စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့်၊ စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည် - နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းခံရမည့် သူများဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသခင်သည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် ဝမ်းနည်းမှုဖြင့် ပြည့်လိမ့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကိုယ် ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

သင်သည် ဘုရားသခင်၏စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများကို မရှာဖွေပါက၊ ထို့အပြင် စုံလင်ခြင်းကို သင်ရှာဖွေမှုတွင် အုပ်စုရှေ့တွင်ရှိဖို့ သင် မကြိုးပမ်းပါက၊ သင်သည် နောက်ဆုံးတွင် နောင်တဖြင့် ပြည့်မည်ဖြစ်သည်။ စုံလင်ခြင်းကိုရရှိဖို့ အကောင်းဆုံး အခွင့်အရေးမှာ ယခုဖြစ်သည်။ ယခုအချိန်သည် အလွန့်အလွန် ကောင်းမွန်သောအချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလေးအနက် မကြိုးစားပါက၊ သူ၏အမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက် အလွန် နောက်ကျသွားလိမ့်မည်- သင် အခွင့်အရေးကို လက်လွတ်သွားပြီး ဖြစ်လိမ့်မည်။ သင့် ရည်မှန်းချက်များ မည်မျှပင် ကြီးမားပါစေ၊ ဘုရားသခင်သည် အမှုကို ဆောင်ရွက်နေခြင်း မရှိတော့ပါက၊ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ၊ စုံလင်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်။ သင်သည် ဤအခွင့်အရေးကို လက်မလွတ်တမ်း အသုံးချရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ကြီးမြတ်သောအမှုကို လုပ်ဆောင်စဉ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဤအခွင့်အရေးကို သင် လက်လွတ်သွားပါက၊ မည်သည့် အားထုတ်မှုကို သင် ပြုပါစေ၊ သင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမည်မဟုတ်ပေ။ သင်တို့ထဲမှ အချို့က၊ "ဘုရားသခင်၊ ကိုယ်တော်၏ ဝန်ထုပ်ကို သတိရှိနေဖို့ ကျွန်ုပ် လိုလိုလားလား ရှိပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလိုလားလား ရှိပါ၏" ဟု ဟစ်အော် ကြသည်။ သို့ရာတွင်၊ သင်တို့သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း မရှိသောကြောင့်၊ သင်တို့၏ ဝန်ထုပ်များသည် ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။ သင်သည် ရှေ့တွင် လမ်းကြောင်းတစ်ခုရှိပါက၊ အတွေ့အကြုံကို တစ်ဆင့်ချင်း ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏အတွေ့အကြုံသည် အဆီအငေါ်တည့်လျက် စနစ်တကျ ရှိလိမ့်မည်ဖြစ်သည်။ ဝန်ထုပ်တစ်ခု ပြီးဆုံးပြီးနောက်၊ သင့်ကို နောက်တစ်ခု ပေးလိမ့်မည်။ သင်၏ ဘဝအတွေ့အကြုံ နက်သည်ထက် နက်လာသည်နှင့်အမျှ၊ သင်၏ ဝန်ထုပ်များသည်လည်း သာ၍ တိုးကာ နက်နဲလာလိမ့်မည်။ လူအချို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရသောအခါမှသာ ဝန်ထုပ်ကို သယ်ပိုးကြသည်။ အချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက်၊ ၎င်းတို့အနေဖြင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း မရှိတော့သည့်အခါ၊ ၎င်းတို့သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိတော့ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသက်သက်ဖြင့် ဝန်ထုပ်များကို မဖြစ်ပေါ်စေနိုင်ပေ။ သမ္မာတရားများစွာကို သိနားလည်ခြင်းဖြင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်း ရရှိလိမ့်မည်၊ သမ္မာတရားကို အသုံးပြုလျက် ပြဿနာများကို ဖြေရှင်းလာနိုင်လိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍တိကျသည့် သိနားလည်မှုတစ်ခုကို ရရှိလိမ့်မည်။ ဤအရာများဖြင့်၊ သင်သည် သယ်ဆောင်ဖို့ ဝန်ထုပ်များ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ အမှုကို ကောင်းမွန်စွာ သင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဝန်ထုပ်တစ်ခု ရှိသော်လည်း၊ သမ္မာတရားနှင့်သက်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှုမရှိပါက၊ ယင်းသည်လည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရမည်။ သင်ကိုယ်တိုင် စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည့် နောက်မှသာ၊ အခြားသူများအတွက် သင် ထောက်ပံ့ပေးနိုင်မည်၊ အခြားသူများကို ဦးဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်လိမ့်မည် ဖြစ်သည်။

"လမ်းကြောင်း… (၄)" တွင်၊ သင်တို့အားလုံးသည် ခေတ်ကာလများမတိုင်မီတွင် ဘုရားသခင် ကြိုတင်ခွဲခန့်မှတ်သားပြီးဖြစ်သည့် နိုင်ငံတော်၏ လူများဖြစ်ကြပြီး၊ မည်သူမျှ ယူဆောင်မသွားနိုင်ဟု ရေးသားထား၏။ ဘုရားသခင်၏ အသုံးပြုခြင်းနှင့် ပြည့်စုံစေခြင်းခံရရန် အယောက်တိုင်းအတွက် ဘုရားသခင် ဆန္ဒရှိပြီး၊ ဘုရားသခင်၏ လူများအဖြစ် ရပ်တည်ရန် ၎င်းတို့ကို သူ တောင်းဆိုကာ၊ ဘုရားသခင်၏ လူများဖြစ်လာခြင်းအားဖြင့်သာ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့ ဖြည့်ဆည်းနိုင်သည်ဟုလည်း ထိုနေရာတွင် ဖော်ပြထားသည်။ ထိုအချိန်တွင်၊ သင်တို့အားလုံးသည် ဘုရားသခင်၏ လူတို့အတွက် စံနှုန်းစံထားများပေါ် အခြေခံကာ ဝင်ရောက်ခြင်း လမ်းကြောင်းနှင့် ပတ်သက်၍ မိသဟာယဖွဲ့ရင်း၊ ဤကိစ္စအပေါ် မိတ်သဟာယ ပြုခဲ့ကြသည်။ ထို့ကြောင့်၊ ထိုအချိန်အတွင်း သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သည့် အမှုသည် လူအားလုံးကို ၎င်းတို့၏ အပျက်သဘောဆောင်သည့် အခြေအနေမှ နုတ်ယူပြီး အပြုသဘောဆောင်သော အခြေအနေတစ်ခုဆီသို့ လမ်းပြရန်ဖြစ်သည်။ ထိုစဉ်အချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အယောက်တိုင်းကို ဘုရားသခင်၏လူများအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မွေ့လျော်စေနိုင်လေ့ရှိခဲ့ပြီး၊ သင်တို့သည် ခေတ်ကာလများမတိုင်မီက ကြိုတင်ခွဲခန့်မှတ်သားခဲ့သည်နှင့်အညီ၊ ဘုရားသခင်၏ လူများဖြစ်ကာ စာတန်က သင်တို့ကို ယူဆောင်မသွားနိုင်သည်ကို သင်တို့အသီးသီးအား ရှင်းလင်းစွာ သိနားလည်ခွင့် ပေးလေ့ရှိခဲ့ပေသည်။ ထို့ကြောင့် သင်တို့အားလုံးက၊ "ဘုရားသခင်။ ကျွန်ုပ်သည် ခေတ်ကာလများမတိုင်မီက ကိုယ်တော်၏ ကြိုတင်ခွဲခန့်မှတ်သားထားခြင်း ခံခဲ့ရသောကြောင့်၊ ကိုယ်တော်သည် ဤအဆင့်အတန်းကို ကျွန်ုပ်တို့အပေါ် အပ်နှင်းပြီးဖြစ်သောကြောင့်၊ ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ဤအခြေအနေမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်ုပ်တို့ လိုလားလျက်ရှိကြပါ၏" ဟု ဆုတောင်းခဲ့ကြသည်။ ထိုသို့သော နည်းလမ်းဖြင့် သင် ဆုတောင်းသည့် အချိန်တိုင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိပေလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေ့ရှိသည့်ပုံ ဖြစ်သည်။ ဤအချိန်ကာလအတွင်းတွင်၊ သင်သည် အသက်အတွက် ကြိုးပမ်းပြီး၊ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်းကို ရှာဖွေနိုင်ဖို့အလို့ငှာ၊ ဘုရားသခင် ရှေ့မှောက်၌ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေဖို့ ဆုတောင်းကာ မိမိကိုယ်ကိုယ် လေ့ကျင့်သင့်ပေသည်။ ဤသည်မှာ ပထမခြေလှမ်းဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ ဘုရားသခင်၏အမှုမှာ လမ်းကြောင်းမှန်ပေါ်သို့ အယောက်တိုင်းအား ဝင်ရောက်စေဖို့၊ ပုံမှန် ဝိညာဉ်ရေးရာအသက်တာနှင့် စစ်မှန်သော အတွေ့အကြုံများ ရှိစေဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရစေဖို့နှင့်၊ ဤအရာများကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ထားရှိလျက် ဘုရားသခင်၏ စေခိုင်းချက်တာဝန်များကို လက်ခံစေရန် ဖြစ်သည်။ နိုင်ငံတော်၏လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်း၊ လှုပ်ရှားမှုတိုင်း၊ အတွေးနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခွင့်ပေးရန်၊ သာ၍ မကြာခဏ ဘုရားသခင်၏ တို့ထိခြင်း ခံရစေဖို့နှင့် ထိုသို့ဖြင့် သူ့ကို ချစ်သည့် နှလုံးသားတစ်ခု ဖြစ်ပေါ်စေဖို့၊ ပြီးလျှင် အယောက်တိုင်း ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် ရှိဖို့အလို့ငှာ၊ အယောက်တိုင်း လမ်းကြောင်းမှန်ပေါ် ရှိကြဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်နှင့်ဆိုင်သော ဝန်ထုပ်ကို သင့်အား သာ၍ တာဝန်ယူစေဖို့ ရည်ရွယ်ပေသည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိပေသည်။ သင်၏ အတွေးများနှင့် စိတ်ကူးများအပြင်၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို ပြင်ဆင်နိုင်ပြီး၊ ဇာတိပကတိအပေါ် သတိရှိခြင်းမှ ဘုရားသခင်၏ အလိုတော်အပေါ် သတိရှိခြင်းသို့ သင် လှည့်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် မှားယွင်းသော ရည်ရွယ်ချက်များ ထွက်ပေါ်လာသည့်အခါ ၎င်းတို့၏ အာရုံပျက်စေမှုကို ခုခံနိုင်ကာ၊ ယင်းအစား ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြုမူနိုင်သည်နှင့်တစ်ပြိုင်နက်- ထိုသို့သော ပြောင်းလဲမှုတစ်ခုကို သင် ရရှိနိုင်ပါက၊ သင်သည် အသက်တာအတွေ့အကြုံ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိပေသည်။ သင်၏ ဆုတောင်းခြင်း အလေ့အကျင့်များသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဆုတောင်းချက်များတွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရလိမ့်မည်။ သင်ဆုတောင်းသည့် အချိန်တိုင်းတွင်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရလိမ့်မည်။ သင်ဆုတောင်းသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်ရှေ့မှောက်၌ သင်၏ နှလုံးသားကို ငြိမ်သက်စေနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သင်စားသောက်သည့် အချိန်တိုင်းတွင်၊ လောလောဆယ် သူ ဆောင်ရွက်နေသည့် အမှုကို သင် သဘောပေါက်နိုင်ပြီး၊ မည်သို့ ဆုတောင်းရမည်၊ မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်နှင့် ဝင်ရောက်မှုကို မည်သို့ ရရှိမည်ဆိုသည်တို့ကို သင် သိနားလည်နိုင်ပါက၊ ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏စားသောက်ခြင်းသည် အကျိုးဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သင်သည် ဝင်ရောက်မှုလမ်းကြောင်းကို ရှာတွေ့နိုင်ပြီး၊ ဘုရားသခင်၏အမှု၏ လက်ရှိအင်အားများအပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ဦးတည်ရာကို သိမြင်နိုင်သည့်အခါ၊ သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အဓိကအချက်များကို သဘောမပေါက်သေး သကဲ့သို့ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်သေးပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မှန်ကန်စွာ စားသောက်ရမည်ကို မသိသေးသကဲ့သို့၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် နည်းစနစ် သို့မဟုတ် အခြေခံသဘောတရားကို သင် ရှာဖွေမတွေရှိသေးသည်ကို ပြသပေသည်။ သင်သည် ဘုရားသခင် လက်ရှိ ဆောင်ရွက်နေသည့် အမှုကို သဘောမပေါက်သေးပါက၊ သင့်ကို သူ အပ်နှံမည့် လုပ်ငန်းတာဝန်များကို သင် လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် လက်ရှိလုပ်ဆောင်သော အမှုသည် လက်ရှိတွင် လူသားများ ဝင်ရောက်ပြီး သိနားလည်သင့်သော အရာ အတိအကျဖြစ်သည်။ ဤအရာများကို သင်တို့ သဘောပေါက်ကြသလော။

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိရောက်စွာ စားသောက်ပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်ဖြစ်လာပြီး၊ မည်သည့် စမ်းသပ်မှုများ သင် ရင်ဆိုင်ရနိုင်သည်၊ မည်သည့် အခြေအနေများ သင် ကြုံရနိုင်သည်၊ မည်သည့် ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုများ သင် ခံရပ်ရနိုင်သည်၊ ညီအစ်ကို မောင်နှမများထံမှ မည်သည့် ဖယ်ကြဉ်ခြင်း သို့မဟုတ် မည်သည့် မိသားစုအခက်အခဲများ သင် ကြုံရနိုင်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်နိုင်သည်၊ ပုံမှန်ဆုတောင်းနိုင်ပြီး၊ သင်၏အသင်းတော် အသက်တာကို ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ပေသည်။ ဤအရာအားလုံးကို သင် ရရှိနိုင်ပါက၊ ထိုအရာက သင်သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိသည်ကို ပြသလိမ့်မည်။ လူအချို့သည် အလွန်နုနယ်ကြပြီး ဇွဲလုံ့လကင်းမဲ့ကြသည်။ သေးငယ်သည့် အတားအဆီးတစ်ခုကို ကြုံရသည့်အခါ၊ ၎င်းတို့ အသံတအီအီပြုကြပြီး အပျက်သဘောဆောင်လာကြသည်။ သမ္မာတရားကို ရရှိအောင်အားထုတ်ခြင်းသည် ဇွဲလုံ့လနှင့် စိတ်ဆုံးဖြတ်ခြင်းတို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏ အလိုကို ဤတစ်ကြိမ် ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက၊ သင့်ကိုယ်သင် စက်ဆုပ်နိုင်ရမည်ဖြစ်ပြီး၊ နောက်တစ်ကြိမ်တွင် အောင်မြင်ရန် တိတ်ဆိတ်စွာ စိတ်ထဲက ဆုံးဖြတ်ထားရမည်။ ဤအကြိမ်တွင် သင်သည် ဘုရားသခင်၏ဝန်ထုပ်အပေါ် သတိမရှိပါက၊ အနာဂတ်တွင် အလားတူ အတားအဆီးကို ရင်ဆိုင်ရသည့်အခါ၊ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင် ခိုင်ခိုင်မာမာဆုံးဖြတ်သင့်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ စိတ်ဆုံးဖြတ်သင့်ပေသည်။ ဤသည်မှာ သင် ချီးကျူးထိုက်သူ ဖြစ်လာမည့်ပုံ ဖြစ်သည်။ လူအချို့သည် မိမိတို့၏ကိုယ်ပိုင်အတွေးများ သို့မဟုတ် စိတ်ကူးများ မှန်သည်၊ မမှန်သည်ကို သိပင်မသိကြချေ။ ထိုသို့သောလူများသည် မိုက်မဲသောသူများ ဖြစ်ကြ၏။ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ပြီး ဇာတိပကတိကို တွန်းလှန်ရန် ဆန္ဒရှိပါက၊ သင်၏ ရည်ရွယ်ချက်များ မှန်သည် မမှန်သည်ကို ဦးစွာပထမ သင် သိရှိရမည်၊ ထိုအခါမှသာ သင်၏စိတ်နှလုံးကို သင် ချိုးနှိမ်နိုင်ပေသည်။ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင်မသိပါက၊ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ကာ ဇာတိပကတိကို တွန်းလှန်နိုင်သလော။ သင်တွန်းလှန်လျှင်ပင်၊ ဇဝေဇဝါဖြစ်လျက် ထိုသို့ လုပ်ဆောင်လိမ့်မည်။ သင်၏ ဆုံးဖြတ်ချက်လွဲမှားသော ရည်ရွယ်ချက်များကို မည်သို့ တွန်းလှန်ရမည်ကို သင် သိသင့်၏။ ဤသည်မှာ ဇာတိပကတိကို တွန်းလှန်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ရည်ရွယ်ချက်များ၊ အတွေးများနှင့် စိတ်ကူးများ မှားယွင်းသည်ကို သင် သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ လမ်းကြောင်းကို အလျင်အမြန် ပြောင်းပြန်လှန်ပြီး မှန်ကန်သော လမ်းကြောင်းကို သင် လျှောက်သင့်၏။ သင်သည် မှန်ကန်သော ရည်ရွယ်ချက်များ ရှိသည်၊ မရှိသည်ကို သင် အကောင်းဆုံးသိသောကြောင့်၊ ဤပြဿနာကို ဦးစွာ ဖြေရှင်းလော့၊ ပြီးလျှင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဝင်ရောက်မှုကို ရရှိဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်လော့။ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များသည် ပြုပြင်ခံရပြီး ယခုတွင် ဘုရားသခင်အတွက် ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်း ရည်မှန်းချက်ကို သင် ရရှိပြီးဖြစ်ပေလိမ့်မည်။

ယခု သင်တို့ လုပ်ဆောင်ရန် အရေးကြီးဆုံးအရာမှာ ဘုရားသခင်နှင့် သူ၏ အမှုနှင့်ဆိုင်သော အသိပညာကို ရရှိဖို့ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူသားမျိုးနွယ်အပေါ် မည်သို့အမှု ဆောင်ရွက်သည်ကိုလည်း သင် သိရမည်။ ဤလုပ်ရပ်များသည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ခြင်းအတွက် မုချလိုအပ်ပေသည်။ သင်သည် ဤပဓာနဖြစ်သောအချက်ကို သဘောပေါက်သည် နှင့်တစ်ပြိုင်နက်၊ ထိုသို့လုပ်ဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်သည် ဘုရားသခင်ကိုယုံကြည်ပြီး၊ ဘုရားသခင်ကိုသိသည်၊ ယင်းက ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း စစ်မှန်သည်ကို ပြသ၏။ သင်သည် အတွေ့အကြုံ ဆက်လက် ရရှိသော်လည်း အဆုံးတွင် ဘုရားသခင်ကို မသိနိုင်သေးပါက၊ သင်သည် ဧကန်မုချ ဘုရားသခင်ကို ခုခံသောလူတစ်ဦး ဖြစ်ပေသည်။ ယနေ့၏ လူ့ဇာတိခံ ဘုရားသခင်၌ ယုံကြည်ခြင်းမရှိဘဲ ယေရှုခရစ်တော်ကိုသာ ယုံကြည်သောသူအားလုံးသည် ရှုတ်ချခြင်း ခံရကြသည်။ ၎င်းတို့သည် ယနေ့၏ဘုရားသခင်ကို အသိအမှတ် မပြုကြသည့်အတွက်၊ ၎င်းတို့အားလုံးသည် နောက်ပေါ် ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင် ကြ၏။ ၎င်းတို့၏ ယေရှုကို ကိုးကွယ်ခြင်းသည် မည်မျှပင် ဆက်ကပ်မှုရှိပါစေ၊ အားလုံး အချည်းနှီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ၎င်းတို့ကို ချီးမွမ်းလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုနေသည့် ဆိုင်းဘုတ်တစ်ခုရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာမရှိသူ အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်။

ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေဖို့၊ ဦးစွာပထမ သူ၏ စုံလင်စေခြင်းသည် မည်သည့်အရာ ဆိုလိုသည်၊ စုံလင်စေခြင်းခံရဖို့အလို့ငှာ မည်သည့်သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်ဆိုသည်တို့ကို သိနားလည်ရမည်။ လူတစ်ဦးသည် ထိုသို့သော ကိစ္စရပ်များကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေရမည်။ စုံလင်စေခြင်းခံရဖို့ရန်၊ အရည်အချင်းတစ်ခုခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ လူများစွာတို့သည် ပင်ကိုအားဖြင့် လုံလောက်သည့် မြင့်မားမှုရှိသော အရည်အချင်း မရှိကြပေ၊ ထိုအခြေအနေတွင် သင့်အနေဖြင့် အဖိုးအခပေးရမည်ဖြစ်ပြီး ပုဂ္ဂလဓိဋ္ဌာန်ကျကျ ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။ သင်၏ အရည်အချင်း ဆိုးရွားလေလေ၊ နှလုံးသွင်းအားထုတ်မှုကို သင် စိုက်ထုတ်ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု ကြီးမားလေလေနှင့် ၎င်းတို့ကို သင် လက်တွေ့ လုပ်ဆောင်လေလေ၊ စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ သင် ခြေချနိုင်ရန် လျင်မြန်လေလေ ဖြစ်သည်။ ဆုတောင်းခြင်းမှတစ်ဆင့်၊ ဆုတောင်းခြင်း နယ်ပယ်တွင် သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ၎င်းတို့၏ အနှစ်သာရကို သဘောပေါက်ခြင်းနှင့် ၎င်းတို့၏ လက်တွေ့ အရှိတရားကို အသက်ရှင်နေထိုင်ခြင်းအားဖြင့်လည်း သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခြင်းအားဖြင့်၊ သင်သည် မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာသင့်သည်၊ ထို့အပြင် သင်၏ သေစေနိုင်သော အပြစ်အနာအဆာနှင့် သင်၏အားနည်းချက်များကို သတိပြုမိသင့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ အသနားခံသင့်ပေသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် တဖြည်းဖြည်း စုံလင်စေခြင်း ခံရလိမ့်မည်။ စုံလင်စေခြင်းခံရသည့် လမ်းကြောင်းမှာ- ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို ရရှိခြင်း၊ မိမိ၌ မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလာခြင်း၊ ဘုရားသခင်၏အမှုတော်ကို နာခံခြင်း၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိခြင်းနှင့်၊ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် သင့်အတွေ့အကြုံများကို ကြွယ်ဝစေနိုင်သည့် သင်၏ညီအစ်ကို မောင်နှမများနှင့် မကြာခဏမိတ်သဟာယပြုခြင်းတွင် ပါဝင်ခြင်းတို့ ဖြစ်သည်။ အများနှင့်ဆိုင်သော အသက်တာဖြစ်စေ သင်၏ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် အသက်တာဖြစ်စေ၊ ကြီးမားသော စုဝေးခြင်းများဖြစ်စေ‌ သေးငယ်သော စုဝေးခြင်းများဖြစ်စေ၊ ထိုအရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး သူ့ထံ ပြန်လာနိုင်ဖို့အလို့ငှာ သင့်ကို အတွေ့အကြုံ ဆည်းပူးခွင့်ပေးပြီး လေ့ကျင့်မှုကို ရရှိခွင့်ပေးသည်။ ဤအရာအားလုံးသည် စုံလင်စေခြင်းဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။ ယခင်က ပြောဆိုထားသည့်အတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဆိုသည်မှာ သင့်အနေဖြင့် ဘုရားသခင်အပေါ် သာ၍ ကြီးမားသော ယုံကြည်ခြင်းနှင့် ချစ်ခြင်း ရရှိဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို အမှန်တကယ် မြည်းစမ်းပြီး ၎င်းတို့ကို အသက်ရှင်နေထိုင်ဖို့ မိမိကိုယ်ကိုယ် အခွင့်ပေးခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ဤပုံစံဖြင့်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို တဖြည်းဖြည်း ခွာချလိမ့်မည်၊ မိမိထံမှ မသင့်လျော်သော ကြံရွယ်မှုများ ကင်းမဲ့စေလိမ့်မည်ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်လိမ့်မည် ဖြစ်သည်။ သင့်အတွင်း၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ကြီးမားလေလေ- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို သင် ခံရလေလေ - စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း၏ လွှမ်းမိုးခံရမှု နည်းလေလေ ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံများမှတစ်ဆင့်၊ စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ သင်သည် တဖြည်းဖြည် ခြေချလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍၊ သင့်အနေဖြင့် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့နှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံဖို့မှာ အထူးသဖြင့် အရေးကြီးပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။