အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၂) (အပိုင်း နှစ်)

ပြီးခဲ့သည့် အခေါက်က၊ ဘုရားသခင်၏ အနှစ်သာရ အဘယ်သို့ သန့်ရှင်းသည်ဆိုသည့် ရှုထောင့်တစ်ခုနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤအရာက လူတို့အတွက် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အသိပညာရရှိဖို့ရန် လှုံ့ဆော်မှုတစ်ချို့ကို ပေးသော်လည်း မလုံလောက်ပေ။ ယင်းသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ပြည့်ဝစွာ သိရှိနိုင်ရန် လူတို့ကို အလုံအလောက် မတတ်နိုင်စေသကဲ့သို့ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိ ဖြစ်သည်ကို သူတို့အား အပြည့်အဝ နားလည်စေနိုင်ခြင်း မရှိပေ။ ထို့အပြင် ဘုရားသခင်တွင် အပြည့်အဝသရုပ်ထင်သည့် သန့်ရှင်းခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို လူတို့အား လုံလောက်စွာ နားလည်စေနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဤအကြောင်းအရာပေါ် ငါတို့၏ မိတ်သဟာယကို ဆက်လုပ်ရန် လိုအပ်သည်။ နောက်ဆုံး တစ်ခေါက်က၊ ငါတို့ မိတ်သဟာယသည် အကြောင်းအရာသုံးခုကို ဆွေးနွေးခဲ့သည်၊ ထို့ကြောင့် ယခုတွင် စတုတ္ထမြောက်ကို ငါတို့ ဆွေးနွေးသင့်၏။ သမ္မာကျမ်းစာများကို ဖတ်ရှုခြင်းဖြင့် စတင် ရပေမည်။

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း

ရှင်မဿဲ ၄:၁-၄ ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊ ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲ နေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရ မည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

ဤစကားများသည် စာတန်သည် သခင်ယေရှုကို ပထမဆုံး အကြိမ် စုံစမ်းသွေးဆောင်ရန် ကြိုးစားရာတွင် သုံးခဲ့သည့် စကားများဖြစ်သည်။ မာရ်နတ် ပြောဆိုခဲ့သည့် အကြောင်းအရာမှာ အဘယ်နည်း။ (“ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ။”) မာရ်နတ် ပြောခဲ့သည့် ဤစကားများသည် အတော်ရိုးရှင်းသော်လည်း၊ ၎င်းတို့၏ အနှစ်သာရနှင့်ပတ်သက်၍ ပြဿနာရှိပါသလော။ မာန်နတ်က၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ပြောခဲ့သည်၊ သို့သော်လည်း ၎င်း၏ စိတ်နှလုံးထဲတွင် ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို သိခဲ့သလော၊ မသိခဲ့သလော။ သူသည် ခရစ်တော်ဖြစ်သည်ကို ၎င်းက သိခဲ့သလော၊ မသိခဲ့သလော။ (သိခဲ့ပါသည်။) သို့ဖြစ်လျှင် အဘယ်ကြောင့် ၎င်းသည်၊ “သားတော်မှန်လျှင်” ဟု ပြောခဲ့သနည်း။ (၎င်းမှာ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ပါသည်။) သို့သော် ထိုသို့လုပ်ဆောင်ရာတွင် ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ၎င်းကပြောခဲ့သည်။ ၎င်း၏ စိတ်နှလုံးတွင် ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို ၎င်းက သိခဲ့၏၊ ၎င်း၏ စိတ်နှလုံးတွင် ဤအရာနှင့် ပတ်သက်၍ အလွန်ရှင်းသည်၊ သို့သော် ဤအရာကို သိသော်လည်း ၎င်းသည် သူ့ကို နာခံခဲ့သလော သို့မဟုတ် ကိုးကွယ်ခဲ့သလော။ (မကိုးကွယ်ခဲ့ပါ။) ၎င်းက အဘယ်အရာကို လုပ်ဆောင်လိုခဲ့သနည်း။ ၎င်းက သခင်ယေရှုကို ဒေါသထွက်စေပြီးနောက် ၎င်း၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူစေရန် ဤနည်းလမ်းနှင့် ဤစကားများကို အသုံးပြုချင်ခဲ့သည်။ ဤသည်မှာ မာန်နတ်၏ စကားများ နောက်ကွယ်က အဓိပ္ပါယ် မဟုတ်ခဲ့ပါသလော။ စာတန်၏ စိတ်နှလုံးထဲတွင် ဤသည်မှာ သခင်ယေရှုခရစ်တော် ဖြစ်မှန်း ရှင်းလင်းစွာ သိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ဤစကားများကို ပြောဆိုခဲ့သည်။ ဤသည်မှာ စာတန်၏ သဘာဝဖြစ်သည် မဟုတ်လော။ စာတန်၏ သဘာဝက အဘယ်အရာနည်း။ (လှည့်ဖြားရန်၊ ဆိုးယုတ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိရန် ဖြစ်ပါသည်။) ဘုရားသခင်ကို ချစ်ကြောက်ရိုသေမှုမရှိခြင်းမှ မည်သည့် အကျိုးဆက်များ ပေါ်ပေါက်မည်နည်း။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်လိုခဲ့သည် မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သောကြောင့်၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သော ရည်မှန်းချက် မဟုတ်သလော။ ၎င်းသည် အမှန်တကယ်တွင် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးပမ်း နေခဲ့သနည်း။ ၎င်း၏ရည်ရွယ်ချက်မှာ အလွန် သိသာထင်ရှား လှသည်။ ၎င်းသည် သခင်ယေရှု ခရစ်တော်၏ ရပ်တည်ချက်နှင့် ပင်ကိုလက္ခဏာကို ငြင်းပယ်ရန် ဤနည်းလမ်းကို အသုံးပြုဖို့ ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။ ထိုစကားများဖြင့် စာတန် ဆိုလိုသည့် အရာမှာ၊ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်အဖြစ်သို့ ပြောင်းလိုက်ပါ။ သင်မလုပ် နိုင်ပါက သင်သည် ဘုရားသခင်၏သားတော် မဟုတ်၊ ထို့ကြောင့် သင်၏အမှုတော်ကို မဆောင်ရွက်သင့်တော့ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုသို့ မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သည်၊ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ပြီး ဖျက်ဆီးချင်ခဲ့သည်။ ဤသည်မှာ ၎င်း၏ ယုတ်မာမှုဖြစ်သည်။ ၎င်း၏ ယုတ်မာမှုသည် ၎င်း၏ သဘာဝကို သဘာဝအတိုင်း ဖော်ပြခြင်း ဖြစ်ပါသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ တကယ့် လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ၎င်းက သိခဲ့သော်လည်း၊ ဘုရားသခင်ကို နောက်မှ ထပ်ကြပ် မကွာလိုက်ရင်း၊ ဘုရားသခင်ကို မရမကတိုက်ခိုက်ကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ရန်နှင့် တမင်ဖျက်ဆီးရန် လွန်စွာအားထုတ်လျက်၊ ဤသို့သောအရာကို ၎င်းမလုပ်ဆောင်ဘဲ မနေနိုင်ပေ။

ယခုတွင်၊ စာတန် ပြောဆိုခဲ့သည့်- “ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” ဟူသည့် ဤစကားစုကို ဆန်းစစ် ကြည့်စို့။ ကျောက်ခဲကို ပေါင်မုန့်အဖြစ်သို့ ပြောင်းရန်- ဤအရာက အဓိပ္ပာယ်တစ်ခုခု ရှိသလော။ အစားအစာရှိလျှင် အဘယ်ကြောင့် မစားသနည်း။ အဘယ်ကြောင့် ကျောက်ခဲကို အစားအစာအဖြစ် ပြောင်းလဲရန် လိုသနည်း။ ဤတွင် အဓိပ္ပာယ် မရှိဟု ဆို၍ရသလော။ ထိုအချိန်က သခင်ယေရှုသည် အစာရှောင် နေခဲ့သော်လည်း သူသည် ဧကန်မုချ စားစရာ အစာရှိခဲ့သလော။ (ရှိခဲ့ပါသည်။) သို့ဆိုလျှင် ဤနေရာတွင် စာတန် စကားများ၏ ရယ်ဖွယ်ရာကောင်းခြင်းကို ငါတို့မြင်ရသည်။ စာတန်၏ သစ္စာမဲ့မှုနှင့် မလိုမုန်းထားစိတ်တို့အားလုံးအတွက် ငါတို့သည် ယင်း၏ ယုတ္တိမဲ့ခြင်းနှင့် ရယ်ဖွယ်ကောင်းခြင်းကို မြင်ရဆဲ ဖြစ်သည်။ ၎င်း၏ မလိုမုန်းထားသော သဘာဝကို သင်မြင်ရသည့် အမှုအရာများစွာကို စာတန်က လုပ်ဆောင်သည်။ ၎င်းသည် ဘုရားသခင်၏ အမှုကို ဖျက်ဆီးသည့်အရာများ လုပ်ဆောင် နေသည်ကို သင် တွေ့နိုင်ပြီး ဤအရာကို မြင်သည့်အခါ ၎င်းသည် မနှစ်သက်ဖွယ်ဖြစ်ကာ ဒေါသထွက်စရာ ကောင်းသည်ကို သင်မြင်ရသည်။ သို့ရာတွင် အခြားတစ်ဘက်၌ ၎င်း၏ စကားလုံးများနှင့် လုပ်ဆောင်မှုများနောက်ကွယ်က ကလေးဆန်ပြီး ရယ်ဖွယ်ရာဖြစ်သော သဘာဝကို သင်မတွေ့သလော။ ဤသည်မှာ စာတန်၏ သဘာဝနှင့် ပတ်သက်၍ ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ထိုသို့သော သဘာဝရှိသည့်အတွက်၊ ထိုသို့သော အရာကို လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ယနေ့လူများအဖို့၊ ဤစကားစုသည် ယုတ္တိမရှိသကဲ့သို့ ရယ်ဖွယ်ရာ ဖြစ်သည်။ သို့ရာတွင် စာတန်သည် ထိုသို့သော စကားများကို ဧကန်အမှန် ပြောနိုင်စွမ်းရှိလေသည်။ ၎င်းကို မသိမနားလည်သောသူနှင့် အဓိပ္ပါယ်မရှိသောသူဟု ငါတို့ပြော၍ရပါသလော။ စာတန်၏ ဆိုးယုတ်မှုသည် နေရာတိုင်းတွင်ရှိပြီး အစဉ်မပြတ် ထုတ်ဖော်ပြခြင်း ခံရလျက် ရှိသည်။ ပြီးလျှင် သခင်ယေရှုက ယင်းကို မည်ကဲ့သို့ပြန်ဖြေ ခဲ့သနည်း။ (“လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။”) ဤစကားလုံးများတွင် တန်ခိုး တစ်ခုတစ်လေ ရှိသလော။ (ရှိပါ၏။) ယင်းတို့တွင် တန်ခိုး ရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောသနည်း။ အဘယ့်ကြောင့် ဆိုသော် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သောကြောင့် ဖြစ်သည်။ ကိုင်း၊ လူသည် ပေါင်မုန့်အားဖြင့်သာ အသက်ရှင်သလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ခဲ့သည်။ အစာငတ်ပြီး သူသေသွားသလော။ (မသေသွားပါ။) အစာငတ်ပြီး သူမသေပါ၊ ထို့ကြောင့် စာတန်က “ကိုယ်တော်သည် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲလျှင် ကိုယ်တော့်တွင် စားစရာရှိမည်မဟုတ်လော။ သို့ဆိုလျှင် ကိုယ်တော်သည် အစာရှောင်ရန်မလို၊ ဆာလောင်မှုကို ခံနေရန် မလိုတော့မည် မဟုတ်လော။” ဟူသောအရာများကို ပြောဆိုခြင်းဖြင့် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲစေရန် သူ့ကို တိုက်တွန်းလျက် ချဉ်းကပ်ခဲ့သည်။ သို့ရာတွင် ယေရှုက၊ “လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်၊” ဟု ပြောဆိုခဲ့သည်။ ဆိုလိုသည်မှာ လူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် အသက်ရှင်သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ရှင်သန်ခွင့်၊ အသက်ရှုခွင့်ပေးသည်မှာ အစာ မဟုတ်ဘဲ ဘုရားသခင်၏နှုတ်က မိန့်မြွက်သော နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်း ဖြစ်သည်။ တစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏။ ၎င်းတို့သည် လူတို့ကို ၎င်းတို့အနေဖြင့် ဘုရားသခင်အပေါ် မှီခိုနိုင်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခံစားစေလျက် ယုံကြည်ခြင်းပေးလေသည်။ အခြားတစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော ရှုထောင့် ရှိသလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ပြီးနောက် သူသည် မတ်တပ်ရပ်နေပြီး အသက်ရှင် နေဆဲ ဖြစ်သည်မဟုတ်လော။ ဤသည်မှာ စစ်မှန်သော သာဓက တစ်ခု မဟုတ်လော။ သူသည် မည်သည့် အစာကိုမျှ ရက် လေးဆယ်ပတ်လုံး မစားခဲ့ချေ၊ သို့သော်လည်း သူသည် အသက်ရှင်ဆဲဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ နှုတ်ကပတ်တော် နှင့်ဆိုင်သော သမ္မာတရားကို အတည်ပြုနေသည့် အားကောင်းသော သက်သေအထောက်အထား ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ရိုးရှင်းသော်လည်း သခင်ယေရှုအတွက် စာတန်က သူ့ကို စုံစမ်းနှောင့်ယှက်သည့်အခါမှသာ ဤနှုတ်ကပတ်တော်များကို သူ‌ ပြောဆိုခဲ့သလော သို့တည်းမဟုတ် ၎င်းတို့သည် သူ၏ တစ်စိတ်တစ်ပိုင်း အလိုအလျောက် ဖြစ်နှင့်ကြသလော။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် အသက်ဖြစ်သည်၊ သို့သော် ဘုရားသခင်၏ သမ္မာတရားနှင့် အသက်မှာ နောက်ပိုင်းတွင်မှ ဖြည့်စွက်ထားခြင်း ဖြစ်သလော။ နောက်ပိုင်း အတွေ့အကြုံမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သလော။ မဟုတ်ပေ- ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်တွင် မွေးရာပါဖြစ်သည်။ ဆိုလိုသည်မှာ သမ္မာတရား နှင့် အသက်သည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ သူ့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သူထုတ်ဖော်သမျှသည် သမ္မာတရား ဖြစ်၏။ သူ၏ စကားပါ အကြောင်းအရာက ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ- ဤသမ္မာတရား၊ ဤနှုတ်ကပတ်တော်များသည် လူသားကို ရှင်သန်စေနိုင်ပြီး အသက်ပေးနိုင်သည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရား ရရှိစေနိုင်ပြီး လူ့အသက်တာ လမ်းကြောင်းနှင့် ပတ်သက်၍ ကြည်လင်ပြတ်သားမှုကို ရရှိစေနိုင်ကာ ဘုရားသခင်၌ ယုံကြည်ခြင်း ရှိစေနိုင်သည်။ တစ်နည်းအားဖြင့်၊ ဤနှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုခြင်း၏ အရင်းအမြစ်မှာ အပြုသဘောဆောင်၏။ သို့ဖြစ်ရာ ဤအပြုသဘောဆောင်သော အရာသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) စာတန်၏ ထိုစကားများသည် စာတန်၏သဘာဝမှ လာသည်။ စာတန်သည် ၎င်း၏ ဆိုးယုတ်ပြီး မလိုမုန်းထားသည့် သဘာဝကို နေရာတိုင်းတွင် အစဉ်တစိုက် ထုတ်ဖော်ပြသည်။ ကိုင်း၊ ဤထုတ်ဖော်ပြချက်များကို စာတန်သည် အလိုအလျောက် ပြုသလော။ ဤအရာကို လုပ်ဆောင်ရန် ၎င်းကို တစ်ဦး တစ်ယောက်က လှုံ့ဆော်သလော။ တစ်ဦးတစ်ယောက်က ၎င်းကို ကူညီသလော။ တစ်ဦးတစ်ယောက်က ၎င်းကို အတင်းအကျပ် စေခိုင်းသလော။ (မစေခိုင်းပါ။) ဤထုတ်ဖော်ပြချက်အားလုံးကို ၎င်းသည် မိမိသဘောအလျောက် ပြုလုပ်ခြင်းဖြစ်သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သည့်သဘာဝ ဖြစ်သည်။ ဘုရားသခင်ပြုသည့် မည်သည့်အရာကို မဆို၊ ပြီးလျှင် ဘုရားသခင် မည်သို့ပြုသည်ဖြစ်စေ၊ စာတန်သည် နောက်မှ ထက်ကြပ် မကွာလိုက်သည်။ စာတန်ပြောပြီး လုပ်ဆောင်သည့် ဤအရာများ၏ အနှစ်သာရနှင့် စစ်မှန်သော သဘာဝမှာ စာတန်၏ အနှစ်သာရဖြစ်သည်- ဆိုးယုတ်ပြီး မလိုမုန်းထားသော အနှစ်သာရဖြစ်သည်။ ယခု ငါတို့ ဖတ်သည်နှင့်အမျှ စာတန်က အခြား မည်သည့်အရာ ပြောဆိုသေးသနည်း။ ဆက်ဖတ်ကြစို့။

ရှင်မဿဲ ၄:၅-၇ ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည် ဟုလာ၏။ ထို့ကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန် သည်ဟု မိန့်တော်မူ၏။

ဤနေရာတွင် စာတန်ပြောဆိုခဲ့သည့် စကားများကို ပထမဦးစွာ ကြည့်ကြစို့။ “ဘုရားသခင်၏သားတော်မှန်လျှင်၊ ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါ၊” ဟု စာတန်က ပြောခဲ့ပြီးနောက် “ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော်မူသည် ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကို လက်နှင့် မစချီပင့်ကြလိမ့်မည်” ဟူ၍ သမ္မာကျမ်းစာထဲမှ ကိုးကားခဲ့သည်။ စာတန်၏ စကားလုံးများကို ကြားသည့်အခါ သင်မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ကလေးကလားနိုင်လွန်းသည် မဟုတ်လော။ ယင်းတို့သည် ကလေးကလား နိုင်သည်၊ ရယ်ဖွယ်ရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ငါ အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ စာတန်သည် မကြာခဏ မိုက်မဲသော အရာများကို လုပ်ဆောင်ပြီး၊ ၎င်းကိုယ်၎င်း အလွန်တော်သည်ဟု ယုံသည်။ ၎င်းသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အစီအစဉ်ကို ဖျက်ဆီးခြင်းတည်းဟူသော ၎င်း၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းရာတွင် ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် သွေးဆောင်ဖြားယောင်းရန် ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်အား ပံ့ပိုးရာမှ ဘုရားသခင်အား ဆန့်ကျင်ဖို့ ကြိုးစားရင်း- ဘုရားသခင် ပြောဆိုသည့် တကယ့် နှုတ်ကပတ်တော်များပင်ဖြစ်သည့် ကျမ်းစာကို မကြာခဏ ကိုးကား၏။ စာတန်ပြောသည့် ဤစကားများထဲတွင် တစ်ခုခုကို သင်မြင်နိုင်ပါသလော။ (ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို စာတန် သိုထားပါသည်။) စာတန် ပြုလုပ်သမျှအားလုံးတွင်၊ ၎င်းသည် လူသားမျိုးနွယ်ကို သွေးဆောင်ရန် အစဉ်အမြဲ ကြိုးစားလေပြီ။ စာတန်သည် တည့်တည့်မပြောသော်လည်း၊ ဝေ့ဝိုက်သော နည်းလမ်းဖြင့် စုံစမ်းသွေးဆောင်ခြင်း၊ လှည့်ဖြားမှုနှင့် ဖြားယောင်းမှုတို့ကို အသုံးပြုနေပေသည်။ စာတန်က ဘုရားသခင်သည်လည်း မသိနားမလည်ကာ၊ မိုက်မဲပြီး၊ လူက မလုပ်နိုင်သည့်အတိုင်း အမှုအရာများ၏ စစ်မှန်သော သွင်ပြင်ကို ဘုရားသခင်ကလည်း ရှင်းလင်းစွာ မခွဲခြားနိုင်ဟု ယုံကြည်လျက်၊ ၎င်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့်သက်ဆိုင်၍ ဘုရားသခင်ကို သာမန် လူသားတစ်ယောက်ဖြစ်သည့်အလား ချဉ်းကပ်လေသည်။ ဘုရားသခင်နှင့် လူသားတို့နှစ်ဦးလုံးသည် အလားတူစွာ ၎င်း၏ အနှစ်သာရ၊ ၎င်း၏ လှည့်ဖြားမှုနှင့် အန္တရာယ်ပေးနိုင်သော ရည်ရွယ်ချက်တို့ကို မရိပ်မိနိုင်ဟု စာတန်က တွေးထင်သည်။ ဤသည်မှာ စာတန်၏ မိုက်မဲမှု ဖြစ်သည် မဟုတ်လော။ ထို့အပြင်၊ စာတန်သည် သမ္မာကျမ်းစာမှ ဗြောင်ကျကျ ကိုးကားသည်။ ထိုသို့လုပ်ခြင်းက အများ ယုံကြည်မှုကို ရရှိစေပြီး၊ သင်သည် ၎င်း၏ စကားများထဲတွင် အမှားအယွင်းတစ်ခုတစ်လေ ဖော်ထုတ် နိုင်မည်မဟုတ် သို့မဟုတ် အရူးလုပ်ခံရခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ဟု ၎င်းကထင်သည်။ ဤသည်မှာ စာတန်၏ ရယ်ဖွယ်ရာကောင်းပြီး ကလေးကလားဆန်ခြင်း မဟုတ်လော။ ဤသည်မှာ လူတို့က ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံသည့်အခါကဲ့သို့ပင် ဖြစ်သည်- မယုံကြည်သူများက စာတန် ပြောခဲ့သည့်အရာနှင့် အလားတူသော အရာတစ်စုံတစ်ခုကို တစ်ခါတစ်ရံ ပြောကြလိမ့်မည်မဟုတ်လော။ လူတို့က အလားတူသောအရာ တစ်စုံတစ်ခုပြောသည်ကို သင်တို့ ကြားဖူး ကြသလော။ ထိုသို့သော အရာများကို ကြားသောအခါ သင်တို့ မည်သို့ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာပါသည်။) သင်တို့စက်ဆုပ်ရွံရှာသည့်အခါ မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်း ကိုလည်း ခံစားရသလော။ ဤခံစားချက်များကို သင်တို့ ရှိသည့်အခါ သင်တို့သည် စာတန်နှင့် လူသားထဲတွင် စာတန် လုပ်ဆောင်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဆိုးယုတ်သည်ကို သတိပြုမိနိုင်သလော။ သင်တို့၏ စိတ်နှလုံးများ ထဲတွင်၊ သင်တို့သည် ဤနားလည်ခြင်း ရှိဖူးသလော- “စာတန် စကားပြောသည့်အခါ၊ ၎င်းသည် တိုက်ခိုက်မှုနှင့် စုံစမ်းသွေးဆောင်မှုအဖြစ် ပြောလေသည်- စာတန်၏ စကားများသည် အဓိပ္ပာယ်မဲ့သည်၊ ရယ်ဖွယ်ရာကောင်းသည်၊ ကလေးကလားဆန်ပြီး စက်ဆုပ် ရွံရှာဖွယ်ကောင်းလေသည်။ သို့ရာတွင် ဘုရားသခင်သည် ထိုသို့သောနည်းဖြင့် ဘယ်သောအခါမျှ မပြောဆို၊ မလုပ်ဆောင်သကဲ့သို့ ဧကန်အမှန် ထိုသို့ လုံးဝ မလုပ်ဆောင်ဖူးပေ။” ဟုတ်ပေသည်၊ ဤအခြေအနေတွင် လူတို့သည် ထိုအရာကို ယဲ့ယဲ့မျှသာ ခံစားနိုင်ပြီး ဘုရားသခင်၏ သန့်ရှင်းခြင်းကို သဘောမပေါက်နိုင်မြဲရှိလေသည်။ ထိုသို့ ဖြစ်သည်မဟုတ်လော။ သင်တို့၏ ယခု ဝိညာဉ်အသက်တာဖြင့်၊ သင်တို့သည်- “ဘုရားသခင် ပြောသမျှတိုင်းသည် သမ္မာတရား ဖြစ်၏၊ ကျွန်ုပ်တို့အတွက် အကျိုးရှိပြီး ကျွန်ုပ်တို့ လက်ခံရမည်” ဟု ခံစားရုံမျှ ခံစားရသည်။ သင်သည် ဤအရာကို လက်ခံ နိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခြွင်းချက်မရှိ သင်ပြောသည်၊ သို့ရာတွင် သမ္မာတရားကိုယ်၌က သန့်ရှင်းပြီး ဘုရားသခင် သန့်ရှင်းသည်ကို သင်မသိပေ။

သို့ဆိုလျှင်၊ စာတန်၏ဤစကားများကို ယေရှု၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ “ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။” ယေရှု ပြောသော ဤစကားများတွင် သမ္မာတရား ရှိသလော။ (ရှိပါသည်။) ၎င်းတို့တွင် သမ္မာတရား ရှိသည်။ အပေါ်ယံတွင်၊ ဤစကားများသည် လူတို့အတွက် လိုက်နာရမည့် ပညတ်ချက်တစ်ခု၊ ရိုးရှင်းသော စကားစု တစ်ခု ဖြစ်စေကာမူ လူသားနှင့် စာတန် နှစ်ဦးလုံးက ဤစကားများကို မကြာခဏ ပြစ်မှားစော်ကားကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရ၊” ဟု ဆိုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းမှာ စာတန် မကြာခဏ လုပ်သောအရာဖြစ်ပြီး ၎င်းသည် ထိုသို့လုပ်ရန် အလုံးစုံ ကြိုးပမ်း အားထုတ်သည်။ စာတန်သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိ ထိုသို့ လုပ်သည်ဟုပင် ပြောနိုင်သည်။ ဘုရားသခင်ကို မကြောက်ရွံ့ရန်နှင့် ၎င်း၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိဖို့မှာ စာတန်၏ အခြေခံ သဘောသဘာဝဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ နံဘေးတွင်ရပ်တည်ပြီး သူ့ကို မြင်တွေ့နိုင်သည့်အချိန်တွင်ပင် စာတန်သည် ဘုရားသခင်ကို သွေးဆောင်ဖြားယောင်းခြင်း မပြုဘဲမနေနိုင်ခဲ့ပေ။ ထို့ကြောင့် သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်းမပြုရ။” ဟု ဆိုခဲ့သည်။ ဤအရာများသည် ဘုရားသခင်က စာတန်ကို မကြာခဏ ပြောပြီးဖြစ်သည့် စကားများ ဖြစ်သည်။ ထို့ကြောင့်၊ မျက်မှောက်ခေတ်တွင် ဤစကားစုကို သုံးစွဲရန် သင့်တော်ပါသလော။ (သင့်တော်ပါသည်၊ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင်ကို မကြာခဏ သွေးဆောင် ဖြားယောင်းသည့်အတွက် ဖြစ်သည်။) အဘယ်ကြောင့် လူတို့သည် ဘုရားသခင်ကို မကြာခဏ စုံစမ်းသွေးဆောင် ပါသနည်း။ ယင်းမှာ လူတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားနှင့် ပြည့်နေကြသောကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် အထက်က စာတန်၏ စကားများသည် လူတို့ မကြာခဏ ပြောသည့်အရာ တစ်ခုလော။ ပြီးလျှင် မည်သည့် အခြေအနေများတွင် ဤစကားများကို လူတို့ ပြောကြသနည်း။ လူတို့သည် ဤသို့သော အရာများကို မည်သည့်အချိန် မည်သည့် နေရာတွင်မဆို ပြောဆိုနေကြပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။ လူတို့၏ စိတ်သဘောထားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွဲပြားခြားနားမှုမရှိသည်ကို ဤအရာက သက်သေပြသည်။ သခင်ယေရှုသည် သမ္မာတရားကို ကိုယ်စားပြုသော နှုတ်ကပတ်တော်များ၊ လူတို့လိုအပ်သည့် နှုတ်ကပတ်တော်များ ဖြစ်သည့် ရိုးရှင်းသော နှုတ်ကပတ်တော်အနည်းငယ်ကို ပြောသည်။ သို့ရာတွင် ဤအခြေအနေ၌ သခင်ယေရှုသည် စာတန်နှင့် ငြင်းခုန်ဖို့ ထိုသို့သောနည်းလမ်းဖြင့် ပြောဆိုခဲ့ခြင်းလော။ စာတန်ကို သူပြောခဲ့သည့် အထဲတွင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းသောအရာ တစ်စုံတစ်ရာ ပါဝင်သလော။ (မပါဝင်ပါ။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုကို သူ၏စိတ်နှလုံးတွင် သခင်ယေရှုက မည်သို့ ခံစားခဲ့သနည်း။ သူသည် စက်ဆုပ်ခြင်းနှင့် အော့နှလုံးနာခြင်းတို့ကို ခံစားခဲ့ရသလော။ (ခံစားခဲ့ရပါသည်။) သခင်ယေရှုသည် အော့နှလုံးနာမှုနှင့် စက်ဆုပ်ရွံမုန်းမှုကို ခံစားခဲ့ရပါသည်၊ သို့သော် သူသည် စာတန်နှင့် မငြင်းခုန်ခဲ့သကဲ့သို့၊ ကြီးကျယ်သော အခြေခံသဘောတရားများ တစ်ခုတစ်လေကို ပို၍ပင် သူမပြောဆိုခဲ့ချေ။ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် စာတန်သည် အစဉ်အမြဲ ဤကဲ့သို့ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပါ။) စာတန်သည် ကျိုးကြောင်းဆင်ခြင်၍ မရနိုင်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု စာတန်က အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု စာတန်သည် မည်သည့်အခါတွင်မျှ အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပေ။ ဤသည်မှာ ၎င်း၏ သဘာဝဖြစ်သည်။ စာတန်၏ သဘာဝတွင် စက်ဆုပ်ဖွယ်သော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသေး၏။ ထိုအရာမှာ အဘယ်နည်း။ သခင်ယေရှုကို ဖြားယောင်းသွေးဆောင်ရန် ၎င်း၏ ကြိုးပမ်းမှုများတွင်၊ ၎င်းက မအောင်မြင်လျှင်ပင်၊ မည်သို့ပင်ဖြစ်စေ ၎င်းသည် ထိုသို့ လုပ်ဆောင်ဖို့ ကြိုးစားဦးမည်ဟု စာတန်က တွေးခဲ့သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခံရမည်ဖြစ်သော်လည်းဘဲ၊ မည်သို့ပင်ဖြစ်စေ ကြိုးစားဖို့ ရွေးချယ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးမျှ မရရှိသည့်တိုင် အဆုံးတိုင်သို့ တိုင်အောင် ၎င်း၏ အားထုတ်မှုများနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းတွင် မရမကဆက်လုပ်လျက် မည်သို့ပင်ဖြစ်စေ ၎င်းက လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘာဝမျိုးဖြစ်သနည်း။ ဆိုးယုတ်သည် မဟုတ်လော။ ဘုရားသခင်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ လူတစ်ဦးသည် ဒေါသထွက်ပြီး ဒေါသူပုန်ထပါက၊ သူသည် ဘုရားသခင်ကို မြင်ဖူးပြီလော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကို ၎င်းက သိပါသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို စကားပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မနှောင့်ယှက်ဖူးချေ၊ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်ရမည်နည်း။ ဤလူသည် ဆိုးယုတ်သည်ဟု ကျွန်ုပ်တို့ ဆိုနိုင်သလော။ လောကီ ရေပန်းစားမှုများ၊ အစားအသောက်နှင့် ကာမဂုဏ်လိုက်စားခြင်း၊ ကျော်ကြားသောသူများနောက်လိုက်ခြင်း- ဤအရာများထဲမှ မည်သည့်အရာကမျှ ထိုသို့သောလူတစ်ယောက်ကို အနှောင့်အယှက် မပေးပေ။ သို့သော် “ဘုရားသခင်” သို့မဟုတ် “ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား” ဆိုသည့် စကား တစ်ခွန်းကို ပြောဆိုသည်နှင့် သူသည် ဒေါသူပုန်ထ လေတော့သည်။ ဤသည်မှာ ဆိုးယုတ်သော သဘာဝတစ်ခု ရှိခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ လူသား၏ ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ ကိုင်း၊ မိမိအတွက် ပြောဆိုသည့်အခါ၊ သမ္မာတရားကို ပြောဆိုသောအခါ သို့မဟုတ် လူသားမျိုးနွယ် နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်ခြင်းများ သို့မဟုတ် လူသားကို တရားစီရင်ခြင်း နှင့်ဆိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ သင်တို့သည် မနှစ်သက်မှုခံစားရ၏။ အော့နှလုံးနာမှုကို ခံစားရပြီး ထိုသို့သောအရာများကို သင်တို့ မကြားချင်ကြသည့် အချိန်များ ရှိသည် မဟုတ်လော။ သင်၏ စိတ်နှလုံးက၊ “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု လူအားလုံးက ပြောကြသည် မဟုတ်လော။ ဤစကား အချို့တို့သည် သမ္မာတရားမဟုတ်ပါ၊ ၎င်းတို့သည် လူသားအပေါ် ဆုံးမခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်မှာ သိသာ ထင်ရှားသည်။” ဟု စဉ်းစားကောင်း စဉ်းစားနိုင်သည်။ အချို့သော လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲတွင် အားကောင်းသော မနှစ်သက်မှုတစ်ခုကို ခံစားရနိုင်ပြီး၊ “ဤအရာကို နေ့စဉ် ပြောဆိုသည်- သူ၏ စမ်းသပ်မှု၊ သူ၏ တရားစီရင်ခြင်း၊ မည်သည့်အချိန်တွင် အဆုံးသတ် မည်နည်း။ ကောင်းမွန်သော ခရီးပန်းတိုင်ကို မည်သည့် အချိန်တွင် ငါတို့ ရရှိမည်နည်း” ဟု တွေးကြသည်။ မလျော်ကန်သော ဤဒေါသသည် အဘယ်နေရာမှ လာသည်ကို မသိရပေ။ ဤသည်မှာ မည်သည့် သဘာဝ ဖြစ်သနည်း။ (ဆိုးယုတ်သည့် သဘာဝဖြစ်ပါသည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ယင်းကို ညွှန်ကြားပေးပြီး လမ်းပြသည်။ ဘုရားသခင်၏ ရှုထောင့်မှ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၊ ပြီးလျှင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် လူများနှင့် မည်သည့်အခါမျှ မငြင်းခုန် သို့မဟုတ် အာဃာတမထားသကဲ့သို့၊ လူများက မိုက်မဲစွာ ပြုမူသည့်အခါ သူသည် မည်သည့်အခါမျှ ရေးကြီးခွင်ကျယ် လုပ်လေ့မရှိပေ။ လူသားနှင့်ပတ်သက်၍ အမှုအရာများ ပေါ်တွင် ဘုရားသခင်သည် အလားတူ အမြင်မျိုးများ ကိုင်စွဲထားသည်ကို သင် မည်သည့်အခါတွင်မျှ တွေ့ရ လိမ့်မည်မဟုတ်သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ရန် လူသားမျိုးနွယ်၏ ရှုထောင့်အမြင်များ၊ အသိပညာ၊ သိပ္ပံပညာ၊ အတွေးအခေါ် သို့မဟုတ် စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည်မဟုတ်။ ယင်းထက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူထုတ်ဖော် ပြသမျှတိုင်းသည် သမ္မာတရားနှင့် ဆက်စပ် နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်တိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားသည် အခြေအမြစ်မရှိသော စိတ်ကူးအချို့၏ ရလဒ်မဟုတ်ပေ။ ဤသမ္မာတရားနှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က သူ၏ အနှစ်သာရနှင့် သူ၏ အသက်တို့ကို အကြောင်းပြု၍ ဖော်ပြထားခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သမျှ အရာခပ်သိမ်းတို့သည် လူတို့ထံ အသက်ပါခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်၊ လူတို့ကို အပြုသဘောဆောင်သော အရာများနှင့် ထိုအပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် လမ်းညွှန်ပေးသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အနှစ်သာရတို့က သတ်မှတ် ထားခြင်းဖြစ်သည်။ ယခု ဤအရာကို သင်တို့ တွေ့မြင်ကြပြီ မဟုတ်လော။ ယခု၊ သမ္မာကျမ်းစာမှ နောက်ထပ် ဆက်လက် ဖတ်ရှုကြပါစို့။

ရှင်မဿဲ ၄:၈-၁၁ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ စည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ် ကိုးကွယ်လျှင် ယခု ပြလေသမျှတို့ကို ငါပေးမည်ဟု ဆိုလေ၏။ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာ လာသည်ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။

စာတန် မာရ်နတ်သည် ၎င်း၏ ယခင်နှစ်ကြိမ် လှည့်ဖြားခြင်းများ မအောင်မြင်သောကြောင့် နောက်တစ်ကြိမ် ထပ်ကြိုးစားခဲ့သေးသည်။ ၎င်းက ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများ အားလုံးနှင့် ထိုတိုင်းနိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုကို သခင်ယေရှုအားပြပြီး ၎င်းကို ကိုးကွယ်ခိုင်းသည်။ ဤအခြေအနေမှ မာရ်နတ်၏ အင်္ဂါရပ်အစစ်အမှန်များ နှင့်ပတ်သက်၍ မည်သည့်အရာကို သင်မြင်ရသနည်း။ စာတန်မာရ်နတ်သည် လုံးဝ အရှက်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းသည် အဘယ်သို့ အရှက်မဲ့သနည်း။ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည့်တိုင် စာတန်က ပြောင်းပြန်လှည့်ပြီး၊ “ဤတိုင်းနိုင်ငံ အားလုံးတို့၏ ဘုန်းစည်းစိမ်တို့ကို ကြည့်ပါ၊ ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ် ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” ဟု ပြောရင်း ဘုရားသခင်ကို အရာခပ်သိမ်း ပြသခဲ့သည်။ ဤသည်မှာ အခန်းကဏ္ဍ လုံးဝ ပြောင်းပြန်ဖြစ်နေခြင်း မဟုတ်လော။ စာတန်သည် အရှက်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့သော် သူ၏ ပျော်ရွှင်မှုအတွက် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သလော။ သူသည် အရာခပ်သိမ်းကို လူသားမျိုးနွယ်အား ပေးခဲ့သည်၊ သို့သော် စာတန်သည် ထိုအရာအားလုံးကို သိမ်းပိုက်လိုခဲ့ပြီး၊ ထိုအရာအားလုံးကို သိမ်းပိုက်ထားပြီးနောက်၊ ဘုရားသခင်ကို၊ “ငါ့ကို ကိုးကွယ်လော့။ ငါ့ကို ကိုးကွယ်ပါက ဤအရာအားလုံးကို သင့်အား ငါပေးမည်။” ဟု ပြောခဲ့လေသည်။ ဤသည်မှာ စာတန်၏ အကျည်းတန်သော သွင်ပြင်ဖြစ်သည်။ ၎င်းသည် လုံးဝ အရှက်ကင်းမဲ့သည် မဟုတ်လော။ စာတန်သည် “အရှက်” ဟူသော စကား၏ အဓိပ္ပာယ်ကိုပင် မသိပေ။ ဤသည်မှာ ၎င်း၏ ဆိုးယုတ်ခြင်းနှင့်ဆိုင်သော နောက်ထပ် နမူနာဖြစ်သည်။ ၎င်းသည် အရှက်ဟူသည့်အရာကိုပင် မသိပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် စီမံခန့်ခွဲကာ အုပ်စိုးသည်ကို စာတန်က ရှင်းရှင်းလင်းလင်း သိ၏။ အရာခပ်သိမ်းသည် လူသားနှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ စာတန်နှင့် သာ၍မသက်ဆိုင်ဘဲ ဘုရားသခင်နှင့် သက်ဆိုင် ပေသည်၊ သို့သော် စာတန်မာရ်နတ်သည် အရာခပ်သိမ်းကို ဘုရားသခင်အား ပေးမည်ဟု အရှက်မရှိ ပြောခဲ့၏။ ဤသည်မှာ စာတန်က အဓိပ္ပာယ်ကင်းမဲ့ပြီး အရှက်မဲ့စွာ နောက်တစ်ဖန် လုပ်ဆောင်ခြင်းနှင့်ဆိုင်သော နောက်ထပ် ဥပမာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်အား စာတန်ကို သာ၍ မုန်းတီးဖို့ ဖြစ်စေသည်၊ မဟုတ်လော။ သို့သော် စာတန်သည် မည်သည့်အရာကို ကြိုးစားသည်ဖြစ်စေ သခင်ယေရှုသည် လှည့်စားခံခဲ့ရသလော။ သခင်ယေရှုက မည်သည့်အရာ ပြောခဲ့သနည်း။ (“သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။”) ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော အဓိပ္ပာယ် ရှိသလော။ (ရှိပါသည်။) မည်သည့် လက်တွေ့ကျသော အဓိပ္ပာယ်မျိုးနည်း။ စာတန်၏ပြောဆိုချက်တွင် ၎င်း၏ ဆိုးယုတ်မှုနှင့် အရှက်ကင်းမဲ့မှုကို ငါတို့တွေ့ရသည်။ ထို့ကြောင့် လူသားသည် စာတန်ကို ကိုးကွယ်လျှင် ရလဒ်မှာ အဘယ်အရာဖြစ်မည်နည်း။ သူတို့သည် တိုင်းနိုင်ငံများအားလုံး၏ ကြွယ်ဝချမ်းသာခြင်းနှင့် ဘုန်းစည်းစိမ်တို့ကို ရရှိမည်လော။ (ရရှိမည် မဟုတ်ပါ။) သူတို့ မည်သည့်အရာ ရကြမည်နည်း။ လူသားမျိုးနွယ်သည် စာတန်ကဲ့သို့ အရှက်မဲ့ကာ လှောင်ပြောင်ဖွယ်ဖြစ်လာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအခါ ၎င်းတို့သည် စာတန်နှင့် မခြားနားဘဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူသားတစ်ဦးချင်းစီတိုင်းအတွက် အရေးကြီးသော ဤနှုတ်ကပတ်တော်များကို ပြောခဲ့ခြင်းဖြစ်သည်- “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်။” ဆိုလိုသည်မှာ သခင့်အတွက်မှ လွဲ၍၊ ဘုရားသခင်ကိုယ်တော်တိုင်အတွက်မှလွဲ၍ အခြားသူကို သင်အစေခံလျှင်၊ စာတန်မာရ်နတ်ကို သင်ကိုးကွယ်လျှင်၊ သင်သည် စာတန်နည်းတူ အညစ်အကြေးတွင် လူးလိမ့်ပျော်မြူးနေခြင်းဖြစ်မည်။ ထိုအခါ သင်သည် စာတန်၏ အရှက်မဲ့ခြင်းနှင့် ၎င်း၏ ဆိုးယုတ်ခြင်းတို့ကို ဝေမျှခံစားလိမ့်မည် ဖြစ်ပြီး၊ စာတန်ကဲ့သို့ပင် သင်သည် ဘုရားသခင်ကို ဖြားယောင်း သွေးဆောင်ကာ တိုက်ခိုက်လိမ့်မည်။ ထိုအခါတွင် သင့်အတွက် နိဂုံးသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရမည်၊ ဘုရားသခင်၏ ရိုက်ချခြင်းကို ခံရမည်၊ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရမည်။ စာတန်သည် သခင်ယေရှုကို အောင်မြင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဖြားယောင်း သွေးဆောင်ပြီးနောက်တွင် နောက်တစ်ကြိမ် ကြိုးစားခဲ့သလော။ စာတန်သည် နောက်တစ်ကြိမ် မကြိုးစားတော့ဘဲ ထွက်ခွာသွားခဲ့သည်။ ဤအရာက အဘယ်အရာကို သက်သေပြ သနည်း။ ယင်းမှာ စာတန်၏ ဆိုးယုတ်သောသဘာဝ၊ ၎င်း၏ မလိုတမာစိတ်၊ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိခြင်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ဖော်ပြရန် မထိုက်တန်သည်ကို သက်သေပြသည်။ သခင်ယေရှုက စာတန်ကို ဝါကျသုံးကြောင်း ဖြင့်သာ အနိုင်ယူခဲ့သည်။ ထို့နောက်တွင် ၎င်းသည် အမြီးကုတ်၍ ၎င်း၏မျက်နှာပြရန် အလွန်ရှက်လျက် သုတ်သုတ်ပျာပျာ ပြေးထွက်သွားခဲ့ပြီး၊ သခင်ယေရှုကို နောက်တစ်ကြိမ် လုံးဝ ဖြားယောင်းသွေးဆောင်ခြင်း မပြုတော့ပေ။ သခင်ယေရှုသည် စာတန်၏ ဤသွေးဆောင်ဖြားယောင်းခြင်းကို အနိုင်ယူခဲ့ပြီး ဖြစ်သည့်အတွက်၊ သူသည် သူ လုပ်ဆောင်ရမည့်အမှုနှင့် သူ၏ရှေ့မှောက်၌ ချခင်းထားသော အမှုကို ယခု အလွယ်တကူ ဆက်လုပ်ဆောင်နိုင်ခဲ့သည်။ ဤအခြေအနေတွင် သခင်ယေရှု ပြောဆို လုပ်ဆောင်ခဲ့သော အရာအားလုံးသည် မျက်မှောက်ခေတ် အဖို့ အသုံးပြုမည်ဆိုပါက လူတိုင်းအတွက် လက်တွေ့ကျသော အဓိပ္ပာယ် တစ်ခုတစ်လေ ရှိသလော။ (ရှိပါသည်။) မည်သို့သော လက်တွေ့အဓိပ္ပာယ် ဖြစ်သနည်း။ စာတန်ကို အနိုင်ယူခြင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာဖြစ်သလော။ စာတန်၏ ဆိုးယုတ်သော သဘာဝနှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုကို လူတို့ ရှိရမည်လော။ စာတန်၏ သွေးဆောင်မှုများနှင့်ဆိုင်သော တိကျမှန်ကန်သည့် သိနားလည်မှုကို လူတို့ ရှိရမည်လော။ (ရှိရပါမည်။) သင် ကိုယ်တိုင်၏ အသက်တာတွင် စာတန်၏ သွေးဆောင်မှုကို တွေ့ကြုံသည့်အခါ၊ သင်သည် စာတန်၏ ဆိုးယုတ်သော သဘာဝကို ရိပ်စားမိနိုင်ပါက၊ ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်လော။ အကယ်၍ စာတန်၏ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိမှုတို့ကို သင်သိရှိခဲ့ပါက သင်သည် စာတန်ဘက်တွင် ရပ်တည်ပြီး ဘုရားသခင်ကို တိုက်ခိုက်ဦးမည်လော။ အကယ်၍ စာတန်၏ မလိုမုန်းထားမှုနှင့် အရှက်မဲ့ခြင်းတို့သည် သင်မှတစ်ဆင့် မည်သို့ ဖော်ထုတ်ပြခံရသည်ကို သင်နားလည်ပါက- ဤအရာများကို ရှင်းလင်းစွာ သင် သတိပြုမိပြီး နားလည်ပါက- သင်သည် ဤနည်းဖြင့် ဘုရားသခင်ကို တိုက်ခိုက်၍ သွေးဆောင်ဦးမည်လော။ (သွေးဆောင်မည် မဟုတ်ပါ။) မည်သည့်အရာကို သင် လုပ်မည်နည်း။ (ကျွန်ုပ်တို့သည် စာတန်ကို ဆန့်ကျင်ပုန်ကန်ပြီး စွန့်ပစ်ပါမည်။) ယင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာတစ်ခုလော။ ယင်းသည် မလွယ်ကူပေ။ ဤအရာကို လုပ်ဆောင်ရန်၊ လူတို့အနေဖြင့် မကြာခဏ ဆုတောင်း ရမည်၊ ဘုရားသခင် ရှေ့မှောက်၌ မိမိတို့ကိုယ်ကိုယ် ထားရှိရမည် ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အား သူတို့ပေါ် ကျရောက် ခွင့်ပေးရမည်။ ဤနည်းလမ်းဖြင့်သာ လူတို့သည် စာတန်၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေလိမ့်မည်။

ယခု၊ စာတန်ပြောခဲ့သည့် ဤစကားများအားလုံးကို ကြည့်ခြင်းဖြင့်၊ စာတန်၏အနှစ်သာရကို ဖန်တီးသည့်အရာများကို ငါတို့ အကျဉ်းချုပ်မည်ဖြစ်သည်။ ပထမဦးစွာ စာတန်၏ အနှစ်သာရသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် မတူ ကွဲပြားလျက်၊ ယေဘုယျအားဖြင့် ဆိုးယုတ်သည်ဟု ပြောနိုင်သည်။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ ဤမေးခွန်းကို ဖြေဖို့ရန်၊ လူတို့ကို စာတန် လုပ်ဆောင်သည့်အရာ၏ အကျိုးဆက်များကို ဆန်းစစ်ရမည်။ စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်သည်၊ ပြီးလျှင် လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအောက်တွင် ပြုမူပြီး၊ စာတန်က ဖျက်ဆီးထားသော လူတို့၏ လောကတစ်ခုတွင် အသက်ရှင်လေသည်။ လူသားမျိုးနွယ်သည် အမှတ်တမဲ့ စာတန်၏ ပိုင်ဆိုင်မှုနှင့် သိမ်းသွင်းခြင်းကို ခံကြရသည်။ ထို့ကြောင့် လူသားတွင် စာတန်၏ သဘာဝဖြစ်သော သူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်။ စာတန် ပြောဆို၊ လုပ်ဆောင်ခဲ့သမျှတိုင်းမှ၊ ၎င်း၏မာနထောင်လွှားမှုကို သင်မြင်ပြီလော။ ၎င်း၏ လှည့်ဖြားမှုနှင့် မလိုမုန်းထားမှုတို့ကို မြင်ပြီလော။ စာတန်၏မာနထောင်လွှားမှုကို အဓိကအားဖြင့် မည်သို့ ပြသထားသနည်း။ စာတန်သည် ဘုရားသခင်၏နေရာကို အစဉ်အမြဲ ယူလိုသော ဆန္ဒသိုထားသလော။ လူတို့အနေဖြင့် စာတန်နောက်လိုက်ပြီး၊ သူ့ကို ပံ့ပိုးကာ ကိုးကွယ်ဖို့ရန်အလို့ငှာ၊ စာတန်သည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏နေရာကို ဖျက်ဆီးပြီး မိမိကိုယ်ကိုယ်အတွက် ရယူလိုသည်။ ဤသည်မှာ စာတန်၏ မာနထောင်လွှားသော သဘာဝဖြစ်သည်။ စာတန်က လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့်အခါ ၎င်းတို့ လုပ်သင့်သည့် အရာကို တိုက်ရိုက်ပြောသလော။ ဘုရားသခင်ကို စာတန် သွေးဆောင်သောအခါ ၎င်းသည် ထွက်လာပြီး “ငါသည် သင့်ကို သွေးဆောင်နေသည်၊ သင့်ကို ငါတိုက်ခိုက်မည်” ဟု ပြောသလော။ လုံးဝမပြောပေ။ သို့ဖြစ်ရာ စာတန်က မည်သည့်နည်းလမ်းကို သုံးသနည်း။ ၎င်းသည် ဖြားယောင်း၏၊ သွေးဆောင်၏၊ တိုက်ခိုက်ပြီး၊ ထောင်ချောက်ဆင်၏။ သမ္မာကျမ်းစာများမှပင် ကိုးကားလေ၏။ စာတန်သည် ၎င်း၏ အန္တရာယ်ပေးနိုင်သော ရည်ရွယ်ချက်များနှင့် အကြံများ ပြည့်စုံရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ပြောဆိုပြုမူသည်။ ဤအရာကို စာတန်က လုပ်ဆောင်ပြီးသည့်အခါ၊ လူသားတွင် ပြသထားသည့်အရာမှ မည်သည့်အရာကို မြင်ရသနည်း။ လူတို့သည်လည်း မာနထောင်လွှားလာကြသည် မဟုတ်လော။ လူသားသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းမှ နှစ်ထောင်ပေါင်းများစွာ ဒုက္ခခံစားရပြီးဖြစ်၏၊ ထို့ကြောင့် လူသားသည် မာနထောင်လွှား လာသည်၊ လှည့်ဖြားတတ်လာသည်၊ မလိုမုန်းထားစိတ် ရှိလာသည်၊ အလွန်အမင်း မိုက်မဲလာသည်။ ဤအရာများ အားလုံးသည် စာတန်၏သဘာဝကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စာတန်၏သဘာဝသည့် ဆိုးယုတ်သည့်အတွက်၊ ဤဆိုးယုတ်သောသဘာဝကို လူသားအားပေးပြီးဖြစ်ကာ ဤဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လူသားထံ ယူဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား အောက်တွင် အသက်ရှင်ပြီး စာတန်ကဲ့သို့ ဘုရားသခင်ကို အာခံသည်၊ တိုက်ခိုက်ပြီး စုံစမ်းသွေးဆောင်သည်မှာ ဘုရားသခင်ကို လူသားက မကိုးကွယ်နိုင်သကဲ့သို့ သူ့ကို ကြောက်ရွံ့သည့် စိတ်နှလုံး မရှိတော့သည်အထိ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။