ဘုရားသခင်၏ လူ့ဇာတိခံခြင်းကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၂၉)

“ဘုရားသခင်သည် လူသားမျိုးနွယ်၏ အတွင်းကျကျ စိတ်နှလုံးကို စောင့်ကြည့်သည်၊ ပြီးလျှင် ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်သည်။ ဘုရားသခင်သည် လူများ ပြောပြီး လုပ်ဆောင်သည့် အရာရာကို သိတော်မူသည်။ သို့ဆိုလျှင် ယခု သူ့ကို ကျွန်ုပ်ယုံကြည်သည်ကို ဘုရားသခင်က သိပါသလော” ဟူ၍ လူအချို့က မေးကြသည်။ ဤအရာများသည် လူ့ဇာတိခံဘုရားသခင်နှင့် သူ၏ဝိညာဉ်တော်နှင့် လူ့ဇာတိတို့အကြားဆက်နွယ်မှုကို မည်သို့နားလည်ရမည်နည်းဆိုသည့် မေးခွန်းတစ်ခုနှင့် ဆက်စပ်နေသည်။ ဘုရားသခင်သည် လက်တွေ့ကျသောကြောင့် ထိုအရာကို သူမသိနိုင်ဟု လူအချို့က ထင်ကြသော်လည်း ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်သောကြောင့် ထိုအရာကို ဘုရားသခင်က သိသည်ဟု ထင်ကြသော အခြားသူများလည်း ရှိသည်။ ဘုရားသခင်ကို နားလည်ရန်မှာ အဓိကအားဖြင့် သူ၏အနှစ်သာရနှင့် သူ့ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများကို နားလည်ရန် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏လူ့ဇာတိသည် သတ်မှတ်ထားသည့် အရာတစ်ခုခုကို သိမသိ သို့မဟုတ် သူ၏ဝိညာဉ်တော်သည် သတ်မှတ်ထားသည့် အရာတစ်ခုခုကို သိမသိဆိုသည်တို့ကို ဆုံးဖြတ်ဖို့ လူသည် မကြိုးစားသင့်ပေ။ ဘုရားသခင်သည် ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ရာဖြစ်သည်၊ လူသားအတွက် နားမလည်နိုင်ဖွယ် ဖြစ်သည်။ လူ့ဇာတိနှင့် ဝိညာဉ်တော်၊ ထို့အပြင် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝ၊ ဤအရာများသည် သင်တို့ ရှင်းလင်းစွာ နားမလည်သေးသည့် ကိစ္စရပ်များဖြစ်ကြသည်။ ဘုရားသခင် လူ့ဇာတိခံယူတော်မူပြီး ဝိညာဉ်တော်က လူ့ဇာတိတွင် တည်ရှိသောအခါ သူ၏အနှစ်သာရသည် ဘုရားသဘောသဘာဝဖြစ်ပြီး လူသားတစ်ဦး၏အနှစ်သာရနှင့် လုံးဝ မတူကွဲပြားသည်။ မည်သည့်ဝိညာဉ်မျိုးက လူသားကိုယ်ခန္ဓာအတွင်းတွင် နေထိုင်သနည်း။ ယင်းတို့မှာ လုံးဝ မတူကွဲပြားသော အရာနှစ်ခု ဖြစ်သည်။ လူသားတစ်ဦး၏အနှစ်သာရနှင့် သူ၏စိတ်ဝိညာဉ်သည် ထိုလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနှင့် ဆက်နေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏လူ့ဇာတိနှင့် ဆက်နေသော်လည်း သူသည် အနန္တတန်ခိုးရှင်ဖြစ်နေဆဲပင်ဖြစ်သည်။ လူ့ဇာတိအတွင်းမှနေ၍ သူ၏အမှုတော်ကို သူလုပ်ဆောင်နေသော်လည်း၊ သူ၏ဝိညာဉ်တော်သည် နေရာတိုင်းတွင်လည်း အလုပ်လုပ်သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုသည်မှာ အတိအကျ မည်သို့နည်း။ ကျွန်ုပ်ကို ပြပါ၊ ယင်းကို ရှင်းလင်းပြတ်သားစွာ ကျွန်ုပ် မြင်ပါရစေ” ဟူ၍ သင် မေး၍မရပေ။ ယင်းကို ရှင်းလင်းပြတ်သားစွာ မြင်ဖို့ နည်းလမ်းမရှိပေ။ လူ့ဇာတိက သူ၏အမှုတော်ကို လုပ်သောအခါ အသင်းတော်များအကြားတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပုံကို မြင်ရခြင်းက သင့်အတွက် လုံလောက်ပေသည်။ ဘုရားသခင်၏ဝိညာဉ်တော်တွင် အနန္တတန်ခိုးရှင်ဖြစ်ခြင်း၏ ထူးခြားသောပင်ကိုလက္ခဏာရှိသည်။ သူသည် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ပြီး သူရွေးချယ်ထားသောသူများကို ကယ်တင်သည်။ ပြီးလျှင် လူ့ဇာတိက သူ၏အမှုတော်ကို တချိန်တည်းတွင် အလုပ်လုပ်နေစဉ်အတွင်း လူများကို အသိဉာဏ်ပွင့်လင်းစေဖို့ အသင်းတော်များအကြားတွင်လည်း သူအလုပ်လုပ်သည်။ အသင်းတော်များအကြားတွင် ဝိညာဉ်တော်က အလုပ်လုပ်နေစဉ်အတွင်း လူ့ဇာတိတွင် ဝိညာဉ်တော်ကင်းမဲ့သည်ဟု သင်ပြော၍မရပေ။ အကယ်၍ သင် ထိုသို့ပြောပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို သင်ငြင်းပယ်မည်မဟုတ်လော။ သို့ရာတွင် လူ့ဇာတိပကတိက မသိသော အရာအချို့ရှိသည်။ ဤမသိခြင်းသည် ခရစ်တော်၏ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော လက္ခဏာသွင်ပြင်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်က အကယ်စင်စစ် လူ့ဇာတိအတွင်းတွင် ခိုင်မာစွာ အမှန်တကယ် ဖြစ်ပေါ်လာခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်ကထိုလူ့ဇာတိ၏ အနှစ်သာရဖြစ်ကြောင်းကို သက်သေပြသည်။ သူ၏ဝိညာဉ်တော်သည် သူ၏လူ့ဇာတိက မသိသော သတ်မှတ်ထားသည့် မည်သည့်အရာကိုမဆို သိပြီးသားဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုအရာကို သိပြီးသားဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သင်သည် လူ့ဇာတိ၏ လက်တွေ့ကျသော လက္ခဏာသွင်ပြင်ကြောင့် ဝိညာဉ်တော်၏ လက္ခဏာသွင်ပြင်ကို ငြင်းပယ်ပါက ဤလူ့ဇာတိက ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းကို သင်ငြင်းပယ်ခြင်း ဖြစ်ကာ သင်သည် ဖာရိရှဲများကဲ့သို့ အလားတူ အမှားမျိုးကို ကျူးလွန်မိပြီးဖြစ်သည်။ အချို့က၊ “ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့က ဧဝံဂေလိတရားကို ဟောပြောသောအခါ ဤနေရာတွင် လူပေါင်းမည်မျှကို သူ့ထံသို့ ကျွန်ုပ်တို့ စည်းရုံးသိမ်းသွင်းပြီးဖြစ်သည်ကို တစ်ချက်တည်းနှင့် ဘုရားသခင် သိနိုင်သည်။ ဝိညာဉ်တော်က သိသည်၊ ထို့ကြောင့် လူ့ဇာတိကလည်း ထိုအကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်ဦးတည်းဖြစ်သောကြောင့်ဖြစ်သည်” ဟု ဆိုကြသည်။ ဤကဲ့သို့ သင်ပြောဆိုခြင်းက လူ့ဇာတိ၏အနှစ်သာရကို ငြင်းပယ်သည်။ လူ့ဇာတိတွင် သူ၏လက်တွေ့ကျပြီး ပုံမှန်ဖြစ်သည့် လက္ခဏာသွင်ပြင်ရှိသည်။ လူ့ဇာတိက သိနိုင်သော အရာအချို့နှင့် လူ့ဇာတိက သိဖို့ မလိုအပ်သောအရာအချို့ ရှိသည်။ ယင်းမှာ သူ၏ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော လက္ခဏာသွင်ပြင်ဖြစ်သည်။ အချို့က၊ “ဝိညာဉ်တော်က သိသည့်ထိုအရာကို လူ့ဇာတိပကတိကလည်း သိရှိရန် သေချာသည်” ဟု ပြောကြသည်။ ဤသည်မှာ သဘာဝလွန်ဖြစ်ပြီး၊ ဤသို့ ပြောဆိုခြင်းသည် လူ့ဇာတိပကတိ၏အနှစ်သာရကို ငြင်းပယ်ခြင်း ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်။ ကိစ္စအချို့တွင် သူသည် လူသားများ စိတ်ကူးသကဲ့သို့ နေရာကြောင့် သို့မဟုတ် ပထဝီဝင်အနေအထားကြောင့် ကန့်သတ်ခံရခြင်းမရှိဘဲ၊ ဤကိစ္စရပ်များကို မြင်ရခြင်း သို့မဟုတ် ထိတွေ့ရခြင်းမရှိဘဲ ထူးခြားဆန်းပြားစွာ သိနိုင်သည်ဟူ၍ မဟုတ်ပေ။ ယင်းမှာ လူ့ဇာတိ မဟုတ်ဘဲ ဝိညာဉ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြစ်သည်။ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသည့်နောက်တွင် သူသည် ပေါ်လာပြီး ပျောက်သွားနိုင်သည်။ နံရံများကို ကျော်ဖြတ်၍ အခန်းများအတွင်းသို့ ဝင်ရောက်နိုင်သည်။ သို့သော် ယင်းမှာ ရှင်ပြန်ထမြောက်သည့် ယေရှုဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီတွင် ယေရှုသည် နံရံများကို ကျော်ဖြတ်၍ အခန်းများအတွင်းသို့ မဝင်ရောက်နိုင်ပေ။ သူသည် နေရာ၊ ပထဝီဝင်အနေအထားနှင့် အချိန်တို့၏ ဘောင်ခတ်ခြင်းကို ခံခဲ့ရသည်။ ယင်းမှာ လူ့ဇာတိပကတိ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

ဘုရားသခင်၏လူ့ဇာတိခံခြင်းကို သိရှိလာခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ သင်သည် ထိုအရာကို ဘုရားသခင်၏နှုတ်ကပတ်တော်များအတိုင်း အမျိုးမျိုးသော ရှုထောင့်များမှ ကြည့်ရမည်၊ လုံးလုံးလျားလျား စဉ်းစားဆင်ခြင်ခြင်းများကို ပြုလုပ်ရမည်ဖြစ်ပြီး၊ သင်၏ အသိကို စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် သင်၏ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများပေါ် အခြေခံခြင်းအား လုံးဝ ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်ကြပြီး လူ့ဇာတိသည် ဝိညာဉ်တော်သိသမျှအားလုံးကို သိသည်ဟု သင်ဆိုသော်လည်း လူ့ဇာတိတွင် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့် လက္ခဏာသွင်ပြင်တစ်ခုလည်း ရှိသည်။ ထို့အပြင်၊ နောက်ထပ်လက္ခဏာသွင်ပြင်တစ်ခု ရှိသေးသည်။ ယင်းမှာ လူ့ဇာတိပကတိက အလုပ်လုပ်နေသောအချိန်အတောအတွင်းတွင် အလုပ်လုပ်နေသည်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပေသည်။ ဝိညာဉ်တော် အလုပ်လုပ်နေပြီး၊ လူ့ဇာတိပကတိကလည်း အလုပ်လုပ်နေသည်။ သို့သော် အဓိကအားဖြင့် အလုပ်လုပ်နေသည်မှာ လူ့ဇာတိ ဖြစ်သည်။ ဝိညာဉ်တော်က လူများကို အသိဉာဏ်ပွင့်လင်းစေဖို့၊ လမ်းညွှန်ပြဖို့၊ ကူညီဖို့၊ ကာကွယ်ဖို့နှင့် စောင့်ကြည့်ဖို့ အလုပ်တစ်ခုခုကို လုပ်နေစဉ်တွင် လူ့ဇာတိပကတိသည် ဦးဆောင်သည့် ကဏ္ဍတစ်ခုကို ဆောင်ရွက်သည်။ လူ့ဇာတိပကတိ၏အလုပ်သည် ဦးဆောင်သည့် အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်သည်။ အကယ်၍ သူက လူတစ်ယောက်အကြောင်းကို သိလိုလျှင်၊ ထိုသို့သိရန်မှာ သူ့အတွက် အထူးလွယ်ကူပေသည်။ လူသားတစ်ဦးက တစ်စုံတစ်ယောက်အကြောင်းကို သိချင်သောအခါ ထိုလူ၏အပြုအမူကို ကြိမ်ဖန်များစွာ စောင့်ကြည့်လေ့လာခြင်းမရှိလျှင်၊ ၎င်းကို သူ ထိုးထွင်းသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားများသည် အခြားလူများ၏ သဘာဝအနှစ်သာရကို မရိပ်စားမိနိုင်သော်လည်း၊ လူ့ဇာတိခံဘုရားသခင်တွင် ယင်းနှင့်ဆိုင်သည့် အာရုံခံစားတတ်မှု အမြဲရှိပြီး၊ တစ်စုံတစ်ဦးက မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည့်အရာအပြင်၊ ၎င်း၏အပြုအမူနှင့် အနှစ်သာရတို့ကို အမြဲ အကဲဖြတ်နိုင်သည်။ သူ့ထံတွင် ထိုကဲ့သို့သော သိမြင်နားလည်မှုမရှိခြင်းမှာ မဖြစ်နိုင်ပေ။ ဥပမာအနေဖြင့် သတ်မှတ်ထားသော လူတစ်ဦးက မည်သို့ပြုမူသည်၊ မည်သည့်အရာကို လုပ်ဆောင်နိုင်ပြီး၊ မည်သည့်မကောင်းမှုကို လုပ်နိုင်ပြီး မည်သည့်အတိုင်းအတာအထိလုပ်နိုင်သည်ကို သူသိပြီး နားလည်သဘောပေါက်သည်။ အချို့က၊ “အကယ်၍ ဘုရားသခင်က အားလုံးကို နားလည်သဘောပေါက်လျှင်၊ ယခု ကျွန်ုပ် ရှိသည့်နေရာကို သူသိသလော” ဟု ပြောသည်။ ဤသည်ကို သိဖို့ မလိုအပ်ပေ။ လူတစ်ဦးကို နားလည်သဘောပေါက်ဖို့ဆိုသည်မှာ ဘုရားသခင်အတွက် နေ့စဉ် ထိုလူရှိသည့်နေရာကို သိဖို့ မဟုတ်ပေ။ ယင်းကို သိဖို့ မလိုအပ်။ လူတစ်ဦးက သဘာဝအလျောက် မည်သည့်အရာ လုပ်လိမ့်မည်ကို နားလည်သဘောပေါက်ခြင်းက လုံလောက်ပြီး သူ၏အမှုကို လုပ်ဆောင်ရန် သူ့အတွက် လုံလောက်ပေသည်။ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ပုံတွင် လက်တွေ့ကျသည်။ လူတစ်ဦးကို ဘုရားသခင်က သိလိုသောအခါတွင်၊ ထိုလူရှိသည့်နေရာ၊ သူတွေးနေသည့်အရာ၊ သူပြောနေသည့်အရာ၊ နောက်ပိုင်းတွင် သူလုပ်မည့်အရာ၊ သူ ဝတ်စားပုံ၊ သူ မည်သည့်ပုံစံဖြစ်သည်၊ စသည်တို့ကို သိရှိရမည်ဟု လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ အကယ်စင်စစ် ဘုရားသခင်လုပ်ဆောင်သည့် ကယ်တင်ခြင်းအမှုတော်သည် အခြေခံအားဖြင့် ထိုအရာများကို သိရှိရန် မလိုအပ်ပေ။ ဘုရားသခင်သည် လူတစ်ဦး၏အနှစ်သာရနှင့် ထိုလူ၏ ဘဝ တိုးတက်မှု ဖြစ်စဉ်တို့ကို သိခြင်းကိုသာ အာရုံစိုက်သည်။ ဘုရားသခင် လူ့ဇာတိခံယူသောအခါ လူ့ဇာတိ၏သရုပ်သကန်များအားလုံးသည် လက်တွေ့ကျပြီး ပုံမှန်ဖြစ်သည်။ ဤလက်တွေ့ကျမှုနှင့် ပုံမှန်အခြေအနေတို့ကို လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအမှုတော်ကို ပြီးမြောက်ဖို့အလို့ငှာ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ သို့သော် လူ့ဇာတိ၏လက်တွေ့ကျမှုနှင့် ပုံမှန်အခြေအနေတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်က သူ၏လူ့ဇာတိတွင် အသက်ရှင်ခြင်း၏ ပုံမှန်အဖြစ်ဆုံးသော သရုပ်သကန်ဖြစ်သည်ကို မည်သူမျှ မမေ့လျော့ရပေ။ သို့ဆိုလျှင် ဝိညာဉ်တော်က ထိုလူသားကိစ္စများကို သိသည်ဟု သင်ထင်သလော။ ဝိညာဉ်တော်က သိပါသည်၊ သို့သော် ထိုအရာများကို သူက အာရုံမစိုက်ပေ။ ထို့ကြောင့် လူ့ဇာတိကလည်း သင်၏ထိုကိစ္စများအကြောင်းကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်၏ဝိညာဉ်တော်နှင့် လူ့ဇာတိတို့သည် တစ်ဦးတည်းဖြစ်ပြီး၊ ဤသည်ကို မည်သူမျှ မငြင်းနိုင်ပေ။ တစ်ခါတစ်ရံတွင် သင်၌ အတွေးနှင့် စိတ်ကူးအချို့ ရှိသည်။ သင် မည်သည့်အရာ တွေးနေသည်ကို ဝိညာဉ်တော်က သိသလော။ ဝိညာဉ်တော်က သိသည်မှာ အမှန်ပင်ဖြစ်၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူတို့ တွေးသည့်အရာကို သိသည်။ သို့သော် သူ၏အမှုတော်မှာ ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများအပြင် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ချက်များကို ထုတ်ဖော်ရန်မျှသာ မဟုတ်ချေ။ ထို့ထက်၊ သူသည် လူတို့၏အတွေးများနှင့် စိတ်ကူးများကို ပြောင်းလဲဖို့၊ လူတို့၏အတွေးနှင့် အမြင်များကို ပြောင်းလဲဖို့နှင့် နောက်ဆုံးတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲဖို့အလို့ငှာ လူ့ဇာတိအတွင်းမှနေ၍ သမ္မာတရားကို ဖော်ပြရန် ဖြစ်သည်။ အချို့သော အရာများနှင့်ပတ်သက်သည့် သင်တို့၏အတွေးများသည် အလွန်မရင့်ကျက်ပေ။ လူ့ဇာတိခံဘုရားသခင်သည် အရာခပ်သိမ်းကိုသိသင့်သည်ဟု သင်ထင်သည်။ လူ့ဇာတိခံ ဘုရားသခင်က သိသင့်သည်ဟု ၎င်းတို့ စိတ်ကူးသည့် တစ်စုံတစ်ရာကို သူ မသိလေသလောဟု လူအချို့က လူ့ဇာတိခံဘုရားသခင်ကို သံသယဝင်ကြသည်။ ဤသည်မှာ လူတို့အနေဖြင့် လူ့ဇာတိခံဘုရားသခင်၏အနှစ်သာရအပေါ် ပြည့်စုံလုံလောက်ခြင်းမရှိသည့် သိနားလည်မှုတစ်ခု ရှိသောကြောင့်သာ ဖြစ်သည်။ လူ့ဇာတိ၏အလုပ် နယ်ပယ် ပြင်ပတွင်ရှိသည့် အရာအချို့ရှိသည်။ ထို့ကြောင့် သူသည် ထိုအရာများနှင့် ပတ်သက်၍ ဒုက္ခခံနေလိမ့်မည်မဟုတ်။ သူလုပ်သင့်သည့်အမှုတော်ကိုသာလျှင် ဘုရားသခင်က လုပ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်ပုံနှင့်ဆိုင်သော စည်းမျဉ်းတစ်ခုဖြစ်သည်။ ယခုတွင် ဤအရာများကို သင်နားလည်သလော။ ငါ့ကို ပြောလော့။ သင့်တွင် မည်သည့်ဝိညာဉ်မျိုးရှိသည်ကို သင်သိသလော။ သင်၏စိတ်ဝိညာဉ်ကို သင်ခံစားနိုင်သလော။ သင်၏စိတ်ဝိညာဉ်ကို သင်ထိတွေ့နိုင်သလော။ သင်၏စိတ်ဝိညာဉ်က မည်သည့်အရာ လုပ်ဆောင်နေသည်ကို သင်အာရုံခံနိုင်သလော။ သင်မသိပေ၊ ဟုတ်သည်မဟုတ်လော။ ထိုကဲ့သို့သောအရာတစ်ခုကို သင်ခံစားနိုင် သို့မဟုတ် ထိတွေ့နိုင်ပါက သင့်အတွင်းတွင် ရှိသည်မှာ တစ်စုံတစ်ရာကို အတင်းအဓမ္မလုပ်ဆောင်နေပြီး၊ သင့်အား အမှုအရာများကို လုပ်ဆောင်စေကာ ပြောဆိုစေသည့် အခြားသော ဝိညာဉ်တစ်ခု ဖြစ်သည်။ ယင်းမှာ သင်ကိုယ်တိုင်၏ ပြင်ပတွင် ရှိသောအရာတစ်ခု ဖြစ်သည်၊ သင်၏ရှိရင်းစွဲမဟုတ်ပေ။ ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်ရှိသောသူများတွင် ဤအရာနှင့်ဆိုင်သည့် နက်ရှိုင်းသည့် သိနားလည်ခြင်းတစ်ခုရှိသည်။ ဘုရားသခင်၏လူ့ဇာတိသည် လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော လက္ခဏာသွင်ပြင်တစ်ခုရှိသော်လည်း၊ လူသားတစ်ဦးအနေဖြင့် လူတစ်ဦးသည် သူနှင့်ပတ်သက်၍ သာမန်ကာလျှံကာ အနက်ဖွင့်ခြင်း သို့မဟုတ် ကောက်ချက်ချခြင်းတို့ မပြုလုပ်နိုင်ပေ။ ဘုရားသခင်သည် လူသားတစ်ဦးကဲ့သို့ ဖြစ်လာရန် မိမိကိုယ်ကိုနှိမ့်ချပြီး ကွယ်ဝှက်သည်။ သူ၏လုပ်ရပ်များသည် ဉာဏ်မမီနိုင်အောင်ဖြစ်ပြီး လူသားများက နားလည်၍မရနိုင်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။