လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည် (အပိုင်း တစ်)

လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းအတွက် ညီညွတ်သော ပူးပေါင်းလုပ်ဆောင်ခြင်းကို လိုအပ်ပါသည်။ လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး သမ္မာတရားကို မည်သူမျှ မပိုင်ဆိုင်ကြသောကြောင့် ညီညွတ်သော ပူးပေါင်းလုပ်ဆောင်မှုအားဖြင့်သာ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ညီညွတ်သော ပူးပေါင်းလုပ်ဆောင်မှုသည် လူတို့၏ အသက်တာ ဝင်ရောက်မှုအတွက်သာမက ၎င်းတို့၏တာဝန်များနှင့် အသင်းတော်၏အလုပ်ကို လျော်ကန်စွာ ဖြည့်ဆည်းခြင်းအတွက်လည်း အကျိုးပြုပါသည်။ ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သောသူတို့သည် အတော်ပင် ကောင်းမွန်သော လူ့သဘာဝနှင့် ရိုးသားမှု ရှိကြသော်လည်း လူတစ်ဦး၏ လူ့သဘာဝ မကောင်းပါက အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပါက သို့မဟုတ် မရိုးဖြောင့်ဘဲ လှည့်စားလွန်းပါက အခြားသူများနှင့် ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်ဖို့ နည်းလမ်းမရှိပေ။ လူအချို့သည် ရိုးသားသောအလုပ်၌ မပါဝင်ကြ၊ မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါ တာဝန်သိခြင်း မရှိကြသည့်အပြင် ထိခိုက်နစ်နာစေသော အရာများကို အစဉ်သဖြင့် လုပ်ဆောင်ကြသည်။ ဤကဲ့သို့သောလူများသည် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် မည်သူနှင့်မျှ သဟဇာတဖြစ်ခြင်း သို့မဟုတ် သင့်မြတ်ခြင်း ရှိနိုင်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် လူ့သဘာဝမရှိဘဲ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကာ နတ်ဆိုးများနှင့် စာတန်များ ဖြစ်၏။ လူ့သဘာဝကောင်းသည့် နာခံပြီး ကျိုးနွံတတ်သော လူအားလုံးတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါတွင် ရလဒ်ကောင်းများ အသေအချာ ရရှိကြမည်ဖြစ်ပြီး အခြားသူများနှင့် အလွယ်တကူ ပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်သည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ရိုးသားစွာ အာရုံစိုက်လုပ်ဆောင်ခြင်း မရှိသူ၊ ဆိုးသွမ်းသူ၊ သို့တည်းမဟုတ် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေကြသော အခြားသူများကို အဖျက်အမှောင့်လုပ်သူတို့အနေဖြင့် ၎င်းတို့သည် ကြိမ်ဖန်များစွာ တိုက်တွန်းနှိုးဆော်ပြီးနောက် ပြုပြင်မရသည့်အပြင် နောင်တရလိုစိတ် လုံးဝမရှိ၊ ၎င်းတို့၏ တာဝန်များ၌ အနှောင့်အယှက်များနှင့် ဖျက်လိုဖျက်ဆီးလုပ်ခြင်းများကို အမြဲဖြစ်ပွားစေကာ ၎င်းတို့၏ လူ့သဘာဝအရည်အသွေးက ယုတ်ညံ့ပါက အသင်းတော်၏အလုပ်အပေါ် ပြဿနာ သို့မဟုတ် ဘေးဆိုး ဆောင်ကြဉ်းလာခြင်းကို ရှောင်ကြဉ်ရန်အတွက် ထိုသူတို့ကို မဆိုင်းမတွ ရှင်းလင်းသင့်သည်။ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

လူအချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သောအခါ တာဝန်မဲ့သဖြင့် အလုပ်ကို အမြဲပြန်လုပ်ရသည့် အကျိုးဆက်ဖြစ်ပေါ်စေသည်။ ဤအရာက အလုပ်၏ ထိရောက်မှုကို အကြီးအကျယ် ထိခိုက်စေသည်။ ကျွမ်းကျင်သော အသိပညာ ချို့တဲ့ပြီး အတွေ့အကြုံ နည်းပါးသော လူတစ်ဦးမှလွဲ၍ ဤပြဿနာ ပေါ်ပေါက်ရခြင်း၏ အခြားအကြောင်းရင်းများ ရှိသလော။ (လူတစ်ဦးသည် သိသိသာသာပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လျက် ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက် ချမှတ်သည့်အပြင် ၎င်းတို့၏တာဝန်ကို စည်းမျဉ်းအတိုင်း မထမ်းဆောင်သော အချိန်တွင် ဖြစ်သည်။) အထူးကျွမ်းကျင်သော အသိပညာနှင့် အတွေ့အကြုံတို့ကို သင်ယူပြီး တစ်စတစ်စချင်း စုဆောင်းနိုင်သော်လည်း လူတစ်ဦး၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိလျှင် ယင်းကိုဖြေရှင်းဖို့ လွယ်ကူသည်ဟု သင်တို့ထင်သလော။ (မထင်ပါ၊ ယင်းက မလွယ်ကူပေ။) သို့ဆိုလျှင် ယင်းကို မည်သို့ဖြေရှင်းသင့်သနည်း။ (ထိုသူသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းကို တွေ့ကြုံရမည်ဖြစ်ပြီး ပြုပြင်ခြင်းကို ခံရမည်ဖြစ်သည်။) ထိုသူသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို တွေ့ကြုံရန်လိုအပ်သည်။ ဤစကားများသည် မှန်ကန်သော်လည်း ယင်းကို သမ္မာတရားကို လိုက်စားသူများကသာ ရရှိနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ပြုပြင်ခြင်းကို လက်ခံနိုင်မည်လော။ သူတို့ လက်ခံနိုင်မည်မဟုတ်ပေ။ လူများသည် မိမိတို့ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ၊ အလုပ်ကို အစဉ် ပြန်လုပ်ဖို့ လိုအပ်သည့်အခါ၊ အကြီးမားဆုံး ပြဿနာမှာ အထူးကျွမ်းကျင်မှု အသိပညာတွင် ချို့တဲ့ခြင်း၊ သို့မဟုတ် အတွေ့အကြုံ မရှိခြင်း မဟုတ်ဘဲ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မှန်သည်ဟု အလွန်မှတ်ယူကာ မာနထောင်လွှားသောကြောင့်၊ လိုက်ဖက်ညီစွာ အလုပ်မလုပ်ဘဲ၊ တစ်ဦးတည်း ဆုံးဖြတ်ပြီး ပြုမူသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အလုပ်၌ အမှားများလုပ်ပြီး မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိသကဲ့သို့၊ အားထုတ်မှုအားလုံး အချည်းနှီးဖြစ်ရလေသည်။ ဤတွင် အဆိုးရွားဆုံးသော ပြဿနာမှာ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အလွန် ဆိုးရွားသည့်အခါ၊ ၎င်းတို့သည် လူကောင်းများ မဟုတ်ကြပေ၊ ၎င်းတို့သည် ဆိုးယုတ်သောလူများဖြစ်ကြသည်။ ဆိုးယုတ်သော လူများ၏ စိတ်သဘောထားများသည် သာမန်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် များစွာသာ၍ ပြင်းထန်ဆိုးရွားလေသည်။ ဆိုးယုတ်သောလူများသည် ဆိုးယုတ်သော လုပ်ဆောင်ချက်များကို ကျူးလွန်တတ်ကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်တွင် နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီး လုပ်တတ်သည်။ ကောက်ကျစ်ဆိုးညစ်သော လူများသည် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ၎င်းတို့ လုပ်နိုင်စွမ်းရှိသမျှမှာ ကိစ္စများကို ဆိုးရွားစွာ လုပ်ဆောင်ခြင်းနှင့် အမှားများလုပ်ခြင်း ဖြစ်သည်။ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေသည်။ အချို့သောလူများသည် ဆိုးယုတ်ခြင်း မရှိသော်လည်း၊ မိမိတို့တာဝန်ကို မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအတိုင်း ထမ်းဆောင်ကြသည်။ ပြီးလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း မရှိကြချေ။ အတိုချုပ်အားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရာတွင် အလွန်အမင်း အဟန့်အတားဖြစ်လေသည်။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်သွင်ပြင်လက္ခဏာသည် မိမိတို့၏ တာဝန်ကို ၎င်းတို့ထမ်းဆောင်ရာ၌ ထိရောက်ခြင်းအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိသည်ဟု သင်တို့ ပြောမည်နည်း။ (မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းဖြစ်ပါသည်။) ပြီးလျှင် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း၏ အဓိက သရုပ်သကန်များမှာ အဘယ်နည်း။ တစ်ဦးတည်း ဆုံးဖြတ်ချက်ချခြင်း၊ မိမိသဘောကျ လုပ်ဆောင်ခြင်း၊ အခြားသူများ၏ အကြံပြုချက်များကို နားမထောင်ခြင်း၊ အခြားသူများနှင့် မတိုင်ပင်ခြင်း၊ လိုက်ဖက်ညီစွာ ပူပေါင်းမလုပ်ဆောင်ခြင်းနှင့် အမှုအရာများကို အမြဲ နောက်ဆုံးအဆုံးအဖြတ် ပေးဖို့ ကြိုးစားခြင်း တို့ဖြစ်သည်။ အသီးသီးက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို အာရုံစိုက်လျက်၊ ကောင်းမြတ်သော ညီအစ်ကို မောင်နှမများ အနည်းငယ်သည် သီးသန့်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ပူးပေါင်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ အချို့သော အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သူများက နောက်ဆုံးအဆုံးအဖြတ် အမြဲပေးချင်ကြလေသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင် နေကြပါစေ၊ အခြားသူများနှင့် လိုက်ဖက်ညီစွာ ဘယ်သောအခါမျှ ၎င်းတို့ ပူးပေါင်းမလုပ်ဆောင်သကဲ့သို့ မိတ်သဟာယတွင် မပါဝင်ကြပေ၊ ပြီးလျှင် ပထမဦးစွာ အခြားသူများနှင့်အတူ အများသဘော ယူခြင်းမရှိဘဲ အမှုအရာများကို မဆင်မခြင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုသာ အယောက်တိုင်းအား နားထောင်စေပြီး ဤတွင် ပြဿနာ ရှိလေသည်။ ထို့အပြင် အခြားသူများက ပြဿနာကို မြင်ကြသည့်တိုင် ကြီးကြပ်ကွပ်ကဲသည့်လူကို တားဆီးဖို့ ထွက်မလာသည့်အခါ နောက်ဆုံးတွင် မိမိတို့တာဝန်၌ မထိရောက်ဘဲ အလုပ်နှင့်ပတ်သက်၍ ရှုပ်ထွေးမှုအတိ ဖြစ်သွားပြီးလျှင် ပါဝင်သည့် အယောက်တိုင်းက ထိုလုပ်ငန်းစဉ်တွင် ခြေကုန်လက်ပန်းကျအောင် ကြိုးစားအားထုတ်လျက် မိမိတို့၏ အလုပ်ကို ပြန်လုပ်ဖို့ ဖြစ်ရသည့် အခြေအနေတစ်ခုထဲ ရောက်ရှိရသည့် အကျိုးဆက် ဖြစ်ပေါ်လေသည်။ ထိုမျှဆိုးရွားသော ရလဒ်ကို ဖြစ်ပွားစေရာ၌ မည်သူတာဝန်ရှိသနည်း။ (ကြီးကြပ်ကွပ်ကဲသူ ဖြစ်သည်။) အခြား ပါဝင်သည့်လူများသည်လည်း တာဝန်ရှိပါသလော။ (ရှိပါသည်။) ကြီးကြပ်ကွပ်ကဲသူသည် ၎င်းတို့၏ နည်းလမ်းအတိုင်း အမှုအရာများကို မရမက လုပ်ဆောင်ရင်း ၎င်းတို့၏သဘောအတိုင်း ဆုံးဖြတ်ချက်ချမှတ်ပြီး၊ အခြားသူများက ပြဿနာကို တွေ့မြင်သော်လည်း ၎င်းတို့ကို ရပ်တန့်ဖို့ ဘာမျှ မလုပ်ဆောင်ကြပေ၊ ပို၍ဆိုးရွားသည့်အရာမှာ ၎င်းတို့က ရှေ့ဆက် လိုက်ပါ၍ပင် သွားကြလေသည်။ ဤအရာက ၎င်းတို့ကို ကြံရာပါများဖြစ်စေသည် မဟုတ်လော။ ဤလူကို သင့်အနေဖြင့် ကန့်သတ်ခြင်းမရှိ၊ တားဆီးခြင်းမရှိ၊ သို့မဟုတ် ဖော်ထုတ်ခြင်းမရှိဘဲ ယင်းအစား ၎င်းတို့နောက်လိုက်ပြီး သင့်ကို ကြိုးကိုင်ခြယ်လှယ်ခွင့် ပေးပါက၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ရန်အတွက် စာတန်အား သင် ဇက်ပုံပေးလိုက်ခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ သေချာပေါက် သင်တို့၏ ပြဿနာဖြစ်သည်။ သင်တို့သည် ပြဿနာတစ်ခုကို တွေ့သော်လည်း ရပ်တန့်ဖို့ မည်သည့်အရာမျှမလုပ်၊ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြု၊ ယင်းကို ကန့်သတ်ရန် မကြိုးစားသည့်အပြင် သင့်အထက်မှ လူများကို မတိုင်ကြားဘဲ လူ့အကြိုက်ဆောင်သူတစ်ဦး၏ အခန်းကို သရုပ်ဆောင်သည့်အခါ၊ ဤသည်မှာ သစ္စာမဲ့ခြင်း၏ လက္ခဏာဖြစ်သလော။ လူ့အကြိုက်ဆောင်သူများသည် ဘုရားသခင်ကို သစ္စာရှိသလော။ အနည်းငယ်မျှပင် သစ္စာမရှိပေ။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို သစ္စာမရှိရုံသာမက၊ စာတန်၏ ကြံရာပါ၊ ၎င်း၏ အခြွေအရံနှင့် နောက်လိုက်အဖြစ် ပြုမူဆောင်ရွက်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့် ဝတ္တရားတို့တွင် သစ္စာမဲ့ကြသော်လည်း စာတန်အပေါ်မူ အတော်အတန် သစ္စာရှိကြသည်။ ဤနေရာ၌ ပြဿနာ၏ အနှစ်သာရ တည်ရှိပေသည်။ အတတ်ပညာဆိုင်ရာ မပြည့်စုံခြင်းနှင့် စပ်လျဉ်း၍၊ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် စဉ်ဆက်မပြတ် သင်ယူဖို့နှင့် သင်၏ အတွေ့အကြုံကို အတူတကွ ရယူဖို့မှာ ဖြစ်နိုင်၏။ ထိုသို့သော ပြဿနာများကို အလွယ်တကူ ဖြေရှင်း၍ ရသည်။ ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ ဖြစ်သည်။ သမ္မာတရားကို သင်မလိုက်စားဘဲ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းဘဲ အစဉ်သဖြင့် လူ့အကြိုက်ဆောင်သူအဖြစ် ပြုမူနေပြီး စည်းမျဉ်းများကို ချိုးဖောက်သည်ဟု သင်မြင်ခဲ့သောသူများကို ပြုပြင်ခြင်း သို့မဟုတ် ကူညီခြင်း မရှိလျှင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ဖွင့်ပြခြင်းမရှိဘဲ တာဝန်မခံယူဘဲ အစဉ် နောက်ဆုတ်နေလျှင် ဤသို့သော သင်၏ တာဝန်ထမ်းဆောင်မှုသည် အသင်းတော်၏ အလုပ်ကို ထိခိုက်ပြီး နှောင့်နှေးခြင်းသာ ဖြစ်စေလိမ့်မည်။ တစ်စက်မျှ တာဝန်မယူ မိမိ၏တာဝန် ထမ်းဆောင်ခြင်းကို အသေးအဖွဲလေးအဖြစ် သဘောထားခြင်းသည် အလုပ်၏ထိရောက်မှုကို ထိခိုက်စေရုံသာမက အသင်းတော်၏အလုပ်တွင် အကြိမ်ကြိမ် နှောင့်နှေးခြင်းလည်း ဖြစ်ပေါ်စေသည်။ သင်သည် ဤနည်းဖြင့် မိမိတာဝန်ကို ထမ်းဆောင်သောအခါ သင်သည် ဝတ်ကျေတမ်းကျေသာ လုပ်နေခြင်းဖြစ်ပြီး ဘုရားသခင်အား လှည့်စားနေသည် မဟုတ်လော။ ယင်းက ဘုရားသခင်အား သစ္စာရှိခြင်းတစ်ခုတလေကို ပြသသလော။ မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်နေပြီး စွဲစွဲမြဲမြဲကို နောင်တမရဘဲ နေပါက သင်သည် မလွဲမသွေ ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။

မိမိ၏တာဝန်ကို ထမ်းဆောင်နေစဉ် ကြုံတွေ့ရသော အခက်အခဲများကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ အကောင်းဆုံးနည်းလမ်းမှာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့နှင့် အများသဘောတူညီမှုရရှိဖို့အတွက် လူတိုင်း သမ္မာတရားကို အတူတကွ ရှာဖွေရန်ဖြစ်သည်။ သင်သည် စည်းမျဉ်းများကို နားလည်သရွေ့ မည်သည့်အရာလုပ်ရမည်ကို သိလိမ့်မည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် အသင့်တော်ဆုံးနည်းလမ်း ဖြစ်သည်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာရမည့်အစား သင့်ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းတို့ဖြင့်သာ လုပ်ဆောင်လျှင် သင်သည် မိမိတာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ဤအရာနှင့် ဘာသာတရားမရှိသူများ၏ လူ့အဖွဲ့အစည်း သို့မဟုတ် စာတန်၏လောက၌ အလုပ်လုပ်ခြင်းတို့အကြား မည်သည့်ကွာခြားချက် ရှိသနည်း။ ဘုရားသခင်၏အိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်ချုပ်ခြင်းဖြစ်၏။ မည်သည့်ပြဿနာမျိုး ပေါ်လာပါစေ ယင်းကိုဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမည်။ သဘောထားကွဲလွဲမှု မည်မျှပင် ရှိစေကာမူ သို့မဟုတ် မည်မျှကွဲပြားသည်ဖြစ်စေ ၎င်းတို့အားလုံးကို တင်ပြပြီး မိတ်သဟာယဖွဲ့သင့်သည်။ ထို့နောက် အများသဘောတူညီမှု ရရှိပြီးသည့်နောက်တွင် စည်းမျဉ်းများနှင့်အညီ အရေးယူဆောင်ရွက်သင့်သည်။ ဤနည်းအားဖြင့် သင်သည် ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်ကိုလည်း သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ပြဿနာဖြေရှင်းခြင်း လုပ်ငန်းစဉ်အတွင်း ညီညွတ်သော ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်း သင်ရရှိနိုင်မည် ဖြစ်သည်။ မိမိတို့တာဝန်ကို လုပ်ဆောင်ကြသူများအားလုံး သမ္မာတရားကို ချစ်မြတ်နိုးကြပါက ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန်နှင့် ကျိုးနွံနာခံရန် လွယ်ကူသည်။ သို့သော် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လျှင် လူများက ယင်းကို မိတ်သဟာယဖွဲ့သည့်အခါပင် သမ္မာတရားကို လက်ခံရန် မလွယ်ကူပေ။ သမ္မာတရားကို နားမလည်လင့်ကစား အခြားသူများအား မိမိတို့စကားကို အမြဲနားထောင်စေချင်ကြသည့်လူများလည်း ရှိသည်။ ဤသို့သော လူတို့သည် အခြားသူများ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းကို အဖျက်အမှောင့်လုပ်ခြင်းသာ ပြုတတ်သည်။ ဤသည်မှာ ပြဿနာ၏ မူလအရင်းအမြစ်ဖြစ်ပြီး မိမိတာဝန်ကို ကောင်းစွာမထမ်းဆောင်မီ ယင်းကို ဖြေရှင်းရမည် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် မာနထောင်လွှားပြီး တစ်ဇွတ်ထိုးလုပ်ကာ မိမိဘာသာ ဆုံးဖြတ်ချက်များ ချမှတ်လျက် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း သို့မဟုတ် အမှုအရာများကို ဆွေးနွေးခြင်းမရှိဘဲ၊ သမ္မာတရားစည်းမျဉ်းကို မရှာဖွေဘဲ အရာရာကို မဆင်မခြင်နှင့် မိမိနှစ်သက်သည့်အတိုင်း လုပ်ဆောင်ပါက ဤသည်မှာ မိမိတာဝန်အပေါ် မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤနည်းဖြင့် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်သလော။ ဤကဲ့သို့သောလူမျိုးက ပြုပြင်ခြင်းကို မည်သည့်အခါမျှ လက်မခံ၊ သမ္မာတရားကို လုံးဝလက်မခံသည့်အပြင် နောင်တရခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိဘဲ အမှုအရာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မဆင်မခြင်နှင့် သူတို့နှစ်သက်သကဲ့သို့ ဆက်လက် လုပ်ဆောင်နေသေးပါက ယင်းမှာ စိတ်သဘောထား ပြဿနာသာမကဘဲ သူတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်ဆိုင်ရာ ပြဿနာဖြစ်သည်။ ဤသည်မှာ လူ့သဘာဝမရှိသောသူ ဖြစ်သည်။ လူ့သဘာဝမရှိသူတစ်ဦးသည် ၎င်း၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်လော။ မဖြည့်ဆည်းနိုင်ချေ။ အကယ်၍ မိမိတာဝန်ကို ထမ်းဆောင်နေရင်း လူတစ်ဦးသည် တရားလွန်သော အပြုအမူမျိုးစုံကိုပင် ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်လျှင် ထိုသူသည် ဆိုးယုတ်သောသူဖြစ်၏။ ထိုသို့သောလူတို့သည် မိမိတို့၏တာဝန်ကို မလုပ်ဆောင်နိုင်ကြချေ။ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အနှောက်အယှက်နှင့် ပျက်စီးခြင်းကိုသာ အကျိုးရလဒ် ဖြစ်ပေါ်စေပြီး ၎င်းတို့သည် ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေသောကြောင့် ၎င်းတို့ကို တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်ကာ အသင်းတော်မှ ဖယ်ရှားသင့်သည်။ ထိုအကြောင်းကြောင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သော စွမ်းရည်သည် လူတစ်ဦး၏ အစွမ်းအစအပေါ်တွင် လုံးလုံးမူတည်ခြင်း မဟုတ်ဘဲ မိမိ၏တာဝန်၊ မိမိ၏စရိုက်တို့အပေါ် ၎င်း၏ သဘောထား၊ မိမိ၏ လူ့သဘာဝ ကောင်းမကောင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိတို့အပေါ်တွင် အဓိကအားဖြင့် မူတည်သည်။ ဤအရာများသည် အရင်းခံပြဿနာများ ဖြစ်သည်။ သင်၏စိတ်နှလုံးက သင့်တာဝန်ထဲ၌ ရှိမရှိ၊ သင့်တာဝန်ကို အကောင်းဆုံး ထမ်းရွက်နေပြီး စိတ်ပါလက်ပါ လုပ်ဆောင်နေခြင်း ရှိမရှိ၊ တာဝန်ထမ်းဆောင်ခြင်းအပေါ် လေးနက်ပြီး တာဝန်သိသောစိတ်ထား ရှိမရှိ၊ သင်သည် အလေးအနက်ထားပြီး ကြိုးစားအားထုတ်ခြင်း ရှိမရှိဟူသည့် ဤအရာများသည် ဘုရားသခင်ကြည့်ရှုသည့် အရာများဖြစ်ပြီး ဘုရားသခင်သည် လူတိုင်းကို စိစစ်လေသည်။ အကယ်၍ ၎င်းတို့အများစုမှာ တာဝန်မဲ့ပြီး မည်သူမျှ စိတ်အားထက်သန်မှု မရှိပါက၊ ထို့ပြင် မှန်ကန်သည့် လုပ်ဆောင်မှုသည် မည်သည့်အရာဖြစ်သည်ကို သူတို့စိတ်နှလုံးထဲ၌ သိလင့်ကစား စည်းမျဉ်းများအတွက် အားမထုတ်သည့်အပြင် မည်သူကမျှ ယင်းကို အလေးအနက်မထားကြလျှင် လူတို့၏တာဝန်များကို လျော်ကန်စွာ ဖြည့်ဆည်းနိုင်မည်လော။ ဤအခြေအနေမျိုးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နောက်ဆက်တွဲ လုပ်ဆောင်ရမည်၊ စစ်ဆေးပြီး လမ်းညွှန်မှုပေးရမည်၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်လုပ်ရန်ဖြစ်စေ၊ တာဝန်ခံလုပ်ရန်ဖြစ်စေ တာဝန်သိတတ်သော ပုဂ္ဂိုလ်တစ်ဦးကို ရှာဖွေရမည်။ ဤနည်းဖြင့် ဆောင်ရွက်လာအောင် လူအများစုကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ ရလဒ်ကောင်း ရရှိနိုင်သည်။ နှောင့်ယှက်ပြီး ဖျက်ဆီးသူ တစ်စုံတစ်ဦး ပေါ်လာပါက ပြဿနာအရင်းအမြစ်ကို ဖြေရှင်းသည့်အခါတွင် လူတို့သည် ၎င်းတို့၏တာဝန်၌ ထိရောက်စွာ လုပ်ဆောင်ရန် လွယ်ကူမည် ဖြစ်သဖြင့် ထိုသူကို ချက်ချင်း ဖယ်ရှားစေလော့။ လူအချို့သည် အစွမ်းအစအနည်းငယ် ရှိနိုင်သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မဲ့သည်။ ၎င်းတို့တွင် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာဆိုင်ရာ အသိပညာများ ရှိကောင်းရှိနိုင်သော်လည်း ယင်းကို အခြားသူများအား မသင်ကြားပေးကြချေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပြဿနာကို ဖြေရှင်းရမည်။ ထိုသူတို့ကို မိတ်သဟာယဖွဲ့ပေးသင့်ပြီး အခြားသူများအား သူတို့၏ စွမ်းရည်များကို သင်ကြားပေးရန် အားပေးသင့်သည်။ ဤနည်းအားဖြင့် အခြားသူများသည် ထိုကျွမ်းကျင်မှုများကို တတ်နိုင်သမျှ လျင်မြန်စွာ သင်ယူကာ အတတ်ပညာပိုင်းဆိုင်ရာ အသိပညာကို ကျွမ်းကျင်ပိုင်နိုင်မည် ဖြစ်သည်။ သင်သည် အတတ်ပညာပိုင်းဆိုင်ရာ အသိပညာကို ကောင်းစွာ တတ်မြောက်ထားသူဖြစ်သောကြောင့် သင်၏ အရည်အချင်းများကို ဟန်ပန်ထုတ်ခြင်း သို့မဟုတ် အမွှမ်းတင်ခြင်း မပြုရပေ။ လူတိုင်းက မိမိတို့၏တာဝန်များကို ကောင်းစွာ အတူတကွ ထမ်းဆောင်နိုင်စေရန်အတွက် သင်၏ စွမ်းရည်များနှင့် အသိပညာတို့ကို လူသစ်များအား လိုလားတက်ကြွစွာ သင်ကြားပေးသင့်သည်။ သင်သည် ကျွမ်းကျင်မှုအရ သင့်အလုပ်အကိုင်နှင့်ပတ်သက်၍လည်းကောင်း၊ ဦးဆောင်မှုနှင့်ပတ်သက်၍လည်းကောင်း အသိပညာအရှိဆုံး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယင်းသည် သင့်အား ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးတစ်ခုဖြစ်၍ သင်၏ တာဝန်ထမ်းဆောင်ရန် ယင်းကို အသုံးပြုသင့်ပြီး သင်၏ အားသာချက်များကို အသုံးချသင့်ပေသည်။ သင်သည် မည်မျှပင် ကျွမ်းကျင်သည်ဖြစ်စေ၊ ပါရမီရှိသည်ဖြစ်စေ၊ လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူ လုပ်ဆောင်နိုင်ခြင်း မရှိချေ။ လူတိုင်းသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ စွမ်းရည်များနှင့် အသိပညာကို နားလည်သဘောပေါက်နိုင်လျှင် တာဝန်တစ်ရပ်ကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်သည်။ ဆိုရိုးစကားရှိသည်မှာ စွမ်းဆောင်နိုင်သော လူတစ်ဦးသည် အခြားလူသုံးဦး၏ ပံ့ပိုးမှုကို လိုအပ်၏။ လူတစ်ဦးသည် မည်မျှအရည်အချင်းရှိပါစေ အခြားသူတစ်ဦးတစ်ယောက်၏ အကူအညီမပါဘဲ မလုံလောက်ချေ။ ထို့ကြောင့် မည်သူမျှ မာနမထောင်လွှားသင့်၊ မည်သူကမျှ မိမိဘာသာ လုပ်ဆောင်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချရန်ဖြစ်စေ ဆန္ဒမရှိသင့်ပေ။ လူတို့သည် ဇာတိပကတိကို ပုန်ကန်၍ မိမိတို့၏ ကိုယ်ပိုင်အယူအဆနှင့် ထင်မြင်ချက်များကို ဘေးဖယ်ကာ အခြားလူတိုင်းနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်သင့်သည်။ အတတ်ပညာပိုင်းဆိုင်ရာ အသိပညာရှိသူ မည်သူမဆိုသည် ဤစွမ်းရည်များနှင့် အသိပညာကို ကျွမ်းကျင်နိုင်စေဖို့အတွက်လည်း အခြားသူများကို ကြင်နာစွာ ကူညီသင့်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းအတွက် အကျိုးရှိသည်။ စွမ်းရည်တစ်ခုရှိခြင်းကို ငွေရှာဖို့လက်မှတ်အဖြစ် အမြဲ ရှုမြင်သဘောထားပြီး အခြားသူများအား သင်ကြားပေးခြင်းဖြင့် သင်ကိုယ်တိုင် ငတ်မွတ်ခေါင်းပါးသွားသည့် အကျိုးရလဒ်သာရှိမည်ဟု သင်တွေးကြောက်နေပါက ဤသည်မှာ ဘာသာတရားမရှိသူများ၏ အမြင်ဖြစ်၏။ ယင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော အလေ့အထတစ်ခုဖြစ်ကာ ဘုရားသခင်၏ အိမ်တော်တွင် ယင်းကို လက်ခံမည်မဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လုံးဝလက်မခံနိုင်သည့်အပြင် အလုပ်လုပ်ပေးရန် လုံးဝဆန္ဒမရှိပါက သင်သည် ဖယ်ရှားရှင်းလင်းခြင်းသာ ခံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားပြီး သူ့အိမ်တော်၏ အလုပ်ကို သစ္စာစောင့်သိဖို့ လိုလိုလားလားရှိနေပါက၊ အခြားသူများလည်း သင်ယူပြီး နားလည်သဘောပေါက်နိုင်ရန်၊ ၎င်းတို့၏တာဝန်များကို ပိုကောင်းအောင် ထမ်းဆောင်နိုင်ရန် သင်သည် သင်၏အားသာချက်များနှင့် ကျွမ်းကျင်မှုများအားလုံးကို ပူဇော်ဆက်ကပ်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့်အရာဖြစ်၏။ ထိုကဲ့သို့သော လူများ၌သာ လူ့သဘာဝရှိကာ ဘုရားသခင်က ချစ်မြတ်နိုးပြီး ကောင်းချီးပေးလေသည်။

မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် ထမ်းဆောင်ရမည်။ စိတ်နှလုံး၊ အားအင်ရှိသမျှကို အသုံးပြုခြင်းဆိုသည်မှာ တာဝန်ထမ်းဆောင်သည့်အပေါ်တွင် မိမိ၏ အတွေးများအားလုံးကို ထားရှိခြင်း၊ အခြားသောအရာများကို လွှမ်းမိုးခွင့်မပေးခြင်း၊ ထို့နောက်တွင် မိမိတွင်ရှိသော အားအင်ကို အသုံးချခြင်း၊ မိမိ၏ အစွမ်းအလုံးစုံကို အသုံးပြုခြင်း၊ မိမိ၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အားသာချက်များနှင့် တာဝန်ကို ခံယူရန် မိမိတို့နားလည်သည့်အရာများကို ယူဆောင်လာခြင်းအား ဆိုလိုသည်။ သင်သည် သဘောပေါက်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းရှိပြီး ကောင်းသောစိတ်ကူးတစ်ခုရှိလျှင် ယင်းကို အခြားလူတို့နှင့် ဆက်သွယ်ပြောဆိုရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ၊ သင့်တာဝန်တွင် ကျေနပ်ဖွယ်စွမ်းဆောင်မှုကို ရရှိမည့်ပုံ ဖြစ်သည်။ အရာရာတိုင်းကို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ ဆန္ဒရှိလျှင်၊ ကြီးမားသောအရာများကို သင်တစ်ဦးတည်းသာ အစဉ်သဖြင့် လုပ်ဆောင်လိုလျှင်၊ သင့်ကိုသာ အစဉ် အာရုံစိုက်ပြီး အခြားသူများကို အာရုံမစိုက်စေလိုလျှင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သလော။ သင်လုပ်ဆောင်သည့်အရာသည် အာဏာရှင်စနစ်ဟုခေါ်သည်။ ကြွားဝါနေခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော အပြုအမူဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်တွင် အတွေး၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် အခြားသူများသို့ ပြောလော့။ ထိန်းမထားနှင့်၊ သို့မဟုတ် လျှိုမထားနှင့်။ သင်၌ အကြံပြုချက်မျာရှိလျှင် ယင်းတို့ကို ပေးလော့။ သမ္မာတရားနှင့်ကိုက်ညီသည့် မည်သူ၏ စိတ်ကူးကိုမဆို လက်ခံပြီး လိုက်နာရမည်။ ဤအရာကို လုပ်ဆောင်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို သင် စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်သည့် အဓိပ္ပာယ်ဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် အရာရာတိုင်းကို သင်ကိုယ်တိုင် တာဝန်ယူရန် မလိုအပ်သကဲ့သို့ အလွန်ပင်ပန်းစွာ အလုပ်လုပ်ရန် မလိုအပ်ချေ။ သို့မဟုတ် “တစ်ပွင့်တည်းသောပန်း” မဖြစ်ရပေ၊ သို့မဟုတ် ထူးခြားမနေရပေ။ ထို့ထက် သူတစ်ပါးတို့နှင့် မည်သို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကို သင်ယူရန် လိုအပ်သည်။ သင်တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ သင်၏ အားအင်အလုံးစုံကို အသုံးပြုရမည်။ ယင်းမှာ သင့်တာဝန်ကိုထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ သင့်တွင်ရှိသော အစွမ်းနှင့် အလင်းအားလုံးကို ထုတ်ဖော်ပြရန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်။ အစဉ်သဖြင့် ကြွားဝါရန်၊ အစဉ်သဖြင့် အဆင့်မြင့်ပုံရသော အရာများကို ပြောဆိုရန် ကိစ္စများကို သင့်ဘာသာသင် လုပ်ဆောင်ရန် မကြိုးစားနှင့်။ အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ သင်သည် အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းဖြစ်သည်။ အခြားသူတို့အားအနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းသည် စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေသောအရာများကို အစဉ်လုပ်ဆောင်လျှင် သင်သည် မည်မျှ အားစိုက်ထုတ်ပါစေ၊ သို့မဟုတ် မည်မျှဂရုစိုက်ပါစေ ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းမျှဖြင့် ပြဿနာတစ်ခုကို သင် ဖြေရှင်းနိုင်ပြီး လူတိုင်းကို အကျိုးဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား၏ ဖော်ပြချက်တစ်ခုအပေါ် မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတိုင်းက လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုရှိပြီး အတူတကွ သဟဇာတဖြစ်စွာ လုပ်ဆောင်နိုင်ကြသည်။ အားလုံးက ဘုံပန်းတိုင်အတွက် ကြိုးပမ်းကြပြီး တူညီသော အမြင်နှင့် ထင်မြင်ချက်များရှိကြသည်။ ထို့ကြောင့် အလုပ်သည် အထူးသဖြင့် ထိရောက်မှုရှိသည်။ သင်သည် ဤအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ကို မည်သူကမျှ မမှတ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သင်က များစွာအားစိုက်ထုတ်ခဲ့သည်ဟု မခံစားရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သောသူဖြစ်သည်ကို ဘုရားသခင်က မြင်လိမ့်မည်။ ဘုရားသခင်က သင်ထိုသို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရလိမ့်မည်။ ဤသည်မှာ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းဟု ခေါ်သည်။ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၌ အခက်အခဲများရှိပါစေ အမှန်အားဖြင့် ယင်းတို့အားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်း၍ရသည်။ သင်သည် ဘုရားသခင်အား ဆက်ကပ်သော စိတ်နှလုံးရှိသည့် ရိုးသားသူတစ်ဦးဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိပေ။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက သင်သည် နာခံတတ်ရန် သင်ယူရမည်ဖြစ်သည်။ သမ္မာတရားကို နားလည်သူ သို့မဟုတ် သမ္မာတရားနှင့်အညီ စကားပြောသူရှိပါက သင်သည် ယင်းကို လက်ခံပြီး နာခံရမည်။ သင်သည် အနှောက်အယှက်ဖြစ်စေသော သို့မဟုတ် ထိခိုက်စေသော အရာများကို မည်သည့်နည်းဖြင့်မျှ မလုပ်သင့်သည့်အပြင် မိမိဘာသာ လုပ်ဆောင်ခြင်း သို့မဟုတ် မိမိဘာသာ ဆုံးဖြတ်ချက်ချခြင်းတို့ မလုပ်သင့်ပေ။ ဤနည်းအားဖြင့် သင်သည် မကောင်းမှုကို ပြုမိလိမ့်မည်မဟုတ်ပေ။ သင်မှတ်မိရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် သင်၏ကိုယ်ပိုင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် သင်ကိုယ်တိုင်စီမံခန့်ခွဲခြင်း ကိစ္စမဟုတ်။ ဤသည်မှာ သင်၏ကိုယ်ပိုင် အလုပ်မဟုတ်ဘဲ၊ အသင်းတော်၏ အလုပ်ဖြစ်ပြီး သင့်တွင်ရှိသော အစွမ်းအစများကို ပံ့ပိုးခြင်းသာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်၌ သင်လုပ်ဆောင်သည့်အရာသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်။ သင်၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် ချောင်တစ်ခုရှိ အသေးစား အခန်းကဏ္ဍတစ်ခုသာ ဖြစ်သည်။ ယင်းက သင်ယူထားသော တာဝန်ဝတ္တရားဖြစ်သည်။ သင်သည် စိတ်နှလုံးထဲတွင် ဤဆင်ခြင်တုံတရား ရှိသင့်သည်။ ထို့ကြောင့် အလုပ်တာဝန်များကို လူမည်မျှက အတူတကွ ထမ်းဆောင်နေကြပါစေ၊ သို့မဟုတ် မည်သည့်အခက်အခဲများကို သူတို့ရင်ဆိုင်ရပါစေ၊ လူတိုင်းလုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ ဘုရားထံ အတူတကွ ဆုတောင်းပြီး မိတ်သဟာယပြုဖို့၊ သမ္မာတရားကို ရှာဖွေဖို့နှင့်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ဆုံးဖြတ်ဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဤနည်းအတိုင်း ထမ်းဆောင်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှိလိမ့်မည်။ လူအချို့သည် ကြွားဝါဖို့ အစဉ်သဖြင့် ကြိုးစားနေကြပြီး၊ အလုပ်တစ်ခုအတွက် တာဝန်ပေးခြင်း ခံရသည့်အခါ၊ အမြဲ ဆုံးဖြတ်ပိုင်ခွင့် ရှိလိုကြသည်။ ဤသည်မှာ အဘယ်အပြုအမူမျိုးဖြစ်သနည်း။ ဤသည်မှာ ထင်ရာစိုင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့်အရာကို မိမိတို့ဘာသာ စီစဉ်ကြသည်၊ အခြားသူများကို အသိမပေးဘဲ ၎င်းတို့၏ ထင်မြင်ချက်များအား မည်သူနှင့်မျှ မဆွေးနွေးပေ။ မည်သူနှင့်မျှ ဝေမျှခြင်းမရှိသကဲ့သို့ ဖွင့်ပြောခြင်းလည်းမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဖုံးကွယ်ထားသည်။ လုပ်ဆောင်ရမည့်အချိန်ကျလာသည့်အခါတွင် ၎င်းတို့၏ အလွန်တော်သော စွမ်းဆောင်မှုများဖြင့် သူတစ်ပါးတို့အား အစဉ် အံ့အားသင့်စေလိုသည်။ အခြားသူများက ၎င်းတို့အား အထင်ကြီးသွားစေဖို့အလို့ငှာ လူတိုင်းအား မျှော်လင့်မထားဘဲ အလွန်အံ့သြသွားစေလိုသည်။ ယင်းမှာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သလော။ ၎င်းတို့သည် ကြွားဝါဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှု ရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို စတင်စီမံခန့်ခွဲကြလိမ့်မည်။ ထိုသို့သော လူများသည် ရိုင်းစိုင်းသော ရည်မှန်းချက်များ ရှိသည်မဟုတ်လော။ သင်လုပ်ဆောင်နေသည့်အရာကို သင် အဘယ်ကြောင့် မည်သူ့ကိုမျှ မပြောပြသနည်း။ ဤအလုပ်သည် သင်တစ်ဦးတည်း၏အလုပ် မဟုတ်သောကြောင့် ဤအလုပ်ကို အဘယ့်ကြောင့် မည်သူနှင့်မျှမဆွေးနွေးဘဲ ဆောင်ရွက်ပြီး သင့်ဘာသာ ဆုံးဖြတ်ချက်များပြုလုပ်မည်နည်း။ မည်သူမျှ မသိစေရန်အတွက် ဖုံးကွယ်ပြီး လှုပ်ရှားလျက် အဘယ်ကြောင့် တိတ်တဆိတ် လုပ်ဆောင်မည်နည်း။ လူတို့အား သင်တစ်ဦးတည်းကိုသာ အာရုံစိုက်ရန် အဘယ်ကြောင့် အစဉ်ကြိုးစားမည်နည်း။ ဤအလုပ်အား သင်ကိုယ်တိုင်၏အလုပ်အဖြစ် သင်မြင်သည်မှာ ရှင်းသည်။ သင်က သူဌေးဖြစ်ပြီး အခြားလူတိုင်းက အလုပ်သမားဖြစ်သည်။ သူတို့အားလုံးက သင့်အတွက် အလုပ်လုပ်ကြသည်။ သင်၌ ဤစိတ်ဓာတ် အစဉ်မပြတ်ရှိသည့်အခါ၊ ဤသည်မှာ ပြဿနာမဟုတ်လော။ ဤကဲ့သို့သောသူမျိုးက ထုတ်ဖော်ပြသည့်အရာသည် အကယ်စင်စစ် စာတန်၏ စိတ်သဘောထား ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့လူများက တာဝန်ထမ်းဆောင်သည့်အခါ၊ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်း ခံရမည် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။