ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (အပိုင်း တစ်)

အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရသေးဘဲ ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲခြင်း အမှုကို လူသားမျိုးနွယ် တည်ရှိသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် လူသား ဖောက်ပြန်ပျက်စီး ပြီးနောက်တွင်သာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် အနားမယူတော့ဘဲ ယင်းအစား လူသားများအကြားတွင် သူကိုယ်တိုင် စတင် အလုပ်များခဲ့သည်။ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်းချမ်းသာကို ဆုံးရှုံခဲ့သည်မှာ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ သူသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ မည်သည့်အခါမျှ တစ်ဖန် ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားသည် ငြိမ်သက်ခြင်းချမ်းသာ ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း ကင်းမဲ့ပြီး၊ သူ နောက်တစ်ကြိမ် အနားယူသည့်အခါတွင် လူသားသည်လည်း အနားယူလိမ့်မည်ဖြစ်သည်။ ငြိမ်သက်ခြင်းချမ်းသာထဲတွင် အသက်ရှင်ခြင်းဆိုသည်မှာ စစ်ပွဲ မရှိ၊ ညစ်ညမ်းမှု မရှိသကဲ့သို့၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိသည့် အသက်တာတစ်ခုကို ဆိုလိုပေသည်။ ယင်းမှာ စာတန်၏ နှောင့်ယှက်ခြင်းများ (ဤနေရာတွင် “စာတန်” ဆိုသည်မှာ ရန်လိုသော အင်အားစုများကို ရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိသည့် အင်အားစု တစ်ခုတစ်လေ၏ ကျူးကျော်ခြင်း ခံရလေ့မရှိသည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ယင်းမှာ အရာအားလုံးက မိမိ၏အမျိုးအစားနောက် လိုက်ကြပြီး ဖန်ဆင်းခြင်း၏ သခင်ကို ကိုးကွယ်နိုင်ကြကာ၊ ကောင်းကင်နှင့် မြေကြီး လုံးဝ ငြိမ်သက်အေးချမ်းလျက် ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်- ဤသည်မှာ “လူသားများ၏ အေးအေးလူလူ ရှိသော အသက်တာ” ဟူသည့် စကားများဖြင့် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင် အနားယူသည့်အခါတွင်၊ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိလိမ့်မည် မဟုတ်တော့ဘဲ၊ ရန်သူအင်အားစုတို့၏ နောက်ထပ် ကျူးကျော်မှု တစ်ခုတစ်လေမျှလည်း ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် နယ်ပယ်သစ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်- စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ် ဖြစ်ကြတော့မည် မဟုတ်ဘဲ၊ ယင်းထက် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရပြီးနောက် ကယ်တင်ခံရပြီးဖြစ်သော လူသားမျိုးနွယ် ဖြစ်ကြလိမ့်မည်။ လူသားမျိုးနွယ်၏ အနားယူသောနေ့ရက်သည် ဘုရားသခင်၏ အနားယူသောနေ့ရက်လည်း ဖြစ်လိမ့်မည်။ ဘုရားသခင်သည် နဂိုမူလက အနားမယူနိုင်ခဲ့သောကြောင့် မဟုတ်ဘဲ၊ လူသား၏ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို ဆုံးရှုံးခဲ့ရပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အရာရာတိုင်း ရပ်တန့်သွားသည် သို့မဟုတ် တိုးတက်ဖွံ့ဖြိုးမှု ရပ်စဲသွားသည်ဟု မဆိုလိုသကဲ့သို့၊ ဘုရားသခင်က အမှုပြုခြင်း ရပ်တန့်သွားသည် သို့မဟုတ် လူသားများက အသက်ရှင်မှု ရပ်တန့်သည်ကိုလည်း မဆိုလိုပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်း လက္ခဏာမှာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည့်အချိန်၊ ၎င်း၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ကြသော ထိုဆိုးယုတ်သည့် လူများ အပြစ်ဒဏ်ပေးခံရကာ ဖယ်ရှားခံပြီးသည့်အချိန်နှင့်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံး တည်ရှိခြင်း ရပ်စဲသွားချိန် ဖြစ်လိမ့်မည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင် ဝင်ရောက်ခြင်း ဆိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်တော့မည်မဟုတ်သည်ကို ဆိုလိုပေသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း ဆိုသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း မရှိဘဲ၊ လူသားမျိုးနွယ် အားလုံးသည် ဘုရားသခင်၏ အလင်းအတွင်းနှင့် သူ၏ ကောင်းချီးမင်္ဂလာ အောက်တွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး မည်သည့် မတရားမှုမျှ ဖြစ်ပွားလိမ့်မည် မဟုတ်သည်ကို ဆိုလိုသည်။ ဘုရားသခင်၏ စောင့်ရှောက်မှု အောက်တွင်၊ လူသားများသည် ကမ္ဘာမြေပေါ်တွင် ပုံမှန် နေထိုင်ကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ လူသားမျိုးနွယ်သည် ကယ်တင်ခံရပြီး ဖြစ်ကာ စာတန်သည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်သည်၊ လူသားများ၌ ဘုရားသခင်၏အမှု လုံးဝ ပြီးဆုံးသည်ကို ဆိုလိုပေသည်။ ဘုရားသခင်သည် လူသားများတွင် ဆက်လက် အမှုပြုတော့မည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်သည် ဆက်လက် အလုပ်များတော့မည် မဟုတ်သကဲ့သို့၊ လူသားများသည် စဉ်ဆက်မပြတ် လှုပ်ရှားရတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူအသီးသီးသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် လူသားများ နေထိုင်သွားကြမည့် ခရီးပန်းတိုင်များ ဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင် ရှိပြီး လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်တွင် ဘုရားသခင်သည် လူသားများ အားလုံးကို ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ အသက်တာများ၌ ဆက်လက် လမ်းပြမည် ဖြစ်ပြီး၊ သူ၏ အလင်းအတွင်း ရှိနေစဉ်၊ လူသားများသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အလယ်တွင် နေထိုင်တော့မည် မဟုတ်သကဲ့သို့၊ လူသားများသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ် တစ်ခုတည်းအတွင်းတွင် အသက်မရှင်နိုင်ချေ။ ယင်းထက် နှစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် သက်ဆိုင်ရာ နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို လမ်းပြသောသူ ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ပုံဆောင်ခဲ ဖြစ်သည်။ လူသားများသည် ဦးဆောင်ခံရသူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကဲ့သို့ တူညီသော အနှစ်သာရ မရှိချေ။ “အနားယူ” ဖို့ဆိုသည်မှာ မိမိ၏ မူလနေရာသို့ ပြန်သွားဖို့ ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည့်အခါတွင်၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားသည်ကို ဆိုလိုသည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် နေထိုင်တော့မည် မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ် အလယ်တွင် ၎င်းတို့၏ ဝမ်းမြောက်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားဖို့ ရှိတော့မည် မဟုတ်ပေ။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါတွင်၊ ယင်းမှာ ၎င်းတို့သည် စစ်မှန်သည့် ဖန်ဆင်းခြင်းခံရသည့် အရာများ ဖြစ်လာကြပြီးဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး ပုံမှန်လူသား အသက်တာများကို အသက်ရှင်ကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံတော့မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်သကဲ့သို့၊ အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွှဲမရှောင်သာသည့် ဦးတည်ရာ တစ်ခု ဖြစ်သည်။ ထိုသို့ဖြင့် သူ၏စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံပြီးနောက်တွင် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင်၏ ဝင်ရောက်ခြင်းနှင့် လူသားမျိုးနွယ်၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူ ရှောင်လွှဲ၍မရသော ဦးတည်ရာများ ဖြစ်လာကြပြီး ဖြစ်သည်။ လူသားမျိုးနွယ်၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာ အရပ်မှာ ကောင်းကင်ဘုံတွင် ဖြစ်သည်။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာ၌ ဘုရားသခင်ကို ကိုးကွယ်စဉ်တွင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် နေထိုင် လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲ၌ ကျန်သော လူသားမျိုးနွယ်ကို ဦးဆောင်နေစဉ်တွင်၊ သူသည် ကမ္ဘာမြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ၎င်းတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်နေဆဲ ဖြစ်စဉ်တွင်၊ လူသားများသည် အသွေးအသား ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးလုံးသည် မတူညီသော ပုံစံတစ်ခုဖြင့် အနားယူကြလိမ့်မည်။ ဘုရားသခင် အနားယူစဉ်တွင်၊ သူသည် လူသားများအလယ်တွင် ကြွလာကာ ကိုယ်ထင်ပြလိမ့်မည်။ လူသားများ အနားယူစဉ်တွင်၊ ၎င်းတို့သည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်အပြင်၊ ထိုနေရာ၌ အသက်တာကို မွေ့လျော်ရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင်၊ စာတန်သည် တည်ရှိတော့မည် မဟုတ်။ ထိုနည်းတူ ဆိုးယုတ်သော ထိုလူတို့သည်လည်း ဆက်လက် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ အနားမယူမီတွင်၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ဆိုးယုတ်သော သူများအပြင်၊ ကမ္ဘာမြေပေါ်၌ ဘုရားသခင်ကို မနာခံခဲ့ကြသည့် ရန်သူတို့သည် ဖျက်ဆီးခံကြရနှင့်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ကပ်ဘေးများအားဖြင့် ချေမှုန်းသုတ်သင်ခံကြရပြီး ဖြစ်လိမ့်မည်။ ထိုဆိုးယုတ်သော လူများ လုံးဝ အမြစ်ဖြတ် ချေမှုန်းခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ တစ်ဖန် ကြုံရလိမ့်မည် မဟုတ်ပေ။ ထိုအခါမှသာ လူသားမျိုးနွယ်သည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏အမှုသည် လုံးလုံးလျားလျား ပြီးဆုံးသွားလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် ဘုရားသခင်နှင့် လူသားမျိုးနွယ်အတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များ ဖြစ်သည်။

အရာခပ်သိမ်း၏ အဆုံးသတ် ချဉ်းကပ်လာမှုသည် ဘုရားသခင့် အမှု ပြီးပြည့်စုံခြင်းအပြင်၊ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု အဆုံးတစ်ခုကို ညွှန်ပြပေသည်။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ခံရသည်နှင့်အမျှ၊ လူသားများသည် ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှု အဆုံးကို ရောက်ရှိကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ အာဒံနှင့် ဧဝ၏ သားစဉ်မြေးဆက်များသည် ၎င်းတို့၏ မျိုးပွားခြင်းအား ပြည့်စုံစေပြီး ဖြစ်လိမ့်မည်ကို ဆိုလိုပေသည်။ ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရလျက်၊ ထိုသို့သော လူသားမျိုးနွယ်အနေဖြင့် ဆက်လက် ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်သည်ကိုလည်း ဆိုလိုသည်။ အစအဦးတွင် အာဒံနှင့် ဧဝတို့သည် ဖောက်ပြန်ပျက်စီးစေခြင်း မခံခဲ့ရသော်လည်း၊ ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်း ခံခဲ့ရသော အာဒံနှင့် ဧဝတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည်။ ဘုရားသခင်နှင့် လူသားတို့သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ အတူတကွ ဝင်ရောက်သောအခါ၊ ဧဒင်ဥယျာဉ်အတွင်းမှ နှင်ထုတ်ခံခဲ့ရသော အာဒံ၊ ဧဝနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်များသည် နောက်ဆုံးတွင် အဆုံးသတ်သွားကြလိမ့်မည်။ အနာဂတ် လူသားမျိုးနွယ်သည် အာဒံနှင့် ဧဝတို့၏ သားစဉ်မြေးဆက်များ ဆက်လက်ပါဝင်လိမ့်ဦးမည် ဖြစ်သော်လည်း၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော လူသားများ ဖြစ်ကြမည်မဟုတ်ချေ။ ယင်းထက်၊ ၎င်းတို့သည် ကယ်တင်ခံရပြီး သန့်စင်ခံခဲ့ရသောလူများ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရပြီးဖြစ်သည့် လူသားမျိုးနွယ်နှင့် သန့်ရှင်းသူ ဖြစ်ကြလိမ့်မည်။ ဤလူတို့သည် နဂိုမူလ ရှိခဲ့သော လူသားမျိုးနွယ်စုနှင့် တူလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် အစအဦးက အာဒံနှင့် ဧဝတို့မှ လုံးဝကွဲပြားခြားနားသော လူသားမျိုးနွယ်တစ်ခု ဖြစ်လိမ့်မည်ဟု ဆို၍ ရနိုင်လုနီးပါး ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသော သူအားလုံးထဲမှ ရွေးကောက်ခံရပြီး ဖြစ်လိမ့်မည် ဖြစ်ကာ ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအတွင်း အခိုင်အမာ ရပ်တည်ကြပြီးသူများ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ နောက်ဆုံးကျန်ရှိသော လူစုဖြစ်လိမ့်မည်။ ဤလူများသာ ဘုရားသခင်နှင့်အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အစေခံခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်မှုကြောင့်နှင့်၊ ၎င်းတို့၏ မနာခံခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့်၊ ဖယ်ရှားခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ထဲမှ သန့်ရှင်းသူတို့ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ လူသေ၏ ဝိညာဉ်များဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်ဆဲ လူများဖြစ်စေ မကောင်းမှုပြုသောသူ အားလုံးနှင့်၊ ကယ်တင်ခြင်းမခံရသေးသောသူ အားလုံးသည် ဖျက်ဆီးခြင်းခံကြ ရလိမ့်မည်။ ဤမကောင်းမှုပြုသည့် ဝိညာဉ်များနှင့် လူသားများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများနှင့် ဖြောင့်မတ်ခြင်းကိုပြုသော သူများ၏ ဝိညာဉ်များသည် ၎င်းတို့ မည်သည့်ခေတ်တွင် ရှိသည်ကို ပဓာနမထားဘဲ၊ မကောင်းမှုပြုသူ အားလုံးသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သောသူ အားလုံးသည် ရှင်ကျန်ရစ်ကြလိမ့်မည်။ လူတစ်ဦး သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်ကို နောက်ဆုံးသောခေတ်၏ အမှုအရ လုံးလုံး မဆုံးဖြတ်ပေ။ ယင်းထက် ၎င်းတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် မနာခံခဲ့ခြင်း ရှိမရှိ ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ အကယ်၍ ယခင်ခေတ်က မကောင်းမှု ကျူးလွန်ပြီး ကယ်တင်ခြင်း မရနိုင်ခဲ့သည့် လူများသည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ သေချာပေါက် ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ပြီး ကယ်တင်မခံရနိုင်သည့် လက်ရှိခေတ်ကာလထဲ ရှိသူများသည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းအတွက် ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်း မဟုတ်ပေ။ ထိုသို့ အမျိုးအစား ခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် ဆိုးယုတ်သောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ ထိုအစား သူ့အမှုသည် တစ်လုံးတစ်ဝတည်း ပြီးဆုံးသည့်အခါတွင်၊ ဤအလုပ်ကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ဆိုးယုတ်သူများကို မဖျက်ဆီးဘဲ၊ ယင်းအစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက၊ လူသားတိုင်းသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် ပြီးပြည့်စုံမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

ယနေ့ခေတ် လူတို့သည် ဇာတိပကတိနှင့်ဆိုင်သည့် အရာများကို လက်မလွှတ်နိုင်ကြသေးပေ။ ၎င်းတို့သည် ဇာတိပကတိ၏ ပျော်ရွှင်မှု၊ ကမ္ဘာလောက၊ ငွေ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မစွန့်လွှတ်နိုင်ကြချေ။ လူအများစုသည် ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့် ၎င်းတို့၏ လိုက်စားမှုများကို လုပ်ဆောင်ကြသည်။ အမှန်တွင် ဤလူများသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို လုံးဝ လက်သင့်ခံခြင်းမရှိပေ။ သာ၍ပင် ဆိုးသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိကြသောကြောင့်၊ ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်များကို ယုံကြည်နိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင် လုပ်ဆောင်သောအရာ အားလုံးကို မသိမြင်နိုင်ကြပေ။ ထိုသို့သော လူများသည် ဇာတိ အလွန်ဆန်လွန်းကြသည်။ ၎င်းတို့သည် အလွန် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေကြပြီး သမ္မာတရားဟူ၍ ဘာဆိုဘာမျှ မရှိကြပေ။ ထို့အပြင် ဘုရားသခင် လူ့ဇာတိခံယူနိုင်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည်- ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင် သို့မဟုတ် သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့ကို မယုံကြည်သကဲ့သို့၊ ယင်းအစား ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်ကို ကိုးကွယ်သူ မည်သူမဆိုသည်- ၎င်းတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိသည့် လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံတတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ချို့တဲ့ကြသည်။ ထို့အပြင် ဤလူများအတွက်၊ မြင်တွေ့နိုင်ပြီး လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ဘုရားသခင်ကို အခြားအရာများထက် ပို၍ပင် ယုံကြည်၍ မရနိုင်သော်လည်း၊ မမြင်တွေ့နိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရသည့် ဘုရားသခင်ကို အယုံကြည်ရဆုံးနှင့် ဝမ်းမြောက်ဝမ်းသာ အဖြစ်စေဆုံး ဖြစ်သည်ဟု ၎င်းတို့ ယူဆကြလေသည်။ ၎င်းတို့ ရှာဖွေသည်မှာ ဘုရားသခင်၏ အလို ဖြစ်ဖို့မဆိုထားနှင့်၊ တကယ့် အမှန်တရား မဟုတ်သကဲ့သို့ အသက်၏ မှန်ကန်သော အနှစ်သာရလည်း မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် စိတ်လှုပ်ရှားမှုကို ရှာဖွေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်း အပေးနိုင်ဆုံးသော မည်သည့် အရာများမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ၊ ၎င်းတို့ ယုံကြည်သည့်အရာနှင့် ၎င်းတို့ လိုက်စားသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းသာ ဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ မဟုတ်ပါလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ၎င်းတို့ကိုယ်တိုင်ကဲ့သို့သော အလွန် “ကောင်းမွန်သည့် လူများ” ကို ဖျက်ဆီးလိမ့်မည်ဟု လုံးဝ မယုံကြည်ကြပေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဖြစ်သည့်အပြင်၊ ဘုရားသခင်အတွက် အမှုအရာများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ သူ့အပေါ် အတော်အတန် “သစ္စာစောင့်သိမှု” ကို ပြသခဲ့ခြင်းတို့အတွက် ၎င်းတို့ကို ရက်ရက်ရောရော ဆုလာဘ် ပေးသနားမည်ဟု ယုံကြည်ကြလေသည်။ အကယ်၍သာ ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း လိုက်စားခဲ့ကြမည်ဆိုပါက၊ ၎င်းတို့၏ ဆန္ဒများ ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်း ဘုရားသခင်ကို ပြန်လည် တိုက်ခိုက်ကြလိမ့်မည် သို့မဟုတ် ယမ်းပုံမီးကျ ဖြစ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်သာ အမြဲကြိုးပမ်းကြသည့် စက်ဆုပ်ဖွယ်ကောင်းသော လူများအဖြစ် မိမိတို့ကိုယ်ကိုယ် ပြသကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုသို့သောလူများသည် ခရစ်တော်နောက်ကို လိုက်သည့် ဆိုးယုတ်သော လူများဟု ခေါ်ဆိုသည့်လူများ ဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သမ္မာတရားကို ယုံကြည်ဖို့ မဖြစ်နိုင်သကဲ့သို့၊ မြင်တွေ့နိုင်သော ဘုရားသခင်၏ မည်သည့် အမှု သို့မဟုတ် နှုတ်ကပတ်တော်များကိုမျှ မယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားမျိုးနွယ်၏ အနာဂတ် ရလဒ်ကို သာ၍ပင် မသိမြင်နိုင်ကြပေ- ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မယုံကြည်နိုင်ခြင်း ပါဝင်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်နောက် လိုက်ကြလျှင်ပင်၊ မကောင်းမှုကို ကျူးလွန်ကြဆဲ ဖြစ်ပြီး သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့၊ ငါ တောင်းဆိုသော သမ္မာတရားကိုလည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ဖျက်ဆီးခံရလိမ့်မည်ကို မယုံကြည်သော ထိုလူတို့သည် ဆန့်ကျင်ဘက်အားဖြင့် တကယ့်ကို ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သူတို့ကိုယ်သူတို့ အလွန် လိမ္မာပါးနပ်သူများဟု ယုံကြည်ကြပြီး ၎င်းတို့သည် သူတို့ကိုယ်သူတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ မကောင်းသော လုပ်ရပ်များကို သမ္မာတရားအဖြစ် ယူဆကြသောကြောင့်၊ ယင်းကို မြတ်နိုးတန်ဖိုး ထားကြသည်။ ထိုသို့သော ဆိုးယုတ်သည့် လူများသည် မိမိကိုယ်ကိုယ် အလွန် ယုံကြည်စိတ်ချကြသည်။ ၎င်းတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် မှတ်ယူကြပြီး၊ ၎င်းတို့၏ မကောင်းမှုလုပ်ရပ်များကို သမ္မာတရားအဖြစ် မှတ်ယူကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့စိုက်ပျိုးသည့်အရာကိုသာ ၎င်းတို့ ရိတ်သိမ်းနိုင်ကြပေသည်။ လူများသည် မိမိကိုယ်ကိုယ် ပို၍ယုံကြည်စိတ်ချပြီး သာ၍ မာန်မာန ထောင်လွှားလေလေ၊ သမ္မာတရားကို ၎င်းတို့ ပို၍ မရရှိနိုင်လေဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူတို့အနေဖြင့် ပိုမိုယုံကြည်လေ၊ ဘုရားသခင်ကို ၎င်းတို့ ပို၍ ခုခံကြလေ ဖြစ်သည်။ ဤလူများသည် အပြစ်ပေးခံရမည့်သူများ ဖြစ်သည်။ လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်- လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် မုချ ဖျက်ဆီးခံရလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။ လတ်တလောတွင် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မသိမြင်နိုင်သည့်သူများနှင့် ငါ မိန့်မြွက်သော နှုတ်ကပတ်တော်များကို မယုံကြည်ကြသော လူများစွာ ရှိ၏။ မယုံကြည်သောသူ အားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။

ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို မနာခံကြသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်တန်းတစ်စားတည်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။ လူသားမျိုးနွယ်သည် မှန်ကန်သော လမ်းကြောင်းပေါ် ရှိသည်နှင့်တစ်ပြိုင်နက်၊ လူများသည် ပုံမှန်လူသားဘဝများ ရှိကြလိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို လုံးဝ သစ္စာရှိကြလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ မနာခံမှုနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ ခါချကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်ကြောင့် မနာခံမှုနှင့် ခုခံမှုတို့ နှစ်ခုလုံး ကင်းမဲ့ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားမျိုးနွယ်၏ အသက်တာဖြစ်လိမ့်မည်။ ယင်းသည် နိုင်ငံတော်၏ အသက်တာဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အသက်တာတစ်ခု ဖြစ်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။