အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၂) အခန်း တစ်

ယနေ့တွင် ငါတို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ ဆယ့်ငါးခုမြောက်အချက်ဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြခြင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းတွင် ငါတို့သည် ဤအကြောင်းအရာကို အပိုင်းနှစ်ပိုင်း ခွဲခဲ့သည်။ ပထမပိုင်းမှာ ဘုရားသခင်၏ တည်ရှိမှုကို အန္တိခရစ်များ မယုံကြည်ခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များဖြစ်ပြီး ယင်းကို ငါတို့က အချက်နှစ်ချက် ထပ်မံခွဲခဲ့သည်၊ ပထမဦးစွာ အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ငြင်းပယ်ခြင်း၊ ဒုတိယအနေဖြင့် အန္တိခရစ်များသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ငြင်းပယ်ခြင်းတို့ ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က ငါတို့သည် အန္တိခရစ်များက ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် သူ၏ စိတ်သဘောထားကို အသိအမှတ်မပြုပုံ၊ ဘုရားသခင် ပြုလေသမျှသည် သမ္မာတရားဖြစ်ပြီး သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်ကို အန္တိခရစ်များက အသိအမှတ်မပြုပုံနှင့် ဘုရားသခင် ပြုလေသမျှ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်နှင့် သမ္မာတရားကို အန္တိခရစ်များက အသေအချာပင် လက်မခံပုံတို့ကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့သည်။ အန္တိခရစ်များသည် စာတန်ကို ကိုးကွယ်ကြသည်၊ စာတန်ကို ဘုရားသခင်အဖြစ် မှတ်ယူကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရနှင့် သူပြုလေသမျှကို တိုင်းတာသည့် အခြေခံနှင့် စံနှုန်းအဖြစ် စာတန်၏ စကားများနှင့် ရှုထောင့်အမြင်အားလုံးကို အသုံးပြုကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ စိတ်နှလုံးထဲ၌ စာတန်ပြုလုပ်သည့်အရာကို အကြိမ်ကြိမ် ချီးမြှောက်ပြီး ကိုးကွယ်ကြသည်၊ ၎င်းတို့သည် စာတန်၏ လုပ်ဆောင်ချက်များကို ချီးကျူးထောမနာ ပြုကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရနေရာ၌ အစားထိုးရန် စာတန်ကို အသုံးပြုကြသည်။ သာ၍ဆိုးသည်မှာ စာတန်ပြုလေသမျှကို ၎င်းတို့ အသိအမှတ်ပြုခြင်းအပေါ် အခြေခံလျက် ၎င်းတို့သည် အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အပေါ် မေးခွန်းထုတ်ပြီး အယူအဆများနှင့် ဝေဖန်သုံးသပ်ချက်များကို ထားရှိကြကာ အဆုံးတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ပြစ်တင်ရှုတ်ချကြသည်။ ထို့ကြောင့် ဘုရားသခင်နောက် လိုက်လျှောက်သည့် ဖြစ်စဉ်တွင် အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်၊ ၎င်းတို့၏ သမ္မာတရား၊ သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းညွှန်မှုနှင့် ပန်းတိုင်အဖြစ် လက်မခံကြပေ။ ထိုအစား ၎င်းတို့သည် အချိန်တိုင်း ဘုရားသခင်ကို ဆန့်ကျင်ကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ စာတန်၏ ယုတ္တိဗေဒနှင့် အတွေးအခေါ်များ၊ စာတန်၏ စိတ်သဘောထားနှင့် နည်းလမ်းများကဲ့သို့သော အရာများဖြင့် တိုင်းတာကြသည်။ ဘုရားသခင်နောက် လိုက်လျှောက်သည့် ဖြစ်စဉ်တွင် ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် သံသယဝင်ခြင်း၊ သင်္ကာမကင်းဖြစ်ခြင်း၊ စောင့်ကြည့်ခြင်း၊ အစဉ်မပြတ် ဝေဖန်သုံးသပ်ခြင်းတို့ကို ပြုကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကိုယ်တော်ကို မထီမဲ့မြင်ပြုသည်၊ ပြစ်တင်ရှုတ်ချသည်၊ ပြီးလျှင် ငြင်းပယ်ကြသည်။ အန္တိခရစ်တို့ လုပ်ဆောင်သည့် ဤအရာအားလုံးနှင့် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်များ၊ စစ်မှန်သော ယုံကြည်သူများ၊ သို့မဟုတ် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူများ မဟုတ်ကြောင်း၊ ထိုအစား ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြောင်း အမှန်ပင် သက်သေပြသည်။ ဤလူတို့သည် ဘုရားအိမ်တော်သို့၊ အသင်းတော်သို့ လာသောအခါ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို အသက်အဖြစ် လက်ခံရန် ဤနေရာသို့ ရောက်လာကြခြင်း မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဤနေရာသို့ အဘယ်အရာ လာလုပ်ကြသနည်း။ ဤလူတို့သည် ဘုရားအိမ်တော်သို့ လာသောအခါ ပထမဦးစွာ ၎င်းတို့သည် အနည်းဆုံးအားဖြင့် ၎င်းတို့၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းရန် ကြိုးစားနေကြခြင်း ဖြစ်သည်၊ ဒုတိယအနေဖြင့် ၎င်းတို့သည် ဤရေစီးကြောင်းနောက် လိုက်လိုကြသည်၊ တတိယအနေဖြင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို လိုချင်ကြသည်။ ဤသည်တို့မှာ ၎င်းတို့၏ စိတ်ရင်းများနှင့် ရည်ရွယ်ချက်များဖြစ်ပြီး ထိုမျှသာ ဖြစ်သည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရအပေါ် အခြေခံ၍ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် လက်ခံရန် ဘယ်သောအခါမျှ ရည်ရွယ်ခြင်းမရှိ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများအဖြစ် သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းညွှန်မှုနှင့် ပန်းတိုင်အဖြစ် မှတ်ယူရန် ဘယ်သောအခါမျှ အစီအစဉ်မရှိသည့်အပြင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ပြောင်းလဲရန် သို့မဟုတ် စွန့်လွှတ်ရန်၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ပြောင်းလဲရန် သို့မဟုတ် စွန့်လွှတ်ရန်၊ ဘုရားသခင်ရှေ့မှောက်သို့လာပြီး လုံးလုံးလျားလျား နောင်တရရန်၊ ကိုယ်တော်၏ ရှေ့မှောက်၌ မိမိတို့ကိုယ်ကို ပျပ်ဝပ်ပြီး ကိုယ်တော်ကို ၎င်းတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံရန် မည်သည့်အခါမျှ အစီအစဉ်မရှိပေ။ ၎င်းတို့၌ ထိုသို့သော ရည်ရွယ်ချက်များ မရှိပေ။ ၎င်းတို့သည် မိမိတို့ မည်မျှ ကြီးမြတ်ကြောင်း၊ မည်မျှ လုပ်နိုင်စွမ်းရှိကြောင်း၊ မည်မျှ တန်ခိုးကြီးကြောင်း၊ ဆုကျေးဇူးနှင့် ပါရမီရှိကြောင်း၊ ဘုရားအိမ်တော်၏ ထောက်တိုင်နှင့် ကျောရိုးသဖွယ် မည်သို့ ဖြစ်လာနိုင်ကြောင်း စသည်တို့ကို ဘုရားသခင်ရှေ့မှောက်၌ ဆက်လက်၍သာ ကြွားဝါနေကြပြီး ထိုသို့ဖြင့် ဘုရားအိမ်တော်၌ အလွန်အမင်း အထင်ကြီးလေးစားခြင်း ခံရရန်၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန်၊ ဘုရားအိမ်တော်၌ ရာထူးတိုးမြှင့်ခြင်း ခံရရန်ဟူသော ၎င်းတို့၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန် ရည်ရွယ်ကြကာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည်။ ထိုမျှသာမက ၎င်းတို့သည် “ဤဘဝတွင် အဆတစ်ရာနှင့် နောင်ဘဝတွင် ထာဝရအသက်” ဟူသော ၎င်းတို့၏ ရည်မှန်းချက်၊ လိုအင်ဆန္ဒနှင့် အစီအစဉ်ကိုလည်း ဖြည့်ဆည်းလိုကြသည်။ ၎င်းတို့သည် ဤရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အစီအစဉ်များကို တစ်ခါမျှ စွန့်လွှတ်ခဲ့ဖူးသလော။ ၎င်းတို့သည် ဤပြဿနာများကို မိမိတို့၏ဆန္ဒအလျောက် နားလည်၊ စွန့်လွှတ်ပြီး ဖြေရှင်းနိုင်သလော။ ၎င်းတို့ ဤသို့ပြုလုပ်ရန် မည်သည့်အခါမျှ အစီအစဉ်မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်သို့ပင် ဆိုစေကာမူ မည်သို့ပင် ဖော်ထုတ်စေကာမူ ၎င်းတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်တိုင်နှင့် ဆက်စပ်နိုင်လျှင်ပင် ၎င်းတို့၏ အစီအစဉ်များ၊ အတွေးအခေါ်များနှင့် ရည်ရွယ်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ကိုက်ညီမှုမရှိကြောင်း၊ သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး အန္တိခရစ်များ၏ စိတ်သဘောထား၏ သရုပ်သကန်များဖြစ်ကြောင်း ၎င်းတို့ သိရှိလျှင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ခိုင်မြဲစွာ စွဲကိုင်ထားဆဲဖြစ်ပြီး မိမိတို့ကိုယ်ကို ပြောင်းလဲရန်၊ မိမိတို့၏ အမြင်များကို ပြောင်းပြန်လှန်ရန်၊ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာရန် မည်သည့်အစီအစဉ်မျှ မရှိကြပေ။ ဤလူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မာကျောရုံမျှမက မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်၊ ၎င်းတို့သည် လုံးဝ အကျိုးအကြောင်း မဆီလျော်သည့်အဆင့်အထိ မာနထောင်လွှားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်တိုင်းကို အလွန်အမင်း မနှစ်မြို့ပြီး မုန်းတီးကြသည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝအနှစ်သာရကို ဘုရားသခင် ဖော်ထုတ်ခြင်းနှင့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သူ ဖော်ထုတ်ခြင်းကို မုန်းတီးကြသည်။ ၎င်းတို့သည် အကြောင်းပြချက်ကောင်း မရှိဘဲ ဘုရားသခင်နှင့် သမ္မာတရားကို မုန်းတီးကြပြီး သမ္မာတရားကို လိုက်စားသူများနှင့် ဘုရားသခင် ချစ်မြတ်နိုးတော်မူသောသူများကိုပင် မုန်းတီးကြသည်။ ဤသည်မှာ အန္တိခရစ်များဖြစ်သည့် ဤလူစားမျိုး၏ စိတ်သဘောထားသည် အမှန်ပင် ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အပြည့်အဝ ပြသသည်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အကြောင်းမဲ့ အမုန်းတရား၊ ရန်လိုမှု၊ အတိုက်အခံလုပ်ခြင်း၊ ဝေဖန်သုံးသပ်မှုနှင့် ငြင်းပယ်မှုတို့ကလည်း အန္တိခရစ်များဖြစ်သည့် ဤလူစားမျိုးသည် အမှန်ပင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိကြောင်းကို ငါတို့အား ပြသသည်။

အန္တိခရစ်များ၏ အမျိုးမျိုးသော စိတ်သဘောထားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပိုင်ဆိုင်သော စိတ်သဘောထားများ၏ စံပြုလောက်သော ဥပမာများဖြစ်ပြီး အန္တိခရစ်များ၏ အမျိုးမျိုးသော စိတ်သဘောထားများ၏ ပြင်းထန်မှုသည် မည်သည့်သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးတစ်ယောက်၏ စိတ်သဘောထားများထက်မဆို သာလွန်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်မျှပင် နက်ရှိုင်းစွာ သို့မဟုတ် တိကျခိုင်မာစွာ ဖော်ထုတ်စေကာမူ အန္တိခရစ်များသည် ဤအရာကို ငြင်းပယ်ပြီး ပယ်ချကြကာ ယင်းကို သမ္မာတရားအဖြစ်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်အဖြစ်ဖြစ်စေ လက်မခံကြပေ။ ၎င်းတို့သည် လုံလောက်စွာ ဆိုးယုတ်ခြင်း၊ ရက်စက်ခြင်း၊ ကောက်ကျစ်ခြင်း၊ မကောင်းကြံတတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့သည်သာ နောက်ဆုံးတွင် ခိုင်မြဲစွာ ရပ်တည်ရန်၊ ဤလူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သော ရေစီးကြောင်းများအလယ်တွင် ထင်ရှားပေါ်လွင်ပြီး အဆုံးတိုင်အောင် မိမိတို့၏ နေရာကို ထိန်းသိမ်းထားရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟုသာ အသိအမှတ်ပြုပြီး ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ယုတ္တိဗေဒ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသော အနှစ်သာရအပေါ်၊ ဘုရားသခင်၏ သစ္စာစောင့်သိခြင်းနှင့် အနန္တတန်ခိုးအပေါ်၊ ဤကဲ့သို့သော အခြားအပြုသဘောဆောင်သည့် အရာများအပေါ် ရန်လိုပြီး မုန်းတီးကြသည်။ လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရနှင့် သူ၏ အမှုတော် အားလုံးအကြောင်း မည်သို့ပင် သက်သေခံစေကာမူ၊ သူတို့သည် မည်မျှပင် တိကျခိုင်မာစွာနှင့် စစ်မှန်စွာ ထိုသို့ပြုလုပ်စေကာမူ အန္တိခရစ်များသည် ယင်းကို လက်မခံကြ၊ ၎င်းတို့သည် ယင်းမှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း၊ ယင်းအတွင်း၌ ရှာဖွေရန် သမ္မာတရားရှိကြောင်း၊ သို့မဟုတ် ယင်းမှာ လူသားမျိုးနွယ်၏ ဘုရားသခင်အပေါ် သိကျွမ်းမှုအတွက် အကောင်းဆုံးသော ပညာပေးအကြောင်းအရာနှင့် သက်သေခံချက်ဖြစ်ကြောင်းကို အသိအမှတ်မပြုကြပေ။ ဆန့်ကျင်ဘက်အားဖြင့် စာတန်ပြုလုပ်သော မည်သည့်သေးငယ်သောအရာနှင့်မဆို၊ ယင်းမှာ သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ အန္တိခရစ်များသည် ယင်းကို လေးစားကြည်ညိုလျက် ပျပ်ဝပ်ကြသည်။ စာတန်ပြုလုပ်သော အမှုအရာများနှင့် ပတ်သက်လာလျှင် အန္တိခရစ်များသည် ဤအရာများကို လူသားမျိုးနွယ်အကြား၌ မြင့်မြတ်သည် သို့မဟုတ် နိမ့်ကျသည်ဟု မှတ်ယူသည်ဖြစ်စေ၊ တညီတညွတ်တည်း လက်ခံ၊ ယုံကြည်၊ ကိုးကွယ်ပြီး လိုက်လျှောက်ကြသည်။ သို့ရာတွင် အန္တိခရစ်များကို စိတ်မငြိမ်မသက်ဖြစ်စေသော အရာတစ်ခု ရှိသည်၊ ဗုဒ္ဓက သူသည် လူတို့ကို သုခဘုံသို့ ကူးမြောက်စေနိုင်သည်ဟု ဆိုခဲ့ပြီး အန္တိခရစ်များက ဤသို့ တွေးကြသည်၊ “ဤသုခဘုံသည် ဘုရား ပြောသော ကောင်းကင်နိုင်ငံတော်နှင့် ကောင်းကင်ဘုံထက် နိမ့်ကျပုံရသည်၊ ယင်းမှာ ထိုမျှ စံပြမဟုတ်ပေ။ စာတန်သည် တန်ခိုးကြီးပြီး လူတို့အား အဆုံးမရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ကာ သူတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးနိုင်သော်လည်း သူ မလုပ်ဆောင်နိုင်သော အရာတစ်ခုမှာ လူတို့အား ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး ထာဝရအသက်ကို ရရှိစေလျက် လူကို ကတိတစ်ခုပေးခြင်း ဖြစ်သည်။ စာတန်သည် ထိုသို့သော အခိုင်အမာပြောဆိုမှုကို မပြုဝံ့သကဲ့သို့ ဤအရာကိုလည်း မပြီးမြောက်စေနိုင်ပေ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ အန္တိခရစ်များသည် ဤသည်မှာ မတွေးဝံ့စရာဖြစ်ကြောင်း ခံစားရပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ယင်းမှာ နောင်တအရဆုံးသောအရာ ဖြစ်သည်ဟု ခံစားရသည်။ သို့ဖြစ်၍ ဘုရားသခင်နောက်သို့ အင်တင်တင်ဖြင့် လိုက်လျှောက်နေစဉ် ၎င်းတို့သည် သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို မည်သို့ ရရှိနိုင်မည်အကြောင်းနှင့် မည်သူက ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အကြောင်းကို ကျိတ်ကြံစည်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် တွက်ချက်ပြီးရင်း တွက်ချက်ကြကာ နောက်ဆုံးတွင် ဘုရားအိမ်တော်၌ ဆက်လက်နေထိုင်ရန် အလျှော့ပေးလိုက်လျောမှု ပြုလုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အန္တိခရစ်များ၏ ဤသရုပ်သကန်များကို အခြေခံ၍ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ရှုထောင့်အမြင်မှာ အဘယ်နည်း။ ၎င်းတို့၌ စစ်မှန်သော ယုံကြည်မှု တစ်စွန်းတစ်စ ရှိသလော။ ၎င်းတို့၌ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အနည်းငယ်မျှပင် အသိအမှတ်ပြုသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်ဟူသော အချက်ကို ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ “အာမင်” ဟု ဆိုနိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်အကြား၌ ထိုမျှ ကြီးမြတ်သော အမှုကို ပြုခဲ့သည်၊ အန္တိခရစ်များသည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဖြောင့်မတ်သော စိတ်သဘောထားကို ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်ရှိုင်းရာမှ ချီးမွမ်းနိုင်သလော။ (မချီးမွမ်းနိုင်ပါ။) အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရနှင့် သူ၏ အမှုတော်အားလုံးကို ငြင်းပယ်သောကြောင့်သာလျှင် ၎င်းတို့သည် သူ့နောက် လိုက်လျှောက်သည့် ဖြစ်စဉ်အတွင်း မိမိတို့ကိုယ်ကို အစဉ်မပြတ် ချီးမြှောက်ပြီး သက်သေခံကြကာ လူတို့၏ မျက်နှာသာပေးခြင်းနှင့် စိတ်နှလုံးများကို ရရှိရန် ကြိုးစားကြပြီး လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်ပြီး လှောင်ထားရန်ပင် ကြိုးစားကြကာ သူရွေးချယ်ထားသော သူများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ ထိုသို့သော သရုပ်သကန်အားလုံးက အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ဘယ်သောအခါမျှ အသိအမှတ်မပြုကြောင်း၊ သို့မဟုတ် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်ကို ဝန်မခံကြောင်း သက်သေပြသည်။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိမှုနှင့်ပတ်သက်၍ အန္တိခရစ်များ၌ ရှိသော အမြင်များ၊ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအကြောင်း ငါတို့ ပြီးခဲ့သည့်အခေါက်က စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့်အရာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုနှင့်စပ်လျဉ်း၍ ဤအမြင်များနှင့် သရုပ်သကန်များ ရှိသောကြောင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိတည်းဟူသော ခရစ်တော်အပေါ် ၎င်းတို့၏သဘောထားသည် အဘယ်နည်း။ ၎င်းတို့သည် သူ့ကို အမှန်တကယ် ယုံကြည်၊ အသိအမှတ်ပြု၊ သူ့နောက်လိုက်ပြီး သူ့ကို ကျိုးနွံနာခံနိုင်သလော။ (မလုပ်နိုင်ပါ။) ဘုရားသခင်၏ တည်ရှိခြင်းအပေါ် အန္တိခရစ်တို့၏ သဘောထားပြုမူပုံအား အကဲဖြတ်ရသော် ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ဤသဘောထားမျိုး ထားရှိသောကြောင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိအပေါ် ၎င်းတို့၏ သဘောထားသည် ဘုရားသခင်၏ ဝိညာဉ်တော်အပေါ်ထားသည့် သဘောထားထက် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ပို၍ထင်ရှားကာ ပို၍ပြင်းထန်သော သရုပ်သကန်များ ရှိရမည်မှာ ပြောစရာမလိုပေ။

၂။ အန္တိခရစ်များသည် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏

ယနေ့တွင် ငါတို့သည် အန္တိခရစ်များက ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ မယုံကြည်ခြင်းအပေါ် အခြေခံလျက် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည့် ခရစ်တော်ကို မည်သို့ဆက်ဆံကြသည်ကို မိတ်သဟာယဖွဲ့ကြမည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြသည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော အချက်တစ်ခု ဖြစ်သည်။ ဤမိတ်သဟာယဖွဲ့ခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း အားလုံးပြီးသည့်နောက် သင်တို့သည် အန္တိခရစ်များ၏ စိတ်သဘောထားများနှင့် သရုပ်သကန်များကို တိကျခိုင်မာသော နားလည်မှုအချို့ ရရှိခဲ့ပြီးပြီလော။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင် ပြုခဲ့သော အမှုကို၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းဟူသော အချက်ကို လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ လက်တွေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အတိအကျ မည်သို့သော လူစားမျိုး ဖြစ်ကြသနည်း။ တိတိကျကျ ပြောရလျှင် ၎င်းတို့သည် အခွင့်အရေးသမား မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် ရှင်းလင်းစွာ ဆိုးယုတ်ပုံပေါ်ပြီး အခြားသူများမှာမူ နှိမ့်ချပုံပေါ်ကာ သိမ်မွေ့သော၊ ဂုဏ်သိက္ခာရှိသော၊ မြင့်မြတ်သော အပြုအမူ ရှိကြသည်၊ ၎င်းတို့သည် စံပြုလောက်သော ဖာရိရှဲများ ဖြစ်ကြသည်။ ဤလူအမျိုးအစားနှစ်မျိုးနှင့် ပတ်သက်လာလျှင် ဆိုးယုတ်ပုံပေါ်သောသူများနှင့် ဘာသာရေးကိုင်းရှိုင်းပြီး မဆိုးယုတ်ပုံပေါ်သောသူများ၊ အကယ်၍ ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပါက ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်ဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ယနေ့ ငါတို့သည် မယုံကြည်သူများက ခရစ်တော်အပေါ် မည်သို့သော အမြင်များနှင့် သဘောထားများ ရှိကြသည်ကိုလည်းကောင်း၊ ခရစ်တော်၏ အမျိုးမျိုးသော ကဏ္ဍများအပေါ် ၎င်းတို့ မည်သို့သော သရုပ်သကန်များကို ပြသကြသည်ကိုလည်းကောင်း၊ ဤသရုပ်သကန်များအားဖြင့် အန္တိခရစ်များ၏ အနှစ်သာရကို ငါတို့ မည်သို့ နားလည်နိုင်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့နေကြခြင်း ဖြစ်သည်။

က။ အန္တိခရစ်များသည် ခရစ်တော်၏ မူလဇာစ်မြစ်ကို မည်သို့သဘောထားပြုမူပုံ

အထူးပင်ကိုလက္ခဏာတစ်ခုရှိသော သာမန်လူတစ်ဦး ဖြစ်သည့် ခရစ်တော်နှင့် ပတ်သက်လာလျှင် လူတို့သည် အများအားဖြင့် မည်သည့်အရာများကို အလေးအထားဆုံး ဖြစ်ကြသနည်း။ ပထမဦးစွာ လူများစွာတို့သည် သူ၏ မူလအစကို စိတ်ဝင်စားကြသည် မဟုတ်လော။ ယင်းမှာ လူတို့၏ အာရုံစိုက်မှု၏ ဗဟိုချက်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်များသည် ခရစ်တော်၏ မူလဇာစ်မြစ်ကို မည်သို့သဘောထားပြုမူပုံကို ဦးစွာ မိတ်သဟာယဖွဲ့ကြပါစို့။ ဤအကြောင်းကို မိတ်သဟာယမဖွဲ့မီ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူ၏ ဇာတိပကတိ၏ မူလအစ၏ အမျိုးမျိုးသော ကဏ္ဍများကို မည်သို့ စီစဉ်ခဲ့သည်ကို ပြောကြစို့။ လူသိများသည့်အတိုင်း ကျေးဇူးတော်ခေတ်အတွင်း ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူခြင်း ခံခဲ့ရပြီး အပျိုစင်တစ်ဦးမှ မွေးဖွားခဲ့သည်။ သူသည် အလွန် သာမန်၊ ပုံမှန်ဖြစ်သော မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး ယင်းကို ယနေ့ခေတ်အခေါ်အဝေါ်များဖြင့်ဆိုလျှင် သာမန်ပြည်သူပြည်သားများ၏ အိမ်ထောင်စုဟု ခေါ်ဆိုမည် ဖြစ်သည်။ သူသည် ချမ်းသာသော၊ အရာရှိ၊ သို့မဟုတ် ဂုဏ်သရေရှိသော မိသားစုကြီးတစ်ခုတွင် မွေးဖွားခဲ့ခြင်း မဟုတ်ပေ၊ သူသည် နွားတင်းကုပ်တစ်ခုတွင်ပင် မွေးဖွားခဲ့ရာ ယင်းမှာ အလွန် မတွေးဝံ့စရာဖြစ်ပြီး လူတိုင်း၏ စိတ်ကူးစိတ်သန်းများထက် ကျော်လွန်ခဲ့သည်။ ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံ ဇာတိပကတိ၏ မူလအစ၏ ကဏ္ဍတိုင်းကို ကြည့်လျှင် ဘုရားသခင် လူ့ဇာတိခံယူ၍ မွေးဖွားခဲ့သော မိသားစုသည် အလွန် သာမန်ဖြစ်ခဲ့သည်။ သူ၏ မယ်တော် မာရိသည်လည်း သာမန်ဖြစ်ခဲ့ပြီး ထူးချွန်သောသူတစ်ဦး မဟုတ်ခဲ့သည့်အပြင် သူမသည် အထူးတန်ခိုးများ၊ သို့မဟုတ် ထူးကဲသော၊ တစ်မူထူးခြားသော ပါရမီများကို အသေအချာပင် မပိုင်ဆိုင်ခဲ့ပေ။ သို့ရာတွင် သူမသည် မယုံကြည်သူ သို့မဟုတ် ဘာသာတရားမရှိသူတစ်ဦး မဟုတ်ဘဲ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်ခဲ့သည်မှာ မှတ်သားထိုက်သည်။ ဤသည်မှာ အလွန် အရေးကြီးသည်။ မာရိ၏ ခင်ပွန်း ယောသပ်သည် လက်သမားတစ်ဦး ဖြစ်ခဲ့သည်။ လက်သမားသည် လက်မှုပညာသည်တစ်မျိုးဖြစ်ပြီး သူ၌ သာမန်ဝင်ငွေတစ်ခု ရှိခဲ့သော်လည်း သူသည် ချမ်းသာကြွယ်ဝခြင်း မရှိသကဲ့သို့ စုမိဆောင်းမိ ပိုက်ဆံများစွာလည်း မရှိခဲ့ပေ။ သို့သော်လည်း သူသည် ဆင်းရဲမွဲတေခြင်းနှင့် အလွန်ကွာဝေးပြီး သူသည် သူ၏ မိသားစု၏ အခြေခံလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သခင်ယေရှုသည် ဤသို့သော မိသားစုမျိုးတွင် မွေးဖွားခဲ့သည်၊ ယနေ့ခေတ် ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း စံနှုန်းများဖြင့် အကဲဖြတ်ရလျှင် သူ၏ မိသားစုကို လူလတ်တန်းစားဟု မဆိုစလောက်သာ မှတ်ယူနိုင်မည် ဖြစ်သည်။ ထိုသို့သော မိသားစုကို လူသားမျိုးနွယ်အကြား၌ ဆွေကြီးမျိုးကြီးဖြစ်သည် သို့မဟုတ် နိမ့်ကျသည်ဟု မှတ်ယူမည်လော။ (နိမ့်ကျသည်ဟု မှတ်ယူပါမည်။) ထို့ကြောင့် သခင်ယေရှု မွေးဖွားခဲ့သော မိသားစုသည် ကျော်ကြားသော၊ ချမ်းသာသော၊ သို့မဟုတ် အထင်ကရဖြစ်သော မိသားစုနှင့် အလွန်ကွာဝေးပြီး ယနေ့ခေတ်အခါ၌ အထက်တန်းလွှာဟု မှတ်ယူသည့်အဆင့်အတန်းနှင့် သာ၍ပင် ကွာဝေးသည်။ ချမ်းသာသော သို့မဟုတ် အဆင့်အတန်းမြင့်သော မိသားစုများမှ ကလေးများ အပြင်ထွက်သည့်အခါ လူတို့သည် အများအားဖြင့် သူတို့ပတ်လည်၌ ဝိုင်းအုံပြီး သူတို့ပတ်လည်၌ စုရုံးနေကြသော်လည်း သခင်ယေရှု၏ မိသားစုမှာမူ ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ သူသည် ဇိမ်ခံ လူနေမှုအခြေအနေများ သို့မဟုတ် အရေးပါသော အဆင့်အတန်းမရှိသော မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။ ယင်းမှာ လူတို့ သတိမမူ၊ လျစ်လျူရှုထားသည့်၊ မည်သူကမျှ ချီးမွမ်းထောမနာ မပြု၊ သို့မဟုတ် ဝန်းရံခြင်းမရှိသည့် အလွန်သာမန် မိသားစုတစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်က ထိုသို့သော နောက်ခံအခြေအနေနှင့် လူမှုပတ်ဝန်းကျင်အောက်တွင် ခရစ်တော်သည် အဆင့်မြင့်ပညာရေးကို လက်ခံရန် သို့မဟုတ် အထက်တန်းစား လူ့အဖွဲ့အစည်း၏ အမျိုးမျိုးသော လူနေမှုပုံစံများ၊ အတွေးအခေါ်များ၊ အမြင်များနှင့် စသည်တို့ဖြင့် လွှမ်းမိုးခြင်းနှင့် ကူးစက်ခြင်းကို ခံရရန် အခြေအနေတွင် ရှိခဲ့သလော။ သူသည် ထိုအခြေအနေတွင် မရှိသည်မှာ သိသာထင်ရှား၏။ သူသည် သာမန်ပညာရေးကို လက်ခံရရှိခဲ့သည်၊ အိမ်၌ ကျမ်းစာများကို ဖတ်ရှုခဲ့သည်၊ သူ၏ မိဘများထံမှ ပုံပြင်များကို နားထောင်ခဲ့ပြီး သူတို့နှင့်အတူ ဘုရားကျောင်း၌ ဝတ်ပြုကိုးကွယ်ခြင်းများတွင် တက်ရောက်ခဲ့သည်။ အဘက်ဘက်မှ ကြည့်လျှင် သခင်ယေရှု၏ မူလအစနှင့် သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်သည် ဂုဏ်သတင်းကြီးခြင်းမရှိ၊ သို့မဟုတ် လူတို့ စိတ်ကူးကောင်း စိတ်ကူးနိုင်သကဲ့သို့ ဆွေကြီးမျိုးကြီး မဟုတ်ခဲ့ပေ။ သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်သည် သာမန်လူတစ်ဦး၏ ပတ်ဝန်းကျင်နှင့် တူညီခဲ့သည်။ သူ၏ နေ့စဉ်ဘဝသည် ရိုးရှင်းပြီး သာမန်ဖြစ်ခဲ့သည်၊ သူ၏ လူနေမှုအခြေအနေများသည် သာမန်လူနှင့် ဆင်တူခဲ့သည်၊ ယင်းတို့သည် အထူးအရာဘာမျှ မဟုတ်ခဲ့ဘဲ သူ၌ လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာများ၏ အထူး၊ သာလွန်သော လူနေမှုအခြေအနေများ ကင်းမဲ့ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံ ဇာတိပကတိ မွေးဖွားခဲ့သော နောက်ခံအခြေအနေနှင့် သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင် ဖြစ်ခဲ့လေသည်။

ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ လိင်အမျိုးအစားသည် ယခင်တစ်ကြိမ်နှင့် လုံးဝ ကွဲပြားသော်လည်း သူ၏ မိသားစုနောက်ခံသည် အလားတူ သာမန်ဖြစ်ပြီး အရေးပါသော အဆင့်အတန်းမရှိပေ။ အချို့က “မည်မျှ သာမန်ဖြစ်သနည်း” ဟု မေးကြသည်။ လက်ရှိခေတ်တွင် သာမန်ဆိုသည်မှာ ရိုးရိုး လူနေမှုပတ်ဝန်းကျင်တစ်ခုကို ဆိုလိုသည်။ ခရစ်တော်သည် အလုပ်သမားမိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်၊ ဆိုလိုသည်မှာ စားဝတ်နေရေးအတွက် လုပ်အားခကို အားထားရသော၊ မိမိတို့၏ ကိုယ်ပိုင်အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သော်လည်း ချမ်းသာသူများကဲ့သို့ ကြွယ်ဝခြင်းမရှိသော မိသားစုတစ်ခု ဖြစ်သည်။ ခရစ်တော်သည် သာမန်လူများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး သာမန်လူများ၏ ဘဝများနှင့် ထိတွေ့ခဲ့သည်၊ သူသည် ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခဲ့ပြီး၊ ထိုအကြောင်းနှင့်ပတ်သက်၍ ထူးခြားသောအရာ တစ်ခုမျှ မရှိခဲ့ပေ။ ယေဘုယျအားဖြင့် အလုပ်သမားမိသားစုများမှ ကလေးများသည် အနုပညာစွမ်းရည်များကို သင်ယူရန် အခြေအနေတွင် ရှိကြသလော။ ၎င်းတို့သည် အထက်တန်းစား လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော အမျိုးမျိုးသော အမြင်များနှင့် ထိတွေ့ရန် အခွင့်အရေး ရရှိကြသလော။ (မရရှိပါ။) ၎င်းတို့သည် အမျိုးမျိုးသော စွမ်းရည်များကို သင်ယူရန် အခြေအနေ မရှိကြရုံသာမက ၎င်းတို့သည် အထက်တန်းစား လူ့အဖွဲ့အစည်းရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် အပြန်အလှန်ဆက်ဆံရန် အခွင့်အရေးများ သာ၍ပင် မရှိကြပေ။ ဤရှုထောင့်မှကြည့်လျှင် ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူ၍ မွေးဖွားခဲ့သော မိသားစုသည် အလွန် သာမန်ဖြစ်သည်။ သူ၏ မိဘများသည် သိက္ခာရှိသော ပုံစံဖြင့် နေ့ရက်များကို ကုန်ဆုံးစေသောသူများဖြစ်ပြီး သူတို့၏ စားဝတ်နေရေးသည် သူတို့၏ အလုပ်အကိုင်များနှင့် အလုပ်များအပေါ် မှီခိုကာ ၎င်းတို့သည် သာမန် လူနေမှုအခြေအနေများကို ပိုင်ဆိုင်ကြသည်။ ထိုသို့သော အခြေအနေများသည် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အတွေ့ရအများဆုံး ဖြစ်သည်။ ဘာသာတရားမရှိသူများ၏ ရှုထောင့်မှကြည့်သော် ခရစ်တော်၏ မွေးဖွားရာ ပတ်ဝန်းကျင်၌ သာလွန်သော အခြေအနေများ မရှိခဲ့ဘဲ သူ၏ မိသားစုနောက်ခံ သို့မဟုတ် လူနေမှုအရည်အသွေး၌ ကြွားဝါစရာ တစ်ခုမျှ မရှိခဲ့ပေ။ အချို့သော ကျော်ကြားသူများသည် စာပေပညာရှင်မျိုးရိုး မိသားစုများတွင် မွေးဖွားကြသည်၊ သူတို့၏ ဘိုးဘေးများသည် ပညာတတ်များနှင့် အဆင့်မြင့် ပညာရှင်များ ဖြစ်ခဲ့ကြသည်။ သူတို့သည် ဤပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ကြပြီး ပညာတတ် မိသားစုတစ်ခုနှင့်အတူပါလာသော ဟန်ပန်နှင့် အမူအရာ ရှိကြသည်။ ဘုရားသခင်သည် သူ၏ လူ့ဇာတိခံ ဇာတိပကတိအတွက် အလားတူ မိသားစုနောက်ခံတစ်ခုကို ရွေးချယ်ခဲ့သလော။ မရွေးချယ်ခဲ့ပေ။ ဤတစ်ကြိမ်တွင်လည်း လူ့ဇာတိခံဘုရားသခင်သည် ဂုဏ်သရေရှိသော မိသားစုနောက်ခံနှင့် ထင်ရှားသော လူမှုအဆင့်အတန်း ကင်းမဲ့ပြီး သူ၌ သာလွန်သော လူနေမှုပတ်ဝန်းကျင်တစ်ခု ရှိခဲ့ခြင်း သာ၍ပင် မရှိချေ၊ သူ၏ မိသားစုမှာ လုံးဝ သာမန် မိသားစုတစ်ခု ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သော မိသားစု၊ လူနေမှုပတ်ဝန်းကျင်နှင့် ကြီးပြင်းရာနောက်ခံကို ရွေးချယ်ခဲ့သည်ကို ယခုလောလောဆယ် မဆွေးနွေးကြစို့၊ ငါတို့သည် ဤအရာ၏ အရေးပါမှုကို ယခု ပြောဆိုကြမည် မဟုတ်ပေ။ ငါ့ကို ပြောကြလော့၊ အချို့လူတို့သည် ခရစ်တော် တက္ကသိုလ်တက်ခဲ့သည်၊ မတက်ခဲ့သည်ကို စိတ်ဝင်စားခြင်း မရှိကြဘူးလော။ ငါ သင်တို့ကို အမှန်ကို အမှန်အတိုင်း ပြောမည်၊ ငါသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေဆိုမီ ကျောင်းမှထွက်ခဲ့ပြီး အသက် ၁၇ နှစ်တွင် အိမ်မှ ထွက်ခွာခဲ့သည်။ သို့ဆိုလျှင် ငါ တက္ကသိုလ်တက်ခဲ့သလော။ (မတက်ခဲ့ပါ။) ဤသည်မှာ သင်တို့အတွက် သတင်းဆိုးလော သို့မဟုတ် သတင်းကောင်းလော။ (ဤသည်ကို သိခြင်းသည် ခြားနားမှုတစ်စုံတစ်ရာ မဖြစ်စေဟု ကျွန်ုပ်ထင်သည်၊ ယင်းမှာ ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် မသက်ဆိုင်ပါ။) ယင်းမှာ မှန်ကန်သော ရှုထောင့်အမြင် ဖြစ်သည်။ ငါ ဤအကြောင်းကို ယခင်က ဘယ်သောအခါမျှ မပြောခဲ့ဖူးပေ၊ ငါ တစ်စုံတစ်ခုကို ဖုံးကွယ်ရန် သို့မဟုတ် ဖုံးအုပ်ရန် ကြိုးစားလိုသောကြောင့် မဟုတ်ဘဲ ဤအရာများသည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် နောက်လိုက်ခြင်းတို့နှင့် လုံးဝ မသက်ဆိုင်သောကြောင့်၊ ပြောရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ မွေးဖွားရာ နောက်ခံအခြေအနေ၊ သူ၏ မိသားစုပတ်ဝန်းကျင်နှင့် သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်တို့သည် ဘုရားသခင်ကိုဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်ကိုဖြစ်စေ သိကျွမ်းခြင်းအပေါ် သက်ရောက်မှု မရှိသော်လည်း၊ ဤအရာများနှင့် အမှန်တကယ် မသက်ဆိုင်သော်လည်း အဘယ်ကြောင့် ငါသည် ဤပြဿနာများကို ဤနေရာတွင် ပြောဆိုနေရသနည်း။ ဤသည်မှာ ငါတို့ ယနေ့ စိတ်ဖြာလေ့လာဆွေးနွေးနေသော ခရစ်တော်အပေါ် အန္တိခရစ်များ၏ အမြင်များထဲမှ တစ်ခုနှင့် သက်ဆိုင်နေသည်။ ဘုရားသခင်သည် သူ၏ လူ့ဇာတိခံ ဇာတိပကတိအတွက် ထင်ရှားသော အဆင့်အတန်း၊ မြင့်မြတ်သော ပင်ကိုလက္ခဏာ၊ သို့မဟုတ် ဂုဏ်သရေရှိသော မိသားစုနှင့် လူမှုနောက်ခံကို မရွေးချယ်ခဲ့ပေ၊ သူကြီးပြင်းရန်အတွက် သာလွန်သော၊ အပူအပင်ကင်းသော၊ ကြွယ်ဝသော၊ ဇိမ်ခံ ပတ်ဝန်းကျင်တစ်ခုကို သူ သာ၍ပင် မရွေးချယ်ခဲ့ချေ။ ဘုရားသခင်သည် သူ အဆင့်မြင့်ပညာရေးကို လက်ခံရရှိနိုင်သော သို့မဟုတ် အထက်တန်းစား လူ့အဖွဲ့အစည်းနှင့် ထိတွေ့နိုင်သော မိသားစုနောက်ခံတစ်ခုကိုလည်း မရွေးချယ်ခဲ့ပေ။ ဘုရားသခင် လူ့ဇာတိခံယူသောအခါ သူပြုလုပ်ခဲ့သော ရွေးချယ်မှု၏ ဤကဏ္ဍများကို သုံးသပ်ကြည့်သော် ဤအရာများသည် ခရစ်တော် လာ၍ပြုလုပ်မည့် အမှုကို သက်ရောက်မှု ရှိမည်လော။ (မရှိပါ။) သူ၏ နောက်ပိုင်းအမှု၏ ဖြစ်စဉ်၊ သဘာဝနှင့် ရလဒ်များကို ကြည့်သော် ဤကဏ္ဍများသည် ဘုရားသခင်၏ အမှုတော်အစီအစဉ်၊ အဆင့်များနှင့် ရလဒ်များကို မည်သည့်နည်းနှင့်မျှ သက်ရောက်မှုမရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် သူ၏ ရွေးချယ်မှုနှင့်ဆိုင်သော ဤကဏ္ဍများ၌ အားသာချက်တစ်ခု ရှိသည်၊ ဆိုလိုသည်မှာ သူသည် ထိုသို့သော ပတ်ဝန်းကျင်တွင် မွေးဖွားရန် ရွေးချယ်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကယ်တင်ခြင်းအတွက် သာ၍ အကျိုးရှိသည်၊ အကြောင်းမှာ ၎င်းတို့ထဲမှ ၉၉ ရာခိုင်နှုန်းသည် အလားတူ နောက်ခံအခြေအနေများမှ လာကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ လူတို့ နားလည်သင့်သော လူ့ဇာတိခံ ဘုရားသခင်၏ မူလအစ၏ အရေးပါမှု ကဏ္ဍတစ်ခု ဖြစ်သည်။

ယခုလေးတင် သင်တို့ ယင်းကို ယေဘုယျ နားလည်မှုတစ်ခု ရရှိစေရန် ခရစ်တော်၏ မွေးဖွားရာ နောက်ခံအခြေအနေနှင့် ပတ်ဝန်းကျင်အကြောင်းကို ရိုးရှင်းပြီး အကြမ်းဖျင်းဖြစ်သော အသုံးအနှုန်းများဖြင့် ငါ ပြောဆိုခဲ့သည်။ ဆက်လက်၍ အန္တိခရစ်များသည် လူ့ဇာတိခံ ဘုရားသခင်၏ မူလအစကို မည်သို့ သဘောထားပြုမူကြသည်ကို စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ပထမဦးစွာ အန္တိခရစ်များသည် ခရစ်တော်၏ မွေးဖွားရာ ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေအပေါ် တိတ်တဆိတ် မထီမဲ့မြင်ပြုပြီး အာခံစိတ်ကို ခံစားရကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ယင်းကို မထီမဲ့မြင်ပြုပြီး ဆန့်ကျင်ဖီဆန်စိတ် ခံစားရကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့အတွင်း၌ အတွေးအခေါ်များနှင့် အယူအဆများကို စွဲကိုင်ထားသောကြောင့် ဖြစ်သည်။ ဤအရာအပေါ် သူတို့၏ ရှုထောင့်အမြင်မှာ အဘယ်နည်း။ “ဘုရားသည် ဖန်ဆင်းရှင်ဖြစ်သည်၊ သူသည် အရာခပ်သိမ်းအထက်တွင် အထွတ်အထိပ်ဖြစ်သည်၊ သူသည် ကောင်းကင်များအထက် လူသားမျိုးနွယ်နှင့် အခြား ဖန်ဆင်းခံအားလုံးအထက်တွင် ရှိသည်။ အကယ်၍ သူသည် ဘုရားဖြစ်ပါက သူသည် လူသားမျိုးနွယ်အကြား၌ အမြင့်ဆုံးနေရာသို့ တက်လှမ်းသင့်သည်” ဟူ၍ ဖြစ်လေသည်။ သူ အမြင့်ဆုံးနေရာသို့ တက်လှမ်းခြင်းအားဖြင့် သူတို့ အဘယ်အရာကို ဆိုလိုသနည်း။ သူသည် လူတိုင်းခေါင်းများပေါ် နင်းသင့်သည်၊ သူသည် ဂုဏ်သရေရှိပြီး မြင့်မြတ်သော မိသားစုကြီးတစ်ခုတွင် မွေးဖွားသင့်ပြီး မည်သည့်ပူပန်မှုမျှ မရှိသင့်၊ သူသည် ပါးစပ်ထဲ၌ ငွေဇွန်းကိုက်လျက် မွေးဖွားလာသင့်သည်၊ အကြွင်းမဲ့ တန်ခိုးအာဏာအပြင် သြဇာအာဏာနှင့် ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်သင့်ပြီး အထူးသဖြင့် ချမ်းသာကြွယ်ဝကာ ဘီလီယံနာတစ်ဦး ဖြစ်သင့်သည်ဟု သူတို့ ဆိုလိုသည်။ တစ်ချိန်တည်းမှာပင် သူသည် ဤလောက၌ လူသားများ သိသင့်သမျှ အရာအားလုံးကို သင်ယူလျက် အဆင့်မြင့် ပညာတတ်တစ်ဦး ဖြစ်သင့်သည်။ ဥပမာအားဖြင့် အိမ်ရှေ့စံမင်းသား တစ်ပါးကဲ့သို့ သူသည် တစ်ဦးချင်း သင်ကြားမှုကို လက်ခံရရှိသင့်သည်၊ အထက်တန်းလွှာကျောင်းများကို တက်ရောက်သင့်ပြီး အထက်တန်းစားဘဝကို ခံစားသင့်သည်။ သူသည် သာမန်မိသားစုတစ်ခုမှ ကလေးတစ်ဦး မဖြစ်သင့်ပေ။ ခရစ်တော်သည် လူ့ဇာတိခံ ဇာတိပကတိဖြစ်သောကြောင့် သူ၏ ပညာရေးသည် အခြားသူအားလုံးထက် သာလွန်သင့်ပြီး သူ၏ သင်ကြားရေးဆိုင်ရာ အကြောင်းအရာများသည်လည်း သာမန်လူများ၏ အကြောင်းအရာများနှင့် ကွဲပြားသင့်သည်ဟု သူတို့ တွေးထင်ကြသည်။ ခရစ်တော်သည် ဘုရင်အဖြစ် စိုးစံရန် လာသောကြောင့် သူသည် အုပ်ချုပ်ခြင်းအနုပညာကို သင်ယူသင့်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်ချုပ်ပြီး ထိန်းချုပ်ပုံကို သင်ယူသင့်ကာ အသာစီးရယူနည်း သုံးဆယ့်ခြောက်နည်းများကို လေ့လာသင့်ပြီး ဘာသာစကားမျိုးစုံနှင့် အနုပညာစွမ်းရည်အချို့ကို သင်ယူသင့်သည်၊ ဤသို့ဖြင့် ဤအရာများကို သူ၏ အနာဂတ်အမှု၌ အသုံးချနိုင်မည်ဖြစ်ပြီး၊ ဤသို့ဖြင့် သူသည် အနာဂတ်တွင် လူအမျိုးအစားအားလုံးကို အုပ်ချုပ်နိုင်မည် ဖြစ်သည်။ သူတို့အတွက် ထိုသို့သော ခရစ်တော်တစ်ပါးသာလျှင် မြင့်မြတ်ပြီး ကြီးမြတ်ကာ လူတို့ကို ကယ်တင်နိုင်စွမ်း ရှိလိမ့်မည်၊ အကြောင်းမှာ သူသည် လုံလောက်သော အသိပညာနှင့် ပါရမီများကို ပိုင်ဆိုင်မည်ဖြစ်ပြီး ၎င်းတို့ကို ထိန်းချုပ်နိုင်ရန်အလို့ငှာ လူတို့၏ စိတ်ကိုဖတ်နိုင်သည့် လုံလောက်သော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်မည် ဖြစ်သောကြောင့်တည်း။ အန္တိခရစ်များသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ၏ မူလအစနှင့်ပတ်သက်၍ ထိုသို့သော အယူအဆများကို စွဲကိုင်ထားကြပြီး သူတို့သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို လက်ခံနေစဉ် ဤအယူအဆများကို ဆုပ်ကိုင်ထားကြသည်။ ပထမဦးစွာ သူတို့သည် မိမိတို့၏ အယူအဆများကို ဘေးဖယ်မထားဘဲ သူတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ ဘုရားသခင် ပြုသောအရာကို အသစ်တစ်ဖန် သိနားလည်ရန် သို့မဟုတ် သဘောပေါက်နားလည်ရန် မရှိကြပေ။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် အမြင်များကို မငြင်းပယ်ကြ၊ သို့မဟုတ် သူတို့ စွဲကိုင်ထားသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို နားလည်ရန် မရှိကြဘဲ သူတို့သည် ခရစ်တော်နှင့် ဘုရားသခင်၏ လူ့ဇာတိခံသော ဇာတိပကတိကို သိကျွမ်းရန်နှင့် ခရစ်တော် မိန့်မြွက်ပြီး ပြုလုပ်သမျှအရာအားလုံးကို သမ္မာတရားကို ကျိုးနွံနာခံခြင်းဟူသော သဘောထားနှင့် စည်းမျဉ်းဖြင့် လက်ခံရန် မရှိကြပေ။ ထိုအစား သူတို့သည် ခရစ်တော် ပြောသမျှအရာတိုင်းကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် အမြင်များဖြင့် တိုင်းတာကြသည်။ “ခရစ်တော်၏ ဤပြောဆိုချက်သည် ယုတ္တိမတန်ပေ၊ ထိုစကားတစ်ခွန်းသည် စကားအသုံးအနှုန်း ညံ့ဖျင်းသည်၊ ဤအထဲ၌ သဒ္ဒါအမှားတစ်ခု ရှိသည်၊ ခရစ်တော်သည် အဆင့်မြင့် ပညာတတ်တစ်ဦးမဟုတ်ကြောင်း သိသာလှသည်။ သူသည် သာမန်လူတစ်ဦးကဲ့သို့ ပြောဆိုနေသည် မဟုတ်လော။ ခရစ်တော်သည် ထိုသို့ မည်သို့ ပြောဆိုနိုင်သနည်း။ ယင်းမှာ သူ၏ အမှားမဟုတ်ပေ။ သူသည် အမှန်တကယ်တွင်လည်း ထင်ရှားပေါ်လွင်လိုသည်၊ အခြားသူများ၏ လေးစားခြင်းကို ခံရလိုသည်၊ သို့သော် ယင်းမှာ မဖြစ်နိုင်ပေ၊ သူသည် ဆွေကြီးမျိုးကြီး မိသားစုမှ မလာပေ။ သူ၏ မိဘများသည် သာမန်လူများသာဖြစ်ပြီး သူတို့၏ ပုံစံသည် သူ့ကို အလားတူ လူစားမျိုးဖြစ်ရန် လွှမ်းမိုးခဲ့သည်။ ဘုရားသည် ဤသို့ မည်သို့ ပြုလုပ်နိုင်သနည်း။ ခရစ်တော်၏ စကားအပြောအဆိုနှင့် အမူအရာသည် အဘယ်ကြောင့် အလွန် ကျက်သရေရှိပြီး မြင့်မြတ်ပုံမပေါ်သနည်း။ အဘယ်ကြောင့် သူ၌ လူ့အဖွဲ့အစည်းရှိ ပညာရှင်များနှင့် သိမ်မွေ့သော ပညာတတ်များ၊ လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာများမှ မင်းသမီးများနှင့် မင်းသားများ၏ ပြောဆိုပုံနှင့် အမူအရာ မရှိသနည်း။ ခရစ်တော်၏ စကားများနှင့် လုပ်ရပ်များသည် သူ၏ ပင်ကိုလက္ခဏာနှင့် အဘယ်ကြောင့် ထိုမျှ ကိုက်ညီမှု မရှိပုံပေါ်သနည်း” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်များသည် ခရစ်တော်ကို၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို၊ သူ လူတို့ကို ဆက်ဆံပုံနှင့် သူ၏ စကားနှင့် အမူအရာတို့ကို ရှုမြင်ပုံ၌ ဤသို့သော ရှုထောင့်အမြင်မျိုးနှင့် ဤသို့သော စောင့်ကြည့်သည့်အမြင်မျိုးကို စွဲကိုင်ထားကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ အယူအဆများ မလွဲမသွေ ပေါ်ပေါက်လာကြသည်။ သူတို့သည် ခရစ်တော်ကို ကျိုးနွံနာခံခြင်းမရှိရုံသာမက သူ၏ နှုတ်ကပတ်တော်များကို မှန်ကန်စွာ သဘောထားပြုမူရန်လည်း ပျက်ကွက်ကြသည်။ သူတို့က “ထိုသို့သော သာမန်လူတစ်ဦး၊ ထိုသို့သော အရပ်သားတစ်ဦးသည် ငါ၏ ကယ်တင်ရှင် ဖြစ်နိုင်ပါမည်လော။ သူ ငါ့ကို ကောင်းချီးပေးနိုင်ပါမည်လော။ ငါ သူ့ထံမှ အကျိုးကျေးဇူးတစ်ခုခု ရရှိနိုင်ပါမည်လော။ ငါ၏ ဆန္ဒများနှင့် ရည်မှန်းချက်များ ပြည့်စုံနိုင်ပါမည်လော။ ဤသူသည် အထင်သေးခြင်း ခံရလောက်အောင်ပင် သာမန်ဖြစ်လွန်းသည်” ဟု ပြောကြသည်။ အန္တိခရစ်များသည် ခရစ်တော်ကို ရိုးရိုးဖြစ်ပြီး သာမန်အဖြစ် ပို၍ သိမြင်လေ၊ ခရစ်တော်သည် အလွန် ပုံမှန်ဖြစ်သည်ဟု တွေးလေ၊ သူတို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်ပြီး မွန်မြတ်သည်ဟု ပို၍ ခံစားရလေ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အချို့သော အန္တိခရစ်များသည် နှိုင်းယှဉ်မှုများကိုပင် ပြုလုပ်ကြသည်၊ “သင်သည် ငယ်ရွယ်ပြီး မည်သို့ဝတ်စားဆင်ယင်ရမည်ကိုဖြစ်စေ၊ လူအများနှင့် မည်သို့ဆက်ဆံပြောဆိုရမည်ကိုဖြစ်စေ မသိပေ။ လူများထံမှ အကြောင်းအရာများကို လိမ္မာပါးနပ်စွာ အစ်အောက်ယူရပုံကို သင်မသိပေ။ အဘယ်ကြောင့် ဤမျှ တဲ့တိုးဆန်ရသနည်း။ သင်ပြောဆိုသမျှသည် ဘုရားသခင်နှင့် မည်သို့လျှင် တူညီနိုင်မည်နည်း။ သင်ပြောဆိုသမျှသည် သင်သည် ဘုရားသခင်ဖြစ်ကြောင်းကို မည်သို့များ ကိုယ်စားပြုနိုင်မည်နည်း။ သင်၏ လုပ်ဆောင်ချက်များ၊ စကား၊ အပြုအမူ၊ ဟန်ပန်အမူအရာနှင့် ဝတ်စားဆင်ယင်မှုတို့သည် ဘုရားသခင်နှင့် မည်သို့များ တူညီနိုင်မည်နည်း။ ဤအချက်များအနက် တစ်ခုတလေ၌မျှ သင်သည် ဘုရားသခင်နှင့် တူညီသည်ဟု ကျွန်ုပ်မထင်ပေ။ ခရစ်တော်သည် အဆင့်မြင့်ပညာတတ်တစ်ဦး ဖြစ်အပ်သည်၊ ကျမ်းစာကို နှံ့စပ်စွာ သိရှိသင့်ပြီး စကားကိုလည်း ထိမိပိုင်နိုင်စွာ ပြောဆိုအပ်သည်။ သို့သော် သင်မူကား စကားကို ထပ်ကာထပ်ကာ ပြောဆိုတတ်ပြီး တစ်ခါတစ်ရံတွင်လည်း မသင့်တော်သော စကားလုံးများကိုပင် အသုံးပြုတတ်သည်” ဟူ၍ ဖြစ်လေသည်။ ခရစ်တော်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီးနောက် အန္တိခရစ်များသည် သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်မခံခဲ့ရုံသာမက ခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်ဟူသော အချက်ကိုလည်း လက်မခံခဲ့ကြပေ။ ဤသည်မှာ ၎င်းတို့ ခရစ်တော်ကို ၎င်းတို့၏ ကယ်တင်ရှင်အဖြစ် လက်မခံခြင်းနှင့် ညီမျှသည်။ ထိုအစား သူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ၊ ဤသာမန်လူကို သူတို့၏ စိတ်နှလုံးထဲ၌ သာ၍ပင် မထီမဲ့မြင်ပြုကြသည်။ အကြောင်းမှာ သူတို့သည် ခရစ်တော်၌ ထူးခြားသည့်အရာ တစ်ခုမျှ မမြင်သောကြောင့်၊ သူ၏ မူလအစသည် အလွန် သာမန်ပြီး ပုံမှန်ဖြစ်သောကြောင့်၊ သူသည် လူ့အဖွဲ့အစည်း သို့မဟုတ် လူသားမျိုးနွယ်အကြား၌ သူတို့အား အကျိုးကျေးဇူးတစ်စုံတစ်ရာ ဆောင်ကြဉ်းပေးနိုင်ပုံ မပေါ်သောကြောင့်၊ သို့မဟုတ် သူတို့ကို အားသာချက်တစ်ခုခုကို ခံစားခွင့်ပေးနိုင်ပုံမပေါ်သောကြောင့် သူတို့သည် ကိုယ်တော်အပေါ် လက်လွတ်စပယ်နှင့် ပွင့်လင်းစွာ ဝေဖန်သုံးသပ်ရန် စတင်ကြသည်၊ “သင်သည် မည်သူမည်ဝါ၏ မိသားစုမှ ကလေးတစ်ဦးမျှသာ မဟုတ်လော။ သို့ဖြစ်လျှင် သင့်ကို ကျွန်ုပ် ဝေဖန်သုံးသပ်ခြင်းသည် အဘယ်မှာ မှားယွင်းသနည်း။ သင်သည် ကျွန်ုပ်ကို မည်သို့ ပြုနိုင်မည်နည်း။ သင့်တွင် အထင်ကရ မိသားစု သို့မဟုတ် အရာရှိအရာခံဖြစ်သော မိဘများ ရှိခဲ့ပါမူ သင့်ကို ကျွန်ုပ် ကြောက်ကောင်းကြောက်မိပေမည်။ သင်၏ ဤအခြေအနေနှင့် သင့်ကို အဘယ်ကြောင့် ကျွန်ုပ် ကြောက်ရမည်နည်း။ သို့ဖြစ်၍ သင်သည် ဘုရား သက်သေခံထားသော လူ့ဇာတိခံ ဇာတိပကတိဖြစ်သည့် ခရစ်တော်ပင် ဖြစ်နေပါစေ သင့်ကို ကျွန်ုပ် မကြောက်ပေ။ သင့်ကွယ်ရာ၌ပင် သင့်ကို ကျွန်ုပ် ဆက်၍ ဝေဖန်သုံးသပ်မည်ဖြစ်ကာ သင့်အကြောင်းကိုလည်း လွတ်လပ်စွာ ဝေဖန်သုံးသပ်နေမည်ဖြစ်သည်။ အခွင့်အခါရတိုင်း သင်၏ မိသားစုနှင့် မွေးရပ်မြေကို ကျွန်ုပ် စုံစမ်းလေ့လာမည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များ တစ်ဆိတ်ကိုတစ်အိတ်လုပ်ရန် အနှစ်သက်ဆုံးသောအရာများ ဖြစ်ကြသည်။ သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြဘဲ သူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသော မည်သည့်အရာကိုမဆို အကြိမ်ကြိမ် ဝေဖန်သုံးသပ်ပြီး ဆန့်ကျင်ကြသည်။ ဤလူတို့သည် ခရစ်တော် ဖော်ပြသောအရာသည် သမ္မာတရားဖြစ်ကြောင်း ကောင်းစွာ သိကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သူတို့သည် သမ္မာတရားကို မလိုက်စားကြသနည်း။ သူတို့သည် အမှန်ပင် ဆင်ခြင်တုံတရားမဲ့ကြလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။