သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁) အပိုင်း သုံး

ငါတို့ ဆွေးနွေးနေခဲ့ကြသည့် ထိုအတိတ်မှ အမုန်းတရားနှင့် ဒေါသတို့ကို မည်သို့ အတိအကျ သင် လက်လွှတ်ရမည်ဆိုသည်အတွက်မူ ရှုထောင့်တစ်ခုမှာ ဤလူသားမဟုတ်ဟု ခေါ်ဆိုသော သူများကို ရှင်းလင်းစွာ မြင်ရန် ၎င်းတို့၏ သဘာဝ အနှစ်သာရတို့သည် စာတန်နှင့်လည်းကောင်း၊ နတ်ဆိုးနှင့်လည်းကောင်း သက်ဆိုင်ကြောင်း၊ ၎င်းတို့၏ အနှစ်သာရသည် လူတို့အဖို့ အန္တရာယ်ရှိကြောင်း၊ ၎င်းတို့၏ အနှစ်သာရသည် နတ်ဆိုးများ၊ စာတန်နှင့် အဆင်းနီသော နဂါးကြီးတို့၏ အနှစ်သာရနှင့် တထေရာတည်းဖြစ်ပြီး အရင်းအမြစ်တူကြကြောင်း၊ ထိုအရာများသည် သင့်ကို ထောင်ဖမ်းကြောင်း၊ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့်အတိုင်း သင့်ကို ဒုက္ခပေးကြောင်းအား ရှင်းလင်းစွာ သိမြင်ရန် ဖြစ်သည်။ ဤအခြေအနေကို သင် နားလည်သည်နှင့် သင်၏ အမုန်းတရားနှင့် ဒေါသ စိတ်ခံစားချက်များကို အတော်အတန် သင် လက်လွှတ်သည် မဟုတ်လော။ (လက်လွှတ်ပါသည်။) လူအချို့က “ဒါတွေကို နားလည်နေရုံနဲ့ မလုံလောက်ဘူး။ တစ်ခါတလေ ဒီအကြောင်းကို စဉ်းစားတာနဲ့ ကျွန်တော့်မှာ စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောကြသည်။ သင် စိတ်မကောင်းဖြစ်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မည်သည့် ဝမ်းနည်းမှုမျှ လုံးဝ မရှိဘဲ သင် ရှိနေနိုင်သလော။ အမာရွတ်များက မိမိတို့၏ အမှတ်အသားများကို အမြဲ ချန်ထားသော်လည်း ဤအမှတ်အသားများ ရှိခြင်းသည် သေချာပေါက် မကောင်းသည့်အရာ မဟုတ်ပေ။ သင့်အထဲတွင် အမုန်းတရားနှင့် ဒေါသတို့ ပေါ်ပေါက်စေသည်မှာ၊ လူမှုအဖွဲ့အစည်းထဲရှိ မမျှတမှုကို သင့်အား သတိပြုမိခွင့်ပေးသည်မှာ၊ လူသားမျိုးနွယ်၏ ယုတ်မာမှု၊ မလိုမုန်းထားမှုနှင့် ဆိုးယုတ်မှုတို့ကို သင့်အား သတိပြုခွင့်ပေးပြီး လောက၏ မမျှတမှုနှင့် အနိဋ္ဌာရုံမြင်ကွင်းကို သတိပြုမိခွင့်ပေးကာ ထိုသို့ဖြင့် အလင်းအတွက် တမ်းတစိတ်နှင့် ဤဆင်းရဲဒုက္ခအားလုံးမှ သင့်ကို ကယ်တင်ရန် ကယ်တင်ရှင်ကို တောင့်တမှု သင့်အထဲတွင် ပေါ်ပေါက်အောင် ပြုလုပ်ပေးသည်မှာ လူမှုအဖွဲ့အစည်းထဲရှိ ဤမမျှတမှု ဖြစ်စဉ်များနှင့် ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ အတိအကျပင် ဖြစ်ပေသည်။ ထို့ကြောင့် ဤစိတ်ဆန္ဒအတွက် ဆက်စပ်အကြောင်းအရာတစ်ခု ရှိသလော။ (ရှိပါသည်။) ဤစိတ်ဆန္ဒသည် အလွယ်တကူ ဖြစ်လာသလော။ (ဖြစ်မလာပါ။) လူသားမျိုးနွယ်ကြား သို့မဟုတ် လူမှုအဖွဲ့အစည်းထဲတွင် သင်သည် မည်သည့်အခါတွင်မျှ ဒုက္ခပေးခြင်း မခံခဲ့ရပါက အနီးဝန်းကျင်တွင် လူကောင်းများစွာ ရှိသည်ဟု သင် ထင်မှတ်ပေမည်။ သင် အပြင်ထွက်ပြီး ခလုတ်တိုက်မိကာ တစ်စုံတစ်ဦးသည် သင့်ကို လာထူပေးပါက သို့မဟုတ် သင်သည် စျေးဝယ်ထွက်သော်လည်း ငွေအလုံအလောက် မပါဘဲ သင့်ဘေးနားရှိ လူက သင့်ကို ကူညီပေးပါက သို့မဟုတ် သင့်ပိုက်ဆံအိတ် ကျပျောက်ပြီး တစ်စုံတစ်ဦးက ကောက်ရကာ သင့်ထံ ပြန်လာပေးပါက အနီးဝန်းကျင်တွင် လူကောင်းများစွာ ရှိသည်ဟု သင် ထင်ပေမည်။ သင်သည် ဤစိတ်နေစိတ်ထားနှင့် လူမှုအဖွဲ့အစည်းအပေါ် ဤသိနားလည်မှု ရှိခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း အဓိပ္ပာယ် သို့မဟုတ် ကယ်တင်ခြင်းအမှုကို ဘုရားသခင် လုပ်ဆောင်ခြင်း လိုအပ်ချက်အပေါ် သိနားလည်မှု မည်မျှ သင်၌ ရှိလိမ့်မည်နည်း။ ကယ်တင်ရှင် ကြွလာပြီး ဒုက္ခပင်လယ်မှ သင့်ကို ကယ်တင်ရန်အတွက် သင်၏ စိတ်ဆန္ဒသည် မည်မျှ ကြီးမားလိမ့်မည်နည်း။ ထိုအရာကို သင် သိပ်အလိုရှိလိမ့်မည် မဟုတ်၊ ဟုတ်သလော။ ယင်းမှာ အလိုဆန္ဒတစ်မျိုး၊ စိတ်ကူးယဉ်မှုတစ်မျိုးသာ ဖြစ်ပေမည်။ တစ်စုံတစ်ဦးသည် လောကတွင် အခက်အခဲနှင့် ဆင်းရဲဒုက္ခကို သာ၍ ကြုံရလေ၊ မမျှတသည့် ဆက်ဆံမှုမျိုးစုံကို ခံစားရလေ၊ သို့မဟုတ် တစ်နည်းအားဖြင့် ပြောရလျှင် မိမိအထဲတွင် လူသားမျိုးနွယ်နှင့် လူမှုအဖွဲ့အစည်းအပေါ် နက်နဲသည့် အမုန်းတရားနှင့် ဒေါသတို့ ပေါ်ပေါက်သည့် တစ်စုံတစ်ဦးသည် ဤလူမှုအဖွဲ့အစည်းထဲနှင့် လူများကြားတွင် သာ၍ ကြာရှည်စွာ အသက်ရှင်လေ ဘုရားသခင်က ဤဆိုးယုတ်သော ခေတ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရန်၊ ဤဆိုးယုတ်သော လူသားမျိုးနွယ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖျက်ဆီးရန်၊ ၎င်းတို့၏ ဒုက္ခပင်လယ်မှ အမြန်ဆုံး ကယ်တင်ရန်၊ ဆိုးယုတ်သူများအပေါ် ဒဏ်ခတ်ခံရခြင်းကို အတင်းတောင်းဆိုပြီး ကောင်းသောသူများကို ကွယ်ကာရန်အတွက် ဆန္ဒရှိလေ ဖြစ်ကြလိမ့်မည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ယခု ဤအခြေအနေတွင် သင်က “အိုး၊ အဲဒီမကောင်းဆိုးဝါးတွေကို ငါ တကယ်ကို ကျေးဇူးတင်ရမယ်။ ငါ့အပေါ် သူတို့ရဲ့ မမျှတတဲ့ ဆက်ဆံမှု၊ ခွဲခြားဆက်ဆံမှု၊ စော်ကားမှုနဲ့ ဖိနှိပ်မှုတို့အတွက် သူတို့ကို ငါ ကျေးဇူးတင်ရမယ်။ ဘုရားရှေ့မှောက်ကို ငါ့ကို အတင်းလာခိုင်းတာ၊ လောကီ ဒါမှမဟုတ် ဒီလူတွေကြားက ဘဝကို နောက်ထပ် စွဲလမ်းတောင့်တ မနေအောင် လုပ်တာ၊ ဘုရားအိမ်တော်ကို လိုလိုလားလား လာဖို့၊ ဘုရားသခင်ရဲ့ ရှေ့မှောက်ကို လာဖို့၊ ကိုယ့်ကိုယ်ကိုယ် ဘုရားအတွက် လိုလိုလားလား အသုံးတော်ခံဖို့၊ ငါ့ရဲ့ ဘဝတစ်ခုလုံးကို ဆက်ကပ်ဖို့၊ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်ပြီး ဆိုးယုတ်တဲ့လူတွေနဲ့ နောက်ထပ် မပေါင်းတော့ဖို့၊ လိုလားအောင် လုပ်တာက သူတို့ရဲ့ မကောင်းမှုတွေနဲ့ ငါ့အပေါ် ပေးတဲ့ ဒုက္ခတွေပဲ။ ဒါမှမဟုတ်ရင် ငါက လောကီရေပန်းစားမှုတွေနောက်ကို လိုက်ပြီး ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဘဝကောင်းကောင်း၊ ဇာတိပကတိရဲ့ ပျော်ရွှင်မှုတွေနဲ့ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို လိုက်စားရင်း သူတို့လိုပဲ ဖြစ်နေဦးမှာ။ အခုတော့ ငါက ဘုရားသခင်ကို ယုံကြည်လို့ ဒီလိုကွေ့ကောက်တဲ့ လမ်းကြောင်းကို လျှောက်ဖို့ မလိုတော့ဘူး။ သူတို့ကို ရန်လိုစိတ်နဲ့ ငါမကြည့်တော့ဘူး။ သူတို့က အမြဲတမ်း ဘယ်သူတွေ ဖြစ်နေခဲ့လဲဆိုတာကို ငါမြင်ရပြီ။ သူတို့က အစေခံမှုပေးဖို့ ရှိနေကြတာ။ သူတို့က ဘုရားအမှုတော်အတွက် အဖြည့်ခံတွေပဲ။ သူတို့ မရှိဘဲနဲ့ ဒီလောကနဲ့ ဒီလူသားမျိုးနွယ်ရဲ့ အနှစ်သာရက ဘာလဲဆိုတာကို ငါအတိအကျ မြင်နိုင်မှာ မဟုတ်ဘူး။ ဒီလောကနဲ့ ဒီလူသားမျိုးနွယ်က ပိုပိုပြီး နှစ်သက်ပျော်ရွှင်စရာ ကောင်းတယ်လို့ ထင်နေမိဦးမှာပဲ။ ဒီဆင်းရဲဒုက္ခကို အခု ငါ ကြုံရပြီးပြီဆိုတော့ ငါ့ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေနဲ့ မျှော်လင့်ချက်တွေကို ဒီလောကမှာ၊ ဒါမှမဟုတ် ကြီးမြတ်တဲ့ ဘယ်သူမဆိုရဲ့ လက်ထဲမှာ ထားတော့မှာ မဟုတ်ဘူး။ အဲဒီအစား ဘုရားနိုင်ငံတော်တည်လာဖို့နဲ့ ဘုရားသခင်ရဲ့ တရားမျှတမှုနဲ့ ဖြောင့်မတ်ခြင်းတို့ ထိန်းချုပ်ဖို့ကိုသာ ငါမျှော်လင့်မိတယ်”ဟု တွေးဆလေသည်။ ဤသို့ ချင့်ချိန်စဉ်းစားခြင်းအားဖြင့် သင်၏ အမုန်းတရားနှင့် ဒေါသ စိတ်ခံစားချက်များသည် တဖြည်းဖြည်း လျော့ပါးသွားသည် မဟုတ်လော။ (လျော့ပါးသွားပါသည်။) ထိုအရာများ လျော့ပါးသွား၏။ ပြီးလျှင် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ စိတ်နှလုံးအတွင်းရှိ ရှုထောင့်အမြင်များနှင့် ရှုမြင်ချက်များသည် အပြောင်းအလဲတစ်ခု ကြုံရပြီ မဟုတ်လော။ ဤအရာက အနာဂတ်တွင် သင် လျှောက်လှမ်းမည့် လမ်းကြောင်း၊ သင်၏ ရွေးချယ်မှုများနှင့် သင်၏ ရည်မှန်းချက်များသည် တဖြည်းဖြည်း အပြောင်းအလဲတစ်ခုကို ကြုံနေရကြောင်းနှင့် သင်သည် မှန်ကန်သည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့ကို လိုက်စားခြင်းဆီသို့ တဖြည်းဖြည်း ပြောင်းလဲနေကြောင်း ညွှန်ပြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ စိတ်နှလုံးကို ကြေကွဲစေသည့် အတိတ်က ဖြစ်ပျက်ခဲ့သော အရာများနှင့် သင့်အား လောကကို မုန်းတီးစေသည့် အရာများကို သင် အမှတ်ရလေသည်။ ထိုအရာများ၏ အဓိပ္ပာယ်နှင့် အနှစ်သာရကို သင် ရှင်းလင်းစွာ မြင်ပြီးသည်နှင့် သင်၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ကျေးဇူးတင်ရှိခြင်းနှင့်ပြည့်လာသည်။ ကျေးဇူးတင်ရှိခြင်းဖြင့် သင် ပြည့်လာသည့်အခါ ထိုအရာကို မွေ့လျော်ခြင်းတွင် သင် နစ်မြုပ်သွားသည် မဟုတ်လော။ ထိုအခါ သင်က “ဘုရားသခင်ကို မယုံကြည်တဲ့ ဘာသာတရားမရှိသူတွေက စာတန်ဖြစ်သည့် နတ်ဆိုးမင်းကိုယ်တိုင်ရဲ့ အထင်အမြင်မှားအောင် လုပ်တာ၊ ဒုက္ခပေးတာ၊ ဝါးမျိုတာတို့ကို ခံနေကြရတုန်းပဲ။ အရမ်းကို သနားစရာပါပဲ။ ဘုရားသခင်ကို ငါ ယုံကြည်ပြီး ဘုရားရှေ့မှောက်ကို မလာခဲ့ရင် လောကီကို လိုက်စားရင်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတို့ကို ရရှိဖို့ ကြိုးစားရင်း ဟိုဟိုဒီဒီ ပြေးလွှားရင်း၊ အရမ်းများတဲ့ ဆင်းရဲဒုက္ခတွေကို ဖြတ်သန်းရင်း လမ်းကြောင်းပြောင်းဖို့ လုံးဝကို မတွေးမိကြတဲ့ သူတို့လိုမျိုးသာ ငါဖြစ်မှာပဲ။ မရှောင်လွှဲနိုင်တဲ့ အပြစ်မှာ ငါ နစ်မြုပ်မှာ။ ဝမ်းနည်းစရာကြီးပဲ။ အခု ဘုရားသခင်ကို ငါယုံကြည်တယ်။ သမ္မာတရားကို နားလည်ပြီး ဒီကိစ္စကို ရိပ်စားမိနိုင်တယ်။ လူတို့ လိုက်လျှောက်သင့်တဲ့ လမ်းကြောင်းက သမ္မာတရားကို လိုက်စားတာပဲ။ ဒါဟာ အဖိုးအတန်ဆုံး၊ အဓိပ္ပာယ်အရှိဆုံးပဲ။ အခု အဲဒီဆင်းရဲဒုက္ခကို ငါ ကြုံစရာမလိုတော့အောင် ဘုရားသခင်က ငါ့ကို ဒီလိုမျိုး ကြင်နာမှုကို ပြသပြီးတဲ့အတွက် ငါဟာ ဘုရားသခင်နောက်ကို အဆုံးအထိ လိုက်ဖို့၊ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို နားထောင်ဖို့၊ သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ အသက်ရှင်နေထိုင်ဖို့နဲ့ လူသားတစ်ယောက်လိုမျိုး လုံးဝ အသက်မရှင်နေခဲ့တဲ့ အရင်တုန်းကပုံစံမျိုး ငါအသက်မရှင်တော့ဖို့ စိတ်ပိုင်းဖြတ်ချက်ကို ချမှတ်မယ်”ဟု တွေးသည် မဟုတ်လော။ သင် မြင်သည့်အတိုင်း ဤကောင်းမွန်သည့် ရည်မှန်းချက် ပေါ်ပေါက်လေပြီ ဟုတ်သလော။ လူတို့၏ အတွေးများနှင့် အသိအတွင်းတွင် မှန်ကန်သည့် ရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်တို့သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ မဟုတ်လော။ ပြီးလျှင် ယခုတွင် ၎င်းတို့သည် ဘဝ၌ မှန်ကန်သည့် လမ်းကြောင်းပေါ် တက်ရောက်နိုင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤအပြုသဘောဆောင်သည့် ခံစားချက်များနှင့် ပြင်းပြသည့် စိတ်ဆန္ဒတို့ ပေါ်ပေါက်သည့်အခါ ထိုအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို တွေးရန် လိုအပ်သေးသလော။ ထိုအရာများကို အတန်ကြာ သေချာစဉ်းစားပြီးနောက် သို့မဟုတ် သင် နားလည်သည်အထိ ထိုအရာများကို အကြိမ်အတော်များများ အချိန်ယူ စဉ်းစားပြီးနောက်တွင် ဤကိစ္စများက သင်၏ စိတ်ကို မနှောင့်ယှက်တော့သည့်အခါ သို့မဟုတ် ထိုအချိန် သင် လျှောက်သည့် လမ်းကြောင်းကို မထိန်းချုပ်တော့သည့်အခါ သင်သည် အမုန်းတရား၊ ဒေါသတို့နှင့်ဆိုင်သည့် ဤစိတ်ခံစားချက်များကို သတိမပြုမိဘဲ လက်လွှတ်လေသည်။ ထိုအရာများက သင်၏ စိတ်နှလုံးကို နေရာမယူတော့သကဲ့သို့ အချိန်ကြာသည်နှင့်အမျှ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ပြဿနာကို သင် ဖြေရှင်းလေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်း ကိစ္စသည် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်သလော။ (ဆက်နွှယ်ပါသည်။) ယင်းမှာ သင်သည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် တက်ရောက်ပြီးဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ မှန်ကန်သည့် လမ်းကြောင်းပေါ် တက်ရောက်ရန် မခက်ပေ။ ပထမဦးစွာ လောက၊ အကြင်သူ၏ လူ့သဘာဝနှင့် လူသားမျိုးနွယ်အပေါ် အမှန်တရားများနှင့် မကိုက်ညီသည့် သင်၏ အမျိုးမျိုးသော အမြင်များအားလုံးကို လက်လွှတ်ရမည်။ အမှန်တရားနှင့် မကိုက်ညီသည့် ဤအမြင်များကို သင် မည်သို့ ရှင်းလင်းစွာ မြင်နိုင်သနည်း။ ထိုအရာများကို မည်သို့ သင် ဖြေရှင်းနိုင်သနည်း။ အမှန်တရားနှင့် မကိုက်ညီသည့် ဤအမြင်များသည် သင့်စိတ်နှလုံး၏ စိတ်ခံစားချက်များအတွင်းတွင် တည်နေပြီး ယင်းတို့သည် သင့်လူ့သဘာဝ၏ အကဲဖြတ်ခြင်းနှင့် အတွေးတို့သာမက သင်၏ အကျင့်စရိုက်၊ သင်၏ စကားနှင့် လုပ်ရပ်များအပြင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ဧကန်အမှန် ညွှန်ကြားလေသည်။ သာ၍ အရေးကြီးသည်မှာ ထိုအရာများက ဘဝတွင် သင်၏ ရည်မှန်းချက်များနှင့် သင် လျှောက်သည့် လမ်းကြောင်းတို့ကို ညွှန်ကြားကာ လွှမ်းမိုးလေသည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအားလုံးကို လက်လွှတ်ပြီး သင့်အပေါ် ထိန်းချုပ်သည့် ခံစားချက်များ အားလုံးကို လက်လွှတ်လော့။ ဤသည်မှာ သမ္မာတရားကို လိုက်စားရာတွင် သင် လက်တွေ့လုပ်ဆောင်သင့်သည့် ပထမဆုံး အဆင့်ဖြစ်သည်။ ပထမဦးစွာ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များနှင့် ဆိုင်သော ပြဿနာကို ဖြေရှင်းလော့။ ထိုအရာများကို သင် ရှာဖွေတွေ့ရှိသည်နှင့်အမျှ ဖြေရှင်းပြီး မည်သည့် ပြဿနာကိုမျှ နောက်ချန်မထားနှင့်။ ဤပြဿနာများ ပြေလည်သွားသည့်အခါ သင်သည် သမ္မာတရားကို သင်၏ လိုက်စားမှုတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သယ်ဆောင်ရင်း ချုပ်နှောင်ခံရတော့မည် မဟုတ်သကဲ့သို့ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ကာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြသည့်အခါ ဖြေရှင်းနိုင်လိမ့်မည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသောအရာတစ်ခု ဖြစ်သလော။ အမှန်တကယ် ထိုသို့ မလွယ်ကူပေ။

ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ငါ မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးနေစဉ်တွင် ငါ ပြောသည့်အရာကို သင်တို့အတွက် သင်တို့ အသုံးပြုကြပြီးပြီလော။ လူအချို့က “ကျွန်တော်က ငယ်ပြီး ဘဝအတွေ့အကြုံ အဲဒီလောက် မရှိဘူး။ ဘယ်ဆုတ်ဆိုင်းမှု၊ ဒါမှမဟုတ် ကျရှုံးမှုတွေကိုမှ ကျွန်တော် မကြုံရသေးဘူး။ ဒါမှမဟုတ် ဘယ်စိတ်ဒဏ်ရာမှလည်း မတွေ့ကြုံရသေးဘူး။ ဒါဟာ ကျွန်တော့်မှာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက် တစ်ခုမှ မရှိဘူးဆိုတဲ့ သဘော မဟုတ်လား”ဟု ဆိုကြသည်။ လူတိုင်းက ထိုအပျက်သဘောဆောင်သော စိတ်ခံစားချက်များ ရှိကြသည်။ လူတိုင်းသည် အခက်အခဲများစွာ ကြုံရလိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်နိုင်ခြေရှိလိမ့်မည်။ ဥပမာအားဖြင့် ဤခေတ်ရှိ လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ရေပန်းစားမှုများနှင့်ဆိုင်သည့် နောက်ခံကြောင့် ကလေးသူငယ်များစွာသည် တစ်ခုလပ် မိဘများ၏ အိမ်ထောင်စုများတွင် ကြီးပြင်းလာကြရသည်။ အချို့မှာ မိခင်မေတ္တာ မခံစားရ၊ အချို့မှာ ဖခင်မေတ္တာ မခံစားရပေ။ လူတစ်ယောက်သည် မိခင် သို့မဟုတ် ဖခင်၏ ချစ်ခြင်းမေတ္တာ မခံစားရဘဲရှိပါက တစ်စုံတစ်ရာ လိုနေသည်ဟု ၎င်းတို့ကို ယူဆ၍ ရသည်။ သင်၏ ဖခင် သို့မဟုတ် မိခင်၏ မေတ္တာကို သင် ဆုံးရှုံးရသည့် မည်သည့် အသက်အရွယ်တွင်မဆို သာမန်လူ့သဘာဝ ရှုထောင့်မှကြည့်လျှင် ထိုအရာက သင့်အပေါ် အတိုင်းအတာ အနည်းနှင့် အများ သက်ရောက်မှုရှိလိမ့်မည်။ လူအချို့သည် မိမိဘာသာ သီးသန့်နေကြလိမ့်မည်။ အချို့မှာ သိမ်ငယ်မှုခံစားရလိမ့်မည်။ အချို့မှာ စိတ်ကသိကအောက် ဖြစ်လာလိမ့်မည်။ အချို့မှာ စိတ်မအေးခြင်းနှင့် မလုံခြုံမှု ခံစားချက်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး အချို့မှာ ဆန့်ကျင်ဘက် လိင်ကို ခွဲခြားဆက်ဆံကာ ရှောင်ရှားလိမ့်မည်။ မည်သို့ဆိုစေ ဤအထူးအခြေအနေတွင် ကြီးပြင်းကြသူများသည် အတိုင်းအတာ အနည်းနှင့် အများမဆို မိမိတို့၏ သာမန် လူ့သဘာဝအတွင်း၌ မူမမှန်မှုအချို့ ဖြစ်ပေါ်ကြလိမ့်မည် ဖြစ်သည်။ ခေတ်သစ် စကားအရ ၎င်းတို့သည် အနည်းငယ် လွဲချော်နေကြသည်။ ဥပမာအားဖြင့် ဖခင်မေတ္တာ မခံစားရဘဲ ကြီးပြင်းသည့် မိန်းကလေးများသည် အမျိုးသားများနှင့် ပတ်သက်လာသည့်အခါ အတော်အတန် အတွေ့အကြုံမရှိ ဖြစ်လိမ့်မည်။ ငယ်သည့် အရွယ်မှစ၍ မိမိတို့ကိုယ်ပိုင် အခြေခံလိုအပ်ချက်များအား မည်သို့ တာဝန်ယူဖြည့်ဆည်းရမည်ကို ၎င်းတို့ သင်ယူရမည်ဖြစ်ပြီး ၎င်းတို့၏ မိခင်များ လုပ်ဆောင်ကြသည့်အတိုင်းပင် အမှုအရာများအတွက် မည်သို့ စိုးရိမ်ပူပန်ပြီး တာဝန်ယူရမည် သို့မဟုတ် မိမိတို့ကိုယ်ကို၊ မိမိတို့၏ မိခင်များနှင့် မိသားစုများကို မည်သို့ ကာကွယ်ရမည်ဆိုသည်ကို စောစီးစွာ အမှတ်တမဲ့ သင်ယူရင်း မိသားစု ငွေကြေးနှင့်ဆိုင်သော လေးလံသည့် ဝန်ထုပ်နှင့် ဆောင်ရွက်ရန် လိုအပ်သည့် အမျိုးမျိုးသော အလုပ်တာဝန်များကိုပင် တာဝန်ယူရလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကွယ်ကာခြင်းနှင့် စပ်လျဉ်း၍ အားကောင်းသော အသိစိတ်မရှိကြဘဲ အားကောင်းသည့် သိမ်ငယ်စိတ်များ ရှိကြလိမ့်မည်။ ထိုအရာကို မသိဘဲနှင့် ဤအထူးအခြေအနေတွင် ၎င်းတို့ ကြီးပြင်းသည်နှင့် တစ်ပြိုင်နက် ၎င်းတို့တွင် ချို့တဲ့မှုအချို့ ရှိသည့်အလား မိမိတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် မရည်ရွယ်ဘဲ ခံစားမိကြလိမ့်မည်ဖြစ်ပြီး ဤခံစားချက်က အတိတ်ကာလရှိ ၎င်းတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း သို့မဟုတ် ဆုံးဖြတ်ချက်တို့ကို ပြင်းထန်စွာ ထိခိုက်ဖူးသည်ဖြစ်စေ၊ မထိခိုက်ဖူးသည်ဖြစ်စေ ၎င်းတို့တွင် ရှိသည့် ခံစားချက် ဖြစ်သည်။ တိုတိုပြောရလျှင် လူတစ်ဦးသည် အပြည့်အဝ အရွယ်ရောက်သည်နှင့် ၎င်းတို့၏ အတွေးများကို ညွှန်ကြားသည့် အချိန်ကြာမြင့်စွာ ရှိပြီးဖြစ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်အချို့ ရှိလိမ့်မည် ဖြစ်ပြီး ထိုအရာများ ရှိခြင်းအတွက် အမြဲ အကြောင်းရင်းတစ်ခု ရှိလေသည်။ ဥပမာအားဖြင့် တစ်ခုလပ်မိဘ၏ အိမ်ထောင်စုတွင် ကြီးပြင်းသော သားယောက်ျားလေးအချို့သည် ဖခင်မရှိဘဲ မိခင်တစ်ဦးတည်းသာရှိပါက ၎င်းတို့၏ မိခင်နှင့်အတူ အိမ်မှုကိစ္စများအား မည်သို့ တာဝန်ယူရမည်ဆိုသည်ကို အသက်အရွယ် အစောပိုင်းကတည်းက သင်ယူမိကြသည်။ ၎င်းတို့၏ အကျင့်စရိုက်များက အတော်အတန် မိခင်သဘော ဆန်လာလေသည်။ ၎င်းတို့သည် မိန်းကလေးများ စောင့်ရှောက်ရသည်ကို နှစ်သက်ပျော်မွေ့ပြီး ၎င်းတို့ကို စာနာကြသည်။ မိန်းကလေးများအပေါ် လက်ခံကြိုဆိုပြီး အမျိုးသမီးများကို ကာကွယ်ပေးရသည်ကို မွေ့လျော်ကာ အမျိုးသားများအပေါ် အတော်အတန် အာဃာတ ထားတတ်ကြလေသည်။ အမျိုးသားများအားလုံးသည် တာဝန်မဲ့ပြီး တာဝန်မသိတတ်ကြောင်းနှင့် မှန်ကန်ပြီး သင့်လျော်သည့်အရာကို ၎င်းတို့ မလုပ်ဆောင်ကြကြောင်း ယုံကြည်လျက် စိတ်ထဲတွင် အမျိုးသားများကို သဘောမကျသကဲ့သို့ မနှစ်မြို့မှုမျိုး ရေးရေးမျှကိုပင် ခံစားသူအချို့ ရှိသည်။ ဤလူများထဲတွင် အတော်လေး ပုံမှန်ဖြစ်သည့်သူ အချို့ရှိသည်မှာ အမှန် ဖြစ်သည်။ သို့ရာတွင် အမျိုးသား သို့မဟုတ် အမျိုးသမီးများနှင့် ပတ်သက်၍ သီးခြားဖြစ်သော၊ လက်တွေ့မကျသော သို့မဟုတ် မသင့်လျော်သော အတွေးအချို့ရှိကြသူ အချို့ ရှိလိမ့်မည်မှာ ရှောင်လွှဲမရသကဲ့သို့ ဤသူများအားလုံးသည် မိမိတို့ လူ့သဘာဝထဲ၌ ချို့တဲ့မှုများနှင့် ပြစ်ချက်များ ရှိကြပေသည်။ သင်သည် ဤသို့သော ပြဿနာတစ်ခုရှိသည်ကို တစ်စုံတစ်ဦးက သိပြီး သင့်ကို ထောက်ပြပါက သို့မဟုတ် သင်သည် မိမိကိုယ်ကို ဆန်းစစ်ခြင်းမှတစ်ဆင့် မိမိကိုယ်တိုင်တွင် ဤဆိုးရွားသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်မျိုးရှိကြောင်းနှင့် ထိုအရာက လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် သင် ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံတွင် သင်၏ ရွေးချယ်မှုများနှင့် လက်တွေ့လုပ်ဆောင်မှုကို ထိခိုက်နေနှင့်ကြောင်း သင် ရှာဖွေတွေ့ရှိကာ သိရှိလာပါက သင်သည် မိမိကိုယ်ကို သုံးသပ်ကာ သိရှိသင့်ပေသည်။ ဘုရားနှုတ်ကပတ်တော်များအရ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သင် ပိုင်းခြားသိမြင်ကာ ဖြေရှင်းသင့်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်၏ အချည်အနှောင်များ၊ ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုတို့ကို စွန့်ပယ်ရန် သင် ကြိုးပမ်းသင့်သည်။ သင့် လူ့သဘာဝ၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ဝမ်းမြောက်ခြင်း၊ အတွေး၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အစွန်းရောက်လျက် သို့မဟုတ် ယင်းတို့၏ အကန့်အသတ်များကို ကျော်လွန်လျက် ပုံပျက်လာခြင်းမှ တားဆီးရန် ကြိုးစားသင့်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ဤအရာများကို ဖြစ်ပျက်ခြင်းမှ တားဆီးရန် သင် ကြိုးပမ်းပြီးသည်နှင့် သာမန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့်၊ ပြီးလျှင် လူကို ဘုရားသခင် ပေးပြီးသော သာမန် လူ့သဘာဝ၏ ဗီဇများနှင့် လွတ်လပ်သော အလိုဆန္ဒရှိသည့် ပုံမှန်ဘဝတစ်ခုကို သင် အသက်ရှင်နိုင်လိမ့်မည်။ ဆိုလိုသည်မှာ သင်သည် သင်၏ အတွေးများ၊ ဗီဇများ၊ လွတ်လပ်သော အလိုဆန္ဒ၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ဘုရားသခင် ပြဋ္ဌာန်းထားသည့် သာမန်လူ့သဘာဝ နယ်ပယ်အတွင်းရှိ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ထိန်းသိမ်းရန် သင် ကြိုးပမ်းလေသည်။ ထို့ကြောင့် မည်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်က သင့်ကို ထိန်းချုပ်နေသည်ဖြစ်စေ၊ သင်သည် သင်၏ ထိုသာမန်လူ့သဘာဝ၏ သွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိပေသည်။ ဤအရာကို သင် နားလည်သည် ဟုတ်သလော။ (ဟုတ်ပါသည်။)

လူတို့၏ သမ္မာတရား လိုက်စားမှုကို လူ့သဘာဝ၏ ပုံမှန်အသိစိတ်၊ ဆင်ခြင်တုံတရား၊ ဗီဇ၊ လွတ်လပ်သော အလိုဆန္ဒတို့နှင့် ပုံမှန်လူ့သဘာဝ၏ လွတ်လပ်သော စိတ်ဆန္ဒအပြင် ပုံမှန် လူသား စိတ်ခံစားမှုအမျိုးမျိုးအရ စွမ်းဆောင်ရရှိပေသည်။ သင် မြင်သလော၊ လူကို ဘုရားသခင် ပေးထားသည့် သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင် အစွန်းရောက်သောအရာ တစ်ခုမျှမရှိ၊ လွန်ကဲသောအရာ တစ်ခုမျှမရှိ၊ လိုရာဆွဲတွေးသောအရာ တစ်ခုမျှ မရှိသကဲ့သို့ ပင်ကိုအရည်အသွေး ခွဲထွက်ခြင်း သို့မဟုတ် သွေဖည်ခြင်း မရှိပေ။ လွန်ကဲခြင်းသည် မည်သို့ ထင်ရှားသနည်း။ သင်သည် အသုံးမကျဟုလည်းကောင်း၊ ဘာမျှမဟုတ်ဟုလည်းကောင်း အမြဲ တွေးခြင်းမှာ လွန်ကဲသည် မဟုတ်လော။ ဤသည်မှာ လက်တွေ့မကျ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အမျိုးသားများကို ကြောင်းကျိုးမမြင်စွာ အထင်ကြီးလွန်းခြင်း၊ အမျိုးသားသည် တော်ကြကြောင်း၊ အမျိုးသားများသည် အမျိုးသမီးများထက် သာ၍ တတ်စွမ်းနိုင်ကြောင်း၊ အမျိုးသမီးများသည် အရည်အချင်းမပြည့်မီကြောင်း၊ အမျိုးသမီးများသည် အသုံးမကျကြကြောင်း၊ ၎င်းတို့သည် အမျိုးသားများလောက် မစွမ်းဆောင်နိုင်ကြောင်းနှင့် ခြုံကြည့်ရလျှင် ၎င်းတို့သည် အမျိုးသားများလောက် မတော်ကြကြောင်း ယုံကြည်ခြင်းမှာ လွန်ကဲသည် မဟုတ်လော။ (လွန်ကဲပါသည်။) အမှုအရာများကို အစွန်းရောက်သည်အထိ သဘောထားခြင်းသည် မည်သို့ ထင်ရှားပါသနည်း။ သင် အလိုအလျောက် စွမ်းဆောင်ရရှိနိုင်သည့် အရာထက် အမြဲ ကျော်လွန်လုပ်ဆောင်လိုခြင်းနှင့် အစဉ်သဖြင့် သင်၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်လုပ်ဆောင်လိုခြင်း ဖြစ်သည်။ လူအချို့က အခြားသူများသည် တစ်ည ငါးနာရီအိပ်ပြီးနောက် တစ်နေ့လုံး ပုံမှန်အတိုင်း ဆက်အလုပ်လုပ်နိုင်ကြသည်ကို မြင်သောကြောင့် ၎င်းတို့က တစ်ညတွင် လေးနာရီကြာ အိပ်ကာ ရက်မည်မျှခံနိုင်သည်ကို ကြည့်ကို ကြည့်ရမည်ဟု ဖြစ်လာသည်။ လူအချို့သည် အခြားသူများက တစ်နေ့ နှစ်နပ်စားပြီး အားအင် အလျှံပယ်ရှိကြကြောင်း၊ တစ်နေ့တာလုံး ဆက်အလုပ်လုပ်နိုင်ကြကြောင်း မြင်ကြသောကြောင့် ၎င်းတို့က တစ်နေ့ တစ်နပ် စားကို စားရမည်ဟု ဖြစ်လာသည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာအတွက် အန္တရာယ်ရှိသည် မဟုတ်လော။ သင် တတ်စွမ်းနိုင်သည်ထက် သာ၍ တတ်စွမ်းနိုင်ပုံပေါ်ရန် အမြဲကြိုးစားခြင်း၏ အကျိုးမှာ အဘယ်နည်း။ သင်သည် မည်သည့်အရာအတွက် ကိုယ့်ဇာတိခန္ဓာဖြင့်ကိုယ် ပြိုင်ဆိုင်နေသနည်း။ အသက် ငါးဆယ်အရွယ် လူအချို့သည် သွားများကျိုးကြပြီး အရိုးများကိုပင် မဝါးနိုင် သို့မဟုတ် ကြံချောင်းကို မကိုက်နိုင်ကြတော့ချေ။ ၎င်းတို့က “မစိုးရိမ်ပါနဲ့။ ငါ့မှာ သွားနှစ်ချောင်း၊ သုံးချောင်းလောက် ကျိုးလို့ရပါတယ်။ ကိစ္စမရှိဘူး။ ဆက်ဝါးနေမှာပဲ။ ဒီအခက်အခဲကို ငါ အောင်မြင်ကျော်လွှားမှရမှာ။ အောင်မြင်ကျော်လွှားဖို့ မကြိုးစားရင် ငါဟာ ပျော့ညံ့ပြီး အသုံးမကျရုံပဲ ရှိတော့တယ်” ဟု ဆိုကြသည်။ ဤသည်မှာ အမှုအရာများကို အစွန်းရောက်သည်အထိ သဘောထားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင် မစွမ်းဆောင် မရရှိနိုင်သည့်အရာနှင့် သင်၏ လူ့သဘာဝက အလိုအလျောက် မရယူနိုင်သည့်အရာကို စွမ်းဆောင် ရရှိရမည်ဟု သင် ခံစားရသည်။ သင်၏ ပါရမီ၊ ဉာဏ်ပညာ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှုတို့ဖြင့် သို့မဟုတ် သင် လေ့လာသင်ယူပြီးသည့် အရာများဖြင့် သို့မဟုတ် သင်၏ အသက်အရွယ်နှင့် လိင်အမျိုးအစားဖြင့် ထိုအရာများကို သင် မရယူနိုင်ပေ။ သို့သော် ထိုအရာများကို သင် မရယူနိုင်သော်လည်း ရယူရမည်ဟု သင် ခံစားနေရဆဲ ဖြစ်သည်။ အမျိုးသမီးအချို့က “ငါတို့ မိန်းမတွေက ယောက်ျားတွေ လုပ်နိုင်တဲ့ အရာကို လုပ်နိုင်တယ်။ ယောက်ျားတွေက အဆောက်အဦးတွေ ဆောက်နိုင်လို့ ငါတို့လည်း ဆောက်နိုင်တယ်။ ယောက်ျားတွေက လေယာဉ်တွေကို မောင်းနိုင်လို့ ငါတို့လည်း မောင်းနိုင်တာပဲ။ ယောက်ျားတွေက လက်ဝှေ့သမားတွေ ဖြစ်နိုင်လို့ ငါတို့လည်း ဖြစ်နိုင်တာပဲ။ ယောက်ျားတွေက ပေါင်နှစ်ရာလေးတဲ့ အိတ်တစ်အိတ်ကို ထမ်းနိုင်လို့ ငါတို့လည်း ထမ်းနိုင်တာပဲ”ဟု ဆိုလျက် မိမိတို့၏ အစွမ်းအစများကို ချဲ့ကားပြောဆိုကြသည်။ သို့ရာတွင် အဆုံး၌ ထိုအရာ၏ ဖိအားကို အလွန်ခံကြရသည်မှာ ၎င်းတို့သည် သွေးများပင် ထွေးထုတ်ကြသည်အထိ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ တတ်နိုင်သည်ထက် သာ၍ တတ်နိုင်သည့်ပုံပေါ်ရန် ကြိုးစားနေကြသေးသလော။ ဤသည်မှာ အစွန်းရောက်သည် မဟုတ်လော။ လွန်ကဲသည် မဟုတ်လော။ ဤသရုပ်သကန်များအားလုံးသည် အစွန်းရောက်ပြီး လွန်ကဲ၏။ အဓိပ္ပာယ်မရှိသည့် လူများသည် ပြဿနာများကို မကြာခဏ စဉ်းစားကာ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဤနည်းဖြင့် ရှုမြင်ကြပြီး ဤသည်မှာ ပြဿနာများကို ၎င်းတို့ ကိုင်တွယ်ကာ ဖြေရှင်းသည့်ပုံစံလည်း ဖြစ်ပေသည်။ ထို့ကြောင့် လူတို့သည် ဤလွန်ကဲသော သရုပ်သကန်များကို ဖြေရှင်းလိုပါက ပထမဦးစွာ ထိုအစွန်းရောက်သည့် အရာများကို ၎င်းတို့ အဆုံးသတ်ပြီး လက်လွှတ်ရမည်။ ဤအရာများထဲမှ အဆိုးရွားဆုံးမှာ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများအတွင်းရှိ အစွန်းရောက်သည့် အမျိုးမျိုးသော စိတ်ခံစားမှုများ ဖြစ်သည်။ အချို့သော အခြေအနေများအောက်တွင် ဤစိတ်ခံစားမှုများက ၎င်းတို့အား အစွန်းရောက်သော အတွေးများ ရှိစေပြီး အစွန်းရောက်သော နည်းလမ်းများ အသုံးပြုစေကာ ထိုသို့ဖြင့် ၎င်းတို့ကို လမ်းလွဲသွားစေသည်။ ဤအစွန်းရောက်သည့် စိတ်ခံစားမှုများသည် လူတို့အား မိုက်မဲသည့်ပုံ၊ မသိနားမလည်ဖြစ်ကာ နုံအသည့်ပုံ ပေါ်စေရုံမက လမ်းလည်းလွဲစေပြီး ဆုံးရှုံးမှုကို ခံစားရစေသည်။ ဘုရားသခင်သည် သမ္မာတရား လိုက်စားသည့် ပုံမှန်လူတစ်ဦးကို လိုချင်သည်။ အဓိပ္ပာယ်မဲ့သောသူ၊ လွန်ကဲပြီး အစွန်းရောက်သောသူအား သမ္မာတရားကို မလိုက်စားစေလိုပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဓိပ္ပာယ်မဲ့ပြီး အစွန်းရောက်သော လူများသည် သမ္မာတရား သိနားလည်နိုင်စွမ်း သက်သက်ကို မဆိုထားနှင့်၊ အမှုအရာများကို မှန်ကန်စွာ သိနားလည်နိုင်စွမ်းပင် မရှိကြချေ။ အစွန်းရောက်ပြီး လွဲချော်တတ်သောလူများသည် သမ္မာတရားကို နားလည်ရန်၊ ချဉ်းကပ်ရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အစွန်းရောက်သည့် နည်းလမ်းများကိုလည်း သုံးကြသည်။ ဤသည်မှာ ၎င်းတို့အတွက် အလွန်အန္တရာယ်များပြီး ဒုက္ခပေးတတ်လေသည်။ ကြီးမားသည့် ဆုံးရှုံးမှုကို ၎င်းတို့ ခံစားလိမ့်မည်ဖြစ်ပြီး ထိုအရာက ဘုရားသခင်ကို ဆိုးရွားစွာ ဂုဏ်အသရေညှိုးစေလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် သင်၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်လုပ်ဆောင်ရန် သို့မဟုတ် အစွန်းရောက်ပြီး လုံးလုံးလျားလျား ဆန်းသစ်သော နည်းလမ်းများ သင် အသုံးပြုရန် ဘုရားသခင်အတွက် မလိုအပ်ပေ။ ထိုအစား ကဏ္ဍအားလုံးတွင် သင်၏ လူ့သဘာဝ ပုံမှန်ဖြစ်သည့် အခြေအနေအများအောက်တွင်လည်းကောင်း၊ သင် နားလည်နိုင်ပြီး စွမ်းဆောင်ရရှိနိုင်သည့် လူ့သဘာဝ နယ်ပယ်အတွင်းတွင်လည်းကောင်း သူသည် သင့်ကို ဘုရားနှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်စေလိုသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေလိုပြီး သူ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းစေချင်သည်။ နောက်ဆုံး ရည်မှန်းချက်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြောင်းလဲရန်၊ သင်၏ အတွေးများနှင့် အမြင်များအားလုံး တဖြည်းဖြည်း ပြုပြင်ကာ ပြောင်းလဲရန်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် သင်၏ သိနားလည်မှုနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာတို့ တိုး၍ နက်သည်ထက် နက်လာကာ ထိုသို့ဖြင့် ဘုရားသခင်အား သင်၏ ကျိုးနွံနာခံခြင်းကို သာ၍ ခိုင်ခံ့ကာ လက်တွေ့ကျစေရန်အတွက် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်းကို သင် ရရှိမည့်နည်းလမ်း ဖြစ်သည်။

အပျက်သဘောဆောင်သည့် စိတ်ခံစားမှု အမျိုးမျိုးကို မည်သို့ လက်လွှတ်ရမည်ဆိုသည့်အပေါ် မိတ်သဟာယ ပြုရန်မှာ ငါ့အတွက် အဓိပ္ပာယ်ရှိသလော။ (ရှိပါသည်။) ထိုသို့လုပ်ဆောင်ရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှု အမျိုးမျိုးသည် အချိန်ကြာမြင့်စွာက ထွက်ပေါ်ခဲ့သည်ဖြစ်စေ၊ ယခု ပစ္စုပ္ပန်ကာလတွင် ထွက်ပေါ်နေကြသည်ဖြစ်စေ သင်သည် ထိုအရာများအတွက် မှန်ကန်သည့် ချဉ်းကပ်မှု ယူနိုင်ရန်၊ မှန်ကန်သည့်နည်းဖြင့် ထိုအရာများကို ပပျောက်စေပြီး ဖြေရှင်းနိုင်ရန်၊ ဤမှားယွင်းသော၊ အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို နောက်ချန်ထားနိုင်ရန်နှင့် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဤအပျက်သဘောဆောင်သည့် ခံစားမှုများထဲ သင် နွံနစ်လာခြင်းမရှိတော့သည် အခြေအနေထိ တဖြည်းဖြည်း ရောက်လာနိုင်ရန်အလို့ငှာ ဖြစ်၏။ အပျက်သဘောဆောင်သော စိတ်ခံစားမှုအမျိုးမျိုး တစ်ဖန် ထွက်ပေါ်သည့်အခါ သင်သည် အသိစိတ်နှင့် ချင့်ချိန်နိုင်စွမ်းရှိလိမ့်မည်၊ သင့်ကို ထိုအရာများက ပေးသည့် ဒုက္ခကို သိလိမ့်မည်ဖြစ်ပြီး ထိုအရာများကိုလည်း သင် တဖြည်းဖြည်း လက်လွှတ်ရမည်မှာ အမှန်ဖြစ်၏။ ဤစိတ်ခံစားမှုများ ထွက်ပေါ်သည့်အခါ မိမိကိုယ်ကို ချုပ်ထိန်းခြင်းကို သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်ပြီး ဉာဏ်ပညာကို အသုံးပြုနိုင်လိမ့်မည်ဖြစ်ကာ ထိုအရာများကို သင်လက်လွှတ်နိုင်လိမ့်မည် သို့မဟုတ် ထိုအရာများကို ဖြေရှင်းပြီး ကိုင်တွယ်ရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ မည်သို့ဆိုစေ မှန်ကန်သည့် နည်းလမ်းများ၊ မှန်ကန်သည့် သဘောထားဖြင့် လူများ၊ အမှုအရာများကို သင် ရှုမြင်ပုံနှင့် သင် ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံတွင်ရှိသည့် မှန်ကန်သည့် ရှုထောင့်တို့အား သင် ခံယူကျင့်သုံးခြင်းကို ထိုအရာများက မထိခိုက်စေသင့်ပေ။ ဤသို့ဖြင့် သမ္မာတရားကို လိုက်စားရာတွင် သင်၏ လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးများနှင့် ပိတ်ဆို့နေသောအရာများသည် ယခင်ထက် တိုး၍ နည်းသွားလိမ့်မည်။ သင်သည် ဘုရားသခင် တောင်းဆိုသည့် သာမန်လူ့သဘာဝ နယ်ပယ်အတွင်းတွင် သမ္မာတရားကို အနှောင့်အယှက်မရှိဘဲ သို့မဟုတ် ယခင်ထက် သာ၍ နည်းပါးသည့် အနှောင့်အယှက်များဖြင့် လိုက်စားနိုင်လိမ့်မည်ဖြစ်ပြီး အခြေအနေမျိုးစုံ၌ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ဖြေရှင်းလိမ့်မည်။ ယခုတွင် သင်တို့သည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှု အမျိုးမျိုးအား ဖြေရှင်းပုံနှင့် စပ်လျဉ်း၍ ရှေ့ဆက်လမ်းတစ်ခု ရှိကြပြီလော။ ပထမဦးစွာ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းနှင့် စပ်လျဉ်း၍ သင့်ကိုယ်သင် ဆန်းစစ်ပြီး ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများက စိတ်ထဲတွင် သင့်ကို လွှမ်းမိုးနေခြင်း ရှိမရှိနှင့် သင်သည် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို လူများနှင့် အမှုအရာများအား သင် ရှုမြင်ပုံနှင့် သင် ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံတို့သို့ ယူဆောင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။ ထို့အပြင် လူများနှင့် အမှုအရာများကို ရှုမြင်ရန်နှင့် ကျင့်ကြံပြုမူကာ လုပ်ဆောင်ရန် မှန်ကန်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုဖို့ သင်၏ အတွင်းကျကျ စိတ်နှလုံးအတွင်းရှိ သင်၏ မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေသော ကိစ္စရပ်များကို ဆန်းစစ်ပြီး သင့်ထံ ဖြစ်ပျက်ပြီးသည့် ဤအရာများသည် အမာရွတ် သို့မဟုတ် အမှတ် တစ်ခုခု ချန်ထားခြင်းရှိမရှိနှင့် သင့်ကို စဉ်ဆက်မပြတ် ထိန်းချုပ်နေခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။ ဤသို့ဖြင့် အတိတ်ကာလတွင် သင် နာကျင်ခံစားရသည့်အခါ ထွက်ပေါ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု အမျိုးမျိုးကို ထုတ်ဖော်တွေ့ရှိရသည့်အခါ ဆက်လက်၍ သင် လုပ်ဆောင်သင့်သည့်အရာမှာ ထိုအရာများကို တစ်ခုပြီးတစ်ခု သမ္မာတရားနှင့်အညီ စိတ်ဖြာလေ့လာဆွေးနွေး၍ ပိုင်းခြားသိမြင်ကာ ဖြေရှင်းရန် ဖြစ်သည်။ ဥပမာအားဖြင့် လူအချို့သည် ခေါင်းဆောင်များ ဖြစ်လာရန် အကြိမ်တော်တော်များများ ရာထူးတိုး ခံရသော်လည်း အကြိမ်တော်တော်များများ အစားထိုးခံရပြီးဖြစ်ကာ သို့မဟုတ် တာဝန်ပြောင်းခြင်း ခံရပြီးဖြစ်ကာ အလွန်အပျက်သဘောဆောင်သော စိတ်ခံစားမှုများက ထိုသူတို့ထံတွင် ထွက်ပေါ်လေသည်။ ရာထူးတိုးခံရပြီးနောက် အကြိမ်ကြိမ် အစားထိုးခံရကာ တာဝန်ပြောင်းခြင်းခံရသည့် ဤဖြစ်စဉ်တစ်လျှောက်တွင် ထိုအရာက အဘယ်ကြောင့် ဖြစ်ပျက်နေသည်ကို ၎င်းတို့ မည်သည့်အခါတွင်မျှ လုံးဝ သဘောမပေါက်ကြသောကြောင့်၊ မိမိတို့ကိုယ်ပိုင် ချို့တဲ့မှုများနှင့် အားနည်းချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် ၎င်းတို့ ကျုးလွန်မိသည့် ပြစ်မှားမှု၏ ဖြစ်ကြောင်းရင်းမြစ်က မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို ၎င်းတို့ လုံးဝ မသိကြချေ။ ၎င်းတို့သည် ဤပြဿနာများကို မည်သည့်အခါတွင်မျှ မဖြေရှင်းကြသကဲ့သို့ ၎င်းတို့ စိတ်အတွင်းနက်နက်တွင် ထင်မြင်ချက်တစ်ခု ကျန်ရှိပြီး ၎င်းတို့က “ဒါက ဘုရားအိမ်တော်က လူတွေကို အသုံးပြုတဲ့ပုံစံပဲ။ ခင်ဗျားက အသုံးပြုခံနေတဲ့အချိန်မှာ ချီးမြှင့်တာခံနေရတယ်။ ပြီးတော့ အသုံးပြုမခံနေရတဲ့အချိန်မှာ ထုတ်ပယ်တာခံရတယ်” ဟု တွေးကြ၏။ ဤခံစားချက်မျိုး ရှိသည့်လူတို့သည် လူမှုအဖွဲ့အစည်းတွင် ရင်ဖွင့်နိုင်သည့် နေရာတစ်ခု ရှိကောင်းရှိနိုင်သော်လည်း ဘုရားအိမ်တော်တွင် ရင်ဖွင့်နိုင်သည့် နေရာမရှိ၊ ရင်ဖွင့်ရမည့် နည်းလမ်း မရှိသကဲ့သို့ ရင်ဖွင့်ရမည့် ပတ်ဝန်းကျင်မရှိဟု သင် ခံစားရသောကြောင့် သင် လုပ်နိုင်သမျှမှာ မျိုသိပ်လိုက်ဖို့ ဖြစ်သည်။ ဤမျိုသိပ်ခြင်းသည် စစ်မှန်သည့် လက်လွှတ်ခြင်း မဟုတ်ဘဲ ထို့ထက် ထိုအရာကို သင်၏ စိတ်နှလုံး နက်ရှိုင်းရာထဲ၌ မြှုပ်နှံလိုက်ခြင်း ဖြစ်သည်။ တစ်နေ့တွင် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်မည်ဖြစ်ပြီး ဤသည်ကို ညီအစ်ကို မောင်နှမများက မြင်ကြပါက သူတို့က ၎င်းတို့ကို ခေါင်းဆောင်အဖြစ် တစ်ဖန် ရွေးချယ်ကြလိမ့်မည်ဟု စဉ်းစားကြသည့် လူအချို့ရှိ၏။ မိမိတို့တာဝန်ကို တိတ်ဆိတ်စွာ ဆက်လုပ်ဆောင်ပြီး တစ်ဖန် ခေါင်းဆောင် မဖြစ်ချင်တော့သည့် လူအချို့လည်းရှိကာ ၎င်းတို့က “ကျွန်‌တော့်ကို ဘယ်သူကပဲ ရာထူးတိုးပေးပါစေ ကျွန်တော် ခေါင်းဆောင်လုပ်မှာ မဟုတ်ဘူး။ ကျွန်တော် သိက္ခာကျတာ မခံနိုင်ဘူး။ အဲဒီနာကျင်မှုကိုလည်း မခံနိုင်ဘူး။ ဘယ်သူက ခေါင်းဆောင်ဖြစ်ပါစေ၊ ဘယ်သူက အစားထိုးခံရပါစေ ကျွန်တော်နဲ့ မပတ်သက်ဘူး။ ကျွန်တော်ကတော့ ခေါင်းဆောင်ထပ်လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် အစားထိုးခံရတာက ဖြစ်လာတဲ့ ဝေဖန်ထိုးနှက်ခံရတဲ့ နာကျင်မှုနဲ့ ခံစားချက်တို့ကို သည်းညည်းခံဖို့ လိုမှာ မဟုတ်ဘူး။ ကျွန်တော့်အလုပ်ကိုပဲ ကျွန်တော် ကောင်းကောင်း လုပ်ပြီး ဒီတာဝန်ကို ယူပါမယ်။ ကျွန်တော့်အတွက် ဘယ်ပန်းတိုင်နဲ့ အဆုံးသတ်တို့က စောင့်နေတယ်ဆိုတာကတော့ ဘုရားလက်ထဲကို လွှဲလိုက်တယ်။ ဒါကတော့ ဘုရားသခင်ရဲ့ သဘောအတိုင်းပါပဲ”ဟု ဆိုကြလေသည်။ ဤသည်မှာ မည်သည့် စိတ်ခံစားမှုမျိုး ဖြစ်သနည်း။ သိမ်ငယ်မှု ဖြစ်သည်ဟု ဆိုရန်မှာ အပြည့်အဝ မှန်ကန်တိကျခြင်း မရှိပေ။ စိတ်ဓာတ်ကျခြင်းဟု ခေါ်ခြင်းသည် သင့်လျော်သည်ဟု ငါထင်သည်။ စိတ်ဓာတ်ကျခြင်း၊ စိတ်မချမ်းမြေ့ခြင်း၊ မပွင့်လင်းခြင်းနှင့် အလိုဆန္ဒချုပ်တည်းခြင်း ဖြစ်သည်။ ၎င်းတို့က၊ “ဘုရားအိမ်တော်က တရားမျှတမှုကို ထိန်းသိမ်းတဲ့နေရာ ဖြစ်တာတောင် ငါက ခဏခဏဆိုသလို ရာထူးတိုးခံရလိုက်၊ အစားထိုးခံရလိုက် ဖြစ်နေတယ်။ မတရားသဖြင့် ခံရတယ်လို့ ငါခံစားရတယ်။ ဒါပေမဲ့လည်း ငြင်းခုံဖို့ နည်းလမ်းမရှိတော့ ကျိုးနွံနာခံရုံပဲ ရှိတာပေါ့။ ဒါက ဘုရားအိမ်တော်လေ။ ဘယ်မှာများသွားပြီး ငါ့ကိစ္စကို ငြင်းခုံကန့်ကွက်လို့ ရနိုင်မှာလဲ။ ငါလည်း ဒီလိုမျိုး နေသားကျနေပါပြီ။ ကမ္ဘာပေါ်က လူတစ်ယောက်မှ ငါ့ကို အထင်မကြီးကြဘူး။ ဘုရားအိမ်တော်မှာလည်း ဒီလိုပါပဲ။ အနာဂတ်မှာ ကိစ္စတွေ ဘယ်လိုဖြစ်မလဲဆိုတာကို မတွေးတော့ရုံပေါ့”ဟု စဉ်းစားကြသည်။ တစ်နေ့လုံး ၎င်းတို့သည် စိတ်မကောင်း ဖြစ်နေကြသည်။ မည်သည့်အရာကိုမျှ စိတ်မဝင်စားနိုင်ကြ၊ ၎င်းတို့ လုပ်သမျှအရာရာကို အိုးနင်းခွက်နင်းဖြင့် ပြီးသွားကြသည်။ ၎င်းတို့ လုပ်နိုင်သည့်အရာ အနည်းငယ်ကို ၎င်းတို့ လုပ်ဆောင်ကြပြီး အခြား မည်သည့်အရာကိုမျှ မလုပ်ကြချေ။ ၎င်းတို့ စာလေ့လာခြင်းမရှိ၊ အားထုတ်မှု မလုပ်၊ မည်သည့်အရာကိုမျှ နက်ရှိုင်းစွာ မစဉ်းစားကြသကဲ့သို့ အဖိုးအခပေးရန် မလိုမလား ဖြစ်နေကြလေသည်။ အဆုံးတွင် ၎င်းတို့သည် အလွန် မြန်ဆန်စွာ အားအင်ကုန်ခမ်းသွားကြသည်၊ အစတွင် ၎င်းတို့ရှိခဲ့သည့် စိတ်ထက်သန်မှု လျော့ပါးသွားသည်။ မည်သည့်အရာကမျှ ၎င်းတို့နှင့် ပတ်သက်ခြင်းမရှိဟု ၎င်းတို့ တွေးကြပြီး ယခင်ကဖြစ်ခဲ့သည့် ၎င်းတို့၏ ဖြစ်ခြင်းသည် သေဆုံးသွားပြီဖြစ်သည်။ ဤသည်မှာ စိတ်မချမ်းမြေ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးက ၎င်းတို့ကို “အစားထိုးခံရတာနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုခံစားရလဲ”ဟု မေးသည်။ ၎င်းတို့က “အင်း၊ ကျွန်တော့် အစွမ်းအစက ညံ့ဖျင်းတယ်။ ကျွန်တော် ဘယ်လိုခံစားသင့်လဲ။ ကျွန်တော် နားမလည်ပါဘူး”ဟု ဖြေကြသည်။ ပြီးလျှင် အခြားသောလူက “ခေါင်းဆောင်အနေနဲ့ နောက်တစ်ခါ အရွေးခံရမယ်ဆိုရင် ခင်ဗျား ခေါင်းဆောင်လုပ်ချင်မလား”ဟု ၎င်းတို့ကို မေးကြသည်။ ပြီးလျှင် ၎င်းတို့က “အို၊ ဘာအတွက်များ အဲဒါကို လုပ်ချင်ရမှာလဲ။ လက်တွေ့မကျဘူး။ ကျွန်တော့်အစွမ်းအစက ညံ့ဖျင်းတယ်။ ပြီးတော့ ဘုရားရဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင် ကျွန်တော် မလုပ်နိုင်ဘူး” ဟု ပြန်ဖြေကြသည်။ ၎င်းတို့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး လက်လျှော့ပြီးဖြစ်သည်ဟု ပြောခြင်းသည် လုံးဝ လက်တွေ့မကျပေ။ ၎င်းတို့သည် အမြဲ စိတ်မကောင်း ဖြစ်ကြသည်၊ စိတ်ဓာတ်ကျကြသည်၊ မပွင့်လင်းကြသကဲ့သို့ စိတ်မချမ်းမြေ့ဖြစ်ကြလေသည်။ မည်သူကိုမျှ မိမိတို့ စိတ်နှလုံးထဲ ရှိသည့်အရာကို ၎င်းတို့ မပြောလိုကြပေ။ ၎င်းတို့ ရင်မဖွင့်ချင်ကြသကဲ့သို့ မိမိတို့ကိုယ်ပိုင် ပြဿနာများ၊ အခက်အခဲများ၊ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းချင်ကြပေ။ ၎င်းတို့သည် ဆက်လက်၍ ရဲရင့်သည့် ဂိုက်ဖမ်းထားလိုက်ကြသည်။ ဤသည်မှာ မည်သည့် စိတ်ခံစားမှုဖြစ်သနည်း။ (စိတ်ဓာတ်ကျခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် “ဘုရားသခင် ခိုင်းသမျှကို ကျွန်တော်လုပ်မယ်။ ပြီးရင် အသင်းတော်က ကျွန်တော့်အတွက် စီစဉ်ပေးသမျှ ဘယ်အလုပ်ကိုမဆို ကျွန်တော် အလုပ်ကြိုးစားမယ်။ ကျွန်တော့်ကို အစွမ်းအစညံ့ဖျင်းအောင် ဖန်ဆင်းထားတဲ့သူက ကျွန်တော်မဟုတ်တဲ့အတွက် အလုပ်ကို ပြီးအောင်မလုပ်နိုင်ရင် ကျွန်တော့်ကို အပြစ်မတင်နဲ့” ဟူသော စိတ်ကူးတစ်ခုကိုလည်း ဖက်တွယ်ကြလေသည်။ စင်စစ်အားဖြင့် ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး စိတ်ပိုင်းဖြတ်ချက်များ ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ စွန့်ခွာမည်မဟုတ်၊ မိမိတို့တာဝန်ကို မည်သည့်အခါတွင်မျှ စွန့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နောက်သို့ အမြဲ လိုက်ကြလိမ့်မည် ဖြစ်သည်။ အသက်ဝင်ရောက်မှုကိုဖြစ်စေ၊ မိမိကိုယ်ကို သုံးသပ်ခြင်းကိုဖြစ်စေ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းအားဖြစ်စေ ၎င်းတို့ အာရုံမစိုက်ကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ ဤသို့ ယုံကြည်ခြင်းအားဖြင့် သမ္မာတရားကို ၎င်းတို့ ရရှိနိုင်သလော။ ဤသည်မှာ ၎င်းတို့အတွက် ဒုက္ခပေးတတ်သည် မဟုတ်လော။ (ဒုက္ခပေးတတ်ပါသည်။) ၎င်းတို့ သေသည်အထိ အရိုက်နှက်ခံရလျှင်ပင် ဘုရားသခင်ကို မယုံကြည်ဟု ပြောရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သို့ရာတွင် အချို့သော သီးသန့် အခြေအနေများကြောင့် သီးသန့် အခြေအနေများနှင့် ဖြစ်စဉ်များကို ၎င်းတို့ ကြုံရပြီးဖြစ်ကာ သီးခြားလူအချို့က အချို့သော အရာများကို ပြောပြီးဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တစ်ဖန် ထမရပ်နိုင်သကဲ့သို့ မည်သည့်အားအင်မျှ မမွေးနိုင်အောင် မောပန်းနွမ်းနယ်ပြီး အားနည်းသွားကြလေသည်။ ၎င်းတို့တွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ရှိသည်ကို ဤအရာက ပြသည် မဟုတ်လော။ (ပြပါသည်။) အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ရှိခြင်းသည် ပြဿနာရှိကြောင်း သက်သေပြပြီး ပြဿနာရှိသည့်အခါ သင် ဖြေရှင်းသင့်ပေသည်။ ဖြေရှင်းသင့်သည့် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းနှင့် လမ်းကြောင်းတစ်ခု အမြဲရှိ၏။ ထိုအရာများသည် ဖြေရှင်းမရနိုင်သည့်အရာ မဟုတ်ချေ။ ထိုအရာမှာ သင်သည် ပြဿနာများကို ရင်ဆိုင်နိုင်ခြင်းရှိမရှိနှင့် ထိုပြဿနာကို ဖြေရှင်းလိုခြင်းရှိမရှိဆိုသည့်အပေါ်သာ မူတည်သည်။ သင် ဖြေရှင်းလိုပါက ဖြေရှင်းမရနိုင်သည့် အလွန်ခက်သော ပြဿနာ မရှိပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သူ၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေကာ အခက်အခဲတိုင်းကို သင် ဖြေရှင်းနိုင်ပေသည်။ သို့ရာတွင် သင်၏ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်မချမ်းမြေ့ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခံရခြင်းတို့သည် သင်၏ ပြဿနာများကို ကူမဖြေရှင်းပေးနိုင်ရုံမက ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာများက သင်၏ ပြဿနာများအား ယခင်ထက် သာ၍ ပြင်းထန်လာစေနိုင်ပြီး ဆိုးသည်ထက် ဆိုးသွားစေနိုင်သည်။ ဤအရာကို သင် ယုံကြည်သလော။ (ယုံကြည်ပါသည်။) ထို့ကြောင့် ယခု မည်သည့် စိတ်ခံစားမှုများကို သင် ဖက်တွယ်ထားသည်ဖြစ်စေ၊ မည်သည့် စိတ်ခံစားမှုများထဲသို့ သင် ယခု ကျရောက်ပြီးသည်ဖြစ်စေ ဤမှားယွင်းသည့် ခံစားချက်များကို သင် နောက်ချန်ထားနိုင်လိမ့်မည်ဟု ငါ မျှော်လင့်သည်။ သင့်ထံတွင် မည်သည့် အကြောင်းပြချက်များ ရှိသည်ဖြစ်စေ၊ ဆင်ခြေများ ရှိသည်ဖြစ်စေ၊ မူမမှန်သည့် စိတ်ခံစားမှုတစ်ခုထဲသို့ သင် ကျရောက်သည်နှင့် သင်သည် အစွန်းရောက် စိတ်ခံစားမှုတစ်ခုထဲသို့ ကျရောက်ပြီး ဖြစ်သည်။ ဤအစွန်းရောက် စိတ်ခံစားမှုထဲသို့ သင် ကျရောက်ပြီးသည့်အခါတွင် ထိုစိတ်ခံစားမှုက သင်၏ လိုက်စားမှု၊ သင်၏ စိတ်ပိုင်းဖြတ်ချက်များနှင့် အလိုဆန္ဒများအပြင် ဘဝတွင် သင် လိုက်စားသည့် ပန်းတိုင်များကို ဧကန်မုချ ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး ဤအရာ၏ အကျိုးဆက်များက ပြင်းထန်ပေသည်။

နောက်ဆုံးအနေဖြင့် သင်တို့ကို ငါ ပြောပြလိုသည့် တစ်စုံတစ်ရာ ရှိ၏။ သင်၏ ကယ်တင်ခြင်း ရရှိမှုကို ထိခိုက်ကာ ကယ်တင်ခြင်းအတွက် သင်၏ မျှော်လင့်ချက်ကို ဖျက်ဆီးသည့် ခံစားချက် အသေးအဖွဲ သို့မဟုတ် ရိုးရှင်းသည့်၊ အရေးမပါသည့် စိတ်ခံစားချက်ကို ကျန်ရှိသည့် သင့်ဘဝအချိန်များတွင် တွယ်ငြိခွင့်မပေးနှင့်။ နားလည်သလော။ (နားလည်ပါသည်။) သင်၏ ဤစိတ်ခံစားမှုသည် အပျက်သဘောသာဆောင်ရုံသာမက သာ၍ တိကျစွာဆိုရလျှင် စင်စစ်အားဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်၏။ ဤသည်မှာ သာမန်လူ့သဘာဝအတွင်းရှိ စိတ်ခံစားမှုတစ်ခု ဖြစ်သည်ဟု သင် တွေးကောင်းတွေးမည်ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ ရိုးရှင်းသည့် စိတ်ခံစားမှု ကိစ္စတစ်ခုသာ မဟုတ်ဘဲ ဘုရားသခင်ကို ဆန့်ကျင်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာမှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအားဖြင့် ထင်ရှားသည့်အပြင် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အတိုက်အခံလုပ်ရန် လူတို့အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားရန် သင်အလိုရှိသည်ဟု ငါ ယူဆလျက် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို သင် ထိန်းသိမ်းနေကာ ခေါင်းမာစွာ၊ မိုက်မဲစွာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူနှင့် ပြိုင်ဆိုင်နေခြင်း ရှိမရှိဆိုသည်ကို မြင်ရန် သင့်ကိုယ်သင် စေ့စေ့စပ်စပ် ဆန်းစစ်လိမ့်မည်ဟု ငါ မျှော်လင့်သည်။ ဆန်းစစ်ခြင်းမှတစ်ဆင့် အဖြေကို သင် ရှာဖွေတွေ့ရှိပြီးဖြစ်ပါက၊ အသိတရားရလာပြီးဖြစ်ကာ ရှင်းလင်းသည့် အသိစိတ်တစ်ခု ရရှိပြီးဖြစ်ပါက ပထမဦးစွာ ဤစိတ်ခံစားမှုများကို လက်လွှတ်ရန် သင့်ကို ငါ တောင်းဆိုသည်။ ထိုအရာများကို ချစ်ခင်မြတ်နိုးခြင်း မရှိနှင့်၊ သို့မဟုတ် ဖက်တွယ်မထားနှင့်။ အကြောင်းမှာ ထိုအရာများက သင့်ကို ဖျက်ဆီးကြလိမ့်မည်၊ သင်၏ ခရီးပန်းတိုင်ကို ဖျက်ဆီးကြလိမ့်မည်ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိရာတွင် သင် ရှိထားသည့် အခွင့်အရေးနှင့် မျှော်လင့်ချက်တို့ကို ထိုအရာများက ဖျက်ဆီးလိမ့်မည်ဖြစ်သည်။ ယနေ့အတွက် ဤမိတ်သဟာယကို ဤနေရာတွင် ငါ ရပ်နားမည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။