သမ္မာတရားကို အားထုတ်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၏ အရေးပါပုံ (အပိုင်း နှစ်)
သင့်ကိုယ်သင် သိရှိရန် သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ထုတ်ဖော်ခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏သဘာဝ အနှစ်သာရတို့ကို သင် သိရမည်။ သင်သည် သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရှုထောင့်အမြင်များနှင့် သင်၏ သဘောထားကဲ့သို့သော သင်၏ နေ့စဉ်ဘဝတွင် ထုတ်ဖော်ပြသည့် အရာများကိုလည်း သင် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်၌ရှိသည်ဖြစ်စေ စုဝေးကြသည့်အခါများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက် နေသည့်အခါ သို့မဟုတ် သင် ကြုံရသည့် ကိစ္စရပ်တစ်ခု စီတိုင်းတွင် တကယ့်နောက်ဆုံး အသေးစိတ်အချက်အလက် အထိ သင် သိရှိရမည်။ ဤအချက်များမှတစ်ဆင့် သင့်ကိုယ်သင် သိရှိလာမည်။ သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းသော အဆင့်၌ သိရှိဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပေါင်းစပ်ရမည်မှာ မှန်သည်။ သူ၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်ပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံသောအခါ ဒုက္ခ၊ သို့မဟုတ် နာကျင်မှုကို မကြောက်နှင့်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော်များက သင်တို့၏ စိတ်နှလုံးကို ထိုးဖောက်ပြီး သင်တို့၏ အကျည်းတန်သော အခြေအနေများအား ဖော်ထုတ်မည်ကို မကြောက်နှင့်။ ဤအရာများကို ဒုက္ခခံရသည်မှာ အကျိုးရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် လူများကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များ၊ အထူးသဖြင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အခြေအနေနှင့် ပို၍ နှိုင်းယှဉ်ကြည့်သင့်ပြီး သင့်ကိုယ်သင်အပေါ်တွင် ပို၍ ဆက်စပ်သင့်ကာ အခြားလူများအပေါ်တွင် အသုံးချခြင်းကို လျှော့သင့်၏။ ဘုရားသခင် ဖော်ထုတ်သည့် အခြေအနေအမျိုးအစားများသည် လူတိုင်းတွင် တည်ရှိသည်။ အားလုံးကို သင့်ထံတွင် တွေ့ရှိနိုင်သည်။ ဤအရာကို သင်မယုံကြည်လျှင် တွေ့ကြုံခံစားဖို့ ကြိုးစားကြည့်လော့။ သင်တွေ့ကြုံခံစားလေလေ၊ သင့်ကိုယ်သင် သိလေလေဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များက အလွန်တိကျသည်ဟု ခံစားရလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုအဖို့ ဆက်စပ်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို ယေဇဗေလများနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင် ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့် ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော် ဖော်ထုတ်ချက်များသည် အလွန်ပြင်းထန်သည်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီဟုယုံကြည်ကြသောကြောင့် ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တိကျမှန်ကန်ခြင်းမရှိဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ ဤသည်မှာ သိသိသာသာပင် မှားယွင်းသည်။ လူအားလုံးသည် ၎င်းတို့၏ ပြင်ပအပြုအမူများပေါ် အခြေခံပြီး မိမိတို့ကိုယ်ကို ရှုမြင်ကြ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအတွင်းမှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိမြင်လာဖို့ မတတ်နိုင်ကြပေ။ ဤတွင် “ယေဇဗေလ” နှင့် “ပြည့်တန်ဆာများ” သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းခြင်း၊ လူတကာနှင့်လိင်ဆက်ဆံခြင်း အနှစ်သာရကို ရည်ညွှန်းသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော အတွေးများရှိကြ၏။ သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင်ပြောဆိုသမျှသည် သမ္မာတရားဖြစ်သည်၊ အမှန်တရားများနှင့် ကိုက်ညီသည်၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်ပါစေ၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုသည့်၊ လူတို့ကို တိုက်တွန်းသည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှသိမ်မွေ့ပါစေ၊ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်းဖြစ်စေ၊ ကောင်းချီးများဖြစ်စေ၊ ရှုတ်ချခြင်းဖြစ်စေ၊ ကျိန်ဆဲခြင်းဖြစ်စေ ပြီးလျှင် ၎င်းတို့က လူများကို ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ လူတို့က ထိုနှုတ်ကပတ်တော်များကို လက်ခံရမည်ကို ငါတို့ ဦးစွာပထမ သဘောပေါက်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ ရိုသေကိုင်းရှိုင်းသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်သည် အတော်အတန် စိတ်ရှုပ်ထွေးနေသည်။ သင့်ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ လူတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် လူတို့သည် ၎င်းတို့ကို အသိစိတ်ဖြင့် လက်ခံသင့်သည်။ လူတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်က သင်တို့ထဲမှ တစ်ယောက်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ မဖော်ထုတ်လျှင် မည်သူကို ဖော်ထုတ်သနည်း။ သင့်ကို ဖော်ထုတ်ရန်မဟုတ်လျှင် ထိုနှုတ်ကပတ်တော်ကို လက်ခံရန် အဘယ်ကြောင့် သင့်ကို တောင်းဆိုသနည်း။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲနေခြင်း မဟုတ်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို စကားပြောသည်။ ဘုရားသခင်က မိန့်မြွက်သော စာကြောင်းတိုင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဖော်ထုတ်သည်။ မည်သူကမျှ လွတ်ငြိမ်းခွင့်မရပေ။ ဤအတွက်ကြောင့် သင်လည်း အလိုအလျောက်ပါဝင်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ စာကြောင်းတစ်ကြောင်းကမျှ ပြင်ပစည်းမျဉ်းစည်းကမ်းတစ်ခုအကြောင်း၊ သို့မဟုတ် လူတို့တွင်ရှိသည့် ရိုးရှင်းသော အပြုအမူပုံစံတစ်ခုအကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ ပြင်ပအသွင်အပြင်များ၊ သို့မဟုတ် အခြေအနေအမျိုးအစားတစ်ခု အကြောင်းပင် မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုကိုသာ ဖော်ထုတ်ချက်အဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် ထင်မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လေးနက်မှုကို လူတို့ခံစား၍ ရနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သို့လေးနက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့ကို ဖော်ထုတ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။ လူတို့ကို ၎င်းတို့၏ အပြင်ပန်း သွင်ပြင်များမှ ရှုမြင်သည့်အခါ၊ ၎င်းတို့အားလုံး သည် လူကောင်းများဖြစ်သည်ဟု ထင်ရသည်။ သို့ဆိုလျှင် လူအချို့သည် ဆိုးညစ်သော ဝိညာဉ်ဆိုးများဖြစ်ပြီး အချို့မှာ ညစ်ညူးသော ဝိညာဉ်များဖြစ်သည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောပါသနည်း။ ဤသည်မှာ သင်အဖို့ မြင်သာသော ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် လူသား အယူအဆများ၊ စိတ်ကူးများအရ သို့မဟုတ် လူသား တစ်ဆင့်စကားအရ၊ ဧကန်မုချ အာဏာရ ပါတီ၏ ထုတ်ပြန်ချက်များအရ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောမထားရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတည်းသာ သမ္မာတရားဖြစ်သည်။ လူသား၏ စကားများသည် အတွေးမှားခြင်းသာ ဖြစ်သည်။ ထိုသို့ မိတ်သဟာယပြုခံရပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်တို့၏ သဘောထား၌ ပြောင်းလဲမှုတစ်ခုကို သင်တို့ တွေ့ကြုံပြီးပြီလော။ အပြောင်းအလဲက မည်မျှ ကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် သင်တို့ ဖတ်ရှုသည့်အခါတွင် သင်သည် အနည်းဆုံး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ မကြိုးစားသင့်ပေ။ သင်က၊ “လူများအပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖော်ထုတ်ချက်များသည် တကယ်ကိုပြင်းထန်သည်။ ဤကျမ်းပိုဒ်ကို ငါ ဖတ်မည်မဟုတ်။ ယင်းကို ကျော်သာကျော်လိုက်မည်။ ကိုယ်စိတ်ချမ်းသာမှုအချို့ တွေ့ရှိဖို့ ဖတ်ရှုရန် ကောင်းချီးမင်္ဂလာများနှင့် ကတိတော်များနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ရှာပါရစေ” ဟုပြောဆိုပြီး ဘုရားသခင်အကြောင်း ညည်းညူခြင်းကို ရပ်တန့်သင့်သည်။ ဘုရားနှုတ်ကပတ်တော်ကို သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများအတိုင်း စိတ်ကြိုက်ရွေး၍ မဖတ်သင့်တော့ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံရမည်။ ထိုအခါမှသာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းကို ခံရနိုင်သည်။ ပြီးလျှင် ထိုအခါမှသာ ကယ်တင်ခြင်းကို သင်ရရှိနိုင်သည်။
ဘုရားနှုတ်ကပတ်တော်များအားလုံးက သမ္မာတရားဖြစ်သည်ကို သင်တို့ ယခု သိရှိကြပြီး သမ္မာတရား လိုက်စားရန် လိုလားနေကြသော်လည်း ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်ရာတွင် သင်တို့၌ သင်တို့ကိုယ်ပိုင် နှစ်သက်မှုများနှင့် ရွေးချယ်မှုများ ရှိနေကြဆဲဖြစ်ကာ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း သင် ပြုမူဆောင်ရွက်လိမ့်ဦးမည် ဖြစ်သည်။ သင်တို့သည် ကတိတော်၊ ကောင်းချီးနှင့်ဆိုင်သော ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် အလိုလားဆုံးဖြစ်ပြီး ဘုရားသခင်၏ ကတိတော်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကို သင် အထူးသဖြင့် မှတ်မိလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ဖတ်ရသည်ကို သင် ကိုယ်စိတ်ချမ်းသာခံစားရလိမ့်မည် သို့မဟုတ် မျှော်လင့်ချက် အနည်းငယ် သင် ခံစားရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရန် ခွန်အားနှင့် စိတ်လှုံ့ဆော်မှု ရှိသေးသည်ကို တွေ့ရလိမ့်မည်။ သို့ရာတွင် သင်သည် လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လိုလားနေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အကြင်သူက လူတို့ကို ဖော်ထုတ်ပြီး တရားစီရင်ကာ ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များကို အမြဲ ဖတ်ရှုလျှင် စိတ်ဓာတ်ကျကာ ဘုရားသခင်ကို ယုံကြည်ရန် ခွန်အားလျော့သွားလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အကြင်သူသည် အဘယ်သို့ ရှေ့ဆက်နိုင်မည်နည်း။ ယနေ့ခေတ်တွင် နက်နဲမှုများကို ဖွင့်ဟသည့် ဘုရားနှုတ်ကပတ်တော်များကို လူအများစုက နားမလည်နိုင်ကြပေ။ ထိုနှုတ်ကပတ်တော်များက အလွန်နက်နဲကြောင်းနှင့် ကောင်းချီးနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကို ၎င်းတို့ အလှမ်းမမီကြောင်း ခံစားကြသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ထိုအရာများထဲမှ အချို့ကို ၎င်းတို့ နားလည်နိုင်ပြီး ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်တိုင်နှင့် ဆက်စပ်နိုင်ကြကာ ထိုနှုတ်ကပတ်တော်များက အမှန်တရားများ ဖြစ်သည်ကို ၎င်းတို့၏ စိတ်နှလုံးများတွင် ဝန်ခံနိုင်ကြလျှင်ပင် ထိုနှုတ်ကပတ်တော်များကို လက်ခံရန် မလိုမလား ရှိနေကြဆဲဖြစ်သည်။ လူတို့ အဘယ်မျှ ဒုက္ခပေးတတ်သည်ကို သင် မြင်ပြီလော။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ သိကြသော်လည်း ထိုအရာကို လက်ခံရန် မလိုမလား ရှိနေကြဆဲဖြစ်သည်။ ကောင်းချီးများကို ၎င်းတို့ ရရှိလိုကြသော်လည်း ထိုကောင်းချီးများကို မရရှိနိုင်ကြသေးပေ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်ကို အကြင်သူက မည်သို့ မှန်ကန်စွာ စားသောက်သင့်သနည်း။ ဦးစွာပထမ နက်နဲမှုများကို ဖွင့်ဟသည့် ဘုရားနှုတ်ကပတ်တော်များကို ပိုမို ဖတ်ရှုသင့်သည်။ ထိုသို့သော နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ဘုရားသခင်က တတိယကောင်းကင်တွင်ရှိပြီး မြင့်မြတ်ကြောင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ကြောင်းတို့ကို အကြင်သူက ခံစားရသည်။ ထို့နောက် ၎င်းတို့က “အို ဘုရားသခင်၊ ကိုယ်တော်သည် အလွန် ကြီးမြတ်ပါ၏။ ကိုယ်တော်သည် အကြီးမြတ်ဆုံးဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး ကျွန်ုပ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်ပါသည်။ ကျွန်ုပ်အနီးအနားတွင် ဖြစ်ပျက်ရန် ကိုယ်တော် စီစဉ်သည့်အရာအားလုံးကို ကျိုးနွံနာခံရန် ကျွန်ုပ် လိုလားနေပါသည်”ဟု ဆုတောင်းကြသည်။ ဤသို့ ဆုတောင်းရင်း လူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့စိတ်အချို့ ရှိကြလိမ့်မည်။ လူတို့သည် မြင့်မားသည့် ဘုရားသခင်ကို ယုံကြည်ရန် လိုလားနေကြသောကြောင့် ဘုရားနှုတ်ကပတ်တော်များကို မစားသောက်မီတွင် ပထမဆုံးအဆင့်မှာ ဘုရားသခင်က လူတို့ကို ကောင်းကင်မှ စကားပြောနေကြောင်း သေချာစေရန်ဖြစ်ပြီး လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လိုလားနေလိမ့်မည်ဖြစ်ကာ အယူအဆများ ရှိတတ်ခြင်းက နည်းသွားလိမ့်မည်ဖြစ်သည်။ ဒုတိယခြေလှမ်းမှာ စားသောက်ရန် ဘုရားသခင်၏ ကတိတော်များ၊ ကောင်းချီးများနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အချို့ကို ရှာဖွေရန်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက လူကို ကောင်းချီးပေးခြင်းအား တွေ့မြင်သည့်အခါ လူတို့သည် အလွန် စိတ်လှုပ်ရှားလာကြသည်မှာ “အို ဘုရားသခင်၊ ကိုယ်တော် အလွန် ချစ်ဖွယ်ပါတကား။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကိုးကွယ်မှုနှင့် အလွန် ထိုက်တန်ပါသည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော်၌ရှိသည့် ကောင်းချီးများကို လက်ခံရန် ကျွန်ုပ်တို့ လိုလားနေပြီး ကျွန်ုပ်တို့ကို ကိုယ်တော် ပေးပြီးသည့် ကတိတော်များကို လက်ခံရန် သာ၍ပင် လိုလားနေကြပါသည်။ ကျွန်ုပ်တို့ ယခု ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး မကြီးထွားသေးခြင်းသာဖြစ်သည်။ ကိုယ်တော်၏ ကတိတော်များနှင့် ကောင်းချီးများကို ရရှိရန် အရည်အချင်းများ ကင်းမဲ့ကြပြီး ကျွန်ုပ်တို့ကို သာ၍ ထောက်ပံ့ပေးဖို့ တောင်းလျှောက်အသနားခံပါ၏”ဟု ဆိုလျက် စတင် ငိုကြွေးကြသည်။ ဘုရားသခင်၏ ကောင်းချီးများနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကို ဖတ်ခြင်းက ကောင်းလိုက်လေခြင်းပါတကား။ ထို့နောက် ၎င်းတို့က “သို့ဆိုလျှင် မည်သည့် ကောင်းချီးမျိုးများ ရှိသနည်း။ အချိန်ကျလာသည့်အခါ မည်သည့် ကပ်ဘေးမျှ လူသားအပေါ် ကျရောက်လိမ့်မည်မဟုတ်ကြောင်း၊ လူသည် တစ်နေ့ အစာသုံးနပ်စားခြင်း၊ အဝတ်လျှော်ခြင်း၊ သန့်ရှင်းရေး လုပ်ခြင်းတို့နှင့်ဆိုင်သော အနှောင့်အယှက်များမှ ကင်းလွတ်လိမ့်မည်။ ဤကဲ့သို့သော ကတိများကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည်”ဟု တွေးဆကြသည်။ အကြင်သူက ဖတ်ရှုလေ၊ စိတ်လှုပ်ရှားလေဖြစ်သည်။ သို့သော် သင့်အနေဖြင့် မည်မျှ စိတ်ထက်သန်သည်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားရန် မမေ့နှင့်။ တတိယအဆင့်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် ဖြစ်သည်။ ဤအရာနှင့် ပတ်သက်လာသည့်အခါ အကြိမ်တိုင်းတွင် များစွာ စားသောက်ရန် မလိုအပ်ပေ။ တစ်ကြိမ်တွင် တစ်ခု သို့မဟုတ် နှစ်ခု စားသောက်ခြင်းက လုံလောက်သည်။ စားသောက်ပြီးနောက်တွင် သင် နားမလည်သည့်အရာများ၊ သင်နှင့် ဆက်စပ်မရနိုင်သည့် အရာများကို ဘေးဖယ်ထားပြီး သင်နှင့် ဆက်စပ်၍ရသည့်အရာများကို သေချာစွာ တွေးဆလော့။ ပြီးလျှင် သင်၏ အခြေအနေကို သင် တဖြည်းဖြည်း သိရှိလာလိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် အမှန်တကယ် သဘောပေါက်ပြီး ပိုများသည်ထက်များသည့် သမ္မာတရားများကို နားလည်ပြီးဖြစ်သည့်အခါ သင်၏ ကိုယ်ပိုင် သဘာဝ အနှစ်သာရကို မရည်ရွယ်ဘဲ ရိပ်စားမိနိုင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ ကောင်းသည်ဟု သင်တို့ တွေးထင်ကြသလော။ (ကောင်းပါသည်။) ထိုအရာက ကလေးတစ်ဦးကို ဆေးသောက်ခိုင်းသည့်အခါနှင့် တူသည်။ အရင်ဆုံး သင့်အနေဖြင့် သူ့ကို ချော့ရန် အရသာရှိသည့်အရာတစ်ခုခုကို ပေးသည်။ ထို့နောက် သူ အာရုံစိုက်မနေချိန်တွင် ဆေးတစ်ငုံစာကို သူ့အား သင် တိုက်လိုက်လေသည်။ ခါးသည်ကို သူ သိလျှင် သူ့ကို ချော့ဖို့ သကြားလုံးနှစ်လုံး သင် ထပ်ပေးလိုက်ပြီး သူ၏ ဆေးကို သူ သောက်လိမ့်မည်ဖြစ်သည်။ သို့သော် သူ ကြီးပြင်းလာသည့်အခါ ဤသည်မှာ မလိုအပ်တော့ပေ။ သူသည် ဆေးကို မည်မျှခါးကြောင်း အပြည့်အဝ သိရှိလျက် မိမိဆန္ဒအလျောက် သောက်လေသည်။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှုနှင့် သက်ဆိုင်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သည့်အပြင် ဘုရားနှုတ်ကပတ်တော်များရှိ လူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ဖော်ထုတ်ပြီး သမ္မာတရားနှင့် ဆက်စပ်သည့် ထိုစကားများကို သင့်အား ရှာဖွေခိုင်းပြီး ယင်းတို့နှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ချိန်ဆကြည့်ရန် စေခိုင်းခြင်းခံရလျှင်၊ တစ်နေ့လုံး ဤနှုတ်ကပတ်တော်များကို သင့်အား စားသောက်ခိုင်းလျှင် နောက်ဆုံးတွင် သင် ငြီးငွေ့လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင်၏ အတွေ့အကြုံတွင် ထိုအရာများ အကျုံးဝင်ခြင်း မရှိသကဲ့သို့ ထိုအရာကို မမီသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအရာ၏ အလယ်တွင် အပေါ်ယံရွှေမှုန်ကြဲခြင်းနှင့် ဆင်တူသည့် အရာတစ်ခုခုကို သင် ဖြည့်စွက်ရမည်ဖြစ်ကာ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည့်သူများက ဘုရားနှုတ်ကပတ်တော်များကို ဤနည်းအားဖြင့် စားသောက်သင့်သည်။ သင်သည် မကြာခဏ အားနည်းပြီး အပျက်သဘောဆောင်ကာ စစ်မှန်သည့် ယုံကြည်ခြင်း သို့မဟုတ် မျှော်လင့်ခြင်းမရှိလျှင် ဘုရားသခင်၏ ကောင်းချီးများ၊ ကတိတော်များနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်အချို့ကို အမြန် စားသောက်သင့်ပြီး နက်နဲမှုများကို ဘုရားသခင် ဖွင့်ဟသည့် နှုတ်ကပတ်တော်များကို စားသောက်ရန် ရှာဖွေသင့်သည်။ သင်၏ ခွန်အား တိုးပွားနေပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး သာ၍ ရင်းနှီးလာသည်ကို သင် ခံစားရလျှင် သင့်အနေဖြင့် မိုးရွာတုန်း ရေခံသင့်ပြီး ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းတို့နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များကို စားသောက်ရန် ရှာသင့်သည်။ ပြီးလျှင် ဤနည်းအားဖြင့် စားသောက်ခြင်းက သာ၍ လွယ်ကူစွာ အကျိုးသက်ရောက်လိမ့်မည်ဖြစ်ပြီး အသက်တာ၏ ကြီးထွားမှုကို သင် နှောင့်နှေးစေလိမ့်မည် မဟုတ်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လျှင် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်အခါ ကောင်းမွန်သည့် စိတ်အခြေအနေတွင် မိမိကိုယ်ကို ထားရှိရန်နှင့် လျင်မြန်စွာ ကြီးထွားရန် စားသောက်ခြင်း၊ သင် အလှမ်းမီနိုင်သည့်အတွင်းတွင် ရှိသောအရာကို စားသောက်ခြင်းနှင့် မရှိသည့်အရာကို ဘေးဖယ်ထားခြင်းအပြင် စားသောက်ခြင်းမှ သင် နားလည်ပြီးဖြစ်သည့်အရာကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရန် ကြိုးစားခြင်းတည်းဟူသော ပြင်ဆင်ချက်များ မည်သို့ ပြုလုပ်ရမည်ကို သင် သိရှိရမည်။ သင် နားလည်သည့် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ကို သင် သိရှိသရွေ့ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းထဲသို့ သင် ဝင်ရောက်နိုင်လိမ့်မည်။
တစ်စုံတစ်ဦးက ဤကဲ့သို့သော တစ်စုံတစ်ရာ ပြောဆိုသည်ကို ငါ ပြန်အမှတ်ရမိသည်။ ဘုရားသခင်က ကမ္ဘာမြေကို စွန့်ခွာမည့်အချိန်ကို လေ့လာရန် အလွန်အားထုတ်ခဲ့သည့် လူတစ်ဦးရှိသည်။ ဤကြီးမားသည့် အားထုတ်မှုက ထိုအကြောင်းကို နေ့ရောညပါ စဉ်းစားခြင်းမဟုတ်။ ထို့ထက်၊ ထိုအရာမှာ ဘုရားသခင်ကို သူ စတင်ယုံကြည်သည့်အချိန်မှစ၍ သူ ပူပန်သည့် ကိစ္စတစ်ခု ဖြစ်သည်။ မှန်ကန်တိကျသည့် အဖြေတစ်ခု ရှာတွေ့ရန်အလို့ငှာ ဘုရားသခင်က ကမ္ဘာမြေကို မည်သည့်အချိန်တွင် စွန့်ခွာမည်၊ မည်သည့် နိမိတ်များရှိမည်ဆိုသည်နှင့် အသင်းတော်ရှိ လူတို့က မည်သို့ တုံ့ပြန်မည်ဟူသကဲ့သို့သော ဘုရားသခင်၏ ထွက်ခွာခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များအားလုံးကို သူ စုစည်းခဲ့သည်။ ထို့နောက် သမ္မာကျမ်းစာ ကျမ်းကိုးတစ်အုပ်မှ အကြံဉာဏ်ရယူသည့်အလား ပြည့်စုံသော စိစစ်မှုကို ပြုလုပ်ရင်းနှင့် တစ်ခုပြီးတစ်ခု၊ အပြန်ပြန်အလှန်လှန် နှိုင်းယှဉ်ကြည့်ရင်း ထိုအရာများကို အလွန်အားမာန်တက်ကြွစွာဖြင့် တစ်စိမ့်စိမ့် ချင့်ချိန်လေသည်။ ဤသည်မှာ ကြီးမားသည့် အားထုတ်မှုတစ်ခု မဟုတ်ခဲ့သလော။ ဤလူသည် ဘုရားသခင်ကို အလွန်တရာ အရေးစိုက်ပြီး ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ကြီးမားလိုက်လေခြင်းပါတကား။ ကမ္ဘာမြေမှ ဘုရားသခင်၏ ထွက်ခွာခြင်းသည် ဘုရားသခင်၏ အမှုတော်တွင် အလွန်အရေးပါသည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ထိုအရာကို သူ သိရှိသည့်အခါ အရေးအကြီးဆုံးသောအရာအဖြစ် သဘောထားလေသည်။ ကယ်တင်ခြင်း ရရှိရန် သူ၏ သမ္မာတရား လိုက်စားခြင်းထက် သာ၍ အရေးကြီးပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားနှင့်ဆိုင်သော အရာတစ်ခုတလေကို ရှာဖွေခြင်းထက် သာ၍ အရေးကြီးလေသည်။ ထို့ကြောင့် သူသည် ထိုနှုတ်ကပတ်တော်များအားလုံးကို အတူတကွ စုစည်းပြီး နောက်ဆုံးတွင် “အဖြေ”ကို ရှာတွေ့သွားခဲ့သည်။ သူ၏ ရှာဖွေမှု ရလဒ်များ၏ တိကျမှန်ကန်မှုကို ဘေးဖယ်ထားလျက် ဘုရားသခင်၌ ယုံကြည်ခြင်း လိုက်စားမှု၊ ထိုယုံကြည်ခြင်းကို သူ လိုက်စားပုံတို့နှင့်ပတ်သက်၍ ဤလူစားမျိုး၏ အမြင်များကို သင်တို့ မည်သို့ တွေးထင်ပါသနည်း။ သူ ထားရှိသည့် အားထုတ်မှုသည် လိုအပ်သလော။ ထိုသို့သော ကြိုးစားလုပ်ဆောင်မှုကို အားထုတ်ခြင်းက အဓိပ္ပာယ်မရှိပေ။ ကမ္ဘာမြေမှ ဘုရားသခင်၏ ထွက်ခွာမှုသည် သင်နှင့် အဘယ်ပတ်သက်မှု ရှိပါသနည်း။ ဘုရားသခင်သည် သူ၏ ကြွလာခြင်းကို သင့်အား အကြောင်းမကြားခဲ့သောကြောင့် သူ ထွက်သွားမည့်အချိန်ကိုလည်း သင့်ကို သိခွင့်ပေးမည်မဟုတ်ပေ။ လူတို့ကို ဘုရားသခင် သိခွင့်မပေးသည့် အရာများစွာရှိပြီး ထိုအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ လူတို့အတွက် သိရှိရန် မလိုအပ်သကဲ့သို့ ၎င်းတို့ သိရှိလျှင် ၎င်းတို့အတွက် ထိုအရာက အကျိုးရှိမည်မဟုတ်ဘဲ ၎င်းတို့၏ အနာဂတ် ခရီးပန်းတိုင်များတွင် မည်သည့် ကဏ္ဍတွင်မျှ ထိုအရာက ပါဝင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူတို့အတွက် သိရှိရန် မလိုအပ်ပေ။ ယခု ဘုရားသခင်က လူ့ဇာတိခံယူပြီးဖြစ်သဖြင့် သူသည် သမ္မာတရားနှင့် အရာခပ်သိမ်းတို့၏ နက်နဲမှုများနှင့် သွင်ပြင်လက္ခဏာများအားလုံးကို သိရှိပြီး လူတို့ကို သူ ပြောပြနိုင်သော်လည်း၊ လူတို့ သိရှိရန် မလိုအပ်သကဲ့သို့ ၎င်းတို့ကို ပြောပြရန် တစ်ခုတလေမျှ မလိုအပ်သည့် အရာအချို့ ရှိသည်။ ဘုရားသခင်က ကမ္ဘာမြေမှ ထွက်ခွာသည့်အခါ၊ ပြီးလျှင် သူ၏ အမှုတော်ကို သူ အဆုံးသတ်သည့်အခါ ဤအရာများသည် လူသားအပေါ် ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ အကြင်သူက ဘာဆိုဘာမျှ မဆက်စပ်ပါဟု ပြောနိုင်သည်။ လူအချို့က “အဘယ်သို့ အရေးမကြီးရလေသနည်း။ သမ္မာတရားကို လိုက်စားရန် ကျွန်ုပ်အတွက် အလွန်နောက်ကျသွားလျှင် ကျွန်ုပ် အဘယ်အရာ လုပ်ဆောင်မည်နည်း။ ဘုရားသခင်၏ နေ့ရက်ကာလထဲမှ အချိန်မည်မျှ ကျန်သည်ကို ကျွန်ုပ် ကြည့်ရမည်ဖြစ်ပြီး ထိုအချိန်ကို သမ္မာတရားကို ကျွန်ုပ် မလိုက်စားမီတွင် ကျွန်ုပ် သေချာသိအောင်လုပ်ရမည်”ဟု ပြောဆိုကြသည်။ ထိုသို့သော လူတစ်ဦးသည် မိုက်မဲသလော။ ၎င်းသည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်သလော။ လုံးဝ မဟုတ်။ လူတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် လိုက်စားလျှင် ဤအကြောင်းကို ၎င်းတို့ ဂရုစိုက်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤအရာများကို စိတ်ဝင်စားရန် ဆန္ဒရှိကြလိမ့်မည် မဟုတ်ပေ။ ဤအရာများကို အရေးစိုက်ခြင်းသည် သမ္မာတရား လိုက်စားရာတွင် အထောက်အကူမဖြစ်သကဲ့သို့ မည်သည့် အရေးပါမှုမျှ မရှိကြောင်း ၎င်းတို့ တွေးထင်ကြသောကြောင့် ဤငြီးငွေ့ဖွယ် အကြောင်းအရာများကို ၎င်းတို့ မတွေးချင်ကြသည့်အပြင် အားထုတ်ရန် လိုလားခြင်း မရှိကြပေ။ လူအချို့သည် ဘုရားသခင်၏ နေ့ရက်က မည်သည့်အချိန်တွင် ရောက်လာလိမ့်မည့်အကြောင်းကို အစဉ်သဖြင့် ပူပန်ကြသော်လည်း ဤသည်မှာ ကိုယ်ရေးကိုယ်တာ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ နေ့ရက် မည်သည့်အချိန်တွင် ရောက်ရှိမည်ဆိုသည့်အပေါ် အဆက်မပြတ် သင်၏ ပူပန်ခြင်းသည် ဘုရားသခင်ကို သင် ချစ်ကြောင်း သက်သေပြသလော။ သင်သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော လူတစ်ဦးဖြစ်ကြောင်း ထိုအရာက သက်သေပြသလော။ ဘုရားသခင်အတွက် သင် သက်သေခံကြောင်း သက်သေပြနိုင်သလော။ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား တိုးချဲ့ခြင်းအတွက် သင် ပံ့ပိုးပြီးဖြစ်ကြောင်းကို ထိုအရာက သက်သေပြနိုင်သလော။ ကောင်းသော လုပ်ဆောင်ချက်များကို သင်၏ ပြင်ဆင်ခြင်းက အခြေအနေအဘယ်သို့ရှိသနည်း။ သမ္မာတရား မည်မျှကို သင် နားလည်ပြီးပြီနည်း။ မည်သည့် သမ္မာတရား စစ်မှန်မှုများထဲသို့ သင် ဝင်ရောက်ပြီးပြီနည်း။ ဤသည်တို့မှာ သင် အပူပန်သင့်ဆုံးသောအရာများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတင်းကို အမြဲမေးမြန်းနေသည်၊ အတင်းအဖျင်း အနည်းငယ်ကို အမြဲ သိချင်နေသည်၊ နက်နဲမှု အနည်းငယ်ကို အမြဲ သဘောပေါက်ချင်နေသည်။ သို့ရာတွင် ဤသည်မှာ စူးစမ်းချင်စိတ်ပြင်းပြသော စိတ်နှလုံးတစ်ခုသာဖြစ်ပြီး သမ္မာတရားကို လိုက်စားသည့် စိတ်နှလုံး သို့မဟုတ် ဘုရားသခင်ကို အလေးထားသော စိတ်နှလုံးတစ်ခု မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု သာ၍ မဟုတ်ပေ။ နက်နဲမှုများကို သိနားလည်ခြင်းအား သင်၏ လိုက်စားမှုသည် သမ္မာတရား လိုက်စားမှုနှင့် အနည်းငယ်မျှ ဆက်စပ်ခြင်းမရှိပေ။ ဤလူစားမျိုးများကို မည်သို့ သဘောထားသင့်သနည်း။ ၎င်းတို့ကို သင် လေးစားသလော။ ၎င်းတို့ကို သင် အားကျသလော။ ၎င်းတို့ကို သင် မနာလိုဖြစ်သလော။ ထိုသို့သော နက်နဲမှုများကို ၎င်းတို့အား သင် ကူရှာပေးမည်လော။ ကူရှာပေးမည်မဟုတ် “ကျွန်ုပ်တို့သည် သမ္မာတရားကို လိုက်စားရာတွင် မိမိတို့ကိုယ်ကို သိကျွမ်းရာတွင်၊ ဘုရားသခင်ကို သိကျွမ်းရာတွင် မတော်ကြသေးပါ။ မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ စွမ်းဆောင်ရရှိခြင်း မရှိသေးပါ။ ရှာရမည့်၊ နားလည်ရမည့်၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ရမည့် သွင်ပြင်လက္ခဏာတိုင်းနှင့်ဆိုင်သော သမ္မာတရားများက စောင့်ဆိုင်းနေသည်။ ထို့ကြောင့် ထိုသို့သော နက်နဲမှုများကို လေ့လာရန် ကျွန်ုပ်တို့အတွက် အားထုတ်ဖို့ မလိုအပ်ပါ”ဟု ဆိုလျက် ၎င်းတို့ကို သင် သေချာပေါက် အထင်သေးပေမည်။ အမှန်တွင် သင်သည် သင်၏ စိတ်နှလုံးတွင် ဘုရားသခင် ရှိပြီး သမ္မာတရားကို လိုက်စားလိုသည့် ဆန္ဒရှိသရွေ့ အချိန်ကျလာသည့်အခါ ဘုရားသခင်သည် သင့်ကို မသိနားလည်မှုဖြင့် ချန်ထားရစ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို စွန့်ပစ်လိမ့်မည် မဟုတ်။ ဤသည်မှာ သင် ရှိသင့်သည့် ယုံကြည်ခြင်းနှင့် သိနားလည်ခြင်းဖြစ်သည်။ သင့်ထံတွင် ဤယုံကြည်ခြင်းနှင့် သိနားလည်ခြင်းတို့ရှိလျှင် မိုက်မဲသည့်အရာ မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ ဘုရားသခင်က သင့်ကို ပြောပြရန် ရည်ရွယ်ခဲ့လျှင် ထိုအရာကို သူက တိုက်ရိုက်မပြောဘဲနေမည်လော။ ဝေ့လည်ကြောင်ပတ်လုပ်ရန် တစ်ခုတလေ လိုအပ်မည်လော။ စကားလုံးများကို စကားဝှက်လုပ်ရန် တစ်ခုတလေ လိုအပ်မည်လော။ သိုသိပ်ရန် လိုအပ်မှုတစ်ခုတလေ ရှိမည်လော။ လုံးဝ မရှိပေ။ လူတို့အား သိခွင့်ပေးရန် ဘုရားသခင် ရည်ရွယ်သည့်အရာမှာ သမ္မာတရားဖြစ်သည်။ သူ၏ အမှုတော်၊ စကားများနှင့် ရည်ရွယ်ချက်များက ဖော်ပြသည့်အရာတိုင်းသည် သမ္မာတရားဖြစ်ပြီး ထိုအရာများကို လူတို့ထံမှ သူ လုံးဝ ကွယ်ဝှက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က လူတို့ကို မသိစေချင်သည့်အရာများအကြောင်းကို မေးမြန်းရန် သင့်အတွက် မလိုအပ်သကဲ့သို့ ထိုအရာများကို အချိန်ယူ စဉ်းစားရန်လည်း မလိုအပ်ပေ။ အကြောင်းမှာ ထိုအရာများထဲသို့ သင် ထားရှိသည့် အားထုတ်မှုပမာဏသည် အချည်းနှီးဖြစ်လိမ့်မည်ဖြစ်ပြီး လုံးဝ တန်ဖိုးရှိလိမ့်မည် မဟုတ်ဘဲ ဘုရားသခင်အတွက် စက်ဆုပ်စရာ ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ဖြစ်၏။ အဘယ်ကြောင့် ဘုရားသခင်အတွက် စက်ဆုပ်စရာဖြစ်လိမ့်မည်နည်း။ ဦးစွာပထမ ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်ကြောင်းနှင့် သမ္မာတရားများကို နေရာအားလုံးတွင် ဖော်ပြထားကြောင်းကို သင် နားလည်ရမည်။ သင့်ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ ကိုယ်ပိုင် စစ်မှန်သော ပြဿနာများကို ပြုပြင်ရန် သမ္မာတရားကို သင် မရှာဖွေလျှင် သင်သည် သမ္မာတရားကို ချစ်သောသူ မဟုတ်။ သင်သည် အလွန်အကျွံ သိချင်စိတ်ပြင်းပြသော လူတစ်ဦး၊ ချစ်တီးခေါင်း သန်းရှာလုပ်ချင်သော လူတစ်ဦး၊ ဘုရားနှုတ်ကပတ်တော်များကို သင့်တင့်လျောက်ပတ်သည့် လေးစားမှုနှင့်မဟုတ်ဘဲ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့် အမြဲ သဘောထားသော လူတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏ စိတ်နှလုံးတွင် နေရာမရှိ။ သင်၏ စိတ်နှလုံးတွင် ရှိသမျှမှာ ဘုရားသခင် နေထိုင်သည့်နေရာ၊ တတိယကောင်းကင်က မည်သည့်အရာနှင့်တူပြီး မည်သည့်နေရာတွင် ထိုအရာက အမှန်တကယ် ရှိသည်၊ အနာဂတ်နိုင်ငံတော်က မည်သည့်အရာနှင့်တူလိမ့်မည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက ကမ္ဘာမြေကို စွန့်ခွာလိမ့်မည်ဆိုသကဲ့သို့သော သင့်ကို ဘုရားသခင် မသိစေချင်သည့်အရာအနည်းငယ် ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို စက်ဆုပ်သည်ဟု ငါပြော၏။ သင့်ကို စက်ဆုပ်ရန် ဘုရားသခင်အတွက် အကြောင်းပြချက်တစ်ခုခု ရှိသလော။ (ရှိပါသည်။) သင်၏ သားသမီးများက တစ်နေ့လုံး စာမလေ့လာသကဲ့သို့ ၎င်းတို့ လုပ်ရမည့် အိမ်စာများ လုပ်ရမည့်အစား “ငါ၏ ဖခင်နှင့် မိခင်တို့က အဘယ်သို့ ဆုံခဲ့ကြသနည်း။ သူတို့က ငါ့ကို အဘယ်သို့ မွေးဖွားခဲ့ကြသနည်း။ ငါ မွေးပြီးသည့်နောက်တွင် သူတို့ ငါ့ကို နှစ်သက်ခဲ့ကြသလော။ ငါ၏ မိသားစုသည် အနာဂတ်တွင် မည်သို့ တွေ့ကြုံရလိမ့်မည်နည်း။ ဥစ္စာဓနငါတို့ ရှာနိုင်ကြလိမ့်မည်လော”ဟူသော မေးခွန်းများကို အချိန်ယူစဉ်းစားနေသည် ဆိုပါစို့။ ဤမေးခွန်းများကိုသာ ၎င်းတို့ အမြဲ လေ့လာနေကြလျှင် ထိုသို့သော ကလေးတစ်ဦးကို သင် သဘောမကျဖြစ်မည်လော။ သင်၏ သားသမီးများက ဤအရာ လုပ်ဆောင်သည်ကို သင် စက်ဆုပ်မည်လော။ သင်၏ သားသမီးများက မည်သည့်အရာ လုပ်ဆောင်ဖို့ သင် နှစ်သက်မည်နည်း။ ကောင်းစွာ ဖတ်တတ်၊ ရေးတတ်ဖို့ သင်ယူရန်နှင့် စာကြိုးစားရန် ဖြစ်သည်။ ဤသည်မှာ သင်၏ သားသမီးများအတွက် သင်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် လူအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူက မှန်ကန်သည့် လမ်းကြောင်းလျှောက်ကာ သင့်တင့်လျောက်ပတ်သည့် အလုပ်ကို လုပ်ဖို့ကို အဘယ်သို့ ဘုရားသခင်က သာ၍ပင် မနှစ်သက်ဘဲ နေနိုင်မည်နည်း။ လူတို့အနေဖြင့် သူ့အား လေ့လာမည်ကို သို့မဟုတ် သူ၏ စကားနှင့် လုပ်ရပ်တိုင်းကို တိတ်တဆိတ် အမြဲ လေ့လာနေမည်ကို သို့မဟုတ် သူနှင့်ပတ်သက်၍ အဓိပ္ပာယ်မဲ့သည့် အချိန်နှင့် အားထုတ်မှုတို့ကို အသုံးပြုကြမည်ကို ဘုရားသခင် မနှစ်သက်ပေ။ များစွာသောသူတို့မှာ ဘုရားသခင်၏ နေ့ရက် မည်သည့်အချိန်တွင် ရောက်လာမည်ကို အမြဲ လေ့လာနေကြသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးများတွင် သံသယရှိကာ အတိုက်အခံလုပ်နေကြခြင်း မဟုတ်လော။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများစွာကို လူက တန်ဖိုးမထားသကဲ့သို့ လိုက်လည်းမလိုက်စားခြင်း၏ ပြဿနာမှာ အဘယ်နည်း။ ဘုရားတရားကိုင်းရှိုင်းသည့် လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေပြီး အရာခပ်သိမ်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ဖို့ ကြိုးစားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် ဤနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ကာ ကျိုးနွံနာခံသင့်ကြောင်း ၎င်းတို့ သေချာနိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို မယုံကြည်သောသူတို့သာ ဘုရားသခင်ကို လေ့လာကြလိမ့်မည်ဖြစ်သည်။ ဤလူများသည် မိမိတို့၏ ဝတ္တရားများနှင့် မိမိတို့ကိုယ်ပိုင် တာဝန်များကို တစ်စက်မျှ အရေးမစိုက်ကြပေ။ ထိုအရာများကို ၎င်းတို့ လုံးဝ အာရုံမစိုက်ကြသကဲ့သို့ ယင်းတို့အတွက် အားထုတ်မှုတစ်ခုတလေမျှ မလုပ် သို့မဟုတ် မည်သည့်အဖိုးအခမျှ မပေးကြပေ။ ထိုအစား မည်သည့်အချိန်တွင် ဘုရားသခင်က ကမ္ဘာမြေကို စွန့်ခွာမည်၊ မည်သည့်အချိန်တွင် ဘုရားသခင်က ကပ်ဘေးများ စေလွှတ်မည်ဆိုသည်နှင့် ဘုရားသခင်၏ နေ့ရက်မတိုင်မီ အချိန်မည်မျှ ကြာလိမ့်မည်ဟူသကဲ့သို့သော အရာများအကြောင်းနှင့် “ကမ္ဘာမြေကို သူ စွန့်ခွာပြီးနောက်တွင် ဘုရားသခင်က ငါတို့နှင့် ဆုံတွေ့လိမ့်ဦးမည်လော။ ကမ္ဘာမြေကို စွန့်ခွာပြီးနောက်တွင် ဘုရားသခင်၏ အမှုတော်သည် ဤသို့ ဖြစ်လိမ့်မည်လော။ ကမ္ဘာမြေကို ဘုရားသခင် စွန့်ခွာပြီးနောက်တွင် တတိယကောင်းကင်၌ အချိန်မည်မျှကြာ သူ နေလိမ့်မည်နည်း။ သူ ပြန်လာလိမ့်မည်လော။ အနာဂတ် နိုင်ငံတော်ခေတ်တွင် ကောင်းကင်တမန်များ ရှိလိမ့်မည်လော။ ကောင်းကင်တမန်များက လူတို့နှင့် ဆက်ဆံကြသလော”ဟူသကဲ့သို့သော ထူးဆန်းသည့် မေးခွန်းများကို အမြဲ ပူပန်ကြသည်။ ဤအကြောင်းအရာမျိုးများကို စဉ်ဆက်မပြတ် လေ့လာနေသည့် လူတို့ကို ဘုရားသခင် စက်ဆုပ်သည်။ သို့ဆိုလျှင် လူက မည်သည့်အရာကို အာရုံစိုက်သင့်သနည်း။ လူ့ဇာတိခံ ဘုရားသခင်ကို မည်သို့ သိရှိရမည်၊ ဘုရားသခင်၏ အမှုတော်ကို မည်သို့ သိရှိရမည်ဆိုသည်နှင့် ဘုရားသခင် ပြောဆိုပြီးသည့် နှုတ်ကပတ်တော်တိုင်းအား မည်သို့ သဘောပေါက်နားလည်ရမည်ဆိုသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ လူ၏ တာဝန်များဖြစ်ပြီး လူတို့ နားလည်သင့်ကာ ဝင်ရောက်သင့်သည့် ပထမဆုံးသောအရာများ ဖြစ်သည်။ ဤသမ္မာတရားများကို နားလည်ပြီး ဝင်ရောက်ရန် သင် မကြိုးစားလျှင် ဘုရားသခင်ကို သင်၏ ယုံကြည်မှုက အဓိပ္ပာယ်မဲ့ပေသည်။ စစ်မှန်သည့် အကြောင်းအရာမရှိသည့် အနှစ်မဲ့သော ဆောင်ပုဒ်တစ်ခုသာဖြစ်သည်။ သင်သည် နက်နဲသည့်အရာများ၊ ကမ္ဘာမြေကို ဘုရားသခင် စွန့်ခွာမည့်အချိန်တို့နှင့် ဆက်စပ်သောအရာများကို အမြဲ တိတ်တဆိတ် တွေးဆနေလျှင် သို့မဟုတ် ဘုရားသခင်၏ ဇာတိခန္ဓာက မည်သည့်နေရာတွင် မွေးဖွားသည်၊ မည်သည့် မိသားစုအမျိုးအစားထဲသို့ သူ မွေးဖွားသည်၊ သူ့တွင် မည်သည့် မိသားစုနောက်ခံမျိုးရှိသည်၊ မည်သည့်ဘဝမျိုး ရှိသည်၊ သူ မည်သည့် အသက်အရွယ်ရှိသည်၊ မည်သည့် ပညာရေးမျိုး သူ ရှိခဲ့သည်၊ ဘုရားသခင်ကို သူ ယုံကြည်ခြင်း ရှိမရှိ၊ ကျမ်းစာကို သူ ဖတ်ဖူးခြင်း ရှိမရှိဆိုသည်နှင့် ယေရှုကို သူ အချိန်မည်မျှကြာ ယုံကြည်ခဲ့သည် စသည်တို့ကို သင်တို့ကြားထဲတွင် အမြဲ ပြောဆိုနေကြလျှင်၊ ဤအရာများကို သင်တို့ အမြဲ လေ့လာနေလျှင် သင်တို့သည် ဘုရားသခင်ကို ဝေဖန်နေခြင်းဖြစ်ကာ ဘုရားသခင်၏ ဇာတိခန္ဓာကို ဝေဖန်သုံးသပ်နေခြင်းနှင့် ပြစ်မှားစော်ကားနေကြခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနိုင်ရန်၊ သူ့ကို ကျိုးနွံနာခံနိုင်ရန်နှင့် သူ့ကို စိတ်ကျေနပ်စေဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်အလို့ငှာ ဘုရားသခင်က သင့်အား သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို သိရှိစေချင်သည်။ သူသည် သင့်အား သူ့ကို လေ့လာခွင့်မပြုသကဲ့သို့ သူ့နောက်ကွယ်တွင် သူ့အကြောင်းကို ဆွေးနွေးခွင့်မပေးပေ။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ဘုရားအမှုတော်၏ ဤအဆင့်ကို ငါတို့ လက်ခံပြီးဖြစ်သကဲ့သို့ ခရစ်တော်ကို ငါတို့၏အသက်နှင့် ငါတို့ ဘုရားသခင်အဖြစ် လက်ခံပြီးဖြစ်သည့်အတွက် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု ငါတို့ ရှိသင့်ပြီး၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုများနှင့် ဖြစ်ခြင်းအပြင် သူ လူ့ဇာတိခံယူပြီးဖြစ်သည့် ဇာတိပကတိတို့ကို ဘုရားတရားကိုင်းရှိုင်းသည့် သဘောထားဖြင့် ဆက်ဆံသင့်ကြပေသည်။ ဤသည်မှာ ငါတို့ ရှိသင့်သည့် အသိစိတ်နှင့် လူ့သဘာဝဖြစ်သည်။ ယခုတွင် ဘုရားသခင်နှင့်ဆိုင်သည့် မည်သည့် အသိမျှမရှိဟု သင် ခံစားရလျှင် ထိုအကြောင်းကို မပြောနှင့်။ ထိုအစား မိမိကိုယ်ကို သိရှိခြင်းအကြောင်း၊ သမ္မာတရားအား မည်သို့ လိုက်စားရမည်ဆိုသည်နှင့် သင်၏ တာဝန်များကို ကောင်းစွာ မည်သို့ ထမ်းဆောင်ကာ သင့်ကိုယ်သင် ဤသမ္မာတရား သွင်ပြင်လက္ခဏာများဖြင့် ပြင်ဆင်ရမည်ဆိုသည့်အကြောင်းကို ပြောလော့။ တစ်နေ့ သင့်ထံတွင် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သည့် အသိပညာအချို့ရှိသည့်အလား သင် ခံစားရသည့်အခါ သင် အတူတကွ မိတ်သဟာယပြုနိုင်ပေသည်။ သို့ရာတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ သို့မဟုတ် မသိရှိရသည့် နက်နဲမှုအချို့နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်အကြောင်းကို ပြောဆိုရန် မကြိုးပမ်းနှင့်။ အကြောင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်သဘောထားကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းခံရကာ ပြစ်မှားစော်ကားသောသူ ဖြစ်လာနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို စွန့်ပစ်နိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ သင် ရှင်းလင်းစွာ သိမြင်သင့်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းကို ဘုရားသခင်အား အမြဲ လေ့လာခြင်းနှင့် အတင်းအဖျင်းစကားများကို အမြဲမေးမြန်းခြင်းဖြင့် အစားထိုး၍ရနိုင်သလော။ ထိုအရာက သင့်အား ဘုရားသခင်ကို သိရှိစေဖို့ ထောက်ကူနိုင်သလော။ သင်သည် ဤအရာများကို ရှင်းလင်းစွာ မမြင်နိုင်လျှင် အလွန် မိုက်မဲပြီး မသိနားမလည်သည့် လူတစ်ဦး ဖြစ်သည် မဟုတ်လော။
သမ္မာတရား လိုက်စားခြင်းက အတိအကျ မည်သည့်အရာဖြစ်သည်ကို လူတို့ နားလည်ရမည်။ လူတို့ကို ကယ်တင်ရန် သမ္မာတရားများစွာကို ဘုရားသခင်က အဘယ်ကြောင့် ဖော်ပြသနည်း။ ဘုရားသခင်သည် လူတို့အား အလွန်များသည့် သမ္မာတရားများကို နားလည်ရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ အကြင်သူသည် ဤသမ္မာတရားများကို နားမလည်လျှင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်နိုင်သလော။ ဤသမ္မာတရားများကို နားမလည်ဘဲနှင့် ဘုရားသခင်ကို သိရှိနိုင်သလော။ အကြင်သူက ဘုရားသခင်ကို မသိလျှင် ဘုရားသခင်ကို ကျိုးနွံနာခံမှု စွမ်းဆောင်ရရှိနိုင်သလော။ အကြင်သူသည် ဘုရားသခင်ကို ကိုးကွယ်နိုင်သလော။ ဤသမ္မာတရားအားလုံး ဆက်စပ်မှုရှိပေသည်။ ဤသမ္မာတရားများကို သိနားလည်ခြင်းမရှိဘဲနှင့် အကြင်သူသည် ကယ်တင်ခြင်းကို အဘယ်သို့ ရရှိနိုင်သနည်း။ ဤသမ္မာတရားများကို နားလည်ရန် လွယ်ကူသလော။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းမရှိဘဲ သမ္မာတရားသိနားလည်မှုကို စွမ်းဆောင်ရရှိနိုင်သလော။ ပြုပြင်ခြင်းများကို တွေ့ကြုံခြင်းမရှိဘဲ မိမိကိုယ်ကို သိရှိနိုင်သလော။ မိမိကိုယ်ကို သိရှိခြင်းမရှိဘဲ စစ်မှန်သည့် နောင်တ ရှိနိုင်သလော။ စစ်မှန်သည့် နောင်တမရှိဘဲ ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သလော။ ဤသမ္မာတရားအားလုံးမှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်သင့်သည့် သမ္မာတရားများဖြစ်ပြီး ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန်အလို့ငှာ နားလည်ရမည့် သမ္မာတရားများဖြစ်သည်။ သင်၏ ဘုရားသခင်၌ ယုံကြည်မှုသည် အမြဲ မရေမရာဖြစ်ပြီး သမ္မာတရားကို သင် လိုက်စားနေခြင်းမရှိခဲ့လျှင် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကို သင် ဆုံးရှုံးပြီးဖြစ်လိမ့်မည်။
၂၀၀၇ ခုနှစ်၊ ဆောင်းဦးရာသီ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။