လူ့သဘာဝကို သိရှိရန် နည်းလမ်း (အပိုင်း တစ်)

လူတစ်ဦး၏သဘာဝကို မည်သို့ သိရှိမည်နည်း။ လူတစ်ဦး၏ သဘာဝဗီဇကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားသနည်း။ သင်သည် လူသား၏ အားနည်းချက်များ၊ အပြစ်အနာအဆာများ၊ ရည်ရွယ်ချက်များ၊ အယူအဆများ၊ အပျက်သဘောဆောင်ခြင်းနှင့် မနာခံခြင်းတို့ကိုသာ သိ၏။ သို့သော် သင်သည် လူသား၏ သဘာဝအတွင်းရှိ အရာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် လူ့သဘာဝ၏ဇာစ်မြစ်ကို ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိဘဲ၊ အပြင်ဘက်အလွှာကိုသာ သိသကဲ့သို့၊ ဤသည်မှာ လူသားသဘာဝနှင့်ဆိုင်သော အသိပညာကို မဖြစ်စေပေ။ လူအချို့က “ကျွန်ုပ်၏ သဘာဝကို ကျွန်ုပ် နားလည်သည်။ တွေ့သလော။ ကျွန်ုပ်၏ မာနထောင်လွှားမှုကို ကျွန်ုပ် ဝန်ခံသည်။ ယင်းသည် ကျွန်ုပ်၏ သဘာဝဗီဇကို သိခြင်း မဟုတ်ပါလား” ဟု ပြောရင်း ၎င်းတို့၏ အပြစ်အနာအဆာများနှင့် အပျက်သဘောဆောင်ခြင်းများကို ဝန်ခံကြ၏။ မာနထောင်လွှားခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထိုမျှသည် မှန်ကန်ပေသည်။ သို့သော် ယင်းကို အယူဝါဒဆိုင်ရာ သဘောတရားအရ အသိအမှတ်ပြုခြင်းက မလုံလောက်ပေ။ မိမိကိုယ်တိုင်၏ သဘာဝကို သိရှိဖို့ရန် ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ သိရှိနိုင်သနည်း။ ယင်းကို မည်သည့် ရှုထောင့်များမှ သိရှိရသနည်း။ မိမိ ထုတ်ဖော်ပြသည့် အရာများမှ မိမိ၏ သဘာဝကို မည်မျှ တိတိကျကျ သဘောပေါက်သင့်ပါသနည်း။ ပထမဦးစွာ လူတစ်ဦး၏ သဘာဝကို ၎င်း၏ စိတ်ဝင်စားမှုများမှတစ်ဆင့် တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့် လူအချို့သည် ထင်ပေါ်ကျော်ကြားပြီး ထူးချွန်သော လူများကို အထူးသဖြင့် မြတ်နိုးကြသည်။ အချို့က အဆိုတော်များ သို့မဟုတ် ရုပ်ရှင်ကြယ်ပွင့်များကို အထူးသဖြင့် ချစ်ကြပြီး အချို့သည် ဂိမ်းကစားရသည်ကို အထူးတလည် နှစ်သက်ကြသည်။ ဤနှစ်သက်မှုများမှ၊ ဤလူတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်ကို ငါတို့ မြင်နိုင်သည်။ ရိုးရှင်းသော ဥပမာတစ်ခုပေးမည်။ လူအချို့သည် ထိုထိုသော အဆိုတော်တစ်ဦးအား တကယ်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်နေနိုင်သည်။ မည်သည့်အတိုင်းအတာအထိ ထိုသူကို ၎င်းတို့ ပုဂ္ဂိုလ်ရေး ကိုးကွယ်သနည်း။ ဤအဆိုတော်၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းနှင့် စကားလုံးတိုင်းကို စွဲလမ်းသည့်အတိုင်းအတာ အထိပင် ရောက်တတ်သည်။ သူတို့သည် ဤအဆိုတော်အား အစွဲအလမ်းကြီးကြပြီး သူဝတ်ဆင်သည့် အရာတိုင်းကို ဓာတ်ပုံပင် ရိုက်ယူကာ စတင်၍ လိုက်လံ အတုခိုးကြလေသည်။ လူတစ်ဦးအပေါ် ဤပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း အဆင့်က မည်သည့်ပြဿနာကို ပြသသနည်း။ ယင်းက ထိုလူသည် ၎င်း၏ စိတ်နှလုံးထဲတွင် မယုံကြည်သူနှင့်ဆိုင်သည့် အရာများသာရှိကြောင်းနှင့် မိမိတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိဖို့မဆိုထားနှင့်၊ သမ္မာတရားမရှိ၊ အပြုသဘောဆောင်သောအရာများ မရှိသည်ကို ပြပေသည်။ ဤလူ တွေးသည့်အရာ၊ ချစ်သည့်အရာနှင့် ရှာဖွေသည့်အရာ အားလုံးသည် စာတန်နှင့် သက်ဆိုင်၏။ ထိုအရာများက ဤလူ၏ စိတ်နှလုံးတွင် နေရာယူလေသည်။ သူ့စိတ်နှလုံးမှာ ထိုအရာများထံ လွှဲအပ်ခြင်းကို ခံထားရသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ပြောနိုင်သလော။ တစ်စုံတစ်ရာသည် အစွန်းရောက်သည့်အထိ နှစ်သက်ခံရလျှင်၊ ထိုအရာသည် လူတစ်ဦး၏ ဘဝဖြစ်လာနိုင်ပြီး၊ ၎င်း၏ စိတ်နှလုံး၌ နေရာယူလာနိုင်ကာ၊ ထိုလူသည် ဘုရားသခင်ကို မလိုချင်ဘဲ ယင်းအစား နတ်ဆိုးကို ချစ်သည့် ရုပ်တုဆင်းတု ကိုးကွယ်သူဖြစ်သည်ကို အပြည့်အဝ သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် ထိုသို့သော လူတစ်ဦး၏ သဘာဝဗီဇသည် နတ်ဆိုးကို ချစ်ပြီး ကိုးကွယ်ကာ သမ္မာတရားကို မချစ်ဘဲ ဘုရားသခင်ကို မလိုချင်သည့် အရာတစ်ခု ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ သဘာဝဗီဇကို ရှုမြင်သည့် မှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်သည်မဟုတ်လော။ ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ဤသည်မှာ လူသား၏ သဘာဝကို စိတ်ဖြာလေ့လာသင့်ပုံ ဖြစ်၏။ ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး တရားဟောရခြင်းကို နှစ်သက်ကြသည်။ ထို့အပြင် သူတို့သည် သူတို့စကား လူတို့နားထောင်အောင်၊ သူတို့ကို လူတို့ကိုးကွယ်ပြီး ဗဟိုပြုနေအောင် လုပ်ရခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့။ ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူတို့သည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။ ဥပမာအနေဖြင့် လူအချို့သည် အခြားသူများကို ဆုံးရှုံးနစ်နာစေလျက် မတရားသဖြင့် အမြတ်ထုတ်ရခြင်းကို အထူး နှစ်သက်ကြ၏။ ဤလူများသည် အမှုကိစ္စတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဖြည့်ဆည်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့ကို အကျိုးပြုရမည်၊ သို့မဟုတ်ပါက ၎င်းတို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို အကျိုးအမြတ် တစ်စုံတစ်ရာ မပေးပါက၊ မည်သည့်အရာနှင့်မျှ စိတ်အနှောင့်အယှက် အဖြစ်မခံသကဲ့သို့၊ ၎င်းတို့၏ လုပ်ရပ်များ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ အမြဲ ရှိလေသည်။ ၎င်းတို့သည် ၎င်းတို့ကို အကျိုးပြုသည့် မည်သူကိုမဆို အကောင်းပြောပြီး ၎င်းတို့ကို မြှောက်ပင့်သည့် မည်သူကိုမဆို အားပေးမြှင့်တင်လေသည်။ ၎င်းတို့ အနှစ်သက်ဆုံး လူများ၌ ပြဿနာများ ရှိသည့်အခါတွင်ပင် ထိုလူများက မှန်ကန်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ခုခံကာကွယ်ပေးဖို့နှင့် ဖုံးဖိပေးဖို့ ကြိုးစားကြလေသည်။ ထိုသို့သော လူများသည် မည်သည့် သဘာဝ ရှိကြသနည်း။ ၎င်းတို့၏ သဘာဝကို ၎င်းတို့၏ အပြုအမူများမှ သင်တို့ သိသာထင်ရှားစွာ လုံးဝ မြင်နိုင်ကြသည်။ ၎င်းတို့သည် အခြေအနေတိုင်းတွင် အပေးအယူဆိုင်ရာ အပြုအမူကို စဉ်ဆက်မပြတ် လုပ်ဆောင်ရင်း၊ ၎င်းတို့၏ လုပ်ရပ်များမှတစ်ဆင့် မတရားသဖြင့် အမြတ်ထုတ်ဖို့ ကြိုးပမ်းကြသကဲ့သို့ ၎င်းတို့၏ သဘောသဘာဝမှာ အကျိုးအမြတ်ကို စိတ်ပါလက်ပါ ငမ်းငမ်းတက်လိုချင်သည့် အရာတစ်ခု ဖြစ်သည်ကို သင်တို့ သေချာနိုင်ပေသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် မိမိတို့ကိုယ်ကိုယ်အတွက် ကြိုးပမ်းကြသည်။ ၎င်းတို့ကို အကျိုးမပြုပါက၊ ၎င်းတို့ စောစော ထကြလိမ့်မည်မဟုတ်။ ၎င်းတို့သည် လူများထဲမှ တစ်ကိုယ်ကောင်း အဆန်ဆုံးသောသူများ ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် လုံးဝ မတင်းတိမ်နိုင်ကြ။ ၎င်းတို့၏ သဘောသဘာဝမှာ ၎င်းတို့၏ အကျိုးအမြတ်ကို ချစ်ခြင်းနှင့် သမ္မာတရားအတွက် မည်သည့်ချစ်ခြင်းမျှ မရှိခြင်းမှတစ်ဆင့် ထင်ရှားလေသည်။ အမျိုးသားအချို့သည် အမျိုးသမီးများ၏ ဆွဲဆောင်ခြင်းကို ခံကြရကာ၊ သူတို့သွားသည့်နေရာတိုင်းတွင် ထိုအမျိုးသမီးများနှင့် အစဉ် ချစ်တင်းနှီးနှောကြသည်။ လှပသည့် အမျိုးသမီးများသည် ထိုသို့သော လူတို့၏ ချစ်ခင်မှု ခံရသူများဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမြင့်မားဆုံးသော အထင်ကြီးမှုကို ထားရှိကြလေသည်။ ၎င်းတို့သည် လှပသော အမျိုးသမီးများအတွက် မိမိတို့၏ အသက်များကို ပေးရန်နှင့် အရာရာတိုင်းကို စွန့်လွတ်ရန် လိုလားနေကြပေသည်။ အမျိုးသမီးများသည် ၎င်းတို့၏ စိတ်နှလုံးကို ဖြည့်ဆည်းပေးသည့်အရာ ဖြစ်လေသည်။ ဤအမျိုးသားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ သဘောသဘာဝမှာ လှပသည့် အမျိုးသမီးများကို ချစ်ဖို့နှင့် ၎င်းတို့ကို ကိုးကွယ်ဖို့ ဖြစ်သည်၊ ပြီးလျှင် မကောင်းမှုကို ချစ်ဖို့ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်၍ တပ်မက်သော သဘာဝရှိသည့် တဏှာရူးများ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်း။ ၎င်းတို့၏ လုပ်ရပ်များက လောဘကြီးသော သဘာဝကို ထုတ်ဖော်ပြသည်။ ဤအပြုအမူများသည် အခါအားလျော်စွာဖြစ်တတ်သော ကျူးလွန်မှုများသာ မဟုတ်သကဲ့သို့ ထိုသို့သော လူများသည် သာမန်လူတို့ထက် အနည်းငယ်မျှသာ ဆိုးရွားခြင်း မဟုတ်ပေ- ထို့ထက် ၎င်းတို့သည် မိမိတို့၏ တကယ့် သဘာဝနှင့် အနှစ်သာရ ဖြစ်လာပြီးဖြစ်သည့် ဤအရာများ၏ လုံးဝ နေရာယူခြင်းကို ခံကြရသည့်အဖြစ်သို့ ရောက်ရှိကြပြီး ဖြစ်သည်။ ထို့ကြောင့်၊ ဤအရာများသည် ၎င်းတို့ သဘောသဘာဝ၏ သရုပ်သကန်များ ဖြစ်လာကြပြီ ဖြစ်သည်။ လူတစ်ဦး၏ သဘာဝတွင် ပါဝင်သည့်အရာများက မိမိတို့ကိုယ်ကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြနေသည်။ လူတစ်ဦး လုပ်သည့်အရာမှန်သမျှသည် မည်သည့်အရာဖြစ်ပါစေ ထိုလူ၏ သဘာဝကို ထုတ်ဖော်ပြနိုင်သည်။ လူတို့သည် မိမိတို့လုပ်ဆောင်သည့် အရာတိုင်းအတွက် ကိုယ်ပိုင် စေ့ဆော်မှုနှင့် ရည်ရွယ်ချက်များ ရှိကြပြီး၊ ယင်းမှာ ဧည့်ဝတ်ပြုခြင်းဖြစ်စေ၊ ဧဝံဂေလိဟောခြင်းဖြစ်စေ၊ အခြားအလုပ်အမျိုးအစား တစ်ခုခုဖြစ်စေ၊ လူတစ်ဦး၏ သဘာဝသည် သူ၏အသက်ဖြစ်ပြီး လူတို့သည် အသက်ရှင်သရွေ့ မိမိတို့သဘာဝ၏ စေ့ဆော်မှုခံရသောကြောင့် မည်သည့်အသိမျှမရှိဘဲနှင့် ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းများကို ထုတ်ဖော်ပြနိုင်ပေသည်။ လူတစ်ဦး၏ သဘာဝသည် ရံဖန်ရံခါမှသာ၊ သို့မဟုတ် ကံအကြောင်းတိုက်ဆိုင်မှသာ ထုတ်ဖော်ပြခံရခြင်း မဟုတ်ပေ။ ထိုထက် ယင်းသည် ထိုလူ၏ အနှစ်သာရကို လုံးဝ ကိုယ်စားပြုနိုင်သည်။ လူတို့၏ အရိုးနှင့် အသွေးအတွင်းမှ စီးလာသမျှမှာ ၎င်းတို့ သဘာဝနှင့် အသက်ကို ကိုယ်စားပြုသည်။ လူအချို့က လှပသည့် အမျိုးသမီးများကို ချစ်ကြသည်။ အခြားသူများက ငွေကိုချစ်သည်။ အချို့က အဆင့်အတန်းကို အထူးသဖြင့် ချစ်ကြသည်။ အချို့က ဂုဏ်သတင်းနှင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ပုံရိပ်ကို အထူး တန်ဖိုးထားကြသည်။ အချို့က ရုပ်တုဆင်းတုများကို အထူးချစ်၊ ကိုးကွယ်ကြသည်။ ပြီးလျှင် လူအချို့သည် မိမိတို့စိတ်နှလုံးတွင် မည်သူ့ကိုမျှ အလျှော့မပေးသကဲ့သို့ အဆင့်အတန်းအတွက် ကြိုးပမ်းရင်း အထူးသဖြင့် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်။ အခြားသူများထက် ထင်ပေါ်ချင်ကြပြီး၊ ထိုသူတို့အပေါ် ဩဇာအာဏာရှိချင်ကြသည်။ မတူကွဲပြားသည့် သဘာဝမျိုးစုံရှိ၏။ ယင်းတို့သည် လူတို့ကြားတွင် ကွဲပြားနိုင်သော်လည်း ထိုအရာများ၏ ဘုံပါဝင်သည့်အရာများမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် သစ္စာဖောက်ခြင်းတို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့အားလုံး တထေရာတည်း ဖြစ်ကြသည်။

တစ်စုံတစ်ဦး၏ သဘာဝကို သိရှိရန်နည်းလမ်းအတွက်မူ နောက်ထပ် ဥပမာအနည်းငယ်ကို ကြည့်ကြစို့။ တစ်ကိုယ်ကောင်းဆန်ခြင်းကို ဥပမာယူလော့။ တစ်ကိုယ်ကောင်းဆန်ခြင်းကို လူတစ်ဦး သဘာဝ၏ အရိပ်လက္ခဏာတစ်ခုအဖြစ် ပြော၍ရနိုင်သည်။ လူတိုင်း ၎င်းတို့အတွင်း၌ ဤအရိပ်လက္ခဏာရှိ၏။ လူအချို့သည် ဆိုးဆိုးရွားရွား တစ်ကိုယ်ကောင်းဆန်ကြသည်၊ အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ကြပြီး အရာခပ်သိမ်း၌ မိမိတို့ကိုယ်ကိုသာ စဉ်းစားကြ၏။ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကိုသာ ရှာကြပြီး အခြားသူများအတွက် အနည်းငယ်မျှ ထည့်သွင်းစဉ်းစားခြင်းပင် မရှိကြချေ။ ထိုတစ်ကိုယ်ကောင်းဆန်ခြင်းက ၎င်းတို့၏ သဘောသဘာဝကို ကိုယ်စားပြုသည်။ လူတိုင်းသည် အတော်အတန် တစ်ကိုယ်ကောင်းဆန်ကြသော်လည်း ကွာခြားမှုတစ်ခုရှိ၏။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ လူအချို့သည် အခြားသူများကို သတိထားကာ ဂရုစိုက်နိုင်ကြသည်။ အခြားသူများကို စိုးရိမ်ပူပန်ပေးနိုင်ကြပြီး ၎င်းတို့လုပ်သမျှတိုင်းတွင် စဉ်းစားပေးနိုင်ကြသည်။ သို့ရာတွင် လူအချို့မှာ ဤသို့မဟုတ်ပေ။ ဤလူများသည် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ညီအစ်ကို မောင်နှမများကို ဧည့်ခံနေချိန်တွင် အမြဲ သဘောထားသေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် မိသားစုအား အကောင်းဆုံး အစားအစာကို ပမာဏအများဆုံး ထည့်ကာ ပေးကြပြီး ညီအစ်ကို မောင်နှများကိုမူ စားချင့်စဖွယ် သိပ်မကောင်းသည့် အစားအစာကို ပမာဏနည်းနည်းသာ ထည့်ကာ ပေးကြသည်။ မိမိတို့ဆွေမျိုးများ လာသည့်အခါ ၎င်းတို့အတွက် အလွန်သက်သောင့်သက်သာဖြစ်အောင် စီစဉ်ပေးကြသည်။ သို့သော် ညီအစ်ကို မောင်နှမများ ရောက်လာကြသည့်အခါ ကြမ်းပြင်ပေါ် အိပ်ခိုင်းလိုက်ကြသည်။ ညီအစ်ကို မောင်နှမများ အလည်လာသည့်အခါ တည်းခိုခွင့်ပေးခြင်းက လုံလောက်ပြီဟု ၎င်းတို့ တွေးထင်ကြသည်။ ညီအစ်ကို မောင်နှမများ နာမကျန်းဖြစ်သည့်အခါ၊ သို့မဟုတ် အခြားသော အခက်အခဲအချို့ရှိသည့်အခါ ထိုသို့သောလူတစ်ဦးသည် သတိမထားမိသည့်အလား ပြုမူလျက် ၎င်းတို့ကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြချေ။ ထိုသို့သော လူတို့သည် အခြားသူများအတွက် အနည်းငယ်မျှ ဂရုစိုက်ခြင်း၊ ပူပန်ပေးခြင်း မရှိကြချေ။ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ ဆွေးမျိုးများအတွက်သာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့၏ ဤတစ်ကိုယ်ကောင်းဆန်သော သဘောသဘာဝသည် အခြားသူများအတွက် ၎င်းတို့၏ ဂရုစိုက်ပေးလိုစိတ် မရှိခြင်းကို ဆုံးဖြတ်ပေးသောအရာ ဖြစ်သည်။ အခြားသူများကို ဂရုစိုက်ခြင်းသည် ဆုံးရှုံးမှုများ ခံစားရခြင်းနှင့် ဒုက္ခများစွာ ပါဝင်သည်ဟု ၎င်းတို့ ခံစားကြသည်။ လူအချို့က “တစ်ကိုယ်ကောင်းဆန်သော လူတစ်ဦးသည် အခြားသူများအား မည်သို့ထောက်ထားရမည်ကို မသိ” ဟု ဆိုကောင်းဆိုပေမည်။ ယင်းမှာ မမှန်ကန်ပေ။ မည်သို့ ထောက်ထားရမည်ကို မသိကြပါက အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်သော လူများသည် မိမိတို့ကိုယ်ပိုင် ဆွေမျိုးများကို အလွန်ကောင်းကြပြီး ၎င်းတို့၏ လိုအပ်ချက်များအတွက် အပြည့်အဝ ထည့်သွင်းစဉ်းစားပေးကြပါသနည်း။ မိမိတို့ကိုယ်တိုင် ကင်းမဲ့သည့်အရာနှင့် အချို့သောအချိန်တွင် မည်သည့်အရာ ဝတ်ဆင်ရန်၊ စားသောက်ရန် သင့်လျော်သည်ကို ၎င်းတို့ အဘယ်ကြောင့် သိကြသနည်း။ အဘယ်ကြောင့် အခြားသူများအတွက် ၎င်းတို့ ထိုသို့မဖြစ်နိုင်ကြသနည်း။ အမှန်တွင် အရာရာကို ၎င်းတို့ နားလည်ကြသည်။ သို့သော်လည်း ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကြ၏။ ဤအရာကို ၎င်းတို့၏ သဘာဝက သတ်မှတ်ထားခြင်း ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သူများသည် အခြားသူများကို မျှမျှတတ ဆက်ဆံနိုင်စွမ်း မရှိကြချေ။ ဆိုးယုတ်မှု သွင်ပြင်လက္ခဏာလည်း ရှိ၏။ ဘုရားအိမ်တော်က မတရားသော မေထုန်ပြုသူအားလုံးကို ရှင်းလင်းရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ရာတွင် အချို့သောလူတို့အတွက် ယင်းမှာ ခဏမျှဖြစ်သော ပြစ်မှားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့ကို မတရားသော မေထုန်အား စဉ်ဆက်မပြတ် ကျူးလွန်သောသူတို့ကဲ့သို့သာ ကိုင်တွယ်သင့်သလော။ ဤသည်မှာ စည်းမျဉ်းနှင့်ဆိုင်သော အရေးကိစ္စတစ်ခု ဖြစ်သည်။ မတရားသော မေထုန်ကို ရံဖန်ရံခါ ကျူးလွန်သောသူတို့ကို ဆိုးယုတ်သော သဘာဝရှိသည့် လူများအဖြစ် သဘောထား၍မရပေ။ တစ်စုံတစ်ဦးသည် မိမိသွားသည့် နေရာတိုင်းတွင် ဆန့်ကျင်ဘက်လိင်နှင့် အမြဲ ကမြင်းကြောထပြီး အရှက်မဲ့ကာ လူ့ဆက်ဆံရေးများနှင့် စပ်လျဉ်း၍ ကိုယ်ကျင့်တရား မရှိပါက ဤသည်မှာ ဆိုးယုတ်သော လူတစ်ဦးဖြစ်ပြီး ထိုလူ၏ သဘာဝသည် ဆိုးယုတ်မှုရှိသည့် သဘောသဘာဝ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် မည်သည့် လုပ်ရပ် သို့မဟုတ် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ မိမိ၏ သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ ၎င်းတို့၏ သဘာဝသည် ထိန်းချုပ်၍ မရနိုင်သကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးက ဤညစ်ညမ်းသော အရာများဖြင့် ပြည့်နေ၏။ ၎င်းတို့သည် မိမိတို့သွားသည့် နေရာတိုင်းတွင် ဆန့်ကျင်ဘက်လိင်နှင့် ကမြင်းကြောထကြသည်။ အချိန်တစ်ခုကြာ ရပ်တန့်လျှင်ပင် အခြေအနေက မပေးသောကြောင့်၊ သို့မဟုတ် သင့်တော်သည့် အဖော်မရှိသောကြောင့်သာ ထိုသို့ရပ်ကြခြင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်၏ သဘာဝမှ အရာများသည် အချိန်မရွေး၊ နေရာမရွေး ထွက်လာနိုင်သည်။ မည်သည့်အရာကမျှ ၎င်းတို့ကို မကန့်သတ်နိုင်ပေ။ လူအချို့သည် အဝတ်အစားများ၊ အလှအပနှင့် ပကာသနတို့ကို အထူးသဖြင့် သဘောတွေ့ကြသည်။ ၎င်းတို့သည် အလွန်ဂုဏ်မောက်ကြ၏။ ၎င်းတို့သည် မိမိတို့အဝတ်အစားများကို တစ်နေ့တွင် အကြိမ်အတော်များများ လဲကြသည်။ မည်သူက ဝတ်ကောင်းစားလှများ ဝတ်ပြီး မည်သူက သပ်သပ်ရပ်ရပ် ဝတ်စားကြသည်ကို ၎င်းတို့ စောင့်ကြည့်ကြသည်။ ဤအရာများကို ၎င်းတို့ မရနိုင်ပါက အိပ်မပျော်နိုင်ကြသကဲ့သို့ ဤအရာများကို ရရှိရန် ငွေချေးကြလိမ့်မည်၊ သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာများကို ၎င်းတို့ မရရှိနိုင်ပါက ဘုရားသခင်ကို ယုံကြည်ရာတွင် စိတ်ဝင်စားမှုအလုံးစုံ ပျောက်ဆုံးသွားကာ စည်းဝေးပွဲများ မတက်တော့ဘဲ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုသည့် စိတ်နှလုံးကိုလည်း ဆုံးရှုံးသွားကြသည်။ ဤအရာများအားလုံးသည် ၎င်းတို့စိတ်ကို နေရာယူထားသောအရာများ ဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ ၎င်းတို့ မစဉ်းစားနိုင်ကြချေ။ ထိုသို့သော လူများသည် အထူးသဖြင့် သာမန်လူထက် များစွာပို၍ ဂုဏ်မောက်ကြ၏။ ဤသည်မှာ ၎င်းတို့ သဘာဝနှင့် အရိုးများထဲ၌ ရှိသည့် အရာတစ်ခု ဖြစ်သည်။ ၎င်းတို့၏ တကယ့်သဘာဝသည် ဂုဏ်မောက်၏။ လူတစ်ဦး၏ သဘာဝထဲက အရာများသည် အားနည်းသည့်အခိုက်တွင် မပေါ်လွင်ဘဲ၊ ထို့ထက် ယင်းတို့သည် တစ်သမတ်တည်းဖြစ်သော သရုပ်သကန်များ ဖြစ်သည်။ မည်သည့်အရာကို လူတို့ လုပ်သည်ဖြစ်စေ မိမိတို့ သဘာဝ၏ အရိပ်လက္ခဏာများကို ၎င်းတို့ သယ်ဆောင်ကြသည်။ ယင်းတို့သည် အပြင်ပန်းမှ မသိသာသည့်အချိန်တွင်ပင် အတွင်း၌ မသန့်စင်မှုများ ရှိနေဆဲဖြစ်၏။ လှည့်ဖြားတတ်သော လူတစ်ဦးသည် ရိုးသားစွာ စကားပြောလျှင် ၎င်းတို့၏ စကားများနောက်ကွယ်တွင် အမှန်တကယ် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တစ်ခု ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ စကားများသည် လှည့်ဖြားမှုနှင့် ညစ်စွန်းရောနှောနေဆဲ ဖြစ်သည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် လူတိုင်းအပေါ် လှည့်ဖြားတတ်၏။ မိမိတို့၏ ဆွေမျိုးများနှင့် ကလေးသူငယ်များကိုပင် လှည့်ဖြားတတ်၏။ သူတို့အပေါ် သင်သည် မည်မျှ ပွင့်လင်းသည်ဖြစ်စေ ၎င်းတို့ကမူ သင့်ကို လှည့်ဖြားကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ စရိုက်အမှန်ဖြစ်၏၊ ၎င်းတို့၏ သဘာဝ အတိအကျဖြစ်၏။ ယင်းသည် ပြောင်းလဲရန် မလွယ်ကူသကဲ့သို့ အမြဲ ဤသို့ဖြစ်လိမ့်မည်။ ရိုးသားသော လူတစ်ဦးသည် တစ်ခါတစ်ရံတွင် မူမမှန်သကဲ့သို့ လှည့်ဖြားတတ်သော စကားများ ပြောသော်လည်း ပုံမှန်အားဖြင့် ရိုးသားကြ၏။ အတော်အတန် လေးနက်မှုဖြင့် ပြုမူကြသည်။ အခြားသူများနှင့် ဆက်ဆံရာတွင် ၎င်းတို့ကို အခွင့်အရေးမယူကြသကဲ့သို့ အခြားသူများနှင့် စကားပြောသည့်အခါ သွေးဆောင်ရန် မရည်ရွယ်ကြချေ။ အခြားသူများကို ၎င်းတို့သည် ဖွင့်ပြောကာ လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်ကြပြီး အခြားလူတိုင်းက ၎င်းတို့ မာယာကင်းကြသည်ဟု ဆိုကြသည်။ တစ်ခါတစ်ရံတွင် လှည့်စားတတ်သော စကားများကို ၎င်းတို့ ပြောကြသော်လည်း ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မိမိကိုယ်ကို ထုတ်ဖော်ပြခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့သည်လှည့်ဖြားတတ်သောလူများ မဟုတ်သောကြောင့် ဤအရာက ၎င်းတို့၏ သဘာဝကို ကိုယ်စားမပြုပေ။ ထို့ကြောင့် လူတစ်ဦး၏ သဘာဝနှင့် ပတ်သက်လာသည့်အခါ ထိုသဘာဝ၏ အရိပ်လက္ခဏာများက မည်သည့်အရာဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သင် နားလည်ရမည်။ ထိုနှစ်ခုကြား ရှင်းလင်းစွာ သင် ခွဲခြားသိမြင်နိုင်ရမည်။ ယခုတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝကို စိစစ်ရန် စေခိုင်းခံရသည့်အခါ အချို့က “တစ်ခါတစ်ရံ ကြမ်းတမ်းစွာ ကျွန်ုပ် ပြောဆိုသည်” သို့မဟုတ် “ကျွန်ုပ်သည် မယဉ်ကျေးသကဲ့သို့ မည်သို့ ပြုမူရမည်ကို ကျွန်ုပ်မသိပါ” သို့မဟုတ် “တစ်ခါတစ်ရံ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ချိန်တွင် မသန့်စင်မှုများ ရှိသည်” ဟု ဆိုကြလိမ့်မည် ဖြစ်သော်လည်း ၎င်းတို့၏ သဘာဝက မည်သည့်အရာနှင့် တူသည်၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ ကောင်းမွန်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ မပြောဆိုကြချေ။ ထိုအရာမျိုးကို ၎င်းတို့ ရှောင်ရှားကြပြီး မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ရန် မဖြစ်နိုင်ကြချေ။ အမြဲ ဖုံးဖိခြင်းနှင့် သိက္ခာဆုံးရှုံးမည်ကို စိုးရွံ့ခြင်းသည် လက်ခံနိုင်ဖွယ်မဟုတ်ချေ။ သင်၏ သဘာဝထဲ ရှိသောအရာကို တူးဖော်ရမည်ဖြစ်သည်။ ယင်းကို တူးဖော်၍ မရနိုင်ပါက နားလည်၍ မရနိုင်ပေ။ နားလည်၍ မရနိုင်ပါက ပြောင်းလဲ၍လည်း မရနိုင်ပေ။ သင်သည် မိမိကိုယ်ကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ အလွန်တင်းကျပ်ရမည်။ သင့်ကိုယ်သင် မလှည့်စားရသကဲ့သို့ ဤအရာနှင့် သက်ဆိုင်သည့်နေရာတွင် နားဝေတိမ်တောင် ဖြစ်၍လည်း မရပေ။

သင်၏ သဘာဝကို သိရှိခြင်းသည် အဓိကအားဖြင့် သင်က မည်သည့်လူစားမျိုး အမှန်တကယ် ဖြစ်သည်ကို သိနားလည်ခြင်း ပါဝင်လေသည်။ သင်က မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည်က မည်သည့် သဘာဝအမျိုးအစား သင်၌ ရှိသည်ဆိုသည်ကို ညွှန်ပြပေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အကြင်မည်သော လူတစ်ဦးဖြစ်သည်ဟု ပြောခြင်းသည် သူ၏ သဘာဝအကြောင်း အများဆုံး ပြောပြသည်။ လူတစ်ဦးပိုင်ဆိုင်သည့် သဘာဝအမျိုးအစားက သူ မည်သည့် လူစားမျိုးဖြစ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေး၏။ လူတစ်ဦး၏ သဘာဝသည် သူ၏ဘဝ ဖြစ်သည်။ လူတစ်ဦး၏ သဘာဝက မည်သည့်အရာနှင့် တူသည်ကို သင် မည်သို့ သိမြင်နိုင်သနည်း။ သင်သည် ထိုသူနှင့် ပိုမို မကြာခဏ ထိတွေ့ဆက်ဆံရမည်ဖြစ်ပြီး သူ မည်သည့်လူစားမျိုးဖြစ်သည်ကို အချိန်ယူကာ လေ့လာရမည် ဖြစ်သည်။ သူနှင့်ပတ်သက်သည့် အပေါ်လွင်ဆုံးသော မည်သည့်အရာမဆို၊ သူ၏ အနှစ်သာရနှင့် ထူးခြားသော လက္ခဏာများကို ကိုယ်စားပြုသည့် မည်သည့်အရာမဆိုကို သူ၏ သဘာဝအနှစ်သာရဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။ သူ့အနှစ်သာရ၏ ထိုလက္ခဏာများက သူ၏ သဘာဝကို ပုံသွင်းပေးသည်။ တစ်စုံတစ်ဦးက မည်သည့် လူစားမျိုး အမှန်တကယ်ဖြစ်သည်ကို တွေ့မြင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် ဤနည်းလမ်းက သာ၍ မှန်ကန်တိကျသည်။ လူတစ်ဦး၏ အနှစ်သာရက မည်သည့်အရာဖြစ်ပါစေ ယင်းသည် သူ၏ သဘာဝ ဖြစ်ပေသည်။ လူတစ်ဦး၏ သဘာဝသည် ထိုသူ မည်သည့် လူစားမျိုး ဖြစ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေး၏။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ငွေကို အထူးချစ်သည်ဆိုပါက သူ၏ သဘာဝကို စကားအနည်းငယ်ဖြင့် ပေါင်းရုံးနိုင်ပေသည်- သူသည် ငွေကို ချစ်သောသူ ဖြစ်သည်။ တစ်စုံတစ်ဦး၏ အပေါ်လွင်ဆုံးသော အင်္ဂါရပ်သည် အမျိုးသမီးများကို ချစ်ခြင်းဖြစ်ပါက၊ ပြီးလျှင် သူသည် အမြဲ မိန်းမလိုက်စားနေပါက ဤလူသည် ဆိုးယုတ်မှုကို ချစ်မြတ်နိုးပြီး ဆိုးယုတ်သည့် သဘာဝတစ်ခု ရှိပေသည်။ လူအချို့သည် စားခြင်းကို အနှစ်သက်ဆုံး ဖြစ်သည်။ သင်သည် ထိုသို့သော လူတစ်ဦးကို ယမကာအနည်းငယ် တိုက်ပြီး အသားအနည်းငယ် ကျွေးလိုက်ပါက သူသည် သင်၏ အကျိုးအမြတ်အတွက် ပြုမူလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဤအရာက ဤလူသည် ဝက်တစ်ကောင်ကဲ့သို့ အစားကြူးသည့် သဘာဝတစ်ခု ရှိသည်ကို ပြပေသည်။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆိုးရွားလွန်းသော အပြစ်အနာအဆာတစ်ခု ရှိသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထိုသူ၏ လက်တွေ့ဘဝတွင် သူ့ကို ထိန်းချုပ်ထား၏။ သူသည် ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့်အညီ အသက်ရှင်ပြီး ဤစိတ်သဘောထားက သူ၏ သဘာဝကို ကိုယ်စားပြုသည်။ သူ၏ သဘာဝကို ဆိုးရွားလွန်းသော သူ့အပြစ်အနာအဆာ၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြော၍ ရပေသည်။ သူ၏ ဆိုးရွားလွန်းသော အပြစ်အနာအဆာမှာ သူ၏ သဘာဝ ဖြစ်သည်။ လူအချို့သည် လက်ခံနိုင်စရာ သဘာဝတစ်ခု ရှိပုံရပြီး အပေါ်ယံတွင် မည်သည့် ကြီးမားသော အပြစ်အနာအဆာမျှ မပြသသော်လည်း ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်မှာ ထိခိုက်လွယ်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် ဘဝ ရည်မှန်းချက်များ သို့မဟုတ် ပြင်းပြသော စိတ်ဆန္ဒများ မရှိ။ ၎င်းတို့သည် အဟန့်အတား မဆိုစလောက်လေးကို ကြုံရသည့်အခါ လဲကျရင်း၊ အမှုကိစ္စများ ခက်ခဲလာသည့်အခါ အပျက်သဘောဆောင်လာရင်း ဘဝကို အိုးနင်းခွက်နင်းသာ ဖြတ်သန်းကြသည်။ ထိုသူများသည် ယုံကြည်ခြင်း မရှိတော့သည်အထိ နောက်ဆုံး၌ အယူအဆများ ရှိသွားလျှင် သူတို့၏ အကြီးမားဆုံး အားနည်းချက်မှာ ထိခိုက်လွယ်ခြင်းဖြစ်သည်။ ၎င်းတို့၏ သဘာဝမှာ ထိခိုက်လွယ်သည်။ ၎င်းတို့သည် အသုံးမကျ။ ၎င်းတို့ကို ကူညီပေး၍လည်း မရချေ။ လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှနှင့် အခြားသူများအပေါ် ပြုမူသည့်နည်းလမ်း အားလုံး၌ ၎င်းတို့၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်နေထိုင်နေကြသည်။ ၎င်းတို့သည် ဤလူ၊ ထိုလူအပေါ် ချစ်ခင်မှု ခံစားကြပြီး ၎င်းတို့၏ နေ့ရက်များကို ချစ်ခင်တွယ်တာစိတ်၏ အနုအရွများ လုပ်ဆောင်ရင်း ကုန်ဆုံးကြသည်။ ၎င်းတို့ ကြုံတွေ့သည့်အရာတိုင်း၌ စိတ်ခံစားမှု နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။ ထိုသို့သော လူတစ်ဦး၏ မယုံကြည်သူ ဆွေမျိုးများ သေဆုံးသောအခါတွင် သူသည် သုံးရက်ကြာ ငိုကြွေးပေလိမ့်မည်။ အခြားသူများက အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ချင်သော်လည်း ဤလူက ခွင့်မပြုပေ။ ၎င်းသည် ကွယ်လွန်သူအတွက် ခံစားချက်များ ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ စိတ်ခံစားချက်များသည် အလွန်ပြင်းထန်၏။ စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးရွားလွန်းသော ချို့ယွင်းချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ သူသည် အရာရာတိုင်းတွင် သူ့စိတ်ခံစားချက်များ၏ စိုးမိုးခြင်းကို ခံရသည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးရွားလွန်းသော ချို့ယွင်းချက်ဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များက ၎င်းတို့ကို အတိဒုက္ခရောက်အောင် လုံးလုံး လုပ်နိုင်ပြီး လုံးဝ ဖျက်ဆီးပစ်နိုင်သည်။ အလွန်အကျွံ စိတ်လှုပ်ရှား ထိခိုက်လွယ်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိနှင့် အာရုံများနေကြသည်။ မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေကြသည်။ အလွန်အမင်း စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်းသည် ထိုသို့သော လူစား၏ သဘာဝပင် ဖြစ်သည်။ ဤလူစားည် သူ၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်သည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲအောင် ကြိုးပမ်းလိုပါက သင်၏ သဘာဝကို သင် သိရမည်။ “ကျားသစ်သည် မိမိ၏ အကွက်အကျားတို့ကို မပြောင်းလဲနိုင်။” သဘာဝကို ပြောင်းလဲ၍ ရသည်ဟု မယူဆလေနှင့်။ လူတစ်ဦး၏ သဘာဝသည် ဆိုးရွားလွန်းနေလျှင် ထိုသူသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်။ ဘုရားသခင်ကလည်း ထိုသူကို ကယ်တင်လိမ့်မည် မဟုတ်။ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဉ် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း မပြုတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများအားလုံးကို နာခံနိုင်ဖို့အလို့ငှာ ထိုသို့သော လူတစ်ဦးသည် သူ့အတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လုံးလုံးလျားလျား လွတ်ကင်းလေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။ လူတစ်ဦး၏ သဘာဝသည် အလွန်ဆိုးရွားနေပါက၊ ထိုလူသည် ဆိုးယုတ်သော လူတစ်ဦးဖြစ်ပါက ထိုသူကို ဘုရားသခင်က ကယ်တင်လိမ့်မည် မဟုတ်သကဲ့သို့ ထိုလူအတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း အလုပ်လုပ်လိမ့်မည် မဟုတ်။ နောက်တစ်နည်းပြောရလျှင် ယင်းမှာ ဆရာဝန်တစ်ဦးက လူနာတစ်ဦးကို ကုသခြင်းနှင့် တူသည်။ ရောင်ရမ်းခြင်းရှိသူတစ်ဦးကို ကုသ၍ရနိုင်သော်လည်း ကင်ဆာဖြစ်ပွားသည့် လူတစ်ဦးကိုမူ ကယ်၍မရနိုင်ပေ။ စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်သည့် သူ၏ သဘာဝဗီဇအား နောက်ဆုံးတွင် သိရှိလာခြင်းကို ဆိုလိုသည်။ လူသားများသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်ကို သူနားလည်သည်။ လူသားမျိုးနွယ်၏ အဓိပ္ပာယ်မဲ့မှုနှင့် လိမ်လည်လှည့်ဖြားမှု၊ လူသားမျိုးနွယ်၏ စုတ်ချာပြီး သနားစရာကောင်းသည့် အခြေအနေကို သူနားလည်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရကို သူနားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့် သူသည် မိမိကိုယ်ကို လုံးဝငြင်းပယ်ပြီး ပစ်ပယ်လာနိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ လူသား၏ သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်လေသည်။ သို့သော်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားများအားလုံးထဲတွင်၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သော သူအချို့ရှိသည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး စိတ်သဘောထား ပြောင်းလဲအောင် စွမ်းဆောင်နိုင်ကြသည့် လူများ ဖြစ်ကြသည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားကြဘဲ၊ ထိုအစား ရေလိုက်ငါးလိုက်နေကြသည်။ ၎င်းတို့ကို လုပ်ဆောင်ရန် သင် ပြောသည့်အရာမှန်သမျှကို ၎င်းတို့ နာခံကာ လုပ်ဆောင်ကြမည်ဖြစ်သည်၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်နိုင်ကာ မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို သည်းခံနိုင်ကြသည်။ ထိုသို့သော လူများသည် အသိဉာဏ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိကြပြီး ကယ်တင်ခံရခြင်းနှင့် ရှင်သန်ခြင်းတို့နှင့်ပတ်သက်သော မျှော်လင့်ချက်တစ်ခုရှိသော်လည်း ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ အယူဝါဒအား သိနားလည်ခြင်းဖြင့်သာ စိတ်ကျေနပ်ကြသောကြောင့် ၎င်းတို့၏ စိတ်သဘောထားများ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ဖြစ်သည့် အရာကို မပြောကြပေ၊ သို့မဟုတ် မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို အစစ်အမှန် ထမ်းဆောင်နိုင်ကြပြီး၊ မည်သည့် ပြဿနာမဆိုနှင့် စပ်လျဉ်း၍ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းကို လက်ခံနိုင်ကြသည်။ သမ္မာတရားကို ရှာဖွေရန် လေးနက်သည့် အားထုတ်မှုမပြုကြပေ၊ ၎င်းတို့၏ စိတ်များ ရှုပ်ထွေးပြီး သမ္မာတရား၏ အနှစ်သာရကို လုံးဝ နားမလည်နိုင်ကြချေ။ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်သွားရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များ၊ စာတန်၏ အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် ဝန်ခံပြီး နာခံသင့်သည်၊ ကွဲပြားသည့် ရွေးချယ်မှုတစ်ခုကို သင် ပြု၍မရသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို သိရှိသင့်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဟု ဆိုလိုပေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ မိန့်မြွက်ချက်များက မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော လူတို့သည် လူသားသဘာဝ အနည်းငယ်မျှ ရှိကြလျှင်ပင်၊ ကောင်းမှုအချို့ လုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်လျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ သမ္မာတရားကို လေးလေးနက်နက် သဘောမထားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ပေတရုသည် အခြားတပည့်တော်များနှင့် တူညီသည့် လူ့သဘာဝရှိသော်လည်း သမ္မာတရားကို သူ၏ ထက်ထက်သန်သန် လိုက်စားမှုက ပေါ်လွင်ခဲ့သည်ကို သင် မြင်နိုင်ပေသည်။ ယေရှုက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သူသည် လေးလေးနက်နက် တွေးဆခဲ့သည်။ ယေရှုက၊ “ရှိမုန်ဗာယောန၊ သင်သည် ငါ့ကို ချစ်သလော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ ရှိသည့် ဖခမည်းတော်ကိုသာ ချစ်သည်။ သို့သော် ကမ္ဘာမြေပေါ်က သခင့်ကို ကျွန်ုပ်မချစ်ရသေးပါ” ဟု ရိုးသားစွာ ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ မမှန်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် ဘုရားတစ်ပါးတည်း ရှိသည်မဟုတ်ပါလား။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ငါ ချစ်ပါက၊ ငါ၏ ချစ်ခြင်းသည် မစစ်မှန်ပေ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ငါ ချစ်ရမည်၊ အကြောင်းမှာ ထိုအခါမှသာ ငါ၏ချစ်ခြင်းမေတ္တာ စစ်မှန်လိမ့်မည် ဖြစ်သည်” ဟု တွေးရင်း၊ နားလည်ခဲ့သည်။ ထို့ကြောင့်၊ ပေတရုသည် ယေရှု တောင်းဆိုခဲ့ဖူးသည့် အရာမှ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ ဘုရားသခင်ကို ချစ်ဖို့နှင့် ဤချစ်ခြင်းမေတ္တာ စစ်မှန်ဖို့အတွက်၊ လူတစ်ဦးသည် ကမ္ဘာမြေပေါ်က လူ့ဇာတိခံ ဘုရားသခင်ကို ချစ်ရမည်ဖြစ်သည်။ မရေရာသကဲ့သို့ မြင်၍မရသည့် ဘုရားသခင်ကို ချစ်ခြင်းသည် မစစ်မှန်သကဲ့သို့ လက်တွေ့မကျပေ၊ လက်တွေ့ကျသည့်၊ မြင်၍ရနိုင်သည့် ဘုရားသခင်ကို ချစ်ခြင်းမှာမူ သမ္မာတရား ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များမှ၊ ပေတရုသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို သိနားလည်မှု ရရှိခဲ့သည်။ သိသိသာသာပင်၊ ပေတရု၏ ဘုရားသခင်၌ ယုံကြည်မှုသည် သမ္မာတရားကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ထားပေသည်။ နောက်ဆုံးတွင် သူသည် လက်တွေ့ကျသည့် ဘုရားသခင်- ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အပေါ် ချစ်ခြင်းကို ရရှိခဲ့သည်။ ပေတရုသည် သူ၏ သမ္မာတရားကို လိုက်စားခြင်းတွင် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သည်။ ယေရှုက သူ့ကို လမ်းညွှန်သည့် အခါတိုင်းတွင်၊ သူသည် ယေရှု၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် တွေးဆခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိမီနှင့် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သူ သိနားလည်ခြင်းမရှိမီတွင် သူသည် လများစွာကြာ၊ တစ်နှစ်ကြာ သို့မဟုတ် နှစ်များစွာကြာပင် တွေးဆခဲ့ကောင်း တွေးဆခဲ့ပေမည်။ ဤနည်းဖြင့် ပေတရုသည် သမ္မာတရားထဲသို့ ဝင်ရောက်ခဲ့၏။ သူထိုသို့ဝင်ရောက်နေစဉ် သူ၏ အသက် စိတ်သဘောထားက ပြောင်းလဲခဲ့ပြီး အသစ်ပြုပြင်ခြင်းခံခဲ့ရသည်။ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် စကားများနှင့် အယူဝါဒများအကြောင်းကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း ယင်းတို့သည်စကားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်” ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်းတို့၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်သလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင်တို့ တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ စကားများနှင့် အယူဝါဒများအကြောင်းကို ပြောဆိုခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ထိုနှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ပြီးမှသာ မိမိကိုယ်ကို သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကို မသိရှိနိုင်ပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ သင်သည် ပိုင်းခြားသိမြင်မှုကို ရရှိနိုင်ပေသည်။ သမ္မာတရားကို နားမလည်ဘဲနှင့် သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ ကိစ္စရပ်များကို သင် ရှင်းလင်းစွာ မြင်နိုင်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိဘဲနှင့်၊ ကိစ္စရပ်များကို ရှင်းလင်းစွာ သင် မမြင်နိုင်ပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ သင်သည် မိမိကိုယ်ကိုယ် သိရှိနိုင်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိဘဲနှင့် သင်သည် မိမိကိုယ်ကို မသိရှိနိုင်။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့် သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားကို မရရှိဘဲနှင့် ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သည့်နောက်တွင်သာ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရားကို နားမလည်ပါက သူ့ကို သင်ကိုးကွယ်လျှင်ပင် သင်၏ ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ သမ္မာတရားမရှိလျှင် သင်လုပ်သည့်မည်သည့်အရာမျှ မစစ်မှန်ပေ။ သမ္မာတရားကို ရရှိခြင်းအားဖြင့် သင်လုပ်သမျှတိုင်းသည် စစ်မှန်၏။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များမှ သမ္မာတရား ရရှိခြင်းဆိုသည်မှာ အတိအကျ မည်သည့်အရာကို ဆိုလိုသနည်း” ဟု မေးလိမ့်မည်။ မေးမြန်းရန် အမှန်တကယ် လိုနေသေးသလော။ သမ္မာတရားအားလုံးကို ဘုရားသခင်က ဖော်ပြထားခြင်းဖြစ်ပြီး အားလုံးက ဘုရားနှုတ်ကပတ်တော်များအတွင်း၌ ရှိ၏။ ဘုရားနှုတ်ကပတ်တော်များပြင်ပတွင် သမ္မာတရား မရှိပေ။ စကားများနှင့် အယူဝါဒများကို ပြောဆိုနိုင်ခြင်းသည် သမ္မာတရားကို သိရှိခြင်းဖြစ်သည်ဟု ယုံကြည်သောလူများစွာရှိ၏။ ဤသည်မှာ ယုတ္တိယုတ္တာမရှိပေ။ အယူဝါဒကို ပြောခြင်းသက်သက်အားဖြင့် သမ္မာတရားကို မရရှိနိုင်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက် အဓိပ္ပာယ်အကြောင်း မိတ်သဟာယပြုခြင်းသက်သက်မျှသည် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ဘုရားနှုတ်ကပတ်တော်များထဲရှိ အဓိပ္ပာယ်၊ ဘုရားနှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် ယင်းတို့က စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် အကျိုးတရားကို သင် သဘောပေါက်ဖို့ လိုအပ်သည်။ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရား၊ အသက်၊ အလင်း၊ စည်းမျဉ်းများနှင့် လမ်းကြောင်းများ ပါရှိသည်။ ဘုရားနှုတ်ကပတ်တော်တိုင်းက အမှုအရာများစွာ ပါရှိ၏။ ထိုနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်ကို ပြောရုံမျှပြောပြီးနောက် ပြီးလိုက်ခြင်းသည် မလုံလောက်ပေ။ ငါ သင်တို့ကို ဥပမာတစ်ခုပေးမည်။ ဘုရားသခင်က “ရိုးသားသော လူများဖြစ်ကြလော့၊ လှည့်ဖြားတတ်သော လူများမဖြစ်ကြနှင့်” ဟု ပြောခဲ့၏။ ဤပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့က “ဤသည်မှာ လူတို့ကို ရိုးသားရန်နှင့် မလှည့်စားတတ်ရန် ပြောခြင်းအကြောင်း ဖြစ်သည် မဟုတ်လော” ဟု ပြောကြသည်။ အခြားမည်သည့်အရာအား ဆိုလိုသေးကြောင်း ၎င်းတို့ကို မေးမည်ဆိုလျှင် ၎င်းတို့က “သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်သင့်ပြီး လှည့်ဖြားတတ်သော လူတစ်ဦး မဖြစ်သင့်ဟု ဆိုလိုသည်။ ယင်းက ဤအရာနှစ်ခုကိုသာ ပြောဆိုသည်” ဟု ပြောကြလိမ့်မည်။ ထို့နောက် သင်တို့က “ရိုးသားသော လူတစ်ဦး ဖြစ်ရန်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ မည်သည့်လူစားမျိုးကို ရိုးသားသော လူတစ်ဦးအဖြစ် ယူဆ၍ရနိုင်သနည်း။ ရိုးသားသော လူတစ်ဦး၏ အပြုအမူများမှာ အဘယ်နည်း။ လှည့်ဖြားတတ်သော လူတစ်ဦး၏ အပြုအမူများမှာ အဘယ်နည်း” ဟု မေးနိုင်သည်။ ၎င်းတို့က “ရိုးသားသော လူတစ်ဦးမှာ ရိုးသားစွာ ပြောဆိုသော လူတစ်ဦး၊ မိမိတို့စကားများကို လိမ်ညာမှုနှင့် မရောနှောသကဲ့သို့ မလိမ်ညာသော လူတစ်ဦး ဖြစ်သည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် မလိမ့်တပတ် စကားပြောသောသူ၊ အမှန်တရားကို မပြောသောသူ၊ မိမိတို့စကားများတွင် အမြဲ မဖြူစင်သကဲ့သို့ အလိမ်အညာများ ပြောရသည်ကို နှစ်သက်သောသူတစ်ဦး ဖြစ်သည်” ဟု ဖြေကြလိမ့်မည်။ ဤမျှသာ ၎င်းတို့ ပြောနိုင်သည်။ လူ့အတွေးအခေါ်သည် အလွန်ရိုးရှင်း၏။ ရိုးသားသော လူတစ်ဦးကို အလွန်ရိုးရှင်းစွာ ရှင်းပြခြင်းအားဖြင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ ရိုးသားသော လူများနှင့် ပတ်သက်၍ မည်သည့်အရာကို ဘုရားနှုတ်ကပတ်တော်များက ပြောသနည်း။ ပထမအချက်မှာ ရိုးသားသော လူများသည် အခြားသူများနှင့် ပတ်သက်၍ မည်သည့်သံသယမျှ မရှိကြောင်းပင် ဖြစ်သည်။ ဒုတိယအချက်မှာ ရိုးသားသော လူများသည် သမ္မာတရားကို လက်ခံနိုင်ကြကြောင်းပင် ဖြစ်သည်။ ဤသည်တို့မှာ အဓိက အင်္ဂါရပ်နှစ်ခု ဖြစ်သည်။ ဤအရာအားဖြင့် ဘုရားသခင်က မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို ပြောဆိုသနည်း။ ဘုရားနှုတ်ကပတ်တော်မှ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ၊ ယင်းက ရည်ညွှန်းသည့်အရာနှင့် ရိုးသားသော လူတစ်ဦး၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တို့၏ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကို သင် နားလည်နိုင်သည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို တိကျမှန်ကန်စွာ သင် နားလည်သည်နှင့် ရိုးသားသော လူတစ်ဦး၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်၊ လှည့်ဖြားတတ်သော လူများက မည်သည့်အရာ ဖြစ်သည်၊ လှည့်ဖြားတတ်သော လူတစ်ဦး၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်၌ သင် မြင်နိုင်ပေသည်။ ထို့နောက် ဤသရုပ်သကန်များကို သင် ဆန်းစစ်ပါက ရိုးသားသော လူတစ်ဦးက မည်သည့်အရာ ဖြစ်ပြီး လှည့်ဖြားတတ်သော လူတစ်ဦးက မည်သည့်အရာဖြစ်သည်ဆိုသည်တို့အပြင် လှည့်ဖြားတတ်သော လူများ၏ ဘုရားနှုတ်ကပတ်တော်ကို သဘောထားပုံ၊ ဘုရားသခင်ကို သဘောထားပုံနှင့် အခြားလူများကို သဘောထားပုံတို့အား သင် အတိအကျ နားလည်လိမ့်မည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များကို သင် အမှန်တကယ် နားလည်လာလိမ့်မည်ဖြစ်ပြီး ရိုးသားသော လူများနှင့် လှည့်ဖြားတတ်သော လူများအပေါ် လူတို့၏ ထင်မြင်ချက်များက ဘုရားနှုတ်ကပတ်တော်များ ပြောဆိုသည့်အရာနှင့် မည်မျှကွာခြားပုံကို သင် သိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်က “ရိုးသားသော လူတစ်ဦးဖြစ်လော့၊ လှည့်ဖြားတတ်သော လူတစ်ဦး မဖြစ်နှင့်” ဟု သင့်ကို ပြောသည့်အခါ ဤနေရာတွင် အသေးစိတ်အချက်အလက်များစွာ ရှိ၏။ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သင် အမှန်တကယ် နားလည်သည့်အခါ ရိုးသားသော လူတစ်ဦးက မည်သည့်အရာဖြစ်ပြီး လှည့်ဖြားတတ်သော လူတစ်ဦးက မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို သင် သိလိမ့်မည်။ သင် လက်တွေ့လုပ်ဆောင်သည့်အခါ ရိုးသားသော လူတစ်ဦး၏ သရုပ်သကန်များ ပြရန် သေချာသည့် နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ရန် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းနှင့် လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းများကို သင် ရှင်းရှင်းလင်းလင်း မြင်လိမ့်မည်။ ယင်းက ဘုရားသခင်နှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စံနှုန်းများကို သင် ပြည့်မီရန် အာမခံပေသည်။ ဤစကားများကို သင် အမှန်တကယ် နားလည်ပြီး လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်၏ လက်ခံမှုကို သင် ရရှိနိုင်လိမ့်မည်။ သို့ရာတွင် ဤစကားများကို သင် နားမလည်ပါက ရိုးသားသော လူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လက်ခံမှုကို လုံးဝ ရလိမ့်မည်မဟုတ်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်သော နားလည်မှုရလာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ပြန်နိုင်ပြီး အယောက်တိုင်းက ငါ၏ အနက်ပြန်ခြင်းသည် ကောင်းသည်ဟုဆိုကာ၊ ငါ့ကို လက်မထောင်ပြကြသည်၊ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါနားလည်သည်ဟု ဆိုလိုသည်။” ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် မတူညီပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ အလင်းတချို့ကို ရခဲ့ပြီး သူ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သော အသိစိတ်တစ်ခုကို သင် ရရှိပြီးဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က ရည်ရွယ်ချက်နှင့် နောက်ဆုံးတွင် မည်သည့်အကျိုးများ ၎င်းတို့ ရရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံးနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှု သင်၌ ရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့်သက်ဆိုင်သည့် အဆင့်တစ်ခု သင်ရှိသည်ဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းသည် ဤမျှ လုံးဝမရိုးရှင်းပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်သောကြောင့် သက်သက်ဖြင့် သင်သည် ၎င်းတို့ကို နားလည်သည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို မည်မျှ ရှင်းပြနိုင်စေကာမူ သင်၏ ရှင်းပြချက်သည် လူ့စိတ်ကူးစိတ်သန်းနှင့် လူ့တွေးခေါ်ပုံပေါ် အခြေခံဆဲ ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်သို့ နားလည်နိုင်သနည်း။ အဓိကသော့ချက်မှာ ထိုနှုတ်ကပတ်တော်များ အတွင်းမှနေ၍ သမ္မာတရားကို ရှာဖွေဖို့ ဖြစ်သည်။ ဤသို့သောနည်းလမ်းဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်နိုင်ပေသည်။ ဘုရားသခင်သည် အနှစ်သာရမဲ့သော စကားများကို မည်သည့်အခါမျှ မပြောချေ။ သူ မိန့်မြွက်သည့် ဝါကျအသီးသီး၌ သူ၏ နှုတ်ကပတ်တော်များ၌ နောက်ထပ် ထုတ်ဖော်ပြဖို့ သေချာသည့် အသေးစိတ်အချက်များ ပါရှိပြီး၊ ၎င်းတို့ကို ကွဲပြားစွာ ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သမ္မာတရားကို ဘုရားသခင် ထုတ်ဖော်ပြသည့် နည်းလမ်းများကို လူသားသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အလွန်နက်နဲကြပြီး လူ့တွေးခေါ်မှုဖြင့် အလွယ်တကူ နားလည်သဘောပေါက်၍ မရနိုင်။ လူတို့သည် အားထုတ်မှု ပြုသရွေ့ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ဆိုင်သည့် အလုံးစုံသော အဓိပ္ပာယ်ကို အကြမ်းဖျင်းအားဖြင့် ရှာတွေ့နိုင်ပေသည်။ ကျန်ရှိနေသည့် အသေးစိတ် အချက်အလက်များကိုမူ ထိုလူတို့၏ နောက်ပိုင်း အတွေ့အကြုံကာလတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုက သူတို့အတွက် ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်သည်။ တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် ထိုနှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် တွေးတောခြင်း၊ ပြီးလျှင် ၎င်းတို့၏ တိကျသော ပါဝင်သည့်အကြောင်းအရာကို ရှာဖွေခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့၏ အဓိပ္ပာယ်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုတွင် စဉ်ဆက်မပြတ် တိုးတက်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်လာနိုင်သည်။ အကယ်၍ သင်သည် ထိုအရာကို တိုက်ရိုက်၊ စာအဆင့် သို့မဟုတ် သင်၏ကိုယ်ပိုင် အတွေးနှင့် စိတ်ကူးစိတ်သန်းဖြင့် အနက်ပြန်ပါက၊ သင်သည် ယင်းကို အမွှမ်းတင်ကာ အပြောကောင်းစွာ ရှင်းပြလျှင်ပင်၊ သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးသကဲ့သို့၊ ယင်းသည် လူ့အတွေးနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေပြုဆဲသာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ရရှိခြင်း မဟုတ်ပေ။ လူတို့သည် မိမိတို့ အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ ဘုရားနှုတ်ကပတ်တော်များကို အနက်ပြန်တတ်ကြသည်။ ဆက်စပ်အကြောင်းအရာမပါဘဲ ဘုရားနှုတ်ကပတ်တော်များကို တလွဲပင် အနက်ပြန်ကောင်း ပြန်နိုင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အထင်လွဲကာ ဝေဖန်နိုင်ခြေ ရှိ၏။ ဤသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ဘုရားနှုတ်ကပတ်တော်များအား သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှတစ်ဆင့် အဓိကရရှိပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ကာ ရှင်းပြနိုင်ခြင်းသည် သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို သိနားလည်ခြင်းက သမ္မာတရားကို သင် နားလည်သည့်သဘောဖြစ်သည်ဟု ဆိုလိုပါက၊ ပညာရေးနှင့် အသိပညာ အနည်းငယ်သာ သင် လိုအပ်မည်ဖြစ်သည်။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အဘယ်ကြောင့် လိုအပ်မည်နည်း။ ဘုရားသခင်၏အမှုမှာ လူ့ဉာဏ်က နားလည်သဘောပေါက်နိုင်သောအရာတစ်ခုလော။ ထို့ကြောင့် သမ္မာတရားကို သိနားလည်ခြင်းသည် လူ့အယူအဆများ၊ စိတ်ကူးများပေါ်တွင် အခြေမခံပေ။ စစ်မှန်သည့် အတွေ့အကြုံနှင့် အသိပညာရှိရန် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် လမ်းပြမှု သင် လိုအပ်သည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ဖြစ်ပြီး၊ လိုအပ်သည့် အခြေအနေတစ်ခုလည်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။