သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း သုံး

ဆုကျေးဇူးများ၊ ပါရမီများရှိသောသူတို့သည် ဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားချက်ကို ရှောင်ကြဉ်ရန်အတွက် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ ဖြစ်မြောက်ရန် လွယ်ကူသလော။ (လွယ်ကူသည်။) ဤသို့ဆိုလျှင် သင်၏ ကျွမ်းကျင်မှုကို အသုံးမချနိုင်ခြင်းကြောင့် ဖြစ်ပေါ်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ရှေးဦးစွာ လူတို့လေ့လာပြီး ကျွမ်းကျင်တတ်မြောက်သည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများသည် မည်သည့်အရာများဖြစ်သည်ကို၊ သို့မဟုတ် မည်သည့် ပါရမီနှင့် ကျွမ်းကျင်မှုအမျိုးအစားကိုမဆို သင် နားလည်ဖို့ လိုသည်။ ယင်းတို့ကိုယ်၌က ဘဝဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် အမျိုးအစားသတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် အမျိုးအစား မသတ်မှတ်နိုင်ပေ။ အများဆုံးအနေဖြင့် ယင်းတို့သည် အသုံးချခံပစ္စည်း အမျိုးအစားတစ်ခုဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်၊ လောကီကမ္ဘာတွင် ယင်းတို့သည် အများဆုံးအနေဖြင့် လူတို့အား မိမိတို့ကိုယ်ကို လုံလောက်စွာ ပံ့ပိုးပေးပြီး ၎င်းတို့၏ ရှင်သန်ရေးကို ထိန်းသိမ်းရန် လုပ်ဆောင်စေနိုင်သော အရည်အချင်းများဖြစ်သည်။ သို့သော် ဘုရားအိမ်တော်၏ အမြင်တွင် သင်သည် နည်းပညာ ကျွမ်းကျင်မှု အမျိုးအစားတစ်ခုကို ရယူခဲ့ခြင်းသာဖြစ်သည်။ ယင်းသည် အသိပညာ တစ်မျိုးသာဖြစ်သည်။ ရိုးရှင်းသော အသိပညာစစ်စစ်တစ်မျိုးဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် နိမ့်ကျခြင်းကို ဧကန်မုချ မညွှန်ပြပေ။ လူတစ်ယောက်သည် ကျွမ်းကျင်မှု၊ သို့မဟုတ် အရည်အချင်းတစ်ခုခုကို ပိုင်ဆိုင်ရုံဖြင့် သူတစ်ပါးတို့ထက်ပို၍ မြင့်မြတ်သည်ဟု မဆိုနိုင်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် နိမ့်ကျခြင်းကို မည်သို့ တွေ့မြင်နိုင်သနည်း။ သူ၏ လူ့သဘာဝ၊ သူ၏ လိုက်စားမှုနှင့် သူ လိုက်လျှောက်သည့် လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ နည်းပညာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုသည် မည်သည့်အသေးစိတ် အရည်အချင်း၊ သို့မဟုတ် အသိပညာကို သင်ရယူခဲ့သည်၊ ယင်းအပေါ် သင်၏ နားလည်မှုက မည်မျှ နက်နဲသည်၊ သို့မဟုတ် မည်မျှပေါ့တန်သည်၊ ယင်းတွင် မည်သည့်ကျွမ်းကျင်မှုအဆင့်ကို သင်ရရှိခဲ့သည် ဆိုသည်တို့ကိုသာ ကိုယ်စားပြုနိုင်သည်။ ဤနည်းပညာ အရည်အချင်းများနှင့် ကျွမ်းကျင်မှုသည် ကျွမ်းကျင်လိမ္မာမှု၊ အရေအတွက်၊ အတိမ်အနက်နှင့် ထိုနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသလော၊ သို့မဟုတ် အပေါ်ယံ အသိပညာသာ ရှိသလောဆိုသည်တို့နှင့် ပတ်သက်၍သာ ဆွေးနွေးနိုင်သည်။ ယင်းတို့ကို လူတစ်ယောက်၏ လူ့သဘာဝ၏ အရည်အသွေး၊ လိုက်စားမှု၊ သူ လျှောက်သည့်လမ်းကြောင်းတို့ကို အကဲဖြတ်ရန် အသုံးမပြုနိုင်ပေ။ ယင်းတို့သည် အသိပညာ၊ သို့မဟုတ် အသုံးချခံပစ္စည်းတစ်မျိုးသာ ဖြစ်သည်။ ဤအသိပညာ၊ သို့မဟုတ် အသုံးချခံပစ္စည်းသည် သင့်အား ဆက်စပ်မှုရှိသော အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်စေနိုင်သည်၊ သို့မဟုတ် အလုပ်တစ်မျိုးမျိုးတွင် ပို၍ အရည်အချင်းရှိအောင် လုပ်ဆောင်ကောင်း လုပ်ဆောင်ပေးနိုင်သည်။ သို့သော် ဤသည်မှာ သင့်အား အလုပ်နှင့်ပတ်သက်ပြီး စိတ်ချရမှုနှင့် အာမခံချက်ပေးသည့် အသက်မွေးမှုကိုသာ ပံ့ပိုးပေးသည်။ ဤမျှသာ ဖြစ်သည်။ လူ့အဖွဲ့အစည်းက သင်၏ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုကို မည်သို့ရှုမြင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဘုရားအိမ်တော်က ယင်းတို့ကို ရှုမြင်သည့် ပုံစံဖြစ်သည်။ လူတစ်ဦးသည် အထူးအရည်အချင်းတစ်မျိုးမျိုးကို ပိုင်ဆိုင်ရုံဖြင့် ဘုရားအိမ်တော်သည် ထိုသူအား မည်သည့်အခါမျှ တစ်မူထူးခြားစွာ မှတ်ယူမည်မဟုတ်။ ထိုသူအား ရာထူးတိုးပေးရန် ခြွင်းချက်ပြုလုပ်မည်မဟုတ်၊ သို့မဟုတ် ပြုပြင်ခြင်း ပုံစံတစ်ခုခု၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း ပုံစံတစ်ခုခုမှ ကင်းလွတ်ခွင့်ပင် ပြုမည်မဟုတ်။ လူတစ်ယောက်သည် မည်သည့် နည်းပညာအရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ပိုင်ဆိုင်နိုင်ပါစေ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တည်ရှိဆဲဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ဆဲဖြစ်သည်။ လူတစ်ယောက်၏ ဆုကျေးဇူး၊ ပါရမီ၊ နည်းပညာဆိုင်ရာ အရည်အချင်းများသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွဲပြားပြီး ဆက်စပ်ခြင်းမရှိပေ။ ယင်းတို့သည် သူ၏ လူ့သဘာဝ၊ သို့မဟုတ် စရိုက်လက္ခဏာနှင့်လည်း လုံးဝ မသက်ဆိုင်ပေ။ အချို့သောလူတို့သည် အနည်းငယ်ပို၍ အစွမ်းအစရှိသည်။ အနည်းငယ်ပို၍ အသိဉာဏ်ရှိသည်၊ သို့မဟုတ် ဖြတ်ထိုးဉာဏ်နှင့် သိမြင်နားလည်မှု အနည်းငယ်ပို၍ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် နည်းပညာ အရည်အချင်းအချို့ကို သင်ယူသောအခါ အတော်အတန်ပို၍ နက်နဲသော အသိပညာကို ရရှိလေသည်။ ၎င်းတို့သည် အောင်မြင်မှုနှင့် ရလဒ်များကို အနည်းငယ်ပို၍ ရရှိသည်။ ဤပညာရပ်ပါဝင်သော အလုပ်ကို လုပ်ဆောင်သောအခါတွင် ပို၍ အောင်မြင်မှုရှိသည်။ လူ့အဖွဲ့အစည်းတွင် ဤအရာက ၎င်းတို့အား အတော်အတန် ပို၍ ကြီးမားပြီး များပြားသော ငွေကြေးအမြတ်အစွန်းများ၊ ၎င်းတို့၏ နယ်ပယ်တွင် အနည်းငယ်ပို၍ မြင့်သော အဆင့်အတန်း၊ ဝါရင့်မှု၊ သို့မဟုတ် ဂုဏ်သိက္ခာတို့ကို ရရှိစေနိုင်သည်။ ဤမျှသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအရာထဲမှ မည်သည့်အရာကမျှ ၎င်းတို့လျှောက်သည့်လမ်းကြောင်း၊ ၎င်းတို့၏ လိုက်စားမှု၊ သို့မဟုတ် ဘဝနှင့် ဖြစ်တည်မှုအပေါ် ၎င်းတို့၏ သဘောထားတို့ကို မညွှန်ပြပေ။ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့သည် အသိပညာနယ်ပယ်သက်သက်၏ အကြောင်းအရာများ ဖြစ်သည်။ လူတစ်ယောက်၏ အတွေးအမြင်၊ သို့မဟုတ် အရာရာတိုင်းအပေါ် ၎င်းတို့ ခံယူသည့် အမြင်ရှုထောင့်၊ ရပ်တည်ချက်တို့နှင့် လုံးဝ မသက်ဆိုင်ပေ။ ၎င်းတို့သည် ဤအရာများဖြင့် မည်သည့်ပုံစံနှင့်မျှ မဆက်စပ်ပေ။ အချို့သော အသိပညာနယ်ပယ်တွင် အားပေးမြှင့်တင်သော အယူအဆများသည် သမ္မာတရားအား နားလည်ခြင်း၊ အပြုသဘောဆောင်သောအရာများအား သိမြင်ခြင်းနှင့်ပတ်သက်ပြီး လူတို့အား အမြင်မှားစေသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများဖြစ်သည်မှာ ပြောစရာမလိုပေ။ ထိုအရာအားလုံးမှာ မတူညီသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ဤနေရာတွင် ငါတို့သည် အသိပညာသက်သက်နှင့် နည်းပညာဆိုင်ရာ အရည်အချင်းများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ယင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် သာမန်လူ့သဘာဝအတွက် အပြုသဘောဆောင်သော၊ သို့မဟုတ် တက်ကြွမှုရှိသော ပံ့ပိုးမှု၊ ပြုပြင်မှုတို့ကို မပေးပေ။ ယင်းတို့သည် လူတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကန့်သတ်နိုင်စွမ်း၊ သို့မဟုတ် ချုပ်တည်းနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ယင်းတို့၏ သဘာဝဖြစ်သည်။ လူတစ်ယောက်သည် စာပေ၊ ဂီတ၊ သို့မဟုတ် အနုပညာနှင့်သက်ဆိုင်သော မည်သည့်ကဏ္ဍမဆို၊ သိပ္ပံ၊ ဇီဝဗေဒ၊ သို့မဟုတ် ဓါတုဗေဒ၊ သို့မဟုတ် ဒီဇိုင်း၊ ဗိသုကာ၊ ကုန်သွယ်ရေး၊ သို့မဟုတ် လက်မှုပညာ၌ပင် ပါဝင်လုပ်ကိုင်သည်ဖြစ်စေ၊ မည်သည့်နယ်ပယ်ဖြစ်စေ သူ၏ နည်းပညာဆိုင်ရာ အသိပညာ၏ သဘောသဘာဝသည် ဤသို့ဖြစ်သည်။ ဤသည်မှာ ယင်း၏ အနှစ်သာရဖြစ်သည်။ ငါသည် တိကျစွာ ပြောဆိုခဲ့သည်ဟု သင်တို့ ထင်မြင်သလော။ (ထင်မြင်သည်။) မည်သည့်နယ်ပယ်တွင် သင်ပါဝင်လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို သင် လေ့လာသည်ဖြစ်စေ၊ သို့မဟုတ် မွေးရာပါ ကျွမ်းကျင်မှုအချို့ကို သင်ပိုင်ဆိုင်သည်ဖြစ်စေ ယင်းသည် သင်၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် နိမ့်ကျခြင်းကို မညွှန်ပြပေ။ ဥပမာ လူ့အဖွဲ့အစည်းတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး၌ ပါဝင်လုပ်ဆောင်သောသူများ၊ အထူးသဖြင့်၊ လက်ရွေးစင်လူစုများသည် မြင့်မြတ်သော စရိုက်လက္ခဏာရှိသည်ဟု လူအချို့က ယုံကြည်ကြသည်။ ၎င်းတို့ လေ့လာသင်ယူခဲ့သည့် အသက်မွေးပညာရပ်နှင့် အသိပညာကို လူတို့က အထင်ကြီးလေးစားသောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် အထူးပင် မြင့်မားသော ဝင်ငွေရှိသောကြောင့် ၎င်းတို့တွင် မြင့်မားသော လူမှုအဆင့်အတန်းရှိသည်။ သို့ရာတွင် ဤသို့သော ထင်မြင်ချက်သည် ဘုရားအိမ်တော်တွင် မတည်ရှိပေ။ ဘုရားအိမ်တော်သည် ၎င်းတို့အား ဤပုံစံဖြင့် အကဲဖြတ်မည်မဟုတ်ပေ။ ဤကိစ္စကို တန်ဖိုးဖြတ်ရန်အတွက် ဤလူတို့ အသုံးပြုသော စည်းမျဉ်းများ၊ စံနှုန်းများသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ နားလည်မှုဖြစ်ပြီး လူသား၏ အသိပညာနှင့် သက်ဆိုင်သောကြောင့် ဤသို့သော အမြင်များသည် ဘုရားအိမ်တော်တွင် ယုတ္တိမတန်ပေ။ အခြားဥပမာပေးရလျှင် လူ့အဖွဲ့အစည်း၌ လူအချို့သည် တံငါသည်၊ လမ်းဘေးဈေးသည်၊ သို့မဟုတ် လက်မှုပညာသည်များဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းနိမ့်သည်ဟု သတ်မှတ်ပြီး မည်သူကမျှ ၎င်းတို့ကို အထင်ကြီးလေးစားခြင်းမရှိပေ။ သို့ရာတွင် ဘုရားအိမ်တော်၌ ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးမှာ တန်းတူညီသည်။ သမ္မာတရား၏ ရှေ့တွင် လူတိုင်းက ညီမျှသည်။ မြင့်မြတ်သော၊ နိမ့်ကျသောလူများကြား ကွာခြားမှုမရှိပေ။ သင်သည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းမြင့်သောကြောင့်၊ သို့မဟုတ် မြင့်မြတ်သော အလုပ်အကိုင်ကို လုပ်သောကြောင့် ဂုဏ်ရှိသည်ဟု သတ်မှတ်ခံရမည် မဟုတ်သကဲ့သို့ သင်သည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းနိမ့်သော အလုပ်အကိုင်ကို လုပ်ဆောင်သောကြောင့် နိမ့်ကျသည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်တွင်၊ ဘုရားသခင်၏ အမြင်တွင် သင်၏ ပင်ကိုလက္ခဏာ၊ တန်ဖိုး၊ အဆင့်အတန်းတို့ မြင့်သည်၊ သို့မဟုတ် နိမ့်သည်ဟု သတ်မှတ်ခံရခြင်းသည် သင်၏ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ နည်းပညာ ကျွမ်းကျင်မှု၊ သို့မဟုတ် သင်ပိုင်ဆိုင်သော ကျွမ်းကျင်မှုတို့ဖြင့် လုံးဝ မသက်ဆိုင်ပေ။ လူအချို့က “ငါသည် စစ်ထဲတွင် အုပ်ချုပ်သူအရာရှိ၊ ဗိုလ်ချုပ်ကြီး၊ ထိပ်တန်းအရာရှိတစ်ဦး ဖြစ်ခဲ့သည်” ဟု ဆိုသည်။ ငါက ၎င်းတို့အား “သင်သည် ဘေးသို့သွား၍ မတ်တတ်ရပ်လော့” ဟု ဆိုသည်။ အဘယ်ကြောင့် ဘေးတွင် မတ်တတ်ရပ်သင့်သနည်း။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက ဆိုးရွားလွန်းသောကြောင့်ဖြစ်သည်။ သင့်ကို ကြည့်ရသည်မှာ ငါစက်ဆုပ်ရွံရှာသည်။ ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လျက် အချိန်အချို့ကို ကုန်ဆုံးလော့။ သမ္မာတရားအချို့ကို နားလည်ခြင်းရှိလော့။ လူသားပုံသဏ္ဌာန်အတိုင်း အနည်းငယ် အသက်ရှင်နေထိုင်လော့။ ဤသို့ဆိုလျှင် သင် ပြန်လာသောအခါ လူတိုင်းက သင့်အား လက်ခံနိုင်လိမ့်မည်။ ဘုရားအိမ်တော်တွင် သင်သည် လူ့အဖွဲ့အစည်းတွင် လူတို့က မြင့်မြတ်သည်ဟု သတ်မှတ်သော အလုပ်တစ်မျိုးကို လုပ်ကိုင်ခဲ့ရုံဖြင့် အထင်ကြီးလေးစား ခံရမည်မဟုတ်သကဲ့သို့ သင်သည် လူ့အဖွဲ့အစည်းတွင် တစ်ခါက အဆင့်အတန်းနိမ့်ရုံဖြင့် အထင်သေးခြင်း ခံရမည်မဟုတ်ပေ။ လူတို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းများ၊ စည်းမျဉ်းများမှာ သမ္မာတရား၏ စံသတ်မှတ်ချက်အပေါ်တွင်သာ အခြေခံသည်။ ဤသို့ဆိုလျှင် သမ္မာတရား၏ စံသတ်မှတ်ချက်များမှာ အဘယ်နည်း။ ဤစံသတ်မှတ်ချက်များတွင် အသေးစိတ်ကဏ္ဍများရှိသည်။ ပထမအနေဖြင့် လူတို့ကို ၎င်းတို့၏ လူ့သဘာဝ၏ အရည်အသွေးအပေါ် အခြေခံပြီး အကဲဖြတ်သည်။ ၎င်းတို့တွင် အသိစိတ်၊ ဆင်ခြင်တုံတရား၊ ကောင်းမွန်သော စိတ်နှလုံး၊ တရားမျှတမှုအသိစိတ်ရှိမရှိအပေါ် အခြေခံပြီး အကဲဖြတ်သည်။ ဒုတိယအနေဖြင့် လူတို့သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ မည်သည့်လမ်းကြောင်းကို ၎င်းတို့လျှောက်သည်၊ သမ္မာတရားကို ၎င်းတို့ လိုက်စားသလော၊ အပြုသဘောဆောင်သောအရာများကို ချစ်သလော၊ ဘုရားသခင်၏ မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်သလော၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသလော၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို အလွန်အမင်း မနှစ်မြို့သလော၊ အစဉ်သဖြင့် တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်သလော စသည်တို့အပေါ်တွင်အခြေခံပြီး အကဲဖြတ်သည်။ ထို့ကြောင့် နည်းပညာဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုတစ်မျိုးမျိုးကို သင်ပိုင်ဆိုင်သည်ဖြစ်စေ၊ မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုမျှ မရှိသည်ဖြစ်စေ ဘုရားအိမ်တော်တွင် သင်သည် မျှတစွာ ဆက်ဆံခြင်းခံရမည်။ ဘုရားအိမ်တော်သည် အစဉ်သဖြင့် ဤသို့ လည်ပတ်သည်။ ယခုတွင် ဤသို့ ဆက်လက်ပြုလုပ်ပြီး နောင်တွင်လည်း ဤသို့ လုပ်ဆောင်မည်ဖြစ်သည်။ ဤစည်းမျဉ်းများ၊ စံနှုန်းများသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် ပြောင်းလဲဖို့ လိုသည့်အရာမှာ ၎င်းတို့၏ ကျွမ်းကျင်မှုကို အသုံးမချနိုင်သောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသောသူများဖြစ်သည်။ သင်သည် ဘုရားသခင်က ဖြောင့်မတ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်ကို ကြီးစိုးသည်မှာ သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်တွင် မျှတခြင်း၊ ဖြောင့်မတ်ခြင်းရှိသည်ကိုလည်းကောင်း အမှန်တကယ် ယုံကြည်လျှင် နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုနှင့်ပတ်သက်ပြီး သင်၏ မမှန်ကန်သော အမြင်များ၊ ထင်မြင်ချက်များကို အလျင်အမြန် လက်လွှတ်ရန် သင့်အား ငါခိုင်းစေသည်။ ဆုကျေးဇူးအနည်းငယ်၊ သို့မဟုတ် ကျွမ်းကျင်မှုအနည်းငယ်ကို ပိုင်ဆိုင်ခြင်းသည် သင့်အား သာလွန်စေသည်ဟု မထင်နှင့်။ သင်သည် အခြားသူများ၌ မရှိသော နည်းပညာဆိုင်ရာ အရည်အချင်းများ၊ သို့မဟုတ် ကျွမ်းကျင်မှုကို ပိုင်ဆိုင်နိုင်သော်လည်း သင်၏ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အခြားလူများ၏ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့် မကွာခြားပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သင်နှင့်ပတ်သက်ပြီး ထူးခြားသည့်အရာ လုံးဝ မရှိပေ။ သင်က “ကျွန်ုပ်သည် ရာထူးကြီးသော အရာရှိ ဖြစ်ခဲ့ဖူးသည်” ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင်လည်း သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ သင်က “ကျွန်ုပ်သည် ကြီးမြတ်သောအရာများကို အောင်မြင်ခဲ့ဖူးသည်” ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင်လည်း သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ သင်က “ကျွန်ုပ်သည် သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသည်” ဟု ဆိုနိုင်သည်။ သို့သော် သင်သည် မည်သို့သော သူရဲကောင်း၊ သို့မဟုတ် လူသိများသူဖြစ်ပါစေ အသုံးမဝင်ပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ ဤသည်မှာ နည်းပညာဆိုင်ရာ အရည်အချင်းများနှင့် ကျွမ်းကျင်မှု အမျိုးအစားအချို့နှင့်ပတ်သက်ပြီး လူတို့ နားလည်သင့်သည့် သမ္မာတရားနှင့် စည်းမျဉ်း၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားကဏ္ဍတစ်ခုဖြစ်သော ဤအတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းနှင့် ကျွမ်းကျင်မှုကို မည်သို့ ချဉ်းကပ်ရမည်ဆိုသည်မှာ လူတို့ နားလည်သင့်သည့် အသေးစိတ် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။ ရှေးဦးစွာ သင်သည် မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် မည်သည့်ကျွမ်းကျင်မှုကို ပိုင်ဆိုင်သည်ဖြစ်စေ သင်သည် အလုပ်တစ်ခုကို လုပ်ရန်၊ သင်၏ တန်ဖိုးကို ထုတ်ဖော်ပြသရန်၊ လစာရရှိရန်၊ သို့မဟုတ် ပိုက်ဆံရှာရန် ဘုရားအိမ်တော်သို့ ရောက်လာခြင်းမဟုတ်ဆိုသည်ကို သင်၏ အတွေးနှင့် အသိစိတ်ထဲတွင် ရှင်းလင်းစွာ သိဖို့ လိုသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် ရောက်လာခြင်းဖြစ်သည်။ ဘုရားအိမ်တော်တွင် သင်၏ တစ်ခုတည်းသော ပင်ကိုလက္ခဏာမှာ ညီအစ်ကို၊ သို့မဟုတ် မောင်နှမတစ်ယောက်အနေဖြင့်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရား၏အမြင်တွင် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ သင့်တွင် ဒုတိယ ပင်ကိုလက္ခဏာမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ဖန်ဆင်းခံသည် တိရစ္ဆာန်တစ်ကောင်၊ ဟင်းသီးဟင်းရွက်တစ်ခု၊ သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်မဟုတ်ပေ။ လူသားတစ်ဦးဖြစ်သည်။ သင်သည် လူသားတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ လူသားတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားအိမ်တော်သို့ လာခြင်းအတွက် သင်ရှိသင့်သော အခြေခံအကျဆုံး ပန်းတိုင်ဖြစ်ပြီး သင်ပိုင်ဆိုင်သင့်သော အ‌ခြေခံအကျဆုံး အမြင်ရှုထောင့် ဖြစ်သည်။ သင်က “ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သာမန်လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်သည်။ ငါသည် ငါ၏တာဝန်ကို ထမ်းဆောင်သင့်သည်” ဟု ဆိုသင့်သည်။ ဤသည်မှာ သဘောတရားအရဆိုလျှင် လူတို့ ဦးစွာ ပိုင်ဆိုင်သင့်သည့် အတွေးအမြင်ဖြစ်သည်။ နောက်တစ်ခုမှာ သင်၏ တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သည်ဆိုသည့်အရာ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် နားထောင်သင့်သလော၊ သို့မဟုတ် ဘုရားသခင်ကို နားထောင်သင့်သလော။ (ဘုရားသခင်ကို နားထောင်သင့်သည်။) မှန်သည်။ အဘယ်ကြောင့် ဘုရားသခင်ကို နားထောင်သင့်သနည်း။ စည်းမျဉ်းအရ၊ သဘောတရားအရ လူတို့သည် ဘုရားသခင်အား ၎င်းတို့ နားထောင်ရမည်ကိုလည်းကောင်း၊ ဘုရားသခင်က သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ကိုလည်းကောင်း သိကြသည်။ ဤသည်မှာ သဘောတရားနှင့်ပတ်သက်လျှင် မိမိ၌ ရှိသင့်သည့် အမြင်ဖြစ်သည်။ လက်တွေ့တွင် သင်သည် ဤတာဝန်ကို ထမ်းဆောင်သည်မှာ သင့်ကိုယ်သင်အတွက် မဟုတ်။ သင်၏ မိသားစုအတွက် မဟုတ်။ သင်၏ နေ့စဉ် ဖြစ်တည်မှုအတွက် မဟုတ်။ သင်၏ တစ်ကိုယ်ရေ အသက်မွေးအလုပ်၊ သို့မဟုတ် အားထုတ်ကြိုးပမ်းမှုအတွက် မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော်အတွက်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ သင်၏ တစ်ကိုယ်ရေ အရေးကိစ္စများနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ဤအမြင်ကို နားလည်ပြီး ပိုင်ဆိုင်ဖို့ လိုသည်။ ဤအမြင်ကို ပိုင်ဆိုင်ပြီးနောက်တွင် သင်နောက်ထပ် နားလည်ရမည့်အရာမှာ တာဝန်ထမ်းဆောင်ခြင်းသည် သင်ကိုယ်တိုင်အတွက် မဟုတ်ဘဲ ဘုရားသခင်၏ အမှုတော်အတွက် ဖြစ်သောကြောင့် ဤတာဝန်ကို မည်သို့ ထမ်းဆောင်သင့်သည်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များက အဘယ်သို့ဖြစ်သည်ဆိုသည်တို့နှင့်ပတ်သက်ပြီး ဘုရားသခင်ထံ ဆုတောင်းကာ ရှာဖွေဖို့ လိုသည်။ ဘုရားသခင်က သင့်အား မည်သို့လုပ်ဆောင်ရန် ပြောသည်ဖြစ်စေ သင့်တာဝန်ကို ထမ်းဆောင်လော့။ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် ခိုင်းစေသမျှကို လုပ်ဆောင်လော့။ ယင်းနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောနှင့်။ တွန့်ဆုတ်ခြင်း၊ ငြင်းဆန်ခြင်း မရှိနှင့်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သောကြောင့် ဤနေရာတွင် လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ခြင်းကသာ ၎င်းတို့အတွက် မှန်ကန်ပြီး သင့်လျော်သည်။ သို့သော် လူတို့သည် ဤအရာများကို မိမိတို့ကိုယ်ကိုအတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ နေ့စဉ် ဖြစ်တည်မှု၊ ဘဝ၊ မိသားစု၊ သို့မဟုတ် အသက်မွေးအလုပ်အတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာအတွက် လုပ်ဆောင်သနည်း။ ဘုရားသခင်၏ အမှုတော်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ဤအရာတွင် ပါဝင်သည်မှာ မည်သည့်အသေးစိတ် ပညာရပ်၊ သို့မဟုတ် အလုပ်မျိုးဖြစ်စေ၊ ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတ၊ သို့မဟုတ် ပုံစံချမှတ်ခြင်းတမျှ သေးငယ်သည်ဖြစ်စေ၊ အလုပ်၏ အသေးစိတ်ကိစ္စတစ်ခုတမျှ အရေးပါသည်ဖြစ်စေ အားလုံးက ဘုရားအမှုတော်၏ နယ်ပယ်အတွင်းတွင် ပါဝင်သည်။ ထို့ကြောင့် သင့်၌ အသိစိတ်ရှိလျှင် သင်သည် “ဤအလုပ်ကို ငါ အဘယ်သို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များက အဘယ်နည်း။ ဘုရားအိမ်တော်က မည်သည့် စည်းမျဉ်းများကို ချမှတ်ထားသနည်း” ဟူ၍ သင့်ကိုယ်သင် ဦးစွာ မေးသင့်သည်။ ထို့နောက်တွင် ဆက်စပ်မှုရှိသော စည်းမျဉ်းများကို တစ်ခုချင်း စာရင်းပြုလုပ်ပြီး စည်းကမ်းစည်းမျဉ်းတစ်ခုစီနှင့်အညီ တင်းကျပ်စွာ ပြုမူဆောင်ရွက်လော့။ စည်းမျဉ်းများနှင့်ညီပြီး ထိုစည်းမျဉ်းများ၏ နယ်ပယ်ကို မကျော်သရွေ့ သင်လုပ်ဆောင်သမျှတိုင်းက သင့်တင့်လျောက်ပတ်လိမ့်မည်။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေသည်ဟု ဘုရားသခင်က မှတ်ယူပြီး သတ်မှတ်လိမ့်မည်။ ဤသည်မှာ လူတို့ နားလည်သင့်သည့်အရာတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) သင်သည် ဤအရာကို နားလည်လျှင် သင်သည် အမှုအရာများကို မည်သို့ လုပ်ဆောင်လိုသည်၊ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်လိုသည်ဆိုသည်ကို အစဉ်သဖြင့် တွေးတောမနေသင့်ပေ။ ဤသို့စဉ်းစားခြင်း၊ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်ကင်းမဲ့သည်။ အသိစိတ်ကင်းမဲ့သောအရာများကို လုပ်ဆောင်သင့်သလော။ မလုပ်ဆောင်သင့်ပေ။ သင်သည် ထိုအရာများကို လုပ်ဆောင်လိုလျှင် မည်သို့ ပြုလုပ်သင့်သနည်း။ (မိမိကိုယ်ကို ပုန်ကန်သင့်သည်။) သင်သည် သင့်ကိုယ်သင် ပုန်ကန်ပြီး လက်လွှတ်သင့်သည်။ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဦးစားပေးသင့်သည်။ သင်သည် နေမထိထိုင်မသာဖြစ်လျှင်၊ သင်၏ အားလပ်ချိန်၌ သင် စိတ်ဝင်စားသောအရာများ၊ ဝါသနာများကို ဖြည့်ဆည်းလျှင် ဘုရားအိမ်တော်က ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ဤသည်မှာ သင်နားလည်သင့်သည့်အရာ၏ ကဏ္ဍတစ်ခုဖြစ်သည်။ သင်၏ တာဝန်က မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် မည်သို့ ထမ်းဆောင်သင့်သည်ဆိုသည့်အရာဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ လူတို့၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အချင်း၏ ပြဿနာနှင့် သက်ဆိုင်သည်။ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ ကျွမ်းကျင်မှုတို့နှင့်သက်ဆိုင်သော အမှုကိစ္စကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဘုရားအိမ်တော်က သင် ထူးချွန်သော၊ သို့မဟုတ် ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်သော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို ပံ့ပိုးပေးရန် သင့်အား လိုအပ်လျှင် သင်၏ သဘောထားမှာ အဘယ်သို့ ဖြစ်သင့်သနည်း။ သင်သည် သံသယမရှိဘဲ ပံ့ပိုးပေးသင့်သည်။ သင်၏တာဝန်တွင် ဖြစ်နိုင်သမျှ အကြီးဆုံး အတိုင်းအတာအထိ ထိုကျွမ်းကျင်မှုများ၏ အသုံးဝင်မှုကို လုပ်ဆောင်ပြီး ယင်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသသင့်သည်။ ယင်းတို့ကို အချည်းနှီး မဖြစ်စေသင့်ပေ။ သင်သည် ထိုကျွမ်းကျင်မှုများကို အသုံးချနိုင်သောကြောင့်၊ နားလည်သောကြောင့်၊ ကျွမ်းကျင်တတ်မြောက်ပြီးသောကြောင့် ယင်းတို့ကို အကျိုးရှိရှိ အသုံးချခွင့်ပြုသင့်သည်။ ယင်းတို့ကို အသုံးချခြင်း၏ စည်းမျဉ်းမှာ အဘယ်နည်း။ ထိုစည်းမျဉ်းမှာ ဘုရားအိမ်တော်က မည်သည့်အရာကို လိုအပ်သည်ဖြစ်စေ၊ မည်မျှ လိုအပ်သည်ဖြစ်စေ၊ မည်သည့်အတိုင်းအတာအထိ လိုအပ်သည်ဖြစ်စေ သင်သည် ဤအရည်အချင်းများကို ထိန်းချုပ်သော၊ ချင့်ချိန်သောနည်းဖြင့် အသုံးချခြင်းဖြစ်သည်။ သင့်တာဝန်တွင် သင်၏ နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုကို အသုံးချပြီး ယင်းတို့၏ အသုံးဝင်မှုကို ဖြည့်ဆည်းပေးကာ သင့်တာဝန်တွင် ပို၍ ကောင်းသော ရလဒ်များအား ရရှိစေလော့။ ဤသို့အားဖြင့် သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုသည် အကြောင်းရင်းတစ်ခုအတွက် လေ့လာသင်ယူခဲ့ခြင်း ဖြစ်မည် မဟုတ်သလော။ ယင်းတို့သည် တန်ဖိုးရှိမည်မဟုတ်လော။ သင်သည် ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ဤနည်းဖြင့် ကူညီပံ့ပိုးလိုစိတ် ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ ဘုရားအိမ်တော်တွင် လုံးဝ အသုံးမဝင်သည့် အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့အတွက်မူ ဘုရားအိမ်တော်သည် ယင်းတို့ကို လိုအပ်ခြင်း၊ အားပေးခြင်းမရှိခြင်းသာဖြစ်သည်။ ဤသို့သော အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ပိုင်ဆိုင်သူတို့သည် ယင်းတို့ကို ထင်ရာမြင်ရာ အသုံးမချသင့်ပေ။ သင်သည် ဤအမှုကိစ္စကို မည်သို့ နားလည်သင့်သနည်း။ (ကျွန်ုပ်သည် ထိုအရည်အချင်းများကို စွန့်ပစ်သင့်ပါသည်။) လုံးဝ မှန်သည်။ အရိုးရှင်းဆုံးသော နည်းမှာ ယင်းတို့ကို စွန့်ပစ်ခြင်း၊ ယင်းတို့ကို လုံးဝ မသင်ယူခဲ့သည့် ပုံစံဖြင့် နေခြင်းဖြစ်သည်။ ပြောလော့။ သင်သည် ယင်းတို့ကို လိုလိုလားလားဖြင့် လက်လွှတ်လျှင် သင့်တာဝန်ကို ထမ်းဆောင်နေစဉ်၌ ယင်းတို့သည် ထွက်ပေါ်လာပြီး သင့်အား နှောင့်ယှက်ဆဲဖြစ်မည်လော။ ဤသို့ ဖြစ်မည်မဟုတ်ပေ။ ဆုံးဖြတ်ရန်မှာ သင့်အပေါ်တွင် မူတည်သည်မဟုတ်လော။ ယင်းတို့သည် အသိပညာ အနည်းငယ်သာဖြစ်သည်။ ယင်းတို့သည် ပြဿနာ မည်မျှ၊ သက်ရောက်မှု မည်မျှ ဖြစ်စေနိုင်သနည်း။ ယင်းတို့ကို သင် လုံးဝ မသင်ယူခဲ့သကဲ့သို့၊ ယင်းတို့ကို သင် မပိုင်ဆိုင်သကဲ့သို့သာ မှတ်ယူလော့။ ဤသို့ဆိုလျှင် ဤအမှုကိစ္စက ပြီးဆုံးသွားမည်မဟုတ်လော။ သင်သည် ဤအမှုကိစ္စကို မှန်ကန်စွာ ကိုင်တွယ်သင့်သည်။ ဘုရားအိမ်တော်က သင့်အား လုပ်ဆောင်ရန် မလိုအပ်သော အရာတစ်ခုဖြစ်လျှင် ကြွားဝါရန်၊ သင်၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ဖြည့်ဆည်းပေးရန်၊ သို့မဟုတ် သင်သည် လှည့်ကွက်အနည်းငယ်အား သိသည်ဆိုသည်ကို လူတိုင်းအား ပြသရန် သင်၏ အရည်အချင်းများကို ဆက်တိုက် အတင်း ထုတ်ဖော်ပြသခြင်း မပြုလုပ်နှင့်။ ဤသည်မှာ မှားသည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ဘဲ အမှတ်ရခြင်း ခံရမည်မဟုတ်ပေ။ ငါ သင့်အား ပြောပြမည်။ ယင်းသည် အမှတ်ရခြင်း ခံရမည်မဟုတ်ရုံသာမကဘဲ ရှုတ်ချခြင်းပါ ခံရမည်။ အဘယ်ကြောင့်ဆိုသော် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်သောကြောင့်၊ တစ်ကိုယ်ရေ အားထုတ်ကြိုးပမ်းမှုများကို လုပ်ဆောင်နေသောကြောင့်ဖြစ်ပြီး ယင်းသည် အလွန်ဆိုးဝါးသည်။ အဘယ်ကြောင့် ဆိုးဝါးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်း၏ သဘောသဘာဝမှာ နှောင့်ယှက်ခြင်းနှင့် ဆူပူမှုဖြစ်စေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်က သင့်အား အမှုအရာများကို ဤသို့ မလုပ်ဆောင်ရ၊ သို့မဟုတ် ထိုအရာများကို မလုပ်ဆောင်ရ၊ သို့မဟုတ် ထိုနည်းလမ်းမျိုးကို အသုံးမပြုရဟု ထပ်ခါထပ်ခါ ပြောပြီးဖြစ်သော်လည်း သင်က နားမထောင်ပေ။ သင်က ယင်းတို့ကို ဆက်လက်၍ လုပ်ဆောင်သည်။ လက်လွှတ်ရန် ဆက်လက်၍ ငြင်းဆန်ပြီး မလျှော့တမ်းလုပ်ဆောင်သည်။ ဤသည်မှာ အနှောင့်အယှက်တစ်ခုမဟုတ်လော။ တမင်ရည်ရွယ်ခြင်းမဟုတ်လော။ ဘုရားအိမ်တော်က ဤအရာများအား မလိုအပ်သည်ကို သင်ကောင်းစွာ သိသည်။ သို့တိုင်အောင် သင်သည် ယင်းတို့ကို တမင်တကာ ဆက်လက် လုပ်ဆောင်သည်။ ကြွားဝါခြင်းကို သင်နှစ်သက်ခြင်းသာ မဟုတ်လော။ သင်ပြုလုပ်သော ဗီဒီယိုများ၊ အစီအစဉ်များသည် ဘုရားသခင်အား အရှက်ရစေလျှင် အကျိုးဆက်က မတွေးဝံ့စရာဖြစ်မည်။ သင်၏ ပြစ်မှားမှုက ကြီးမားလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။ (နားလည်သည်။) ထို့ကြောင့် သင်တစ်ကိုယ်ရေနှစ်သက်သောအရာများနှင့် သင်ပိုင်ဆိုင်သော အတတ်ပညာပိုင်း အရည်အချင်းများအတွက် ယင်းတို့ကို သင် နှစ်သက်လျှင်၊ စိတ်ဝင်စားလျှင်၊ မြတ်နိုးလျှင် အိမ်တွင် သီးသန့်လုပ်ဆောင်လော့။ ဤသို့ လုပ်ဆောင်၍ရသည်။ သို့သော် အများရှေ့တွင် မပြသနှင့်။ သင်သည် တစ်စုံတစ်ခုကို အများရှေ့၌ ပြသလိုလျှင် မြင့်မားသော စံနှုန်းတစ်ခုဖြင့် လုပ်ဆောင်နိုင်ရမည်။ ဘုရားသခင်ကို အရှက်မရစေရပေ၊ သို့မဟုတ် ဘုရားအိမ်တော်ကို နာမည်မဖျက်ရပေ။ ဤသည်မှာ သင်သည် အသိအမြင်ရှိမရှိ၊ သို့မဟုတ် အတတ်ပညာပိုင်း အရည်အချင်းအချို့၌ သင် မည်မျှ ကျွမ်းကျင်သည်ဆိုသည်နှင့် သက်ဆိုင်ခြင်းသက်သက် မဟုတ်ပေ။ ထိုမျှ မရိုးရှင်းပေ။ သင်တို့ လုပ်ဆောင်သည့် အလုပ်တာဝန်အပိုင်းတစ်ခုစီအတွက်၊ ထို့အပြင် အဆင့်တစ်ခုစီတွင် သင်တို့၏ အလုပ်အား လမ်းပြပေးသည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်များအတွက် ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများနှင့် စံနှုန်းအတွက် အခြေပြုချက်တစ်ခုရှိသည်။ ယင်းတို့အားလုံးသည် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် ရည်ရွယ်သည်။ ထိုအရာများကို ဖျက်လိုဖျက်ဆီးလုပ်ရန်၊ နှောင့်ယှက်ရန်၊ နာမည်ဖျက်ရန်၊ ဖျက်ဆီးရန် မဟုတ်ပေ။ သင်၏ ကိုယ်ပိုင်အစွမ်းအစ၊ အသိအမြင်၊ အတွေ့အကြုံနှင့် နှစ်သက်မှုတို့သည် ဤအရာများကို အမီမလိုက်နိုင်လျှင်၊ သို့မဟုတ် စံမမီလျှင် သီးသန့် မိတ်သဟာယဖွဲ့လော့။ ဤအရာများကို နားလည်ပြီး အမီလိုက်နိုင်သည့် သူများထံမှ လမ်းပြမှု၊ ကူညီမှုကို တောင်းခံလော့။ အာမခံနှင့်။ သင်တို့အား အချို့သောအရာများကို လုပ်ဆောင်ခွင့် မပြုရုံဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အစဉ် မထားရှိနှင့်။ သင်တို့၏ အနည်းငယ်သော လှည့်ကွက်များသည် ကောင်းမွန်မှု မရှိခြင်းသာဖြစ်သည်။ သင်တို့သည် ကောင်းမွန်ခြင်း ရှိကိုမရှိဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ သင်တို့၏ အတွေးအခေါ်များနှင့် အမြင်များသည် လွဲချော်လွန်းသောကြောင့်ဖြစ်သည်။ သင်တို့၏ နှစ်သက်မှု၊ အသိအမြင်၊ အကဲဖြတ်မှုနှင့် အတွေ့အကြုံတို့သည် မလုံလောက်ခြင်း၊ ကျေနပ်ဖွယ်မရှိခြင်းဖြစ်ရုံသာမက ဘာသာရေးအယူအဆဟောင်းများစွာကိုလည်း စိတ်ထဲတွင် ထားရှိသည်။ သင်တို့၏ ဘာသာရေးအယူအဆများသည် များပြားလွန်းပြီး အလွန်ပင် အမြစ်တွယ်နေသည်။ အသက်နှစ်ဆယ်ဝန်းကျင်အရွယ်ရှိသော လူငယ်အချို့သည်ပင် အလွန်ပင် ခေတ်နောက်ကျသော အတွေးများ၊ အယူအဆများရှိကြသည်။ သင်တို့သည် ခေတ်ပေါ် နည်းပညာပိုင်း အရည်အချင်းများကို သင်ယူလေ့လာပြီး အတတ်ပညာပိုင်း အသိပညာအချို့ကို ပိုင်ဆိုင်သော ခေတ်ပေါ်အချိန်ကာလ၏ လူများဖြစ်ကြသော်လည်း သမ္မာတရားကို နားမလည်သောကြောင့် အမျိုးမျိုးသော အမှုကိစ္စများနှင့် သင်တို့ပိုင်ဆိုင်သည့် အတွေးများနှင့်ပတ်သက်သည့် သင်တို့၏ အမြင်၊ ရှုထောင့်၊ ရပ်တည်ချက်တို့အားလုံးသည် ခေတ်နောက်ကျနေသည်။ ထို့ကြောင့် အတတ်ပညာပိုင်း အရည်အချင်း မည်မျှကို သင်တို့ သင်ယူခဲ့သည်ဖြစ်စေ သင်တို့၏ အတွေးများက ခေတ်နောက်ကျလျက် ကျန်ရှိနေသည်။ ဤပြဿနာနှင့် ဤတကယ့်အခြေအနေကို သင်နားလည်ဖို့ လိုသည်။ ထို့ကြောင့် ဘုရားအိမ်တော်က သင့်အားဖယ်ရှားရန်၊ ပိတ်ပင်ရန် တောင်းဆိုသော၊ သို့မဟုတ် သင့်အား အသုံးပြုခွင့်မပေးသော ဤအရာများကို လက်လွှတ်ရမည်။ သင်သည် နာခံရန် သင်ယူဖို့ လိုအပ်သည်။ ဤအရာအတွက် ဖုံးကွယ်နေသော အကြောင်းရင်းများကို သင် နားမလည်လျှင် အနည်းဆုံးအနေဖြင့် သင်သည် နာခံတတ်ဖို့ သင်ယူရန် လုံလောက်သော အကြောင်းပြချက်ကို ပိုင်ဆိုင်ရမည်။ ရှေးဦးစွာ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအပေါ် အခြေခံပြီး ပြုမူဆောင်ရွက်ရမည်။ အာမခံနှင့်။ ရှေးဦးစွာ နာခံရန် သင်ယူလော့။

လူတို့အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်သည့် အတတ်ပညာပိုင်း အရည်အချင်းများအပေါ် ထားရှိသင့်သည့် မှန်ကန်သော သဘောထားကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် အခြားမည်သည့်အရာကို သင်နားလည်သင့်သနည်း။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် သင်သည် နည်းပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ကောင်းစွာ အသုံးမချသောကြောင့် မအောင်မြင်ဖြစ်ပြီး ရလဒ်အနေဖြင့် အသင်းတော်အလုပ်၌ အနှောင့်အယှက်နှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လျှင်၊ ပြုပြင်ခြင်းကို သင် ရင်ဆိုင်ရလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ စီမံရန် လွယ်ကူသည်။ အလျင်အမြန် ပြောင်းလဲပြီး နောင်တရလော့။ သင်၏ အမှားများကို ပြုပြင်ရန် ဘုရားအိမ်တော်က သင့်ကို အခွင့်အရေးပေးလိမ့်မည်။ မည်သူကမျှ ပြည့်စုံခြင်း မရှိသောကြောင့် လူတိုင်းက အမှားလုပ်ပြီး စိတ်ရှုပ်ထွေးသည့် အချိန်အခိုက်အတန့်များရှိကြသည်။ အမှားများက ဒုက္ခမပေးပေ။ စိုးရိမ်ရသည့်အရာမှာ သင်သည် ဤအမှားကိုပင် ဆက်လက်၍ ထပ်ခါထပ်ခါ ပြုလုပ်ပြီး လမ်းဆုံးသို့ မရောက်ခင်အထိ အလားတူအမှားများကို ဆက်တိုက်ကျူးလွန်ကာ မပြောင်းလဲခြင်းဖြစ်သည်။ သင်၏ အမှားများကို သဘောပေါက်လျှင် ပြုပြင်လော့။ ဤသည်မှာ အလွန်ခက်ခဲခြင်းမရှိသည် မဟုတ်လော။ လူတိုင်းက အမှားများကို ပြုလုပ်ကြသောကြောင့် မည်သူကမျှ အခြားလူကို မလှောင်ပြောင်သင့်ပေ။ သင်သည် အမှားများကို ပြုလုပ်ပြီးသည့်နောက်တွင် သင်၏ အမှားများကို အသိအမှတ်ပြုနိုင်လျှင်၊ သင်ခန်းစာ ယူနိုင်လျှင်၊ ပြောင်းလဲနိုင်လျှင် သင်သည် တိုးတက်မှုရှိလိမ့်မည်။ ထို့အပြင် ပြဿနာက သင်၏ အလုပ်၌ ကျွမ်းကျင်မှုမရှိခြင်းကြောင့်ဖြစ်လျှင် သင်သည် ဆက်လက်သင်ယူနိုင်ပြီး လိုအပ်သော အရည်အချင်းများကို ကျွမ်းကျင်တတ်မြောက်နိုင်ကာ ပြဿနာကို ဖြေရှင်းနိုင်သည်။ သင်သည် ထိုအမှားကို နောင်တွင် လုပ်ဆောင်မည်မဟုတ်သည်ကို သေချာနိုင်လျှင် ဤသည်မှာ ပြီးဆုံးမည်မဟုတ်လော။ ဤသည်မှာ အလွန် ရိုးရှင်းသော ကိစ္စဖြစ်သည်။ သင်၏ အတတ်ပညာပိုင်း အရည်အချင်းများကို လွဲမှားစွာ အသုံးချသောကြောင့် သင်သည် အမှားများကို ဆက်တိုက်ပြုလုပ်ပြီး ပြုပြင်ခြင်းကို သင် ရင်ဆိုင်ရရုံဖြင့် ဖိနှိပ်ချုပ်ချယ်မှုကို သင် ခံစားရရန် မလိုပေ။ အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသနည်း။ သင်သည် အဘယ်ကြောင့် အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်သနည်း။ အခြေအနေ၊ သို့မဟုတ် အလုပ်ပတ်ဝန်းကျင်က မည်သို့ရှိသည်ဖြစ်စေ လူတို့သည် တစ်ခါတစ်ရံတွင် အမှားများ ပြုလုပ်ကြသည်။ ပြီးလျှင် ၎င်းတို့၏ အစွမ်းအစ၊ အသိအမြင်၊ အမြင်ရှုထောင့်တို့က စံမမီသော နေရာများရှိသည်။ ဤသည်မှာ သာမန်ဖြစ်သည်။ ဤအရာကို မည်သို့ ကိုင်တွယ်ရမည်ကို သင်ယူလေ့လာဖို့ လိုသည်။ မည်သို့ပင်ဖြစ်စေ၊ သင်၏ လက်တွေ့လုပ်ဆောင်မှုက မည်သည့်အရာပင်ဖြစ်စေ သင်သည် ဤအရာကို မှန်ကန်စွာ၊ တက်ကြွစွာ ရင်ဆိုင်ပြီး ကိုင်တွယ်သင့်သည်။ အခက်အခဲ အနည်းငယ်နှင့် ရင်ဆိုင်ရသောအခါ စိတ်ဓာတ်မကျနှင့်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်မှု ခံစားရခြင်း မဖြစ်နှင့်။ ပြီးလျှင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းသို့ မကျရောက်နှင့်။ ဤအရာများအားလုံး ဖြစ်ရန် မလိုအပ်ပေ။ ယင်းကို အကျယ်မချဲ့နှင့်။ သင်လုပ်ဆောင်သင့်သည့်အရာမှာ သင့်ကိုယ်သင် ချက်ချင်း ဆင်ခြင်သုံးသပ်ခြင်း၊ သင်၏ အတတ်ပညာပိုင်း အရည်အချင်းတွင် ပြဿနာရှိမရှိ၊ သို့မဟုတ် သင်၏ ရည်ရွယ်ချက်များ၌ ပြဿနာရှိမရှိအား ဆုံးဖြတ်ခြင်းဖြစ်သည်။ သင်၏ လုပ်ဆောင်မှုများတွင် မသန့်စင်မှုတစ်ခုတလေ ရှိမရှိ၊ သို့မဟုတ် အချို့သော အယူအဆများကို အပြစ်တင်ရမည် ဟုတ်မဟုတ်တို့ကို ဆန်းစစ်လော့။ ကဏ္ဍအားလုံးကို ဆင်ခြင်သုံးသပ်လော့။ ယင်းမှာ ကျွမ်းကျင်မှု နည်းပါးခြင်း ပြဿနာဖြစ်လျှင် သင်သည် ဆက်လက်၍ သင်ယူလေ့လာနိုင်သည်။ ဖြေရှင်းချက်များကို စူးစမ်းရှာဖွေရန်အတွက် သင့်အား ကူညီပေးရန် တစ်စုံတစ်ယောက်ကို ရှာနိုင်သည်။ သို့မဟုတ် တူညီသော နယ်ပယ်တွင်ရှိသော လူတို့နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ မှားယွင်းသော ရည်ရွယ်ချက်အချို့ ကွယ်ဝှက်လျက် ရှိနေလျှင်၊ သမ္မာတရားကို အသုံးပြုပြီး ဖြေရှင်းနိုင်သော ပြဿနာတစ်ခု ပါဝင်လျှင် ဆွေးနွေးတိုင်ပင်ပြီး မိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော အသင်းတော်ခေါင်းဆောင်များ၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို သင် ရှာဖွေနိုင်သည်။ သင်ရောက်ရှိနေသော အခြေအနေအကြောင်းကို ၎င်းတို့နှင့် ပြောဆိုပြီး ၎င်းတို့အား သင့်ကို ကူညီဖြေရှင်းခိုင်းလော့။ အယူအဆများ ပါဝင်သော ပြဿနာဖြစ်လျှင် သင်သည် ယင်းတို့ကို ဆန်းစစ်ပြီး သဘောပေါက်ပြီးသည်နှင့် သင်သည် ယင်းတို့ကို ပိုင်းခြားစိစစ်ပြီး နားလည်နိုင်သည်။ ထို့နောက်တွင် ယင်းတို့ကို ငြင်းပယ်ပြီး ပုန်ကန်နိုင်သည်။ ဤအရာနှင့်ပတ်သက်လျှင် ဤမျှသာ ဖြစ်သည်မဟုတ်လော။ ရှေ့တွင်ရှိသော နေ့ရက်များက သင့်အား စောင့်နေဆဲဖြစ်သည်။ မနက်ဖြန်တွင် နေက ထပ်မံ၍ ထွက်လာဦးမည်။ သင်သည် ဆက်လက်၍ အသက်ရှင်ရမည်။ သင်သည် အသက်ရှင်သောကြောင့်၊ လူသားဖြစ်သောကြောင့် သင့်တာဝန်ကို ဆက်လက်ထမ်းဆောင်သင့်သည်။ သင် အသက်ရှင်ပြီး အတွေးများရှိသရွေ့ သင့်တာဝန်ကို ထမ်းဆောင်ပြီး ပြီးမြောက်အောင် ကြိုးပမ်းသင့်သည်။ ဤသည်မှာ လူတစ်ယောက်၏ ဘဝတစ်လျှောက်တွင် မည်သည့်အခါမျှ မပြောင်းလဲသင့်သော ပန်းတိုင်တစ်ခုဖြစ်သည်။ မည်သည့်အချိန်တွင် ဖြစ်စေ၊ မည်သည့် အခက်အခဲများကို သင် ကြုံတွေ့သည်ဖြစ်စေ၊ မည်သည့်အရာကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသင့်ပေ။ သင်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလျှင် တိုးတက်မှုမရှိဖြစ်ပြီး ကျရှုံးလိမ့်မည်။ မည်သို့သောလူများက ဖိနှိပ်ချုပ်ချယ်မှုကို အစဉ်ခံစားရသနည်း။ ပျော့ညံ့သူများနှင့် လူနုံလူအများက ဖိနှိပ်ချုပ်ချယ်မှုကို မကြာခဏ ခံစားရသည်။ သို့သော် သင်သည် နှလုံးသားမရှိသူ၊ သို့မဟုတ် အတွေးမရှိသူ မဟုတ်ပေ။ ထို့ကြောင့် သင်သည် မည်သည့်အရာနှင့်ပတ်သက်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနေရသနည်း။ လက်ရှိအချိန်ခဏတွင် သင်၏ နည်းပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုသည် ပုံမှန် အသုံးချခံရမှုမရှိခြင်းသာ ဖြစ်သည်။ ပုံမှန် အသုံးချခံရခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီရန် သင့်အပေါ် ဘုရားအိမ်တော်က တောင်းဆိုသည့်အရာကို လုပ်ဆောင်ခြင်း၊ သင်ယူတတ်မြောက်ထားသော နည်းပညာပိုင်း အရည်အချင်းများကို သင်အသုံးချခြင်းကို ဆိုလိုသည်။ ဤသည်မှာ မလုံလောက်သလော။ ဤသည်မှာ ပုံမှန်အသုံးချခြင်းဟု ငါတို့ ခေါ်ဆိုသည့်အရာမဟုတ်သလော။ ဘုရားအိမ်တော်သည် သင်၏ အရည်အချင်းများအား အသုံးချခြင်းကို သင့်အား မတားမြစ်ပေ။ သင့်အနေဖြင့် ယင်းတို့ကို မဆင်မခြင် အသုံးမပြုဘဲ ရည်ရွယ်ချက်ရှိရှိဖြင့်၊ ချင့်ချိန်စွာဖြင့်၊ စံနှုန်းများ၊ စည်းမျဉ်းများဖြင့် အသုံးချစေလိုခြင်းသာဖြစ်သည်။ ဤအရာမှလွဲ၍ ဘုရားအိမ်တော်သည် သင်၏တာဝန်ထမ်းဆောင်ခြင်း မပါဝင်သော ကိစ္စများတွင်၊ သို့မဟုတ် သင်၏ တစ်ကိုယ်ရေဘဝတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော ကိစ္စများတွင်သာ ဘုရားအိမ်တော်၌ တင်းကျပ်သော စည်းကမ်းများ၊ သတ်မှတ်ထားသော စံနှုန်းများရှိသည်။ ထို့ကြောင့် သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လျှင် သင်၏ လက်နှင့် ခြေတို့ကို ချည်နှောင်ထားခြင်း မရှိပေ။ သင်၏ အတွေးများကိုလည်း မထိန်းချုပ်ပေ။ သင်၏ အတွေးများသည် လွတ်လပ်သည်။ သင်၏ လက်နှင့် ခြေသည် လွတ်လပ်သည်။ သင်၏ စိတ်နှလုံးသည်လည်း လွတ်လပ်သည်။ သင့်၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်သောအခါ သင်သည် နောက်ဆုတ်ရန်၊ စိတ်ဓာတ်ကျရန်၊ ငြင်းဆန်ရန်၊ အာခံရန် ရွေးချယ်ခြင်းသာဖြစ်သည်။ သို့သော် သင်သည် အမှုအရာများကို အပြုသဘောဆောင်စွာ ရင်ဆိုင်ရန်၊ ဂရုတစိုက် နားထောင်ရန်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ စည်းကမ်းများ၊ သတ်မှတ်ချက်များကို လိုက်နာရန် ရွေးချယ်လျှင် သင်သည် လိုက်လျှောက်ရန် လမ်းကြောင်းမရှိခြင်း၊ သို့မဟုတ် လုပ်ဆောင်ရန် အမှုအရာများမရှိခြင်း ဖြစ်မည်မဟုတ်ပေ။ သင်သည် အသုံးမကျသောသူ၊ ပျော့ညံ့သူ၊ သို့မဟုတ် လူနုံလူအတစ်ယောက်မဟုတ်ပေ။ ဘုရားသခင်က သင့်အား လွတ်လပ်သောစိတ်၊ ပုံမှန် အတွေးအခေါ်နှင့် သာမန်လူ့သဘာဝတို့ကို ပေးခဲ့သည်။ ထို့ကြောင့် သင့်တွင် ထမ်းဆောင်ရန် တာဝန်တစ်ခုရှိပြီး သင်၏ ကိုယ်ပိုင်တာဝန်ကို ထမ်းဆောင်သင့်သည်။ ထို့အပြင် သင်သည် အတတ်ပညာပိုင်း အရည်အချင်းများနှင့် ကျွမ်းကျင်မှုတို့ကို ပိုင်ဆိုင်သောကြောင့် ဘုရားအိမ်တော်တွင် သင်သည် အသုံးဝင်သောသူဖြစ်သည်။ သင်သည် အတတ်ပညာပိုင်း အရည်အချင်းများနှင့် ကျွမ်းကျင်မှုများပါဝင်သော ဘုရားအိမ်တော် အလုပ်၏ အချို့သော ကဏ္ဍများတွင် သင် အသုံးချသင့်သည့် သင်၏ ကျွမ်းကျင်မှုကို အသုံးချနိုင်လျှင် သင်၏ နေရာကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်လိမ့်မည်။ သင်သည် သင်၏နေရာတွင် ခိုင်မာစွာရပ်တည်ပြီး သင့်တာဝန်ကို ထမ်းဆောင်သရွေ့၊ သင်၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်သရွေ့ သင်သည် တန်ဖိုးမဲ့သောသူမဟုတ်ဘဲ အသုံးဝင်သောသူတစ်ယောက်ဖြစ်သည်။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်လျှင်၊ အတွေးများရှိလျှင်၊ အရည်အချင်းရှိစွာ အလုပ်လုပ်နိုင်လျှင် မည်သည့်အခက်အခဲများကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသင့်ပေ။ နောက်မဆုတ်သင့်သကဲ့သို့ ငြင်းဆန်ခြင်း၊ ရှောင်ခြင်းလည်း မပြုလုပ်သင့်ပေ။ ယခု ဤအချိန်အခိုက်အတန့်တွင် သင်လုပ်ဆောင်သင့်သည့်အရာမှာ သင့်ကိုယ်သင် မကယ်တင်နိုင်လောက်အောင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် သင့်ကိုယ်သင် နှစ်မြှုပ်မနေရန် ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်က တရားမမျှတခြင်းအကြောင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများက သင့်အား အထင်သေးခြင်းကိုလည်းကောင်း၊ သို့မဟုတ် ဘုရားအိမ်တော်က သင့်အား တန်ဖိုးမထားခြင်း၊ သို့မဟုတ် သင့်အား အခွင့်အရေးများ မပေးခြင်းကိုလည်းကောင်း မကျေမနပ်ဖြစ်နေသော မိန်းမတစ်ယောက်ကဲ့သို့ မညည်းညူသင့်ပေ။ အမှန်တကယ်တွင် ဘုရားအိမ်တော်က သင့်အား အခွင့်အရေးများပေးခဲ့ပြီး သင်ထမ်းဆောင်သင့်သည့်တာဝန်ကို သင့်အား အပ်နှံခဲ့ပြီးဖြစ်သည်။ သို့သော် သင်က ကောင်းစွာ မကိုင်တွယ်ခဲ့ပေ။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုနှင့် လိုအပ်ချက်များကိုသာ စွဲကိုင်ထားသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဂရုတစိုက် နားမထောင်ပေ၊ သို့မဟုတ် သင့်အလုပ်နှင့်ပတ်သက်ပြီး ဘုရားအိမ်တော်က သင့်အားပြောသည့် စည်းမျဉ်းများကို အရေးမစိုက်ပေ။ သင်သည် ထင်ရာစိုင်းလွန်းသည်။ ထို့ကြောင့် သင်သည် ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ထဲတွင် ပိတ်မိနေလျှင် ယင်းသည် မည်သူ့၏တာဝန်မျှမဟုတ်ပေ။ သင်သည် ဤနေရာတွင် သည်းမခံနိုင်ခြင်း ဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားအိမ်တော်က သင့်အား စိတ်ပျက်စေခြင်းပင် မဟုတ်ပေ။ ဤသည်မှာ သင့်တာဝန်အား ထမ်းဆောင်ရာတွင် သင်၏ အရည်အချင်းများကို အပြည့်အဝ အသုံးမချသောကြောင့်ဖြစ်သည်။ သင်သည် သင်၏ နည်းပညာဆိုင်ရာ ပညာရပ်နှင့် ကျွမ်းကျင်မှုကို မှန်ကန်စွာ ကိုင်တွယ်ခြင်း၊ သို့မဟုတ် အသုံးချခြင်းမရှိပေ။ သင်သည် ဤအမှုကိစ္စကို ဆင်ခြင်တုံတရားရှိစွာဖြင့် မချဉ်းကပ်ဘဲ စိတ်လိုက်မာန်ပါ အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြင့် ဆန့်ကျင်သည်။ ဤသည်မှာ သင်၏ အမှားဖြစ်သည်။ သင်သည် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ပြီး ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေမှ ထွက်လာလျှင် သင်လုပ်ဆောင်နိုင်သည့် အလုပ်များစွာရှိပြီး သင်လုပ်ဆောင်ဖို့ လိုသည့် အလုပ်များစွာရှိသည်ကို သဘောပေါက်လိမ့်မည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲမှ ထွက်လာပြီး သင်၏ တာဝန်ကို အပြုသဘောဆောင်သော သဘောထားဖြင့် ရင်ဆိုင်နိုင်လျှင် ရှေ့တွင်ရှိသော လမ်းသည် တောက်ပပြီး မှောင်မဲခြင်းမရှိသည်ကို သင်မြင်လိမ့်မည်။ မည်သူကမျှ သင်၏ မြင်ကွင်းကို ပိတ်မထားပေ။ မည်သူကမျှ သင်၏ ခြေလှမ်းများကိုလည်း မတားဆီးပေ။ သင်က ရှေ့ဆက်ရန် ဆန္ဒမရှိခြင်းသာ ဖြစ်သည်။ သင်၏ နှစ်သက်မှု၊ လိုအင်ဆန္ဒ၊ တစ်ကိုယ်ရေအစီအစဉ်များသည် သင်၏ ခြေလှမ်းများကို နှောင့်နှေးစေသည်။ ဤအရာများကို ဘေးသို့ ဖယ်လော့။ လက်လွှတ်လော့။ ဘုရားအိမ်တော်တွင်ရှိသော အလုပ်ပတ်ဝန်းကျင်၊ ညီအစ်ကိုမောင်နှမများက သင့်အားပေးသည့် ကူညီပံ့ပိုးမှု၊ သင့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားအိမ်တော်၌ အလုပ်လုပ်ခြင်းနည်းလမ်းတို့နှင့် အသားကျစေရန် သင်ယူလော့။ တဖြည်းဖြည်းချင်းဖြင့် သင်၏ နှစ်သက်မှုများ၊ လိုအင်ဆန္ဒများ၊ လက်တွေ့မကျသော၊ စိတ်ကူးယဉ်သော အယူအဆများကို လက်လွှတ်လော့။ တဖြည်းဖြည်းချင်းဖြင့် သင်သည် ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲမှ အလိုအလျောက် ထွက်လာလိမ့်မည်။ သင်နားလည်ရမည့် နောက်ထပ်တစ်ခုမှာ သင်၏ အတတ်ပညာပိုင်းအရည်အချင်းနှင့် ကျွမ်းကျင်မှုက မည်မျှ အဆင့်မြင့်ပါစေ ယင်းတို့သည် သင်၏ ဘဝကို ကိုယ်စားမပြုဆိုသည့်အရာဖြစ်သည်။ ယင်းတို့သည် ဘဝတွင် သင်၏ ရင့်ကျက်မှု၊ သို့မဟုတ် ကယ်တင်ခြင်းအား သင်ရရှိပြီးသည်ဆိုသည်ကို ကိုယ်စားမပြုပေ။ သင်သည် သင်၏ အတတ်ပညာပိုင်း အရည်အချင်းများနှင့် ကျွမ်းကျင်မှုကို အသုံးပြုလျက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ သာမန်ဖြစ်သော၊ နာခံသောပုံစံဖြင့် ဘုရားအိမ်တော်၌ သင့်တာဝန်ကို ထမ်းဆောင်လျှင် သင်သည် ဤနေရာတွင် အဆင်ပြေလျက်ရှိပြီး အမှန်ပင် ဘုရားအိမ်တော်သားတစ်ယောက်ဖြစ်သည်။ သို့ရာတွင် သင်သည် တာဝန်ထမ်းဆောင်သည့်သူအဖြစ် အစဉ် ပုံဖမ်းသည်။ သင်၏တာဝန်ထမ်းဆောင်ရသည့် အခွင့်အရေးကို အခွင့်ကောင်းယူသည်။ ဘုရားအိမ်တော်မှ ပေးသည့် အခွင့်အရေးများကို အခွင့်ကောင်းယူသည်။ သင်၏ ကိုယ်ပိုင်ကျွမ်းကျင်မှုကို အပြည့်အဝ အသုံးချရန် သင်၏ နှစ်သက်မှု၊ ရည်မှန်းချက်နှင့် ဆန္ဒများကို ကိုင်စွဲထားကာ သင်၏ ကိုယ်ပိုင်အသက်မွေးအလုပ်နှင့် တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများ နောက်လိုက်ရန် ဤအရာကို အသုံးပြုသည်။ ရလဒ်အနေဖြင့် သင်သည် လမ်းဆုံးသို့ရောက်ရှိပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤဖိနှိပ်ချုပ်ချယ်မှုကို မည်သူက ဖြစ်စေသနည်း။ သင့်ဘာသာ ဖြစ်စေခြင်းဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများနောက်သို့ ဆက်၍ လိုက်လျှင် ဤနေရာ၌ အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် နေရာမှား၍ ရောက်လာသောကြောင့် ဖြစ်သည်။ အစမှ အဆုံးအထိ ဘုရားအိမ်တော်၌ ဆွေးနွေးသောအရာမှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သူ၏ နှုတ်ကပတ်တော်ဖြစ်သည်။ ဤအရာများမှ လွဲ၍ အခြားပြောစရာမရှိပေ။ ထို့ကြောင့် လူတို့၏ အလုပ်၊ သို့မဟုတ် အသက်မွေးပညာရပ်၏ မည်သည်ကဏ္ဍတွင်မဆို၊ သို့မဟုတ် မည်သည့် အထူးအလုပ်အစီအစဉ်များတွင်မဆို ဘုရားအိမ်တော်က လူတို့အပေါ် ချမှတ်သော သတ်မှတ်ချက်များက မည်သို့ရှိသည်ဖြစ်စေ ထိုသတ်မှတ်ချက်များသည် သီးသန့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်း မရှိသကဲ့သို့ တစ်စုံတစ်ယောက်ကို ဖိနှိပ်ရန်၊ သို့မဟုတ် တစ်စုံတစ်ယောက်၏ စိတ်ထက်သန်မှု၊ သို့မဟုတ် မာနကို ကွယ်ပျောက်စေရန်လည်း မရည်ရွယ်ပေ။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက်သာဖြစ်သည်။ ဘုရားသခင်အား သက်သေခံရန်၊ သူ၏ နှုတ်ကပတ်တော်ကို ဖြန့်ဝေရန်၊ လူများကို သူ၏ရှေ့မှောက်သို့ ပို၍ ခေါ်ဆောင်ရန်ဖြစ်သည်။ ဤနေရာတွင်ရှိသော သင်တို့တစ်ဦးချင်းစီတိုင်းအတွက် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ အမြန်ဆုံး စတင်လျှောက်လှမ်းရန်၊ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက်လည်း ရည်ရွယ်သည်မှာ ပြောစရာမလိုပေ။ သင်တို့ နားလည်သလော။ ယနေ့ပြောသော ဥပမာများသည် အချို့သောပုဂ္ဂိုလ်များအပေါ် သက်ရောက်မှုရှိလျှင် စိတ်ဓာတ်မကျနှင့်။ သင်သည် ငါပြောသည့်အရာကို သဘောတူလျှင် လက်ခံလော့။ သင်က သဘောမတူဘဲ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဆဲဖြစ်လျှင် သင်၏ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဆက်လက်ခံစားလော့။ ဤသို့သောလူတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို မည်သည့်အတိုင်းအတာအထိ ခံစားနိုင်သည်ကို ကြည့်ကြစို့။ သမ္မာတရားကို မလိုက်စားဘဲ၊ သို့မဟုတ် မပြောင်းလဲဘဲ ဤသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို သယ်ဆောင်လျက်ဖြင့် ဘုရားအိမ်တော်၌ မည်မျှ တောင့်ခံနိုင်သည်ဆိုသည်ကို ကြည့်ကြစို့။

ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်တွင် နေထိုင်သူတို့သည် ဖိနှိပ်ချုပ်ချယ်ခံရခြင်းကို လက်မလွှတ်လျှင် အခြားသော ဆိုးကျိုးတစ်ခုကို ရင်ဆိုင်ရသည်။ ၎င်းတို့သည် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ထခုန်ပြီး အလုပ်လုပ်ကြသည်။ မိမိကိုယ်ကို ဦးဆောင်ပြီး ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများအားလုံးကို လျစ်လျူရှုသည်။ မဆင်မခြင် ပြုမူလုပ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို အပြည့်အဝ အလိုလိုက်သည်။ ၎င်းတို့က စတင်လုပ်ဆောင်သည်နှင့် အကျိုးဆက်များက မတွေးဝံ့စရာ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်အပေါ် ဘဏ္ဍာရေး ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်၊ သို့မဟုတ် အများဆုံးအနေဖြင့် အသင်းတော်၏ အလုပ်ကို အနှောင့်အယှက်ပေးနိုင်သည်။ ထိုခေါင်းဆောင်များ၊ ကြီးကြပ်ရေးမှူးများသည် ပြဿနာများကို ဖြေရှင်းရန်အတွက် ၎င်းတို့၏ တာဝန်ကို ခေါင်းရှောင်ပြီး ပျက်ကွက်လျှင် ဘုရားအိမ်တော်၏ ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကိုလည်း ထိခိုက်မည်။ ဤသည်မှာ ဘုရားကို အာခံခြင်း ပါဝင်သည်။ ဤလူများ၌ ဤသို့သော ဖြစ်ရပ်များ၊ အကျိုးဆက်များ ဖြစ်ပေါ်လျှင် ၎င်းတို့၏ အဆုံးသတ်က ရောက်ရှိလာမည်ဖြစ်သည်။ ၎င်းတို့၏ အနာဂတ်ကို ကြိုမြင်ခြင်းထက် ဖိနှိပ်ချုပ်ချယ်ခံရမှုကို စောစီးစွာ လက်လွှတ်ပြီး နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုအပေါ် အထင်ကြီးလွန်းခြင်း၊ အလေးထားခြင်းတို့နှင့်ပတ်သက်ပြီး အဆက်မပြတ် ကိုင်စွဲထားသော သဘောထားများ၊ ထင်မြင်ချက်များကို ပြောင်းလဲလျှင် ၎င်းတို့အတွက် ပို၍ကောင်းသည်။ ၎င်းတို့၏ အမြင်များကို ပြောင်းပြန်လှန်ပြီး ယင်းတို့ကို စွဲလမ်းခြင်းမရှိဖို့ ၎င်းတို့အတွက် အရေးကြီးသည်။ ယင်းတို့အား စွဲလမ်းခြင်းမရှိရသည့် အကြောင်းရင်းမှာ ယင်းတို့သည် ဘုရားအိမ်တော်တွင် အခြေခံအားဖြင့် အရေးမပါသောကြောင့်မဟုတ်၊ သို့မဟုတ် ဤအရာများအပေါ် ငါ၏ အကဲဖြတ်မှု၊ သို့မဟုတ် အပျက်သဘောဆောင်သော ထင်မြင်ချက်ကြောင့်မဟုတ်ပေ။ နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့သည် အခြေခံအားဖြင့် အသုံးချခံပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား၊ သို့မဟုတ် အသက်ကို ကိုယ်စားမပြုပေ။ ကောင်းကင်နှင့် မြေကြီးမရှိတော့သောအခါ နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုတိုင်းသည်လည်း ပျက်စီးလိမ့်မည်။ လူသားများက ရယူသည့် အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားများကမူ မပျက်စီးရုံသာမကဘဲ မည်သည့်အခါမျှ ပျောက်ပျက်မည်မဟုတ်ပေ။ သင်ပိုင်ဆိုင်သည့် နည်းပညာ အရည်အချင်း၊ သို့မဟုတ် အထူးကျွမ်းကျင်မှုတို့သည် မည်မျှများပြားပါစေ၊ ကြီးမားပါစေ၊ သို့မဟုတ် အစားထိုး၍ မရနိုင်ပါစေ ယင်းတို့သည် လူ့သဘာဝ၊ သို့မဟုတ် ကမ္ဘာလောကကို မပြောင်းလဲနိုင်သကဲ့သို့ လူတို့တွင်ရှိသော သေးငယ်သော အတွေး၊ သို့မဟုတ် အမြင်တစ်ခုကိုပင် မပြောင်းလဲနိုင်ပေ။ ဤအရာတို့သည် သေးငယ်သော အတွေး၊ သို့မဟုတ် အမြင်တစ်ခုကိုပင် မပြောင်းလဲနိုင်ပေ။ လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ယင်းကို ပို၍ပင် မပြောင်းလဲနိုင်ပေ။ ယင်းတို့သည် လူ့သဘာဝကို မပြောင်းလဲနိုင်သကဲ့သို့ ကမ္ဘာလောကကိုလည်း မပြောင်းလဲနိုင်ပေ။ လူသားမျိုးနွယ်၏ လက်ရှိအချိန်၊ လာမည့်နေ့ရက်များ၊ သို့မဟုတ် လူသားမျိုးနွယ်၏ အနာဂတ်ကို အဆုံးအဖြတ်မပေးနိုင်ပေ။ လူသားမျိုးနွယ်၏ ကံကြမ္မာကို အသေအချာပင် အဆုံးအဖြတ်မပေးနိုင်ပေ။ ဤသည်မှာ အမှန်တရားသာဖြစ်သည်။ ငါပြောသည်ကို သင်မယုံလျှင် စောင့်၍သာ ကြည့်လော့။ ငါ၏ စကားများကို မယုံလျှင် အသိပညာ၊ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ကဲ့သို့သော အရာများကို ဆက်လက်၍ မြတ်နိုးလော့။ သင်သည် ယင်းတို့ကို အဆုံးထိ မြတ်နိုးသောအခါ မည်သူက နှောင့်နှေးမည်ဖြစ်ပြီး ယင်းတို့ထံမှ မည်သည့်အရာကို ရရှိမည်ကို ကြည့်လော့။ လူအချို့သည် ကွန်ပြူတာနည်းပညာတွင် အလွန်ပင် ကျွမ်းကျင်ပြီး ကောင်းစွာ တတ်သိနားလည်ကာ ဤနယ်ပယ်တွင် သာမန်လူတို့ကို ကျော်လွန်ပြီး ထူးချွန်သည်။ ၎င်းတို့သည် အကြီးတန်း နည်းပညာရှင်များဖြစ်ပြီး ၎င်းတို့သွားသမျှနေရာတိုင်းတွင် သာလွန်မှုရှိသည့် ဟန်ကို ပြုမူပြီး “ငါသည် ကွန်ပြူတာတွင် အလွန်ကျွမ်းကျင်မှုရှိသည်၊ ငါသည် ကွန်ပြူတာ အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်” ဟု ထုတ်ဖော်ပြောကြသည်။ သင်သည် ဤသို့ ဆက်လက်၍ ပြုမူလုပ်ဆောင်လျှင် သင်သည် မည်သည့်အတိုင်းအတာအထိ အမှန်တကယ် ရောက်ရှိပြီး မည်သည့်နေရာ၌ အဆုံးသတ်မည်ကို ကြည့်ကြစို့။ သင်သည် ဤရာထူးကို စွန့်ပစ်ပြီး သင့်ကိုယ်သင် ပြန်လည်ပြုပြင်သတ်မှတ်သင့်သည်။ သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုသည် လူသားများထံမှလာသည်ကို နားလည်လော့။ ယင်းတို့သည် လူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းနှင့် အတွေးတို့ဖြင့် ကန့်သတ်ထားသည်။ အများဆုံးအနေဖြင့် လူတို့၏ ဦးနှောက်တွင် နူရွန်များကို ပြည့်လျှံစေပြီး လူတို့၏ စိတ်တွင် ခတ်နှိပ်ရာများ၊ လမ်းကြောင်းများကို ကျန်ရစ်စေသည်။ သို့ရာတွင် ယင်းတို့သည် လူတစ်ယောက်၏ အသက်စိတ်သဘောထားအပေါ်၊ သို့မဟုတ် သူ၏ အနာဂတ်လမ်းကြောင်းအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုမရှိပေ။ လက်တွေ့အကျိုးအမြတ်ကို မပေးပေ။ သင်သည် သင်ရယူထားသော နည်းပညာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုတို့ကို ဆက်လက်၍ ဖက်တွယ်ထားလျှင်လည်းကောင်း၊ ယင်းတို့ကို လက်လွှတ်လိုစိတ်မရှိဘဲ ယင်းတို့သည် တန်ဖိုးရှိပြီး မြတ်နိုးဖွယ်ဖြစ်သည်ဟု အစဉ် ထင်မြင်လျှင်လည်းကောင်း၊ ယင်းတို့ကို ပိုင်ဆိုင်ခြင်းအားဖြင့် သင်သည် သာလွန်သည်၊ လူအများထက် သာသည်၊ ဂုဏ်သိက္ခာနှင့် ထိုက်တန်သည်ဟု ယုံကြည်လျှင်လည်းကောင်း သင်သည် မိုက်မဲသည်ဟု ငါဆိုသည်။ ထိုအရာများသည် လုံးဝ တန်ဖိုးမရှိပေ။ သင်သည် ထိုအရာများကို လက်လွှတ်ရန်၊ နည်းပညာရှင်၊ သို့မဟုတ် ပညာရှင်ဟူသော ရာထူးမှ ဖယ်ရှားရန်၊ နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ နယ်ပယ်မှ အပြင်သို့ ထွက်ရန်၊ အရာရာကို ပြောဆိုလုပ်ဆောင်တတ်ဖို့ သင်ယူရန်၊ လူတိုင်း၊ အရာရာတိုင်းအား တည်ကြည်ခိုင်မာစွာ ဆက်ဆံရန် ကြိုးစားနိုင်ဖို့ ငါမျှော်လင့်သည်။ စိတ်ကူးယဉ်ဆန်သော အယူအဆများ၌ မပျော်မွေ့နှင့်၊ သို့မဟုတ် လေထဲတွင် တိုက်အိမ်မဆောက်နှင့်။ ထိုအစား သင်သည် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်သဘောထားရှိသင့်သည်။ အမှုအရာများကို လက်တွေ့ကျသည့် ပုံစံဖြင့် လုပ်ဆောင်သင့်သည်။ လက်တွေ့ကျသည့် ကျင့်ကြံနေထိုင်မှုကို ထိန်းသိမ်းသင့်သည်။ ရိုးသားစွာ၊ စစ်မှန်စွာ၊ လက်တွေ့ကျစွာ စကားပြောတတ်ဖို့ သင်ယူသင့်ပြီး လူများ၊ အမှုအရာများအပေါ် မှန်ကန်သော အတွေးအမြင်များ၊ ရှုထောင့်များ၊ ရပ်တည်ချက်များကို ထားရှိသင့်သည်။ ဤသည်မှာ အဓိကကျသည်။ ဤသည်မှာ သင်သည် သင်၏ စိတ်နှလုံးတွင် နှစ်များစွာ ကိုင်စွဲခဲ့သော၊ သင်၏ စိတ်နှလုံးနှင့် အတွေးတို့တွင် နေရာယူထားသော နည်းပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို လက်လွှတ်ပြီး ဖယ်ရှားသည်ဟုလည်းကောင်း၊ သင် မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ မည်သို့ ပြောဆိုရမည်၊ လူများ၊ အမှုအရာများကို မည်သို့ ရှုမြင်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ သင့်တာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ဆိုသကဲ့သို့သော အခြေခံကျသောအရာများကို သင်ယူနိုင်သည်ဟုလည်းကောင်း ဆိုလိုသည်။ ဤသည်မှာ လူတို့လျှောက်သည့်လမ်းကြောင်း၊ လူတို့၏ ဖြစ်တည်မှု၊ အနာဂတ်တို့နှင့် အားလုံးသက်ဆိုင်သည်။ လူတို့လျှောက်သည့်လမ်းကြောင်းများနှင့် လူတို့၏ အနာဂတ်နှင့် သက်ဆိုင်သော ဤအရာများသည် သင်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည်။ သင်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ သင့်ကို ကယ်တင်နိုင်သည်။ အခြားတစ်ဖက်တွင် နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့သည် သင်၏ ကံကြမ္မာ၊ သို့မဟုတ် သင့်အနာဂတ်ကို ပြောင်းလဲမပေးနိုင်ပေ။ မည်သည့်အရာကိုမျှ အဆုံးအဖြတ်မပေးနိုင်ပေ။ သင်သည် လူ့အဖွဲ့အစည်းတွင် အလုပ်တစ်ခုလုပ်ရန် ဤအရည်အချင်းနှင့် ကျွမ်းကျင်မှုများကို အသုံးပြုလျှင် သင် ပိုက်ဆံရှာခြင်း၊ သို့မဟုတ် သင့်ဘဝကို အတိုင်းအတာတစ်ခုအထိ တိုးတက်ခြင်းကိုသာ ကူညီပေးနိုင်သည်။ သို့သော် ငါ သင့်အား ပြောမည်။ ဘုရားအိမ်တော်သို့ သင်လာသောအခါ ယင်းတို့သည် မည်သည့်အရာကိုမျှ အဆုံးအဖြတ်မပေးပေ။ ထိုအစား ယင်းတို့သည် သင့်တာဝန်အား ထမ်းဆောင်ခြင်း၌ အတားအဆီးဖြစ်လာနိုင်ပြီး သင့်အား ပုံမှန်၊ သာမန်လူတစ်ယောက်မဖြစ်ရန် တားဆီးလိမ့်မည်။ ထို့ကြောင့် မည်သို့ဖြစ်စေ သင်သည် ရှေးဦးစွာ ယင်းတို့နှင့်ပတ်သက်ပြီး မှန်ကန်သော နားလည်မှုနှင့် အမြင်ရှုထောင့်ရှိရမည်။ သင့်ကိုယ်သင် အထူးပါရမီရှိသူဟု မထင်မြင်နှင့်၊ သို့မဟုတ် ဘုရားအိမ်တော်တွင် သင်သည် သာမန်ထက် ထူးခြားသည်၊ သူတစ်ပါးတို့ထက် သာသည်၊ သို့မဟုတ် သူတစ်ပါးတို့ထက် ပို၍ထူးသည်ဟု မယုံကြည်နှင့်။ သင်သည် လုံးဝ မထူးခြားပေ။ အနည်းဆုံးအနေဖြင့် ငါ၏ အမြင်တွင် ထူးခြားမှုမရှိပေ။ အခြားလူများ၌ မရှိသည့် အချို့သော အထူးအရည်အချင်းများ၊ သို့မဟုတ် အသိပညာနှင့် ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ခြင်းကလွဲပြီး သင်သည် အခြားမည်သူမဆိုနှင့် ကွာခြားခြင်းမရှိပေ။ သင်၏ စကားများ၊ လုပ်ရပ်များ၊ ပြုမူဆောင်ရွက်မှုများ၊ သင်၏ အတွေးအမြင်များတို့သည် စာတန်၏ အဆိပ်များဖြင့် ပြည့်နေသည်။ လွဲချော်နေသော၊ အပျက်သဘောဆောင်သော အတွေးအမြင်များဖြင့် ပြည့်နေသည်။ သင်ပြောင်းလဲဖို့ လိုအပ်သည့်အရာများစွာရှိသည်။ သင် ပြုပြင်ဖို့ လိုအပ်သောအရာများစွာရှိသည်။ သင်သည် မိမိဘာသာ အားရကျေနပ်သော၊ ကိုယ့်ကိုယ်ကိုယ် ရောင့်ရဲသော၊ မိမိကိုယ်ကို အထင်ကြီးသော အခြေအနေ၌ ပိတ်မိနေဆဲဖြစ်လျှင် သင်သည် အလွန်မိုက်မဲပြီး သင့်ကိုယ်သင် လိုသည်ထက်ပို၍ အထင်ကြီးသည်။ သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုကြောင့် သင်သည် ဘုရားအိမ်တော်အပေါ် ကူညီပံ့ပိုးပေးခြင်းအချို့ကို တစ်ခါက လုပ်ဆောင်ခဲ့လျှင်ပင် ဤအရာများကို ဆက်လက်၍ မြတ်နိုးရန် သင့်အတွက် မထိုက်တန်ပေ။ မည်သည့် အတတ်ပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုမဆိုသည် သင်၏ တစ်ဘဝလုံးအား မြုပ်နှံရန်၊ ယင်းတို့အား မြတ်နိုးဖို့၊ ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့၊ ကိုင်စွဲဖို့အတွက် သင်၏အနာဂတ်နှင့် အလွန်ကောင်းသော ခရီးပန်းတိုင်ကိုပင် ထိခိုက်ရန်၊ ယင်းတို့အတွက် အသက်ရှင်ပြီး သေသည်အထိပင် လုပ်ဆောင်ရန် မထိုက်တန်ပေ။ မည်သည့်ကဏ္ဍတွင်မဆို ယင်းတို့၏ ဖြစ်တည်မှုက သင်၏ အတွေးများ၊ စိတ်ခံစားချက်များအား ထိခိုက်ခွင့်ကိုလည်း သင်မပေးသင့်သည်မှာ မှန်ပေ၏။ ယင်းတို့ကြောင့်၊ ယင်းတို့ကို ဆုံးရှုံးသောကြောင့်၊ သို့မဟုတ် ယင်းတို့ကို မည်သူကမျှ အသိအမှတ်မပြုသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုအား ခံစားရခြင်းသည် ပို၍ပင် မဖြစ်သင့်ပေ။ ဤသည်မှာ မိုက်မဲပြီး ဆင်ခြင်တုံတရားမရှိသော ချဉ်းကပ်မှုဖြစ်လိမ့်မည်။ ရှင်းရှင်းပြောရလျှင် ယင်းတို့သည် အဝတ်အစားများကဲ့သို့ ဖြစ်သည်။ အချိန်မရွေး စွန့်ပစ်နိုင်သည်၊ သို့မဟုတ် ကောက်ယူ၍ ဝတ်ဆင်နိုင်သည်။ ယင်းတို့နှင့်ပတ်သက်ပြီး ထူးခြားမှု လုံးဝမရှိပေ။ ယင်းတို့ကို လိုအပ်သောအခါ သင် ဝတ်ဆင်သည်။ မလိုအပ်သည့်အခါတိုင်းတွင် ချွတ်ပြီး စွန့်ပစ်နိုင်သည်။ ယင်းတို့နှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိသင့်ပေ။ ဤသည်မှာ မည်သည့် အသိပညာ၊ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုမဆိုတွင် သင်ထားရှိသင့်သည့် သဘောထားနှင့် အမြင်ဖြစ်သည်။ ယင်းတို့ကို သင်၏ ကိုယ်ပိုင်အသက်ကဲ့သို့ မြတ်နိုးခြင်း၊ မှတ်ယူခြင်း၊ ယင်းတို့ကြောင့် ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းကို တွေ့ရှိခြင်း၊ သို့မဟုတ် ယင်းတို့အတွက် အသက်ရှင်ခြင်း၊ သေခြင်းတို့ မဖြစ်သင့်ပေ။ ဤမျှ မလိုအပ်ပေ။ သင်သည် ယင်းတို့ကို ဆင်ခြင်တုံတရားရှိရှိဖြင့် ချဉ်းကပ်သင့်သည်။ သင်သည် ယင်းတို့ကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် ပိတ်မိပြီး သင်၏ တာဝန်ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား လိုက်စားခြင်းဖြစ်သော သင်၏ ဘဝ၌ အရေးကြီးဆုံးသော ကိစ္စကို ထိခိုက်လျှင် ဤသည်မှာ ပို၍ပင် လက်မခံနိုင်ဖွယ်ဖြစ်သည်ဆိုသည်မှာ ပြောစရာမလိုပေ။ ယင်းတို့သည် သင်အချိန်မရွေး အသုံးပြုနိုင်သော၊ သို့မဟုတ် စွန့်ပစ်နိုင်သော အသုံးချခံပစ္စည်းမျှသာ ဖြစ်သောကြောင့် သင့်၌ တွယ်တာမှု၊ သို့မဟုတ် ခံစားချက်တစ်ခုခုမဖြစ်ပေါ်သင့်ပေ။ ထို့ကြောင့် သင်ရယူခဲ့သော အတတ်ပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ဘုရားအိမ်တော်က မည်သို့ဆက်ဆံသည်ဖြစ်စေ၊ ဘုရားအိမ်တော်က ယင်းတို့ကို လက်ခံသည်ဖြစ်စေ၊ သင့်အား ယင်းတို့ကို စွန့်ပစ်ခိုင်းသည်ဖြစ်စေ၊ သို့မဟုတ် ယင်းတို့ကို ရှုတ်ချပြီး ဝေဖန်ခြင်းပင် ပြုလုပ်သည်ဖြစ်စေ သင့်၌ သင်၏ ကိုယ်ပိုင်အယူအဆတစ်ခုခု မရှိသင့်ပေ။ သင်သည် ဘုရားသခင်ထံမှ အမှုကိစ္စကို ခံယူသင့်သည်။ မှန်ကန်သော ရပ်တည်ချက်နှင့် အမြင်ရှုထောင့်တို့ဖြင့် ဆင်ခြင်တုံတရားရှိစွာဖြင့် ရင်ဆိုင်ပြီး ဆက်ဆံသင့်သည်။ ဘုရားအိမ်တော်က သင်၏ အရည်အချင်းများကို အသုံးပြုသော်လည်း သင်၏ ဤအရည်အချင်းများသည် တစ်နည်းနည်းဖြင့် ချို့တဲ့နေလျှင် သင်သည် ယင်းတို့ကို လေ့လာပြီး တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ ဘုရားအိမ်တော်က ယင်းတို့ကို အသုံးမချလျှင် သင်သည် တွန့်ဆုတ်ခြင်းမရှိဘဲ၊ အရေးစိုက်ခြင်း လုံးဝမရှိဘဲ၊ အခက်အခဲ လုံးဝ မရှိဘဲ ယင်းတို့ကို လက်လွှတ်သင့်သည်။ ဤမျှ ရိုးရှင်းသည်။ ဘုရားအိမ်တော်က သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုကို အသုံးမပြုသည့်အချက်က သင့်အား ပုဂ္ဂိုလ်ရေးအရ ဦးတည်ခြင်း မဟုတ်သကဲ့သို့ သင့်တာဝန်အား ထမ်းဆောင်ခွင့်ကို ပိတ်ပင်ခြင်းလည်း မဟုတ်ပေ။ သင်သည် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်လျှင် သင်ကိုယ်တိုင်၏ ပုန်ကန်ခြင်းကြောင့် ဖြစ်သည်။ သင်က “ဘုရားအိမ်တော်က ကျွန်ုပ်နှင့် ကျွန်ုပ်၏ ပင်ကိုစွမ်းရည်များကို အထင်သေးသည်၊ ကျွန်ုပ်ရယူခဲ့သော အသိပညာကို အထင်သေးသည်၊ ပါရမီရှိသောသူတစ်ဦးကဲ့သို့ မဆက်ဆံပေ၊ ထို့ကြောင့် ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်တော့ပါ” ဟု ဆိုလျှင် တာဝန်မထမ်းဆောင်ခြင်းမှာ သင်ကိုယ်တိုင်ရွေးချယ်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်က သင့်အား အခွင့်အလမ်း ပိတ်ပင်ခြင်းမဟုတ်ပေ၊ သို့မဟုတ် သင်၏ လုပ်ဆောင်ပိုင်ခွင့်ကို ယူဆောင်ခြင်းမဟုတ်ပေ။ သင်သည် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်လျှင် ယင်းသည် ကယ်တင်ခြင်း ရရှိရန် သင်၏ အခွင့်အလမ်းကို စွန့်လွှတ်ခြင်းနှင့် ညီမျှသည်။ သင်သည် သင်၏ အတတ်ပညာပိုင်းအရည်အချင်း၊ ကျွမ်းကျင်မှု၊ တစ်ကိုယ်ရေ ဂုဏ်သိက္ခာတို့အား ထိန်းသိမ်းရန် ဦးစားပေးသောကြောင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ကို စွန့်လွှတ်သည်။ ပြောလော့။ ဤသည်မှာ ဆင်ခြင်တုံတရားရှိခြင်းလော၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိခြင်းလော။ (ဆင်ခြင်တုံတရား မရှိခြင်းဖြစ်သည်။) ဤသည်မှာ မိုက်မဲခြင်းလော၊ အမြော်အမြင်ရှိခြင်းလော။ (မိုက်မဲခြင်းဖြစ်သည်။) ဤသို့ဆိုလျှင် သင် ရွေးချယ်သင့်သည့် လမ်းကြောင်းတစ်ခုရှိသလော။ (ရှိသည်။) လမ်းကြောင်းတစ်ခုရှိသည်။ ဤသို့ဆိုလျှင် သင်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဆဲဖြစ်သလော။ (မခံစားရတော့ပါ။) ဖိနှိပ်ချုပ်ချယ်မှုကို သင်မခံစားရတော့သည်မဟုတ်လော။ ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက် ရှိသူများနှင့် ထိုစိတ်ခံစားချက်မရှိသူများတွင် ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းအပေါ် လုံးဝ မတူညီသော သဘောထားများရှိကြသည်။ အမှုအရာများကို လုပ်ဆောင်ရာ၌ လုံးဝ မတူညီသော နည်းလမ်းများရှိကြသည်။ ဖိနှိပ်ချုပ်ချယ်မှုခံစားရသောသူများသည် မည်သည့်အခါမျှ မပျော်ရွှင်နိုင်ပေ။ ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းကို လုံးဝ ခံစားရမည်မဟုတ်ပေ။ တာဝန်ထမ်းဆောင်ခြင်းမှရရှိသည့် ဝမ်းမြောက်မှုနှင့် နှစ်သိမ့်မှုကို တွေ့ကြုံခံစားရမည် မဟုတ်ပေ။ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ချိုးဖျက်လွတ်မြောက်ပြီးနောက်တွင် လူတို့သည် ဘုရားအိမ်တော်အတွင်း၌ တာဝန်ထမ်းဆောင်ခြင်းတွင် ပျော်ရွှင်ခြင်း၊ သက်သာခြင်း၊ ဝမ်းမြောက်ခြင်းကို ခံစားရမည်မှာ ပြောစရာမလိုပေ။ ထို့နောက်တွင် လူအချို့သည် သမ္မာတရားအား ၎င်းတို့ လိုက်စားမှုကို အားစိုက်ထုတ်သင့်သည်။ ဤသို့သောလူများအတွက် အနာဂတ်သည် တောက်ပနေလိမ့်မည်။ သို့ရာတွင် သင်သည် စဉ်ဆက်မပြတ် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး သင့်ကိုယ်သင် လွတ်မြောက်စေရန် သမ္မာတရားကို မရှာဖွေလျှင် ဤအတိုင်း ဆက်လက်ပြုမူပြီး သင်၏ ဖိနှိပ်ချုပ်ချယ်မှု ခံစားရခြင်းကို ဆက်လက်ခံစားကာ သင် မည်မျှတောင့်ခံနိုင်သည်ကို ကြည့်လော့။ သင်သည် ဤဖိနှိပ်ချုပ်ချယ်မှုခံစားရသည့် အခြေအနေ၌ ဆက်လက်၍ရှိနေလျှင် သင်၏ အနာဂတ်က မုံမှိုင်းပြီး ကတ္တရာကဲ့သို့ နက်မှောင်နေလိမ့်မည်။ ဤသို့ဖြင့် မည်သည့်အရာကိုမျှ သင်မမြင်နိုင်ပေ။ ရှေ့တွင် လမ်းကြောင်းရှိမည်မဟုတ်ပေ။ သင်သည် နေ့စဉ် တွေဝေလျက် အသက်ရှင်လိမ့်မည်။ သင်သည် မည်မျှ မသိနားမလည်ဖြစ်လိုက်မည်နည်း။ လက်တွေ့တွင် ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခုဖြစ်သည်။ သေးငယ်သော အရာတစ်ခုသာဖြစ်သည်။ သို့သော် လူတို့က ဤအရာမှ မလွတ်မြောက်နိုင်ပေ။ ဤအရာကို လက်မလွှတ်နိုင်ပေ၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ၎င်းတို့က ပြောင်းလဲနိုင်လျှင် ၎င်းတို့၏ စိတ်ဓာတ်နှင့် ၎င်းတို့စိတ်နှလုံး၏ ရည်မှန်းချက်များအပြင် ၎င်းတို့၏ လိုက်စားမှုတို့သည်လည်း ကွဲပြားလိမ့်မည်။ ကောင်းပြီ။ ယနေ့ ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်မည်။ ဖိနှိပ်ချုပ်ချယ်ခံရသော အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ မကြာမီတွင် သင်တို့ လွတ်မြောက်ဖို့ ငါမျှော်လင့်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။