သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၂)
ဘုရားသခင်အပေါ် ယုံကြည်သူများသည် အဓိကအရာအချို့ကို နားလည်သဘောပေါက်ရမည်။ အနည်းဆုံးအနေဖြင့် သူတို့သည် သူတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် ယုံကြည်ဖို့ဆိုသည်မှာ မည်သည်ကို ဆိုလိုခြင်းဖြစ်သည်၊ ဘုရားသခင်အပေါ် ယုံကြည်သူများက မည်သည့်သမ္မာတရားများကို နားလည်သင့်သည်၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအား မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်အပါအဝင်၊ ဘုရားသခင်ထံ ကျိုးနွံနာခံရာတွင် မည်သည့်သမ္မာတရားများနှင့် သူ၏ မည်သည့်နှုတ်ကပတ်တော်များကို နားလည်သင့်သည်နှင့် သူ့ကို စိတ်ကျေနပ်စေဖို့ လူတွင် မည်သည့်စစ်မှန်မှုများကို ပိုင်ဆိုင်သင့်သည်ဆိုသည်တို့ကို သိရမည်။ အကယ်၍ သင့်တွင် ဤယုံကြည်ခြင်းနှင့် ဤစိတ်ပိုင်းဖြတ်ချက်တို့ရှိပါက ထိုအခါ သင့်တွင် ရံဖန်ရံခါ၌ အနည်းငယ်သောအယူအဆများ သို့မဟုတ် ထိုထိုသောအချို့ရည်ရွယ်ချက်များကို စိတ်ထဲသိုထားလျှင်တောင်မှ ၎င်းတို့ကို လက်လွှတ်ဖို့ လွယ်ကူလိမ့်မည်။ ဤယုံကြည်ခြင်းမရှိသောသူများသည် သူတို့ ကျိုးနွံနာခံရာတွင် အမြဲ ဇီဇာကြောင်နေလိမ့်မည်ဖြစ်ပြီး၊ ရံဖန်ရံခါ၌ သူတို့သည် သေးသိမ်စွာ အပြစ်ရှာခြင်း၊ အငြင်းသန်ခြင်း၊ မကျေမချမ်းမှုကို စိတ်ထဲသိုထားခြင်း၊ မကျေနပ်ရခြင်းအကြောင်းကို ညည်းတွားခြင်းတို့ကိုပင် ပြုလုပ်ကြဦးမည်။ ပုန်ကန်ချင်သည့်အပြုအမူမျိုးစုံသည် ရံဖန်ရံခါ၌ ဖြစ်ပွားလိမ့်မည်။ ၎င်းမှာ အခါအားလျော်စွာဖြစ်သည့် ဖြစ်ရပ်တစ်ခု သို့မဟုတ် နှစ်ခုမျှသာ မဟုတ်သလို၊ တဒင်္ဂအတွေးလည်း မဟုတ်ပါ။ သို့သော် တကယ်တမ်းတွင် ပုန်ကန်လိုသည့်စကားများကို ပြောပြီး ပုန်ကန်လိုသည့်အရာများကို လုပ်နိုင်စွမ်းသာဖြစ်သည်။ ဤသည်က အထူးပြင်းထန်သောပုန်ကန်လိုသည့်စိတ်သဘောထားကို ဖော်ပြသည်။ လူများတွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများရှိကြသည်။ ထို့အပြင် အကယ်၍ သူတို့တွင် ဘုရားသခင်ထံ ကျိုးနွံနာခံဖို့ စိတ်ပိုင်းဖြတ်ချက်ရှိလျှင်ပင် သူတို့၏ကျိုးနွံနာခံခြင်းသည် ကန့်သတ်ချက်ရှိသည်။ ၎င်းသည် နှိုင်းယှဉ်ချက်ရှိသည်၊ ၎င်းသည် ရံဖန်ရံခါဖြစ်ခြင်း၊ တဒင်္ဂဖြစ်ခြင်းနှင့် အခြေအနေအရဖြစ်ခြင်းတို့လည်းဖြစ်သည်။ ၎င်းသည် အပြည့်အဝ မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားဖြင့် သူတို့၏ပုန်ကန်လိုမှုသည် အထူးကြီးမားလှသည်။ သူတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုသော်လည်း မကျိုးနွံမနာခံနိုင်ကြပေ။ သည့်အပြင် သူတို့သည် သူ၏နှုတ်ကပတ်တော်များကို နားထောင်လိုသော်လည်း ထိုနှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်က ကောင်းသည်ကို သူတို့သိကြသည်။ ထို့အပြင် သူတို့သည် သူ့ကို ချစ်မြတ်နိုးလိုသော်လည်း မချစ်နိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏စကားကို လုံးဝ နားမထောင်နိုင်ကြပေ၊ သူ့ကို အရာရာတိုင်းကို စီစဉ်ညွှန်ကြားခွင့်မပြုနိုင်ကြပေ။ ထို့အပြင် သူတို့တွင် သူတို့၏ကိုယ်ပိုင်ရွေးချယ်မှုများရှိနေကြသေးသည်။ သူတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုအကြောင်းရင်းများကို စိတ်ထဲတွင် သိုထားကြသေးသည့်အပြင်၊ သူတို့၏ကိုယ်ပိုင် စီမံချက်များ၊ စိတ်ကူးအကြံဉာဏ်များနှင့် ကိစ္စများကို လုပ်သည့် သူတို့၏ကိုယ်ပိုင်နည်းနာတို့ရှိနေကြသေးသည်။ ကိစ္စများကို လုပ်ရာတွင် သူတို့၏ကိုယ်ပိုင်နည်းနာများ၊ သူတို့၏ကိုယ်ပိုင်နည်းလမ်းများရှိခြင်းဆိုသည်မှာ ဘုရားသခင်ထံ သူတို့ ကျိုးနွံနာခံဖို့ မဖြစ်နိုင်ဟုဆိုလိုသည်။ သူတို့၏ကိုယ်ပိုင်စိတ်ကူးအကြံဉာဏ်များအတိုင်းသာ သူတို့ ပြုမူနိုင်ကြပြီး ဘုရားသခင်ကို ပုန်ကန်နိုင်ကြသည်။ ဤသည်မှာ လူများ မည်မျှပုန်ကန်လိုစိတ်ရှိကြကြောင်းပင်ဖြစ်သည်။ ထို့ကြောင့် လူသား၏သဘာဝသည် အပေါ်ယံ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှု၊ မိမိဘာသာကြီးကျယ်နေခြင်းနှင့် မာန သို့မဟုတ် အခါအားလျော်စွာ လိမ်ပြောခြင်းများနှင့် ဘုရားသခင်အပေါ် လိမ်ညာခြင်းတို့ကဲ့သို့သော ရိုးစင်းသည့် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများမျှသာ မဟုတ်ချေ။ ဤအစား လူသား၏အနှစ်သာရသည် စာတန်၏အနှစ်သာရဖြစ်လာပြီးသားဖြစ်သည်။ ယခင်အချိန်တုန်းက ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို မည်သို့သစ္စာဖောက်ခဲ့သနည်း။ ယနေ့ခေတ်လူများကရော အဘယ်နည်း။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သင်တို့ ၎င်းကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ယနေ့ခေတ်လူများသည် စာတန်လုပ်ခဲ့သလို ဘုရားသခင်ကို လုံးလုံးလျားလျား သစ္စာဖောက်ရုံသာမက၊ သူတို့၏စိတ်နှလုံးများ၊ သူတို့၏အတွေးနှင့် သူတို့၏အတွေးအမြင်စနစ်များထဲတွင်လည်း ဘုရားသခင်အပေါ် တိုက်ရိုက် ရန်လိုကြသည်။ ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို နတ်ဆိုးများအဖြစ်သို့ ဖျက်ဆီးခြင်းဖြစ်သည်။ လူသားများသည် စာတန်က ပေါက်ဖွားသောသားသမီးများ အမှန်အကန် ဖြစ်လာခဲ့ကြပြီ။ သင်တို့က “ကျွန်ုပ်တို့က ဘုရားသခင်အပေါ် ရန်မလိုပါ။ ဘုရားသခင်ဘာပြောပြော ကျွန်ုပ်တို့ နားထောင်ပါသည်” ဟူ၍ ဆိုကောင်းဆိုနိုင်သည်။ ယင်းသည် အပေါ်ယံသာဖြစ်သည်။ ဘုရားသခင်ပြောသမျှဘာမဆိုကို သင်နားထောင်သယောင် ထင်ရသည်။ အကယ်စင်စစ် ငါသည် တရားဝင်တစ်ခမ်းတစ်နား မိတ်သဟာယပြုပြီး စကားပြောသောအခါ လူအများစုတွင် အယူအဆများမရှိကြဘဲ ယဉ်ကျေးစွာပြုမူပြီး နာခံကြသော်လည်း၊ ကျွန်ုပ်က သာမန်လူ့သဘာဝအတိုင်း စကားပြော၍ ကိစ္စများကို လုပ်သောအခါ သို့မဟုတ် သာမန်လူ့သဘာဝအတိုင်း နေထိုင်ပြုမူသောအခါတွင်မူ သူတို့၏အယူအဆများ ပေါ်ပေါက်လာတော့သည်။ သူတို့၏စိတ်နှလုံးများထဲတွင် ငါ့အတွက် နေရာဖယ်ပေးချင်သော်ငြားလည်း၊ သူတို့သည် ငါ့ကို နေရာမပေးနိုင်ကြပေ။ ထို့အပြင် သမ္မာတရားကို မည်မျှမိတ်သဟာယပြုပါစေ သူတို့သည် သူတို့၏အယူဝါဒများကို လက်မလွှတ်နိုင်ကြပေ။ ဤသည်က လူသားသည် ဘုရားသခင်ထံသို့ အတော်အသင့်မျှသာ ကျိုးနွံနာခံနိုင်ပြီး၊ အပြည့်အဝ မဟုတ်ကြောင်းကို ပြသသည်။ သူသည် ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သင်သိပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်တွင် သာမန်လူ့သဘာဝရှိရမည်ဖြစ်ကြောင်းကို သင်သိသည်။ သို့ဖြစ်လျှင် သင်သည် ဘုရားသခင်ထံ အဘယ်ကြောင့် အပြည့်အဝ မကျိုးနွံမနာခံနိုင်ရသနည်း။ လူ့ဇာတိခံဘုရားသခင်သည် လူသားဖြစ်သောခရစ်တော်ဖြစ်သည်။ သူ့တွင် ဘုရားသဘောသဘာဝနှင့် သာမန်လူ့သဘာဝ နှစ်မျိုးလုံးရှိသည်။ အပေါ်ယံဟန်ပြအနေဖြင့် သူ့တွင် သာမန်လူ့သဘာဝရှိသော်လည်း၊ သူ၏ဘုရားသဘောသဘာဝသည် ဤသာမန်လူ့သဘာဝအတွင်းတွင် နေထိုင်၍ အလုပ်လုပ်သည်။ ယခုတွင် ဘုရားသခင်သည် ခရစ်တော်အဖြစ် လူ့ဇာတိခံယူခဲ့ပြီး၊ ဘုရားသဘောသဘာဝနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည်။ သို့သော် လူအချို့သည် သူ၏ ဘုရားသဘောသဘာဝ နှုတ်ကပတ်တော်များနှင့် အမှုတော်အချို့ကိုသာ ကျိုးနွံနာခံနိုင်ကြသည်။ သူတို့သည် သာမန်လူ့သဘာဝဖြင့် ဟောပြောသည့် သူ့နှုတ်ကပတ်တော်များနှင့် အမှုတော်အချို့ကို ဂရုမစိုက်ဘဲ နေစဉ်တွင် သူ၏ ဘုရားသဘောသဘာဝ နှုတ်ကပတ်တော်များနှင့် နက်နဲသိမ်မွေ့သောဘာသာစကားကိုမူကား ဘုရားသခင်၏နှုတ်ကပတ်တော်များအဖြစ် မှတ်ယူကြသည်။ လူအချို့သည် သူ၏ ဘုရားသဘောသဘာဝ ဘာသာစကားကသာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ပြီး သူ၏လူသား ဘာသာစကားသည် ဘုရားသခင်၏နှုတ်ကပတ်တော်မဟုတ်ဟူ၍ ယုံကြည်လျက်၊ သူတို့၏စိတ်နှလုံးများထဲတွင် စိတ်ကူးအကြံဉာဏ်များနှင့် အယူအဆများအချို့ပင် ရှိကြသည်။ ထိုကဲ့သို့သောလူများသည် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများအားလုံးကို လက်ခံနိုင်ကြသလော။ သူတို့သည် ဘုရားသခင်က သန့်စင်ပေးပြီး စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရနိုင်မည်လော။ မလုပ်ပေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောလူများသည် အဓိပ္ပါယ်မရှိသောနည်းဟန်တစ်မျိုးဖြင့် နားလည်သဘောပေါက်ကြပြီး၊ သမ္မာတရားကို မရနိုင်ကြသောကြောင့်ဖြစ်သည်။ အတိုချုပ်ဆိုရသော် လူသား၏အတွင်းစိတ်ကမ္ဘာသည် အလွန်အမင်း ရှုပ်ထွေးလှပြီး၊ ဤကဲ့သို့သောပုန်ကန်လိုသည့် ကိစ္စရပ်များသည် အထူးသဖြင့် ခက်ခဲရှုပ်ထွေးသည်။ ဤသည်အပေါ် အသေးစိတ်ဖော်ပြရှင်းလင်းဖို့ မလိုအပ်ပါ။ လူများသည် ဘုရားသခင်၏ဘုရားသဘောသဘာဝထံသို့ ကျိုးနွံနာခံနိုင်ကြသော်လည်း၊ သူ၏သာမန်လူ့သဘာဝဖြင့် ပြုလုပ်သည့်အမှုတော်နှင့် နှုတ်ကပတ်တော်များအချို့ထံတွင် မကျိုးနွံမနာခံနိုင်ကြပေ။ ဤသည်က သူတို့သည် ဘုရားသခင်ထံ အမှန်အကန် မကျိုးနွံမနာခံကြသေးသည်ကို ပြသသည်။ ဘုရားသခင်ထံ လူများ၏ကျိုးနွံနာခံခြင်းသည် အမြဲ အခြေအနေအရဖြစ်သည်။ မှန်ကန်ပြီး အကျိုးအကြောင်းသင့်သည်ဟု သူတို့ယုံကြည်သမျှဘာမဆိုကို သူတို့ နားထောင်ကြပြီး၊ မမှန်ကန်ဘဲ အကျိုးအကြောင်းမသင့်ဟု သူတို့ယုံကြည်သည့်အရာကို နားထောင်ဖို့ စိတ်မပါကြတော့ပေ။ သူတို့သည် သူတို့နားထောင်ဖို့ စိတ်မပါသည့်အရာထံ သို့မဟုတ် သူတို့လုပ်ဆောင်ဖို့ မတတ်နိုင်သည့်အရာထံ မကျိုးနွံမနာခံကြပေ။ ဤသည်ကို အမှန်အကန် ကျိုးနွံနာခံခြင်းဟု ခေါ်နိုင်သလော။ လုံးဝ မခေါ်နိုင်ပါ။ ဤသည်က လူများ၏စိတ်သဘောထားများသည် မကောင်းသည်ကိုလည်းကောင်း၊ သူတို့၏စိတ်သဘောထားများသည် အထူးသဖြင့် မသတီစရာဖြစ်ပြီး ဆိုးယုတ်သည်ကိုလည်းကောင်း ပြသသည်။ ဤသည်က အရေးပါလှသည်။ ဆိုလိုသည်မှာ လူများက ဘုရားသခင်ထံ အနည်းငယ်ဆိုရုံမျှသာ ကျိုးနွံနာခံသောအခါတွင်ပင် ၎င်းသည် အမြဲ ရွေးချယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အခြေအနေအရဖြစ်သည့် ကျိုးနွံနာခံခြင်းမျိုးဖြစ်ကာ ဘုရားသခင်ထံ ဘယ်တော့မှ အပြည့်အဝ ကျိုးနွံနာခံခြင်းမျိုး မဟုတ်ပေ။ အကယ်၍ လူတစ်ဦးက နားထောင်ပြီး ကျိုးနွံနာခံသည်ဟု ဆိုလျှင်ပင် ဤသည်မှာ နှိုင်းယှဉ်၍ ပြောဆိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် သူတို့၏အကျိုးစီးပွားများအကြောင်းကို အကျဉ်းချုံး ထည့်မပြောရသေးသောကြောင့် သို့မဟုတ် သူတို့ကို အမှန်တကယ် မပြုပြင်ရသေးသောကြောင့်ဖြစ်သည်။ သင်သည် သူတို့ကို ပွင့်ပွင့်လင်းလင်း၊ တိုက်ရိုက် မပြုပြင်ရသေးပေ။ သူတို့ကို သင်က အမှန်တကယ် ပြုပြင်လိုက်သည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် သင့်ကို ဆန့်ကျင်ဖို့ လုပ်ဆောင်မည်ဖြစ်ပြီး တစ်နေ့လုံး မျက်နှာသုန်မှုန်နေပေလိမ့်မည်။ အကယ်၍ သင်က သူတို့ကို တစ်ခုခုတောင်းဆိုလိုက်လျှင် သူတို့သည် တုံ့ပြန်မည်မဟုတ်ပေ။ အကယ်၍ သင်က သူတို့ကို တစ်ခုခုလုပ်ဖို့ ပြောသောအခါတွင် သူတို့သည် ၎င်းကို လုပ်ဖို့ စိတ်ပါလိမ့်မည်မဟုတ်ပေ။ သင်က သူတို့ကို တစ်ခုခုလုပ်ဖို့ ပြောသောအခါ သူတို့သည် လုပ်ဖို့ စိတ်မပါကြပေ။ သူတို့သည် ပစ္စည်းများကို စတင်၍ ပစ်ပေါက်ခွဲလာကြပြီး၊ သင့်အပေါ် ခေါင်းမာကြလိမ့်မည်။ လူတစ်ဦး၏စိတ်သဘောထားသည် မည်မျှဆိုးယုတ်သွားနိုင်ရသနည်း။ သူက ဘုရားသခင်ဖြစ်ကြောင်းကို သိနေပါလျက်၊ သင်သည် သူ့ကို ထိုကဲ့သို့ အဘယ်ကြောင့် ဆက်ဆံရသနည်း။ ဤသည်မှာ ယခင်အချိန်က ဖာရိရှဲများ၊ ပေါလုတို့နှင့် သိပ်မကွာခြားလှပေ။ ပေါလုက ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်းကို သိခဲ့သလော။ အဘယ်ကြောင့် သူသည် ယေရှု၏တပည့်တော်များကို နှိပ်စက်ညှဉ်းပန်းခဲ့သနည်း။ အဘယ်ကြောင့် သူသည် ယေရှု၏ တပည့်တော်များစွာကို ဖမ်းဆီးခဲ့သနည်း။ နောက်ဆုံးတွင် ယေရှုသည် ပေါလုက သူ၏ဖိနှိပ်ညှဉ်းဆဲမှုကို အတိုင်းထက်အလွန်ကျော်အောင် လုပ်ခဲ့ပြီဖြစ်ကြောင်း မြင်ခဲ့ပြီး၊ ဒမာသက်သို့ သွားရာလမ်းတွင် သူသည် ပေါလုကို ရိုက်ချခဲ့သည်။ သူ့အထက်တွင် အလင်းရောင်တစ်ခု တောက်ပလာခဲ့ပြီး၊ ပေါလုသည် မြေကြီးပေါ်သို့ လဲကျသွားခဲ့သည်။ လဲကျသွားပြီးနောက်တွင် သူက ယေရှုကို “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟူ၍ မေးခဲ့သည်။ “ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။” (တမန်တော်ဝတ္ထု ၉:၅) ဟု ယေရှုက သူ့ကို ပြောခဲ့သည်။ ထိုအချိန်မှစ၍ ပေါလုသည် လွန်စွာပို၍ချုပ်တည်းလာခဲ့သည်။ အကယ်၍ ယေရှုက “အလင်းပေး”၍ သူ့ကို အကြီးအကျယ် ရိုက်မချခဲ့ပါက ပေါလုသည် ယေရှုအတွက် တရားဟောဖို့ မဆိုထားနှင့်၊ ယေရှုကို လက်ခံနိုင်လိမ့်မည်ပင် မဟုတ်ပေ။ ဤသည်က ဘာကို သက်သေပြသနည်း။ ၎င်းက လူများ၏သဘာဝများသည် အဆိုးတကာ့အဆိုးဆုံး ဖြစ်ကြောင်းကို သက်သေပြသည်။
လူတို့က “ကျွန်ုပ်တို့ လူသားများအားလုံးတွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများရှိကြသည်၊ ကျွန်ုပ်တို့ထဲက မည်သူကမျှ ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပါ” နှင့် “လူသားများသည် အလွန်မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး၊ မိမိကိုယ်ကို အလွန်အရေးပါသည်ဟုထင်ကြသည်။ သူတို့သည် တော်ကြသည်၊ အခြားလူများထက် ပို၍တော်ကြသည်ဟု သူတို့ အမြဲ ယုံကြည်ကြသည်” ဟူ၍ မကြာခဏ ပြောကြသည်။ အကယ်စင်စစ်တွင် ဤသည်မှာ သာမန်ကာလျှံကာအဖြစ်ဆုံးအသိအမြင်များဖြစ်ကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား၏အသေးအဖွဲအပိုင်းမျှသာဖြစ်သည်။ သင်၏ကိုယ်ပိုင်သဘာဝတွင် ဘုရားသခင်ကို ပုန်ကန်ခုခံသည့် ထိုကဲ့သို့သောအတွေးများနှင့် ရည်ရွယ်ချက်များအကြောင်း အဘယ်ကြောင့် သင်မဆွေးနွေးသနည်း။ ဘုရားသခင်က သင့်အားတစ်ခုခုကို နည်းလမ်းတစ်မျိုးဖြင့် လုပ်ဖို့ တောင်းဆိုသည်။ သင်က အခြားနည်းလမ်းတစ်မျိုးဖြင့် ၎င်းကို လုပ်ကိုလုပ်ဖို့ လိုသည်။ ဘုရားသခင်က နည်းလမ်းတစ်မျိုးဖြင့် အလုပ်လုပ်ပြီး၊ သင်က သူ့ကို အခြားနည်းလမ်းတစ်မျိုးဖြင့် အလုပ်လုပ်ဖို့ တောင်းဆိုရန် လိုသည်။ ဤသည်မှာ ဘုရားသခင်နှင့် ဖက်ပြိုင်ရင်ဆိုင်ခြင်းမဟုတ်လော။ လူတိုင်းတွင် ဤကဲ့သို့သောစိတ်သဘောထားမျိုးရှိကြသည်။ မည်သူမျှ ၎င်းမှ မလွတ်မြောက်နိုင်ပါ။ လူအချို့က “ဤသည်က ကျွန်ုပ်နှင့် မသက်ဆိုင်ပါ၊ ကျွန်ုပ် မသိခဲ့ပါ” ဟူ၍ လူအချို့က ပြောဆိုကောင်းပြောဆိုကြလိမ့်မည်။ ယင်းမှာ သင်သည် ဘုရားသခင်နှင့် မထိတွေ့ရသေးသောကြောင့်ဖြစ်သည်။ သင်ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက်၊ သူ့ကို တဖြည်းဖြည်းချင်း သိလာပြီး၊ ရက်သတ္တပတ်တစ်ပတ်ကြာပြီးနောက်တွင် သင်သည် ပြောင်းလဲလာဖို့နှင့် သင်၏သရုပ်မှန်ကို ထုတ်ဖော်ဖို့ အာမခံသည်။ ဤသည်မှာ ချဲ့ထွင်ပြောနေခြင်းမဟုတ်သလို၊ သင့်ကို လျှော့တွက်နေခြင်းလည်း မဟုတ်ပါ။ ယနေ့ခေတ်တွင် လူများသည် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများရှိရုံသာမကဘဲ သူတို့၏သဘာဝများကလည်း ဖောက်ပြန်ပျက်စီးလာကြသည်။ သူတို့၏သာမန်လူ့သဘာဝသည် အလွန်ဖောက်ပြန်ပျက်စီးလွန်းသည့်အတွက်ကြောင့် ၎င်းသည် စုတ်ပြတ်သတ်၍ လုံးလုံးလျားလျား လမ်းပျောက်ကုန်ကြသည်။ ဆိုလိုသည်မှာ လူများတွင် သာမန်လူ့သဘာဝမရှိကြတော့ပေ။ လူ့ဇာတိခံဘုရားသခင်တွင် သာမန်လူ့သဘာဝရှိသော်လည်း၊ လူများအားလုံးတွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများရှိကြသည်။ ထို့အပြင် ပုံမှန်လူ့သဘာဝပုံစံ သိပ်မရှိကြတော့ပေ။ ၎င်းက သူတို့ကို ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင် ဖြစ်စေသည်။ ကိစ္စရပ်ပေါင်းများစွာနှင့်ပတ်သက်၍ သူတို့တွင် ဘုရားသခင်နှင့် ကွာခြားချက်များ၊ အငြင်းပွားစရာများ ဧကန်မုချ ရှိကြလိမ့်မည်။ သူ့အပေါ် ရန်လိုရန်ဖက်ပြုကြသည်အထိပင် လုပ်ကြလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးများ သို့မဟုတ် ဘုရားသခင်ထံ ကျိုးနွံနာခံလိုသည့်စိတ်နှလုံးများ မရှိကြသောကြောင့်ဖြစ်သည်။ “သူက ဘုရားသခင်ဖြစ်သည်ဟု သင်အသိအမှတ်ပြုသောကြောင့် သူဘာကိုပြောပြော သင်သည် သူ့ထံ ကျိုးနွံနာခံရမည်” ဟူ၍ လူများကို တောင်းဆို၍ မရနိုင်ပါ။ ကိစ္စတိုင်းတွင် သူတို့ အား ဘုရားသခင်ထံ အလျှော့ပေးဖို့ တောင်းဆိုရန်မှာ ပို၍ပင် မဖြစ်နိုင်ပါ။ ဤသည်မှာ အလျှော့ပေးရသည့်ကိစ္စတစ်ခုမဟုတ်ပါ။ လူများသည် ဖန်ဆင်းခံများဖြစ်ကြသည်။ ထို့အပြင် အဆုံးတွင်တော့ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်ပြီး၊ လူသားသည် လူသားသာဖြစ်လေသည်။ သူတို့အကြားတွင် နယ်နိမိတ်ကန့်သတ်ချက်တစ်ခု ရှိကိုရှိရမည်။ ပညတ်တော်ခေတ်တွင် အာဗြဟံ၏အစေခံက ယေဟောဝါဘုရားသခင်ထံ မည်သို့ဆုတောင်းခဲ့သနည်း။ “အို အကျွန်ုပ်၏သခင် အာဗြဟံ၏ ယေဟောဝါဘုရားသခင်။” (ကမ္ဘာဦးကျမ်း ၂၄:၁၂) သူသည် အဆင့်အတန်း၏ခြားနားခြင်းများကို အလွန်ရှင်းရှင်းလင်းလင်းဖြစ်စေခဲ့သည်။ ယခုခေတ်လူများကမူ “ဘုရားသခင်က ကျွန်ုပ်တို့နှင့် သိပ်မကွာခြားလှပေ။ သူ့တွင်လည်း ပုံမှန်လူ့သဘာဝရှိပြီး၊ ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များ၊ စိတ်ခံစားမှုအမျိုးမျိုး၊ ဘဝနှင့် လှုပ်ရှားမှုများရှိကြသည်။ သူသည် ဘုရားသဘာဝအလုပ်ကို လုပ်သော်လည်း၊ သူ၏သာမန်လူ့သဘာဝမှာ မရှိမဖြစ် ဖြစ်သည်” ဟူ၍ ယုံကြည်ကြသည်။ လူများတွင် သူတို့၏အတွင်းစိတ်ထဲ၌ ဤ “သာမန်လူ့သဘာဝ” ဟူသည့် အကြမ်းဖျင်းစိတ်ကူးအကြံဉာဏ်ရှိလိုက်သည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် သူ၏ဘုရားသဘောသဘာဝအနှစ်သာရကို ငြင်းဆန်လျက် ဘုရားသခင်၏အမှုတော်၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏စိတ်သဘောထားတို့ကို လူသား၏သာမန်လူ့သဘာဝအဖြစ် ပြဋ္ဌာန်းလေ့ရှိလိမ့်မည်။ ဤသည်မှာ ဧရာမအမှားကြီးဖြစ်သည်။ ဤသည်က ဘုရားသခင်ကို သိဖို့ မဖြစ်နိုင် ဖြစ်စေသည်မဟုတ်လော။ သင်တို့သည် ဘုရားသခင်နှင့် မထိတွေ့ရသေးပေ။ သင်တို့အထဲမှ မည်သူက “အကယ်၍ ကျွန်ုပ်သည် ဘုရားသခင်နှင့် တစ်နှစ်လုံးလုံး ထိတွေ့ခွင့်ရမည်ဆိုလျှင်၊ ကျွန်ုပ်သည် လုံးဝ ပုန်ကန်လိုမည်မဟုတ်ဟု အာမခံပါသည်” ဟု ပြောရဲသနည်း။ မည်သူမှ အလွန်မသေချာနိုင်ပါ။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်လာခဲ့ကြသည်မှာ နှစ်ပေါင်း ၁၀ သို့မဟုတ် ၂၀ ကျော်ကြာခဲ့ပေပြီ။ သို့သော် မည်သူကမျှ ဘုရားသခင်အပေါ် အမှန်တကယ် ကျိုးနွံနာခံခြင်းကို မရနိုင်ကြပေ။ လူများသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခြင်းကို နက်နက်ရှိုင်းရှိုင်းခံစားနေကြရပြီး၊ လူများ၏စိတ်နှလုံးများထဲတွင် စာတန်၏စိတ်သဘောထားသည် ခိုင်မာစွာ အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်ကို ဤသည်က ပြသရန် လုံလောက်ပါသည်။ သင်တို့ကိုယ်တိုင်ပင်လျှင် တူးဖော်ထုတ်၍ မရနိုင်သည့် ဖောက်ပြန်ပျက်စီးသည့်အရာအချို့ရှိကြသည်။ ငါသည် စကားပေါင်းများစွာကို ပြောခဲ့ပြီးပြီ၊ သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးပြီ။ သို့သော်လည်း သမ္မာတရားကို အမှန်တကယ် နားလည်သူ တစ်ယောက်မျှ မရှိသလောက်ပင် ဖြစ်သည်။ ယခုခေတ်လူများသည် ခေါင်းမာစွာဖြင့် ဦးနှောက်ကို မသုံးကြပေ။ သူတို့သည် ပြင်းထန်လွန်ကဲသော အတိုင်းအတာတစ်ခုအထိ ထုံထိုင်းကြပြီး၊ တုံးအကြသည်။ သူတို့သည် အနည်းငယ်မျှသာ မသိနားမလည်ကြသည်မဟုတ်ပေ။ သူတို့၏ပုန်ကန်လိုသည့်သဘာဝများသည် ပုံပေါ်နေပြီဖြစ်သော်လည်း၊ သင်တို့သည် ဤသည်ကို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ကြသေးပေ။
လူအချို့သည် ခရစ်တော်ကို တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ ကြုံတွေ့ပြီးသည့်နောက် “ဤသည်မှာ ဘုရားသခင်ဖြစ်သည်” ဟူ၍ သူ့ကို အကျွမ်းတဝင်မရှိလှကြောင်း တွေ့ရှိပြီး၊ အနည်းငယ် ချုပ်တည်းထားရသလို ခံစားမိသည်။ သူတို့၏စိတ်နှလုံးများထဲ၌ ဤအတွေးမျိုးရှိကြသော်လည်း၊ သူနှင့်ထိတွေ့ပြီးနောက် ရက်ပေါင်း ၁၀ ရက် သို့မဟုတ် ရက်သတ္တပတ် နှစ်ပတ်ခန့်ကြာပြီးနောက်တွင် သူတို့သည် တဖြည်းဖြည်းချင်း သူနှင့်ပို၍ရင်းနှီးလာကြပြီး၊ သူနှင့် တိုး၍တိုး၍ နီးစပ်လာသည်။ သူတို့၏စိတ်နှလုံးများထဲတွင် ချုပ်တည်း၍ မထားကြတော့ဘဲ၊ သူတို့သည် သူတို့၏အဆင့်အတန်းနှင့် သူ၏အဆင့်အတန်းအကြားတွင် ခွဲခြားထားခြင်းမရှိကြတော့ပေ။ သူတို့အကြားတွင် အဆင့်မခြား၊ ဝါစဉ်မထားဘဲ လုံးဝဥဿုံ တူညီခြင်းရှိသည့်အလားဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်အတူ နေထိုင်ပြီး ပျော်ရွှင်မှုကို ဝေမျှခံစားသင့်သည်ဟု ထင်ကြသည်။ ရံဖန်ရံခါတွင် ဤလူများသည် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေရသနည်းဟု ငါ တွေးဆမိသည်။ အကယ်၍ ငါသည် သူတို့ကို အမြဲ ပြုပြင်ပြီး ဩဝါဒပေးနေမည်ဆိုပါက၊ သူတို့သည် မုချဧကန် ယဉ်ကျေးစွာ ပြုမူ၍ ကျိုးနွံနာခံလိမ့်မည်။ ရံဖန်ရံခါတွင် ငါသည် တစ်ယောက်ယောက်နှင့် တန်းတူရည်တူသကဲ့သို့ စကားပြောသောအခါ၊ “အင်း ဘုရားသခင်က ကျွန်ုပ်အပေါ် မည်မျှကောင်းလိုက်သလဲဆိုသည်ကို ကြည့်ပါ” ဟူ၍ သူတို့ တွေးကြသည်။ သင့်အပေါ် ကောင်းခြင်းဆိုသည်က သင့်တွင် ပုန်ကန်လိုသည့်စိတ်သဘောထား မရှိကြောင်း သို့မဟုတ် သင်၏သဘာဝအနှစ်သာရသည် ကောင်းကြောင်းကို သက်သေမပြပါ။ ထိုသို့မဟုတ်လော။ လူအချို့နှင့် ဆက်ဆံလျှင် ငါသည် သူတို့ကို နည်းနည်းပို၍ကောင်းပြပြီး နည်းနည်းပြုံးပြလိုက်သောအခါ သူတို့သည် သူတို့လာသည့်နေရာ၊ သူတို့၏ကိုယ်ပိုင် လက္ခဏာနှင့် သူတို့၏အနှစ်သာရက မည်သည်ဖြစ်သည်ဆိုသည်တို့ကို မေ့သွားကြပြီး၊ စကြဝဠာထဲရှိ သူတို့၏နေရာကို မေ့သွားကြသည်။ သူတို့သည် ဤသည်တို့အားလုံးကို မေ့သွားကြသည်။ လူများ၏သဘာဝများသည် အစစ်အမှန်ပင် ဆိုးနိုင်သမျှ အဆိုးဆုံးဖြစ်ကြသည်။ သူတို့တွင် ဘာပဲဖြစ်ဖြစ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိကြချေ။ အကယ်၍ လူအချို့သည် သူတို့က အလွန်ပင် ကောင်းသည်ဟု ယုံကြည်ပါက ထိုအခါ အချိန်ကာလတစ်ခုကြာအောင် ဘုရားသခင်နှင့်ဆက်ဆံကြည့်ကာ သင့်အတွင်းစိတ်ထဲရှိ ပုန်ကန်လိုစိတ်နှင့် ခုခံလိုစိတ်အားလုံးတို့ကို မည်သို့ထုတ်ဖော်ပုံကို ကြည့်ကြည့်ပါ။ အချိန်ကာလတစ်ခုကြာအောင် ဘုရားသခင်နှင့် ထိတွေ့ကြည့်ပါ။ ငါသည် သင့်ကို သတိပေးလိမ့်မည်မဟုတ်ပါ သို့မဟုတ် အပြစ်ဖော်ဆုံးမလိမ့်မည်မဟုတ်ပါ၊ သို့မဟုတ် ပြုပြင်မည်မဟုတ်။ ထို့အပြင် သင့်ကို မည်သူကမျှ မိတ်သဟာယဖွဲ့လိမ့်မည်မဟုတ်ပါ။ သင်သည် သင်ကိုယ်တိုင် တွေ့ကြုံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့်အတိုင်းအတာအထိ သင်တွေ့ကြုံခံစားနိုင်သည်ကို ငါတို့ ကြည့်မည်။ သမ္မာတရားကို မရရှိဘဲ သင်သည် လုံးဝ စိတ်မသက်မသာဖြင့် သေချာပေါက် ကျရှုံးလိမ့်မည်။ အကျိုးဆက်များက မတွေးဝံ့စရာပင်ဖြစ်လိမ့်မည်။ လူများ၏ပုန်ကန်သော စိတ်သဘောထားများသည် အလွန်ပြင်းထန်လွန်းသည်။ သူတို့၏စိတ်နှလုံးများသည် အခြားလူများကို နေရာမပေးနိုင်ပါ။ သင်၏ပုန်ကန်လိုသောစိတ်သဘောထား၊ စာတန်ဆန်သောသဘာဝနှင့် မာနထောင်လွှားသောစိတ်နှလုံးတို့သည် အခြားလူများကို နေရာမပေးနိုင်ပါ။ အချိန်ကာလတစ်ခုကြာအောင် ငါနှင့် ထိတွေ့ဆက်ဆံကြည့်ပြီးသည့်နောက်တွင် လူအချို့တွင် မမှန်ကန်သည့်အတွေးအချို့ ရှိကောင်းရှိလာနိုင်သည်။ အကယ်၍ ဤအတွေးများကို မဖြေရှင်းပါက ၎င်းတို့က အယူအဆများ သို့မဟုတ် ဝေဖန်သုံးသပ်မှုများများဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် သူတို့အန္တရာယ်ကျရောက်သည်ကို တွေ့ရလိမ့်မည်။ “ယင်းက သင်သည် သာမန်၊ ပုံမှန်ဆန်လွန်းသောကြောင့်ဖြစ်သည်။ သခင်ယေရှုအပေါ် ကျွန်ုပ်၏ယုံကြည်ခြင်းမှာတော့ ကျွန်ုပ်သည် ဤကဲ့သို့မဟုတ်ပါ” ဟူ၍ လူအချို့က ပြောဆိုကြသည်။ ၎င်းမှာ ယေရှုအပေါ်ထားသည့် သင်၏ယုံကြည်ချက်နှင့် အတူတူပင်ဖြစ်ပါသည်။ အကယ်၍ သင်တို့သည် ယေရှု၏ခေတ်တွင် ရှိနေပါက သင်တို့သည် ဖာရိရှဲများထက် ပိုကောင်းအောင်လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ သင်တို့၏စိတ်ထဲတွင် အယူအဆများအပြည့်ဖြစ်နေလိမ့်မည်။ သင်သည် ယုဒထက် ပိုကောင်းလိမ့်မည်ဟု မထင်ပါနှင့်။ သူသည် သခင့်ကို သစ္စာဖောက်နိုင်ပြီး၊ ကိုယ်တော်၏ပိုက်ဆံကို သူ့ကိုယ်ပိုင်သုံးစွဲဖို့အတွက် ခိုးယူခဲ့သည်။ သင်သည် ကိုယ်တော်ကို သစ္စာဖောက်ခြင်း သို့မဟုတ် အသင်းတော်ပိုင်ပိုက်ဆံကို အဆင်အခြင်မဲ့သုံးစွဲခြင်း မပြုလုပ်ကောင်း မပြုလုပ်နိုင်သော်လည်း၊ သခင့်ထံ ကျိုးနွံနာခံခဲ့သည့်သူဖြစ်မည်မဟုတ်။ ထို့အပြင် သင်သည် ဧကန်မုချ အယူအဆများ၊ ပုန်ကန်ခြင်းနှင့် ခုခံခြင်းတို့အပြည့်နှင့်ဖြစ်လိမ့်မည်။ သခင်ယေရှု၏နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ပင်ဖြစ်သည်။ အဘယ်ကြောင့် ယုဒက သခင့်ကို ဆန့်ကျင်ခဲ့ရသနည်း။ သူ၏သဘာဝသည် ဆိုးယုတ်လွန်းသောကြောင့်ဖြစ်သည်။ သူသည် ခရစ်တော်ကို နေရာမပေးနိုင်ခဲ့ဘဲ သူ့ကို ဆက်လက်၍ ရန်လိုရန်ဖက်ပြုခဲ့သည်။ ပေတရုသည်လည်း ထိုစဉ်အချိန်က ဆင်းရဲဒုက္ခကြီးစွာခံစားခဲ့ရသည်မဟုတ်လော။ နောက်ဆုံးတွင် သူ၏လူ့သဘာဝက အခြားသူများနှင့် နှိုင်းစာလျှင် ထိုစဉ်အချိန်က အနည်းငယ်ပို၍ကောင်းနေခဲ့သောကြောင့်နှင့် သူသည် ဘုရားသခင်အား ချစ်ခြင်းကို လိုက်စားနိုင်ခဲ့သောကြောင့်၊ သူသည် နောက်ဆုံးတွင် စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံခဲ့ရသည်။ ထိုစဉ်တုန်းက သူ့တွင်လည်း အယူအဆအချို့နှင့် ယေရှုနှင့်ပတ်သက်၍ ထင်မြင်ချက်များရှိခဲ့သော်လည်း၊ သူသည် သခင့်အား ချစ်ခြင်းကို လိုက်စားနိုင်ခဲ့သောကြောင့် နောက်ဆုံးတွင် သခင်ယေရှုအကြောင်း အသိပညာအချို့ကို ရခဲ့သည်။ ထို့ကြောင့် မကြွားဝါနှင့်။ သင်မတွေ့ကြုံရသေးသောတစ်ခုခုတွင် သင်အောင်မြင်နိုင်ပြီး ရမှတ်အပြည့်ရနိုင်သည်ဟု အာမ မခံနှင့်။ ဤသည်မှာ အစစ်အမှန်မဟုတ် သို့မဟုတ် လက်တွေ့မကျပါ။ ဤသည်ကို သင်သည် ပထမဦးစွာ တွေ့ကြုံကြည့်ရမည်။ သို့မှသာ သင်ဝေမျှသည့် သိနားလည်မှုနှင့် ထိုးထွင်းအမြင်များသည် လက်တွေ့ကျလိမ့်မည်။ “ဘုရားသခင်၊ ကျွန်ုပ်၏အိမ်သို့ ကြွတော်မူပါ။ အခြားလူများလုပ်သလို ကျွန်ုပ်က သင့်ကို စိတ်ဆိုးအောင် မလုပ်ပါဟု ကျွန်ုပ် ကတိပေးပါသည်။ အခြားလူများကဲ့သို့ လူမဆန်စွာ ပြုမူမည်မဟုတ်ဟု ကျွန်ုပ် ကတိပေးပါသည်” ဟူ၍ မပြောပါနှင့်။ ဤသည်မှာ မကျိန်းသေပါ။ အဘယ်ကြောင့်ဆိုသော် လူများအတွင်းရှိ ပုံမှန်လူ့သဘာဝ၏ အခြေခံကျသော သွင်ပြင်လက္ခဏာများသည် ဖျက်ဆီးခြင်းခံလိုက်ရပြီးဖြစ်သောကြောင့်၊ သူတို့၏ပုံမှန်လူ့သဘာဝသည် သူတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်အတူတကွ ပျောက်ဆုံးသွားခဲ့သောကြောင့်ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏အခြေခံအသိဉာဏ်၊ ရိုးရှင်းစွာနှင့် ရိုးသားစွာ စကားပြောဆိုခြင်း၊ နားထောင်နိုင်ခြင်းနှင့် ကျိုးနွံနာခံနိုင်ခြင်းစသည့် ဤကဲ့သို့သောအပြုသဘောဆောင်သည့်အရာများအားလုံးသည် လူများအတွင်းထဲမှနေ၍ ပျောက်ဆုံးသွားပြီးခဲ့လေပြီ။ သို့ဖြစ်၍ အသက်ရှင်နေထိုင်ဖို့အတွက် လူများ၏စည်းမျဉ်းများနှင့် ဘဝတွင် သူတို့၏ရည်မှန်းချက်ပန်းတိုင်များသည် ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ သူတို့အားလုံးသည် စာတန်ဆန်သောအတွေးအခေါ်ကို လိုက်နာစောင့်ထိန်းကြပြီး၊ စာတန့်သဘာဝ၏လွှမ်းမိုးခြင်းကို ခံရသည်။ သူတို့၏စကားသည် လှည့်ဖြားတတ်ပြီး ဖြီးဖြန်းသည့်စကားဖြစ်သည်။ သူတို့သည် လေယူရာ မည်သည့်ဘက်သို့မဆို တိမ်း၍ ယိမ်းကြသည်။ ထို့အပြင် သူတို့သည် သာယာနှစ်လိုဖွယ်ထင်ရသည့်အရာများကို ပြောရာတွင် ထူးချွန်ကြသည်။ ဤကဲ့သို့အသက်ရှင်နေထိုင်ရခြင်းသည် ကောင်းသည်ဟု သူတို့ ယုံကြည်ကြသည်။ အဘယ်ကြောင့် လူသားများသည် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေသည်ဟု ဆိုရသနည်း။ အလွန်နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေသောကြောင့် လူသားများတွင် ပုံမှန်လူ့သဘာဝတစ်ခုခု ကျန်နေသေးသလော။ သင့်တွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားရှိသည်ဟု သင်ယုံကြည်သည်။ သင်ယုံကြည်သောထိုစိတ်သဘောထားသည် အနည်းငယ် မာနထောင်လွှားရုံသာ၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပြီး မာနကြီးရုံသာ၊ စကားပြောရာတွင် အနည်းငယ် လှည့်ဖြားတတ်ရုံသာ သို့မဟုတ် သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် အနည်းငယ် ဝတ်ကျေတမ်းကျေလုပ်ရုံသာဖြစ်သည်။ ဤမျှသာ ဖြစ်သည်။ သို့သော် ဤအသိသည် တိမ်လွန်းသည်။ ၎င်းသည် အပေါ်ယံသာဖြစ်သည်။ အဓိကသော့ချက်မှာ လူသားသည် သဘာဝအားဖြင့် ဆိုးယုတ်သည်ဟူသည့်အချက်ဖြစ်သည်။ လူများအားလုံးသည် ဆိုးယုတ်မှုကို ချစ်ကြောက်ရိုသေကြပြီး ဘုရားသခင်ကို ငြင်းဆန်၍ အာခံကြသည်။ ထို့အပြင် သူတို့၏ပုံမှန်လူ့သဘာဝသည် ကမ္ဘာမြေကြီး၏မျက်နှာပြင်ပေါ်မှနေ၍ ပျောက်ကွယ်သွားပြီးဖြစ်သည်။ ဤသို့ဖြစ်နေသည်မဟုတ်လော။ ထို့ကြောင့် လူများသည် ဖန်ဆင်းခံဖြစ်ခြင်း၏စံနှုန်းပြည့်မီစေရန် မည်သည်ကို လုပ်သင့်သနည်း။ အဓိကသော့ချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းမှနေ၍ လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းတစ်ခု၊ သင့်တော်သော လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းတစ်ခုတို့ကို ရှာဖို့ ဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင် သူမတူထူးကဲစွာ ကောင်းသောလူများမရှိသည်ကို သင်တို့အားလုံး သိကြသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် လူအချို့တွင် လူ့သဘာဝရှိကြ၍ အခြားလူများတွင် မရှိကြကြောင်းကို ယခုမှလာ၍ ပြောသနည်း။ လူ့သဘာဝရှိသောလူများသည် ဤသမ္မာတရားများကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ သူတို့သည်လည်း ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ နှိုင်းယှဉ်၍ ပြောရလျှင် သူတို့သည် သူတို့၏စိတ်နှလုံးများထဲတွင် အနည်းငယ်ဆိုရုံမျှသာ ပို၍ကြင်နာတတ်ကြပြီး ပို၍နူးညံ့ကြခြင်း၊ သူတို့၏အလုပ်တွင် အနည်းငယ် ပို၍တာဝန်သိတတ်ကြခြင်းသာဖြစ်သည်။ သို့သော် ဤသည်တို့အားလုံးမှာ အတော်အသင့်ဖြစ်ကြပြီး၊ အပြည့်အဝ မဟုတ်ကြပေ။ အကယ်၍ သင်သည် တစ်ယောက်ယောက်ကို အကဲဖြတ်၍ ဤလူသည် လုံးဝ ကောင်းပြီး အပြစ်အနာအဆာ သို့မဟုတ် ပုန်ကန်လိုခြင်းမရှိကြောင်း၊ သူသည် လုံးလုံးလျားလျား လိုက်လျောပြီး ကျိုးနွံနာခံတတ်ကြောင်းနှင့် သူ၏တာဝန်များကို ထမ်းဆောင်ရာတွင် လုံးဝ ဝတ်ကျေတမ်းကျေမလုပ်ကြောင်း ပြောပါက ဤသည်မှာ ချဲ့ကားပြောခြင်းမဟုတ်လော။ ၎င်းသည် အချက်အလက်အမှန်များအတိုင်းဖြစ်သလော။ ဤကဲ့သို့သောလူ အမှန်တကယ် ရှိသလော။ အကယ်၍ ဤသည်မှာ ကိစ္စများကို သင်တို့ နားလည်သဘောပေါက်သည့်ပုံနည်းလမ်းဖြစ်ပါက၊ ယင်းသည် လွဲချော်နေသည်။ သို့သော် အကယ်၍ သင်တို့က “ကျွန်ုပ်တို့လူသားများကတော့ သွားပါပြီ။ ကျွန်ုပ်တို့အထဲမှ တစ်ဦးကမျှ မကောင်းပါ၊ သို့ဖြစ်လျှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းက ဘာအသုံးကျတော့မည်နည်း။ ကျွန်ုပ်ကတော့ ရိုးရိုးရှင်းရှင်းပဲ ယုံကြည်ခြင်းကို ရပ်လိုက်ပြီး သေဖို့ကိုပဲ စောင့်လိုက်ပါတော့မည်” ဟု ယုံကြည်ကြပါက ဤသည်မှာလည်း အဓိပ္ပါယ်မရှိခြင်းဖြစ်သည်။ သင်တို့သည် သာမန်ရိုးရိုးစကားကို နားမလည်ကြဘိသကဲ့သို့ အမြဲ အစွန်းရောက်ကြသည်။ သင်တို့သည် အမြဲ တစ်ဘက်သို့ ယိမ်းလျှင်ယိမ်း၊ မဟုတ်လျှင် အခြားတစ်ဘက်သို့ ယိမ်းကြသည်။ အကယ်၍ ငါက ပို၍နူးညံ့၊ ညင်သာစွာပြောပါက သင်တို့သည် သင်တို့ကိုယ်သင်တို့ သိဖို့ ပျက်ကွက်ကြလိမ့်မည်။ သို့သော် အကယ်၍ ကျွန်ုပ်က ခက်ထန်လွန်း၊ ကြမ်းတမ်းလွန်းစွာ ပြောပါက သင်တို့သည် သင်တို့၏ခေါင်းများကို ငိုက်စိုက်ချလျက် အပျက်သဘောဆောင်လာကြကာ၊ သင်တို့ကိုယ်သင်တို့အပေါ်ပင်လျှင် အရှုံးပေးလက်လျှော့လိုက်ကြလိမ့်မည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ကြားရသောအခါ သူတို့သည် ချက်ချင်း ကြက်သေသေသွားကြပြီး သူတို့သည် သွားပြီ၊ သူတို့တွင် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်မရှိတော့ ဟူ၍ ယုံကြည်ကြသည်။ ဤလူများသည် အတိအကျပင် ကယ်တင်ဖို့ အခက်ခဲဆုံးသောလူများဖြစ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သာမန်ရိုးရိုးစကားကိုပင် နားမလည်ကြသောကြောင့်ဖြစ်သည်။ ယခုတွင် ဘုရားသခင်က လူများကို စကားပြော၍ ဖော်ထုတ်သောအခါ ၎င်းမှာ လူသား၏ဖောက်ပြန်ပျက်စီးသောသဘာဝ၏အရင်းအမြစ်ကို သူတို့ နားလည်အောင်လုပ်ဖို့နှင့် အဘယ်ကြောင့် လူသားသည် ဘုရားသခင်ကို ပုန်ကန်နိုင်ရသည်ကို နားလည်စေဖို့ဖြစ်သည်။ ဤအရာများကို ဖော်ထုတ်ခြင်းသည် လူများအတွက် ကောင်းကျိုးဖြစ်ထွန်းစေသည်။ အကယ်၍ ဤအရာများကို မဖော်ထုတ်ပါက သင်သည် ကောင်းကင်တမန်မင်းက သွေးနားထင်ရောက်နေသည်ဟု အမြဲ ပြောဆိုလျက် သို့မဟုတ် ဤလူက မာနထောင်လွှားသည်၊ ထိုလူက ပုန်ကန်လိုသည်ဟု ပြောဆိုလျက် သင့်ကိုယ်သင် ဘယ်တော့မှ မသိလိုက်ဘဲ၊ အဆုံးအထိ ယုံကြည်နေလိမ့်ဦးမည်။ သင့်ကိုယ်သင်နှင့်ပတ်သက်လျှင် အဘယ်သို့နည်း။ “ကျွန်ုပ်တို့သည် တကယ့်ကို ဘုရားသခင်အပေါ် ပုန်ကန်လိုကြသည်” ဟူ၍ အမြဲ ပြောသောလူများလည်း ရှိကြသည်။ သို့သော် သူတို့ပုန်ကန်လိုခြင်း၏အရင်းအမြစ်ကို မသိကြသေးဘဲ၊ ထိုအခြေအနေများ၏အနှစ်သာရကို ထိုးထွင်းသိမြင်ခြင်း သို့မဟုတ် နားလည်ခြင်းမရှိကြပေ။ ဆိုလိုသည်မှာ သူတို့သည် မပြောင်းလဲနိုင်ကြသည့်အပြင် ကယ်တင်၍ မရနိုင်ပေ။ သင်တို့သည် ဤစကားများကို နားလည်သဘောပေါက်နိုင်စွမ်းရှိကြသလော။ (ရှိပါသည်။)
ကျွန်ုပ် ယခုလေးတင် မိတ်သဟာယပြုခဲ့ပြီးသည့်အရာနှင့်ပတ်သက်၍ ပဓာနကျသည့်အပိုင်းနှစ်ပိုင်းရှိသည်။ တစ်ခုမှာ ဘုရားသခင်အပေါ် ယုံကြည်ရာတွင် လူတစ်ယောက်သည် ဖန်ဆင်းခံတစ်ဦး၏စံနှုန်းကို လုံးဝ ပြည့်မီစေလျက် အစစ်အမှန် ကျိုးနွံနာခံခြင်းကို ရရှိသင့်သည်။ နောက်တစ်ခုမှာ လူများအတွင်းတွင် ပုန်ကန်လိုခြင်းကို ဖော်ထုတ်ခြင်းနှင့် သူတို့၏သဘာဝကို ဖော်ထုတ်ခြင်းတို့က သူတို့ကိုယ်သူတို့ သိရစေသည်။ အကယ်၍ သူတို့ကို ဤကဲ့သို့ မဖော်ထုတ်ဘဲ သူတို့ကိုယ်သူတို့ သိအောင် မလုပ်ပါက ထိုအခါတွင် လူတိုင်းက သူတို့သည် ကောင်းပြီး အခြားလူများထက် သာကြောင်းကို ပြောကြလိမ့်မည်။ ဥပမာ “ကျွန်ုပ်သည်လည်း အလွန်နက်နက်ရှိုင်းရှိုင်းဖောက်ပြန်ပျက်စီးနေသည်” ဟူ၍ လူအချို့က ပြောကြသော်လည်း၊ သူတို့သည် အချိန်ကာလတစ်ခုကြာအောင် အခြားလူများနှင့် အပြန်အလှန်ပေါင်းဖော်ဆက်ဆံသောအခါ “ကျွန်ုပ်ဟာ ဘာမှ မကောင်းပါ၊ သင်သည်လည်း မထူးပေ၊ ထို့အပြင် တကယ်တမ်းတွင် ကျွန်ုပ်ထက် ပို၍ပင်ဆိုးသည်ဟု ကျွန်ုပ်မြင်သည်” ဟူ၍ တွေးလျက် သူတို့သည် အခြားလူများထက် သာနေသေးသည်ဟု ယုံကြည်ကြသည်။ သင်သည် အခြားလူများထက် ပိုသာသည်ဟု မထင်ပါနှင့်။ သင်သည် အခြားလူများထက် ပို၍သာသည်ဆိုသည်မှာ လုံးဝ လုံးဝ မဖြစ်နိုင်ပါ။ လူများ၏ပုန်ကန်လိုသောသဘာဝများသည် အားလုံး အတူတူချည်းပင်ဖြစ်သည်။ ဤသည်မှာ အားလုံး ရှင်းလင်းပါသလော။ ယခုတွင် ကျွန်ုပ်တို့သည် ဤအကြောင်းကို မိတ်သဟာယပြုခြင်း ပြီးဆုံးသည့်အခါတွင် သင်တို့အားလုံး မည်သို့ထင်ကြသနည်း။ “ဘုရားသခင်အပေါ် ကျွန်ုပ် ယုံကြည်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ထို့အပြင် ဘုရားသခင်ထံ ကျိုးနွံနာခံခဲ့သောတစ်ယောက်သည် ကျွန်ုပ်ပင် ဖြစ်ခဲ့သည်ဟု ကျွန်ုပ် ထင်ခဲ့သည်။ ယနေ့၊ ဘုရားသခင်သည် မိတ်သဟာယပြုခြင်းပြီးဆုံးသည့်အခါတွင် ဘုရားသခင်ထံ ကျွန်ုပ် အမှန်အကန် ကျိုးနွံနာခံခြင်း မရှိကြောင်းကို နောက်ဆုံးတော့ ကျွန်ုပ် သဘောပေါက်သွားသည်။ ထို့အပြင် ကျွန်ုပ်သည် သူ့ကို ဘုရားသခင်အဖြစ် မဆက်ဆံသေးပေ။ ဘုရားသခင်ထံ ကျိုးနွံနာခံဖို့ကိုပင်လျှင် ကျွန်ုပ် မလုပ်ဆောင်နိုင်ခဲ့ပါ။ ကျွန်ုပ်သည် လုံးဝကို အသိစိတ်ကင်းမဲ့ပြီး ကျွန်ုပ်၏ယုံကြည်ခြင်းသည် ရှုပ်ထွေးနေသည်” ဟူ၍ သင်တို့ တွေးနေကြသလော။ အကယ်၍ သင်တို့တွင် ဤကဲ့သို့သောအသိမျိုး အမှန်တကယ် ရှိနေပါက ထိုအခါ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဝင်ရောက်ပြီး သူ့ထံ ကျိုးနွံနာခံသောသူတစ်ယောက်ဖြစ်လာဖို့ သင့်အတွက် မျှော်လင့်ချက်ရှိပါသည်။ ထိုအခါမှသာ သင်သည် ကယ်တင်ခြင်းရရှိနိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။