သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း နှစ်

ယခင်အခေါက်က လူတို့တွင် ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက် အဘယ်ကြောင့် ထွက်ပေါ်လာရသည်ဆိုသည့် အကြောင်းရင်းတစ်ခုအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် မိမိတို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သောကြောင့် ထိုစိတ်ခံစားချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယနေ့တွင် ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက် ထွက်ပေါ်လာခြင်း၏ အခြားအကြောင်းရင်းတစ်ခုအကြောင်းကို ငါတို့ ဆက်၍ မိတ်သဟာယဖွဲ့မည်။ အတိအကျဆိုရသော် လူတို့သည် ၎င်းတို့၏ ကျွမ်းကျင်မှုကို အသုံးမချနိုင်သောကြောင့် ဤဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်ဖြင့် မကြာခဏ အသက်ရှင်ကြခြင်းဖြစ်သည်။ ဤသည်မှာ အခြားအကြောင်းရင်းတစ်ခုမဟုတ်သလော။ (ဟုတ်သည်။) ယခင်အခေါက်က လူအချို့သည် အသင်းတော်တွင်၊ သို့မဟုတ် နေ့စဉ်အသက်တာတွင် မကြာခဏပင် ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုကြပြီး အလဟဿ နေထိုင်ကာ သင့်လျော်သော အလုပ်ကို အာရုံစိုက်ရန် ပျက်ကွက်ကြသောကြောင့် ၎င်းတို့၏ ဆန္ဒများ မပြည့်သောအခါ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားပုံကို ငါတို့ ပြောဆိုခဲ့သည်။ ဤတစ်ခါတွင် နောက်ထပ်လူတစ်စု၏ ဖော်ပြမှုများကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤလူတို့သည် အချို့သော ပါရမီ၊ အားသာချက်၊ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို ပိုင်ဆိုင်ကြသည်၊ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ပညာရပ် အမျိုးအစားတစ်ခုကို ကျွမ်းကျင်တတ်မြောက်ထားကြသည်ဟူ၍ စသည်တို့ ဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် အသင်းတော်အတွင်းတွင် ၎င်းတို့၏ ပါရမီ၊ အားသာချက်၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးမချနိုင်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မကြာခဏ စိတ်ဓာတ်ကျကြသည်။ ဤပတ်ဝန်းကျင်တွင် နေထိုင်ရသည့် ဘဝသည် သက်သောင့်သက်သာမရှိ၊ မပျော်ရွှင်သလို ဝမ်းမြောက်မှု ကင်းမဲ့နေသည်ဟူ၍ ခံစားရသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် ဤခံစားချက်ကို ဖော်ပြသောစကားသည် ဖိနှိပ်ချုပ်ချယ်ခံရခြင်းဖြစ်သည်။ လောကီလူမှုအဖွဲ့အစည်းတွင် ဤသို့သောလူများကို မည်သို့ခေါ်သနည်း။ ပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများ၊ အထူးပြုကျွမ်းကျင်သူများဟု ခေါ်သည်။ အတိုချုပ်အားဖြင့် ဆိုလျှင် ၎င်းတို့ကို ကျွမ်းကျင်ပညာရှင်များအဖြစ် ညွှန်းဆိုကြသည်။ ကျွမ်းကျင်ပညာရှင်များက မည်သို့သော စရိုက်လက္ခဏာများကို ပိုင်ဆိုင်သနည်း။ ၎င်းတို့တွင် ကျယ်သောနဖူးရှိပြီး တောက်ပသော မျက်လုံးရှိသည်။ မျက်မှန်တပ်ပြီး ခေါင်းမော့ထားကြသည်။ လျင်မြန်သော ခြေလှမ်းဖြင့် လမ်းလျှောက်ပြီး အမှုကိစ္စများကို ပြတ်သားစွာ၊ ထိရောက်စွာ ကိုင်တွယ်သည်။ ၎င်းတို့၏ အထင်ရှားဆုံး လက္ခဏာမှာ မည်သည့်နေရာကို ၎င်းတို့ သွားသည်ဖြစ်စေ လက်ဆွဲကွန်ပျူတာများကို သယ်ဆောင်ကြခြင်းဖြစ်သည်။ ၎င်းတို့ကို ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများအဖြစ် ချက်ချင်း လက်ခံအသိအမှတ်ပြုကြသည်။ အတိုချုပ်အားဖြင့် ဆိုလျှင် ဤသို့သောလူတို့သည် နည်းပညာအမျိုးအစား တစ်ခုခုတွင် အတတ်ပညာရပ်ဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် အတော်အတန် ကျွမ်းကျင်မှုရှိကြသည်။ ၎င်းတို့သည် အတတ်ပညာရပ်ဆိုင်ရာ သင်ကြားပြသပေးမှုနှင့် နည်းပြပေးခြင်းတို့ကို ရရှိထားပြီး အတတ်ပညာရပ်ဆိုင်ရာ ညွှန်ကြားမှုနှင့် သင်တန်းတို့ကို တက်ခဲ့ပြီးဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ထဲမှ အချို့က အတတ်ပညာရပ်ပိုင်းဆိုင်ရာ နည်းပြခြင်း၊ သင်တန်းပေးခြင်းတို့ကို မရရှိနိုင်သော်လည်း မွေးကတည်းက အချို့သော ပါရမီများ၊ အစွမ်းအစများကို ပိုင်ဆိုင်ကြသည်။ ဤသို့သောလူများကို ပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများအဖြစ် လူသိများကြသည်။ ဤလူများသည် အသင်းတော်သို့ ပါဝင်သောအခါ လူ့အဖွဲ့အစည်း၌ နေသောအခါကဲ့သို့ပင် ၎င်းတို့၏ လက်ဆွဲကွန်ပျူတာများကို မကြာခဏ သယ်ဆောင်ကြသည်။ မည်သည့်နေရာတွင် ၎င်းတို့ အလုပ်လုပ်သည်ဖြစ်စေ ပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများအဖြစ် အသိအမှတ်ပြုခံလိုကြသည်။ ၎င်းတို့သည် ကျွမ်းကျင်ပညာရှင်များဟု အခေါ်ခံရခြင်းကို မွေ့လျော်ပြီး ၎င်းတို့၏ မျိုးရိုးနာမည်ရှေ့တွင် “ပရော်ဖက်ဆာ” ဟု ထည့်ရခြင်းကို ပို၍ပင် နှစ်သက်ကြသည်ဟူ၍ စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤသို့ ခေါ်ဝေါ်ဆက်ဆံခြင်းကို ခံယူလိုသည်။ သို့ရာတွင် အသင်းတော်သည် အထူးနေရာတစ်ခုဖြစ်သည်။ အထူးအလုပ်ကို လုပ်ရသော နေရာဖြစ်သည်။ လောကီလူ့အဖွဲ့အစည်းတွင်ရှိသော မည်သည့်အုပ်စု၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းနှင့်မဆို ကွဲပြားသည်။ ဤနေရာတွင် မည်သည့်အရာကို ဆွေးနွေးလေ့ရှိသနည်း။ သမ္မာတရား၊ စည်းမျဉ်း၊ စည်းကမ်း၊ အလုပ်အစီအစဉ်များ၊ ထို့အပြင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ဘုရားသခင်အပေါ် သက်သေခံချက်တို့ကို ဆွေးနွေးသည်။ ပို၍ အခိုင်အမာဆိုရလျှင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများကို နာခံရန်၊ ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် ဘုရားအိမ်တော်က ပြောဆိုသည့် စည်းမျဉ်းများကို နာခံရန် စသည်တို့ကိုလည်း လိုအပ်သည်မှာ ပြောစရာမလိုပေ။ ဤတိကျပြတ်သားသော စည်းကမ်းများကို အားပေးမြှင့်တင်ပြီး ထိုအရာများကို လူတို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာရန် သတ်မှတ်လိုက်သည်နှင့် တစ်ပြိုင်နက် အသင်းတော်သို့ဝင်ခဲ့သော ဤကျွမ်းကျင်ပညာရှင်များသည် အတော်အတန် မတရားခံရသလို ခံစားရသည်။ ၎င်းတို့ သင်ယူခဲ့သည့် ကျွမ်းကျင်မှုများ၊ သို့မဟုတ် အချို့သော နယ်ပယ်များတွင် ၎င်းတို့ ကိုင်စွဲသော အသိပညာများသည် အသင်းတော်၌ မကြာခဏပင် အသုံးပြုခံရခြင်းမရှိပေ။ ၎င်းတို့ကို အရေးကြီးသောနေရာများသို့ ထားလေ့မရှိ၊ သို့မဟုတ် အထင်ကြီးလေးစားလေ့မရှိပေ။ ၎င်းတို့သည် မကြာခဏ ဘေးပို့ထားခြင်း ခံရသည်။ အလိုလိုအားဖြင့် ဤပုဂ္ဂိုလ်များသည် မကြာခဏ အလဟဿနေနေကြကာ ၎င်းတို့ အရည်အချင်းများသည် အသုံးချခြင်း မခံရသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သို့ စဉ်းစားသနည်း။ “အို ဤသည်မှာ ‘ကျားသည် လွင်ပြင်သို့ဆင်းလာလျှင် ခွေးများ၏ စော်ကားခြင်းကို ခံရမည်’ ဟူသည့် ဆိုရိုးစကားကဲ့သို့ပင်ဖြစ်သည်၊ ယခင်က ဤနိုင်ငံတော်ပိုင်၊ သို့မဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခု၌ ငါ အလုပ်လုပ်ခဲ့စဉ်က မည်မျှ ဂုဏ်သရေရှိလိုက်သနည်း၊ ငါ၏ ကိုယ်ပိုင်အိတ်ကိုပင် သယ်ဖို့မလိုပေ၊ ပြီးလျှင် သူတစ်ပါးတို့က ငါ၏ နေ့စဉ်ဘဝ၏ ကဏ္ဍတိုင်းကို စီစဉ်ပေးပြီး ငါ့အတွက် အလုပ်လုပ်ပေးကြသည်၊ တစ်ခုတလေကိုမျှ စိုးရိမ်ဖို့ မလိုပေ၊ ငါသည် အဆင့်မြင့် ကျွမ်းကျင်ပညာရှင်၊ နည်းပညာရှင်ဆရာတစ်ဆူဖြစ်သည်၊ ထို့ကြောင့် ငါသည် ကုမ္ပဏီတွင် အရေးပါသူဖြစ်သည်၊ အရေးပါသူဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း၊ ယင်းသည် ငါမရှိလျှင် ကုမ္ပဏီက မလည်ပတ်နိုင်၊ မည်သည့်အစီအစဉ်ကိုမျှ ချမှတ်နိုင်မည်မဟုတ်၊ ကုမ္ပဏီဝန်ထမ်းအားလုံး အနားယူရမည်၊ ကုမ္ပဏီသည် ရုတ်သိမ်းရမည့် အန္တရာယ်ရှိမည်၊ ငါမပါ၍ မဖြစ်ပေဟု အဓိပ္ပာယ်ရသည်၊ ထိုနေ့ရက်များသည် ဂုဏ်သရေရှိသော နေ့ရက်များဖြစ်သည်၊ ငါသည် အမှန်ပင် အာရုံစိုက်ခံခဲ့ရသည့် အချိန်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ တူညီသော ဂုဏ်သရေအဆင့်ကို ခံစားလိုဆဲဖြစ်သည်။ ၎င်းတို့က “ငါ၏ အရည်အချင်းများဖြင့်ဆိုလျှင် ဘုရားအိမ်တော်တွင် ငါ့အတွက် ထင်ပေါ်ရန် နေရာ ပို၍ပင် ရှိသင့်သည်၊ ဤသို့ဆိုလျှင် ငါသည် အဘယ်ကြောင့် အသုံးချခြင်းမခံရသနည်း၊ အသင်းတော်တွင် ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများက အဘယ်ကြောင့် အစဉ်သဖြင့် ငါ့ကို လျစ်လျူရှုထားကြသနည်း၊ အခြားလူများနှင့် ယှဉ်လျှင် ငါက မည်သည့်အရာ ချို့တဲ့နေသနည်း၊ ရုပ်ရည်နှင့်ပတ်သက်လျှင် ငါသည် ကြည့်ကောင်းသည်၊ ပင်ကိုစရိုက်နှင့်ပတ်သက်လျှင် ငါသည် အခြားလူတိုင်းထက် ပို၍ဆိုးခြင်းမရှိ၊ ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ငါ့တွင် ပြဿနာလုံးဝမရှိ၊ နည်းပညာ ကျွမ်းကျင်မှုနှင့် ပတ်သက်လျှင် ငါသည် ထိပ်ဆုံးကဖြစ်သည်၊ ဤသို့ဆိုလျှင် အဘယ်ကြောင့် မည်သူကမျှ ငါ့အား အာရုံမစိုက်သနည်း၊ ငါ၏ စကားများ၊ အကြံပြုချက်များကို အဘယ်ကြောင့် မည်သူမျှ နားမထောင်သနည်း၊ ငါ့အား ဘုရားအိမ်တော်တွင် အဘယ်ကြောင့် ကောင်းစွာ လက်မခံသနည်း၊ ဘုရားအိမ်တော်က ငါကဲ့သို့သော ကျွမ်းကျင်ပညာရှင်ကို မလိုအပ်ခြင်း ဖြစ်နိုင်သလော၊ ဤနေရာကို ရောက်ကတည်းက ငါ၏ ကျွမ်းကျင်မှုများကို အသုံးပြုရန် မည်သည့်နေရာမျှ မရှိသည်မှာ အဘယ်သို့ ဖြစ်ရသနည်း၊ ဘုရားအိမ်တော်၏ အလုပ် ကဏ္ဍတစ်ခုတွင် ငါ သင်ယူခဲ့သော နည်းပညာကျွမ်းကျင်မှုများကို လိုအပ်ကို လိုအပ်ရမည်၊ ငါ၏ ကျွမ်းကျင်မှုသည် ဤနေရာတွင် တန်ဖိုးအထားခံရသင့်သည်၊ ငါသည် ပညာရှင်တစ်ယောက်ဖြစ်သည်၊ ငါသည် အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်သူ၊ ခေါင်းဆောင်တစ်ယောက် ဖြစ်သင့်သည်၊ အခြားလူများကို ဦးဆောင်သင့်သည်၊ ငါသည် အဘယ်ကြောင့် အစဉ်သဖြင့် အောက်ကလူဖြစ်နေသနည်း၊ မည်သူကမျှ ငါ့ကို အရေးမစိုက်၊ မည်သူကမျှ ငါ့အား မလေးစားပေ၊ မည်သို့ ဖြစ်နေသနည်း၊ ဤသည်မှာ အမှန်ပင် သမ္မာတရားကို ငါ နားမလည်လျှင် ငါ ရရှိသင့်သည့် ဆက်ဆံရေး ဖြစ်သလော” ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် ဤမေးခွန်းများကို မိမိတို့ကိုယ်ကို ထပ်ခါထပ်ခါ မေးမြန်းသော်လည်း အဖြေကို လုံးဝ ရှာမရပေ၊ ထို့ကြောင့် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားကြရသည်။

သံစုံကျူးအဖွဲ့က သီချင်းသီဆိုရန် စင်ပေါ်သို့ လာသောအခါတွင် ၎င်းတို့၏ ဆံပင်ပုံစံနှင့်ပတ်သက်၍ ငါ့အား တစ်ကြိမ်မေးဖူးသည်။ ငါက “ညီအစ်မများသည် ဆံပင်ကို အနောက်တွင် စု၍ စည်းထားနိုင်သည်၊ သို့မဟုတ်ပါက နားရွက်အထိ သို့မဟုတ် ပခုံးအထိ အရှည်ထား၍ ညှပ်နိုင်သည်၊ နောက်စေ့တွင် ဆံထုံးထုံးခြင်း သို့မဟုတ် ခေါင်းပေါ်တွင် ဆံထုံးထုံးခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်မှာ ပြောစရာမလိုပေ၊ ညီအစ်ကိုများက ခေါင်းတုံးဆံတောက်၊ သို့မဟုတ် အလယ်ခွဲ ပြုလုပ်နိုင်သည်၊ အဆင်တန်ဆာများ၊ သို့မဟုတ် ပုံသွင်းခြင်းတို့ မလိုအပ်ပေ၊ သပ်ရပ်သော၊ သန့်ရှင်းသော၊ သားနားသော၊ သဘာဝကျသော ပုံစံရှိရန်သာ သေချာစေလော့၊ အတိုချုပ်အားဖြင့် တည်ကြည်ပြီး သိက္ခာရှိကာ ခရစ်ယာန်တစ်ယောက်၏ ပုံစံပေါ်သရွေ့ ပြဿနာမရှိပေ၊ အဓိကကျသည့်အရာမှာ ကောင်းစွာသီဆိုပြီး အစီအစဉ်ကို ကောင်းစွာတင်ဆက်ရန်ဖြစ်သည်” ဟု ဆိုခဲ့သည်။ ငါ၏ စကားများကို ရှင်းလင်းစွာ ပြောဆိုခြင်း ဖြစ်သလော။ နားလည်ရန် လွယ်ကူသလော။ (လွယ်ကူသည်။) ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးအတွက် ဆံပင်ပုံစံများကို ရှင်းလင်းစွာ ပြောခဲ့သည်။ ဆံပင်ပုံစံများကို ရွေးချယ်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ညီအစ်ကိုများသည် ဆံပင်ကို အလယ်ခွဲထားနိုင်သည်၊ သို့မဟုတ် ကတုံးဆံတောက်ထားနိုင်ပြီး ညီအစ်မများက ဆံပင်အတို သို့မဟုတ် အရှည်ထားနိုင်သည်။ ရှည်လျှင် နောက်တွင်စု၍ စည်းထားနိုင်ပြီး တိုလျှင် အလွန်မတိုစေရန်သာ သေချာစေလော့။ ယင်းမှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ အခြားစည်းမျဉ်းမှာ သန့်ရှင်းခြင်းနှင့် သေသပ်ခြင်း ဖြစ်သည်။ အပြုသဘောဆောင်ပြီး သိက္ခာရှိသော အသွင်အပြင်ဖြစ်ကာ အပြုသဘောဆောင်သော စရိုက်လက္ခဏာ ဖြစ်သည်။ ငါတို့သည် လူ့အဖွဲ့အစည်းတွင် နာမည်ကြီးသူများဖြစ်ရန် သို့မဟုတ် ထင်ပေါ်ကျော်ကြားသူများဖြစ်ရန် ရည်ရွယ်ခြင်းမရှိပေ။ စွဲမက်ဖွယ်ကောင်းသော ပုံရိပ်ဖြစ်ရန် အားမထုတ်ပေ။ တည်ကြည်ပြီး သိက္ခာရှိသော အသွင်အပြင်သာ ဖြစ်သည်။ အတိုချုပ်အားဖြင့် မိမိသည် သန့်ရှင်းသော၊ သပ်ရပ်သော၊ တည်ကြည်ပြီး သိက္ခာရှိသော ပုံစံရှိသင့်သည်။ ငါ ပြောသည်မှာ ရှင်းလင်းသလော။ ဤစည်းမျဉ်းနှစ်ခုသည် နားလည်ပြီး လုပ်ဆောင်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) လူတို့သည် ဤစည်းမျဉ်းတို့ကို ကြားသည်နှင့် ၎င်းတို့၏ စိတ်နှလုံး၌ ရှင်းလင်းစွာ နားလည်ကြပြီး ထပ်၍ပြောဆိုရန် မလိုပေ။ ဤအရာအားလုံးကို ရရှိရန် အလွန်လွယ်ကူသည်။ ဆယ်ရက်ကျော် ရက်အနည်းငယ်ကြာပြီးနောက် ၎င်းတို့က ငါ့အား ဗီဒီယိုတစ်ခုပေးပို့သည်။ ထိုဗီဒီယိုကို ကြည့်သောအခါ ညီအစ်မများကို အတန်းလိုက် သုံးတန်း သို့မဟုတ် လေးတန်းဖြင့် မြင်တွေ့ရသည်။ ပထမအတန်းတွင် အားလုံး၌ ပုံသွင်းထားသော ဆံပင်ပုံစံရှိပြီး လူတစ်ယောက်ချင်းစီ၌ မတူညီသော ဆံပင်ပုံစံနှင့် အပြင်အဆင် ရှိကြသည်။ လူတိုင်းက ပုံစံတစ်မျိုးစီဖြစ်ပြီး ပုံစံတိုင်းက အမြင်ဆန်းနေသည်။ အသက်နှစ်ဆယ်အရွယ်ရှိသည့် ညီအစ်မအချို့က အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်ကဲ့သို့ထင်ရပြီး အချို့မှာ အသက်ကြီးသော အမျိုးသမီးများနှင့် တူသည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လူတစ်ဦးချင်းစီတွင် မတူညီသော ဆံပင်ပုံစံရှိသည်။ ဗီဒီယိုကို ပို့လိုက်သည့်သူက “ကိုယ်တော်ရွေးချယ်ဖို့အတွက် များစွာသော ဆံပင်ပုံစံအမျိုးမျိုးကို ကျွန်ုပ်တို့ စီစဉ်ခဲ့သည်၊ ယင်းတို့ထဲမှ တစ်မျိုးမျိုးကို ရွေးချယ်နိုင်ပြီး ကျွန်ုပ်တို့က ထိုအတိုင်း ဖြစ်အောင် လုပ်ဆောင်နိုင်သည်၊ ကျွန်ုပ်တို့အတွက် ခက်ခဲမည်မဟုတ်၊ ကိုယ်တော်ရွေးချယ်ပြီးနောက်တွင် ကျွန်ုပ်တို့ကိုသာ ပြောလိုက်လျှင် ကျွန်ုပ်တို့ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်သည်၊ ပြဿနာမရှိပါ” ဟု ဆိုသည်။ ဤဗီဒီယိုကိုကြည့်ပြီးနောက် ငါ မည်သို့ခံစားရသည်ဟု သင်တို့ထင်သနည်း။ ငါ အနည်းငယ် စက်ဆုပ်ရွံရှာမိသည်။ ထို့နောက် အနီးကပ် စစ်ဆေးကြည့်သောအခါတွင် စိတ်ရှုပ်လာသည်။ ၎င်းတို့အား ငါရှင်းပြခဲ့သော စည်းမျဉ်းများကို ငါ အမှတ်ရသောအခါ အဆုံးတွင် ငါသည် မှင်တက်သွားမိသည်။ ဘာပြောရမည်ပင် မသိတော့ပေ။ “အို၊ ဤလူတို့သည် လူ့ဘာသာစကားကို နားမလည်” ဟု ငါတွေးမိသည်။ ၎င်းတို့အား ငါပြောခဲ့သည့် စကားများ၊ ငါအသိပေးခဲ့သည့် စည်းမျဉ်းများနှင့် ယင်းတို့အားလုံးသည် မည်သူမဆို နားလည်သဘောပေါက်နိုင်သည့် အရာများဖြစ်ကြောင်းကို ငါတွေးတောခဲ့သည်။ ထိုမျှရိုးရှင်းသောအရာများသည် လူတို့အတွက် မခက်ခဲသည့်အပြင် ထိုအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းတို့သည် ဤသို့သော ဗီဒီယိုကို အဘယ်ကြောင့် ငါ့ထံသို့ ပို့ရသနည်း။ စုံစမ်းစစ်ဆေးပြီးနောက်တွင် ငါ၏ ဆိုလိုရင်းကို ငါ ရှင်းလင်းစွာ ရှင်းမပြခဲ့ခြင်းကြောင့်မဟုတ်ကြောင်း၊ အထူးသဖြင့် ငါသည် ၎င်းတို့အား မတူညီသော ဆံပင်ပုံစံအမျိုးမျိုးကို ပြုလုပ်ရန် ပြောခဲ့ခြင်း မဟုတ်ကြောင်း ငါသဘောပေါက်ခဲ့သည်။ ဤအပြုအမူအတွက် အကြောင်းရင်းနှစ်ခုရှိသည်။ တစ်ခုမှာ ၎င်းတို့သည် ငါ၏ စကားများကို နားမလည်နိုင်ခဲ့ကြပေ။ အခြားအကြောင်းရင်းမှာ လူတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်သည်နှင့် တစ်ပြိုင်နက်၊ တစ်စုံတစ်ခုကို နားလည်ပြီး စွမ်းရည်နှင့် နည်းပညာအချို့ကို ကျွမ်းကျင်တတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် စကြဝဠာရှိ မိမိတို့၏ နေရာကို မသိကြချေ။ ၎င်းတို့သည် မည်သူ့ကိုမျှ မလေးစားဘဲ အစဉ်သဖြင့် ကြွားဝါလိုကြသည်။ အဆုံးစွန်အထိ မာနထောင်လွှားလာကြသည်။ ၎င်းတို့သည် ငါ၏စကားများကို နားလည်လျှင်ပင် လက်မခံပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ။ ငါ၏ စကားများကို အလေးအနက်မထား၊ အရေးကြီးသည်ဟု မသတ်မှတ်ဘဲ ငါပြောသည့်အရာကို လျစ်လျူရှု၍သာ နေကြသည်။ ၎င်းတို့သည် ၎င်းတို့အား ငါခိုင်းစေသည့်အရာကို၊ သို့မဟုတ် ငါလိုအပ်သည့်အရာကို စိတ်မဝင်စားခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများကို ငါ့အား မေးသောအခါ အမှန်တွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်မည်၊ မည်သို့ လုပ်ဆောင်မည်ဆိုသည်ကို ဆုံးဖြတ်ပြီးဖြစ်သည်။ ငါ့အား ၎င်းတို့မေးသည့်အချက်မှာ ၎င်းတို့လုပ်ငန်းစဉ်၏ အဆင့်တစ်ခုသာဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုသို့မေးသည်မှာ လှောင်ပြောင်သည့် ပုံစံမျိုးမဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လှောင်ပြောင်ပြီးနောက်တွင် မည်သည့်အရာကို ငါပြောလိုက်သည်ဖြစ်စေ ငါ့စကားကို လုံးဝ မနာခံဘဲ နောက်ဆုံး၌ ၎င်းတို့အလိုရှိသည့်အရာကို လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် အလွန်ပင် ထင်ရာစိုင်းခဲ့ကြသည်။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားနေခဲ့ကြသနည်း။ “ကိုယ်တော်သည် ကျွန်ုပ်တို့ကို လျှော့တွက်သည်၊ ကျွန်ုပ်တို့သည် ကျွမ်းကျင်သော နည်းပညာရှင်များ ဖြစ်သည်၊ ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းတွင် ဩဇာညောင်းသော သူများနှင့် ဆက်ဆံသည်၊ ကျွန်ုပ်တို့၌ ဤစွမ်းရည်များနှင့် ကျွမ်းကျင်မှုရှိပြီး၊ မည်သည့်နေရာကို ကျွန်ုပ်တို့ သွားသည်ဖြစ်စေ ကောင်းမွန်သည့်ဘဝကို နေထိုင်နိုင်ပြီး လူတို့၏ လေးစားမှုကို ရရှိနိုင်သည်၊ ဘုရားအိမ်တော်သို့ ကျွန်ုပ်တို့ ရောက်လာသည့်အခါမှသာ အစေခံသူဖြစ်လာကြသည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် အစဉ်သဖြင့် အထင်သေးခြင်းခံရသည်၊ ကျွန်ုပ်တို့၌ စွမ်းရည်များရှိသည်၊ ကျွန်ုပ်တို့သည် ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်၊ သာမန်လူများမဟုတ်၊ ကျွန်ုပ်တို့သည် ဘုရားအိမ်တော်တွင် လေးစားခြင်းခံရသင့်သည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ပါရမီများကို ဤသို့ မဖိနှိပ်သင့်ပါ၊ ဘုရားအိမ်တော်တွင် ကျွန်ုပ်၏ ကျွမ်းကျင်မှုကို ကျွန်ုပ်တို့ အသုံးချသဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပံ့ပိုးပြီး ထောက်ခံသင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရိုင်းစိုင်းပြီး မလျော်ကန်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤတွင် သာမန်လူ့သဘာဝတစ်ခုခု ရှိသလော။ (မရှိပါ။) ဤအရာကို ငါမြင်သောအခါ “အို၊ ဤလူတို့သည် ကျိုးကြောင်းပြပြောဆို၍ မရနိုင်ပေ” ဟူ၍ တွေးမိသည်။ ငါသည် ၎င်းတို့အား စည်းမျဉ်းများကို ပြောဆိုသောအခါ ၎င်းတို့အား “သင်တို့ နားလည်သလော၊ သတိရမည်လော”ဟူ၍ ထပ်ခါထပ်ခါပင် မေးခဲ့သည်။ ၎င်းတို့သည် ငါ့အား အသေအချာပင် ငါ့ရှေ့၌ ကတိပေးခဲ့သော်လည်း ၎င်းတို့သည် လှည့်ပြန်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ကတိပျက်ကြသည်။ ၎င်းတို့က “ငါသည် ငါ၏တာဝန်ကို ထမ်းဆောင်ရန် လာခြင်းဖြစ်သည်၊ ဘုရားသခင်ကို ကျေနပ်စေရန် လာခြင်းဖြစ်သည်” ဟူ၍ အလွန်ပင် ကြားကောင်းသည့် အရာများကို ပြောဆိုသည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းဟု သင်ခေါ်ဆိုသည့်အရာ ဖြစ်သလော။ သင်သည် အမှန်ပင် ဘုရားသခင်အား ကျေနပ်စေသလော။ သင်သည် သင်၏ ကိုယ်ပိုင်ဇာတိပကတိကို၊ သင်၏ ဂုဏ်သတင်းကို ကျေနပ်စေခြင်း ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် အသက်မွေးအလုပ်နောက်သို့ လိုက်ရန်အတွက် ရောက်လာခြင်းဖြစ်ပြီး သင့်တာဝန်ကို ထမ်းဆောင်ရန်မဟုတ်ပေ။ တစ်နည်းအားဖြင့် သင်သည် အကြီးအကျယ် ဖရိုဖရဲဖြစ်အောင် ပြုလုပ်ရန်အတွက် ဘုရားအိမ်တော်သို့ လာခြင်းဖြစ်သည်။ ပြောလော့။ ဘုရားအိမ်တော်အလုပ်၏ ကဏ္ဍအားလုံး၌ လူတို့ ထိန်းသိမ်းသင့်သည့် စည်းမျဉ်းများနှင့် ပတ်သက်ပြီး မည်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိသနည်း။ သင်လော၊ ဘုရားသခင်လော။ (ဘုရားသခင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။) သင်၏စကားများက သမ္မာတရားလော၊ ဘုရားသခင်၏ စကားများက သမ္မာတရားလော။ (ဘုရားသခင်၏ စကားများက သမ္မာတရား ဖြစ်သည်။) သင်တို့ပြောသည့် အရာတိုင်းသည် အယူဝါဒမျိုးသာ ဖြစ်သည်။ ထိုအယူဝါဒသည် သမ္မာတရားနှင့် မကိုက်လျှင် အတွေးမှားတစ်ခုဖြစ်လာသည်။ ငါပြောသည့်အရာက သမ္မာတရားဖြစ်သည်ဟု သင်တို့ ဝန်ခံသည်ဆိုလျှင် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်တို့ကို ငါစကားပြောသောအခါ သက်ရောက်မှုမရှိသည်မှာ အဘယ်ကြောင့်နည်း။ သင်တို့သည် ငါ့ရှေ့တွင် ကောင်းသောအရာများကို ပြောဆိုကြသော်လည်း ငါ၏နောက်ကွယ်တွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ မည်သည့်အရာ ဖြစ်နေသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ပါရမီ၊ ကျွမ်းကျင်မှု၊ သို့မဟုတ် အယူအဆအနည်းငယ်မျှ ပိုင်ဆိုင်သောအခါတွင် ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်လာကာ မည်သူ့ကိုမဆို နာခံရန် ငြင်းဆန်ကြသည်။ မည်သူမဆိုက ၎င်းတို့ကို ပြောသည့်အရာကို ၎င်းတို့ နားမထောင်ကြပေ။ ဤသည်မှာ အလွန်ပင် ဆင်ခြင်တုံတရား မရှိခြင်း မဟုတ်သလော။ သင်တို့သည် မှန်သည့်အရာကို လုပ်ဆောင်နေသည်ဟု ထင်လျှင် အဘယ်ကြောင့် ငါ့အား စစ်ဆေးခိုင်းသနည်း။ သင်တို့၏ အားနည်းချက်များကို ငါထောက်ပြပြီး သင်တို့၏ အမှားများကို ဖော်ထုတ်သောအခါ အဘယ်ကြောင့် သင်တို့ လက်မခံနိုင်သနည်း။ သင်တို့သည် သမ္မာတရားကို နားမလည်သော်လည်း ငါသည် သမ္မာတရားအကြောင်းကို သင်တို့အား မိတ်သဟာယဖွဲ့ပေးနိုင်သည်။ သမ္မာတရားနှင့်အညီ၊ စည်းမျဉ်းများနှင့်အညီ၊ သန့်ရှင်းသူများကဲ့သို့ လူမှုရေးကျင့်ဝတ်ဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ကို ငါသိသည်။ သူတစ်ပါးတို့အား တည်ဆောက်စရာ ဖြစ်စေသည့် ပုံစံဖြင့် မည်သို့လုပ်ဆောင်ရမည်ကို ငါသိသည်။ သင်တို့ သိသလော။ သင်တို့သည် ဤအရာများကိုပင် မသိလျှင် သမ္မာတရားကို အဘယ်ကြောင့် လက်မခံနိုင်သေးသနည်း။ ငါပြောသည့်အတိုင်း အဘယ်ကြောင့် မလုပ်ဆောင်သနည်း။

လူအချို့သည် စာအရေးအသားတွင် ထူးချွန်ကြသည်။ ဘာသာစကားအား စီစဉ်ခြင်း၊ အယူအဆများကို သိစေခြင်းတို့တွင် ၎င်းတို့သည် ပင်ကိုအားဖြင့် ပါရမီရှိသည်။ ၎င်းတို့သည် စာပေကျွမ်းကျင်မှု အဆင့်တစ်ခုကိုလည်း ပိုင်ဆိုင်ပြီး အကြောင်းအရာများကို ဖော်ပြရာ၌ နည်းပညာနှင့် ပုံစံအချို့ကို အသုံးချနိုင်သည်။ သို့သော် ဤအရည်အသွေးများရှိခြင်းက ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဤသည်မှာ အသိပညာ ကဏ္ဍတစ်ခု၊ လူတစ်ယောက်၏ ဆုကျေးဇူး၊ ပါရမီတို့နှင့်သက်ဆိုင်သော ရှုထောင့်တစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ သင်သည် ပင်ကိုစွမ်းရည်တစ်ခုကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ သင်သည် စာအရေးအသားကောင်းပြီး ဘာသာစကားဖြင့် အယူအဆများအား သိနားလည်အောင်လုပ်ခြင်း၌ တော်သည်ဟုလည်းကောင်း၊ သင်သည် စကားလုံးများကို အသုံးပြုရာ၌ ကောင်းစွာ အခြေခိုင်သည်ဟုလည်းကောင်း ဆိုလိုသည်။ အချို့လူတို့သည် ဤသို့သော အရာများ၌ ကျွမ်းကျင်သောကြောင့် “ငါသည် ဘုရားအိမ်တော်တွင် စာကို ထိရောက်ကျွမ်းကျင်စွာ ရေးသားနိုင်သည်။ စာပေအရေးအသားဆိုင်ရာအလုပ်ကို ငါလုပ်ကိုင်ဆောင်ရွက်သင့်သည်” ဟူ၍ စဉ်းစားကြသည်။ စာပေအရေးအသားဆိုင်ရာအလုပ်ကို ပို၍များသော လူတို့ ပါဝင်ဆောင်ရွက်စေသည်မှာ ကောင်းပေသည်။ ဘုရားအိမ်တော်က လိုအပ်သည်။ သို့ရာတွင် ဘုရားအိမ်တော်က လိုအပ်သည့်အရာမှာ သင်ထူးချွန်သည့်အရာမျှသာ မဟုတ်သကဲ့သို့ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းသက်သက်လည်း မဟုတ်ပေ။ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ စွမ်းရည်များနှင့် ကျွမ်းကျင်မှုတို့သည် သင်လုပ်ကိုင်ဆောင်ရွက်သည့် အလုပ်အတွက် တန်ဆာပလာများသာ ဖြစ်သည်။ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းနှင့် စွမ်းရည်အဆင့်က မည်သို့ရှိသည်ဖြစ်စေ သင်သည် သင့်ကိုယ်သင် ဘုရားအိမ်တော်မှ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် ညီစေပြီး ဘုရားအိမ်တော်က သတ်မှတ်သည့် အလိုရှိသော ရလဒ်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရရှိသင့်သည်။ ဘုရားအိမ်တော်သည် ဤရလဒ်များနှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် သတ်မှတ်ထားသော စံနှုန်းများနှင့် ဆက်စပ်မှုရှိသော စည်းမျဉ်းများရှိသည်။ သင်ကိုယ်တိုင်၏ အကြိုက် သို့မဟုတ် နှစ်သက်မှုတို့အပေါ် အခြေခံပြီး လုပ်ဆောင်ခွင့်မပြုပေ။ ဥပမာ၊ လူအချို့သည် စာအရေးအသားကောင်းသော စွမ်းရည်များရှိပြီး အသေးစိတ် ရှင်းလင်းဖော်ပြထားသော ဘာသာစကားနှင့်၊ ထင်ထင်ရှားရှား စီစဉ်ထားသော ဇာတ်ကွက် ဇာတ်ညွှန်းများကို ရေးသည်။ သို့သော် ယင်းက အလိုရှိသောရလဒ်ကို ရစေသလော။ ဘုရားသခင်အား သက်သေခံခြင်းဆိုင်ရာ ခံစားမှုရသကို ရရှိဖို့ ဝေးစွ၊ ထိုသို့သော ဇာတ်ညွှန်းများသည် တကယ်ကို အခြေခိုင်ခြင်း မရှိချေ။ သို့ရာတွင် ဤဇာတ်ညွှန်းရေးသူများသည် ထူးခြားဆန်းပြားသော ဘာသာစကားဖြင့် ၎င်းတို့ရေးနိုင်သည့် စွမ်းရည်အပေါ် ကျေနပ်ပြီး ယုံကြည်မှုရှိကြကာ မိမိတို့ကိုယ်ကို အထင်ကြီးကြသည်။ ဇာတ်ညွှန်းတစ်ပုဒ်သည် ဘုရားသခင်အား သက်သေခံခြင်း၊ ဘုရားနှုတ်ကပတ်တော် ဖြန့်ဝေခြင်းနှင့် သက်ဆိုင်သော ခံစားမှုရသကို ပေးစွမ်းရမည်ဖြစ်ကြောင်းကို ၎င်းတို့နားမလည်ပေ။ ဤသည်မှာ ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားအိမ်တော်က ဇာတ်ညွှန်းတစ်ပုဒ်သည် ဇာတ်ကောင်က ဖတ်ရှုပြသည့် ဘုရားနှုတ်ကပတ်တော်ကို ပုံဖော်ရမည်ဖြစ်ပြီး ဘုရားအမှုတော်၏ လမ်းပြခြင်းအောက်တွင် ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခံစားရခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် ဇာတ်ကောင်က ရရှိသည်ဟူသည့် စစ်မှန်သော နားလည်မှုကို ပုံဖော်ရမည်ဟု တောင်းဆိုသည်။ တစ်ဖက်တွင် ယင်းသည် ဘုရားသခင်အပေါ် သက်သေခံချက်အဖြစ် အသုံးတော်ခံရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဝေရမည်။ ထိုမှသာ ဇာတ်ညွှန်းသည် အလိုရှိသောရလဒ်ကို ရရှိသည်။ ဘုရားအိမ်တော်တွင် ဤသတ်မှတ်ချက်များ ရှိသည်။ ဤအရာက လူတို့အတွက် အမှုအရာများကို ခက်ခဲစေသည်ဟု သင်တို့ထင်သလော။ (မထင်ပါ။ မခက်ခဲပါ။) မခက်ခဲပေ။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ဖြစ်သည်။ သို့ရာတွင် ဤဇာတ်ညွှန်းရေးသူများသည် ဤပုံစံဖြင့် လုပ်ဆောင်လိုစိတ်မရှိကြပေ။ ၎င်းတို့၏ သဘောထားမှာ “ငါရေးထားသောအရာသည် ပြည့်စုံကောင်းမွန်ပြီး တိကျသေချာလှပြီဖြစ်သည်၊ သင်သည် ငါ့အား ထိုအချက်အလက်ကို ဖြည့်စွက်ခိုင်းလျှင် ငါ၏ ရည်ရွယ်ချက်နှင့် ကွဲလွဲလိမ့်မည်၊ ဤအရာကို ငါကျေနပ်ခြင်းမရှိ၊ ဤသို့ မရေးလို” ဟူ၍ ဖြစ်သည်။ ဤအချက်အလက်ကို နောက်ပိုင်းတွင် ဝန်လေးစွာဖြင့် ဖြည့်စွက်ခဲ့သော်လည်း ထိုအချိန်၌ ၎င်းတို့၏ စိတ်ခံစားချက်များက သိသိသာသာပင် ပြောင်းလဲသွားပြီဖြစ်သည်။ လူအချို့က “ဘုရားအိမ်တော်တွင် ငါတို့၏တာဝန်ကို ထမ်းဆောင်ရသည်မှာ အလွန်ပင် ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားရသည်၊ ငါတို့ကို ပြုပြင်ပြီး အမှားရှာဖွေနေသည့် လူများ အမြဲရှိသည်၊ ငါသည် အမှန်ပင် ချောင်ပိတ်ခံရသလို ခံစားရသည်။ ‘လူတစ်ဦးသည် တံစက်မြိတ်အောက်တွင် ရပ်နေသောအခါ ခေါင်းငုံ့ရုံမှလွဲ၍ ရွေးချယ်စရာမရှိ’ဟု လူတို့ ဆိုသကဲ့သို့ဖြစ်သည်။ ငါသာ ဆုံးဖြတ်ခွင့်ရှိပြီး ငါ ကျေနပ်သည့်အရာကို ရေးနိုင်လျှင် မည်မျှကောင်းလိမ့်မည်နည်း၊ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်နေစဉ်တွင် ငါတို့သည် အစဉ်သဖြင့် အခြားလူများပြောသည်ကို နားထောင်ရပြီး ပြုပြင်ခြင်းကို လက်ခံရသည်၊ အလွန်ပင် ဖိနှိပ်ချုပ်ချယ်လွန်းသည်” ဟူ၍ ပြောကြသည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သလော။ ယင်းသည် မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းပင်။ သံစုံကျူးအဖွဲ့၌ မိတ်ကပ်လိမ်းရာတွင် တာဝန်ထမ်းဆောင်သော သူများလည်းရှိသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ ဆံပင်ပုံစံတို့ကို နှစ်သက်ကြသည်။ သို့သော် ထိုဆံပင်ပုံစံများနှင့်ပတ်သက်၍ အဆုံးသတ်ရလဒ်မှာမူ ငြင်းပယ်ခြင်းခံရသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားအိမ်တော်သည် မကောင်းဆိုးဝါးဆန်သော ဆံပင်ပုံစံများကို အလိုမရှိပေ။ သာမန်ဖြစ်သော၊ သိက္ခာရှိသော၊ တည်ကြည်သော ဆံပင်ပုံစံများကို အလိုရှိသည်။ သင်သည် မည်သည့်ဆံပင်ပုံစံကို ပြုလုပ်နိုင်သည်ဖြစ်စေ ဘာသာတရားမရှိသူများ၏ လောကသို့သွား၍ ပြသနိုင်သည်။ ဤသို့သော ကျွမ်းကျင်ပညာရှင်များကို ၎င်းတို့က လိုအပ်သော်လည်း ဘုရားအိမ်တော်က မလိုအပ်ပေ။ လူအချို့က ၎င်းတို့သည် ဘုရားအိမ်တော်တွင် ဤဆံပင်ပုံစံကို အခမဲ့ ပြင်ပေးလိုသည်ဟု ဆိုသော်လည်း ထိုအချိန်တွင်ပင် ယင်းကို လိုချင်ခြင်း သို့မဟုတ် တန်ဖိုးထားခြင်း မရှိကြချေ။ ယင်းကို မြင်တွေ့ရသည်မှာ စက်ဆုပ်ဖွယ် ဖြစ်သည်။ ဘုရားအိမ်တော်က လိုအပ်သည့်အရာမှာ သင့်အနေဖြင့် သင့်တင့်လျောက်ပတ်မှုရှိသောသူ တစ်ယောက်ကဲ့သို့ သိက္ခာရှိပြီး တည်ကြည်သည့်အသွင်ရှိရန် ဖြစ်သည်။ သင်သည် လှပကျော့ရှင်းနေဖို့၊ နန်းတွင်း မင်းမျိုးမင်းနွယ်တို့၏ အသွင်အပြင်ရှိဖို့ မလိုအပ်သည့်အပြင် မင်းသမီးတစ်ယောက်၊ ဂုဏ်သရေရှိ အမျိုးသမီး၊ ချမ်းသာကြွယ်ဝ၍ ငယ်ရွယ်သော အရှင်သခင်၊ သို့မဟုတ် သခင်တစ်ယောက်ဖြစ်ရန် မလိုအပ်သည်မှာ အသေအချာပင်။ ငါတို့သည် မည်သည့်အဆင့်အတန်း၊ ရာထူး၊ သို့မဟုတ် တန်ဖိုးမျှ မရှိသော သာမန်လူများ၊ သာမန်အဖြစ်ဆုံး၊ ထူးခြားမှုမရှိဆုံးသော လူများသာဖြစ်သည်။ သာမန်လူတစ်ယောက် ဖြစ်ခြင်းသည်လည်းကောင်း၊ မြင့်မြတ်သော၊ ယဉ်ကျေးသိမ်မွေ့သောသူ မဖြစ်ခြင်းသည်လည်းကောင်း၊ သာမန်အဝတ်များကို ဝတ်ပြီး သာမန်လူတစ်ယောက်၏ အသွင်အပြင် ရှိခြင်းသည်လည်းကောင်း၊ ဟန်မဆောင်ခြင်းသည်လည်းကောင်း၊ ရည်မှန်းချက် သို့မဟုတ် လိုအင်ဆန္ဒမရှိဘဲ သင်လုပ်ဆောင်နိုင်သည့်အရာကို မွေ့လျော်ပြီး သာမန်လူတစ်ယောက်၏ ဘဝကို နေထိုင်ခြင်းဖြင့် ကျေနပ်ရောင့်ရဲခြင်းသည်လည်းကောင်း အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသော သူတစ်ယောက်၏ ဘဝဖြစ်သည်။ သင်သည် သာမန်လူတစ်ယောက်သာဖြစ်သည်။ သို့တိုင်အောင် သင်သည် မြင့်မြတ်သူတစ်ယောက်ကဲ့သို့ ပြုမူလုပ်ဆောင်ရန် အစဉ် ကြိုးစားနေသည်။ ဤသည်မှာ စက်ဆုပ်ရွံ့ရှာဖွယ် မဟုတ်သလော။ (စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။) သင်သည် ဘုရားအိမ်တော်တွင် သင်၏ ကျွမ်းကျင်မှုကို ပြသပြီး ကြွားဝါရန် အစဉ် ကြိုးစားနေသည်။ ငါ သင့်အား ပြောမည်။ သင်၏ ကျွမ်းကျင်မှုကို ကြွားဝါခြင်းသည် တန်ဖိုးရှိသလော။ ယင်းသည် အမှန်ပင် တန်ဖိုးရှိလျှင် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် ဘာမျှတန်ဖိုးမရှိဘဲ ထိုအစား အနှောင့်အယှက်၊ အဖျက်အဆီးဖြစ်စေလျှင် သင်သည် သင်၏ ရွံရှာဖွယ် သဘာဝနှင့် မလိုလားအပ်သော အရည်အသွေးများကို ပြသနေခြင်းသာဖြစ်သည်။ ဤသို့သောအရာများကို ထုတ်ဖော်ပြခြင်း၏ အကျိုးဆက်များကို သင်သိသလော။ မသိလျှင် ကျေးဇူးပြု၍ ယင်းတို့ကို ထုတ်ဖော်မပြနှင့်။ မည်သည့်အရာကို သင်လုပ်ဆောင်နိုင်သည်၊ မည်သည့်နည်းပညာ ကျွမ်းကျင်မှုကို သင်ပိုင်ဆိုင်သည်၊ သင်သည် မည်သည့်အထူးစွမ်းရည်များ၌ အလိုအလျောက် ထူးချွန်သည်၊ သို့မဟုတ် ပိုင်ဆိုင်သည်ဆိုသည်တို့အားလုံးကို မြင့်မြတ်သည်ဟု မသတ်မှတ်ပေ။ သင်သည် သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်။ လူအချို့က “ငါသည် ဘာသာစကားအချို့ကို ကျွမ်းကျင်သည်” ဟု ဆိုသည်။ ဤသို့ဆိုလျှင် ဘာသာပြန်အဖြစ် အလုပ်သွားလုပ်ပြီး သင်၏ ဘာသာပြန်အလုပ်ကို ကောင်းစွာ လုပ်ဆောင်လော့။ ဤသို့ဆိုလျှင် သင့်အား လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ လူအချို့က “ငါသည် ရှင်ဟွာအဘိဓာန်တစ်ခုလုံးကို အလွတ်ရွတ်ဆိုနိုင်သည်” ဟု ဆိုကြသည်။ သင်သည် ရှင်ဟွာအဘိဓာန်တစ်ခုလုံးကို မှတ်သားပြီးပြီဆိုလျှင်ကော။ ယင်းက သင့်အား ဧဝံဂေလိဖြန့်ဝေခြင်းကို လုပ်ဆောင်နိုင်စေသလော။ ဘုရားသခင်အပေါ် သက်သေခံခြင်းကို လုပ်ဆောင်နိုင်စေသလော။ လူအချို့က “ငါသည် တစ်ချက်ကြည့်ရုံမျှဖြင့် စာကြောင်းဆယ်ကြောင်းကို ဖတ်နိုင်သည်၊ ငါသည် ဘုရားနှုတ်ကပတ်တော်ကို တစ်ရက်တွင် စာမျက်နှာ ၁၀၀ ဖတ်နိုင်သည်၊ ဤအရည်အချင်းကို ကြည့်လော့၊ အထင်ကြီးစရာ မဟုတ်သလော” ဟူ၍ ဆိုကြသည်။ သင်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်မှ စာမျက်နှာ ၁၀၀ ကို တစ်ရက်အတွင်း ဖတ်နိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယင်းမှ မည်သည့်အရာကို သင်နားလည်သနည်း။ သမ္မာတရား၏ မည်သည့်ကဏ္ဍကို နားလည်သနည်း။ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သလော။ လူအချို့က “ငါသည် ငယ်ရွယ်စဉ်ကတည်းက ပါရမီရှင်တစ်ယောက်ဖြစ်သည်၊ အသက် ငါးနှစ်ဖြင့် သီချင်းဆိုပြီး ကဗျာများရေးနိုင်သည်” ဟူ၍ ဆိုကြသည်။ ဤသည်မှာ အသုံးဝင်သလော။ ဘာသာတရားမရှိသူများက သင့်အား လေးစားနိုင်သည်။ သို့သော် ဘုရားအိမ်တော်တွင် သင်သည် အသုံးမဝင်ပေ။ ဘုရားသခင်အား ချီးမွမ်းသည့် သီချင်းတစ်ပုဒ်ကို ယခုချက်ချင်း ရေးစပ်ရန် သင့်အား ငါခိုင်းစေသည် ဆိုပါစို့။ သင်လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်လျှင် ဤသည်မှာ သမ္မာတရား၏ မည်သည့်ကဏ္ဍကိုမျှ သင်နားမလည်ဟု အဓိပ္ပာယ်ရသည်။ ပါရမီရှိခြင်းသက်သက်သည် အရေးမပါပေ။ သမ္မာတရားအား သင်နားမလည်လျှင် မည်သည့်အရာကိုမျှ သင်ဖြစ်မြောက်မည်မဟုတ်ပေ။ လူတစ်ယောက် ပိုင်ဆိုင်သည့် ဆုကျေးဇူး၊ စွမ်းရည် သို့မဟုတ် ပါရမီတို့က မည်သို့ရှိသည်ဖြစ်စေ လက်တွေ့တွင် ယင်းတို့သည် တန်ဆာပလာများသာ ဖြစ်သည်။ အပြုသဘောဆောင်သော အရာများအတွက် ၎င်းတို့ကို အသုံးပြုနိုင်ပြီး အပြုသဘောဆောင်သော သက်ရောက်မှုရှိလျှင် ယင်းတို့သည် တန်ဖိုးအတန်အသင့်ရှိသည်ဟု ဆိုနိုင်သည်။ အပြုသဘောဆောင်သော အရာများအတွက် ယင်းတို့ကို အသုံးမပြုနိုင်လျှင်၊ သို့မဟုတ် အပြုသဘောဆောင်သော သက်ရောက်မှု မရှိလျှင် ယင်းတို့သည် တန်ဖိုးမရှိသည့်အပြင် ယင်းတို့ကို သင်ယူခြင်းသည် သင့်အတွက် အသုံးမဝင်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ထမ်းဆောင်ခြင်း၌ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ စွမ်းရည်များ သို့မဟုတ် ပါရမီများကို အသုံးချပြီး အလုပ်တာဝန်တစ်ခုကို ဖြည့်ဆည်းနိုင်လျှင် သင်၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပါရမီများကို သင့်လျော်သောနေရာ၌ အသုံးတည့်သည်၊ ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းပေးသည်ဟု ပြောဆိုကောင်း ပြောဆိုနိုင်သည်။ ဤသည်မှာ ယင်းတို့ ပိုင်ဆိုင်သော တန်ဖိုးဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်းတို့ကို သင်၏ တာဝန်ထမ်းဆောင်ခြင်း၌ လုံးဝ အသုံးမချနိုင်လျှင် သင်၏ အတတ်ပညာပိုင်းဆိုင်ရာ စွမ်းရည်များနှင့် ပါရမီများသည် ငါ့အတွက် တန်ဖိုးမရှိဘဲ တစ်စက်မျှ အသုံးမတည့်ပေ။ ဥပမာ၊ လူအချို့သည် ပင်ကိုအားဖြင့် စကားပြောကောင်းပြီး ရှင်းလင်းစွာ ပြောဆိုနိုင်သည့်အပြင် ကျွမ်းကျင်မှုရှိသော ဘာသာဗေဒပညာရှင်နှင့် တက်ကြွဖျတ်လတ်သော အတွေးအခေါ်သမားများ ဖြစ်ကြသည်။ ဤအရာကို ပါရမီဟု သတ်မှတ်နိုင်သည်။ ကမ္ဘာလောကတွင် ဤသို့သောလူတို့သည် အများပြည်သူရှေ့၌ စကားပြောခြင်း၊ ကြော်ငြာခြင်း သို့မဟုတ် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်လျှင် သို့မဟုတ် တရားသူကြီး၊ ရှေ့နေ သို့မဟုတ် အလားတူ အလုပ်အကိုင်များ၌ အလုပ်လုပ်လျှင် ၎င်းတို့၏ ပါရမီများအတွက် နေရာတစ်ခုရှိသည်။ သို့ရာတွင် ဘုရားအိမ်တော်၌ သင်သည် ဤသို့သောပါရမီကို ပိုင်ဆိုင်သော်လည်း သမ္မာတရား၏ မည်သည့်ကဏ္ဍကိုမျှ နားမလည်လျှင်၊ ရူပါရုံများနှင့်ပတ်သက်သော သမ္မာတရားအား အခြေခံနားလည်မှုပင် မရှိလျှင်၊ ထို့ပြင် ဧဝံဂေလိကို မဖြန့်ဝေနိုင်လျှင်၊ သို့မဟုတ် ဘုရားသခင်အား သက်သေမခံနိုင်လျှင် သင်၏ ဆုကျေးဇူး သို့မဟုတ် ပါရမီသည် တန်ဖိုးနည်းပါးသည်။ သင်သည် သင်၏ ဆုကျေးဇူးအပေါ်တွင် အစဉ်သဖြင့် မှီခိုနေထိုင်ပြီး သင်သွားသည့် နေရာတိုင်း၌ သင်၏ပါရမီကို ထုတ်ပြနေလျှင်၊ စကားများနှင့် အယူဝါဒများကို ကြွားဝါဟောပြောနေလျှင် သင့်အား လူတို့က ရွံရှာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်ပြောဆိုသည့် စကားတိုင်းသည် စက်ဆုပ်ဖွယ် ဖြစ်လာမည်ဖြစ်သောကြောင့်၊ သင်ဖော်ပြသည့် အတွေးအမြင်တိုင်းသည် ငြီးငွေ့ဖွယ်ရာ ဖြစ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဆိတ်ဆိတ်နေသည်က သင့်အတွက် ပို၍ကောင်းလိမ့်မည်။ သင့်ကိုယ်သင် ထုတ်ဖော်ပြသပြီး တင်ဆက်ရန် ကြိုးစားလေလေ၊ သင်သည် မနှစ်မြို့စရာကောင်းလေလေ ဖြစ်လိမ့်မည်။ လူတို့က “သင်၏ နံဟောင်သော ပါးစပ်ကို ပိတ်လော့၊ သင်ပြောဆိုသည့်အရာ အားလုံးသည် အယူဝါဒဖြစ်သည်၊ မည်သူက နားမလည်ဘဲ ရှိသေးသနည်း၊ သင် တရားဟောနေသည်မှာ နှစ်မည်မျှကြာပြီနည်း၊ သင်၏ စကားများသည် ဖာရိရှဲများ၏စကားနှင့် မကွာခြား၊ အသင်းတော်ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် အနှစ်မဲ့သော သဘောတရားများဖြင့် ပြည့်နေသည်၊ မည်သူကမျှ နားမထောင်လိုပေ” ဟူ၍ ဆိုကြလိမ့်မည်။ မြင်သလော။ ယင်းသည် ဒေါသကို နှိုးဆွပြီး လူတို့အား ရွံရှာစေသည်။ ထို့ကြောင့် သင့်အနေဖြင့် သမ္မာတရားကို ပို၍အာရုံစိုက်ခြင်း၊ သမ္မာတရားအား ပို၍နားလည်ရန် အားထုတ်ခြင်းက ပို၍ကောင်းပြီး ဤသည်မှာ စစ်မှန်သော အရည်အချင်းဖြစ်သည်။ ဤအရာကို ငါပြောလေလေ ဤ “လုပ်ရည်ကိုင်ရည်ရှိသော”၊ “ကျွမ်းကျင်သော” လူတို့က ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလေလေဖြစ်ပြီး “ယခု ပြီးဆုံးသွားပြီ၊ လွတ်လမ်းမရှိပေ၊ ကျွန်ုပ်သည် မိမိကိုယ်ကို ပါရမီရှိသည်၊ ထူးချွန်သည်ဖြစ်၍ မည်သည့်နေရာသို့ သွားပါစေ အဓိကကျသော နေရာများ၌ ချထားခြင်းခံရသည်ဟု အစဉ်သတ်မှတ်ခဲ့သည်။ ‘ပတ္တမြားမှန်လျှင် နွံမနစ်’ ဆိုသည့် ဆိုရိုးစကား ရှိသည်မဟုတ်လော။ သို့သော် ကျွန်ုပ်သည် မမျှော်လင့်ဘဲ ဘုရားအိမ်တော်တွင် တိုးတက်ရန် လမ်းမရှိတော့ပေ၊ ဖိနှိပ်ချုပ်ချယ်မှုကို အလွန်တရာပင် ခံစားရသည်၊ ကျွန်ုပ်သည် အဘယ်သို့များ ဤသို့ ဖြစ်လာရသနည်း” ဟူ၍ စဉ်းစားကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော ထူးခြားစွာပင် ပါရမီရှိပြီး အဆင့်မြင့်သော ကျွမ်းကျင်ပညာရှင်များသည် ဘုရားအိမ်တော်သို့ ရောက်လာသောအခါ အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသနည်း။ ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို နှစ်များစွာ ခံစားခဲ့ရပြီး ယခုတွင် စိတ်ဓာတ်ကျခြင်းကို ခံစားရသည်။ မည်သို့ စကားပြောရမည်၊ ပြုမူဆောင်ရွက်ရမည်ကိုပင် ၎င်းတို့ မသိတော့ပေ။ အဆုံး၌ အချို့က “ပြုပြင်ခြင်းကို စဉ်ဆက်မပြတ် ခံရခြင်းက အလွန်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်၊ ယခုတွင် ငါသည် အလွန်ပင်ပို၍ ကောင်းစွာပြုမူလာသည်၊ အသင်းတော်ခေါင်းဆောင်များ၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်များက ပြောသည့်အရာတိုင်းကို ငါ သဘောတူပြီး ‘ဟုတ်သည်’၊ သို့မဟုတ် ‘ရသည်’ ဟူ၍ အစဉ် တုံ့ပြန်သည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ကျိုးနွံနာခံပြီး လိုက်နာတတ်သွားသည့် ပုံစံရှိသည်။ သို့သော် ၎င်းတို့သည် စည်းမျဉ်းများကို နားမလည်သေးပေ၊ သို့မဟုတ် ၎င်းတို့တာဝန်များအား မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကို နားမလည်သေးပေ။ ၎င်းတို့သည် ၎င်းတို့နှင့်အတူ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားမှုကို သယ်ဆောင်ပြီး မခံမရပ်နိုင်ဖြစ်ကာ တန်ဖိုးမထားခြင်းခံရသည်ဟု ခံစားကြရသည်။ ၎င်းတို့၏ ပညာရေးအဆင့်ကို မေးသောအခါ အချို့က “ရိုးရိုးဘွဲ့ကို ရရှိခဲ့သည်” ဟု ဆိုပြီး အခြားလူများက “မဟာဘွဲ့ ရရှိသည်”၊ အခြားလူများက “ပါရဂူဘွဲ့ ရှိသည်”၊ သို့မဟုတ် “ဆေးကျောင်းတွင် ဘွဲ့ရခဲ့သည်”၊ “စာရင်းအင်းပညာ သင်ကြားခဲ့သည်”၊ သို့မဟုတ် “စီးပွားစီမံကို သင်ကြားခဲ့သည်” ဟု ဆိုကြပြီး အခြားသောလူများက ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲသူ၊ သို့မဟုတ် အင်ဂျင်နီယာများဖြစ်ကြသည်။ ၎င်းတို့၏ နာမည်ရှေ့၌ “ဒေါက်တာ” ရှိမနေလျှင် အခြားသော တရားဝင် ဂုဏ်ပုဒ်အချို့ရှိကြသည်။ ဤလူများကို ဘုရားအိမ်တော်၌ ဤသို့ ခေါ်ဝေါ်ဆက်ဆံခြင်း မပြုသကဲ့သို့ အထင်ကြီးလေးစားမှုတစ်ခုခုဖြင့် ဆက်ဆံခြင်းလည်း မခံရပေ။ ၎င်းတို့သည် မကြာခဏပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး ပင်ကိုလက္ခဏာ အသိစိတ် ပျောက်ဆုံးကြသည်။ အသင်းတော်တွင် ဂီတပညာရှင်များ၊ အကသမားများ၊ ရုပ်ရှင်ဖန်တီးရေးသမားများ၊ နည်းပညာရှင်များ၊ စီးပွားရေး အတတ်ပညာရှင်များ၊ စီးပွားရေးပါရဂူများနှင့် နိုင်ငံရေးသမားများပင် အပါအဝင် ကျွမ်းကျင်ပညာရှင်မျိုးစုံရှိသည်။ ဤလူတို့သည် ညီအစ်ကိုမောင်နှမများကြား၌ ရှိနေစဉ်တွင် “ငါသည် နိုင်ငံတော်ပိုင် လုပ်ငန်းတစ်ခုတွင် လေးစားခြင်းခံရသော အလုပ်အမှုဆောင်တစ်ယောက်ဖြစ်သည်၊ ငါသည် နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းတစ်ခု၏ အကြီးတန်း အလုပ်အမှုဆောင်ဖြစ်သည်၊ ငါသည် စီအီးအိုဖြစ်သည်၊ မည်သူ့ကို ငါ ကြောက်ခဲ့ဖူးသနည်း၊ မည်သူ့ကို ငါ ကျိုးနွံနာခံခဲ့ဖူးသနည်း၊ ငါသည် မွေးကတည်းက စီမံခန့်ခွဲမှု အရည်အချင်းများကို ပိုင်ဆိုင်သည်၊ မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ အာဏာရှိသည့်နေရာတွင် ရှိနေသင့်သည်၊ ဦးဆောင်သည်မှာ ငါဖြစ်သင့်သည်၊ အခြားလူများကို စီမံနေသောသူ အစဉ်ဖြစ်သင့်သည်၊ မည်သူကမျှ ငါ့ကို စီမံ၍မရပေ၊ ထို့ကြောင့် ဘုရားအိမ်တော်တွင် ငါသည် အနည်းဆုံးအနေဖြင့် အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ဦးဆောင်ရသူဖြစ်သင့်သည်” ဟု မကြာခဏ ပြောကြသည်။ မကြာမီတွင်ပင် ဤလူတို့သည် သမ္မာတရား စစ်မှန်မှု မရှိသည်ကိုလည်းကောင်း၊ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကိုလည်းကောင်း၊ အထူးပင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်ကိုလည်းကောင်း လူတိုင်းက ရှင်းလင်းစွာ သိလာကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ကောင်းမွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်ကြပြီး အဆုံး၌ ၎င်းတို့ထဲမှ အချို့ကို လက်မှုဆိုင်ရာအလုပ်နှင့် သက်ဆိုင်သော တာဝန်များကိုသာ ချပေးနိုင်သည်။ အခြားလူများကမူ အစဉ်သဖြင့် နာခံလိုစိတ်မရှိကြဘဲ ၎င်းတို့၏ အရည်အချင်းများကို ကြွားဝါရန် အစဉ်သဖြင့် ကြိုးစားကာ အထိန်းအကွပ်မဲ့ ပြုမူလုပ်ဆောင်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ပြဿနာများစွာကို ဖြစ်စေပြီး အဖွဲ့သားများကို စိတ်ဆိုးစေကာ နောက်ဆုံးတွင် ရှင်းလင်းပစ်ခြင်းခံရသည်။ ဤလူတို့သည် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရမည်မဟုတ်လော။ အဆုံးတွင် ၎င်းတို့သည် ၎င်းတို့၏ အတွေ့အကြုံကို ဖော်ပြချက်တစ်ခုဖြင့် အနှစ်ချုပ်သည်။ “ဘုရားအိမ်တော်သည် ငါတို့ကဲ့သို့ ပါရမီရှိသောသူများအတွက် နေရာတစ်ခုမဟုတ်ပေ၊ ငါတို့သည် မျိုးရိုးစစ်သော မြင်းများကဲ့သို့ဖြစ်သည်၊ သို့သော် ဘုရားအိမ်တော်တွင် ပိုင်းခြားသိမြင်သော တရားသူကြီးမရှိ၊ ဘုရားကို ယုံကြည်သူတို့သည် မသိနားမလည်ဘဲ များစွာ သိမြင်ခြင်းမရှိပေ၊ အထူးသဖြင့် အဆင့်အမျိုးမျိုးတွင်ရှိသော ခေါင်းဆောင်ဖြစ်သောသူများမှာ ထိုကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ငါတို့သည် မျိုးရိုးစစ်သော မြင်းများဖြစ်သည်ကို ၎င်းတို့ မသိမြင်နိုင်ကြပေ၊ ငါတို့၏ ပါရမီများကို သိမြင်နိုင်သည့်သူကို သွား၍ ရှာရမည်” ဟူ၍ ဖြစ်သည်။ အဆုံးတွင် ၎င်းတို့သည် ဤသို့ ကောက်ချက်ချသည်။ “ဘုရားအိမ်တော်တွင် ငါတို့အား နေရာပေးရန်အတွက် နေရာနည်းပါးလွန်းသည်၊ ငါတို့အားလုံးသည် အရေးကြီးပုဂ္ဂိုလ်များဖြစ်သည်၊ ဘုရားကို ယုံကြည်သူများမှာမူ လူ့အဖွဲ့အစည်း၏ နိမ့်ကျသောအဆင့်တွင်ရှိသော နှိမ့်ချသောလူများ ဖြစ်သည်။ လယ်သမားများ၊ လမ်းဘေးဈေးသည်များ၊ အသေးစား စီးပွားရေးသမားများဖြစ်သည်၊ ၎င်းတို့ထဲတွင် ထိပ်ဆုံးအဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များမရှိပေ၊ အသင်းတော်က သေးငယ်သော်လည်း ကမ္ဘာလောကက ကျယ်ပြန့်သည်၊ ဤသို့အလွန်ကြီးမားသော ကမ္ဘာလောက၌ ငါတို့အတွက် နေရာတစ်ခုရှိရမည်၊ ပါရမီရှိသော ငါတို့သည် နောက်ဆုံးတွင် ငါတို့အတွက် အကဲဖြတ်သူတစ်ဦးဦးကို ရှာတွေ့လိမ့်မည်” ဟူ၍ ပြောသော အခြားလူများရှိသည်။ ၎င်းတို့အတွက် အကဲဖြတ်သူကို ရှာရာတွင် ကံကောင်းစေဖို့ ဤလူတို့အား ဆုမွန်ကောင်းတောင်းပေးကြစို့။ (ကောင်းပါပြီ။) ၎င်းတို့အတွက် အကဲဖြတ်သူကို ရှာပြီးနောက်တွင် ၎င်းတို့က ငါတို့အား နှုတ်ဆက်သည့်နေ့တွင် ၎င်းတို့အား နှုတ်ဆက်ညစာ စားပွဲပြုလုပ်ပေးပြီး ၎င်းတို့၏ သင့်တော်သောနေရာကို ရှာတွေ့ဖို့၊ ဖိနှိပ်ချုပ်ချယ်ခံရသည့် မည်သည့်စိတ်ခံစားချက်မဆိုမှ ကင်းလွတ်ဖို့ မျှော်လင့်ကြစို့။ ၎င်းတို့သည် ငါတို့ထက်ပို၍ ကောင်းစွာ နေထိုင်နိုင်ပါစေ။ ငြိမ်သက်ခြင်းရှိသော အသက်တာရှိပါစေ။ ငါတို့သည် ဤသို့ ပြောဆိုခြင်းအားဖြင့် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များရှိသည့် ဤလူတို့သည် အနည်းငယ် စိတ်သက်သာရာရသလော။ ရင်ထဲတွင် တင်းကျပ်နေခြင်း၊ ခေါင်းတွင် ထူပူနေခြင်း၊ စိတ်နှလုံးတွင် လေးလံနေခြင်း၊ ရုပ်ခန္ဓာ မသက်သာခြင်း၊ စိတ်မအေးခြင်းတို့ဖြစ်သော ၎င်းတို့၏ ဤခံစားချက်များသည် ပျောက်သွားသလော။ ၎င်းတို့၏ ဆန္ဒများ အမှန်တကယ် ဖြစ်ပေါ်ရန်၊ ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ မခံစားရတော့ရန်၊ ပျော်ရွှင်စွာ၊ လွတ်လပ်စွာ အသက်ရှင်နိုင်ရန် ငါ မျှော်လင့်သည်။

ပြောလော့။ ဘုရားအိမ်တော်သည် ဤပါရမီရှိသော ပုဂ္ဂိုလ်များအတွက် အခက်အခဲဖြစ်စေရန် တမင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားအိမ်တော်တွင်ရှိသော စည်းမျဉ်းအမျိုးမျိုး၊ အလုပ်အစီအစဉ်များ၊ အလုပ်ကိစ္စတစ်ခုစီအတွက် သတ်မှတ်ချက်များသည် ၎င်းတို့တွင် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များကို အဘယ်ကြောင့် ဖြစ်ပေါ်စေသနည်း။ ဤပါရမီရှိသော ပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်တွင် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များအတွင်း၌ အဘယ်ကြောင့် ပိတ်မိနေသနည်း။ ဘုရားအိမ်တော်က အမှားတစ်ခု လုပ်ခဲ့သလော။ သို့မဟုတ် ဘုရားအိမ်တော်က ဤလူများအတွက် အခက်အခဲဖြစ်အောင် တမင်တကာ လုပ်ဆောင်ခြင်းဖြစ်သလော။ (နှစ်ခုလုံး မဟုတ်ပါ။) အယူဝါဒနှင့်ပတ်သက်လျှင် ဤရှင်းပြချက်နှစ်ခုလုံးသည် လုံးဝ မမှန်ကန်သည်ကို သင်တို့အားလုံး နားလည်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဤသို့ ဖြစ်ပျက်သနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် တာဝန်ထမ်းဆောင်ခြင်းတစ်လျှောက်တွင် လောကီတွင် ၎င်းတို့ ရယူခဲ့သော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ သို့မဟုတ် တစ်ကိုယ်ရေ နှစ်သက်မှုများကို ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များထဲတွင် ရောနှောကျင့်သုံးလိုက်သောကြောင့် ဖြစ်သည်။) သို့သော် ဘုရားအိမ်တော်သည် ၎င်းတို့အား ဤအရာများကို ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းများထဲတွင် ရောနှောကျင့်သုံးရန် ခွင့်ပြုသလော။ လုံးဝ ခွင့်မပြုပေ။ လူအချို့သည် ဘုရားအိမ်တော်က ဤအရာကို ခွင့်မပြုသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဟု သင်တို့ ထင်သနည်း။ (၎င်းတို့သည် တာဝန်တစ်ခုစီကို မထမ်းဆောင်မီတွင် ထိုတာဝန်အတွက် ဘုရားအိမ်တော်၌ ရှိသော သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ၎င်းတို့ ဦးစွာ နားလည်ရမည်။ ဤစည်းမျဉ်းများကို တိကျစွာ သဘောပေါက်ပြီးနောက်တွင် ၎င်းတို့ ကျွမ်းကျင်တတ်မြောက်ခဲ့သော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို ကျိုးကြောင်းသင့်သော ပုံစံဖြင့် အသုံးချနိုင်သည်။) ဤစည်းမျဉ်းသည် မှန်ကန်သည်။ ယခု ပြောလော့။ ဘုရားအိမ်တော်တွင် အစဉ်သဖြင့် မိမိ၏ ကျွမ်းကျင်မှုကို ပြသပြီး မိမိ၏ အရည်အချင်းများကို ကြွားဝါလိုခြင်းသည် မှန်ကန်သော စမှတ်ဖြစ်သလော။ (မဟုတ်ပါ။) မည်သို့ မမှန်ကန်ခြင်း ဖြစ်သနည်း။ ကျေးဇူးပြု၍ အကြောင်းရင်းကို ရှင်းပြလော့။ (၎င်းတို့၏ ရည်ရွယ်ချက်သည် ကြွားဝါပြီး မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရစေရန်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးအလုပ်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးဖြစ်စေမည့် ပုံစံဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ဆိုသည်ကို မစဉ်းစားပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့်အညီ ပြုမူဆောင်ရွက်လိုကြသည်။) အခြားလူများက ဤအမှုကိစ္စကို မည်သို့ရှုမြင်သနည်း။ (တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်းတွင် အစဉ်သဖြင့် ကြွားဝါခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို မည်သို့ထမ်းဆောင်ပြီး ဘုရားသခင်အပေါ် မည်သို့သက်သေခံရမည်ကို မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို သက်သေခံလိုကြသည်။ ဤလမ်းကြောင်းသည် ပင်ကိုအားဖြင့် မှားယွင်းသည်။) ဤစမှတ်သည် ပင်ကိုအားဖြင့် မမှန်ကန်ပေ။ ဤသည်မှာ သေချာသည်။ ဤသို့ဆိုလျှင် မည်သို့ မမှန်ကန်ခြင်းဖြစ်သနည်း။ ဤသည်မှာ သင်တို့အားလုံး မချေပနိုင်သည့် ပြဿနာတစ်ခုဖြစ်သည်။ သင်တို့အားလုံးသည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနေရသည့် ပုံစံရှိသည်။ သင်တို့အားလုံးသည် သင်တို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသရန်အတွက် သင်တို့၏ ကျွမ်းကျင်မှုကို ပြသလိုသည့် ပုံစံရှိသည်။ ဤသို့ မဟုတ်သလော။ ဘာသာတရားမရှိသူများကြားတွင် ဆိုရိုးစကားတစ်ခုရှိသည်။ မည်သည့်ဆိုရိုးစကား ဖြစ်သနည်း။ “အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သင် ကြည့်စရာတစ်ခုခုရှိစေရန်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ “သင်၏ အရည်အချင်းများကို ထုတ်ဖော်ပြသခြင်း” ဆိုသည့် အဓိပ္ပာယ်မဟုတ်လော။ (ဟုတ်သည်။) သင်၏ အရည်အချင်းများကို ထုတ်ဖော်ပြသခြင်းဆိုသည်မှာ သင်၏ လုပ်ဆောင်နိုင်စွမ်းကို ပြသပြီး ကြွားဝါလိုခြင်း၊ သူတစ်ပါးတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းရလိုခြင်း၊ အထင်ကြီးလေးစားခံရလိုခြင်းကို ဆိုလိုသည်။ အနည်းဆုံးအနေဖြင့် ယင်းသည် “ငါ့တွင် စစ်မှန်သော ကျွမ်းကျင်မှုအချို့ရှိသည်။ ငါသည် သာမန်လူမဟုတ်ပေ။ ငါ့အား အထင်မသေးနှင့်။ ငါသည် ပါရမီရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်” ဟူ၍ သူတစ်ပါးတို့အား အသိပေးအကြောင်းကြားရန် မိမိ၏ အရည်အချင်းများကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကို အသုံးပြုလိုခြင်း ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ယင်းနောက်ကွယ်ရှိ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က ဤသို့သော ရည်ရွယ်ချက်များရှိပြီး သူ၏ အရည်အချင်းများကို အစဉ်သဖြင့် ထုတ်ဖော်ပြသလိုလျှင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးအလုပ်နောက်သို့ လိုက်လိုသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို စီမံလိုသည်။ အခြားလူများကြားတွင် ခြေကုပ်ရရှိပြီး သိက္ခာရှိလိုသည်။ ဤမျှ ရိုးရှင်းသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်အတွက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်း မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ မိမိတို့ကိုယ်ကို ပို၍ များပြားသော လူများ၏ အသိအမှတ်ပြုခံရရန်၊ မိမိတို့၏ တန်ဖိုးနှင့် ဂုဏ်သတင်းကို မြှင့်တင်ရန် ဖြစ်သည်။ လူတို့က ၎င်းတို့အား ကြီးကြပ်ရေးမှူး၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် တင်မြှောက်ရန် ၎င်းတို့က လုပ်ဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် တင်မြှောက်ခံရသည်နှင့် ၎င်းတို့တွင် အဆင့်အတန်းရှိမည် မဟုတ်လော။ ဤသို့ဆိုလျှင် ၎င်းတို့သည် ထင်ပေါ်မည်မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုဖြစ်သည်။ ၎င်းတို့၏ စမှတ်မှာ ဤမျှ ရိုးရှင်းသည်။ ယင်းသည် အဆင့်အတန်းနောက်လိုက်ခြင်းထက် မပိုပေ။ ၎င်းတို့သည် အဆင့်အတန်းနောက်သို့ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို၊ သို့မဟုတ် အကျိုးစီးပွားကို ကာကွယ်နေခြင်းမဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။