သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော

ဘုရားသခင်ကို သင်ယုံကြည်သည်မှာ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကျော် ရှိကောင်း ရှိလိမ့်မည်။ သင့်ဘဝတွင် ထိုနှစ်ကာလများအတွင်း၌ အခက်အခဲများစွာကို သည်းခံကောင်း သည်းခံခဲ့ရလိမ့်မည်။ သို့မဟုတ် အခက်အခဲများစွာကို သည်းညည်းမခံခဲ့ရဘဲ၊ ကျေးဇူးတော်များစွာကို ရရှိကောင်း ရရှိခဲ့လိမ့်မည်။ သင်သည် အခက်အခဲနှင့် ကောင်းချီးမင်္ဂလာ တစ်စုံတစ်ခုကိုမျှ မတွေ့ကြုံခဲ့ရသည်လည်း ဖြစ်နိုင်ပြီး၊ ထိုအစား အတော်အတန်သာမန်ကျသော ဘဝဖြင့်သာ အသက်ရှင်နေထိုင်ခဲ့သည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်နေဆဲ ဖြစ်သောကြောင့် ဘုရားသခင်နောက်သို့ လိုက်ခြင်းအကြောင်း ပြောဆိုဆွေးနွေးကြပါစို့။ သို့ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး ဘုရားသခင်နောက်သို့ လိုက်သောသူအားလုံးအတွက်သာ ရည်ညွှန်းထားခြင်းဖြစ်ကြောင်း ဤစာကို ဖတ်သောသူအားလုံးကို ငါပြန်လည်သတိပေးလိုသည်၊ သူ၏နှုတ်ကပတ်တော်မှာ သူ့ကို အသိအမှတ်ပြုသောသူများ၊ သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိသောသူများ အပါအဝင် လူအယောက်ချင်းစီတိုင်းအတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် မြောက်မြားစွာသောလူထုထံသို့၊ ကမ္ဘာပေါ်ရှိ လူအားလုံးထံသို့ စကားပြောနေခြင်းဖြစ်သည်ဟု သင်ယုံကြည်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အပေါ်၌ အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို စိတ်စွဲလမ်းကာနေသင့်ပြီး၊ နှုတ်ကပတ်တော်၏ အာဏာစက်ပြင်ပတွင် မနေသင့်ပေ။ မည်သို့ပင်ဖြစ်စေ၊ ငါတို့အိမ်၌ ဖြစ်ပျက်နေသည့် အရာများအကြောင်း ပြောကြပါစို့။

သင်တို့အားလုံးအနေဖြင့် ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၏ အဓိပ္ပာယ်အစစ်အမှန်ကို သဘောပေါက်သင့်ပေပြီ။ ယခင်က ငါပြောခဲ့သည့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် သင်တို့၏ အပြုသဘောဆောင်သော ဝင်ရောက်မှုနှင့် ဆက်စပ်သည်။ ယနေ့၌မူ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် ထိုကဲ့သို့မဟုတ်ပေ။ ဘုရားသခင်အပေါ်ထားရှိသော သင်တို့ယုံကြည်ခြင်း၏ အနှစ်သာရကို ယနေ့ ငါဆန်းစစ်ကြည့်လိုသည်။ မှန်ပေသည်၊ ဤသည်မှာ သင်တို့ကို အနုတ်သဘောဆောင်သည့် ရှုထောင့်မှ လမ်းညွှန်ခြင်းဖြစ်သည်။ အကယ်၍ ငါဤသို့မပြုလုပ်ပါက သင်တို့သည် သင်တို့၏ ရုပ်သွင်အမှန်ကို မည်သည့်အခါမျှ သိရှိလာမည် မဟုတ်ဘဲ၊ သင်တို့၏ ဘာသာတရားကိုင်းရှိုင်းမှုနှင့် သစ္စာရှိမှုအပေါ်တွင် အမြဲကြွားဝါနေမည်ဖြစ်သည်။ တစ်နည်းအားဖြင့် သင်တို့၏နှလုံးသားအတွင်းရှိ နက်ရှိုင်းလှသောနေရာမှ အကျည်းတန်မှုကို ငါထုတ်ဖော်မပြပါက သင်တို့တစ်ဦးစီသည် မိမိတို့ခေါင်းပေါ်တွင် မိမိတို့ဘာသာ သရဖူဆောင်းကာ မိမိကိုယ်ကို ဂုဏ်ဖော်နေမည်ဖြစ်သည်။ သင်တို့၏ မာန်တက်၍ မာနထောင်လွှားတတ်သည့် သဘာဝဗီဇသည် သင်တို့၏အသိစိတ်ကို ပြန်လည်သစ္စာဖောက်မိစေရန်၊ ခရစ်တော်ကို ပုန်ကန်၊ ဖီဆန်မိစေရန်၊ သင်တို့၏အကျည်းတန်မှုကို ထုတ်ဖော်ပြစေရန် တွန်းအားပေးပြီး ထိုသို့အားဖြင့် သင်တို့၏ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော တပ်မက်မှုများနှင့် လောဘခိုးဝေနေသော မျက်လုံးများကို အလင်းထဲတွင် ပေါ်အောင်ပြသည်။ ထိုသို့ဖြစ်လင့်ကစား သင်တို့သည် ခရစ်တော်၏ အမှုအတွက် သင်တို့၏ဘဝကို အပ်နှံမည်ဟု ဆက်လက်၍ဝန်ခံပြောဆိုနေပြီး၊ ကြာမြင့်စွာကတည်းက ခရစ်တော်ပြောခဲ့သော သမ္မာတရားများကို ထပ်ခါတလဲလဲ ပြန်လည်ပြောဆိုနေကြသည်။ ဤသည်မှာ သင်တို့၏ “ယုံကြည်ခြင်း” ဖြစ်သည်။ ဤသည်မှာ “မစင်ကြယ်မှု မရှိသော သင်တို့၏ ယုံကြည်ခြင်း” ဖြစ်သည်။ ငါသည် လူအတွက် အလွန်တင်းကြပ်သော စံနှုန်းကို တောက်လျှောက်စွဲကိုင်ထားခဲ့သည်။ အကယ်၍ သင်၏သစ္စာစောင့်သိမှုသည် သင်၏ရည်ရွယ်ချက်များ၊ သတ်မှတ်ချက်များနှင့် ဒွန်တွဲ၍ ပါလာပါက သင်၏သစ္စာစောင့်သိမှုဟုဆိုသော မည်သည့်အရာကိုမျှ ငါမခံယူလိုပေ။ အကြောင်းမှာ မိမိတို့၏ရည်ရွယ်ချက်များဖြင့် ငါ့ကိုလှည့်ဖြားသူများ၊ သတ်မှတ်ချက်များနှင့် ငါ့ထံမှ အတင်းအကျပ် တောင်းယူသူများကို ငါစက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ လူ့အနေဖြင့် ငါ့အား အပြည့်အဝ သစ္စာစောင့်သိကြရန်နှင့် ယုံကြည်ခြင်းဟူသော စကားလုံးတစ်လုံးအတွက် အရာခပ်သိမ်းကို လုပ်ဆောင်ပြီး သက်သေပြကြရန်သာ ငါအလိုရှိသည်။ ငါပျော်ရွှင်စေဖို့အတွက် အချိုသတ်ထားသော စကားများကို သင်တို့အသုံးပြုသည်ကို ငါစက်ဆုပ်သည်။ ငါသည် သင်တို့ကို စိတ်ရင်းလုံးလုံးနှင့် အမြဲဆက်ဆံသဖြင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သောယုံကြည်ခြင်းဖြင့် ပြုမူဆက်ဆံစေလိုသည်။ ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် လူအများအပြားက သူတို့၌ ယုံကြည်ခြင်းရှိသောကြောင့် ဘုရားသခင်နောက်သို့ သူတို့လိုက်ခြင်းဖြစ်ကြောင်း၊ သို့မဟုတ်လျှင် ထိုသို့သော ဆင်းရဲဒုက္ခကို သူတို့ခံကြမည်မဟုတ်ကြောင်း ထင်ကောင်း ထင်ကြလိမ့်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ငါက သင့်ကို ဤသို့မေးလိုသည်- ဘုရားသခင်ရှိကြောင်း သင်ယုံကြည်သော်လည်း သူ့ကို အဘယ်ကြောင့် တစ်ခါမျှ သင်မရိုသေမလေးမြတ်သနည်း။ ဘုရားသခင်ရှိကြောင်း သင်ယုံကြည်လျှင် သင့်စိတ်နှလုံးထဲ၌ အဘယ်ကြောင့် သူ့ကိုကြောက်ရွံ့သည့်စိတ် မရှိသနည်း။ ခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သည်ကို သင်လက်ခံသော်လည်း အဘယ်ကြောင့် သင်သည် သူ့အပေါ် ထိုသို့မထီမဲ့မြင်ပြုသနည်း။ အဘယ်ကြောင့် သင်သည် သူ့အပေါ် မရိုမသေဆက်ဆံသနည်း။ သူ့ကို အဘယ်ကြောင့် ပေါ်တင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ လှုပ်ရှားမှုများအပေါ် အဘယ်ကြောင့် သင်အမြဲစောင့်ကြည့်ရသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် မနာခံသနည်း။ အဘယ်ကြောင့် သူ၏နှုတ်ကပတ်တော်နှင့်အညီ မပြုမူသနည်း။ သူ့ထံ၌ ပေးလှူထားသည့် အရာများကို အဘယ်ကြောင့် အတင်းအကျပ်တောင်းယူကာ လုယက်သနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော်နေရာတွင် ဝင်စကားပြောသနည်း။ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့မှာ မှန်၏၊ မမှန်၏ကို အဘယ်ကြောင့် သင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို စော်ကားပြောဆိုရဲသနည်း။ သင်တို့၏ယုံကြည်ခြင်းတွင် ပါဝင်သည့်အရာများမှာ ဤအရာများနှင့် အခြားအရာများဖြစ်သလော။

သင်တို့၏အထဲ၌ ခရစ်တော်ကို မယုံကြည်သည့် အရိပ်လက္ခဏာများ ကိန်းအောင်းနေကြောင်းကို သင်တို့၏စကားနှင့် အပြုအမူတို့၏ အစိတ်အပိုင်းတိုင်းက ဖော်ပြနေသည်။ သင်တို့လုပ်ဆောင်သော အရာများအတွက် သင်တို့၏ရည်ရွယ်ချက်များနှင့် ပန်းတိုင်များသည်လည်း မယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ သင်တို့မျက်လုံးထဲရှိအကြည့်မှ ထွက်ပေါ်နေသော ထိုသဘောသည်ပင်လျှင် ယင်းအရိပ်အယောင်များဖြင့် စွန်းထင်းနေသည်။ တစ်နည်းအားဖြင့် သင်တို့တစ်ဦးစီတိုင်းသည် တစ်နေ့တာ၏ မိနစ်တိုင်းတွင် မယုံကြည်သည့် အရိပ်လက္ခဏာများကို ကိန်းအောင်းထားကြသည်။ အချိန်တိုင်းတွင် သင်တို့သည် ခရစ်တော်အား သစ္စာဖောက်သွားနိုင်သည့် အန္တရာယ်ရှိကြောင်းကို ဆိုလိုသည်။ အကြောင်းမှာ သင်တို့၏ ကိုယ်ခန္ဓာထဲတွင် စီးဆင်းနေသော သွေးတို့သည် လူဇာတိခံယူသော ဘုရားသခင်အပေါ် မယုံကြည်မှုနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းပေါ်တွင် သင်တို့ထားခဲ့သော ခြေရာတို့သည် နက်ရှိုင်းမှုမရှိဟု ငါပြော၏။ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းတစ်လျှောက် သင်ခရီးနှင်ရာတွင် မြေပြင်ပေါ်၌ သင်၏ခြေကို ခိုင်မာစွာမတည်ထားပေ၊ သင်သည် ဝတ်ကျေတမ်းကျေ လုပ်နေခြင်းသာ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏နှုတ်ကပတ်တော်ကို မည်သည့်အခါကမျှ အပြည့်အဝ မယုံကြည်ကြဘဲ၊ ထိုနှုတ်ကပတ်တော်ကို ချက်ချင်း လက်တွေ့လုပ်ဆောင်ခြင်း မပြုနိုင်ကြပေ။ ဤအကြောင်းကြောင့် သင်တို့သည် ခရစ်တော်ကို မယုံကြည်ကြခြင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ အယူအဆများ အမြဲရှိနေခြင်းမှာလည်း သင်တို့အနေဖြင့် သူ့ကို မယုံကြည်သည့် အခြားအကြောင်းရင်းတစ်ခု ဖြစ်သည်။ ခရစ်တော်၏အမှုနှင့်ပတ်သက်၍ ယုံကြည်မှု အမြဲကင်းမဲ့ခြင်း၊ ခရစ်တော်၏ နှုတ်ကပတ်တော်ကို နားမထောင်ခြင်း၊ ခရစ်တော်ပြုလုပ်သော အမှုတိုင်းအပေါ် ထင်မြင်ချက်ရှိနေခြင်းနှင့် ထိုအမှုကို ကောင်းမွန်စွာ နားမလည်နိုင်ခြင်း၊ မည်သည့်ရှင်းပြချက်မျိုးကို ကြားရသည်ဖြစ်ပါစေ၊ မိမိတို့၏ အယူအဆများကို စွန့်လွှတ်ပစ်ရန် အခက်တွေ့နေခြင်း၊ အစရှိသည့်အချက်များသည် သင်တို့၏နှလုံးသားထဲ၌ ရောနှောနေသော မယုံကြည်ခြင်း၏ အရိပ်လက္ခဏာများ ဖြစ်ကြသည်။ သင်တို့သည် ခရစ်တော်၏ အမှုနောက်သို့လိုက်ပြီး၊ တစ်ခါမျှ နောက်ကျမကျန်ရစ်ခဲ့ဖူးသော်လည်း သင်တို့၏နှလုံးသားထဲ၌ အလွန်များပြားသော ပုန်ကန်မှုများ ရောနှောနေသည်။ ဤပုန်ကန်မှုသည် ဘုရားသခင်အပေါ်ထားသော သင်၏ယုံကြည်ခြင်း၌ရှိသည့် မစင်ကြယ်ခြင်းဖြစ်သည်။ သင်တို့အနေနှင့် သဘောတူချင်မှ တူလိမ့်မည်။ သို့ရာတွင် ထိုအရာမှတစ်ဆင့် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို သင်သတိမပြုနိုင်လျှင် သင်သည် ပျက်စီးမည့်သူထဲတွင် ပါဝင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် သူ့အား စစ်မှန်စွာ ယုံကြည်သောသူတို့ကိုသာလျှင် စုံလင်အောင် ပြုပေးပြီး၊ သူ့ကို အယုံအကြည် မရှိသူများကိုမူ ထိုသို့မပြုပေးသောကြောင့်ဖြစ်သည်။ ထို့ပြင် သူသည် ဘုရားသခင်ဖြစ်သည်ဟု တစ်ခါမျှ မယုံကြည်ကြသော်လည်း အင်တင်တင်ဖြင့် သူ့နောက်လိုက်နေသူများကို စုံလင်အောင် လုံးဝပြုပေးမည် မဟုတ်ပေ။

အချို့သောသူများသည် တရားစီရင်မှုကို မဆိုထားနှင့် သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား သူတို့သည် အာဏာနှင့် ဥစ္စာဓနတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သောသူများကို အာဏာရှာသူများဟု ခေါ်သည်။ သူတို့သည် ကမ္ဘာပေါ်၌ အရှိန်အဝါရှိသော ဂိုဏ်းဂဏများနှင့် ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ အထူးသီးသန့် ရှာဖွေကြသည်။ သမ္မာတရားလမ်းကို လက်ခံပြီးဖြစ်သော်ငြားလည်း သူတို့သည် အယုံအကြည်ကင်းမဲ့နေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့ အပြည့်အဝ ပေးအပ်မြှုပ်နှံနိုင်ခြင်း မရှိကြသေးပေ။ ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံခြင်းအကြောင်း ပြောသော်လည်း သူတို့မျက်လုံးများသည် ကြီးကျယ်သော သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ပြီး ခရစ်တော်ကို ဘေးသို့ဖယ်ထားကြသည်။ သူတို့၏နှလုံးသားများသည် ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ဂုဏ်အသရေတို့ဖြင့်သာ ပြည့်နေသည်။ ထိုကဲ့သို့ နုံချာလွန်းသူတစ်ယောက်သည် လူမြောက်မြားစွာကို သိမ်းပိုက်နိုင်စွမ်းရှိကြောင်းနှင့် လုံးဝမထူးခြားသောသူတစ်ဦးသည် လူများကို စုံလင်စေနိုင်ကြောင်းကို သူတို့လုံးဝမယုံကြည်ကြပေ။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲ၌ရှိသော ဤအညတရလူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ ဖြစ်သည်ကို သူတို့လုံးဝမယုံကြည်ကြပေ။ အကယ်၍ ထိုသို့သောသူများသည် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရမည့်သူများဖြစ်လျှင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်ကာ လူတိုင်းခေါင်းပြုတ်မတတ် ရယ်မောကြလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်အောင်ပြုရန် ရွေးချယ်ခဲ့သည်ဆိုပါက ကြီးမြတ်သောသူများသည် ဘုရားကိုယ်တိုင်ပင် ဖြစ်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့၏ ထင်မြင်ယူဆချက်များသည် မယုံကြည်မှုနှင့် စွန်းထင်းနေသည်။ အကယ်စင်စစ် သူတို့သည် မယုံကြည်ဖို့နေနေသာသာ ရယ်စရာကောင်းသော သားရဲတိရစ္ဆာန်များဖြစ်သည်။ အကြောင်းမှာ သူတို့သည် ရာထူးနေရာ၊ ဂုဏ်နှင့် အာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ သူတို့အထင်ကြီးသည့်အရာမှာ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများသာ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို အလေးထားမှုမရှိကြ။ သူတို့သည် ခရစ်တော်ကို ကျောခိုင်းထားသော သစ္စာဖောက်များ၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းထားသော သစ္စာဖောက်များသာ ဖြစ်ကြသည်။

သင်လေးစားအားကျသည့်အရာမှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ သိုးထိန်းယောင်ဆောင်သော ထင်ရှားသည့် ထိုသူတို့သာ ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို ချစ်ခင်ခြင်းမရှိဘဲ၊ ဆိုးညစ်သော ကမ္ဘာကြီးနှင့်ပတ်သက်နေကြသည့် လျှပ်ပေါ်လော်လည်သူများကိုသာ ချစ်သည်။ ခေါင်းချရန် နေရာမရှိသော ခရစ်တော်၏ ဝေဒနာကို သင်သည် လှောင်ရယ်သည်။ လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းကာ သောက်စားပျော်ပါးနေသော အလောင်းကောင်များကိုမူ သင်သည် လေးစားအားကျနေ၏။ သင်သည် ခရစ်တော်နှင့်အတူတကွ ဒုက္ခခံစားလိုစိတ်မရှိဘဲ ဇာတိကပတိ၊ ကျမ်းဟောင်းတရားများနှင့် ထိန်းချုပ်မှုတို့ကိုသာ သင့်အားပေးသော အဆင်အခြင်မဲ့သည့် အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သွားသည်။ ယခုအချိန်အထိတိုင်အောင် သင့်နှလုံးသားသည် သူတို့ထံ၊ သူတို့၏ဂုဏ်သတင်းထံ၊ သူတို့၏ အဆင့်အတန်းထံ၊ သူတို့၏ အရှိန်အဝါထံ လှည့်ထားဆဲဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲသည့်သဘောထား၊ လက်မခံလိုသည့်သဘောထားကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည်။ ဤအကြောင်းကြောင့် ခရစ်တော်ကို အသိအမှတ်ပြုသော ယုံကြည်ခြင်း သင်၌မရှိဟု ငါပြောခြင်းဖြစ်သည်။ သင့်အနေဖြင့် ခရစ်တော်နောက်သို့ ယနေ့ထက်ထိ လိုက်လာသည့်အကြောင်းမှာ သင်၌ အခြားရွေးစရာ မရှိခဲ့သောကြောင့်သာဖြစ်သည်။ မြင့်မြတ်သော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားထဲတွင် အစဉ်အမြဲ အခိုင်အမာရှိနေသည်။ သူတို့၏စကားလုံးနှင့် လုပ်ရပ်တိုင်းကိုသာမက သူတို့၏ လွှမ်းမိုးမှုရှိသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားထဲတွင် သူတို့သည် အစဉ်အမြဲ အကြီးမြတ်ဆုံး ဖြစ်နေသည်၊ ထာဝရသူရဲကောင်းများ ဖြစ်နေကြသည်။ သို့ရာတွင် ယနေ့ကာလ၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သင်၏နှလုံးသားထဲတွင် သူသည် အစဉ်မထင်မရှားဖြစ်နေပြီး ရိုသေလေးစားခံထိုက်ခြင်းမရှိသူ အစဉ်ဖြစ်နေသည်။ အကြောင်းမှာ သူသည် အလွန်သာမန်ဖြစ်နေပြီး၊ မြင့်မြတ်ရန်မဆိုထားနှင့် လွှမ်းမိုးမှုလည်း အလွန်နည်းသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ သမ္မာတရားကို တန်ဖိုးမထားသူများအားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ သဘောကျမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ပေ။ သင့်ထဲတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို သင်ယခု ဖော်ထုတ်သိရှိခဲ့ပြီးပြီလော။ သင့်ကို ငါအလေးအနက် တိုက်တွန်းမည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ခဲ့သဖြင့် သင်သည် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်၊ စိတ်နှစ်ခွဖြစ်ခြင်း၊ သို့မဟုတ် စိတ်မပါ့တပါဖြစ်ခြင်း မရှိနှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်လည်း သက်ဆိုင်ခြင်းမရှိဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံး၊ မိမိကိုယ်ကို သူ့အပေါ်ဆည်းကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့်သာ သက်ဆိုင်ကြောင်းကို သင်နားလည်သင့်သည်။

ယခု သင်တို့ထဲတွင် မယုံကြည်မှုများစွာ ရှိနေဆဲဖြစ်သည်။ သင်တို့၏အတွင်းသို့ ဝီရိယရှိရှိဖြင့် ကြည့်ကြည့်လျှင် သင်တို့၏အဖြေကို သင်တို့ အမှန်တကယ် တွေ့ရှိလိမ့်မည်။ စစ်မှန်သော အဖြေကို သင်တွေ့ရှိသောအခါ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်ဘဲ၊ ဘုရားသခင်ကို လှည့်ဖြားသူ၊ စော်ကားပြောဆိုသူ၊ သစ္စာဖောက်သောသူ၊ ဘုရားသခင်အပေါ် သစ္စာမစောင့်သိသောသူ တစ်ယောက်ဖြစ်နေသည်ဟု ဝန်ခံလိမ့်မည်ဖြစ်သည်။ ထို့နောက် ခရစ်တော်သည် လူမဟုတ် ဘုရားဖြစ်သည်ကို သင်သိရှိလာလိမ့်မည်။ ထိုနေ့ရက်အချိန်ရောက်လျှင် သင်သည် ခရစ်တော်ကို ရိုသေလေးမြတ်ကာ ကြောက်ရွံ့ပြီး စစ်မှန်စွာ ချစ်လာလိမ့်မည်။ လက်ရှိတွင် သင်တို့နှလုံးသား၏ သုံးဆယ်ရာခိုင်နှုန်း၌သာလျှင် ယုံကြည်ခြင်းနှင့်ပြည့်နေပြီး၊ ကျန်ခုနစ်ဆယ်ရာခိုင်နှုန်း၌မူ သံသယနှင့် ပြည့်နေသည်။ ခရစ်တော် လုပ်ဆောင်ခဲ့သည့်အရာနှင့် ပြောဆိုခဲ့သည့်ဝါကျတိုင်းသည် သင်တို့၏အထဲ၌ ခရစ်တော်နှင့်ပတ်သက်၍ အယူအဆများနှင့် ထင်မြင်ချက်များကို ဖြစ်ပေါ်လာစေနိုင်သည်။ ထိုအယူအဆများနှင့် ထင်မြင်ချက်များသည် သူ့အပေါ်တွင်ထားသော သင်တို့၏ လုံးလုံးလျားလျား မယုံကြည်မှုမှ အရင်းခံသည်။ သင်သည် ကောင်းကင်ဘုံရှိ မတွေ့ရသော ဘုရားသခင်ကိုသာ နှစ်သက်မြတ်နိုး၍ ကြောက်ရွံ့ပြီး၊ မြေကြီးပေါ်တွင် အသက်ရှင်လျက်ရှိသော ခရစ်တော်ကိုမူ လုံးဝအလေးမထားပေ။ ဤအရာသည်လည်း သင်တို့၏ မယုံကြည်မှုပင် မဟုတ်လော။ သင်တို့သည် အတိတ်တွင် အလုပ်လုပ်ခဲ့သော ဘုရားသခင်ကိုသာ တောင့်တပြီး၊ ယနေ့ကာလ၏ ခရစ်တော်ကိုမူ မရင်ဆိုင်ကြ။ ဤအရာများအားလုံးမှာ ယနေ့ကာလ၏ ခရစ်တော်ကို ယုံကြည်မှု ကင်းမဲ့နေသော သင်တို့၏နှလုံးသားထဲတွင် အစဉ်အမြဲ ရောနှောနေသည့် “ယုံကြည်ခြင်း” ပင်ဖြစ်သည်။ ငါသည် သင်တို့ကို အထင်သေးခြင်း လုံးဝမဟုတ်။ အကြောင်းမှာ သင်တို့ထဲတွင် မယုံကြည်မှု များလွန်းနေပြီး၊ သင်တို့အထဲ၌ မစင်ကြယ်သည့်အရာနှင့် စိတ်ဖြာဆန်းစစ်မှုပြုရမည့်အရာ များစွာရှိနေသည်။ ဤမစင်ကြယ်မှုများသည် သင်တို့ထံတွင် ယုံကြည်ခြင်း လုံးဝမရှိကြောင်းကိုပြသော သင်္ကေတဖြစ်သည်။ ထိုမစင်ကြယ်မှုများသည် ခရစ်တော်ကို သင်တို့စွန့်လွှတ်ကြောင်းကို ဖော်ပြသည့် အမှတ်အသားဖြစ်ပြီး ခရစ်တော်ကို သစ္စာဖောက်သူအဖြစ် သင်တို့ကို တံဆိပ်ခတ်သည်။ ယင်းတို့သည် ခရစ်တော်နှင့် ပတ်သက်သော သင်တို့၏အသိဉာဏ်ကို ဖုံးအုပ်ထားသည့် မျက်နှာဖုံးပဝါ တစ်ခုဖြစ်ပြီး၊ ခရစ်တော်၏ရယူခြင်းကို သင်တို့မခံရအောင် တားဆီးထားသည့် အတားအဆီးတစ်ခုဖြစ်ကာ၊ သင်တို့နှင့်ခရစ်တော် သဟဇာတမဖြစ်အောင် တားဆီးထားသော အတားအဆီးတစ်ခုဖြစ်ပြီး၊ ခရစ်တော်က သင်တို့ကို သဘောမကျကြောင်းကို ဖော်ပြသည့် သက်သေသက္ကာယလည်းဖြစ်သည်။ ယခုအချိန်သည် သင်တို့အသက်တာ၏ အစိတ်အပိုင်းအားလုံးကို စစ်ဆေးရမည့် အချိန်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်တို့ကို ဘက်ပေါင်းစုံမှ အကျိုးပြုမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။