ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည် (အပိုင်း တစ်)
လူတို့အနေဖြင့် ရိုးသားရမည်ဟူသည့် ဘုရားသခင်၏ ပြဋ္ဌာန်းချက်သည် အရေးပါဆုံးသော အရာဖြစ်၏။ ဝမ်းနည်းဖွယ် ကောင်းသည်မှာ လူအများက ဤအရာကို နားမလည်ဘဲ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းဟူသည့် ဤကိစ္စကို လျစ်လျူရှုကြသည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် နားလည်ခဲ့လျှင် သူသည် နောက်ဆုံးသောကာလတွင် သူ၏ တရားစီရင်ခြင်းအလုပ်ကို လက်စသတ်ပြီးနောက် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်စေခြင်းခံရပြီး မိမိတို့၏ လှည့်ဖြားမှုနှင့် အလိမ်အညာများအား ဖယ်ရှားပြီးသည့် ထိုရိုးသားသော လူတို့သာလျှင် သူ၏ ကယ်တင်ခြင်းကို ရရှိပြီး သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် လူတို့သည် အလိမ်အညာများနှင့် လှည့်စားခြင်းတို့ ပြည့်နှက်နေသေးလျှင်၊ ၎င်းတို့သည် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးမခံနိုင်ဘဲ မိမိတို့၏ တာဝန်များကို အမြဲတမ်း ဝတ်ကျေတမ်းကျေ ထမ်းဆောင်နေလျှင် ၎င်းတို့သည် သူ၏ ပစ်ပစ်ခါခါငြင်းခြင်းကို သေချာပေါက် ခံရမည်ဖြစ်၏။ ၎င်းတို့၏ အဆုံးသတ်သည် မည်သည့်အရာဖြစ်မည်နည်း။ ၎င်းတို့သည် အသင်းတော်ထဲမှ ရှင်းလင်းပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၏အလုပ်က ဤအဆင့်ထိ ရောက်ရှိသည်ကို မြင်တွေ့ခြင်းအားဖြင့် လူတစ်ဦးသည် ဘုရားသခင်က လူတို့အား ရိုးသားဖို့ရန် မည်ကဲ့သို့ အစဉ်မပြတ် မေတ္တာရပ်ခံထားသည်ကို ပြန်၍ အမှတ်ရလေသည်။ ဤအရာ၌ ကြီးမားသော အဓိပ္ပာယ်ပါရှိသည်။ ယင်းကို သာမန်ကာလျှံကာသာ ပြောထားခြင်း မဟုတ်သည့်အပြင် ထိုအရာ၏ အပြီးသတ်ပင်ဖြစ်၏။ ယင်းသည် လူတစ်ဦး ကယ်တင်ခြင်းရရှိပြီး အသက်ဆက်နိုင်ခြင်း ရှိမရှိ ဟူသည့်အရာအပြင် လူတစ်ဦးစီ၏ အဆုံးသတ်၊ ပန်းတိုင်တို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သို့ဖြစ်၍ ယင်းသည် မိမိ၏ လှည့်စားတတ်သော စိတ်သဘောထားအား ဖယ်ရှားခြင်းနှင့် ရိုးသားသောလူတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင် လူတစ်ဦးသည် ပုံမှန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်နိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းဖြစ်သည်ဟု သေချာပေါက် ဆိုနိုင်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသော်လည်း လှည့်စားနေသေးသော လူတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် သတ်မှတ်ထားပြီးသား ဖြစ်၏။
ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးသည် ယခုအခါတွင် ၎င်းတို့၏ တာဝန်များကို လက်တွေ့လုပ်ဆောင်နေကြသည်။ ဘုရားသခင်သည် လူအုပ်စုတစ်စုကို စုံလင်စေပြီး အခြားအုပ်စုကို ဖယ်ရှားရှင်းလင်းရန်အတွက် လူတို့၏ တာဝန်ထမ်းဆောင်မှုကို အသုံးပြုသည်။ လူအမျိုးအစားတစ်ခုစီတိုင်းအား ထုတ်ဖော်ပြသည်မှာ တာဝန်ထမ်းဆောင်မှုဖြစ်ပြီး လိမ့်လည်လှည့်ဖြားသောလူ၊ မယုံကြည်သူနှင့် ဆိုးယုတ်သူအမျိုးအစား တစ်မျိုးချင်းစီသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။ မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူတို့သည် ရိုးသားသူများ ဖြစ်ကြသည်။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသူများသည် လှည့်စားတတ်ပြီး ပါးနပ်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အနှောင့်အယှက်များနှင့်၊ အဖျက်အဆီးများ ဖြစ်စေသောသူများသည် ဆိုးယုတ်သောသူများဖြစ်ပြီး အန္တိခရစ်များ ဖြစ်ကြသည်။ ယခုအချိန်တွင် တာဝန်ထမ်းဆောင်သောသူများစွာ၌ အမျိုးမျိုးအဖုံဖုံသော ပြဿနာများစွာ ရှိနေဆဲဖြစ်သည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် အစဉ် အလွန် မတက်မကြွဖြစ်ပြီး အစဉ်သဖြင့် ထိုင်လျက်၊ စောင့်ဆိုင်းလျက်၊ သူတစ်ပါးတို့ကို အားကိုးလျက်ရှိကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောမျိုးဖြစ်သနည်း။ ယင်းသည် တာဝန်မသိတတ်မှု ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်အတွက် တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပြီးဖြစ်သည်။ သို့တိုင်အောင် သင်သည် မည်မည်ရရအလုပ်တစ်ခုမျှ မပြီးဘဲ ဤအရာကို နေ့ရက်များစွာ တွေးတောနေသည်။ သင့်အား အလုပ်နေရာ၌ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ လူတို့တွင် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများရှိသောအခါ သင့်ကို ရှာ၍မရကြပေ။ သင်သည် ဤအလုပ်အတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်ခြင်းမရှိပေ။ ခေါင်းဆောင်တစ်ယောက်က အလုပ်အကြောင်းကို မေးမြန်းလျှင် မည်သည့်အရာကို သင်ပြောမည်နည်း။ သင်သည် ယခုအချိန်တွင် မည်သည့်အလုပ်အမျိုးအစားကိုမျှ မလုပ်နေပေ။ ဤအလုပ်သည် သင်၏တာဝန်ဖြစ်သည်ကို ကောင်းကောင်းသိသော်လည်း မလုပ်ဆောင်ပေ။ မည်သည့်အရာကို သင် တွေးတောနေသနည်း။ သင်သည် မစွမ်းဆောင်နိုင်သောကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်သလော။ သို့မဟုတ် သင်သည် သက်သာခြင်းကို အလိုကြူးနေခြင်း ဖြစ်သလော။ သင်၏ တာဝန်တွင် မည်သည့်စိတ်သဘော ရှိသနည်း။ သင်သည် နှုတ်ကပတ်တော်များနှင့် အယူဝါဒစကားများအကြောင်းကိုသာ ပြောပြီး ကြားကောင်းသော အရာများကိုသာ ပြောဆိုသည်။ သို့သော် မည်သည့် အမှန်တကယ်ဖြစ်သော အလုပ်ကိုမျှ မလုပ်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိလျှင် သင် နုတ်ထွက်သင့်သည်။ ထိုနေရာတွင် သင်၏ ရာထူးကို ကိုင်စွဲပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်း မပြုနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသော သူတို့ကို ထိခိုက်နစ်နာစေပြီး အသင်းတော်၏ အလုပ်ကို ထိခိုက်စေသည် မဟုတ်လော။ သင် စကားပြောဆိုသည့်ပုံစံတွင် အယူဝါဒမျိုးစုံကို နားလည်သည့်ပုံ ပေါ်သည်။ သို့သော် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခြင်း ခံရသောအခါ သင်သည် ဝတ်ကျေတန်းကျေသာ လုပ်ကာ အနည်းငယ်မျှပင် တာဝန်မကျေပွန်ပေ။ ဤသည်မှာ ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံနေခြင်း ဟုတ်သလော။ သင်သည် ဘုရားသခင်နှင့်ပတ်သက်လျှင် ရိုးသားစစ်မှန်ခြင်း မရှိပေ။ သို့တိုင် သင်သည် ရိုးသားစစ်မှန်ခြင်းကို အယောင်ဆောင်သည်။ ဘုရားသခင်ကို သင် လှည့်စားနိုင်စွမ်း ရှိသလော။ သင်စကားပြောလေ့ရှိသည့် ပုံစံ၌ အလွန်ကြီးမားသော ယုံကြည်ခြင်းရှိပုံရသည်။ သင်က အသင်းတော်၏ ထောက်တိုင်နှင့် ကျောက်ဆောင်ဖြစ်လိုသည်။ သို့သော် တာဝန်တစ်ခုကို သင် ထမ်းဆောင်သောအခါ သင်သည် မီးခြစ်ဆံတစ်ခုထက်ပင် ပို၍အသုံးမကျပေ။ ဤသည်မှာ ဘုရားကို လုံးဝသိသိကြီးနှင့် လှည့်စားခြင်း မဟုတ်လော။ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်းမှ သင့်အပေါ် မည်သည့်အရာ ကျရောက်လာမည်ကို သင်သိသလော။ သင့်ကို သူ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းမည် ဖြစ်သည်။ လူအားလုံးတို့သည် သူတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခြင်းခံရသည်။ လူတစ်ယောက်ကို တာဝန်တစ်ခုသာ ချပေးလော့။ မကြာခင်တွင် ထိုသူသည် ရိုးသားသူ၊ သို့မဟုတ် လိမ်လည်လှည့်ဖြားသော လူတစ်ဦး ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်သောသူဖြစ်မဖြစ်ကို ထုတ်ဖော်ပြခြင်း ခံရလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့သည် တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ကြပေ။ ဤသည်မှာ အမြင်မှန်ရှိသောသူတို့အတွက် ချက်ချင်းဆိုသလို ရှင်းလင်း၏။ မိမိ၏တာဝန်ကို အားရလောက်စရာ မရှိအောင် ထမ်းဆောင်သောသူ တစ်ဦးမျှ သမ္မာတရားအား ချစ်မြတ်နိုးသူ သို့မဟုတ် ရိုးသားသောသူ မဟုတ်ပေ။ ထိုသို့သော လူတို့အားလုံးသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် လူတို့၌ တာဝန်သိစိတ်နှင့် ဝန်တာစိတ် ရှိရမည်။ ဤနည်းအားဖြင့် အလုပ်ကို သင့်တင့်လျောက်ပတ်စွာ ပြီးစီးမည်မှာ အသေအချာ ဖြစ်သည်။ ယင်းမှာ လူတစ်ဦး၌ ဝန်တာစိတ် သို့မဟုတ် တာဝန်သိစိတ် မရှိသောအခါ၊ သူသည် အရာရာကိုလုပ်ဆောင်ဖို့ နှိုးဆော်ပေးရန် လိုအပ်သောအခါ၊ သူသည် အမြဲတမ်း ဝတ်ကျေတမ်းကျေ ဖြစ်နေသောအခါ၊ ထို့ပြင် ပြဿနာများ ပေါ်လာသောအချိန်တွင် အပြစ်ကိုလွှဲချဖို့ ကြိုးစားလျက် ပြေလည်အောင်ဖြေရှင်းရာ၌ ကြန့်ကြာမှုများကို ဖြစ်ပွားစေသောအခါ ပူပန်စရာပင် ဖြစ်၏။ သို့ဆိုလျှင် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဦးမည်လော။ သူ၏ တာဝန်ထမ်းဆောင်မှုသည် ရလဒ်တစ်ခုခု ထွက်ပေါ်နိုင်သလော။ သူသည် သူ့အတွက် စီစဉ်ပေးသော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လိုပေ။ အလုပ်တွင် အကူအညီလိုအပ်နေသော အခြားလူများအား သူမြင်သည့်အခါ ထိုသူတို့ကို သူ မသိကျိုးကျွန်ပြုသည်။ အမိန့်ပေးသည့်အခါမှသာ မဖြစ်မနေ လုပ်ဆောင်ရမည့် အချိန်ရောက်ပြီး ရွေးချယ်စရာ မရှိတော့သည့် အခါမှသာ သူက အနည်းငယ်သာ လုပ်ဆောင်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်၊ ငှားရမ်းထားသော အလုပ်သမားပင် ဖြစ်သည်။ ငှားရမ်းထားသော အလုပ်သမားတစ်ဦးသည် တစ်ရက်စာလုပ်ခအတွက် တစ်ရက်စာ၊ တစ်နာရီလုပ်ခအတွက် တစ်နာရီစာ လုပ်ကိုင်ရင်း အလုပ်ရှင်တစ်ယောက်အတွက် အလုပ်လုပ်ပေးသည်။ သူသည် လုပ်ခရရှိရန် စောင့်မျှော်လျက် ရှိသည်။ သူသည် သူ၏သူဌေးက မမြင်သည့် မည်သည့်အလုပ်ကိုမဆို လုပ်ရန် ကြောက်ရွံ့သည်။ သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုအတွက် ဆုချီးမြှင့်ခြင်း မခံရမည်ကို ကြောက်ရွံ့သည်။ သူသည် အယောင်ပြအတွက်သာ အစဉ် အလုပ်လုပ်သည်။ ဤသည်မှာ သူသည် သစ္စာမရှိဟု ဆိုလိုသည်။ အချိန်အများစုတွင် သင်တို့သည် အလုပ်ကိစ္စများအကြောင်း မေးသည့်အခါ ပြန်မဖြေနိုင်ကြပေ။ သင်တို့ထဲမှ အချို့သည် အလုပ်ထဲတွင် ပါဝင်ပတ်သက်ပြီး ဖြစ်သော်လည်း အလုပ်က မည်သို့အခြေအနေရှိသည်ကို သင်တို့ မည်သည့်အခါမျှ မမေးမြန်းခဲ့ပေ၊ သို့မဟုတ် ဤအကြောင်းကို သေချာစွာ မတွေးခဲ့ပေ။ သင်တို့အားလုံးသည် ဤအလုပ်တွင် ပါဝင်ကြပြီး ဖြစ်သောကြောင့် သင်တို့၏ အစွမ်းအစနှင့် အသိပညာတို့ကို ထောက်လျှင် သင်တို့သည် အနည်းဆုံး တစ်စုံတစ်ခုကို သိသင့်သည်။ သို့ဆိုလျှင် လူအများစုသည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောဘဲ နေကြသနည်း။ မည်သည့်အရာ ပြောရမည်ကို အမှန်တကယ် သင်တို့ မသိ၍ဖြစ်နိုင်သည်။ အမှုကိစ္စများ အဆင်ပြေခြင်း ရှိမရှိကို သင်မသိ၍ဖြစ်နိုင်သည်။ ဤအတွက် အကြောင်းပြချက်နှစ်ခုရှိသည်။ တစ်ခုမှာ သင်သည် လုံးဝ စိတ်မဝင်စားဘဲ၊ ဤအရာများနှင့် ပတ်သက်၍ မည်သည့်အခါမျှ ဂရုမစိုက်၍ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့အား ပြီးစီးရမည့် လုပ်ဆောင်ချက်တာဝန်တစ်ခုအဖြစ်သာ အစဉ် သဘောထားခဲ့၍ ဖြစ်သည်။ အခြားတစ်ခုမှာ သင်တို့သည် ဤအရာများကို ဂရုစိုက်ဖို့ တာဝန်မဲ့ပြီး မလိုလား၍ ဖြစ်သည်။ သင်သည် တကယ် ဂရုစိုက်ပြီး အမှန်တကယ် စိတ်ဝင်စားပါက၊ သင်၌ အရာခပ်သိမ်းအပေါ် အမြင်နှင့် ရှုထောင့်တို့ ရှိပြီးဖြစ်လိမ့်မည်။ ရှုထောင့်၊ သို့မဟုတ် အမြင်မရှိခြင်းသည် စိတ်မဝင်စားခြင်းနှင့် စိတ်မပါခြင်းအပြင်၊ တာဝန်တစ်ခုမျှ မယူခြင်းတို့မှ လာလေ့ရှိသည်။ သင်သည် မိမိထမ်းဆောင်သည့် တာဝန်အပေါ် လုံ့လဝီရိယမရှိ၊ မည်သည့်တာဝန်မျှ မယူ၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် ပါဝင်ပတ်သက်ဖို့ လိုလားခြင်း မရှိပေ။ သင်သည် မည်သည့် နာကျင်မှုမျှ မခံယူသကဲ့သို့ သာ၍ကြီးမားသော မည်သည့်အင်အားကိုမျှ သုံးရန် မလိုလားပေ။ သင်သည် လက်အောက်ငယ်သား တစ်ဦးဖြစ်ဖို့သာ ဆန္ဒရှိသည်၊ ယင်းမှာ ဘာသာတရားမရှိသူတစ်ဦးက သူ၏အလုပ်ရှင်အတွက် အလုပ်လုပ်သည့်ပုံစံနှင့် မကွာခြားပေ။ တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းမျိုးကို ဘုရားသခင် မနှစ်သက်သကဲ့သို့ ယင်းက ဘုရားသခင်ကို ကျေနပ်အားရစေခြင်းလည်း မရှိပေ။ သူ၏ အသိအမှတ်ပြုခြင်းကို မရရှိနိုင်ပေ။
သခင်ယေရှုသည် တစ်ချိန်က “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဟုဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် တာဝန်၊ သို့မဟုတ် အလုပ်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆက်ကပ်အပ်နှံခြင်းပင် မရှိပါက ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိုက်လိမ့်မည်ဟူ၍ ဖြစ်သည်။ “ဖယ်ရှားသည်” ဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ထိုအရာက လူတို့ကို အဘယ်သို့ ခံစားစေသနည်း။ ယင်းမှာ သင်၏အစွမ်းအစနှင့် ဆုကျေးဇူးများက သင့်အား ရရှိခွင့်ပြုနိုင်ပြီးဖြစ်မည့်အရာကို သင်မရနိုင်ဖြစ်ပြီး သင် မည်သည့်အရာမျှ မခံစားရဘဲရှိကာ ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ယင်းမှာ ဘုရားသခင်က အရာရာကို ဖယ်ရှားသည် ဆိုသည့်အရာ ဖြစ်သည်။ သင်၏တာဝန်၌ သင်သည် ပေါ့လျော့ပြီး အဖိုးအခ မပေးဆပ်သကဲ့သို့ သင်သည် မရိုးသားပါက ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို သူ ပြန်သိမ်းယူမည် ဖြစ်သည်၊ သင့်အား ဤလုပ်ပိုင်ခွင့်ကို သူပေးမည် မဟုတ်ချေ။ ဘုရားသခင်က သင့်အား ဆုကျေးဇူးများနှင့် အစွမ်းအစတို့ ပေးထားသော်လည်း သင်က သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်း မရှိ၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးမခံ၊ သို့မဟုတ် အဖိုးအခ မပေးဆပ်သကဲ့သို့ သင်သည် ယင်းကို စိတ်မနှစ်ထားသောကြောင့်၊ ဘုရားသခင်က သင့်အား ကောင်းကြီးပေးမည် မဟုတ်သည်သာမက၊ သင် တစ်ချိန်က ရှိခဲ့သောအရာကိုလည်း သူဖယ်ရှားလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို အထူးကျွမ်းကျင်မှုများအပြင် အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို ပေးလျက် လူသားအပေါ် ဆုကျေးဇူးများ အပ်နှင်းလေသည်။ လူတို့သည် ဤအရာများကို မည်သို့ အသုံးပြုသင့်သနည်း။ သင်၏ အထူးကျွမ်းကျင်မှုများ၊ သင်၏ ဆုကျေးဇူးများ၊ သင်၏ အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို သင်၏ တာဝန်၌ မြှုပ်နှံထားရမည်။ သင်၏ စိတ်နှလုံးကို အသုံးပြုပြီး သင်၏ တာဝန်အဖို့ သင် သိရှိသည့်အရာတိုင်း၊ သင် နားလည်သည့်အရာတိုင်းနှင့် သင် စွမ်းဆောင်ရရှိနိုင်သည့် အရာတိုင်း အသုံးချရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီး ခံစားရခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ဤအရာက လူများအား အဘယ်သို့ ခံစားရစေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းခံရပြီးဖြစ်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ၎င်းတို့၌ လမ်းကြောင်းတစ်ခုရှိသည်။ အခြားသူတို့အဖို့ သင်၏ အစွမ်းအစနှင့် သင်ယူထားသော အရာများသည် အမှုကိစ္စများကို ပြီးစီးဖို့ မထောက်ကူနိုင်ဟု ထင်ကောင်းထင်ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်က သင့်အား အမှုပြုပြီး ဉာဏ်အလင်းပေးပါက၊ သင်သည် ဤအရာများကို နားလည်ပြီး လုပ်ဆောင်နိုင်မည်သာမကဘဲ ကောင်းမွန်စွာလည်း လုပ်ဆောင်နိုင်ပေသည်။ အဆုံးတွင် သင်က “ကျွန်ုပ်သည် ထိုမျှ ကျွမ်းကျင်နေကျ မဟုတ်သော်လည်း ယခုတွင် ကျွန်ုပ်အတွင်း၌ ကောင်းသောအရာများ ပို၍မြောက်မြားစွာ ရှိကာ ယင်းတို့အားလုံးသည် အပြုသဘောဆောင်သည်ဟု ခံစားရသည်။ ထိုအရာများကို ကျွန်ုပ် မည်သည့်အခါမျှ မလေ့လာဖူးဘဲ ယခုအခါတွင် ယင်းတို့အားလုံးကို ရုတ်တရက်ကြီး ကျွန်ုပ် နားလည်လာပြီဖြစ်သည်။ ကျွန်ုပ်သည် မည်သို့များ ရုတ်တရက် အလွန်တော်လာရသနည်း။ ယခုတွင် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ အလွန်များပြားစွာ ရှိနေသည်မှာ မည်သို့ဖြစ်သနည်း” ဟုပင် သင့်ဘာသာ တွေးလေသည်။ သင် ရှင်းပြနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကောင်းကြီးမင်္ဂလာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူများကို ကောင်းကြီးမင်္ဂလာပေးသည့် ပုံစံဖြစ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ သို့မဟုတ် သင်၏အလုပ်ကို လုပ်ဆောင်သည့်အခါတွင် ဤအရာကို သင်မခံစားရပါက သင်သည် ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံစားရခြင်း မရှိသေးပေ။ သင်၏တာဝန်ကို လုပ်ဆောင်ခြင်းသည် သင့်အတွက် အစဉ် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပါက၊ မည်သည့်အရာမျှ လုပ်ဆောင်ဖို့မရှိဟု ခံစားရပြီး သင့်ကိုယ်သင် ဖြည့်ဆည်းဖို့ လုပ်ဆောင်စေနိုင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အခါမျှ ဉာဏ်အလင်းကို မရရှိသကဲ့သို့ သင်၌ အသုံးချစရာ မည်သည့် ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် ဉာဏ်ပညာမျှ မရှိဟု ခံစားရပါက ဤသည်မှာ ပြဿနာရှိသည်ကို ဆိုလိုသည်။ ဤသည်မှာ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် မှန်ကန်သော ရည်ရွယ်ချက်၊ သို့မဟုတ် မှန်ကန်သော လမ်းကြောင်း မရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လက်မခံသည်ကို လည်းကောင်း၊ သင်၏ အခြေအနေက ပုံမှန်မဟုတ်သည်ကိုလည်းကောင်း ပြသည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ရမည်။ “ငါ့ရဲ့တာဝန်မှာ ငါ ဘာလို့ လမ်းကြောင်းကင်းမဲ့ရတာလဲ။ ဒီနယ်ပယ်ကို ငါလေ့လာပြီးပြီ။ ငါ့ရဲ့ အထူးပြုနယ်ပယ်ထဲမှာ ရှိတယ်။ ဒါကို ငါကျွမ်းတောင် ကျွမ်းကျင်တယ်။ ငါ့အသိပညာကို အသုံးချဖို့ ကြိုးစားတဲ့အခါမှာ အသုံးချလို့မရတာ ဘာကြောင့်လဲ။ ဘာလို့ အသုံးမပြုနိုင်တာလဲ။ ဘာဖြစ်နေတာလဲ” ဟူ၍ဖြစ်သည်။ ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သလော။ ဤနေရာတွင် ပြဿနာတစ်ခုရှိသည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ ထိုသူသည် ဉာဏ်ပညာရှိလာသည်။ ကိစ္စရပ်များအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာသည့်အပြင် စိတ်ဝင်စားခြင်း၊ နိုးကြားခြင်း၊ အထူးသဖြင့် ကျွမ်းကျင်မှုရှိခြင်းတို့လည်း ဖြစ်လာသည်။ လုပ်ကိုင်တတ်လာပြီး လုပ်သမျှတွင် နိုးကြွမှုရှိလိမ့်မည်။ သူလုပ်သမျှသည် အလွန်လွယ်ကူပြီး မည်သည့်အခက်အခဲကမျှ သူ့ကို မတားဆီးနိုင်ဟု ထင်မြင်လိမ့်မည်။ သူသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသည်။ တစ်စုံတစ်ယောက်က အရာရာကို အလွန်ခက်ခဲသည်ဟု မြင်လျှင်၊ ပျာယာခတ်လျှင်၊ လွဲချော်တတ်လျှင်၊ မည်သည့်အရာပင်လုပ်လုပ် ဘာကိုမျှ မသိလျှင်၊ မိမိကိုပြောသည့် မည်သည့်အရာကိုမျှ ထိုသူက နားမလည်လျှင် ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ဘုရားသခင်၏ လမ်းပြမှုမရှိ၊ ဘုရားသခင်၏ ကောင်းချီးမရှိဟု ဆိုလိုသည်။ လူအချို့က “ငါ ကြိုးစားအားထုတ်ပြီးပြီ။ ဒါဆို ငါက ဘုရားကောင်းချီးတွေကို မမြင်ရတာ ဘာကြောင့်လဲ” ဟု ပြောကြသည်။ သင်သည် သင့်ကိုယ်သင် အသုံးချပြီး အားထုတ်ကြိုးပမ်းသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် မကြိုးစားလျှင် သင်သည် သင်၏တာဝန်၌ အပေါ်ယံ လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးများကို မည်သို့ မြင်နိုင်ခြေရှိမည်နည်း။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်ပေါ့ဆပြီး မည်သည့်အခါမျှ တာဝန်မကျေပွန်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ သို့မဟုတ် အလင်းပေးခြင်းကို ခံရမည်မဟုတ်ပေ။ သင့်တွင် ဘုရားသခင်၏ လမ်းပြမှု၊ သို့မဟုတ် လုပ်ဆောင်မှုရှိမည် မဟုတ်ပေ။ သင်၏ လုပ်ရပ်များက အသီးအပွင့်ဖြစ်ထွန်းမည် မဟုတ်ပေ။ လူသား၏ အားအင်နှင့် သင်ယူမှုကို အားကိုးခြင်းအားဖြင့် တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သို့မဟုတ် အမှုအရာတစ်ခုကို ကောင်းစွာ ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ လူတိုင်းက ၎င်းတို့သည် အနည်းငယ် သိမြင်သည်၊ ကျွမ်းကျင်မှု အနည်းငယ်ရှိသည်ဟု ထင်ကြသည်။ သို့သော် ၎င်းတို့သည် ကိစ္စများကို ညံ့ဖျင်းစွာ လုပ်ဆောင်သည်။ အမှုကိစ္စများက အစဉ်လွဲချော်သည်။ မှတ်ချက်များနှင့် ရီမောခြင်းကို ထွက်ပေါ်လာစေသည်။ ဤသည်မှာ ပြဿနာဖြစ်သည်။ လူတစ်ယောက်က ရှင်းရှင်းလင်းလင်းပင် မည်သည့်အရာမျှ မဟုတ်သည့်တိုင် နားလည်ကျွမ်းကျင်မှု ရှိသည်ဟုထင်သည်။ မည်သူ့ကိုမျှ အလျှော့မပေးပေ။ ဤသည်မှာ လူ့သဘာဝတွင်ရှိသော ပြဿနာတစ်ခုနှင့် သက်ဆိုင်သည်။ မိမိတို့ကိုယ်ကို မသိသောသူတို့အားလုံးမှာ ဤအတိုင်းပင် ဖြစ်၏။ ထိုသို့သောလူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာ မဖြည့်ဆည်းနိုင်သည်သာမက စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ရှုံးနိမ့်တတ်လေသည်။ လူအချို့သည် တာဝန်တစ်ခုတလေမျှ ကောင်းစွာ မလုပ်ဆောင်နိုင်သော်လည်း သာလွန်မြင့်မားသော အခန်းကဏ္ဍများကို တာဝန်ယူရန်နှင့် အခြားလူတို့ကို ဆရာလုပ်ရန် အမြဲကြိုးစားနေကြသေးသည်။ ထိုသို့သော လူတို့က မည်သည့်အရာကိုမျှ မပြီးမြောက်။ ၎င်းတို့သည် အခြားသူများအား ဧဝံဂေလိဖြန့်ဝေနိုင်စွမ်း သို့မဟုတ် သက်သေခံနိုင်စွမ်းပင် မရှိသည့်အပြင် ၎င်းတို့၌ သမ္မာတရားကို ဝေမျှရန်အတွက် မိတ်သဟာယပြုချက်ဆိုင်ရာ စကားတစ်လုံးမျှပင် မရှိချေ။ ထိုသို့သော လူတို့သည် လုံးလုံးလျားလျား ဗလာကျင်းလျက် ချွတ်ခြုံကျကာ သနားစရာကောင်းပေ၏။ သမ္မာတရားကို မလိုက်စားသောသူ အားလုံးသည် တာဝန်ခံယူမှုကင်းမဲ့သည့် စိတ်ထားဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ “တစ်ယောက်ယောက်က ဦးဆောင်ရင် ငါက နောက်ကလိုက်မယ်။ ဘယ်ကိုပဲ ဦးဆောင်ပါစေ ငါသွားမယ်။ ငါ့ကို ခိုင်းသမျှ ဘာမဆိုလုပ်မယ်။ တာဝန်ခံယူဖို့၊ အရေးစိုက်ဖို့၊ ဒါမှမဟုတ် တစ်ခုခုကိုလုပ်ဖို့အတွက် ပိုပြီးဒုက္ခခံဖို့၊ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ လုပ်ဖို့တွေကိုတော့ လုပ်ချင်စိတ်မရှိဘူး” ဤလူတို့သည် အဖိုးအခ ပေးဆပ်ချင်စိတ် မရှိပေ။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းဖို့သာ အလိုရှိကြသည်။ တာဝန်ယူဖို့ အလိုမရှိပေ။ ဤသည်မှာ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သည့်သဘောထား မဟုတ်ပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် စိတ်နှစ်မြှုပ်ရန် သင်ယူရမည်။ အသိတရားရှိသော သူတစ်ယောက်သည် ဤအရာကို ဖြစ်မြောက်နိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ထမ်းဆောင်ခြင်း၌ လုံးဝ စိတ်နှစ်လုပ်ဆောင်ခြင်းမရှိလျှင် ထိုသူသည် အသိတရားမရှိဟု အဓိပ္ပာယ်ရသည်။ အသိတရား မရှိသူတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ သမ္မာတရားကို ၎င်းတို့မရရှိနိုင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ဘုရားသခင်ကို မည်သို့ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် အလေးထားမှုကို မည်သို့ ပြသရမည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်ခြင်းတွင် မည်သို့ စိတ်နှစ်ရမည်ကိုလည်းကောင်း မသိကြသကဲ့သို့ သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင် တောင်းဆိုချက်များနှင့် လိုအင်ဆန္ဒများကို နားလည်ဖို့ မည်သို့ရှာဖွေရမည်ကိုလည်းကောင်း မသိကြပေ။ ဤသည်မှာ သမ္မာတရားကို မရှာဖွေနိုင်ခြင်း ဟူသည့်အရာ ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် မကြာခဏ ငြိမ်သက်ခြင်းရှိနိုင်သော၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်စဉ်းစားခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ထိုတာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ ထိုတာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ရန်အတွက် မည်သည့်သမ္မာတရားများကို ပိုင်ဆိုင်သင့်သည် ဆိုသည်ကိုလည်းကောင်း ဆင်ခြင်စဉ်းစားခြင်းတွင် စိတ်နှစ်မြှုပ်ထားနိုင်သော အခြေအနေများကို သင်တို့ တွေ့ကြုံသလော။ ဤနည်းဖြင့် သမ္မာတရားကို သင်ရှာဖွေသည့် အကြိမ်များစွာ ရှိသလော။ (မရှိပါ။) သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်။ ဤအရာများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား အမြဲ အားသွန်ခွန်စိုက်လုပ်လိုပါက သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် ကောင်းကောင်း လုပ်ဆောင်ပြီး မလုပ်ဆောင်ပြီးသည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည် ဖြစ်သည်။ သင် အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ အားထုတ်မှုကို အသုံးပြုရန်ဖြစ်သောအခါ၊ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန် စိတ်မနှစ်သောအခါတွင် သင်၏ စိတ်နှလုံးမှ တကယ့်အခြေအနေများ၊ မတူညီသော ပတ်ဝန်းကျင်များတွင် သင့်၌ရှိသော ဖောက်ပြန်ပျက်စီးမှု၏ မရေမတွက်နိုင်သော တုံ့ပြန်မှုများနှင့် ထုတ်ဖော်ခြင်းများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ပြဿနာများ ပြေလည်မသွားသောအခါ အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို သင် မသိလျှင် သင်သည် များစွာ ဒုက္ခရောက်ပြီဖြစ်သည်။ ဤအတွက်ကြောင့် ရှုပ်ထွေးသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မကောင်းခြင်းဖြစ်သည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်ရှေ့၌ သင် အသက်ရှင်ရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ သမ္မာတရားကို အစဉ်ရှာဖွေရမည်။ သမ္မာတရားကို ရှာဖွေစဉ်တွင် သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ပြီး သင်၏ အခြေအနေတွင် မည်သည့်ပြဿနာများရှိသည်ကို သိရမည်။ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်းရှာဖွေရမည်။ ဤနည်းအားဖြင့်သာ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အလုပ်ကို နှောင့်နှေးစေခြင်းအား ရှောင်ကြဉ်နိုင်မည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်သာမက အရေးကြီးဆုံးအရာမှာ သင့်တွင် အသက်ဝင်ရောက်မှုလည်းရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းနိုင်မည်လည်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သည်။ သင်၏ စိတ်နှလုံးတွင် သင် မကြာခဏ ဆင်ခြင်တွေးတောသော အရာသည် သင်၏တာဝန်နှင့်သက်ဆိုင်သော ကိစ္စများမဟုတ်လျှင်၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သည့် ကိစ္စများမဟုတ်ဘဲ၊ ထိုအစား သင့်အတွေးများက ဇာတိပကတိ အရေးကိစ္စများအပေါ်တွင်သာ ရှိလျက် သင်သည် ပြင်ပအရာများဖြင့် ငြိတွယ်နေလျှင် သင်သည် သမ္မာတရားကို နားလည်နိုင်မည်လော။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ပြီး ဘုရားရှေ့တွင် အသက်ရှင်နိုင်မည်လော။ သေချာပေါက် အသက်မရှင်နိုင်ပေ။ ထိုသို့သောလူတစ်ဦးသည် ကယ်တင်ခြင်းကို မခံရနိုင်ပေ။
ဘုရားသခင်ကို ယုံကြည်ခြင်းသည် အသက်တာတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ခြင်းဖြစ်ပြီး သမ္မာတရားကို လိုက်စားရမည်။ ဤသည်မှာ ဝိညာဉ်၏၊ အသက်၏ အရေးကိစ္စဖြစ်ပြီး ဘာသာတရားမရှိသူများ၏ ကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်ကျက်သရေတို့ နောက်လိုက်ခြင်း၊ မိမိအတွက် ထာဝရအမည်တွင်ရန် ကြိုးစားခြင်းတို့နှင့် ကွာခြားသည်။ ဤသည်တို့မှာ မတူညီသောလမ်းကြောင်းများ ဖြစ်သည်။ ဘာသာတရားမရှိသူများသည် ၎င်းတို့၏ အလုပ်အကိုင်များတွင် အလုပ်ကို မည်သို့နည်းနည်းလုပ်ပြီး ပိုက်ဆံများများရအောင် လုပ်နိုင်မည် ဆိုသည်ကိုလည်းကောင်း၊ ဝင်ငွေပိုရရှိရန် ၎င်းတို့ အသုံးချနိုင်သည့် မယုံကြည်ရသော လှည့်ကွက်များကိုလည်းကောင်း စဉ်းစားကြသည်။ မည်သို့ ချမ်းသာအောင်လုပ်ပြီး ၎င်းတို့၏ မိသားစုစည်းစိမ်ချမ်းသာကို မည်သို့တည်ဆောက်ရမည်ကို တစ်နေကုန် စဉ်းစားကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရရှိရန်အတွက် မသမာသောနည်းများကိုပင် ထုတ်သုံးကြသည်။ ဤသည်မှာ မကောင်းမှုလမ်းကြောင်း ဖြစ်သည်။ စာတန်၏ လမ်းကြောင်းဖြစ်သည်။ ဘာသာတရားမရှိသူများ လျှောက်သည့် လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများ လျှောက်သည့် လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားပြီး အသက်ကိုရရှိသည့် လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်နောက် လိုက်ပြီး သမ္မာတရားကို ရရှိသည့်လမ်းကြောင်း ဖြစ်သည်။ သင်သည် သမ္မာတရားရရှိရန် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝီရိယရှိရှိ ဖတ်ရှုကာ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်။ ထိုသို့ပြုလုပ်ပြီးနောက်မှသာ သမ္မာတရားကို နားလည်မည်ဖြစ်သည်။ ထို့ပြင် သမ္မာတရားကို နားလည်သောအခါ သင်သည် စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ရန်အတွက် သင်၏တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်နှင့် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံလာနိုင်သည်ကို ဆင်ခြင်သုံးသပ်ရမည်။ ဤအရာက သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို လိုအပ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ သမ္မာတရားကို ရှာဖွေရမည်သာမက ပြန်လည်သုံးသပ်ပြီး သင်၌ မှားယွင်းသော ထင်မြင်ချက်များနှင့် အယူအဆများ ရှိမရှိကိုလည်း သတိပြုမိရမည် ဖြစ်သည့်အပြင် အကယ်၍ ပြဿနများ ရှိနေပါက ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယ ပြုရမည်ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို နားလည်သောအခါတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပြီး ဘုရားသခင်အား ကျိုးနွံနာခံသူတစ်ဦး ဖြစ်လာနိုင်ပေသည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြင့် သင်သည် သင်၏ စိတ်သဘောထားများကို ပြောင်းလဲပြီး သိပင်မသိလိုက်ဘဲ သမ္မာတရားကို ရရှိမည်ဖြစ်သည်။ ဘာသာတရားမရှိသူများသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲတမ်း ကြိုးပမ်းနေကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဆိုးယုတ်ခြင်းလမ်းကြောင်းကို လျှောက်ကာ ပို၍ပို၍ စာရိတ္တပျက်ပြားလာသည်၊ ပို၍ပို၍ လိမ္မာပါးနပ်လာကာ လှည့်ဖြားလာသည်၊ ပြီးလျှင် ပို၍ပို၍ အပိုင်ကြံခြင်းနှင့် ကျိတ်ကြံခြင်းတို့ ရှိလာသည်။ ၎င်းတို့၏ စိတ်နှလုံးများမှာ ပို၍ပို၍ ဆိုးယုတ်လာပြီး ပို၍ပို၍ နားလည်ရခက်လာကာ ပဟေဠိဆန်လာသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ လမ်းကြောင်းဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့၏ လမ်းကြောင်းသည် ဤအရာ၏ ဆန့်ကျင်ဘက်ပင် ဖြစ်၏။ ဘုရားသခင်၌ ယုံကြည်သူများသည် ဤဆိုးယုတ်သော ကမ္ဘာလောကနှင့် ဆိုးယုတ်သော လူသားမျိုးနွယ်မှ မိမိတို့ကိုယ်ကို ခွဲထွက်လိုကြသည်။ ထိုသူတို့သည် သမ္မာတရားကို လိုက်စားလိုပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေလိုသည်။ သူတို့သည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်သောအခါမှသာ သူတို့၏ စိတ်နှလုံးများသည် တည်ငြိမ်ပြီး အေးချမ်းသည်။ သူတို့သည် ဘုရားသခင်ကို သိကျွမ်းလိုသည်၊ ဘုရားသခင်ကို ကြောက်ရွံ့လိုသည်၊ မကောင်းမှုကို ရှောင်လိုသည့်အပြင် သူ၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို ရရှိလိုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူတို့ ရှာဖွေသောအရာ ဖြစ်၏။ အကယ်၍ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ကာ သမ္မာတရားကို အမှန်တကယ် နားလည်ပြီး ပြောင်းလဲသွားပြီးဖြစ်ပါက သင့်အား အခြားသူများက ပို၍ ပေါင်းသင်းဆက်ဆံလေလေ၊ သင်သည် ရိုးသားကြောင်း၊ သင်၏ အပြောအဆို၌ ရိုးသားပြီး သင်၏ တာဝန်ထမ်းဆောင်ရာတွင် ရိုးသားကြောင်း၊ သင်သည် လုံးလုံးလျားလျား ပွင့်လင်းလျက် ဘာမျှကွယ်ဝှက်စရာ မရှိသည့်အပြင် ပွင့်လင်းမြင်သာသော ပုံစံဖြင့် စကားပြောပြီး ပြုမူသောသူတစ်ဦးဖြစ်ကြောင်း ၎င်းတို့ ခံစားရလေလေ ဖြစ်မည်။ သင်ပြောဆိုသည့် အရာများ၊ သင်ဖော်ပြသော အမြင်များ၊ သင်လုပ်ဆောင်သော အရာများ၊ သင်ထမ်းဆောင်သော တာဝန်အပြင် အခြားသူများနှင့် စကားစမြည်ပြောရာ၌ သင်၏ ရိုးသားသော စိတ်သဘောမှတစ်ဆင့် လူတို့သည် သင်၏စိတ်နှလုံးကို ထိုးထွင်းသိမြင်နိုင်မည် ဖြစ်သည့်အပြင် သင် မည်ကဲ့သို့ ပြုမူနေထိုင်ကြောင်း၊ သင်၏ ဦးစားပေးမှုများက မည်သည့်အရာဖြစ်ကြောင်း၊ ထို့ပြင် သင် မည်သည့် ရည်မှန်းချက်ပန်းတိုင်များကို လိုက်စားကြောင်းကို မြင်တွေ့နိုင်မည် ဖြစ်သည်။ သင်သည် ကောင်းမွန်ရိုးသားသော လူတစ်ဦးဖြစ်ကြောင်းနှင့် သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည်ဖြစ်သည်။ ဤအရာက သင် ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြသလေသည်။ အကယ်၍ သင် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်လာပြီး တာဝန်တစ်ခုကို ထမ်းဆောင်ထားပြီး ဖြစ်သော်လည်း သင်နှင့် ပေါင်းသင်းဆက်ဆံသည့် လူတို့က သင်သည် သင်ပြောဆိုသည့်အရာ၌ ပွင့်လင်းမြင်သာမှု မရှိ၊ သင်၏အမြင်များက မရှင်းလင်းဟု အမြဲခံစားရပြီး သင်၏ လုပ်ဆောင်ချက်များတွင် သင့်စိတ်နှလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါက၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးထဲ၌ နက်ရှိုင်းစွာ ပုန်းကွယ်နေသည့် အရာများရှိသည်ဟု အမြဲတစေ ခံစားကြပါက ဤအရာမှာ သင်သည် မိမိကိုယ်ကို မည်သို့ဖုံးကွယ်ရမည်၊ မည်သို့ရုပ်ဖျက်ရမည်၊ ပြီးလျှင် မည်သို့ပြရုပ်တင်ရမည်ကို သိသည့် သိုဝှက်သော လူတစ်ဦးဖြစ်ကြောင်း ပြသလေသည်။ အကယ်၍ အခြားသူများသည် သင်နှင့် ပေါင်းသင်းဆက်ဆံသည့် နှစ်အတန်ကြာပြီးနောက်၌ပင် သင့်စိတ်နှလုံးကို အပြည့်အဝ သဘောမပေါက်နိုင်သည့်အပြင် ၎င်းတို့မြင်တွေ့သမျှမှာ သင်၏ စိတ်သဘောထား သို့မဟုတ် သင်၏ အနှစ်သာရတို့ထက် သင်၏ နဂိုစိတ်ရင်းနှင့် စရိုက်လက္ခဏာတို့သာလျှင် ဖြစ်ပါက ယင်းမှာ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်နေသေးသည်ကို ထင်ရှားစေ၏။ သင်သည် ပို၍ လိမ္မာပါးနပ်လေ၊ လူကောင်းတစ်ယောက် မဟုတ်မှန်း၊ သင်၌ လူ့သဘာဝ ကင်းမဲ့မှန်း၊ ထို့ပြင် သင့်ကို မကောင်းဆိုးဝါးများနှင့် စာတန်က ပိုင်ဆိုင်မှန်း ပို၍ ထင်ရှားလေဖြစ်၏။ အကယ်၍ သင်သည် မည်သည့်သမ္မာတရားကိုမျှ မရရှိသည့်အပြင် ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ မသန့်စင်ပါက သင်ကဲ့သို့သော လူတစ်ဦးအတွက် ကယ်တင်ခြင်းရရှိရန် လွန်စွာ ခက်ခဲပေလိမ့်မည်။ ထို့ပြင် သင်၏ မလိမ့်တပတ်လုပ်သည့် အစွမ်းအစ၊ သင်၏ စကားလုံးကျွမ်းကျင်မှု၊ သင်၏ ထက်မြက်ခြင်း၊ မြန်ဆန်သော တုံ့ပြန်ချက်များနှင့် အမှုအရာများကို ကိုင်တွယ်ရာ၌ သင် မည်မျှကျွမ်းကျင်လင့်ကစား အကယ်၍ သင်နှင့် ပေါင်းသင်းဆက်ဆံသော သူတို့သည် အမြဲတမ်း ဘဝင်မကျသည့်အပြင် သင်သည် အားမကိုးရကြောင်း၊ မယုံကြည်ရကြောင်းနှင့် နားလည်ရခက်ကြောင်း သတိပြုမိနိုင်ပါက သင် ဒုက္ခရောက်လေပြီ။ ဤအရာက သင်သည် ဘုရားသခင်ကို ယုံကြည်နေစဉ် လုံးဝ မပြောင်းလဲသေးကြောင်းနှင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြောင်း ပြညွှန်လေသည်။ ယခုအချိန်အထိ ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုတွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုခုကို တွေ့ကြုံဖူးသလော။ သင်သည် အခြားသူများအပေါ် ရိုးသားသော သဘောထားဖြင့် ဆက်ဆံသလော။ သင်သည် ရိုးသားစစ်မှန်သည်ဟု အခြားသူများက ခံစားရသလော။ (ကျွန်ုပ်အတွက် လက်ငင်းအကျိုးကျေးဇူးရှိသည့် အရာများနှင့်ပတ်သက်လျှင် ကျွန်ုပ်သည် လိမ်ညာပြီး လှည့်စားနိုင်သည်။ သို့သော် ယင်းတို့သည် ကျွန်ုပ်အတွက် လက်ငင်းအကျိုးကျေးဇူး မရှိသည့်အခါ သမ္မာတရားကို ပြောနိုင်ပြီး ကျွန်ုပ်၏ စိတ်နှလုံးကို အနည်းငယ် ဖွင့်ဟနိုင်ပါသည်။) (ကျွန်ုပ်သည် ကျွန်ုပ်ပြောဆိုသည့်အရာများတွင် စေ့စေ့စပ်စပ်ရှိသည်။ အချို့သောအရာများကို ကျွန်ုပ် ပွင့်ပွင့်လင်းလင်း ပြောသော်လည်း ကျွန်ုပ်၏ စိတ်နှလုံးအတွင်း၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အရာများမှာမူ ကွယ်ဝှက်မြဲ ကွယ်ဝှက်ထားသည်။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ကျွန်ုပ်သည် မိမိကိုယ်ကို ပြရုပ်တင်ပြီး ရုပ်ဖျက်ထားတတ်ဆဲ ဖြစ်သည်။) ဤသည်မှာ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲ၌ အသက်ရှင်သည့် ကိစ္စတစ်ခုဖြစ်၏။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားသည့်အပြင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက သူသည် မည်ကဲ့သို့ ပြောင်းလဲနိုင်မည်နည်း။ သင်တို့အားလုံးသည် တာဝန်များကို ထမ်းဆောင်ရသော သူတို့ဖြစ်ကြ၏။ အနည်းဆုံးအနေဖြင့် ရိုးသားသော စိတ်နှလုံးရှိရမည်ဖြစ်ပြီး သင်သည် ရိုးသားစစ်မှန်ကြောင်း ဘုရားသခင်အား မြင်တွေ့ခွင့်ပေးရမည် ဖြစ်သည်။ သို့မှသာ သင်သည် ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းညွှန်မှုတို့ကို ရရှိနိုင်မည်ဖြစ်သည်။ အရေးပါသောအရာမှာ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်သည်။ သင်နှင့် အခြားသူများကြားတွင် မည်သည့်အတားအဆီးများ ရှိသည်ဖြစ်စေ၊ သင်သည် သင်၏ကိုယ်ပိုင် ဝင့်ဝါခြင်းနှင့် ဂုဏ်သတင်းကို မည်မျှ တန်ဖိုးထားသည်ဖြစ်စေ၊ ပြီးလျှင် ရိုးစင်းသောပုံစံဖြင့် သင် ရင်မဖွင့်နိုင်သည့် မည်သည့်ရည်ရွည်ချက်များကို သိုထားသည်ဖြစ်စေ ဤအရာများအားလုံးသည် တဖြည်းဖြည်းချင်း ပြောင်းလဲရမည်။ တစ်ဆင့်ပြီးတစ်ဆင့် အယောက်ချင်းစီတိုင်းသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခက်အခဲများမှ ရုန်းထွက်လွတ်မြောက်အောင် အားထုတ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အဟန့်အတားများကို ကျော်လွှားရမည်ဖြစ်သည်။ ဤအဟန့်အတားများကို သင် မကျော်ဖြတ်မီ သင်၏စိတ်နှလုံးသည် ဘုရားသခင်အပေါ် အမှန်တကယ် ရိုးသားသလော။ သင်သည် အမှုအရာများကို သူ့ထံမှ ကွယ်ဝှက်ထားပြီး ဖုံးကွယ်သလော၊ သို့မဟုတ် ဟန်ဆောင်ထားသော အပြင်ပန်းကို ပြထားပြီး သူ့ကို လှည့်ဖြားသလော။ သင်၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းနေသင့်သည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲတွင် ဤအရာများ ရှိပါက ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသင့်သည်။ အမှုအရာများကို ကံတရားအပေါ် ပုံချထားပြီး “ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏တစ်ဘဝလုံးကို အသုံးမခံလို။ မိသားစုတစ်စုကို အစပြုပြီး ကျွန်ုပ်၏ကိုယ်ပိုင်ဘဝကို နေထိုင်ချင်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ပြုမည်မဟုတ်ဟု မျှော်လင့်ပါသည်” ဟု မဆိုလေနှင့်။ အကယ်၍ သင်သည် သင့်စိတ်နှလုံးအတွင်း၌ နက်နက်ရှိုင်းရှိုင်း သိုထားသည့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ အကြံအစည်များနှင့် ဘဝပန်းတိုင်များဟူသည့် ဤအရာများအားလုံးကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားပါက၊ ထို့ပြင် အမှုအရာများစွာအပေါ် သင်၏အမြင်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ယုံကြည်ချက်များကို ကွယ်ဝှက်ထားပါက သင်သည် ဒုက္ခရောက်မည် ဖြစ်သည်။ အကယ်၍ သင်သည် ဤအသုံးမကျသော အရာများကို ကွယ်ဝှက်ပြီး ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဖွေပါက ယင်းက သင်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိကြောင်း၊ သမ္မာတရားကို လက်ခံရရှိရန် သင့်အတွက် ခက်ခဲကြောင်း ပြသသည်။ သင်သည် အမှုအရာများကို အခြားလူတို့ထံမှ ကွယ်ဝှက်နိုင်သော်လည်း ဘုရားသခင်ထံမှ မကွယ်ဝှက်နိုင်ချေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်အားကိုးမှု မရှိလျှင် သူ့ကို အဘယ့်ကြောင့် သင် ယုံကြည်ရသနည်း။ သင်၌ လျှို့ဝှက်ချက်အချို့ရှိပြီး ယင်းတို့နှင့်ပတ်သက်၍ ရင်ဖွင့်လိုက်လျှင် သင့်ကို လူတို့အထင်သေးမည်ကို စိုးရိမ်သည့်အပြင် သင်၌ ထုတ်ဖော်ပြောဆိုဖို့ သတ္တိကင်းမဲ့ပါက သင်သည် ဘုရားသခင်အား အလွယ်တကူ ရင်ဖွင့်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို ဆုတောင်းသင့်ကာ သူ့အပေါ် သင့်ယုံကြည်မှုထဲ၌ သိုထားသည့် မသတီစရာ ရည်ရွယ်ချက်များ၊ သင့်အနာဂတ်နှင့် ကံကြမ္မာအတွက်အလို့ငှာ လုပ်ဆောင်ထားခဲ့သည့် အရာများနှင့် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် မည်သို့ ကြိုးပမ်းခဲ့ပုံတို့ကို ဝန်ခံသင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်၏ရှေ့၌ ပစ်ချပြီး သူ့အရှေ့တွင် ယင်းတို့ကို ထုတ်ဖော်လော့။ ယင်းတို့ကို သူ့ထံမှ မဖုံးကွယ်နှင့်။ သင်၏စိတ်နှလုံးသည် လူမည်မျှအတွက် ပိတ်ဆို့ထားပါစေ ဘုရားသခင်အတွက် ပိတ်မထားနှင့်။ သင့်စိတ်နှလုံးကို သူ့ထံ ဖွင့်ထားရမည်။ ယင်းသည် သူ့ကိုယုံကြည်သူတို့၌ ရှိသင့်သည့် အနည်းဆုံးသော ရိုးသားစစ်မှန်မှုအတိုင်းအတာ ဖြစ်၏။ သင်သည် ဘုရားသခင်ထံ ဖွင့်ဟထားသော စိတ်နှလုံးရှိပြီး သူ့အတွက် ပိတ်ဆို့မထားဘဲ သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်လျှင် သင့်ကို သူ မည်ကဲ့သို့ ရှုမြင်မည်နည်း။ သင်သည် အခြားသူများထံ ပွင့်လင်းကောင်း မပွင့်လင်းနိုင်လျှင်ပင် ဘုရားသခင်အား သင် ပွင့်လင်းနိုင်ပါက သူက သင့်ကို ရိုးသားသော စိတ်နှလုံးရှိသည့် ရိုးသားသော လူတစ်ဦးအဖြစ် ရှုမြင်မည်ဖြစ်သည်။ သင်၏ ရိုးသားသောစိတ်နှလုံးသည် သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်ပါက ယင်းသည် သူ၏အမြင်၌ အဖိုးထိုက်သည့်အပြင် သူသည် သင့်အထဲ၌ အလုပ်လုပ်ရန် ရှိသည်မှာ သေချာ၏။ ဥပမာအနေဖြင့် သင်သည် ဘုရားသခင်အား လိမ်ညာလှည့်ဖြားသော အရာတစ်ခုကို ပြုလုပ်ထားပြီး ဖြစ်ပါက သင့်ကို သူ ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ထိုအခါ သင်သည် သူ၏ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရမည်၊ အလျင်အမြန် နောင်တရရမည်ဖြစ်ပြီး သူ၏ရှေ့၌ ဝန်ချတောင်းပန်သည့်အပြင် သင်၏ အမှားများကို အသိအမှတ်ပြုရမည်။ သင်၏ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို အသိအမှတ်ပြုရမည်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရမည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရမည်၊ သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး အမှန်တကယ် နောင်တရရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ သင်၏ ရိုးသားစစ်မှန်သော ယုံကြည်မှု၏သက်သေဖြစ်ပြီး သူ့အပေါ် သင်၏ စစ်မှန်သောယုံကြည်ခြင်းပင် ဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။