ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း

သခင်ယေရှုခရစ်တော်နောက်သို့ လိုက်ကြကုန်သည့် သန်းရာပေါင်းများစွာသော အခြားသူများကဲ့သို့ပင် ငါတို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်တော်များကို လိုက်နာကြသည်၊ သခင်ယေရှုခရစ်တော်၏ ကြွယ်ဝသော ကျေးဇူးတော်ကို ခံစားကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကာ ချီးမွမ်းကြသည်၊ ထို့ပြင် သခင်ယေရှုခရစ်တော်၏နာမ၌ အစေခံကြသည်။ ထိုအရာများအားလုံးကို ငါတို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ လုပ်ဆောင်ကြသည်။ ငါတို့သည် မကြာခဏဆိုသလို အားနည်းတတ်ကြပြီး မကြာခဏဆိုသလိုလည်း အားကြီးတတ်ကြသည်။ ငါတို့၏ လုပ်ဆောင်ချက်များအားလုံးသည် သခင်၏ သွန်သင်မှုများနှင့်အညီဖြစ်သည်ဟု ငါတို့ယုံကြည်ကြသည်။ ထိုသို့ဖြစ်လျှင် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော အဖ၏အလိုကို လုပ်ဆောင်ခြင်းလမ်းကြောင်းပေါ်၌ ရှိကြသည်ဟု မိမိတို့ကိုယ်မိမိ ယုံကြည်နေကြသည်ကိုလည်း ပြောစရာပင်မလိုပေ။ သခင်ယေရှု ပြန်လာမည်ကို ငါတို့တောင့်တကြသည်၊ ဘုန်းနှင့်တကွ သူကြွဆင်းလာမည်ကိုလည်း တောင့်တသည်၊ လောက၌ ငါတို့၏အသက် အဆုံးသတ်မည့်အချိန်ကိုလည်း တောင့်တသည့်အပြင်၊ နိုင်ငံတော် ပေါ်ထွန်းဖို့ကိုလည်း တောင့်တသည်၊ ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည့် အရာတိုင်းကိုလည်း ငါတို့တောင့်တကြသည်။ သခင်ရောက်လာမည်၊ ကပ်ဘေးဒုက္ခကို သူခေါ်ဆောင်လာမည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး ဆိုးသွမ်းသောသူများကို အပြစ်ဒဏ်ပေးမည်၊ ထို့နောက် သူ့နောက်သို့ လိုက်ပြီး သူ၏ပြန်အလာကို ကြိုဆိုသောသူအားလုံးကို အာကာသကောင်းကင်၌ သူနှင့်တွေ့ဆုံရန် ဆောင်ယူလိမ့်မည်။ ထိုအကြောင်းကို ငါတို့စဉ်းစားတိုင်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကြပြီး ငါတို့သည် နောက်ဆုံးသောကာလ၌ မွေးဖွားလာသူများဖြစ်၍ သခင်ကြွလာခြင်းကို မြင်တွေ့ခွင့်ရသည့် ကံကောင်းသူများ ဖြစ်သောကြောင့် ကျေးဇူးတင်စိတ်နှင့် ပြည့်လျှံနေသည်။ ငါတို့သည် ဖိစီးနှိပ်စက်မှုကို ခံစားခဲ့ရသော်လည်း အပြန်အလှန်အားဖြင့် “အတိုင်းထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေ” ကို ငါတို့ရရှိခဲ့ကြသည်။ ကောင်းချီးမင်္ဂလာတစ်ပါးပင်တည်း။ ဤတောင့်တမှုနှင့် သခင်အပ်နှင်းပေးထားသော ကျေးဇူးတော်အားလုံးတို့ကြောင့် ငါတို့သည် တည်ကြည်လေးနက်စွာနှင့် မခြားမလပ် ဆုတောင်းကြသည်၊ ထို့ပြင် အတူတကွစုရုံးရာ၌ ငါတို့ကို ပို၍လုံ့လဝီရိယရှိစေသည်။ နောက်နှစ်လည်း ဖြစ်ချင်ဖြစ်မည်၊ မနက်ဖြန်လည်း ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် လူသားအနေဖြင့် စိတ်ကူးနိုင်သည့်အချိန်ထက် ပိုတိုတောင်းသည့်အချိန်အတွင်း ဖြစ်ချင်ဖြစ်မည်၊ သခင်သည် ရုတ်တရက် ဆင်းကြွလာလိမ့်မည်၊ သူ့ကို ထက်သန်သော ဂရုဓမ္မပြုမှုနှင့် စောင့်မျှော်နေကြသည့် လူတစ်စုအကြား၌ ပေါ်ထွန်းလာလိမ့်မည်။ သခင်၏ပေါ်ထွန်းခြင်းကိုမြင်ရသော ပထမဦးဆုံးလူအုပ်ထဲတွင် ပါရန်နှင့် ချီဆောင်ခြင်းခံရမည့်သူများထဲမှ တစ်ဦးဖြစ်စေရန်အတွက် ငါတို့အားလုံးသည် နောက်ကျကျန်ခဲ့လိုခြင်းမရှိဘဲ အချင်းချင်း အရှေ့ရောက်ရန်အတွက် အပြေးအလွှား သွားကြသည်။ ဤနေ့ရက်ရောက်လာဖို့အတွက် ငါတို့သည် အဖိုးအခကို အမှုမထားဘဲ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးဖြစ်သည်။ အချို့က သူတို့၏အလုပ်များကို စွန့်လွှတ်ကြသည်၊ အချို့က သူတို့၏ မိသားစုများကို စွန့်လွှတ်ကြသည်၊ အချို့က သူတို့၏ အိမ်ထောင်ကို စွန့်လွှတ်ကြသည်၊ အချို့ဆိုလျှင် သူတို့စုဆောင်းထားသမျှ အားလုံးကိုပင် ပေးလှူကြသည်။ ကိုယ်ကျိုးမငဲ့သော ဆက်ကပ်အပ်နှံမှုမျိုးပါတကား။ ထိုသို့သော ရိုးသားမှုနှင့် သစ္စာစောင့်သိမှုသည် အတိတ်ခေတ်အဆက်ဆက်က သန့်ရှင်းသူများထက်ပင် ဧကန်မုချ သာလွန်ပေ၏။ သခင်သည် သူကြိုက်သည့်သူအား ကျေးဇူးတော်ကို နှင်းအပ်ပေးသည်၊ သူကြိုက်သည့်သူအား ကရုဏာကိုပြသည်၊ ငါတို့၏ ဆက်ကပ်အပ်နှံခြင်းနှင့် အသုံးခံခြင်းလုပ်ရပ်များကို သူ့မျက်လုံးများဖြင့် ကြာမြင့်စွာကတည်းက မြင်ပြီးဖြစ်သည်ဟု ငါတို့ယုံကြည်ကြသည်။ ထို့ကြောင့် ငါတို့၏ လှိုက်လှိုက်လှဲလှဲ ဆုတောင်းချက်များသည်လည်း သူ၏နားသို့ ရောက်ပြီးဖြစ်သည်ဟု ငါတို့ယုံကြည်ကြပြီး၊ ငါတို့၏ ဆက်ကပ်အပ်နှံမှုအတွက် သခင်သည် ငါတို့ကို ဆုချလိမ့်မည်ဟု ငါတို့ယုံကြည်ကြသည်။ ထို့အပြင် ကမ္ဘာကြီးကို မဖန်ဆင်းမီကတည်းကပင် ဘုရားသခင်သည် ငါတို့အပေါ် ကျေးဇူးပြုနေခဲ့ပြီးဖြစ်ကာ ငါတို့ကို သူပေးခဲ့ပြီးဖြစ်သော ကောင်းချီးမင်္ဂလာများနှင့် ကတိတော်များကို မည်သူကမျှ ယူမသွားနိုင်ပါ။ ငါတို့အားလုံးသည် အနာဂတ်အတွက် အစီအစဉ်ဆွဲနေကြသည်၊ အာကာသကောင်းကင်၌ သခင်နှင့် ဆုံဆည်းရန်အတွက် ချီဆောင်ခြင်းခံရစိမ့်သောငှာ လဲလှယ်နိုင်သောအရာဖြစ်အောင် ငါတို့၏ ဆက်ကပ်အပ်နှံမှုနှင့် အသုံးခံမှုတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ငါတို့သည် တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့အပေါ် အုပ်စိုးရန် သို့မဟုတ် ရှင်ဘုရင်များအဖြစ် စိုးစံရန် နည်းနည်းလေးမျှပင် မတွန့်ဆုတ်ဘဲ အနာဂတ်ပလ္လင်ပေါ်၌ ကိုယ့်ကိုယ်ကိုယ် နေရာချထားကြသည်။ ထိုအရာများအားလုံးကို မှန်ကန်သည်ဟု ငါတို့မှတ်ယူထားကြပြီး ဖြစ်ရိုးဖြစ်စဉ်အဖြစ် သဘောထားကြသည်။

သခင်ယေရှုကို ဆန့်ကျင်သူအားလုံးကို မတူမတန်ဟု ငါတို့သဘောထားကြသည်၊ သူတို့အားလုံးသည် အမြစ်ဖြတ်သုတ်သင်ခံရခြင်းဖြင့် အဆုံးသတ်ကြရလိမ့်မည်။ သခင်ယေရှုမှာ ကယ်တင်ရှင်ဖြစ်သည်ကို မယုံရန် သူတို့ကို မည်သူပြောခဲ့သနည်း။ မှန်ပါသည်၊ လောကလူတို့အပေါ် ကြင်နာထောက်ထားခြင်းနှင့်ပတ်သက်ပြီး သခင်ယေရှုကို ငါတို့အတုယူကြသည့် အချိန်များရှိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် နားမလည်ကြသောကြောင့်၊ ငါတို့သည် သူတို့ကို သည်းခံပြီး ခွင့်လွှတ်သည်မှာ မှန်သောကြောင့်ဖြစ်သည်။ ငါတို့လုပ်သမျှသည် သမ္မာကျမ်းစာ၏ နှုတ်ကပတ်တော်များနှင့်အညီဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာနှင့် မကိုက်ညီသောအရာမှန်သမျှသည် အများနှင့်ကွဲလွဲဆန့်ကျင်ပြီး မိစ္ဆာဒိဋ္ဌိအယူဖြစ်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမျိုးသည် ငါတို့တစ်ယောက်စီတိုင်း၏ စိတ်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်ထားသည်။ ငါတို့၏ သခင်သည် ကျမ်းစာထဲ၌ရှိ၏၊ အကယ်၍ ငါတို့သည် ကျမ်းစာကို မစွန့်လျှင် သခင့်ကိုလည်း စွန့်လိမ့်မည်မဟုတ်၊ ထိုမူအတိုင်း ငါတို့အသက်ရှင်လျှင် ငါတို့သည် ကယ်တင်ခြင်းကို ရရှိမည်။ ငါတို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စေ့ဆော်ကြသည်၊ အားပေးကြသည်၊ ထို့ပြင် အတူတကွ စုဝေးတိုင်း ငါတို့ပြောသမျှနှင့် လုပ်သမျှတို့သည် သခင့်အလိုနှင့်အညီဖြစ်ဖို့၊ သခင်လက်ခံသောအရာဖြစ်ဖို့ ငါတို့မျှော်လင့်ကြသည်။ ငါတို့၏ပတ်ဝန်းကျင်သည် အလွန်ပင် ရန်လိုသော်လည်း ငါတို့၏နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နေကြသည်။ ထိုကဲ့သို့ အလွယ်တကူ လက်လှမ်းမီနိုင်သော အနီးအပါး၌ ရှိနေသည့် ကောင်းချီးများအကြောင်း ငါတို့တွေးမိသောအခါ၌ ငါတို့မစွန့်လွှတ်နိုင်သောအရာ တစ်စုံတစ်ခုရှိသလော။ ငါတို့ခွဲခွာရန် ဝန်လေးနေသည့်အရာ တစ်စုံတစ်ခုရှိသလော။ ထိုအရာအားလုံးမှာ ပြောစရာပင် မလိုသောအရာဖြစ်သည်၊ ထို့ပြင် ထိုအရာအားလုံးတို့မှာ ဘုရားသခင်၏ ဂရုတစိုက်ကြည့်ရှုမှုအောက်တွင်ရှိသည်။ နောက်ချေးပုံထဲမှ ချီမခြင်းခံခဲ့ရသော ချို့တဲ့သူ လူနည်းစုဖြစ်သည့် ငါတို့သည် သခင်ယေရှု၏ သာမန်နောက်လိုက်များ အားလုံးကဲ့သို့ပင်ဖြစ်သည်၊ ချီဆောင်ခြင်းခံရဖို့၊ ကောင်းချီးပေးခြင်းခံရဖို့၊ တိုင်းနိုင်ငံများအားလုံးကို အုပ်စိုးဖို့ ငါတို့စိတ်ကူးယဉ်ကြသည်။ ငါတို့၏ ဖောက်ပြန်မှုသည် ဘုရားသခင်၏ မျက်စိရှေ့၌ လှစ်ဟဖော်ထုတ်ခြင်းခံထားရသည်၊ ဘုရားသခင်၏ မျက်စိထဲတွင် ငါတို့၏အလိုဆန္ဒများနှင့် လောဘတို့သည် ပြစ်တင်ရှုတ်ချခြင်းခံရသည်။ သို့သော် ထိုအရာအားလုံးသည် အလွန်မထင်မရှားနှင့် အလွန်အကျိုးသင့်အကြောင်းသင့် ဖြစ်ပျက်ခြင်းကြောင့် ငါတို့ထဲတွင် မည်သူကမျှ ငါတို့၏ တောင့်တမှုများ မှန်မမှန်ကို မစဉ်းစားမိကြပေ၊ ငါတို့ စွဲကိုင်ယုံကြည်ထားသော အရာများ၏ တိကျမှုကိုဆိုလျှင် သာ၍ပင် သံသယမဝင်မိကြပေ။ ဘုရားသခင်၏ အလိုကို မည်သူသိနိုင်သနည်း။ လူသားလျှောက်လှမ်းသည့် ဤလမ်းကြောင်းမှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ကို ရှာဖွေရမည်၊ သို့မဟုတ် စူးစမ်းရမည်ကို ငါတို့မသိကြ၊ စိတ်ဝင်စားဖို့ရန်မှာမူ ဝေလာဝေးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ချီဆောင်ခြင်းခံရနိုင်မည်လော၊ ကောင်းချီးပေးခံရနိုင်မည်လော၊ ကောင်းကင်နိုင်ငံ၌ ငါတို့အတွက် နေရာတစ်နေရာရှိမည်လော၊ ထို့ပြင် အသက်ရေစီးသောမြစ်မှ ရေနှင့် အသက်ပင်မှ အသီးကို ငါတို့လည်း ရမည်လော၊ စသည့်အကြောင်းအရာတို့ကိုသာ ငါတို့အရေးစိုက်ကြသောကြောင့် ဖြစ်သည်။ ထိုအရာများကို ရလိုသောကြောင့် သခင့်ကို ငါတို့ယုံကြည်ပြီး သူ၏နောက်လိုက်များ ဖြစ်လာကြခြင်း မဟုတ်လော။ ငါတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရပြီ၊ ငါတို့သည် နောင်တရခဲ့ပြီ၊ ခါးသော စပျစ်ရည်ကို ငါတို့သောက်ခဲ့ပြီ၊ ထို့ပြင် လက်ဝါးကပ်တိုင်ကို ငါတို့၏ကျောပေါ်၌ ငါတို့တင်ထားခဲ့ပြီ။ ငါတို့ပေးခဲ့သော အဖိုးအခကို သခင်က နှစ်သက်လက်ခံမည်မဟုတ်ဟု မည်သူပြောနိုင်သနည်း။ ငါတို့သည် ဆီအလုံအလောက် မပြင်ဆင်ထားရသေးဟု မည်သူပြောနိုင်သနည်း။ မိုက်သောသတို့သမီးများ၊ သို့မဟုတ် စွန့်ပစ်ခြင်းခံရသူတစ်ဦးဦး ငါတို့မဖြစ်လိုပါ။ ထို့အပြင် ခရစ်တော်၏အယောင်ကို ဆောင်သောသူများ၏ လှည့်စားမှုကို ငါတို့မခံရရန် ကာကွယ်ပေးဖို့ သခင့်ကိုတောင်းလျှောက်ပြီး အစဉ်မပြတ် ဆုတောင်းကြသည်၊ အဘယ်ကြောင့်ဆိုသော် ကျမ်းစာထဲ၌ ဤသို့ပြောထားသောကြောင့်ဖြစ်သည်၊ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ကျမ်းစာထဲမှ ထိုကျမ်းချက်များကို ငါတို့သည် အလွတ်ကျက်မှတ်ထားပြီးဖြစ်သည်၊ ထိုကျမ်းချက်များကို နှုတ်တိုက်ရနေပြီ ဖြစ်သည်၊ ထို့အပြင် ငါတို့သည် ထိုကျမ်းချက်များကို တန်ဖိုးကြီးသော ရတနာအဖြစ်၊ အသက်အဖြစ်၊ ငါတို့ကယ်တင်ခြင်းခံရနိုင် မခံရနိုင် သို့မဟုတ် ချီဆောင်ခြင်းခံရနိုင် မခံရနိုင်ကို အဆုံးအဖြတ်ပေးသော အာမခံသဝဏ်လွှာအဖြစ် မြင်ကြသည်...

အသက်ရှင်သောလူများသည် မိမိတို့၏ အလိုဆန္ဒများနှင့် အိပ်မက်များကို မိမိတို့နှင့်အတူ တစ်ပါတည်းယူဆောင်ပြီး အသက်သေဆုံးကြသည်မှာ နှစ်ပေါင်းထောင်နှင့်ချီပြီဖြစ်သည်၊ သို့သော် ကောင်းကင်နိုင်ငံသို့ သူတို့ရောက်မရာက်ကိုမူ မည်သူမျှ အမှန်တကယ် မသိပေ။ သေလွန်သောသူများ ပြန်ရောက်လာကြသော်လည်း တစ်ချိန်ကဖြစ်ခဲ့သည့် အကြောင်းအရာများ အားလုံးကို မေ့သွားကြပြီး သူတို့သည် ဘိုးဘေးတို့၏ သွန်သင်မှုများနှင့် ဘိုးဘေးတို့၏ လမ်းများကို ဆက်လက်လျှောက်လှမ်းနေကြတုန်းပင်ဖြစ်သည်။ ဤနည်းဖြင့် ရက်များနှင့် နှစ်များကုန်လွန်လာသောအခါ ငါတို့၏ သခင်ယေရှု၊ ငါတို့၏ ဘုရားသခင်သည် ငါတို့လုပ်သမျှအားလုံးကို အမှန်တကယ် လက်ခံသည်၊ လက်မခံသည်ကို မည်သူမျှ မသိကြပေ။ ငါတို့တတ်နိုင်သမျှမှာ ရလဒ်တစ်ခုရလာရန် စောင့်စားပြီး ဖြစ်ပျက်လာမည့် အရာအားလုံးကို မှန်းဆရုံသာဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်သည် ငါတို့ထံ မည်သည့်အခါမျှ ပေါ်ထွန်းမလာ၊ မည်သည့်အခါမျှ ငါတို့ကို စကားမပြောဘဲ တောက်လျှောက်ပင် နှုတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် ငါတို့သည် ကျမ်းစာနောက်ကိုလိုက်ပြီး နိမိတ်လက္ခဏာများနှင့်အညီ ဘုရားသခင်၏အလိုနှင့် စိတ်သဘောထားကို စိတ်လိုကိုယ်လျောက် အကဲဖြတ်ချက်များ ပြုလုပ်ကြသည်။ ဘုရားသခင် တိတ်ဆိတ်စွာနေသည်ကို ငါတို့နေသားကျနေကြပြီဖြစ်သည်၊ ငါတို့၏ အပြုအမူများ မှန်မမှန်ကို ငါတို့၏ကိုယ်ပိုင်စဉ်းစားတွေးခေါ်ပုံကို အသုံးပြုပြီး တိုင်းတာရသည်ကိုလည်း ငါတို့နေသားကျနေကြပြီဖြစ်သည်၊ ငါတို့ထံမှ ဘုရားသခင် တောင်းဆိုသောအရာများအစား ငါတို့၏အသိပညာ၊ အယူအဆများနှင့် ကိုယ်ကျင့်တရားများအပေါ် အားထားရသည်ကို ငါတို့နေသားကျနေကြပြီဖြစ်သည်၊ ဘုရားသခင်၏ ကျေးဇူးတော်၌ မွေ့လျော်ခြင်းကိုလည်း ငါတို့နေသားကျနေကြပြီ ဖြစ်သည်၊ ငါတို့လိုအပ်တိုင်း ဘုရားသခင်က ငါတို့အား ထောက်ပံ့သည်ကိုလည်း ငါတို့ နေသားကျနေကြပြီဖြစ်သည်၊ အရာအားလုံးအတွက် ဘုရားသခင်ထံ လက်ဖြန့်ခြင်းနှင့် ဘုရားသခင်အား ဆရာလုပ်ရသည်ကိုလည်း ငါတို့နေသားကျနေကြပြီဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်က ငါတို့အား မည်ကဲ့သို့ဦးဆောင်နေသည်ကို ဂရုမပြုဘဲ စည်းမျဉ်းနှင့် ကိုက်ညီအောင်နေရသည်ကို ငါတို့နေသားကျနေကြပြီဖြစ်သည်၊ ထို့အပြင် ကိုယ်ကိုယ်တိုင်သည်သာလျှင် ကိုယ့်အရှင်သခင်ဖြစ်သည့် နေရက်များနှင့်လည်း ငါတို့ နေသားကျနေပြီဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှ မျက်နှာချင်းဆိုင် မတွေ့ဖူးသည့် ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို ငါတို့ယုံကြည်ကြသည်။ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်နည်း၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ အဘယ်နည်း၊ သူ၏ အသွင်သဏ္ဌာန်က အဘယ်နည်း၊ သူကြွလာသည့်အခါ သူ့ကို ငါတို့သိမည် မသိမည်၊ အစရှိသော မေးခွန်းများသည် အရေးမကြီးပေ။ အရေးကြီးသည်မှာ ငါတို့၏ နှလုံးသားထဲ၌ ဘုရားသခင်ရှိနေပြီး ငါတို့အားလုံး သူ့ကိုစောင့်နေကြခြင်း ဖြစ်သည်၊ ထို့ပြင် သူသည် ဤသို့ဖြစ်သည် သို့မဟုတ် ထိုသို့ဖြစ်သည်ကို ငါတို့စိတ်ကူးကြည့်နိုင်ရန် ထိုအရာက လုံလောက်သည်။ ငါတို့သည် ငါတို့၏ယုံကြည်ခြင်းကို အသိအမှတ်ပြုသည်၊ ငါတို့၏ဝိညာဉ်ရေးရာကို တန်ဖိုးထားသည်။ အရာအားလုံးကို နောက်ချေးကဲ့သို့ ငါတို့သဘောထားပြီး ခြေဖဝါးအောက်၌ နင်းကြသည်။ ငါတို့သည် ဘုန်းကြီးသောသခင်၏ နောက်လိုက်များ ဖြစ်သောကြောင့် ခရီးလမ်းမှာ မည်မျှပင်ရှည်ကြာပြီး ခက်ခဲကြမ်းတမ်းသည်ဖြစ်စေ၊ မည်သို့သောအခက်အခဲများ၊ အန္တရာယ်များနှင့် ကြုံတွေ့ရသည်ဖြစ်စေ၊ မည်သည့်အရာကမျှ သခင့်နောက်သို့ လိုက်နေသော ငါတို့၏ ခြေလှမ်းများကို မရပ်တန့်စေနိုင်ပေ။ “တဖန်၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။ မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဘက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာတို့ဖြစ်၏။ နောက်တဖန် ကျိန်ခြင်းဘေးတစုံတခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည်။ ထိုမြို့၌ ညဉ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။” (ဗျာဒိတ်ကျမ်း ၂၂:၁-၅) ဤနှုတ်ကပတ်တော်များကို ငါတို့ကျူးဧတိုင်း ငါတို့၏နှလုံးသားများသည် အတိုင်းမသိသော ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်းနှင့် ပြည့်သွားပြီး ငါတို့၏ မျက်လုံးများမှလည်း မျက်ရည်များ ကျလာလေ့ရှိသည်။ ငါတို့ကို ရွေးချယ်သည့်အတွက် သခင်၏ကျေးဇူးကြီးလှပါ၏၊ သခင့်ကျေးဇူးတော်အတွက်လည်း သခင်၏ကျေးဇူးကြီးလှပါ၏။ ဤဘဝ၌ သူသည် ငါတို့ကို အဆတစ်ရာ ပေးခဲ့ပြီးဖြစ်သည်၊ နောင်လာမည့် ကမ္ဘာ၌လည်း ငါတို့အတွက် ထာဝရအသက်ကို ပေးပြီးဖြစ်သည်။ အကယ်၍ သူက ငါတို့ကို ယခုသေဖို့ပြောလျှင်လည်း နည်းနည်းလေးမျှ မညည်းညူဘဲ သူပြောသည့်အတိုင်း လုပ်မည်ဖြစ်သည်။ အို သခင်။ ကျေးဇူးပြု၍ အဆောတလျင် ကြွလာမူပါ။ ကိုယ်တော့်ကို ကျွန်ုပ်တို့ အလွန့်အလွန် တောင့်တပြီး ကိုယ်တော့်အတွက် အရာအားလုံး စွန့်လွှတ်ပြီးသည်ကို ထောက်ထားလျက် တစ်မိနစ်၊ တစ်စက္ကန့်မျှပင် မနှောင့်နှေးနေပါတော့နှင့်။

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို ကြည့်ရှုစစ်ဆေးသည်၊ အရာအားလုံးကို အမိန့်ပေးသည်၊ ထို့ပြင် လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် သူ၏အစီအစဉ်နှင့်အညီ ရင်ဖိုစရာကောင်းသည့် အကျိုးဆက်များ မရှိဘဲ တိတ်တဆိတ် ပြုလုပ်သည်၊ သို့တိုင်အောင် သူ၏ခြေလှမ်းများသည် တစ်လှမ်းပြီးတစ်လှမ်း လူသားတို့နှင့် ပို၍ နီးကပ်လာလျက်ရှိပြီး သူ၏တရားစီရင်ရာပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ နေရာချထားသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းပါတကား၊ ခန့်ညားပြီး လေးနက်သော ရင်ဖိုဖွယ် မြင်ကွင်းပါတကား။ ချိုးငှက်ကဲ့သို့သာမက ဟောက်သော ခြင်္သေ့ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာဖြစ်၏၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းတန်ခိုးကြီးခြင်းဖြစ်၏၊ ထို့ပြင် သြဇာအာဏာကို စွဲကိုင်လျက်၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့နှင့်ပြည့်လျက် ငါတို့အလယ်သို့ တိတ်ဆိတ်စွာ ကြွလာသည်။ ဝိညာဉ်တော် ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြ၊ မည်သူကမျှလည်း ဝိညာဉ်တော်ကို မကြိုဆိုကြ၊ ထို့အပြင် ဝိညာဉ်တော်လုပ်ဆောင်မည့် အရာအားလုံးကို မည်သူမျှ မသိကြပေ။ လူ၏အသက်တာသည် ပြောင်းလဲခြင်း မရှိပေ၊ သူ့နှလုံးသားသည်လည်း မပြောင်းလဲဘဲ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်သွားသည်။ ဘုရားသခင်သည် ငါတို့အကြား၌ အခြားလူများကဲ့သို့သော လူသားတစ်ဦးအနေနှင့်၊ ထင်ရှားမှုမရှိဆုံး နောက်လိုက်တစ်ဦးအနေနှင့်သာမက သာမန်ယုံကြည်သူတစ်ဦးအနေနှင့် နေထိုင်လျက်ရှိသည်။ သူ၌ ကိုယ်ပိုင်ရှာဖွေနေသည့်အရာများ၊ ကိုယ်ပိုင်ပန်းတိုင်များ ရှိသည့်အပြင် သာမန်လူများ၌ မရှိသည့် ဘုရားသဘောသဘာဝလည်း ရှိသည်။ သူ့မှာ ဘုရားသဘောသဘာဝများ ရှိကြောင်းကို မည်သူမျှ သတိမပြုမိပေ၊ ထို့ပြင် သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့အကြားရှိ ခြားနားမှုကိုလည်း မည်သူကမျှ မသိမြင်ပေ။ ငါတို့၏အမြင်၌ သူသည် မထင်ရှားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သောကြောင့် ငါတို့သည် ချုပ်တည်းခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိဘဲ သူနှင့်အတူ နေထိုင်လျက်ရှိသည်။ သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်၊ ငါတို့၏ အတွေးများနှင့် စိတ်ကူးများသည်လည်း သူ့ရှေ့တွင် လှစ်ဟထုတ်ဖော်ခြင်း ခံထားရသည်။ သူ၏တည်ရှိမှုကို မည်သူမျှစိတ်မဝင်စားကြ၊ သူ၏အလုပ်အကြောင်းကို မည်သူမျှ စိတ်မကူးကြည့်ကြပေ၊ ထို့အပြင် သူမည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မည်သူမျှ လုံးဝသံသယမဝင်ကြပေ။ သူသည် ငါတို့နှင့် ဘာမျှမပတ်သက်သည့်အလား ငါတို့သည် ကိုယ်တိုင်ရှာဖွေနေသည့် အရာများနောက်သို့ ဆက်လိုက်၍သာ နေကြသည်...

မရည်ရွယ်ပါဘဲလျက် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ “မှတစ်ဆင့်” စာတစ်ပိုဒ်ကို ဖော်ပြသည်၊ လုံးဝမျှော်လင့်မထားဟု ခံစားရသော်လည်း ၎င်းသည် ဘုရားသခင်ထံမှလာသော မိန့်မြွက်ချက်ဖြစ်ကြောင်းကို ငါတို့ အသိအမှတ်ပြုကြပြီး ဘုရားသခင်ထံမှ ထိုအရာကို အဆင်သင့်လက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ကပတ်တော်များကို မည်သူက ဖော်ပြသည်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသော နှုတ်ကပတ်တော်များဖြစ်နေသရွေ့ ငါတို့အနေဖြင့် လက်ခံသင့်ပြီး မငြင်းပယ်သင့်သောကြောင့် ဖြစ်သည်။ နောက်လာမည့် မိန့်မြွက်ချက်သည် ငါမှတစ်ဆင့်ဖြစ်နိုင်သကဲ့သို့ သင်မှတစ်ဆင့်သော်လည်းကောင်း ထိုသူမှတစ်ဆင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ မည်သူမှတစ်ဆင့် ပြောသည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ သို့သော်လည်း ထိုသူမှာ မည်သူဖြစ်နေပါစေ၊ ထိုပုဂ္ဂိုလ်ကို ငါတို့အနေဖြင့် မကိုးကွယ်သင့်ပေ၊ အကြောင်းမှာ မည်သို့ပင်ဖြစ်နေပါစေ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်မဖြစ်နိုင်သကဲ့သို့ ငါတို့သည်လည်း ဤကဲ့သို့သော သာမန်ပုဂ္ဂိုလ်တစ်ယောက်ကို ငါတို့၏ဘုရားသခင်အဖြစ် မည်သည့်နည်းနှင့်မျှ ရွေးချယ်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ငါတို့၏ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုသေအပ်သူဖြစ်သည်၊ ထိုကဲ့သို့ အလွန်မထင်ရှားသောသူတစ်ဦးက ဘုရားသခင်ကို မည်သို့ကိုယ်စားပြုနိုင်မည်နည်း။ ထို့အပြင် ဘုရားသခင် ပြန်ရောက်လာပြီး ကောင်းကင်နိုင်ငံသို့ ငါတို့အား ပြန်ခေါ်သွားမည်ကို ငါတို့အားလုံး စောင့်မျှော်နေကြသည်၊ ထို့ကြောင့် အလွန်မထင်ရှားသောသူတစ်ဦးက ထိုသို့အရေးကြီးပြီး ခက်ခဲကြမ်းတမ်းသော လုပ်ငန်းတာဝန်ကို မည်သို့လျှင် ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ နောက်တစ်ကြိမ် သခင်ပြန်လာလျှင် လူအားလုံးမြင်ရသည့် ဖြူသောမိုးတိမ်ပေါ်၌ ဖြစ်ရပေမည်။ ဘုန်းအသရေနှင့် ပြည့်စုံလိုက်မည့်ဖြစ်ခြင်း။ သာမန်လူတစ်စုအကြားတွင် သူသည် တိတ်ဆိတ်စွာ ပုန်းနေနိုင်သည်ဆိုခြင်းမှာ မည်သို့ဖြစ်နိုင်သနည်း။

သို့ဖြစ်စေကာမူ ငါတို့အား ကယ်တင်သည့် အလုပ်သစ်ကို လုပ်ဆောင်နေသူသည် လူများအကြား၌ ပုန်းနေသော ထိုသာမန်လူပင် ဖြစ်သည်။ သူသည် ငါတို့အတွက် ဘာကိုမျှ မရှင်းပြပါ၊ အဘယ်ကြောင့် ငါတို့ထံ သူလာခဲ့ကြောင်းကိုလည်း မပြောပြပါ၊ ထိုအစား သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်ထားသည့် အလုပ်ကိုသာ ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် လုပ်နေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များမှာ ပို၍ပင် အကြိမ်ရေစိပ်သည်ထက်စိပ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ သတိရစေခြင်း၊ သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့၍ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းတန်ခိုးရှိသော နှုတ်ကပတ်တော်များအထိ အားလုံးသည် လူ့အပေါ် ကရုဏာတရားကို ပေးအပ်ပြီး လူ့အထဲ၌ စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအားလုံးသည် ငါတို့အထဲရှိ နက်ရှိုင်းသောနေရာ၌ ဖွက်ထားသော လျှို့ဝှက်ချက်များအထိ ရောက်သည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများနှင့် ဝိညာဉ်တို့ကို စူးရှစေသည့်အပြင် ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို မသိလောက်အောင်ပင် မခံမရပ်နိုင်သော အရှက်ကွဲမှုနှင့် ငါတို့ကို ပြည့်စေသည်။ ထိုသူ၏နှလုံးသားထဲ၌ရှိသော ဘုရားသခင်သည် အမှန်တကယ် ငါတို့ကို ချစ်မချစ်ကိုသာမက အတိအကျအားဖြင့် အဘယ်အရာအား သူလုပ်နေသည်ကိုလည်း ငါတို့စတင်တွေးတောလာကြသည်။ ထိုဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံပြီးမှသာလျှင် ငါတို့အနေဖြင့် ချီဆောင်ခြင်းခံရနိုင်ခြင်း ဖြစ်ကောင်း ဖြစ်မည်လော။ ငါတို့၏ဦးခေါင်းများထဲ၌ ငါတို့သည် လာမည့်ပန်းတိုင်နှင့် ငါတို့၏ အနာဂတ်ကံကြမ္မာအကြောင်းကို တွက်ချက်နေကြသည်။ သို့ဖြစ်စေကာမူ ယခင်အတိုင်းပင် ငါတို့အလယ်၌ အလုပ်လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိကို အသွင်ဆောင်ခဲ့ပြီးသည်ကို ငါတို့အထဲတွင် မည်သူကမျှ မယုံကြည်ကြသေးပေ။ သူသည် ငါတို့နှင့်အတူရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်သာမက ငါတို့နှင့် မျက်နှာချင်းဆိုင်ပြီး စကားများစွာကို ပြောဆိုပြီးဖြစ်သော်လည်း ငါတို့သည် ထိုသို့သော သာမန်လူတစ်ယောက်ကို ငါတို့အနာဂတ်၏ ဘုရားသခင်အဖြစ် လက်ခံလိုခြင်း မရှိသေးပေ၊ ထို့ပြင် အလွန်ပင် မထင်ရှားသော ဤပုဂ္ဂိုလ်ထံ၌ ငါတို့၏ အနာဂတ်နှင့် ကံကြမ္မာအပေါ် အခွင့်အာဏာကို အပ်နှံလိုစိတ် သာ၍ပင် မရှိကြပေ။ ငါတို့သည် သူ့ထံမှ အသက်ရေကို အဆုံးမရှိသော အထောက်အပံ့အဖြစ်ရပြီး သူ့အားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြသည်၊ ဘုရားသဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမာန်ပုဂ္ဂိုလ်၏ ခံစားချက်များကိုမူ တစ်ခါမျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို မခံစားတတ်သည့်အလား၊ လူသား၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးပြီး လူသား၏ သူ့အပေါ် မလေးစားသည့် သဘောထားကို သူသည် အစဉ်အမြဲပင် သည်းခံသည့်အလား၊ နှိမ့်ချစွာဖြင့် လူ့ဇာတိထဲ၌ ပုန်းကွယ်လျက်နေပြီး၊ သူ၏အတွင်းနှလုံးသားကို ဖော်ပြလျက်နေကာ ယခင်အတိုင်းပင် သူသည် သူ့အလုပ်ကို ဆက်လုပ်နေ၏။

ငါတို့ သတိမထားမိလိုက်ဘဲနှင့် မထင်ရှားသော ထိုသူသည် ငါတို့ကို ဘုရားသခင်၏ အမှုတော်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင်ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ငါတို့ သင်ယူသိရှိကြသည်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကိုလည်း မျက်မြင်တွေ့ကြရသည်၊ လူသားကို ကယ်တင်လိုသော ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ နှုတ်ကပတ်တော်များအားဖြင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ထို့ပြင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး ထိုမှတစ်ဖန် ငါတို့ကို “အသစ်တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှုပေးသည်၊ သည့်အပြင် အပြစ်ရှိကြောင်း ခံစားချက်နှင့် သူ့အပေါ် အကြွေးတင်သည့် ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်၏၊ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူမြတ်နိုးရာ မျက်ရှုပမာများကဲ့သို့ဖြစ်ပြီး သူ၏ ယုယသော ချစ်ခြင်းမေတ္တာ၌ ပျော်မွေ့ကြသည်၊ တစ်ခါတစ်ရံတွင်မူ ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်မှုအောက်တွင် သူ၏အမျက်ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားကြ၏။ ငါတို့သည် သူ၏ကယ်တင်ခြင်းကို ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်၌ ငါတို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေနေသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ်၌ ကရုဏာထားသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ နှစ်သိမ့်ပေးသည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ ပဲ့ပြင်သည်၊ ထို့အပြင် ငါတို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရောညပါ ငါတို့အတွက် စိုးရိမ်သည်၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြရသည်။ ထိုသို့ဖြစ်သော်လည်း ဝင့်ဝါခြင်းသည် ငါတို့၏ စိတ်နှလုံးများအထဲ၌ ပြဿနာပေးဆဲဖြစ်ပြီး ထိုသို့သောပုဂ္ဂိုလ်ကို ငါတို့၏ ဘုရားသခင်အဖြစ် လိုလိုလားလား လက်ခံလိုစိတ် ငါတို့၌ မရှိသေးပေ။ သူသည် ငါတို့စားဖို့အတွက် မန္နမုန့် အမြောက်အမြား ပေးခဲ့ပြီးဖြစ်သော်လည်း မည်သည့်အရာကမျှ ငါတို့၏ နှလုံးသားများထဲရှိ သခင်၏နေရာကို မယူနိုင်ပါ။ ငါတို့သည် ထိုသူ၏ ထူးခြားသော ဖြစ်တည်မှုနှင့် အဆင့်အတန်းကို အလွန်ဝန်လေးစွာဖြင့်သာ လက်ခံကြသည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်း ငါတို့အနေဖြင့် အသိအမှတ်ပြုပါရန် သူ၏နှုတ်မှ ထုတ်မပြောသရွေ့ ငါတို့အလယ်တွင် အချိန်အကြာကြီး အလုပ်လုပ်လျက်နေပြီး မကြာမီ ရောက်လာမည့် ဘုရားသခင်အဖြစ် သူ့ကို ငါတို့သည် မိမိတို့သဘောနှင့်မိမိ မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ်ပေ။

ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိုလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။ သူသည် ငါတို့ကို နောက်တစ်ဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ငါတို့၏ နှလုံးသားများ ခြေဦးတည့်ရာ လျှောက်သွားမနေအောင် တားပေးသည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်၊ သူနှင့်မျက်နှာချင်းဆိုင် တွေ့နေရပြီဖြစ်သည်၊ သူ၏မျက်နှာတော်ကို ငါတို့ မြင်တွေ့ပြီးဖြစ်သည်၊ ငါတို့၏ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်၌ သူက ငါတို့၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်၊ သူမည်သူဖြစ်ကြောင်းကို ငါတို့အနေဖြင့် သံသယမဝင်တော့ပါ၊ သူ့အလုပ်နှင့် သူ၏ နှုတ်ကပတ်တော်ကိုလည်း ငါတို့မဆန့်ကျင်တော့ပါ၊ သူ့ရှေ့၌ ငါတို့သည် ပျပ်ဝပ်နေ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်လိုသည့်ဆန္ဒ၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသည့်ဆန္ဒ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ ငါတို့အပေါ်၌ ထားသော သူ၏ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံလိုသည့်ဆန္ဒ၊ သူ့အလုပ်၌ ပူးပေါင်းလုပ်ဆောင်လိုသည့်ဆန္ဒ၊ ထို့ပြင် ငါတို့အား သူတာဝန်ပေးစေခိုင်းထားသည့် အရာကို ပြီးမြောက်စေရန် ငါတို့လုပ်နိုင်သည့်အရာမှန်သမျှကို လုပ်လိုသည့် ဆန္ဒတို့မှလွဲ၍ ငါတို့၌ အခြားဘာဆန္ဒမျှ မရှိပါ။

ဘုရားသခင်၏ သိမ်းပိုက်မှုကို ခံရခြင်းသည် သိုင်းပြိုင်ပွဲတစ်ခုနှင့်တူသည်။

ဘုရားသခင်၏ နှုတ်ထွက်စကားတိုင်းက ငါတို့၏ သေကွင်းသေကွက်များကို ထိုးနှက်ပြီး ငါတို့အား ကြောက်ရွံ့စိတ်နှင့် ပြည့်စေပြီး နာကျင်စူးရှစေသည်။ ဘုရားသခင်သည် ငါတို့၏ အယူအဆများ၊ ငါတို့၏ စိတ်ကူးများနှင့် ငါတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ထုတ်ဖော်ပြသည်။ ငါတို့ ပြောသမျှနှင့် လုပ်သမျှမှသည် ငါတို့၏အတွေးအခေါ်၊ အယူအဆတစ်ခုချင်းစီတိုင်းအထိ ငါတို့၏ သဘာဝနှင့် အနှစ်သာရသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ခြင်း ခံရပြီး ငါတို့ကို ပုန်းစရာနေရာမရှိအောင် အရှက်ရစေသည်သာမက ကြောက်စိတ်နှင့် တုန်နေစေသည်။ ဘုရားသခင်သည် ငါတို့၏ လုပ်ရပ်များ၊ ငါတို့၏ ပန်းတိုင်များနှင့် ရည်ရွယ်ချက်များအားလုံးအကြောင်းကို ငါတို့အား တစ်ခုပြီးတစ်ခု ပြောပြသည်၊ ငါတို့ကိုယ်တိုင်ပင် မည်သည့်အခါမျှ မတွေ့ရှိသေးသည့် ဖောက်ပြန်သော စိတ်သဘောထားကိုပင် ပြောပြပြီး ငါတို့၏ စိတ်ပျက်ဖွယ် အပြစ်အနာအဆာများ အားလုံးကို မြင်သာအောင် ပြထားခြင်း ခံရသလို ငါတို့ကို ခံစားရစေသည်၊ ထို့အပြင် အပြည့်အဝ သိမ်းသွင်းခံထားသလို သာ၍ပင် ခံစားရစေသည်။ သူ့ကို ဆန့်ကျင်သည့်အတွက် သူသည် ငါတို့ကို တရားစီရင်သည်၊ သူ့ကို စော်ကားပြောဆိုပြီး ပြစ်တင်ရှုတ်ချသောကြောင့် ငါတို့ကို ပြစ်တင်ဆုံးမသည်၊ ထို့ပြင် ဘုရားသခင်၏အမြင်တွင် ငါတို့၌ ရွေးနုတ်ထိုက်သော အင်္ဂါရပ် တစ်ခုမျှမရှိဟု ခံစားရစေသည်၊ ငါတို့သည် ရှင်သန်နေသော စာတန်ဖြစ်သည်ဟု ခံစားရစေသည်။ ငါတို့၏ မျှော်လင့်ချက်များ တစစီကျိုးပဲ့သွားသည်၊ အကျိုးအကြောင်း မသင့်သော တောင်းဆိုမှုများကို ငါတို့မပြုရဲတော့၊ သူ့အပေါ်လည်း မျှော်လင့်ချက်များ မထားရဲတော့ပါ၊ ထို့အပြင် ငါတို့၏ အိမ်မက်များသည်ပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ငါတို့ထဲတွင် မည်သူကမျှ စိတ်မကူးနိုင်သော၊ ငါတို့ထဲတွင် မည်သူကမျှ လက်မခံနိုင်သော အချက်အလက်တစ်ခု ဖြစ်သည်။ အချိန်တစ်ခဏအတွင်းတွင် ငါတို့သည် မိမိတို့၏ အတွင်းစိတ် ဟန်ချက်ညီမှုကို ဆုံးရှုံးသွားပြီး ရှေ့တွင်ရှိနေသော လမ်းကို မည်သို့ဆက်လျှောက်ရမည်ကို ငါတို့မသိကြ၊ သို့မဟုတ် ငါတို့၏ ယုံကြည်ခြင်းများ၌ မည်သို့ရှေ့ဆက်ရမည်ကို မသိကြပေ။ ငါတို့၏ ယုံကြည်ခြင်းသည် မူလအစကလို ပြန်ဖြစ်သွားပြီး သခင်ယေရှုနှင့် ငါတို့ တစ်ခါမျှ မတွေ့ဖူးသလို၊ တစ်ခါမျှ မရင်းနှီးဖူးသလို ထင်ရသည်။ ငါတို့၏ မျက်စိရှေ့၌ရှိသော အရာမှန်သမျှသည် ငါတို့ကို စိတ်ရှုပ်ထွေးစေပြီး စိတ်မပိုင်းဖြတ်နိုင်ဘဲ တွေဝေနေစေသည်။ ငါတို့သည် တုန်လှုပ်ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ငါတို့၏ နှလုံးသားအတွင်းရှိ နက်ရှိုင်းသောနေရာ၌ ထိန်းထား၍မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ငါတို့သည် ထွက်ပေါက်ရှာဖို့ ကြိုးစားကြသည်၊ လွတ်မြောက်ရာလမ်းကို ရှာတွေ့ဖို့ ကြိုးစားကြသည်၊ ထို့ပြင် ငါတို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားကြသည်၊ ယေရှုအား ရင်ဖွင့်ဖို့လည် ကြိုးစားကြသည်။ ငါတို့သည် အပြင်ပန်း၌ စိတ်တည်ငြိမ်နေပြီး မောက်မာခြင်း မရှိသလို၊ နှိမ့်ချခြင်းလည်း မရှိဟု ထင်ရသည့်အချိန်များရှိသော်လည်း ငါတို့၏ နှလုံးသားထဲတွင်မူ ယခင်က တစ်ခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှုဝေဒနာ၏ ဖိစီးနှိပ်စက်ခြင်းကို ခံနေရသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် အပြင်ပန်း၌ ထူးထူးခြားခြား တည်ငြိမ်နေသည်ဟု ထင်ကောင်း ထင်ရသော်လည်း ငါတို့၏စိတ်များမှာမူ မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ အလွန်အမင်း စိတ်ဆင်းရဲမှုဒဏ်ကို ခံနေရသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များ အားလုံးကို ခွာချပစ်ပြီး ငါတို့၏ အလွန်အကျွံဖြစ်သော စိတ်ဆန္ဒများကို အဆုံးသတ်ပေးသည့်အပြင် သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့ကို ကယ်တင်နိုင်စွမ်းရှိသောသူ ဖြစ်သည် ဟူသည့်အချက်ကိုလည်း ယုံကြည်လိုခြင်း မရှိတော့ဘဲ ဖြစ်စေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူနှင့် ငါတို့အကြား၌ မည်သူကမျှ ကြိုးစား၍ မဖြတ်ကူးလိုသည့် ချောက်နက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ပထမဦးဆုံးအကြိမ် ငါတို့ခံစားခဲ့ရသည့် အလွန်ကြီးမားသော ဆုတ်ဆိုင်းမှုဖြစ်သည်၊ ငါတို့၏အသက်တာ၌ အလွန်ကြီးမားသော အရှက်ရမှုဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ဘုရားသခင်၏ ဂုဏ်သရေနှင့် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းအား ငါတို့ကို အမှန်တကယ် နားလည်စေသည်၊ ထိုအရာများနှင့်ယှဉ်လျှင် ငါတို့သည် အလွန်ပင်နိမ့်ကျပြီး မစင်ကြယ်သူများ ဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုက ငါတို့သည် မည်မျှမောက်မာကြောင်း၊ မည်မျှခမ်းကြီးနားကြီးနိုင်ကြောင်း၊ လူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အဆင့်ချင်းတူမည် မဟုတ်ကြောင်း၊ သို့မဟုတ် ဘုရားသခင်နှင့် တန်းတူဖြစ်မည် မဟုတ်ကြောင်းကို ငါတို့အား ပထမဦးဆုံးအကြိမ် သတိထားမိစေသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက ဖောက်ပြန်သော စိတ်သဘောထားဖြင့် ဆက်လက် အသက်မရှင်တော့အောင် တောင့်တသည့်စိတ်ကို ငါတို့၌ ဖြစ်စေသည့်အပြင် ထိုသို့သော သဘာဝနှင့် အနှစ်သာရကို အမြန်ဆုံး စွန့်လိုစိတ်ရှိအောင်၊ ဘုရားသခင် မနှစ်မြို့သောသူ မဖြစ်တော့အောင်၊ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောသူ မဖြစ်တော့အောင်လည်း လုပ်ပေးသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူ့နှုတ်ကပတ်တော်များကို ငါတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ နာခံလိုစိတ်ရှိအောင်နှင့် သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ပုန်ကန်လိုစိတ် မရှိတော့အောင် လုပ်ခဲ့ပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် အသက်ဆက်လက်ရှင်သန်ရန် ဆန္ဒအား ငါတို့ကို နောက်တစ်ကြိမ် ထပ်ပေးပြီးဖြစ်သည်၊ သူ့ကို ငါတို့၏ ကယ်တင်ရှင်အဖြစ် ဝမ်းမြောက်ဝမ်းသာလက်ခံအောင် လုပ်ခဲ့ပြီးဖြစ်သည်...။ ငါတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ထားခဲ့ပြီးဖြစ်သည်၊ ငရဲမှလည်း ထွက်ခွာလာခဲ့ပြီး ဖြစ်သည်၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲမှ လှမ်းထွက်လာခဲ့ပြီးဖြစ်သည်...။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဤလူစုဖြစ်သည့် ငါတို့ကို ရရှိပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် စာတန်ကို အောင်နိုင်ပြီးဖြစ်သည်၊ သူ၏ရန်သူများအားလုံးကို နှိမ်နင်းပြီး ဖြစ်သည်။

ငါတို့သည် စာတန်၏ ဖောက်ပြန်သော စိတ်သဘောထားရှိသည့် သာမန်လူတစ်စုသာဖြစ်သည်၊ ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံထားရသူများ ဖြစ်ပြီး နောက်ချေးပုံထဲမှ ဘုရားသခင် ထူမပေးထားသော ချို့တဲ့သူများဖြစ်သည်။ တစ်ချိန်က ငါတို့သည် ဘုရားသခင်ကို ငြင်းပယ်ခဲ့ကြပြီး ပြစ်တင်ရှုတ်ချခဲ့ကြသော်လည်း ယခု၌မူ ဘုရားသခင်က ငါတို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ဘုရားသခင်ထံမှ ငါတို့သည် အသက်ကို ရပြီးဖြစ်သည့်အပြင် ထာဝရအသက်လမ်းကိုလည်း ရပြီးဖြစ်သည်။ ကမ္ဘာပေါ်၌ ငါတို့သည် မည်သည့်နေရာ၌ ရှိနေသည်ဖြစ်စေ၊ မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုများ၊ ကပ်ဘေးဒုက္ခများနှင့် ကြုံသည်ဖြစ်စေ၊ ငါတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မဝေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့၏ တစ်ပါးတည်းသော ရွေးနုတ်ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စမ်းရေတွင်းမှ ရေကဲ့သို့ တိုးထွက်လာပြီး သင်၊ ငါ၊ ထိုသူနှင့် သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေသူအားလုံးအတွက် ထိုမေတ္တာကို ပေးထားသည်။

မဆုံးနိုင်သော တစ်လှည့်စီဖြစ်ပေါ်မှုအဖြစ် နေသာပြီးလျှင် အမြဲလထွက်လာသလို ဘုရားသခင်၏ အလုပ်သည် မည်သည့်အခါမျှ မရပ်တန့်ပေ၊ ထို့အပြင် သင်၊ ငါနှင့် ထိုသူ၌သာမက ဘုရားသခင်၏ ခြေရာများနောက်ကို လိုက်ပြီး ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံသော သူအားလုံး၌လည်း ဘုရားသခင်သည် အလုပ်လုပ်ပေသည်။

၂၀၁၀ ခုနှစ်၊ မတ်လ ၂၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။