ပေါလု၏ သဘာဝ အနှစ်သာရကို ခွဲခြားသိမြင်နည်း (အပိုင်း တစ်)

“အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” ဟု အမည်ပေးထားသည့် ဘုရားနှုတ်ကပတ်တော် အခန်းနှင့်ပတ်သက်၍ သင်တို့သည် အလွန်ကြာမြင့်စွာ မိတ်သဟာယပြုပြီး ဖြစ်သည်။ ယင်းက မည်သည့်အမှုကိစ္စများကို ဆွေးနွေးပြီး မည်သည့်သမ္မာတရားများနှင့် သက်ဆိုင်သနည်း။ (ယင်းမှာ လူက ယုံကြည်သူအဖြစ် လျှောက်သည့်လမ်းကြောင်းနှင့် သက်ဆိုင်သည်။) ဤအကြောင်းအရာသည် ပေတရုနှင့် ပေါလုတို့လျှောက်သော လမ်းကြောင်းများကို အဓိကအားဖြင့် ဗဟိုပြုထားသည်။ ငါ မှန်သလော။ အလွန်ကြာမြင့်စွာ မိတ်သဟာယပြုပြီးသည့်နောက် သင်တို့သည် ဤအရာမှ တစ်စုံတစ်ခုကို ရရှိပြီးဖြစ်သည်ဆိုသည်မှာ ငါသေချာသည်။ များစွာသောအရာများကို ရရှိပြီးဖြစ်ဖို့ များသည်။ သင်တို့သည် ဤအချိန်ကာလအတွင်းတွင် သင်တို့နားထောင်ခဲ့သော ဤတရားဒေသနာများ၏ လိုရင်းကို အနှစ်ချုပ်ရမည်။ ထို့နောက်တွင် ဤအရာမှ အဓိကကျသောအရာများကို အမျိုးအစားခွဲထုတ်ပြီး ဤစဉ်းစားပုံမျိုးဖြင့် သင်တို့ အနှစ်ချုပ်ခဲ့သော အရေးကြီးသောအရာများနှင့် အကြောင်းအရာများနှင့်အညီ သွား ဆက်လက်၍ တွေ့ကြုံရမည်။ ဤသည်မှာ ဘုရားအမှုတော်ကို မည်သို့တွေ့ကြုံရမည်၊ သင်တို့တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်၊ လက်တွေ့ဘဝ၌ မည်သို့ကောင်းစွာ သက်သေခံရမည်ဆိုသည်တို့နှင့်ပတ်သက်ပြီး သင်တို့ကို ကူညီပေးလိမ့်မည်။ သင်တို့ အနှစ်ချုပ်ပြီးနောက်တွင် သင်တို့၏ အသက်ဝင်ရောက်မှုနှင့် ဝိညာဉ်ရင့်ကျက်မှုတို့သည် ရှေ့သို့ ကြီးသောခြေလှမ်းတစ်ခု လှမ်းလိမ့်မည်ဟု ငါမျှော်လင့်သည်။ ဤသို့ဆိုလျှင် ထိုအခန်းမှ သင်တို့နားလည်ရမည့် သမ္မာတရားလက်တွေ့ကျမှုများကို သင်တို့ အနှစ်ချုပ်သောအခါ ပေါလု၏ အတွေ့အကြုံဖြင့် စတင်မည်လော၊ သို့မဟုတ် ပေတရု၏ အတွေ့အကြုံဖြင့် စတင်မည်လော။ (ပေါလု၏ အတွေ့အကြုံဖြင့် စတင်ပါမည်။) အဘယ်ကြောင့်နည်း။ (ပေါလုကျရှုံးခဲ့သည့် အကြောင်းရင်းများကို အခြေခံ၍ ကျွန်ုပ်တို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပေါလု၏ လမ်းကြောင်းပေါ်၌ ရှိမရှိကို သိလိမ့်မည်။ ထို့နောက်တွင် ကျွန်ုပ်တို့၌ လိုက်စားရမည့်ပန်းတိုင်တစ်ခုနှင့် ဦးတည်ချက်တစ်ခုရှိဖို့ရန်အတွက် မည်သည့်လမ်းကြောင်းမျိုးပေါ်၌ ပေတရုရှိသည်ကို ကျွန်ုပ်တို့ကြည့်မည်။) အမှန်တကယ်တွင် ယင်းသည် ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ ပေါလုဖြတ်သန်းခဲ့သော အရာရာတိုင်းနှင့် သူလိုက်လျှောက်ခဲ့သောလမ်းမှ သင်ခန်းစာများယူပြီး အတွေ့အကြုံများကို အနှစ်ချုပ်လော့။ သူသည် မည်သည့်လမ်းပေါ်တွင်ရှိသည်၊ ဘုရားသခင်သည် အဘယ်ကြောင့် ယုံကြည်သူများကို မှန်ကန်သောလမ်းကြောင်းအား လိုက်လျှောက်ရန် တောင်းဆိုသည်၊ မှန်ကန်သောလမ်းကြောင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို နားလည်လော့။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို သင်လိုက်လျှောက်နိုင်လျှင် သင်သည် လက်တွေ့ဘဝအခြေအနေများ၌ လမ်းလွဲသွားခြင်းအပြင် သင်၏တာဝန်ထမ်းဆောင်သည့် အချိန်ကာလအတွင်းတွင် ဘုရားအမှုတော်အား တွေ့ကြုံစဉ်၌ လမ်းလွဲသွားခြင်းကိုလည်း ရှောင်ကြဉ်နိုင်လိမ့်မည်။ သင်သည် ဘုရားအမှုတော်ကို နှောင့်ယှက်ကာ မှားသောလမ်းကြောင်းပေါ်သို့ မှားယွင်းစွာ သက်ဆင်းသွားခြင်း၊ သို့မဟုတ် အဆုံး၌ ပေါလုကဲ့သို့ သင့်ကိုယ်သင်အပေါ် အပြစ်ဒဏ်ယူဆောင်မိစေခြင်းကိုလည်း ရှောင်ကြဉ်နိုင်လိမ့်မည်။

ယခုအခါတွင် ပေါလု၏ အတွေ့အကြုံများနှင့်ပတ်သက်ပြီး သူလျှောက်ခဲ့သည့်လမ်း၏ ဝိသေသလက္ခဏာများ၊ ဘုရားသခင်ကို သူယုံကြည်ခဲ့သည့် ပုံစံ၊ သူလိုက်စားခဲ့သည့် ပန်းတိုင်များနှင့် ဦးတည်ချက်တို့ကို အနှစ်ချုပ်ကြစို့။ ငါတို့သည် ရှေးဦးစွာ ပေါလု၏လူ့သဘာဝအရည်အသွေးနှင့် သူ၏ စိတ်သဘောထားကို ဤရှုထောင့်များမှ ကြည့်မည်။ ပေါလု၏ အသက်တာနှင့် သူ့တွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများကို အကဲဖြတ်လျှင် သူ၏ စိတ်သဘောထားနှင့်ပတ်သက်၍ သွင်ပြင်လက္ခဏာအနည်းငယ်ရှိသည်။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို မုန်းတီးခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရက်စက်ခြင်းတို့ ဖြစ်သည်။ လူတို့သည် ပေါလု၏ စိတ်သဘောထား၏ အဓိကသွင်ပြင်လက္ခဏာ မည်မျှကို မြင်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် အနှစ်ချုပ်နိုင်သည်ဖြစ်စေ သူ၏ ဤစိတ်သဘောထားဆိုင်ရာ သွင်ပြင်လက္ခဏာများအကြောင်းကိုသာပြောလျှင် ယင်းသည် အလွန်ပင် အနှစ်မဲ့သည်ဟု သင်ခံစားရဖို့များလိမ့်မည်။ ငါပြောသည်မှာ မှန်သလော။ သူ၏ စိတ်သဘောထားဆိုင်ရာ ဤသွင်ပြင်လက္ခဏာများအကြောင်းကို သင်ပြောသောအခါ ယင်းတို့သည် သူ၏ လိုက်စားမှုများ၊ သူ့အသက်တာ၏ ဦးတည်ချက်၊ ယုံကြည်သူတစ်ဦးအဖြစ် သူလိုက်လျှောက်သည့်လမ်းကြောင်းတို့နှင့် ဆက်နွှယ်သလော။ သူ၏ မာနထောင်လွှားမှုအကြောင်းကို သင်ပြောဆိုသောအခါ ယင်းကို ပံ့ပိုးပေးရန် အချက်အလက်တစ်ခုခုရှိသလော။ သူသည် မာနထောင်လွှားသည်ဟု မည်သည့်အရာက သင့်ကို မြင်စေသနည်း။ သူသည် လှည့်ဖြားတတ်သည်ဟု မည်သည့်အရာက သင့်ကို မြင်စေသနည်း။ သူသည် သမ္မာတရားအား မုန်းတီးသည်ဟု မည်သည့်အရာက သင့်ကို မြင်စေသနည်း။ သင်သည် သူ၏ စိတ်သဘောထားဆိုင်ရာ ဤသွင်ပြင်လက္ခဏာများ၏ အနှစ်သာရကိုသာ အနှစ်ချုပ်ပြီး သူ၏ လိုက်စားမှုများ၊ သူ့အသက်တာ၏ ဦးတည်ချက်၊ ယုံကြည်သူအဖြစ် သူလိုက်လျှောက်သည့်လမ်းကြောင်းတို့အကြောင်း မပြောပါက ယင်းတို့သည် အနှစ်မရှိသော စကားများဖြစ်ပြီး ယခုတွင် လူတို့အတွက် မည်သည့်အပြုသဘောဆောင်သော၊ သို့မဟုတ် အကျိုးဖြစ်သောအသုံးဝင်မှုမျှ ရှိမည်မဟုတ်ပေ။ ပေါလု၏ လိုက်စားမှုများနှင့် သူ့လမ်းကြောင်း၏ ရှုထောင့်မှ စကားပြောသည်က ပိုကောင်းသည်။ လူတစ်ယောက်၏ အနှစ်သာရကို နားလည်ရန်မှာ ရိုးရှင်းသောကိစ္စတစ်ခုမဟုတ်။ လူတစ်ယောက်သည် မည်သည့်အရာကိုမျှ မလုပ်သောအခါ၊ သို့မဟုတ် အရေးမကြီးသောအရာအနည်းငယ်ကိုသာ လုပ်ဆောင်သောအခါ သူ၏ သဘာဝအနှစ်သာရကို ကောက်ချက်မချနိုင်ပေ။ ၎င်းတို့သည် မိမိကိုယ်ကို မည်သို့ပုံမှန် ထုတ်ဖော်သည်ဆိုသည်နှင့် ၎င်းတို့လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် အရင်းခံအကြောင်းရင်းတို့ကို သင်ကြည့်ရမည်။ ဆိုလိုသည်မှာ ၎င်းတို့၏ လိုက်စားမှုများ၊ ဆန္ဒများနှင့် ၎င်းတို့ လိုက်လျှောက်သည့်လမ်းကြောင်းကို ကြည့်ရမည်။ ပို၍ပင် အရေးကြီးသည့် သွင်ပြင်လက္ခဏာတစ်ခုမှာ လူတစ်ယောက်သည် ဘုရားသခင်က သူ့အတွက် စီမံပေးထားသည့် အခြေအနေတစ်ခုကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် ထိုသူအား စစ်ကြောခြင်း၊ စစ်ဆေးခြင်း၊ ပြုပြင်ခြင်းကဲ့သို့သော အရာတစ်ခုကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်သောအခါ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တော်တိုင်က ထိုသူအား အလင်းပေးပြီး လမ်းပြသောအခါတို့တွင် ထိုသူက မည်သို့ကိုင်တွယ်သည်ဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ ဘုရားသခင်သည် အဓိကအားဖြင့် ဤသွင်ပြင်လက္ခဏာများကို ကြည့်သည်။ ဤသွင်ပြင်လက္ခဏာများသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ယင်းတို့သည် လူတစ်ယောက်က လုပ်ဆောင်သည့်၊ အသက်ရှင်သည့်၊ ကျင့်ကြံပြုမူပြီး ကမ္ဘာလောကနှင့် အပြန်အလှန်ဆက်ဆံသည့် စည်းမျဉ်းများနှင့်သက်ဆိုင်သကဲ့သို့ ထိုသူလိုက်စားသည့် ပန်းတိုင်များနှင့် ဦးတည်ချက်၊ လိုက်လျှောက်သည့်လမ်းကြောင်း၊ အသက်ရှင်သည့်ပုံစံ၊ မည်သည့်အရာအတိုင်း အသက်ရှင်သည်ဆိုသည်နှင့် သူ၏ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်တို့နှင့်လည်း သက်ဆိုင်သည်။ ဤသည်မှာ ယင်းတို့နှင့် သက်ဆိုင်သည့်အရာ ဖြစ်သည်။ ဤအတွက်ကြောင့် ငါတို့သည် ဤအရာအားလုံးကို ရှောင်ကြဉ်ပြီး ပေါလု၏ သဘာဝအနှစ်သာရအကြောင်းကိုသာ ပြောလျှင် ငါတို့ မည်မျှပြောသည်ဖြစ်စေ၊ ငါတို့သည် မည်မျှပြည့်စုံသည်ဖြစ်စေ ယင်းတို့သည် အနှစ်မရှိသောစကားများသာဖြစ်သည်ဟု ငါပြောခြင်း ဖြစ်သည်။ ငါတို့သည် ပေါလုအား သူသည်မည်သူဖြစ်သည်ဆိုသည်နှင့်ဆိုင်သော သွင်ပြင်လက္ခဏာတိုင်းမှ သူ၏ အနှစ်သာရကို ကြည့်ပြီး ယနေ့ခေတ်လူများကို ကူညီလျှင်၊ သို့မဟုတ် လူတို့အား မိမိတို့ကိုယ်ကို ကြည့်ရှုရန် မှန်တစ်ချပ်ပေးလျှင် ငါတို့သည် ပေါလုလိုက်လျှောက်သည့်လမ်းကြောင်း၊ သူ လိုက်စားသည့်ပန်းတိုင်များ၊ သူ၏ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်၊ ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ဦးစွာ အနှစ်ချုပ်ရမည်။ ဤရှုထောင့်များမှ ချဉ်းကပ်ခြင်းအားဖြင့် သူ၏ စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတိုင်းကို ငါတို့ စိစစ်လျှင် ငါတို့၌ အခြေပြုချက်တစ်ခု မရှိသလော။ ဤပုံစံဖြင့် မိတ်သဟာယဖွဲ့ခြင်းနှင့် အနှစ်ချုပ်ခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် ပေါလုအား သင် ပို၍ရှင်းလင်းစွာ မြင်နိုင်ရန်ဖြစ်သည်။ သို့သော် အဓိကအားဖြင့် ယနေ့ခေတ်လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် အချုပ်အခြာအာဏာကို ရင်ဆိုင်ရသောအခါ၊ ယင်းကို မည်သို့ချဉ်းကပ်ရမည်၊ သမ္မာတရားကို ၎င်းတို့ မည်သို့ လိုက်စားသင့်သည်ဆိုသည်ကို သိရန် ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ပေါလု၏ ခြေလှမ်းများနောက်သို့ လိုက်ခြင်းကို ရှောင်နိုင်ပြီး ပေါလုကဲ့သို့ အပြစ်ဒဏ်ပေးခံရခြင်းဖြင့် အဆုံးသတ်ခြင်းကို ရှောင်နိုင်ရန် ဖြစ်သည်။ ဤသည်မှာ အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။

ပေါလုက သူ့ကိုယ်သူ အသွင်ဆောင်သည့်ပုံစံအားလုံးကို သင်ကြည့်သည့်အခါတွင် သူ၏သဘာဝအနှစ်သာရကို သင်မြင်နိုင်သင့်သည်။ ပြီးလျှင် သူ၏ လိုက်စားမှုအတွက် ဦးတည်ချက်၊ ပန်းတိုင်များ၊ အရင်းအမြစ်နှင့် အရင်းခံအကြောင်းရင်းတို့သည် မှားယွင်းသည်ကိုလည်းကောင်း၊ ဤအရာများသည် ဘုရားသခင်အပေါ် ပုန်ကန်ပြီး အာခံသည်၊ ဘုရားသခင်ကို သဘောမကျဖြစ်စေသည်၊ ဘုရားသခင်က စက်ဆုပ်ရွံရှာသည်ဆိုသည်ကိုလည်းကောင်း အပြည့်အဝ ကောက်ချက်ချနိုင်စွမ်းရှိသင့်သည်။ ပေါလုက သူ့ကိုယ်သူ တင်ပြသည့် ပထမဆုံးအဓိကပုံစံမှာ အဘယ်နည်း။ (သူသည် အပြန်အလှန်အနေဖြင့် သရဖူရဖို့ရန်အတွက် အပင်ပန်းခံပြီး အလုပ်လုပ်သည်။) သူသည် ဤပုံစံဖြင့် သူ့ကိုယ်သူ တင်ပြသည်ကို၊ သို့မဟုတ် သူသည် ဤအခြေအနေတွင် ရှိသည်ကို မည်သည့်နေရာတွင် သင်တို့ မြင်ခဲ့သနည်း။ (သူ့စကားများမှတစ်ဆင့် ဖြစ်သည်။) သူ၏ ထင်ရှားသော အဆိုအမိန့်များမှတစ်ဆင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ထင်ရှားသော အဆိုအမိန့်များသည် အပြုသဘောဆောင်ပြီး စိတ်ပိုင်းဖြတ်ချက်၊ မျှော်လင့်ချက်၊ ပြင်းပြသောဆန္ဒရှိသည့်သူတို့အတွက် အထောက်အကူဖြစ်ကာ အကျိုးရှိသည်။ ဤသို့သောသူများကို အားပေးပြီး တွန်းအားပေးနိုင်သည်။ သို့သော် ပေါလု၏ ထင်ရှားသောအဆိုအမိန့်များ၏ အသုံးဝင်မှုမှာ အဘယ်နည်း။ သူ့တွင် အဆိုအမိန့်များစွာရှိသည်။ သူ၏ ပို၍ ထင်ရှားသောအဆိုအမိန့်များထဲမှ တစ်ခုကို သင် ရွတ်ဆိုနိုင်သလော။ (“ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈)) ဤစကားများသည် သူ၏ သဘာဝအနှစ်သာရ၏ မည်သည့်သွင်ပြင်လက္ခဏာကို ကိုယ်စားပြုသနည်း။ ယင်းကို သမ္မာတရားနှင့်အညီ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ (မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းနှင့် ဘုရားသခင်နှင့် အပေးအယူပြုလုပ်ခြင်း ဖြစ်သည်။) ဤစကားများကို ပြောဆိုရန် သူ့ကို လှုံ့ဆော်ခဲ့သည်မှာ သူ၏ မာနထောင်လွှားသောသဘာဝဖြစ်သည်။ သူသည် အဆုံး၌ သရဖူမရှိလျှင် ပြေးရသောလမ်းကို ပြေးမည်မဟုတ်။ အလုပ်လုပ်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကိုပင် ယုံကြည်မည်မဟုတ်။ တရားဒေသနာများစွာကို နားထောင်ပြီးနောက်တွင် လူတို့သည် ယခုအခါ၌ ပေါလု ထုတ်ဖော်ခဲ့သည့် ဤသရုပ်သကန်နှင့် ဤအခြေအနေကို သိမြင်နိုင်သင့်သည်။ သို့သော် ယင်းကို သင်တို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ “အနှစ်ချုပ်” ဟု ငါတို့ဆိုသောအခါ တစ်စုံတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုရန် သင်အသုံးပြုသည့် စကားလုံးများသည် စစ်မှန်သောနားလည်မှုဖြစ်သည်။ သင်သည် တစ်စုံတစ်ခုကို မှန်ကန်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်လျှင် သင်သည် ထိုအမှုကိစ္စကို ရှင်းလင်းစွာမြင်သည်ကို သက်သေပြသည်။ တစ်စုံတစ်ခုကို သင်အဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘဲ အခြားလူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ ကူးယူလျှင် သင်သည် အမှန်တကယ် နားမလည်သည်ကို သက်သေပြသည်။ ထိုအချိန်အခိုက်အတန့်တွင် ထိုစကားများကို ပြောရန် ပေါလုကို မည်သည့်စိတ်နေစိတ်ထား၊ သို့မဟုတ် အခြေအနေက လှုံ့ဆော်ခဲ့သနည်း။ မည်သည့်ရည်ရွယ်ချက်က သူ့ကို ထိုသို့ပြုလုပ်စေခဲ့သနည်း။ ဤစကားများက သင့်ကိုပြသည့် သူ့လိုက်စားမှု၏ အနှစ်သာရမှာ အဘယ်နည်း။ (ကောင်းချီးများရရှိရန် ဖြစ်သည်။) သူ၏ ရည်ရွယ်ချက်မှာ ကောင်းချီးများရဖို့ ဖြစ်သောကြောင့် ကြိုးစားပြေးခြင်း၊ သူ့ကိုယ်သူ အသုံးခံပြီး သူ့ကိုယ်သူများစွာ ပေးဆပ်ခြင်း ဖြစ်သည်။ ယင်းသည် သူ၏ သဘာဝအနှစ်သာရဖြစ်ပြီး သူ့စိတ်နှလုံး၏ အတွင်းကျဆုံးနေရာ၌ တည်ရှိခဲ့သည့်အရာ ဖြစ်သည်။ ယခုပင် သင်တို့သည် ဤအရေးကိစ္စကို စိစစ်နေစဉ်တွင် ပေါလုသည် ဘုရားသခင်နှင့် အပေးအယူပြုလုပ်နေသည်ဟု သင်တို့ဆိုခဲ့သည်။ ဤအရာသည် ပေါလုရှိ မည်သည့်သဘောထားကို ကိုယ်စားပြုသနည်း။ ယခုအချိန်တွင် ငါတို့သည် သရဖူ၊ ကောင်းချီးရယူခြင်း၊ ဘုရားသခင်အား ယုံကြည်ခြင်းတို့အပေါ် ပေါလု၏ အစစ်မှန်ဆုံးသော သဘောထားကို အနှစ်ချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ပေါလုသည် ဘုရားသခင်နှင့် အပေးအယူပြုလုပ်နေခြင်း ဟုတ်မဟုတ်နှင့် စစ်မှန်သော ယုံကြည်သူဟုတ်မဟုတ်ကို အနှစ်ချုပ်ဖို့ ငါတို့ ကြိုးစားနေခြင်း မဟုတ်။ ငါ့ကို ထပ်၍ပြောလော့။ (သူသည် သမ္မာတရားကို မချစ်ဘဲ မထီမဲ့မြင်ပြုသည်။) ဤသည်မှာ သဘောထားတစ်ခုမဟုတ်။ ဤသည်မှာ သူ့စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယခုအချိန်တွင် ငါတို့သည် သူ့သဘောထားအကြောင်း ပြောဆိုနေခြင်း ဖြစ်သည်။ (သူသည် လောဘကြီးသည်။) ဤသည်မှာ သူ၏ သဘာဝအနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ ကောင်းချီးများရရှိရန် သူ၏ ရည်ရွယ်ချက်နှင့် သူ၏ လိုအင်ဆန္ဒကဲ့သို့ပင် ဖြစ်သည်။ သဘောထားတစ်ခုဆိုသည်မှာ အဘယ်နည်း။ ဥပမာ ပူစပ်သောအရာများကို အချိန်ပြည့်စားခြင်းသည် အစာအိမ်အတွက် မကောင်းဟု ငါဆိုပြီး တစ်စုံတစ်ယောက်က “ပူစပ်သောအစားအစာကို စားခြင်းက မကောင်းသည်ကို ကျွန်ုပ်သိသည်။ သို့သော် ပူစပ်သောအစားအစာကို ကျွန်ုပ်စားလိုသည်။ ပူစပ်သောအစားအစာကို မစားလျှင် မည်သည့်အရာကို ကျွန်ုပ်စားနိုင်မည်နည်း” ဟု ပြန်ပြောသည်။ ငါက “သင့်ကျန်းမာရေးအတွက် ပူစပ်သောအရာတစ်ခုခုကို သင်မစားသရွေ့ အစာစားတိုင်း အခြားတစ်စုံတစ်ခုကို စားရန်အတွက် သင့်အား ငါ ငါးဒေါ်လာပေးမည်” ဟု ပြန်ဖြေသည်။ ထို့နောက်တွင် ထိုသူက အလွန်ပျော်ရွှင်ပြီး “ကောင်းပါပြီ။ ပူစပ်သောအစားအစာကို ကျွန်ုပ် စားမည်မဟုတ်ပါ” ဟု ဆိုသည်။ အပေးအယူတစ်ခု ပြုလုပ်ပြီးဖြစ်ကာ ထိုသူက ဤအရာကို ထိန်းသိမ်းသည်။ သို့သော် သူသည် ပူစပ်သောအစားအစာကို စားခြင်းမှ အဘယ်ကြောင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သနည်း။ အမှန်တကယ်မှာ ပိုက်ဆံကြောင့် ဖြစ်သည်။ ငါသည် သူ့အား ပိုက်ဆံမပေးလျှင် မိမိကိုယ်ကို ထိန်းချုပ်နိုင်မည်မဟုတ်။ ယခင်ကကဲ့သို့ပင် ပူစပ်သောအစားအစာကို ဆက်လက်၍ စားလိမ့်မည်။ တစ်စုံတစ်ခုကို ရရှိရန် ရှိသောကြောင့်သာ ပူစပ်သောအစားအစာကို စားခြင်းအား ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ ယင်းမှာ ပိုက်ဆံဖြစ်သည်။ ဤသည်မှာ သူ၏ သဘောထားဖြစ်သည်။ ဤသည်မှာ သူ့စိတ်နှလုံးအတွင်းတွင် ဖုံးကွယ်နေသောအရာ ဖြစ်သည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောကြောင့်၊ သူ့ကို ပြောထားသည့်အတိုင်း လုပ်ဆောင်နေသောကြာင့်၊ သို့မဟုတ် ဘုရားသခင်ကျေနပ်စေရန် လုပ်ဆောင်နေသောကြောင့် ပူစပ်သောအစားအစာအား စားခြင်းကို ရပ်တန့်ခဲ့ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) မဟုတ်ပေ။ ထိုအကြောင်းပြချက်များထဲမှ တစ်ခုမျှ မဟုတ်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသောကြောင့်၊ သို့မဟုတ် သူ၏ ကျန်းမာရေးကို အလေးထားဂရုစိုက်သောကြောင့် ပူစပ်သောအစားအစာအား စားခြင်းမှ မိမိကိုယ်ကို ချုပ်တည်းခြင်း မဟုတ်။ သူ၏ သဘောထားသည် ဝတ်ကျေတမ်းကျေဆန်ပြီး အပေါ်ယံဆန်သည်။ သူသည် ယင်းကို အပေးအယူတစ်ခုအဖြစ် မြင်ပြီး မျက်နှာလိုမျက်နှာရလုပ်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူသည် သူ၏ ရည်ရွယ်ချက်မပြည့်ဘဲ ပိုက်ဆံကို မရရှိလျှင် သူအလိုရှိသည့်အရာကို ပြန်လည်စားသုံးလိမ့်မည်။ ပြီးလျှင် ယခင်ကထက်ပင်ပို၍ စားကောင်းစားနိုင်သည်။ ဤသည်မှာ အသင့်တော်ဆုံး ဥပမာ မဖြစ်ကောင်းမဖြစ်နိုင်ပေ။ သို့သော် ဤအရာကို ပေါလုနှင့် ယှဉ်သောအခါတွင် မည်သည့်ဆင်တူသောအရာများရှိသနည်း။ (ပေါလုသည် ကောင်းချီးများရရှိခြင်းအားဖြင့် စိတ်နိုးကြွပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ခဲ့သည့်ပုံစံနှင့် ဆင်တူပါသည်။) ပေါလုသည် ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုခြင်း၊ ပြေးရသောလမ်းကို ပြေးခြင်း၊ အလုပ်လုပ်ခြင်း၊ သူ့ကိုယ်သူ အသုံးခံခြင်းနှင့် အသင်းတော်အား ရေလောင်းခြင်းကိုပင် ဖြောင့်မတ်ခြင်းသရဖူနှင့် လဲလှယ်ရန် သူ အသုံးပြုနိုင်သည့် တိုကင်ပြားများအဖြစ်၊ ယင်းဆီသို့ ဦးတည်သည့် လမ်းကြောင်းများအနေဖြင့် မြင်ခဲ့သည်။ ထို့ကြောင့် သူ ဒုက္ခခံရသည်ဖြစ်စေ၊ သူ့ကိုယ်သူ အသုံးခံသည်ဖြစ်စေ၊ ပြေးရသောလမ်းကို ပြေးသည်ဖြစ်စေ၊ သူမည်မျှ ဒုက္ခခံသည်ဖြစ်စေ သူ့စိတ်တွင်ရှိသော တစ်ခုတည်းသောပန်းတိုင်မှာ ဖြောင့်မတ်ခြင်းသရဖူကို ရရှိရန် ဖြစ်သည်။ သူသည် ဖြောင့်မတ်ခြင်းသရဖူကို လိုက်စားခြင်းနှင့် ကောင်းချီးများအား လိုက်စားခြင်းကို ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ သင့်လျော်သော ရည်ရွယ်ချက်အဖြစ် သဘောထားခဲ့ပြီး ဒုက္ခခံခြင်း၊ သူ့ကိုယ်သူ အသုံးခံခြင်း၊ အလုပ်လုပ်ခြင်း၊ ပြေးရသောလမ်းကို ပြေးခြင်းတို့ကို ယင်းဆီသို့ ဦးတည်သော လမ်းကြောင်းများအဖြစ် သဘောထားခဲ့သည်။ သူ၏ အပြင်ပန်းဖြစ်သော အပြုအမူကောင်းအားလုံးသည် ဟန်ပြအဖြစ် လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် တကယ့်အဆုံးတွင် အလဲအလှယ်အနေဖြင့် ကောင်းချီးများရရှိရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ပေါလု၏ ပထမဆုံး အကြီးစားအပြစ်များ ဖြစ်သည်။

ပေါလုပြောခဲ့ပြီး လုပ်ဆောင်ခဲ့သော အရာရာတိုင်း၊ သူ ထုတ်ဖော်ပြခဲ့သည့်အရာ၊ သူ၏ လုပ်ဆောင်မှုနှင့် သူပြေးခဲ့သော ပြေးရသည့်လမ်းတို့နှစ်ခုလုံးအပြင် ထိုနှစ်ခုလုံးအပေါ် သူ၏သဘောထားတို့ဖြစ်သည့် ဤအရာများနှင့်ပတ်သက်၍ သမ္မာတရားနှင့် ကိုက်ညီသောအရာ တစ်စုံတစ်ခုရှိသလော။ (မရှိပါ။) သူ့တွင် သမ္မာတရားနှင့် ကိုက်ညီသောအရာလုံးဝမရှိသကဲ့သို့ သူလုပ်ဆောင်ခဲ့သည့် မည်သည့်အရာကမျှ သခင်ယေရှုက လူတို့ကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည့်အရာများနှင့် မကိုက်ညီပေ။ သို့သော် သူသည် ဤအရာအပေါ် ဆင်ခြင်သုံးသပ်ခဲ့သလော။ (မဆင်ခြင်မသုံးသပ်ခဲ့ပါ။) သူသည် ဤအရာအပေါ် လုံးဝ မဆင်ခြင်မသုံးသပ်ခဲ့သကဲ့သို့ ရှာဖွေခြင်းလည်း မပြုခဲ့ပေ။ ဤသို့ဆိုလျှင် သူ၏ စဉ်းစားပုံသည် မှန်ကန်သည်ဟု ယူဆခြင်းအတွက် သူ့တွင် မည်သည့်အခြေပြုချက်ရှိခဲ့သနည်း။ (သူ၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များ ဖြစ်သည်။) ဤတွင် ပြဿနာတစ်ခုရှိသည်။ သူစိတ်ကူးထင်မြင်သည့်အရာတစ်ခုကို သူ၏တစ်ဘဝလုံး လိုက်စားမည့်ပန်းတိုင်အဖြစ် သူမည်သို့ပြုလုပ်နိုင်ခဲ့သနည်း။ သူသည် တစ်ခုခုစဉ်းစားဆင်ခြင်ကြည့်ခဲ့သလော၊ သို့မဟုတ် “ငါထင်သည်မှာ မှန်ကန်သလော။ အခြားလူများက ဤသို့မစဉ်းစားပေ။ ငါသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုလော” ဟူ၍ သူ့ကိုယ်သူ မေးမြန်းခဲ့သလော။ သူ့တွင် ဤသံသယများမရှိရုံမကဘဲ လူတိုင်းဖတ်နိုင်ရန်အတွက် သူ၏အတွေးများကို စာဖြင့်ချရေးကာ အသင်းတော်အားလုံးဆီသို့ ပို့ခဲ့သည်။ ဤအပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤတွင် ပြဿနာတစ်ခုရှိသည်။ သူသည် သူ၏စဉ်းစားပုံက သမ္မာတရားနှင့်ညီသလောဟူသည်ကို အဘယ်ကြောင့် လုံးဝ မေးခွန်းမထုတ်ခဲ့သနည်း။ အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေခဲ့သနည်း၊ သို့မဟုတ် သခင်ယေရှုပြောခဲ့သည့်အရာနှင့် နှိုင်းယှဉ်မကြည့်ခဲ့သနည်း။ ဤအစား သူစိတ်ကူးထင်မြင်ခဲ့သည့်အရာနှင့် သူ့အယူအဆတွင် မှန်ကန်သည်ဟု သူထင်မြင်ခဲ့သည့်အရာတို့ကို သူလိုက်စားသင့်သည့်ပန်းတိုင်များအဖြစ် သဘောထားခဲ့သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ သူ စိတ်ကူးထင်မြင်ခဲ့သည့်အရာနှင့် သူတွေးသည့်အရာသည် သမ္မာတရားကဲ့သို့ မှန်ကန်သည်ဟု သဘောထားပြီး လိုက်စားရန် ပန်းတိုင်တစ်ခုအဖြစ် သဘောထားခဲ့သည်။ ဤသည်မှာ အလွန်အကျွံမာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း မဟုတ်လော။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် နေရာတစ်ခုရှိသေးသလော။ သူသည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မှတ်ယူနိုင်သေးသလော။ သူသည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားနိုင်လျှင် ဘုရားသခင်အပေါ် သူ၏သဘောထားမှာ မည်သို့ဖြစ်မည်နည်း။ သူသည်လည်း ဘုရားသခင် ဖြစ်လိုသလော။ ဤသို့မဟုတ်လျှင် သူသည် သူ၏ကိုယ်ပိုင်အတွေးများတွင် သူစိတ်ကူးခဲ့သည့်အရာနှင့် သူ၏အယူအဆများကို သူ လိုက်စားသင့်သည့် ပန်းတိုင်များအဖြစ် သဘောထားမည်မဟုတ်သကဲ့သို့ သူ၏အယူအဆများ၊ သို့မဟုတ် သူစိတ်ကူးထင်မြင်ခဲ့သည့်အရာများကို သမ္မာတရားကဲ့သို့ လိုက်စားမည်လည်း မဟုတ်ပေ။ သူတွေးသည့်အရာသည် သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟုလည်းကောင်း သူယုံကြည်ခဲ့သည်။ သူက မှန်ကန်သည်ဟု ထင်မြင်ခဲ့သည့်အရာကို အသင်းတော်များရှိ ညီအစ်ကိုမောင်နှမများနှင့်လည်း မျှဝေခဲ့ပြီး ၎င်းတို့အတွင်းသို့ သွတ်သွင်းကာ လူတိုင်းအား သူပြောသည့် အဓိပ္ပာယ်မရှိသောအရာများကို လိုက်နာစေခဲ့သည်။ သခင်ယေရှု၏ စကားများကို သူ့ကိုယ်ပိုင်စကားများဖြင့် အစားထိုးခဲ့ပြီး သူ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်သည်ဆိုသည်ကို သက်သေခံရန် သူ၏ ဤအဓိပ္ပာယ်မရှိသောစကားများအား အသုံးပြုခဲ့သည်။ ဤသည်မှာ ပေါလုတွင်ရှိခဲ့သော ဒုတိယအကြီးစားအပြစ်မဟုတ်လော။ ဤပြဿနာသည် အလွန့်အလွန်ဆိုးဝါးလှပေတကား။

ခေတ်ကာလများတစ်လျှောက်တွင် ပေါလုနှင့် ဆင်တူသည့်လူ များစွာရှိခဲ့သည်။ ဤသို့ဆိုလျှင် ငါတို့သည် အဘယ်ကြောင့် ပေါလုကို အကောင်းဆုံးဥပမာအဖြစ် အသုံးပြုသနည်း။ ကျမ်းစာထဲတွင် သူ့ကို မှတ်တမ်းတင်ထားသောကြောင့် ဖြစ်သည်။ ပြီးလျှင် သူပြောခဲ့သည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများတို့အပြင် သူကိုယ်တိုင်သည် ခရစ်ယာန်အားလုံးအပေါ် ကြီးမားသော သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ သူ ဖြစ်ပေါ်စေခဲ့သော ထိခိုက်မှုမှာ ကြီးမားလွန်းသည်ဟု ဆိုနိုင်သည်။ သူ့ကြောင့် အထင်အမြင်မှားကာ အဆိပ်ခတ်ခံရသောသူများစွာရှိသည်။ သူသည် လူမျိုးဆက်များစွာကို အဆိပ်ခတ်ခဲ့ရုံသာမကဘဲ အဆိပ်သည် နက်ရှိုင်းသောနေရာအထိ သွားသည်။ မည်မျှ နက်ရှိုင်းသနည်း။ (ခရစ်ယာန်အားလုံးက သူ့ကို စံနမူနာတစ်ခုအဖြစ် မြင်ပြီး အတုခိုးသည်။ သူ၏စကားများကို ဘုရားသခင်၏ စကားများကဲ့သို့ လက်တွေ့လုပ်ဆောင်ကြသည်။) သင်က ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့လျှင် မည်သူကမျှ အလွန်အရေးတယူမလုပ်။ သို့သော် ပေါလု၏ စကားများကို သင်မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့က ရုတ်ချည်းပင် ကိုယ်ခန္ဓာမတ်ကာ နားထောင်ကြသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ပေါလုကို ခရစ်တော်ကဲ့သို့ ဆက်ဆံခြင်းကို ဆိုလိုပါသည်။) လူတို့သည် ပေါလုကို ခရစ်တော်ကဲ့သို့ ဆက်ဆံသောအခါ သူသည် လူတို့၏ စိတ်နှလုံးတွင်ရှိသော သခင်ယေရှုခရစ်တော်၏နေရာကို ယူပြီး ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် အတိုင်းအဆများသော အပြစ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ပေါလုသည် သမိုင်းတွင် အကြီးဆုံးသော အန္တိခရစ်ဖြစ်သည်။ သူ့စကားများ၏ ရည်ရွယ်ချက်သည် အလွန့်အလွန် သိသာသည်။ သူ၏ ပန်းတိုင်များနှင့် မသိမသာ အန္တရာယ်ရှိမှုကို ရှင်းလင်းစွာပင် ပြသထားသည်။ သူ၏ အနှစ်သာရသည် အလွန့်အလွန်ပင် မသိမသာဖြင့် အန္တရာယ်များပြီး အဆိပ်ရှိသည်။ ဤအရာ၏ သဘာဝမှာ လွန်စွာပင် ပြဿနာရှိသည်။ ဤအတွက်ကြောင့် ဤအရာကို ငါထုတ်ပြောပြီး စိစစ်ခြင်း ဖြစ်သည်။ ဤသို့မလုပ်လျှင် လူတို့သည် ဆက်လက်၍ သူ၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံရမည် ဖြစ်သည်။ သို့ရာတွင် ငါသည် ပေါလု၏ ပြဿနာများကို စိစစ်မည်ဆိုလျှင် မလုပ်ဆောင်ရမည့် စံနမူနာတစ်ခုအနေဖြင့် ယနေ့ခေတ်လူတို့အတွက် သူ့အား ပိုမိုကောင်းမွန်သော အသုံးဝင်မှုတစ်ခုဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ခဲ့သည်။ ယခုပင် ပေါလု၏ အပြစ်နှစ်ခုကို ငါတို့ အနှစ်ချုပ်ခဲ့သည်။ ပထမအပြစ်မှာ အဘယ်နည်း။ (ပေါလုသည် အလုပ်နှင့် ပြေးရသောလမ်းကို ပြေးခြင်းအား သရဖူအတွက် သူဖလှယ်နိုင်သော တိုကင်ပြားအဖြစ် သဘောထားခဲ့သည်။ ကောင်းချီးများနှင့် သရဖူ ရရှိခြင်းကို သူလိုက်စားသင့်သည့် သင့်လျော်သောပန်းတိုင်အဖြစ် သူမြင်ခဲ့သည်။) ယင်းမှာ မှန်ကန်သည်။ ပေါလု၏ အကြီးမားဆုံး ပြဿနာမှာ ဤအရာများကို သူလိုက်စားသင့်သည့်ပန်းတိုင်များအဖြစ် မှတ်ယူခဲ့ခြင်း ဖြစ်သည်။ အစကတည်းက ယင်းသည် ယင်းနှင့်အတူ ပုန်ကန်မှုနှင့် ကောက်ကျစ်ဆိုးယုတ်သော သဘာဝတစ်ခုကို သယ်ဆောင်သည့် အပေးအယူတစ်ခု ဖြစ်သည်။ သို့သော် ပေါလုက ယင်းကို လိုက်စားရန် သင့်လျော်သောပန်းတိုင်အဖြစ် မှတ်ယူခဲ့သည်။ ဤသည်မှာ အပြင်းထန်ဆုံးသော ပြဿနာ ဖြစ်သည်။ ဒုတိယအပြစ်မှာ အဘယ်နည်း။ (ပေါလုသည် သူစိတ်ကူးထင်မြင်သည့်အရာများနှင့် သူ့အယူအဆတွင် မှန်ကန်သည်ဟု သူထင်သောအရာများကို သမ္မာတရားအဖြစ် မှတ်ယူခဲ့သည်။ ဤအရာအပေါ် လုံးဝ ပြန်လှန်သုံးသပ်ခဲ့ခြင်း မရှိပါ၊ သို့မဟုတ် ဤအရာနှင့်ပတ်သက်ပြီး မရှာဖွေခဲ့ပါ။ ဤအစား လူတို့ကို အထင်အမြင်မှားစေခဲ့သည်။ ပြီးလျှင် သူ၏စကားများနှင့် အဓိပ္ပာယ်မရှိသော သဘောတရားများအား ညီအစ်ကိုမောင်နှမများကို လိုက်နာစေခဲ့သည်။ လူတို့အား သူ့ကို ခရစ်တော်ကဲ့သို့ မှတ်ယူစေခဲ့သည်။) ဤသည်မှာ အထူးပင် ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ဤပြဿနာများကို တိကျစွာ မှတ်သားလော့။ ယင်းတို့ကို အနှစ်ချုပ်၍ ပြီးသည့်နောက်တွင် သင်သည် သင့်ကိုယ်သင် ယင်းတို့နှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ အကြောင်းအရာတစ်ခုကို ငါတို့ ဆွေးနွေးသည့်အခါ ဦးစွာ သမ္မာတရား၏ ထိုသီးသန့် သွင်ပြင်လက္ခဏာအကြောင်းကို ပြောပြီး ထို့နောက်တွင် နှိုင်းယှဉ်မှုများ ပြုလုပ်ရမည်။ ပေါလုက သူ့ကိုယ်သူ ပြသခဲ့သည့် ပုံစံကို စိစစ်ခြင်းသည် လူတိုင်းအပေါ် သတိပေးချက်တစ်ခုအဖြစ် အသုံးဝင်ပြီး လူတို့အား မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ ရွေးချယ်သင့်ကြောင်း၊ ထို့နောက်တွင် တိကျမှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာကာ ပေါလု၏ ခြေလှမ်းများနောက်သို့ လိုက်ခြင်းအား ရှောင်ကြဉ်သင့်ကြောင်းကိုလည်း ပြောပြသည်။ ဤသို့ဖြင့် ယင်းမှာ အပြည့်အဝပင် ထိရောက်မှုရှိ၏။

ပေါလုတွင် နောက်ထပ် ဆိုးရွားသော အပြစ်တစ်ခုရှိပြီး ယင်းမှာ သူ၏ အလုပ်ကို သူ၏စိတ်ပိုင်းဆိုင်ရာ အစွမ်းအစ၊ ပညာရေးအသိ၊ သဘောတရားဆိုင်ရာအသိအမြင်နှင့် သဘောတရားတို့အပေါ် လုံးလုံး အခြေခံ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ သဘာဝအနှစ်သာရနှင့် သက်ဆိုင်သောအရာတစ်ခုဖြစ်သည်။ ဤအရာကို သင်တို့ အနှစ်ချုပ်သင့်သည်။ ထို့နောက်တွင် ဤအရာများအပေါ် သူ၏သဘောထားကို ဆန်းစစ်သင့်သည်။ ဤသည်မှာ အလွန်အရေးပါပြီး အရေးကြီးသော အပြစ်တစ်ခု ဖြစ်သည်။ ပြီးလျှင် လူတို့နားလည်ရမည့်အရာတစ်ခု ဖြစ်သည်။ ဤအပြစ်သည် ပေါလု၏ မည်သည့်သရုပ်သကန်များတွင် ပါဝင်သည်ကို အချိန်ခဏမျှ ချင့်ချိန်တွေးတောကြည့်လော့။ ဤသရုပ်သကန်များမှတစ်ဆင့် သူ၏ သဘာဝအနှစ်သာရမှာ မည်သည့်အရာဖြစ်သည်ကို ကြည့်ပြီး သူ၏ စိတ်အတွင်းတွင် မည်သည့်အရာကို သူအလေးထားသည်ဆိုသည်နှင့် သူ၏ ပန်းတိုင်များက မည်သည့်အရာဖြစ်သည်ဆိုသည့်အပေါ် ရှင်းလင်းစွာမြင်အောင် လုပ်ဆောင်လော့။ သူ၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်များသည် မှားယွင်းသောလမ်းကြောင်းကို သူစတင် လျှောက်လှမ်းခဲ့သည့်အကြောင်းအရင်း၏ အရင်းအမြစ်တွင်ရှိသည်။ ဤသည်တို့မှာ သင့်အနေဖြင့် ရှင်းလင်းစွာ နားလည်ရန် အရေးကြီးဆုံးသောအရာများ ဖြစ်သည်။ ပေါလုတွင် မည်သည့်ဆုကျေးဇူးများရှိခဲ့သနည်း။ (ပေါလုသည် ပညတ်တော်ခေတ်မှ ကျမ်းစာဆိုင်ရာ အသိအမြင်များစွာကို ကောင်းစွာသဘောပေါက်သည်။) ထိုအချိန်တွင် ဓမ္မဟောင်းကျမ်းသာ ရှိသည်။ ပေါလုသည် ဤကျမ်းစာများနှင့် ရင်းနှီးသည်။ ပြီးလျှင် ယခုခေတ် ဓမ္မပညာ ဆရာများ၊ သင်းအုပ်ဆရာများ၊ တရားဟောဆရာများနှင့် ဆရာတော်များကဲ့သို့ပင် ဤကျမ်းစာများအကြောင်းကို အလွန်နှံ့စပ်လေသည်။ သူ၏ ဓမ္မပညာဆိုင်ရာ အသိအမြင်သည် ၎င်းတို့၏ အသိအမြင်ထက်ပင်ပို၍ ကျယ်ပြန့်နိုင်သည်။ သို့သော် သူသည် ဤအရာကို ကမ္ဘာလောက၌ မွေးဖွားလာပြီးနောက်တွင် သင်ယူခဲ့သည်။ ပေါလုသည် မွေးကင်းစမှ မည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ (သူ၏ မွေးရာပါအရည်အချင်းများ ဖြစ်သည်။) ပေါလုသည် သဘာဝအလျောက် ပါးနပ်သည်။ စကားပြောဆိုရာတွင် ကျွမ်းကျင်သည်။ သူ့ကိုယ်သူ ကောင်းစွာ ဖော်ပြပြီး စင်ပေါ်တွင် ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်ပေ။ သူ၏ မွေးရာပါ အရည်အချင်းများ၊ ဆုကျေးဇူးများ၊ အသိဉာဏ်၊ စွမ်းဆောင်နိုင်စွမ်းများအပြင် သူ၏အသက်တာတစ်လျှောက်တွင် သူသင်ယူခဲ့သော အသိအမြင်တို့အကြောင်းအား ပြောခြင်းကို ယခု အာရုံစိုက်ကြစို့။ သူသည် စကားပြောဆိုရာ၌ ကျွမ်းကျင်သည်ဆိုသည့်အချက်က မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် မည်သည့်ပုံစံဖြင့် သူ့ကိုယ်သူ ထုတ်ဖော်ပြီး အသွင်ဆောင်သနည်း။ သူသည် အဆင့်မြင့်သော သဘောတရားများကို တောင်စဉ်ရေမရ ပြောဆိုရခြင်းအား နှစ်သက်သည်။ အလွန်လေးနက်သော ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒ၊ သဘောတရားများနှင့် အသိပညာ၊ လူတို့ မကြာခဏပြောဆိုသည့် သူ၏ ထင်ရှားသောစာသားများနှင့် အဆိုအမိန့်များအကြောင်းတို့ကို စဉ်ဆက်မပြတ် ပြောဆိုခဲ့သည်။ ပေါလု၏ စကားများကို အနှစ်ချုပ်သည့် စကားတစ်ခွန်းမှာ အဘယ်နည်း။ (အနှစ်မဲ့ခြင်းဖြစ်သည်။) အနှစ်မဲ့သော စကားများသည် လူတို့အတွက် အပြုသဘောဆောင်သလော။ ထိုစကားများကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် ရဲတင်းလာကြသော်လည်း အချိန်တစ်ခဏကြာပြီးနောက်တွင် ၎င်းတို့၏ အားမာန်တက်ကြွမှုက လျော့ပါးသွားသည်။ ပေါလုပြောဆိုသည့်အရာများသည် မရေမရာဖြစ်ပြီး အရိပ်ပမာဖြစ်သည်။ ခိုင်လုံသော အသုံးအနှုန်းများဖြင့် အမှန်တကယ် ချမပြနိုင်သောအရာများ ဖြစ်သည်။ သူပြောဆိုသည့် သဘောတရားများတွင် လက်တွေ့လုပ်ဆောင်ရန် မည်သည့်လမ်းကြောင်းကိုမျှ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် ဦးတည်ချက်ကို သင်ရှာမတွေ့နိုင်ပေ။ လက်တွေ့ဘဝတွင် သင်တိကျမှန်ကန်စွာ အသုံးချနိုင်သည့်အရာတစ်ခုကိုမျှ သင်ရှာမတွေ့နိုင်ပေ။ သဘောတရားများဖြစ်စေ၊ အခြေခံအုတ်မြစ်များဖြစ်စေ မည်သည့်အရာကမျှ လက်တွေ့ဘဝတွင် အသုံးချ၍မရနိုင်ပေ။ ဤအတွက်ကြောင့် သူပြောဆိုသည့် ဘာသာရေးသဘောတရားများနှင့် ဝိညာဉ်ရေးဆိုင်ရာအယူဝါဒသည် အနှစ်မရှိသော၊ လက်တွေ့မကျသော စကားများဖြစ်သည်ဟု ငါဆိုခြင်း ဖြစ်သည်။ ဤအရာများအား ပြောဆိုရာတွင် ပေါလု၏ ရည်မှန်းချက်မှာ အဘယ်နည်း။ လူအချို့က “သူသည် ပို၍များသောလူတို့အား စည်းရုံးသိမ်းသွင်းလိုသောကြောင့်၊ ၎င်းတို့အား သူ့ကို အထင်ကြီးပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်စေဖို့ လုပ်ဆောင်လိုသောကြောင့် ဤအရာများကို အစဉ်ပြောခြင်း ဖြစ်သည်။ သူသည် သခင်ယေရှု၏ နေရာကို ယူပြီး ပို၍များသောလူတို့အား ရရှိလိုသည်။ လူများစွာကို သူရရှိလျှင် သူသည် ကောင်းချီးမင်္ဂလာခံစားရမည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ ယနေ့ ငါတို့ပြောလိုသည့် အကြောင်းအရာဟုတ်သလော။ (မဟုတ်ပါ။) ပြုပြင်ခြင်းမခံရသေးသော၊ တရားစီရင်ခြင်း၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်း မခံရသေးသော၊ စမ်းသပ်မှုများ၊ သို့မဟုတ် စစ်ဆေးမှုကို မဖြတ်သန်းရသေးသော၊ သူကဲ့သို့ ဆုကျေးဇူးများရှိပြီး ဤသို့ ကြွားဝါပြီး သူပြသခဲ့သော အပြုအမူကို ပြသသည့် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရရှိသည်မှာ အလွန့်အလွန်ပင် ပုံမှန်သာဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းအရာကို ငါတို့ နှိုက်ချွတ်၍ စူးစမ်းမည်မဟုတ်။ မည်သည့်အရာကို ငါတို့ နှိုက်ချွတ်၍ စူးစမ်းမည်နည်း။ သူ၏ ဤပြဿနာ၏ အနှစ်သာရ၊ ဤအရာများကို သူလုပ်ဆောင်ခြင်းနောက်ကွယ်ရှိ အရင်းအမြစ်နှင့် အရင်းခံအကြောင်းအရင်း၊ ဤပုံစံဖြင့် လုပ်ဆောင်ရန် သူ့ကို လှုံ့ဆော်ခဲ့သည့်အရာတို့ ဖြစ်သည်။ ယနေ့ခေတ် လူတို့သည် သူပြောခဲ့သည့်အရာများအားလုံးကို အယူဝါဒ၊ သဘောတရားများ၊ ဓမ္မပညာဆိုင်ရာ အသိပညာ၊ မွေးရာပါဆုကျေးဇူးများ၊ သို့မဟုတ် အမှုအရာများအပေါ် သူကိုယ်တိုင်၏ အနက်ဖွင့်ဆိုမှုတို့အဖြစ် မြင်မည်ဖြစ်စေ၊ မမြင်မည်ဖြစ်စေ ယေဘုယျအားဖြင့်ဆိုလျှင် ပေါလု၏ အကြီးဆုံးပြဿနာသည် လူသား၏စိတ်မှ လာသည့်အရာများကို သမ္မာတရားအဖြစ် သဘောထားခဲ့ခြင်း ဖြစ်သည်။ ဤအတွက်ကြောင့် သူသည် လူတို့ကို စည်းရုံးသိမ်းသွင်းပြီး သွန်သင်ပေးရန်အတွက် ဤဓမ္မပညာဆိုင်ရာ သဘောတရားများကို ပြတ်သားစွာ၊ ရဲတင်းစွာ၊ ပွင့်လင်းစွာ အသုံးပြုဖို့ သတ္တိရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) သူသည် မည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်သနည်း။ သူ၏မွေးရာပါ ဆုကျေးဇူးများအပြင် အသက်တာတစ်လျှောက်တွင် သူသင်ယူခဲ့သော အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများတို့ကို ဖြစ်သည်။ သူ၏ ဓမ္မပညာဆိုင်ရာ သဘောတရားများကို ဆရာများထံမှ၊ ကျမ်းစာများကို ဖတ်ခြင်းမှ သင်ယူခဲ့ခြင်း ဖြစ်ပြီး သူနားလည်ကာ စိတ်ကူးထင်မြင်ခဲ့သည့်အရာမှလည်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် သူ၏လူသားနားလည်မှု၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို သမ္မာတရားအဖြစ် သဘောထားခဲ့သည်။ သို့သော် ဤသည်မှာ အဆိုးရွားဆုံး ပြဿနာမဟုတ်။ ပို၍ပင် ကြီးသော ပြဿနာတစ်ခုရှိသည်။ သူသည် ထိုအရာများကို သမ္မာတရားအဖြစ် သဘောထားခဲ့သည်။ သို့သော် ထိုအချိန်က ထိုအရာများသည် သမ္မာတရားဖြစ်သည်ဟု သူ ထင်မြင်ခဲ့သလော။ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ဟူသည့် အယူအဆ သူ့တွင်ရှိသလော။ (မရှိခဲ့ပါ။) ဤသို့ဆိုလျှင် သူသည် ထိုအရာများကို မည်သည့်အရာအဖြစ် သဘောထားခဲ့သနည်း။ (အသက်အဖြစ် သဘောထားခဲ့သည်။) သူသည် ထိုအရာများအားလုံးကို အသက်အဖြစ် သဘောထားခဲ့သည်။ တရားဒေသနာများကို သူဟောနိုင်လေလေ၊ သို့မဟုတ် အဆင့်မြင့်လေလေ သူ၏အသက်က ပို၍ ကြီးမြတ်လေလေဖြစ်မည်ဟု သူထင်ခဲ့သည်။ ထိုအရာများကို အသက်အဖြစ် သူ သဘောထားခဲ့သည်။ ဤသည်မှာ အရေးကြီးသောအမှုကိစ္စဟုတ်သလော။ (ဟုတ်သည်။ အရေးကြီးသည်။) ဤအရာသည် မည်သည့်သက်ရောက်မှုရှိသနည်း။ (သူလိုက်လျှောက်သည့် လမ်းကြောင်းပေါ်တွင် သက်ရောက်မှုရှိသည်။) ဤသည်မှာ တစ်ပိုင်းဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဤအရာများကို ရရှိခြင်းသည် သူ့ကို ကယ်တင်ခြင်းယူဆောင်ပေးမည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရသောအခွင့်ကိုရမည်ဟု သူထင်ခဲ့သည်။) ယင်းသည် ကောင်းချီးများရရှိခြင်းနှင့် သက်ဆိုင်သေးသည်။ သူ၏အသက်က ကြီးမြတ်လေလေ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံသို့ တက်ရန် သူ၏ အခွင့်အရေးက ကြီးမားလေလေဖြစ်သည်ဟု သူထင်ခဲ့သည်။ “ကောင်းကင်ဘုံသို့ တက်ခြင်း” ဟု ပြောသည့် အခြားနည်းလမ်းတစ်ခုမှာ အဘယ်နည်း။ (ဘုရားသခင်နှင့် ယှဉ်တွဲလျက် အုပ်စိုးပြီး အာဏာစွဲကိုင်ခြင်း ဖြစ်သည်။) ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတွင် သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် ယှဉ်တွဲလျက် အုပ်စိုးပြီး အာဏာစွဲကိုင်ရန် ဖြစ်သည်။ သို့သော် ဤသည်မှာ သူ၏ အဆုံးစွန်ပန်းတိုင်မဟုတ်။ နောက်တစ်ခုရှိသည်။ ထိုအကြောင်းကို သူပြောခဲ့သည်။ မည်သို့ ပြောခဲ့သနည်း။ (“အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁)) သူ့အနေဖြင့် အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏၊ သေလျှင်မူကား သာ၍အကျိုးရှိ၏ဟု သူဆိုခဲ့သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူသေဆုံးပြီးနောက်တွင် ဘုရားအဖြစ် ပြောင်းသွားမည်ဟု ဆိုလိုသလော။ သူ၏ ရည်မှန်းချက်သည် အကန့်အသတ်မရှိ။ သူ၏ ပြဿနာသည် အလွန်ဆိုးရွားသည်။ ဤသို့ဆိုလျှင် ပေါလု၏ အမှုကို ငါတို့ စိစစ်ခြင်းသည် မှားယွင်းသလော။ လုံးဝ မမှားယွင်းပေ။ သူ၏ ဆုကျေးဇူးများနှင့် သူသင်ယူခဲ့သော အသိပညာကို အသက်အဖြစ် သူ လုံးဝ သဘောမထားခဲ့သင့်ပေ။ ဤသည်မှာ သူ၏ တတိယအကြီးစား အပြစ်ဖြစ်သည်။ ဤအပြစ်သုံးခုရှိ မည်သည့်အပြစ်မဆိုတွင် ပေါလု၏ သဘာဝအနှစ်သာရကို မြင်နိုင်သည်။ သူ၏ သဘာဝအနှစ်သာရ၏ ဝိသေသလက္ခဏာများသည် အပြစ်တစ်ခုစီတွင် ဖော်ထုတ်ခြင်းခံရသည်။ မည်သည့်အရာမျှ ကွယ်ဝှက်မနေပေ၊ သို့မဟုတ် မကျန်ရှိပေ။ သူ၏ သဘာဝအနှစ်သာရသည် ယင်းတို့အားလုံးတွင် ကိုယ်စားပြုသည်။

နောက်တစ်ခုတွင် ပေါလု၏ အရေးပါဆုံးနှင့် အဆိုးရွားဆုံး ပြဿနာများကို ငါတို့ ကြည့်မည်။ ယင်းတို့သည် သူ၏ သဘောထားကို အထင်ဟပ်ဆုံးဖြစ်သည်။ ပေါလုရေးခဲ့သည့် စာများတွင် မည်သည့်စကားလုံးများကို သူ မကြာခဏ အသုံးပြုသနည်း။ ကျမ်းစာ၏ မူရင်းစာသားက မည်သည့်အရာပြောသည်ကို သွား၍ ကြည့်လော့။ ပြီးလျှင် ယင်းကို ငါတို့ ပိုင်းခြားပြီး စိစစ်မည်။ သူ၏ စိတ်တွင် အမှန်တကယ် မည်သည့်အရာရှိသည်ကို၊ ဘုရားသခင်က သူ့အား အဘယ်ကြောင့် ရွံရှာမုန်းတီးသည်ကို ကြည့်မည်။ ပေါလုကဲ့သို့ ထင်ရှားပြီး အစောပိုင်းအသင်းတော်များ၏ အမှုအတွက် အရေးပါသည့်သူတစ်ယောက်သည် အဘယ်ကြောင့် အပြစ်ဒဏ်ခံရခြင်းနှင့် အဆုံးသတ်ရသနည်း။ ဘုရားသခင်သည် သူ၏ စိတ်တွင် ပေါလုကို မည်သို့အကဲဖြတ်ခဲ့သနည်း။ ဘုရားသခင်က သူ့ကို မည်သို့မြင်ခဲ့သနည်း။ ဘုရားသခင်က သူ့အား အဘယ်ကြောင့်ဤပုံစံဖြင့် အကဲဖြတ်ပြီး ထိုသို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သနည်း။ ဘုရားသခင်သည် နောက်ဆုံးတွင် မည်သည့်အရာအပေါ် အခြေခံပြီး ပေါလုကို အဓိပ္ပာယ်သတ်မှတ်ကာ သူ၏ အဆုံးသတ်ကို အဆုံးအဖြတ်ပေးခဲ့သနည်း။ သူသည် ဘုရားသခင်အား မည်သို့အတိုက်အခံလုပ်ခဲ့သည်ဆိုသည့်အချက်ကို လူတို့မြင်နိုင်ရန်အတွက် ဤအရာများအားလုံးကို စာရင်းပြုစုလော့။ ဤသို့ဖြင့် သူသည် မှားယွင်းစွာ စီရင်ခံရသည်ဟု ၎င်းတို့ ထင်လိမ့်မည်မဟုတ်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ၎င်းတို့သည် အပေါ်ယံအသွင်အပြင်များကို အခြေခံ၍ လူတို့ကို အဓိပ္ပာယ်သတ်မှတ်လေ့အရှိဆုံးဖြစ်သည်။ အခြားလူများကို ၎င်းတို့၏ အပြင်ပန်းအသွင်အပြင်အရ အဓိပ္ပာယ်သတ်မှတ်ခြင်းအတွက် လူတို့၏ အခြေပြုချက်မှာ အဘယ်နည်း။ တစ်စိတ်တစ်ပိုင်းမှာ ရိုးရာယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ သွန်သင်မှုများဖြစ်သည်။ အခြားအပိုင်းမှာ အိမ်တွင်းပညာရေး၊ အဖြူ၊ အမည်းစိတ်ကူးနှင့် အယူအဆများ၊ အမှန်၊ အမှားနှင့်ပတ်သက်သော စိတ်ကူးများနှင့် အယူအဆများတို့ ဖြစ်သည်။ သည့်အပြင် အခြားအပိုင်းမှာ ကျောင်းပညာရေးဖြစ်သည်။ အတူစုပေါင်းလျှင် ဤအရာများသည် စာတန်ဆန်သော ပညာရေးစနစ်တစ်ခုလုံး ပါဝင်သည်။ စာတန်က လူတို့တွင် ဤအရာများကို သွတ်သွင်းသည့် အကျိုးဆက်မှာ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ နှစ်သက်မှုများအတိုင်း ဤအရာကို ကောင်းသည်၊ ထိုအရာကို ဆိုးသည်၊ ဤအရာသည် မှန်သည်၊ ထိုအရာသည် မှားသည်ဟု အဓိပ္ပာယ်သတ်မှတ်ကြခြင်း ဖြစ်သည်။ လူတို့တွင်ရှိသော ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များအားလုံးအတွက် အခြေပြုချက်မှာ အဘယ်နည်း။ အမှန်တကယ်တွင် ယင်းတို့သည် စာတန်ဆန်သော သဘောတရားများနှင့် အတွေးအခေါ်များအပေါ်တွင် အခြေခံသည်။ လူတို့တွင်ရှိသည့် ဤအခြေပြုချက်များသည် ဘုရားသခင်ထံမှဖြစ်စေ၊ သမ္မာတရားထံမှဖြစ်စေ လာခြင်း လုံးဝ မဟုတ်ပေ။ ဤအတွက်ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားများသည် လူတစ်ယောက်၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုပါစေ မှားယွင်းခြင်း ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မညီပေ။ ဘုရားသခင်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ဘုရားသခင်သည် သူ၏စိတ်သဘောထားနှင့် အနှစ်သာရနှင့်အညီ လူများနှင့် ဖြစ်ရပ်များအပေါ် ဆုံးဖြတ်ချက် ချမှတ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရမှာ အဘယ်နည်း။ သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် အပြုသဘောဆောင်သော အရာများအားလုံး၏ ဖော်ပြချက်ဖြစ်ပြီး အပြုသဘောဆောင်သော အရာများအားလုံး၏ စစ်မှန်မှုဖြစ်သည်။ ဘုရားသခင်သည် ဖြစ်တည်နေသော အရာရာတိုင်းကိုလည်းကောင်း၊ လူတို့ ထိတွေ့မှုရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကိုလည်းကောင်း သမ္မာတရားနှင့်အညီ ဆုံးဖြတ်ချက် ချမှတ်သည်။ ဘုရားသခင်သည် လူတို့နှင့်ပတ်သက်ပြီး သူ၏ ဆုံးဖြတ်ချက်ကို ၎င်းတို့၏ သဘာဝအနှစ်သာရ၊ ၎င်းတို့၏ လုပ်ဆောင်မှုများကို မည်သည့်အရာက တွန်းအားပေးသည်၊ ၎င်းတို့လျှောက်နေသည့် လမ်းကြောင်း၊ အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့အပေါ်တွင် အခြေခံသည်။ ဤသည်မှာ ဘုရားသခင်၏ ကောက်ချက်ချခြင်းများအတွက် အခြေပြုချက်ဖြစ်သည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ ဆုံးဖြတ်ချက်သည် သမ္မာတရားအပေါ် အခြေခံသည်။ အရာအားလုံးကို သရုပ်ဖော်ဖွင့်ဆိုခြင်းအတွက် စာတန်၏ အခြေပြုချက်မှာ အဘယ်နည်း။ (သူကိုယ်တိုင်၏ တွေးခေါ်မှုနည်းစနစ်ဖြစ်သည်။) သမ္မာတရားနှင့် အတိအကျပင် ဆန့်ကျင်သည့် စာတန်ဆန်သော အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ လူသားများတွင် သမ္မာတရားမရှိ။ ၎င်းတို့သည် စာတန်ကို ကိုယ်စားပြုပြီး ပုံဖော်သည်။ ၎င်းတို့သည် အရာအားလုံးကို စာတန်ဆန်သော အတွေးအခေါ်များနှင့် တွေးခေါ်မှုစနစ်အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများကို အဓိပ္ပာယ်ဖွင့်ဆိုသောအခါ မည်သည့်ကောက်ချက်များကို ချကြသနည်း။ သမ္မာတရားနှင့် အတိအကျပင် အတိုက်အခံဖြစ်ပြီး ဆန့်ကျင်သော ကောက်ချက်များဖြစ်သည်။ ပေါလုက သူ၏စာများတွင် မကြာခဏအသုံးပြုသော စကားများကို သင်တို့တွေ့ပြီးဖြစ်သလော။ ယင်းတို့ကို ဖတ်ပြပါ။ (“ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလု။” (ကောရိန္သုဩဝါဒစာပဌမစောင် ၁:၁)) မြင်သလော။ ဤသည်မှာ ဘုရားသခင်နှင့် ခရစ်တော်ကို ပေါလုက အဆင့်အတန်းသတ်မှတ်သည့်ပုံစံဖြစ်သည်။ “ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလု။” ဤအဆင့်အတန်းတွင် ပေါလုက မည်သည့်နေရာတွင်ရှိသနည်း။ (တတိယနေရာတွင် ရှိသည်။) ပေါလု၏ စိတ်ထဲတွင် မည်သူက နံပါတ်တစ် ဖြစ်သနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) နံပါတ်နှစ်က မည်သူနည်း။ (သခင်ယေရှုဖြစ်ပါသည်။) ယေရှုခရစ်တော် ဖြစ်သည်။ တတိယမှာ မည်သူနည်း။ (ပေါလု ကိုယ်တိုင် ဖြစ်သည်။) သူကိုယ်တိုင်ဖြစ်သည်။ “ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလု။” ပေါလုသည် ဤစကားကို မကြာခဏ အသုံးပြုသည်။ ဤစကားသည် အချက်အလက်များစွာပါဝင်သော စကားဖြစ်သည်။ ပထမအနေဖြင့် ပေါလုသည် သခင်ယေရှုခရစ်တော်၏ တမန်တော်တစ်ပါးဖြစ်သည်ကို ငါတို့သိသည်။ ထို့ကြောင့် ပေါလု၏ ရှုထောင့်တွင် သခင်ယေရှုခရစ်တော်သည် မည်သူဖြစ်သနည်း။ သူသည် လူသားဖြစ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဒုတိယဖြစ်သည်။ ပေါလုသည် သခင်ယေရှုခရစ်တော်အား အရှင်သခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟု ခေါ်သည်ဖြစ်စေ သူ၏ ရှုထောင့်တွင် ကမ္ဘာပေါ်ရှိ ခရစ်တော်သည် ဘုရားမဟုတ်ဘဲ လူတို့ကို သွန်သင်ပေးကာ သူ့နောက်သို့လိုက်အောင်လုပ်နိုင်သောလူတစ်ယောက်ဖြစ်သည်။ ဤသို့သောသူတစ်ဦး၏ တမန်တော်အဖြစ် ပေါလု၏ အလုပ်သည် အဘယ်နည်း။ ဧဝံဂေလိဝေမျှရန်၊ အသင်းတော်များဆီသို့ သွားရောက်လည်ပတ်ရန်၊ တရားဒေသနာများ ဟောကြားရန်နှင့် စာများရေးရန် ဖြစ်သည်။ သူသည် ဤအရာများကို သခင်ယေရှုခရစ်တော်ကိုယ်စား လုပ်ဆောင်နေသည်ဟု ယုံကြည်ခဲ့သည်။ သူ၏ စိတ်နှလုံးတွင် “ကျွန်ုပ်သည် ကိုယ်တော် မသွားနိုင်သည့်နေရာသို့ သွားခြင်းအားဖြင့် ကိုယ်တော့်ကို ကူညီမည်။ ကိုယ်တော်မသွားလိုသည့်နေရာများတွင် ကိုယ်တော့်ကိုယ်စား ကျွန်ုပ်ကြည့်ပေးမည်” ဟု တွေးသည်။ ဤသည်မှာ ပေါလု၏ တမန်တော်တစ်ပါးနှင့်သက်ဆိုင်သည့် အယူအဆဖြစ်သည်။ သူ့စိတ်ရှိ အဆင့်အတန်းတွင် သူနှင့် သခင်ယေရှုနှစ်ဦးလုံးသည် သာမန်လူများဖြစ်သည်။ သူကိုယ်တိုင်နှင့် သခင်ယေရှုခရစ်တော်ကို တန်းတူညီသည်၊ လူသားများဖြစ်သည်ဟု မြင်ခဲ့သည်။ သူ့စိတ်တွင် ၎င်းတို့၏ နေရာကြားတွင် အခြေခံအားဖြင့် ကွာခြားမှုမရှိသကဲ့သို့ ၎င်းတို့၏ အမှုတော်ဆောင်ခြင်းများကို မဆိုထားနှင့် ၎င်းတို့၏ ပင်ကိုလက္ခဏာများ၌ပင် ကွာခြားမှုမရှိ။ ၎င်းတို့၏ အမည်၊ အသက်၊ မိသားစုအခြေအနေများနှင့် နောက်ခံများသာ ကွာခြားသည်။ ပြီးလျှင် ၎င်းတို့၌ မတူညီသော အပြင်ပန်းဆိုင်ရာ ဆုကျေးဇူးများနှင့် အသိပညာတို့ရှိသည်။ ပေါလု၏ စိတ်တွင် သူသည် အခြားပုံစံတိုင်းတွင် သခင်ယေရှုခရစ်တော်နှင့် တူညီပြီး လူသားဟုလည်း သူ့ကို ခေါ်ဆိုနိုင်သည်ဟူ၍ ဖြစ်သည်။ သူသည် သခင်ယေရှုခရစ်တော်၏ ဒုတိယဖြစ်ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူသည် သခင်ယေရှု၏ တမန်တော်ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် သခင်ယေရှုခရစ်တော်၏ တန်ခိုးအာဏာကို အသုံးချခဲ့ပြီး သခင်ယေရှုခရစ်တော်က သူ့အား အသင်းတော်များဆီသို့ လည်ပတ်ကာ အသင်းတော်အလုပ်လုပ်စေရန် စေလွှတ်ခြင်းကို ခံရသည်။ ဤသည်မှာ တမန်တော်အနေဖြင့် သူ၏ နေရာနှင့် ပင်ကိုလက္ခဏာဖြစ်သည်ဟု ပေါလုယုံကြည်ခဲ့သည့်အရာ ဖြစ်သည်။ ဤသည်မှာ သူအနက်အဓိပ္ပာယ်ဖွင့်ဆိုသည့် ပုံစံ ဖြစ်သည်။ ထို့အပြင် “ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလု” ဟူသည့် စကား၏ အဆုံးမတိုင်မီ စကားမှာ “ခန့်ထားသော” ဖြစ်သည်။ ဤစကားမှနေ၍ ပေါလု၏ စိတ်နေစိတ်ထားကို ငါတို့ မြင်နိုင်သည်။ သူသည် အဘယ်ကြောင့် “ဘုရားသခင်၏အလိုတော်အားဖြင့်…ခန့်ထားသော” ဟူသည့် စကားလုံးများကို အသုံးပြုခဲ့သနည်း။ သခင်ယေရှုခရစ်တော်က သူ၏တမန်တော်ဖြစ်ရန် သူ့အား ခန့်ထားသည်ဟု သူမထင်ခဲ့ပေ။ သူက “သခင်ယေရှုသည် ငါ့အား မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အမိန့်ပေးရန် အာဏာမရှိ။ ငါသည် သူအမိန့်ပေးသည့်အတိုင်း လုပ်ဆောင်မည်မဟုတ်။ သူ့အတွက် မည်သည့်အရာကိုမျှ ငါလုပ်ဆောင်မည်မဟုတ်။ ဤထက် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အလိုတော်မှတစ်ဆင့် ဤအရာများကို ငါလုပ်ဆောင်နေခြင်း ဖြစ်သည်။ ငါသည် သခင်ယေရှုခရစ်တော်နှင့် တူညီသည်” ဟူ၍ တွေးခဲ့သည်။ ဤသည်မှာ အခြားသောအရာတစ်ခုကို ညွှန်ပြသည်။ ပေါလုက သခင်ယေရှုခရစ်တော်သည် သူ့ကဲ့သို့ပင် လူသားဖြစ်သည်ဟု ထင်ခဲ့သည်။ “ဘုရားသခင်၏အလိုတော်အားဖြင့်…ခန့်ထားသော” ဟူသည့် စကားလုံးများသည် ပေါလုက သူ၏စိတ်နှလုံးအတွင်းထဲရှိ သခင်ယေရှုခရစ်တော်၏ ပင်ကိုလက္ခဏာကို ငြင်းဆန်ပြီး သံသယဖြစ်ပုံကို ထုတ်ဖော်ပြသည်။ ပေါလုက သူသည် ဘုရားသခင်၏ အလိုတော်အားဖြင့် သခင်ယေရှုခရစ်တော်၏ တမန်တော်တစ်ယောက် ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်က သူ့အား စေခိုင်းခဲ့သည်၊ သူ့အား ဘုရားသခင်က စီမံပြီး ချမှတ်ပေးခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်က သူ့ကို ခန့်ထားပြီး အလိုတော်ရှိသောကြောင့် သူက သခင်ယေရှုခရစ်တော်၏ တမန်တော်ဖြစ်လာခဲ့သည်ဟုလည်းကောင်း ဆိုခဲ့သည်။ ပေါလု၏ စိတ်တွင် ယင်းမှာ သူကိုယ်တိုင်နှင့် သခင်ယေရှုခရစ်တော်ကြားရှိ ဆက်ဆံရေး ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ အဆိုးဆုံးအပိုင်းပင် မဟုတ်သေးပေ။ အဆိုးဆုံးအပိုင်းမှာ အဘယ်နည်း။ ပေါလုက သူသည် ဘုရားသခင်၏ အလိုတော်အားဖြင့် သခင်ယေရှုခရစ်တော်၏ တမန်တော်ဖြစ်ခဲ့သည်၊ သခင်ယေရှုခရစ်တော်၏ အလိုတော်အားဖြင့် မဟုတ်ဟုလည်းကောင်း၊ သူ့ကို ခန့်ထားသည်မှာ သခင်ယေရှုမဟုတ်ဘဲ သူ့အား လုပ်ဆောင်ရန်ခိုင်းစေခဲ့သော ကောင်းကင်ဘုံမှ ဘုရားသခင်ဖြစ်သည်ဟုလည်းကောင်း ထင်ခြင်း ဖြစ်သည်။ သူက သူ့အား သခင်ယေရှုခရစ်တော်၏ တမန်တော်တစ်ပါး ဖြစ်အောင်ပြုလုပ်ပေးရန် မည်သူကမျှ တန်ခိုး၊ သို့မဟုတ် အရည်အချင်းများ မရှိဟုလည်းကောင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည်သာ ထိုတန်ခိုး ရှိသည်ဟုလည်းကောင်း၊ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်က တိုက်ရိုက်လမ်းပြခြင်းကို ခံရခြင်းဖြစ်သည်ဟုလည်းကောင်း ထင်မြင်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ မည်သည့်အရာကို ညွှန်ပြသနည်း။ ပေါလု၏ စိတ်နှလုံးအတွင်းထဲတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် နံပါတ်တစ်ဖြစ်ပြီး သူကိုယ်တိုင်က နံပါတ်နှစ်ဖြစ်သည်ဟု သူယုံကြည်သည်ကို ညွှန်ပြသည်။ ဤသို့ဆိုလျှင် သခင်ယေရှုကို မည်သည့်နေရာတွင် သူထားသနည်း။ (သူကိုယ်တိုင်နှင့် တူညီသည့်နေရာတွင် ထားသည်။) ဤသည်မှာ ပြဿနာ ဖြစ်သည်။ သူ၏ နှုတ်ဖြင့် သူသည် သခင်ယေရှုက ခရစ်တော်ဖြစ်သည်ဟု ထုတ်ဖော်ပြောသော်လည်း ခရစ်တော်၏ အနှစ်သာရက ဘုရားသခင်၏ အနှစ်သာရဖြစ်သည်ကို မသိမြင်ပေ။ ခရစ်တော်နှင့် ဘုရားသခင်ကြားရှိ ဆက်နွှယ်မှုကို သူ နားမလည်ခဲ့ပေ။ အလွန်ဆိုးရွားသောပြဿနာတစ်ခုကို ဖြစ်စေခဲ့သည်မှာ ဤနားလည်မှု ကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။ ယင်းမှာ မည်သည့်ပုံစံဖြင့် ဆိုးရွားသနည်း။ (သခင်ယေရှုက လူ့ဇာတိခံဘုရားသခင်ဖြစ်သည်ကို သူ ဝန်မခံခဲ့ပါ။ သခင်ယေရှုကို သူငြင်းဆန်ခဲ့သည်။) ဟုတ်သည်။ ယင်းသည် အလွန်ပင် ဆိုးရွားသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်သည်ကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ကောင်းကင်ဘုံမှ ကမ္ဘာမြေသို့ ကြွဆင်းလာသောအခါတွင် ဘုရားသခင်၏ လူ့ဇာတိဖြစ်သည်ကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်ကိုလည်းကောင်း သူ ငြင်းဆန်ခဲ့သည်။ ဤသည်မှာ ပေါလုက ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ ဖြစ်တည်မှုကို ငြင်းဆန်ခဲ့သည်ဟု သွယ်ဝိုက်မညွှန်းဆိုသလော။ (ညွှန်းဆိုပါသည်။) ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ ဖြစ်တည်မှုကို သူငြင်းဆန်လျှင် သူသည် သခင်ယေရှု၏စကားများကို အသိအမှတ်ပြုနိုင်သလော။ (အသိအမှတ်မပြုနိုင်ပါ။) သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အသိအမှတ်မပြုခဲ့လျှင် ယင်းကို လက်ခံနိုင်ခဲ့သလော။ (လက်မခံနိုင်ခဲ့ပါ။) သူသည် သခင်ယေရှုခရစ်တော်၏ စကားများ၊ သွန်သင်မှုများ၊ သို့မဟုတ် ပင်ကိုလက္ခဏာကို လက်မခံခဲ့ပေ။ ထို့ကြောင့် သခင်ယေရှုခရစ်တော်၏ အလုပ်ကို သူ လက်ခံနိုင်ခဲ့သလော။ (လက်မခံနိုင်ခဲ့ပါ။) သခင်ယေရှုခရစ်တော် လုပ်ဆောင်ခဲ့သောအမှုကို သူလက်မခံခဲ့ပေ၊ သို့မဟုတ် သခင်ယေရှုခရစ်တော်က ဘုရားဖြစ်သည်ဆိုသည့်အချက်ကို လက်မခံခဲ့ပေ။ သို့တိုင်အောင် ဤသည်မှာ အဆိုးဆုံးအပိုင်းမဟုတ်။ အဆိုးဆုံးအပိုင်းမှာ အဘယ်နည်း။ လွန်ခဲ့သော နှစ်နှစ်ထောင်က သခင်ယေရှုသည် အားလုံးထဲတွင် အကြီးဆုံးသောအမှုကို လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာခဲ့သည်။ ကျေးဇူးတော်ခေတ်ရှိ ရွေးနုတ်ခြင်းအမှုဖြစ်သည်။ သူသည်လူ့ဇာတိခံပြီး အပြစ်ရှိသောဇာတိပကတိ၏ ပုံသဏ္ဌာန်ဖြစ်လာကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် သံမှိုစွဲခံခဲ့သည်။ ဤသည်မှာ ကြီးမားသောအမှု ဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်တိုင်အောင် ပေါလုက ခေါင်းမာစွာဖြင့် ငြင်းဆန်ခဲ့သည်။ သခင်ယေရှုလုပ်ဆောင်ခဲ့သည့် ရွေးနုတ်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ခဲ့သည်ကို သူငြင်းဆန်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် ရွေးနုတ်ခြင်းအမှုကို ဖြစ်မြောက်နှင့်ပြီးဖြစ်သည်ဆိုသည့်အချက်ကို ငြင်းဆန်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သလော။ အလွန့်အလွန် ဆိုးရွားသည်။ သခင်ယေရှုခရစ်တော်၏ ကားစင်တင်ခြင်း၏ အမှန်တရားကို ပေါလုက နားလည်ရန် အားမထုတ်ခဲ့ရုံမကဘဲ ဝန်ခံခြင်းလည်းမရှိခဲ့ပေ။ ပြီးလျှင် ဝန်မခံခြင်းသည် ငြင်းဆန်ခြင်း ဖြစ်သည်။ ကားစင်တင်ခံပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခဲ့သည်မှာ ဘုရားသခင်ဖြစ်သည်ကို သူဝန်မခံသကဲ့သို့ ဘုရားသခင်က လူသားမျိုးနွယ်အားလုံးအတွက် အပြစ်ဖြေရာယဇ်အဖြစ် အသုံးတော်ခံခဲ့သည်ကိုလည်း ဝန်မခံခဲ့ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုကိုပြုပြီးနောက်တွင် လူသားမျိုးနွယ်တစ်ရပ်လုံး ရွေးနုတ်ခြင်းခံရသည်ကို ဝန်မခံသည်ကိုဖြစ်စေ၊ ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်ကိုဖြစ်စေ ပေါလု ဝန်မခံသည်ကို သွယ်ဝိုက်ညွှန်းဆိုသည်။ တစ်ချိန်တည်းတွင် သူ၏ အပြစ်များ ခွင့်လွှတ်ခြင်းမခံရသေးဟု ထင်ခဲ့သည်။ သခင်ယေရှုက လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သည့်အချက်ကို သူဝန်မခံခဲ့ပေ။ သူ၏ ရပ်တည်ချက်မှကြည့်လျှင် ယင်းတို့အားလုံးသည် ဖျောက်ဖျက်ခြင်းခံရပြီးဖြစ်သည်။ ဤသည်မှာ အဆိုးရွားဆုံးပြဿနာဖြစ်သည်။ ပေါလုသည် လွန်ခဲ့သည့် နှစ်နှစ်ထောင်တွင် အကြီးဆုံးသော အန္တိခရစ်ဖြစ်သည်ဟု ယခုပင် ငါပြောခဲ့သည်။ ဤအချက်ကို ထုတ်ဖော်ပြီး ဖြစ်သည်။ ဤအချက်များသည် ကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်းမရှိဘဲ ဘုရားသခင်က ပေါလုသည် ဘုရားကို အာခံပြီး အန္တိခရစ်တစ်ဦးဖြစ်သည်ဟု ဆိုလျှင် လူတို့က ယုံမည်လော။ ၎င်းတို့ လုံးဝ ယုံမည်မဟုတ်။ ကံကောင်းစွာဖြင့် ကျမ်းစာတွင် ပေါလု၏စာများကို မှတ်တမ်းတင်ထားသည်။ ထိုစာများတွင် အဖြစ်မှန်သက်သေရှိသည်။ ဤသို့မဟုတ်လျှင် ငါပြောသည့်အရာကို ပံ့ပိုးပေးရန် မည်သည့်အရာမျှ ရှိမည်မဟုတ်ဘဲ သင်တို့က လက်မခံခြင်း ဖြစ်နိုင်သည်။ ယခုတွင် ပေါလု၏စကားများကို ငါတို့ထုတ်ယူပြီး ဖတ်သောအခါ ပေါလုက သခင်ယေရှုပြောခဲ့သည့်အရာများအားလုံးကို မည်သို့ရှုမြင်ခဲ့သနည်း။ ပေါလုသည် သခင်ယေရှုပြောခဲ့သည့်အရာများက သူ၏ ကိုယ်ပိုင်ဘာသာရေးအယူဝါဒများထဲမှ တစ်ခုဖြင့်ပင် ညီမျှခြင်းမရှိဟု ထင်မြင်သည်။ ထို့ကြောင့် သခင်ယေရှုက ဤကမ္ဘာမှ ထွက်ခွာသွားပြီးနောက်တွင် ပေါလုက ဧဝံဂေလိဖြန့်ခြင်း၊ အမှုပြုခြင်း၊ တရားဟောခြင်းနှင့် အသင်းတော်များကို ထိန်းကျောင်းခြင်းတို့ လုပ်ဆောင်သော်လည်း သခင်ယေရှု၏ စကားများကို လက်တွေ့လုပ်ဆောင်ဖို့၊ သို့မဟုတ် တွေ့ကြုံခံစားဖို့မဆိုထားနှင့်၊ လုံးဝပင် မဟောပြောခဲ့ပေ။ ထိုအစား ဓမ္မဟောင်းကျမ်းအပေါ် သူကိုယ်တိုင်၏ နားလည်မှုကို ဟောကြားသည်။ ယင်းမှာ ခေတ်နောက်ကျပြီး အနှစ်မရှိသော စကားများ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ထောင်တွင် သခင့်ကိုယုံကြည်သူတို့သည် ကျမ်းစာနှင့်အညီ လုပ်ဆောင်ကြသည်။ ပြီးလျှင် ၎င်းတို့လက်ခံသမျှတိုင်းသည် ပေါလု၏ အနှစ်မရှိသော သဘောတရားများ ဖြစ်သည်။ ရလဒ်အနေဖြင့် လူတို့သည် နှစ်နှစ်ထောင်ကြာ သူ၏ ကြောင်းကျိုးမမြင်ဖြစ်စေခြင်းကို ခံနေခဲ့ကြရလေ၏။ သင်က ပေါလုမှားသည်ဟု ယနေ့ခေတ်ဘာသာရေးသမား အုပ်စုတစ်စုကို ပြောလျှင် ၎င်းတို့က ကန့်ကွက်ပြီး လက်ခံမည်မဟုတ်။ ၎င်းတို့အားလုံးက ပေါလုကို အထင်ကြီးလေးစားသောကြောင့် ဖြစ်သည်။ ပေါလုက ၎င်းတို့ အလွန်လေးစားအားကျရသောသူဖြစ်ပြီး ၎င်းတို့ကို တည်ထောင်ပေးခဲ့သော ဖခင်ကြီးဖြစ်သည်။ ၎င်းတို့က ပေါလု၏ သားသမီးဝတ်ကျေပွန်သောသားများနှင့် သားစဉ်မြေးဆက်များဖြစ်ကြသည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ အထင်အမြင်မှားအောင် လုပ်ခြင်း ခံရသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ဆန့်ကျင်လျက် ပေါလုနှင့် တူညီသောဘက်တွင် ရပ်တည်နေကြပြီဖြစ်သည်။ ၎င်းတို့တွင် ပေါလုကဲ့သို့ တူညီသောအမြင်များ၊ တူညီသောသဘာဝအနှစ်သာရ၊ တူညီသောလိုက်စားမှု နည်းလမ်းတို့ရှိကြသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ လုံးလုံးလျားလျား ဖြစ်သွားကြသည်။ ဤသည်မှာ ပေါလု၏ စတုတ္ထမြောက် အကြီးစားအပြစ်ဖြစ်သည်။ ပေါလုသည် သခင်ယေရှုခရစ်တော်၏ ပင်ကိုလက္ခဏာကို ငြင်းဆန်ခဲ့ပြီး ပညတ်တော်ခေတ်ပြီးနောက် ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုကို ငြင်းဆန်ခဲ့သည်။ ဤသည်မှာ အဆိုးဆုံးသောအရာ ဖြစ်သည်။ အခြားဆိုးရွားသောအရာမှာ သူသည် သခင်ယေရှုခရစ်တော်နှင့် တူညီသော အဆင့်တွင် သူ့ကိုယ်သူထားရှိခြင်း ဖြစ်သည်။ ပေါလုအသက်ရှင်ခဲ့သော ခေတ်တွင် သခင်ယေရှုခရစ်တော်ကို တွေ့ခဲ့သော်လည်း သူ့ကို ဘုရားသခင်အဖြစ် ပေါလု မမြင်ခဲ့ပေ။ ထိုအစား သူသည် သခင်ယေရှုခရစ်တော်ကို သာမန်လူတစ်ယောက်ကဲ့သို့၊ သူသည် နောက်ထပ် လူသားမျိုးနွယ်ဝင်တစ်ဦးသက်သက်ကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော လူသားများကဲ့သို့ တူညီသော သဘာဝအနှစ်သာရရှိသည့်လူတစ်ဦးကဲ့သို့ သဘောထားခဲ့သည်။ ပေါလုသည် သခင်ယေရှုအား ဘုရားသခင်ကဲ့သို့ သဘောထားဖို့မဆိုထားနှင့် ခရစ်တော်အဖြစ်ဖြင့်ပင် မည်သည့်ပုံစံနှင့်မျှ သဘောမထားခဲ့ပေ။ ဤသည်မှာ အလွန်ဆိုးရွားသောကိစ္စဖြစ်သည်။ ဤသို့ဆိုလျှင် ပေါလုသည် အဘယ်ကြောင့် ဤသို့လုပ်ဆောင်သနည်း။ (လူ့ဇာတိခံဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရအား ပိုင်ဆိုင်သည်ကို သူမသိမြင်ခဲ့ပါ။ ထို့ကြောင့် သခင်ယေရှုခရစ်တော်ကို ဘုရားအဖြစ် သဘောမထားခဲ့ပါ။) (သူသည် သခင်ယေရှု၏စကားများကို သမ္မာတရားအဖြစ် မမြင်သကဲ့သို့ သခင်ယေရှုခရစ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ကိုလည်း မမြင်ခဲ့ပါ။) (အပေါ်ယံတွင် ပေါလုသည် သခင်ယေရှုကို ယုံကြည်ဟု ဖွင့်ဟခဲ့သော်လည်း သူအမှန်တကယ်ယုံကြည်သည်မှာ ကောင်းကင်ဘုံရှိ မရေရာသော ဘုရားဖြစ်သည်။) (သမ္မာတရားကို သူမရှာဖွေခဲ့ပါ။ ထို့ကြောင့် သူသည် ခရစ်တော်က သမ္မာတရားနှင့် အသက်ဖြစ်သည်ကို သဘောပေါက်နိုင်စွမ်းမရှိပါ။) ဆက်၍ ပြောလော့။ (ပေါလုက သူ့အနေဖြင့် အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်သည်ဟု ပြောခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်လိုပြီး သခင်ယေရှုကို အစားထိုးလိုသည်။) သင်တို့ပြောသမျှတိုင်းက အချက်အလက်များနှင့် ကိုက်ညီသည်။ ပေါလုက သူကိုယ်တိုင် ပြခဲ့သည့် ပုံစံတစ်ခုစီသည်၊ သူ၏ အပြစ်တစ်ခုစီသည် ယခင်ထက်ပို၍ ဆိုးရွားသည်။

ပေါလုပြောခဲ့သည့် “ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” ဟူသည့် ဤစကားကို စိစစ်ကြစို့။ ဤစကားများသည် အထင်ကြီးဖွယ်ဖြစ်သော စကားများဖြစ်သည်။ သူရွေးချယ်ခဲ့သည့် စကားများကို ကြည့်လော့။ “ဓမ္မသရဖူ” ပုံမှန်အားဖြင့် “သရဖူ”ဟူသည့် စကားကိုယ်၌ကို သုံးရန်မှာ အလွန်ရဲတင်းသည်။ သို့သော် သရဖူတစ်ခုကို အဓိပ္ပာယ်သတ်မှတ်ရန် အထူးပြုသော ဖော်ပြချက်တစ်ခုအနေဖြင့် “ဓမ္မ”ဆိုသည်ကို မည်သူသုံးရဲသနည်း။ ပေါလုသာ ဤစကားကို သုံးရဲသည်။ သူ အဘယ်ကြောင့် သုံးခဲ့သနည်း။ ဤစကားသည် ဇာစ်မြစ်တစ်ခုရှိပြီး ဂရုတစိုက်ရွေးချယ်ထားခြင်း ဖြစ်သည်။ သူ၏စကားများနောက်ကွယ်တွင် လေးနက်သော သွယ်ဝိုက်ညွှန်းဆိုမှုများရှိသည်။ မည်သည့် သွယ်ဝိုက်ညွှန်းဆိုမှုများနည်း။ (သူသည် ဤစကားဖြင့် ဘုရားသခင်ကို အကျပ်ကိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။) ဘုရားသခင်ကို အကျပ်ကိုင်လိုခြင်းသည် ဤအရာ၏ အချက်တစ်ခု ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ အသေအချာပင် အပေးအယူတစ်ခု ပြုလုပ်ရန်ဖြစ်ပြီး ထိုအပေးအယူအပေါ် ဘုရားသခင်နှင့် သတ်မှတ်ချက်များပြုလုပ်ဖို့ ကြိုးစားသည့် အရိပ်အယောင်တစ်ခုလည်း ရှိသည်။ ဤအရာအပြင် သူ့အနေဖြင့် ဤဓမ္မသရဖူအကြောင်းကို အစဉ်ဟောကြားရခြင်း အကြောင်းရင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိသလော။ (သူသည် လူတို့ကို လမ်းလွဲအောင်လုပ်ဆောင်လိုသည်။ သူသည် သရဖူမရလျှင် ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟု လူတို့က ထင်မြင်အောင်လုပ်ဆောင်လိုသည်။) သူသည် ဤအရာကို တရားဟောခြင်းတွင် လှုံ့ဆော်ပြီး အထင်အမြင်မှားစေသော အရည်အသွေးတစ်ခုရှိသည်။ ပြီးလျှင် ဤအရာသည် ပေါလု၏ ဆန္ဒများနှင့် ရည်မှန်းချက်များဖြင့် ဆက်စပ်နေသည်။ ဓမ္မသရဖူကို ရယူလိုသည့် သူ၏လိုအင်ဆန္ဒကို နောက်ဆုံးတွင် ဖြစ်မြောက်စေပြီး ပြည့်စုံရန်အတွက် ထိုအကြောင်းကို နေရာတကာတွင်ဟောသည့် နည်းဗျူဟာကို အသုံးပြုခဲ့သည်။ တစ်ဖက်တွင် ဤစကားများကို ဟောကြားခြင်း၌ သူ၏ ပန်းတိုင်မှာ လူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေရန် ဖြစ်သည်။ နားထောင်နေသောသူတို့အထဲသို့ သီးသန့်အတွေးတစ်ခု သွတ်သွင်းရန် ဖြစ်သည်။ အတိအကျဆိုရသော် “မိမိကိုယ်ကို အလွန်အသုံးခံသော၊ အလွန်လှည့်လည်ခရီးသွားသော၊ ငါလုပ်ဆောင်သည့်ပုံစံအတိုင်း လိုက်စားသော ငါကဲ့သို့သောသူတစ်ယောက်သည် ဓမ္မသရဖူကို ရနိုင်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤအရာကို နားထောင်ပြီးနောက်တွင် ပေါလုကဲ့သို့သောသူတစ်ဦးက သရဖူရရှိလျှင်သာ ဘုရားသခင်က ဖြောင့်မတ်သည်ဟု လူတို့က အလိုအလျောက် ခံစားမိသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ လိုက်စားရမည်၊ လှည့်လည်ခရီးသွားရမည်၊ မိမိတို့ကိုယ်ကို အသုံးခံရမည်ဟုလည်းကောင်း၊ သခင်ယေရှုကို နားထောင်၍မရဟုလည်းကောင်း၊ ပေါလုသည် စံဖြစ်သည်၊ သူသည် သခင်ဖြစ်သည်၊ သူသည် လူတို့လျှောက်သင့်သည့် ဦးတည်ချက်နှင့် ပန်းတိုင်ဖြစ်သည်ဟုလည်းကောင်း ခံစားမိကြသည်။ လူတို့သည် ပေါလုလုပ်ဆောင်သည့်ပုံစံအတိုင်း အမှုအရာများကို လုပ်ဆောင်လျှင် ၎င်းတို့သည် သူကဲ့သို့ သရဖူမျိုး၊ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို ရရှိမည်ဟုလည်း ထင်ကြသည်။ တစ်ဖက်တွင် ပေါလုသည် လူတို့အား လှုံ့ဆော်ပြီး အထင်အမြင်မှားစေသည်။ အခြားတစ်ဖက်တွင် သူ့၌ အန္တရာယ်အပေးနိုင်ဆုံး ပန်းတိုင်တစ်ခုရှိသည်။ သူ၏ စိတ်နှလုံးအတွင်းထဲ၌ သူသည် “သရဖူကို ငါမရသည့် ဖြစ်နိုင်ခြေနည်းသော အခြေအနေများတွင်၊ ငါ၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုနှင့် ငါ၏ ကိုယ်ပိုင်လိုရာဆွဲတွေးခြင်းသက်သက်သာ ဖြစ်နေသည့် အခြေအနေတွင် ဤသည်မှာ ခရစ်တော်ကို ယုံကြည်သော ငါအပါအဝင် လူတိုင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် လမ်းလွဲခဲ့သည်ဟူသည့် သဘောဖြစ်လိမ့်မည်။ ဤသည်မှာ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်မရှိဟူသည့် သဘောဖြစ်လိမ့်မည်။ ဘုရားသခင်၊ ကျွန်ုပ်သည်လည်း ကောင်းကင်ဘုံရှိ ကိုယ်တော်၏ ဖြစ်တည်မှုကို ငြင်းဆန်မည်။ ပြီးလျှင် ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ကိုယ်တော်လုပ်ဆောင်နိုင်မည်မဟုတ်” ဟု တွေးသည်။ သူက သွယ်ဝိုက်၍ ဆိုလိုသည်မှာ “ဤသရဖူကို ကျွန်ုပ်မရလျှင် ညီအစ်ကိုမောင်နှမများက ကိုယ်တော်ကို ငြင်းဆန်လိမ့်မည်သာမက ကျွန်ုပ် လှုံ့ဆော်ခဲ့သော၊ ဤစကားများကို သိသောသူအားလုံးကို ကိုယ်တော်မရရှိစေရန် ကျွန်ုပ်တားဆီးမည်။ ၎င်းတို့ကိုလည်း ကိုယ်တော်ကို မရရှိစေရန် ကျွန်ုပ် တားဆီးမည်။ ပြီးလျှင် တစ်ချိန်တည်းတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်အဖြစ် ကိုယ်တော်၏ ဖြစ်တည်မှုကို ကျွန်ုပ် ငြင်းဆန်မည်။ ကိုယ်တော်သည် မဖြောင့်မတ်။ ကျွန်ုပ် ပေါလုသည် သရဖူတစ်ခု မရနိုင်လျှင် မည်သူကမျှ မရသင့်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပေါလု၏ အန္တရာယ်ပေးသော အပိုင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူမဟုတ်သလော။ ဤသည်မှာ အန္တိခရစ် မကောင်းဆိုးဝါးတစ်ကောင်၏ အပြုအမူဖြစ်သည်။ လှုံ့ဆော်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ လူတို့ကို သွေးဆောင်ဖြားယောင်းခြင်းအပြင် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်းဖြင့် ဆူညံစွာ တောင်းဆိုခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ဖြစ်သည်။ သူ၏ စိတ်နှလုံးအတွင်းထဲတွင် ပေါလုက “ငါသည် သရဖူကို မရလျှင် ဘုရားသခင်သည် မဖြောင့်မတ်။ သရဖူကို ရလျှင် ထိုအခါမှသာ ယင်းသည် ဓမ္မသရဖူဖြစ်ပြီး ထိုအခါမှသာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက အမှန်ပင် ဖြောင့်မတ်သည်” ဟု တွေးသည်။ ဤသည်မှာ သူ၏ “ဓမ္မသရဖူ” ၏ ဇာစ်မြစ် ဖြစ်သည်။ ဤအရာအားဖြင့် သူသည် မည်သည့်အရာကို လုပ်ဆောင်နေခဲ့သနည်း။ သူသည် ဘုရားသခင်နောက်သို့လိုက်သော သူတို့ကို ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ပြီး အထင်အမြင်မှားအောင်ပြုလုပ်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်းဖြင့် ဆူညံစွာ တောင်းဆိုပြီး ဆန့်ကျင်ရန် ဤနည်းလမ်းများကို အသုံးပြုနေသည်။ တစ်နည်းအားဖြင့် သူ၏ အပြုအမူသည် ပုန်ကန်မှုတစ်ခုဖြစ်သည်။ ယင်း၏ သဘာဝမှာ အဘယ်နည်း။ အပေါ်ယံတွင် ပေါလုအသုံးပြုသည့် စကားများသည် ရည်မွန်ပြီး သင့်လျော်သည့် ပုံစံရှိသည်။ ယင်းတို့တွင် မှားယွင်းသည့် မည်သည့်အရာမျှ မရှိသည့်ပုံစံရှိသည်။ ဓမ္မသရဖူကို ရယူပြီး ကောင်းချီးခံစားရရန်အတွက် ဘုရားသခင်ကို မည်သူက မယုံကြည်မည်နည်း။ အနည်းဆုံးအနေဖြင့် အစွမ်းအစမရှိသည့် လူတို့သည်ပင် ကောင်းကင်ဘုံသို့ရောက်ရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ထိုနေရာတွင် လမ်းများကို တံမြက်စည်းလှဲရန်၊ သို့မဟုတ် တံခါးဝတွင် စောင့်ရန် ခိုင်းစေခြင်းခံရလျှင်ပင် ပျော်ရွှင်လိမ့်မည်။ ဘုရားသခင်အပေါ် ယုံကြည်မှုတွင် ဤရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိခြင်းသည် သင့်လျော်ပြီး နားလည်နိုင်ဖွယ်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ပေါလု၏ တစ်ခုတည်းသော ရည်မှန်းချက်မဟုတ်။ သူသည် သူ၏ဓမ္မသရဖူအကြောင်း ဟောခြင်းနှင့်ပတ်သက်လျှင် များစွာ အားထုတ်သည်။ အားအင်များစွာကို အသုံးချသည်။ အလွန်ပင် ရေးကြီးခွင့်ကျယ်လုပ်သည်။ ပေါလုပြောသည့်အရာများသည် သူ၏ မလိုမုန်းထားသော သဘာဝကို ဖော်ထုတ်ပြသည့်အပြင် သူကိုယ်တိုင်၏ အတွင်းထဲတွင် ပုန်းကွယ်နေသော၊ မှောင်မိုက်သောအရာများကိုပါ ဖော်ထုတ်ပြသည်။ ထိုအချိန်က ပေါလုသည် သူ့ကိုယ်သူ နာမည်ကြီးအောင်လုပ်ခဲ့ပြီး သူ့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သောသူများစွာရှိသည်။ သူသည် နေရာတကာသို့သွား၍ ဤသဘောတရားများ၊ အဆင့်မြင့်ပုံရသည့် စိတ်ကူးများ၊ သူ၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအပြင် သူ၏လေ့လာမှုတွင် သင်ယူရရှိခဲ့သောအရာများ၊ သူ၏စိတ်ကို အသုံးပြုလျက် သူကောက်ချက်ချခဲ့သောအရာများကို ဟောသည်။ ပေါလုသည် နေရာတကာတွင် ဤအရာများကို ဟောသောအခါ ထိုအချိန်က လူတို့အပေါ် သက်ရောက်မှုသည် မည်မျှကြီးမည်နည်း။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မည်မျှပြင်းထန်စွာ ထိခိုက်ပြီး အဆိပ်သင့်မည်နည်း။ နောက်ပြီး သူ၏စာများမှနေ၍ ဤအရာများကို သင်ယူရသော နောက်ပိုင်းမျိုးဆက်များရှိလူများတွင် သက်ရောက်မှု မည်မျှကြီးမည်နည်း။ သူ၏စကားများကို ဖတ်ပြီးသောသူတို့သည် ၎င်းတို့မည်မျှကြိုးစားသည်ဖြစ်စေ ဤအရာများကို မိမိတို့ထံမှ မဖယ်ရှားနိုင်ပေ။ ၎င်းတို့သည် အလွန်နက်နဲစွာ အဆိပ်သင့်ပြီး ဖြစ်သည်။ မည်မျှနက်နဲသနည်း။ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့သည်။ “ပေါလု သက်ရောက်မှု” ဟု ခေါ်သည်။ ပေါလုသက်ရောက်မှုဆိုသည်မှာ အဘယ်နည်း။ လူတို့သည် ပေါလုထုတ်ဖော်ခဲ့သည့် သူ၏ အတွေးများ၊ အမြင်များ၊ ငြင်းခုံမှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးခြင်းကိုခံရသည့် ဖြစ်ရပ်တစ်ခုသည် ဘာသာတရားတွင် ရှိသည်။ ဘုရားသခင်ကို မျိုးဆက်အတန်ကြာ ယုံကြည်ခဲ့သော မိသားစုရှိသည့်သူများဖြစ်သည့် ခရစ်တော်နောက်သို့ ဆယ်စုနှစ်များစွာလိုက်ခဲ့သော မိသားစုများတွင် အထူးသဖြင့် သက်ရောက်သည်။ ၎င်းတို့က “ကျွန်ုပ်တို့ မိသားစုသည် သခင့်ကို မျိုးဆက်နှင့်ချီ၍ ယုံကြည်ခဲ့ပြီး လောကီခေတ်ရေစီးကြောင်းများနောက်သို့ မလိုက်ပါ။ ကျွန်ုပ်တို့သည် လောကီနှင့် အဝေးတွင်နေပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် ကျွန်ုပ်တို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်လွှတ်ခဲ့သည်။ ကျွန်ုပ်တို့ လုပ်ဆောင်သမျှတိုင်းသည် ပေါလုလုပ်ဆောင်ခဲ့သည်နှင့် တူညီသည်။ သရဖူများကို ကျွန်ုပ်တို့ မရလျှင်၊ သို့မဟုတ် ကောင်းကင်ဘုံကိုမရောက်လျှင် ဘုရားသခင် ကြွလာသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် စာရင်းရှင်းရလိမ့်မည်” ဟု ဆိုသည်။ ဤငြင်းခုံမှုကို လူတို့မပြုလုပ်သလော။ (ပြုလုပ်ပါသည်။) ဤရေပန်းစားမှုသည် အလွန်ပင် သိသာထင်ရှားသည်။ ဤရေပန်းစားမှုသည် မည်သည့်နေရာကလာသနည်း။ (ပေါလု ဟောကြားခဲ့သည့်အရာမှ လာသည်။) ယင်းသည် ပေါလုထည့်သွင်းခဲ့သည့် အကျိတ်၏ အန္တရာယ်ပေးနိုင်သော ရလဒ်ဖြစ်သည်။ ပေါလုက လူတို့ကို ဤသို့ မလှုံ့ဆော်ခဲ့လျှင်၊ “ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” နှင့် “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏” ဆိုသည်တို့ကို အစဉ်မပြောခဲ့လျှင် ထိုခေတ်ကာလ၏ သမိုင်းနောက်ခံမရှိဘဲ ယခုခေတ် လူတို့၌ ထိုအရာများအား သိမြင်မှုလုံးဝ ရှိမည်မဟုတ်။ ၎င်းတို့တွင် ဤစဉ်းစားပုံရှိလျှင်ပင် ပေါလု၏ ရိုင်းစိုင်းအတင့်ရဲမှုရှိမည်မဟုတ်။ အားလုံးက ပေါလု၏ အားပေးမှုနှင့် လှုံ့ဆော်မှုတို့ကြောင့် ဖြစ်သည်။ ဤလူတို့သည် ကောင်းချီး မခံစားရသည့်နေ့ရောက်လာလျှင် သခင်ယေရှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ရန် ရဲတင်းမှုရှိလိမ့်မည်။ ပြီးလျှင် တတိယကောင်းကင်ဘုံသို့ပင် ချီတက်ပြီး ဤအမှုကိစ္စကို သခင်နှင့် အငြင်းပွားလိုလိမ့်မည်။ ဤသည်မှာ ဘာသာရေးလောကက သခင်ယေရှုကို ပုန်ကန်နေခြင်း မဟုတ်လော။ ဘာသာရေးလောကသည် ပေါလု၏ သက်ရောက်ခြင်းကို ပြင်းထန်စွာခံထားရသည်မှာ ရှင်းသည်။ ယခုတွင် ဤအဆင့်အထိ ငါပြောဆိုပြီးဖြစ်သောကြောင့် ပေါလု၏ ပဉ္စမအပြစ်က မည်သည့်အရာဖြစ်သည်ကို သင် ကောက်ချက်ချနိုင်သည် မဟုတ်လော။ ပေါလုပြောဆိုသည့် “ဓမ္မသရဖူ” ၏ ဇာစ်မြစ်ကို အနှစ်ချုပ်ခြင်းနှင့် ပတ်သက်လျှင် အာရုံစိုက်ရမည်မှာ “ဓမ္မ”ဟူသည့် စကားဖြစ်သည်။ သူသည် “ဓမ္မ”ဆိုသည်ကို အဘယ်ကြောင့် ပြောခဲ့သနည်း။ ကမ္ဘာမြေပေါ်တွင် သူသည် ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေလိုသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် သူတွေးသည့်ပုံစံအတိုင်း တွေးမည်ဖြစ်သည်။ ကောင်းကင်ဘုံတွင် သူသည် ဤစကားဖြင့် ဘုရားသခင်ကို အကျပ်ကိုင်လိုပြီး ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုလိုသည်။ ဤသည်မှာ ပေါလု၏ ပန်းတိုင်ဖြစ်သည်။ သူသည် ဤအရာကို မည်သည့်အခါမျှ ဖွင့်ဟမပြောသော်လည်း “ဓမ္မ”ဟူသည့်စကားသည် ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုရန် သူ၏ ပန်းတိုင်နှင့် အလားအလာကို အပြည့်အဝ ပေါ်လွင်စေနှင့်ပြီး ဖြစ်သည်။ ယင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဖြစ်သည်။ ဤသည်တို့အားလုံးမှာ အမှန်တရားများ ဖြစ်သည်။ ဤအမှန်တရားများကို အခြေခံပြီး ပေါလု၏ သဘာဝအနှစ်သာရကို မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို မချစ်ခြင်းတို့အဖြစ်ဖြင့်သာ အနှစ်ချုပ်နိုင်သလော။ (မချုပ်နိုင်ပါ။) ဤဝေါဟာရများက အနှစ်မချုပ်နိုင်ပေ။ ငါက ဤအမှန်တရားများကို ထုတ်ပြောပြီး ယင်းတို့ကို စိစစ်ခြင်း၊ ပိုင်းခြားခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်းအားဖြင့် သင်တို့သည် ပေါလု၏ သဘာဝအနှစ်သာရကို ပို၍ရှင်းလင်းစွာ၊ နှံ့စပ်စွာ မြင်နိုင်သင့်သည်။ ဤသည်မှာ အမှန်တရားများကို အခြေခံ၍ အနှစ်သာရတစ်ခုကို စိစစ်ခြင်းအားဖြင့် ရရှိသည့် သက်ရောက်မှုဖြစ်သည်။ ပေါလုသည် ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုသောအခါ သူသည် လူမသိသူမသိ အသေးစား စိတ်ခံစားမှုဆိုင်ရာ အခိုက်အတန့်၊ ပုန်ကန်သော စိတ်သဘောထားအနည်းငယ်၊ သို့မဟုတ် ကျိုးနွံနာခံရန် မတတ်နိုင်ခြင်း ရှိနေခြင်း မဟုတ်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့်သက်ဆိုင်သည့် သာမန်ပြဿနာတစ်ခုမဟုတ်။ ဤထက် ယင်းသည် လူတိုင်းက ဘုရားသခင်ကို ဆန့်ကျင်ပြီး ဆူညံစွာတောင်းဆိုရန် ဒေါသဖြင့် အတူတကွ ထကြွစေရန်အတွက် စာများနှင့် လူအများရှိသည့် ဝန်းကျင်များမှတစ်ဆင့် လူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေရန် နည်းလမ်းမျိုးစုံကို ပြောင်ပြောင်တင်းတင်း အသုံးပြုခြင်းဆီသို့ မြင့်တက်သွားခဲ့ပြီး ဖြစ်သည်။ ပေါလုသည် ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုရုံတင်မကဘဲ အခြားလူတိုင်းကိုလည်း ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုရန် လှုံ့ဆော်ခဲ့သည်။ သူသည် မာနထောင်လွှားခြင်းသာ မဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ဤအပြစ်သည် ယခင်အပြစ်ထက်ပို၍ ဆိုးသည်။ ပို၍ ဆိုးရွားနေသည့်အပြစ်များအကြောင်းကို ငါတို့ပြောနေခြင်းသည် ကောင်းသောအရာတစ်ခုလော၊ သို့မဟုတ် ဆိုးသောအရာတစ်ခုလော။ (ကောင်းပါသည်။) အဘယ်သို့ ကောင်းသနည်း။ (ကျွန်ုပ်တို့သည် ပေါလုအပေါ် ပို၍ ပိုင်းခြားသိမြင်မှုကို ရရှိနေသောကြောင့် ဖြစ်ပါသည်။) သင့်တွင် ပိုင်းခြားသိမြင်မှု ပို၍ရှိသောအခါ ပေါလု၏ အမျိုးမျိုးသော သရုပ်သကန်များ၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်မှုများနှင့် သူ၏သရုပ်မှန်တို့ကို နှံ့နှံ့စပ်စပ်ဖော်ထုတ်နိုင်ပြီး ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် ငါတို့၏ ပန်းတိုင်ကို သင်ရရှိမည်လော။ (ရရှိမည်မဟုတ်။) ငါတို့ အနှစ်ချုပ်ခဲ့သော ပေါလု၏ သရုပ်သကန်အားလုံးအပြင် ယင်းတို့၏ အဓိကအကြောင်းအရာ၊ အဓိကဆိုလိုရင်း၊ အနှစ်သာရတို့ကိုပါယူပြီး ယင်းတို့ကို သင့်ကိုယ်သင်ဖြင့်လည်းကောင်း၊ သင့်အနီးရှိလူတို့ဖြင့်လည်းကောင်း ဆက်စပ်လော့။ ပေါလုနှင့် ယှဉ်ကြည့်လျှင် သင်လျှောက်သောလမ်းကြောင်းနှင့် သင်၏ ကိုယ်ပိုင်အနှစ်သာရကြားတွင် ကွာခြားမှုမည်မျှကြီးသည်ကို သင်ရှင်းလင်းစွာ အတိအကျ မြင်တွေ့ပြီးဖြစ်သောအခါ သင်သည် ရလဒ်များကို အပြည့်အဝရရှိလိမ့်မည်။ ပြီးလျှင် ပေါလုအား စိစစ်ခြင်းဖြစ်သည့် ငါတို့၏ပန်းတိုင်ကို သင်ရရှိပြီး ဖြစ်လိမ့်မည်။ “ဓမ္မသရဖူကို ပေါလုလိုက်စားခြင်းနှင့်ဆိုင်သော သရုပ်သကန်တစ်ခုမျှ ကျွန်ုပ်တွင် မရှိ” ဟုဆိုသော သူအချို့ရှိသည်။ သင်၏ သရုပ်သကန်များနှင့် သင်၏ အနှစ်သာရသည် ပေါလုမျှ ဆိုးရွားခြင်း မရှိကောင်းမရှိနိုင်ပေ။ သို့သော် သင်၏ အနှစ်သာရနှင့် သူ၏အနှစ်သာရတွင် ထပ်တူကျမှုတစ်ခုခုရှိသည်။ သူသည် ဤကဲ့သို့ သရုပ်သကန်များကို ပိုင်ဆိုင်ခဲ့သည်။ ပြီးလျှင် သင်က ဤကဲ့သို့ အခြေအနေများကို ပိုင်ဆိုင်သည်။ ပေါလု၏ သရုပ်သကန်များသည် အတိုင်းအတာအရ ၁၀၊ သို့မဟုတ် ၁၂ ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် သင်က အဘယ်သို့နည်း။ (ကျွန်ုပ်သည် ခုနစ်၊ သို့မဟုတ် ရှစ်ဖြစ်သည်။) ပေါလုသည် ဤအရာများကို အချိန်ပြည့် ထုတ်ဖော်ပြကာ ဤအရာများဖြင့် အချိန်ပြည့် ပြည့်နေသည်။ သင်က ဤအရာများကို အချိန်ပြည့် မထုတ်ဖော်နိုင်သော်လည်း မကြာခဏ ထုတ်ဖော်ပြဆဲ ဖြစ်သည်။ သင်သည် ဤအရာများကို လုပ်ဆောင်လျက်၊ ဤအခြေအနေများတွင် အသက်ရှင်လျက် သင်၏ဘဝတစ်ဝက်ကို အချိန်ကုန်ဖို့များသည်။ အထူးသဖြင့် ဘုရားသခင်က သင့်အား စမ်းသပ်မှုများထဲတွင် ချထားသောအခါ၊ ဘုရားသခင်၏ လုပ်ဆောင်မှုက သင့်အယူအဆများနှင့် မကိုက်သောအခါ၊ သူသည် သင့်ကို ပြုပြင်သောအခါ၊ သင့်အတွက် သူစီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များက သင့်မျှော်မှန်းချက်များနှင့် မကိုက်သောအခါ သင့်အတွင်းတွင် ဤသို့သော အခြေအနေများ ဖြစ်ပေါ်နိုင်သည်။ သင်သည် ဘုရားသခင်ကို ဆူညံစွာ တောင်းဆိုပြီး ဆန့်ကျင်ကောင်း ဆန့်ကျင်နိုင်သည်။ ဤသို့သောအချိန်များတွင် ပေါလုက လူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေခြင်းအား ငါတို့စိစစ်ခြင်းက သင့်အတွက် အသုံးဝင်နိုင်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ယခုတွင် သင့်စိတ်သည် ပေါလု၏ သရုပ်သကန်များသည် သဘောသဘာဝအရ မည်မျှဆိုးရွားသည်ကို သတိပြုမိသောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရိုးရှင်းစွာ ထုတ်ဖော်ခြင်းများ မဟုတ်ဘဲ ဘုရားသခင်ကို ဆန့်ကျင်သည့် နတ်ဆိုးဆန်သော သဘာဝအနှစ်သာရတစ်ခု ဖြစ်သည်။ သင့်တွင် ဤသို့သော အခြေအနေများ ဖြစ်ပေါ်သောအခါ ဤပြဿနာက မည်မျှဆိုးရွားသည်ကို သင်သိလိမ့်မည်။ ထို့နောက်တွင် သင်သည် နောက်ပြန်လှည့်ကာ နောင်တရပြီး ဤမမှန်ကန်သော အခြေအနေကို စွန့်ပစ်သင့်သည်။ သင်သည် ယင်းထံမှ အဝေးသို့ လျှောက်သွားသင့်သည်။ သမ္မာတရားကို ရှာသင့်သည်။ ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် လမ်းကြောင်းကို ရှာသင့်သည်။ ယင်းသည် လူသားများ လိုက်လျှောက်သင့်သည့် စစ်မှန်သော လမ်းကြောင်းဖြစ်ပြီး ဖန်ဆင်းခံများ ကိုင်စွဲသင့်သည့် ပညတ်ဖြစ်သည်။ ဤမိတ်သဟာယသည် လူတို့အတွက် အကူအညီ ဖြစ်စေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။