မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

သင်တို့အားလုံးသည် ဘုရားသခင်၏ရှေ့၌ ဆုချီးမြှင့်ခံလိုကြပြီး ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ခံလိုကြသည်၊ လူတိုင်းသည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါ ထိုသို့သောအရာများကို မျှော်လင့်ကြသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် သာ၍မြင့်မားသော အရာများနောက် ကောက်ကောက်ပါအောင် လိုက်ခြင်းတွင် အာရုံများနေပြီး မည်သူကမျှ အခြားသူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူတို့သည် ထိုအတိုင်းပင် ဖြစ်ကြသည်။ ထိုအကြောင်းအတိအကျကြောင့်ပင် သင်တို့အထဲမှ လူတော်တော်များများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားနေကြခြင်းဖြစ်သည်၊ သို့သော် စင်စစ်အားဖြင့် ဘုရားသခင်အပေါ်၌ထားသော သင်တို့၏ သစ္စာစောင့်သိမှုနှင့် ရိုးသားပွင့်လင်းမှုသည် သင်တို့၏ ကိုယ့်ကိုယ်ကိုယ် အပေါ်ထားသော သစ္စာစောင့်သိမှု၊ ရိုးသားပွင့်လင်းမှုတို့နှင့်ယှဉ်လျှင် အလွန်ပင် နည်းလှသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ်၌ထားရှိသော သင်တို့၏ သစ္စာစောင့်သိမှုကို ငါလုံးဝအသိအမှတ်မပြုသောကြောင့်ဖြစ်သည့်အပြင် သင်တို့၏နှလုံးသားအထဲ၌ရှိသော ဘုရားသခင်၏တည်ရှိမှုကို ငါလက်မခံ သောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သင်တို့ကိုးကွယ်သော ဘုရားသခင်၊ သင်တို့မြတ်နိုးသော မရေရာသည့် ဘုရားသခင်သည် လုံး၀မတည်ရှိ။ ဤကဲ့သို့ ငါတပ်အပ်ပြောနိုင်သည်မှာ သင်တို့သည် စစ်မှန်သော ဘုရားသခင်နှင့် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။ သင်တို့၏သစ္စာစောင့်သိမှုသည် သင်တို့၏နှလုံးသားအထဲ၌ရှိသော ရုပ်တုဆင်းတုကြောင့်ဖြစ်သည်၊ ထိုအချိန်အတောအတွင်း ကြီးလည်း မကြီးမြတ်၊ သေးလည်းမသေးငယ်ဟူ၍ သင်တို့မှတ်ယူကြသော ဘုရားသခင်ဖြစ်သည့် ငါ့ကိုမူ သင်တို့သည် စကားလုံးများဖြင့်သာ အသိအမှတ်ပြုကြသည်။ သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာနေသည်ဟု ငါပြောသောအခါ စစ်မှန်သော ဘုရားသခင်နှင့် သင်တို့ကွာ လှမ်းနေလင့်ကစား မရေရာသော ဘုရားသခင်ကမူ အနီးအပါးတွင် ရှိနေသည့်ပုံရသည်ဟု ငါဆိုလိုခြင်းဖြစ်သည်။ “မကြီးမြတ်” ဟူသည့် စကားကို ငါပြောသောအခါ သင်တို့ယနေ့ယုံကြည်သော ဘုရားသခင်သည် ကြီးကြီးမားမား အစွမ်းအစများမရှိသော လူတစ်ယောက်မျှသာ၊ သိပ်မမြင့်မြတ်သော လူတစ်ယောက်မျှသာ ဖြစ်သည်ဟု ထင်ရသည့်ပုံကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။ “မသေးငယ်” ဟူသည့်စကားကို ငါပြောသောအခါ ဤလူသည် လေလာအောင် မဆင့်ခေါ်နိုင်၊ မိုးရွာအောင် အမိန့်မပေးနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ လူတို့အား လုံးဝမိန်းမောတွေဝေသွားစေလျက် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့် အမှုကိုပြုရန်အလို့ငှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူခေါ်ဆိုနိုင်သည်ဟု ဆိုလိုသည်။ အပြင်ပန်းအားဖြင့် သင်တို့အားလုံးသည် မြေကြီးပေါ်ရှိ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် သင်တို့၌ ခရစ်တော်ကို ယုံကြည်ခြင်း မရှိကြသကဲ့သို့ သူ့ကို ချစ်လည်းမချစ်ကြပေ။ ဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့၏ခံစားချက်များနှင့်ဆိုင်သည့် မရေရာသော ဘုရားသခင်သာဖြစ်ပြီး သင်တို့ဧကန်အမှန်ချစ်သည့်သူမှာ နေ့ညမပြတ် သင်တို့တောင့်တသော်လည်း လူကိုယ်တိုင် မည်သည့်အခါမျှ မမြင်ဖူးသည့် ဘုရားသခင်သာဖြစ်သည်။ ဤခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ စိုးစဉ်းမျှသာဖြစ်ပြီး သူ့အပေါ် သင်တို့၏ ချစ်ခြင်းမှာလည်း ဘာမျှမဟုတ်ပေ။ ယုံကြည်ခြင်းဟုဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် စိတ်နှလုံးထဲ၌ နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ သို့တိုင် ယနေ့ကာလ၏ ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် ထိုအရာကိုမီရန် များစွာလိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သင်တို့သည် သူ၏စိတ်သဘောထားကို လုံးဝ နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ၊ ထိုသို့ဖြစ်သောကြောင့် သင်တို့သည် သူ့ကို မည်သို့ယုံကြည်ကြသနည်း။ သူ့အပေါ် သင်တို့ယုံကြည်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သူ့ကို သင်တို့ချစ်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။

လူအများအပြားသည် ယနေ့ထက်ထိတိုင် ငါ့နောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ထို့ကြောင့် ယခင်နှစ်များတစ်လျှောက်၌ သင်တို့သည် အလွန်ပင်ပန်းနွမ်းလျမှုကိုလည်း ခံစားခဲ့ကြရ၏။ ငါသည် သင်တို့ အယောက်စီတိုင်း၏ ပင်ကိုစရိုက်နှင့် အလေ့အထများကို စေ့စေ့စပ်စပ် နားလည်ပြီးဖြစ်သည်၊ သင်တို့တစ်ယောက်စီတိုင်းနှင့် ဆက်ဆံရသည်မှာ အလွန့်အလွန်ပင် ခဲယဉ်းလှသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ငါသည် သင်တို့အကြောင်း များစွာသိထားသော်လည်း သင်တို့သည် ငါ့အကြောင်းကို နည်းနည်းလေးမျှပင် နားမလည်ကြခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်ရှုပ်ထွေးနေသည့်အချိန်၌ သင်တို့သည် နှပ်ချခြင်းကိုခံလိုက်ရသည်ဟု လူတို့က ပြောကြသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ စင်စစ် သင်တို့သည် ငါ၏စိတ်ထဲ၌ ရှိသည့်အရာကို နားလည်ရန်ဝေးစွ၊ ငါ၏စိတ်သဘောထားကိုပင် လုံးဝနားမလည်ကြချေ။ ယခုခေတ်တွင် သင်တို့၌ရှိသည့် ငါနှင့်ပတ်သက်သော လွဲမှားသည့် အမြင်များသည် တစ်မုဟုတ်ချင်း ကြီးထွားလာနေပြီး ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း ဇဝေဇဝါဖြစ်နေသော ယုံကြည်ခြင်းဖြစ်နေသေးသည်။ သင်တို့သည် ငါ့ကိုယုံကြည်ကြသည်ဟု ပြောသည်ထက် သင်တို့သည် ငါ့ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေကြပြီး ငါ့ကို ကြိုးစားဖားနေကြသည်ဟု ပြောခြင်းက ပို၍သင့်တော်လိမ့်မည်။ ငါ့အား ဆုချနိုင်သူ မည်သူမဆို၏နောက်သို့ ငါလိုက်မည်ဖြစ်ပြီး၊ ဘုရားသခင်ဖြစ်စေ၊ မည်သည့်ဘုရားတစ်ပါးပါးဖြစ်စေ ငါ့အား ကြီးစွာသော ဘေးအန္တရာယ်ဆိုးများမှ လွတ်မြောက်စေနိုင်သူကို ငါယုံကြည်မည်ဟူသော သင်တို့၏ ရည်ရွယ်ချက်များသည် အလွန်ပင် ရိုးရှင်းလှသည်။ ယင်းတို့တွင် ငါအမှုထားစရာကိစ္စ တစ်ခုမျှမရှိပေ။ သင်တို့အထဲတွင် ထိုသို့သောသူများစွာရှိကာ ဤအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ကောင်း၏။ အကယ်၍ တစ်နေ့တွင် သင်တို့အထဲမှ မည်ရွေ့မည်မျှတို့သည် ခရစ်တော်၏အနှစ်သာရကို ထိုးထွင်းမြင် သောကြောင့် ခရစ်တော်ကို ယုံကြည်ကြသည်ကို သိရန် စမ်းသပ်မှု တစ်ရပ်ပြုမည်ဆိုပါက သင်တို့အထဲမှ တစ်ယောက်တလေကမျှ ငါ့အတွက် စိတ်ကျေနပ်ဖွယ်မဖြစ်မည်ကို ငါစိုးရိမ်သည်။ သို့ဖြစ်၍ သင်တို့ ယုံကြည်သော ဘုရားသခင်သည် ငါနှင့် များစွာကွာခြားသည်၊ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်အပေါ်၌ထားသော သင်တို့ ယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်းဟူသည့် မေးခွန်းကို သင်တို့အယောက်စီတိုင်း သုံးသပ်ဆင်ခြင်ကြည့်ပါက အကျိုးယုတ်မည် မဟုတ်ပေ။ သင်တို့၏ ဘုရားသခင်ဟုဆိုသောအရာကို သင်တို့ ယုံကြည်လေလေ၊ သင်တို့သည် ငါနှင့်ဝေးရာသို့ လမ်းလွဲလေလေဖြစ်သည်။ သို့ဖြစ်လျှင် ဤပြဿနာ၏ အဓိကအချက်မှာ အဘယ်နည်း။ ဤမေးခွန်းမျိုးကို သင်တို့အနေဖြင့် မသုံးသပ်မဆင်ခြင်ဖူးသည်မှာ သေချာသည်၊ သို့သော် ဤမေးခွန်း၏ လေးနက်မှုကို သင်တို့ စဉ်းစားမိဖူးသလော။ ဤပုံစံမျိုးနှင့် ဆက်လက်ယုံကြည်နေခြင်း၏ အကျိုးဆက်များကို သင်တို့စဉ်းစားဖူးသလော။

ယနေ့ခေတ်တွင် သင်တို့သည် အရေးကိစ္စများစွာကို ရင်ဆိုင်နေရ၏၊ ထို့အပြင် သင်တို့အထဲမှ မည်သူကမျှ ပြဿနာဖြေရှင်းခြင်းကို မကျွမ်းကျင်ကြချေ။ ဤအခြေအနေအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက ဆုံးရှုံးရန်အလားအလာရှိသူများမှာ သင်တို့ကိုယ်တိုင်သာ ဖြစ်သည်။ ဤအရေးကိစ္စများကို သင်တို့ခွဲခြားသိနိုင်အောင် သင်တို့ကို ငါကူညီမည်၊ သို့သော် ၎င်းတို့ကို ဖြေရှင်းရန်မှာမူ သင်တို့အပေါ် မူတည်၏။

အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စိတ်ခံစားမှုအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းသည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။ သင်ပြုသောအရာသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်ပေ၊ သာ၍အရေးကြီးသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်းဖြစ်၏။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။

သင်တို့ကို ဘုရားသခင်အားရနှစ်သက်ရန် သင်တို့တောင့်တကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာလျက်ရှိ၏။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်များကိုသာ လက်ခံကြပြီး သူ၏အစီအစဉ်တိုင်းကို လက်ခံနိုင်ရန်၊ သူ့ကို အပြည့်အဝယုံကြည်နိုင်ရန်ဝေးစွ၊ သူ၏ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ နောက်ဆုံးဆန်းစစ်ကြည့်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် အကောင်လုံးဝမပေါက်နိုင်သော ဗလာဥခွံဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ သို့မဟုတ် အသက်ကို မပေးဘဲ ထိုအစား ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကိုသာ ပေးခဲ့သည်။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းဖြစ်သည်၊ သမ္မာတရားနှင့် အသက်တို့ မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ဖြစ်စဉ်သည် ခယဝယလုပ်ခြင်းနှင့် အရှက်အကြောက်မဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားခြင်းသက်သက်ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်ဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့လျှင် အကောင်ပေါက်နိုင်မည်နည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးသည် မည်သည့်အရာကို အထမြောက်စေနိုင်သနည်း။ ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို ယုံသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၏ တည်ရှိမှုကိုမူ ငြင်းပယ်ကြ၏၊ သို့ရာတွင် သင်တို့၏အမြင်များကို ငါအသိအမှတ်မပြု၊ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသောသူများကိုသာ ငါချီးကျူးပြီး မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကိုမူ ငါလုံးဝမချီးကျူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သောသူများက မည်မျှပင် သစ္စာစောင့်သိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သောသူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည်မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သော သူများ ဖြစ်ကြ၏၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို မည်သည့်အခါကမျှ ဝမ်းမြောက်ဝမ်းသာ မနာခံဖူးသော ဆိုးယုတ်သူများ ဖြစ်ကြသည်။ မှန်ပေ၏၊ ထိုသူတို့အထဲတွင် ခရစ်တော်ကို မသိသောသူများ၊ ထို့အပြင် ခရစ်တော်ကို အသိအမှတ်မပြုသောသူများအားလုံး ပါဝင်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ် သစ္စာစောင့်သိနေသရွေ့ ခရစ်တော်ကို မိမိစိတ်ကြိုက် ဆက်ဆံနိုင်သည်ဟု သင်ယုံကြည်သလော။ မှားလေစွ။ ခရစ်တော်ကို သင်မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မည်မျှပင် သင်သစ္စာစောင့်သိသည်ဖြစ်စေ ယင်းမှာ အချည်းနှီးစကားနှင့် ဟန်ဆောင်မှုမျှသာဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူတို့လက်ခံရရှိရာတွင် အခရာကျသည် သာမကဘဲ လူကို ဝေဖန်ရှုတ်ချခြင်းနှင့် ထိုအရာပြီးနောက် ကောက်ကျစ်သောသူများကို အပြစ်ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အခရာကျသောကြောင့်ဖြစ်သည်။ ကောင်းသည့် ရလဒ်များ နှင့် ဆိုးသည့်ရလဒ်များကို သင်နားလည်ပြီလော။ ထိုရလဒ်များကို သင်ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သိရမည်သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည်ဟူသည့် သမ္မာတရားကို သင်တို့တစ်နေ့နားလည်လာဖို့ ငါအလိုရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါမဖြစ်နှင့်၊ သို့မဟုတ် အဓိကမဟုတ်သည့် အရာကို အဓိကနှင့် အစားမထိုးနှင့်။ သို့မှသာ ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမှန်တကယ် သင်တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီး ငါနှင့်ပေါင်းသင်းဆက်ဆံ လာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ငါနှင့် ဝေးကွာ နေသေးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မကြာခဏ စော်ကားသောကြောင့် ဖြစ်ရမည်ဖြစ်ပြီး သင်၏အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်ဟု ငါပြော၏။ ငါနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းဆက်ဆံခဲ့ခြင်းက သင့်ကို လူ့သဘာဝရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်သာမက သင်၏ဆိုးယုတ်သော စရိုက်များကို သင်၏သဘာဝထဲတွင် အရိုးစွဲသွားအောင်ပြုပါက၊ ထို့အပြင် သင်သည် ယခင်ကထက် နှစ်ဆနှစ်ပြန် မာနထောင်လွှားလာသည်သာမကဘဲ ငါ့အပေါ် သင်၏အထင်အမြင်လွဲခြင်းများသည်လည်း တိုးပွားလာလိုက် သည်မှာ ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထား လာသည်အထိ ဖြစ်လာပါက သင်၏ရောဂါသည် အရေပြား၌သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါပြော၏။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေးသည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ဘုရားသခင်ဖြစ်ပေးပါရန် အသနားခံဖို့ မလိုတော့ပေ၊ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ်ပေးထိုက်သောအပြစ်ကို ကျူးလွန်ထားသောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က သင်၏အသက်ကို နှုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သင်၏စော်ကားခြင်းသည် သာမန်ပြဿနာတစ်ခု မဟုတ်ဘဲ အလွန်ကြီးလေးသည့်သဘာဝရှိသော ပြဿနာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ အစပြန်ကောက်ရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးရပေလိမ့်မည်။ ဤသည်မှာ သင်တို့အားလုံးအတွက် ငါ၏တစ်ခုတည်းသော သတိပေးချက်ပင်တည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော် - သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ


Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။