၈၇၃ ဘုရားသခင်၏အမှု အဘယ်မျှခက်ခဲလှ
၁ ဘ ကမ္ဘာပေါ်တွင် ဘုရားသခင်၏ အမှုသည် ခက်ခဲလှသည်တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ အမှုအဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင်သည်— လူသား၏ အားနည်းချက်၊ ချို့ယွင်းချက်များ၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် သက်ဆိုင်သည့် အရာရာတိုင်းအတွက် ဘုရားသခင်သည် စေ့စပ်သေချာသော အစီအစဉ်များနှင့် စဉ်းစဉ်းစားစားလုပ်တတ်သော ထည့်သွင်းစဉ်းစားခြင်းတို့ကို ပြုလုပ်သည်။ လူသားသည် တစ်ဦးတစ်ယောက်က မခံချိမခံသာဖြစ်အောင် မလုပ်ဝံ့ သို့မဟုတ် ရန်မစဝံ့သော စက္ကူကျား တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထိလိုက်ရုံမျှဖြင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး မိမိလမ်းကို ပျောက်တော့သည်၊ ယင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်မျှ ဆုံးရှုံးလိုက်သည်နှင့် ဒုံရင်း အခြေအနေသို့ ပြန်ရောက်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ ဝက်များ၊ ခွေးများနှင့်တူသည့် မိဘများထံသို့ ၎င်းတို့ ခန္ဓာကိုယ်များ၏ မစင်ကြယ်သော အရာများတွင် မွေ့လျော်ရန် ပြေးသွားသည့်အလား ဖြစ်လေသည်။ ကြီးမားသည့် အဟန့်အတားတစ်ခုပါတကား။
၂ သူ၏ အမှု အဆင့်တိုင်းနီးပါးတွင်၊ ဘုရားသခင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရပြီး၊ အဆင့်တိုင်း နီးပါး၌ ကြီးစွာသော အန္တရာယ်ကို ဘုရားသခင် စွန့်စားရင်ဆိုင်ရသည်။ သူ၏ နှုတ်ကပတ်တော်များသည် စစ်မှန်ပြီး၊ ရိုးသားကာ မလိုတမာစိတ် မရှိပေ၊ သို့သော် မည်သူသည် ယင်းတို့ကို လက်ခံရန် လိုလားနေပါသနည်း။ မည်သူသည် အပြည့်အဝ ကျိုးနွံနာခံရန် လိုလားနေပါသနည်း။ ယင်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ပင်ပင်ပန်းပန်းလုပ်ဆောင်သည်၊ လူသား၏ အသက်တာအတွက် သူသည် ပူပန်သောကဖြင့် ပတ်ချာဝိုင်း ခံရပြီး၊ လူသား၏ အားနည်းချက်ကို သူ စာနာလေသည်။ သူ၏ အမှုအဆင့်အတိုင်းတွင် သူသည် သူပြောသော နှုတ်ကပတ်တော်တိုင်းအတွက် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံရပြီးဖြစ်သည်။ သူသည် ဆုပ်လည်းဆူး၊ စားလည်းရူးသော အခြေအနေတွင် အမြဲရောက်ရပြီး၊ လူသား၏ အားနည်းမှု၊ မနာခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်မှု အားနည်းခြင်းတို့ကို....နေ့ရောညပါ အဖန်တလဲလဲ တွေးလေသည်။ ဤအရာကို မည်သူသည် သိဖူးသနည်း။ မည်သူ့ကို သူ ယုံကြည်စိတ်ချနိုင်သနည်း။ မည်သူသည် နားလည်နိုင်မည်နည်း။
၃ သူသည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှု၊ သူရဲဘောနည်းခြင်းကို အမြဲတစေ စက်ဆုပ်ရွံရှာပြီး၊ သူသည် လူသား၏ ခုခံနိုင်မှုမရှိခြင်းအတွက် အမြဲတစေ စိုးရိမ်ပူပန်ကာ လူသား၏ အရှေ့တွင်ရှိသည့် လမ်းကြောင်းအား ချင့်ချိန် စဉ်းစားလေသည်။ သူသည် လူသား၏ စကားများနှင့် လုပ်ဆောင်ချက်ကို လေ့လာသည်နှင့်အမျှ၊ သူသည် သနားကရုဏာနှင့် အမျက်ဒေါသတို့ဖြင့် အမြဲပြည့်ကာ ဤအရာများ၏ မြင်ကွင်းက သူ့နှလုံးသားထံ နာကျင်မှု အမြဲဆောင်ကြဉ်းလေသည်။ အဆုံးတွင်တော့၊ အပြစ်မဲ့သော သူတို့သည် တိုး၍ ထုံထိုင်းကြပြီးဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို အဘယ်ကြောင့် ခက်ခဲအောင် အမြဲပြုရမည်နည်း။ ချည့်နဲ့သော လူသားသည် ဇွဲလုံ့လ လုံးဝ ကင်းမဲ့လေသည်။ ဘုရားသခင်သည် သူ့အပေါ် ထိုသို့သော မရပ်စဲသော အမျက်ဒေါသ အဘယ်ကြောင့် အမြဲ ရှိသင့်သနည်း။ အားနည်းကာ အစွမ်းမဲ့သော လူသားသည် အသက်ပါခြင်း စိုးစဉ်းမျှ မရှိကြတော့ပေ။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ မနာခံမှုအတွက် သူ့ကို အမြဲ အပြစ်ဆိုသင့်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်သနည်း။
၄ အဆုံးတွင် လူသားသည် အကြမ်းမခံသကဲ့သို့၊ လူသားအနေဖြင့် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန်အလို့ငှာ၊ အသည်းအသန် ဘေးကျပ်နံကျပ် အခြေအနေများကို ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ့နှလုံးသား နက်နက်ထဲသို့ မြိုသိပ်ထားလိုက်ပြီဖြစ်သည်။ သို့တိုင် စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခ၌ရှိသော လူသားသည် ဘုရားသခင်၏ အလိုကို တန်ဖိုးထားလေးမြတ်မှု စိုးစဉ်းမျှ မရှိချေ။ လူသားသည် နတ်ဆိုးတို့၏ ဘုရင်အို၏ နင်းခြေခြင်းကို ခံရပြီးဖြစ်သည်၊ သို့သော် သူသည် လုံးဝ သတိမူမိပေ၊ သူသည် ဘုရားသခင်ကို အမြဲ ဆန့်ကျင်သည်၊ သို့မဟုတ်ပါက သူသည် ဘုရားသခင်အပေါ် ပူလည်းမပူသကဲ့သို့ အေးလည်းမအေးပေ။ ဘုရားသခင်သည် အလွန် များစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်သော်လည်း၊ မည်သူသည် ယင်းတို့ကို လေးလေးနက်နက် ခံယူဖူးသနည်း။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်