နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ “နှုတ်ကပတ်တော်” ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌ လူသည် တစ်မူထူးခြားသော ကောင်းချီးမင်္ဂလာများကို အမှန်တကယ် ရရှိခဲ့သည်။ လူသည် ဇာတိပကတိ၏ ဒုက္ခကို မခံရဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အလျှံအပယ် ထောက်ပံ့ကူညီမှု၌ အကယ်ပင် မွေ့လျော်နေသည်။ သူတို့သည် ဆက်ရှာဖို့ သို့မဟုတ် ခရီးဆက်သွားဖို့ မလိုတော့၊ သက်တောင့်သက်သာဖြင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ကြသည်၊ ဘုရားသခင် ကိုယ်တိုင် စကားပြောသည်ကို ကြားကြသည်၊ ဘုရားသခင်၏ ထောက်ပံ့ကူညီမှုကို လက်ခံရရှိကြသည်၊ ဘုရားသခင်က သူ့အလုပ်ကို ကိုယ်တိုင်လုပ်သည်ကို မြင်ကြသည်။ လွန်ခဲ့သော ခေတ်ကာလများတွင် လူသည် ထိုသို့သော အရာများ၌ မမွေ့လျော်နိုင်ပေ၊ ထိုအရာများသည် သူတို့ တစ်ခါမျှ မရဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်သည်။

ဘုရားသခင်သည် လူကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက်သာ ပြောခြင်းဖြစ်သည်။ လူ၏ လက်ခံနိုင်စွမ်းသည် အကန့်အသတ် ရှိသောကြောင့် ဝိညာဉ်တော်၏ ရှုထောင့်မှ ပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် လူ့အတွက် နားလည်ရန် ခက်ခဲပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုလည်း ရှာဖွေနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ အလုပ်သည် အကျိုးဆက်အမျိုးမျိုးကို ဖြစ်မြောက်စေပြီး အလုပ်၏ အဆင့်တစ်ခုစီတိုင်း၌ သူ၏ရည်ရွယ်ချက်ရှိသည်။ ထို့အပြင် ဘုရားသခင်သည် လူကို စုံလင်စေရန်အတွက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရမည်။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့် တစ်ခုတည်းမှသာ သူ၏အသံတော်ကို မြွက်ဆိုလျှင် သူ့အလုပ်၏ ဤအဆင့်သည် ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူစုအား စုံလင်အောင် ပြုလုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်းကို သူ့လေသံအားဖြင့် သင်သိနိုင်သည်။ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသူတစ်ဦးအနေနှင့် သင် ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့်အရာနည်း။ သင်သည် ပထမဦးဆုံး ဘုရားသခင်၏ အလုပ်ကို သိရမည်။ ယခုတွင် နည်းလမ်းအသစ်များကို ဘုရားသခင်၏အမှုထဲ၌ အသုံးပြုနေသည့်အပြင်၊ ခေတ်သည်လည်း တစ်ခုမှ တစ်ခုသို့ တိုးတက်လာသောကြောင့် ဘုရားသခင် စကားပြောသည့် နည်းလမ်းကဲ့သို့ ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းများသည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခု၌ ဘ ရားသခင် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲသွားသည်သာမကဘဲ ခေတ်သည်လည်း ပြောင်းသွားပြီ ဖြစ်သည်။ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်၏၊ နှုတ်ကပတ်တော်ခေတ်လည်းဖြစ်သည့် အနှစ်တစ်ထောင်နိုင်ငံတော်ခေတ်၏ နမူနာဖြစ်သည်။ ဆိုလိုသည်မှာ လူကို စုံလင်စေရန်အတွက် ဘုရားသခင်က နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောသည့်ခေတ်၊ လူကို ထောက်ပံ့ ကူညီပေးရန်အတွက် ရှုထောင့်အမျိုးမျိုးမှ စကားပြောသည့်ခေတ် ဖြစ်သည်။ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်အတွင်းသို့ အချိန်များ ဖြတ်သန်းဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် လူကို စုံလင်စေရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို စတင်အသုံးပြုလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လူကို ဘဝ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်စေပြီး လူကို မှန်သောလမ်းပေါ်သို့ ဦးဆောင်လမ်းပြခဲ့သည်။ လူသည် ဘုရားသခင်၏ လုပ်ငန်းအဆင့်များစွာကို ကြုံတွေ့ဖူးပြီဖြစ်သည်၊ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲဘဲ မနေကြောင်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ယင်းအစား ဘုရားသခင်၏ အလုပ်သည် အဆင့်ဆင့် ပြောင်းလဲကာ ပိုပို နက်ရှိုင်းလာသည်။ အချိန်ကြာမြင့်စွာ တွေ့ကြုံပြီးနောက်တွင် ဘုရားသခင်၏ အလုပ်သည် ထပ်ဖန်တလဲလဲ ပြောင်းလဲခဲ့သည်၊ သို့သော် မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ လူ၌ အလုပ်လုပ်လိုသည့် ဘုရားသခင်၏ ရည်ရွယ်ချက်ပန်းတိုင်မှ မည်သည့်အခါမျှ သွေဖီမသွားပေ။ အကြိမ်တစ်သောင်း ပြောင်းလဲသော်လည်း ဘုရားသခင်အလုပ်၏ မူလရည်ရွယ်ချက်သည် မည်သည့်အခါမျှ မပြောင်းလဲပေ၊ သမ္မာတရား သို့မဟုတ် အသက်ထံမှ သွေဖီမသွားပေ။ ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲခြင်းသည် အလုပ်လုပ်သည့် ပုံစံနှင့် စကားပြောသည့် ရှုထောင့်တို့ ပြောင်းလဲခြင်းသာဖြစ်သည်၊ သူ့အလုပ်၏ အဓိက ရည်ရွယ်ချက်ပန်းတိုင် ပြောင်းလဲခြင်း မဟုတ်။ ဘုရားသခင် စကားပြောသည့်လေသံနှင့် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲခြင်းသည် အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်စေရန်အတွက် လုပ်သည့်အရာများ ဖြစ်သည်။ ဘုရားသခင် စကားပြောသည့် လေသံ ပြောင်းလဲခြင်းသည် အလုပ်လုပ်သည့် ရည်ရွယ်ချက်နှင့် အလုပ်လုပ်သည့်နိယာမ ပြောင်းလဲခြင်း မဟုတ်။ လူသည် ဘုရားသခင်၌ ယုံကြည်ရခြင်း၏ အနှစ်သာရမှာ အသက်ကို ရှာဖွေဖို့ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အသက်ကိုသော် လည်းကောင်း၊ သမ္မာတရားကိုသော်လည်းကောင်း၊ ဘုရားသခင်ကိုသိသည့် အသိပညာကိုသော်လည်းကောင်း မရှာဖွေလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း မရှိပါ။ ထိုသို့ဖြစ်လျက်ပင် သင်သည် ဘုရင်တစ်ဦးဖြစ်ဖို့အတွက် နိုင်ငံတော်သို့ ဝင်ရန် ကြိုးစားနေသေးသည်မှာ လက်တွေ့ကျပါသလား။ အသက်ကို ရှာဖွေခြင်းဖြင့် ဘုရားသခင်ကို ချစ်သောမေတ္တာစစ်ကို ရရှိပိုင်ဆိုင်ခြင်းသာလျှင် စစ်မှန်သောအရာဖြစ်သည်။ သမ္မာတရားကို မီအောင်လိုက်ခြင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းတို့သည်သာလျှင် စစ်မှန်သောအရာဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ကိုယ်တွေ့ခံစားပါ၊ အတွေ့အကြုံစစ်မှတစ်ဆင့် ဘုရားသခင်ကိုသိသည့် အသိပညာကို သင်ရရှိလိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်မှန်သော မီအောင်လိုက်ခြင်းဖြစ်သည်။

ယခုမှာ နိုင်ငံတော်ခေတ်ဖြစ်သည်။ သင်၏အသက်တာသည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးပြီလား၊ မပြီးသေးဘူးလား ဟူသည့်အချက်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးပြီလား၊ မဝင်ရောက်ရသေးဘူးလား ဟူသည့်အချက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ယုံကြည်ခြင်း၊ သင်၏ချစ်ခြင်းနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရားဖြစ်မဖြစ်ဟူသည့် အချက်များအပေါ် မူတည်သည်။ အဆုံး၌ လူအားလုံး နှုတ်ကပတ်တော်၏ကမ္ဘာ၌ အသက်ရှင်ကြရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်က လူတိုင်းကို အတွင်းထဲ၌ အသိဉာဏ်ပွင့်လင်းစေရန်နှင့် အလင်းပေးစေရန်အတွက် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို လူအားလုံးသိအောင် လုပ်ပေးခဲ့သည်။ လက်ရှိအချိန် ကာလ၌ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရာ၌ အလျင်စလိုဖတ်ပြီး အရေးမထားလျှင် သင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်ဝင်စားမှု မရှိပေ။ ထိုအချက်က သင်၏ လက်ရှိအခြေအနေ တစ်ခုခု မှားနေကြောင်းကို ဖော်ပြနေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်နိုင်စွမ်း မရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်ပြီးပါက သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ နှုတ်ကပတ်တော်ခေတ်၏ အစဖြစ်သော လက်ရှိအချိန်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိရန် သင်ဘာလုပ်နိုင်သနည်း။ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးရန်၊ သမ္မာတရားကို လက်တွေ့ ကျင့်သုံးနိုင်စွမ်းရှိရန်၊ ဘုရားသခင်ကို အလွန်အလေးအနက်ထားပြီး ချစ်ရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့အသက်တာ၏ အခြေခံအုတ်မြစ်အဖြစ်နှင့် လက်တွေ့အရှိတရား ဖြစ်စေရန်၊ ဘုရားသခင်ကို ရိုသေလေးမြတ်သော စိတ်နှလုံးများရှိစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် လူသည် ဘုရားသခင်နှင့်အတူ အုပ်စိုးနိုင်စေရန် ဘုရားသခင်သည် ယနေ့ခေတ်တွင် ၎င်းကို သင်တို့အကြား၌ အရှိတရားဖြစ်စေမည် ဖြစ်သည်။ ဘုရားသခင် အထမြောက်အောင် လုပ်မည့်အရာသည် ထိုအလုပ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ သင်ရှေ့ဆက် နိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်ဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် ရှေ့မဆက်နိုင်သောသူ များစွာ ယနေ့၌ ရှိသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် ဖတ်ရသည်၊ ဖတ်ဖို့ အချိန်မရှိလျှင် နှုတ်ကပတ်တော်ကို နားထောင်ခြင်းက သူတို့အတွက် လုံလောက်သည်။ ထိုသို့သော ခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်က လူကို ပေးသောခံစားချက်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က လူကို တို့ထိလေ့ရှိပုံ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်၏ ပကတိအရှိတရားကို လူဝင်ရောက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်သည် လူကို နှုတ်ကပတ်တော်များအားဖြင့် အုပ်စိုးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ဘဲ တစ်ရက်မျှနေလျှင်ပင် သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ထိုသို့ဖြစ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဟု သင်ခံစားရလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိပြီးဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်မသွားသေးကြောင်း ဤအရာက ဖော်ပြနေသည်။ ထိုသို့ဆိုလျှင် သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦးဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ဘဲ နေသည်မှာ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီ ဖြစ်သော်လည်း သင့်မှာ အသိ သို့မဟုတ် ဆာငတ်မှု လုံးဝ မရှိလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို မခံစားရလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ထံမှ ထွက်သွားပြီဖြစ်ကြောင်း ဤအရာက ဖော်ပြနေပါသည်။ ထိုသို့ဖြစ်လျှင် သင်၏အထဲ၌ အခြေအနေ မကောင်း၊ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ မဝင်ရောက်ရသေး၊ သင်သည် နောက်ကျ ကျန်နေသောသူ ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က လူကို အုပ်စိုးရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်လျှင် သင်စိတ်ချမ်းသာသော်လည်း မစားသောက်လျှင်ကား မည်သည့်နည်းနှင့်မျှ သင်သည် နောက်က လိုက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏ အစာဖြစ်လာသည်၊ လူကို တွန်းအားပေးသည့် ခွန်အားဖြစ်လာသည်။ ကျမ်းစာ၌ “ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” ဟု ပြောထားသည်။ ထိုအမှုသည် ဘုရားသခင် ယနေ့ အထမြောက်စေမည့်အမှုဖြစ်သည်။ ဘုရားသခင်သည် သင်တို့အထဲ၌ ထိုသမ္မာတရားကို အမှန် ဖြစ်စေလိမ့်မည်။ အတိတ်က လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေသော်လည်း အစာဆက်စား၊ အလုပ်ဆက်လုပ်နိုင်သည်မှာ မည်သို့ဖြစ်နိုင်သနည်း။ အဘယ်ကြောင့် ယနေ့ခေတ်တွင်လည်း လူသည် ထိုသို့ မနေနိုင်သနည်း။ ယနေ့ခေတ်၌ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးရန် နှုတ်ကပတ်တော်ကို အဓိကအသုံးပြုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လူသည် တရားစီရင်ခြင်းခံရသည်၊ စုံလင်အောင်လုပ်ပေးခြင်း ခံရသည်၊ နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ အထူးသဖြင့် နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် လူ့အသက်ကို ထောက်ပံ့ပေးနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် လူကို အလင်းနှင့် လက်တွေ့လုပ်ဆောင်နည်းကို ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ပြီး သူ့နှုတ်ကပတ်တော်၏ စစ်မှန်မှုကို မစွန့်ပစ်သရွေ့ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။

အသက်ကို ရှာသောအခါ၌ အလျင်လို၍ မရပါ။ အသက်တာကြီးထွားမှုသည် တစ်ရက်၊ နှစ်ရက်နှင့် မဖြစ်ပါ။ ဘုရားသခင်၏ အလုပ်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊ လိုအပ်သည့် ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ လူသားဘဝကို မဆိုထားနှင့်၊ မိမိ၏ ကားစင်တင်အသတ်ခံရခြင်းအမှုကို ပြီးမြောက်ဖို့ရန်အတွက် ယေရှုသည် လူဇာတိခံပြီး အချိန် သုံးဆယ့်သုံးနှစ်ခွဲ ယူခဲ့သည်၊ ဤအရာ မည်မျှများများသည် လူသားကို သန့်စင်ခြင်းအမှန်နှင့် သူ့အသက်တာကို သဏ္ဌာန်ပြောင်းလဲခြင်းအမှန်ဖြစ်မည်နည်း။ ဤသည်မှာ အဆုံးစွန် ခက်ခဲသည့်အမှုဖြစ်သည်။ ဘုရားသခင်ကို ထင်ရှားဖော်ပြသည့် သာမန်လူတစ်ဦးဖြစ်အောင် လုပ်ဖို့ဆိုသည်မှာလည်း လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ဤအချက်သည် အထူးသဖြင့် အဆင်းနီသော နဂါးကြီးနိုင်ငံမှ လူများအတွက် ဖြစ်သည်။ သူတို့သည် အစွမ်းအစလည်း နည်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို အချိန်အကြာကြီး လိုအပ်သည်။ ထို့ကြောင့် ရလဒ်များကို မြင်ရဖို့ အလျင်စလို မဖြစ်ပါနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သုံးဆောင်သောအခါ၌ ကိုယ်တိုင်စပြီး လုပ်ဆောင်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ အားပိုစိုက်ရမည်။ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် သင်သည် ထိုနှုတ်ကပတ်တော်များကို အစစ်အမှန် လက်တွေ့ လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ ထိုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သင်သည် အသိဉာဏ်၊ ထိုးထွင်းနားလည်နိုင်စွမ်း၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့ကို ရရှိလိမ့်မည်။ ဤမှတစ်ဆင့် သင်သည် ကိုယ်တိုင်သတိမထားမိဘဲ ပြောင်းလဲလာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ ၎င်းကို သိရှိလာခြင်း၊ ကိုယ်တိုင် ကြုံတွေ့ခံစားခြင်း၊ လက်တွေ့ကျင့်သုံးခြင်းတို့ကို သင်၏ အခြေခံမူများအဖြစ် သတ်မှတ်နိုင်လျှင် သင်သည် ကိုယ်တိုင် သတိမထားမိဘဲ ကြီးထွားရင့်ကျက်လာလိမ့်မည်။ အချို့က သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးလျှင်ပင် လက်တွေ့ကျင့်သုံးနိုင်စွမ်း မရှိဟု ပြောကြသည်။ သင်အဘယ်ကြောင့် အလျင်စလို ဖြစ်နေသနည်း။ အတိုင်းအတာတစ်ခုအထိ သင်၏ဝိညာဉ်အသက်တာ ကြီးထွားလာသောအခါ၌ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လေးနှစ်သား သို့မဟုတ် ငါးနှစ်သား ကလေးတစ်ဦးက မိမိ၏မိဘများကို ထောက်ပံ့ကူညီနိုင်စွမ်းမရှိ သို့မဟုတ် လေးစားနိုင်စွမ်းမရှိဟု ပြောမည်လော။ ယခုအချိန် သင်၏ ဝိညာဉ်အသက်တာအခြေအနေ မည်သို့ရှိကြောင်း သင်သိသင့်သည်၊ သင်လုပ်နိုင်သည်ကို လက်တွေ့လုပ်ဆောင်သင့်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်သူတစ်ဦး မဖြစ်နှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးရှင်းစွာ စားသောက်ပြီး ရှေ့ဆက်သွားပါ၊ ထိုသို့ လုပ်ဆောင်ခြင်းကို သင်၏ မူတစ်ခုအနေနှင့် သတ်မှတ်ပါ။ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံလင်အောင် ပြုလုပ်ပေးနိုင်၊ မပေးနိုင်ကို စဉ်းစားပြီး စိတ်မပူဦးနှင့်။ ထိုအကြောင်းကို အသည်းအသန် ကြိုးစားရှာဖွေ မနေဦးနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးရှင်းစွာ ကြုံလျှင်ကြုံသလို စားသောက်ပါ၊ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးနိုင်မည်မှာ သေချာသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သောအခါ၌ သင်လိုက်နာရမည့် နိယာမတစ်ခုရှိသည်။ အဆင်ခြင်မဲ့စွာ မလုပ်ဆောင်နှင့်။ ယင်းအစား သင်နားလည်သင့်သော နှုတ်ကပတ်တော်များ ဆိုလိုသည်မှာ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို ရှာဖွေပါ။ သင်ရှာဖွေရမည့် အခြားကဏ္ဍတစ်ခုမှာ လက်တွေ့ ကျင့်သုံးခြင်းနှင့်ဆိုင်သောအရာ၊ ဆိုလိုသည်မှာ သင်ဝင်ရောက်ရမည့်အရာဖြစ်သည်။ ကဏ္ဍတစ်ခုမှာ အသိပညာအကြောင်းဖြစ်ပြီး၊ အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည်။ သင်သည် ထိုနှစ်ခုစလုံးကို ရှာဖွေတွေ့ရှိလျှင်၊ ဆိုလိုသည်မှာ အဘယ်အရာကို သိရမည်နည်းနှင့် အဘယ်အရာကို လက်တွေ့ လုပ်ဆောင်ရမည်နည်း ဆိုသည်ကို သဘောပေါက်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်သို့ စားသောက်ရမည်နည်း ဆိုသည်ကို သိလိမ့်မည်။

ရှေ့ဆက်သွားသည့်ခရီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း ပြောဆိုခြင်းသည် သင်စကားပြောသောအခါ၌ ကျင့်သုံးသည့် မူဖြစ်လိမ့်မည်။ သင်တို့ စုဝေးသောအခါ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း သင်တို့မိတ်သဟာရဖွဲ့ကာ ပြောဆိုသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ စကားဝိုင်း၏ခေါင်းစဉ် ဖြစ်စေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ သင်တို့သိသော အကြောင်းအရာများကို ပြောဆိုသင့်သည်၊ သူ၏နှုတ်ကပတ်တော်ကို သင်တို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော် မည်သို့ အလုပ်လုပ်ကြောင်း ပြောဆိုသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ကာ ပြောဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဤကမ္ဘာကို ဘုရားသခင် နှုတ်ကပတ်တော်၏ ကမ္ဘာဖြစ်စေလိုလျှင် လူသည်လည်း အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင် ဘုရားသခင်သည် သူ့အလုပ်ကို မလုပ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို သင်မပြောလျှင်၊ ဘုရားသခင်က သင့်ကို အလင်းမပေးနိုင်ပေ။ သင်အားလပ်သည့် အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းကို ပြောပါ။ စကားကို အကြောင်းမဲ့သက်သက်မပြောနှင့်။ သင့်အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပြည့်နေပါစေ၊ ထိုအခါ သင်သည် ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လာလိမ့်မည်။ သင်၏ မိတ်သဟာရသည် အပေါ်ယံဖြစ်လျှင်ပင် တော်သေးသည်။ အကြောင်းမှာ အပေါ်ယံမရှိလျှင် နက်ရှိုင်းမှုလည်း ရှိမည်မဟုတ်ပေ။ သင်ဖြတ်သန်းသွားရမည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သင်၏ လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလင်းပေးမှုကိုသာမက ဘုရားသခင်၏နှုတ်ကပတ်တော်ကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ကို သင်ထိုးထွင်းသိမြင်လိမ့်မည်။ ထိုသို့ စူးစမ်းလေ့လာသည့် အချိန်ကာလလွန်လျှင် သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည်။ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် သင့်မှာ ရှိမှသာ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံရရှိလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအတွက် အခြေခံသဘောတရားနှင့်ဆိုင်သည့် အချက်နှစ်ချက်ရှိသည်။ ပထမတစ်ချက်သည် ဉာဏ်ပညာနှင့်ဆိုင်ပြီး ဒုတိယတစ်ချက်သည် ဝင်ရောက်ခြင်းနှင့် ဆိုင်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိသင့်သနည်း။ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို သင်သိသင့်သည် (ဆိုလိုသည်မှာ ဘုရားသခင်သည် ယနေ့ မည်သည့်ခေတ်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သနည်း၊ ဘုရားသခင်သည် ယနေ့ မည်သည့်အရာကို အထမြောက်အောင် ဆောင်ရွက်လိုသော ဆန္ဒရှိသနည်း၊ လူဇာတိခံယူခြင်း ဆိုသည်မှာ အဘယ်နည်း စသည်တို့နှင့်ဆိုင်သော စကားများဖြစ်သည်။ ၎င်းတို့အားလုံးသည် ရူပါရုံနှင့်ဆိုင်သောအရာများဖြစ်သည်)။ လူသည် မည်သည့် နည်းလမ်းဖြင့် နှုတ်ကပတ်တော်ခေတ်ကို ဝင်ရောက်သင့်သနည်း။ ထိုနည်းလမ်းသည် လူက လက်တွေ့ လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့်ဆိုင်သော အချက်နှစ်ချက်ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုနည်းလမ်းဖြင့် စားသောက်ပါ။ ရူပါရုံနှင့် ပတ်သက်သော နှုတ်ကပတ်တော်များကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်လျှင်၊ နှုတ်ကပတ်တော်ကို ထပ်ဖတ်ဖို့ မလိုတော့ပါ။ အရေးအကြီးဆုံးမှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်၊ လူဇာတိကို မည်သို့ စွန့်လွှတ်ရမည် စသည့် ဝင်ရောက်ခြင်း အပေါ်၌ နှုတ်ကပတ်တော်များကို စားသောက်ဖို့ ဖြစ်သည်။ ထိုအရာသည် သင်လက်တွေ့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို မသိလျှင်၊ စစ်မှန်သော မိတ်သဟာရဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်သိပြီး အဓိကအချက်ကို နားလည်ပြီးသည်နှင့် တစ်ပြိုင်နက် မိတ်သဟာရသည် လွတ်လပ်လာလိမ့်မည်။ မည်သည့်အရေးကိစ္စ ပေါ်လာသည်ဖြစ်စေ သင်သည် မိတ်သဟာရဖွဲ့ပြီး ထိုအကြောင်းအရာကို ပြောဆိုနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး စစ်မှန်မှုကို နားလည်နိုင်လိမ့်မည်။ စစ်မှန်မှု မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ပြောဆိုခြင်းမှာ ဘယ်အရာက အဓိကဖြစ်သည်ကို သင်နားမလည်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို သင်မသိကြောင်းကို ဖော်ပြနေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ၌ ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။ ထိုသို့သော အခြေအနေသည် ပုံမှန် မဟုတ်ပေ။ ပုံမှန်အခြေအနေဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သောအခါ၌ မည်သည့်အခါမျှ မပင်ပန်းခြင်း ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမြဲဆာငတ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကောင်းသည်ဟု အမြဲတွေးခြင်း ဖြစ်သည်။ အမှန်တကယ် ဝင်ရောက်ပြီးသောသူသည် နှုတ်ကပတ်တော်ကို ထိုသို့ စားသောက်လေ့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်တကယ် လက်တွေ့ကျပြီး လူက ဝင်ရောက်သင့်သောအရာပင် ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကြီးမားသော အထောက်အကူဖြစ်သည်၊ လူအတွက် အလွန်အကျိုးရှိသည်၊ လူ့အသက်ကို ထောက်ပံ့သောအရာ ဖြစ်သည်ဟု သင်ခံစားရလျှင်၊ ထိုခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကိုပေးသော ခံစားချက်ဖြစ်သည်။ ထိုသို့သော ခံစားချက်ရှိခြင်းက သန့်ရှင်းသော ဝိညာဉ်တော် သင့်အထဲ၌ အလုပ်လုပ်နေကြောင်း၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားကြောင်းကို သက်သေပြနေသည်။ အချို့က ဘုရားသခင် အမြဲစကားပြောနေကြောင်းကို မြင်သောအခါ ဘုရားသခင်၏ စကားများကို ငြီးငွေ့လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်ဘဲနေသည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ ရှိလိမ့်မည် မဟုတ်ဟု ထင်ကြသည်။ ထိုသို့ထင်ခြင်းသည် ပုံမှန်အခြေအနေ မဟုတ်ပေ။ သူတို့၏ နှလုံးသားသည် စစ်မှန်မှုကို ဝင်ရောက်ရန် ဆာငတ်တောင့်တခြင်း မရှိပေ။ ထိုသို့သောသူတို့သည် စုံလင်မှုကိုလည်း မဆာငတ်ကြ၊ စုံလင်ခံရခြင်းသည် အရေးကြီးသည်ဟုလည်း မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်သည် ဆာငတ်ခြင်းမရှိဟု ရှာဖွေတွေ့ရှိသောအခါတိုင်း ယင်းသည် သင်၏ အခြေအနေမှာ ပုံမှန် မဟုတ်ကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။ အတိတ်တွင် သင့်ကို ဘုရားသခင် စွန့်ခွာသလား၊ မစွန့်ခွာဘူးလားဟူသည့် အချက်သည် သင်၏အထဲ၌ ငြိမ်သက်ခြင်း ရှိ၊ မရှိနှင့် ဝမ်းမြောက်မှုကို ခံစားရခြင်း ရှိ၊ မရှိတို့အပေါ် မူတည်သည်။ ယခုအချိန်၌ အဓိကအချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်သလား၊ မဆာငတ်ဘူးလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏အသက်တာထဲရှိ လက်တွေ့အရှိတရား ဟုတ်၊ မဟုတ်၊ သင်သည် သစ္စာရှိသောသူ ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်အတွက် သင်လုပ်နိုင်သောအရာကို လုပ်နိုင်စွမ်း သင့်မှာ ရှိ၊ မရှိဟူသည့် အချက်များဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုအားဖြင့် တရားစီရင်ခြင်း ခံရသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို လူအားလုံးထံသို့ ဦးတည်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုလိုလားလားဖတ်လိုလျှင် ဘုရားသခင်က သင့်ကို အသိဉာဏ် ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က လိုလိုလားလား ဖတ်လိုစိတ်မရှိလျှင်မူ ဘုရားသခင်က သင့်ကို အသိဉာဏ်ပွင့်လင်းစေမည် မဟုတ်။ ဖြောင့်မတ်ခြင်းကို ဆာငတ်၊ မွတ်သိပ်သောသူတို့ကို ဘုရားသခင်သည် အသိဉာဏ်ပွင့်လင်းစေသည်၊ သူ့ကို ရှာသောသူတို့ကိုလည်း အသိဉာဏ်ပွင့်လင်းစေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ ဖတ်ရှုပြီးသည့်တိုင်အောင် ဘုရားသခင်သည် သူတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ နှုတ်ကပတ်တော်များကို မည်သို့ ဖတ်ကြသနည်း။ မြင်းပေါ်ဒုန်းစိုင်းစီးနေစဉ် ပန်းများကို ကြည့်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်လျှင်၊ ဘုရားသခင် ပြောသည့် စစ်မှန်မှုကို အရေးကြီးသည်ဟု သဘောမထားလျှင်၊ ဘုရားသခင်က သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့လျှင် ခံရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးမထားလျှင် သင့်မှာ သမ္မာတရား သော်လည်းကောင်း၊ စစ်မှန်မှုသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တန်ဖိုးထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်၊ ထိုအခါ သင်သည် စစ်မှန်မှုကို ရရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် အခြေအနေ၌မဆို သင်အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင်ပင်ပန်းနေသည်ဖြစ်စေ၊ မပင်ပန်းသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်စားသောက်ရမည်။ အားလုံးကို ခြုံပြီးသုံးသပ်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်နေ့ အစာ သုံးကြိမ် စားသကဲ့သို့ စားရမည်။ ဘုရားသခင်က စုံလင်အောင်ပြုလုပ်ပေးသည်ကို ခံရဖို့နှင့် ရယူခြင်းကို ခံရဖို့သည် ရိုးရှင်းသော အရာတစ်ခု ဖြစ်နိုင်ပါသလား။ လက်ရှိအချိန်၌ သင်နားလည်လည်၊ မလည်လည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိရှိ၊ မရှိရှိ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုပြီး စားသောက်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဝင်ရောက်ရန်အတွက် ကိုယ်တိုင်စလုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက် သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပါ၊ သင်မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားပါ။ အစပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သင်နားမလည်နိုင်သောအရာများစွာ ရှိနိုင်သည်၊ သို့သော် နှစ်လ၊ သုံးလကြာလျှင်သော်လည်းကောင်း၊ တစ်နှစ်ခန့် ကြာသွားလျှင်သော် လည်းကောင်း သင်နားလည်လာလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်နှင့် စုံလင်အောင် ပြုလုပ်မပေးနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်သောအခါ၊ များသောအားဖြင့် ဖတ်နေချိန်တွင် သင်နားလည်ချင်မှ နားလည်ပေလိမ့်မည်။ ထိုသို့ဖြစ်နေသောအချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စာသက်သက်သာဖြစ်သည်ဟု ထင်ကောင်းထင်ရနိုင်သည်၊ အချိန်အတိုင်း အတာတစ်ခုအထိ အတွေ့အကြုံ ရရှိပြီးမှသာ သင့်မှာ နားလည်နိုင်စွမ်းရှိလိမ့်မည်။ ဘုရားသခင်သည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် သင်သည် သူ့နှုတ်ကပတ်တော်ကို စားသောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားသင့်သည်။ ထိုသို့ပြုလျှင် သင့်ကိုယ်သင် သတိမထားမိဘဲ နားလည်လာမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါ၌ အများအားဖြင့် လူသည် သူ့ကိုယ်သူ သတိ မထားမိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဆာငတ်၊ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင်လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် မူသည် သင်စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်၌ ဗဟိုပြုထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အရေးကြီးသည်ဟု မသတ်မှတ်ဘဲ နှုတ်ကပတ်တော်နှင့်ပတ်သက်လျှင် အခြားသော သဘောထားရှိသော သူများအားလုံး၊ နှုတ်ကပတ်တော်ကို အရေးမထားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖတ်၊ မဖတ်ဖတ် ဘာမျှထူးမည် မဟုတ်ဟု ယုံကြည်သောသူများ အားလုံးသည် စစ်မှန်မှုမရှိသူများ ဖြစ်သည်။ ထိုသို့သော သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရစေမှုကိုသော်လည်းကောင်း တွေ့ရမည် မဟုတ်ပေ။ ထိုသို့သော လူများသည် အားမစိုက်ဘဲ လုပ်ဆောင်နေသူများဖြစ်သည်၊ ဦးနန်ဂုအို အကြောင်း ပြောထားသည့် ပုံဥပမာက ကဲ့သို့ပင် အရည်အချင်းစစ်မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏စစ်မှန်မှုအဖြစ် မရှိလျှင် သင့်မှာ စစ်မှန်သော ဝိညာဉ်အသက်တာ မရှိပေ။ စမ်းသပ်ခံရမည့် အချိန်ရောက်သောအခါ၌ သင်သည် သေချာပေါက် လဲပြိုလိမ့်မည်၊ ထိုအခါ သင်၏ ဝိညာဉ်အသက်တာအစစ်သည် ပေါ်လာလိမ့်မည်။ သို့သော်လည်း ထိုအချိန်၌ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ပုံမှန်ကြိုးစားရှာဖွေသော သူများသည် ဘုရားသခင်လုပ်သော အလုပ်၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ အသိတရားကို ပိုင်ဆိုင်သောသူ၊ ဘုရားသခင်ကို ငတ်မွတ်သောသူသည် ဘုရားသခင်၏မေတ္တာအတွက် ပြန်ပေးဆပ်ရန် လက်တွေ့လုပ်ဆောင်သင့်သည်။ စစ်မှန်မှုမရှိသော သူများသည် အသေးအမွှား ကိစ္စလေးများကို ကြုံသောအခါ၌ပင် ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်စွမ်း မရှိကြပေ။ ဝိညာဉ်အသက်တာအစစ်ရှိသောသူများနှင့် ဝိညာဉ်အသက်တာအစစ် မရှိသောသူများ ရိုးရှင်းစွာ ကွာခြားသည့်အရာတစ်ခု ရှိသည်။ နှစ်ဖွဲ့စလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ကြသော်လည်း စမ်းသပ်မှုနှင့် ကြုံသောအခါ၌ အဘယ်ကြောင့် အချို့က ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်သော်လည်း အချို့ကမူ ထွက်ပြေးကြသနည်း။ ထင်ရှားသော ခြားနားမှုမှာ ထွက်ပြေးသောသူများ၌ ဝိညာဉ်အသက်တာအစစ် မရှိခြင်းဖြစ်သည်၊ သူတို့၌ ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု မရှိပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့အထဲ၌ အမြစ်မတွယ်သေးပေ။ စမ်းသပ်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် သူတို့သည် ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြ။ သို့ဖြစ်လျှင် အချို့က အလားတူ အခြေအနေမျိုးနှင့် ကြုံသော်လည်း အဘယ်ကြောင့် ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၌ ရူပါရုံ ကြီးကြီးမားမား ရှိသောကြောင့်ဖြစ်သည် သို့မဟုတ် သူတို့၏အထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကိုယ်တိုင် ကြုံတွေ့ခံစားရသည့်အရာဖြစ်လာပြီး သူတို့ လက်တွေ့မြင်သော အရာသည် သူတို့ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ် ဖြစ်သွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် စမ်းသပ်မှုများနှင့် ကြုံသောအခါ၌ ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်စွမ်း ရှိခြင်းဖြစ်သည်။ ထိုသို့သော အသက်တာသည် ဝိညာဉ်အသက်တာအစစ် ဖြစ်သည်၊ ထိုသို့ဖြစ်ခြင်းသည်လည်း ဘဝပင်ဖြစ်သည်။ အချို့သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ကောင်းဖတ်လိမ့်မည်၊ သို့သော် တစ်ကြိမ်တစ်ခါမျှ လက်တွေ့လုပ်ဆောင်ခဲ့ခြင်း မရှိပေ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်လျှင် စိတ်အားထက်သန်ခြင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ စိတ်အားထက်သန်ခြင်း မရှိသောသူများသည် လက်တွေ့လုပ်ဆောင်ခြင်းက အရေးကြီးသည်ဟုလည်း မသတ်မှတ်ပေ။ ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု မရှိသောသူများသည် ဝိညာဉ်အသက်တာအစစ် မရှိသော သူများဖြစ်သည်။ ထိုသို့သောသူများသည် စမ်းသပ်မှုများကို ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်စွမ်း မရှိကြပေ။

ဘုရားသခင် စကားပြောသောအခါ၌ ဘုရားသခင်၏ စကားများကို စားသုံးရန်အတွက် သင်သည် ချက်ချင်း လက်ခံသင့်သည်။ မည်မျှပင် နားလည်သည်ဖြစ်စေ၊ သင့်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးဖို့၊ နားလည်ဖို့၊ လက်တွေ့လုပ်ဆောင်ဖို့ကသာ အဓိကဖြစ်သည်ဟူသည့် အမြင်ကို စွဲကိုင်ထားပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်လုပ်သင့်သောအရာဖြစ်သည်။ သင်၏ ဝိညာဉ်အသက်တာ မည်မျှကြီးထွားလာမည်နည်းဟူသည့် အချက်နှင့်ပတ်သက်၍ စိတ်မပူနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးဖို့ကိုသာ အာရုံစိုက်ပါ။ လူသည် ထိုသို့ ပူးပေါင်းလုပ်ဆောင်သင့်သည်။ သင်၏ ဝိညာဉ်အသက်တာဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ကာ လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်ဖြစ်သည်။ အခြားဘယ်အရာကိုမှ သင်အာရုံမစိုက်သင့်။ အသင်းတော်မှခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို ညီအစ်ကိုမောင်နှမများအားလုံး သိအောင် ဦးဆောင်လမ်းပြ နိုင်စွမ်း ရှိသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အသင်းတော်မှခေါင်းဆောင်များအားလုံး၏ တာဝန်ဖြစ်သည်။ အသက်ကြီးကြီး ငယ်ငယ် သူတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းကို အရေးကြီးသည့် ကိစ္စတစ်ခုအဖြစ်မြင်ပြီး သူတို့၏ နှလုံးသားထဲ၌ ဘုရားသခင် နှုတ်ကပတ်တော်ကို သိမ်းထားသင့်သည်။ သင်သည် ဤစစ်မှန်မှုထဲသို့ ဝင်ရောက်လျှင် နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ယနေ့ ခေတ်၌ လူအများစုက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ဘဲ အသက်ရှင်နိုင်စွမ်းမရှိဟု ခံစားရပြီး မည်သည့်အချိန်မှာဘဲဖြစ်ဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဆန်းသစ်သည်ဟု ခံစားရသည်။ ထိုသို့ခံစားရလျှင် လူသည် လမ်းကြောင်းမှန်ပေါ်သို့ စတင်ရောက်ရှိနေပြီဖြစ်သည်။ ဘုရားသခင်သည် အလုပ်လုပ်ရန်နှင့် လူကို ကူညီထောက်ပံ့ရန်အတွက် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တောင့်တ၊ ဆာငတ်သောအခါ ဘုရားသခင် နှုတ်ကပတ်တော်၏ ကမ္ဘာလောကသို့ ဝင်ရောက်ကြလိမ့်မည်။

ဘုရားသခင်သည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်။ သင်မည်မျှ သိသနည်း။ သင်သည် မည်မျှ ဝင်ရောက်ပြီး ဖြစ်သနည်း။ အသင်းတော်မှခေါင်းဆောင်တစ်ဦးသည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဦးဆောင်လမ်းပြခြင်း မပြုရသေးလျှင် သူတို့သည် တာဝန် မကျေသေးပေ၊ သူတို့၏တာဝန်များကို လုပ်ဆောင်ရန် ပျက်ကွက်ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ သုံးဆောင်ခြင်းသည် မည်မျှနက်ရှိုင်းသည်ဖြစ်စေ သို့မဟုတ် မည်မျှ သင်လက်ခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့စားသောက်ရမည်ကို သင်သိရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အရေးကြီးသည်ဟု သင်မှတ်ယူရမည်၊ ထိုသို့စားသောက်ခြင်း၏ အရေးကြီးပုံနှင့် လိုအပ်မှုကို သင်နားလည်ရမည်။ ဘုရားသခင်သည် များစွာပြောခဲ့ပြီးပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း မပြုလျှင် သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မရှာဖွေလျှင် သို့မဟုတ် နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင်လျှင် ဘုရားသခင်ကို သင်ယုံကြည်သည်ဟု မသတ်မှတ်နိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံသောသူဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကြုံတွေ့ခံစားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ပြောသည့်အတိုင်း အသက်ရှင်နေထိုင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကိုယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောသော်လည်း သူ၏ မည်သည့်နှုတ်ကပတ်တော်ကိုမျှ သင်သည် အများရှေ့တွင် မပြောနိုင်လျှင် သို့မဟုတ် ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်ကို သင်မယုံဟု သတ်မှတ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် “အဆာပြေဖို့အတွက် အစာရှာခြင်း” ဖြစ်သည်။ အရေးမပါသော သက်သေခံချက်၊ အသုံးမဝင်သောကိစ္စများနှင့် အပေါ်ယံကိစ္စများကိုသာ ပြောဆိုခြင်းနှင့် စစ်မှန်မှု နည်းနည်း လေးမျှ မရှိခြင်းတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အပြုအမူများ၌ မပါဝင်ပေ။ ဘုရားသခင်ကို မှန်ကန်သည့်နည်းလမ်းဖြင့် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုလည်း သင်နားမလည်သေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် သင်ပိုပြီး စားသောက်ရမည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုဘဲ၊ ကောင်းကင်နိုင်ငံသို့ရောက်ဖို့သာ ကြိုးစားနေလျှင် ထိုအရာကို ယုံကြည်ခြင်းဟု သတ်မှတ်ပါသလား။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့် အဆင့်ဖြစ်သနည်း။ ဘုရားသခင်သည် မည်သည့်နည်းလမ်းဖြင့် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်သော သင့်ကို ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးနိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ပကတိအရှိတရားအဖြစ် မသတ်မှတ်လျှင် သင့်ကို နိုင်ငံတော်နှင့်ဆိုင်သော သူတစ်ဦးဟု သတ်မှတ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အတိအကျအားဖြင့် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေနှင့် ပြင်ပန်းသဏ္ဌာန်အားဖြင့် ကောင်းသောအကျင့်စရိုက်များကို ပိုင်ဆိုင်သူဖြစ်သင့်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိသူများဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ မစွန့်ပစ်ရ။ ဘုရားသခင်ကိုသိသော သင်၏အသိနှင့် ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ခြင်း အားလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ အနာဂတ်တွင် နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို နှုတ်ကပတ်တော်အားဖြင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက်စကားပြောလိမ့်မည်၊ လူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည်၊ ထိုအခြင်းအရာအားဖြင့် လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နေရာအနှံ့အပြား ပျံ့နှံ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းပြောကြသည်၊ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ လုပ်ဆောင်ကြသည်၊ နှလုံးသားထဲ၌ သိမ်းဆည်းထားကြသည်မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်၊ အတွင်းကော အပြင်ပါ လူတို့သည် ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း တည်နေကြသည်၊ ထို့ကြောင့် သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရသည်။ ဘုရားသခင်၏ အလိုပြည့်စုံအောင် လုပ်ဆောင်ပြီး ဘုရားသခင်၏အကြောင်း သက်သေခံနိုင်သောသူများသည် ဘုရားသခင် နှုတ်ကပတ်တော်၏ စစ်မှန်မှု ရှိသောသူများဖြစ်သည်။

နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်ခြင်း၊ တစ်နည်းအားဖြင့် အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ခြင်းသည် လက်ရှိအချိန်၌ လုပ်ဆောင်ပြီးပြီဖြစ်သော အလုပ်ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း မိတ်သဟာရဖွဲ့ကာ ပြောဆိုခြင်းကို လက်တွေ့လုပ်ဆောင်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် နှုတ်ကပတ်တော်ကို ကြုံတွေ့ခံစားခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သဘာဝအလျောက် အသက်ရှင်နေထိုင်နိုင်သည်။ အခြားသူများ ယုံကြည်လက်ခံလာစေရန်အလို့ငှာ လက်တွေ့ကျသော အတွေ့အကြုံအချို့ကို သင်ထုတ်လုပ်ရပေမည်။ အကယ်၍ သင်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို အသက်မရှင်မနေထိုင်နိုင်ပါက၊ မည်သူမျှ ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသော သူများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားခြင်း၏ လက်တွေ့အရှိတရား ရှိသောသူများဖြစ်သည်။ အကယ်၍ သင်သည် ဤလက်တွေ့အရှိတရားကို မထုတ်လုပ်နိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ရသေးကြောင်း၊ သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်း မခံရသေးကြောင်းကို ထိုအရာက ပြသပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်၏ အရေးပါမှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်သောနှလုံးသား သင့်မှာ ရှိပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်သောသူများသည် သမ္မာတရားကို ဆာငတ်သူများဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင် ကောင်းချီးပေးသည်ကို ခံစားရသည်။ အနာဂတ်တွင် ဂိုဏ်းဂဏများအားလုံး၊ ဂိုဏ်းစွယ်များအားလုံးကို ပြောမည့် နှုတ်ကပတ်တော်များ ဘုရားသခင်၌ များစွာရှိသေးသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများကို ပြောဆိုပြီး သူ၏အသံတော်ဖြင့် မိန့်မြွက်ကာ ၎င်းတို့ကို သိမ်းပိုက်ခြင်းကို ဆက်လက်မလုပ်ဆောင်မီ ပထမဦးဆုံးအနေနှင့် သင်တို့အကြား၌ ပြောဆို၍ သူ၏အသံတော်ကို မြွက်ကြားကာ သင်တို့ကို ပြီးပြည့်စုံလင်စေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် အားလုံးသည် စိတ်ရင်းနှင့် အကြွင်းမဲ့ ယုံကြည်လက်ခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဗျာဒိတ်တော်များကြောင့် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လျော့နည်းသွားပြီဖြစ်သည်။ အားလုံး၌ လူ၏ အသွင်သဏ္ဌာန် ရှိနေပြီး လူ၏ပုန်ကန်တတ်သော စိတ်သဘောထားသည်လည်း လျော့နည်းသွားပြီဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ၌ အာဏာဖြင့် အလုပ်လုပ်ပြီး ဘုရားသခင်၏ အလင်း အတွင်းတွင် လူကို သိမ်းပိုက်သည်။ လက်ရှိခေတ်၌ ဘုရားသခင်လုပ်မည့် အလုပ်နှင့် သူ၏အလုပ်၌ အပြောင်းအလဲများ ဖြစ်စေမည့်အရာများအားလုံးကို သူ၏ နှုတ်ကပတ်တော်၌ ရှာဖွေတွေ့ရှိနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မဖတ်လျှင် သင်ဘာမျှနားလည်မည် မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကိုယ်တိုင် စားသောက်ခြင်းအားဖြင့်၊ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာရဖွဲ့ခြင်းအားဖြင့်၊ သင်၏ အတွေ့အကြုံအစစ်များအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်းသိသော သင်၏အသိသည် တိုးပွားလာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ သင်သည် စစ်မှန်မှုအထဲ၌ လက်တွေ့အသက်ရှင် နေထိုင်နိုင်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာ၌ “ပုံဥပမာ” ဟူသည့် စကားလုံးကို ချန်လှပ်ထားသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။