ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၉

ဘုရားသခင်ကို ယုံကြည်ဖို့၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးမရှိပါက၊ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ် ပျောက်ဆုံးသွားသည်။ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေး တည်ဆောက်ခြင်းကို ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်သောစိတ်နှလုံးဖြင့် လုံးဝ ရရှိနိုင်ပေသည်။ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးရှိခြင်းမှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယမဝင်နိုင်ခြင်း၊ မငြင်းပယ်နိုင်ခြင်းနှင့် သူ၏ အမှုကို နာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ မိမိကိုယ်တိုင်အတွက် အစီအစဉ်များ မလုပ်ခြင်းနှင့် အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား နာခံခြင်းတို့ကို ဆိုလိုသည်။ သင် လုပ်ဆောင်သမျှ၌ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ရမည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်လျှင်ပင်၊ သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းနေဆဲ ဖြစ်ရမည်။ သင့်အား ဘုရားသခင်၏အလိုတော် ထုတ်ဖော်ပြသည်ကို သင်စောင့်ဆိုင်းပါက၊ ထိုအရာကို ဆောင်ရွက်လော့၊ သင့်အနေဖြင့် အချိန်မီ လုပ်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်လာသည့်အခါ သင်သည် လူများနှင့်လည်း မှန်ကန်သော ဆက်ဆံရေးများ ရှိလိမ့်မည်။ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ထို့နောက် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်လော့၊ သင်၏အမြင်များကို အမှန်ပြင်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းအား ရှောင်ရှားလော့။ သင်၏ ညီအစ်ကိုမောင်နှမများ၏ အသက်တာများကို အကျိုးမပြုသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်၊ အခြားသူများကို အထောက်အကူမပြုသည့် မည်သည့်အရာကိုမျှ မပြောနှင့်၊ ပြီးလျှင် ရှက်ဖွက်ကောင်းသော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် လောဘမကြီးဘဲ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်ပြီး၊ တရားသဖြင့် လုပ်ဆောင်နိုင်ရမည်။ ဤနည်းလမ်းဖြင့် သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် မှန်ကန်ပေလိမ့်မည်။

သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။ သေးငယ်သောအရာများက လူတစ်ဦး၏ ရည်ရွယ်ချက်များနှင့် ဝိညာဉ်အသက်တာတို့ကို ထုတ်ဖော်ပြနိုင်သောကြောင့်၊ တစ်ဦးတစ်ယောက်အတွက် ဘုရားသခင်၏ စုံလင်စေခြင်းလမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကို ဦးစွာ ပြုပြင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်၏။ ထိုအခါမှသာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့ ရည်ရွယ်သည့် အကျိုးတရားကို သင်၌ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ လူသားများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ထိန်းသိမ်းထားနိုင်ပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို မလိုက်စားပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို (ဇာတိပကတိ အသိဖြင့်) တွေးတောခြင်း မပြုဘဲ၊ ယင်းအစား အသက်တာ ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ၊ သမ္မာတရားကို လိုက်စားရန် အကောင်းဆုံး လုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြပါက- ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်လိုက်စားသော ရည်မှန်းချက်များ မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး လျော်ကန်လာလိမ့်မည်။ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်စေခြင်းကို မိမိ၏ ဝိညာဉ်ရေးရာ ခရီးထဲ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး ဖြစ်သော်လည်း၊ လူက ပြောင်းလဲမရနိုင်သော်လည်း၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် ရယူခြင်းကိုခံနိုင်ခြင်း ရှိမရှိမှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင့်တွင် အားနည်းသည့် သို့မဟုတ် မနာခံသည့် အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်- သို့သော် သင်၏အမြင်နှင့် ရည်ရွယ်ချက်များ မှန်ကန်သရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီး လျော်ကန်သရွေ့၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီပေသည်။ သင်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး မရှိသည့်အပြင် ဇာတိပကတိအတွက်၊ သို့မဟုတ် သင်၏မိသားစုအတွက် လုပ်ဆောင်ပါက၊ သင်မည်မျှ ကြိုးစား လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပါက၊ အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ သင်မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်ဆိုသည်နှင့် အဘယ်ကြောင့် သင်ယုံကြည်သည်ဆိုသည့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်၏။ ဤအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲထားသော သင်၏အမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင်၏အသက်တာတွင် တိုးတက်မှု လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန်လည်း သေချာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မမှန်ကန်ဘဲ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ လွဲချော်နေပါက အခြားအရာအားလုံး အချည်းနှီးဖြစ်ကာ မည်မျှ သင် ကြိုးစားယုံကြည်ပါစေ၊ အဘယ်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်လာသည့်နောက်တွင်သာ၊ ဇာတိပကတိကို သင် စွန့်လွှတ်သည့်အခါ၊ ဆုတောင်းသည့်အခါ၊ ဆင်းရဲဒုက္ခခံသည့်အခါ၊ သည်းခံသည့်အခါ၊ နာခံသည့်အခါနှင့် သင်၏ညီအစ်ကိုမောင်နှမများကို ကူညီသည့်အခါ၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံသည့်အခါ စသည့်အခါတို့တွင် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို သင် ရရှိလိမ့်မည်။ သင်လုပ်သောအရာသည် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိဆိုသည်မှာ သင်၏ ရည်ရွယ်ချက်များ မှန်ပြီး သင်၏ အမြင်များ မှန်ကန်မှု ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ ယနေ့ခေတ်တွင် လူများစွာသည် မိမိတို့၏ဦးခေါင်းများကိုစောင်းငဲ့ပြီး နာရီကြည့် နေကြသည့်အလား ဘုရားသခင်ကို ယုံကြည်ကြ၏- ၎င်းတို့၏ အမြင်များ လွဲချော်နေပြီး အရေးပါသော ရှာဖွေတွေ့ရှိမှုတစ်ရပ်ဖြင့် ၎င်းတို့အား ပြန်လည် တည့်မတ်စေရမည် ဖြစ်သည်။ ဤပြဿနာ ပြေလည်သွားပါက အရာရာသည် အဆင်ပြေလိမ့်မည်။ သို့မဟုတ်ပါက၊ အရာရာသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ အချို့သောလူတို့သည် ငါ၏ရှေ့မှောက်တွင် ကောင်းစွာ ပြုမူကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ၎င်းတို့သည် အာခံခြင်းသာ လုပ်ကြ၏။ ဤအရာသည် တမင်လိမ်လည်လှည့်စားခြင်းနှင့် လှည့်ဖြားခြင်း သရုပ်သကန်တစ်ခု ဖြစ်ပြီး ဤလူစားမျိုးသည် စာတန်၏ အစေခံတစ်ဦးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ရန် လာသည့် စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်သည်။ သင်သည် ငါ၏အမှုနှင့် ငါ၏နှုတ်ကပတ်တော်များကို နာခံနိုင်မှသာလျှင် မှန်ကန်သော လူတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သမျှ ကာလပတ်လုံး၊ သင်လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်ရှေ့မှောက်တွင် တင့်တယ်ပြီး လုပ်ဆောင်သမျှ၌ သင်သည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသမျှ ကာလပတ်လုံး၊ ရှက်ဖွယ်ကောင်းသော အရာများ သို့မဟုတ် အခြားသူများ၏ အသက်တာများကို ထိခိုက်မည့်အရာများ သင်မလုပ်ဆောင်သမျှ ကာလပတ်လုံး၊ ပြီးလျှင် အလင်းတွင် သင်အသက်ရှင်ပြီး စာတန်၏ အမြတ်ထုတ်ခြင်းကို ခွင့်မပြုသမျှ ကာလပတ်လုံး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မှန်ကန်စွာ စနစ်တကျ ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၈

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၂

လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၂

နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန် ရောက်လာခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စကားများကို ဝိညာဉ်တော်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၄

ထိုအချိန်က ယေရှု၏မိန့်မြွက်ချက်များနှင့် အမှုသည် အယူဝါဒကို စွဲကိုင်မထားခဲ့သကဲ့သို့၊ သူသည် သူ၏အမှုကို ဓမ္မဟောင်းကျမ်း၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။