခဲ့သော်ငြား သူက နားမထောင်ခဲ့ပါ။ သူ၏ သဘောထားက အတော်ပင် ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့သည်။) အခြားတစ်စုံတစ်ဦးက ဥပမာတစ်ခုကို ပေးလော့။ (မိမိ၏ တာဝန်ကို ဝတ်ကျေတမ်းကျေပုံစံဖြင့် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သည့် ဒါရိုက်တာတစ်ဦး ရှိခဲ့သည်။ သူ ရိုက်ကူးသည့် အချက်အလက်များစွာမှာ မသင့်တော်သကဲ့သို့ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကိုလည်း သူ ဖြစ်စေခဲ့သည်။ သူသည် ဘီအုပ်စုသို့ ပြောင်းရွှေ့ခံရပြီးနောက်တွင် သူ၏ တာဝန်ကို မထမ်းဆောင်တော့ပေ။ နေ့စဉ် အလုပ်သွားပြီး ငွေရှာခြင်းဖြင့် မိမိကိုယ်ကို အလုပ်များစေခဲ့ပြီး ဘာသာတရားမရှိသူများနှင့် ပေါင်းဖော်ခဲ့ကာ အဆုံးတွင် သူ ရှင်းလင်းပစ်ခြင်းခံခဲ့ရသည်။ အမှန်တွင် အသင်းတော်က သူ့ကို မရှင်းလင်းပစ်ခဲ့လျှင်ပင် သူသည် သူ၏ ဆန္ဒအလျောက် နုတ်ထွက်ပြီးဖြစ်ပေမည်။ သူသည် သမ္မာတရားကို မလိုက်စားခဲ့သကဲ့သို့ နောက်ဆုံးတွင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ခဲ့ပါ။) ဤအန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အပြုသဘောဆောင်သည့် အရာများကို အလွန်အမင်း မနှစ်မြို့ကြခြင်း ရှိပေသည်။ ၎င်းတို့သည် မဖြောင့်မတ်ခြင်းကို နှစ်သက်ကြပြီး အလွန့်အလွန် အားကောင်းသည့် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ ၎င်းတို့၏ တာဝန်ကို ကစားပွဲတစ်ခုကဲ့သို့လည်းကောင်း၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့်လည်းကောင်း ၎င်းတို့ ပြုမူကြပြီး ၎င်းတို့၏ အပြုအမူပုံစံသည် အထူးသဖြင့် မလျော်ကန်သည့်အပြင် ထိန်းမနိုင်သိမ်းမရဖြစ်လေသည်။ ၎င်းတို့၏ သဘာဝသည် ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်၏။ ၎င်းတို့သည် ကောင်းချီးများ ရရှိဖို့အတွက်သာ ဘုရားအိမ်တော်သို့ လာပြီး တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းဖြစ်ကာ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ဤလူများနှင့် ဘာသာတရားမရှိသူတို့ကြားတွင် အခြေခံအားဖြင့် ခြားနားချက် မရှိပေ။ ၎င်းတို့သည် လုံးလုံးကို မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ သင်သည် ၎င်းတို့အား ဘာသာတရားမရှိသူများကဲ့သို့ ဖြစ်ခွင့်မပေးသည့်အပြင် ဘုရားသခင်ကို ယုံကြည်သူများ အနီးဝန်းကျင်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စေလျှင် ဤဘဝကို အလွန်စိတ်မချမ်းမြေ့စရာအဖြစ် ၎င်းတို့ မြင်ကြလိမ့်မည်ဖြစ်ပြီး နေ့ရက်စဉ်တိုင်းက ၎င်းတို့အတွက် ညှဉ်းဆဲခြင်းကဲ့သို့ ထင်ရလိမ့်မည်ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ လျော်ကန်သော နေရာကို ထိန်းသိမ်းလျက် လိမ္မာသောပုံစံတစ်ခုဖြင့် ဘုရားအိမ်တော်ရှိ ညီအစ်ကို မောင်နှမများနှင့်အတူ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စိတ်ဝင်စားစရာမကောင်းကြောင်းနှင့် ဤအသက်တာသည် အပြင်လောကတွင် ဘာသာတရားမရှိသူများနှင့် အလေလိုက်နေခြင်းလောက် လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းခြင်း မရှိကြောင်း ၎င်းတို့ ခံစားကြသည်။ ထိုဘဝနေထိုင်နည်းက စိတ်ဝင်စားစရာကောင်းသည်ဟု ၎င်းတို့ ခံစားကြသည်။ ထို့ကြောင့် ဘုရားအိမ်တော်သို့ ၎င်းတို့လာပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် လိုအပ်သောကြောင့်သက်သက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကောင်းချီးများ ရရှိဖို့ဖြစ်သော ရည်ရွယ်ချက်၏ လှုံ့ဆော်မှုခံရခြင်းဖြစ်ပြီး မိမိတို့ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ သဘာဝအနှစ်သာရမှ အကဲဖြတ်သော် ၎င်းတို့သည် ဘုရားသခင် ပြီးမြောက်နိုင်သည့် အရာများကို ယုံကြည်ဖို့မပြောနှင့်၊ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သည့်အရာများကို အခြေခံအားဖြင့် မချစ်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများသက်သက် ဖြစ်ပြီး အခွင့်အရေးသမားများ သက်သက် ဖြစ်ကြသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ ၎င်းတို့ လာကြခြင်း မဟုတ်၊ မကောင်းမှုကို လုပ်ဆောင်ဖို့၊ အနှောင့်အယှက်များ ဖြစ်စေဖို့နှင့် အပေးအယူများ ပြုလုပ်ဖို့ လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ သရုပ်သကန်များ အစုစုမှ အကဲဖြတ်သော် ဤလူများအနေဖြင့် ဘုရားအိမ်တော်၌ရှိသည့်အခါ ၎င်းတို့သည် ထိုဘုရားအိမ်တော်၏ အလုပ်အတွက် အသုံးဝင်ကြသလော သို့မဟုတ် ထိခိုက်နစ်နာစရာဖြစ်ကြသလော။ (ထိခိုက်နစ်နာစရာ ဖြစ်ကြပါသည်။) ဘုရားအိမ်တော်တွင် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် ပြဿနာ သို့မဟုတ် အဖျက်အမှောင့်များ ဖြစ်စေခြင်းမရှိဘဲ အတော်အတန် ဆုကျေးဇူးရှိပြီး တတ်စွမ်းနိုင်သည့်အပြင် မိမိတို့၏ လျော်ကန်သော နေရာကို ထိန်းသိမ်းနိုင်သည့် အန္တိခရစ် အနှစ်သာရရှိသော လူတစ်ဦးကို သင် မြင်ဖူးသလော။ သင်က အန္တိခရစ်တစ်ဦးကို “အတိတ်တွင် မကောင်းမှုတစ်ခုခုကို ပြုလုပ်မိပြီးဖြစ်သည့် သင်ကဲ့သို့သော လူတစ်ဦးအတွက် အနာဂတ်တွင် အလားအလာတစ်မျိုးမျိုး သို့မဟုတ် ကံကြမ္မာတစ်မျိုးမျိုး ရှိလိမ့်မည်လောဟူသည်မှာ မသေချာပါ။ သင်သည် အတော်အတန် ဆုကျေးဇူးရှိသည့်အတွက် ဘုရားအိမ်တော်၌ အစေခံမှုပေးရာတွင်သာ အလုပ်ကြိုးစားပါလော့”ဟု ပြောသည်ဆိုပါစို့။ ၎င်းတို့သည် ကောင်းချီးခံစားရမည်လော၊ သို့မဟုတ် ကံအကြောင်း မလှသည့်အဖြစ် ခံစားရမည်လောဟူသည်ကို အလေးမထားဘဲ အစေခံမှုပေးဖို့ လိုလားနေကြလိမ့်မည်လော။ လုံးဝ လိုလားကြလိမ့်မည် မဟုတ်။ ဤအရာကို စွမ်းဆောင်ရရှိနိုင်သည့် လူများသည် အတော်အတန် ကောင်းမွန်သည့် လူ့သဘာဝရှိသော သူများဖြစ်သော်လည်း အန္တိခရစ်များသည် ထိုသို့သော လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) ၎င်းတို့၏ စိတ်သဘောထားက ရက်စက်သည်။ ၎င်းတို့က “သင်သည် ငါ့ကို အကျိုးအမြတ်များ သို့မဟုတ် ကတိအချို့ သို့မဟုတ် ကတိသစ္စာအချို့ မပေးလျှင် သင့်အတွက် ငါ အဘယ်သို့ အလုပ်ကြိုးစားနိုင်မည်နည်း။ ထိုအကြောင်းကို စဉ်းပင်မစဉ်းစားနှင့်။ မဖြစ်နိုင်ပါ”ဟု တွေးကြသည်။ ဤသည်မှာ ရက်စက်သော စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်၊ ဘုရားသခင်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သဘောထားပြုမူပုံနှင့်ဆိုင်သည့် ပြည့်စုံသော သရုပ်သကန်ဖြစ်သည်။ “ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်ပြီး ဤဆုကျေးဇူး ပေးလေပြီ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်မည်”ဟု ပြောသည့် အန္တိခရစ်တစ်ဦးတလေရှိသည်ဟု သင်တို့ ထင်သလော။ (မရှိပါ။) ၎င်းတို့က မည်သည့်အရာကို ပြောမည်နည်း။ “သင်သည် ကျွန်ုပ်ကို အသုံးချချင်သလော။ သင်သည် ကျွန်ုပ်၏ ဆုကျေးဇူးများနှင့် ပါရမီများကိုသာ ပိုနှစ်သက်သည်။ ကျွန်ုပ်ကို သင် အခွင့်အရေးယူချင်လျှင် အကျိုးအမြတ်အချို့ကို ကျွန်ုပ်အား ပေးဖို့လိုသည်။ ကျွန်ုပ်ကို သင် အသုံးချချင်လျှင် ယင်းမှာ ဖြစ်ဖို့အကြောင်းမရှိပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်ခြင်းဖြစ်ကြောင်းကို ၎င်းတို့ မယုံကြည်သကဲ့သို့ ဤသည်မှာ ၎င်းတို့ တန်ဖိုးထားမြတ်နိုးသင့်သည့် ဘုရားပေးထားသော အခွင့်အရေးတစ်ခု ဖြစ်သည်ကိုလည်း မယုံကြည်ကြပေ။ ဤသည်မှာ ၎င်းတို့ အသုံးချခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ ယုံကြည်သည့်အရာဖြစ်သည်။ လူအချို့သည် ယာယီ မသိနားမလည်ဖြစ်ကောင်းဖြစ်မည်။ ၎င်းတို့က အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကို ဖြစ်စေပြီး မကောင်းသည့်အရာအချို့ကို လုပ်ဆောင်ကြကာ ထို့နောက်တွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်အတွက် ၎င်းတို့က သီးခြားခွဲထားခြင်းခံရသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် အတန်ကြာ ပြန်လည်သုံးသပ်ပြီး “ဘုရားသခင်ထံ ကျွန်ုပ် ဝန်ချပြီး နောင်တရရမည်ဖြစ်ကာ အနာဂတ်တွင် ထိုကဲ့သို့ တစ်ဖန် ပြုမူဆောင်ရွက်၍ မဖြစ်ပါ။ ကျိုးနွံနာခံဖို့ ကျွန်ုပ် သင်ယူရမည်၊ အခြားသူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း ပြုမူဆောင်ရွက်ဖို့ သင်ယူရမည်။ မကောင်းမှုကို တစ်ဖန် ကျွန်ုပ် မလုပ်ရပါ”ဟူ၍ ပြောဆိုကြသည်။ ထို့နောက်တွင် အသင်းတော်က ၎င်းတို့အတွက် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးပြီး ၎င်းတို့သည် ဘုရားသခင်ပေးထားသည့် ဤအခွင့်အရေးကို လှိုက်လှိုက်လှဲလှဲ မြတ်နိုးတန်ဖိုးထားရင်း မျက်ရည်များပြည့်လျှမ်းလျက် ဘုရားသခင်ကို ကျေးဇူးတင်ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ အခွင့်အရေးရှိခြင်းအတွက် ဂုဏ်ယူကြသည်။ ထိုအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားသင့်ပြီး တစ်ဖန် လွတ်ထွက်သွားခွင့် မပေးသင့်ဟု ၎င်းတို့ ခံစားကြပြီး မိမိတို့တာဝန်ကို ယခင်ကထက် ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ဆိုင်သည့် အသိအချို့ရှိကြပြီး အပြောင်းအလဲအချို့ကို ကြုံကြရပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် မသိနားမလည်သည့် အရာအချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နေနိုင်သေးပြီး အပျက်သဘောဆောင်ကာ အားနည်းကောင်း အားနည်းလာနိုင်သေးသည့်အပြင် မိမိတို့အလုပ်ကို တစ်ခါတစ်ရံတွင် ပစ်ထားနိုင်သေးသော်လည်း ၎င်းတို့၏ စိတ်နေစိတ်ထားနှင့် သဘောထား အလုံးစုံတို့မှ အကဲဖြတ်သော် ၎င်းတို့ ပြောင်းလဲပြီးသားဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ယခင်လုပ်ရပ်များကို မုန်းကြပြီး ဤကိစ္စရပ်အပေါ်အသိအချို့ ရှိကြသည်။ သမ္မာတရားကို လက်ခံနိုင်ကြပြီး အတော်အတန် ကျိုးနွံနာခံမှုရှိကြသည်။ သာ၍ အရေးကြီးသည်မှာ ဘုရားအိမ်တော်က ၎င်းတို့အား ပြန်လာခွင့်ပေးပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခွင့်ပေးသည့်အခါ ၎င်းတို့ မငြင်းကြ၊ ဆင်ခြေများမပေးကြ သို့မဟုတ် အတိုက်အခံ မလုပ်ကြသကဲ့သို့ မကောင်းသောအရာများကို မုချ မပြောကြချေ။ ထိုအစား ၎င်းတို့ ဂုဏ်ယူကြပြီး ဘုရားသခင်က ၎င်းတို့ကို မစွန့်ပစ်ကြောင်း ခံစားရကာ ဘုရားအိမ်တော်၌ မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေး ရှိသေးသည့်အတွက် ထိုအခွင့်အရေးကို ၎င်းတို့ မြတ်နိုးတန်ဖိုးထားသင့်သည်ဟု စဉ်းစားကြသည်။ ၎င်းတို့၏ သဘောထားက ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ကြုံရနှင့်ပြီး ဖြစ်သည်။ ထိုသို့သောသူများသည် ကယ်တင်ခံရနိုင်သည့်သူများ ဖြစ်လေသည်။

အန္တိခရစ်များနှင့် ကယ်တင်ခံရနိုင်သည့်လူတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ အန္တိခရစ်များက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိချင်ကြသည်။ တန်ခိုးအာဏာနှင့် အကျိုးအမြတ်အတွက် ၎င်းတို့ ကြိုးပမ်းကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ နှစ်သက်သည့် မည်သည့်အရာမဆိုကိုသာ ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။ တန်ခိုးအာဏာနှင့် အကျိုးအမြတ်များကို ၎င်းတို့ မရရှိလျှင် ၎င်းတို့၏ တာဝန်ကို မထမ်းဆောင်ချင်ကြပေ။ အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ပြီး ဘုရားအိမ်တော်၏ ဖြုတ်ချခြင်း၊ သီးခြားခွဲထားခြင်းခံရပြီးနောက်တွင် သို့မဟုတ် ရှင်းလင်းပစ်ခြင်းခံရပြီးနောက်တွင် ၎င်းတို့ အမှန်တကယ် နောင်တရနိုင်ကြသလော။ မည်သည့်အရာကို ၎င်းတို့ ပြောကြသနည်း။ “သင်သည် ငါ့ကို အသုံးချနိုင်ဖို့အတွက် ငါ့ကို နောင်တရစေချင်သည်လော။ ကျွန်ုပ် အသုံးဝင်နေချိန်တွင် သင်က ကျွန်ုပ်ကို ဆွဲသွင်းပြီး ကျွန်ုပ်ကို သင် မလိုအပ်သည့်အခါ မောင်းထုတ်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ် မူမမှန်သည့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ မောင်းထုတ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် မကောင်းမှုကို မကျူးလွန်ခဲ့လျှင် ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့မည်လော။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခဲ့လျှင် ဘုရားအိမ်တော်က ၎င်းတို့ကို ထင်ရာမြင်ရာ ကိုင်တွယ်ဖြေရှင်းမည်လော။ ဤလူများသည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကို ဖြစ်စေပြီး မကောင်းမှု ကျူးလွန်ခဲ့သောကြောင့် အသင်းတော်၏ အလုပ်အပေါ် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဤအရာကို ၎င်းတို့က လက်ခံဖို့ ငြင်းပယ်ရုံမက သို့မဟုတ် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ သိရှိဖို့ ကြိုးစားရန် ငြင်းပယ်ရုံတင်မက ထိုအစား မကျေမချမ်းမှုဖြင့် ပြည့်နေသည်။ ၎င်းတို့အနေဖြင့် လူကြိုက်များခြင်းမရှိ သို့မဟုတ် တန်ခိုးအာဏာ မရှိတော့ဟူ၍လည်းကောင်း၊ ၎င်းတို့ အနိုင်ကျင့်ခံရပြီး မတရားသဖြင့် ဆက်ဆံခံရသည်ဟူ၍လည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို တစ်ဖန် ထမ်းဆောင်ဖို့ အခွင့်အရေး ပေးခံရသည့်အခါ ၎င်းတို့ စိတ်နှလုံးများတွင် ကျေးဇူးတင်ရှိခြင်း မရှိသကဲ့သို့ ဤအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားခြင်း မရှိကြသည်သာမက ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးချနေသည်ဟုဆိုလျက် မှားယွင်းသော တန်ပြန်စွပ်စွဲမှုတစ်ခုကိုပင် ပြုလုပ်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ဆက်ဆံသည့် သဘောထားအား ဘုရားသခင်ထံမှ ၎င်းတို့ မခံယူကြပေ။ ထိုအစား ထိုအရာမှာ လူတို့က ၎င်းတို့ကို အနိုင်ကျင့်ခြင်း၊ မောင်းထုတ်ခြင်းနှင့် မတရားသဖြင့် ဆက်ဆံခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက ညည်းညူမှုများနှင့် ပြည့်ပြီး မိမိတို့၏တာဝန်ကို ပြန်လည်ထမ်းဆောင်လိုစိတ် မရှိကြပေ။ ၎င်းတို့၏ တာဝန်ကို ပြန်လည်ထမ်းဆောင်လိုစိတ် မရှိရခြင်းအတွက် ၎င်းတို့၏ ကျိုးကြောင်းပြချက်မှာ ၎င်းတို့ အသုံးချမခံလိုခြင်းဖြစ်ပြီး မိမိတာဝန်ကို ထမ်းဆောင်သည့်သူတိုင်းသည် ဘုရားအိမ်တော်၏ အသုံးချခြင်းခံရသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အလွန် အဓိပ္ပာယ်မရှိသကဲ့သို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာ ဖြစ်သည်။ ဤကျိုးကြောင်းပြချက်တွင် သမ္မာတရား၊ လူ့သဘာဝ သို့မဟုတ် ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည့် စကားတစ်ခွန်းတလေ ရှိသလော။ (မရှိပါ။) ထို့ကြောင့် အန္တိခရစ်များသည် သမ္မာတရားကို လက်မခံကြ၊ ၎င်းတို့၏ စိတ်နှလုံးများက တဇောက်ကန်းဖြစ်ခြင်းဖြင့် ပြည့်နေသည်၊ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နေသည်၊ ညည်းညူမှုများဖြင့် ပြည့်နေသည်၊ အပေးအယူများဖြင့် ပြည့်နေပြီး ထို့ထက်ပို၍ပင် ၎င်းတို့၏ စိတ်နှလုံးများက တစ်ကိုယ်ရေ လိုအင်ဆန္ဒများဖြင့် ပြည့်နေပေသည်။ ဤအရာများက ၎င်းတို့၏စိတ်နှလုံးများတွင် ပြည့်နှက်နေသည်။ ၎င်းတို့သည် မိမိတို့အတွက် ဘုရားသခင် စီစဉ်ဖွဲ့စည်းသည့် မည်သည့်ပုံစံဖြင့်မဆို သို့မဟုတ် မည်သည့် ပတ်ဝန်းကျင်တွင်မဆို ဘုရားအိမ်တော်က ကိုင်တွယ်ဖြေရှင်းခြင်းကို ဘုရားသခင်ထံမှ မခံယူနိုင်ကြပေ။ ၎င်းတို့က ဤအရာများကို သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ယူလျက် တဇောက်ကန်းဖြစ်ခြင်းဖြင့်သာ ချဉ်းကပ်နိုင်ကြသည်။ စာတန်၏ နည်းလမ်းများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့ကို အသုံးပြုလျက် ထိုအရာအားလုံးကို ၎င်းတို့က ချဉ်းကပ်ကြသည်။ ထို့ကြောင့် အဆုံးတွင် သမ္မာတရားကို ၎င်းတို့ မရရှိကြသေးသည့်အပြင် ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။ အစားထိုးခံရခြင်းနှင့် မိမိတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ခံရခြင်းကိုဖြစ်စေ၊ သီးခြားခွဲထားခံရခြင်းကိုပင်ဖြစ်စေ၊ ရှင်းလင်းခံရခြင်းကိုပင်ဖြစ်စေ လူအမျိုးမျိုးတို့တွင် မတူကွဲပြားသော တုံ့ပြန်ချက်များရှိကြသည်။ သမ္မာတရားကို အမှန်တကယ် ချစ်သောလူတို့သည် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်ချက်များကို ရွံမုန်းကြသည်။ သမ္မာတရားကို မချစ်သည့် အန္တိခရစ်များသည် ၎င်းတို့ စိတ်နှလုံးများ၌ ဘုရားသခင်ထံမှ ဤအရာများကို မခံယူကြသည်သာမက မုန်းတီးခြင်းနှင့်လည်း ပြည့်ကြသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းက ၎င်းတို့ထဲတွင် ညည်းညူမှုများ၊ အမနာပပြောဆိုခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်စေသည်။ ထိုအရာက ၎င်းတို့အား ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်စေသည်။ ဤသည်မှာ ၎င်းတို့ အဆုံးသတ်၏ ရင်းမြစ်ဖြစ်သည်။ ထိုအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ခြင်း ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိ၊ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံနိုင်စွမ်းမရှိသကဲ့သို့ ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် အရာရာတိုင်းကို ကျိုးနွံနာခံနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ထားပေသည်။ ၎င်းတို့သည် ဤဘဝတွင် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်း ခံရသည်။ နောင်ဘဝတွင် ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်မှာ ဖော်ပြရန် မလိုပေ။ ဤကိစ္စရပ်များကို သင်တို့ ထွင်းဖောက်သိမြင်နိုင်သလော။ သင်တို့အနီးဝန်းကျင်တွင် ထိုသို့သော လူများကို သင်တို့ ရှာဖွေတွေ့ရှိလျှင် ငါ၏ ဤစကားများကို ၎င်းတို့နှင့် သင် နှိုင်းယှဉ်ကြည့်နိုင်သလော။ အန္တိခရစ်များ၏ အထင်ရှားဆုံးသော သရုပ်သကန်များမှာ အဘယ်နည်း။ သမ္မာတရားကို မယုံကြည်ခြင်း၊ သမ္မာတရားကို လက်မခံခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံမှု မရှိခြင်း၊ ဘုရားသခင်ထံမှ မည်သည့်အရာကိုမဆို လက်မခံနိုင်ခြင်းနှင့် မည်သည့် မကောင်းမှုများကို ကျူးလွန်သည်ဖြစ်စေ ၎င်းတို့၏ အမှားများကို ဝန်မခံခြင်း သို့မဟုတ် နောင်တမရခြင်းတို့ ဖြစ်သည်။ ဤအရာက ဤလူများအနေဖြင့် စာတန်နှင့် သက်ဆိုင်ပြီး ပျက်စီးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်သည်ကို ဆုံးဖြတ်ပေးလေသည်။

သင်တို့အားလုံးသည် ငါ ဖော်ထုတ်ပြီးဖြစ်သည့် အမျိုးမျိုးသော ထုတ်ဖော်ချက်များ၊ သရုပ်သကန်များနှင့် လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်တို့ကိုယ်သင်တို့ နှိုင်းယှဉ်သင့်သည်။ သင်တို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် ဤသရုပ်သကန်များ၊ ထုတ်ဖော်ပြမှုများနှင့် လက်တွေ့လုပ်ဆောင်မှုများထဲမှ အချို့ကို သင်တို့ မုချ ပြသကြလိမ့်မည်ဖြစ်သော်လည်း သင်တို့သည် အန္တိခရစ်များနှင့် မည်သို့ ကွာခြားကြသနည်း။ သင်တို့ထံ ကျရောက်သည့်အရာများကို ဘုရားသခင်ထံမှ သင်တို့ ခံယူနိုင်ကြသလော။ (ခံယူနိုင်ပါသည်။) သင်တို့ထံ ဖြစ်ပျက်သည့်အရာကို ဘုရားသခင်ထံမှ ခံယူနိုင်ခြင်း ဟူသည်မှာ အရှားပါးဆုံးသော အရာဖြစ်သည်။ သင်တို့သည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်လျှင်၊ မှားယွင်းသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်မိလျှင်၊ မသိနားမလည်သည့်အရာများကို လုပ်ဆောင်မိလျှင် သို့မဟုတ် ပြစ်မှားမှုများကို ကျူးလွန်မိလျှင် သင့်ကိုယ်သင် ပြောင်းလဲနိုင်သလော။ သင် နောင်တရနိုင်သလော။ (နောင်တရနိုင်ပါသည်။) နောင်တရနိုင်ခြင်းနှင့် သင့်ကိုယ်သင် ပြောင်းလဲနိုင်ခြင်းသည် တန်ဖိုးအရှိဆုံးနှင့် အရှားပါးဆုံးသော အရာဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤအရာကို အတိအကျ ချို့တဲ့ကြသည်။ ဤအရာသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် လူများတွင်သာ ရှိပေသည်။ မည်သည့်အရာများသည် ပိုင်ဆိုင်ရန် အရေးအကြီးဆုံး ဖြစ်သနည်း။ ပထမဆုံးမှာ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော အရာဖြစ်သည်။ ဤအရာကို သင်တို့ လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) အန္တိခရစ်များသည် ဤအခြေခံအကျဆုံးသော အရာကို မပိုင်ဆိုင်ကြပေ။ ဒုတိယမှာ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို လက်ခံခြင်း ဖြစ်သည်။ ဤအရာကိုလည်း အခြေခံအကျဆုံးသောအရာအဖြစ် ယူဆ၍ရသည်။ တတိယမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဤအရာသည် အန္တိခရစ်များအတွက် လုံးဝ မရယူနိုင်သည့်အရာ ဖြစ်သော်လည်း ဤသည်မှာ သင်တို့အတွက် စတင်၍ ခက်ခဲစေသည့်နေရာ ဖြစ်သည်။ စတုတ္ထမှာ ငြင်းခုံခြင်း၊ သင့်ကိုယ်သင် မှန်ကြောင်းပြခြင်း၊ အကြောင်းပြချက်များပေးခြင်း သို့မဟုတ် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ထံမှ အရာရာကို ခံယူခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များအတွက် လုံးဝ မဖြစ်နိုင်သောအရာဖြစ်သည်။ ပဉ္စမမှာ ပုန်ကန်ပြီးနောက် သို့မဟုတ် ပြစ်မှားမှုများကို ကျူးလွန်ပြီးနောက် နောင်တရခြင်း ဖြစ်သည်။ ဤအရာသည် သင်တို့အတွက် စွမ်းဆောင်ရရှိဖို့ ခက်ခဲရုံသာ ရှိလိမ့်မည်။ ထိုအရာမှာ ပြစ်မှားမှုများ ကျူးလွန်ပြီးနောက်တွင် လူတို့က ပြန်လည်သုံးသပ်ခြင်းနှင့် ရှာဖွေခြင်း၊ ဝမ်းနည်းခြင်း၊ အပျက်သဘောဆောင်ခြင်း၊ အားနည်းမှုတို့နှင့် ဆိုင်သည့် ကာလတစ်ခုမှတစ်ဆင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် သိသည့်အသိအချို့ကို တဖြည်းဖြည်း ရရှိသည့်အချိန်တွင် ဖြစ်သည်။ ဤအရာက အချိန်လိုအပ်သည်မှာ အမှန်ဖြစ်၏။ ထိုအရာသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်ဖြစ်နိုင်သည်၊ သို့မဟုတ် ပို၍ ရှည်ကြာနိုင်သည်။ တစ်ဦးတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အပြည့်အဝ နားလည်ပြီး စိတ်နှလုံးမှ ဝန်ခံအပ်နှံပြီးနောက်တွင်သာ အမှန်တကယ် နောင်တရနိုင်သည်။ ဤသည်မှာ မလွယ်ကူသော်လည်း နောက်ဆုံးတွင် နောင်တတရား၏ သရုပ်သကန်များကို သမ္မာတရား လိုက်စားသူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သူများတွင် တွေ့မြင်နိုင်သည်။ သို့သော် အန္တိခရစ်များက ဤအရာကို မပိုင်ဆိုင်ကြပေ။ ထိုအကြောင်းကို တွေးကြည့်လော့၊ အတိတ်ကာလ သုံးနှစ် သို့မဟုတ် ငါးနှစ်၊ သို့မဟုတ် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ၌ မကောင်းသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် မည်သည့်အန္တိခရစ်သည် ယင်းတို့ကို ပြန်ပြောင်းပြောဆိုခြင်း မရှိကြသနည်း။ အချိန်မည်မျှ ကုန်လွန်သွားပြီးသည်ဖြစ်စေ ၎င်းတို့ကို သင် တစ်ဖန် တွေ့ဆုံပြီးနောက်တွင် ၎င်းတို့ ပြောဆိုဆွေးနွေးသည့်အရာအားလုံးမှာ ၎င်းတို့၏ ထိုအကြောင်းပြချက်များ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ကိုယ်ပိုင် ဒုစရိုက်အမှုများကို ၎င်းတို့ သတိမပြုမိသေး သို့မဟုတ် လက်မခံကြသေးသကဲ့သို့ နောင်တ စိုးစဉ်းမျှပင် မပြကြသေးပေ။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့ကြား ခြားနားချက်ဖြစ်သည်။ အန္တိခရစ်များက အဘယ်ကြောင့် နောင်တ မပြနိုင်ကြသနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့က မယုံကြည်ကြပေ။ ယင်းက ၎င်းတို့အား သမ္မာတရားကို လက်ခံရန် မတတ်စွမ်းနိုင်ခြင်း ဖြစ်စေသည်။ ဤသည်မှာ မျှော်လင့်ချက်မဲ့ပြီး အန္တိခရစ်များ၏ အနှစ်သာရက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါ စိစစ်နေကြောင်း သင်တို့ ကြားသည့်အခါ သင်တို့က “ငါတော့ သွားလေပြီ။ ငါသည်လည်း အန္တိခရစ်၏ စိတ်သဘောထား ရှိသည်။ ငါသည်လည်း အန္တိခရစ်တစ်ဦး ဖြစ်သည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်မှာ ထိုးထွင်းသိမြင်မှု ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်မှာ မှန်သော်လည်း အန္တိခရစ်များနှင့် သင် ကွဲပြားသည့်နေရာမှာ သင်က အပြုသဘောဆောင်သော အရာများကို ပိုင်ဆိုင်နေဆဲဖြစ်ခြင်း ဖြစ်သည်။ သင်က သမ္မာတရားကို လက်ခံနိုင်သည်၊ ဝန်ချနိုင်သည်၊ နောင်တရနိုင်ပြီး ပြောင်းလဲနိုင်သည့်အပြင် ဤအပြုသဘောဆောင်သည့်အရာများက သင့်အား အန္တိခရစ်များ၏ စိတ်သဘောထားများကို ဖယ်ရှားနိုင်စေပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ခံရနိုင်စေကာ သင့်အား ကယ်တင်ခြင်း ရရှိနိုင်စေသည်။ ဤအရာက သင့်အနေဖြင့် မျှော်လင့်ချက်ရှိသည်ဟု ဆိုလိုသည် မဟုတ်လော။ သင့်အတွက် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။

သင်တို့အားလုံးက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ရေးသားဖို့ အလွန် အခက်တွေ့ကြပြီး ယင်းတို့ကို မဖန်တီးနိုင်ကြပေ။ လူအချို့သည် အတွေ့အကြုံ နှစ်ပေါင်းများစွာ ရှိပြီးနောက်တွင် သက်သေခံချက် ဆောင်းပါးတစ်ပုဒ်တည်းကိုသာ ရေးသားကြသည်။ အချို့မှာ ၁၀နှစ် သို့မဟုတ် အနှစ် ၂၀ ယုံကြည်ပြီးနောက်တွင် ဆောင်းပါးတစ်ပုဒ်ကိုသာ ရေးသားကြပြီး ဤနှစ်ကာလများမှ အတွေ့အကြုံများနှင့်ဆိုင်သော အနှစ်သာရကို စုပေါင်း၍ အကျဉ်းချုပ်ဖော်ပြကြသည်။ အချို့က ဘုရားသခင်ကို အနှစ် ၃၀ ကြာ ယုံကြည်ပြီးဖြစ်ကာ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာ မရှိကြသေးပေ။ အဓိကအချက်မှာ ၎င်းတို့က သမ္မာတရားကို နားမလည်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့က သမ္မာတရားကို နားမလည်ခြင်းနှင့်ဆိုင်သည့် ဤလက်ရှိ အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်အရာကို ငါ လုပ်ဆောင်သင့်သနည်း။ ငါသည် သင်တို့အား စိတ်ရှည်စွာဖြင့်လည်းကောင်း၊ အလေးအနက်ထား၍လည်းကောင်း ပို၍ ရှည်လျားစွာ မိန့်မြွက်ရမည်ဖြစ်ကာ သင်တို့သည်လည်း အနည်းငယ် စိတ်ရှည်လျက် ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို ပို၍ နားထောင်ရမည်။ သေချာစွာ နားထောင်လော့၊ ထိုးထွင်းသိမြင်မှု ရရှိပြီး သမ္မာတရား၏ သွင်ပြင်လက္ခဏာအသီးသီးနှင့်ဆိုင်သော အနှစ်သာရကို နားလည်ရန် ကြိုးပမ်းလော့။ ငါ ယခုတင် ပြောခဲ့သည့်အတိုင်း အန္တိခရစ်များ၏ စိတ်သဘောထားကို ပိုင်ဆိုင်သူများ၏ သရုပ်သကန်များက မည်သည့်အရာ ဖြစ်သည်၊ အန္တိခရစ်များ၏ အနှစ်သာရရှိသည့် ထိုလူများ၏ သရုပ်သကန်များက မည်သည့်အရာဖြစ်ပြီး ထိုနှစ်ခုကြားမှ ခြားနားချက်က မည်သည့်အရာဖြစ်သည်ဟူသည်တို့ကို သင် နားလည်လျှင် သင်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည်လည်း ထိုးထွင်းသိမြင်မှု ရှိလိမ့်မည်။ သင့်အနေဖြင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အန္တိခရစ်များ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်လိမ့်မည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးကို သင် တွေ့ဆုံလျှင် ၎င်းတို့ကို သင် ချက်ချင်း ထိုးထွင်းသိမြင်ကာ ဖော်ထုတ်နိုင်လိမ့်မည်၊ ၎င်းတို့၏ ကမူးရှူးထိုးနှင့် ထင်ရာမြင်ရာဖြစ်သော လုပ်ရပ်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ချက်ချင်း တားဆီးကာ ကန့်သတ်နိုင်လိမ့်မည်ဖြစ်ပြီး အသင်းတော်၏ အလုပ်အပေါ် ၎င်းတို့၏ ဒုစရိုက်အမှုများက ဖြစ်စေသည့် ဆုံးရှုံးမှုများအား ရှောင်ရှားနိုင်လိမ့်မည် သို့မဟုတ် လျော့နည်းစေနိုင်လိမ့်မည်။ သို့မဟုတ်လျှင် သင်တို့၌ ညံ့ဖျင်းသည့် သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး ထိုးထွင်းသိမြင်မှု ကင်းမဲ့လျှင်၊ သို့မဟုတ် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ သင်သည် စေ့စပ်တိကျခြင်းမရှိသကဲ့သို့ အယူဝါဒများကိုသာ အမြဲ နားလည်ပြီး လူတစ်ဦး၏ အနှစ်သာရကို မရိပ်စားမိနိုင်လျှင် ဤအရာက သင့်အား သင့်အနီးဝန်းကျင်တွင်ရှိသည့် အန္တိခရစ်များကို ထိုးထွင်းမသိမြင်နိုင်ခြင်း ဖြစ်စေလိမ့်မည်သာမက ၎င်းတို့အနေဖြင့် ခေါင်းဆောင်ကောင်းများဖြစ်ကြသည့်အလား ၎င်းတို့နောက်သို့လည်း သင့်ကို လိုက်စေလိမ့်မည်ဖြစ်သည်။ သေချာစွာ စဉ်းစားလော့၊ သေချာစွာ သုံးသပ်ဆင်ခြင်လော့၊ အန္တိခရစ်များ လုပ်ဆောင်သည့်အရာများသည် ဘုရားအိမ်တော်ကို သာ၍ အကျိုးဖြစ်စေသလော သို့မဟုတ် သာ၍ထိခိုက်နစ်နာမှု ဖြစ်စေသလော။ စေ့စပ်သေချာစွာ သုံးသပ်ဆင်ခြင်ပြီးနောက်တွင် အန္တိခရစ်များက ဘုရားအိမ်တော်တွင် အလုပ်လုပ်နေစဉ် ကောင်းမွန်သော အရာအချို့ကို ပြုလုပ်ပုံပေါ်သော်လည်း ၎င်းတို့သည် စင်စစ်အားဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သာ၍ လုပ်ဆောင်သည်ကို သင် မြင်နိုင်ပေသည်။ အကျိုးအမြတ်များက ဆုံးရှုံးမှုများနှင့် မတန်ပေ။ အမှန်တွင် ၎င်းတို့၏ ကောင်းမှုများက အသင်းတော်၏ အလုပ်ကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေလျက် သာ၍ ကြီးမားသည့် ဖုံးကွယ်ထားသော အန္တရာယ်များကို ဆောင်ကြဉ်းပေးလေသည်။ ဘုရားအိမ်တော်၌ ဤလူများ ဆောင်ရွက်သည့် အခန်းကဏ္ဍသည် စာတန်၏ အစေခံများနှင့်ဆိုင်သည့် အခန်းကဏ္ဍဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။