စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ (ကောက်နုတ်ချက် ၆၆)
လူအချို့တွင် ချင့်ချိန်နိုင်စွမ်း လုံးဝ မရှိကြပေ။ သူတို့သည် ဦးဆောင်သူမည်သူမဆို၏နောက်သို့လိုက်ကြသည်။ လူကောင်းများက ဦးဆောင်သောအခါ အပြုအမူကောင်းကို သူတို့ သင်ယူကြသည်၊ လူဆိုးများက ဦးဆောင်သောအခါ အပြုအမူဆိုးကို သူတို့ သင်ယူကြသည်။ သူတို့လိုက်လျှောက်နေသည့်မည်သူမဆိုထံမှ သူတို့ သင်ယူကြသည်။ ဘာသာတရားမရှိသူများနောက်သို့ သူတို့ လိုက်ကြသောအခါ သူတို့သည် မကောင်းဆိုးဝါးများကို အတုယူကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူများနောက်သို့ သူတို့ လိုက်ကြသောအခါ လူ့သဘာဝနှင့်ဆင်တူခြင်းအချို့ ရှိဖို့ သူတို့ သင်ယူကြသည်။ သမ္မာတရားကို နားလည်ဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့တို့ကို သူတို့ အာရုံမစိုက်ကြသော်လည်း အခြားသူများနောက်သို့သာ လိုက်၍ သူတို့ကို မဆင်မခြင် အတုခိုးကြသည်။ သူတို့ကြိုက်နှစ်သက်သောမည်သူမဆို၏စကားကို သူတို့ နားထောင်ကြသည်။ ထိုကဲ့သို့သောလူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပါ။ သမ္မာတရားကို နားမလည်သောလူများသည် အပြောင်းအလဲအစစ်အမှန်ကို မည်သည့်အခါမျှ မရရှိနိုင်ပါ။ အသိပညာနှင့် အယူဝါဒ၊ လူသားအပြုအမူ၊ စကားပြောပုံနည်းဟန်စသည့် ဤပြင်ပအရာများကို လူများထံမှ သင်ယူ၍ ရနိုင်သည်။ သို့သော် သမ္မာတရားနှင့် အသက်တို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ထံမှသာ ရနိုင်ပြီး ကျော်ကြားသောလူများ သို့မဟုတ် ထူးခြားသောလူများထံမှ မည်သည့်အခါမျှ မရနိုင်ပါ။ ယုံကြည်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သို့စားသောက်သင့်သနည်း။ ဤသည်က တစ်စုံတစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်ပြီး ရနိုင်ခြင်းရှိမရှိဟူသည့် အရေးပါသောမေးခွန်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ဖို့ မှန်ကန်သောလမ်းခရီးတစ်ခုရှိရမည်။ ယုံကြည်သူများသည် သူတို့၏အသင်းတော်အသက်တာအတွင်းနှင့် သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း လက်တွေ့ဘဝပြဿနာများကို ရည်ရွယ်သောဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ပြီး ထိုပြဿနာများကို ဖြေရှင်းရမည်။ ဤသည်မှာ သမ္မာတရားကို နားလည်ဖို့ တစ်ခုတည်းသောလမ်းခရီးဖြစ်သည်။ သို့ရာတွင် အကယ်၍ သူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ပါက သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သူတို့ တတ်နိုင်လိမ့်မည်မဟုတ်ပါ။ လူအချို့သည် အစွမ်းအစကောင်းရှိကြသော်လည်း၊ သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရား အနည်းငယ်ကို ၎င်းတို့ နားလည်နိုင်ကြသော်လည်း၊ ယင်းကို လက်တွေ့မလုပ်ဆောင်ကြချေ။ ထိုသို့သော လူတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြသလော။ သမ္မာတရားကို သိနားလည်ခြင်းသည် အယူဝါဒများကို နားလည်ခြင်းလောက် မရိုးရှင်းပေ။ သမ္မာတရားကို နားလည်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင် ဦးစွာ သိရမည်။ ဥပမာအားဖြင့်၊ ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားနှင့် စပ်လျဉ်းသော ကျမ်းပိုဒ်တစ်ပိုဒ်ကို စားသောက်ခြင်းအား ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည်မှာ “‘ချစ်ခြင်းမေတ္တာ’ ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော ချစ်ခင်မှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာကို ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုပုံဖြစ်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်၏။ သို့သော် မည်သူ့ကို သင် ချစ်သင့်သနည်း။ သင်၏ လင်ယောက်ျားကို သင် ချစ်သင့်သလော။ သင်၏ ဇနီးကိုလော။ အသင်းတော်ရှိ သင်၏ ညီအစ်ကို မောင်နှမများကိုလော။ မဟုတ်ပေ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်၍ ပြောဆိုသည့်အခါ၊ သူသည် သင်၏ အပေါင်းအသင်းကို ချစ်ခြင်းအကြောင်း မပြောဆိုဘဲ လူသား၏ ဘုရားသခင်ကို ချစ်ခြင်းအကြောင်း ပြောဆိုလေသည်။ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် သိလာပါက၊ ဘုရားသခင်၏စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်စင်သည်ကို အမှန်တကယ် မြင်လာပါက၊ ပြီးလျှင် လူသားအပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံးနှင့် အရိုးသားဆုံးဖြစ်သည်ကို မြင်လာပါက ထိုအခါ ဘုရားသခင်အပေါ် ထိုလူထားရှိသောချစ်ခြင်းမေတ္တာသည်လည်း စစ်မှန်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို ချစ်ဖို့ မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သနည်း။ ပထမဦးစွာ သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်ဆီသို့ ဆက်ကပ်ရမည်၊ ထိုအခါတွင် သူ၏စိတ်နှလုံးသည် ဘုရားသခင်ကို ချစ်နိုင်သည်။ အကယ်၍ လူတစ်ဦး၏စိတ်နှလုံးသည် ဘုရားသခင်က မည်မျှ အလွန်အမင်း ချစ်ဖွယ်ကောင်းပုံကို အမှန်တကယ် သိမြင်ပါက ထိုအခါတွင် သူသည် ဘုရားသခင်ကို သံသယဖြစ်လိမ့်မည်မဟုတ်ပါ။ သူနှင့် ဘုရားသခင်၏ကြားထဲတွင် ဝေးကွာနေခြင်းရှိတော့မည်မဟုတ်ပါ။ ထို့အပြင်သူ၏ဘုရားသခင်ကို ချစ်သောစိတ်နှလုံးသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းလိမ့်မည်။ “အပြစ်အနာအဆာကင်းခြင်း” ဆိုသည်မှာ လွန်ကဲသောလိုအင်ဆန္ဒများမရှိခြင်းနှင့် ဘုရားသခင်ထံ တရားလွန်တောင်းဆိုခြင်းများကို မလုပ်ခြင်း၊ သူ့အပေါ် သတ်မှတ်ချက်များမထားခြင်း၊ ပြီးလျှင် ဆင်ခြေမပေးခြင်းတို့ကို ဆိုလိုသည်။ သင့်စိတ်နှလုံးထဲတွင် သူသည် ပထမဦးစားပေးဖြစ်သည်ဟုဆိုလိုသည်။ သူ့နှုတ်ကပတ်တော်များကသာ သင့်စိတ်နှလုံးထဲတွင် နေရာယူထားသည်ဟုဆိုလိုသည်။ ဤသည်မှာ ဖြူစင်ပြီး အပြစ်အနာအဆာကင်းသောချစ်ခင်တွယ်တာမှုတစ်ခုဖြစ်သည်။ ဤ “ချစ်ခင်တွယ်တာမှု” ဆိုသည်မှာ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်က နေရာတစ်ခုကို ယူထားကြောင်း၊ သင်သည် အမြဲတမ်း သူ့အကြောင်းကို စဉ်းစားနေပြီး သူ့ကို အောက်မေ့နေကြောင်းနှင့် အချိန်တိုင်းတွင် သူ့ကို သတိရနေကြောင်းတို့ကို ဆိုလိုသည်။ ချစ်ခြင်းဆိုသည်မှာ ချစ်ဖို့အတွက် သင့်စိတ်နှလုံးကို အသုံးပြုခြင်းကို ဆိုလိုသည်။ “ချစ်ဖို့အတွက် သင့်စိတ်နှလုံးကို အသုံးပြုခြင်း” တွင် ထောက်ထားညှာတာတတ်ခြင်း၊ ဂရုစိုက်ခြင်းနှင့် တမ်းတခြင်းတို့ ပါဝင်သည်။ သင့်စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချစ်ရာတွင် အောင်မြင်ဖို့အတွက် သင်သည် ဘုရားသခင်ကို သိဖို့၊ သူ၏စိတ်သဘောထားကို သိဖို့နှင့် သူ၏ချစ်ဖွယ်ကောင်းခြင်းကို သိဖို့တို့ကို ပထမဦးစွာ ရှာဖွေရမည်။ အကယ်၍ ဘုရားသခင်ကို သင်သည် လုံးဝ မသိပါက သင်ဆန္ဒရှိလျှင်တောင်မှ သူ့ကို ချစ်ဖို့ သင်တတ်နိုင်လိမ့်မည်မဟုတ်ချေ။ လက်ရှိအချိန်တွင် သင်တို့အားလုံးသည် သမ္မာတရားရရန် ကြိုးစားရုန်းကန်ဖို့နှင့် သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိနေကြသည်။ သင့်တွင် ဘုရားသခင်နှင့်ပတ်သက်၍ အသိပညာအစစ်အမှန်မရှိသော်လည်း သူ့ကို တမ်းတဖို့၊ သူနှင့်ပိုနီးကပ်ဖို့၊ သူ့ထံ ကျိုးနွံနာခံဖို့၊ သူ့ကို ထောက်ထားညှာတာတတ်ဖို့၊ သင့်စိတ်ထဲတွင်ရှိသည့်အရာကို သူနှင့်အတူ မျှဝေဖို့နှင့် သင့်စိတ်နှလုံးထဲရှိ အခက်အခဲများကို သူ့ထံ ရင်ဖွင့်ဖို့အတွက် သင့်စိတ်နှလုံးကို အသုံးပြုသင့်သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက ဘုရားသခင်ကို ရှာဖွေပါ။ တစ်စုံတစ်ရာကို သင့်ဘာသာ မကိုင်တွယ်မဖြေရှင်းနိုင်သောအခါတွင် ဘုရားသခင်ကို အားကိုးတကြီးမျှော်လင့်ပြီး သူ့ထံ မှီခိုအားကိုးပါ။ ဤနည်းဖြင့် ဘုရားသခင်ထံ သင်ဆုတောင်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြလိမ့်မည်။ “ဘုရားသခင်အတွက် ကျွန်ုပ် ဘာလုပ်ပေးဖို့ လိုအပ်သနည်း။ မည်သည့်ကြီးကျယ်သောအမှုများကို ကျွန်ုပ် လုပ်ရမည်နည်း” ဟု မတွေးမိပါစေနှင့်။ ဤသည်တို့သည် အနှစ်မရှိသောစကားများသာဖြစ်ပြီး လုံးဝ လက်တွေ့မကျပါ။ ဘုရားသခင်ကို ချစ်ခြင်းထဲသို့ သင့်စိတ်နှလုံးကို နှစ်ထားပြီး သင်ထမ်းဆောင်နိုင်စွမ်းရှိသည့် သေးငယ်သောကိစ္စရပ်များနှင့် တာဝန်များတွင် သူ့ကို ကျေနပ်စေမှသာ လက်တွေ့ကျပါသည်။ ဘုရားသခင်ကို သင်မည်သို့ချစ်ရမည်နှင့် မည်သည့်အတိုင်းအတာအထိချစ်ရမည်တို့ကို သင်ကျယ်လောင်စွာမပြောသော်လည်း သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိပါသည်။ ပြီးလျှင် သူ့ကို ကျေနပ်စေဖို့ သင့်စိတ်နှလုံးက ဆန္ဒရှိနေပါသည်။ သင့်တွင် မည်သည့်အခက်အခဲများရှိနေပါစေ၊ သင့်စိတ်နှလုံးက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒရှိနေသရွေ့၊ သူ့ကို စိတ်ကျေနပ်စေဖို့ အချို့ကိစ္စများကို သင်လုပ်နိုင်သရွေ့၊ ပြီးလျှင် သူ့ကို စိတ်ကျေနပ်စေဖို့အလို့ငှာ ဆင်းရဲဒုက္ခအချို့ကို တောင့်ခံနိုင်သရွေ့ ထိုအခါတွင် သင်သည် သူ့ကို အမှန်တကယ် ချစ်သည်။ သမ္မာတရားအချို့ကို သင်နားလည်ပြီး ကိစ္စများအားလုံးကို ကိုင်တွယ်သောအခါ စည်းမျဉ်းနှင့်ညီပါက ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်ခံစားနိုင်လိမ့်မည်။ ဘုရားသခင်မိန့်တော်မူသမျှသည် သမ္မာတရားဖြစ်ကြောင်း၊ လက်တွေ့အရှိတရားဖြစ်ကြောင်းနှင့် အချိန်တိုင်းတွင် လူများကို ကူညီပေးကြောင်းကို ခံစားနိုင်လိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှနေ၍ လူများသည် သွေဖည်မရနိုင်ကြောင်းနှင့် သူတို့၏စိတ်နှလုံးများသည် ဘုရားသခင်မရှိဘဲ မဖြစ်နိုင်ကြောင်းကို ခံစားနိုင်လိမ့်မည်။ ဘုရားသခင်မရှိဘဲ အသက်မရှိကြောင်းကို သင်ခံစားနိုင်လိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် ထားခဲ့ပါက အမှန်ပင် အသက်မရှင်နိုင်ဘဲ ဒုက္ခကြီးလိမ့်မည်ဖြစ်ကြောင်းကို ခံစားနိုင်လိမ့်မည်။ ဤအရာများအားလုံးကို သင်ခံစားရသောအခါ ထိုအခါတွင် သင့်တွင် ချစ်ခြင်းမေတ္တာရှိပေပြီ။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိသည်။ “ချစ်ဖို့၊ ခံစားဖို့နှင့် စဉ်းစဉ်းစားစားလုပ်တတ်ကိုင်တတ်ဖို့ သင့်စိတ်နှလုံးကို သုံးပါ”။ ဤတွင် ကိစ္စများစွာပါဝင်သည်။ လူသားထံမှ ဘုရားသခင်လိုအပ်သည့်အရာမှာ စစ်မှန်သောချစ်ခြင်းမေတ္တာဖြစ်သည်။ တစ်နည်းဆိုရလျှင် သင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကို ချစ်ရမည်၊ ထောက်ထားရမည်၊ ပြီးလျှင် သူ့ကို စိတ်ထဲတွင် အမြဲတမ်း ရှိနေရမည်။ ဤသည်မှာ စကားလုံးများအား အသံထွက်ထုတ်ဖော်ရုံမျှသာကို မဆိုလိုသကဲ့သို့ အခြားလူများရှေ့တွင် တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းကိုလည်း မဆိုလိုပါ။ အတိအကျဆိုရလျှင် အဓိကအားဖြင့် ၎င်းသည် ကိစ္စများကို နှလုံးသားဖြင့်လုပ်ခြင်းကို ဆိုလိုသည်။ ပြီးလျှင် သင့်စိတ်နှလုံးထဲတွင် စိတ်ဓာတ်လှုံ့ဆော်မှု၊ မသန့်စင်ခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းတစ်စုံတစ်ရာမရှိဘဲ၊ သင့်စိတ်နှလုံးအား သင့်အသက်တာနှင့် သင့်လုပ်ရပ်များအားလုံးကို အုပ်စိုးစေခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သောစိတ်နှလုံးတစ်ခုသည် အများကြီးပို၍ဖြူစင်ပါသည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်နိုင်ပါက ဘုရားသခင်ထံ ကျိုးနွံနာခံဖို့ လွယ်ကူသည်။ ဘုရားသခင်ကို အမြဲတမ်း သံသယဝင်နေသောလူတစ်ဦးက မည်သို့ထင်သနည်း။ ယင်းတို့သည် သင်က၊ “ဤအရာကို လုပ်ဆောင်ဖို့ ဘုရားသခင်အတွက် မှန်ကန်ပါသလော။ ဤအရာကို ဘုရားသခင် အဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ဘုရားသခင် ပြောဆိုခြင်းနောက်ကွယ်တွင် အကြောင်းရင်း မရှိပါက၊ ကျွန်ုပ် ကျိုးနွံနာခံမည်မဟုတ်။ ဘုရားသခင်အတွက် ဤအရာကို လုပ်ဆောင်ဖို့မဖြောင့်မတ်ပါက၊ ကျွန်ုပ် နာခံမည် မဟုတ်ပါ။ ယင်းကို ယခု ငါ ဘေးချိတ်ထားမည်” ဟု အမြဲ တွေးနေချိန်တွင် ဖော်ပြခံရပေသည်။ သံသယကို မသိုထားဖို့ဆိုသည်မှာ ဘုရားသခင် မည်သည့်အရာ ပြောဆိုပြီး လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ အမှန်၊ အမှားမရှိ၊ လူသည် ဘုရားသခင်ကို ကျိုးနွံနာခံရမည်၊ ဘုရားသခင်အပေါ် ထောက်ထားရမည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရမည်ဖြစ်ပြီး၊ သူ၏ အတွေးများနှင့် ပူပန်မှုများကို မျှဝေခံစားရမည်ဆိုသည်ကို သတိပြုခြင်းအား ဆိုလိုသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်အဖို့ အဓိပ္ပာယ်ရှိပုံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပဓာနမထားဘဲ၊ လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် သဘောတူသည်ဖြစ်စေ၊ လူ၏ အယူဝါဒများနှင့် ကိုက်ညီသည်ဖြစ်စေ သင်သည် ဤအရာများကို ဘုရားသခင်အား ကြောက်ရွံ့သောစိတ်နှလုံးနှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် စိတ်နှလုံးတို့ဖြင့် အစဉ် ကျိုးနွံနာခံပြီး ချဉ်းကပ်သင့်သည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီသည်။ ယင်းသည် ချစ်ခြင်း၏ သရုပ်သကန်နှင့် လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ ထို့ကြောင့်၊ သမ္မာတရား သိနားလည်ခြင်းကို သင် စွမ်းဆောင်ရရှိလိုပါက၊ ဘုရားနှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို သင် သိရန် အလွန်အရေးကြီးသည်။ ဘုရားနှုတ်ကပတ်တော်များကို အလွန်နည်းပါးစွာ သင် ဖတ်ရှုပါက၊ စိတ်ထက်သန်မှုဖြင့် မဖတ်သကဲ့သို့၊ မိမိစိတ်နှလုံးဖြင့် ချင့်ချိန်မစဉ်းစားပါက၊ သမ္မာတရားကို သင် နားလည်နိုင်မည် မဟုတ်ပေ။ သင် နားလည်နိုင်မည့်အရာမှန်သမျှမှာ အယူဝါဒအနည်းငယ်သာဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏ နှုတ်ကပတ်တော်များထဲက ဘုရားရည်မှန်းချက်များကို နားလည်ရန် သင့်အတွက် အလွန်ခက်ခဲမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် ရည်မှန်းချက်များနှင့် ရလဒ်များကို သင် နားမလည်ပါက၊ သူ့နှုတ်ကပတ်တော်များသည် လူတို့၌ မည်သည့်အရာကို ဖြစ်မြောက်စေဖို့နှင့် စုံလင်စေဖို့ ကြိုးစားသည်ကို သင်နားမလည်ပါက၊ သင်သည် သမ္မာတရားကို နားမလည်သေးသည်ကို ယင်းက သက်သေပြပေသည်။ ဘုရားသခင်က သူပြောကြားသည့်အရာများကို အဘယ့်ကြောင့် ပြောကြားသနည်း။ သူသည် ထိုလေသံဖြင့် အဘယ်ကြောင့် ပြောကြားသနည်း။ သူပြောကြားသည့် စကားလုံးတိုင်းတွင် သူသည် အဘယ့်ကြောင့် အလွန် စိတ်ထက်သန်ပြီး၊ စစ်မှန်သနည်း။ သူသည် အချို့သော စကားလုံးများကို သုံးဖို့ အဘယ့်ကြောင့် ရွေးချယ်သနည်း။ သင်သိသလော။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်များကို သင် နားမလည်သည့် သဘောဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနောက်ကွယ်ရှိ ဆက်စပ်အကြောင်းအရာကို သင် နားမလည်ပါက၊ သမ္မာတရားကို သင် မည်သို့နားလည်နိုင်မည်နည်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို ရရှိရန်၊ သူမိန့်မြွက်သည့် နှုတ်ကပတ်တော်တိုင်းရှိ ဘုရားသခင် ဆိုလိုသည့်အရာကို ပထမဦးစွာ သင် နားလည်ရမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်သဘောပေါက်ပြီးနောက်တွင် ယင်းတို့အား လက်တွေ့လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်များကို သင့်အထဲတွင် အသက်ရှင်နေထိုင်စေရမည်ဖြစ်ပြီး သင်၏ လက်တွေ့အရှိတရားဖြစ်လာစေရမည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။ စကားလုံးများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ရုံမျှ နားလည်လာပြီးသည့်နောက်၊ သင်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားကို ပိုင်ဆိုင်သည်ဟု သင်ထင်သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် လှည့်ဖြားခြင်းဖြစ်သည်။ ဘုရားသခင်က လူတို့ကို အဘယ်ကြောင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့ တောင်းဆိုသည်ကိုပင် သင် နားမလည်ပေ။ ဤအရာက သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားမလည်သကဲ့သို့၊ သမ္မာတရားကို သင် နားမလည်သေးကြောင်း သက်သေပြသည်။ အမှန်တွင်၊ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး၊ ဘုရားသခင်ကို ကျွိုးနွံနာခံကာ သိကျွမ်းသည့် သူများဖြစ်လာနိုင်ဖို့အလို့ငှာ ၎င်းတို့ကို သန့်စင်ပြီး ကယ်တင်ရန် ဘုရားသခင်က လူတို့အပေါ် ဤသတ်မှတ်ချက်ကို ပြုလုပ်ပေသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လူတို့ကို တောင်းဆိုခြင်းအားဖြင့် ဘုရားသခင် စွမ်းဆောင်ရရှိချင်သည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။
ဘုရားသခင်သည် သမ္မာတရားကို ချစ်မြတ်နိုးသည့်၊ သမ္မာတရားကို ဆာငတ်သည့်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေသည့် လူများအတွက် သမ္မာတရားကို ဖော်ပြပေသည်။ စကားများနှင့် အယူဝါဒများတို့ကိုသာ စိတ်ဝင်စားသည့်သူများနှင့် ရှည်လျားပြီး ခမ်းကြီးနားကြီးနိုင်သော မိန့်ခွန်းများကို ဟောကြားလိုသည့် သူများအတွက်မူ၊ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရူးလုပ်နေကြသည်။ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏အမြင်ရှုထောင့်က မှားယွင်းသည်။ ၎င်းတို့သည် ဖြောင့်မတ်သောအရာကို ဖတ်ဖို့ ၎င်းတို့၏ဇက်များကို လိမ်ကြသည်။ ၎င်းတို့၏ အမြင်ရှုထောင့်အားလုံးသည် မှားယွင်းလေသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များကို လေ့လာရန် ပိုနှစ်သက်ကြသည်။ ခရီးပန်းတိုင်အကြောင်း၊ ကောင်းချီးခံစားရမည့်ပုံအကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ပြောဆိုသည်ကို ၎င်းတို့ အမြဲလေ့လာကြသည်။ ၎င်းတို့သည် ဤစကားမျိုးများတွင် စိတ်အဝင်စားဆုံး ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက မိမိတို့အယူအဆများနှင့် မကိုက်ညီသကဲ့သို့ ကောင်းချီးများအတွက် မိမိတို့၏ စိတ်ဆန္ဒများကို မဖြည့်ဆည်းပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်လာကြမည်၊ သမ္မာတရားကို လိုက်စားတော့မည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံချင်တော့မည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းကို ဤအရာက ပြနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားအပေါ် အလွန်အလေးအနက်ထားခြင်းမရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးတို့နှင့် ကိုက်ညီသည့်သမ္မာတရားကို လက်ခံခြင်းသာ တတ်နိုင်စွမ်းကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ရာ၌ စိတ်ထက်သန်ကြပြီး၊ ကောင်းမှုအချို့ကို လုပ်ဆောင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားကာ၊ မိမိတို့ကိုယ်ကိုယ် ကောင်းမွန်စွာ ဟန်ရေးပြကြ သော်လည်း၊ ၎င်းတို့သည် အနာဂတ်တွင် ခရီးပန်းတိုင်ကောင်းတစ်ခု ရှိဖို့အလို့ငှာသာ လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင်လည်း ပါဝင်ပြီး၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်၊ သို့မဟုတ် ရရှိမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်လူအချို့ရှိသော်လည်း၊ ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြကြသည့်သူများ ဖြစ်သည်။ ၎င်းတို့သည် စကားများနှင့် အယူဝါဒအနည်းငယ်တို့ကို နားလည်လာခြင်းသက်သက်ဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် မိုက်မဲလိုက်လေတကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် သမ္မာတရားကို သေချာပေါက် နားလည်ပြီး ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်ခြင်းမရှိပါက၊ သင်ရရှိသည့်အရာများသည် စကားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း မည်သို့ဆောင်ရွက်ရမည်ကို သင်မသိပါက၊ သင်၌ သမ္မာတရား စစ်မှန်မှုမရှိမြဲသာဖြစ်သည်။ မကြာခဏ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ကောင်းဖတ်နိုင်သော်လည်း၊ နောက်ပိုင်းတွင်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို နားမလည်နိုင်သကဲ့သို့ အချို့သောစကားများနှင့် အယူဝါဒများကိုသာ ရရှိသည်။ သမ္မာတရားကို သိနားလည်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်နည်း။ ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လွယ်ကူရှင်းလင်းခြင်း မရှိသည်ကို သင်သဘောပေါက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးလုံးလျားလျား နက်နဲပေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဝါကျတစ်ကြောင်းကို တွေ့ကြုံခံစားဖို့ အချိန်တစ်သက်တာလိုအပ်သည်။ နှစ်အနည်းငယ် အတွေ့အကြုံမရှိဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်သို့ အမှန်တကယ် နားလည်ရန် ဖြစ်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ဘဲ၊ ဘုရားနှုတ်ကပတ်တော်များ၏ ရည်မှန်းချက်များ၊ ၎င်းတို့၏ မူလဇာစ်မြစ်၊ ၎င်းတို့ရရှိဖို့ ကြိုးစားသည့် အကျိုးသက်ရောက်မှု သို့မဟုတ် ၎င်းတို့ ဖြစ်မြောက်ဖို့ ကြိုးစားသည့် အရာတို့ကို သင်နားမလည်ပါက၊ ယင်းက သင်သည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနိုင်လောက်ကာ၊ ကျမ်းချက်များစွာကိုပင် အလွတ်ရွတ်ဆိုကောင်း ဆိုနိုင်လိမ့်မည် ဖြစ်သော်လည်း၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့၊ လုံးဝ မပြောင်းလဲသေးပေ။ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ကကဲ့သို့ ဝေးကွာပြီး ကင်းကွာနေသည်။ သင်၏ အယူအဆများနှင့် ဆန့်ကျင်သည့်အရာတစ်ခုကို ကြုံရသည့်အခါ၊ သူ့အပေါ် သံသယရှိမြဲရှိနေကာ သူ့ကို နားမလည်ဘဲ၊ သူ့ကို ကျိုးကြောင်းပြ ငြင်းခုံပြီး၊ ခုခံကာ ပြစ်မှားစော်ကားရင်းဖြင့်ပင် သူနှင့်ပတ်သက်သည့် အယူအဆများနှင့် သူ့အပေါ် အထင်လွဲမှုများ သိုထားလေသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤစိတ်သဘောထားသည် မာနထောင်လွှားမှု၊ သမ္မာတရားကို ငြင်းပယ်သည့် သဘောထား ဖြစ်သည်။ အလွန်မာနထောင်လွှားပြီး၊ သမ္မာတရားကိုငြင်းပယ်သည့်လူများသည် မည်သို့ ထိုသမ္မာတရားကို လက်ခံနိုင်မည်နည်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ထိုသို့သောလူများသည် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ လုံးဝ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လူတိုင်းတွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်မိတ္တူတစ်အုပ်ရှိပြီး သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြကာ သမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယပြုခြင်းကို သူတို့ နားထောင်ရင်း မှတ်စုများချရေးကြသော်လည်း လူတိုင်းအပေါ် ယင်း၏အကျိုးသက်ရောက်မှုမှာ မတူညီပေ။ လူအချို့သည် အသိပညာနှင့် အယူဝါဒများဖြင့် သူတို့ကိုယ်သူတို့ ဆင်ထားဖို့အပေါ် အာရုံစိုက်ကြသည်။ လူအချို့ကတော့ မည်သည့်အပြုအမူကောင်းကို လူတို့ ထုတ်ပြသင့်သည်ဆိုသည်နှင့် သူတို့ကိုယ်သူတို့ အမြဲတမ်း စိုးရိမ်ပူပန်နေကြပြီး ရှာဖွေကြသည်။ လူအချို့သည် လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်သည့် သိမ်မွေ့နက်နဲသောစကားလုံးများကို ဖတ်ဖို့ ဆန္ဒရှိကြသည်။ အချို့က အနာဂတ်ခရီးပန်းတိုင်အကြောင်း စကားလုံးများနှင့်ပတ်သက်၍ အစိုးရိမ်အပူပန်ဆုံးဖြစ်သည်။ အချို့က နိုင်ငံတော်ခေတ်ရှိ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနှင့် ဘုရားသခင်၏စိတ်သဘောထားကို လေ့လာလိုကြသည်။ အချို့က ဘုရားသခင်က လူသားသို့ နှစ်သိမ့်မှုပေးပြီး တိုက်တွန်းနှိုးဆော်သည့်စကားလုံးများကို ဖတ်ဖို့ ဆန္ဒရှိကြသည်။ အချို့က အနာဂတ်ဟောကိန်းများ၊ ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးနှုတ်ကပတ်တော်များကို ဖတ်ဖို့ ဆန္ဒရှိကြသည်။ အချို့က အသင်းတော်များအားလုံးသို့ သန့်ရှင်းသောဝိညာဉ်တော်က ပြောသည့် စကားများကို ဖတ်ဖို့ ဆန္ဒရှိကြပြီး “သူ၏သားတော်” ဖြစ်ဖို့ ဆန္ဒရှိကြသည်။ ဤနည်းအတိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းဖြင့် သူတို့သည် သမ္မာတရားကို ရနိုင်သလော။ ဤလူများသည် သမ္မာတရားနောက်လိုက်လျှောက်သူများဖြစ်သလော။ ဤနည်းအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် သူတို့သည် ကယ်တင်ခံရနိုင်သလော။ သင်တို့သည် ဤကိစ္စများကို ရှင်းလင်းပြတ်သားစွာ မြင်ရမည်။ “လူသားကို ပြောသော ဘုရားသခင်၏နှစ်သိမ့်ပေးသည့်နှုတ်ကပတ်တော်များသည် အံ့ဖွယ်ဖြစ်သည်။ သူက ပြောသည်၊ ‘ငါ၏ချစ်သား၊ ငါ၏ချစ်သား’ ဤလောက၌ အဘယ်သူသည် ဤကဲ့သို့ သင့်ကို နှစ်သိမ့်ပေးမည်နည်း” ဟု ပြောသည့် ယုံကြည်သူအသစ်အချို့ လောလောဆယ်တွင် ရှိသည်။ သူတို့က သူတို့သည် ဘုရားသခင်၏သားတော်များဖြစ်သည်ဟု ထင်ကြပြီး ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က မည်သူ့ကို မိန့်နေကြောင်းကို နားမလည်ကြချေ။ နှစ်အနည်းငယ်ကြာအောင် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင် ယင်းကို နားမလည်နိုင်သေးသောသူအချို့ရှိကြသည်။ သူတို့သည် ဤကဲ့သို့သောကိစ္စများကို အရှက်မဲ့စွာ ပြောကြပြီး ၎င်းနှင့်ပတ်သက်၍ စိတ်မလုံခြင်း သို့မဟုတ် ရှက်ခြင်းတို့ကိုပင် မခံစားကြရပေ။ သမ္မာတရားကို သူတို့ နားလည်သလော။ သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားမလည်သော်လည်း သူ၏ “သားတော်” ဟူသောနေရာကို ယူရဲကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ ဖတ်သောအခါ ဘာကို နားလည်ကြသနည်း။ သူတို့သည် ယင်းတို့ကို လုံးလုံး အဓိပ္ပာယ်ကောက်လွဲခဲ့ပြီ။ သမ္မာတရားကို မချစ်သောလူများက ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်သောအခါ သူတို့သည် ယင်းတို့ကို နားလည်လိမ့်မည်မဟုတ်ပါ။ သင်သည် သူတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယပြုသောအခါ သူတို့သည် ၎င်းကို လက်ခံဖို့အတွက် အရေးကြီးသည်ဟု မမှတ်ယူကြပါ။ ကွာခြားချက်မှာ သမ္မာတရားကို ချစ်သောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်တွင်တို့ထိခြင်းခံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲတွင် ဩဇာအာဏာနှင့် တန်ခိုးတို့ကို သူတို့ အာရုံခံမိကြသည်။ သူတို့သည် စစ်မှန်သောလမ်းခရီးကို စစ်ဆေးနိုင်ကြပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ဤကဲ့သို့သောလူများတွင် ဘုရားသခင်ဆီသို့ ပြန်သွားရန်နှင့် သမ္မာတရားကို ရရန် မျှော်လင့်ချက်ရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေ့လာဖို့ နှစ်သက်သူများသည် ဘုရားသခင်က သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲသည့်နည်းလမ်း၊ ဤလောကမှ ဘုရားသခင် ထွက်ခွာသွားမည့်အချိန်နှင့် ဘုရားသခင်၏နေ့ရက်တို့နှင့်ပတ်သက်ပြီး သူတို့ကိုယ်သူတို့ အမြဲတမ်း စိုးရိမ်ပူပန်နေကြသည်။ သူတို့သည် သူတို့ကိုယ်ပိုင်အသက်တာနှင့်ပတ်သက်ပြီး မစိုးရိမ်ကြပါ။ ဘုရားသခင်၏ကိုယ်ပိုင်အလုပ်ဖြစ်သည့်ကိစ္စများနှင့်သာ သူတို့ကိုယ်သူတို့ စိုးရိမ်နေကြသည်။ အကယ်၍ သင်သည် ဤကဲ့သို့သောမေးခွန်းများကို အမြဲတမ်းမေးပါက ဘုရားသခင်၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနှင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်တို့ကို သင်ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်။ ဤသည်မှာ ယုတ္တိမတန်ဘဲ ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းဖြစ်သည်။ အကယ်၍ သင်သည် အထူးသဖြင့် မေးမြန်းဖို့ သို့မဟုတ် သိဖို့ကို စိတ်ဝင်စားပြီး သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက ထိုအခါ “ဘုရားသခင်၊ ဤကိစ္စများသည် ကိုယ်တော်၏စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်ပြီး ကိုယ်တော်၏ကိုယ်ပိုင်ကိစ္စဖြစ်ပါသည်။ ကျွန်ုပ် လက်လှမ်းမမီသော သို့မဟုတ် ကျွန်ုပ်မသိသင့်သောကိစ္စများတွင် ကျွန်ုပ် စပ်စုမည်မဟုတ်ပါ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ယုတ္တိမတန်သောကိစ္စများအား မလုပ်မိအောင်တားဆီးပေးပါ” ဟု ဘုရားသခင်ထံ ဆုတောင်းပြီး ပြောပါ။ လူသားသည် ဘုရားသခင်၏ကိစ္စများကို မည်သို့နားလည်နိုင်မည်နည်း။ အကယ်၍ ဘုရားသခင်က သူ၏အမှုတော်များနှင့် စီမံခန့်ခွဲမှုအစီအစဉ်တို့နှင့် ဆက်စပ်သောအချို့ကိစ္စများကို မပြောရသေး သို့မဟုတ် မထုတ်ဖော်မကြေညာရသေးပါက သူသည် ယင်းတို့ကို လူများထံ ထုတ်ဖော်ပြဖို့ ဆန္ဒမရှိဟု သက်သေပြသည်။ ဘုရားသခင်က လူများကို သိစေလိုသောအရာမှန်သမျှမှာ သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိပြီး သင်နားလည်သင့်သည့်သမ္မာတရားအလုံးစုံသည် သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ သင်နားလည်သင့်သောသမ္မာတရားများစွာရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲ၌သာ သင်ဝင်ကြည့်ဖို့ လိုအပ်သည်။ အကယ်၍ ထိုနေရာတွင် တစ်ခုခုကို ရှာမတွေ့နိုင်ပါက အဖြေတစ်ခုကို ထပ်တလဲလဲတောင်းဆိုမနေပါနှင့်။ အကယ်၍ ဘုရားသခင်က သင့်ကို မပြောထားခဲ့ပါက ထိုအခါတွင် ဆက်၍မေးမြန်းပြီး စုံစမ်းနေခြင်းမှာ အသုံးမဝင်ပါ။ သင်သိထားသင့်သမျှကို သင့်အား သူက ပြောခဲ့ပြီးပါပြီ၊ ပြီးလျှင် သင်မသိသင့်သည်ကို သင့်ကို ပြောလိမ့်မည်မဟုတ်သလို ထုတ်ဖော်လိမ့်မည်လည်း မဟုတ်ပါ။ လက်ရှိအချိန်တွင် ယုံကြည်သူအများစုသည် မှန်ကန်သောလမ်းကြောင်းပေါ်သို့ အခုထိ မဝင်ရောက်ကြရသေးပါ။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ကြသောအခါ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ သို့မဟုတ် တွေ့ကြုံဖို့မဆိုထားနှင့်၊ မည်သို့ဆင်ခြင်ရမည်ကိုပင် သူတို့ မသိကြပါ။ မိမိတို့၏တာဝန်ကို မလုပ်သောသူအချို့ သို့မဟုတ် သင့်တော်သောလုပ်ငန်းတာဝန်များတွင် မပါဝင်သောသူအချို့ပင် ရှိပါသည်။ ဤကဲ့သို့သောယုံကြည်သူများအတွက် သမ္မာတရားကို နားလည်ဖို့မှာ ပို၍ပင်ခက်ခဲသည်။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ဖို့ ရေရှည်အတွေ့အကြုံရှိရန် လိုအပ်ပါသည်။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသိဉာဏ်ရှိရှိ မဖတ်ပါက သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပါက သို့မဟုတ် မတွေ့ကြုံပါက ထိုအခါတွင် သမ္မာတရားကို သင်မည်သို့နားလည်လိမ့်မည်နည်း သို့မဟုတ် လက်တွေ့အရှိတရားထဲသို့ မည်သို့ဝင်ရောက်လိမ့်မည်နည်း။ ဘုရားသခင်၏အမှုတော်ထံ သင်မကျိုးနွံမနာခံပါက ယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ်သို့ သင်မည်သို့ဝင်ရောက်နိုင်လိမ့်မည်နည်း။ ထို့ပြင် အကယ်၍ သင်သည် ယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ်သို့ မဝင်ရောက်နိုင်ပါက ထိုအခါတွင် သင်သည် ကယ်တင်ခြင်းမည်သို့ခံရလိမ့်မည်နည်း။ စစ်မှန်သောယုံကြည်သူများသည် ဤကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းစွာသိရမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။