ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု (အပိုင်း သုံး)

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ချင်းစီတွင် လူသား၏ သက်သေခံခြင်းကို တစ်ပြိုင်နက်တည်း လိုအပ်သည်။ အလုပ်တစ်ဆင့်ချင်းစီသည် ဘုရားသခင်နှင့် စာတန်အကြား တိုက်ပွဲတစ်ခုဖြစ်ပြီး၊ စစ်ပွဲ၏ဦးတည်သူမှာ စာတန်ဖြစ်နေစဉ်၊ ဤအလုပ်အားဖြင့် စုံလင်ခြင်းအောင် ပြုခြင်းခံရမည့်သူမှာ လူသားဖြစ်သည်။ ဘုရားသခင်၏ အလုပ်က အသီးသီးခြင်း ရှိမည် မရှိမည်က လူသား၏ ဘုရားသခင်အတွက် သက်သေခံမည့် နည်းနာအပေါ်တွင် မူတည်နေသည်။ ဤသက်သေခံခြင်းဆိုသည်မှာ သူ့နောက် လိုက်လျှောက်သူများထံမှ ဘုရားသခင် အလိုရှိသည့် အရာပင်ဖြစ်သည်။ ယင်းသည် စာတန်ရှေ့မှောက်တွင် ပြုလုပ်သည့် သက်သေခံခြင်းဖြစ်ပြီး၊ သူ့အလုပ်၏ အကျိုးသက်ရောက်မှုကို သက်သေပြခြင်းလည်း ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားသည်၊ အဆင့်တစ်ခုစီတွင်၊ လူသားအပေါ် သင့်လျော်သည့် သတ်မှတ်ချက်များကို ချမှတ်ထားခဲ့သည်။ ထို့အပြင် ခေတ်များ ပြီးဆုံးပြီး တိုးတက်လာသည်နှင့်အမျှ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာသည်။ ထို့အတွက်ကြောင့်၊ တစ်ဆင့်ချင်းစီသွားခြင်းဖြင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှုအလုပ်က အထွတ်အထိပ်သို့ ရောက်ရှိလာသည်မှာ လူသားသည် “လူ့ဇာတိထဲတွင် နှုတ်ကပတ်တော်၏ ပေါ်ထွန်းလာခြင်း” ဆိုသည့်အချက်ကို ရှုမြင်လာသည်အထိဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့် လူသားများအပေါ် သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာကာ၊ လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကလည်း သာ၍ပင် မြင့်မားလာသည်။ လူသားသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်လေ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်မှုက သူခံရန် လိုအပ်သည့် သက်သေဖြစ်ပြီး၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုတွင် သူလုပ်ဆောင်သည့် သက်သေခံချက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်က ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သို့မဟုတ် စစ်မှန်သည့် သက်သေခံချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ယင်းတို့သည် လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်နေသည်။ အလုပ်ပြီးမြောက်သည့်အခါတွင်၊ ပြောရမည်ဆိုလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံး အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသားသည် ပိုမိုအဆင့်မြင့်မားသည့် သက်သေခံမှုကို ပြုလုပ်ရန် လိုအပ်ပြီး၊ ဘုရားသခင်၏ အလုပ် အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်။ ယခင်က၊ လူသားသည် ပညတ်တော်များ၊ ဥပဒေသများနှင့်အညီ လိုက်နာရန်လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံပြီး စိတ်နှိမ့်ချရန်လည်း လိုအပ်ခဲ့သည်။ ယနေ့တွင်၊ လူသားသည် ဘုရားသခင်၏ စီစဉ်မှု အားလုံးကို လိုက်နာရန်လိုအပ်ပြီး၊ ဘုရားသခင်၏ ချစ်မေတ္တာ အထွတ်အထိပ်ကို လက်ဝယ်ရှိထားရန်နှင့် ဆင်းရဲဒုက္ခအလယ် ရောက်ရှိစဉ်တွင် ဘုရားသခင်ကို ဆက်လက်ချစ်မြတ်နိုးရန် အဆုံးစွန် လိုအပ်သည်။ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးတွင်၊ ဤအဆင့်သုံးဆင့်မှာ ဘုရားသခင်က လူသားအပေါ် ပြဋ္ဌာန်းထားသော တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်စေသည့် သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်တစ်ဆင့်စီသည် ယခင်ကထက် ပိုနက်နဲလာပြီး၊ အဆင့်တစ်ဆင့်စီတွင် လူသားအပေါ် သတ်မှတ်ချက်များက ယခင်ကထက်ပို၍ လေးနက်လာသည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးက တဖြည်းဖြည်းနှင့် ပုံစံကျလာသည်။ ယင်းမှာ လူသားအပေါ် သတ်မှတ်ချက်များသည် ခါတိုင်းထက် မြင့်မားနေပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင် အလိုတော်ရှိသော စံညွှန်းများနှင့် သာ၍ နီးစပ်လာသောကြောင့် အတိအကျဖြစ်သည်။ ထို့နောက်တွင်သာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ တစ်ဖြည်းဖြည်း ခွဲခွာလာပြီး၊ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံသော အဆုံးသို့ရောက်သောအခါ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ပြီးဖြစ်လိမ့်မည်။ ၎င်းအချိန် ရောက်ရှိလာသည့်အခါ၊ ဘုရားသခင်၏ အလုပ်သည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားသည် သူ၏စိတ်သဘောထား ပြောင်းလဲစေရန်အတွက် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုက ဆက်လက်ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်မှစ၍၊ ဘုရားသခင်ကို ပုန်ကန်ခြင်းများ သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိလိမ့်မည် မဟုတ်တော့ပေ။ ဘုရားသခင်သည်လည်း လူသားကို တောင်းဆိုမှုများ ပြုတော့မည်မဟုတ်ဘဲ၊ လူသားနှင့် ဘုရားသခင်တို့အကြား ပိုမို၍ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိလိမ့်မည်ဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် လူသားနှင့် ဘုရားသခင်တို့ အတူတကွ ရှိသည့် အသက်တာဖြစ်လိမ့်မည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနောက်တွင် ဆက်လိုက်လာသည့် အသက်တာက လုံးဝအဆုံးသတ်သွားမည်ဖြစ်ပြီး၊ ထို့နောက်တွင် လူသည် စာတန်၏ လက်တွင်းမှ ဘုရားသခင်၏ အပြည့်အဝ ကယ်တင်ခြင်းကို ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ် မလိုက်လျှောက်နိုင်သူများသည် ထိုသို့သော အသက်တာတစ်ခုကို မရရှိနိုင်ပေ။ သူတို့ကိုယ်သူတို့ ငိုကြွေးကာ အံသွားခဲကြိတ်နေရမည့် အမှောင်ထဲတွင် နှိမ့်ချနေရလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့နောက်သို့ မလိုက်လျှောက်သူများ၊ ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်သော်လည်း သူ့အလုပ်ကို မနာခံသူများ ဖြစ်ကြသည်။ လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ” ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ စကားလုံးများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ့ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်းမရှိပေ။ ထို့အတူ သူ့အလုပ် စီမံခန့်ခွဲမှု ပြီးဆုံးခြင်း မတိုင်မီတွင်၊ သူသည် အစဉ်အမြဲ အလုပ်ရှုပ်နေပြီး၊ ဘယ်သောအခါမျှ ရပ်တန့်ခြင်းမရှိချေ။ သို့သော် လူသားက ကွဲပြားသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းသော အလုပ်ကိုသာ ရရှိသော်လည်း၊ ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိသကဲ့သို့ သဘောထားသည်။ အသိပညာ အနည်းငယ်သာရရှိသော်လည်း၊ ဘုရားသခင်၏ ပို၍သစ်သော အလုပ်ခြေလှမ်းများကို သူရှေ့တိုးပြီး နောက်ထပ်မလိုက်လျှောက်ပေ။ ဘုရားသခင်၏ အလုပ်အနည်းငယ်ကိုသာ သူမြင်ခဲ့သည်ဖြစ်သော်လည်း၊ ဘုရားသခင်ကို တစ်စုံတစ်ရာသော သစ်သားပုံတော်တစ်ခုအဖြစ် သူချက်ချင်း သရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်သည့် ပုံသဏ္ဌာန်အတိုင်း ဘုရားသခင်က အစဉ်အမြဲ တည်ရှိနေလိမ့်မည်ဟု သူယုံကြည်သည်။ ယင်းမှာ ယခင်က ထိုသို့ ဖြစ်နေသည့်အတွက် အနာဂတ်တွင်လည်း ထိုကဲ့သို့ အမြဲ ဖြစ်နေလိမ့်မည်ဟု ယုံကြည်သည်။ အပေါ်ယံ အသိပညာကို ရရှိယုံမျှဖြင့်၊ လူသည် အလွန်ထောင်လွှားသဖြင့် သူ့ကိုယ်သူ မေ့လျော့ပြီး အကယ်ပင် တည်ရှိမှု မရှိသည့် ဘုရားသခင်၏ သဘောထားနှင့် ဖြစ်ခြင်းကို လက်လွတ်စပယ် စတင်ကြေညာသည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုအပေါ် တွယ်ထားပြီးဖြစ်ရာ ဘုရားသခင်၏ အလုပ်သစ်ကို ကြေညာသည့် မည်သို့သော လူပုဂ္ဂိုလ်မျိုးပင် ဖြစ်စေကာမူ လူသည် ယင်းကို လက်မခံပေ။ ဤသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ သူတို့သည် အလွန် ရှေးရိုးစွဲသူများဖြစ်ကြပြီး၊ အသစ်သော အရာများကို လက်မခံနိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ငြင်းပယ်ကြသူများဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည့်အတွက် မှားယွင်းနေသည်ဟု လူကယုံကြည်သည်။ သို့သော် လူအများစုတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်သည်” နှင့် “မေရှိယ ပြန်ကြွလာခြင်းကို တောင့်တသည်၊ သို့သော် ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည်” ဟူသည့် ဇာတ်ထုပ်ကို ကနေကြသည်။ သို့ဖြစ်၍ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ကို လက်ခံပြီးသည့်နောက် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးများကို မရရှိဆဲဖြစ်သည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသားပုန်ကန်မှု၏ ရလဒ်ပင် မဟုတ်ပေလော။ ယနေ့၏ အလုပ်သစ်ကို လိုက်မမီသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များသည် သူတို့၏ ဆန္ဒတစ်ခုချင်းစီကို ဘုရားသခင်က ဖြည့်ဆည်းပေးသည့်အတွက် သူတို့က ကံကောင်းသူများဖြစ်ကြသည်ဟူသော ယုံကြည်မှုကို ဆုပ်ကိုင်ထားကြသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာ မလာကို သူတို့သည် မုချသေချာမှုနှင့် ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က သူတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို သူတို့ သေချာမပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးပြီး သူတို့ကို မည်သို့ လာရောက်ကောက်ယူမည့် အကြောင်းနှင့် ပတ်သက်၍လည်း သူတို့မသေချာပေ။ သူတို့အားလုံးတို့သည် သောကရောက်နေပြီး အဘယ်အရာ လုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်က ဂိုဏ်းဂဏတစ်ခုစီမှ ကွဲပြားသည့် သေးငယ်သော လူလက်တစ်ဆုပ်စာ ဖြစ်သည့် သူတို့တစ်ယောက်စီကို ခေါ်မည် မခေါ်မည်ကိုပင် သူတို့ကိုယ်တိုင် မသိရှိကြပေ။ လက်ရှိခေတ်တွင် ဘုရားသခင်ပြုသည့် အမှုမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်၊ သူတို့သည် ယင်းတို့၏ တစ်စုံတစ်ရာကိုမျှ နားလည်သဘောပေါက်ခြင်းမရှိ၊ ဘာကိုမျှ မလုပ်နိုင်ဘဲ၊ သူတို့၏လက်ချောင်းများကို ချိုးကာ နေ့ရက်များကိုသာ ရေတွက်နေကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့် ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။ ထိုစဉ် အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း သူတို့ အလုံးစုံကို ရရှိပြီးပြီဟု ယုံကြည်ကြသည့် ထို “လူတော်များ” သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေမခံနိုင်ကြပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု သူတို့အားလုံးက ယုံကြည်နေကြပြီး၊ အဘယ် အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အလုပ်၏ ဆက်လက်၍ဖွံ့ဖြိုးမှုကို သူတို့က ဖြတ်တောက်လိုက်သည်။ ပြီးလျှင် သူတို့သည် “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် သူတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ချီဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်နေပုံပေါက်သည်။ သူတို့သည် ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာရှိ” သော်လည်း၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်သည့်အတွက်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် ရွံ့ရှာဖွယ်ခံစားရဆဲ ဖြစ်သည်။ အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူတို့နှင့်၊ ဟောင်းသောအလုပ်ကို ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊ ဆန့်ကျက်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊ ခေတ်သစ်က ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာကြသည်။ သူတို့ထက်ပိုပြီး သနားဂရုဏာသက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။ ပညတ်ဟောင်းကို ပယ်ဖျက်ပြီး အလုပ်သစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဟုပင် များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြသည့် ဤလူတို့သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဘဲ၊ သူတို့ကိုယ်တိုင်၏ အသိစိတ်များဖြင့်သာ သူတို့၏ မျှော်လင့်ချက်များ တိုတောင်းသွားပါလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိ၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သော်ငြားလည်း သူသည် ယင်းကို ဖက်တွယ်ထားခြင်း မရှိပေ။ ငြင်းပယ်သင့်သည့်အရာကို ငြင်းပယ်ပြီး၊ ဖယ်ထုတ်သင့်သည့်အရာကို ဖယ်ထုတ်ရမည်။ လူသားသည် ဘုရားသခင်စီမံခန့်ခွဲမှု အလုပ်၏ အစိတ်အပိုင်း အသေးလေးတစ်ခုကိုသာ ဆုပ်ကိုင်ပြီး၊ သူ့ကိုယ်သူ ဘုရားသခင်အား ရန်လိုသည့်နေရာကို ယူထားသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်းတစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးများ မရရှိမည်ကို ကြောက်ရွံ့သည့်အတွက် သူတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိနေလေ၊ သူတို့သည် နောက်ဆုံးသော ကောင်းချီးနှင့် သာ၍ ကြီးမားသည့် ကောင်းချီးများကို ပိုမိုမရရှိနိုင်လေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် ထိုသူများ အားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာရှိပြကြသည်။ သူတို့သည် ပညတ်တော်အပေါ် ထိုသို့ပိုပြီး သစ္စာရှိပြလေ၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ ပိုဖြစ်လေပင် ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်ပြီး ပညတ်တော်ခတ်မဟုတ်ပေ၊ ယနေ့အလုပ်ကို ယခင်ကအလုပ်နှင့် ယှဉ်၍ မရပေ၊ ထို့အတူ ယခင်က အလုပ်ကိုလည်း ယနေ့အလုပ်နှင့် နှိုင်းယှဉ်၍ မရပေ။ ဘုရားသခင်၏ အလုပ်သည် ပြောင်းလဲခဲ့ပြီး၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည်လည်း ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပါ။ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်ကို လူတို့၏ သစ္စာရှိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်ခြင်းသို့ ရောက်ရန် ပြုလုပ်ခြင်းကို လုံးလုံးလျားလျား ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုအပြီးတွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခ ခံရလိမ့်မည်။ ဒုက္ခဆင်းရဲ ခံရချိန်တွင် ယင်းကို ကျော်လွှားနိုင်ပြီး သက်သေခံအဖြစ် ရပ်တည်နိုင်သည့် သူတို့သည်၊ အဆုံးတွင် စုံလင်ခြင်းအောင် ပြုလုပ်ခံရမည့်သူများ ဖြစ်သည်။ သူတို့သည် အောင်နိုင်သူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲ ခံရချိန်တွင် လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းက ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှု တစ်ခုလုံး အဆုံးမသတ်မီတွင် ယင်းသည် လူသားက စစ်ဆေးခြင်းခံရမည့် နောက်ဆုံးအချိန်ဖြစ်သည်။ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရသော ထိုသူများသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်။ သို့သော်၊ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေပြီး အမှန်တကယ် သိမ်းပိုက်ခြင်း ခံရသူများသည် နောက်ဆုံးတွင် မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မည်။ သူတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများ၊ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများနှင့် ကင်းမဲ့နေမည် မဟုတ်ဘဲ၊ သူတို့၏ သက်သေခံချက်များတွင် ချွတ်ယွင်းခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ သူတို့သည် နောက်ဆုံးတွင် ကြီးမားသည့် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာသည့်သူများ ဖြစ်လာလိမ့်မည်။ ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများသည် ယနေ့တွင် အချောင်ရနိုင်သေးသော်လည်း၊ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ဆုံးသော ဒုက္ခဆင်းရဲမှ လွှတ်မြောက်နိုင်မည် မဟုတ်ပေ။ မည်သူကမျှ နောက်ဆုံးသော စမ်းသပ်ခြင်းမှ လွှတ်မြောက်နိုင်မည် မဟုတ်။ အောင်နိုင်သည့် သူများအတွက် ထိုသို့သော ဆင်းရဲဒုက္ခသည် ကြီးမားသည့် စစ်ဆေးခြင်း ဖြစ်သော်လည်း ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများအတွက်ကား၊ ထိုဒုက္ခဆင်းရဲသည် ရှင်းလင်းသုတ်သင်သည့် အလုပ်ပင် ဖြစ်သည်။ သူတို့ မည်သို့ပင် ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သစ္စာခံထားသည့် ထိုသူတို့သည် ပြောင်းလဲသွားခြင်း မရှိပေ။ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော ထိုသူများမူကား၊ ဘုရားသခင်၏ အလုပ်သည် သူတို့ဇာတိခန္ဓာအတွက် အကျိုးမပြုသည်နှင့် ဘုရားသခင်အပေါ် သူတို့၏အမြင်ကို ပြောင်းလဲကြပြီးနောက်၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြသည်။ ဘုရားသခင်၏ ကောင်းချီးများကိုသာ ရှာဖွေပြီး ဘုရားသခင်အဘို့ အသုံးခံရန်နှင့် သူ့ထံတွင် သူတို့ကိုယ်သူတို့ ဆက်ကပ်ရန် ဆန္ဒမရှိသူတို့သည်၊ အဆုံးသတ်တွင် မားမားမတ်မတ် မရပ်နိုင်မည့်လူများ ဖြစ်ကြသည်။ ဘုရားသခင်၏အလုပ် အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင်၊ ထိုကဲ့သို့ ယုတ်ညံ့သော သူများသည် နှင်ထုတ်ခံရမည်ဖြစ်ပြီး၊ စာနာထောက်ထားခြင်းလည်း တစ်စက်မျှ မထိုက်တန်သူများ ဖြစ်ကြသည်။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် မချစ်နိုင်ကြပေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် သူတို့ အကျိုးအမြတ် ရရှိနိုင်သည့်အခါတွင် သူတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြပါသော်လည်း၊ သူတို့လိုအင်သည် အပေးအယူရှိပြီး သို့မဟုတ် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ သူတို့ချက်ချင်းပင် ပုန်ကန်ကြသည်။ တစ်ညတာ အချိန်အတွင်းလေးတွင်ပင်၊ သူတို့သည် ပြုံးရွှင်နေသည့် “စိတ်နှလုံးကောင်း” ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးသော ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမား အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ယုတ္တိမရှိ သို့မဟုတ် အကြောင်းပြချက်မရှိဘဲ၊ မနေ့က သူတို့၏ ကျေးဇူးရှင်အဖြစ် ဆက်ဆံသူကို ရုတ်တရက်ပင် သူတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ဆက်ဆံသည်။ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်သည့် ဤနတ်ဆိုးများကို မနှင်ထုတ်လျှင်၊ သူတို့သည် နောက်ထပ် ဝေဒနာခံစားရစေမည့် အရင်းအမြစ်ဖြစ်လာမည် မဟုတ်လော။ သိမ်းပိုက်ခြင်း အမှုအဆုံးသတ်နောက်တွင် လူသားကို ကယ်တင်ခြင်း အမှုကို နောက်ဆက်တွဲ ရရှိမည် မဟုတ်ပါ။ သိမ်းပိုက်ခြင်း အမှုက အဆုံးသတ်သို့ ရောက်လာပါသော်လည်း၊ လူသားကို သန့်စင်စေသည့် အမှုက အဆုံးမသတ်သေးပေ။ လူသားသည် အပြည့်အဝ သန့်စင်လာသည့်အခါ၊ ဘုရားသခင်ကို အမှန်တကယ် ဆက်ကပ်သူများ စုံလင်ခြင်းသို့ ရောက်ရှိပြီး၊ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ ထုတ်ပယ်ခြင်းခံသည့်အခါမှသာ၊ လူသားကို သန့်စင်စေသည့် အမှုက ပြီးမြောက်ခြင်းသို့ ရောက်ရှိလာလိမ့်မည်။ ဘုရားသခင်အလုပ်၏ နောက်ဆုံးအဆင့်တွင် သူ့အားကျေနပ်မှု မပေးနိုင်သူများသည် လုံးဝ သုတ်သင်ခြင်း ခံရမည်ဖြစ်ပြီး၊ ထိုသို့ သုတ်သင်ခြင်း ခံရသည့် ထိုသူများသည် နတ်ဆိုး၏ လူများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်ကို ကျေနပ်မှု မပေးနိုင်သဖြင့်၊ သူတို့သည် ဘုရားသခင်ကို ပုန်ကန်ကြသည်။ ထိုသူတို့သည် ယနေ့တွင် ဘုရားသခင်နောက် လိုက်နေပါသော်လည်း၊ သူတို့သည် နောက်ဆုံးအထိ တည်ရှိနေမည့်သူများဟု သက်သေမပြပါ။ “ဘုရားသခင်နောက်တော်သို့ အဆုံးတိုင် လိုက်သောသူသည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်” ဟူသော နှုတ်ကပတ်တော်ထဲတွင် “နောက်တော်လိုက်ခြင်း” ၏ အဓိပ္ပာယ်မှာ ဒုက္ခဆင်းရဲ အလယ်တွင် မားမားမတ်မတ် ရပ်တည်ခြင်းပင်ဖြစ်သည်။ ယနေ့တွင်၊ လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အလုပ်အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလာလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်းခံရပြီးနောက် ယနေ့တွင် ဘုရားသခင်နောက်သို့ လိုက်နိုင်သေးခြင်းက၊ သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ်လိုက်လျှောက်သူများသည် သူတို့အလုပ်၏ စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများသည် ဘုရားသခင်၏ မည်သည့် စစ်ဆေးမှုများကိုမဆို ခံနိုင်စွမ်းရည် မရှိကြပေ။ အနှေးနှင့် အမြန်ပင် သူတို့သည် ထုတ်ပယ်ခြင်း ခံရကြလိမ့်မည်။ ထိုအချိန်တွင် အောင်နိုင်သူများက နိုင်ငံတော်တွင် တည်ရှိနေလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည် သို့မဟုတ် မရှာဖွေသည်ကို သူ့အလုပ်၏ စစ်ဆေးမှုအားဖြင့် (ဆိုလိုသည်မှာ ဘုရားသခင်၏ စစ်ဆေးမှုများဖြင့်) ဆုံးဖြတ်ပေးပြီး လူက မိမိကိုယ်တိုင် ချမှတ်သည့် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် စိတ်ကူးပေါက်ရာဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မငြင်းပယ်ပေ။ သူလုပ်ဆောင်သည့် အလုံးစုံမှာ လူသားက အကြွင်းမဲ့ ယုံကြည်ကောင်း ယုံကြည်လာစေရန်သာ ဖြစ်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားက မယုံကြည်နိုင်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပါ။ လူသား၏ ယုံကြည်ခြင်းက မှန်သည် သို့မဟုတ် မမှန်သည်ကို ဖြစ်ရပ်မှန်များအားဖြင့် သက်သေပြသည်၊ လူသားအနေဖြင့် မဆုံးဖြတ်နိုင်ပါ။ “ဂျုံစပါးပင်ကို ပေါင်းပင်များ အဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ ပေါင်းပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်အတွင်း တည်ရှိနေလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သူ့အားအမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို နှိပ်စက်မည် မဟုတ်ပါ။ သူတို့၏ မတူညီသည့် လုပ်ဆောင်မှုများနှင့် သက်သေခံချက်များကို အခြေခံပြီး၊ နိုင်ငံတော်အတွင်းရှိ အောင်နိုင်သူများက ယဇ်ပရောဟိတ်များ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည်။ ဒုက္ခဆင်းရဲအလယ်တွင် အောင်နိုင်သူများက နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာ တစ်လျှောက်တွင် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့် အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ပေါ်ပေါက်လာမည်။ ထိုအချိန်ရောက်လျှင်၊ လူကလုပ်ရမည်မှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နှင့်အတူ နိုင်ငံတော်အတွင်း အတူနေထိုင်ရန်ဖြစ်သည်။ ယဇ်ပရောဟိတ်များ အဖွဲ့တွင် ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ယဇ်ပရောဟိတ်များ ပါဝင်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏ လူများနှင့် သားများ ဖြစ်လိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲ ကြီးစွာခံစားရသည့်အချိန်တွင် ဘုရားသခင်ထံသို့ သူတို့ သက်သေခံသည့်အပေါ်တွင် ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာ ပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေကျသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ အလုပ်သည် ရပ်ဆိုင်းသွားမည် ဖြစ်သည်၊ အကြောင်းမှာ တစ်ယောက်စီကို သူတို့၏ အမျိုးအစားအတိုင်း အဆင့်ခွဲထားပြီး သူတို့၏ မူလအနေအထားကို ပြန်လည် ရောက်ရှိသွားသောကြောင့် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်အလုပ် အောင်မြင်ခြင်း၏ အမှတ်အသားဖြစ်သည်။ ဤကား ဘုရားသခင် အလုပ်၏ နောက်ဆုံးရလဒ်ဖြစ်ပြီး လူသား၏ လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင်အလုပ်၏ ရူပါရုံများနှင့် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုအား ပုံဆောင်မှုလည်းဖြစ်သည်။ အဆုံးမှာတော့၊ လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် အနားယူမှုကို တွေ့ရှိလိမ့်မည်၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤကား အနှစ် ၆၀၀၀ ကျော် ဘုရားသခင်နှင့် လူသားအကြား ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။