အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ (အပိုင်း တစ်)
ယခုတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ မိုးလင်းမှ မိုးချုပ်သည့်တိုင် အလုပ်လုပ်ပြီး အစာစားရန် သို့မဟုတ် အိပ်စက်ရန် မေ့လျော့သောလူအချို့ရှိသည်။ ၎င်းတို့သည် ဇာတိပကတိကို ချိုးနှိမ်နိုင်သည်၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ပုန်ကန်နိုင်သည်၊ မကျန်းမာသည့် အချိန်တွင်ပင် အလုပ်လုပ်နိုင်သည်။ ၎င်းတို့၌ အဖတ်ဆယ်၍ရသော ဤအရည်အချင်းများရှိပြီး ကောင်းမွန်မှန်ကန်သောလူများ ဖြစ်သော်ငြားလည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ ဘေးဖယ်နိုင်ခြင်း မရှိသည့်အရာများ ရှိသေးသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ပကာသနတို့ ဖြစ်လေသည်။ အကယ်၍ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ ဘေးမဖယ်ကြလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ ဖြစ်ကြသလော။ အဖြေမှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခက်ခဲဆုံးအပိုင်းမှာ စိတ်သဘောထား၌ ပြောင်းလဲမှုရရှိခြင်းဖြစ်သည်။ သင်သည် တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေကောင်းနေနိုင်မည်၊ သို့မဟုတ် အီဆိမ့်ထူးကဲသော အစားအစာများကို မည်သည့်အခါမျှ မစားဘဲ သို့မဟုတ် ဝတ်ကောင်းစားလှများ မည်သည့်အခါမျှ မဝတ်ဘဲ နေကောင်းနေနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် “ကျွန်ုပ် တစ်ဘဝလုံး ဒုက္ခခံရလျှင်၊ သို့မဟုတ် ကျွန်ုပ် တစ်ဘဝလုံး အထီးကျန်နေလျှင် အရေးမကြီးပါ။ ကျွန်ုပ် ခံနိုင်ပါသည်။ ကျွန်ုပ်၏နံဘေးတွင် ဘုရားသခင်ရှိလျှင် ဤအရာများ မည်သည့်အဓိပ္ပာယ်မျှ မရှိပါ” ဟုပင် ပြောကောင်းပြောနိုင်သည်။ ဤကဲ့သို့သော ကိုယ်ခန္ဓာနာကျင်မှုနှင့် ဆင်းရဲဒုက္ခကို အောင်မြင်ကျော်လွှားပြီး ဖြေရှင်းဖို့ လွယ်ကူပေသည်။ အောင်မြင်ကျော်လွှားဖို့ မလွယ်ကူသည့်အရာမှာ အဘယ်နည်း။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်လေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မိမိကိုယ်ကို ထိန်းချုပ်ခြင်းသက်သက်အားဖြင့် ဖြေရှင်း၍မရနိုင်ချေ။ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့နှင့် အနာဂတ်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့အတွက် လူများသည် ကိုယ်ခန္ဓာ နာကျင်မှုကို ခံနိုင်ကြသည်။ သို့သော် ဒုက္ခခံနိုင်ခြင်းနှင့် အဖိုးအခပေးဆပ်နိုင်ခြင်းတို့က ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ချေ။ တစ်စုံတစ်ဦး၏ စိတ်သဘောထား၌ ပြောင်းလဲမှုရှိမရှိကို တိုင်းတာရန်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခ မည်မျှကို သည်းခံနိုင်သည်၊ သို့မဟုတ် အပေါ်ယံတွင် ၎င်းတို့သည် ကောင်းသောအကျင့် မည်မျှရှိသည်တို့ကို မကြည့်လေနှင့်။ တစ်စုံတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲပြီး၊ မပြောင်းလဲသေးသည်ကို တိကျမှန်ကန်စွာ တိုင်းတာသည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုအစား ၎င်းတို့လုပ်ရပ်များ၏ နောက်ကွယ်ရှိ ရည်မှန်းချက်များ၊ စေ့ဆော်မှုများနှင့် အကြံများ၊ ၎င်းတို့ မိမိကိုယ်ကို ပြုမူကျင့်ကြံပြီး အရေးကိစ္စများကို ကိုင်တွယ်သည့် အခြေခံစည်းမျဉ်းများနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့ကို ကြည့်ရန်ဖြစ်သည်။
လူအချို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် လောကီခေတ် ရေစီးကြောင်းများနောက် မလိုက်ကြတော့ပေ၊ သို့မဟုတ် ၎င်းတို့၏အဝတ်အစားနှင့် အသွင်အပြင်ကို အရေးမစိုက်ကြတော့ပေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံနိုင်ပြီး ကြိုးစားကာ၊ ဇာတိပကတိကို ချိုးနှိမ်၍ ပုန်ကန်နိုင်ကြသည်။ သို့သော် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကာ အခြားသူများနှင့် ဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်သည့်အခါ၌ ရိုးသားခဲကြသည်။ ၎င်းတို့က ရိုးသားရသည်ကို မကြိုက်ကြ၊ သူတို့ကိုယ်သူတို့ အမြဲတမ်းပေါ်လွင်ကာ ထင်ရှားကျော်ကြားလိုပြီး ၎င်းတို့ပြောသမျှ လုပ်သမျှ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိသည်။ လူတို့၌ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့ထံ လာရောက်ရှာဖွေကြမည့် အတိုင်းအတာအထိ လူတို့အား ၎င်းတို့ မည်မျှကောင်းကြောင်းပြရန်၊ လူတို့၏စိတ်နှလုံးကို လွှမ်းမိုးရန်နှင့် ၎င်းတို့အား လူတို့ မျက်နှာသာပေးပြီး ကိုးကွယ်ဆည်းကပ်ရန်အတွက် ဝီရိယစိုက်ထုတ်ကာ စေ့စေ့စပ်စပ် တွက်ချက်မှုများ ပြုလုပ်ကြသည်။ ဤသို့လုပ်ခြင်းအားဖြင့် ၎င်းတို့က ကြွားဝါနေခြင်းဖြစ်သည်။ ၎င်းတို့ထုတ်ဖော်သည်မှာ မည်သည့်စိတ်သဘောထားနည်း။ ယင်းသည် စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့သောလူ များစွာရှိသလော။ လူတိုင်းက ဤကဲ့သို့ပင်။ အပြင်ပန်းတွင် စည်းမျဉ်းစည်းကမ်းများအားလုံးကို ပုံသေစောင့်ထိန်းကာ အနည်းငယ် ဒုက္ခခံနိုင်ကြပြီး သူတို့ကိုယ်သူတို့ အသုံးခံလိုသောဆန္ဒ အတော်အတန် ရှိကြသည်။ ၎င်းတို့သည် လောကီအရာ အနည်းငယ်ကို စွန့်လွှတ်နိုင်သည်၊ သမ္မာတရားကို လိုက်စားဖို့ စိတ်ပိုင်းဖြတ်မှုနှင့် စိတ်ဆန္ဒ အနည်းငယ်ရှိပြီး ဘုရားသခင်အားယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် အုတ်မြစ်ချထားကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပကတိအတိုင်း ကျန်ရှိနေခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် လုံးဝ ပြောင်းလဲမသွားကြပေ။ သမ္မာတရားကို ၎င်းတို့နားလည်လျှင်ပင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ ယင်းသည် လုံးဝ ပြောင်းလဲမသွားခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အရာခပ်သိမ်း၌ တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် စာတန်ဆန်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်သူတို့ ပြုမူတတ်သည့် နည်းလမ်းဖြစ်သည်။ ၎င်းတို့လုပ်ရပ်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် မှားယွင်းသောအခါ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် ၎င်းတို့၏အလိုဆန္ဒကို ငြင်းပယ်ခြင်း မပြုကြ၊ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေကြသည်သာမက အခြားသူများထံမှလည်း မရှာကြ၊ သို့မဟုတ် ထိုသူတို့နှင့် မိတ်သဟာယဖွဲ့ခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် လုပ်ချင်သမျှ၊ စိတ်ဆန္ဒရှိသမျှကို လုပ်ကြသည်။ မဆင်မခြင်နှင့် အထိန်းအကွပ်မဲ့ ပြုမူကြသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် မကောင်းမှုပြုကောင်း ပြုမည်မဟုတ်သော်လည်း သမ္မာတရားကလည်း မကျင့်သုံးကြပေ။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်မှုများတွင် စိတ်ဆန္ဒနောက် လိုက်ကြပြီး စာတန်ဆန်သော စိတ်သဘောထားဖြင့် နေထိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသည့်အပြင် ဘုရားသခင်၏ရှေ့မှောက်၌ အသက်မရှင်ကြခြင်းကို ဆိုလိုသည်။ အချို့သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကိုပင် နားလည်နိုင်သော်လည်း ယင်းတို့ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များကို မကျော်လွှားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်နေသည်မှာ မှားယွင်းကြောင်း၊ ယင်းက အဖျက်အမှောင့်နှင့် အနှောင့်အယှက်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်အတွက် ရွံရှာဖွယ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြစေကာမူ ၎င်းတို့သည် “ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းချီးများရရှိဖို့ မဟုတ်သလော။ ကောင်းချီးများကို ကျွန်ုပ်လိုက်စားနေခြင်းက မည်သည့်အရာ မှားသနည်း။ ဘုရားသခင်အား ယုံကြည်လာခဲ့သည့် နှစ်များတွင် ကျွန်ုပ်သည် အတော်ပင် ဒုက္ခခံစားခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးများ ရရှိရန်အတွက် မိမိ၏အလုပ်ကို စွန့်လွှတ်ပြီး လောကထဲရှိ ကျွန်ုပ်၏ တက်လမ်းများကို စွန့်ပယ်ခဲ့သည်။ ကျွန်ုပ်ခံစားခဲ့ရသမျှ ဆင်းရဲဒုက္ခအားလုံးအပေါ်သာ အခြေခံလျှင် ဘုရားသခင်သည် ကျွန်ုပ်ကို သတိရသင့်သည်။ သူသည် ကျွန်ုပ်အား ကောင်းချီးပေးပြီး ကျွန်ုပ်အား ကံကောင်းခြင်းကို အပ်နှင်းသင့်သည်” ဟု စဥ်းစားလျက် ယင်းကို ထပ်ခါတလဲလဲ ပြုလုပ်ကြသည်။ ဤစကားများမှာ လူ့အကြိုက်နှင့် ကိုက်ညီသည်။ ဘုရားသခင်ကို ယုံကြည်သူတိုင်း ဤကဲ့သို့တွေးကြ၏။ ကောင်းချီးများရရှိဖို့ ရည်ရွယ်ချက်ဖြင့် အနည်းငယ်စွန်းထင်းနေခြင်းသည် ထိုမျှကြီးမားသော ပြဿနာမဟုတ်ဟု ထင်မှတ်ကြသည်။ သို့သော် ဤစကားလုံးများကို သေချာစွာ စဉ်းစားကြည့်လျှင် ယင်းတို့အနက်မှ တစ်ခုခုသည် သမ္မာတရားနှင့် ကိုက်ညီသလော သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုအစိတ်အပိုင်း ဟုတ်သလော။ ဤစွန့်ပစ်ခြင်းနှင့် ဒုက္ခခံခြင်း ဟူသမျှသည် ကောင်းမွန်သော လူ့အမူအကျင့်အမျိုးအစားများသာ ဖြစ်သည်။ ဤလုပ်ရပ်များသည် ကောင်းချီးများရရှိရန် ရည်ရွယ်ချက်၏ ထိန်းချုပ်ခြင်းကိုခံရပြီး ယင်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မဟုတ်ပေ။ အကယ်၍ ဤလူတို့၏ အမူအကျင့်ကို တိုင်းတာရန်အတွက် လူ၏ ကျင့်ဝတ်စံနှုန်းများကို အသုံးပြုပါက ၎င်းတို့ကို လုံ့လဝီရိယရှိပြီး ခြိုးခြံချွေတာသည်၊ အလုပ်ကြိုးစားပြီး တောင့်ခံနိုင်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလုပ်ရှုပ်လွန်း၍ အစာစားရန်နှင့် အိပ်စက်ရန် မေ့တတ်ကြပြီး အချို့က ပျောက်ဆုံးသွားသော ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်ပေးရန်၊ အကူအညီပေးရန်၊ ပရဟိတလုပ်ရန်၊ အခြားသူများကို နားလည်မှုနှင့် ရက်ရောမှုဖြင့် ဆက်ဆံရန်၊ မတွန့်တိုရန် သို့မဟုတ် ဇီဇာမကြောင်ရန်နှင့် ၎င်းတို့ အနှစ်သက်ဆုံးအရာများကို အခြားသူများအား ပေးကမ်းရန်ပင် ဆန္ဒရှိကြသည်။ ဤအပြုအမူများအားလုံးကို လူတို့က ချီးကျူးကြပြီး ၎င်းတို့ကို လူကောင်းများအဖြစ် အသိအမှတ်ပြုကြသည်။ ထိုသို့သောလူတို့သည် အသရေတင့်ဟန်၊ လေးစားဖွယ်ကောင်းဟန်တူပြီး အသိအမှတ်ပြုခံထိုက်ဟန် တူကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် လုံးဝဥဿုံ အကျင့်ကောင်းလျက် တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှု ရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးကို ကျေးဇူးပြန်ဆပ်ကြပြီး ညီအစ်ကိုဆက်ဆံရေးကို လွန်စွာဂရုစိုက်ကြသည်၊ ၎င်းတို့၏ မိတ်ဆွေတစ်ဦးဦးအတွက် မိမိတို့ကိုယ်ကို စွန့်လွှတ်အနစ်နာခံကာ ဆင်းရဲဒုက္ခခံပြီး ၎င်းတို့နှင့် အနီးဆုံးသူတို့အတွက် ရေမြေဆုံးတိုင်အောင် သွားကြမည်အထိပင်ဖြစ်သည်။ လူများစွာက ဤကဲ့သို့သော လူကောင်းမျိုးအတွက် ချီးမွမ်းစရာရှိကောင်း ရှိမည်ဖြစ်သော်လည်း ဤသူတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံပြီး လက်တွေ့ကျင့်သုံးနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံရန် မိမိတို့၏အသက်ကို အမှန်တကယ် စွန့်လွှတ်မည်လော။ သေချာပေါက် စွန့်လွှတ်ခြင်းမျိုး မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့ကို လူကောင်းဟုခေါ်နိုင်သလော။ အကယ်၍ သင်သည် လူတစ်ဦးက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိ၊ သို့မဟုတ် ထိုသူတွင် သမ္မာတရား၏ လက်တွေ့ကျမှုရှိမရှိ အကဲဖြတ်ရန် ကြိုးစားနေပါက လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ကျင့်ဝတ်များနှင့် အကျင့်စာရိတ္တတို့ကို အခြေခံ၍ ၎င်းတို့ကို အမြဲတမ်း အကဲဖြတ်ခြင်းက မှန်ကန်မည်လော။ ယင်းက သမ္မာတရားနှင့် ကိုက်ညီမည်လော။ အကယ်၍ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ကျင့်ဝတ်များနှင့် အကျင့်စာရိတ္တတို့သည် သမ္မာတရားဖြစ်ပါက ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြရန် မလိုအပ်သကဲ့သို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။ ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်သည် မှောင်မိုက်ပြီး ဆိုးယုတ်နေကြောင်း၊ ၎င်းတို့သည် သမ္မာတရား လုံးလုံးကင်းမဲ့ကြောင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်ကြောင်း သင် ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် သမ္မာတရားဖြစ်ကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကသာ လူသားကို သန့်စင်ပေးနိုင်ကြောင်း၊ သူသာလျှင် လူသားကို ကယ်တင်နိုင်ကြောင်းနှင့် လူတစ်ဦး၏ အပြုအမူ မည်မျှကောင်းသည်ဖြစ်စေ ယင်းသည် သမ္မာတရားလက်တွေ့ကျမှုမဟုတ်ဘဲ သမ္မာတရားကိုယ်၌၏ အဆင့်ကို ပို၍ပင် မမီပေ။ ဤအမူအကျင့်ကောင်းများသည် လူတို့ကြားတွင် ပျံ့နှံ့လာပြီး အသိအမှတ်ပြုခံရသော်လည်း ယင်းတို့သည် သမ္မာတရားမဟုတ်၊ မည်သည့်အခါမျှ သမ္မာတရား ဖြစ်လာမည်မဟုတ်သည့်အပြင် ယင်းတို့သည် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ချေ။ မိတ်ဆွေများအတွက် မိမိကိုယ်ကို စွန့်လွှတ်ကာ မိတ်ဆွေများအတွက် ရေမြေဆုံးတိုင်သွားမည့် လူတစ်ဦးအား ဘုရားသခင်နှင့် သမ္မာတရားကို လက်ခံလာအောင် သင်လုပ်ဆောင်နိုင်မည်လော။ ထိုလူသည် ဘုရားမဲ့ဝါဒီ ဖြစ်သောကြောင့် လုံးဝလုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ပြည့်နှက်နေသူတစ်ဦးကို ကိုယ်တော်အား စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိစေနိုင်မည်လော။ လူသည် အယူအဆများနှင့် ပြည့်နှက်နေသောအခါ သမ္မာတရားကို လက်ခံပြီး သမ္မာတရားအား ကျိုးနွံနာခံဖို့ အလွန်ခက်သောကြောင့် လုံးဝရရှိစေနိုင်မည် မဟုတ်ပေ။ အဘယ်မျှကောင်းသော အပြုအမူဖြစ်စေ လူတစ်ဦးကို ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံနိုင်စေသလော။ ထိုသူတို့သည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်ကြသလော။ ကိုယ်တော်ကို ၎င်းတို့ ချီးမြှောက်ပြီး သက်သေခံနိုင်ကြသလော။ လုံးဝ မလုပ်နိုင်ကြပေ။ သခင့်အတွက် ဟောပြောပြီး အလုပ်လုပ်သူတိုင်းသည် ဘုရားသခင်အား အမှန်တကယ် ချစ်မြတ်နိုးသူ ဖြစ်လာလိမ့်မည်ဟု သင်အာမခံနိုင်သလော။ ယင်းမှာ လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦးသည် ကောင်းသောအမူအကျင့်များ မည်မျှပင် ရှိနေပါစေ၊ ယင်းသည် သူ၏ အသက်စိတ်သဘောထား ပြောင်းလဲသွားပြီဟု ဆိုလိုဖို့ဝေးစွ၊ သူသည် အမှန်တကယ် နောင်တရပြီး ပြောင်းလဲသွားပြီဟုပင် မဆိုလိုပေ။
မည်သည့်အရာသည် ကောင်းသောအပြုအမူဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုရရှိခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်တို့ကို ပိုင်းခြားသိမြင်ရန် သင်တို့ သင်ယူရမည်။ သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းတို့ ပါဝင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်ရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဥပမာ အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းနှစ်ဦး ရှိသည် ဆိုပါစို့။ ယခင်က ၎င်းတို့သည် အချင်းချင်း ကူညီကြသည်။ ခက်ခဲသောအချိန်များကို အတူတကွ ဖြတ်သန်းကြသည်။ တစ်ယောက်ကို တစ်ယောက် ကယ်တင်ရန် ၎င်းတို့၏ အသက်များကို စွန့်လွှတ်မည်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သလော။ ဤသည်မှာ ညီရင်းအစ်ကိုတမျှ ရင်းနှီးမှုဖြစ်သည်။ အခြားသူများအတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအပြုအမူဖြစ်သည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုမှုများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကျေနပ်စေခြင်းဖြစ်သည်။ ကောင်းသောအပြုအမူသည် ဇာတိပကတိ၏ ဆက်ဆံရေးများကို ဖြည့်ဆည်းခြင်း၊ စိတ်ခံစားချက်ဆိုင်ရာ သံယောဇဉ်များကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ညီရင်းအစ်ကိုတမျှ ရင်းနှီးမှု၊ ဆက်ဆံရေးများကို ကာကွယ်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်း၊ သည်းခံခြင်း၊ ကျေနပ်စေခြင်းတို့အားလုံးသည် အတွင်းရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝမသက်ဆိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့အား အခြားလူများကို မည်သို့ဆက်ဆံရန် တောင်းဆိုသနည်း။ (ကျွန်ုပ်တို့ကို စည်းမျဉ်းများနှင့်အညီ အချင်းချင်းဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသည်။ အခြားလူတစ်ယောက်က သမ္မာတရားစည်းမျဉ်းနှင့်မညီသည့် အမှားတစ်ခုခုလုပ်လျှင်၊ ကျွန်ုပ်တို့ကိုယ်တိုင်၏ မိခင်အရင်း၊ သို့မဟုတ် ဖခင်အရင်းဖြစ်လျှင်ပင် သူတို့ပြောသည်ကို နားထောင်၍မရပေ။ သမ္မာတရားစည်းမျဉ်းများကို ဖက်တွယ်ထားပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်။) (ညီအစ်ကိုမောင်နှမများကို တစ်ယောက်နှင့်တစ်ယောက် ကူညီကြဖို့ ဘုရားသခင်က တောင်းဆိုသည်။ အခြားလူတစ်ယောက်က ပြဿနာတစ်ခုရှိသည်ကို ကျွန်ုပ်တို့မြင်လျှင် ထောက်ပြရမည်။ မိတ်သဟာယဖွဲ့ရမည်။ ဖြေရှင်းရန်အတွက် သမ္မာတရားစည်းမျဉ်းများကို အတူတကွရှာဖွေရမည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်သာ ကျွန်ုပ်တို့က ၎င်းတို့ကို အမှန်တကယ် ကူညီနေခြင်းဖြစ်သည်။) လူတို့၏ ဆက်ဆံရေးက မည်သို့ဖြစ်စေ ဘုရားသခင်သည် အချင်းချင်းအပေါ် လူတို့၏ အပြုအမူကို သမ္မာတရားစည်းမျဉ်းများ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်စေလိုသည်။ ဤအခြေခံသဘောတရားများမှလွဲ၍ အဘယ်အရာကိုမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ထည့်တွက်၍ မရပေ။ ဥပမာအနေဖြင့် လူတစ်ဦးသည် အသင်းတော်အလုပ်ကို ထိခိုက်ကာ လူတိုင်း ဖော်ထုတ်ပြီး ကန့်ကွက်သည့် အရာတစ်ခုကို လုပ်မိသည်။ သူ့မိတ်ဆွေက “သူအမှားတစ်ခုပြုလုပ်ရုံနှင့် သူ့ကို သင် ဖော်ထုတ်ဖို့မလိုအပ်ပေ။ ကျွန်ုပ်သည် သူ၏မိတ်ဆွေဖြစ်သည်။ ဦးစွာ ကျွန်ုပ် သူ့အပေါ် နားလည်ရမည်၊ သူ့အပေါ် ကျွန်ုပ် သည်းခံပြီး ကူညီရမည်။ သင်တို့လုပ်သကဲ့သို့ ကျွန်ုပ် သူ့အား ဖော်ထုတ်၍ မရပေ။ သူ့ကို ကျွန်ုပ် နှစ်သိမ့်ရမည်၊ မနာကျင်စေဘဲ ထိုအမှားသည် အရေးမကြီးဟု ကျွန်ုပ် သူ့အား ပြောမည်ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေသည် သူ့အားဖော်ထုတ်ပြီး ထပ်၍ အခက်အခဲဖြစ်စေလျှင်၊ သင်တို့ ကျွန်ုပ်နှင့် ရင်ဆိုင်ရမည်။ သင်တို့ထဲမှ တစ်ဦးမျှ ကျွန်ုပ်ထက်ပို၍ သူနှင့် မရင်းနှီးပေ။ ကျွန်ုပ်တို့သည် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ လိုအပ်လျှင် သူ့အတွက် ကျွန်ုပ် ရပ်တည်ပေးမည်”ဟု ပြောသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပေ၊ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြစ်ပါသည်။) ဤလူ၏ စိတ်နေစိတ်ထားသည် နောက်ထပ်အယူအဆဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင်လည်း အခြေခံနေသည်။ ၎င်းတို့က “ကျွန်ုပ်၏ မိတ်ဆွေသည် ကျွန်ုပ်ဘဝ၌ အခက်ခဲဆုံး၊ အနာကျင်ဆုံးအချိန်အတောအတွင်းတွင် ကျွန်ုပ်ကို ကူညီခဲ့သည်။ အခြားလူတိုင်းက ကျွန်ုပ်ကို စွန့်ပစ်ခဲ့ကြပြီး သူသာ ကျွန်ုပ်ကို စောင့်ရှောက်ပြီး ကူညီခဲ့သည်။ ယခုသူ ဒုက္ခရောက်နေပြီး သူ့ကိုကူညီဖို့မှာ ကျွန်ုပ်အလှည့်ဖြစ်သည်။ ဤသည်မှာ အသိစိတ်ရှိခြင်းနှင့် လူ့သဘာဝရှိခြင်း ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်ဟု ကျွန်ုပ်ခံစားရသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဤအသိစိတ်ပမာဏ သေးသေးလေးမျှပင် မရှိပါက သင့်ကိုယ်သင် အဘယ်သို့လျှင် လူသားဟု ခေါ်နိုင်သနည်း။ ယင်းမှာ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို အနှစ်မဲ့သောစကားများ မဖြစ်စေသလော” ဟု ယုံကြည်ကြသည်။ ဤစကားများသည် မှန်သည့်အလားထင်ရသည်။ လူအများစုက ၎င်းတို့ကို အရှိအတိုင်းမသိနိုင်ကြပေ။ ယင်းတို့ကိုပြောသည့်သူ၊ သူ့လုပ်ရပ်များ၏နောက်ကွယ်မှ စေ့ဆော်မှုသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ထင်မှတ်သည့်သူပင် မသိနိုင်ပေ။ သို့ရာတွင် သူ၏လုပ်ရပ်များသည် မှန်ကန်သလော။ စင်စစ်အားဖြင့် မမှန်ကန်ချေ။ သေချာကြည့်လော့၊ သူပြောသည့် စကားတိုင်းသည် လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားအပြုအမူနှင့် အသိစိတ်တို့မှ ပေါက်ဖွားလာသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို လူ့ကျင့်ဝတ်အပေါ် အခြေခံ၍ အကဲဖြတ်မည်ဆိုပါက သူ၌ အသိတရားရှိပြီး သစ္စာရှိသောသူဖြစ်သည်။ သူ၏မိတ်ဆွေအတွက် ဤကဲ့သို့ ရပ်တည်ပေးခြင်းသည် သူ့ကို လူကောင်းတစ်ဦးဖြစ်စေသည်။ သို့သော် ဤ“လူကောင်း”၏ နောက်ကွယ်တွင် မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရကွယ်ဝှက်နေသည်ကို သိကြသလော။ သူသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူမဟုတ်ပေ။ ရှေးဦးစွာ တစ်ခုခုဖြစ်ပျက်သောအခါတွင် သူသည် အခြေအနေကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မကြည့်ရှုပေ။ ဘုရားနှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို မရှာဖွေပေ။ ထိုအစား ဘာသာတရားမရှိသူများ၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်နှင့် ဘဝနီတိများနှင့်အညီ အကြောင်းအရာကို ကြည့်ရှုရန် ရွေးချယ်သည်။ သူသည် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို သမ္မာတရားအဖြစ် မှတ်ယူပြီး ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြောထားသည့်အရာကို လျစ်လျူရှုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သူသည် သမ္မာတရားကို လှောင်ပြောင်နေခြင်းဖြစ်သည်။ ဤသည်မှာ သူသည် သမ္မာတရားကို မချစ်သည်ကို ပြသည်။ သူသည် သမ္မာတရားကို ဆိုးယုတ်သော ဘဝနီတိများ၊ အယူအဆများ၊ ကျင့်ဝတ်များ၊ လူ၏ ကိုယ်ကျင့်တရားတို့နှင့် အစားထိုးပြီး ဆိုးယုတ်သော အတွေးအခေါ်များနှင့်အညီ လုပ်ဆောင်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေခြင်းဖြစ်သည်၊ တရားမျှတသည့် ပြုမူလုပ်ဆောင်နည်းဖြစ်သည်ဟူ၍ပင် သူက ယုံကြည်မှုရှိရှိနှင့် ပြောဆိုသည်။ သူသည် သမ္မာတရားကို ချိုးဖောက်ရန် ဤတရားမျှတခြင်းအယောင်ဆောင်မှုကို အသုံးပြုနေခြင်းသာ မဟုတ်လော။ လူတို့သည် မိမိကိုယ်ကို ပြုမူကျင့်ကြံပုံနှင့် အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်လာလျှင် ဤအခြေအနေမျိုးက ဖြစ်နေကျမဟုတ်သလော။ သင်သည် စကားများ၊ အယူဝါဒများကို အမြဲပြောနေသောအခါ သင်၌ သမ္မာတရား ကင်းမဲ့ကြောင်းနှင့် ယင်းသည် တန်ဖိုးရှိသော သမ္မာတရားအပေါ် အမှန်တကယ် မိတ်သဟာယဖွဲ့ခြင်းဖြစ်ကြောင်း သိရှိပြီး မှောင်မိုက်ပြီး ဆိုးယုတ်သော ဤကမ္ဘာ၌ သမ္မာတရားကို ရရှိထားသူတို့၏ အသက်တာများသာလျှင် မျှော်လင့်ချက်နှင့် တန်ဖိုးရှိကြောင်းလည်း သင်သိပေသည်။ သို့သော်လည်း သင်သည် ယင်းကိုရင်ဆိုင်ရန်နှင့် ရွေးချယ်မှုများပြုလုပ်ဖို့ လိုအပ်သည့် အဓိကဖြစ်ရပ်တစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားဖြစ်ပြီး အကျိုးရှိသည်မှာ စာတန်၏ အတွေးအခေါ်များ၊ အကျင့်စာရိတ္တနှင့် ကျင့်ဝတ်များဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်လိုက်စားလိုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်ရှိသော သမ္မာတရားက အကျိုးမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ အကယ်၍ သင်က ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းကို အသိအမှတ်ပြုနိုင်လျှင် အဘယ်ကြောင့် ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ အဘယ့်ကြောင့် မဝံ့ရဲရသနည်း။ သင်ကြောက်နေသည်မှာ မည်သည့်အရာနည်း။ သင်သည် အခြားလူတို့၏ အသရေဖျက်ခြင်းနှင့် ဝေဖန်အပြစ်တင်ခြင်း၊ သင်၏ လောကီတက်လမ်းများ ဆုံးရှုံးခြင်းနှင့် သင့်ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ထိခိုက်စေခြင်းတို့ ရှိမည်ကို ကြောက်ရွံ့နေသည်။ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်သောအခါ၊ သင်သည် စွန့်ခွာထွက်ပြေးသူ ဖြစ်လာပြီး လွန်စွာအရေးပါသော အခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်ရှိသည့် သမ္မာတရားများ၏ တန်ဖိုးကို ငြင်းပယ်သောအခါ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူမဟုတ်ကြောင်း၊ သင်သည် စာတန်၏ အတွေးအခေါ်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို နှစ်သက်ကြောင်း၊ သင်သည် လောကီတက်လမ်းများ၊ သင်၏ ဇာတိအကျိုးစီးပွား၊ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားကြောင်း သက်သေပြရန် လုံလောက်သည်။ သို့သော် သင်သည် သမ္မာတရားကို ချစ်သည်ဟု ဆိုသည်။ ဤအရာသည် သူတော်ကောင်းယောင်ဆောင်ခြင်းဖြစ်သည်။ ဤအရာအားလုံးက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံခြင်း သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်း၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း မရှိသေးကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသို့ဆိုလျှင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးပါသလော။ သင့်နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို ပုံမှန်အားဖြင့် သင်အသိအမှတ်ပြုထားသမျှ၊ တစ်စုံတစ်ခုဖြစ်လာသည်နှင့် တစ်ပြိုက်နက် ဘုရားသခင်သည် သင့်နှလုံးသားထဲတွင် ရှိတော့မည်မဟုတ်ဘဲ သင်သည် အရာအားလုံးထက် သင့်ကိုယ်သင် တန်ဖိုးထားမည်ဖြစ်ကာ၊ သင်သည် လူ့ဆက်ဆံရေးများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့် ပညတ်များအပြင် အသိတရားနှင့် ကိုယ်ကျင့်တရားစံနှုန်းများကို သမ္မာတရားအဖြစ် သဘောထားမည်ဖြစ်သည်။ စာတန်နှင့်ဆိုင်သော ဤအရာများသည် သင့်စိတ်နှလုံးထဲတွင် သမ္မာတရားအဖြစ် အစားထိုးစရာများ ဖြစ်လာပြီဖြစ်သောကြောင့် သင်သည် ယိုယွင်းသွားပြီမဟုတ်လော။ ယခု သင်သည် ဘုရားသခင်အား လုံးလုံးလျားလျား သစ္စာဖောက်ပြီးဖြစ်၍ သင်သည် အမှောင်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားပြီဖြစ်သည်။
လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးသော နှစ်ပေါင်းများစွာ၌ အလုပ်များနေခဲ့ကြသည်ဖြစ်၍ အဘယ်ကြောင့် သမ္မာတရားလက်တွေ့ကျမှုကို မရရှိကြသနည်း။ အမှန်တွင် ပြဿနာ၏ အရင်းခံမှာ ထိုလူတို့က သမ္မာတရားကို မချစ်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ဟု ၎င်းတို့ကို သင်ပြောလျှင် စိတ်ထိခိုက်သွားကြမည်၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့၏ ဤစိတ်ထိခိုက်ခြင်းက ကျိုးကြောင်းဆီလျော်မှု ရှိသလော။ မရှိပေ။ ထိုလူတို့သည် တရားဒေသနာ မည်မျှကို ကြားနာခဲ့ရသည်ဖြစ်စေ၊ သို့မဟုတ် အယူဝါဒမည်မျှကို နားလည်ခဲ့ကြသည်ဖြစ်စေ အချိန်တန်လာသောအခါ သမ္မာတရားကို လက်တွေ့မကျင့်သုံးကြပေ။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း၊ အမှုကိစ္စများကို ကိုင်တွယ်ခြင်း၊ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ အမှုအရာများကို ချဉ်းကပ်ခြင်း မရှိပေ။ ပြီးလျှင် ၎င်းတို့တွင် ကိုယ်ပိုင်အမြင်များ အမြဲရှိနေကြသည်။ တစ်စုံတစ်ဦးက ငါ့ကို စကားပြောသောအခါ ဤလူတို့က “ကျွန်ုပ်ပြောသည်ကို နားထောင်ကြည့်ပါ၊ ကျွန်ုပ်၏အမြင်ကို ဖော်ပြခွင့်ပြုပါ။ ဤအရာမှာ ကျွန်ုပ်၏အမြင်၊ ဤအရာမှာ ကျွန်ုပ်၏ ဆိုလိုရင်းဖြစ်သည်” ဟူ၍လည်းကောင်း၊ “ဤနည်းအတိုင်း ကျွန်ုပ်လုပ်ဆောင်ချင်သည်၊ ကျွန်ုပ်၏စကားကို ကိုယ်တော်နားထောင်မည်လော” ဟူ၍လည်းကောင်း အမြဲတစေ ပြောကြသည်။ မပြောဘဲနှင့်ပင် သင် မည်သည့်အရာကို ဆိုလိုကြောင်း ငါသိ၏။ သင်သည် သင်၏ ဆိုလိုရင်းအကြောင်းကို အမြဲတမ်း ပြောနေစရာ မလိုအပ်ပေ၊ ယင်းသည် သမ္မာတရား မဟုတ်၊ ယင်းကို ရှင်းလင်းစွာ ဖော်ပြခြင်းသည် ယင်းကို သမ္မာတရား ဖြစ်စေမည်မဟုတ်ပေ။ သင်သည် မွေးကတည်းက သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု သင်ယုံကြည်ပါက သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်နေသေးသနည်း။ အကယ်၍ သင်သည် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ပြီး သင်ကိုယ်တိုင် သမ္မာတရားဖြစ်နေကာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သကဲ့သို့ သင်သည် ဘုရားသခင်ဖော်ပြထားသော သမ္မာတရားအားလုံးကို အလိုလို နားလည်နိုင်သည်ဆိုလျှင် သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်နေသေးသနည်း။ တချို့လူတို့က “သင်သည် အဘယ့်ကြောင့် အမြဲတမ်းမှန်ကန်ပြီး ဆုံးဖြတ်ချက်များ အားလုံးကို ချနိုင်ရသနည်း။ ကျွန်ုပ်စကားကို သင် အဘယ့်ကြောင့် နားမထောင်ရသနည်း” ဟု ပြောတတ်ကြသည်။ ဤစကားများသည် မည်ကဲ့သို့သော စကားများဖြစ်သနည်း။ သင်ပြောသည့်အရာကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက်တွင် မှန်ကန်သည့် သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသည့် စကားလုံးတစ်ခွန်းမျှ မကြားခဲ့ဖူးပေ။ သို့ဆိုလျှင် သင်၏စကားကို ငါသည် အဘယ့်ကြောင့် နားထောင်သင့်သနည်း။ လူ၏ အတော်ပင် မှန်ကန်သော အမြင်တချို့ကို ငါကြားလို၏။ ယင်းက ငါ့ကို တွေးခေါ်မှုနှင့် စွမ်းအင်တချို့ကို သက်သာစေလိမ့်မည်ဖြစ်သော်လည်း တစ်ခုတလေမျှ ငါမကြားရပေ။ ငါကြားသမျှသည် အတွေးမှားများနှင့်ပုန်ကန်သော စကားများ၊ ငြီးတွားခြင်းနှင့် အပျက်သဘောဆောင်သော ပြောဆိုမှုများသာ ဖြစ်သည်။ ယင်းတို့အားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်ဖြစ်၍ အဘယ့်ကြောင့် ငါနားထောင်သင့်သနည်း။ အကယ်၍ လူတိုင်းအား သင့်စကားကို နားထောင်စေမည်ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို တော်လှန်ပုန်ကန်ကြမည်၊ ဘုရားသခင်ကို ဆန့်ကျင်ကြပြီး ကောင်းကင်ဘုံကို ဆန့်ကျင်ကြပေမည်၊ ၎င်းတို့အားလုံးသည် စာတန်နောက်သို့ လိုက်သွားကြပြီး နောက်ဆုံးတွင် ပျက်စီးသွားကြမည်ဖြစ်သည်။ အကယ်၍ ငါ၏စကားများကို သင်နားထောင်ပြီး ငါ၏စကားများကို တွေးတောဆင်ခြင်ပါက သင်သည် သမ္မာတရားကို နားလည်မည်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်ရှိနိုင်ကာ ကယ်တင်ခြင်းသို့သွားရာလမ်းကို စတင်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာလျှင် လူတို့ကို ကယ်တင်နိုင်ပြီး သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိခြင်းဖြင့်သာ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်မည်ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် မလွယ်ကူပေ။ ငါသည် လူတို့အနီးအပါး၌ ရှိနေစဉ် ညီအစ်ကိုမောင်နှမများသည် များမကြာမီက သမ္မာတရားထဲသို့ မည်သို့ဝင်ရောက်လာခဲ့ကြကြောင်း၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ပိုင်းခြားရာ၌၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ ၎င်းတို့သည် မည်သည့်တိုးတက်မှုကို ပြုလုပ်ခဲ့ကြကြောင်း၊ ၎င်းတို့၏ အခြေအနေများက မည်သို့ဖြစ်နေကြောင်း၊ ၎င်းတို့၏ မမှန်ကန်သော အခြေအနေများကို ပြောင်းပြန်လှန်ပြီး ပြောင်းလဲခဲ့ကြခြင်းရှိမရှိ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်၍ သိကျွမ်းခြင်း မည်မျှရှိကြကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖော်ပြခြင်းတို့မှ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိနားလည်မှု အဘယ်မျှ ရရှိထားကြကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်း မည်မျှကို ချေဖျက်ထားပြီဖြစ်ကြောင်းနှင့် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ သိကျွမ်းခြင်း မည်မျှတိုးပွားလာပြီဖြစ်ကြောင်း ငါကြားချင်သည်။ ဤအတွေ့အကြုံများနှင့် သိကျွမ်းခြင်းအကြောင်းတို့ကို ငါကြားလိုသော်လည်း ဝမ်းနည်းစရာမှာ လူအများစုသည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျိုးကို မဖော်ပြနိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားလက်တွေ့ကျမှု ချို့တဲ့ကြပြီး အချည်းနှီးသော စကားလုံးများနှင့် အယူဝါဒများ၊ လွဲချော်သော၊ အမြင်စောင်းသောစကားလုံးများနှင့် မကျေနပ်ချက်များ သို့မဟုတ်ပါက သူတို့ကိုယ်သူတို့ ကြွားဝါရန်နှင့် ချီးကျူးဂုဏ်ပြုမှုကို တောင်းခံပြီး ဆုလာဘ်များကို ရယူရန် ကြိုးပမ်းသည့် စကားလုံးများကိုသာ ပြောဆိုကြသည်။ ယင်းတို့ကို ကြားရသောအခါ ငါမည်သို့ခံစားရမည်ဟု သင်တို့ထင်သနည်း။ ယင်းတို့က ငါ့ကို ကောင်းသောစိတ်ခံစားမှု ပေးမည်လော။ (မပေးပါ။) လူတို့သည် ၎င်းတို့၏ သမ္မာတရားအား လက်တွေ့တွေ့ကြုံမှုနှင့် သမ္မာတရားထဲ၌ ထိုးထွင်းသိမြင်မှု၊ ကြားရပြီးနောက် လူတို့ကို ခံစားမှုပိုကောင်းစေမည့် စကားလုံးများနှင့်ပတ်သက်၍ တစ်ခုတလေကိုမျှ လွန်စွာပြောခဲကြပြီး ထိုကဲ့သို့သော စကားလုံးများမပါလျှင် လူတို့ပြောသည့်အရာမှာ ချီးကျူးဂုဏ်ပြုမှု ခံယူခြင်းနှင့် ဆုလာဘ်ရယူခြင်း သို့မဟုတ်ပါက ဆီလျော်မှုမရှိသော၊ အချည်းနှီးဖြစ်သော စကားလုံးများသာလျှင် ဖြစ်ကြ၏။ အနှစ်သာရ မရှိသော ထိုအယူဝါဒများအကြောင်း သင်ငါ့ကို ပြောဖို့လိုသလော။ သင်သည် ထိုအယူဝါဒများအကြောင်း ပြောခြင်းအားဖြင့် မသိနားမလည်သော လူတို့ကို လှည့်ဖြားနိုင်ရုံမျှသာရှိသောကြောင့် ယင်းတို့အကြောင်းကို ငါ့အားပြောခြင်းက အဓိပ္ပာယ်ကင်းမဲ့သည် မဟုတ်လော။ လူအချို့က ငါနှင့် စကားပြောသောအခါ မှားယွင်းသော ဝိညာဉ်ရေးအယူဝါဒများအကြောင်း အမြဲပြောကြပြီး အချို့ကိစ္စများကို ဆွေးနွေးသည့်အခါ ၎င်းတို့က “အရာရာသည် ဘုရားသခင်၏ လက်တော်၌ရှိပြီး အားလုံးကို ဘုရားသခင်က စီမံထားသည်” ဟု အမြဲပြောလေ့ရှိကြသည်။ ၎င်းတို့က ပြင်ပရေးရာများအကြောင်း ပြောဆိုခြင်းသည် ဝိညာဉ်သဘောမဆန်၊ ဝိညာဉ်ရေးအယူဝါဒများအကြောင်း မည်သို့ပြောဆိုရမည်ကို သိခြင်းကသာ ဝိညာဉ်သဘောဆန်သည်ဟု ထင်မြင်ကြသည်။ ငါသည် ၎င်းတို့အား လက်တွေ့ပိုင်းဆိုင်ရာ စကားတချို့ပြောပြီး အသက်ရှင်ခြင်း၏ အသေးစိတ်အကြောင်းကို ပြောပြသောအခါ ၎င်းတို့က မခံယူကြပေ။ ကြီးကျယ်သော တရားဒေသနာများနှင့် ဟိတ်ဟန်များသော ဝိညာဉ်ရေးအယူဝါဒများကိုသာ ကြားချင်ကြသည်။ ဤကဲ့သို့သော လူတို့သည် လက်တွေ့ကျမှုကို ပိုင်ဆိုင်ပါသလော။ ၎င်းတို့၌ လက်တွေ့ကျမှု ကင်းမဲ့သည်သာမက ဆင်ခြင်တုံတရားလည်း လုံးဝ ကင်းမဲ့နေပေသည်။ ၎င်းတို့သည် အမှန်တကယ် မာနထောင်လွှားပြီး ပညာမဲ့သောသူများ ဖြစ်ကြ၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။