ပေါလု၏ သဘာဝ အနှစ်သာရကို ခွဲခြားသိမြင်နည်း (အပိုင်း သုံး)
သမ္မာတရားလက်တွေ့ကျမှုများအတွင်းသို့ ဝင်ရောက်ရာတွင် ပထမအဆင့်မှာ ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန်၊ သင်၏ မတူညီသောအခြေအနေများအားလုံးကို ဘုရားနှုတ်ကပတ်တော်ဖြင့် နှိုင်းယှဉ်ရန် ဖြစ်သည်။ သင်သည် ပို၍နက်နဲစွာ ဝင်ရောက်လိုလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပို၍နက်နဲစွာ စိစစ်ပြီး နားလည်ရမည်။ နားလည်ပြီးနောက်တွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန် နည်းလမ်းတစ်ခု ရှာသင့်သည်။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားရမည်ဆိုသည်ကို တွေးတောရမည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်သည်။ လူအချို့သည် မိမိတို့ကိုယ်ကို နားလည်မှုရရှိပြီးနောက်တွင် အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခံရပြီး အစေခံသူများနှင့် အဖြည့်ခံသူများဖြစ်သည်ဟူ၍ ငိုရှိုက်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကိုပင် မလုပ်ဆောင်လိုပေ။ ဤသူတို့မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသူတို့မှာ အဓိပ္ပာယ်မရှိသောလူများနှင့် အဖြစ်သည်းပြသူများ ဖြစ်၏။ ဤသို့ဆိုလျှင် ယင်းကို ပြုပြင်ရန် အကောင်းဆုံးနည်းလမ်းမှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မငိုသင့်၊ သို့မဟုတ် ဇာမချဲ့သင့်ပေ။ ထို့အပြင် ၎င်းတို့သည် လက်မလျှော့သင့်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်ပြီး မညည်းညူသင့်ပေ။ ၎င်းတို့လုပ်ဆောင်သင့်သည့် အရေးကြီးဆုံးသောအရာများမှာ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ ရည်ရွယ်ချက်က အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ဆောင်ရွက်မှုနည်းလမ်းက ဆင်ခြင်တုံတရားအရှိဆုံး ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်လမ်းကြောင်းကို ၎င်းတို့ ရွေးချယ်သင့်သည်ကိုလည်းကောင်း နားလည်လာရန် ဖြစ်သည်။ ဤသည်တို့မှာ အရေးကြီးဆုံးအရာများဖြစ်သည်။ လူတို့သည် ကောင်းချီးခံစားရရန် ရည်ရွယ်ချက်၏ ထိန်းချုပ်ခြင်းကို စဉ်ဆက်မပြတ် ခံရသောအခါတွင် ၎င်းတို့၏ ဆင်ခြင်တုံတရားဆုံးရှုံးရန်မှာ အလွယ်ကူဆုံးဖြစ်သည်။ ဆင်ခြင်တုံတရားကင်းမဲ့သောသူများသည် သနားစရာအကောင်းဆုံးဖြစ်သည်။ သို့သော် အရာအားလုံးထဲတွင် ဘုရားသခင်အား ကျိုးနွံနာခံပြီး ဘုရားသခင်ကျေနပ်စေရန်သာ အားထုတ်ဖို့ ရွေးချယ်သည့်သူများသည် ဆင်ခြင်တုံတရားအရှိဆုံးသူများ၊ အကြီးဆုံးသော အသိတရားရှိသူများ ဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသောအခါ မည်သို့ ကိုင်တွယ်သင့်သနည်း။ ပြီးလျှင် မည်သည့်ရွေးချယ်မှုကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို ရှာဖွေရမည်။ မည်သည့်အခြေအနေအောက်တွင်မဆို နားဝေတိမ်တောင် မဖြစ်သင့်ပေ။ သင့်အနေဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို အမှန်အတိုင်း မြင်ခြင်းသည် ကောင်းသည်။ ထို့ကြောင့် အဘယ်ကြောင့် သင်အပျက်သဘောဆောင်သနည်း။ သင့်ကိုယ်သင် နားလည်မှု ရရှိစေရန်အတွက်၊ သင့်အား ကယ်တင်ရန်အတွက် ဘုရားသခင်က သင့်ကို ဖော်ထုတ်သည်။ အမှန်တကယ်တွင် သင်ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် သင်၏ သဘာဝမှ အရင်းခံသည်။ ဘုရားသခင်က သင့်ကို ဖော်ထုတ်လိုခြင်းမဟုတ်ပေ။ သို့သော် သူက သင့်ကို မဖော်ထုတ်လျှင် သင်က ထုတ်ဖော်ဆဲ ဖြစ်မည်မဟုတ်လော။ ဘုရားသခင်အား သင်မယုံကြည်စဉ်က သူသည် သင့်အား မဖော်ထုတ်ရသေးပေ။ ထို့ကြောင့် သင်အသက်ရှင်နေထိုင်သည့် အရာရာတိုင်းသည် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မဟုတ်လော။ သင်သည် စာတန်ဆန်သော စိတ်သဘောထားအတိုင်း နေထိုင်သောသူတစ်ဦး ဖြစ်သည်။ သင်သည် ဤအရာများကြောင့် အလွန် အံ့ဩထိတ်လန့်ခြင်း မဖြစ်သင့်ပေ။ ဖောက်ပြန်ပျက်စီးမှု အနည်းငယ်ကို သင်ထုတ်ဖော်သောအခါ သင်သည် သေမတတ်ကြောက်ရွံ့သည်။ သင့်အတွက် ဇာတ်သိမ်းသွားပြီဟုလည်းကောင်း၊ ဘုရားသခင်က သင့်ကို အလိုမရှိဟုလည်းကောင်း၊ သင်လုပ်ဆောင်ခဲ့သမျှတိုင်းက အချည်းနှီး ဖြစ်သည်ဟုလည်းကောင်း သင်ထင်သည်။ အလွန်အကျွံ မတုံ့ပြန်နှင့်။ ဘုရားသခင် ကယ်တင်သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားများဖြစ်သည်။ စက်ရုပ်များ မဟုတ်။ ဖောက်ပြန်ပျက်စီးသော လူသားများဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်သူများ၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူများ၊ သမ္မာတရားကို လက်မခံသော၊ ဘုရားသခင်ကို အာခံပြီး ပုန်ကန်နိုင်စွမ်းရှိသော၊ ဘုရားအပေါ် ရန်မူလိုသော၊ ပေါလု၏ ခြေလှမ်းများနောက်သို့ လိုက်နိုင်စွမ်းရှိသောသူများကို ငါဆိုလိုသည်။ ဤသူတို့မှာ ဘုရားသခင် ကယ်တင်သောလူစားမျိုး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံလိုပြီး ကယ်တင်ခြင်းရရှိလိုလျှင် သင့်စိတ်နှလုံး၌ တည်ရှိသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ရင်ဆိုင်ရမည်။ နေ့စဉ် သင်ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ရင်ဆိုင်ရမည်။ ပြီးလျှင် နေ့စဉ် သမ္မာတရားကို ရှာဖွေပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရမည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ရမည်။ သင်ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ပိုင်းခြားသိမြင်ခြင်းနှင့် စိစစ်ခြင်းကို လက်တွေ့လုပ်ဆောင်ပြီး ယင်းကို ရုန်းကန်တိုက်ခိုက်ရမည်။ လူအချို့သည် ယင်းကို အကြိမ်အတန်ငယ် ရင်ဆိုင်သော်လည်း ရှုံးနိမ့်ကာ “ငါသည် အဘယ်ကြောင့် မာနထောင်လွှားမှုကို အစဉ်ထုတ်ဖော်သနည်း။ အခြားလူများက အဘယ်ကြောင့် မထုတ်ဖော်သနည်း” ဟု ဆိုကြသည်။ အမှန်တွင် လူတိုင်းက မာနထောင်လွှားမှုကို ထုတ်ဖော်သည်။ အခြားလူများက ထုတ်ဖော်သောအခါ သင်မသိသော်လည်း ၎င်းတို့က သိသည်။ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်က မည်သည့်အချိန်တွင် မာနထောင်လွှားခြင်းအား ၎င်းတို့ထုတ်ဖော်နေသည်ကို မသိလိုက်ခြင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင် သိသည်။ ပြီးလျှင် လူတို့မှတ်မိရမည့် အခြားပြဿနာတစ်ခုလည်းရှိသည်။ ဘုရားသခင်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြုပြင်သည်။ ၎င်းတို့၏ အမှုအရာများကို လုပ်ဆောင်သည့်ပုံစံကို သူမပြုပြင်ပေ။ သင်က တစ်စုံတစ်ခုကို လုပ်ဆောင်စဉ်တွင် ထားရှိသော ယာယီရည်ရွယ်ချက်တစ်ခုကို၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် ပုံစံတစ်ခုခုကို ဘုရားသခင် မမုန်းတီးပေ၊ သို့မဟုတ် သင်က ရံဖန်ရံခါ ပျင်းရိလျှင်၊ သို့မဟုတ် အဖိုးအခမပေးဆပ်လျှင် မမုန်းတီးပေ။ ဤသည်တို့မှာ ဘုရားသခင် မုန်းတီးသည့်အရာများ မဟုတ်။ ဘုရားသခင် မုန်းတီးသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား ထုတ်ဖော်နေသည်ဟု ခံစားရသည့်အချိန်တိုင်းတွင် ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမခြင်း မပြုလုပ်မီတွင် သင့်ဘာသာ သတိပြုမိသင့်သည်။ ဘုရားသခင်က သင့်အား မုန်းတီးသလော၊ သို့မဟုတ် သင့်အား ဖယ်ရှားရှင်းလင်းပြီး ဖြစ်သလောဆိုသည်ကို မခန့်မှန်းသင့်ပေ။ သင့်ပြဿနာကို သင်သတိပြုမိသင့်သည်။ ထို့နောက်တွင် သင်မည်သို့ နောင်တရသင့်သည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် မည်သည့်နည်းလမ်းက ပြောင်းလဲမှုဖြစ်စေမည်ကိုလည်းကောင်း ရှာဖွေသင့်သည်။ ဤသည်မှာ ပုံမှန်ဆင်ခြင်တုံတရား၏ သရုပ်သကန်တစ်ခုဖြစ်သည်။ သင်ဦးစွာ သတိပြုမိသင့်သည်မှာ “ငါ၏ ဤစကားများသည် ကျိုးကြောင်းမသင့်လျော်ဘဲ မာနထောင်လွှားခြင်းကို ထုတ်ဖော်သည်။ ငါသည် ဤတာဝန်ကို လုပ်ဆောင်နိုင်စွမ်းမရှိ။ သို့တိုင်အောင် ကိုယ့်ကိုယ်ကိုယ် အကောင်းပြော၍ လုပ်နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဤသည်မှာ ကြီးကြီးကျယ်ကျယ် ပြောဆိုခြင်းများသာ မဟုတ်လော။ ကြီးကျယ်စွာပြောဆိုခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်အကောင်းပြောခြင်းဖြင့် ငါသည် မာနထောင်လွှားသော စိတ်သဘောထားရှိသည်ကို ပြသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က သင့်အား ကြီးကျယ်စွာစကားပြောဆိုခြင်းအတွက် မရှုတ်ချပေ။ သို့သော် ဤသည်မှာ သင်သည် ဤအရာကို လွှတ်ချလိုက်နိုင်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။ ဤအရာကို သင် လွှတ်မချနိုင်ပေ။ ဤအရာကို သင်စိစစ်ရမည်ဖြစ်ပြီး “ငါသည် ကိုယ့်ကိုယ်ကိုယ် အကောင်းပြောခြင်းနှင့် ကြီးကျယ်စွာပြောဆိုခြင်း၌ အဘယ်ကြောင့် အလွန်ကျွမ်းကျင်သနည်း။ ငါမလုပ်နိုင်သည့်အရာများကို၊ သို့မဟုတ် ငါလုပ်နိုင်သည်ဟု သိခြင်းပင် မရှိသည့်အရာများကို အဘယ်ကြောင့် ငါကြွားဝါသနည်း။ ငါ့တွင် အဘယ်ကြောင့် ဤအားနည်းချက်ရှိသနည်း” ဟု ပြောရမည်။ ဤသည်မှာ အားနည်းချက်တစ်ခုမဟုတ်။ အားနည်းချက်တစ်ခုဆိုသည်မှာ အပေါ်ယံအဆင့် မကောင်းသောအလေ့အကျင့် ဖြစ်သည်။ ကြီးကျယ်စွာပြောဆိုခြင်းသည် မာနထောင်လွှားသော စိတ်သဘောထားက သူ့ဘာသာ ထုတ်ဖော်ပြသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဤသို့သော အခြေအနေတစ်ခု၌ သင့်အား နေထိုင်စေရန် ညွှန်ကြားသည်မှာ သင်၏ စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ သင်သည် သင့်စိတ်သဘောထား၏ ညွှန်ကြားခြင်းကို လုံးလုံး ခံရသည်။ သင်က ယင်းကို ချုပ်ထိန်းနိုင်ပြီး မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို မထုတ်ဖော်လျှင် သင့်၌ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုမရှိတော့ဟု ဆိုလိုသလော။ ယင်းသည် ပြုပြင်ပြီးဖြစ်သည်ဟု ဆိုလိုသလော။ လုံးဝ ထိုမျှ မရိုးရှင်းပေ။ သင့်အား မာနထောင်လွှားခြင်း မရှိစေသည်မှာ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သောနည်းလမ်းအား ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း၊ အပေါ်ယံတွင် စည်းကမ်းလိုက်နာပြီး ကောင်းစွာ ပြုမူနေထိုင်ခြင်းဖြင့်လည်းကောင်း၊ ဆောင့်ကြွားကြွား မနေခြင်းအားဖြင့်လည်းကောင်း၊ ယဉ်ကျေးသော ဟန်အမူအရာ ရှိခြင်းအားဖြင့်လည်းကောင်း မဟုတ်ပေ။ ယင်းတို့သည် မျက်နှာဖုံးများသာဖြစ်ပြီး မာနထောင်လွှားခြင်းအပြင် ပြဿနာအသစ်များကို ထပ်ဆောင်းပေးသည်။ ရလဒ်မှာ ပို၍ပင် ဒုက္ခပေးသည်။ သင်၏ မာနထောင်လွှားခြင်းအား ပြုပြင်လိုပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစားတိုင်းကို ပြုပြင်လိုလျှင် သင့်တာဝန်များအား ထမ်းဆောင်သောအချိန်၌ ယင်းကို ပြုပြင်ရန် သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ မှန်ကန်သောနည်းလမ်းဖြစ်သည်။ ဥပမာ ခေါင်းဆောင်က သင့်အတွက် တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပြီး နားထောင်ပြီးနောက်တွင် သင်က မထီမဲ့မြင်ပြုလျက် “ကျွန်ုပ်သည် ယခင်က ဤသို့သော တာဝန်များကို ထမ်းဆောင်ဖူးသည်။ ဤသည်မှာ အလွယ်လေးပင် ဖြစ်လိမ့်မည်” ဟု ဆိုသည် ဆိုပါစို့။ သို့သော် ထို့နောက်တွင် သင်သည် မာနထောင်လွှားမှုအား ထုတ်ဖော်ခဲ့သည်ကိုလည်းကောင်း၊ ဤစဉ်းစားပုံမှာ မှားယွင်းသည်ကိုလည်းကောင်း ချက်ချင်းပင် သဘောပေါက်ကာ အလျင်အမြန် ဆုတောင်းပြီး သင်၏ စဉ်းစားပုံကို ချိန်ညှိသည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် မာနထောင်လွှားခြင်းကို တစ်ဖန် ထုတ်ဖော်ခဲ့ပါပြီ။ ကျွန်ုပ်ကို ပြုပြင်တော်မူပါ။ ကျွန်ုပ်သည် တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုစိတ်ရှိပါသည်” ဟု ပြောသည်။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် ပထမဆုံးအရာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သင်၏တာဝန်ကို သင်မည်သို့ သဘောထားပြီး ပြုမူသင့်သနည်း။ သင်က “ကျွန်ုပ်သည် ဘုရားသခင်အတွက် ဤအရာကို လုပ်ဆောင်နေသည်။ သူ၏ မျက်မှောက်တော်တွင် ငါလုပ်ဆောင်နေသည်။ ထို့ကြောင့် သေသေချာချာ ကိုင်တွယ်ရမည်။ မှား၍ မဖြစ်ပေ။ မှားလျှင် အလွန်ရှက်ဖွယ်ကောင်းလိမ့်မည်” ဟု သင်တွေးသည်။ ထို့နောက်တွင် သင် အချိန်ယူစဉ်းစားပြီး “မဟုတ်ပါ။ ယင်းမှာ မမှန်ပါ။ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်သည်ကို ငါ အဘယ်ကြောင့် ကြောက်သင့်သနည်း” ဟု တွေးလေသည်။ ဤအခြေအနေမှာလည်း မမှန်ကန်ပေ။ သင်သည် လမ်းကြောင်းမှ စတင်လွဲချော်ပြီး ဖြစ်သည်။ သင်သည် ယင်းကို မည်သို့ ပြုပြင်သင့်သနည်း။ မည်သည့်ဦးတည်ချက်ကို သွားခြင်းသည် မှန်ကန်သည့်လမ်းဖြစ်သနည်း။ နောက်တစ်ဖန် ဤသည်မှာ ပြဿနာများကို ပြုပြင်ရန် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည်။ သင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ရှက်အောင်ပြုလုပ်ရန် မကြောက်ပါ။ အဓိကအချက်မှာ ငါကြောင့် အသင်းတော်အလုပ် မထိခိုက်သင့်ပေ” ဟု တွေးသင့်သည်။ ပြီးလျှင် သင်၏ အခြေအနေက ပြောင်းလဲလိမ့်မည်။ သို့သော် ထို့နောက်တွင် သင်က “ငါသည် အသင်းတော်အလုပ်ကို ထိခိုက်စေပြီး ပြုပြင်ခြင်းခံရလျှင် အဘယ်သို့နည်း။ ငါ့တွင် ဂုဏ်ရှိလိမ့်မည်မဟုတ်” ဟု တွေးလျှင် သင်၏ အခြေအနေက နောက်တစ်ဖန် မမှန်မကန် ဖြစ်ပေမည်။ ဤအရာကို မည်သို့ ပြုပြင်နိုင်သနည်း။ သင့်စိတ်နှလုံးတွင် “ငါသည် ငါ့တာဝန်ကို မည်သည့်အခါမျှ အလေးမထားပေ။ လုပ်ဆောင်ရန် ပျင်းရိပြီး မာနထောင်လွှားသည်။ ငါသည် ပြုပြင်ခံရသင့်သည်။ ဘုရားသခင်ကို ငါဆုတောင်းပြီး သူ့အား အလုပ်လုပ်ခွင့်ပေးရမည်။ ငါသည် ဆက်ဆံရခက်ခဲသောသူတစ်ဦး ဖြစ်သည်။ သို့သော် ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး သူ့အတွက် မဖြစ်နိုင်သည့်အရာ မရှိ။ ထို့ကြောင့် ဘုရားသခင်ကို ငါအမှီပြုမည်” ဟု တွေးရမည်။ ဤသည်မှာ မှန်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်သင့်သော နည်းလမ်း ဖြစ်သည်။ ဘုရားသခင်သည် သင့်အပေါ် ပင်ကိုစွမ်းရည်အချို့ကို ပေးခဲ့သည်။ ပြီးလျှင် သင့်အား အသိပညာအချို့ကို ရရှိစေသည်။ သို့သော် ဤအသိပညာအား ရရှိခြင်းသည် သင်က သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သည်ဟု မလွဲမသွေ ဆိုလိုခြင်းမရှိပေ။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် ဤကောက်ချက်ကို မည်သို့ချသနည်း။ (အတွေ့အကြုံမှတစ်ဆင့် ဖြစ်သည်။) ဤအတွေ့အကြုံသည် သင့်အား သင်ခန်းစာတစ်ခုပေးခဲ့ပြီး အသိအမြင်ပေးခဲ့သည်။ အတိအကျဆိုရသော် ဘုရားသခင်က လူတို့ကို ပေးသောအရာသည် လူတို့က ပင်ကိုအားဖြင့် ပိုင်ဆိုင်သောအရာတစ်ခု မဟုတ်သကဲ့သို့ လူတို့၏ အရင်းအနှီးလည်း မဟုတ်ပေ။ ဘုရားသခင်က လူတို့အား ပေးပြီးဖြစ်သည့်အရာကို အချိန်မရွေး ယူဆောင်သွားနိုင်သည်။ ဘုရားသခင်က သင့်အား ဖော်ထုတ်လိုသောအခါ သင်က တစ်စုံတစ်ခုတွင် မည်မျှ ပါရမီရှိသည်ဖြစ်စေ ယင်းကို သင်မေ့လျော့မည်ဖြစ်ပြီး အသုံးပြုနိုင်မည်မဟုတ်။ သင်သည် မည်သည့်အရာမျှ ဖြစ်မည်မဟုတ်။ ဤအချိန်တွင် သင်က “ဘုရားသခင်၊ ကျွန်ုပ်သည် မည်သည့်အရာမျှ မဟုတ်ပေ။ ကိုယ်တော်က ကျွန်ုပ်ကိုပေးသောကြောင့်သာ ကျွန်ုပ်၌ ဤအရည်အချင်းရှိခြင်း ဖြစ်သည်။ ကျွန်ုပ်အား ခွန်အားပေးရန် ကိုယ်တော်ကို တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ အမှုတော်ကို ကျွန်ုပ် မထိခိုက်စေရန်အတွက် ကျွန်ုပ်ကို ကောင်းချီးပေးပြီး လမ်းပြတော်မူပါ။” ဟု ဆုတောင်းသည်။ ဤသည်မှာ မှန်ကန်သော ဆုတောင်းနည်း ဟုတ်သလော။ (မဟုတ်ပါ။) ဤနေရာတွင် မည်သည့်ပြောင်းလဲမှုများကို သင်လုပ်ဆောင်သင့်သနည်း။ သင်က “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံလိုစိတ်ရှိပါသည်။ ကျွန်ုပ်သည် မှန်သည်ဟု အစဉ် ထင်မြင်၍ မရပါ။ ဤအလုပ်နယ်ပယ်အကြောင်းကို ကျွန်ုပ် အနည်းငယ်သိပြီး ကျွမ်းကျင်မှုအချို့ ရှိသော်လည်း ဤသည်မှာ အလုပ်ကို ကျွန်ုပ်ကောင်းစွာလုပ်နိုင်သည်ဟု သေချာပေါက် မဆိုလိုပါ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အနှောင့်အယှက်တစ်ခု ဖြစ်သောကြောင့် ကျွန်ုပ်သည် အမှုအရာများကို ဝတ်ကျေတမ်းကျေနှင့် ဖြစ်ကတတ်ဆန်းပုံစံဖြင့် လုပ်ဆောင်တတ်ပြီး ကျွန်ုပ်၏တာဝန်ကို အလေးအနက်မထားပါ။ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ပါ။ ကျွန်ုပ်ကို ကွယ်ကာပြီး လမ်းပြဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါ၏။ ကျွန်ုပ်သည် ကိုယ်တော်ကို ကျိုးနွံနာခံပြီး ကျွန်ုပ်အတတ်နိုင်ဆုံးလုပ်ဆောင်ကာ ကိုယ်တော်ကို ဘုန်းကျက်သရေ ပေးအပ်လိုစိတ်ရှိပါသည်” ဟု ပြောသည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လျှင် ဘုရားသခင်ကို ရှစ်ဆယ်ရာခိုင်နှုန်း ချီးမွမ်းဂုဏ်ပြုလျက် မိမိကိုယ်ကို နှစ်ဆယ်ရာခိုင်နှုန်း ချီးမွမ်းဂုဏ်ပြုခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အမှုအရာများကို ထိုသို့ခွဲခြမ်းခြင်းသည် ကျိုးကြောင်းမသင့်ပေ။ ဘုရားသခင်က အလုပ်မလုပ်ခဲ့လျှင် သင်သည် သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ လုံးဝ မထမ်းဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရား ကင်းမဲ့ရုံသာမကဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုလည်း ရှိသောကြောင့် ဖြစ်သည်။ လူတို့၏ စိတ်နှလုံးထဲတွင် မည်သည့်ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုး တည်ရှိသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အစဉ် ဆင်ခြင်သုံးသပ်ရမည်။ ပြီးလျှင် ယင်းကို ပြုပြင်ရန် သမ္မာတရားအား ရှာဖွေရမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခြင်းခံရပြီးသည်နှင့် ၎င်းတို့၏ အခြေအနေသည် ပုံမှန်ဖြစ်လိမ့်မည်။
တစ်ခါတစ်ရံတွင် မှားယွင်းသောအတွေး၊ သို့မဟုတ် အယူအဆတစ်ခုသည် လူတစ်ဦး၏ စိတ်နှလုံးတွင် ပေါ်လာမည်ဖြစ်ပြီး ယင်းက သူ၏ စိတ်နှလုံးကို နှောင့်ယှက်သည်။ သူသည် ထိုအခြေအနေတွင် ပိတ်မိနေပြီး တစ်ရက်၊ နှစ်ရက်ကြာ မလွတ်မြောက်နိုင်ပေ။ ဤသို့သော အချိန်တွင် လူတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အခြေအနေကို ပြုပြင်ရန်အတွက် သမ္မာတရားကို ရှာဖွေသင့်သည်။ ရှေးဦးစွာ မှားယွင်းသော အတွေး၊ သို့မဟုတ် အယူအဆက မည်သို့ဖြစ်ပေါ်လာသည်၊ ယင်းက သင့်ကို မည်သို့ ချုပ်ကိုင်ထားသည်၊ သင့်အား မည်သို့ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျအောင်လုပ်ဆောင်သည်၊ သင့်အား ပုန်ကန်မှုနှင့် မြင်မကောင်းရှုမကောင်းသောပုံစံမျိုးစုံကို ထုတ်ဖော်အောင် မည်သို့လုပ်ဆောင်သည်ဆိုသည်တို့ကို ရှင်းလင်းစွာ သိသင့်သည်။ ထို့နောက်တွင် ဤအရာများကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက လမ်းညွှန်စေစားသည်ကိုလည်းကောင်း၊ ဘုရားသခင်က ယင်းကို ရွံ့မုန်းသည်ကိုလည်းကောင်း သင်သဘောပေါက်သောအခါ ဘုရားရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး “ဘုရားသခင်၊ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပြီး ကျွန်ုပ်သင်ယူဖို့ လိုသည့် သင်ခန်းစာများကို သင်ယူစေပါ။ ကျွန်ုပ်သည် ထုတ်ဖော်ခံရခြင်းကို မကြောက်သကဲ့သို့ အရှက်ရခြင်း၊ သို့မဟုတ် သိက္ခာကျခြင်းကိုလည်း မကြောက်ရွံ့ပါ။ ကျွန်ုပ်ကြောက်ရွံ့သမျှမှာ ကျွန်ုပ်၏ လုပ်ရပ်များက ကိုယ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပြီး ကိုယ်တော်ကို သဘောမကျဖြစ်စေခြင်းဖြစ်သည်” ဟု သင် ဆုတောင်းသင့်သည်။ ဤသည်မှာ မှန်သောလမ်းကြောင်းဖြစ်သည်။ သို့သော် ယင်းကိုလျှောက်လှမ်းရန် သင့်၌ ဝိညာဉ်ရင့်ကျက်မှုရှိသလော။ (မရှိပါ။) သင့်၌ ဝိညာဉ်ရင့်ကျက်မှု မရှိလျှင် သင်သည် ဤဦးတည်ချက်တွင် ဆုတောင်း၍မရဟု ဆိုလိုသလော။ ယင်းသည် မှန်သောလမ်းကြောင်းဖြစ်သည့်အတွက် ဤဦးတည်ချက်ဖြင့် သင်ဆုတောင်းသင့်သည်။ ယခုတွင် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်သည်။ ၎င်းတို့သည် ဘုရားရှေ့သို့ ကြိမ်ဖန်များစွာလာရမည်။ ဘုရားကို အမှီပြုရမည်။ ဘုရားသခင်အား ၎င်းတို့ကို ပို၍ ကာကွယ်စေပြီး ပို၍ ပဲ့ပြင်ဆုံးမစေရမည်။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားသောအခါ၊ ၎င်းတို့သည် ဝန်တစ်ခုကို ထမ်းနိုင်ပြီး အလုပ်များကို ပို၍ လုပ်နိုင်သောအခါ ဘုရားသခင်က အလွန်စိတ်ပူရန် လိုမည်မဟုတ်။ ပြီးလျှင် ၎င်းတို့ကို စဉ်ဆက်မပြတ် ကာကွယ်ရန်၊ ဆုံးမပဲ့ပြင်ရန်၊ စစ်ကြောရန်၊ သို့မဟုတ် စောင့်ကြည့်ရန် လိုမည်မဟုတ်။ ဤသည်မှာ စိတ်နှလုံးနှင့် ဆိုင်သောကိစ္စဖြစ်ပြီး ဘုရားသခင်က လူတို့၏ စိတ်နှလုံးကို ကြည့်သည်။ သင်က အပြင်ပန်းတွင် မည်မျှ ကောင်းစွာ ပြုမူနေထိုင်သည်ကို၊ သို့မဟုတ် နာခံသည်ကို ဘုရားသခင် ဂရုမစိုက်ပေ။ သင်၏ သဘောထားကို သူကြည့်သည်။ သင်က တစ်နေကုန် မည်သည့်အရာမျှ မပြောခြင်း ဖြစ်နိုင်သည်။ သို့သော် သင့်စိတ်နှလုံးတွင် မည်သည့်သဘောထားရှိသနည်း။ “ငါသည် ဤတာဝန်ပေးအပ်ခြင်းခံရသည်။ ထို့ကြောင့် ကောင်းစွာလုပ်ဆောင်ရန် တာဝန်ရှိသည်။ သို့သော် ငါ့တွင် မထိန်းမသိမ်းနိုင်သည့် အလေ့အကျင့်တစ်ခုရှိပြီး ငါကျေနပ်သလို အစဉ်လုပ်ဆောင်သည်။ ငါ့တွင် ဤပြဿနာရှိသည်ကို ငါသိသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သည် ငါ၏ ပတ်ဝန်းကျင်ကို စီစဉ်ညွှန်ကြားပါစေ၊ ပြီးလျှင် ငါ့ကို နှောင့်ယှက်နိုင်သော၊ ငါ၏တာဝန်ထမ်းဆောင်ခြင်းအပေါ် သက်ရောက်နိုင်သော၊ သို့မဟုတ် ငါ၏ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကို သက်ရောက်နိုင်သော ငါ့အနီးတွင်ရှိသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဖယ်ရှားပေးပါစေ။ ဤသို့ဖြင့် ငါသည် စုံစမ်းသွေးဆောင်ခြင်းအတွင်းသို့ မကျရောက်ဘဲ ဘုရားသခင်၏ စမ်းသပ်မှုများကို လက်ခံနိုင်ပြီး သူ၏ ပဲ့ပြင်ဆုံးမခြင်းကို လက်ခံနိုင်သည်” ဟူ၍ ဖြစ်သည်။ သင့်တွင် ကျိုးနွံနာခံစိတ်ရှိသည့် စိတ်နှလုံးရှိရမည်။ သင့်စိတ်နှလုံးတွင် ဤအတွေးများရှိသောအခါ ဘုရားသခင်က မည်သို့ မမြင်ဘဲနေနိုင်မည်နည်း။ သူသည် ယင်းတို့ကို မည်သို့အလေးမထားဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်က လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် သင်က ဤသို့ တစ်ကြိမ်၊ နှစ်ကြိမ် ဆုတောင်းသောအခါ ဘုရားသခင်က သင့်ကို အရေးမစိုက်ပေ။ သူသည် လူတစ်ဦး၏ အလုပ်နှင့် ရိုးသားစစ်မှန်မှုကို စမ်းသပ်သောအခါ မည်သည့်အရာကိုမျှ သူပြောမည်မဟုတ်။ သို့သော် ဤသည်မှာ သင်လုပ်ဆောင်သည့်အရာက မှားယွင်းသည်ဟု မဆိုလိုပေ။ မည်သည့်အခြေအနေတွင်မဆို ဘုရားသခင်ကို သင်မစမ်းသပ်သင့်ပေ။ သင်သည် ဘုရားသခင်ကို အစဉ်စမ်းသပ်ပြီး “ဤသို့လုပ်ဆောင်ရာတွင် ကျွန်ုပ်မှန်သလော။ ဘုရားသခင်၊ ကိုယ်တော်မြင်ပါသလော” ဟု ပြောလျှင် သင်သည် ဒုက္ခရောက်ပြီ ဖြစ်သည်။ ဤသည်မှာ မမှန်ကန်သော အခြေအနေဖြစ်သည်။ အရေးယူလုပ်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လော့။ ဘုရားသခင်က သင့်အား ပဲ့ပြင်ဆုံးမနေသည်ဖြစ်စေ၊ ဦးဆောင်နေသည်ဖြစ်စေ၊ စစ်ကြောနေသည်ဖြစ်စေ၊ သို့မဟုတ် လမ်းပြနေသည်ဖြစ်စေ အရေးမစိုက်နှင့်။ သင်နားလည်သည့် သမ္မာတရားကို အားစိုက်ထုတ်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းအပေါ်ကိုသာ အာရုံစိုက်လော့။ ယင်းမှာ လုံလောက်သည်။ ရလဒ်က မည်သည့်အရာဖြစ်မည်ဆိုသည်နှင့်ပတ်သက်ပြီး အချိန်တော်တော်များများတွင် ယင်းက သင့်တာဝန်မဟုတ်ပေ။ မည်သည့်အရာကို သင်တာဝန်ယူသင့်သနည်း။ သင်ထမ်းဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်ခြင်း၊ သင်ကုန်ဆုံးသင့်သည့်အချိန်ကို ကုန်ဆုံးခြင်းနှင့် သင်ပေးဆပ်သင့်သည့် အဖိုးအခကို ပေးဆပ်ခြင်းတို့ဖြစ်သည်။ ယင်းသည် လုံလောက်သည်။ သမ္မာတရားနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမဆို ဆန်းစစ်ရမည်။ ပြီးလျှင် ယင်းကို နားလည်ရန် အားစိုက်ထုတ်ရမည်။ အရေးပါသောအရာမှာ လူတို့အနေဖြင့် ၎င်းတို့ လျှောက်သင့်သည့်လမ်းကို လျှောက်ခြင်း ဖြစ်သည်။ ဤသည်မှာ လုံလောက်သည်။ ဤသည်မှာ လူတို့လုပ်ဆောင်နေသင့်သည့်အရာ ဖြစ်သည်။ သင့်တွင် မည်သည့်ဝိညာဉ်ရင့်ကျက်မှုအဆင့်ရှိသည်၊ မည်သည့်စမ်းသပ်မှုများကို သင်ဖြတ်သန်းသင့်သည်၊ မည်သည့်ပဲ့ပြင်ဆုံးမမှုကို သင်တွေ့ကြုံသင့်သည်၊ မည်သည့်အခြေအနေများကို သင်တွေ့ကြုံသင့်သည်၊ ဘုရားသခင်က မည်သို့ အချုပ်အခြာအာဏာကိုင်စွဲသည်ဆိုသည်တို့အတွက်မူ ဤအရာများကို သင်အရေးစိုက်ဖို့ မလိုပေ။ ဘုရားသခင် လုပ်ဆောင်မည် ဖြစ်သည်။ သင်က “ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်သည်။ မည်သည့်စမ်းသပ်မှုကိုမျှ ကျွန်ုပ်အား မကြုံရပါစေနှင့်၊ ဘုရားသခင်၊ ကျွန်ုပ်ကြောက်ရွံ့သည်” ဟု ပြောသည်။ ဘုရားသခင်က ဤသို့လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည်မဟုတ်ပါ။) သင် စိုးရိမ်ပူပန်ရန် မလိုပေ။ သင်က “ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန်ကြီးမားပြီး လုံလောက်သော ယုံကြည်ခြင်းရှိသည်။ ဘုရားသခင် ကျွန်ုပ်အား စမ်းသပ်မှုအနည်းငယ်ကို ဖြတ်သန်းစေပါ။ ယောဘကို ကိုယ်တော်လုပ်ဆောင်ခဲ့သကဲ့သို့ ကျွန်ုပ်ကို စမ်းသပ်ပြီး ကျွန်ုပ်တွင်ရှိသော အရာရာတိုင်းကို ယူဆောင်ပါ” ဟု ပြောသည်။ ဘုရားသခင်က ဤသို့ လုပ်ဆောင်မည်မဟုတ်။ သင်သည် သင်၏ကိုယ်ပိုင်ဝိညာဉ်ရင့်ကျက်မှုကို မသိသော်လည်း ဘုရားသခင်က ကောင်းစွာသိပြီး အလွန်ရှင်းလင်းသည်။ လူတိုင်း၏ စိတ်နှလုံးကို သူမြင်နိုင်သည်။ ဘုရားသခင်၏ စိတ်နှလုံးကို လူတို့ မြင်နိုင်သလော။ (မမြင်နိုင်ပါ။) လူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို မမြင်နိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို ၎င်းတို့ မည်သို့နားလည်ပြီး သူနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည်နည်း။ (သူ၏ နှုတ်ကပတ်တော်များမှ တစ်ဆင့်ဖြစ်သည်။) သူ၏ နှုတ်ကပတ်တော်များကို နားလည်ခြင်း၊ ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ လူတို့အနေဖြင့် မိမိတို့၏နေရာကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းတို့မှတစ်ဆင့် ဖြစ်သည်။ လူတို့၏ တာဝန်မှာ အဘယ်နည်း။ ယင်းသည် လူတို့လုပ်ဆောင်သင့်သည့်၊ လုပ်ဆောင်နိုင်စွမ်းရှိသည့် အလုပ်ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်က သင့်အားပေးသော အလုပ်များဖြစ်သည်။ သင့်အားပေးပြီးဖြစ်သောအလုပ်များတွင် မည်သည့်အရာများ ပါဝင်သနည်း။ သင်ရင်းနှီးသည့် အလုပ်နယ်ပယ်၊ အသင်းတော်ကပေးသည့် ထိုအလုပ်များ၊ သင်လုပ်ဆောင်သင့်သည့် ထိုအလုပ်များ၊ သင်လုပ်ဆောင်နိုင်သည့် အရည်အချင်းအတွင်းတွင်ရှိသည့် ထိုအလုပ်များဖြစ်သည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခြားအပိုင်းမှာ အသက်ဝင်ရောက်မှုကိစ္စနှင့် သက်ဆိုင်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ရမည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ သင့်အပေါ် အခြားလူများ၏ အကဲဖြတ်မှု၊ သို့မဟုတ် ဘုရားသခင်က သင့်အား မည်သို့မြင်သည်တို့ကို အရေးမစိုက်နှင့်။ ဤအရာများကို သင်အရေးစိုက်ဖို့ မလိုသကဲ့သို့ ဤအရာများကို သင်အရေးစိုက်ဖို့ လိုအပ်ခြင်းမရှိပေ။ ဤသည်တို့မှာ သင်စိတ်အနှောင့်အယှက်ခံသင့်သည့် အရာများ မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ကောင်းသောကံကြမ္မာ၊ ကံဆိုးမှု၊ အသက်ရှည်မှု၊ ၎င်းတို့၏ သက်တမ်းတွင် တွေ့ကြုံရသောအရာများအားလုံး၊ ၎င်းတို့၏ ကံ၊ သို့မဟုတ် ၎င်းတို့၏ဘဝတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ ဤအရာများကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ ဤအပေါ်တွင် သင်ရှင်းလင်းရမည်။ ဘုရားသခင်သည် ဤအရာများအပေါ် အချုပ်အခြာအာဏာရှိသည်။ လူတို့သည် ဤအရာကို ၎င်းတို့စိတ်နှလုံးတွင် လုံးဝ ရှင်းလင်းစွာ သိမြင်ပြီး နားလည်ရမည်။ ဘုရားသခင်၏ ကိုယ်စား မည်သည့်အရာကိုမျှ သင်မစိုးရိမ်နှင့်၊ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်လိုသည်ဆိုသည်ကို ကြိုးစားပြီး မဆုံးဖြတ်နှင့်။ သင်လုပ်ဆောင်သင့်သည့်အရာကို ထိထိရောက်ရောက် ကိုင်တွယ်ခြင်း၊ မည်သည့်အတွင်းသို့ သင်ဝင်ရောက်သင့်သည်၊ သင်လျှောက်သင့်သည့် လမ်းကြောင်းတို့အပေါ်သာ အာရုံစိုက်လော့။ ယင်းသည် လုံလောက်သည်။ သင်၏ အနာဂတ်ခရီးပန်းတိုင်က မည်သည့်အရာဖြစ်မည်ဆိုသည်နှင့်ပတ်သက်ပြီး သင့်တွင် ဆုံးဖြတ်ပိုင်ခွင့်တစ်ခုခုရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် ဤပြဿနာကို သင်မည်သို့ဖြေရှင်းနိုင်သနည်း။ တစ်စိတ်တစ်ပိုင်းကို နေ့စဉ် သင်လုပ်ဆောင်သင့်သမျှတိုင်းကို ကောင်းစွာလုပ်ဆောင်ခြင်းအားဖြင့်၊ လူတစ်ဦးအနေဖြင့် သင့်တာဝန်ကို ဖြည့်ဆည်းခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတိုင်းကို ပေးသည့် တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ သင်သည် ဤကမ္ဘာထဲသို့ ရောက်လာခဲ့ပြီး ဘုရားသခင်က သင့်အား ဤတစ်ချိန်လုံးတွင် ဦးဆောင်နေခဲ့သည်။ ဘုရားသခင်သည် သင့်အား အမျိုးမျိုးသော ဆုကျေးဇူးများ ပေးအပ်ခဲ့သည်ဖြစ်စေ၊ သင့်အား ပျိုးထောင်ပြီး ပါရမီ သို့မဟုတ် အရည်အချင်းတစ်ခုခုပေးခဲ့သည်ဖြစ်စေ ဤသည်မှာ ဘုရားသခင်က သင့်အား တာဝန်ပေးစေခိုင်းချက်များ ပေးခဲ့သည်ကို ပြသည်။ ဘုရားသခင်က သင့်အား မည်သည့်တာဝန်ပေးစေခိုင်းချက်ပေးသည်ဆိုသည်မှာ အလွန်သိသာသည်။ ဘုရားသခင်အနေဖြင့် သင့်အား တိုက်ရိုက်ပြောရန် မလိုပေ။ ဥပမာအနေဖြင့် သင်က အင်္ဂလိပ်စကားကို သိလျှင် ဘုရားသခင်က သင့်အတွက် ဤနယ်ပယ်တွင် သေချာပေါက် တောင်းဆိုချက်များရှိသည်။ ဤသည်မှာ သင့်တာဝန်ဖြစ်သည်။ ဘုရားသခင်အနေဖြင့် ကောင်းကင်ဘုံမှ အောက်သို့အော်ခေါ်ပြီး သင့်အား “သင့်တာဝန်သည် ဘာသာပြန်ဖြစ်ပြီး သင်မလုပ်ဆောင်လျှင် ငါ သင့်ကို အပြစ်ဒဏ်ပေးမည်” ဟု တိုက်ရိုက်ပြောဖို့ မလိုပေ။ ဤသို့ပြောရန် မလိုအပ်ပေ။ ဘုရားသခင်သည် သင့်အား ဤဘာသာစကားကို နားလည်ရန် ပုံမှန် ဆင်ခြင်တုံတရား၊ အတွေးစဉ်များနှင့် စဉ်းစားပုံတို့အပြင် အရည်အချင်းကိုပါ ပေးပြီးဖြစ်သောကြောင့် ဤသည်မှာ သင့်အတွက် အလွန်ရှင်းလင်းနှင့်ပြီး ဖြစ်သည်။ ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်က သင့်အားပေးပြီးဖြစ်သည့်အရာမှာ သူသည် သင့်အားလုပ်ဆောင်ရန် ပြောနေသည့်အရာ ဖြစ်သည်။ ဤအရာသည် သင့်စိတ်နှလုံးတွင် သင့်အတွက် အလွန်ရှင်းလင်းသည်။ သင့်တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်းတွင်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းဖြစ်စဉ်အတွင်းတွင် ဘုရားသခင်က သင့်အပေါ် လုပ်ဆောင်ခဲ့သော အပြုသဘောဆောင်သော လမ်းပြမှု၊ ရေလောင်းမှုနှင့် သင့်အားသူပေးခဲ့သော ပံ့ပိုးမှုတို့အပါအဝင် အရာရာတိုင်းကို လက်ခံရမည်။ ဥပမာအနေဖြင့် ဘုရားနှုတ်ကပတ်တော်ကို ကြိမ်ဖန်များစွာ စားသောက်ခြင်း၊ တရားဒေသနာများကို နားထောင်ခြင်း၊ အသင်းတော်အသက်တာကို နေထိုင်ခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းတို့အားဖြင့် ဖြစ်သည်။ အခြားအပိုင်းမှာ လူတစ်ဦးချင်းစီ၏ အသက်ဝင်ရောက်မှုမှတစ်ဆင့်ဖြစ်သည်။ ဤသည်မှာ အရေးကြီးဆုံး ဖြစ်သည်။ လူအချို့သည် ၎င်းတို့၌ အသက်ရှိမရှိနှင့် ထိရောက်မှုရှိမရှိကို အစဉ်သိလိုကြသည်။ ဤအရာများကို ခဏတာ ဆင်ခြင်သုံးသပ်ခြင်းက ကိစ္စမရှိပေ။ သို့သော် ယင်းတို့အပေါ် အာရုံမစိုက်နှင့်။ ဤသည်မှာ နှစ်စဉ် သီးနှံများစိုက်ပျိုးခြင်းကဲ့သို့ ဖြစ်သည်။ မည်သည့်လယ်သမားကမျှ ထိုနှစ်တွင် မည်မျှဖြစ်ထွန်းရမည်၊ ထိုရလဒ်ကို မရလျှင် ၎င်းတို့သေမည်ဟု မပြောပေ။ ၎င်းတို့သည် ဤမျှ မမိုက်မဲပေ။ ၎င်းတို့အားလုံးသည် ရာသီချိန်ကျရောက်သောအခါတွင် အစေ့များ စိုက်ပျိုးကြပြီး ရေလောင်းသည်။ မြေဩဇာတက်စေသည်။ ပုံမှန်အတိုင်း ဂရုစိုက်သည်။ ထို့နောက် ရာသီအချိန် ကျရောက်သောအခါတွင် သေချာပေါက် သီးနှံထွက်သည်။ သင့်တွင် ဤသို့သော ယုံကြည်ခြင်းရှိရမည်။ ဤသည်မှာ ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် အလွန် တွက်ချက်ခြင်းပြုပြီး “အခုတလောတွင် ကျွန်ုပ်သည် အားထုတ်မှုအချို့ရှိသည်။ ဘုရားသခင်က ကျွန်ုပ်ကို ဆုချီးမြှင့်မည်လော” ဟု မပြောနှင့်။ ရုံးအလုပ်သမားတစ်ယောက်က လကုန်တွင် လုပ်အားခတောင်းသကဲ့သို့ အစဉ်သဖြင့် ဆုလာဘ်များ တောင်းခံခြင်းသည် လက်ခံနိုင်ဖွယ်မဟုတ်ပေ။ လုပ်အားခများကို အစဉ်တောင်းခံနေခြင်းသည် လက်ခံနိုင်ဖွယ်မဟုတ်။ လူတို့၏ ယုံကြည်ခြင်းသည် အားနည်းလွန်းသည်။ ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ခြင်းမရှိ။ ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းသည် ကယ်တင်ခြင်းသို့ သွားရာလမ်းကြောင်းဖြစ်ပြီး တကယ့်ဘဝဖြစ်သည်ကိုလည်းကောင်း၊ ယင်းသည် လူတို့လိုက်လျှောက်သင့်သည့် မှန်ကန်သောလမ်းကြောင်း ဖြစ်သည်ကိုလည်းကောင်း၊ ပြီးလျှင် ဖန်ဆင်းခံများရှိသင့်သည့် ဘဝကိုလည်းကောင်း သင်ရှင်းလင်းစွာ မြင်သည်နှင့် သမ္မာတရားအား လိုက်စားခြင်းနှင့် လက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်ရန် လိုက်စားခြင်း၊ ဘုရားနှုတ်ကပတ်တော်အားနားထောင်ခြင်း၊ ဘုရားသခင်က သင့်အားညွှန်ပြသည့် ဦးတည်ရာသို့ လျှောက်လှမ်းခြင်းနှင့် လုပ်ဆောင်ခြင်းတို့ကိုသာ အာရုံစိုက်လော့။ ဤသည်မှာ မှန်သည်။ “ဘုရားသခင်၊ ကိုယ်တော့်နောက်သို့ လမ်းဆုံးအထိ လိုက်လျှောက်ပြီးသည်အထိ မည်မျှကြာဦးမည်နည်း။ မည်သည့်အချိန်တွင် ကယ်တင်ခြင်းခံရမည်နည်း။ မည်သည့်အချိန်တွင် ဆုလာဘ်ချီးမြှင့်ခံရပြီး သရဖူရမည်နည်း။ ဘုရားသခင်၏ နေ့ရက်သည် မည်သည့်အချိန်တွင် ရောက်မည်နည်း” ဟူ၍ ဘုရားသခင်ကို အစဉ် မမေးမြန်းနှင့်။ ဤသည်တို့မှာ လူတို့၌ရှိသော အခြေအနေများအားလုံး ဖြစ်သည်။ သို့သော် ဤသည်မှာ မှန်စေသလော။ (မမှန်စေပါ။) လူအချို့က “အယောက်တိုင်းက ချိုးဖောက်နေချိန်တွင် ဥပဒေ မသက်ရောက်နိုင်” ဟု ဆိုကြသည်။ သို့သော် ဤအဆိုသည် မှားယွင်းပြီး အဓိပ္ပာယ်မရှိသော အရာတစ်ခု ဖြစ်သည်။ ခိုင်လုံမှုမရှိဘဲ သမ္မာတရားနှင့် မကိုက်ညီပေ။ လူတိုင်းတွင် ဤအခြေအနေများရှိခြင်းက လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို သက်သေပြသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဤပြဿနာကို ကုစားပြီး ဤအကျပ်အတည်းကို ကျော်လွှားရမည်။ သင်သည် သင့်စိတ်နှလုံးတွင် သင့်ကိုယ်သင် အစဉ်ဆန်းစစ်ရမည်။ အခြားလူများ မည်သို့လုပ်ဆောင်သည်ကို အာရုံမစိုက်ရ။ ပြီးလျှင် သင့်ကိုယ်သင် ဆန်းစစ်စဉ်တွင် သင့်၌ရှိသော မည်သည့်ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကိုမဆို ပြုပြင်ရမည်။ လူတို့၏ စိတ်သည် အင်တိုက်အားတိုက် တက်တက်ကြွကြွရှိပြီး အစဉ်သဖြင့် တက်ကြွစွာ တွေးတောနေသည်။ အချိန်တစ်ခဏ၌ ၎င်းတို့သည် ဘယ်ဘက်သို့ ယိမ်းပြီး အခြားအချိန်တွင် ညာဘက်သို့ ယိမ်းသည်။ ၎င်းတို့၏ စဉ်းစားပုံသည် အစဉ်သဖြင့် အနည်းငယ် လွဲနေသည်။ လမ်းမှန်ကို ၎င်းတို့ မလျှောက်ပေ။ သူတစ်ပါးတို့ နောက်သို့ မလျှော့တမ်း လိုက်လျှောက်ပြီး ကမ္ဘာပေါ်ရှိ ကောက်ကျစ်ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက်သို့ လိုက်လျှောက်ကာ လမ်းမှားကို လျှောက်ကြသည်။ ဤသည်မှာ လူတို့၏ သဘာဝအနှစ်သာရဖြစ်ပြီး ၎င်းတို့အလိုရှိလျှင်ပင် ယင်းကို မထိန်းချုပ်နိုင်ပေ။ ယင်းကို သင်မထိန်းချုပ်နိုင်လျှင် မထိန်းချုပ်နှင့်။ မမှန်ကန်သော ရည်ရွယ်ချက်၊ သို့မဟုတ် အမြင်က ထွက်ပေါ်သောအခါ ယင်းကို ပြုပြင်လော့။ ဤသို့ဖြင့် သင်ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးမှုသည် တဖြည်းဖြည်းချင်းဖြင့် လျော့နည်းလိမ့်မည်။ ဤသို့ဆိုလျှင် ယင်းကို သင်မည်သို့ပြုပြင်နိုင်သနည်း။ ဆုတောင်းခြင်း၊ စဉ်ဆက်မပြတ် နားလည်မှုကို ရရှိခြင်းနှင့် အမှုအရာများကို ပြောင်းလဲခြင်းအားဖြင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် အမှုအရာများကို ပြောင်းလဲရန် မည်သို့ကြိုးစားသည်ဖြစ်စေ ထိုအရာများက ထွက်ပေါ်လာသည်။ ထို့ကြောင့် ယင်းတို့ကို အရေးမစိုက်နှင့်။ သင်လုပ်ဆောင်ရမည့်အရာကိုသာ လုပ်ဆောင်လော့။ ဤသည်မှာ အလွယ်ကူဆုံး နည်းလမ်းဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့လုပ်ဆောင်ရမည့်အရာမှာ အဘယ်နည်း။ မိမိတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး မိမိတို့၏တာဝန်ကို ထိန်းသိမ်းလော့။ ဘုရားသခင်က သင့်အားပေးသည့် တာဝန်ပေးစေခိုင်းချက်ကို သင်ငြင်းဆန်၍ မရနိုင်ပေ။ ယင်းကို သင်ကောင်းစွာ ပြီးမြောက်ရမည်။ ဤအရာအပြင် လူတစ်ဦးချင်းစီ၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်လျှင် သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားအတွက် ကြိုးပမ်းဖို့ သင်အတတ်နိုင်ဆုံး လုပ်ဆောင်ရမည်ဖြစ်ပြီး သင်ရရှိနိုင်သည့် မည်သည့်ဝင်ရောက်မှုအဆင့်ကိုမဆို ရရှိရန် ကြိုးစားရမည်။ သင်သည် အဆုံးတွင် စံမီခြင်းရှိမရှိကို ဘုရားသခင်က ဆုံးဖြတ်လိမ့်မည်။ လူတို့၏ ကိုယ်ပိုင်ခံစားချက်များနှင့် ဆုံးဖြတ်သတ်မှတ်ခြင်းများက အသုံးမဝင်ပေ။ လူတို့သည် ကိုယ့်ကံကြမ္မာကိုယ် မဆုံးဖြတ်နိုင်သကဲ့သို့ ၎င်းတို့၏ အပြုအမူကို အကဲမဖြတ်နိုင်ပေ၊ သို့မဟုတ် ၎င်းတို့၏ အဆုံးစွန်ရလဒ်က မည်သည့်အရာဖြစ်မည်ကို မဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်သာ ဤအရာများကို အကဲဖြတ်နိုင်ပြီး အဆုံးအဖြတ်ပေးနိုင်သည်။ ဘုရားသခင်က ဖြောင့်မတ်သည်ဆိုသည်ကို သင်ယုံကြည်ရမည်။ ဘာသာတရားမရှိသူများ၏ စကားကို ငှား၍ပြောရလျှင် သင်သည် လုပ်ရဲရမည်။ သင့်လုပ်ရပ်များအတွက် တာဝန်ခံယူရဲရမည်။ အမှန်တရားများကို ရင်ဆိုင်ရဲရမည်။ ပြီးလျှင် တာဝန်ခံယူနိုင်ရမည်။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသူများသည် ၎င်းတို့တာဝန်ကို ကောင်းစွာထမ်းဆောင်သင့်ပြီး တာဝန်ယူသင့်သည်။
လူတို့အနေဖြင့် မိမိတို့ကိုယ်ကို ကြိမ်ဖန်များစွာ ဆန်းစစ်ခြင်းသည် အရေးပါသည်။ ပြီးလျှင် လူတို့အနေဖြင့် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းသည် အရေးပါသည်။ လူတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ပြီး မမှန်ကန်သော အခြေအနေများ၊ သို့မဟုတ် အမြင်များရှိသည်ကို တွေ့ရှိသောအခါ၌ သမ္မာတရားကို ရှာဖွေရန်၊ ၎င်းတို့၏ အခြေအနေများနှင့် အမြင်များကို ပြောင်းပြန်လှန်ရန်၊ ယင်းတို့ထံမှ လွတ်မြောက်ရန်သည်လည်း အရေးပါသည်။ ဤသို့ဖြင့် သင်သည် သတိမထားမိဘဲ ပိုပို၍ နည်းသော မမှန်ကန်သည့်အခြေအနေများကို တွေ့ကြုံလိမ့်မည်။ ပြီးလျှင် သင်သည် ယင်းတို့အပေါ် ပိုပို၍ ပိုင်းခြားသိမြင်လာလိမ့်မည်။ သင်၏ မမှန်ကန်သော အခြေအနေများကို ပြောင်းပြန်လှန်ပြီးနောက်တွင် သင့်အတွင်းရှိ အပြုသဘောဆောင်သောအရာများက တိုးပွားလာလိမ့်မည်။ ပြီးလျှင် သင်သည် သင့်တာဝန်ကို ပိုပို၍ ကြီးမားသော သန့်စင်မှုဖြင့် ထမ်းဆောင်လိမ့်မည်။ အပြင်ပန်းတွင် သင်စကားပြောသည့်ပုံစံနှင့် သင်၏ ပင်ကိုစရိုက်သည် ယခင်ကကဲ့သို့ တူညီမည် ဖြစ်သော်လည်း သင်၏ အသက်စိတ်သဘောထားက ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ မည်သည့်ပုံစံဖြင့် ပေါ်လွင်လိမ့်မည်နည်း။ အမှုအရာများကို လုပ်ဆောင်ပြီး သင့်တာဝန်ကို ထမ်းဆောင်သောအခါ၌ သမ္မာတရားစည်းမျဉ်းများကို သင်လိုက်လျှောက်နိုင်လိမ့်မည်။ ဤအရာများတွင် တာဝန်ယူနိုင်လိမ့်မည်။ အခြားလူများက အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သည်ကို သင်မြင်သောအခါ သင်စိတ်ဆိုးလိမ့်မည်။ ပြီးလျှင် သင်က ကောက်ကျစ်ဆိုးယုတ်သော ဖြစ်ရပ်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့် လှုပ်ရှားတက်ကြွမှုမရှိသော၊ အပျက်သဘောဆောင်သော၊ မသင့်လျော်သော၊ ကောက်ကျစ်ဆိုးယုတ်သော လက်တွေ့လုပ်ဆောင်မှုများကိုပါ မြင်သောအခါတွင် သင်သည် ယင်းတို့ကို အလွန်မုန်းတီးလိမ့်မည်။ ဤအရာများကို သင်ကြည့်လေလေ၊ မနှစ်သက်ခြင်းကို ခံစားရလေလေဖြစ်မည်။ ပြီးလျှင် သင်သည် ယင်းတို့အပေါ် ပို၍ ပိုင်းခြားသိမြင်လာလိမ့်မည်။ ဘုရားသခင်အား အချိန်အလွန်ကြာရှည်စွာ ယုံကြည်ခဲ့ပြီး စကားလုံးများနှင့် အယူဝါဒများအကြောင်း အလွန်ရှင်းလင်းစွာ ပြောသော်လည်း မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဘဲ စည်းမျဉ်းမရှိသောသူအချို့ကို သင်တွေ့သောအခါ သင်သည် ယင်းကို စိတ်ဆိုးပြီး ရွံရှာလိမ့်မည်။ အထူးသဖြင့် တကယ့်အလုပ်ကို မလုပ်သော၊ စကားများနှင့် အယူဝါဒများအကြောင်း အစဉ်ပြောဆိုသော၊ ဘုရားသခင်အား နှစ်ချီ၍ ယုံကြည်ခဲ့သော်လည်း မပြောင်းလဲသော ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင်တွေ့သောအခါ သင်သည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်မှုရှိလိမ့်မည်။ သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် တရားမျှတစိတ်တစ်ခုကို ပိုင်ဆိုင်လိမ့်မည်။ သင်သည် သင့်ကိုယ်သင် မုန်းတီးမည်သာမဟုတ်ဘဲ ဤကောက်ကျစ်ဆိုးယုတ်သော၊ တရားမမျှတသောအရာများ ဖြစ်ပေါ်သောအခါတွင်လည်း မုန်းတီးလိမ့်မည်။ ဤသည်မှာ သင့်အတွင်းတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပြီးဖြစ်သည်ကို သက်သေပြလိမ့်မည်။ သင်သည် သမ္မာတရားရှုထောင့်မှနေ၍၊ ဘုရားသခင်ဘက်မှနေ၍၊ အပြုသဘောဆောင်သောအရာများ၏ ရှုထောင့်မှနေ၍ ပြဿနာများကို ကြည့်နိုင်ပြီး သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သဘောထားပြုမူနိုင်လိမ့်မည်။ ဤသည်မှာ သင့်တွင် ပြောင်းလဲမှုတစ်ခုရှိပြီးဖြစ်သည်ကို ပြလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သင့်အား အကဲဖြတ်ရန် ဘုရားသခင်ကို လိုဦးမည်လော။ လိုမည်မဟုတ်။ ဤအရာကို သင့်ဘာသာ အာရုံခံစားနိုင်လိမ့်မည်။ ဥပမာအနေဖြင့် ယခင်က လူတစ်ယောက်သည် အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်နေသည်ကို သင်မြင်သောအခါ သင်က “ယင်းသည် ပုံမှန်ဖြစ်သည်။ ငါသည်လည်း အတူတူဖြစ်သည်။ သူက အမှုအရာများကို ထိုပုံစံအတိုင်း မလုပ်လျှင် ငါသည် အမှုအရာများကို ဝတ်ကျေတမ်းကျေလုပ်ဆောင်နေသည့် ပုံစံဖြစ်လိမ့်မည်” ဟု တွေးသည်။ လူတိုင်းက အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်နေကြသည်။ ထို့ကြောင့် သင်က သင်လုပ်ဆောင်သည်မှာ အလွန်ကောင်းသည်ဟု ခံစားမိသည်။ ထိုအချိန်တွင် သင်က ထိုသို့ စဉ်းစားတော့မည် မဟုတ်ပေ။ သင်က “အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိ။ ဘုရားအိမ်တော်၏ အလုပ်သည် အရေးကြီးသည်။ ငါက အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်နေခြင်းက ပုန်ကန်ခြင်းဖြစ်နေပြီ ဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် ငါကဲ့သို့ ဖြစ်နေပြီး အမှုအရာများကိုလည်း ထိုပုံစံအတိုင်း လုပ်ဆောင်နေကြသနည်း” ဟု တွေးလိမ့်မည်။ သင်သည် ယခင်က အလွန်မသိနားမလည်ဖြစ်ပြီး မရင့်ကျက်ဟုလည်းကောင်း၊ အမှုအရာများကို သင်မြင်သည့်ပုံစံက အလွန်စက်ဆုပ်ဖွယ်ဖြစ်ပြီး ရှက်ဖွယ် ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်အား သင်ရှင်းလင်းပြနိုင်ဖို့ မဖြစ်နိုင်ဟုလည်းကောင်း သင်တွေးလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်ထဲတွင်လည်း မလုံမလဲဖြစ်နေလိမ့်မည်။ သင်သည် ဤသို့သော အတွေးများ၊ ခံစားချက်များ ရှိနိုင်မည်ဆိုသည့်အချက်က သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များသည် သင့်အတွင်းတွင် အမြစ်တွယ်နေပြီး ဖွံ့ဖြိုးဝေဆာနေပြီဖြစ်သည်ကို သက်သေပြလိမ့်မည်။ အမှုအရာများကို သင်မြင်သည့် ရှုထောင့်နှင့် အမှုအရာများကို သင်အကဲဖြတ်သည့် စံနှုန်းများက ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ သင်သည် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် နေထိုင်ခဲ့သည့်အချိန်ဖြစ်သော ယခင်ကနှင့် လုံးဝ ကွဲပြားသည့်သူတစ်ဦး ဖြစ်ပြီးဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော နည်းလမ်းဖြင့် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ ယခုတွင် သင်တို့ အနည်းငယ်ပြောင်းလဲပြီး ဖြစ်သလော။ (အနည်းငယ် ပြောင်းလဲပြီး ဖြစ်ပါသည်။) ယခုတွင် သင် အနည်းငယ်ပြောင်းလဲပြီး ဖြစ်သည်။ ပြီးလျှင် ရံဖန်ရံခါတွင် လူများက အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်နေပြီး သမ္မာတရားအား လက်တွေ့မလုပ်ဆောင်သည်ကိုလည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုတွင် အစဉ်မွေ့လျော်နေသည်ကိုလည်းကောင်း သင်မြင်သောအခါ ယင်းသည်ကောင်းသောအရာ ဖြစ်သည်ဟု သင်မထင်ပေ။ သို့ရာတွင် သင့်အား ၎င်းတို့ကို သွားရောက်ကူညီပြီး ပံ့ပိုးပေးရန် တောင်းဆိုခြင်းခံရလျှင် စာတန်ဆန်သော အတွေးအခေါ်များသည် သင့်အား ဘောင်ခတ်ဆဲဖြစ်လိမ့်မည်။ လူတို့၌ ဤပြဿနာကို သင်ရှာဖွေတွေ့ရှိသော်လည်း သင်သည် ၎င်းတို့ စိတ်မကျေမနပ်ဖြစ်မည်စိုးသောကြောင့် မည်သည့်အရာကိုမျှ မပြောရဲဘဲ “မည်သူကမျှ ငါ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် မရွေးကောက်ခဲ့ပါ။ ထို့ကြောင့် အခြားလူများ၏ ကိစ္စတွင် ငါဝင်ပါဖို့ မလိုပါ” ဟုပင် တွေးသည်။ ဤမမျှတသော၊ အပျက်သဘောဆောင်သောအရာများကို သင်ကြုံရသောအခါ သင်သည် သင်၏စကားနှင့် လုပ်ရပ်များတွင် သမ္မာတရားဘက်၌ မရပ်တည်နိုင်ပေ၊ သို့မဟုတ် တာဝန်မယူနိုင်ပေ။ သင်သည် မျက်ကွယ်သာပြုပြီး ဤသည်မှာ ကျင့်ကြံပြုမူရန်၊ အချေအတင်ငြင်းခုံခြင်းမှ ခပ်ခွာခွာနေရန် အလွန်ကောင်းသောနည်းတစ်ခုဖြစ်သည်ဟု တွေးသည်။ သင်က “တစ်စုံတစ်ခု လွဲချော်လျှင် ငါနှင့် သက်ဆိုင်မည်မဟုတ်။ ငါသည် ပြဿနာတစ်ခုကို ကြိုရှောင်ထားခြင်း ဖြစ်သည်” ဟု တွေးသည်။ သင့်တွင် ဤသို့သောအမြင်များရှိဆဲ ဖြစ်လျှင် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်မည်လော။ သင့်တွင် အသက်ဝင်ရောက်မှု ရှိမည်လော။ သင့်စိတ်နှလုံး၌ ဤသို့သော အမြင်မျိုးရှိလျှင် သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်ပြီး သမ္မာတရားကို လက်မခံနိုင်ပေ။ ဤအတွက်ကြောင့် ဤသို့သောအမြင်များကို မပြုပြင်ဘဲထား၍ မရနိုင်ခြင်းဖြစ်သည်။ တစ်ဖက်တွင် သင်သည် အသက်ဝင်ရောက်မှု ရှိလိုလျှင် သင့်ကိုယ်သင် ကြီးကြပ်နိုင်ရမည်။ အခြားတစ်ဖက်တွင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံရန် အဓိကအနေဖြင့် လိုအပ်သည်။ သင့်စိတ်နှလုံး၌ အပြစ်တင်ခြင်းကို သတိထားမိလျှင် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ ပြီးလျှင် ဤအပြစ်တင်ခြင်းက မည်သည့်နေရာမှ လာသည်ကို အဖြေရှာသင့်သည်။ ဘုရားသခင်က သင့်အား စိစစ်နေသည်ဟု သင်ခံစားရနိုင်ပြီး ဘုရားသခင်က သင့်အား စိစစ်နေသည်ဟု သင်ယုံကြည်လျှင် သူ၏ စိစစ်ခြင်းကို သင်လက်ခံသင့်သည်။ ကြိမ်ဖန်များစွာ နောင်တရခြင်း၊ သင့်စိတ်နှလုံး၌ မတင်မကျဖြစ်ခြင်း၊ ထိုအခြေအနေများတွင် ရှိခြင်းကြောင့် ဘုရားသခင်အပေါ် သင်အကြွေးတင်သည်ဟု ခံစားရခြင်းတို့အားဖြင့်သာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် တွန်းအားရှိလိမ့်မည်။ သမ္မာတရားလက်တွေ့ကျမှုများအတွင်းသို့ ဝင်ရောက်ခြင်းအတွက် စံနှုန်းအချို့နှင့် လက်တွေ့ကျသော သရုပ်သကန်အချို့ရှိသည်။ ယခုတွင် ယင်းတို့အတွင်းသို့ မည်သည့်အတိုင်းအတာအထိ သင်တို့ ဝင်ရောက်ပြီးပြီနည်း။ (အခြေအနေတစ်ခု ဖြစ်ပေါ်သောအခါ ကျွန်ုပ်သည် မိမိတွင် အားနည်းချက်များစွာကို မြင်နိုင်သည်။ သို့သော် ကျွန်ုပ်သည် ထိုအခြေအနေတွင် ပိတ်မိလျက် အချိန်များစွာ ကုန်ဆုံးသည်။ ကျွန်ုပ်တွင် မည်သည့်ပြဿနာများရှိသည်ကို စိစစ်ရန်၊ သို့မဟုတ် နားလည်ရန် သမ္မာတရား၏ ရှုထောင့်အား မည်သို့ခံယူရမည်ကို မသိပါ။ ကျွန်ုပ်သည် မိမိအပေါ် ရှင်းလင်းသော ပိုင်းခြားသိမြင်မှုမရှိ။ ကိုယ့်ကိုယ်ကိုယ် ရှင်းလင်းစွာ မမြင်ရပါ။ အခြားလူတို့၏ အခြေအနေများကိုလည်း မကြာခဏ ရှင်းလင်းစွာ မမြင်နိုင်ပါ။) သင့်ကိုယ်သင် ရှင်းလင်းစွာ မမြင်နိုင်လျှင် သူတစ်ပါးတို့ကို သင်ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဤပြောဆိုချက်သည် မှန်ကန်သည်။ အခြားလူများက ပြဿနာတစ်ခုရှိသောအခါ သင်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဟု သင်ထင်သည်။ သို့သော် အမှန်တကယ်တွင် အခြေအနေများက အပြောင်းအလဲမရှိဘဲ တူညီသည်။ သင်၏ ကိုယ်ပိုင်အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်လျှင် အခြားလူများ၏ ပြဿနာများကို မဆိုထားနှင့်၊ သင်၏ ပြဿနာများကိုပင် ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သင်၏ ပြဿနာများကို ဖြေရှင်းပြီးသည်နှင့် အခြားလူများ၏ ပြဿနာများကို သင်အလွန်ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ချက်ချင်းပြုပြင်နိုင်လိမ့်မည်။ သင်သည် အသက်ဝင်ရောက်မှုရှိလိုလျှင် အောက်ပါနှစ်ခုကို သင်လိုက်နာရမည်။ တစ်ခုမှာ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ပြီးလျှင် အခြားတစ်ခုမှာ သင့်တာဝန်အား ထမ်းဆောင်စဉ်တွင် သင့်ကိုယ်သင် ကြိမ်ဖန်များစွာ ဆန်းစစ်ရမည်။ သင်၏ အမျိုးမျိုးသော မမှန်ကန်သော အမြင်များ၊ အတွေးများ၊ ရပ်တည်ချက်များ၊ ရည်ရွယ်ချက်များနှင့် အခြေအနေများကို ပြောင်းပြန်လှန်ရန် သမ္မာတရားကို ရှာဖွေပြီး မမှန်ကန်သော အခြေအနေတိုင်းမှ လွတ်မြောက်ရမည်။ သင်သည် ယင်းတို့ထံမှ လွတ်မြောက်ရန် ခွန်အားရှိလျှင် စာတန်ကို ကျော်လွှားပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သင့်ကိုယ်သင် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ သင်၏ မတက်မကြွဖြစ်သော၊ အပျက်သဘောဆောင်သော အခြေအနေများမှ လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ ပြီးလျှင် ဤအခြေအနေများ၏ ဘောင်ခတ်ခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်ပေ။ ဤအရာကိုယ်၌က ရှေ့သို့လှမ်းသော ခြေတစ်လှမ်းဖြစ်သည်။ ဤပြဿနာကို သင်တို့ ဦးစွာ ဖြေရှင်းရမည်။ သင်တို့တွင် မည်သည့်အပျက်သဘောဆောင်သော၊ သို့မဟုတ် မတက်မကြွဖြစ်သော အခြေအနေများရှိသနည်း။ လူအချို့က “ယင်းသည် ငါ၏ ပုံစံသာဖြစ်သည်။ ငါ၏ မာနထောင်လွှားသော စိတ်သဘောထားကို ပြုပြင်ရန် ငါတတ်နိုင်သည့်အရာ ဘာမျှမရှိ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်က ဤအကြောင်းကို သိသည်။ သူသည် ငါ့ကို အမျိုးအစား ခွဲခြားပြီးဖြစ်သည်ဟု ငါထင်သည်။ ငါသည် ပြောင်းလဲရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း ယခင်ကကဲ့သို့ပင် ဖြစ်နေသေးသည်။ ဤသည်မှာ ငါ၏ ပုံစံသာဖြစ်သည်” ဟု တွေးကြသည်။ သင်သည် သင့်ကိုယ်သင် မကောင်းသောအမြင် ရှိသဖြင့် ဤသည်မှာ အပျက်သဘောဆောင်သော အခြေအနေတစ်ခုဖြစ်သည်။ ယင်းသည် သင့်အနေဖြင့် မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်ကို လက်မြှောက်အရှုံးပေးလိုက်သည့် စိတ်နေစိတ်ထားဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို သင်မရှာဖွေရသေးပေ။ ထို့ကြောင့် သင်သည် မျှော်လင့်ချက်မရှိဟု အဘယ်ကြောင့် သင်ထင်သနည်း။ လူတို့သည် ဤသို့သောအခြေအနေများတွင် ကြိမ်ဖန်များစွာ အသက်ရှင်ကြသည်။ ဖောက်ပြန်ပျက်စီးမှုတစ်ခုကို ခဏတာ ထုတ်ဖော်ပြီး ၎င်းတို့သည် အမျိုးအစားသတ်မှတ်ခြင်းခံရပြီးဖြစ်သည်ဟုလည်းကောင်း၊ ဤသည်မှာ ၎င်းတို့ဖြစ်သော လူအမျိုးအစား ဖြစ်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ဤသည်မှာ အပျက်သဘောဆောင်သော အခြေအနေတစ်ခု ဖြစ်သည်။ ယင်းကို ပြောင်းပြန်လှန်သင့်ပြီး ယင်းထံမှ သင်လွတ်မြာက်သင့်သည်။ သင်တို့တွင် အခြားမည်သည့် အပျက်သဘောဆောင်သော၊ သို့မဟုတ် မတက်မကြွဖြစ်သော အခြေအနေများရှိသနည်း။ (ကျွန်ုပ်သည် ကျွန်ုပ်၏ ဆုကျေးဇူးများနှင့် အစွမ်းအစကို အခြေခံပြီး အမှုအရာများကို လုပ်ဆောင်သော အခြေအနေတစ်ခု၌ ကြိမ်ဖန်များစွာအသက်ရှင်ပြီး အသက်ဝင်ရောက်မှု ကင်းမဲ့သည်။ ဤအခြေအနေသည် အလွန်ပြင်းထန်သည်။) လူတို့သည် ၎င်းတို့၏ ဆုကျေးဇူးများနှင့် အစွမ်းအစကို အခြေခံပြီး အမှုအရာများကို လုပ်ဆောင်သောအခါ သူတစ်ပါးတို့နှင့် အစဉ်နှိုင်းယှဉ်လိုကြပြီး “ဤအလုပ်ကို သင်က ပြီးမြောက်နိုင်သော်လည်း ငါက မပြီးမြောက်နိုင်သည်မှာ အဘယ်သို့ဖြစ်ရသနည်း။ ကြိုးစားပြီး သင့်ထက် ပို၍သာအောင် လုပ်ဆောင်ရန်အတွက် ငါသည် အလုပ်ကြိုးစားပြီး ဤအလုပ်၌ အားစိုက်ထုတ်ရသည်” ဟု တွေးကြသည်။ ဤတွင် သင်၏ နတ်ဆိုးဆန်သော သဘာဝက ထွက်ပေါ်လာပြီး ဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အမှုအရာများအား သင်လုပ်ဆောင်သောအခါ၌ သင့်တွင် ဤတွန်းအား၊ သို့မဟုတ် စမှတ်ရှိသောအခါ၌ အရေးမစိုက်နှင့်။ ယင်းသည် ယာယီထုတ်ဖော်ပြမှု၊ သို့မဟုတ် ခဏတာ မသိနားမလည်သော အတွေးတစ်ခုဖြစ်သည်။ ယင်းအတိုင်းမလုပ်ဆောင်နှင့်။ ဤသို့ဆိုလျှင် သင်သည် အဆင်ပြေလိမ့်မည်။ သင်သည် အမှုအရာများကို လက်တွေ့ကျသည့်ပုံစံဖြင့်၊ လုပ်ဆောင်သင့်သည့် ပုံစံဖြင့် လုပ်ဆောင်ရမည်။ အခက်အခဲတစ်ခုကို သင်ကြုံရလျှင် အခြားလူများက ယင်းကို ကိုင်တွယ်သည့်ပုံစံကို အရင်ကြည့်ရှုလော့။ ၎င်းတို့က ကောင်းစွာ ကိုင်တွယ်ပြီးဖြစ်လျှင် ၎င်းတို့နှင့်စကားပြောပြီး ၎င်းတို့ထံမှ သင်ယူလော့။ ဤသို့အားဖြင့် သင်သည် သင်၏ မမှန်ကန်သော အခြေအနေများကို ပြောင်းပြန်လှန်လိမ့်မည်။ သင့်တွင် ထိုအတွေးများရှိပြီး သင်၏အတွင်းထဲတွင် ဖောက်ပြန်ပျက်စီးမှုအား ထုတ်ဖော်သော်လည်း ထိုပုံစံအတိုင်း မလုပ်ဆောင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တားဆီးခြင်းခံရလိမ့်မည်။ သို့ရာတွင် သင့်၌ ထိုအတွေးများရှိပြီး ထိုသို့ လုပ်ဆောင်ပါက၊ သင်၏လုပ်ရပ်များသည် သင့်အတွေးများထက်ပို၍ပင် ဆိုးရွားပါက ဤသည်မှာ ဒုက္ခရောက်မည့် သဘောဖြစ်သည်။ ယင်းသည် အမှုအရာများကို ရှုပ်ထွေးစေလိမ့်မည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင် အမုန်းတီးဆုံးသောအရာ ဖြစ်သည်။
သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် ဘုရားသခင်၏ ချဉ်းကပ်မှုသည် ထိုစိတ်သဘောထားများကို သင့်အား ကွယ်ဝှက်စေဖို့၊ ဖုံးကွယ်စေဖို့၊ သို့မဟုတ် အယောင်ဆောင်စေဖို့ မဟုတ်ပေ။ ထိုထက် သူသည် သင့်အား ယင်းတို့ကို ထုတ်ဖော်စေပြီး သင့်ကို ဖော်ထုတ်ကာ ယင်းတို့အကြောင်းကို သင်သိမြင်မှုရရှိရန် လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ယင်းတို့အကြောင်းကို သင်သိမြင်မှုရှိသည်နှင့် ပြီးပြီလော။ မပြီးသေးပါ။ သင်သည် ယင်းတို့အကြောင်းကို သိမြင်မှုရှိပြီးနောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အမှုအရာများကို လုပ်ဆောင်သည်မှာ မှားယွင်းသည်ဟုလည်းကောင်း၊ ယင်းသည် လမ်းဆုံးဖြစ်သည်ကိုလည်းကောင်း သိပြီးသည့်နောက်တွင် ဘုရားရှေ့မှောက်သို့ သင်လာရမည်။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် ဘုရားထံဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်းဖွင့်ပေးလိမ့်မည်။ ပြီးလျှင် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို သင့်အား ပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ လုပ်ဆောင်သင့်သည့်အရာအကြောင်းကို ပြောသည်။ သို့သော် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး တစ်ခါတစ်ရံတွင် ဘုရားသခင် ပြောသည့်တိုင်း မလုပ်ဆောင်လိုကြပေ။ အမှုအရာများကို ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း လုပ်ဆောင်လိုကြသည်။ ဤသို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က သင့်အား လွတ်လပ်ခွင့်ပေးသည်။ လောလောဆယ်တွင် သင့်အား ဤသို့လုပ်ဆောင်ခွင့်ပေးသည်။ သင်သည် ဤသို့ ဆက်လက်လုပ်ဆောင်သွားသောအခါတွင် လမ်းပိတ်ပြီး သင်အမှားလုပ်ခဲ့မိပြီဟု ခံစားရလိမ့်မည်။ ထို့နောက်တွင် သင်သည် ဘုရားသခင်ဆီသို့ ပြန်သွားပြီး မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို ရှာဖွေလိမ့်မည်။ ဘုရားသခင်က “သင့်စိတ်နှလုံးတွင် ငါ၏ တောင်းဆိုချက်များကို သင်နားလည်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သင်နားမထောင်သနည်း” ဟု ဆိုလိမ့်မည်။ ပြီးလျှင် သင်က “ဤသို့ဆိုလျှင် ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါ ဘုရားသခင်” ဟု ဆိုလိမ့်မည်။ ဘုရားသခင်က သင့်အား ပဲ့ပြင်ဆုံးမလိမ့်မည်ဖြစ်ပြီး ယင်းက နာကျင်လိမ့်မည်။ ထို့ကြောင့် သင်က “ဘုရားသခင်က ငါ့ကို မချစ်ပါ။ သူသည် အဘယ်သို့များ ငါ့အပေါ် အလွန်ရက်စက်နိုင်သနည်း။ သူသည် အလွန်ပင် အကြင်နာကင်းမဲ့သည်” ဟု တွေးလိမ့်မည်။ ဘုရားသခင်က “ကောင်းပြီ။ ဤသို့ဆိုလျှင် ဤအရာကို ငါလုပ်ဆောင်တော့မည်မဟုတ်။ သင်ရည်ရွယ်ထားသည့် ပုံစံမှန်သမျှအတိုင်း အမှုအရာများကို ဆက်လက်လုပ်ဆောင်လော့” ဟု ဆိုလိမ့်မည်။ ပြီးလျှင် သင်သည် ယခင်က သင်ရှိနေသည့်လမ်းကြောင်းပေါ်သို့ ပြန်ရောက်လိမ့်မည်။ သင်သည် အမှုအရာများကို လုပ်ဆောင်လိမ့်မည်။ နောက်တစ်ဖန် လမ်းပိတ်ပြီး “ငါလုပ်ဆောင်သည့်အရာတွင် တစ်စုံတစ်ခု မှားယွင်းနေသည်။ နောက်ပြန်ဆုတ်ပြီး ငါ၏ အပြစ်များကို ဝန်ချရမည်။ ငါသည် ဘုရားသခင်အပေါ် အကြွေးတင်သည်” ဟု ချင့်ချိန်တွေးတောလိမ့်မည်။ သင်သည် ဘုရားသခင်ဆီသို့ နောက်တစ်ဖန်ပြန်သွားပြီး ဆုတောင်းကာ ရှာဖွေလိမ့်မည်။ ဘုရားသခင်ပြောသည့်အရာက မှန်သည်ကို နားလည်ပြီး ထို့နောက်တွင် ဘုရားသခင်ပြောသည့်အတိုင်း လုပ်ဆောင်လိမ့်မည်။ သို့သော် သင်က လုပ်ဆောင်နေသောအခါ၌ “ဤအရာကို လုပ်ဆောင်ခြင်းသည် ငါ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်။ ငါ၏ ဂုဏ်သိက္ခာကို ဦးစွာ ဂရုစိုက်လျှင် ကောင်းမည်” ဟု တွေးလိမ့်မည်။ ထို့နောက်တွင် သင်သည် နောက်တစ်ဖန် ဒုက္ခရောက်လိမ့်မည်။ နောက်တစ်ဖန် စံမမီဖြစ်မည်။ သင်သည် အချိန်ကြာသည်နှင့်အမျှ ဤသို့ အကြိမ်ကြိမ် ခေါက်တုံ့ခေါက်ပြန် ဖြစ်နေလိမ့်မည်။ လူတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်လျှင်၊ မိမိတို့အတွင်းတွင်ရှိသော လွဲချော်မှုများကို အစဉ်သိမြင်နိုင်လျှင်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြန်လည်သုံးသပ်ပြီး နားလည်နိုင်လျှင်၊ ထို့နောက်တွင် ယင်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်လျှင် ဤအတွေ့အကြုံတစ်လျှောက်အတွင်းတွင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် စဉ်ဆက်မပြတ် ကြီးထွားနေလိမ့်မည်။ စိတ်နှလုံးရှိသော၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အပြုသဘောဆောင်သောအရာများကို ချစ်လိုစိတ် ရှိသောသူများအနေဖြင့် တဖြည်းဖြည်းချင်း ပို၍နည်းပါးလာသော အဟန့်အတားများနှင့် ကျရှုံးမှုများကို တွေ့ကြုံရမည်။ ၎င်းတို့၏ ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် အပိုင်းများသည် တိုးပွားလာမည်။ ၎င်းတို့၏ သမ္မာတရားကို ချစ်သည့်အပိုင်းများသည် တိုးပွားလာမည်။ ဤအတွက်ကြောင့် သမ္မာတရားကို သင်တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်စဉ်တွင် ဘုရားသခင်က သင့်အား ကျရှုံးခွင့်နှင့် ပုန်ကန်ခွင့်ကို ပေးခြင်း ဖြစ်သည်။ သူသည် ဤအရာများကို မကြည့်ပေ။ ဘုရားသခင်က သင့်ကို အလိုမရှိတော့မည်ဖြစ်စေ၊ သူသည် သင့်အား ငရဲသို့ စေလွှတ်မည်ဖြစ်စေ၊ ဖြစ်ရပ်တစ်ခုတွင် သူ့အားနားမထောင်သည့်အတွက် သင့်အား သေဒဏ်ချမည်ဖြစ်စေ ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်က ဤသို့ မလုပ်ဆောင်ပေ။ ဘုရားသခင်က လူတို့ကို ကယ်တင်သောအခါတွင် အဘယ်ကြောင့် ဘုရားသခင်၏ ချစ်ခြင်းက အလွန်အကျွံကျယ်ပြန့်သည်ဟု ဆိုသနည်း။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းက ပေါ်လွင်သောနေရာဖြစ်သည်။ ယင်းသည် လူတို့အပေါ် သူ၏ သည်းခံခြင်း၊ စိတ်ရှည်ခြင်းတွင် ပေါ်လွင်သည်။ သူသည် စဉ်ဆက်မပြတ် သင့်ကို သည်းခံနေသော်လည်း သင့်အား အလိုမလိုက်ပေ။ ဘုရားသခင်၏ သည်းခံခြင်းသည် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုကို သူသိခြင်း၊ လူတို့၏ မွေးရာပါ လုပ်နိုင်စွမ်းကို သိခြင်း၊ အခြေအနေတစ်ခုခုတွင် မည်သည့်အရာကို လူတို့ ထုတ်ဖော်သည်ကို သိခြင်း၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုကို အခြေခံပြီး မည်သည့်အရာကို ၎င်းတို့ ရယူနိုင်သည်ကိုသိခြင်း၊ သင့်အား ဤအရာများကို ထုတ်ဖော်ပြခွင့်ပေးခြင်း၊ သင့်အား အတိုင်းအတာတစ်ခုခုကို ပေးခြင်း၊ သင်က သူ့ထံပြန်လာပြီး ရိုးသားစစ်မှန်စွာ နောင်တရသောအခါ သင့်အား လက်ခံခြင်း၊ ထိုစဉ်အတွင်း သင့်နောင်တ၏ ရိုးသားစစ်မှန်မှုကိုလည်း အသိအမှတ်ပြုခြင်းတို့ဖြစ်၏။ ထို့ကြောင့် သင်က ပြန်လာပြီး ဤသို့ လုပ်ဆောင်သည်မှာ မှန်ကန်သလောဆိုသည်ကို ဘုရားသခင်အား မေးသောအခါ၌ ဘုရားသခင်က သင့်အား ဆက်လက်၍ ပြောပြီး အဖြေတစ်ခုပေးလိမ့်မည်။ ဤသို့လုပ်ဆောင်သည်မှာ မှန်ကန်သည်ဆိုသည်ကို ဘုရားသခင်က သင့်အား စိတ်ရှည်စွာပြောပြီး သင့်အား အတည်ပြုပေးလိမ့်မည်။ သို့သော် သင်က သင့်စိတ်ကို တစ်ဖန်ပြောင်းပြီး “ဘုရားသခင်၊ ဤအရာကို ကျွန်ုပ်မလုပ်ဆောင်လိုပါ။ ကျွန်ုပ်အတွက် အကျိုးမရှိပါ။ ယင်းသည် ကျွန်ုပ်ကို မပျော်မရွှင်ဖြစ်စေပြီး အနေရခက်စေသည်။ အမှုအရာများကို ကျွန်ုပ်၏ နည်းလမ်းအတိုင်း လုပ်ဆောင်သင့်သည်ဟု ကျွန်ုပ်ထင်ဆဲဖြစ်သည်။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် သိက္ခာကျမည်မဟုတ်။ ကျွန်ုပ်သည် ပညာသားပါပြီး ပါးနပ်မည်ဖြစ်သည်။ ကိစ္စရပ်တိုင်းတွင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရအောင် လုပ်ဆောင်နိုင်လိမ့်မည်။ ကျွန်ုပ်၏ သီးခြားလိုအင်ဆန္ဒများကို ဦးစွာ ဖြည့်ဆည်းမည်” ဟု ပြောသောအခါတွင် ဘုရားသခင်က “သင်သည် မပြည့်ဝဘဲ ဖြစ်သွားနိုင်သည်။ သို့သော် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် အဆုံး၌ ဆုံးရှုံးရသည်မှာ သင်ဖြစ်သည်။ ငါမဟုတ်” ဟု ဆိုလိမ့်မည်။ ဘုရားသခင်က သင့်အား ကယ်တင်နေသောအခါတွင် သူသည် သင့်အား ဤသို့ တစ်ဇွတ်ထိုး လုပ်ဆောင်ခွင့်ပေးလိမ့်မည်။ ဤသည်မှာ သူ၏ သည်းခံခြင်းနှင့် လူတို့ကို သူပြသည့် သနားကရုဏာဖြစ်သည်။ သို့ရာတွင် လူတို့သည် သူ၏ သနားကရုဏာကို မြင်သောအခါ စိတ်အလိုလိုက်၍ မရပေ။ သို့သော် သူ၏ စိတ်ရှည်မှုနှင့် သည်းခံမှုကို မတတ်စွမ်းနိုင်ခြင်းတစ်မျိုးအဖြစ် သဘောထား၍မရပေ၊ သို့မဟုတ် သူ့ကို ပုန်ကန်ရန်၊ သူ၏ စကားများကို အရေးမစိုက်ရန် ဆင်ခြေတစ်ခုအဖြစ် မြင်၍မရပေ။ ဤသည်မှာ လူတို့ဘက်မှ ပုန်ကန်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ လူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်ရမည်။ ဘုရားသခင်က သင့်အားပြသည့် သည်းခံခြင်း၊ စိတ်ရှည်ခြင်းသည် အကန့်အသတ်မရှိ ရှည်လျားသည်။ ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို သင်ခံစားရနိုင်လျှင် ယင်းသည် ကောင်းသောအရာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကယ်တင်ရန် အလွန်အကျွံဖြစ်သော ဆောင်ရွက်မှုများအား အသုံးပြုနိုင်စွမ်းမရှိခြင်း မဟုတ်။ ဘုရားသခင်၏ လုပ်ရပ်များနောက်ကွယ်တွင် စည်းမျဉ်းများရှိသည်ကို သင်နားလည်ရမည်။ သူသည် အမှုအရာများကို နည်းလမ်းများစွာဖြင့် လုပ်ဆောင်သော်လည်း အလွန်အကျွံဖြစ်သော ဆောင်ရွက်မှုများကို အသုံးမပြုပေ။ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် သင့်အား အခက်အခဲမျိုးစုံ၊ စိတ်ပျက်ခြင်းနှင့် အတိဒုက္ခများအပြင် များစွာသော ကျရှုံးမှုများ၊ အနှောင့်အယှက်များကို တွေ့ကြုံစေသည်။ အဆုံးတွင် သင်သည် ဤအရာများကို တွေ့ကြုံခံစားသည့်အခါတွင် ဘုရားသခင်က သူပြောခဲ့သမျှသည် မှန်ကန်ပြီး သမ္မာတရား ဖြစ်သည်ကို သင့်အား သဘောပေါက်စေသည်။ တစ်ချိန်တည်းတွင် သင်စိတ်ကူးထင်မြင်သည့်အရာ၊ ထို့အပြင် သင်၏ အယူအဆများ၊ အသိပညာ၊ အတွေးအခေါ်ဆိုင်ရာ သီအိုရီများ၊ အတွေးအခေါ်များ၊ လောကီတွင် သင် လေ့လာသင်ယူခဲ့သောအရာများနှင့် သင်၏မိဘများက သင့်ကို သင်ကြားပေးခဲ့သောအရာများအားလုံးက မှားယွင်းသည်ကိုလည်းကောင်း၊ ဤအရာများသည် သင့်ကို ဘဝတွင် မှန်ကန်သောလမ်းကြောင်းပေါ်သို့ လမ်းပြမပေးနိုင်သည်ကိုလည်းကောင်း၊ သင့်ကို သမ္မာတရားကို နားလည်ရန်နှင့် ဘုရားသခင်ရှေ့ကို လာရောက်ရန် ဦးဆောင်မပေးနိုင်သည်ကိုလည်းကောင်း ဘုရားသခင်က သင့်အား ပြသလိမ့်မည်။ သင်သည် ဤအရာများဖြင့် အသက်ရှင်နေသေးလျှင် သင်သည် ကျရှုံးသည့်လမ်းကြောင်းအပြင်၊ ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သည့်လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ အဆုံးတွင် ဘုရားသခင်သည် သင့်အား ဤအရာကို ရှင်းလင်းစွာ မြင်စေလိမ့်မည်။ ဤဖြစ်စဉ်သည် သင် တွေ့ကြုံရမည့် အရာတစ်ခုဖြစ်သည်။ ဤနည်းအားဖြင့်သာ ရလဒ်များကို ရရှိနိုင်သည်။ သို့သော် ဤသည်မှာ ဘုရားသခင်အတွက် မြင်ရသည်မှာ နာကျင်ဖွယ်ရာ ဖြစ်သောအရာလည်းဖြစ်သည်။ လူတို့သည် ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အနည်းငယ်ဒုက္ခခံရမည်ဖြစ်ပြီး ဤအနှောင့်အယှက်များကို တွေ့ကြုံရမည်။ ဤဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့သည် သန့်စင်ခံရဖို့ ဖြစ်နိုင်မည် မဟုတ်ချေ။ လူတစ်ယောက်သည် သမ္မာတရားကို ချစ်သည့် စိတ်နှလုံး အမှန်တကယ် ရှိပြီး ဘုရားသခင်၏ အမျိုးမျိုးသော ကယ်တင်ခြင်းနည်းလမ်းများကို အမှန်တကယ် လက်ခံလိုစိတ်ရှိကာ အဖိုးအခပေးဆပ်ချင်စိတ်ရှိလျှင် ၎င်းတို့အတွက် အလွန်များစွာ ဒုက္ခခံဖို့ မလိုအပ်ချေ။ ဘုရားသခင်သည် အမှန်တကယ်ပင် လူတို့ကို များစွာ ဒုက္ခမခံစေလိုပေ။ ၎င်းတို့ကို အနှောင့်အယှက်များ၊ ကျရှုံးမှုများကို များစွာ မတွေ့ကြုံစေလိုပေ။ သို့ရာတွင် လူတို့သည် အလွန်အမင်း ပုန်ကန်ကြသည်။ ၎င်းတို့သည် ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်လိုခြင်း မရှိသလို နာခံလိုစိတ်မရှိဘဲ၊ မှန်သောလမ်းကို မလျှောက်နိုင်ကြပေ၊ သို့မဟုတ် ဖြတ်လမ်းများကို မလိုက်နိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းအတိုင်းသာ သွားကြသည်။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး သူ့ကို ခုခံနိုင်ကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသောအရာများဖြစ်သည်။ ဘုရားသခင်လုပ်ဆောင်နိုင်သမျှမှာ ၎င်းတို့ကို စဉ်ဆက်မပြတ် ကြံ့ခိုင်ဖွံ့ဖြိုးအောင်လုပ်ပေးရန် စာတန်ထံသို့ လွှဲပြောင်းပေးပြီး ပတ်ဝန်းကျင်အမျိုးမျိုးတွင် ထားရှိခြင်းဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့ကို အတွေ့အကြုံနှင့် သင်ခန်းစာမျိုးစုံကို ရရှိစေပြီး ကောက်ကျစ်ဆိုးယုတ်သောအရာမျိုးစုံ၏ အနှစ်သာရကို နားလည်စေရန်ဖြစ်သည်။ ထို့နောက် လူတို့သည် ပြန်ကြည့်သောအခါ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သဘောပေါက်ကြပြီး ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ဝန်ခံကြသည်။ ပြီးလျှင် ဘုရားသခင်သည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်ကိုလည်းကောင်း၊ လူတို့ကို အမှန်တကယ်ချစ်သော၊ စိုးရိမ်သော၊ ကယ်တင်နိုင်သောသူ ဖြစ်သည်ကိုလည်းကောင်း ဝန်ခံကြသည်။ ဘုရားသခင်သည် လူတို့ကို အလွန်အမင်း ဒုက္ခမခံစေလိုပေ။ သို့သော် လူသားများသည် ပုန်ကန်လွန်းသည်။ မှားယွင်းသော လမ်းကြောင်းကို လျှောက်လိုကြသည်။ ဤဆင်းရဲဒုက္ခကို ဖြတ်သန်းချင်ကြသည်။ ဘုရားသခင်သည် လူတို့ကို စဉ်ဆက်မပြတ် ထိန်းညှိရန် အခြေအနေအမျိုးမျိုးတွင် ထားရှိခြင်းမှလွဲ၍ ရွေးချယ်စရာမရှိပေ။ လူတို့သည် နောက်ဆုံးတွင် မည်သည့်အတိုင်းအတာထိ ကြံ့ခိုင်ဖွံ့ဖြိုးအောင်လုပ်ခြင်းခံကြရသနည်း။ သင်က “ကျွန်ုပ်သည် အခြေအနေမျိုးတိုင်းကို တွေ့ကြုံပြီးဖြစ်ကာ ယခုတွင် နောက်ဆုံး၌ ကျွန်ုပ်သည် ဘုရားသခင်မှ လွဲ၍ ကျွန်ုပ်အား သမ္မာတရားကို သိနားလည်စေသည့်၊ ကျွန်ုပ်အား သမ္မာတရားကို မွေ့လျော်စေနိုင်သည့်၊ သို့မဟုတ် သမ္မာတရားလက်တွေ့ကျမှုများထဲသို့ ကျွန်ုပ်ကို ဝင်ရောက်စေနိုင်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိဆိုသည်ကို နားလည်ပြီဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းသာ နာခံစွာ ကျွန်ုပ် လက်တွေ့လုပ်ဆောင်လျှင်၊ နာခံစွာ လူသား၏ နေရာတွင် နေထိုင်နိုင်လျှင်၊ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် အဆင့်အတန်းနှင့် တာဝန်တို့ကို ထိန်းသိမ်းလျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို နာခံစွာ လက်ခံပြီး၊ ဘုရားသခင်အပေါ် ထပ်မံ၍ စောဒကတက်ခြင်း၊ လွန်ကျူးသောအရာများအား ဆန္ဒရှိခြင်းမရှိဘဲ ဖန်ဆင်းရှင်ရှေ့မှောက်တွင် အမှန်တကယ် နာခံနိုင်လျှင်၊ ထိုအခါမှသာ ဘုရားသခင်ကို ကျွန်ုပ် အမှန်တကယ် ကျိုးနွံနာခံသူတစ်ဦး ဖြစ်လိမ့်မည်” ဟု ပြောသည့် အတိုင်းအတာအထိ ဖြစ်သည်။ လူတို့သည် ဤအဆင့်ကို ရောက်ရှိပြီးချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဦးညွှတ်ကြပြီး ဘုရားသခင်သည် ၎င်းတို့အတွက် တွေ့ကြုံဖို့ နောက်ထပ် အခြေအနေများ တစ်ခုတလေမျှ ပြင်ဆင်ရန် မလိုအပ်ပေ။ ထို့ကြောင့် မည်သည့်လမ်းကြောင်းကို သင် လျှောက်ရန် ဆန္ဒရှိသနည်း။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော စိတ်ဆန္ဒများတွင် မည်သူမျှ ဒုက္ခခံရန် အလိုမရှိကြသကဲ့သို့ အဆင်မပြေမှုများ၊ ကျရှုံးခြင်း၊ အခက်အခဲများ၊ အတက်အကျများ၊ သို့မဟုတ် အခက်အခဲဒဏ်များကို မည်သူမျှ မတွေ့ကြုံချင်ပေ။ သို့သော် အခြားနည်းလမ်း မရှိပေ။ လူများတွင် စာတန်ဆန်သော သဘာဝများရှိကြသည်။ ပုန်ကန်လွန်းသည်။ ၎င်းတို့၏ အတွေးအမြင်များသည် ရှုပ်ထွေးလွန်းသည်။ နေ့စဉ် သင်၏ စိတ်နှလုံးသည် အစဉ် ဆန့်ကျင်ကွဲလွဲပြီး ပဋိပက္ခဖြစ်ကာ ဝရုန်းသုန်းကားဖြစ်နေသည်။ သင်သည် သမ္မာတရားအနည်းငယ်ကိုသာ နားလည်သည်။ သင်၏ အသက်ဝင်ရောက်မှုသည် တိမ်လွန်းသည်။ အယူအဆများ၊ စိတ်ကူးများနှင့်၊ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျော်လွှားရန် အစွမ်း ကင်းမဲ့သည်။ သင်လုပ်နိုင်သမျှမှာ ကျရှုံးမှုနှင့် အတက်အကျတို့ကို စဉ်ဆက်မပြတ်တွေ့ကြုံရခြင်း၊ စဉ်ဆက်မပြတ် လဲကျခြင်း၊ ဆင်းရဲဒုက္ခ၏ တွန်းတိုက်မှုကို ခံရခြင်း၊ ရွှံ့ထဲတွင် လူးလှိမ့်ခြင်းတို့ဖြစ်သည့် လူ၏ ပုံမှန်နည်းလမ်းကို သုံးခြင်းသာဖြစ်သည်။ “ကျွန်ုပ် ပင်ပန်းပြီ၊ စိတ်ကုန်ပြီ၊ ဤကဲ့သို့ ကျွန်ုပ် အသက်မရှင်ချင်ပါ။ ဤကျရှုံးမှုများကို ကျွန်ုပ် မတွေ့ကြုံချင်ပါ၊ ဖန်ဆင်းရှင်ရှေ့သို့ နာခံလျက် ကျွန်ုပ် လာလိုစိတ်ရှိပါသည်။ ဘုရားသခင်၏ ပြောသည့်အရာကို ကျွန်ုပ် နားထောင်မည်၊ သူ ပြောသည့်အရာကို ကျွန်ုပ် လုပ်မည်။ ဤအရာသည်သာ ဘဝတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သည်” ဟူ၍ သင်ပြောသော နေ့သို့ ရောက်လာသည့်အထိဖြစ်သည်။ ကျရှုံးမှုကို သင် အပြည့်အဝ လက်ခံယုံကြည်ပြီး ဝန်ခံသည့်နေ့တွင်သာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်။ ဤအရာမှ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် တစ်စုံတစ်ရာကို သင် နားလည်လာပြီးဖြစ်သလော။ လူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူသည် လူတို့အတွက် အကောင်းဆုံး ဖြစ်စေချင်သည်။ မည်သည့် အခြေအနေများကို သူ စီစဉ်ပါစေ၊ သို့မဟုတ် သင်လုပ်ဆောင်ဖို့ မည်သည့်အရာ သူ စေခိုင်းပါစေ၊ အကောင်းဆုံးရလဒ်ကို မြင်ရန် သူ အမြဲ ဆန္ဒရှိပေသည်။ တစ်စုံတစ်ရာကို သင် ဖြတ်သန်းရပြီး အဆင်မပြေမှုများနှင့် ကျရှုံးမှုကို သင် ကြုံရသည်ဆိုပါစို့။ သင်ကျရှုံးသောအခါ၊ သင်ဇာတ်သိမ်းသွားကာ စာတန်၏ဆွဲယူခြင်းခံရပြီးဖြစ်၍ သင်သည် လက်မြှောက်အရှုံးပေးကာ မည်သည့်အခါမျှ ပြန်လည်ရပ်တည်နိုင်မည် မဟုတ်ဟု တွေးထင်သည့်အခါ စိတ်ဓာတ်ကျပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို ဘုရားသခင်က မမြင်လိုပေ။ ဤရလဒ်ကို ဘုရားသခင် မြင်လိုစိတ်မရှိပေ။ မည်သည့်အရာကို မြင်ရန် ဘုရားသခင် ဆန္ဒရှိသနည်း။ ဤကိစ္စရပ်တွင် သင် ကျရှုံးပြီး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သင်သည် သမ္မာတရားကို ရှာဖွေပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ခြင်း၊ သင်၏ ကျရှုံးခြင်းအတွက် အကြောင်းရင်းကို ရှာတွေ့နိုင်ခြင်း၊ ဤကျရှုံးခြင်းက သင့်အားသင်ကြားပေးခဲ့သည့် သင်ခန်းစာကို သင်လက်ခံနိုင်ပြီး နောင်တွင် သတိရခြင်း၊ ထိုနည်းဖြင့် ဆောင်ရွက်ဖို့မှာ မှားယွင်းသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည်သာ မှန်ကန်သည်ဆိုသည်ကို သင် သဘောပေါက်ခြင်း၊ သင်က “ကျွန်ုပ်သည် ဆိုးသောသူတစ်ယောက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထား ရှိပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုမှုရှိသည်၊ ကျွန်ုပ်သည် ဘုရားသခင် ပြောဆိုသည့် ဖြောင့်မတ်သော လူများဖြင့် အလှမ်းဝေးပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ကျွန်ုပ်၌ မရှိပါ” ဟု သဘောပေါက်လေသည်။ ဤအချက်ကို သင်ရှင်းရှင်းလင်းလင်း မြင်ပြီးဖြစ်သည်။ ဤကိစ္စ၏ အမှန်တရားကို သင်သိမြင်လာပြီးဖြစ်သည်။ ဤအနှောင့်အယှက်၊ ဤကျရှုံးမှုမှတစ်ဆင့် သင်သည် အသိတရားအချို့ ရလာပြီး ရင့်ကျက်လာသည်။ ဤသည်မှာ ဘုရားသခင်က မြင်လိုသောအရာဖြစ်သည်။ ရင့်ကျက်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ဘုရားသခင်က သင့်ကို ရရှိနိုင်သည်ကိုလည်းကောင်း၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သည်ကိုလည်းကောင်း၊ သင်သည် သမ္မာတရားလက်တွေ့ကျမှုများအတွင်းသို့ ဝင်ရောက်နိုင်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်လမ်းကြောင်းပေါ်တွင် စတင်ပြီးဖြစ်သည်ကိုလည်းကောင်း ဆိုလိုသည်။ ဘုရားသခင်က လူတို့မှန်ကန်သောလမ်းကြောင်း လျှောက်သည်ကို မြင်ဖို့ မျှော်လင့်သည်။ ဘုရားသခင်သည် အပင်ပန်းခံရသော ရည်ရွယ်ချက်များဖြင့် အမှုအရာများကို လုပ်ဆောင်သည်။ ဤအရာအားလုံးသည် သူ၏ ကွယ်ဝှက်နေသော ချစ်ခြင်းဖြစ်သည်။ သို့သော် လူတို့က ဤအရာကို မကြာခဏ မခံစားမိနိုင်ကြပေ။ လူတို့သည် အမြင်ကျဉ်းမြောင်းပြီး အလွန့်အလွန်သေးနုပ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို မခံစားရသည့်အချိန်ခဏတွင်ပင် ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်ပြီး ညည်းညူသည်။ အပျက်သဘောဆောင်လာသည်။ စိတ်ဆိုးလျက်ပြုမူကြသည်။ သို့သော် ဘုရားသခင်သည် ၎င်းတို့အပေါ် တေးမှတ်မထားပေ။ သူသည် လူတို့ကို မသိနားမလည်သော ကလေးများကဲ့သို့ ဆက်ဆံပြီး ၎င်းတို့အပေါ် အထအနမကောက်ပေ။ သူသည် ကျေးဇူးတော်နှင့် ကောင်းချီးများကို မည်သို့ရသည်ကို လူတို့အား သိစေပြီး ကျေးဇူးတော်ဆိုသည်မှာ လူသားအတွက် မည်သည့်အရာကို ဆိုလိုသည်ကို၊ လူသားသည် ဤအရာမှ မည်သည့်အရာကို ရယူနိုင်သည်ဆိုသည်တို့ကို ၎င်းတို့အားနားလည်စေသည့် အခြေအနေများကို ခင်းကျင်းလေသည်။ အလွန်အကျွံ စားသည့်အခါ သင်၏ ကျန်းမာရေးအတွက် မကောင်းဟု ဘုရားသခင် ပြောသည့် အရာတစ်ခုခုကို သင် စားဖို့ နှစ်သက်သည်ဟု ဆိုပါစို့။ သင်သည် နားမထောင်ဘဲ ယင်းကို မရမက စားနေပြီး ဘုရားသခင်က ထိုရွေးချယ်မှုကို လွတ်လွတ်လပ်လပ် ပြုလုပ်ဖို့ သင့်အား အခွင့်ပေး၏။ အကျိုးဆက်အနေဖြင့် သင် နေမကောင်းဖြစ်လေသည်။ ဤအရာကို အကြိမ်အချို့ တွေ့ကြုံပြီးသည့်နောက်တွင် ဘုရားသခင်ပြောသည့်စကားများမှာ အမှန်တကယ်ပင် မှန်ကန်သည်၊ သူပြောသည့်အရာမှာ မှန်ကန်သည်၊ သူ၏ နှုတ်ကပတ်တော်များအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်၊ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဖြစ်သည်ဆိုသည်တို့ကို သင် သဘောပေါက်သည်။ ထို့ကြောင့် သင်တွေ့ကြုံရသည့် အဆင်မပြေမှုများ၊ ကျရှုံးမှုများနှင့် ဆင်းရဲဒုက္ခတို့မှ မည်သည့်အရာ ဖြစ်ပေါ်လာသနည်း။ တစ်ခုအနေဖြင့် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို သင်ခံစားသိရှိနိုင်သည်။ အခြားတစ်ခုအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှန်ကန်ကြောင်း၊ ဘုရားနှုတ်ကပတ်တော်အားလုံးက လက်တွေ့ကျကြောင်းကို သင် ယုံကြည်ကာ သေချာသည်ဟု ခံစားရသည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း ကြီးထွားလာသည်။ ထို့အပြင် ဤကျရှုံးခြင်းကာလကို တွေ့ကြုံခြင်းအားဖြင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ မှန်ကန်ခြင်းနှင့် တိကျခြင်းတို့ကို သင် သိမြင်လာသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် မြင်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားကို နားလည်လေသည်။ ထို့ကြောင့် ကျရှုံးမှုကို တွေ့ကြုံခံစားခြင်းသည် လူတို့အတွက် ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် ယင်းက ၎င်းတို့အား ဒုက္ခခံစားရစေသည်။ ယင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးစေခြင်းတစ်မျိုး ဖြစ်လေ၏။ သို့သော် ထိုသို့ ကြံ့ခိုင်ဖွံ့ဖြိုးစေခြင်းက နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်သွားစေလျှင်လည်းကောင်း၊ သူ၏နှုတ်ကပတ်တော်များကို နားလည်စေပြီး ထိုနှုတ်ကပတ်တော်များကို သင်၏စိတ်နှလုံးထဲတွင် သမ္မာတရားအဖြစ် လက်ခံစေလျှင်လည်းကောင်း၊ သင့်အား ဘုရားသခင်ကို သိကျွမ်းလာစေလျှင်လည်းကောင်း ထိုအခါတွင် သင်တွေ့ကြုံခဲ့သော ကြံ့ခိုင်ဖွံ့ဖြိုးစေခြင်း၊ ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးခြင်းတို့သည် အချည်းနှီးဖြစ်ခဲ့လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့်ရလဒ် ဖြစ်သည်။ သို့ရာတွင် လူအချို့က “ဘုရားသခင်သည် လူတို့ကို အလွန်သည်းခံသောကြောင့် ငါသည် စိတ်လွတ်ကိုယ်လွတ်သာ နေလိုက်မည်။ ငါကျေနပ်သလို ပြုလုပ်မည်။ ငါအလိုရှိသလို နေထိုင်မည်” ဟု ဆိုကြသည်။ ဤသည်မှာ အဆင်ပြေသလော။ (အဆင်မပြေပါ။) ဖန်ဆင်းခံများ လုပ်ဆောင်သင့်သည့်အရာမှာ ဘုရားသခင်က ၎င်းတို့အား ညွှန်ပြသည့် မှန်ကန်သောလမ်းကြောင်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းထံမှ မယိမ်းယိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ မကိုက်ညီနိုင်လျှင် ၎င်းတို့သည် သမ္မာတရားကို မဆန့်ကျင်သရွေ့၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သရွေ့ အဆင်ပြေသည်။ ဤသည်မှာ အနည်းဆုံးသော စံနှုန်းဖြစ်သည်။ သင်သည် သမ္မာတရားထံမှ သွေဖည်လျှင်၊ ဆုမတောင်းလျှင်၊ မရှာဖွေလျှင် ဘုရားသခင်ထံမှ အလွန်အမင်း လမ်းလွဲပြီး ဖြစ်သည်။ အန္တရာယ်ရှိသော နယ်မြေသို့ ကူးသွားပြီး ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် အလွန်အလှမ်းဝေးသောအခါ၊ အသင်းတော်တွင် သင့်တာဝန်ကို မထမ်းဆောင်သောအခါ၊ လူတို့ကို ကယ်တင်ရန် ဘုရားသခင်အလုပ်လုပ်သည့် နေရာမှ ထွက်ခွာပြီးဖြစ်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်အလုပ်လုပ်ခြင်းကို ရပ်တန့်လိမ့်မည်။ သင့်တွင် အခွင့်အရေးရှိမည်မဟုတ်။ ပြီးလျှင် ပြောစရာ ကယ်တင်ခြင်းရှိမည်မဟုတ်ပေ။ သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းသည် အနှစ်မရှိသော စကားများသာဖြစ်သည်။
ဘုရားသခင်ကို သင်ယုံကြည်သောအခါ ရှေးဦးစွာ ဘုရားသခင်ကို သင်နားလည်ရမည်။ သူ၏ ရည်ရွယ်ချက်များနှင့် လူအပေါ် သူ၏ သဘောထားကို နားလည်ရမည်။ ဤသို့နားလည်ခြင်းအားဖြင့် ဘုရားသခင်က အဆုံးတွင် မည်သည့်သမ္မာတရားကို သင့်အားနားလည်စေလိုကြောင်းနှင့် ဝင်ရောက်စေလိုသည်၊ မည်သည့်လမ်းကြောင်းအား သင်လိုက်လျှောက်သင့်သည်ကို နားလည်စေလိုကြောင်းတို့ကို သင်သိလိမ့်မည်။ ဤအရာများကို သင်သိပြီးနောက်တွင် ဘုရားသခင်လုပ်ဆောင်လိုသည့်အရာနှင့် ဘုရားသခင်က သင့်တွင် ဖြစ်မြောက်စေလိုသည့်အရာဖြင့် ပူးပေါင်းလုပ်ဆောင်ရန် အစွမ်းကုန် ဆောင်ရွက်ရမည်။ သင်သည် အမှန်ပင် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းမရှိဘဲ သင်၏အားအင်နှင့် ခွန်အားတို့က ကုန်ခမ်းနေလျှင် ယင်းသည် အရှိတရားသာဖြစ်လေသည်။ ဘုရားသခင်က လူတို့ကို အတင်းစေခိုင်းမည်မဟုတ်။ သို့ရာတွင် ယခုအခါ လူတို့သည် ဤအရာများအပေါ် ၎င်းတို့၏ ခွန်အားအလုံးစုံကို မထည့်ပေ။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသို့ ခွန်အားအပြည့်အဝ မထည့်ဘဲ ကောင်းချီးများနှင့် ဓမ္မသရဖူရရှိခြင်းသို့ ခွန်အားအပြည့်အဝ ထည့်လျှင် သင်သည် လမ်းမှန်မှ သွေဖည်ပြီး ဖြစ်သည်။ သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းထဲသို့၊ ဘုရားသခင်က သင့်အားပေးသည့် အထူးတာဝန်များနှင့် တာဝန်များဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းထဲသို့ အားစိုက်ထုတ်ရမည်။ သင်သည် ဤအရာများအတွက် သင်၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင့်ကိုယ်သင်ပေးအပ်ပြီး အသုံးခံရမည်။ ဤသို့ဆိုလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များဖြင့် ကိုက်ညီလိမ့်မည်။ ဘုရားသခင်က မိမိတို့၏ တာဝန်များကို ကောင်းစွာ အာရုံမစိုက်သူတို့ကို အရေးမစိုက်ပေ။ သို့သော် အရေးမစိုက်ခြင်းသည် သူ၏လုပ်ရပ်များနောက်ကွယ်တွင် စည်းမျဉ်းများမရှိဟု မဆိုလိုပေ။ ဘုရားသခင်က ၎င်းတို့အား အရေးမစိုက်သောအခါ သူသည် သည်းခံသည်၊ လက်ခံပေးသည်၊ စိတ်ရှည်သည်ဆိုသည်ကို ပြသည်။ လူတို့သည် ၎င်းတို့၏ဘဝများတွင် မည်သည့်အရာများကို ကြုံတွေ့ရမည်၊ ဤဖန်ဆင်းခံများသည် မည်သည့်အရာများကို ဖြစ်မြောက်နိုင်စွမ်းရှိသည်၊ မည်သည့်အရာများကို ဖြစ်မြောက်နိုင်စွမ်းမရှိ၊ မည်သည့်လူအမျိုးအစားအချို့က အသက်အရွယ်တစ်ခုတွင် ဖြစ်မြောက်နိုင်သည်၊ မည်သည့်အရာကို မဖြစ်မြောက်နိုင်သည်ဆိုသည်တို့ကို သူသိသည်။ ဘုရားသခင်သည် ဤအရာများနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိနားလည်မှု အရှိဆုံး ဖြစ်သည်။ လူတို့ကိုယ်တိုင်ထက်ပင် အလွန်ပို၍ ရှင်းလင်းလေသည်။ သို့ရာတွင် ဘုရားသခင်က ဤအရာများအကြောင်းကို သိနားလည်ရုံဖြင့် သင်က “ကောင်းပြီ။ ဤသို့ဆိုလျှင် ဘုရားသခင်၊ ကိုယ်တော်နှစ်သက်သလိုသာ လုပ်ဆောင်ပါ။ မည်သည့်အရာကိုမျှ ကျွန်ုပ် စဉ်းစားစရာမလိုပါ။ ကျွန်ုပ်သည် တစ်နေကုန် ထိုင်နေပြီး မန္နမုန့် ကောင်းကင်ပေါ်မှ ကျလာရန်သာ စောင့်၍ရသည်။ ဘုရားသခင်အနေဖြင့် အရာရာတိုင်းကို ကိုင်တွယ်ခြင်းက အဆင်ပြေသည်” ဟု ပြောနိုင်သည်ဟု မဆိုလိုပေ။ လူတို့သည် ၎င်းတို့၏တာဝန်များကိုလည်းကောင်း၊ ၎င်းတို့လုပ်ဆောင်သင့်သည့်အရာများကို လည်းကောင်း၊ ၎င်းတို့ ဝင်ရောက်သင့်သည့်အရာများကိုလည်းကောင်း၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာများကိုလည်းကောင်း၊ လူတို့၏ မွေးရာပါ ဖြစ်မြောက်နိုင်စွမ်းအတွင်းရှိ အရာများကိုလည်းကောင်း ဆောင်ရွက်သောအခါတွင် ပူးပေါင်းလုပ်ဆောင်ရန် အစွမ်းကုန် ပြုလုပ်ရမည်။ ပူးပေါင်းလုပ်ဆောင်ရန် အစွမ်းကုန် ပြုလုပ်ရမည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်သည် သင့်တာဝန်အပေါ် အချိန်နှင့် အားအင်စိုက်ထုတ်ရမည်၊ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ရမည်ဟု ဆိုလိုသည်။ တစ်ခါတစ်ရံတွင် သင်၏ဂုဏ်သိက္ခာ၊ မာန်မာနနှင့် ကိုယ်ကျိုးကြည့်မှုတို့တွင် ဆုံးရှုံးနစ်နာသည်ကို ခံယူရမည်။ ပြီးလျှင် ခရီးပန်းတိုင်တစ်ခုအား သင် တောင့်တခြင်းနှင့် ကောင်းချီးခံရရန် သင်၏လိုအင်ဆန္ဒတို့ကို အပြည့်အဝလက်လွှတ်ရမည်။ ဤအရာများကို လက်လွှတ်သင့်သည်။ ထို့ကြောင့် ယင်းတို့ကို သင်လက်လွှတ်ရမည်။ ဥပမာအနေဖြင့် ဘုရားသခင်က “ဇာတိပကတိ သက်သာမှုများကို မတပ်မက်နှင့်။ အကြောင်းမှာ ယင်းတို့သည် သင်၏ အသက်ကြီးထွားမှုအတွက် အကျိုးမဖြစ်စေသောကြောင့် ဖြစ်သည်” ဟု ဆိုသည်။ သင်က သူ့ကို ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ကျရှုံးမှုအချို့ကို တွေ့ကြုံပြီးနောက်တွင် သင်က “ဘုရားသခင်သည် မှန်သည်။ အဘယ်ကြောင့် ငါသည် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ဇာတိပကတိကို မပုန်ကန်နိုင်သနည်း။ ငါသည် ပြောင်းလဲနိုင်စွမ်း မရှိသလော။ ဤသည်မှာ ဘုရားသခင်က ငါ့အား မြင်သည့်ပုံစံလည်း ဖြစ်သလော။ သူသည် ငါ့ကို မကယ်တင်မည်လော။ ငါသည် မျှော်လင့်ချက်မရှိတော့ပေ။ ထို့ကြောင့် အလုပ်လုပ်ပေးသူသာ လုပ်မည်။ အဆုံးတိုင်အောင် အလုပ်လုပ်ပေးမည်” ဟု တွေးသည်။ ဤသည်မှာ လက်ခံနိုင်ဖွယ် ဟုတ်သလော။ (မဟုတ်ပါ။) လူတို့သည် မကြာခဏ ဤအခြေအနေ၌ ရှိကြသည်။ သူတို့သည် ကောင်းချီးများနှင့် သရဖူတစ်ခုကိုသာ လိုက်စားသည်၊ ဤသို့မဟုတ်လျှင် သူတို့သည် ကျရှုံးမှု ဖြစ်စဉ်အနည်းငယ်ကို ကြုံတွေ့ရပြီးသည့်နောက် အလုပ်ကိုလုပ်ဖို့ အရည်အချင်းမရှိ၊ ဘုရားသခင်ကလည်း သူတို့အပေါ် ဆုံးဖြတ်ချက်ချပြီးဖြစ်သည်ဟု ထင်ကြသည်။ ဤသည်မှာ မှားသည်။ အကယ်၍ သင်သည် အမှုအရာများကို အချိန်မီ ပြောင်းလဲနိုင်လျှင်လည်းကောင်း၊ သင်၏နှလုံးသားနှင့် စိတ်ကို ပြောင်းလဲနိုင်လျှင်လည်းကောင်း၊ သင့်လက်ဖြင့် ကျူးလွန်ထားသော မကောင်းမှုကို လက်လွှတ်နိုင်လျှင်လည်းကောင်း၊ ဘုရားသခင်ရှေ့မှောက်သို့ လှည့်ပြန်နိုင်လျှင်လည်းကောင်း၊ ဘုရားသခင်ကို ဝန်ချပြီး နောင်တရနိုင်လျှင်လည်းကောင်း၊ သင့်လုပ်ဆောင်ချက်များနှင့် သင်လျှောက်သော လမ်းကြောင်းက မှားသည်ဟု အသိအမှတ်ပြုနိုင်လျှင်လည်းကောင်း၊ ပြီးလျှင် သင်ကိုယ်တိုင်၏ ကျရှုံးမှုများကို ဝန်ခံနိုင်ပြီး သင်မည်မျှစွန်းထင်းပါစေ သမ္မာတရားအားလိုက်စားခြင်းကို အရှုံးမပေးဘဲ သင့်ကို ဘုရားသခင်ညွှန်ပြထားသော လမ်းကြောင်းအတိုင်း လက်တွေ့ကျင့်ကြံနိုင်သည်ဆိုလျှင်လည်းကောင်း သင်သည် မှန်ကန်သောအရာကို သင်ပြုလုပ်နေခြင်းဖြစ်သည်။ လူတို့သည် သူတို့၏ စိတ်သဘောထား၌ အပြောင်းအလဲများကို တွေ့ကြုံပြီး ကယ်တင်ခံနေရစဉ် များစွာသော အခက်အခဲများကို မလွဲမသွေကြုံတွေ့မည် ဖြစ်သည်။ ဥပမာ ဘုရားသခင် ချမှတ်ထားသော အခြေအနေများကို ကျိုးနွံနာခံနိုင်မှုမရှိခြင်း၊ ၎င်းတို့ကိုယ်တိုင်၏ အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ စိတ်ကူးစိတ်သန်းများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အသိပညာနှင့် ဆုကျေးဇူးများ၊ သို့တည်းမဟုတ် သူတို့ကိုယ်တိုင်၏ အမျိုးမျိုးသောပြဿနာများနှင့် အမှားများ ပါဝင်သည်။ သင်သည် အခက်အခဲမျိုးစုံကို တွန်းလှန်တိုက်ခိုက်ရမည်။ သင်သည် မရေမတွက်နိုင်သော ဤအခက်အခဲများနှင့် အခြေအနေများကို အနိုင်ရပြီး သင့်စိတ်နှလုံးထဲမှ တိုက်ပွဲ အဆုံးသတ်သွားသည်နှင့်တစ်ပြိုင်နက် သင်သည် သမ္မာတရားလက်တွေ့ကျမှုများကို ပိုင်ဆိုင်လိမ့်မည်၊ သင်သည် ဤအရာများ၏ ချည်နှောင်မှုကို ခံရတော့မည်မဟုတ်ဘဲ အနှောင်အဖွဲ့ကင်းမဲ့ပြီး လွတ်မြောက်ပြီးဖြစ်လိမ့်မည်။ ဤဖြစ်စဉ်အတွင်း လူတို့ မကြာခဏ ကြုံတွေ့ရတတ်သော ပြဿနာတစ်ခုမှာ သူတို့သည် မိမိတို့အထဲ၌ ပြဿနာများကို ရှာဖွေတွေ့ရှိခြင်း မရှိမီတွင် အခြားသူတို့ထက် သူတို့ပိုကောင်းသည်၊ မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းချီးမခံစားရလျှင်ပင် သူတို့ခံစားရမည်ဟု ပေါလုကဲ့သို့ ထင်မှတ်ကြခြင်း ဖြစ်သည်။ သူတို့သည် သူတို့အခက်အခဲများကို ရှာတွေ့သောအခါ မိမိကိုယ်ကို အလကားဖြစ်သည်၊ သူတို့အတွက် အားလုံးပြီးဆုံးပြီဟု ထင်ကြသည်။ အစွန်းရောက်မှုနှစ်ခု အမြဲတမ်းရှိသည်။ သင်သည် တစ်ဖက်ဖက်သို့ လွဲချော်မသွားစေရန်အတွက် ဤအစွန်းရောက်မှုနှစ်ခုလုံးကို သင်ကျော်လွှားရမည်။ သင်သည် အခက်အခဲတစ်ခုကို ကြုံတွေ့ရသောအခါ ဤပြဿနာမှာ လုံးလုံးလျားလျား ခဲကတ်ပြီး ပြုပြင်ရန် ခက်ခဲလိမ့်မည်ဟု သတိပြုမိပြီး ဖြစ်လျှင်ပင် သင်သည် ယင်းကို ကောင်းမွန်စွာ ရင်ဆိုင်သင့်သည်။ ယင်းကို ပြုပြင်ရာတွင် ဘုရားရှေ့သို့လာပြီး ဘုရား၏ အကူအညီကို တောင်းခံသင့်သည်။ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ပုရွက်ဆိတ်များက အရိုးကို တဖြည်းဖြည်းချင်းကိုက်ဖြတ်သကဲ့သို့ ယင်းကို ကိုက်ဖြတ်ကာ ဤအခြေအနေကို ပြောင်းလဲသင့်သည်။ သင်သည် ဘုရားသခင်ထံ နောင်တရရမည်။ နောင်တရခြင်းဆိုသည်မှာ သင်၌ သမ္မာတရားကိုလက်ခံသော နှလုံးသားနှင့် ကျိုးနွံနာခံတတ်သော သဘောထားရှိကြောင်း သက်သေဖြစ်ပြီး သမ္မာတရားကို သင်ရရှိမည့် မျှော်လင့်ချက်ရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် အကယ်၍ ဤအရာထဲတွင် နောက်ထပ်အခက်အခဲတစ်ခုခု ပေါ်လာလျှင် မကြောက်လေနှင့်။ ဘုရားသခင်ထံ အလျင်အမြန်ဆုတောင်းပြီး အမှီပြုလော့။ ဘုရားသခင်က တိတ်တဆိတ် စောင့်ကြည့်နေပြီး သင့်ကို စောင့်ဆိုင်းနေကာ သင်သည် သူ့စီမံခန့်ခွဲမှုအလုပ်၏ ဝန်းကျင်၊ စီးကြောင်းနှင့် အတိုင်းအတာမှ မသွေဖည်သရွေ့ မျှော်လင့်ချက်ရှိသောကြောင့် သင်လုံးဝအလျှော့မပေးရ။ အကယ်၍ သင်ထုတ်ဖော်သမျှမှာ ပုံမှန်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပါက သင်သည် ယင်းကိုနားလည်ပြီး သမ္မာတရားကို လက်ခံကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သရွေ့ ဤပြဿနာများပြေလည်သော နေ့တစ်နေ့ ရောက်လာမည်ဖြစ်သည်။ သင်သည် ဤအရာ၌ ယုံကြည်မှုရှိရမည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်၏။ သင်၏သေးငယ်သော ဤပြဿနာ မပြေလည်နိုင်မည်ကို သင်အဘယ်ကြောင့်စိုးရိမ်ဖို့လိုသနည်း။ ဤအရာအားလုံးကို ဖြေရှင်းနိုင်၏၊ သို့ဖြစ်၍ အဘယ်ကြောင့် အပျက်သဘောဆောင်မည်နည်း။ ဘုရားသခင်က သင့်ကို လက်လွှတ်မထားချေ၊ သို့ဖြစ်၍ အဘယ်ကြောင့် မိမိကိုယ်ကို အရှုံးပေးမည်နည်း။ သင်သည် လက်မလျှော့သင့်ပေ။ အပျက်သဘောမဆောင်သင့်ပေ။ ပြဿနာကို ကောင်းစွာ ရင်ဆိုင်သင့်သည်။ အသက်ဝင်ရောက်မှုအတွက် ပုံမှန်ဥပဒေသများကို သင်သိရမည်။ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်း၊ သရုပ်သကန်တို့အပြင် ရံဖန်ရံခါ အပျက်သဘောဆောင်မှု၊ အားနည်းမှု၊ ရှုပ်ထွေးမှုတို့ကိုပါ သာမန်အရာများအဖြစ် မြင်နိုင်ရမည်။ မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်းဖြစ်စဉ်သည် ရှည်လျားပြီး ထပ်တလဲလဲဖြစ်သော ဖြစ်စဉ်ဖြစ်သည်။ သင်သည် ဤအချက်ကို သိနားလည်သောအခါတွင် ပြဿနာများကို သင့်လျော်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာ ပြင်းထန်စွာ ထုတ်ဖော်သည်။ ယင်းကိုမြင်သော မည်သူကိုမဆို စက်ဆုပ်ရွံရှာစေပြီး သင်က သင့်ကိုယ်သင် မုန်းတီးသည်။ သို့မဟုတ် တစ်ခါတစ်ရံတွင် သင်သည် အကျင့်သိက္ခာ လျော့ရဲပြီး ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရသည်။ ဤသည်မှာ ကြောက်ရွံ့ရန် မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို ဆုံးမပဲ့ပြင်နေသရွေ့၊ သူသည် သင့်ကို ဂရုစိုက်လျက် ကာကွယ်နေဆဲဖြစ်ပြီး သင့်အထဲ၌ အမှုပြုနေသေးကာ သင်နှင့်အတူ အမြဲပါရှိနေသရွေ့ ဤအရာက ဘုရားသခင်သည် သင့်ကို လက်မလွှတ်သေးကြောင်း သက်သေပြလေသည်။ ဘုရားသခင်က သင့်ကို စွန့်ခွာထားပြီဟု သင်ခံစားရသောအချိန်နှင့် အမှောင်ထဲသို့ သင်ထိုးကျသွားသည့် အချိန်များ ရှိသည့်အခါ၌ပင်လျှင် မကြောက်လေနှင့်။ သင်သည် အသက်ရှင်နေပြီး ငရဲ၌ ရှိမနေသေးသရွေ့ သင်၌ အခွင့်အရေး ရှိသေးသည်။ သို့ရာတွင် သင်သည် အန္တိခရစ်၏လမ်းကြောင်းကို ခေါင်းမာစွာလျှောက်ခဲ့သော၊ မိမိအနေဖြင့် အသက်ရှင်ခြင်းမှာ ခရစ်တော်ဖြစ်သည်ဟု အဆုံးစွန် သက်သေခံခဲ့သော ပေါလုကဲ့သို့ ဖြစ်ပါက သင့်အတွက် အားလုံး အဆုံးသတ်ပြီဖြစ်သည်။ သင်သည် အသိတရားရနိုင်ပါက အခွင့်အရေး ရှိသေးသည်။ သင်၌ရှိသော အခွင့်အရေးက အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာနိုင်ကာ ဘုရားသခင်ထံ ဆုတောင်းပြီး “အို ဘုရားသခင်။ ကျေးဇူးပြု၍ ကျွန်ုပ်အား သမ္မာတရား၏ ဤကဏ္ဍနှင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း၏ ဤကဏ္ဍကို နားလည်ဖို့ ဉာဏ်အလင်းပေးတော်မူပါ” ဟုဆိုကာ သူ့ထံမှ အဖြေရှာနိုင်သေးခြင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နောက်လိုက်များထဲမှ တစ်ဦးဖြစ်သရွေ့ သင်၌ ကယ်တင်ခြင်းမျှော်လင့်ချက် ရှိပြီး အဆုံးထိရောက်အောင် သွားနိုင်သည်။ ဤစကားများက အတော်အသင့် ရှင်းလင်း၏လော။ သင်သည် အပျက်သဘော ဆောင်တတ်သေးသလော။ (မဆောင်တတ်တော့ပါ။) လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သောအခါ သူတို့၏လမ်းကြောင်းမှာ ကျယ်ပြန့်သောလမ်းကြောင်း ဖြစ်သည်။ အကယ်၍ သူ၏ရည်ရွယ်ချက်များကို သူတို့နားမလည်သောအခါ ယင်းက ကျဉ်းမြောင်းပြီး သူတို့သည် မှောင်မိုက်ကာ နင်းလျှောက်ရန် လမ်းကြောင်းမရှိပေ။ သမ္မာတရားကို နားမလည်သောသူတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ သူတို့သည် သဘောထား ကျဉ်းမြောင်းသည်၊ အမြဲတမ်း ရေးကြီးခွင့်ကျယ် လုပ်ကြသည်၊ ထို့ပြင် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲတမ်း မကျေမနပ်ပြောပြီး နားလည်မှုလွဲကာ ပို၍လမ်းလျှောက်လေ၊ သူတို့၏လမ်းကြောင်းက ပို၍ပျောက်ဆုံးလေဟူသော ရလဒ်ရှိလေသည်။ အမှန်အားဖြင့် လူတို့သည် ဘုရားသခင်ကို နားမလည်ကြပေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို သူတို့စိတ်ကူးထင်မြင်သည့်အတိုင်း ဆက်ဆံခဲ့ပါက လူသားမျိုးနွယ်အနေဖြင့် အချိန်ကြာမြင့်စွာကတည်းက ပျက်စီးခဲ့မည်ဖြစ်သည်။
ပေါလု၏ အပြစ်ခုနစ်ခုသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်နေကျပုံစံအား ထုတ်ဖော်ပြခြင်းကို ကိုယ်စားပြုသည်။ သို့သော် ပေါလုသည် အဆိုးရွားဆုံးအမှုသာ ဖြစ်သည်။ သူ၏ သဘာဝအနှစ်သာရသည် ချမှတ်ထားနှင့်ပြီး ဖြစ်သည်။ သူသည် ယခင်က ထိုလူစားမျိုးဖြစ်ခဲ့သည်။ သို့ရာတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် ဖြစ်နေကျဖြစ်သည်။ လူတိုင်း၌ ယင်းတို့ကို မတူညီသော အတိုင်းအတာဖြင့်ရှိသည်။ ဤအခြေအနေများအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမှ အရင်းခံသည်။ သင်သည် ပေါလုကဲ့သို့ တစ်ပုံစံတည်းသော လူစားမျိုး မဟုတ်သော်လည်း သင်သည်လည်း ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သည်။ သင်က သူ့လောက် ဆိုးရွားစွာ ပေါ်လွင်မှု မရှိခြင်းသာ ဖြစ်သည်။ လက်ရှိအချိန်တွင် သင်တို့အများစုတွင် ရှိသော ဤအခြေအနေ အမျိုးအစားများကို ဘုရားသခင်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ခြင်းအဖြစ် မြင်သည်။ သို့ရာတွင် ပေါလုသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကိုသာ ထုတ်ဖော်ပြခဲ့ခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်အား အတိုက်အခံပြုသည့် လမ်းကြောင်းပေါ်တွင်ရှိပြီး နောင်တရရန် ခေါင်းမာစွာ ငြင်းဆန်သည်။ သူသည် အပြစ်ဒဏ်ကျခံရပြီး စီရင်ခြင်းခံခဲ့ရသည်။ သူ့တွင် ဘီလူးသရဲစီးသော သဘာဝရှိသည်။ သူ၏ ဤသမ္မာတရားကို မုန်းတီးသော ဘီလူးသရဲစီးသောသဘာဝသည် ကူညီ၍မရနိုင်တော့ပေ။ ဤနောက်တွင် ဤဟောပြောချက်အပေါ် သင်တို့ မိတ်သဟာယပြုသင့်သည်။ ဤအရာနှင့် သင်တို့ကိုယ်သင်တို့ ယှဉ်ကြည့်သင့်သည်။ ဤအရာ၏ ပန်းတိုင်မှာ ပေါလုပြုလုပ်ခဲ့သော ဤအမှားများ၏ ဆိုးရွားမှုကို သိမြင်ပြီး ထို့နောက်တွင် သင့်တွင်ရှိသော ပေါလုကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် အခြေအနေများအားလုံးကို ဖော်ထုတ်ကာ တစ်ဆင့်ချင်း ပြုပြင်ရန် ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြုပြင်ရခြင်း၏ ရည်ရွယ်ချက်သည် လူတို့အား လူသားပုံသဏ္ဌာန်တိုးပွားလာခြင်းဖြင့် အသက်ရှင်နေထိုင်နိုင်စွမ်းရှိစေရန်နှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်မှု တိုးပွားနိုင်စွမ်းရှိစေရန် ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြုပြင်ခြင်းအားဖြင့်သာ လူတို့သည် ဘုရားရှေ့သို့ အမှန်တကယ်လာနိုင်သည်။ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်သည်။ စစ်မှန်သော ဖန်ဆင်းခံဖြစ်နိုင်သည်။ ပြီးလျှင် ဘုရားသခင်အား ၎င်းတို့ကို ကျေနပ်မှုဖြင့် ကြည့်အောင် လုပ်ဆောင်နိုင်သည်။ သင်တို့သည် သင်တို့ကိုယ်သင်တို့ နှိုင်းယှဉ်ချိန်ဆမှုများ ပြုလုပ်သလော။ (ကျွန်ုပ်တို့သည် ဤနေရာတွင် အနည်းငယ်ချို့တဲ့သည်။) သင်တို့ အချို့တဲ့ဆုံးသောအရာမှာ သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် သင်တို့ ဝင်ရောက်သင့်သည့်အရာဖြစ်သည်။ ယခုတွင် သင်တို့အထဲ၌ အမှုအရာ တော်တော်များများရှိသည်။ သို့သော် ဤအရာများ၏ အများစုမှာ ဖောက်ပြန်ပျက်စီးပြီး မကောင်းပေ။ သင်တို့တွင် အဓိပ္ပာယ်မရှိသော အသိအချို့ရှိသည်။ သင်တို့သည် အလွန်အမင်း သေးသိမ်သည်။ အပေးအယူများနှင့် အလဲအလှယ်များ လုပ်ဆောင်ရန် အစဉ်စဉ်းစားသည်။ အပျက်သဘောဆောင်သောအရာများ အလွန်အကျွံပေါများသည်။ ပြီးလျှင် အလုပ်တစ်ခုကို ကောင်းစွာမလုပ်ဆောင်သောအခါ၊ သို့မဟုတ် အခက်အခဲတစ်ခုကို သိမြင်သောအခါ အပျက်သဘောဆောင်လာသည်။ ဘုရားသခင်၏ အလုပ်သည် သင်၏ ဆန္ဒများနှင့် မကိုက်ညီသည်ကို သင်မြင်သောအခါ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက သင့်တွင် ဖြစ်ပေါ်လာသည်။ ပြီးလျှင် သင်သည် သူ၏ အလုပ်ကို ဆန့်ကျင်ပြီး တိုက်ခိုက်သည်။ သင့်အလုပ်၌ ရလဒ်အချို့ကို ဖြစ်မြောက်သောအခါတွင် စိတ်လှုပ်ရှားသွားပြီး သင်သည် ဘဝမေ့သွားသည်။ သင်သည် မာနထောင်လွှားလာပြီး စကြဝဠာတွင် သင်၏နေရာကို မသိပေ။ သင်သည် အခြားသောလူတိုင်းထက် သာသည်ဟု ထင်သည်။ ပြီးလျှင် အလဲအလှယ်အနေဖြင့် ဘုရားသခင်အား သင့်ကို သရဖူနှင့် ဆုလာဘ်ပေးစေလိုသည်။ သင်သည် အများပြည်သူရှေ့တွင်လည်း ချုပ်တည်းမှုမရှိ လုပ်ဆောင်ရဲသည်။ အနှစ်ချုပ်လျှင် ဤအခြေအနေများသည် ပေါလု၏ အခြေအနေများနှင့် ကိုက်ညီသည်။ ယင်းတို့သည် အတူတူဖြစ်ပြီး ဘုရားသခင်က စက်ဆုပ်သည်။
ငါတို့သည် ပေါလု၏ အကြီးစားအပြစ်ခုနစ်ခုကို အနှစ်ချုပ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ဖြစ်သည်။ ပေါလုသည် အဆုံးတွင် အပြစ်ဒဏ်ခံရသူဖြစ်သွားခဲ့သည်။ ပေါလု၏ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်သောအခါတွင် သူ၏အပြစ်တစ်ခုကိုသာ ဘုရားသခင်က အခြေခံခဲ့သလော။ (မဟုတ်ပါ။) စုပေါင်း၍ ကြည့်လျှင် ဤသည်မှာ သူရရှိခဲ့သင့်သည့် အဆုံးသတ်ဖြစ်သည်။ ယင်းသည် သူအဆုံးသတ်ခဲ့သင့်သည့် ပုံစံဖြစ်သည်။ အချက်အလက်များက သင့်ရှေ့တည့်တည့်တွင်ရှိနေသည်။ သင်မငြင်းဆန်နိုင်ပေ။ သင်တို့ထဲတွင် အစမှ အဆုံးတိုင်အောင် ပေါလုကဲ့သို့သော လမ်းကို လျှောက်သော၊ ပေါလု၏ အားလုံးသော အပြစ်ခုနစ်ခုကို ပြသော၊ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာနိုင်သောသူအချို့ရှိလျှင် သင်တို့၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ (ပေါလုနှင့် အတူတူဖြစ်မည်။) သင်သည် ပေါလုကဲ့သို့ အန္တိခရစ်မကောင်းဆိုးဝါးတစ်ဦးဖြစ်လာမည်ဖြစ်ပြီး အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရသောအခါ ဘုရားသခင်အား မဖြောင့်မတ်ဟု မစွပ်စွဲနှင့်။ ထိုအစား ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သင်ချီးမွမ်းသင့်ပြီး “ဘုရားသခင်သည် ဖြောင့်မတ်သည်။ ဘုရားသခင်သည် ပေါလု၏ အပြစ်ခုနစ်ခုကို ဖော်ထုတ်ခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များက ယင်းတို့ကို ရှင်းပြခဲ့သည်။ သူ၏နှုတ်ကပတ်တော်များအတွင်းသို့ မဝင်ရောက်သည်မှာ ငါဖြစ်သည်” ဟု ဆိုသင့်သည်။ ယခုအခါတွင် အမှုအရာများသည် လွန်ခဲ့သော နှစ်နှစ်ထောင်နှင့် ကွာခြားသည်။ ဘုရားသခင်သည် လူတို့အား သမ္မာတရားတိုင်းကို ရှင်းလင်းစွာနှင့် ပွင့်လင်းမြင်သာစွာ ပြောပြသည်။ ယင်းကို သင့်အတွက် ရေးသားထားသည်။ ဤသို့ဖြင့် သင်ကြားရပြီး နားလည်သည်။ ယင်းသည် လက်တွေ့ဘဝတွင် ဘုရားသခင် အလုပ်လုပ်ပြီး အမှုအရာများကို ပြီးမြောက်အောင်မြင်သည့် ပုံစံလည်း ဖြစ်သည်ဆိုသည်ကို သင်မြင်သည်။ သင်က သမ္မာတရားအတွင်းသို့ မဝင်ရောက်နိုင်သေးလျှင်၊ ဘုရားနှုတ်ကပတ်တော်များအရ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မပြုပြင်နိုင်လျှင် ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအတိုင်း သင့်အား အပြစ်ဒဏ်ပေးခြင်းအတွက် ဘုရားသခင်ကို အပြစ်မဆိုနှင့်။ ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်က “ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်” (ဗျာဒိတ်ကျမ်း ၂၂:၁၂) ဟူ၍ ဆိုခဲ့သည်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့လုပ်ဆောင်သည့်အရာနှင့်အညီ ပြန်လည်ပေးဆပ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဘုရားနှုတ်ကပတ်တော်ဖြင့် ယှဉ်လျက်၊ ဘုရားသခင်ဖော်ထုတ်ခဲ့သော ပေါလု၏ အပြစ်ခုနစ်ခုဖြင့် ယှဉ်လျက် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး နားလည်သင့်ကာ စစ်မှန်သော နောင်တကို ရရှိသင့်သည်။ ဤသည်မှာ ဘုရားသခင် အသိအမှတ်ပြုသည့်အရာဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။