လူသားသည် အသစ်သောကာလသို့ ကူးပြောင်းပုံ (အပိုင်း တစ်)

ယနေ့တွင် မိတ်သဟာယအတွက် ငါတို့၏ အကြောင်းအရာမှာ ခေတ်သစ်၊ နိုင်ငံတော်ခေတ်ထဲသို့ လူသားဝင်ရောက်ခြင်းနှင့် နိုင်ငံတော်ခေတ်တွင် လူတို့ မည်သို့ အသက်ရှင်သင့်သည်၊ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ တွေ့ကြုံပြီး ခေတ်သစ်ထဲသို့ အမှန်တကယ် မည်သို့ကူးဖြတ်သင့်သည်ဆိုသည်တို့ ဖြစ်သည်။ လူသည် ခေတ်သစ်ထဲသို့ ကူးဖြတ်ပုံနှင့်သက်ဆိုင်သည့် အကြောင်းအရာအပေါ် ဤဆွေးနွေးမှုသည် မည်သည့်အရာအပေါ် အဓိက အာရုံစိုက်မည်နည်း။ ဘုရားသခင်သည် နိုင်ငံတော်ခေတ်တွင် အလွန်များသည့် နှုတ်ကပတ်တော်များကို ဖော်ပြပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်နေကာ ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန်အလို့ငှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်အား မည်သို့ ယုံကြည်သင့်သည်ဆိုသည်ကို တိကျစွာ သိသင့်ကြ၏။ အတိတ်ကာလရှိ လူအများစုသည် သခင့်ကို ယုံကြည်ခဲ့ကြပြီး ဘုရားသခင်ထံမှ ကျေးဇူးတော်များစွာ မွေ့လျော်ခံစားခဲ့ကြ၏။ ယခုခေတ်တွင်မူ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ၎င်းတို့ စတင်တွေ့ကြုံနေကြသောကြောင့် ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်၍ မိမိတို့၏ အမြင်ဟောင်းများမှ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီသည့် အမြင်သစ်တစ်ခုဆီသို့ ကူးပြောင်းမှုကို ၎င်းတို့ မည်သို့ ပြုလုပ်နိုင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်မှုနှင့်ပတ်သက်၍ သင်၏ အတိတ်က အမြင်များသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဤသည်မှာ စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်လိမ့်မည် မဟုတ်သကဲ့သို့ လက်တွေ့အရှိတရားကို သင် ရင်ဆိုင်သင့်ပြီး ယခုအခါတွင် မည်သို့ ယုံကြည်ရမည်ဆိုသည်နှင့် မည်သို့လိုက်စားရမည်ဆိုသည်တို့ကို သင်သိရမည်။ ကျေးဇူးတော်ခေတ်တွင် သင် ယုံကြည်ခဲ့ပုံအပေါ် အခြေခံ၍ သင် ဆက်လက်လိုက်စားပြီး မိမိ၏ ယခင်အမြင်များအပေါ် အခြေခံ၍ ဘုရားသခင်ကို ဆက်လက်ယုံကြည်ပါက ခေတ်သစ်ထဲသို့ သင် ဝင်ရောက်ပြီး ဖြစ်လိမ့်မည် မဟုတ်။ ဤကိစ္စရပ်ကို ရှင်းပြပေးမည့် သရုပ်ဖော်စကားရပ်တစ်ခုကို ဦးစွာပထမ ငါ ပြောပြမည်။ ယင်းမှာ မည်သည့် စကားရပ်နည်း။ ဤစကားရပ်ကို ကျေးဇူးတော်ခေတ်တွင် မကြာခဏ ပြောဆိုထား၏။ “လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံစားရသည်”ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ယေရှုကို ယုံကြည်ခဲ့ချိန်တွင် အသက်အကြီးဆုံးမှစ၍ အငယ်ဆုံးထိ ၎င်း၏ တစ်မိသားစုလုံးသည် ထိုပေါင်းသင်းဆက်ဆံရေးမှ အကျိုးကျေးဇူးခံစားရပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို အားလုံးက မွေ့လျော်ခံစားရသည်။ ယေရှုသည် ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့သောကြောင့် သူသည် လူသားအပေါ် အလွန့်အလွန် သည်းခံ၊ စိတ်ရှည်၊ ခွင့်လွှတ်တတ်ကာ အပြစ်မှဖြေလွှတ်တတ်လေသည်။ သင်၏ အသက်ဝင်ရောက်မှုက မည်ကဲ့သို့ ဖြစ်ပါစေ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်ကဲ့သို့ ဖြစ်ပါစေ၊ သို့မဟုတ် အတိတ်ကာလတွင် အပြစ်မည်မျှ သင် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ သင် လုပ်ဆောင်ရမည့်အရာဟူသမျှမှာ သခင့်ထံ ဝန်ချရန် ဖြစ်ပြီး အားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်ကာ သင့်အပေါ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ပေးအပ်မည် ဖြစ်သည်။ သင်လုပ်ဆောင်ရန် လိုအပ်သမျှမှာ “ယုံကြည်ရန်” ဖြစ်ပြီး ယင်းမှာ လုံလောက်ပေသည်။ အလွန်ရိုးရှင်းခဲ့၏။ ယခုတွင် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံစားရမည်မှာ မှန်ပါသလော။ မမှန်ပေ။ ထိုအမှုသည် အဘယ်ကြောင့် ယခုတွင် လုပ်ဆောင်ခြင်း မရှိပါသနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်ကျရောက်လာပြီဖြစ်ပြီး ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ရန်နှင့် လူသားမျိုးနွယ်ကို စာတန်၏ လွှမ်းမိုးမှုမှ အပြီးသတ် ကယ်တင်ရန် ဤနေရာတွင် ရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ ယခုတွင် ဘုရားသခင်က လူတို့အား သူ့အပေါ် သစ္စာစောင့်သိပြီး စစ်မှန်ရိုးသားရန်၊ သူ့ကို ကိုးကွယ်ပြီး ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိရန် တောင်းဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်တို့မှာ လူတို့ လုပ်ဆောင်ရမည့် အရာများ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ပါက၊ သမ္မာတရားကို လက်ခံနိုင်ပါက၊ နားလည်နိုင်ပြီး ရရှိနိုင်ပါက ၎င်းတို့ လုံးလုံးလျားလျား ကယ်တင်ခံရလိမ့်မည်။ သို့ရာတွင် သမ္မာတရားကို လက်မခံသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို မက်မောရုံမျှ မက်မောသောသူတို့သည် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ယခုတွင် သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ သင်၏ တစ်မိသားစုလုံး ကောင်းချီး ခံစားရလိမ့်မည်ဟု တွေးထင်လျက် ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ဘုရားသခင် ဆောင်ရွက်ရန် တောင်းဆိုနေဆဲဖြစ်ပါက ယင်းမှာ အလွန်မိုက်မဲလှ၏။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်နေခြင်း မရှိတော့ပေ။ ထိုခေတ်သည် လွန်သွားပေပြီ။ ဤအရာကို သင် နားလည်သည် မဟုတ်သလော။

“ခေတ်သစ်ထဲသို့ ဖြတ်ကျော်ခြင်း”ဟု ခေါ်ဆိုသည့် ဤအရာသည် ယနေ့၏ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုပြီး ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ အမြင်များ၊ သင်၏ ကြံရွယ်ချက်များ၊ သင်၏ယုံကြည်ခြင်း၊ သင်၏ ဘဝ အသက်ရှင်နည်းနှင့် အမှုအရာများကို သင် တွေ့ကြုံပုံအားလုံး ပြောင်းလဲရမည် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ သင်သည် အမှုအရာတစ်ခုကိုသာ ပြောင်းလဲပါက သင်သည် ယေရှုကို ယုံကြည်လေ့ရှိခဲ့သော်လည်း ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကာ သင် ယုံကြည်သည့် ဘုရားသခင်၏ အမည်နာမသာ ပြောင်းလဲပြီးဖြစ်ပါက အမှန်တွင် သင် ယုံကြည်သည့် နည်းလမ်း၊ သင် လျှောက်သည့် လမ်းကြောင်းနှင့် သင် လိုက်စားသည့် အရာများသည် မပြောင်းလဲသေးပေ။ ဆိုလိုသည်မှာ သင်၏ လိုက်စားမှုတွင် သင်၏ သိနားလည်မှုနှင့် အမြင်များတွင် ပြောင်းလဲမှုအချို့ ရှိရမည်။ ဤအခြေခံအကြောင်းရင်းနှင့်အညီ သမ္မာတရားကို သင် လိုက်စားသည့်အခါမှသာ သင်၏ ယုံကြည်ခြင်းက ဖြူစင်ပြီး စစ်မှန်နိုင်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိသကဲ့သို့ မိမိတို့၏ ယုံကြည်မှုတွင် ယခင်ကကဲ့သို့ တက်ကြွမှုမရှိဟု တွေးထင်လျက် ယခုခေတ်တွင် လူအချို့သည် အဘယ်ကြောင့် အမြဲ အပျက်သဘောဆောင်ကြသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်များသည် မပြောင်းလဲသေးသောကြောင့် ဖြစ်၏။ ၎င်းတို့သည် ကျေးဇူးတော် အနည်းငယ် ရရှိခြင်းကိုသာ အာရုံစိုက်လျက်၊ သို့မဟုတ် သာ၍ အသုံးခံကာ သာ၍ ပြေးလွှားလုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်လျက် ယေရှုကို ၎င်းတို့ ယုံကြည်ခဲ့ချိန်တွင် ထားလေ့ရှိခဲ့သည့် အမြင်များကို ၎င်းတို့ ထိန်းသိမ်းထားကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ဆုကျေးဇူးများ၊ အပေါ်ယံအဆင့် အလုပ်နှင့် အပေါ်ယံအဆင့် တရားဒေသနာများ၊ စိတ်ထက်သန်မှုအပေါ် အာရုံစိုက်ကြသည်။ သို့တိုင် ၎င်းတို့သည် ဘုရားသခင်၏ လက်ရှိ အမှုတော်ကို အမီမလိုက်ကြချေ။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း မခံရကြသောကြောင့် အမြဲ အပျက်သဘောဆောင်ကြလေသည်။ အမှန်တွင် ဤသို့သော လူများသည် မိမိတို့ စိတ်နှလုံးများတွင် သမ္မာတရားကို လက်မခံကြချိန်တွင် ဘုရားသခင်ကို ယုံကြည်သည့်အလား ထင်ရပြီး ယင်းမှာ ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေက လုံးဝ ပြေလည်မသွားရသည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှု လုံးဝမရှိကြ။ မည်သည့် ပြောင်းလဲမှုမျှမရှိဘဲ ဘုရားသခင်ကို ယုံကြည်ရာတွင် မိမိတို့၏ အမြင်ဟောင်းများကို ဖက်တွယ်ကြဆဲဖြစ်သည်။ ယင်းမှာ မှန်သည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်ကို လူ၏ ယုံကြည်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်အတူ ပြောင်းလဲရမည်ဖြစ်၏။ သင်၏ လိုက်စားမှု၊ အသက်ရှင်နည်း၊ သင် တွေ့ကြုံသည့်နည်းလမ်း၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ သဘောထားနှင့် ဘုရားသခင်ကို သင်၏ ယုံကြည်မှုရှိ သင်၏ ကြံရွယ်ချက်များနှင့် အမြင်များ မပြောင်းလဲသေးပါက၊ ယင်းမှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်များကို အမီမလိုက်ကြောင်း ပြပေသည်။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို အမီလိုက်လိုပါက အသစ်သော နည်းလမ်းများဖြင့် ပြောင်းလဲကာ အသစ်သော သိနားလည်မှုများ ရရှိလိုပါက သမ္မာတရားကို ရှာဖွေရမည်၊ ဝင်ရောက်ရမည်ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုတိုင်းနှင့် လုပ်ရပ်တိုင်း၊ ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ ကြံရွယ်ချက်နှင့် အမြင်မှန်သမျှကဲ့သို့သော သေးငယ်သည့် အသေးစိတ်အချက်များတွင် ပြောင်းလဲရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့ တိုးတက်မှု ဖြစ်စေလိမ့်မည်။ လူတို့သည် ဤအရာကို ပါးစပ်ပြောမျှသာရှိပြီး မိမိတို့၏ အပြုအမူ အနည်းငယ်ကိုသာ ပြောင်းလဲပါက ဤအရာကို ပြောင်းလဲမှုအဖြစ် မစဉ်းစားရပေ။ အရေးအကြီးဆုံးသောအရာမှာ သင်၏ အတွေးများနှင့် အမြင်များ၊ သင့်ဘဝကို သင် အသက်ရှင်သည့် နည်းလမ်းတွင် ပြောင်းလဲမှုတစ်ခု ကြုံရမည်ဖြစ်သည်။ သင်၏ အယူအဆဟောင်းများနှင့် စိတ်ကူးဟောင်းများကို သင်စွန့်ပယ်နိုင်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် သင်၏ အမြင်ဟောင်းများအပေါ် ချင့်ချိန်နိုင်စွမ်းနှင့် အသိပညာ ရရှိနိုင်ပါက ဤအရာက သင်သည် ပြောင်းလဲပြီးဖြစ်ကြောင်း သက်သေပြလိမ့်မည်။ သင်တို့၏ မည်သည့်အစိတ်အပိုင်းက မပြောင်းလဲသေးကြောင်း၊ အမှုအရာများကို ပြောဆိုပုံ၊ သို့မဟုတ် ကြည့်မြင်ပုံနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို သင် ထိန်းသိမ်းထားဆဲ ရှိမရှိဆိုသည်နှင့် သင်မဖော်ထုတ်ရသေးသည့် နက်နက်ရှိုင်းရှိုင်း အရိုးစွဲခဲ့သည့် အတိတ်ကာလ၏ မည်သည့်အရာများက သင်ထံတွင် ရှိနေဆဲဖြစ်သည်ဆိုသည်တို့ကို မြင်ရန် မိမိကိုယ်ကို ဆန်းစစ်လော့။ မည်သည့် ရှာဖွေလေ့လာမှုမျှ သင်မလုပ်ဆောင်ပါက မည်သည့်အရာမျှမရှိဟု သင်တွေးထင်ကောင်း တွေးထင်နိုင်သော်လည်း သေချာစွာ သင်ရှာဖွေလေ့လာသည့်အခါတွင် ဖော်ထုတ်ရမည့်အရာများစွာ ရှိသည်ကို သင် တွေ့ရလိမ့်မည်။ ယခုအချိန်တွင် လူအချို့သည် ဘုရားသခင်၏ အမှုတော် အဆင့်များကို လုံးဝ အမီမလိုက်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့အတွင်းတွင် ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ကို တားဆီးထားသည့် အရာများစွာ ရှိသောကြောင့်၊ အသစ်သော အရာများအပေါ် သိနားလည်မှုမရှိကြသကဲ့သို့ ယင်းတို့ကို သဘောပေါက်နားလည်ခြင်းမရှိနိုင်ကြသောကြောင့် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများကို အစဉ် သိုထားကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အကြောင်း အယူအဆများ ရှိကြ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအကြောင်းလည်း အယူအဆများ ရှိကြ၏၊ မည်သည့်လူများကို ဘုရားသခင် ကယ်တင်ကြောင်းနှင့် မည်သည့် လူများကို ဘုရားသခင် ဖယ်ရှားရှင်းလင်းကြောင်း ၎င်းတို့ သဘောပေါက်နားလည်ခြင်းမရှိနိုင်ကြသကဲ့သို့ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို မပြသသည့် အချက်အား နားလည်သဘောပေါက်အောင် မကြိုးစားနိုင်ကြချေ။ ဤအရာအတွက် အကြောင်းရင်းမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။ အကြောင်းရင်းတစ်ခုမှာ ဤအရာကို လူ၏ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသော သဘာဝက သတ်မှတ်ထားခြင်းဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ကိစ္စရပ်တိုင်းနှင့် ပတ်သက်၍ မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများ အမြဲရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ ရင်းမြစ်ဖြစ်သည်။ နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ဓမ္မဓိဋ္ဌာန်ကျသောအရာတစ်ခု ဖြစ်ပြီး ယင်းမှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်၍ မပြောင်းလဲသေးသည့် မှားယွင်းသော အယူအဆများစွာ သိုထားကြခြင်း ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် နက်ရှိုင်းစွာ အရိုးစွဲထားသည့် ထိုအရာများသည် မပြောင်းလဲသေးသောကြောင့် ဖြစ်သည်။ ယေရှု၊ သို့မဟုတ် ယေဟောဝါကို မိမိတို့၏ ယုံကြည်မှုမှ အမှုအရာများကို ပြောဆိုသည့် နည်းလမ်းဟောင်းများသည် ၎င်းတို့၏ စိတ်နှလုံးများတွင် အမြစ်တွယ်နေဆဲဖြစ်သောကြောင့် ဘုရားသခင်၏ အမှုသစ်ကို ၎င်းတို့ ကြုံရသည့်အခါ မှန်သော လမ်းခရီးကို ၎င်းတို့ လက်ခံကြသော်လည်း အမှုအရာများကို ပြောဆိုကာ လုပ်ဆောင်သည့် ဘုရားသခင်၏ အသစ်သော နည်းလမ်းများအား ၎င်းတို့ သဘောပေါက်နားလည်ခြင်းမရှိနိုင်ကြချေ။ အဘယ်ကြောင့် ဤအမှုအရာသစ်များကို သင် သဘောပေါက်နားလည်ခြင်းမရှိနိုင်ရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် အတိတ်ကာလ၏ အိုဟောင်းသော အရာများကို သင် ဖက်တွယ်နေဆဲဖြစ်ပြီး လက်မလွှတ်နိုင်သောကြောင့် ဖြစ်၏။ ယင်းက ဤအမှုအရာသစ်များကို သင့်အား အတိုက်အခံ လုပ်စေလေသည်။ သင့်အတွင်းတွင် အတိတ်ကာလ၏ ထိုအမှုအရာများ မရှိခဲ့ပါက ယခု ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင် လက်ခံနိုင်ပေမည်။ အတိတ်ကာလ၏ ထိုအမှုအရာများကို သင် လက်မလွှတ်နိုင်ပါက ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ရန်နှင့် သူ့ကို ပုန်ကန်ရန် ဖြစ်နိုင်ဖွယ်ရှိပြီး အကျိုးဆက်အနေဖြင့် ဆုံးရှုံးမှုတစ်ခုကို သင် ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို တမင်ရည်ရွယ် ဆန့်ကျင်ပါက ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းခံရမည့် အန္တရာယ် ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်း ခံရလိမ့်မည်။

သင့်အတွင်းတွင် မည်သည့် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများ၊ အမှုအရာများကို သိနားလည်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများနှင့် အတိတ်ကာလမှ အမြင်ဟောင်းများ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ဆဲဖြစ်သည်ကို မြင်ရန် သင်တို့အားလုံး ရှာဖွေလေ့လာပြီး ဆန်းစစ်သင့်သည်။ ရိုးရှင်းသော ဥပမာတစ်ခုကို သင်တို့အား ငါ ပေးမည်။ လူအချို့သည် ခရစ်တော်ကို လုံးဝ မမြင်ဖူးသကဲ့သို့ သူ စကားပြောသည်ကိုလည်း မကြားဖူးပေ။ ခရစ်တော် ဖော်ပြသည့် နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ ဖတ်ကြပြီးဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ကောင်းမြတ်ပြီး ဩဇာအာဏာရှိကြောင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များဖြစ်ကြောင်း ပြောဆိုကြသော်လည်း လက်တွေ့တွင် ခရစ်တော်နှင့် ၎င်းတို့ ထိတွေ့ဆက်ဆံလာကြသည့်နောက်၌ ၎င်းတို့အတွင်း၌ အယူအဆများ စတင်ဖြစ်ပေါ်ပြီး ၎င်းတို့က “ဘုရားသခင်သည် အဘယ်ကြောင့် အလွန် ခက်ထန်စွာ စကားပြောသနည်း။ ဘုရားသခင်သည် လူများကို အဘယ်ကြောင့် ထိုသို့ ဩဝါဒပေးသနည်း။ သူသည် အဘယ်ကြောင့် အလွန် ခမ်းကြီးနားကြီးနိုင်စွာ စကားပြောသနည်း။ သူစကားပြောသည့်ပုံသည် လူတို့ကို အမြဲ ဖော်ထုတ်ကာ တရားစီရင်လျက် အလွန် ကြောက်လန့်စရာဖြစ်သည်။ ယင်းကို အဘယ်သူ လက်ခံနိုင်သနည်း။ ယေရှု၌ ငါတို့၏ ယုံကြည်ခြင်းသည် မတူပေ။ လူတိုင်းက နူးညံ့စွာ စကားပြောပြီး အချင်းချင်း စိတ်သဘောညီညွတ်စွာ ရှိကြသည်။ သူပြောသကဲ့သို့ မည်သူမျှ စကားမပြောပါ။ ထိုသို့သော ဘုရားမျိုးကို ငါ တကယ်ကို လက်မခံနိုင်သကဲ့သို့ သူကဲ့သို့သော ဘုရားတစ်ပါးကို ငါ သည်းမခံနိုင်ပါ။ သူသည် သခင်ယေရှုလောက် နူးညံ့စွာနှင့် ဖော်ရွေပျူငှာစွာ စကားပြောမည်ဆိုပါက၊ သူသည် လူတို့ကို ကြင်နာကာ ဖော်ရွေတတ်ပါက သူ့ကို ငါ လက်ခံနိုင်မည်။ သို့ရာတွင် ဤဘုရားမျိုးကို ငါ လက်မခံနိုင်ပါ။ သူနှင့် ငါ ပတ်သက်၍ မဖြစ်ပါ”ဟု တွေးကြသည်။ ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း၊ ဤသည်တို့မှာ လူ့ဇာတိခံခြင်းနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များဖြစ်ကြောင်း သင်အသိအမှတ်ပြုပြီး စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံပြီးဖြစ်သောကြောင့် ခရစ်တော်နှင့် သင်ထိတွေ့ဆက်ဆံလာရသည့်အခါ သူ၏ လေသံ၊ သူသုံးသည့် စကားများနှင့် သူ စကားပြောပုံတို့နှင့် ပတ်သက်၍ အယူအဆများကို သင် အဘယ်ကြောင့် သိုထားပြီး လက်မလွှတ်နိုင်ရပါသနည်း။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ သင့်စိတ်နှလုံးထဲရှိ အိုဟောင်းသော အရာများက လွှမ်းမိုးနှင့်ပြီးဖြစ်ကာ အယူအဆများနှင့် စည်းမျဉ်းစည်းကမ်းများ ဖြစ်လာကြပြီးဖြစ်ကြောင်း သက်သေပြ၏။ အမှန်တွင် ဤအရာအားလုံးသည် လူ့ထံမှလာ၏၊ လူ၏ ထင်မြင်ချက်များနှင့် စိတ်ကူးများသာဖြစ်ပြီး သမ္မာတရားနှင့် မကိုက်ညီပေ။ ယနေ့ခေတ်၏ ဘုရားသခင်နှင့် ပတ်သက်၍ ဤအရာများကို တစ်စုံတစ်ဦးက သတ်မှတ်ရန် ကြိုးစားပါက ဤအရာကို ၎င်းတို့ လုပ်ဆောင်နိုင်မည် မဟုတ်သည့်အပြင် သူ့ကို အတိုက်အခံလုပ်ရန်လည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။ မတူကွဲပြားသည့် ခေတ်များတွင် ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် မတူသောကြောင့် သူ ဖော်ပြသည့် စိတ်သဘောထားသည် မတူသကဲ့သို့ သူ ထုတ်ဖော်ပြသည့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည်လည်း မတူပေ။ သင်သည် ဤအရာအတွက် စည်းမျဉ်းစည်းကမ်းများ သုံး၍မရပေ။ သင်သုံးသည့်အခါ ဘုရားသခင်အကြောင်း အယူအဆများ သင်ဖြစ်ပေါ်ဖွယ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်စွမ်း ရှိလိမ့်မည်။ သင်သည် မိမိကိုယ်ကို မသုံးသပ်သကဲ့သို့ နောင်တရရန် လုံးဝ ငြင်းပယ်ပါက ဘုရားသခင်၏ ရှုတ်ချခြင်းခံရလိမ့်မည်ဖြစ်ကာ သင့်ကို သူအပြစ်ပေးလိမ့်မည်။ ဤသည်မှာ ခေတ်အသီးသီး၌ ဘုရားသခင်၏ အမှုဖြစ်သည့်ပုံ ဖြစ်သည်။ ဘုရားသခင်ကို လက်ခံပြီး ကျိုးနွံနာခံသည့်လူ၊ သူ၏ ကောင်းချီးပေးခြင်း ခံရသည့်လူအချို့နှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ရှုတ်ချသည့်၊ သူ၏ ဖျက်ဆီးခြင်းခံရသည့်သူများ အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် သူ၏ နောက်ဆုံးသော ကာလ အမှုတော်တွင် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီး အလွန်များသည့် သမ္မာတရားများကို ဖော်ပြ၏။ လူများက အယူအဆများ သိုထားခြင်းသည် စိုးရိမ်ပူပန်စရာ မဟုတ်ချေ။ စိုးရိမ်ပူပန်စရာမှာ လူတို့က သူ၏ နှုတ်ကပတ်တော်များကို မဖတ်သည့်အချိန်၊ သို့မဟုတ် သူဖော်ပြသည့် သမ္မာတရားများအား လက်မခံသည့်အချိန်ဖြစ်သည်။ ဤသည်မှာ ကြောက်လန့်စရာ အကောင်းဆုံးသော အရာ ဖြစ်သည်။ သင်၏ အယူအဆများနှင့် အမြင်များသည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများနှင့် မကိုက်ညီပါက ယင်းတို့သည် သမ္မာတရားနှင့် ကွဲပြားခြားနား၏၊ ယင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး မခိုင်လုံပေ။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ၎င်တို့သည် ပုန်ကန်တတ်ကာ အတိုက်အခံလုပ်ကြပြီး အတွေးများ ရှိကြသည်။ ၎င်းတို့၏ အတွေးများကို စိုးမိုးခြယ်လှယ်သည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် လူတို့၏ ကြံရွယ်ချက်များနှင့် အမှုအရာများကို လူတို့ ရှုမြင်သည့် ရှုထောင့်နှင့် အမြင်တို့၏ စိုးမိုးခြယ်လှယ်ခြင်း ခံရကြပေသည်။ ထို့ကြောင့် သင်၏ အတွေးများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မလာသကဲ့သို့ သမ္မာတရား၏ အခြေခံအုတ်မြစ်အပေါ်တွင်လည်း မဖြစ်ပေါ်ပေ။ သင်၏ အယူအဆများနှင့် အမြင်များသည် လူနှင့် ဇာတိပကတိ၏ အမှုအရာများဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်၏ အတွေးများသည် သမ္မာတရား၏ စိုးမိုးခြင်းမခံရသကဲ့သို့ သမ္မာတရားအပေါ် အခြေပြုထားသည့် ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် ထွက်ပေါ်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ လူအချို့၏ အတွေးများသည် ကျမ်းစာအပေါ် အခြေခံထားသည့် ဆင်ခြင်သုံးသပ်ခြင်းမှ လာပြီး ယင်းသည် သာ၍ပင် မှားယွင်း၏။ သမ္မာကျမ်းစာကိုယ်၌က မှားယွင်းသည်ဟု ငါတို့ ပြောနေခြင်းမဟုတ်။ အတိတ်ကာလတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အမှုကို သူ၏ အမှုသစ်နှင့် နှိုင်းယှဉ်ရန်မှာ မသင့်လျော်ဟုသာ ပြောခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို သင် ဤသို့ နှိုင်းယှဉ်ကြည့်၍မရချေ။ ဥပမာအားဖြင့် ကျေးဇူးတော်ခေတ်တွင် လူတို့အနေဖြင့် ယေဟောဝါ၏ အမှုတော်ကို သခင်ယေရှု၏ အမှုတော်နှင့် နှိုင်းယှဉ်ရန် သင့်လျော်ခဲ့မည်လော။ သင့်အနေဖြင့် သခင်ယေရှု၏ အမှုတော်ကို နိုင်ငံတော်ခေတ်ရှိ ဘုရားသခင်၏ ယနေ့အမှုတော်နှင့် နှိုင်းယှဉ်ခြင်းသည် သင့်လျော်သလော။ ယင်းတို့သည် နှိုင်းယှဉ်၍မရနိုင်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားအမှုတော်၏ အဆင့်အသီးသီးသည် နောက်ဆုံးအဆင့်ထက် သာ၍ မြင့်မားပြီး သူ၏ အမှုတော်ကို သူ ထပ်မလုပ်သောကြောင့် ဖြစ်သည်။ အမှုတော်၏ အဆင့်သစ်ကို ဘုရားသခင် ဆောင်ရွက်ပြီး ခေတ်သစ်ကို အစပြုသည့် အချိန်တိုင်းတွင် ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန်နှင့် သူ့အား တမင်သက်သက် ဆန့်ကျင်ရန် ထကြွကြသည့် လူတစ်စု၊ သို့မဟုတ် လူအများစု အမြဲရှိသည်မှာ အဘယ်ကြောင့်နည်း။ ခေတ်တိုင်းတွင် အဘယ်ကြောင့် ဤအရာဖြစ်ပျက်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံကြသည်ဖြစ်စေ၊ လက်မခံကြသည်ဖြစ်စေ၊ သမ္မာကျမ်းစာအပေါ် ၎င်းတို့၏ ယခင် အနက်ပြန်မှုများအပြင်၊ ဘုရားသခင်၏ အမည်နာမနှင့် ပုံသဏ္ဌာန်အကြောင်း၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်မှုအကြောင်း ၎င်းတို့၏ အမြင်များနှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နည်းလမ်းများသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ရုပ်လုံးပေါ်လာနှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို တန်ဖိုးထားကြပြီး မိမိတို့ကိုယ်ကို အကျိုးကျေးဇူး ရရှိပြီးဖြစ်သည်ဟု ယုံကြည်လျက် အကန့်အသတ်မဲ့ မာနထောင်လွှားလာကြပြီး မိမိတို့ကိုယ်ကို အံ့ဖွယ်ဖြစ်ကာ အလွန် ကြီးကျယ်ခမ်းနားသည်ဟု တွေးထင်လာကြ၍ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အတိတ်ကာလတွင် သူ လုပ်ဆောင်ခဲ့သည့် အမှုနှင့် မည်မျှ ကွဲပြားသည်ကို ၎င်းတို့ မြင်ကြသည့်အခါ ဝေဖန်ကြလေသည်။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ အမှုအရာများကို အမြဲ ယူကာ ယနေ့၏ ဘုရားသခင်နှင့်၊ ယခု ဘုရားသခင် လုပ်ဆောင်သည့် အမှုနှင့်၊ ယနေ့၏ သမ္မာတရားများနှင့် နှိုင်းယှဉ်လေသည်။ ယင်းတို့ကို နှိုင်းယှဉ်၍ရနိုင်သလော။ အမှုအရာများအတွက် စည်းမျဉ်းစည်းကမ်းများ မကျင့်သုံးနှင့်၊ ထိုအစား သင်သည် ဤအသိရှိရမည်။ “ကျွန်ုပ်သည် ဘုရားသခင်၏ အမှုသစ်ကို ယခု လက်ခံပြီးဖြစ်သော်လည်း ကျွန်ုပ် သဘောမပေါက်နားမလည်နိုင်သည့် အရာအချို့ ရှိသည်။ ယင်းတို့ကို ကျွန်ုပ် တဖြည်းဖြည်း တွေ့ကြုံလာပြီး သိလိမ့်မည်၊ ပုရွက်ဆိတ်တစ်ကောင်က အရိုးတစ်ခုကို ကိုက်ဝါးသကဲ့သို့ ယင်းတို့ကို တစ်စချင်း ကျွန်ုပ်ကြိုးစားဖြတ်သန်းလျက် တဖြည်းဖြည်း ကျွန်ုပ် လိုက်စားမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ယင်းတို့ကို ကျွန်ုပ် နားလည်လာလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် အဆုံးမရှိ နက်နဲပြီး ဉာဏ်မမီနိုင်ပေ။ လူသည် မည်သည့်အခါတွင်မျှ အပြည့်အဝ နားလည်နိုင်ခြင်း မရှိပေ။ ယင်းကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ တွေ့ကြုံပြီးသည့်နောက် လူတို့သည် သိနားလည်မှုအချို့ ရရှိကောင်းရရှိနိုင်၏။ သုံးနှစ်၊ သို့မဟုတ် လေးနှစ်ကြာပြီးနောက်တွင် လူတို့သည် အနည်းငယ် သာ၍ သိနားလည်မှု ရရှိကောင်းရရှိနိုင်ပြီး တဖြည်းဖြည်း ၎င်းတို့ ကြီးထွားကာ ပြောင်းလဲကြလိမ့်မည်။ ဤဟောင်းသော အရာများအပေါ် ၎င်းတို့၏ အမြင်များသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ၎င်းတို့ နည်းနည်းချင်း စွန့်ပယ်ကြလိမ့်မည်။ ထိုဟောင်းသောအရာများကို လူတို့ စွန့်ပယ်သည့်အခါတွင်သာ အသစ်သောအရာများကို နားလည်ကြလိမ့်မည်။ ထိုဟောင်းသောအရာများသည် သင့်အထဲတွင် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေဆဲဖြစ်ပြီး ယင်းတို့ကို သင် စတင် ဖော်ထုတ်ခြင်းပင် မရှိသေးသည့်တိုင် သင်သည် သင်၏ အယူအဆများကို တစ်ဇွတ်ထိုး ဖြန့်ကာ သင်၏ ကိုယ်ပိုင် အယူအဆများကို ဖော်ပြပြီး သင် အလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို စကားပြောဝံ့နေဆဲဖြစ်သည်။ ဤအတွက် အဓိပ္ပာယ်မရှိပေ။ လူတို့သည် အလွန့်အလွန် မာနထောင်လွှားလာကြသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ဤသည်မှာ အကြောင်းရင်း ဖြစ်၏။ လူတို့အတွင်းရှိ ထိုပုပ်ဆွေးသောအရာများသည် တန်ဖိုးမဲ့ကြသည့်တိုင် ယင်းတို့ကို ၎င်းတို့က တစ်ဇွတ်ထိုး ဖော်ပြကာ ဖြန့်ဝေဝံ့ကြဆဲ ဖြစ်သည်။ ဤသည်မှာ လုံးဝ အသိစိတ် ကင်းမဲ့ခြင်း မဟုတ်လော။ ထို့ကြောင့် လူအချို့သည် အမှုတော်၏ ဤအဆင့်ကို လက်ခံကြပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီးဖြစ်သော်လည်း ၎င်းတို့စိတ်ထဲတွင် သယ်ဆောင်သည့် ထိုဟောင်းသောအရာများကို အမှန်တကယ် လက်မလွှတ်နိုင်ကြသေးချေ။ အချို့သော နေရာများရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အလုပ်ကို ဆောင်ရွက်ကာ အကောင်အထည်ဖော်နိုင်ကြသော်လည်း အလုပ်က မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသကဲ့သို့ ထိုအရာကို ၎င်းတို့ လုပ်ဆောင်လိုစိတ်မရှိသည့်အခါ အကောင်အထည် မဖော်ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤအခြေအနေသည် အဘယ်သို့ ဖြစ်လာသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့ စိတ်ထဲတွင် သယ်ဆောင်သည့် ထိုအိုဟောင်းသောအရာများကို လက်မလွှတ်နိုင်ကြသောကြောင့် ဖြစ်သည်။ သင့်အတွင်းရှိ ထိုဟောင်းသောအရာများက သာ၍ ပုံပေါ်လာလေ၊ သာ၍ ပြင်းထန်စွာ သင် အတိုက်အခံလုပ်လေ ဖြစ်သည်။ ယင်းမှာ မှန်သည် မဟုတ်လော။ ယခုတွင် ၎င်းတို့ နေရာယူသည့် ရာထူး သာ၍ မြင့်မားပြီး ၎င်းတို့ ဦးဆောင်သည့် လူများသာ၍ များလေ၊ သာ၍ မာနထောင်လွှားကာ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံနိုင်မှု သာ၍ လျော့နည်းလေ ဖြစ်သည့် ခေါင်းဆောင်အချို့ ဘာသာရေးလောကတွင် ရှိသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အတိတ်ကာလ၏ အမှုအရာများကို အမြဲ ဖက်တွယ်ကြသောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားနှင့် အသက်အဖြစ် ၎င်းတို့ သဘောမထားကြသောကြောင့် ဖြစ်ပြီး ဘုရားသခင်အား အမြင့်ဆုံးအဖြစ်၊ ကြီးမြတ်သူအဖြစ် ဂုဏ်ပြုနိုင်စွမ်းမရှိကြသောကြောင့် ဖြစ်သည်။ ထိုအစား မိမိတို့ကိုယ်ပိုင် ဘာသာရေး အယူအဆများနှင့် မိမိတို့ကိုယ်ပိုင် အတွေးများ၊ အမြင်များကို သမ္မာတရားနှင့် မှန်သော လမ်းခရီးအဖြစ် ၎င်းတို့ သဘောထားကြ၏။ ဤသည်မှာ ဆိုးရွားသော အမှားတစ်ခု မဟုတ်လော။ ဤသို့ဖြင့် တစ်နေရာရာတွင် သမ္မာတရားကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ ထိုအရာများကို သမ္မာတရားအဖြစ် သင် ယုံကြည်ပါက ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိနိုင်စွမ်း ရှိလိမ့်ဦးမည်လော။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ထိုသမ္မာတရားကို တမ်းတနိုင်လိမ့်ဦးမည်လော။

လူအချို့က “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များစွာ ဖတ်ရှုပြီးဖြစ်သည်၊ ဘုရားသခင်၏ အသံတော်ကို ကြားပြီးဖြစ်သည်၊ မှန်သောလမ်းခရီးကို လက်ခံကာ ဘုရားနှုတ်ကပတ်တော်များအား မည်သို့ ဖတ်ရှုရမည်ဆိုသည်ကို သိရှိပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် ပြဿနာများကို ကျွန်ုပ် ဖြေရှင်းသည်၊ အခြားသူများ၏ အကူအညီ မလိုအပ်သကဲ့သို့ ဤအရာက ကျွန်ုပ်၏ ဘဝ ကြီးထွားနိုင်သည်ကို သေချာစေပါသည်”ဟု ဆိုကြသည်။ သင်သည် ထိုသို့ ပြောဆိုသည့်အခါ အမှုအရာများကို ပုံကြီးချဲ့လွန်းပေသည်။ သင်သည် မိမိတစ်ကိုယ်တည်းကိုသာ မှီခိုအားထားခြင်းဖြင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းမပေးပါက ထိုနှုတ်ကပတ်တော်များကို သင် နားလည်နိုင်သလော။ ဘုရားနှုတ်ကပတ်တော်များသည် သင့်ကို ဖော်ထုတ်ပြီး သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးခြင်းကို စိတ်ဖြာလေ့လာခြင်း မရှိခဲ့ပါက သင်သည် ပြောင်းလဲနိုင်စွမ်းရှိမည် မဟုတ်သကဲ့သို့ နားလည်နိုင်စွမ်းလည်း ရှိမည်မဟုတ်။ သိနားလည်မှု တစ်ခုတလေကို ရရှိရန် သင်အခက်တွေ့ပေမည်။ လူတို့သည် ဝတ္ထုများကို ဖတ်ရှုသည့်အခါ ကောင်းစွာ နားလည်ကြပြီး အဖြစ်အပျက်များစွာကို သတိရနိုင်ကြသည်။ ဝတ္ထုတစ်ပုဒ် ဖတ်ပြီးသည့်အခါ အခြားသူများကို ထိုအကြောင်း ချက်ချင်း ပြောပြနိုင်ကြသည်။ သို့ရာတွင် ဘဝနှင့်ဆိုင်သည့် ကိစ္စရပ်များသည် အခြားမည်သည့်အရာနှင့်မျှ မတူပေ။ ဘဝနှင့်ဆိုင်သည့် ကိစ္စရပ်များသည် အလွန့်အလွန် နက်နဲပြီး အနည်းငယ်မျှပင် သင် နားမလည်နိုင်မီ နှစ်များစွာ သင်ယုံကြည်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုကို တစ်သက်တာ တွေ့ကြုံနိုင်ပြီး မည်သည့်အခါတွင်မျှ လုံလောက်အောင် မတွေ့ကြုံရဆဲ ဖြစ်နိုင်သည်။ မည်သည့် မိန့်မြွက်ချက်ကို ဘုရားသခင် ပြုလုပ်သည်ဖြစ်စေ သင် အသက်ရှင်သရွေ့ ထိုအရာကို လုံလောက်အောင် မည်သည့်အခါတွင်မျှ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်။ သင်၏ အစွမ်းအစက မည်မျှ ကောင်းမွန်သည်ဖြစ်စေ သမ္မာတရားကို သင် နားမလည်နိုင်မီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သင် မှီခိုရဦးမည်ဖြစ်၏။ ဥပမာအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို ကြည့်လော့။ အလိမ်အညာများ ပြောဆိုခြင်း ပြဿနာကို သင် မဖြေရှင်းနိုင်မီ နှစ်ပေါင်းမည်မျှ သင် တွေ့ကြုံရမည်နည်း။ ယင်းမှာ သင်သည် တစ်နှစ်တာ၊ သို့မဟုတ် နှစ်နှစ်တာ အတွေ့အကြုံမျှသာ လိုအပ်ပြီးနောက် ကိစ္စပြီးသွားသည့်အကြောင်း၊ နောက်ထပ် မည်သည့် အလိမ်အညာများမျှ မပြောသည့်အကြောင်း၊ သင်သည် မလှည့်ဖြားတတ်တော့သကဲ့သို့ ယခု ရိုးသားသော လူတစ်ဦး ဖြစ်သွားသည့်အကြောင်း မဟုတ်ပေ။ ဤသည်မှာ မဖြစ်နိုင်ပေ။ သင်သည် ဤရလဒ်ကို မမြင်မီတွင် ဆယ်စုနှစ်အတော်များများ အတွေ့အကြုံ ရှိရမည်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အလွန် ရှုတ်ထွေးကြသောကြောင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်သောကြောင့်၊ ၎င်းတို့၏ အယူအဆများက ၎င်းတို့အား သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ၊ ဘုရားသခင်ကို သိကျွမ်းခြင်းမှ တားဆီးသောကြောင့်၊ ၎င်းတို့၏ ကြံရွယ်ချက်များက ၎င်းတို့၏ စိတ်သဘောထားများအား မပြောင်းလဲရန် တားဆီးထားသောကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ တားဆီးသောကြောင့်ဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်များ၊ စကားတို့နှင့် ပတ်သက်၍ ၎င်းတို့ ခံယူသည့် အမြင်များနှင့် သဘောထားများသည် ၎င်းတို့ကို သမ္မာတရား သိနားလည်ခြင်းမှ တားဆီးထားသောကြောင့် ဖြစ်သည်။ သင်သည် နိုင်ငံတော်ခေတ်တွင် ရရှိရန် လူတို့ကို ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားဘက်တွင် ပြောဆိုကာ ပြုမူဆောင်ရွက်နိုင်ပါက သင်သည် သူ၏ အမှုတော်ကို အလွယ်တကူ ကျိုးနွံနာခံနိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်နိုင်ပေသည်။ သင်သည် သမ္မာတရားဘက်တွင် မရပ်တည်ပါက ဘုရားသခင်ထံမှ သွေဖည်သွားပြီးဖြစ်လိမ့်မည်၊ သို့မဟုတ်ပါက ဘုရားသခင်ကို ဆန့်ကျင်ရာတွင် သင် ရပ်တည်နေလိမ့်မည်။ သင်သည် ထိုမျှ အချိန်ကြာမြင့်စွာ တရားဒေသနာများစွာ နားထောင်ပြီး ဘုရားသခင်ကို ယုံကြည်ပြီးရုံဖြင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် ချို့တဲ့နေသေးခြင်း မရှိတော့ဟု မထင်လိုက်နှင့်။ သမ္မာတရား လိုက်စားခြင်းသည် အသက်ကို ရရှိခြင်းနှင့် သက်ဆိုင်၏။ ယင်းမှာ ထာဝရအသက်ကို ရရှိရန် ဖြစ်သည်။ သမ္မာတရားသည် ထာဝရအစဉ် မပြောင်းလဲနိုင်၊ အမြဲ အပ်စပ်မှုရှိသည်၊ မည်သည့်အခါတွင်မျှ စွန့်ပစ်၍မရ၊ ငြင်းမရနိုင်၊ ပိတ်ပင်မရနိုင်ပေ။ ဤသည်မှာ သမ္မာတရား၏ တန်ဖိုးနှင့် အရေးပါမှုဖြစ်သည်။ သမ္မာတရားသည် အမြင့်မားဆုံး၊ အနက်နဲဆုံးနှင့် အဖိုးထိုက်တန်ဆုံးသော အရာဖြစ်သည်။ ယင်းသည် တန်ဖိုးရှိပြီး လူတစ်ဦးသည် တစ်သက်တာ ကြုံတွေ့ပြီးသည့်နောက်တွင်ပင် ယင်းကို အနည်းငယ်သာ နားလည်ပြီး ရရှိနိုင်၏။

တစ်စုံတစ်ဦးက “ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး အိမ်တွင် ကျွန်ုပ်ဘာသာ ကျွန်ုပ်၏ ယုံကြည်ခြင်းကို စီမံကာ ထိုနည်းတူစွာ ဓမ္မတေးသီချင်းများကို သီဆိုပြီး ဘုရားသခင်ကို ဆုတောင်းသည်။ မည်သည့် အဆင့်တွင်ရှိသည်ဖြစ်စေ အမှုတော်နောက် ကျွန်ုပ်လိုက်ပြီး အဆုံးထိ ဤယုံကြည်ခြင်းကို စောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို စွန့်ပစ်လိမ့်မည် မဟုတ်ပါ”ဟု ဆိုသည်။ ဤသည်ကို သင် မည်သို့ တွေးထင်သနည်း။ အိမ်တွင် မိမိ၏ ယုံကြည်ခြင်းကို ကျင့်သုံးခြင်းအားဖြင့် အဘယ်သို့ သမ္မာတရားကို သင် လိုက်စားနိုင်မည်နည်း။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းမရှိဘဲနှင့် ဘုရားသခင်၏ အမှုတော်ကို သင်မည်သို့ တွေ့ကြုံနိုင်မည်နည်း။ သင်သည် မိမိတာဝန်ကို မထမ်းဆောင်ပါက ထုတ်ဖော်ပြခံလိမ့်မည် မဟုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ရှိသဖြင့် သင်သည် မိမိကိုယ်ကို မည်သို့ သုံးသပ်မည်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် မည်သို့ တွေ့ကြုံမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို မည်သို့ ဖော်ထုတ်ပြီး ပြုပြင်လိမ့်မည်နည်း။ လူတို့သည် ဤအရာများကို အိမ်တွင် မတွေ့ကြုံနိုင်ကြချေ။ လက်တွေ့ကျသည့် အတွေ့အကြုံမရှိဘဲနှင့် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိလာနိုင်သလော။ အမှန်တကယ် ပြောင်းလဲနိုင်သလော။ ပြောင်းလဲမှုသည် ဖြစ်နိုင်မည်မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန် အသင်းတော်အသက်တာကို သင် အသက်ရှင်ရမည်ဖြစ်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ အမှုအရာများကို ကောင်းမွန်စွာ သင် တွေ့ကြုံနိုင်ပေသည်။ သင်သည် မိမိ၏ ယုံကြည်ခြင်းကို အိမ်တွင် ဆယ်နှစ်ခန့်၊ အနှစ်နှစ်ဆယ်ခန့် ကျင့်သုံးပြီး အဆင်းနီသော နဂါးကြီးသည် ပြိုလဲကာ ကပ်ဘေးကြီးများ ပြီးစီးပြီးဖြစ်ပါက စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို သင်ပြောဆိုနိုင်မည်လော။ ဘုရားသခင် ဆင်းရဲဒုက္ခ ခံခဲ့သည့်အတိုင်း သင် ဆင်းရဲဒုက္ခခံရပြီး ဖြစ်လိမ့်မည်လော။ ထိုသို့သော လှပသည့် သက်သေကို ခံမည့် ဘုရားသခင်၏ လူတို့သည် အမှန်တကယ် ပြောင်းလဲကြပြီး ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကာ သူ့ကို အမှန်တကယ် သစ္စာစောင့်သိကြလိမ့်မည်။ ထိုသို့သော သက်သေကို သင် ခံနိုင်မည်လော။ ထိုအချိန်တွင် သင်လုံးလုံးလျားလျား အရှက်ရမည်ကို ငါ စိုးရွံ့မိသည်။ ခေါ်တော်မူသောသူ အများရှိသော်လည်း ရွေးကောက်တော်မူသောသူ နည်း၏ဟု ဘုရားသခင် ပြောဆိုခဲ့သည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် သမ္မာတရားကို ချစ်သောသူတို့သည် အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို ချစ်ဖို့ ဝေးစွ၊ သမ္မာတရားကို လက်ခံနိုင်စွမ်းပင် မရှိကြချေ။ ဤအရာကို ငါ အဘယ့်ကြောင့် ပြောသနည်း။ လူအချို့သည် ဘုရားသခင်ကို လက်ခံလာကြပြီး အိမ်တွင် အရာရာ အဆင်ပြေနေစဉ်တွင် ၎င်းတို့ မကျေမနပ်ဖြစ်ခြင်း မရှိကြပေ။ သို့ရာတွင် တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ၊ မိသားစုဝင်တစ်ဦး နာဖျားပြီး ဆေးရုံတင်ရသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ သားသမီးက ကောလိပ်မရောက်သည့်အခါ၊ သို့မဟုတ် ကပ်ဘေးအချို့ ဖြစ်ပွားသည့်အခါ ၎င်းတို့သည် စားပွဲကို မိမိတို့လက်သီးဖြင့် ထုကာ “ဟာ။ ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်ုပ်ကို မည်သည့်အရာ ရရှိစေသနည်း။ ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးမပေးလေပြီ။ ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်၊ ကျွန်ုပ်၏ တစ်မိသားစုလုံး၊ ကျွန်ုပ်၏ ကလေးများ၊ ကျွန်ုပ်၏ ခင်ပွန်း (သို့မဟုတ် ဇနီး) အပြင် ကျွန်ုပ်၏ မိခင်နှင့် ဖခင်၊ လူတိုင်းအပါအဝင် ကျွန်ုပ်နှင့် ပတ်သက်သည့် အရာရာကို ကောင်းချီးပေးသင့်သည်။ ကျွန်ုပ်၏ မိသားစုထံ ဤအရာမဖြစ်ခဲ့ပါက ကျွန်ုပ်သည် သမ္မာတရားကို စိတ်ထက်သန်စွာ လိုက်စားနေခဲ့မည် မဟုတ်လော”ဟု ပြောဆိုလျက် ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ကြလေသည်။ ၎င်းတို့သည် သမ္မာတရား မရရှိခြင်းအတွက် ထိုသို့သော ဆင်ခြေများကို ဖန်တီးကြသည်။ ၎င်းတို့၏ ဆင်ခြေများသည် သမ္မာတရား၏ နေရာယူနိုင်သလော။ ၎င်းတို့က မိမိတို့၏ ဆင်ခြေများသည် လုံးဝ လုံလောက်ပြီး ခိုင်လုံကာ စောဒကတက်သည်မှာ မှန်ကန်သင့်လျော်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် စမ်းသပ်မှုများနှင့် အတိဒုက္ခများ ကြုံမနေရချိန်တွင် ဘုရားသခင်နှင့် ပတ်သက်၍ စောဒကမတက်ကြချေ။ ဘုရားသခင် ကြီးမြတ်ပြီး အံ့ဖွယ်ဖြစ်ပုံကို ၎င်းတို့ ဟစ်ကြွေးကြသည်။ သို့ရာတွင် စမ်းသပ်မှုများနှင့် အတိဒုက္ခများ ရောက်ရှိသည့်တစ်ခဏတွင် ဘုရားသခင်နှင့် ပတ်သက်၍ ၎င်းတို့၏ စောဒကတက်လိုစိတ်က အချိန်မရွေး ပေါက်ထွက်လာနိုင်၏။ ၎င်းတို့သည် အမှုအရာများကို မတွေးဆကြသကဲ့သို့ သေချာ အချိန်ယူကာ စဉ်းစားချင့်ချိန်ခြင်း မရှိကြချေ။ မိမိတို့၏ ခံစားချက်များကို အလိုအလျောက် ဖွင့်ထုတ်လိုက်ကြသည်။ လူအချို့အတွက်မူ မိမိတို့မိသားစုများထံ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်း မရှိသော်ငြားလည်း မိမိတို့၏ ခြံမွေးတိရစ္ဆာန်များထံ တစ်စုံတစ်ခု ဖြစ်ပျက်ရာတွင် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စောဒကတက်ကြလေသည်။ ဤသည်မှာ အလွန် အသိတရားမဲ့သည် မဟုတ်လော။ လူတစ်ဦးသည် မိမိတို့မိသားစုထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် ၎င်းတို့အပေါ် မည်သည့်ကပ်ဘေး ကျရောက်ပါစေ၊ ဘုရားသခင်နှင့် ပတ်သက်၍ စောဒကမတက်၊ သို့မဟုတ် ထိုကိစ္စရပ်ကို နှလုံးမသွင်းသည့် အဆင့်ကို ရောက်နိုင်ပါက၊ မည်သည့်အရာဖြစ်ပျက်ပါစေ မိမိတို့ တာဝန်အား၊ သို့မဟုတ် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ၎င်းတို့၏ အသုံးတော်ခံခြင်းအား နှောင့်နှေးမှု မရှိစေသည့်အခါ ဘုရားသခင်ကို ၎င်းတို့၏ ကျိုးနွံနာခံမှု မထိခိုက်သည့်အခါနှင့် ဖြစ်ပြီးသည့် အရာသည် ဘုရားသခင်ကို ချီးမွမ်းခြင်းမှ ၎င်းတို့ကို မတားဆီးသည့်အခါ ဤအရာက ဘုရားသခင်ကို ယုံကြည်သည့် ၎င်းတို့၏ စိတ်နှလုံးသည် ဖြူစင်သော စိတ်နှလုံးတစ်ခု ဖြစ်သည်ကို သက်သေပြပေသည်။ “လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံစားရမည်” ဟူသည့် အမြင်သည် မှားယွင်း၏။ သင်သည် ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် ဤအမြင်ကို အမြဲ ဖက်တွယ်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်။ မိမိတို့ဘဝများတွင် နေ့စဉ် ရှင်သန်အလုပ်များနေကြသည့် သင်၏ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် ဆွေမျိုးများကို ကြည့်လော့။ ကပ်ဘေးများ ရောက်ရှိလာသည့်အခါ ၎င်းတို့ အမှန်တကယ် လွတ်မြောက်နိုင်ကြမည်လော။ လွတ်မြောက်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်၏ယုံကြည်မှုတွင် သင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ကပ်ဘေးများ၏ အပြစ်ပေးခြင်းကို မလွတ်မြောက်နိုင်ဘဲ သင်၏ ဆွေမျိုးများကဲ့သို့သာ ရှိနေပါက ၎င်းတို့နှင့်အတူ သင်ပျက်စီးသွားရလိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိနိုင်ပါက စာတန်တို့ကို သင် ငြင်းပယ်နိုင်လိမ့်မည် ဖြစ်ပြီး “သူတို့သည် ဘုရားသခင်ကို မယုံကြည်ကြပါ။ သူတို့သည် မကောင်းဆိုးဝါးများဖြစ်ပြီး ကပ်ဘေးများတွင် ပျက်စီးသင့်ကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ငါ့ကို တားဆီးရန် ကြိုးစားကြလေ့ရှိပြီး ဘုရားသခင်ကို အာခံမှုဖြင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အမှုအရာများကို ပြောကြသည်။ ကပ်ဘေးများထဲတွင် သူတို့ သေဆုံးသည့်အခါ ၎င်းတို့သည် ထိုက်တန်သော စွန့်ပစ်ခြင်းကို ခံရခြင်း ဖြစ်သည်။ ဤတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ပြည့်စုံလေပြီ”ဟု တွေးလိမ့်မည်။ သင်သည် ယခင်က ဤယုံကြည်ခြင်း မရှိခဲ့သကဲ့သို့ မကောင်းဆိုးဝါးများကို မကျိန်ဆဲဝံ့ခဲ့ပေ။ ယခုတွင် သင်သည် မကောင်းဆိုးဝါး၏ စစ်မှန်သည့် သဘောသဘာဝများကို မြင်ပြီး သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို အာခံသည့် ဤမကောင်းဆိုးဝါးများအား တိုး၍ မုန်းတီးမိလေသည်။ ပြီးလျှင် ၎င်းတို့ သေဆုံးပါက သင်လုပ်ရန်လိုအပ်သမျှမှာ ၎င်းတို့ကို မြေမြှုပ်သင်္ဂြိုလ်ရန် ဖြစ်သည်။ ဤသို့ ၎င်းတို့ကို ချဉ်းကပ်နိုင်ခြင်းက သင်၏ စိတ်နှလုံးသည် အမှန်တကယ် ဘုရားသခင်ဘက်သို့ လှည့်ပြီးဖြစ်ကြောင်း ပြပေသည်။ သင်သည် “လူတစ်ဦး ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံရသည်၊ မိသားစုက ကျွေးမွေးပြုစုထားသည့် တိရစ္ဆာန်များပင်လျှင် ကောင်းချီးခံစားရသည်၊ အိမ်က ကောင်းချီးခံစားရပြီး၊ မြေရှိ ကောက်ပဲသီးနှံများ ကောင်းချီးခံစားရသည်”ဟု ယုံကြည်လျက် သင်၏ စိတ်နှလုံးတွင် အယူအဆများနှင့် စိတ်ကူးများကို စွဲကိုင်ထားဆဲဖြစ်ပါက ဤအရာများက သင့်အား သမ္မာတရား လိုက်စားခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းမှ တားဆီးလိမ့်မည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ဆီသို့သက်သက်၊ ဘုရားသခင်ဆီသို့သာ လှည့်ပါက ၎င်းတို့၏ စိတ်နှလုံးသည် အလွန်ဖြူစင်ပြီး ရိုးရှင်းလာကာ ထိုအချိန်ရောက်လာသည့်အခါ ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် အလွန်နည်းပါးလေသည်။ ယခုတွင် သင်သည် အဘယ်ကြောင့် အလွန်များစွာ ဆင်းရဲဒုက္ခခံစားရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် သင်၏ မိသားစုအတွက်၊ သင်၏ သားသမီးများအတွက် အလွန်များသော အားထုတ်မှုကို သုံးလျက် ဟိုသည် ပြေးလွှားကာ အလုပ်များရင်း တစ်နေ့လုံး အချိန်ကုန်ဆုံးသောကြောင့် ဖြစ်သည်။ သင်သည် အသင်းတော် အတွက် သက်သက်သာ မိမိကိုယ်ကို အသုံးခံပါက သင်သည် သာ၍များစွာ သက်သောင့်သက်သာဖြစ်မည်ဟု ငါ ပြောဝံ့သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင် မခံနိုင်သည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ သင် စောဒကတက်လာသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် ယခု မိသားစုကိစ္စများဖြင့် အလွန်အလုပ်များနေပြီး အသင်းတော် ကိစ္စများဖြင့် အလုပ်များသည်မှာ အလွန်နည်းပါးသောကြောင့်၊ ပြီးလျှင် သင်၏ အိမ်အရေးကိစ္စများက အလွန်ကြီးလေးလာသောကြောင့် အတိအကျ ဖြစ်ပေသည်။ သို့ရာတွင် အမှန်၌ သင်သည် ဘုရားသခင်အား မည်မျှ ဆက်ကပ်ပူဇော်ပြီးပြီနည်း။ သင်သည် ပြောပလောက်သည့် မည်သည့်အရာကိုမျှ လုံးဝ ဆက်ကပ်ပူဇော်ခြင်း မရှိပေ။ သင်သည် အိမ်၏ ကိစ္စများနှင့် သင့်ကိုယ်ပိုင် ဇာတိပကတိအတွက် အလွန်များစွာ ဟိုသည် ပြေးလွှားကာ အလုပ်များနေဆဲဖြစ်သောကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်သို့ သင်စောဒကတက်နိုင်ရသနည်း။ ဘုရားသခင်နှင့် ပတ်သက်၍ သင် နောက်ထပ် စောဒကမတက်ရ။ ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုသည် သမ္မာတရားကို ရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်ကို သိရှိရန် အခွင့်အရေးတစ်ခု ရှိ၏။ ဤသည်မှာ အလွန်အရေးပါ၏၊ အခြားမည်သည့်အရာမဆိုထက် သာ၍ အရေးကြီးပြီး သင်ကယ်တင်ခြင်း ရမည် မရမည်ဆိုသည့် ကိစ္စနှင့် တိုက်ရိုက်ဆက်နွှယ်၏။ သို့ရာတွင် ပထမဦးစွာ အတိတ်ကာလမှ သင်၏ မမှန်ကန်သည့် ကြံရွယ်ချက်များ၊ အမြင်များနှင့် သိနားလည်မှုတို့အပြင် သင့်အတွင်းရှိ သင် လိုက်စားသည့် ထိုအရာများကို ယူကာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ စိတ်ဖြာလေ့လာဆွေးနွေးပြီး သိရှိလာရမည်။ ဤအရာများကို သင် ရှင်းလင်းစွာ မြင်လာနိုင်သည့်အခါ ယင်းတို့ကို လျှော့ချခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ ဤအရာများကို သာ၍ ရှင်းလင်းစွာနှင့် ထိုးထွင်းမှုရှိစွာ မြင်နိုင်လေ၊ ဤဟောင်းသော၊ မှားယွင်းသော အရာများအားလုံးကို စွန့်နိုင်သည်အထိ အမှုအရာများကို သာ၍ သင် လက်လွှတ်လေ ဖြစ်လိမ့်မည်။ ထိုအခါ သင်သည် သာ၍ များစွာ စိုးရိမ်သောက ကင်းလိမ့်မည်ဖြစ်ကာ သင် နားလည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့ကို သက်သေခံနိုင်သည့်အခါ ဖြည်းဖြည်းချင်း သင် စတင် ပြောင်းလဲလိမ့်မည်။ ယခုတွင် သင်သည် ဤဦးတည်ချက်ဖြင့် လက်တွေ့လုပ်ဆောင်ခြင်းနှင့် လေ့ကျင့်ခြင်းကို စတင်သင့်ပြီး ထိုအရာများ၏ ဘောင်ခတ်ခြင်းနှင့် နှောင့်ယှက်ခြင်းကို သင် တဖြည်းဖြည်း ခံရလိမ့်မည် မဟုတ်တော့ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။