ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း

ယနေ့ခေတ်၌ ဘုရားသခင်၏ အလုပ်ကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသော ကာလ၌ ဘုရားသခင် လူ့ဇာတိခံယူသည်ကို သိခြင်း၊ သူ၏ အဓိက သာသနာလုပ်ငန်းက မည်သည်နည်းဆိုသည်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အလုပ်ကို လုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အလုပ်လုပ်ခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီး ဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ စကားများအားဖြင့် ဉာဏ်အလင်း ရစေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာ ပြုသည်။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှု လောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနုတ်ကယ်တင်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို ပြည့်စုံစေရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းအဆင့် မဟုတ်ပါ။ ယေရှု ကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများ များစွာပြုခဲ့သည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ် ကယ်တင်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့သောအခါက သူသည် လူသား၏ နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ အတွေးများထဲ၌ ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏ နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့စေရန် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ တကယ်ဖြစ်သော နှုတ်ကပတ်တော်များနှင့် လက်တွေ့လုပ်ဆောင်မှု၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအလုပ်သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အလုပ်ဖြစ်သည်။

သင်တို့သိရမည်မှာ-

၁။ ဘုရားသခင်၏ အမှုသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်၊ သင်တို့၌ ယင်းနှင့် ပတ်သက်သော အယူအဆများ မရှိသင့်။

၂။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယခုအကြိမ်၌ ကြွဆင်းလာ၍ လုပ်ဆောင်သည့် အဓိက အလုပ်ကို သင်တို့ နားလည်ရမည်။

ဘုရားသခင်သည် မကျန်းမာသူများကို ကျန်းမာစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ အံ့သြဖွယ် အမှုများကို လုပ်ဆောင်ဖို့၊ နောင်တတရားနှင့်ဆိုင်သော သတင်းကောင်းကို ဖြန့်ဝေဖို့၊ လူသားကို ရွေးနုတ် ကယ်တင်ခြင်းပေးဖို့ ကြွလာခြင်းမဟုတ်ပါ။ အကြောင်းမှာ ထိုအလုပ်များကို ယေရှုက လုပ်ဆောင်ပြီး ဖြစ်သလို ဘုရားသခင်သည် လုပ်ပြီးသား အလုပ်ကို ထပ်မလုပ်သောကြောင့် ဖြစ်သည်။ ယနေ့ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့၊ ကျေးဇူးတော်ခေတ်၌ လုပ်ဆောင်နေသော အလေ့အထများ အားလုံးကို ဖယ်ရှားဖို့လာခြင်းဖြစ်သည်။ လက်တွေ့ လုပ်ဆောင်တတ်သော ဘုရားသခင် ကြွလာသည်မှာ အဓိကအားဖြင့် သူသည် စစ်မှန်ကြောင်းကိုပြသဖို့ လာခြင်းဖြစ်သည်။ ယေရှု ကြွလာခဲ့သောအခါက နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ အဓိကအားဖြင့် တန်ခိုးများ ပြသခဲ့သည်၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို ပြသခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ သူသည် ဘုရားသခင် စင်စစ် ဖြစ်ကြောင်း၊ တည်ငြိမ်ပြီး ဘက်မလိုက်သော ဘုရားသခင် ဖြစ်ကြောင်းကို လူများသိမြင်စေရန်အတွက် အနာဂတ္တိစကားများ ပြောကြားခဲ့သည်။ နောက်ဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ယနေ့ကာလ၏ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို မပြ၊ မကျန်းမာသူများကိုလည်း ကျန်းမာအောင်မလုပ်၊ နတ်ဆိုးများကိုလည်း မနှင်ထုတ်ပါ။ ယေရှု ကြွလာခဲ့သောအခါက သူပြုခဲ့သော အမှုသည် ဘုရားသခင်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုခဲ့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်သော အဆင့် နောက်တစ်ဆင့်ကို လုပ်ဆောင်ရန် ကြွလာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လုပ်ပြီးသား အလုပ်တစ်ခုကို ထပ်လုပ်လေ့ မရှိသောကြောင့် ဖြစ်သည်။ သူသည် အမြဲသစ်နေပြီး ဘယ်တော့မှ မဟောင်းနွမ်းသော ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်မြင်သမျှ အရာအားလုံးသည် လက်တွေ့ လုပ်ဆောင်တတ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အမှုပင်ဖြစ်သည်။

နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန်၊ လူ့ဘဝအတွက် လိုအပ်သမျှကို ရှင်းပြရန်၊ လူသည် မည်သည့် နေရာသို့ ဝင်ရောက်သင့်ကြောင်း ညွှန်ပြရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူသားအားပြရန်၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အလွန်ကောင်းမြတ်မှုတို့ကို လူသားအား ပြရန်အတွက် ကြွလာခြင်း ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့် နည်းလမ်းများစွာမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ ကြီးစိုးမှု၊ ကြီးမြတ်မှုကိုသာမက ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်နေမှုတို့ကိုလည်း မြင်ရသည်။ အမြင့်မြတ်ဆုံး ဖြစ်သော်လည်း ဘုရားသခင်သည် နှိမ့်ချကြောင်းနှင့် ကွယ်ဝှက်နေကြောင်းကို လူသားက မြင်သည့်အပြင် အားလုံးထက် အနိမ့်ဆုံးသူလည်း ဖြစ်နိုင်ကြောင်း မြင်သည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော် အချို့ကို ဝိညာဉ်တော်၏ ရှုထောင့်မှ တိုက်ရိုက်ပြောသည်၊ အချို့ကိုမူ လူသား၏ ရှုထောင့်မှ တိုက်ရိုက်ပြောပြီး၊ အချို့ကိုမူ ဘေးလူ တစ်ယောက်၏ ရှုထောင့်မှ ပြောသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ဘုရားသခင် အလုပ်လုပ်သည့် ပုံစံမျိုးစုံရှိပြီး ဘုရားသခင်သည် သူအလုပ်လုပ်ပုံကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားကို မြင်ခွင့်ပေးကြောင်း သိနိုင်ပါသည်။ နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အမှုသည် သာမန်လည်း ဖြစ်သည့်အပြင် စစ်လည်း စစ်မှန်သည်။ ထို့ကြောင့် နောက်ဆုံးသော ကာလ၌ အသက်ရှင်သော လူစုသည် အကြီးမားဆုံးသော စမ်းသပ်စစ်ဆေးမှုနှင့် ကြုံရမည်ဖြစ်သည်။ ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် လူသားအားလုံး ထိုသို့သော စမ်းသပ်စစ်ဆေးမှုများနှင့် ကြုံကြရသည်။ လူသားသည် ဘုရားသခင်၏ စမ်းသပ်စစ်ဆေးမှုများအလယ်သို့ သက်ဆင်းရခြင်းမှာလည်း ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် ဖြစ်သည်။ ယေရှု၏ခေတ်၌ အထက်တွင် ဖော်ပြခဲ့သော စိတ်ကူးများနှင့် စမ်းသပ် စစ်ဆေးမှုများ မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ယေရှုပြုခဲ့သည့် အမှုအများစုသည် လူသားများ၏ တွေးထင်ထားချက်များနှင့် ကိုက်ညီ၍ဖြစ်ပြီး၊ လူများက သူ့နောက်လိုက်ခဲ့ကြကာ၊ သူနှင့်ပတ်သက်ပြီး တွေးထင်ယူဆချက်များလည်း မရှိခဲ့ကြသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ လူသားတို့ ရင်ဆိုင်ကြုံတွေ့နေရသော စမ်းသပ်စစ်ဆေးမှုများသည် ရင်ဆိုင်ဖူးခဲ့သမျှတွင် အကြီးမားဆုံးသော စမ်းသပ်စစ်ဆေးမှု ဖြစ်သည်။ “ဤလူတို့သည် အကြီးမားဆုံးသော စမ်းသပ်စစ်ဆေးမှုကို ရင်ဆိုင်ဖြတ်သန်း ခဲ့ကြသည်” ဟု ဆိုသောအခါ၌ ဤစမ်းသပ်စစ်ဆေးမှုကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းကို လူတို့၌ ရှိစေရန် စကားပြောသည်။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များသည် လူ့သဘောသဘာဝအတိုင်း၊ လူသား၏ အကျင့်စရိုက်အတိုင်း၊ ယနေ့ခေတ်၌ လူသားတို့ ဝင်ရောက်သင့်သည့် အရာများအတိုင်းပြောသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သူပြောဆိုသည့် နည်းလမ်းသည် စစ်မှန်သည့်အပြင် ပုံမှန်လည်း ဖြစ်သည်။ ဘုရားသခင်သည် မနက်ဖြန်နေ့ အကြောင်းကိုလည်း မပြော၊ လွန်ခဲ့သောနေ့ကိုလည်း ပြန်မလှည့်ကြည့်ပါ၊ လူသားက ဝင်ရောက်သင့်သည့် အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့် အရာနှင့် ယနေ့ နားလည်သင့်သည့် အရာများအကြောင်းကိုသာ ပြောသည်။ မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်၊ တန်ခိုးများ များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှု ဖြစ်သည်ဟု ဆိုပါက ထိုသူသည် နတ်ဆိုးများကို လိုက်တုနေခြင်း ဖြစ်သည်၊ ယေရှု လုပ်သည့်အတိုင်း တုပလုပ်ဆောင်ကြသော နတ်ဆိုးများ လုပ်သလို လုပ်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် လုပ်ပြီးသား အလုပ်တစ်ခုကို ပြန်မလုပ်ဟူသည့် အချက်ကို သတိရပါ။ ယေရှုလုပ်ရမည့် လုပ်ငန်းအဆင့်သည် ပြီးမြောက်ပြီးသား ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုအဆင့်ကို ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်လုပ်မည်မဟုတ်။ ဘုရားသခင်၏ အလုပ်သည် လူသား၏ အယူအဆများနှင့် ဘယ်လိုမှ မကိုက်ညီသော အလုပ်ဖြစ်သည်။ ဥပမာအားဖြင့် မေရှိယ လောကသို့ ကြွလာမည်ဟု ဓမ္မဟောင်းကျမ်းက ကြိုတင်ပြောထားသည်၊ အမှန်တော့ ယေရှု ကြွရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ နောက်ထပ် မေရှိယ တစ်ယောက် ရောက်လာဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ ယေရှုသည် တစ်ကြိမ် ကြွဆင်းလာပြီးပြီ ဖြစ်သောကြောင့် ယနေ့ခေတ်၌ ယေရှု နောက်တစ်ကြိမ် ထပ်လာဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ ခေတ်တိုင်းအတွက် အမည်နာမတစ်ခုရှိပြီး အမည်နာမအသီးသီးကလည်း ခေတ်ကာလ၏ ထူးခြားသော သွင်ပြင်လက္ခဏာကို ဆောင်ပါသည်။ လူသားတို့၏ အယူအဆများထဲ၌ ဘုရားသခင်သည် အမြဲ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ပြရမည်၊ မကျန်းမာသောသူများကို အစဉ် ကျန်းမာစေရမည်၊ နတ်ဆိုးများကို အစဉ်နှင်ထုတ်ရမည်၊ အမြဲ ယေရှုကဲ့သို့ ဖြစ်ရမည်ဟု ယူဆကြသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် ထိုကဲ့သို့ လုံးဝမဟုတ်ပါ။ အကယ်၍ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေမည်၊ မကျန်းမာသော သူများကို ကျန်းမာစေလိမ့်မည်၊ တစ်နည်းအားဖြင့် ယေရှု လုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် အရင်က လုပ်ပြီးသား အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသလို ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အလုပ်သည်လည်း ဘာမျှ ထူးခြားမှု ရှိတော့မည် မဟုတ်၊ ဘာတန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်း ခေတ်တိုင်းတွင် အလုပ်၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက် ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းသုံးပြီး အလုပ်လုပ်လေ့ ရှိသည်။ ဘုရားသခင်က အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက် ပြီးသွားပြီဆိုလျှင် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာများကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။ ယနေ့ ဘုရားသခင်လုပ်သည့် အလုပ်သည် အဘယ်ကြောင့် ယေရှုလုပ်ခဲ့သည့် အလုပ်နှင့် မတူသနည်း။ ဘုရားသခင်သည် ယနေ့ခေတ်တွင် အဘယ်ကြောင့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ အဘယ်ကြောင့် မကျန်းမာသောသူများကို ကျန်းမာအောင် မလုပ်ပေးသနည်း။ ယေရှုလုပ်ခဲ့သည့် အလုပ်သည် ပညတ်တရားခေတ်၌ ဘုရားသခင် လုပ်ခဲ့သည့် အလုပ်နှင့် ထပ်တူထပ်မျှ တူနေလျှင် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သည်ဟု ပြောနိုင်ပါမည်လော။ ယေရှုသည် လက်ဝါးကပ်တိုင်၌ ရွေးနုတ်ကယ်တင်သည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ပြောနိုင်ပါမည်လော။ ပညတ်တရားခေတ်တုန်းကလို ယေရှုသည် ဗိမာန်တော် ထဲသို့ ဝင်ပြီး ဥပုသ်နေ့ကို စောင့်ရှောက်ခဲ့လျှင် သူ့ကိုမည်သူကမျှ နှိပ်စက်ညှဉ်းပန်းမည် မဟုတ်၊ လူတိုင်းက သူ့ကို ကြိုဆို လက်ခံကြမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်း ခံရမည်ဟု သင်ထင်ပါသလား။ သူသည် ရွေးနုတ်ကယ်တင်သည့် အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု သင်ထင်ပါသလား။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှုပြုခဲ့သလို နိမိတ်လက္ခဏာများ၊ အံ့သြဖွယ် အမှုများကို ပြနေလျှင် ဘာအဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် သူလုပ်ဆောင်မည့် အလုပ်၏ နောက်အဆင့်တစ်ခုကို လုပ်မှသာ၊ တစ်နည်းအားဖြင့် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည့် နောက်ထပ် အဆင့်တစ်ခုကို လုပ်မှသာ လူသားသည် ဘုရားသခင်၏ အကြောင်းကို ပိုသိလာမည် ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည်လည်း ပြည့်စုံမည် ဖြစ်သည်။

နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန် ရောက်လာခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စကားများကို ဝိညာဉ်တော်၏ ရှုထောင့်၊ လူသား၏ ရှုထောင့်နှင့် ဘေးလူတစ်ယောက်၏ ရှုထောင့်မှ ပြောသည်။ အချိန်ကာလတစ်ခုချင်းစီအတွက် နည်းလမ်း တစ်မျိုးစီကို အသုံးပြုလေ့ရှိပြီး ကွဲပြားခြားနားသော နည်းလမ်းများဖြင့် စကားပြောလေ့ရှိသည်။ ထို့အပြင် လူသား၏ အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန် အတွက်လည်း စကားပြောသော နည်းလမ်းများကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အဓိက အလုပ်ဖြစ်သည်။ “ဘုရားသခင် လောကသို့ ကြွလာသည်မှာ မကျန်းမာသူများကို ကျန်းမာစေဖို့ ဖြစ်သည်၊ နတ်ဆိုးများကို နှင်ထုတ်ဖို့ ဖြစ်သည်၊ တန်ခိုးများ ပြဖို့ဖြစ်သည်၊ ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို လူသားကို ပေးဖို့ လာသည်” ဟု လူက ယုံကြည်နေသောကြောင့် ဘုရားသခင်သည် ထိုသို့သော အယူအဆများကို လူသား၏ အတွေးထဲမှ ဖယ်ရှားရန်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကို လူသားတို့သိစေရန်နှင့် လူ့နှလုံးသားထဲမှ ယေရှု၏ ပုံရိပ်ကိုဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးကောင်း ထိုးနိုင်စေရန်အတွက် ပြင်းပြင်းထန်ထန် ဆုံးမပြစ်တင်သည့် အလုပ်နှင့် တရားစီရင်သည့် အလုပ်တို့ကို သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ဆင့် အနေနှင့် ဘုရားသခင်က လုပ်ဆောင်လျက်ရှိသည်။ လူသား၏အထဲ၌ ဘုရားသခင်၏ ပုံရိပ် ဟောင်းလျှင် ဟောင်းခြင်း ထိုပုံရိပ်သည် ရုပ်တုဆင်းတုတစ်ခု ဖြစ်သွားသည်။ ယေရှုသည် ကြွဆင်းလာပြီး သူလုပ်ရမည့် အလုပ်အဆင့်ကို လုပ်ဆောင်သော အခါ၌ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပါ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အချို့ကို ပြုခဲ့သည်၊ နှုတ်ကပတ်တော်အချို့လည်းပြောခဲ့ပြီး အဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံး ကိုယ်စားမပြုနိုင်ခဲ့သော်လည်း ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်း တစ်ခုကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် အလွန်ပင် ကြီးမြတ်သောကြောင့်၊ အလွန်ကောင်းမြတ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့်နှင့် ခေတ်တိုင်းတွင် သူလုပ်ဆောင်သည့် အလုပ်၏ အဆင့်တစ်ဆင့်ကိုသာ လုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် အဓိကအားဖြင့် လူ့ဘဝအတွက် သူ၏ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝ၏ အနှစ်သာရကို ဖော်ပြခြင်း၊ လူသား၏ ပျက်စီးယိုယွင်းသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ ကျေးပိုင်ကျွန်ပိုင် ခေတ်ကလို အတွေးများ၊ ခေတ်မမီတော့သော အတွေးများ၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်စေရန် အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပါသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ ပြင်းပြင်းထန်ထန် ဆုံးမပြစ်တင်ရန်နှင့် လူသားကို စုံလင်စေရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဉာဏ်ပညာနှင့် နှစ်သက်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။ ပညတ်တော်ခေတ်၌ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင် ခေါ်ထုတ်ခဲ့သည်၊ ဣသရေလလူမျိုးများကို နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သို့သော် ထိုအချိန်က လူသား၏ အစွမ်းအစ နည်းသေးသောကြောင့် လူသား၏အသိပညာ ပြည့်စုံအောင် ဘယ်လိုမှ လုပ်လို့မရ၊ ဘုရားသခင်သည် ဆက်လက် ပြောဆိုလုပ်ကိုင်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားသည် ဘုရားသခင်၏ လုပ်ရပ်များထဲမှ နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံမြင်တွေ့ခဲ့သည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေနိုင်ခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့သည်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို လုပ်နိုင်ခဲ့သည်၊ သုံးရက်လွန်လျှင် ရှင်ပြန်ထမြောက်ပြီး လူရှေ့၌ ကိုယ်ထင်ပြခဲ့သည်။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်လျှင် ဒီထက်ပိုမသိ။ လူသားသည် ဘုရားသခင် ဖော်ပြသလောက်သာ သိခဲ့သည်။ အကယ်၍ ဘုရားသခင်သည် လူသားကို ဘာမျှ ထပ်မဖော်ပြခဲ့သော် လူသားသည် ဘုရားသခင် ယခင်က ဖော်ပြခဲ့သလောက်သာ သိမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဆက်လက် အလုပ်လုပ်နေပါသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏အသိပညာသည် ပိုနက်ရှိုင်းကောင်း နက်ရှိုင်းလာနိုင်စေဖို့၊ ဘုရားသခင်၏ ပင်ကိုယ်သဘောကို တဖြည်းဖြည်း နားလည်ကောင်း နားလည်လာနိုင်စေဖို့ ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ပျက်စီးယိုယွင်းသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်၏ စစ်မှန်မှုက သင်၏ ဘာသာရေးဆိုင်ရာ အယူအဆများကို အစားထိုးသည်။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွဆင်းလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဟူသည့် စကားများကို ပြည့်စုံစေရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဤအချက်ကို သင်သေသေချာချာ နားမလည်လျှင် မြဲမြံစွာ ရပ်တည်နိုင်မည် မဟုတ်သေးပေ။ နောက်ဆုံးသောကာလ၌ အဓိကအားဖြင့် ဘုရားသခင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာမည့် အလုပ်အဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုသည့် ဆန္ဒရှိပြီး ဤအရာသည် ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၏ အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုသည်။ ဘုရားသခင် မည်သို့ အလုပ်လုပ်သည်ဖြစ်စေ လူသားက သူ့ကို ဘောင်ထဲ ထည့်ထားစေရန် ဘုရားသခင် မလိုလားပါ။ အကယ်၍ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် ဤအလုပ်ကို မလုပ်လျှင် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည်လည်း ထပ်မံတိုးပွားနိုင်မည် မဟုတ်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်း ခံရနိုင်သည်၊ သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ယေရှုသည် သေခြင်းမှ ထမြောက်ပြီး ပေတရုကို ကိုယ်ထင်ပြနိုင်သည်ဟူသည့် အချက်များကိုသာ သင်သိ ပေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အပြင် လူသားကိုလည်း သိမ်းပိုက်နိုင်သည်ဟုလည်း သင်ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကြုံတွေ့ ခံစားပြီးမှသာ သင်သည် ထိုသို့သော အသိပညာအကြောင်းကို ပြောနိုင်မည်ဖြစ်သည်၊ ကိုယ်တိုင် ကြုံတွေ့ခံစားဖူးသော ဘုရားသခင်၏ အလုပ် များလေလေ၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အသိပညာသည် ပိုပြီးနှံ့စပ်လေလေ ဖြစ်မည်။ ထိုအခါ၌သာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအထဲ၌ ဘောင်ခတ်မထားမှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အလုပ်ကို ကိုယ်တိုင် ကြုံတွေ့ခံစားခြင်းအားဖြင့် ဘုရားသခင်ကို သိလာလေ့ရှိသည်။ ဘုရားသခင်ကို သိဖို့ အခြားနည်းလမ်းအမှန် မရှိပါ။ ယနေ့ခေတ်၌ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများနှင့် ကပ်ဘေးကျသည့် အချိန်ကို မြင်ဖို့ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေသူ များစွာရှိပါသည်။ သင်သည် ဘုရားသခင်ကို ယုံတာလား။ ကပ်ဘေးကို ယုံတာလား။ ကပ်ဘေးရောက်မည့် အချိန်ကို သင်စောင့်နေလျှင် အချိန်နှောင်းသွားမည် ဖြစ်သည်။ ကပ်ဘေးကို မစေလွှတ်ဘူးဆိုလျှင် ဘုရားသခင်က ဘုရား မဟုတ်တော့ဘူးလား။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို သင်ယုံတာလား၊ ဘုရားသခင်ကို သင်ယုံတာလား။ အခြားသူများက သူ့ကို အထင်သေး အမြင်သေး ဆက်ဆံသောအခါ၌ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြခဲ့၊ သို့ပြုလျှင် ယေရှုက ဘုရားသခင် မဟုတ်ဘူးလား။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို သင်ယုံတာလား၊ ဘုရားသခင်၏ အနှစ်သာရကို ယုံတာလား။ ယုံကြည်ခြင်းနှင့် ဆိုင်သော လူသား၏ အမြင်များသည် လွဲမှားနေသည်။ ပညတ်တော်ခေတ်၌ ယေဟောဝါသည် နှုတ်ကပတ်တော်များစွာ ပြောခဲ့သည်။ သို့သော်လည်း သူပြောခဲ့သော စကားများထဲမှ အချို့စကားများသည် ယနေ့ထက်ထိတိုင် ပြည့်စုံရန် လိုသေးသည်။ ထို့ကြောင့် ယေဟောဝါသည် ဘုရားသခင် မဟုတ်ဟု သင်ပြောမည်လော။

ယနေ့တွင် သင်တို့အားလုံး ရှင်းရှင်းလင်းလင်း သိသင့်သောအချက်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင် လုပ်ဆောင်သည့်အရာမှာ အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ ခံယူသည်” ဟူသည့် အချက်ဖြစ်သည်။ ကမ္ဘာမြေကြီး၌ သူအမှန်တကယ် လုပ်ဆောင်သော အလုပ်မှတစ်ဆင့် သူ့ကို လူသားက သိစေရန်၊ လူသားနှင့် ထိတွေ့ဆက်ဆံရန်နှင့် သူအမှန်တကယ် လုပ်ဆောင်သော အရာများကို လူသားတို့ တွေ့မြင်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်ကြောင်း၊ ခေတ်အပေါ်မူတည်ပြီး ထိုသို့ မလုပ်သော အချိန်များလည်း ရှိကြောင်းကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း သိစေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြနိုင်ခြင်းမဟုတ်၊ ထိုအစား သူလုပ်နေသည့်အလုပ်နှင့် ခေတ်အပေါ် မူတည်ပြီး အလုပ်လုပ်သော ပုံစံပြောင်းကြောင်းကို သင်သိနိုင်ပါသည်။ ယနေ့ခေတ်တွင် ဘုရားသခင် လုပ်ဆောင်လျက်ရှိသော အလုပ်အဆင့်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြပါ၊ ယေရှုခေတ်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အမှုအချို့ကို ပြခဲ့သည်မှာ ထိုခေတ်၌ လုပ်ဆောင်သော အလုပ်သည် ယနေ့ခေတ်၌ လုပ်ဆောင်သော အလုပ်နှင့် မတူသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် ထိုအလုပ်ကို မလုပ်ပါ။ ထို့ကြောင့် လူအချို့က ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြလျှင် ဘုရားသခင်သည် ဘုရားသခင် မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့ ယုံကြည်ခြင်းသည် အထင်အမြင် မှားခြင်းပင် မဟုတ်ပါလော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းရှိသည်။ သို့သော် သူသည် ကွဲပြားခြားနားသော ခေတ်တွင် အလုပ်လုပ်လျက် ရှိသောကြောင့် ထိုကဲ့သို့သော အလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်သည်။ ယနေ့ခေတ်သည် ယခင်ခေတ်နှင့် မတူသောကြောင့်၊ ယနေ့ခေတ်တွင် လုပ်ဆောင်လျက်ရှိသော အလုပ်အဆင့်သည် ယခင်က လုပ်ဆောင်ခဲ့သော အဆင့်နှင့် မတူသောကြောင့် ရှင်းရှင်းလင်းလင်း ဖော်ပြသော သူ၏ လုပ်ရပ်သည်လည်း ယခင်ခေတ်နှင့် မတူခြင်းဖြစ်သည်။ ဘုရားသခင်အပေါ်၌ ထားသော လူသား၏ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၌ ယုံခြင်းမဟုတ်၊ တန်ခိုး၌လည်း ယုံခြင်းမဟုတ်၊ အသစ်သောခေတ်၌ လုပ်ဆောင်သော ဘုရားသခင်၏ စစ်မှန်သော အလုပ်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်လုပ်ပုံ အားဖြင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ထိုအသိစိတ်သည် လူ၏အထဲ၌ ယုံကြည်ခြင်း၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ အလုပ်နှင့် လုပ်ရပ်အပေါ်၌ ယုံကြည်သည့် စိတ်ကို ဖြစ်စေသည်။ အလုပ်၏ ဤအဆင့်၌ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်ရဖို့ စောင့်မနေပါနှင့်။ ထိုအရာများကို သင်တွေ့ရမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော် ခေတ်အတွင်း၌ မွေးလာသူ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုခေတ်တွင် မွေးလာသူ ဖြစ်ပါက သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်တွေ့နိုင်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် သင်သည် နောက်ဆုံးသော ကာလ၌ မွေးလာသူ ဖြစ်သောကြောင့် ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကိုသာ တွေ့နိုင်သည်။ နောက်ဆုံးသော ကာလ၌ သဘာဝလွန် ယေရှုကို မြင်တွေ့ဖို့ မမျှော်လင့်ပါနှင့်။ သင်သည် လူ့ဇာတိခံယူသော လက်တွေ့ လုပ်ဆောင်တတ်သည့် ဘုရားသခင်၊ သာမန်လူတစ်ဦးနှင့် ဘာမျှ မခြားနားသော ဘုရားသခင်ကိုသာ မြင်နိုင်မည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏လုပ်ရပ် အမျိုးမျိုးကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိသည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏ လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိပြီး၊ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်သည် ဘုရားသခင် စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသကို ဖော်ပြသည်၊ သူ၏ လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကိုလည်း ကိုယ်စားပြု ဖော်ပြသည်။ ဘုရားသခင် ရှင်းရှင်းလင်းလင်း ဖော်ပြသော လုပ်ရပ်များသည် တစ်ခေတ်နှင့် တစ်ခေတ် မတူပေ။ သို့သော် ထိုအရာများအားလုံးက လူသားကို ဘုရားသခင်အား ပိုမိုနက်ရှိုင်းစွာ သိသော အသိကို ပေးသည်၊ ဟန်ဆောင်မှုကင်း၍ လက်တွေ့ကျသော၊ ပို၍ စစ်မှန်သော ယုံကြည်ခြင်းကို ပေးသည်။ လူက ဘုရားသခင်ကို ယုံကြည်သည်မှာ ဘုရားသခင်၏ လုပ်ရပ်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်ကောင်းမြတ်သောကြောင့်၊ အလွန်ကြီးမြတ်သောကြောင့်၊ အနန္တတန်ခိုးရှင် ဖြစ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို သင်ယုံသည်မှာ ဘုရားသခင်က နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့်၊ မကျန်းမာသော သူများကို ကျန်းမာစေနိုင်သောကြောင့်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့် ဖြစ်လျှင် သင်၏ အမြင်သည် မှားနေသည်။ လူတချို့က သင့်ကို “နတ်ဆိုးတွေလည်း အဲဒါတွေကို လုပ်နိုင်တယ် မဟုတ်ဘူးလား” ဟု မေးမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ ပုံရိပ်နှင့် ရောထွေးစေခြင်းပင် မဟုတ်လော။ ယနေ့တွင် လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့်၊ ဘုရားသခင် လုပ်ကိုင်ပြောဆိုသည့် ပုံစံအမျိုးမျိုးကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ဖို့အတွက်၊ လူသားကို စုံလင်စေဖို့အတွက် သူ၏ ဖွင့်ဆိုချက်များကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့် ဖြစ်သည်။ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့် မဟုတ်ပါ။ လူသားက ဘုရားသခင်ကို နားလည်သည်မှာလည်း ဘုရားသခင်၏ လုပ်ရပ်များကို မြင်တွေ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ် အစစ်အမှန်များ အကြောင်း၊ ဘုရားသခင် မည်သို့ အလုပ်လုပ်ကြောင်း၊ ဉာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံသော မည်သည့် နည်းလမ်းများကို ဘုရားသခင် အသုံးပြုလေ့ရှိကြောင်း၊ ဘုရားသခင် မည်သို့ စကားပြောလေ့ရှိကြောင်း၊ လူသားကို မည်သို့ စုံလင်စေကြောင်း စသည့်အချက်များကို သိမှသာ သင်သည် ဘုရားသခင်၏ စစ်မှန်မှုကို သိပြီး ဘုရားသခင်၏ စိတ်သဘောထားကို နားလည်နိုင်မည်ဖြစ်သည်။ ဘုရားသခင် ဘာကြိုက်လဲ၊ ဘုရားသခင် ဘာကို စက်ဆုပ် ရွံရှာသလဲ၊ လူ၌ ဘုရားသခင် ဘယ်လို အလုပ်လုပ်သလဲ စသည်ဖြင့် ဘုရားသခင် ကြိုက်သည့်အရာများ၊ မကြိုက်သည့်အရာများကို သိနားလည်လျှင် သင်သည် အပြုသဘော ဆောင်သောအရာနှင့် အနုတ်သဘော ဆောင်သောအရာကို ခွဲခြားနိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ အသိပညာမှတစ်ဆင့် သင့်အသက်တာတွင် တိုးတက်မှုရှိ မည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် သင်သည် ဘုရားသခင်၏ အလုပ်အကြောင်းကို သိရမည်၊ ယုံကြည်ခြင်းနှင့် ပတ်သက်သော သင်၏အမြင်ကို မှန်ကန်အောင် လုပ်ရမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။