အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၃) (အပိုင်း လေး)

စာတန်သည် လူသားကို ဖျက်ဆီးရန် မည်သည့် နည်းလမ်းတို့အား အသုံးချသည်ဆိုသည့်အကြောင်းကို ပြန်၍ ဆွေးနွေးကြပါစို့။ လူသားအပေါ် ဘုရားသခင်က အမှုပြုပြီး သင်တို့အယောက်တိုင်း မိမိတို့ကိုယ်တိုင် ကြုံတွေ့နိုင်သည့် နည်းလမ်းအမျိုးမျိုးအကြောင်းကို ငါတို့ ပြောဆိုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အလွန်အသေးစိတ်ကျကျ ငါပြောတော့မည်မဟုတ်။ သို့ရာတွင် သင်တို့၏စိတ်နှလုံးများထဲ၌၊ လူသားကို ဖျက်ဆီးရန် စာတန်သည် မည်သည့် လှည့်ကွက်များနှင့် ဗျူဟာများ အသုံးပြုသည်ကို မရှင်းမလင်းဖြစ်ကောင်းဖြစ်မည် သို့မဟုတ် ၎င်းတို့ကို အနည်းဆုံး အတိအကျ သိနားလည်မှု ရှိကောင်းရှိမည် မဟုတ်ပေ။ ဤအကြောင်းကို ထပ်မံပြောဆိုရန်မှာ ငါ့အတွက် အကျိုးရှိမည်လော (ဟုတ်ပါသည်။) သင်တို့သည် ဤအရာနှင့်ပတ်သက်၍ လေ့လာချင်ကြသလော။ သင်တို့ထဲမှ အချို့က “စာတန်အကြောင်းကို အဘယ်ကြောင့် ထပ်ပြောသနည်း။ စာတန်အကြောင်းကို ပြောသည့် တစ်ခဏတွင် ငါတို့ ဒေါသထွက်လာကြ၏၊ ၎င်း၏ နာမည်ကို ကြားသည့်အခါ ငါတို့သည် အလုံးစုံ စိတ်အနှောင့်အယှက် ဖြစ်ရသည်” ဟူ၍ မေးလိမ့်မည်။ ယင်းက သင်တို့ကို မည်မျှ စိတ်မသက်မသာဖြစ်စေကာမူ၊ သင်သည် အမှန်တရားများကို ရင်ဆိုင်ရမည်ဖြစ်သည်။ လူ၏ သိနားလည်ခြင်း အကျိုးအတွက် ဤအကြောင်းအရာတို့အား ရှင်းလင်းစွာ ပြောကြားရမည် ဖြစ်ပြီး ရှင်းလင်းစေရပေမည်။ ထိုသို့မဟုတ်ပါက လူသည် စာတန်၏လွှမ်းမိုးခြင်းမှ အမှန်တကယ် မလွတ်မြောက်နိုင်ပေ။

စာတန်၏ လှည့်ကွက်များ ပါဝင်သည့် လူသားကို ဖျက်ဆီးသော စာတန်၏နည်းလမ်းငါးခုကို ငါတို့သည် ရှေ့တွင် ဆွေးနွေးပြီးဖြစ်၏။ လူသားကို စာတန် ဖျက်ဆီးသည့် နည်းလမ်းတို့သည် အပေါ်ယံအကာ တစ်ခုမျှသာဖြစ်သည်။ သာ၍ အန္တရာယ်အပြုသောအရာမှာ ဤအပေါ်ယံအောက်တွင် ကွယ်ဝှက်နေသည့် စာတန်က မိမိ၏ ရည်မှန်းချက်များကို ရရှိရန် အသုံးပြုသော လှည့်ကွက်များဖြစ်သည်။ ဤလှည့်ကွက်များမှာ အဘယ်သို့နည်း။ ယင်းတို့ကို ငါ့အား အတိုချုံး ပြောပြကြလော့ (၎င်းသည် လိမ်လည်သည်၊ ဖြားယောင်းပြီး အကျပ်ကိုင်ပါသည်။) ဤလှည့်ကွက်များကို ပို၍ စာရင်းပြုလေလေ၊ ပို၍ နီးစပ်လေလေဖြစ်သည်။ သင်တို့သည် စာတန်၏ အန္တရာယ်ပြုခြင်းကို နက်နက်ရှိုင်းရှိုင်း ခံရပြီး၊ ဤအကြောင်းအရာ အပေါ်၌ ခံစားချက်ပြင်းထန်ကြသည့်အလား ဖြစ်ပုံရ၏။ (စာတန်သည် ဟုတ်သယောင်နှင့်မှားသော နှုတ်အပြောကိုလည်း အသုံးပြု လေသည်။ သူသည် လူတို့ကို လွှမ်းမိုးကာ၊ အဓမ္မ သိမ်းပိုက်ပါသည်။) အဓမ္မ သိမ်းပိုက်ခြင်း- ဤအရာက အထူးသဖြင့် နက်ရှိုင်းသော ခံစားချက်တစ်ခုကို ကျန်ရစ်စေသည်။ လူတို့သည် စာတန်၏ အဓမ္မ သိမ်းပိုက်ခြင်းကို ကြောက်ရွံ့ကြသည်၊ မဟုတ်လော။ အခြား လှည့်ကွက်တစ်ခုတစ်လေ ရှိသေးသလော။ (၎င်းသည် လူတို့ကို ကြမ်းတမ်းစွာ အန္တရာယ်ပြုသည်။ ခြိမ်းခြောက်ခြင်းများ ပြုကာ မက်လုံးများ ပေးပြီး လိမ်ညာပါသည်။) လိမ်ညာမှုတို့သည် ၎င်းလုပ်ရပ်များ၏ အနှစ်သာရဖြစ်သည်။ သင့်ကို လိမ်လည် လှည့်စားနိုင်ရန် အလို့ငှာ ၎င်းသည် လိမ်ညာ၏။ လိမ်ညာခြင်း၏ သဘောသဘာဝသည် အဘယ်နည်း။ လိမ်ညာခြင်းသည် လှည့်စားခြင်းနှင့် တူညီသည်မဟုတ်သလော။ အလိမ်အညာများကို ပြောဆိုခြင်း၏ ရည်မှန်းချက်သည် အမှန်တကယ်၌ သင့်ကို လှည့်စားရန်ဖြစ်သည်။ အခြားလှည့်ကွက်တစ်ခုတစ်လေ ရှိသေးသလော။ သင်တို့ သိသည့် စာတန်၏ လှည့်ကွက်များအားလုံးကို ငါ့ကို ပြောကြလော့။ (၎င်းသည် သွေးဆောင်သည်၊ အန္တရာယ်ပေးသည်၊ အမြင်ကန်းစေပြီး၊ လှည့်စားပါသည်။) ဤလှည့်ဖြားခြင်းအကြောင်းကို သင်တို့ အများစုသည် တူညီစွာခံစားရသည် မဟုတ်လော (၎င်းသည် လူကို ထိန်းချုပ်ပါသည်၊ လူကို အပိုင်သိမ်းပါသည်၊ လူကို အကြမ်းဖက်ကာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးပါသည်။) သင်တို့ ပြောနေသည့်အရာများ၏ အဓိပ္ပါယ်အလုံးစုံကို ငါသိပြီ ဤသည်မှာ ကောင်းပေ၏။ သင်တို့ အားလုံးသည် ဤအကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခု သိကြ၏၊ ထို့ကြောင့် ငါတို့သည် ယခုတွင် ဤလှည့်ကွက်များကို အနှစ်ချုပ်ကြည့်ကြစို့။

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော အဓိကလှည့်ကွက်များ ခြောက်ခုရှိ၏။

ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်သည် သင်၏နှလုံးသားကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်လိမ့်မည်ဖြစ်သည်။ “အကျပ်ကိုင်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်မနာခံပါက ခံစားရမည့် အကျိုးဆက်များကို သင့်အား တွေးတောစေလျက် သင့်အား သူ့ကိုနာခံစေဖို့ ခြိမ်းခြောက်မှု နှင့် အတင်းအဓမ္မ နည်းလမ်းများအား အသုံးပြုခြင်းကို ဆိုလိုသည်။ သင်သည် ကြောက်ရွံ့ပြီး မဖီဆန်ရဲသောကြောင့် ထိုအခါ သင်သည် သူ့ကို ကျိုးနွံနာခံလေသည်။

ဒုတိယမှာ လိမ်လည်ခြင်းနှင့် လှည့်စားမှု ဖြစ်သည်။ “လိမ်လည်ခြင်းနှင့် လှည့်စားခြင်း” တွင် မည်သည့်အရာ လိုအပ်သနည်း။ စာတန်သည် ဇာတ်လမ်းပုံပြင်များနှင့် မုသားအချို့ကို ဖန်တီးကာ၊ သင့်အား ထိုအရာတို့ကို ယုံကြည်လာစေရန် လှည့်စားခြင်း ဖြစ်၏။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူ၍ ၎င်းက သင့်အား လုံးဝမပြောသကဲ့သို့ သင့်အား ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းမဟုတ်ဟူ၍လည်း တိုက်ရိုက်မပြောပေ။ ၎င်းသည် “ဘုရားသခင်” ဟူသော စကားလုံးကို လုံးလုံး အသုံးမပြုဘဲ၊ ယင်းအစား အစားထိုးအနေဖြင့် အခြားတစ်စုံအရာကို အသုံးပြုကာ၊ ဘုရားသခင်၏ တည်ရှိခြင်းကို အခြေခံအားဖြင့် သင်မသိနိုင်ဖို့အလို့ငှာ သင့်အားလှည့်စားဖို့ရန် ဤအရာကို အသုံးပြုလေသည်။ ဟုတ်ပေ၏၊ ဤ “လှည့်စားမှု” တွင် ဤအရာတစ်ခုသာ မဟုတ်၊ သွင်ပြင်လက္ခဏာရပ်များစွာ ပါဝင်ပေ၏။

တတိယမှာ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းဖြစ်သည်။ မည်သည့်အရာဖြင့် လူတို့သည် အယူဝါဒ သွတ်သွင်းခံရကြသနည်း။ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းကို လူသားကိုယ်တိုင်၏ ရွေးချယ်မှုဖြင့် လုပ်ဆောင်သလော။ ယင်းကို လူသား၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းလော။ (မဟုတ်ပါ။) သင်သဘောမတူလျှင်ပင်၊ ထိုအရာနှင့်ပတ်သက်၍ သင်လုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ သင်၏ သတိမမူမိခြင်းကြောင့်၊ စာတန်သည် သူ၏အတွေးအခေါ်၊ သူ၏ ဘဝစည်းမျဉ်းများနှင့် သူ၏ အနှစ်သာရတို့ကို သင့်အထဲ မွေးမြူလျက် အယူဝါဒ သွတ်သွင်းလေသည်။

စတုတ္ထသည်ကား ခြိမ်းခြောက်မှုနှင့် နားယောင်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ၎င်းကို လက်ခံရန်၊ လိုက်နာရန်နှင့် ၎င်းအတွက် အမှုထမ်းရန်အလို့ငှာ စာတန်သည် အမျိုးမျိုးသော လှည့်ကွက်တို့ကို အသုံးချခြင်းဖြစ်၏။ ၎င်းသည် ၎င်း၏ ရည်မှန်းချက်များကို ရရှိရန် မည်သည့်အရာကိုမဆို လုပ်ဆောင် လိမ့်မည်ဖြစ်သည်။ ၎င်းသည် တစ်ချိန်လုံး သင့်ကို အပြစ်ကျူးလွန်မိစေရန် သွေးဆောင်လျက် တစ်ခါတစ်ရံ၌ သင့်အပေါ် မျက်နှာသာ အနည်းငယ်ပေး၏။ သင်သည် ၎င်းကို မလိုက်နာလျှင် သင့်ကို ဒုက္ခခံစားစေကာ၊ သင့်ကို ဒဏ်ပေးမည်ဖြစ်ပြီး သင့်အား တိုက်ခိုက်ရန်နှင့် အမိဖမ်းရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြု လိမ့်မည်ဖြစ်သည်။

ပဉ္စမမှာ လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်းဖြစ်သည်။ “လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်း” ဆိုသည်မှာ လူတို့၏ ဇာတိအခြေအနေ၊ ၎င်းတို့၏ အသက်တာများနှင့် အနာဂတ်များကို ထောက်ထားနေသည့်အလား ထင်ရစေဖို့၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် စိတ်ကူးများနှင့် နားဝင်ချိုလှသော စကားလုံးအချို့ကို စာတန်က လုပ်ကြံဖန်တီးသည့်အချိန်သည် အမှန်တကယ်တွင် ၎င်း၏ တစ်ခုတည်းသော ရည်မှန်းချက်က သင့်ကို လှည့်စားဖို့ဖြစ်သည့်အချိန် ဖြစ်သည်။ ထို့နောက် မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ကို သင် မသိစေဖို့အလို့ငှာနှင့်၊ သင် အမှတ်တမဲ့ လှည့်စားခံရကာ ထိုသို့ဖြင့် ၎င်း၏ထိန်းချုပ်မှု အောက်သို့ ရောက်လာဖို့အလို့ငှာ သူသည် သင့်ကို တုံ့ဆိုင်းစေလေသည်။

ဆဌမမှာ ကိုယ်နှင့်စိတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ စာတန်သည် လူသား၏ မည်သည့်အစိတ်အပိုင်းကို ဖျက်ဆီးသနည်း။ (လူ၏စိတ်နှင့် ဖြစ်တည်မှုတစ်ခုလုံး ဖြစ်ပါသည်။) သင့်အနေဖြင့် ခုခံရန် အစွမ်းမရှိအောင် ပြုလျက်၊ စာတန်သည် သင်၏ စိတ်ကို ဖျက်ဆီး၏၊ ဆိုလိုသည်မှာ သင်၏နှလုံးသားသည် စာတန်ဆီသို့ မရည်ရွယ်ဘဲ တဖြည်းဖြည်းချင်း လှည့်မိခြင်း ဖြစ်သည်။ သင့်အနေဖြင့် နောက်ဆုံးတွင် လူကောင်းတစ်ဦးဖြစ်ဖို့ ဆန္ဒမရှိတော့ရန်အလို့ငှာ၊ “ဖြောင့်မတ်ခြင်း” ဟု သင်ခေါ်ဆိုသော အရာအတွက် ရပ်တည်ချင်စိတ် မရှိတော့စေရန်အလို့ငှာ ၎င်းသည် သင့်ကို လွှမ်းမိုးပြီး လက်သပ်မွေးဖို့ရန် ဤအယူအဆများနှင့် ယဉ်ကျေးမှုများကို နေ့စဉ်အသုံးပြုရင်း၊ သင်၏ဆန္ဒကို နည်းနည်းစီ လှိုက်စားရင်း သင့်အထဲသို့ ဤအရာများကို နေ့စဉ် သွတ်သွင်းလေသည်။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ သင်သည် ရေစီးကြောင်းကို ဆန်တက်ကူးခတ်ရန် စိတ်စွမ်းအား မရှိတော့ဘဲ၊ ယင်းအစား ရေစီးကြောင်းနှင့် အလိုက်သင့် မျောပါသွားလေသည်။ “ဖျက်ဆီးခြင်း” ဆိုသည်မှာ စာတန်သည် လူတို့ကို လွန်စွာ ညှဉ်းပန်းနှိပ်စက်သဖြင့် ၎င်းတို့သည် လူသားမဟုတ်တော့ဘဲ၊ မိမိတို့ကိုယ်တိုင်၏ အရိပ်အယောင်များ ဖြစ်လာကြလေသည်။ ဤသည်မှာ စာတန်က ၎င်းတို့အား တိုက်ခိုက်၊ ဖမ်းဆီးကာ ဝါးမျိုသောအခါတွင်ဖြစ်သည်။

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော ဤလှည့်ကွက် တစ်ခုစီသည် လူသားအား ခုခံနိုင်စွမ်းမဲ့စေ၏။ ယင်းတို့ တစ်ခုစီတိုင်းသည် လူသားအတွက် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်သည်။ တစ်နည်းအားဖြင့် စာတန်လုပ်ဆောင်သော အရာရာတိုင်းနှင့် ၎င်းအသုံးချသော လှည့်ကွက်ဟူသမျှက သင့်ကို ဆုတ်ယုတ် စေနိုင်သည်၊ စာတန်၏ ထိန်းချုပ်မှု အောက်သို့ ရောက်စေနိုင်ကာ၊ သင့်အား မကောင်းမှုနှင့် အပြစ်တို့၏ နွံထဲ၌ နစ်မြုပ်စေနိုင်၏။ ယင်းကဲ့သို့အရာများမှာ လူသားကိုဖျက်ဆီးရန် စာတန်အသုံးချသော လှည့်ကွက်များ ဖြစ်သည်။

ငါတို့သည် စာတန်အား ဆိုးယုတ်သည်ဟု ဆိုနိုင်၏၊ သို့ရာတွင် ယင်းကို အတည်ပြုရန်အလို့ငှာ၊ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်း အကျိုးဆက်တို့မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် ၎င်းသည် လူသားထံသို့ မည်သည့် စိတ်သဘောထားများနှင့် အနှစ်သာရများအား သယ်ဆောင်လာကြောင်းတို့ကို ကြည့်ရဦးမည်ဖြစ်၏။ သင်တို့ အားလုံးသည် ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သိကြသောကြောင့် ပြောကြလော့။ လူတို့ကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတို့ကို ထုတ်ဖော်ပြ ကြသနည်း။ (မာနထောင်လွှားမှုနှင့် မောက်မာမှု၊ တစ်ကိုယ်ကောင်းဆန်မှု နှင့် စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ကောက်ကျစ်ခြင်းနှင့် လှည့်စားတတ်ခြင်း၊ တိတ်တဆိတ် အန္တရာယ်ပြုခြင်းနှင့် အငြိုးထားခြင်း၊ လူ့သဘာဝ လုံးဝကင်းမဲ့ခြင်းတို့ ဖြစ်သည်။) အားလုံးကိုခြုံကြည့်သော် ၎င်းတို့တွင် လူ့သဘာဝမရှိဟု ပြောနိုင်သည်။ ယခု တခြားသော ညီအစ်ကိုမောင်နှမတို့ကို ပြောကြပါစေဦး။ (လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသောအခါ၊ သူတို့သည် အများအားဖြင့် ထုံးစံအတိုင်း မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်နေခြင်း၊ စိတ်ကြီးဝင်ခြင်း၊ လောဘကြီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ ရှိတတ်သည်။ ဤသည်တို့မှာ အဆိုးဝါးဆုံးကိစ္စများ ဖြစ်သည်ဟု ငါယူဆသည်။) (လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် သူတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ရရှိရန် မီးကုန်ယမ်းကုန် ကြိုးစားကြသည်။ ပြီးလျှင် သူတို့သည် ဘုရားသခင်ကိုပင် ရန်လိုလာကြသည်၊ ဘုရားသခင်ကို ဆန့်ကျင်သည်၊ ဘုရားသခင်ကို မနာခံကြသည့်အပြင် လူသားက ပိုင်ဆိုင်သင့်သော အသိစိတ်နှင့် ဆင်ခြင်တုံတရား ပျောက်ဆုံးသွား ပါသည်။) သင်တို့ ပြောသွားသည်များအားလုံးသည် အသေးအဖွဲ ခြားနားမှုများမှလွဲ၍ အခြေခံအားဖြင့် တူညီကြ၏။ သင်တို့ထဲမှ အချို့မှာ အရေးမပါသော အသေးစိတ်တို့ကို သက်သက် ပို၍ ထည့်သွင်းသည်။ အနှစ်ချုပ်ရသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် ပတ်သက်ပြီး အများဆုံးပေါ်လွင်သည့် အရာများမှာ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ အငြိုးထားခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ဖြစ်သည်။ သို့ရာတွင် သင်တို့ အားလုံးသည် တူညီသောအရာတစ်ခုကို သတိမမူမိကြ လေပြီ။ လူတို့သည် အသိစိတ်မရှိကြ၊ ၎င်းတို့သည် ဆင်ခြင်တုံတရား ပျောက်ဆုံးပြီဖြစ်ကာ လူ့သဘာဝ မရှိကြချေ- သို့သော် သင်တို့ မဖော်ပြထားသည့် အလွန်အရေးကြီးလှသော အခြားအရာတစ်ခု ရှိ၏၊ ယင်းမှာ “သစ္စာဖောက်ခြင်း” ဖြစ်သည်။ စာတန်၏ ဖျက်ဆီးခြင်းကို လူတို့ ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ထဲတွင် တည်ရှိသည့် ဤစိတ်သဘောထားများ၏ နောက်ဆုံးသော အကျိုးဆက်မှာ ဘုရားသခင်အပေါ် ၎င်းတို့ သစ္စာဖောက်ခြင်း ဖြစ်သည်။ လူတို့ကို ဘုရားသခင်က မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ၎င်းတို့အပေါ် မည်သည့်အမှုကို သူပြုသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားဟု ၎င်းတို့သိထားသောအရာကို အရေးမစိုက်ကြချေ။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုတော့သကဲ့သို့ သူ့ကို သစ္စာဖောက် ကြလေသည်။ ဤသည်မှာ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်းအကျိုးဆက် ဖြစ်၏။ ယင်းသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံးအတွက် ထို့အတူပင် ဖြစ်သည်။ လူသားကို ဖျက်ဆီးရန် စာတန် အသုံးပြုသော နည်းလမ်းများဖြစ်သည့်- လူတို့ သင်ယူသော အသိပညာ၊ ၎င်းတို့သိသော သိပ္ပံပညာ၊ အယူသီးမှုများနှင့် ရိုးရာယဉ်ကျေးမှုများ နှင့်သက်ဆိုင်သော ၎င်းတို့၏ သိနားလည်မှုအပြင်၊ လူမှုရေး ရေပန်းစားမှုများထဲတွင်- လူသားအနေဖြင့် မည်သည့်အရာက ဖြောင့်မတ်ပြီး မည်သည့်အရာက မဖြောင့်မတ်ပါဟု ပြောဖို့ လူသား အသုံးပြုနိုင်သော အရာတစ်ခုတစ်လေ ရှိပါသလော။ မည်သည့်အရာက သန့်ရှင်းပြီး မည်သည့်အရာက ဆိုးယုတ်သည်ဆိုသည်ကို သိစေရန် လူသားကို ကူညီနိုင်သော အရာတစ်ခုတစ်လေရှိသလော။ ဤအရာများကို တိုင်းတာရန် အသုံးပြုသော စံနှုန်းများ တစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) လူသားကို ကူညီပေးနိုင်သည့် စံနှုန်းများနှင့် အခြေခံအကြောင်းအရင်းတို့ မရှိပါပေ။ လူတို့သည် “သန့်ရှင်းခြင်း” ဆိုသည့် စကားလုံးကို သိနိုင်သော်လည်း သန့်ရှင်းခြင်းဟူသည်မှာ မည်သည့်အရာ ဖြစ်သည်ကို အမှန်တကယ်သိသူ မရှိပေ။ ထို့ကြောင့် လူသားထံ စာတန်ယူဆောင်ပေးသော ဤအရာတို့သည် ၎င်းတို့အား သမ္မာတရားကို သိဖို့ ကူညီနိုင်သလော။ ၎င်းတို့သည် လူသားအား လူ့သဘာဝဖြင့် သာ၍ အသက်ရှင်ဖို့ ကူညီနိုင်သလော။ ၎င်းတို့သည် လူသားအား ဘုရားသခင်ကို ပို၍ကိုးကွယ်နိုင်သော နည်းလမ်းဖြင့် အသက်ရှင်ဖို့ ကူညီနိုင်သလော။ (မကူညီနိုင်ပါ။) ၎င်းတို့သည် လူသားအား ဘုရားသခင်ကို ကိုးကွယ်ဖို့ သို့မဟုတ် သမ္မာတရားကို နားလည်ဖို့ မကူညီနိုင်သကဲ့သို့၊ သန့်ရှင်းခြင်းနှင့် ဆိုးယုတ်ခြင်းတို့ မည်သည့်အရာ ဖြစ်သည်တို့ကို သိဖို့ လူကို မကူညီနိုင်သည်မှာ သိသာထင်ရှားပေသည်။ အပြန်အလှန်အားဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသထက်ဝေးရာ လမ်းလွဲရင်း ပိုပိုပြီး ဆုတ်ယုတ်လာလေသည်။ ဤသည်မှာ စာတန်က ဆိုးယုတ်သည်ဟု ငါတို့ပြောရသည့် အကြောင်းရင်းဖြစ်သည်။ စာတန်၏ ဆိုးယုတ်သော အရည်အသွေးအများအပြားကို ခွဲခြမ်းလေ့လာပြီးသည့်အတွက် စာတန်အထဲတွင်ဖြစ်စေ၊ သူ၏ အရည်အသွေးများတွင်ဖြစ်စေ သို့မဟုတ် သူ၏ အနှစ်သာရနှင့်သက်ဆိုင်သော သင်၏ နားလည်မှုတွင်ဖြစ်စေ သန့်ရှင်းခြင်း၏ လက္ခဏာရပ်တစ်ခုခုကို သင်တို့ မြင်မိပါသလော (မမြင်မိပါ။) ထိုမျှ သေချာပေသည်။ သို့ဆိုလျှင် စာတန်၏ အနှစ်သာရလက္ခဏာ တစ်ခုခုသည် ဘုရားသခင်နှင့် တူညီမှုတစ်ခုတစ်လေ ရှိသည်ကို သင်တို့မြင်မိပါသလော။ (မမြင်မိပါ။) စာတန်၏ ဖော်ပြချက် တစ်ခုခုသည် ဘုရားသခင်နှင့် တူညီမှု တစ်ခုတစ်လေ ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် ယခု သင်တို့ကို ငါမေးချင်သည်- သင်တို့၏ကိုယ်ပိုင်စကားများ အသုံးပြုလျှင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းဆိုသည်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ ဦးဆုံးအနေဖြင့် “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဟူသည့် စကားလုံးသည် မည်သည်နှင့် ဆက်စပ်နေသည်ဟု ဆိုထားသနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်နေသည်ဟု ဆိုထားသလော။ သို့မဟုတ် သူ၏စိတ်နေသဘောထား သွင်ပြင်အချို့နှင့် ဆက်စပ်၍ ဆိုထားသလော (ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်၍ ဆိုထားပါသည်။) ငါတို့လိုချင်သော အကြောင်းအရာကို ရောက်ရှိရန် အသုံးပြုဖို့ ခြေကုပ်တစ်ခုကို ငါတို့ ရှင်းရှင်းလင်းလင်း ခွဲခြားရမည်။ ဤစကားများကို ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်၍ ဆိုထားပေသည်။ ဦးဆုံးအနေဖြင့်၊ ငါတို့သည် ဘုရားသခင်၏ အနှစ်သာရအဖို့ စာတန်၏ ဆိုးယုတ်မှုကို အဖြည့်ခံအဖြစ် ငါတို့ အသုံးပြုကြပြီးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ထံ၌ စာတန်၏ အနှစ်သာရ တစ်ခုခုကို သင်မြင်မိသေးသလော။ လူသားမျိုးနွယ်၏ အနှစ်သာရတစ်ခုခုကိုကော အဘယ်သို့နည်း။ (ကျွန်ုပ်တို့ မမြင်မိကြပါ။ ဘုရားသခင်သည် မာနထောင်လွှားခြင်း မရှိ၊ တစ်ကိုယ်ကောင်း မဆန်သကဲ့သို့၊ သစ္စာဖောက်ခြင်းမရှိ၊ ပြီးလျှင် ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရအား ထုတ်ဖော်ပြသည်ကို ငါတို့မြင်ရသည်။) ဖြည့်စွက်ဖို့ အခြားတစ်ခုခု ရှိပါသလော။ (ဘုရားသခင်တွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင်မျှ မရှိပါ။ စာတန်၌ရှိသောအရာမှာ အပျက်သဘော လုံးလုံးဖြစ်သော်လည်း ဘုရားသခင်၌ ရှိသောအရာမှာ အပြုသဘောသာ ဖြစ်သည်။ ငါတို့ အလွန်ငယ်ရွယ်သည့် အချိန်မှစ၍ ငါတို့၏ ဘဝတစ်လျှောက်လုံးနှင့် ယခုနေ့ရက်အထိတိုင်အောင်၊ အထူးသဖြင့် ငါတို့ စိတ်ရှုပ်ထွေးပြီး လမ်းပျောက်ခဲ့ချိန်တွင် ငါတို့ကို စောင့်ရှောက်လျက် ကာကွယ်ပေးလျက် ဘုရားသခင်သည် ငါတို့ ဘက်တွင် အမြဲရှိနေခဲ့သည်ကို ငါတို့ မြင်နိုင်ပါသည်။ ဘုရားသခင်တွင် လှည့်စားခြင်း၊ လိမ်လည်ခြင်း မရှိပါ။ သူသည် ရှင်းလင်းပြတ်သားစွာ ပြောဆိုပြီး၊ ဤသည်မှာလည်း ဘုရားသခင်၏ စစ်မှန်သောအနှစ်သာရ ဖြစ်ပါသည်။) အလွန်ကောင်းမွန်ပေ၏။ (ငါတို့သည် ဘုရားသခင်၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမျှ မမြင်ရပေ။ တမင်လိမ်လည်ခြင်းမရှိ၊ ကြွားဝါခြင်းမရှိ၊ အနှစ်မပါသောကတိများ မရှိသကဲ့သို့ လှည့်စားခြင်းလည်း မရှိပေ။ ဘုရားသခင်သည် လူသားက ယုံကြည်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ရိုးသားမှန်ကန်ပါသည်။ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ပြောဆိုသည်၊ ၎င်းတို့ကို အသိဉာဏ်ပညာပေးသည်၊ အဆိုးနှင့်အကောင်းကို ခွဲခြားနိုင်စေပြီး အမျိုးမျိုးသောလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ချင့်ချိန်နိုင်စွမ်း ရှိစေနိုင်သည်ကို ဘုရားသခင်၏အမှုတော်မှ ငါတို့မြင်နိုင်ပါသည်။ ဤအရာ၌ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ငါတို့မြင်နိုင်ပါသည်။) သင်တို့ ပြောပြီးပြီလော။ သင်တို့ ပြောပြီးသည့်အရာများနှင့် ပတ်သက်၍ ကျေနပ်ကြပါသလော။ သင်တို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အပေါ် သိနားလည်မှုသည် အမှန်တကယ် မည်မျှရှိသနည်း။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ မည်မျှ နားလည်သဘောပေါက်သနည်း။ သင်တို့ တစ်ဦး တစ်ယောက်စီတိုင်းသည် သင်တို့၏ နှလုံးသားထဲ၌ ထိုးထွင်းသိမြင်သော သိနားလည်မှု အဆင့်တစ်ခု ရှိကြသည်ကို ငါသိ၏၊ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတစ်ယောက်စီတိုင်းသည် ၎င်းတို့အပေါ်၌ပြုသည့် ဘုရားသခင်၏အမှုကို ခံစားနိုင်ကြပြီး ဘုရားသခင်ထံမှ- ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ၊ အသိဉာဏ် ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်း၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းဟူသော အမှုအရာ များစွာတို့ကို အတိုင်းအတာအမျိုးမျိုးဖြင့် ရရှိကြသောကြောင့် ဖြစ်သည်၊ ဤအရာများကြောင့် လူသည် ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သည့် ရိုးရှင်းသော သိနားလည်မှုအချို့ကို ရရှိပေသည်။

ငါတို့ ယနေ့ဆွေးနွေးနေသည့် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် လူအများစုအဖို့ ထူးဆန်းသည်ဟု ထင်ရနိုင်သော်လည်း၊ မည်သို့ပင် ဖြစ်စေ၊ ငါတို့သည် ဤအကြောင်းအရာကို ယခု အစပြုလိုက်ပြီဖြစ်ပြီး သင်တို့သည် ရှေ့ကလမ်းကို လျှောက်လှမ်းသည်နှင့်အမျှ ပို၍နက်ရှိုင်းသော သိနားလည်မှုကို သင်တို့ ရကြလိမ့်မည်။ ယင်းက သင်ကိုယ်တိုင်၏ အတွေ့အကြုံအတွင်း၌ တဖြည်းဖြည်း ခံစား၊ နားလည်ရန် တောင်းဆိုသည်။ ယခုတွင်မူ “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဆိုသည်မှာ ဘုရားသခင်၏အနှစ်သာရမှာ အပြစ်အနာအဆာ ကင်းကြောင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ကိုယ်ကျိုးငဲ့ခြင်းမရှိ၊ လူသားကို ဘုရားသခင်ပေးသော အရာအားလုံးသည် ကိုယ်ကျိုးငဲ့ခြင်း မရှိသည်ကို ဆိုလိုကြောင်း သင်၏ နှလုံးသားဗဟိုချက်မှ သင်သိမည့်နေ့ တစ်နေ့အထိ၊ ဘုရားသခင်၏ အနှစ်သာရအပေါ် သင်တို့၏ ထိုးထွင်းသိမြင်မှုကို အခြေခံသည့် သိနားလည်ခြင်းသည် ထိုအရာကို သင်ယူလေ့လာရန်၊ ခိုင်မာစေရန်၊ ခံစားရန်နှင့် ကြုံတွေ့ရန် ကြာရှည်သောအချိန်ကာလတစ်ခု လိုအပ်သေး၏။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အပြစ် အနာအဆာကင်းပြီး အပြစ်တင်စရာမရှိသည်ကို သင်သိလာလိမ့်မည်။ ဘုရားသခင်၏ ဤအနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင် လက္ခဏာများသည် သူ၏ အဆင့်အတန်းကို ကြွားလုံးထုတ်ရန် သူအသုံးပြုသော စကားလုံးများသက်သက်မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်စီတိုင်းအား တည်ငြိမ်သော ရိုးသားမှန်ကန်မှုဖြင့် ဆက်ဆံရန် သူ၏အနှစ်သာရကို အသုံးပြုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အနှစ်သာရသည် အဓိပ္ပာယ်မဲ့မဟုတ်သကဲ့သို့ အယူအဆရေးရာ သို့မဟုတ် အယူဝါဒဆိုင်ရာလည်း မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် အသိပညာတစ်မျိုး မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်၏။ ယင်းသည် လူသားအတွက် ပညာရေးတစ်မျိုးမဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်ကိုယ်တိုင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော စစ်မှန်သည့် ထုတ်ဖော်ပြခြင်းနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ထားသော အနှစ်သာရဖြစ်သည်။ ဘုရားသခင် ပြုသောအရာတိုင်းနှင့် သူပြောဆိုသော နှုတ်ကပတ်တော်တိုင်းသည် လူတစ်ဦးတစ်ယောက်ချင်းစီအဖို့ ကြီးစွာသောတန်ဖိုးနှင့် ကြီးစွာသောအရေးပါမှု ရှိခြင်းကြောင့် လူသားသည် ဤအနှစ်သာရကို သိသင့်ပြီး နားလည်သဘောပေါက် သင့်၏။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည် သဘောပေါက် လာသည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ “အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ် အစစ်အမှန်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင့်အနေဖြင့် ဤတစ်လမ်းအပြင် သင်ရွေးလျှောက်နိုင်သည့် အခြားလမ်းကြောင်းများရှိသည်ကို တွေးလျက် သင်သည် စိတ်ကူးယဉ်တော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း လိုလားတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့် ယင်းသည် ဘုရားသခင် အားဖြင့်သာလျှင် ဖြောင့်မတ်သော အလင်းလမ်းကြောင်းပေါ် အသက်တာတစ်လျှောက် သင်လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ် ရ၏။ ဘုရားသခင်အားဖြင့်သာ ဘဝ၏ အဓိပ္ပာယ်ကို သင်သိနိုင်၏။ ဘုရားသခင်အားဖြင့်သာ စစ်မှန်သော လူ့သဘာဝကို သင် အသက်ရှင်နေထိုင်နိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သကဲ့သို့ သိလည်းသိနိုင်သည်။ ဘုရားသခင်အားဖြင့်သာ သမ္မာတရားမှ အသက်ကို သင်ရရှိနိုင်သည်။ ဘုရားသခင်ကိုယ်တိုင်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ သင့်အား ကယ်တင်ပေးနိုင်၏။ ဆင်းရဲဒုက္ခကို သင် မခံစားရတော့ရန်အလို့ငှာ ဘုရားသခင် မှအပ သင့်အား မည်သူမျှ၊ မည်သည့်အရာကမျှ ဒုက္ခပင်လယ် အတွင်းမှ မကယ်တင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို လုံးဝကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် အခြေခံအားဖြင့် တာဝန်ရှိပြီး၊ သူသည် သင့်အတွက် အရာခပ်သိမ်းကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံ မဟုတ်သည့်အရာဖြစ်စေ မည်သည့် အရာကမျှ မစွမ်းဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာတို့က ဘုရားသခင်၏ အနှစ်သာရကဲ့သို့သော အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သင့်အား ကယ်တင်ရန် သို့မဟုတ် သင့်အား ဦးဆောင်လမ်းပြရန် အစွမ်းအစမရှိချေ။ ဤသည်မှာ လူသားအဖို့ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။ ငါပြောပြီးသော ဤနှုတ်ကပတ်တော်များသည် ယေဘုယျ အားဖြင့် အနည်းငယ်မျှ အထောက်အကူဖြစ်နိုင်သည်ဟု သင်တို့သည် ခံစားရကောင်းခံစားရမည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးပါက ဤနှုတ်ကပတ်တော်များက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးရုံသာမက၊ ထို့ထက်ပင် ၎င်းတို့က သင့်အား လူ့အသက်တာ၏ မှန်ကန်သောလမ်းကြောင်းဆီသို့ မည်သို့ပို့ဆောင် ပေးလိမ့်မည်ကို သင်တွေ့ကြုံလာရလိမ့်မည်။ ဤအရာကို သင် နားလည်သည်မဟုတ်လော။ သို့ဆိုလျှင် ယခု သင်တို့သည် ဘုရားသခင်၏ အနှစ်သာရကို သိခြင်း၌ စိတ်ဝင်စားမှုအတော်အတန် ရှိပြီလော။ (ရှိပါပြီ။) သင်တို့ စိတ်ပါဝင်စားသည်ကို သိရသည်မှာ ကောင်းပေ၏။ ဤသည်မှာ ယနေ့အတွက် ဘုရားသခင်၏ သန့်ရှင်းခြင်းအား သိခြင်းနှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယ အကြောင်းအရာကို အဆုံးသတ်မည့်နေရာဖြစ်သည်။

ယနေ့ ဆုံတွေ့ပွဲ၏အစ၌ ငါ့အား အံ့အားသင့်စေခဲ့သည့် သင်တို့ပြုလုပ်ခဲ့သော အရာတစ်ခုအကြောင်းကို သင်တို့ကို ငါပြောချင်သည်။ သင်တို့ထဲမှ အချို့သည် ကျေးဇူးတရား အသိစိတ်တစ်ခုကို ပြုစုပျိုးထောင်ကောင်း ပျိုးထောင် နေလိမ့်မည်၊ ကျေးဇူးတင်ရှိကောင်းတင်ရှိနေလိမ့်မည်၊ ထို့ကြောင့် သင်တို့၏စိတ်ခံစားချက်သည် အလားတူ လိုက်လျောညီထွေသော လုပ်ဆောင်ချက်ကို ဆောင်ကြဉ်းခဲ့ပေသည်။ သင်တို့ လုပ်ခဲ့သည့်အရာသည် အပြစ်ဆိုဖို့မလိုသည့်အရာတစ်ခု ဖြစ်၏။ မှန်လည်း မမှန်သကဲ့သို့ မှားလည်းမမှားချေ။ သို့ရာတွင် သင်တို့ကို ငါသည် တစ်စုံတစ်ခုအား နားလည်စေချင်သည်။ မည်သည့်အရာကို သင်တို့အား ငါ နားလည်စေချင်သနည်း။ ဦးစွာအနေဖြင့်၊ သင်တို့ ယခုတင် လုပ်ခဲ့သောအရာ နှင့်ပတ်သက်ပြီး သင်တို့ကို မေးချင်သည်။ ယင်းသည် ဝတ်ပြုကိုးကွယ်ရန် ဝပ်စင်းရခြင်းလော သို့မဟုတ် ဒူးထောက်ရခြင်းလော။ တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်သလော။ (ဝပ်စင်းရခြင်းဟု ယုံကြည်ပါသည်။) ဝပ်စင်းရခြင်းဟု သင်တို့က ယုံကြည်သည်၊ သို့ဆိုလျှင် ဝပ်စင်းခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း (ကိုးကွယ်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဝတ်ပြုရန် ဒူးထောက်ခြင်းသည် အဘယ်နည်း။ ဤအကြောင်းကို သင်တို့နှင့်အတူ ယခင်က ငါမိတ်သဟာယမပြုရသေးသော်လည်း၊ ယနေ့ ထိုအရာကို လုပ်ဆောင်ဖို့လိုအပ်သည်ဟု ငါ ခံစားမိသည်။ သင်တို့၏ ပုံမှန်ဆုံတွေ့ပွဲများတွင် သင်တို့ ဝပ်စင်းကြသလော။ (မဝပ်စင်းကြပါ။) သင်တို့ ဆုတောင်းသည့်အခါ ဝပ်စင်းသလော။ (ဝပ်စင်းပါသည်။) ဆုတောင်းသည့်အခါတိုင်း အခြေအနေ ပေးသည့်အခါဝပ်စင်းကြသလော။ (ဝပ်စင်းပါသည်။) ကောင်းပေ၏။ သို့ရာတွင် ယနေ့ သင်တို့ကို ငါနားလည်စေချင်သည်မှာ လူနှစ်မျိုး၏ ဒူးထောက် ရှိခိုးခြင်းကိုသာ ဘုရားသခင်က လက်ခံသည့် အကြောင်းဖြစ်၏။ ငါတို့သည် သမ္မာကျမ်း သို့မဟုတ် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ဆွေးနွေးဖို့ မလိုအပ်ပေ။ ယင်းအစား၊ ငါသည် သင်တို့အား မှန်ကန်သော အရာတစ်ခုကို ဤနေရာနှင့် ယခုပင် ပြောတော့မည်။ ဦးဆုံးအနေဖြင့်၊ ဝတ်ပြုရန် ဝပ်စင်းခြင်းနှင့် ဒူးထောက်ခြင်းတို့သည် မတူညီကြချေ။ ၎င်းတို့ဘာသာ ဝပ်စင်းသောသူတို့၏ ဒူးထောက်ရှိခိုးခြင်းကို ဘုရားသခင်သည် အဘယ်ကြောင့် လက်ခံသနည်း။ ယင်းမှာ ဘုရားသခင်သည် တစ်စုံတစ်ယောက်အား သူ့ထံသို့ ခေါ်ဆို၍၊ ဤလူအား သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် စေ့ဆော်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကို မိမိ၏ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ဝပ်စင်းခွင့်ပြုခြင်းဖြစ်လေသည်။ ဤသည်မှာ ပထမလူအမျိုးအစားဖြစ်၏။ ဒုတိယ အမျိုးအစားသည်ကား ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ယောက်၏ ဝတ်ပြုရန် ဒူးထောက်ခြင်း ဖြစ်သည်။ ဤသို့သော လူနှစ်မျိုးသာရှိ၏။ သို့ဆိုလျှင် မည်သည့်အမျိုးအစား၌ သင်တို့ ပါဝင်သနည်း။ သင်တို့ပြောနိုင်ပါသလော။ သင်တို့၏ခံစားချက်များကို အနည်းငယ်မျှ နာကျင်စေ နိုင်သော်လည်း၊ ဤသည်မှာ အမှန်တရားဖြစ်၏။ ဆုတောင်းစဉ်အတွင်း လူတို့၏ ဒူးထောက်ရှိခိုးခြင်းအကြောင်းကို ပြောစရာ ဘာမျှမရှိချေ- ဤသည်မှာ သင့်လျော်ပြီး ဖြစ်လည်း ဖြစ်သင့်၏၊ အဘယ်ကြောင့်ဆိုသော် လူတို့ ဆုတောင်းသည့်အခါ၊ အများအားဖြင့် တစ်စုံတစ်ခုအတွက် ဆုတောင်းခြင်း၊ ၎င်းတို့၏ နှလုံးသားများကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် သူနှင့် မျက်နှာချင်းဆိုင်ဆုံတွေ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် နှလုံးသားချင်း ဆက်သွယ်ကာ၊ ဖလှယ်ကြခြင်း ဖြစ်သည်။ သင်၏ ဒူးထောက်ဝတ်ပြုခြင်းသည် လုပ်ရိုးလုပ်စဉ် တစ်ခုမျှသာ မဖြစ်သင့်ပေ။ ငါသည် ယနေ့ သင်တို့ လုပ်လိုက်သောအရာအပေါ် အပြစ်ဆိုရန် ရည်ရွယ်ခြင်း မဟုတ်။ ဤအခြေခံသဘောတရားကို သင်တို့ နားလည် စေရန်အလို့ငှာ၊ သင်တို့အား ရှင်းရှင်းလင်းလင်း ဖြစ်စေလိုခြင်းသာ ဖြစ်သည်- ဤအရာကို သင်တို့ သိသည် မဟုတ်လော။ (သိပါသည်။) ဤအရာ တစ်ဖန်မဖြစ်ဖို့ရန် အလို့ငှာ သင်တို့ကို ငါ ပြောနေခြင်း ဖြစ်သည်။ သို့ဆိုလျှင်၊ လူတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ဝပ်စင်း၊ ဒူးထောက်ရန် အခွင့်အရေး ရှိပါသလော။ ဤအခွင့်အရေး လုံးဝမရှိမည်တော့ မဟုတ်ပေ။ အနှေးနှင့်အမြန် ထိုနေ့ရက်သည် ရောက်လာမည်ဖြစ်သော်လည်း၊ ယခု အချိန်မကျသေးပေ။ သင်တို့မြင်ကြသလော။ ဤအရာက သင်တို့ကို စိတ်ပျက်စေသလော။ (စိတ်မပျက်ပါ။) ကောင်းပေ၏။ ဘုရားသခင်နှင့်လူကြားက လက်ရှိ အကျပ်အတည်းနှင့် ၎င်းတို့ကြားတွင် မည်သည့် ဆက်ဆံရေးမျိုး ယခု တည်ရှိသည်ဆိုသည်ကို သင်တို့၏ နှလုံးသားများထဲတွင် သိနိုင်စေရန် အလို့ငှာ၊ ဤစကားတို့သည် သင်တို့အား တွန်းအားပေးလိမ့်မည်၊ သို့မဟုတ် လှုံ့ဆော်ပေးလိမ့်မည်။ ငါတို့သည် များမကြာမီက အများအပြား ဆွေးနွေးဖလှယ်ထားကြပြီးဖြစ်သော်လည်း၊ ဘုရားသခင် အပေါ် လူသား၏ သိနားလည်မှုမှာ လုံလောက်ရန် အလှမ်းဝေး နေဆဲဖြစ်၏။ လူသားသည် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းသည့် ဤလမ်းပေါ် ဆက်လျှောက်ဖို့ရန် ဝေးစွာကျန်နေသေးသည်။ ဤအရာကို သင်တို့အား အရေးတကြီး ကိစ္စရပ်တစ်ခုအဖြစ် ပြုလုပ်စေရန်၊ သို့မဟုတ် ဤသို့သော ရည်မှန်းချက်များ၊ ခံစားချက်များကို အမြန်ဖော်ပြစေရန်မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်။ ယနေ့ သင်တို့လုပ်ခဲ့သောအရာသည် သင်တို့၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြကောင်း ထုတ်ဖော်ပြနိုင်ပြီး၊ ငါသည် ၎င်းတို့ကို သိမြင်၏။ ထို့ကြောင့် သင်တို့အားလုံးကို ကောင်းမွန်စေချင် သောကြောင့် သင်တို့ ထိုအရာကို ပြုလုပ်နေစဉ်တွင်၊ ငါသည် ထကာ သင်တို့အား ငါ၏ ဆုမွန်ကောင်းများကို ပေးချင်ခဲ့မိ၏။ ထို့ကြောင့် သင်တို့အနေဖြင့် အမှုအရာများအားလုံးနှင့်သက်ဆိုင်၍ မှန်ကန်သော သိနားလည်မှုနှင့် မှန်ကန်သော အမြင်များ ရှိနိုင်ကြဖို့အလို့ငှာ၊ ငါ၏ နှုတ်ကပတ်တော်တိုင်းနှင့် အပြုအမူတိုင်းတွင်၊ သင်တို့ကို ကူညီရန်၊ လမ်းပြရန်အတွက် ငါသည် အစွမ်းကုန်ကြိုးပမ်း၏။ ဤအရာကို သင်တို့ သဘောပေါက်နိုင်သည် မဟုတ်လော။ (သဘောပေါက်ပါသည်။) ကောင်းပေ၏။ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော အမှုနှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ ရှိကြသော်လည်း၊ ဤနားလည်မှု၏ အများစုမှာ စာမျက်နှာတစ်ခုပေါ်မှ စကားလုံးများကို ဖတ်ကြည့်ခြင်း သို့မဟုတ် ယင်းတို့ကို အခြေခံသဘောတရားအရ နားလည်ခြင်း သို့မဟုတ် ယင်းတို့ကို စဉ်းစားကြည့်ခြင်းတို့ထက် မပိုချေ။ လူတို့ အချို့တဲ့ဆုံးသောအရာမှာ အတွေ့အကြုံစစ်စစ်မှလာသည့် စစ်မှန်သော သိနားလည်ခြင်းနှင့် ထိုးထွင်းသိမြင်မှု ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏နှလုံးသားတို့ကို နိုးထစေရန် အတွက် အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုသော်ငြား၊ ဤအရာ မဖြစ်မြောက်နိုင်မီ လျှောက်လှမ်းရမည့် ခရီးရှည်တစ်ခု ရှိနေဆဲဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ဖောက်ဖျက်ထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။ ယခုတွင် သင်တို့ အနည်းငယ်မျှ ပို၍စိတ်သက်သာရာရသလော။ (ရပါသည်။) သင်တို့သည် အရာအားလုံးနှင့် ငါ ပြောခဲ့သည့် နှုတ်ကပတ်တော်များကို မှန်ကန်စွာ ချဉ်းကပ်နိုင်သည်ဟု ငါ မျှော်လင့်၏။ သို့ဆိုလျှင် ဤမိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်လိုက်ကြပါစို့။ အားလုံးကို နှုတ်ဆက်ပါ၏။ (နှုတ်ဆက်ပါသည်။)

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။