အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၁) (အပိုင်း တစ်)

ယနေ့ ငါတို့ ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သည့် နောက်ထပ် မိတ်သဟာယဖွဲ့ ဆွေးနွေးမှုအချို့ ပြုခဲ့ပြီးပြီ။ သို့ဖြစ်၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို ယခု ငါတို့ ပြောမည်မဟုတ်။ ယနေ့တွင် လုံးဝခေါင်းစဉ် အသစ်တစ်ခုကို ငါတို့ ဆွေးနွေးမည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက ဘုရားသခင်၏ အတုမရှိသော အနှစ်သာရ၏ သွင်ပြင်လက္ခဏာ နောက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဤခေါင်းစဉ်အကြောင်း မိတ်သဟာယဖွဲ့ ဆွေးနွေးရန် အင်မတန် လိုအပ်သည်။ ငါမိတ်သဟာယဖွဲ့ ဆွေးနွေးမည့် ဘုရားသခင့်အနှစ်သာရ၏ ဤသွင်ပြင်လက္ခဏာမှာ ယခင်က ငါတို့ မိတ်သဟာယဖွဲ့ ဆွေးနွေး ခဲ့ကြသည့် သွင်ပြင်လက္ခဏာနှစ်ခုဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားနှင့် ဘုရားသခင်၏ သြဇာအာဏာတို့နှင့် အတူတူ အားလုံးမှာ အတုမရှိ ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ သန့်ရှင်းခြင်းသည်လည်း အတုမရှိပေ။ ထို့ကြောင့် ဤအတုမရှိခြင်း၏ အခြေခံ၊ ဤအတုမရှိခြင်း၏ အရင်းအမြစ်က ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ဆွေးနွေးခြင်း၏ ပဓာနအကြောင်းအရာဖြစ်သည်။ နားလည်ကြသလော။ ငါ့နောက် လိုက်ဆိုလော့။ ဘုရားသခင်၏ အတုမရှိသည့် အနှစ်သာရ၊ ဘုရားသခင်၏ သန့်ရှင်းခြင်း။ ဤစကားစုကို ဆိုပြီးသည့်နောက် သင်တို့စိတ်နှလုံးထဲတွင် မည်သို့ ခံစားရသနည်း။ သင်တို့ထဲက အချို့သည် ဒွိဟများ ရှိကောင်းရှိနိုင်ပြီး “ဘုရားသခင်၏ သန့်ရှင်းခြင်းကို အဘယ်ကြောင့် မိတ်သဟာယဖွဲ့ ဆွေးနွေးမည်နည်း” ဟု မေးနေကြ၏။ စိတ်မပူနှင့်၊ သင်တို့ကို ငါဖြည်းဖြည်းချင်း ပြောပြသွားမည်။ ထိုအရာကို သင်တို့ ကြားရသည်နှင့်တစ်ပြိုင်နက် ဤခေါင်းစဉ်ကို မိတ်သဟာယဖွဲ့ဆွေးနွေးရန် ငါ့အတွက် အဘယ်ကြောင့် အင်မတန် လိုအပ်သည်ကို သင်တို့သိပါလိမ့်မည်။

ပထမဦးစွာ “သန့်ရှင်း” ဟူသည့် စကားလုံးကို အဓိပ္ပာယ် ဖွင့်ဆိုကြည့်ကြစို့။ သင်တို့၏ အမြင်နှင့် သင်တို့ လေ့ကျက်ခဲ့ကြသည့် အသိပညာအကုန်လုံးမှ “သန့်ရှင်း” ဟူသည့်အရာ၏အဓိပ္ပာယ်ကို မည်သို့ နားလည်ထားသနည်း။ အဓိပ္ပာယ် ဖွင့်ပြကြပါဦး။ (“သန့်ရှင်း” ဆိုသည်မှာ အစွန်းအထင်းမရှိခြင်း၊ လူသားတို့၏ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် အပြစ်အနာအဆာ တစ်ခုမျှ မပါခြင်းကို ဆိုလိုပါသည်။ အတွေးထဲ၌ဖြစ်စေ၊ အပြော သို့မှမဟုတ် အလုပ်၌ဖြစ်စေ၊ ပြုသမျှအားလုံး၊ ထွန်းဖြာသမျှ အရာတိုင်းသည် အပြည့်အဝ အပြုသဘောဆောင်ပါသည်။) အင်မတန် ကောင်းပေ၏။ (“သန့်ရှင်း” ဆိုသည်မှာ ဘုရားနှင့်ဆိုင်သည့် သွင်ပြင် လက္ခဏာတစ်ခု၊ လူသားမှ မညစ်ညမ်းစေနိုင်၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သည့် အရာဖြစ်ပါသည်။ ယင်းမှာ အတုမရှိပါ၊ ဘုရားသခင်၏ ထူးခြားသည့် ဝိသေသလက္ခဏာ သင်္ကေတဖြစ်ပါသည်။) ဤသည်မှာ သင်တို့၏အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ စိတ်နှလုံးထဲတွင် “သန့်ရှင်း” ဟူသည့် ဤစကားလုံးကို အတိုင်းအတာ တစ်ခု၊ အဓိပ္ပာယ်တစ်ခုနှင့် အနက်ဖွင့်ချက်တစ်ခုတို့ ရှိကြ၏။ အနည်းဆုံးအနေဖြင့် “သန့်ရှင်း” ဟူသည့် စကားလုံးကို သင် တွေ့သည့်အခါ သင်၏စိတ်များသည် ဗလာဖြစ်နေသည်ကား မဟုတ်။ ဤစကားလုံးအတွက် တိကျသေချာသည့် နားလည်မှု အတိုင်းအတာ တစ်ခု ရှိကြပြီး၊ လူတချို့၏ ဆိုရိုးများသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် အနှစ်သာရကို အဓိပ္ပါယ်ဖွင့်ဆိုသည့် ဆိုရိုးများနှင့် အတော်အတန် နီးစပ်လာလေသည်။ ဤသည်မှာ အင်မတန် ကောင်းသည်။ လူအများစုက “သန့်ရှင်း” ဟူသည့် စကားလုံးကို အပြုသဘောဆောင်သည့်စကားလုံးအဖြစ် ယုံကြည်ကြပြီး ဤအရာကို အတည်ပြု၍ ရပေသည်။ သို့သော် ယနေ့ ငါမိတ်သဟာယဖွဲ့ဆွေးနွေးလိုသည့် ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုရုံသာ မဟုတ်သကဲ့သို့ ရှင်းလင်းပြရုံလည်း မဟုတ်ပါ။ ယင်းအစား ဘုရားသခင် သန့်ရှင်းသည်ဟု ငါအဘယ်ကြောင့် ပြောသနည်းဟူသည့် အရာနှင့် ဘုရားသခင်၏ အနှစ်သာရကို ဖော်ပြရန်အတွက် “သန့်ရှင်း” ဟူသည့် စကားလုံးကိုငါအဘယ်ကြောင့် အသုံးပြုရသည်ကို သင်တို့အား မြင်ခွင့်ပေးဖို့ရန် အချက်အလက်တချို့ကို စိစစ်အတည်ပြုရန် ငါအသုံးပြုမည်။ ငါတို့၏ မိတ်သဟာယဖွဲ့ဆွေးနွေးခြင်း ပြီးဆုံးသွားသည့်အခါ ဘုရားသခင်၏ အနှစ်သာရကို အဓိပ္ပာယ်ဖွင့်ဆိုရန် “သန့်ရှင်း” ဟူသည့် စကားလုံးကို အသုံးပြုခြင်းနှင့် ဘုရားသခင်ကို ရည်ညွှန်းရန်အတွက် ဤစကားလုံးကို အသုံးပြုခြင်း နှစ်မျိုးလုံးသည် အင်မတန် ထိုက်တန်လှပြီး အသင့်လျော်ဆုံးဖြစ်သည်ကို သင်ခံစားရ ပါလိမ့်မည်။ အနည်းဆုံးအနေဖြင့် လူသားတို့၏ လက်ရှိဘာသာစကားအရ ဘုရားသခင်ကို ရည်ညွှန်းရန် ဤစကားလုံးကို အသုံးပြုခြင်းသည် အထူးသဖြင့် ဆီလျော်သည်။ ယင်းစကားလုံးမှာ ဘုရားသခင်ကို ရည်ညွှန်းဖို့အတွက် လူ့ဘာသာစကားထဲတွင် အသင့်တော်ဆုံးဖြစ်သည့် တစ်ခုတည်းသော စကားလုံးဖြစ်၏။ ဘုရားသခင်ကို ရည်ညွှန်းရန် အသုံးပြုသည့်အခါတွင် ယင်းစကားလုံးသည် အနှစ်မဲ့သော စကားလုံး မဟုတ်သကဲ့သို့ အကြောင်းရင်းမရှိဘဲ ချီးကျူးခြင်း သို့မဟုတ် အနှစ်မဲ့သည့် မြှောက်လုံးပင့်လုံးလည်း မဟုတ်ပေ။ ငါတို့မိတ်သဟာယဖွဲ့ဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင့် အနှစ်သာရ၏ ဤသွင်ပြင်လက္ခဏာ၏ သမ္မာတရားကို လူတိုင်းလက်ခံစေရန် ဖြစ်သည်။ ဘုရားသခင်က လူတို့၏ နားလည်မှုကို မစိုးရိမ်ပေ။ သူတို့၏ နားလည်မှုလွဲခြင်းကိုသာ စိုးရိမ်ခြင်းဖြစ်သည်။ လူတိုင်းက သူ၏အနှစ်သာရနှင့် သူ၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို သိရှိဖို့ ဘုရားသခင် အလိုရှိ၏။ ထို့ကြောင့် ဘုရားသခင့် အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုကို ငါတို့ ပြောဆိုသည့် အခါတိုင်းတွင် ဘုရားသခင့် အနှစ်သာရ၏ ဤသွင်ပြင်လက္ခဏာ အမှန်တကယ် တည်ရှိသည့် အကြောင်း လူတို့ကို သိမြင်ခွင့်ပေးရန် အချက်အလက် အများအပြားကို ငါတို့ အသုံးပြုနိုင်၏။

“သန့်ရှင်း” ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ငါတို့တွင် ရှိပြီဖြစ်သည့်အတွက် ဥပမာတချို့ကို ကြည့်ကြစို့။ လူတို့၏ စိတ်ကူးများထဲတွင် ၎င်းတို့သည် “သန့်ရှင်း” သော အရာအများအပြားနှင့် လူအများအပြားကို တွေးကြ၏။ ဥပမာ လူသားများ၏ အဘိဓာန်များထဲတွင် လူပျိုယောက်ျားလေးများနှင့် အပျိုမိန်းကလေးများကို သန့်ရှင်းသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြသည် မဟုတ်လော။ ၎င်းတို့ အမှန်ပင် သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) သန့်ရှင်း သည်ဟု ခေါ်ဆိုကြသည့် ထိုအရာနှင့် ယနေ့ ငါတို့မိတ်သဟာယဖွဲ့ ဆွေးနွေးကြမည့် “သန့်ရှင်း” ဟူသည့်အရာမှာ တစ်ခုတည်းဖြစ်ပြီး ထပ်တူညီသလော။ (မတူညီပါ။) လူသားတို့ကြားတွင် မည်သူကိုမျှ လုံးဝမထိခိုက်စေဖူးသည့် ခန့်ညားပြီး ယဉ်ကျေးသော အပြောရှိပြီး ကိုယ်ကျင့်တရားမြင့်မားသည့် လူသားများနှင့်၊ ၎င်းတို့စကားပြောဆိုသည့်အခါ သူတပါးကို စိတ်လက်ချမ်းသာစေပြီး နှစ်လိုဖွယ်ဖြစ်စေသည့် လူသားများကိုကြည့်ပါက ၎င်းတို့သည် သန့်ရှင်းကြသလော။ ကောင်းတာကို မကြာခဏလုပ်ကြပြီး မရှိဆင်းရဲသားများကို ရက်ရောတတ်သည့် သူတပါးကို ကြီးစွာအထောက်အပံ့ပေးသည့် သူများ၊ လူများ၏ အသက်တာထဲကို ပျော်ရွှင်မှု အများအပြား သယ်ဆောင်လာပေးသည့် သူများရော သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) ကိုယ်ကျိုးဖက်သည့် အတွေးများကို မသိုထားသည့်သူများ၊ ဘယ်သူတစ်ဦးတစ်ယောက် အပေါ်မှာမှ ပြင်းထန်သည့် တောင်းဆိုမှုများ မပြုသူများနှင့် မည်သူကိုမဆို သည်းခံသူများရော သန့်ရှင်းကြသလော။ မည်သူနှင့်မျှ လုံးဝ အငြင်းမပွားဘဲ၊ တခြားလူများဆီက အခွင့်အရေးမယူတတ်သူများ၊ သူတို့ကရော သန့်ရှင်းကြသလော။ ထို့ကြောင့် သူတပါး ကောင်းကျိုးအတွက် လုပ်သောသူများ၊ တခြားသူများကို အကျိုးပြုပြီး အဖက်ဖက်ကနေ အခြားသူများကို တည်ဆောက်ပေးသူများရော သန့်ရှင်းကြသလော။ မိမိ၏ တစ်သက်တာ ရှာဖွေစုဆောင်းထားသည်များ အားလုံးကို တခြားသူများကို ပေးပစ်ပြီး ရိုးရှင်းသည့် ဘဝ၌နေထိုင်သူများ၊ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကျပ်ကြသော်လည်း အခြားသူများကို လွတ်လွတ်လပ်လပ် ဆက်ဆံသည့်သူများရော သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ။) သင်တို့၏ မိခင်များသည် သင်တို့ကို ပြုစု စောင့်ရှောက်ခဲ့ပြီး အဖက်ဖက်မှ ကြည့်ရှုစောင့်ရှောက်ခဲ့ သည်ကို သင်တို့ မှတ်မိကြ၏။ သူတို့ကရော သန့်ရှင်းကြသလော။ ထင်ပေါ်ကျော်ကြားသည့် လူများဖြစ်စေ၊ ကြယ်ပွင့်များ သို့မဟုတ် ထူးကဲသည့် လူများဖြစ်စေ၊ သင်တို့မြတ်နိုးကြသည့် အသည်းကြော်များကရော သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) တခြားလူအများအပြား မသိကြသည့် အနာဂတ်ကို ပြောဆိုနိုင်ခဲ့သည့် သမ္မာကျမ်းစာထဲက ထိုပရောဖက်များကို ယခုကြည့် ကြစို့။ ထိုကဲ့သို့သောလူမျိုးကရော သန့်ရှင်းခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ့အမှု၏ အချက်အလက်များကို သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်နိုင်ခဲ့ကြသည့် လူများကရော သန့်ရှင်းခဲ့ကြသလော။ မောရှေ သန့်ရှင်းခဲ့သလော။ အာဗြဟံရော သန့်ရှင်းခဲ့သလော။ (မသန့်ရှင်းခဲ့ကြပါ။) ယောဘရော။ သူရော သန့်ရှင်းခဲ့သလော။ (မသန့်ရှင်းခဲ့ပါ။) အဘယ်ကြောင့် ဤသို့ဆိုရသနည်း။ ဖြောင့်မတ်သောသူဟု ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ယောဘ ခံခဲ့ရ၏။ ထို့ကြောင့် သူ့ကိုပင် မသန့်ရှင်းပါဟု အဘယ်ကြောင့် ဆိုရသနည်း။ ဤနေရာတွင် စိုးရိမ်ကြောင့်ကြမှုတချို့ကို သင်တို့ ခံစားကြရသည် မဟုတ်လော။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသည့် အကျင့်ကို ရှောင်သောသူတို့သည် အကယ်ပင် မသန့်ရှင်းကြသလော။ ၎င်းတို့သည် သန့်ရှင်းကြသလော သို့မဟုတ် မသန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) သင်တို့သည် အနည်းငယ် မရေမရာဖြစ်ကြသည်၊ သင်တို့သည် အဖြေကို မသေမချာဖြစ်ပြီးနောက် “သန့်ရှင်းခြင်းမရှိ” ဟု မပြောရဲကြသကဲ့သို့၊ “သန့်ရှင်းသည်” ဟုလည်း မပြောရဲကြပေ။ ထို့ကြောင့် နောက်ဆုံးတွင် စိတ်မပါ့တပါဖြင့် “သန့်ရှင်းခြင်းမရှိ” ဟု ပြောကြသည်။ နောက်ထပ် မေးခွန်းတစ်ခုကို ငါမေးမည်။ ကမ္ဘာမြေကြီးထံသို့ ဘုရားသခင် စေလွှတ်သည့် တမန်များဖြစ်သော ဘုရားသခင်၏ တမန်များသည် သန့်ရှင်းကြ ပါသလော။ (မသန့်ရှင်းကြပါ။) သေချာ အချိန်ယူပြီး စဉ်းစားကြည့်ကြပါ။ စဉ်းစားပြီးသည်နှင့် အဖြေပေးကြလော့။ ကောင်းကင်တမန်များက သန့်ရှင်းကြသလော။ (မသန့်ရှင်းကြပါ။) စာတန်၏ ဖျက်ဆီးခြင်း မခံခဲ့ရသော လူသား များရော သန့်ရှင်းကြပါသလော။ (မသန့်ရှင်းကြပါ။) မေးခွန်းတိုင်းကို သင်တို့က “မသန့်ရှင်းကြပါ” ဟုသာ ဖြေနေကြသည်။ မည်သည့်အရာအပေါ် အခြေခံသနည်း။ ယခုလေးတင် ငါပြောလိုက်သည့် စကားစုကိုယ်၌က သင်တို့၏ “မသန့်ရှင်းကြပါ” ဟုပြောရသည့် အကြောင်းရင်းလော။ သင်တို့ ခေါင်းရှုပ်သွားကြပြီ မဟုတ်လော။ သို့ဆိုလျှင် ကောင်းကင်တမန်များပင် မသန့်ရှင်းပါဟု အဘယ်ကြောင့် ပြောရသနည်း။ ဤနေရာမှာ စိုးရိမ်ကြောင့်ကြမှုကို ခံစားကြရသည် မဟုတ်လော။ သို့ဆိုလျှင် အရင်က ငါတို့ပြောဆိုခဲ့သည့် လူများ၊ အရာဝတ္ထုများ သို့မဟုတ် ဖန်ဆင်းမခံထားရသော သတ္တဝါများ မသန့်ရှင်းသည်ကို အဘယ်အရာ အပေါ်မှာ အခြေခံပြီး သင်တို့သိနိုင်သနည်း။ သင်တို့မတတ်နိုင်သည်ကို ငါသေချာ၏၊ ဟုတ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့၏ “မသန့်ရှင်းပါ” ဟူသည့် စကားသည် အနည်းငယ် တာဝန်မဲ့နေသကဲ့သို့ ဖြစ်မနေသလော။ သင်တို့က ပေါ့ပေါ့တန်တန်နှင့် ဖြေနေကြသည် မဟုတ်လော။ တချို့လူများက “ကိုယ်တော်က ဤကဲ့သို့ မေးနေရကား၊ ထိုအရာမှာ လုံးဝ မဟုတ်သည့်အရာသာ ဖြစ်ရမည်” ဟု တွေးဆနေကြသည်။ ဤအတိုင်း ပေါ့ပေါ့တန်တန် မဖြေကြနှင့်။ အဖြေက ဟုတ်သလော သို့မဟုတ် မဟုတ်သလောဆိုသည်ကို သေချာ စဉ်းစား ကြလော့။ နောက်လာမည့် ခေါင်းစဉ်ကို ငါတို့ မိတ်သဟာယဖွဲ့ ဆွေးနွေးကြသည့်အခါ ထိုအရာသည် အဘယ်ကြောင့် မသန့်ရှင်းသနည်း ဆိုသည်ကို သင်တို့သိလာကြလိမ့်မည်။ မကြာမီတွင် ငါသင်တို့ကို အဖြေပေးမည်။ ဦးစွာ ကျမ်းပိုဒ်တချို့ကို ဖတ်ကြည့်ကြစို့။

လူသားကိုပေးသော ယေဟောဝါ ဘုရားသခင်၏ အမိန့်

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

လူမိန်းမကို မြွေ၏ညှို့ယူဖမ်းစားခြင်း

ကမ္ဘာဦးကျမ်း ၃:၁-၅ ယခုတွင်၊ မြွေသည် ယေဟောဝါ ဘုရားသခင် ဖန်ဆင်းတော်မူသော မြေပေါ်ရှိ မည်သည့်တိရစ္ဆာန်မဆိုထက် ပိုမို လိမ္မာပါးနပ်လေသည်။ သူက လူမိန်းမထံ၊ ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့ မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလောဟု မေးလေသည်။ လူမိန်းမကလည်း၊ ကျွန်မတို့သည် ဥယျာဉ်ထဲရှိ အပင်များ၏ အသီးများကို စားသုံးနိုင်ကြပါ၏၊ သို့သော်၊ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုမူ၊ ဘုရားသခင်က၊ သင်တို့ သေမည်စိုးရသဖြင့် ယင်းကို သင်သည် မစားရသကဲ့သို့ ထိလည်း မထိရဟု မိန်တော်မူကြောင်း မြွေကို ပြောကြားလေသည်။ မြွေကလည်း၊ သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်ဟု လူမိန်းမအား ဆိုလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်က သမ္မာကျမ်းစာ၏ မည်သည့်ကျမ်းမှ ကောက်နုတ်ထားချက်များ ဖြစ်သနည်း။ (ကမ္ဘာဦးကျမ်းမှဖြစ်ပါသည်။) ဤကျမ်းပိုဒ်နှစ်ပိုဒ်ကို သင်တို့အားလုံး ရင်းနှီးကြသလော။ ဤသည်မှာ လူသား ဦးဆုံး ဖန်ဆင်းခြင်းခံခဲ့ရချိန်ဖြစ်သည့် အစအဦး၌ ဖြစ်ပျက်ခဲ့သည့် အရာများပင်ဖြစ်သည်။ ဤသည်မှာ အဖြစ်အပျက်မှန်ဖြစ်၏။ ပထမဦးစွာ ယေဟောဝါ ဘုရားသခင်က အာဒံနှင့်ဧဝကို မည်သည့်အမိန့်မျိုး ပေးခဲ့သနည်းဆိုသည်ကို ကြည့်ကြစို့၊ ဤအမိန့်မှာပါဝင်သော အကြောင်းအရာသည် ယနေ့ငါတို့၏ခေါင်းစဉ်အတွက် အင်မတန် အရေးကြီး၍ဖြစ်သည်။ ယေဟောဝါ ဘုရားသခင်က “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်” ဟု လူကို အမိန့်ပေးတော်မူ၏။ ဤကျမ်းပိုဒ်ထဲက လူသားကိုပေးသည့် ဘုရားသခင်၏ အမိန့်တွင် မည်သည့်အရာ ပါဝင်သနည်း။ ပထမအနေဖြင့် ဘုရားသခင်က လူသားကို အပင်အမျိုးစုံ၏ သစ်သီးများအနေနှင့် သူအဘယ်အရာကို စား၍ရသည်ကို ပြောသည်။ အန္တရာယ်မရှိပါ၊ အဆိပ်မရှိပါ။ အားလုံးကို စား၍ရပြီး ဒွိဟဖြစ်နေသည်များ မရှိဘဲနှင့် သဘောရှိ စား၍ရသည်။ ဤသည်ကတစ်ပိုင်း။ နောက်တစ်ပိုင်းက သတိပေးချက်ဖြစ်၏။ ဤသတိပေးချက်တွင် ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို ခူးမစားရန် ဘုရားသခင်က လူသားကို ပြောသည်။ သူစားလျှင် မည်သည့်အရာဖြစ်လာမည်နည်း။ သင်စားပါက- ဧကန်အမှန်သေရမည်ဟု ဘုရားသခင်က လူသားကို ပြော၏။ ဤစကားလုံးများသည် ရှင်းလင်းပြတ်သားပါ၏လော။ (ရှင်းလင်းပြတ်သားပါသည်။) အကယ်၍ ဘုရားသခင်က သင့်ကို ဤအချက်ပြောပြပြီး သင်က အဘယ်အတွက်ကြောင့်နည်းဆိုသည်ကို နားမလည်လျှင်၊ ယင်းကို စည်းမျဉ်းတစ်ခုအဖြစ် သို့မဟုတ် လိုက်နာရမည့် ညွှန်ကြားချက် တစ်ခုအဖြစ် သဘောထားပါ့မည်လော။ ထိုအရာကို လိုက်နာသင့်သည် မဟုတ်လော။ သို့သော် လူသားသည် ထိုအရာကို လိုက်နာနိုင်သည်ဖြစ်စေ လိုက်မနာနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တိကျပြတ်သားသည်။ လူသားအနေနှင့် အဘယ်အရာကို စား၍ရသည်၊ အဘယ်အရာကို စား၍မရဆိုသည်နှင့် သူမစားသင့်သည့်အရာကို သူစားလိုက်လျှင် မည်သို့ဖြစ်မည်ဟူသည့် အရာများကို ဘုရားသခင်က သူ့ကို အင်မတန် ရှင်းရှင်းလင်းလင်း ပြောထား၏။ ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော် အတိုချုပ်ထဲတွင် သူ၏ စိတ်သဘောထား တစ်ခုတလေကိုများ သင်တွေ့သလော။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက မှန်ကန်ပါသလော။ ပရိယာယ်များ ရှိနေသလော။ မမှန်ကန်သည့်အရာများ ရှိနေသလော။ (မရှိပါ။) ခြိမ်းခြောက်နေသောအရာ တစ်ခုတလေရော ရှိပါ၏လော။ (မရှိပါ။) လူသားက မည်သည့်အရာစား၍ရသည်ဆိုသည်နှင့် မည်သည့်အရာကို စား၍မရဆိုသည်ကို ဘုရားသခင်က သူ့ကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စိတ်ရင်းအမှန်နှင့် ရှင်းရှင်းပြတ်ပြတ် ပြောခဲ့၏။ ဤနှုတ်ကပတ်တော်များ ထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ဤနှုတ်ကပတ်တော်များက တိကျပြတ်သားပါသလော။ ထင်ကြေး ပေးစရာများ လိုသလော။ (မလိုပါ။) မှန်းဆစရာ မလို၊ ဟုတ်ပါသလော။ သူတို့၏ အဓိပ္ပာယ်များက တစ်ချက်ကြည့်ရုံနှင့် ထင်ရှားပေါ်လွင်ပြီး ထိုအရာကို သင်တို့တွေ့သည်နှင့် နားလည်သည်။ ယင်းမှာ ရှင်းလင်း ပြတ်သားသည်။ ဆိုလိုသည်က ဘုရားသခင် ပြောလိုသောအရာနှင့် သူဖော်ပြလိုသော အရာများသည် သူ့နှလုံးသားမှ လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် အရာများသည် ရှင်းလင်း၏၊ ရိုးရိုးစင်းစင်းနှင့် ပြတ်သားသည်။ တိတ်တခိုး ရည်ရွယ်ချက်များ မရှိသကဲ့သို့ ဖုံးကွယ်နေသော မည်သည့် အဓိပ္ပာယ်မှလည်း မရှိပါ။ လူသားကို သူမည်သည့်အရာကို စား၍ရသည်၊ မည်သည့်အရာကို စား၍မရဆိုသည်ကို ပြောပြရင်း သူသည် လူသားကို တိုက်ရိုက်သာ ပြောဆိုခဲ့၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ နှလုံးသားက ကြည်လင်ရှင်းလင်းသည်ဟူသည့်အရာနှင့် ဘုရားသခင်၏ နှလုံးသားက မှန်ကန်သည်ကို လူသားက မြင်နိုင်ပါသည်။ စားကောင်းသည့်အရာကို သင်စား၍မရပါဟု ဆိုပြီး သင့်ကိုပြောခြင်းနှင့် စား၍မရသည့်အရာများနှင့် ပတ်သက်ပြီး “လုပ်ကြည့်ပြီး မည်သည့်အရာ ဖြစ်လာမည်နည်း ကြည့်ကြည့်” ဟုသင့်ကိုပြောသည့်နေရာမှာ မမှန်ကန်သည့်အရာ လုံးဝမရှိပါ။ ဘုရားသခင်က ဤအရာကို ရည်ရွယ်ခဲ့ သလော။ (မရည်ရွယ်ခဲ့ပါ။) မရည်ရွယ်ခဲ့ပါ။ ဘုရားသခင်၏နှလုံးသားထဲ၌ သူတွေးသည့် အရာမှန်သမျှသည် သူပြောသည့် အရာပင်ဖြစ်သည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များအတွင်းတွင် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူ ပြသပြီး ထုတ်ဖော်ပြသည့်အတွက်ကြောင့် ဘုရားသခင် သန့်ရှင်းသည်ဟု ငါပြောလျှင် ငါက ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေသည် သို့မဟုတ် ငါ၏အနက်ဖွင့်ချက်သည် အနည်းငယ် လက်လွန်သွားပြီဟု သင်အနည်းငယ် ခံစားရကောင်း ခံစားရနိုင်သည်။ ဤသို့ဆိုလျှင် စိတ်မပူပါနှင့်၊ ငါတို့ ယခုထိမပြီးသေးပါ။

“လူမိန်းမကို မြွေ၏သွေးဆောင်ဖြားယောင်းမှု” ဟူသည့်အကြောင်း ပြောကြစို့။ မြွေဆိုသည်မှာ အဘယ်သူနည်း။ (စာတန်ဖြစ်ပါသည်။) ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် စာတန်က အဖြည့်ခံ အခန်းကဏ္ဍမှာ ပါဝင်လေသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ငါတို့မိတ်သဟာယဖွဲ့ ဆေးနွေးသည့်အခါ မပြော၍မရသည့် ဇာတ်ကောင်ဖြစ်သည်။ အဘယ်ကြောင့် ငါဤသို့ပြောသနည်း။ အကယ်၍ သင်တို့သည် စာတန်၏ မကောင်းမှုနှင့် ပျက်စီးခြင်း သို့မဟုတ် စာတန်၏ သဘာဝကို မသိလျှင် ထိုအရာကို မှတ်မိရန် သင်တို့တွင် နည်းလမ်းရှိမည် မဟုတ်သကဲ့သို့ သန့်ရှင်းခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည် ဆိုသည်ကိုလည်း သိနိုင်မည် မဟုတ်ပေ။ စာတန်လုပ်သည့်အရာက မှန်သည်ဟူ၍ လူများက ဇဝေဇဝါနှင့် ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျက်စီးနေသည့် ဤကဲ့သို့စိတ်သဘောထားမျိုးထဲတွင် ရှင်သန်နေကြသောကြောင့် ဖြစ်သည်။ အဖြည့်ခံမရှိလျှင်၊ နှိုင်းယှဉ်စရာ ဘာမျှမရှိလျှင်၊ သန့်ရှင်းခြင်း ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သင်မသိနိုင်ပါ။ ထို့ကြောင့်ပင် စာတန်အကြောင်းကို ဤနေရာတွင်ပင် ဖော်ပြမှဖြစ်မည်။ ထိုကဲ့သို့သော ဖော်ပြချက်မှာ အနှစ်သာရမဲ့သော အပြောမဟုတ်ပါ။ စာတန်မည်သို့ လုပ်ဆောင်သည်၊ လူသားများကို စာတန်မည်သို့ ဖျက်ဆီးသည် ဟူသည့်အရာများနှင့် စာတန်၏သဘာဝနှင့် မျက်နှာထားက မည်သည့် အရာဖြစ်သည် ဆိုသည်တို့ကို စာတန်၏ စကားလုံးများနှင့် လုပ်ရပ်များ မှတစ်ဆင့် ငါတို့မြင်ရမည်။ ထို့ကြောင့် ဤလူမိန်းမက မြွေကို မည်သည့်အရာ ပြောခဲ့သနည်း။ ယေဟောဝါဘုရားသခင်က သူ့ကို ပြောခဲ့သည့် အရာကို လူမိန်းမက မြွေကို အသေးစိတ် ပြန်ပြောပြခဲ့၏။ သူပြောခဲ့သည့်အရာကို ယူလိုက်မည်ဆိုလျှင် ဘုရားသခင်က သူ့ကို ပြောခဲ့သည့် အရာအားလုံး၏ ကျိုးကြောင်းညီညွတ်ခြင်းကို သူအတည်ပြု ခဲ့သလော။ ဤအရာကို သူအတည်မပြုနိုင်ခဲ့ပါ၊ ဟုတ်သည် မဟုတ်လော။ လောလောလတ်လတ် ဖန်ဆင်းခံထားရသည့် သူတစ်ယောက်အနေနှင့် ကောင်းမကောင်းကို သိနိုင်သည့်စွမ်းပကား သူ့မှာမရှိသကဲ့သို့ သူ့ဘေးပတ်လည်မှာ ရှိသည့်အရာများကို နားလည်နိုင်သည့် စွမ်းပကား သူ့မှာမရှိခဲ့ပါ။ မြွေကို သူပြောခဲ့သည့် စကားများမှ အကဲဖြတ်ကြည့်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်သည်ဟုဆိုပြီး သူ့နှလုံးသားထဲတွင် အတည်မပြုခဲ့ရသေးပါ။ ဤသည်သာ သူမ၏ စိတ်နေသဘောထားဖြစ်သည်။ ထို့ကြောင့် လူမိန်းမက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၌ ပြတ်သားသေချာသည့် သဘောထား မရှိသည်ကို မြွေက တွေ့သွားသည့်အခါ “သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်” ဟု လူမိန်းမအား ဆိုလေသည်။ ဤစကားလုံးများတွင် မှားသည့်အရာ တစ်ခုခုရှိသလော။ ဤဝါကျကို ဖတ်၍ပြီးသွားသည့်အခါ မြွေ၏ ရည်ရွယ်ချက်များကို သတိပြုမိကြ သလော။ (သတိပြုမိပါသည်။) မြွေတွင် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။ (လူသားကို အပြစ်ကျူးလွန်အောင် သွေးဆောင်ရန် ဖြစ်ပါသည်။) မြွေက ဤလူမိန်းမကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား အလေးဂရုပြုခြင်းကို ရပ်တန့်ဖို့ရန် သွေးဆောင်ချင်သော်လည်း သူတိုက်ရိုက်ပြောခဲ့သလော။ (မပြောခဲ့ပါ။) တိုက်ရိုက် မပြောခဲ့ပေ၊ ထို့ကြောင့် သူက အင်မတန် စဉ်းလဲသည်ဟု ငါတို့ပြောနိုင်၏။ လူသားဆီမှ ဖုံးကွယ်ထားပြီး သူ့အထဲတွင် သိမ်းထားသည့် သူ၏ ရည်ရွယ်ထားသည့် ရည်မှန်းချက်ကို ရဖို့ရန် သူက မိမိဆိုလိုရင်းကို လှည့်ဖြားပြီး ကွေ့လည်ကြောင်ပတ် နည်းမျိုးဖြင့် သူဖော်ပြခဲ့၏— ဤသည်မှာ မြွေ၏စဉ်းလဲမှုပင်။ စာတန်က အမြဲ ဤနည်းလမ်းဖြင့် ပြောဆို လုပ်ကိုင်သည်။ သူက တစ်နည်းနည်းနှင့် အတည်ပြုခြင်းမရှိဘဲ “ဧကန်အမှန်မဟုတ်” ဟုပြော၏။ သို့သော် ဤသည်ကို ကြားလိုက် သည်နှင့် မသိနားမလည်သည့် ဤလူမိန်းမ၏ နှလုံးသားက လှုပ်ရှားသွား ခဲ့သလော။ (လှုပ်ရှားသွားခဲ့ပါသည်။) သူ၏စကားလုံးများသည် လိုချင်သည့် အကျိုးဆက်ကို ရရှိသွားသည့်အတွက်ကြောင့် မြွေက ကျေနပ်ခဲ့၏— ဤသည်မှာ မြွေ၏ စဉ်းလဲသည့်ရည်ရွယ်ချက်ပင် ဖြစ်သည်။ ထို့အပြင် ရလဒ်ကောင်းတစ်ခုဟု လူသားက ယုံကြည်သည့် ရလဒ်တစ်ခုကို ကတိပေးကာ “သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး” ဟုသူပြောပြီး လူမိန်းမကို သွေးဆောင်ဖြားယောင်းခဲ့၏။ ထို့ကြောင့်- “ငါ၏မျက်စိပွင့်လင်းသည်မှာ ကောင်းသည့်အရာဖြစ်၏” ဟုဆိုပြီး လူမိန်းမက တွေးဆလေသည်။ ယင်းနောက်တွင် ပို၍ပင် ကောင်းသေးသော အရာ၊ လူသားမသိသည့် စကားများ၊ ကြားရသူများအပေါ် တန်ခိုးကြီးမားသည့် သွေးဆောင်မှုကို ကိုင်ဆောင်ထားသော စကားများဖြစ်သည့် “သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း” ဟု ၎င်းက ပြောခဲ့၏။ ဤစကားများက လူသားများအပေါ် အားပြင်းပြင်းနှင့် ဖမ်းစားမနေသလော။ ယင်းက တစ်ယောက်ယောက်က သင့်ကို ဤသို့ ပြောသကဲ့သို့ဖြစ်သည်၊ “သင့်မျက်နှာက မယုံနိုင်လောက်အောင်ကို အချိုးအစားကျပေ၏။ နှာတံလေးက အနည်းငယ် တိုနေခြင်းသာဖြစ်သည်။ သို့သော် ထိုအရာကို ပြင်လိုက်မည်ဆိုလျှင် သင်သည် ကမ္ဘာ့အဆင့်မီ အချောအလှတစ်ယောက် ဖြစ်သွားမည်ဖြစ်၏။” အမြင်လှအောင် ခွဲစိတ်ပြုပြင်ရန် တစ်ခါမျှ မလိုချင်ခဲ့သည့် သူတစ်ယောက်အတွက် ဤစကားလုံးများကို ကြားရလျှင် ၎င်းတို့နှလုံးသားက လှုပ်ရှားသွားမည်လော။ (လှုပ်ရှားသွားမည် ဖြစ်ပါသည်။) ထို့ကြောင့် ဤစကားလုံးများက စွဲမက်စရာကောင်းသလော။ ဤညှို့ယူခြင်းက သင့်ကို သွေးဆောင်နေသလော။ စမ်းသပ်နေသလော။ (စမ်းသပ်နေပါသည်။) ဘုရားသခင်က ဤကဲ့သို့ပြောသလော။ ငါတို့ ယခုလေးတင် ကြည့်လိုက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဤအရာနှင့်ပတ်သက်သည့် အရိပ်အမြွက်တစ်ခုတလေများ ရှိနေခဲ့သလော။ (မရှိခဲ့ပါ။) အဘယ်ကြောင့်နည်း။ ဘုရားသခင်က သူ့နှလုံးသားထဲ၌ တွေးသည့်အရာကို ပြောပါသလော။ ဘုရားသခင်၏ နှလုံးသားကို သူ့နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားက မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) သို့သော် ဤစကားလုံးများကို မြွေက လူမိန်းမကို ပြောခဲ့သည့်အခါ၊ သူ၏နှလုံးသားကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ပါ။) လူသား၏ မသိနားမလည်မှုကြောင့် သူတို့သည် မြွေ၏ စကားလုံးများအားဖြင့် ညှို့ယူခြင်းကို အလွယ်တကူပင် ခံလိုက်ရ၏။ အလွယ်တကူပင် ငြိစွန်းသွားပြီး အလွယ်တကူပင် ဦးဆောင်ခံလိုက် ရလေသည်။ ထို့ကြောင့် စာတန်၏ ရည်ရွယ်ချက်များကို သင်မြင်နိုင်ခဲ့ပါ သလော။ သူပြောသည့်အရာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သင်မြင်နိုင်ခဲ့သလော။ သူ၏လှည့်ကွက်များနှင့် စဉ်းလဲသည့် အကြံအစည်များကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) စာတန်၏ ပြောဆိုပုံပြောဆိုနည်းက မည်ကဲ့သို့ စိတ်နေသဘောထားမျိုးကို ကိုယ်စားပြုသနည်း။ ဤစကားလုံးများမှ တစ်ဆင့် မည်သို့သော အနှစ်သာရမျိုးကို စာတန်၏အထဲတွင် သင်မြင်ခဲ့ရသနည်း။ မသိမသာ စိမ့်ဝင်ကူးစက်တတ်သည် မဟုတ်လော။ အပေါ်ယံမှာတော့ သူက သင့်ကိုပြုံးပြမည် သို့မဟုတ် မျက်နှာအမူအရာကို ဘာဆိုဘာမျှ မပြခြင်းလည်း ဖြစ်နိုင်၏။ သို့သော် သူ့နှလုံးသားထဲမှာတော့ သူ့ရည်မှန်းချက်ကို မည်သို့ရောက်အောင် လုပ်ရမည်ဆိုသည်ကို သူအမြဲတွက်ချက်နေပြီး၊ သင်မမြင်နိုင်သည်မှာလည်း ဤရည်မှန်းချက်ပင် ဖြစ်သည်။ ထို့နောက်တွင်တော့ သူသင့်ကိုပေးသည့် ကတိများအားလုံးနှင့် သူပြောသည့် အကျိုးအမြတ်များအားလုံးကြောင့် သင်သည် ညှို့ယူ ခံလိုက်ရ၏။ ထိုအရာများကို ကောင်းသည်ဟု သင်မြင်ပြီး၊ သူပြောသည့်အရာများသည် ဘုရားသခင်ပြောသည့် အရာများထက် ပိုအသုံးဝင်သည်၊ ပိုကုံလုံသည်ဟု သင်ခံစားရ၏။ ဤသို့ဖြစ်လာသောအခါ၊ လူသားသည် ကျိုးနွံသည့် အကျဉ်းသားတစ်ယောက် ဖြစ်မလာသလော။ (ဖြစ်လာပါသည်။) ထို့ကြောင့် စာတန်အသုံးပြုသည့် နည်းနာသည် အင်မတန် ဆိုးယုတ်သည် မဟုတ်လော။ သင်က သင့်ကိုယ်သင် အကျင့်ပျက်ဆုတ်ယုတ်စေ၏။ စာတန်က လက်တစ်ချောင်းပင် လှုပ်စရာမလိုဘဲ ဤဝါကျလေး နှစ်ကြောင်းနှင့် သူ့နောက်ကို ပျော်ပျော်ကြီး သင်လိုက်သည်၊ သူ့ကို လိုက်နာသည်။ သူ့ရည်ရွယ်ချက် ပြည့်သွားပေပြီ။ ဤရည်ရွယ်ချက်က ဆိုးဝါးသည် မဟုတ်လော။ ဤအရာသည် စာတန်၏ မူလဘူတအကျဆုံး မျက်နှာထားပင် မဟုတ်လော။ စာတန်၏ စကားလုံးများမှ သူ၏ မကောင်းသည့် ရည်ရွယ်ချက်များကို လူသားက မြင်နိုင်၏၊ သူ၏အကျည်းတန်လှသည့် မျက်နှာနှင့် သူ၏အနှစ်သာရကို မြင်နိုင်သည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဝါကျများကို နှိုင်းယှဉ်ကြည့်သည့်အခါ၊ စိတ်ဖြာလေ့လာခြင်း မရှိဘဲနှင့် ယေဟောဝါ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငြီးငွေ့စရာကောင်းသည်၊ ရိုးရိုးနှင့် သာမန်သာဖြစ်သည်ဟု သင်ခံစားရနိုင်ပြီး၊ ဘုရားသခင်၏ ရိုးသားခြင်းကို ချီးမွမ်းရန် ရေးကြီးခွင်ကျယ်မလုပ်ထိုက်ဟု သင်ခံစားရနိုင်သည်။ သို့သော် စာတန်၏ စကားလုံးများနှင့် သူ၏ အကျည်းတန်လှသည့် မျက်နှာကိုယူပြီး အဖြည့်ခံအဖြစ် ငါတို့ အသုံးချသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက ယနေ့လူများအတွက် အင်မတန် သြဇာညောင်းသလော။ (သြဇာညောင်းပါသည်။) ဤအဖြည့်ခံမှတစ်ဆင့် လူသားများက ဘုရားသခင်၏ အပြစ်အနာအဆာမဲ့မှုစစ်စစ်ကို မြင်နိုင်၏။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။) စာတန်ပြောသည့် စကားလုံးတိုင်းအပြင်၊ စာတန်၏ ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များနှင့် သူပြောဆိုသည့်ပုံ- ထိုအရာအားလုံးသည် မစင်ကြယ်ပေ။ သူပြောပုံပြောနည်း၏ အဓိကအင်္ဂါရပ်က မည်သည့်အရာနည်း။ သင့်ကိုမြင်တွေ့ခွင့် မပေးသကဲ့သို့ သူ့ရည်မှန်းချက်က မည်သည့်အရာ ဖြစ်သည်ကို သတိပြုမိရန် သင့်ကို အခွင့်မပေးဘဲ မရေမရာသဘောကို သူအသုံးပြု၏။ ယင်းက သင့်ကို ငါးစာကို ဟပ်စေသည်၊ သူ့ကို ချီးမွမ်းစေပြီး သူ၏ ကောင်းမြတ်ခြင်းများကို သီချင်းဆိုစေသည်။ ဤအရာက စာတန်၏ မပြောင်းလဲသည့်ပရိယာယ်ပင် မဟုတ်လော။ (ဟုတ်ပါသည်။)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။