ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကို သိခြင်းဖြစ်သည် (အပိုင်း တစ်)
ဘုရားသခင်ကို လူသား၏ ယုံကြည်ခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကယ်တင်ခြင်းခံရဖို့ ဖြစ်သည်။) ကယ်တင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်၍ စဉ်ဆက်မပြတ်ပြောဆိုရသော အကြောင်းအရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ကယ်တင်ခြင်းကို မည်သို့ ရရှိနိုင်သနည်း။ (သမ္မာတရားအား လိုက်စားခြင်း၊ ဘုရားသခင်ရှေ့တွင် အစဉ်သဖြင့် အသက်ရှင်ခြင်းအားဖြင့် ဖြစ်သည်။) ယင်းမှာ ကျင့်ကြံမှုအမျိုးအစားတစ်ခုဖြစ်သည်။ ဘုရားသခင်၏ ရှေ့တွင် အစဉ်အသက်ရှင်ခြင်းအားဖြင့် မည်သည့်အရာကို ရရှိရမည်နည်း။ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တည်ဆောက်ရန်ဖြစ်သည်။) (ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်၊ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်မှုကို ရရှိရန်ဖြစ်သည်။) အခြားမည်သည့်အရာရှိသေးသနည်း။ (သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားအား ကျွန်ုပ်တို့၏ အသက်ဖြစ်စေရန်ဖြစ်သည်။) ဤအရာများသည် တရားဒေသနာဟောကြားသည့် အချိန်အတွင်းတွင် မကြာခဏပြောသော အရာများဖြစ်ပြီး ဝိညာဉ်ရေးရာ စကားရပ်များဖြစ်သည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (ဤဖြစ်စဉ်အတွင်းတွင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အပြင်၊ ဘုရားသခင်အား အမှန်တကယ်သိမြင်မှုကို ရရှိရန်၊ နောက်ဆုံးတွင် သမ္မာတရားနှင့် လူ့သဘာဝပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်လာရန်အတွက် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ကာ သမ္မာတရားကို ရှာဖွေရန်အလို့ငှာဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်၏ ပြုပြင်ခြင်း၊ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးမှုတို့ကို တွေ့ကြုံခံစားရန်ဖြစ်သည်။) သင်တို့သည် ပြီးခဲ့သော နှစ်အနည်းငယ်တွင် တရားဒေသနာများကို ကြားနာခြင်းမှ များစွာနားလည်ခဲ့သည့်ပုံပေါ်သည်။ ဤသို့ဆိုလျှင် တကယ့်ပြဿနာနှင့် အခက်အခဲအချို့ကို ဖြေရှင်းရန် သင်တို့နားလည်သည့် ဤအရာများကို သင်၏ အတွေ့အကြုံများတွင် အသုံးပြု၍ရနိုင်သလော။ ဥပမာအားဖြင့် မမှန်ကန်သော အတွေးများနှင့် အယူအဆများ၊ ရံဖန်ရံခါဖြစ်ပေါ်သော အပျက်သဘောဆောင်မှုနှင့် အားနည်းချက်တို့အပြင်၊ အယူအဆများ၊ စိတ်ကူးများနှင့်သက်ဆိုင်သည့် ပြဿနာအချို့တို့ကို လျင်မြန်စွာ ဖြေရှင်း၍ရနိုင်သလော။ လူအချို့သည် ပြဿနာအသေးစား အနည်းငယ်ကို ဖြေရှင်းကောင်းဖြေရှင်းနိုင်သည်။ သို့သော် ၎င်းတို့သည် အကြီးစား၊ အရင်းအမြစ် အကြောင်းရင်းဖြစ်သော ပြဿနာများတွင် အခက်အခဲရှိနိုင်သေးသည်။ ယနေ့တွင် သမ္မာတရားနှင့်ပတ်သက်ပြီး သင်တို့တွင်ရှိသော နားလည်မှုအဆင့်အရ၊ သင်တို့သည် ယောဘကဲ့သို့သော စမ်းသပ်မှုမျိုးကို ရင်ဆိုင်ရလျှင် ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ (ကျွန်ုပ်တို့သည် ခိုင်မာစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်မည်။ သို့သော် တစ်စုံတစ်ခုက ကျွန်ုပ်တို့အပေါ် အမှန်တကယ် ဖြစ်ပျက်ခဲ့လျှင် ကျွန်ုပ်တို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုက မည်သည့်အရာဖြစ်မည်ကို ကျွန်ုပ်တို့ မသိပါ။) သို့သော် သင်တို့ထံ မည်သည့်အရာမျှ မဖြစ်ပျက်သောအခါတွင်ပင် သင်တို့၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုကို မသိသင့်သလော။ ဤအရာကို မသိခြင်းသည် အန္တရာယ်ကြီးမားသည်။ ဤမကြာခဏ ထပ်ခါထပ်ခါပြောဆိုသော ဝိညာဉ်ရေးစကားများနှင့် သတ်မှတ်ထားသော စကားစုများ၏ လက်တွေ့ကျသော ကဏ္ဍများကို သင်တို့သိသလော။ ဤစကားစုတစ်ခုစီ၏ စစ်မှန်သော သွယ်ဝိုက်ညွှန်းဆိုမှုကို သင်တို့ နားလည်သလော။ ထိုအရာများထဲတွင် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကိုသာ သင်တို့ နားလည်သလော။ သင်သည် ဤအရာများကို သိပြီး တွေ့ကြုံပြီးဖြစ်လျှင် ဤသည်မှာ သမ္မာတရားကို သင်နားလည်သည်ဟု သက်သေပြသည်။ သင်သည် ဝိညာဉ်ရေးစကားများနှင့် စကားစုအနည်းငယ်ကိုသာ အကြိမ်ကြိမ်ရေရွတ်နိုင်သော်လည်း၊ တစ်စုံတစ်ခုကို သင် အမှန်တကယ် ကြုံတွေ့သောအခါ ၎င်းတို့သည် သင့်အတွက် အသုံးမဝင်လျှင်၊ ထိုအရာများက သင်၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိလျှင် ဤသည်မှာ ဤနှစ်ကာလများအားလုံးတွင် ဘုရားသခင်ကို သင် ယုံကြည်ပြီးနောက် သင်သည် သမ္မာတရားကို နားမလည်သေးဘဲ တကယ့်အတွေ့အကြုံတစ်ခုမျှ မရှိခဲ့သေးသည်ကို သက်သေပြသည်။ ဤအရာကို ငါပြောခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤအခြေအနေအထိ ရောက်ရှိပြီးနောက်တွင်၊ ဘာသာရေးသမားများ၊ သို့မဟုတ် ဘာသာတရားမရှိသောသူများထက် သမ္မာတရားကို အနည်းငယ်ပို၍ နားလည်ကြသည်။ ဘုရားသခင့် အမှုတော်၏ ရူပါရုံအချို့ကို နားလည်ကြပြီး စည်းမျဉ်းသတ်မှတ်ထားသော ကိစ္စရပ်အနည်းငယ်ကို လိုက်နာနိုင်ကြသည်။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် နားလည်မှု၊ တန်ဖိုးထားမှုအချို့ရှိသည်၊ အမှန်တကယ် သဘောပေါက်နားလည်နိုင်စွမ်းအချို့ရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ဤအရာများသည် ၎င်းတို့၏ အသက်စိတ်သဘောထားကို ပြောင်းလဲပေးလေပြီလော။ သင်တို့တစ်ဦးချင်းစီသည် ဘုရားသခင်၏ အမှုတော်ရူပါရုံ၊ ဘုရားသခင့် အမှုတော်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ရည်ရွယ်ချက်များဖြစ်သော ရူပါရုံများနှင့် ဆက်နွှယ်သည့် မကြာခဏ ကြားရလေ့ရှိသော သမ္မာတရားများအကြောင်းကို ခြုံငုံလျက် အနည်းငယ် ပြောနိုင်သည်။ သင်တို့ပြောသော အသိအမြင်သည် ဘာသာရေးသမားများထက် များစွာပို၍ အဆင့်မြင့်သည်။ သို့သော် ဤအရာအားလုံးသည် သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်သလော၊ သို့မဟုတ် သင်တို့၏ စိတ်သဘောထားတွင် တစ်စိတ်တစ်ပိုင်း ပြောင်းလဲခြင်းကိုပင် ဖြစ်စေနိုင်သလော။ ဤအရာကို သင်တို့ တိုင်းတာနိုင်သလော။ ဤသည်မှာ အလွန်အရေးကြီးသည်။
ကမ္ဘာမြေပေါ်တွင် ဘုရားသခင်အား အတိအကျ မည်သို့သိမြင်ရမည်၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်နှင့် မည်သို့ဆက်ဆံရမည်၊ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို မည်သို့ တည်ဆောက်ရမည်ဆိုသည်တို့ကို လတ်တလောတွင် ငါတို့ မိတ်သဟာယပြုထားသည်။ ဤအရာတို့သည် လက်တွေ့အကျဆုံး မေးခွန်းများမဟုတ်သလော။ ဤအရာအားလုံးသည် လက်တွေ့လုပ်ဆောင်မှု ကဏ္ဍနှင့်သက်ဆိုင်သော သမ္မာတရားများဖြစ်ပြီး ဤအရာများကို မိတ်သဟာယဖွဲ့ခြင်း ရည်ရွယ်ချက်သည် ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်၊ မိမိတို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် မည်သို့ ဆက်ဆံပြီး ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကိုတည်ဆောက်ရမည်ဆိုသည်ကို ၎င်းတို့အားအသိပေးရန်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သော သမ္မာတရားများ၊ သင် ကြားခဲ့ပြီးဖြစ်သော၊ နားလည်ကာ လက်တွေ့လုပ်ဆောင်နိုင်သော သမ္မာတရားအားလုံးအရ၊ ၎င်းတို့သည် သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်သလော။ လူတို့သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင်၊ ဤအရာကို ရရှိရန်အတွက် အမှန်တကယ် ကြိုးပမ်းလျှင် သမ္မာတရားအား ၎င်းတို့ လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်၊ ဤသမ္မာတရားများကို ၎င်းတို့၏ စစ်မှန်မှုဖြစ်စေပြီးဖြစ်လျှင် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရရှိနိုင်သလော။ (ရရှိနိုင်သည်။) စိတ်သဘောထားတွင် ပြောင်းလဲမှုများသည် မည်သည့်အရာများဖြစ်သည်ကို လူများစွာက မမြင်နိုင်ကြပေ။ ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒများစွာကို အကြိမ်ကြိမ်ရွတ်ဆိုနိုင်ခြင်း၊ သမ္မာတရားများစွာကို နားလည်ခြင်းသည် စိတ်သဘောထားပြောင်းလဲမှုများကို ကိုယ်စားပြုသည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ မှားယွင်း၏။ သမ္မာတရားအား နားလည်သည့်အချိန်မှစပြီး ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအထိ၊ ထို့နောက် စိတ်သဘောထားပြောင်းလဲခြင်းအထိသည် ဘဝအတွေ့အကြုံ၏ ရှည်လျားသော ဖြစ်စဉ်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းများကို သင်တို့ မည်သို့ နားလည်သနည်း။ ဤအခြေအနေအထိ သင်တို့ ကြုံတွေ့ခဲ့ရသော အရာအားလုံးတွင် သင်၏ အသက်စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုခုရှိပြီးပြီလော။ ဤအရာများကို သင်တို့ မမြင်ကောင်းမမြင်နိုင်ပေ။ ဤအရာအားလုံးက ပြဿနာဖြစ်စေသည်။ “စိတ်သဘောထားပြောင်းလဲခြင်းများ” တွင်ရှိသော “ပြောင်းလဲခြင်း” ဟူသည့် စကားသည် အမှန်တကယ်တွင် နားလည်ရန် အလွန်ခက်ခဲခြင်းမရှိပေ။ ဤသို့ဆိုလျှင် “စိတ်သဘောထား” ဆိုသည်မှာ အဘယ်နည်း။ (လူသား ဖြစ်တည်မှု၏ နိယာမ၊ စာတန်၏ အဆိပ်ဖြစ်သည်။) အခြားမည်သည့်အရာဖြစ်သေးသနည်း။ (လူသားတွင် သဘာဝဖြစ်သည့်အရာ၊ ဘဝ၏ အနှစ်သာရတွင်ရှိသည့်အရာဖြစ်သည်။) သင်တို့သည် ဤဝိညာဉ်ရေးဝေါဟာရများကို ထုတ်ပြောလျက်ရှိသည်။ သို့သော် ယင်းတို့အားလုံးသည် အယူဝါဒများ၊ အကြမ်းဖျင်းဖော်ပြချက်များဖြစ်ပြီး၊ မည်သည့် အသေးစိတ်အချက်အလက်မျှ မပါဝင်ပေ။ ဤသည်မှာ သမ္မာတရား၏ အနှစ်သာရကို နားလည်ခြင်းမဟုတ်ပေ။ ငါတို့သည် စိတ်သဘောထားပြောင်းလဲခြင်းအကြောင်းကို မကြာခဏပြောဆိုကြပြီး၊ ထိုသို့သော အကြောင်းအရာများသည် ဘုရားသခင်အား လူတို့ စတင်၍ ယုံကြည်သည့်အချိန်မှစ၍ ၎င်းတို့က စုဝေးပွဲတက်သည်ဖြစ်စေ၊ တရားဒေသနာ နားထောင်သည်ဖြစ်စေ အစဉ်သဖြင့် ဆွေးနွေးနေခဲ့ကြသည်။ ဤအရာတို့သည် ဘုရားသခင်ကို လူတို့ ယုံကြည်သောအခါ နားလည်သဘောပေါက်ရန် ကြိုးစားသင့်သည့် အရာများဖြစ်သည်။ သို့သော် စိတ်သဘောထားပြောင်းလဲမှုများက အတိအကျ မည်သည့်အရာများဖြစ်သည်၊ မိမိတို့၏ ကိုယ်ပိုင်စိတ်သဘောထားတွင် ပြောင်းလဲမှုရှိမရှိ၊ ပြောင်းလဲခြင်းကို ရရှိဖို့ ဖြစ်နိုင်ခြေရှိမရှိတို့ကိုမူ လူတို့က မသိနားမလည်ပေ။ များစွာသောလူတို့သည် ဤအရာများကို မသိနားမလည်ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ တွေးမကြည့်သကဲ့သို့ ဤအရာများကို မည်သည့်နေရာမှစ၍ စဉ်းစားရမည်ကိုလည်း မသိပေ။ စိတ်သဘောထားဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ အကြီးစား အကြောင်းအရာတစ်ခုဖြစ်သည်။ သင်သည် ဤအရာကို နားလည်လိုက်သည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုရှိမရှိ၊ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲသည်၊ ပြောင်းလဲမှု မည်မျှရှိခဲ့သည်၊ အချို့သော အရာများကို သင် ကြုံတွေ့ပြီးနောက်တွင် သင်၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းရှိမရှိဆိုသကဲ့သို့သော မေးခွန်းများကို အနည်းနှင့်အများ နားလည်လိမ့်မည်။ စိတ်သဘောထား ပြောင်းလဲခြင်းများကို ဆွေးနွေးရန်အတွက် စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ဦးစွာ နားလည်ရမည်။ လူတိုင်းက “စိတ်သဘောထား” ဟူသော စကားလုံးကို သိသည်။ လူတိုင်းက ထိုစကားကို ရင်းနှီးသည်။ သို့သော် စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို မသိကြပေ။ စိတ်သဘောထားက အတိအကျ မည်သည့်အရာဖြစ်သည်ဆိုသည်ကို စကားလုံးအနည်းငယ်ဖြင့် ရှင်းလင်းပြ၍ မရနိုင်ပေ။ နာမ်တစ်ခုအဖြစ် ရှင်းမပြနိုင်ပေ။ ယင်းသည် အလွန်ပင် လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သောအရာဖြစ်ပြီး၊ အလွယ်တကူ နားမလည်နိုင်သောကြောင့်ဖြစ်သည်။ သင်တို့ နားလည်မည့် ဥပမာတစ်ခုကို ငါပေးမည်။ သိုးနှင့် ဝံပုလွေ နှစ်ကောင်လုံးက တိရစ္ဆာန်များဖြစ်သည်။ သိုးက မြက်စားပြီး ဝံပုလွေက အသားစားသည်။ ဤအရာကို ၎င်းတို့၏ သဘာဝက သတ်မှတ်ပြဋ္ဌာန်းထားသည်။ တစ်နေ့တွင် သိုးများက အသားစားပြီး ဝံပုလွေများက မြက်စားလျှင် ၎င်းတို့၏ သဘာဝက ပြောင်းလဲသွားမည်လော။ (မပြောင်းလဲပါ။) သိုးက မြက်မစားလျှင် ဆာလောင်လာလိမ့်မည်။ သိုးကို အသားအချို့ပေးလျှင် စားလိမ့်မည်။ သို့သော် သိုးသည် သင့်အပေါ် အလွန်ကျိုးနွံနေဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ စိတ်သဘောထားဖြစ်သည်။ ယင်းသည် သိုး၏ သဘာဝ အနှစ်သာရဖြစ်သည်။ သိုးတစ်ကောင်၏ ကျိုးနွံမှုသည် မည်သည့်ကဏ္ဍတွင် သူ့ဘာသာ ပေါ်လွင်သနည်း။ (လူတို့ကို မတိုက်ခိုက်ပေ။) မှန်သည်။ ဤသည်မှာ ကျိုးနွံသော စိတ်သဘောထားဖြစ်သည်။ သိုးတစ်ကောင်တွင် ပြသသော စိတ်သဘောထားသည် ပျော့ပြောင်းခြင်း၊ နာခံခြင်းဖြစ်သည်။ ရက်စက်ခြင်းမရှိဘဲ ကျိုးနွံပြီး ကြင်နာသည်။ ဝံပုလွေက ဤသို့မဟုတ်ပေ။ သူ၏ စိတ်သဘောထားသည် ရက်စက်ပြီး အကောင်ငယ်သော တိရစ္ဆာန်မျိုးစုံကို စားသည်။ ဆာလောင်နေသော ဝံပုလွေဖြင့် ကြုံတွေ့ခြင်းသည် အလွန်အန္တရာယ်ရှိသည်။ သင်က ရန်မစလျှင်ပင် ဝံပုလွေက သင့်ကိုစားဖို့ ကြိုးစားနိုင်သည်။ ဝံပုလွေ၏ စိတ်သဘောထားသည် ကျိုးနွံခြင်း၊ သို့မဟုတ် ကြင်နာခြင်းမရှိဘဲ ရက်စက်ပြီး ကြမ်းကြုတ်သည်။ ကရုဏာ၊ သို့မဟုတ် သနားခြင်းတစ်စွန်းတစ်စမျှမရှိပေ။ ဤသည်မှာ ဝံပုလွေတစ်ကောင်၏ စိတ်သဘောထားဖြစ်သည်။ ဝံပုလွေနှင့် သိုး၏ စိတ်သဘောထားတို့သည် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ကိုယ်စားပြုသည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ဖွင့်ပြသောအရာများသည် လူသားက ပါဝင်ခြင်း၊ သို့မဟုတ် လှုံ့ဆော်ခြင်းမရှိဘဲ အခြေအနေက မည်သို့ဖြစ်စေ သူ့ဘာသာ အလိုအလျောက် ပေါ်လွင်လေသည်။ လူသားက ထပ်ပါဝင်ခြင်း လုံးဝ မလိုအပ်ဘဲ ထိုအရာများက အလိုအလျောက် ပေါ်လွင်ထင်ရှားလေသည်။ ဝံပုလွေများ၏ ကြမ်းကြုတ်မှုနှင့် ရက်စက်မှုကို လူသားက အတင်းထုတ်ဖော်ခိုင်းခြင်းမဟုတ်သကဲ့သို့ သိုး၏ ကြင်နာမှုနှင့် ကျိုးနွံမှုကို လူသားများက ထည့်သွင်းခြင်းလည်းမဟုတ်ပေ။ ၎င်းတို့သည် ဤအရာများနှင့်အတူ မွေးဖွားလာခြင်းဖြစ်သည်။ ဤအရာများသည် သဘာဝအလျောက် ပေါ်လွင်သောအရာများဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားဖြစ်သည်။ ဤဥပမာက သင်တို့အား စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်ကို အနည်းငယ် နားလည်စေသလော။ (နားလည်စေပါသည်။) ဤသည်မှာ အယူအဆနှင့်ဆိုင်သော ကိစ္စမဟုတ်ပေ။ နာမ်အချို့ကို ရှင်းပြနေခြင်းမဟုတ်ပေ။ ဤတွင် အမှန်တရားရှိသည်။ ဤသို့ဆိုလျှင် ဤနေရာ၌ အမှန်တရားက အဘယ်နည်း။ လူသား၏ စိတ်သဘောထားသည် လူသား၏ သဘာဝဖြင့် ဆက်နွှယ်နေသည်။ လူသား၏ စိတ်သဘောထားနှင့် လူသား၏သဘာဝ နှစ်ခုလုံးသည် စာတန်နှင့် သက်ဆိုင်သည်။ ယင်းတို့သည် ဘုရားသခင်အား ဆန့်ကျင်ကာ ရန်မူလိုသည်။ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိခြင်းမရှိသကဲ့သို့ မပြောင်းလဲလျှင် လူတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် သဘာဝအလျောက်ဖွင့်ပြသောအရာတို့သည် ဆိုးယုတ်ခြင်း၊ အပျက်သဘောဆောင်ခြင်း၊ သမ္မာတရားအား ချိုးဖောက်ခြင်းတို့သာ ဖြစ်ပေမည်။ ဤအရာသည် သံသယရှိစရာမလိုပေ။
သိုးနှင့် ဝံပုလွေ၏ စိတ်သဘောထားကို ငါတို့ ယခုပြောခဲ့ကြသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားသော တိရစ္ဆာန်နှစ်မျိုးဖြစ်သည်။ ၎င်းတို့တစ်မျိုးချင်းစီတွင် ကိုယ်ပိုင်စိတ်သဘောထားများရှိပြီး ၎င်းတို့အတွင်းတွင် ပေါ်လွင်သောအရာများရှိသည်။ သို့သော် လူသား၏ စိတ်သဘောထားဖြင့် မည်သို့ဆက်စပ်သနည်း။ ဤဥပမာမှတစ်ဆင့် လူသား၏ စိတ်သဘောထားက အတိအကျမည်သည့်အရာဖြစ်သည်ကို တစ်ဖန်ကြည့်ရှုသည့်အခါ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားများရှိသနည်း။ (လူတို့နှင့် ဆက်ဆံခြင်းအားဖြင့် လူတို့တွင် မည်သို့သော စိတ်သဘောထားမျိုးရှိသည်ကို ကျွန်ုပ်တို့ အကြမ်းဖျင်းသိနိုင်သည်။ ဥပမာ လူတစ်ယောက်နှင့် စကားပြောသောအခါတွင် သူသည် သွယ်ဝိုက်၍ စကားပြောသည်၊ မည်သည့်အရာကို ဆိုလိုသည်ကို အခြားလူများက မသိနိုင်သည်အထိ အစဉ်သဖြင့် မရေမရာပြောဆိုသည်ဟု ကျွန်ုပ်တို့ ခံစားရနိုင်သည်။ ယင်းမှာ ထိုသူတွင် လှည့်စားတတ်သော စိတ်သဘောထားရှိသည့် သဘောဖြစ်သည်။ ထိုသူက ပြောဆိုလေ့ရှိသော၊ လုပ်ဆောင်လေ့ရှိသောအရာမှတစ်ဆင့်၊ ထိုသူ၏ လုပ်ရပ်များနှင့် အပြုအမူမှတစ်ဆင့် ယေဘုယျ နားလည်မှုကို ကျွန်ုပ်တို့ ရရှိနိုင်ပါသည်။) လူတို့နှင့် ဆက်ဆံခြင်းမှတစ်ဆင့် စိတ်သဘောထား ပြဿနာအချို့ကို သင်မြင်နိုင်သည်။ ဤဥပမာကို ကြားပြီးနောက်တွင် စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သင်တို့ အကြမ်းဖျင်းနားလည်သည့်ပုံစံရှိသည်။ ဤသို့ဆိုလျှင် လူအားလုံးတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသနည်း။ လူတို့က သတိမပြုမိ၊ မခံစားမိနိုင်သော်လည်း သံသယရှိစရာမလိုဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်မှာ မည်သည့် စိတ်သဘောထားများဖြစ်သနည်း။ ဥပမာ ဆိုကြပါစို့။ လူအချို့သည် အလွန်ပင် တွယ်တာမှုရှိပြီး ဘုရားသခင်က “သင်သည် အလွန်အမင်း တွယ်တာမှုရှိသည်။ သင်နှစ်သက်သည့် သူတစ်ယောက်၊ သို့မဟုတ် သင်၏ မိသားစုနှင့်သက်ဆိုင်သည့်အရာတစ်ခုနှင့် ပတ်သက်လျှင် သူ၏ အခြေအနေကို နားလည်ဖို့၊ သို့မဟုတ် အမှန်တကယ်တွင် မည်သို့ဖြစ်ပျက်နေသည်ကို နားလည်ဖို့ မည်သူက ကြိုးစားပါစေ သင်က ထိုသူ့အကြောင်းကို ထုတ်မပြောဘဲ ဖုံးဖိပေးလျက်ရှိသည်။ ဤသည်မှာ တွယ်တာမှုဖြစ်သည်” ဟူ၍ ပြောသည်။ ၎င်းတို့က ဤအရာကို ကြားပြီး နားလည်သည်။ အသိအမှတ်ပြုသည်။ အမှန်တရားအဖြစ် လက်ခံသည်။ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်သည်၊ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ဆိုသည်ကို ၎င်းတို့က အသိအမှတ်ပြုပြီး ဤအရာကို ၎င်းတို့ထံ ဖော်ထုတ်ပေးသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ကြသည်။ ဤအရာမှနေ၍ ၎င်းတို့၏ စိတ်သဘောထားကို မြင်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည်၊ အမှန်တရားများကိုလက်ခံသည်၊ အာခံခြင်းမရှိဘဲ ကျိုးနွံနာခံခြင်းရှိသည်ဟူ၍ သိသာထင်ရှားသလော။ (သိသာထင်ရှားခြင်းမရှိပါ။ ပြဿနာများကို ရင်ဆိုင်သည့်အခါတွင် ၎င်းတို့က မည်သို့လုပ်ဆောင်သည်နှင့် ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာက တူညီခြင်းရှိမရှိတို့အပေါ်တွင် မူတည်သည်။) သင်တို့ပြောသည်မှာ နီးစပ်သည်။ ထိုအချိန်တွင် ၎င်းတို့က လက်ခံတတ်သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့၌ ထိုသို့သောအရာ ဖြစ်ပျက်သောအခါ ၎င်းတို့ ပြုမူလုပ်ဆောင်ပုံတွင် ပြောင်းလဲခြင်းမရှိပေ။ ဤသည်မှာ စိတ်သဘောထားတစ်မျိုးကို ကိုယ်စားပြုသည်။ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် ထိုအချိန်က နားထောင်နေသည်။ ထို့နောက်တွင် စဉ်းစားပြီး မိမိတို့ကိုယ်ကို ပြောသည်။ “တရားဒေသနာများစွာကို ကြားနာပြီးနောက်တွင် ငါ့မှာ တွယ်တာမှုရှိသည်ကို အဘယ်သို့ ငါ မသိနိုင်ရသနည်း။ ငါသည် တွယ်တာမှုရှိသည်။ သို့သော် မည်သူက မရှိဘဲနေသနည်း။ ငါ၏ မိသားစုနှင့် ငါရင်းနှီးသည့် လူများကို ငါ မကာကွယ်လျှင် မည်သူက ကာကွယ်မည်နည်း။ တတ်စွမ်းနိုင်သောသူပင်လျှင် အခြားလူသုံးယောက်၏ ပံ့ပိုးမှုကို လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် စဉ်းစားသည့်အရာဖြစ်သည်။ ပြုမူဆောင်ရွက်ရန် အချိန်ကျလာသောအခါတွင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့စဉ်းစားစီစဉ်နေသောအရာနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် ၎င်းတို့၏ သဘောထားအားလုံးကို ၎င်းတို့၏ စိတ်သဘောထားက အဆုံးအဖြတ်ပေးသည်။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ “ဘုရားသခင်က သူအလိုရှိသည့် အရာမှန်သမျှကို ပြောဆိုပြီး ဖော်ထုတ်နိုင်သည်။ ငါသည် သူ၏ ရှေ့တွင်ရှိသောအခါ ငါလက်ခံသင့်သည့်အရာမှန်သမျှကို လက်ခံမည်။ သို့သော် ငါ၏ စိတ်ကို ဆုံးဖြတ်ပြီးဖြစ်သည်။ ငါ၏ ခံစားချက်များကို ဘေးဖယ်ထားဖို့ ရည်ရွယ်ချက်မရှိ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သလော။ ၎င်းတို့၏ စိတ်သဘောထားသည် သူ့ဘာသာ ပေါ်လွင်သွားခဲ့ပြီး ၎င်းတို့၏ သရုပ်မှန်က ဖော်ထုတ်ခံရပြီးဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသူဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ ဆိုဆုံးမရခက်ခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ၎င်းတို့သည် အာမင်ဟု ပြောပြီး လက်ခံဟန်ဆောင်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးက မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို အလေးအနက်မထားပေ။ ယင်းတို့ကို သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်။ သမ္မာတရားအဖြစ်ပင် မမှတ်ယူပေ။ ဤသည်မှာ စိတ်သဘောထားတစ်မျိုး ဖြစ်သည်မဟုတ်လော။ ဤသို့သော စိတ်သဘောထားသည် သဘောသဘာဝ အမျိုးအစားတစ်ခုခုကို ဖွင့်ပြခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤစိတ်သဘောထားမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ ခေါင်းမာခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ခေါင်းမာခြင်းသည် လူသား၏ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်ပြီး လူအားလုံးတွင် တွေ့ရှိရသည်။ ဤသည်မှာ စိတ်သဘောထားတစ်ခုဟု ငါ အဘယ်ကြောင့်ပြောရသနည်း။ ဤသည်မှာ လူတို့၏ သဘာဝ အနှစ်သာရမှ ပေါက်ဖွားသောအရာတစ်ခုဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင် စဉ်းစားကြည့်ဖို့ မလိုပေ။ အခြားလူများက သင့်ကို သင်ပေးဖို့၊ သို့မဟုတ် သင်၏ အတွေးများကို ဆန်းစစ်ဖို့ မလိုသကဲ့သို့ စာတန်က သင့်အား အထင်အမြင်မှားစေဖို့ မလိုပေ။ ယင်းသည် သင့်တွင် သဘာဝအလျောက် ပေါ်လွင်သည်။ သင်၏ သဘာဝမှ ပေါက်ဖွားသည်။ မည်သည့်မကောင်းသောအရာများကို ၎င်းတို့ လုပ်ဆောင်ပါစေ စာတန်ကို အစဉ် အပြစ်တင်သောသူအချို့ရှိသည်။ ၎င်းတို့က “စာတန်သည် ဤအယူအဆကို ငါ၏ ခေါင်းထဲသို့ ထည့်သည်။ စာတန်က ငါ့ကို ဤသို့လုပ်ဆောင်စေရန် ပြုလုပ်သည်” ဟု အစဉ် ပြောဆိုသည်။ မကောင်းသည့်အရာမှန်သမျှကို စာတန်အပေါ် ပုံချသည်။ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝအတွင်းတွင်ရှိသော ပြဿနာများကို လုံးဝ ဝန်မခံပေ။ ဤသည်မှာ မှန်ကန်သလော။ သင်သည် စာတန်အားဖြင့် အလွန်အမင်း ဖျက်ဆီးခြင်းခံရသည်မဟုတ်လော။ သင်သည် ဤအရာကို ဝန်မခံလျှင် စာတန်၏ စိတ်သဘောထားက သင့်တွင် ပေါ်လွင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ စာတန်က အနှောင့်အယှက်ဖြစ်စေသော အချိန်များလည်းရှိသည်မှာ မှန်သည်။ လူတို့သည် ဆိုးယုတ်သောသူ၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်က အထင်အမြင်မှားစေခြင်း၊ ချောက်ချခြင်းကို ခံရသောအချိန်၊ သို့မဟုတ် ဝိညာဉ်ဆိုးများက အလုပ်လုပ်ပြီး ၎င်းတို့ကို အတွေးများ ပို့ဆောင်သောအချိန်တို့ ပါဝင်သည်။ သို့သော် ဤအရာများသည် ခြွင်းချက်များသာဖြစ်သည်။ အချိန်အများစုတွင် လူတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝ၏ ညွှန်ကြားခြင်းကို ခံရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ဖွင့်ပြကြသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် လိုအင်ဆန္ဒများအတိုင်း ပြုမူဆောင်ရွက်သောအခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ဤအရာများဖြင့် အသက်ရှင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝဖြင့် အသက်ရှင်နေကြခြင်းဖြစ်သည်။ ဤအရာတို့သည် ငြင်းမရနိုင်သော အမှန်တရားများဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝ၏ အုပ်စိုးခြင်းကို ခံရသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝဖြင့် အသက်ရှင်သောအခါ ၎င်းတို့တွင် ဖွင့်ပြသောအရာမှန်သမျှသည် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ဤအရာကို စာတန်အပေါ်သို့ တွန်းပို့၍ မရပေ။ ဤအရာတို့သည် စာတန်က ပို့ဆောင်သော အတွေးများဖြစ်သည်ဟု မဆိုနိုင်ပေ။ လူတို့သည် အလွန်အမင်း ဖျက်ဆီးခြင်းခံထားရပြီးဖြစ်သောကြောင့် စာတန်နှင့် သက်ဆိုင်ကြပြီး လူတို့သည် စာတန်နှင့် မကွာခြားသကဲ့သို့ အသက်ရှင်နေသော မကောင်းဆိုးဝါးများ၊ အသက်ရှင်နေသော စာတန်များဖြစ်သောကြောင့်၊ သင့်အတွင်းတွင် ဖွင့်ပြသော စာတန်ဆန်သည့် အရာတိုင်းကို စာတန်ဆီသို့ တွန်းမပို့ရပေ။ သင်သည် စာတန်ထက်ပို၍ မသာပေ။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။
လူတို့သည် ခေါင်းမာသော စိတ်သဘောထားတစ်ခုရှိသောအခါ ၎င်းတို့အတွင်းတွင် မည်သည့်အခြေအနေမျိုးရှိသနည်း။ အဓိကအားဖြင့် ၎င်းတို့သည် ခေါင်းမာပြီး မိမိကိုယ်ကို အမှန်ထင်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားပြီး၊ ၎င်းတို့ပြောသည့်အရာက မှန်သည်ဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့သည် လုံးလုံးပင် အလျှော့ပေးခြင်းမရှိသကဲ့သို့ မိမိအမြင်ကိုသာ စွဲကိုင်ထားသည်။ ဤသည်မှာ ခေါင်းမာသော သဘောထားဖြစ်သည်။ ၎င်းတို့သည် ပျက်နေသော ဓါတ်ပြားကဲ့သို့ မည်သူ့ကိုမျှ နားမထောင်ဘဲ လမ်းကြောင်းတစ်ခုအပေါ်တွင်သာ မပြောင်းမလဲဘဲ ကပ်တွယ်နေပြီး မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့နှင့်အတူ လုပ်ဆောင်ရန် မရမကပြောဆိုသည်။ ဤတွင် နောင်တမရခြင်းအချို့ရှိသည်။ “ဝက်သေကောင်များသည် ပွက်ပွက်ဆူနေသောရေကို မကြောက်” ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ခြင်းက မှန်ကန်သည်ကို ကောင်းစွာသိသော်လည်း မလုပ်ဆောင်ကြပေ။ သမ္မာတရားကို လက်ခံရန် ခိုင်မာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ခေါင်းမာခြင်းဖြစ်သော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ခေါင်းမာသော စိတ်သဘောထားကို မည်သည့်အခြေအနေမျိုးတွင် သင်တို့ ဖွင့်ပြသနည်း။ သင်တို့ မကြာခဏ ခေါင်းမာကြသလော။ (ခေါင်းမာပါသည်။) မကြာခဏ ခေါင်းမာသည်။ ခေါင်းမာခြင်းက သင်၏ စိတ်သဘောထားဖြစ်သောကြောင့် သင်ဖြစ်တည်နေသည့် နေ့ရက်တိုင်း၏ စက္ကန့်တိုင်းတွင် ဤအရာက သင်နှင့်အတူပါရှိသည်။ ခေါင်းမာခြင်းသည် လူတို့အား ဘုရားသခင်ရှေ့သို့ မလာရောက်နိုင်အောင် တားဆီးသည်။ သမ္မာတရားအား လက်မခံနိုင်အောင် တားဆီးသည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးသည်။ သင်သည် သမ္မာတရား စစ်မှန်မှုသို့ မဝင်ရောက်နိုင်လျှင် သင့် စိတ်သဘောထား၏ ဤကဏ္ဍတွင် ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်သလော။ အလွန် ခက်ခဲလိမ့်မည်။ ခေါင်းမာသော သင်တို့ စိတ်သဘောထား၏ ဤကဏ္ဍတွင် ယခု ပြောင်းလဲမှုတစ်ခုခုရှိသလော။ ပြီးလျှင် ပြောင်းလဲမှု မည်မျှရှိသနည်း။ ဥပမာ သင်သည် အလွန်အမင်း ခေါင်းမာလေ့ရှိခဲ့သည် ဆိုပါစို့။ သို့သော် ယခုအခါ သင့်တွင် အပြောင်းအလဲ အနည်းငယ်ရှိသည်။ ပြဿနာအချို့ကို သင်ကြုံရသောအခါ သင်၏ စိတ်နှလုံးတွင် အသိတရားအချို့ရှိပြီး “ငါသည် ဤကိစ္စတွင် သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်က ဤခေါင်းမာသော စိတ်သဘောထားကို ဖော်ထုတ်ပြီးဖြစ်သောကြောင့်၊ ငါသည် ဤအရာကို ကြားခဲ့ပြီး ယခုတွင် သိမြင်သောကြောင့် ပြောင်းလဲရမည်။ ယခင်က ဤသို့သောအရာမျိုးကို အကြိမ်အနည်းငယ်ကြုံတွေ့သောအခါ ငါ၏ ဇာတိပကတိအတိုင်း လိုက်လုပ်ခဲ့ပြီး ကျရှုံးခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ ငါ ဝမ်းမသာပါ။ ယခုအခါတွင် သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်ရမည်” ဟူ၍ သင့်ကိုယ်သင် ပြောသည်။ ဤသို့ ပြင်းပြသော ဆန္ဒတစ်ခုဖြင့်ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်သည်။ သင်သည် အချိန်တစ်ခုကြာ ဤသို့ တွေ့ကြုံသောအခါ၊ သမ္မာတရားများကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်သောအခါ၊ ဤသို့ဖြင့် ပို၍ ကြီးမားသော ပြောင်းလဲမှုများဖြစ်စေသောအခါ၊ သင်၏ ပုန်ကန်သော၊ ခေါင်းမာသော စိတ်သဘောထားများသည် မိမိတို့ဘာသာ ထုတ်ဖော်ပြမှု နည်းသည်ထက် နည်းလာသည့်အခါ၊ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိသလော။ သင်၏ ပုန်ကန်သော စိတ်သဘောထားသည် ယခင်ထက်ပို၍ သိသိသာသာ လျော့နည်းလာလျှင်၊ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းက အစဉ်ပို၍ ကြီးမားလာလျှင် စစ်မှန်သော ပြောင်းလဲခြင်းရှိသည်။ ဤသို့ဆိုလျှင် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိရန်အတွက် မည်သည့်အတိုင်းအတာအထိ သင်ပြောင်းလဲရမည်နည်း။ စိတ်နှလုံးခိုင်မာခြင်း အနည်းငယ်မျှပင်မရှိဘဲ ကျိုးနွံနာခံခြင်းသာ ရှိသည့်အခါ၊ သင် အောင်မြင်လိမ့်မည်။ ဤသည်မှာ နှေးကွေးသော ဖြစ်စဉ်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းများသည် ညတွင်းချင်း မဖြစ်ပေ။ ရှည်လျားသော အတွေ့အကြုံ အချိန်ကာလများလိုအပ်ပြီး တစ်သက်တာပင် ဖြစ်သွားနိုင်သည်။ တစ်ခါတစ်ရံတွင် ကြီးမားသော ဆင်းရဲဒုက္ခများစွာ၊ သေခြင်း၊ ပြန်လည်အသက်ရှင်ခြင်းနှင့် ဆင်တူသော ဆင်းရဲဒုက္ခများ၊ အဆိပ်များကို သင်၏ အရိုးများမှ ခြစ်ယူခြင်းထက်ပို၍ နာကျင်ပြီး ခက်ခဲသော ဆင်းရဲဒုက္ခများကို ခံစားဖို့ လိုအပ်သည်။ ဤသို့ဆိုလျှင် သင်တို့၏ ခေါင်းမာသော စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုခုရှိပြီလော။ ဤအရာကို သင်တို့ တိုင်းတာနိုင်သလော။ (ယခင်က အချို့သောအရာများကို အချို့သောနည်းလမ်းဖြင့် လုပ်ဆောင်သင့်သည်ဟု ကျွန်ုပ် ယုံကြည်ခဲ့သည်။ လူတို့က မတူညီသောအမြင်တစ်ခုကို ပြသောအခါ ကျွန်ုပ် နားမထောင်ခဲ့ဘဲ တကယ့်အနှောင့်အယှက်များနှင့် တိုးသောအခါမှသာ သတိစိတ်ဝင်လာသည်။ ယခုတွင် ကျွန်ုပ်သည် အနည်းငယ်ပို၍ ကောင်းလာသည်။ လူတို့က မတူညီသော အမြင်များကို တင်ပြသောအခါ ကျွန်ုပ်က ကန့်ကွက်သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့ပြောသည့်အရာအချို့ကို ကျွန်ုပ်လက်ခံနိုင်သည်။) သဘောထားတွင် ပြောင်းလဲခြင်းသည် အခြားပြောင်းလဲမှုတစ်မျိုးဖြစ်သည်။ ဤသည်မှာ ပြောင်းလဲမှုအနည်းငယ်ရှိသည်ဆိုသည့် သဘောဖြစ်သည်။ ယခင်ကကဲ့သို့ အခြားလူက မှန်သည်ဟု သင် သိသော်လည်း ငြင်းပယ်ပြီး လက်ခံရန်ငြင်းဆန်ကာ သူ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖက်တွယ်ထားဆဲဖြစ်သည့် ယခင်ကဲ့သို့ မဟုတ်ပေ။ သင်၏ သဘောထားသည် ပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။ သင်သည် ဤမျှပြောင်းလဲပြီးသောအခါ မည်မျှပြောင်းလဲပြီးဖြစ်သနည်း။ ဆယ်ရာခိုင်နှုန်းပင် မပြောင်းလဲပေ။ ဆယ်ရာခိုင်နှုန်းဆိုသည်မှာ အနည်းဆုံးအနေဖြင့် အခြားလူက သင်၏ မတူညီသောအမြင်ရှုထောင့်ကို ဖော်ပြပြီးနောက်တွင် သင်သည် ဆန့်ကျင်ဖို့ ခံစားချက်များ၊ သို့မဟုတ် အာခံဖို့ ခံစားချက်များလုံးဝမရှိ၊ သင့်တွင် သာမန်သဘောထားရှိသည်ဆိုသည့်သဘောဖြစ်သည်။ ယင်းသည် သင်၏ စိတ်နှလုံးတွင် သင်နှင့်အတူ ရှိမနေသေးသော်လည်း သင့်တွင် ခေါင်းမာသော သဘောထားမရှိပေ။ ဤအရာကို ထိုသူနှင့် သင်ဆွေးနွေးနိုင်သည်။ သင် လက်တွေ့လုပ်ဆောင်သောအခါ ကျိုးနွံနာခံခြင်းအချို့ရှိသည်။ သင်၏ ကိုယ်ပိုင် အယူအဆအတိုင်းသာ အမှုအရာများကို မလုပ်ဆောင်ပေ။ ထို့နောက်တွင် သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်သောအချိန်များရှိပြီး အခြားလူများပြောသည့်အရာကို သင် လက်ခံနိုင်သည့် အချိန်များလည်းရှိသည်။ စိတ်သဘောထားပြောင်းလဲမှုများသည် အပြန်အလှန်ဖြစ်ပေါ်နေသည်။ သင်သည် ပြောင်းလဲမှုအနည်းငယ်ကို ရရှိဖို့အတွက် မဖော်ပြနိုင်အောင် များသော အနှောင့်အယှက်များ၊ အောင်မြင်ရန်အတွက် မဖော်ပြနိုင်အောင် များသော ကျရှုံးမှုများကို ကြုံတွေ့ရမည်။ ထို့ကြောင့် သင်၏ စိတ်သဘောထားသည် စမ်းသပ်မှုနှင့် စစ်ဆေးမှုကို နှစ်အနည်းငယ် ကြုံတွေ့ခြင်းမရှိဘဲ ပြောင်းလဲရန် မလွယ်ကူပေ။ တစ်ခါတစ်ရံတွင် လူတို့သည် စိတ်အခြေအနေ ကောင်းမွန်သောအခါတွင် အခြားလူများက ပြောသည့် မှန်ကန်သောအရာများကို လက်ခံနိုင်စွမ်းရှိသည်။ သို့သော် ၎င်းတို့ စိတ်ဓာတ်ကျသောအခါတွင်၊ သမ္မာတရားကို မရှာဖွေပေ။ ဤသည်မှာ အမှုအရာများကို မနှောင့်နှေးစေသလော။ တစ်ခါတစ်ရံတွင် သင်သည် သင်၏ လုပ်ဖော်ကိုင်ဖက်နှင့် အဆင်မပြေသောအခါ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်သည်။ တစ်ခါတစ်ရံတွင် သင်သည် အခြားလူများနှင့် ပူးပေါင်းလုပ်ကိုင်နေပြီး ၎င်းတို့၏ အစွမ်းအစသည် သင့်ထက်သာလွန်ကာ ၎င်းတို့သည် သင့်ထက် တော်သောအခါတွင် သင်သည် ၎င်းတို့ကြောင့် စိတ်ကျဉ်းကျပ်သည်။ ပြဿနာတစ်ခုကို ကြုံရသောအခါ စည်းမျဉ်းများကို ထိန်းသိမ်းဖို့ သတ္တိမရှိပေ။ တစ်ခါတစ်ရံတွင် သင်သည် သင်၏ လုပ်ဖော်ကိုင်ဖက်ထက် ပို၍တော်ပြီး သူက မိုက်မဲစွာ လုပ်ဆောင်သည်။ သင်က သူ့ကို အထင်သေးပြီး သူနှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လိုစိတ်မရှိပေ။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း ဇာတိပကတိ ခံစားချက်များကြောင့် စိတ်ကျဉ်းကျပ်ရလေသည်။ တစ်ခါတစ်ရံတွင် သင်သည် ဇာတိပကတိ၏ သာယာမှုများကို တပ်မက်သည်။ သင်သည် ဆန္ဒရှိနိုင်သော်လည်း ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်နိုင်ခြင်း မရှိပေ။ တစ်ခါတစ်ရံတွင် သင်သည် တရားဒေသနာတစ်ခုကို နားထောင်ပြီး သမ္မာတရားကို နားလည်သည့်တိုင်အောင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤပြဿနာများသည် ဖြေရှင်းရန် လွယ်ကူသလော။ ဤအရာများသည် သင့်ဘာသာ ဖြေရှင်းရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူတို့အား စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းတို့ကို ခံစေပြီး ၎င်းတို့ကို အလွန်အမင်း ဒုက္ခရောက်စေကာ နောက်ဆုံးတွင် သမ္မာတရားမရှိဘဲ ၎င်းတို့၏ စိတ်အတွင်း၌ အနှစ်မဲ့ခြင်းကို ခံစားရစေပြီး သမ္မာတရားမရှိဘဲ ၎င်းတို့ မရှင်သန်နိုင်သကဲ့သို့ ခံစားရစေရန်သာ လုပ်ဆောင်နိုင်သည်။ ဤအရာသည် လူတို့အား ယုံကြည်ခြင်း ဖြစ်ပေါ်စေရန် သန့်စင်ပေးပြီး ၎င်းတို့က သမ္မာတရားအတွက် ကြိုးပမ်းရမည်၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်သရွေ့ ၎င်းတို့၏ စိတ်နှလုံးက အေးချမ်းမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်းမရှိလျှင် ကြီးမားသော ညှင်းပန်းခြင်းကို တွေ့ကြုံရမည်ဖြစ်ကြောင်း ခံစားရစေသည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းများက ခက်ခဲပုံဖြစ်သည်။ ထိုအရာများက မလွယ်ကူဟု သင်တို့အား ငါ အဘယ်ကြောင့် ပြောသနည်း။ သင်တို့က အပျက်သဘောဆောင်မည်ကို ငါမကြောက်ခြင်း ဖြစ်နိုင်သလော။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းက မည်မျှအရေးကြီးသည်ကို သင်တို့အား သိစေဖို့ဖြစ်သည်။ သင်တို့အားလုံးအနေဖြင့် ဤအရာအား အရေးစိုက်ဖို့၊ ထို လက်တွေ့မကျသော၊ သူတော်ကောင်း အယောင်ဆောင်ပြီး အတုအယောင်ဖြစ်သော ဝိညာဉ်ရေးပုံရိပ်များ နောက်လိုက်ခြင်းကို ရပ်တန့်ဖို့၊ စိတ်ကူးယဉ်ဆန်သော ထိုအယူဝါဒများ၊ အကျင့်များ၊ စည်းမျဉ်းစည်းကမ်းများနောက်သို့ အစဉ်လိုက်ခြင်းကို ရပ်တန့်ဖို့ ငါ ဆန္ဒရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင့်အား ထိခိုက်ပြီး လုံးဝ အကျိုးဖြစ်စေမည်မဟုတ်ပေ။
ခေါင်းမာခြင်းဖြစ်သော စိတ်သဘောထား၏ ရှုထောင့်တစ်ခုကို ငါတို့ ယခုပြောခဲ့သည်။ ခေါင်းမာခြင်းသည် မကြာခဏပင် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသော သဘောထားတစ်မျိုးဖြစ်သည်။ ယေဘုယျအားဖြင့် ယင်းသည် အပြင်ပန်းတွင် မသိသာသော်လည်း သိသာသောအခါတွင် ရှာဖွေတွေ့ရှိရန် လွယ်ကူသည်။ လူတို့က “သူတို့သည် ကလန်ကဆန်လုပ်သည်။ သမ္မာတရားကို လုံးဝ လက်မခံကြ။ သူတို့သည် အလွန်ခေါင်းမာသည်” ဟု ပြောလိမ့်မည်။ ခေါင်းမာသည့် စိတ်သဘောထားရှိသူတို့သည် နည်းလမ်းတစ်ခုအပေါ်တွင် အစွဲအလန်းထားသည်။ တစ်ခုကိုသာ စွဲကိုင်ထားပြီး လုံးဝ လက်မလွှတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ လူတို့ စိတ်သဘောထား၏ တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်သလော။ မဟုတ်သည်မှာ ပြောစရာမလိုပေ။ အခြားသော အစိတ်အပိုင်းများစွာရှိသည်။ ငါသည် နောက်ထပ် မည်သည့်စိတ်သဘောထားမျိုး ဖော်ပြမည်ကို သင်တို့ ပြောနိုင်မလောဆိုသည်ကို ကြည့်လော့။ လူအချို့က “ဘုရားအိမ်တော်တွင် ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သာ သမ္မာတရားရှိသောကြောင့်ဖြစ်သည်။ လူတို့တွင် သမ္မာတရားမရှိပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ ယုံကြည်စိတ်ချ၍မရပေ။ ထို့ကြောင့် ဘုရားသခင်ကိုသာ ငါ နာခံသည်” ဟု ဆိုသည်။ ၎င်းတို့သည် ဤသို့ပြောဆိုရာတွင် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့်နည်း။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားဖြစ်သည်။) (စာတန်နှင့် ကောင်းကင်တမန်မင်း၏ စိတ်သဘောထားများဖြစ်သည်။) ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ စာတန်နှင့် ကောင်းကင်တမန်မင်း၏ စိတ်သဘောထားဟု အစဉ်သဖြင့် မပြောနှင့်။ ဤသို့ ပြောဆိုခြင်းသည် ကျယ်ပြန့်လွန်းပြီး မရေရာပေ။ စာတန်နှင့် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အလွန်များပြားသည်။ ကောင်းကင်တမန်မင်း၊ မကောင်းဆိုးဝါးများနှင့် စာတန်တို့အကြောင်းကို အတူတကွပြောဆိုခြင်းသည် ယေဘုယျဆန်လွန်းပြီး လူတို့အတွက် နားလည်ရန် မလွယ်ကူပေ။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်ဟုသာ ပြောခြင်းက ပို၍ တိကျသည်။ ဤသည်မှာ ၎င်းတို့ ဖွင့်ပြသည့် တစ်ခုတည်းသော စိတ်သဘောထားမျိုးမဟုတ်သည်မှာ မှန်သည်။ မာနထောင်လွှားသောစိတ်သဘောထားက သူ့ဘာသာ အလွန်သိသာစွာ ဖွင့်ပြခြင်းသာဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်ဟု ဆိုခြင်းအားဖြင့် လူတို့က အလွယ်တကူ နားလည်နိုင်လိမ့်မည်။ ထို့ကြောင့် ဤသို့ ပြောဆိုခြင်းက အသင့်တော်ဆုံးဖြစ်သည်။ လူအချို့တွင် ကျွမ်းကျင်မှုအချို့၊ ဆုကျေးဇူးအချို့၊ အသေးစား ပင်ကိုစွမ်းရည်အချို့ရှိပြီး အသင်းတော်အတွက် အမှုအရာ အတော်များများကို လုပ်ဆောင်ပြီးဖြစ်သည်။ ဤလူတို့ စဉ်းစားသည့်အရာမှာ “ဘုရားသခင်ကို သင်တို့၏ ယုံကြည်ခြင်းတွင် ဝိညာဉ်ရေးရှိသူတစ်ယောက်ကဲ့သို့ ဘုရားနှုတ်ကပတ်တော်ကို တစ်နေကုန် ဖတ်လျက်၊ မိတ္တူကူးလျက်၊ ရေးသားလျက်၊ မှတ်သားလျက်ဖြင့် အချိန်ကုန်ဆုံးခြင်း ပါဝင်သည်။ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ စစ်မှန်သော အရာတစ်ခုခုကို သင် လုပ်နိုင်သလော။ မည်သည့်အရာမျှ မလုပ်ဆောင်သောအချိန်တွင် သင့်ကိုယ်သင် ဝိညာဉ်ရေးပြည့်ဝသည်ဟု ခေါ်ဆိုနိုင်သလော။ သင်တို့တွင် အသက်မရှိပေ။ ငါ့တွင် အသက်ရှိသည်။ ငါလုပ်သမျှသည် စစ်မှန်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် အချို့သော အထူးကျွမ်းကျင်မှုများ၊ ဆုကျေးဇူးများရှိပြီး အနည်းငယ်ကောင်းသောအရာကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤအရာများကို အသက်အဖြစ် မှတ်ယူသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သူ့ကိုမျှ မနာခံပေ။ မည်သူ့ကိုမဆို ဩဝါဒပေးရန် မကြောက်ပေ။ အခြားသောလူတိုင်းကို အထင်သေးသည်။ ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့သည် ယေဘုယျအားဖြင့် မည်သည့်အခြေအနေများအောက်တွင် မာနထောင်လွှားခြင်းကို ဖွင့်ပြသနည်း။ (ဆုကျေးဇူးအချို့၊ သို့မဟုတ် အထူးကျွမ်းကျင်မှုများရှိသောအခါ၊ လက်တွေ့ကျသောအရာအချို့ကို လုပ်ဆောင်နိုင်သောအခါ၊ အရင်းအနှီးရှိသောအခါတွင်ဖြစ်သည်။) ဤသည်မှာ အခြေအနေတစ်မျိုးဖြစ်သည်။ ဤသို့ဆိုလျှင် ဆုကျေးဇူးမရှိသော၊ အထူးကျွမ်းကျင်မှုတစ်ခုမျှ မရှိသောသူများက မာနထောင်လွှားခြင်းမရှိသလော။ (၎င်းတို့သည်လည်း မာနထောင်လွှားသည်။) ငါတို့ ယခုပြောခဲ့သည့်သူက “ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ” ဟု မကြာခဏဆိုလိမ့်မည်။ လူတို့က ဤအရာကို ကြားသည့်အခါ၊ ၎င်းတို့က “ဤသူသည် သမ္မာတရားအပေါ်တွင် မည်မျှကျိုးနွံနာခံလိုက်သနည်း။ သမ္မာတရားကလွဲပြီး မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိပေ။ သူပြောသည့်အရာက မှန်ကန်သည်” ဟူ၍ ထင်မြင်လိမ့်မည်။ အမှန်တကယ်တွင် ဤမှန်ကန်ပုံရသော စကားများအတွင်းတွင် မာနထောင်လွှားသော စိတ်သဘောထားတစ်မျိုးရှိသည်။ “ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ” ဆိုသည်မှာ သူသည် မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိဟု ရှင်းလင်းစွာပင် ဆိုလိုသည်။ ငါ သင်တို့ကို မေးမည်။ ဤသို့သော စကားများကို ပြောသောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ မကျိုးနွံမနာခံနိုင်ကြပေ။ ဤသို့သောစကားများကို ပြောတတ်သောသူတို့သည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့ပြောသည့်အရာက မှန်ကန်သည်ဟုထင်ရသည်။ သို့သော် အမှန်တကယ်တွင် ဤသည်မှာ မာနထောင်လွှားသောစိတ်သဘောထား ထင်ရှားသည့် ဒုက္ခအပေးဆုံးသော နည်းလမ်းဖြစ်သည်။ ၎င်းတို့အနေဖြင့် ကျိုးကြောင်းသင့်လျော်မှုရှိသည်ဆိုသည်ကို သက်သေပြရန် ဤ“ဘုရားသခင်က လွဲပြီး” ဆိုသည့်အရာကို အသုံးပြုသည်။ သို့သော် အမှန်တွင် ဤသည်မှာ ရွှေကို မြေမြှုပ်ပြီး မြေပေါ်၌ “ဤနေရာတွင် ရွှေကို မြှုပ်မထားပါ” ဟု ဆိုသည့် ဆိုင်းဘုတ်ကို ကပ်ထားသကဲ့သို့ဖြစ်သည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ သင်တို့ မည်သို့ထင်သနည်း။ မည်သို့သောသူမျိုးသည် မာနအထောင်လွှားဆုံးဖြစ်သနည်း။ လူတို့သည် ၎င်းတို့ကို မာနအထောင်လွှားဆုံးဖြစ်စေမည့် မည်သည့်အရာများကို ပြောဆိုနိုင်သနည်း။ သင်တို့သည် ယခင်က မာနထောင်လွှားသောအရာအချို့ကို ကြားဖူးကောင်း ကြားဖူးပေမည်။ ဤအရာများတွင် မာနအထောင်လွှားဆုံးမှာ အဘယ်နည်း။ သင်တို့ သိကြသလော။ “ငါသည် မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ၊ ကောင်းကင်၊ သို့မဟုတ် မြေကြီးကိုပင်၊ ဘုရားနှုတ်ကပတ်တော်ပင်ကျိုးနွံနာခံခြင်းမရှိ” ဟု မည်သူက ပြောရဲသနည်း။ အဆင်းနီသော နဂါးကြီးဖြစ်သည့် မကောင်းဆိုးဝါးကသာ ဤသို့ ပြောရဲသည်။ ဘုရားသခင်ကို ယုံကြည်သူ မည်သူကမျှ ဤသို့ ပြောမည်မဟုတ်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သူများက “ဘုရားသခင်က လွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ” ဟု ဆိုလျှင် ၎င်းတို့သည် အဆင်းနီသောနဂါးကြီးဖြင့် အလွန်ကွာခြားမှုမရှိပေ။ ၎င်းတို့သည် ကမ္ဘာ့နံပါတ်တစ် အဆင့်အတွက် သွားရည်ကျသည်။ ၎င်းတို့သည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးဖြစ်သည်။ သင်တို့ အဘယ်သို့ ထင်သနည်း။ လူတို့အားလုံးက မာနထောင်လွှားသည်။ သို့သော် ၎င်းတို့၏ မာနထောင်လွှားမှုတွင် ကွာခြားမှုတစ်ခုခုရှိသလော။ ကွာခြားမှုကို မည်သည့်နေရာတွင် သင် ဖြစ်စေသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် မာနထောင်လွှားသော စိတ်သဘောထားများရှိသည်။ သို့သော် ၎င်းတို့၏ မာနထောင်လွှားမှုတွင် ကွာခြားမှုများရှိသည်။ လူတစ်ယောက်၏ မာနထောင်လွှားမှုက အတိုင်းအတာတစ်ခုသို့ ရောက်သောအခါ သူသည် အသိစိတ်အားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။ ကွာခြားမှုမှာ လူတစ်ယောက်ပြောသည့်အရာတွင် အသိစိတ်ရှိမရှိပင်ဖြစ်သည်။ လူအချို့မှာ မာနထောင်လွှားသော်လည်း အသိစိတ်အနည်းငယ်ကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင် ၎င်းတို့တွင် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ အချို့မှာ အသိစိတ်မရှိအောင်ပင် အလွန်မာနထောင်လွှားကြသည်။ ၎င်းတို့၏ မာနထောင်လွှားမှုတွင် အကန့်အသတ်မရှိပေ။ ဤသို့သောလူတို့သည် သမ္မာတရားကို လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။ လူတို့သည် အသိစိတ်မရှိအောင်ပင် အလွန်မာနထောင်လွှားလျှင်၊ ၎င်းတို့သည် ရှက်စိတ်အားလုံး ပျောက်ဆုံးသွားပြီး မိုက်မဲစွာဖြင့် မာနထောင်လွှားခြင်းသာရှိသည်။ ဤအရာအားလုံးသည် မာနထောင်လွှားသော စိတ်သဘောထား ဖွင့်ပြခြင်းနှင့် ပေါ်လွင်ထင်ရှားခြင်းဖြစ်သည်။ ၎င်းတို့သည် မာနထောင်လွှားသော စိတ်သဘောထားမရှိလျှင်၊ “ဘုရားသခင်က လွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ” ဟူသော အရာမျိုးကို မည်သို့ပြောနိုင်မည်နည်း။ သေချာပေါက် ပြောမည်မဟုတ်ပေ။ လူတစ်ယောက်က မာနထောင်လွှားသော စိတ်သဘောထားရှိလျှင် ထိုသူ၌ မာနထောင်လွှားမှု၏ သရုပ်သကန်ရှိသည်မှာ သေချာပြီး၊ သူသည် မာနထောင်လွှားသောအရာများကို ပြောဆိုလုပ်ဆောင်မည်ဖြစ်ကာ မည်သည့်အသိစိတ်မျှရှိမည်မဟုတ်သည်မှာ သံသယရှိစရာမလိုပေ။ လူအချို့က “ကျွန်ုပ်တွင်မာနထောင်လွှားသော စိတ်သဘောထားမရှိသော်လည်း၊ ထိုသို့သောအရာများကို ကျွန်ုပ်ထုတ်ဖော်သည်” ဟု ဆိုသည်။ ဤသို့သော စကားများက ခိုင်လုံမှုရှိသလော။ (မရှိပါ။) အခြားလူများက “ကျွန်ုပ်သည်ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပါ။ သတိထားခြင်းကို ရပ်တန့်လိုက်သည်နှင့် မာနထောင်လွှားသောအရာတစ်ခုက ကျွန်ုပ်ထံမှ ထွက်ပေါ်လာသည်” ဟု ဆိုသည်။ ဤစကားတို့သည် ခိုင်လုံမှုရှိသလော။ (မရှိပါ။) အဘယ်ကြောင့်မရှိသနည်း။ ဤစကားများ၏ အရင်းအမြစ်မှာ အဘယ်နည်း။ (မိမိကိုယ်ကို မသိခြင်းဖြစ်သည်။) မဟုတ်ပေ။ ၎င်းတို့ မာနထောင်လွှားသည်ကို ၎င်းတို့သိသည်။ သို့သော် ၎င်းတို့ကို လှောင်ပြောင်သောအခြားလူများက “သင်သည် အဘယ်သို့ဖြစ်ပြီး အလွန်မာနထောင်လွှားသနည်း။ မည်သည့်အရာကို အလွန်မာနထောင်လွှားနေသနည်း” ဟု ပြောဆိုသည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့ ရှက်ရွံ့ကြသည်။ ဤအတွက်ကြောင့် ထိုသို့သောအရာများကို ၎င်းတို့ပြောခြင်းဖြစ်သည်။ ၎င်းတို့၏ မာနစိတ်က မခံနိုင်ပေ။ ၎င်းတို့သည် ဖုံးကွယ်ရန်၊ ဟန်ဆောင်ရန်၊ ဟန်လုပ်ရန်၊ အခက်အခဲမှလွတ်ရန် ဆင်ခြေကို ရှာကြသည်။ ထို့ကြောင့် ၎င်းတို့၏ စကားများက မခိုင်လုံပေ။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို မဖြေရှင်းရသေးသည့်အခါ၊ သင်သည် စကားမပြောသောအခါတွင်ပင် မာနထောင်လွှားသည်။ မာနထောင်လွှားခြင်းသည် လူတို့၏ သဘာဝထဲတွင်ရှိသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ကွယ်ဝှက်ထားပြီး အချိန်မရွေး ထွက်ပေါ်နိုင်သည်။ ထို့ကြောင့် စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိသရွေ့ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်လျက်ရှိသည်။ ငါ ဥပမာတစ်ခုပေးမည်။ အသစ်ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်သည် အသင်းတော်တစ်ခုဆီသို့ ရောက်ရှိပြီး လူတို့က သူ့အား ကြည့်သည့်ပုံစံနှင့် ၎င်းတို့မျက်နှာတွင်ရှိသော အမူအရာတို့က အလွန်ပင် စိတ်ထက်သန်မှုမရှိသည်ကို သူ တွေ့ရှိလိုက်ရသည်။ သူ၏ စိတ်တွင် “ဤနေရာတွင် ငါ့ကို မလိုလားကြသလော။ ငါသည် အသစ်ရွေးချယ်ခြင်းခံရသော ခေါင်းဆောင်ဖြစ်သည်။ သင်တို့သည် ငါ့အား ထိုသို့သော သဘောထားဖြင့် အဘယ်သို့ ဆက်ဆံနိုင်ရသနည်း။ အဘယ်ကြောင့် ငါ့အား အထင်မကြီးကြသနည်း။ ငါသည် ညီအစ်ကိုမောင်နှမများ၏ ရွေးချယ်ခြင်းကိုခံရသောကြောင့်ငါ၏ ဝိညာဉ်ရေးရာ ရင့်ကျက်မှုသည် သင်တို့ထက်သာသည်မဟုတ်လော”ဟု စဉ်းစားသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် သူက “ကျွန်ုပ်သည် အသစ်တင်မြှောက်ထားသော ခေါင်းဆောင်ဖြစ်သည်။ လူအချို့က ကျွန်ုပ်အားလက်ခံကောင်း လက်ခံမည် မဟုတ်ပါ။ သို့သော် ကိစ္စမရှိ။ မည်သူက ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ပို၍ မှတ်သားထားသည်၊ မည်သူက ရူပါရုံသမ္မာတရားများကို မိတ်သဟာယဖွဲ့နိုင်သည်ဆိုသည်တို့ကို ကြည့်ဖို့ ပြိုင်ပွဲတစ်ခုလုပ်ကြစို့။ ကျွန်ုပ်ထက်ပို၍ သမ္မာတရားများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သူမည်သူမဆိုကို ခေါင်းဆောင်ရာထူးကို ကျွန်ုပ်ပေးမည်။ သင်တို့ မည်သို့ထင်သနည်း”ဟု ဆိုသည်။ ဤသည်မှာ မည်သို့သော နည်းဗျူဟာဖြစ်သနည်း။ လူတို့သည် သူ့အား စိတ်မဝင်စားသောအခါ သူသည် ရောင့်ရဲကျေနပ်ခြင်းမရှိဘဲ ၎င်းတို့ကို အခက်အခဲဖြစ်စေချင်ပြီး လက်တုံ့ပြန်ချင်သည်။ ယခု သူသည် ခေါင်းဆောင်ဖြစ်သဖြင့်၊ လူတို့အား ကြီးစိုးလိုသည်။ ထိပ်တွင် ရှိလိုသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားဖြစ်သနည်း။ (မာနထောင်လွှားခြင်းဖြစ်သည်။) မာနထောင်လွှားသော စိတ်သဘောထားမှာ ဖြေရှင်းရန် လွယ်ကူသလော။ (မလွယ်ကူပါ။) လူတို့၏ မာနထောင်လွှားသော စိတ်သဘောထားသည် အလွန်ပင် ကြိမ်ဖန်များစွာ သူ့ဘာသာ ဖွင့်ပြသည်။ လူအချို့အတွက် အခြားလူများက အသစ်သော ဉာဏ်အလင်းဖွင့်ပြမှုနှင့် နားလည်မှုအား မိတ်သဟာယပြုသည်ကို ကြားရခြင်းသည် အခံရခက်ဖွယ်ဖြစ်သည်။ “ဤအရာနှင့်ပတ်သက်ပြီး ငါ့တွင် အဘယ်ကြောင့် ပြောစရာမရှိသနည်း။ မဖြစ်ပါ။ စဉ်းစားပြီး ပို၍ကောင်းသည့်အရာတစ်ခုကို ထုတ်ပြောရမည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများထက်သာရန် ကြိုးစားလျက်ဖြင့် အယူဝါဒများစွာကို ထုတ်ပြောကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ နာမည်နှင့် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မာနထောင်လွှားခြင်းလည်းဖြစ်သည်။ စိတ်သဘောထားနှင့်သက်ဆိုင်သော အမှုကိစ္စများတွင် သင်သည် မည်သည့်အရာကိုမျှ မပြောဆို၊ မလုပ်ဆောင်ဘဲ ငြိမ်သက်စွာ ထိုင်နေနိုင်သော်လည်း စိတ်သဘောထားက သင်၏ စိတ်နှလုံးအတွင်းတွင် ရှိလိမ့်ဦးမည်ဖြစ်ပြီး၊ သင်၏ အတွေးများနှင့် မျက်နှာအမူအရာများတွင် သူ့ဘာသာ ထုတ်ဖော်နိုင်ဆဲဖြစ်သည်။ ဖွင့်ပြနိုင်သည်။ လူတို့သည် ဤအရာကို ချုပ်တည်းရန်၊ ထိန်းချုပ်ရန် နည်းလမ်းများ ကြံဆဖို့ ကြိုးစားကာ မပေါ်လွင်အောင် တားဆီးဖို့အတွက် အစဉ် အလွန်ဂရုစိုက်လျှင်ပင် ဤသည်မှာ အသုံးဝင်မှုတစ်ခုခုရှိသလော။ (အသုံးမဝင်ပါ။) လူအချို့သည် မာနထောင်လွှားသော အရာတစ်ခုကို ပြောပြီးသောအခါ ချက်ချင်း သတိထားမိကြသည်။ “ငါ၏ မာနထောင်လွှားသော စိတ်သဘောထားကို နောက်တစ်ဖန် ငါ ဖွင့်ပြမိပြန်သည်။ မည်မျှ ရှက်ဖွယ်ကောင်းသနည်း။ မာနထောင်လွှားသော မည်သည့်အရာကိုမျှ ထပ်၍ ပြောလို့မဖြစ်ပါ” ဟူ၍ ဖြစ်သည်။ သို့သော် သင်၏ နှုတ်ကိုပိတ်ထားမည်ဟု ကျိန်ဆိုခြင်းသည် အသုံးမဝင်ပေ။ ဤသည်မှာ သင့်အပေါ်တွင် မူတည်ခြင်းမဟုတ်။ သင်၏ စိတ်သဘောထားအပေါ်တွင် မူတည်သည်။ ထို့ကြောင့် သင်သည် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို သူ့ဘာသာ ဖွင့်မပြစေလိုလျှင် ယင်းကို ပြုပြင်ရမည်။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်နာသည့် ကိစ္စဖြစ်ဖို့ မဆိုထားနှင့်။ စကားအနည်းငယ်ကို ပြုပြင်ခြင်း၊ သို့မဟုတ် အမှုအရာများကို သင်လုပ်ဆောင်သည့်နည်းလမ်းများတွင် မှန်ကန်သောနည်းလမ်းကို အသုံးပြုခြင်းနှင့်သက်ဆိုင်သော ကိစ္စပင်မဟုတ်ပေ။ သင့် စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းခြင်းကိစ္စဖြစ်သည်။ ယခုအခါတွင် စိတ်သဘောထားက အတိအကျ မည်သည့်အရာဖြစ်သည်ဆိုသည့် ဤအကြောင်းအရာကို ငါပြောဆိုပြီးသည့်နောက်တွင် သင့်ကိုယ်သင် ပိုနက်နဲပြီး ထိုးထွင်းသိမြင်သော နားလည်မှုမရှိသလော။ (ရှိပါသည်။) မိမိကိုယ်ကိုသိခြင်းသည် မိမိ၏ အပြင်ပန်း စရိုက်လက္ခဏာ၊ ပင်ကိုစရိုက်၊ မကောင်းသော အမူအကျင့်များ၊ ယခင်က မိမိလုပ်ဆောင်ခဲ့သော မသိနားမလည်သော၊ မိုက်မဲသောအရာများနှင့် မသက်ဆိုင်ပေ။ ဤအရာများ လုံးဝ မဟုတ်ပေ။ ထိုထက် ယင်းသည် မိမိကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် မိမိလုပ်ဆောင်နိုင်သော ဆိုးယုတ်မှုများကို သိခြင်းဖြစ်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ လူအချို့က “ငါ့တွင် ပေါက်ကွဲတတ်သော ဒေါသစိတ်ရှိသည်။ ဤအရာကို ပြောင်းလဲရန် ငါ လုပ်ဆောင်နိုင်သည့်အရာမရှိပါ။ ဤစိတ်သဘောထားကို မည်သည့်အချိန်တွင် ငါပြောင်းလဲနိုင်သနည်း” ဟု ဆိုသည်။ “ငါသည် မိမိကိုယ်ကို ဖော်ပြရာတွင် ဆိုးရွားသည်။ စကားပြောကောင်းသူမဟုတ်ပါ။ ငါပြောသမျှသည် နောက်ဆုံးတွင် လူတို့ကို စိတ်မကျေမနပ်ဖြစ်စေသည်၊ သို့မဟုတ် ၎င်းတို့၏ ခံစားချက်များကို ထိခိုက်စေသည်။ ဤအရာသည် မည်သည့်အချိန်တွင် ပြောင်းလဲမည်နည်း” ဟူ၍ ပြောသော အခြားလူများရှိသည်။ ၎င်းတို့က ဤသို့ပြောသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ၎င်းတို့က မည်သည့်နေရာတွင် မှားသနည်း။ (ဤသည်မှာ မိမိ၏ သဘာဝအတွင်းတွင်ရှိသော အရာများကို သတိမပြုမိခြင်းဖြစ်သည်။) မှန်သည်။ စရိုက်လက္ခဏာသည် သဘာဝကို မသတ်မှတ်ပေ။ လူတစ်ယောက်၏ ပင်ကိုစရိုက်က မည်မျှကောင်းမွန်ပါစေ ထိုသူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိနိုင်ဆဲဖြစ်သည်။
စိတ်သဘောထား၏ လက္ခဏာသွင်ပြင်နှစ်ခုကို ငါ ယခုပြောခဲ့သည်။ ပထမတစ်ခုက ခေါင်းမာခြင်းဖြစ်ပြီး ဒုတိယတစ်ခုက မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားခြင်းအကြောင်းကို ငါတို့ များစွာပြောဖို့ မလိုပေ။ လူတိုင်းက မာနထောင်လွှားသော အပြုအမူကို များစွာ ဖွင့်ပြသည်။ ပြီးလျှင် မာနထောင်လွှားခြင်းသည် စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်သည်ဟု သင်တို့ သိဖို့သာ လိုသည်။ အခြားစိတ်သဘောထားတစ်မျိုးလည်းရှိသည်။ အချို့လူတို့သည် မည်သူ့ကိုမျှ အမှန်အတိုင်း လုံးဝ မပြောပေ။ ၎င်းတို့သည် လူတို့ကို မပြောမီတွင် အရာရာတိုင်းကို ၎င်းတို့စိတ်ထဲ၌ ချင့်ချိန်ပြီး ချောမွေ့အောင်ပြုလုပ်ထား၏။ ၎င်းတို့ပြောသည့် မည်သည့်အရာများက မှန်ကန်ပြီး မည်သည့်အရာများက မှားယွင်းသည်ကို သင်မသိနိုင်ပေ။ ၎င်းတို့သည် ယနေ့တွင် တစ်မျိုးပြောပြီး မနက်ဖြန်တွင် နောက်တစ်မျိုးပြောသည်။ လူတစ်ယောက်ကို တစ်မျိုးပြောပြီး အခြားတစ်ယောက်ကို နောက်တစ်မျိုးပြောသည်။ ၎င်းတို့ပြောသမျှတိုင်းသည် သူ့ဘာသာ ဆန့်ကျင်ကွဲလွဲနေ၏။ ဤသို့သောလူတို့ကို အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ အချက်အလက်များကို တိတိကျကျ နားလည်သဘောပေါက်ရန်အတွက် အလွန်ခက်ခဲပြီး ၎င်းတို့ထံမှ ရိုးသားသော စကားတစ်ခွန်းကို မရရှိနိုင်ပေ။ ဤသည်မှာ မည်သို့သော စိတ်သဘောထားဖြစ်သနည်း။ လှည့်စားခြင်းဖြစ်၏။ လှည့်စားသော စိတ်သဘောထားသည် ပြောင်းလဲရန် လွယ်ကူသလော။ ပြောင်းလဲရန် အခက်ခဲဆုံးဖြစ်သည်။ စိတ်သဘောထားများပါဝင်သည့် မည်သည့်အရာမဆို လူတစ်ယောက်၏ သဘာဝနှင့် ဆက်နွှယ်သည်။ လူတစ်ယောက်၏ သဘာဝနှင့်သက်ဆိုင်သည့် အရာများကို ပြောင်းလဲရန်ထက် ပို၍ ခက်ခဲသောအရာ မရှိပေ။ “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်”ဆိုသည့် စကားသည် လုံးဝ မှန်ကန်သည်။ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ လှည့်စားသောသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို အစဉ်သဖြင့် ထားရှိကြသည်။ ၎င်းတို့၌ ထိုအရာတစ်ခုမျှမရှိလျှင် မည်သည့်အရာကိုမျှ ပြောဆိုကြမည်မဟုတ်ပေ။ ၎င်းတို့၏ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို နားလည်ရန် သင်ကြိုးစားလျှင် ၎င်းတို့ နှုတ်ဆိတ်နေလိမ့်မည်။ အမှန်ဖြစ်သည့် အရာတစ်ခုခုကို ၎င်းတို့ မတော်တဆ ပြောဆိုမိလိုက်လျှင် ယင်းကို ပြောင်းလဲပြောဆိုရန်အတွက်၊ သင့်ကို စိတ်ရှုပ်ထွေးသွားအောင် ပြုလုပ်ပြီး အမှန်အတိုင်း သိမသွားစေရန်အတွက် နည်းလမ်းတစ်ခုကို မရရအောင် စဉ်းစားလိမ့်မည်။ လှည့်စားသော လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ အလုံးစုံသော အမှန်တရားကို မည်သူ့ကိုမျှ သိခွင့်ပြုမည်မဟုတ်ပေ။ လူတို့သည် ၎င်းတို့နှင့်အတူ အချိန်မည်မျှကုန်ဆုံးသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ် မည်သည့်အရာဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။ ယင်းမှာ လှည့်စားသောသူတို့၏ သဘာဝဖြစ်သည်။ လှည့်စားသောသူတို့သည် မည်မျှပြောဆိုသည်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည်၊ သို့မဟုတ် မည်သည့်ဦးတည်ချက် အတိအကျကို ၎င်းတို့ရယူဖို့ ကြိုးစားနေသည်ကို အခြားသူများက မည်သို့မျှ သိမည် မဟုတ်ပေ။ ၎င်းတို့၏ မိဘများပင် ဤအရာကို သိရန် ခက်ခဲသည်။ လှည့်စားသောသူကို နားလည်ရန် ကြိုးစားခြင်းသည် အလွန့်အလွန် ခက်ခဲ၏။ သူ၏ စိတ်တွင် မည်သည့်အရာရှိသည်ကို မည်သူမျှ အဖြေမရှာနိုင်ပေ။ ဤသည်မှာ လှည့်စားသောသူတို့ ပြောဆိုပြုမူသည့် ပုံစံပင်ဖြစ်သည်။ ၎င်းတို့သည် စိတ်ထဲတွင်ရှိသည့်အရာကို လုံးဝ မပြောဆိုပေ၊ သို့မဟုတ် အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို အသိမပေးပေ။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ သင်၌ လှည့်စားသော စိတ်သဘောထားရှိလျှင် မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ အရေးမကြီးပေ။ ဤစိတ်သဘောထားသည် အစဉ်သဖြင့် သင့်အတွင်း၌ ရှိ၏၊ သင့်ကိုထိန်းချုပ်နေ၏၊ သင့်ကို မရိုးမသား လုပ်ဆောင်စေပြီး လှည့်စားမှုကို လုပ်ဆောင်စေ၏၊ လူတို့ကို ကစားစေ၏၊ အမှန်တရားကို ဖုံးကွယ်ပြီး ဟန်လုပ်စေ၏။ ဤသည်မှာ လှည့်ဖြားခြင်းဖြစ်သည်။ လှည့်စားသောသူများက အခြားမည်သို့သော တိကျသည့် အပြုအမူများကို ပါဝင်လုပ်ဆောင်သနည်း။ ငါ ဥပမာတစ်ခုပေးမည်။ လူနှစ်ယောက် စကားပြောနေသည်။ ၎င်းတို့ထဲမှ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သိမြင်မှုအကြောင်းကို ပြောသည်။ ဤလူက သူသည် မည်သို့တိုးတက်ပြီးဖြစ်သည်ကို ပြောလျက်ရှိပြီး အခြားလူကို ယုံကြည်အောင် ပြုလုပ်ဖို့ ကြိုးစားသည်။ သို့သော် သူသည် အခြားလူအား အကြောင်းအရာ၏ အမှန်တကယ်ဖြစ်သော အချက်အလက်များကို မပြောပေ။ ဤတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားပြီး ဤသည်မှာ စိတ်သဘောထားတစ်ခုခုကို ညွှန်ပြသည်။ လှည့်စားခြင်း စိတ်သဘောထားဖြစ်သည်။ ထိုအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလောဆိုသည်ကို ကြည့်ကြစို့။ ဤလူက “ကျွန်ုပ်သည် လတ်တလောတွင် အချို့သောအရာများကို ကြုံတွေ့ခဲ့ရသည်။ ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်အပေါ် ကျွန်ုပ်၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်သည်ဟု ခံစားရသည်။ မည်သည့်အရာကိုမျှ ကျွန်ုပ်မရရှိခဲ့ပါ။ ကျွန်ုပ်သည် အလွန်ညံ့ဖျင်းပြီး သနားစဖွယ်ဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် လတ်တလောတွင် အလွန်ကောင်းမွန်ခြင်းမရှိပါ။ သို့သော် ကျွန်ုပ်သည် နောင်တရရန် အသင့်ရှိနေသည်” ဟု ဆိုသည်။ သို့တိုင်အောင် ထိုသူက ဤသို့ပြောပြီး အချိန်အတန်ကြာသောအခါတွင် ထိုသူ၌ နောင်တရသည့် အမူအရာကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ပြဿနာမှာ သူသည် အခြားလူများကို လိမ်ညာလှည့်စားခြင်းဖြစ်သည်။ ဤလူက ဤအရာများကို ပြောသည်ကို အခြားလူများက ကြားသောအခါ ၎င်းတို့က “ဤလူသည် ယခင်က သမ္မာတရားကို မလိုက်စားခဲ့သော်လည်း၊ ဤသို့သောအရာများကို ပြောနိုင်သည်ဆိုသည့်အချက်က သူသည် အမှန်တကယ်နောင်တရပြီးဖြစ်သည်ကို ပြသည်။ ထိုအရာနှင့်ပတ်သက်၍ သံသယရှိစရာမလိုပါ။ ငါတို့သည် ထိုသူအား ငါတို့ မြင်လေ့ရှိသည့်ပုံစံအတိုင်း မမြင်ရဘဲ အသစ်သော၊ ပို၍ကောင်းသော နားလည်မှုဖြင့် မြင်ရမည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ ထိုစကားများကို ကြားပြီးနောက်တွင် လူတို့ ချင့်ချိန်စဉ်းစားပုံဖြစ်သည်။ သို့သော် ထိုသူ၏ လက်ရှိအခြေအနေသည် သူပြောသည့်အရာနှင့် တူညီသလော။ လက်တွေ့တွင် မတူညီပေ။ သူသည် အမှန်တကယ် နောင်တရပြီးခြင်းမရှိပေ။ သို့သော် သူ၏ စကားများကြောင့် သူသည် နောင်တရပြီးပြီဟူ၍ လည်းကောင်း၊ သူသည် ပိုကောင်းသည့် အခြေအနေသို့ ပြောင်းလဲသွားပြီဟူ၍ လည်းကောင်း၊ သူသည် ယခင်ကနှင့် မတူတော့ဟူ၍လည်းကောင်း ထင်ယောင်ထင်မှားဖြစ်စေသည်။ ဤသည်မှာ သူတို့၏ စကားများဖြင့် စွမ်းဆောင်ရရှိလိုသည့် အရာဖြစ်သည်။ လူတို့ကို လှည့်စားရန် စကားပြောခြင်းအားဖြင့် သူသည် မည်သည့်စိတ်သဘောထားကို ဖွင့်ပြသနည်း။ လှည့်စားခြင်းဖြစ်သည်။ ထိုအရာသည် မသိမသာဖြင့် အလွန်ဒုက္ခပေးသည်။ အမှန်မှာ သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် ကျရှုံးပြီးဖြစ်သည်၊ သူသည် ညံ့ဖျင်းပြီး သနားဖွယ်ဖြစ်သည်ဆိုသည်ကို လုံးဝ သတိမမူမိပေ။ ထိုသူသည် လူတို့ကို လှည့်စားရန်၊ အခြားလူများက သူ့အပေါ် အကောင်းမြင်ပြီး အထင်အမြင်ကောင်းအောင် ပြုလုပ်ရန်ဖြစ်သော သူ၏ ရည်ရွယ်ချက်ကို ရရှိရန်အတွက် ဝိညာဉ်ရေးရာ စကားများနှင့် အသုံးအနှုန်းကို ငှားယူအသုံးပြုနေခြင်းဖြစ်သည်။ ဤသည်မှာ လှည့်စားခြင်းမဟုတ်သလော။ ဟုတ်ပေ၏။ ပြီးလျှင် လူတစ်ယောက်က အလွန်လှည့်စားတတ်လျှင် ပြောင်းလဲရန် မလွယ်ကူပေ။
စကားပြောသည့်အခါတွင် မည်သည့်အခါမျှ ရိုးရှင်းခြင်း၊ သို့မဟုတ် ပွင့်လင်းခြင်းမရှိသည့် အခြားလူအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့သည် အစဉ်သဖြင့် အကြောင်းအရာများကို ဖုံးကွယ်ပြီး ကွယ်ဝှက်ထားသည်။ အချိန်တိုင်းလူတို့ထံမှ သတင်းများ စုဆောင်းရယူပြီး ၎င်းတို့၏ အမြင်ကို ရရှိရန် မေးမြန်းသည်။ ၎င်းတို့သည် အစဉ်သဖြင့် အခြားလူများနှင့်ပတ်သက်ပြီး အမှန်တရားတစ်ခုလုံးကို သိလိုသော်လည်း ၎င်းတို့ကိုယ်တိုင်၏ စိတ်နှလုံးတွင်ရှိသောအရာကို မပြောကြပေ။ ၎င်းတို့နှင့် ဆက်ဆံသူမည်သူမဆိုသည် ၎င်းတို့နှင့်ပတ်သက်ပြီး အမှန်တရားတစ်ခုလုံးကို သိရှိရန် လုံးဝ မျှော်လင့်၍မရပေ။ ဤသို့သောသူများသည် မိမိတို့၏ အစီအစဉ်များကို အခြားလူများအား မသိစေလိုသကဲ့သို့ မည်သူ့ကိုမျှ ပြောမပြပေ။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ဤသို့သောလူများသည် အလွန့်အလွန် လိမ္မာပါးနပ်သည်။ လူတိုင်းက ၎င်းတို့ကို နားမလည်နိုင်ပေ။ လူတစ်ယောက်သည် လှည့်စားသော စိတ်သဘောထားကို ပိုင်ဆိုင်လျှင် သူသည် လှည့်စားသူဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သူသည် သဘာဝ အနှစ်သာရအားဖြင့် လှည့်စားတတ်သည်။ ဤသို့သော လူစားမျိုးသည် ဘုရားသခင်ကို သူ၏ ယုံကြည်မှုတွင် သမ္မာတရား လိုက်စားသလော။ သူသည် အခြားလူများရှေ့တွင် အမှန်အတိုင်းမပြောလျှင် ဘုရားသခင်ရှေ့တွင် အမှန်အတိုင်း ပြောနိုင်စွမ်းရှိသလော။ ပြောနိုင်စွမ်းမရှိသည်မှာ သေချာသည်။ လှည့်စားတတ်သောသူသည် မည်သည့်အခါမျှ အမှန်အတိုင်းမပြောပေ။ ထိုသူသည် ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ သို့သော် သူ၏ ယုံကြည်မှုသည် မှန်ကန်သော ယုံကြည်မှုဖြစ်သလော။ ထိုသူသည် ဘုရားသခင်အပေါ် မည်သို့သော သဘောထားရှိသနည်း။ သူ၏ စိတ်နှလုံးတွင် အသေအချာပင် သံသယများစွာ ရှိလိမ့်မည်။ “ဘုရားသခင်က အဘယ်မှာနည်း။ သူ့ကိုငါမမြင်ရပါ။ ဘုရားသခင်က စစ်မှန်သည်ဟူသည့် မည်သည့်သက်သေရှိသနည်း။” “ဘုရားသခင်က အရာရာအပေါ်တွင် အချုပ်အခြာအာဏာရှိသည်လော။ အမှန်တကယ်ဖြစ်သလော။ စာတန်၏ အစိုးရသည် ဘုရားသခင်အား ယုံကြည်သူများကို ထိတ်ထိတ်ပျာပျာဖြင့် ဖိနှိပ်ပြီး ဖမ်းဆီးနေသည်။ ဘုရားသခင်က ၎င်းကို အဘယ်ကြောင့် မဖျက်ဆီးသနည်း။” “ဘုရားသခင်က လူတို့ကို မည်သို့ အတိအကျ ကယ်တင်သနည်း။ သူ၏ ကယ်တင်ခြင်းက အမှန်တကယ်ဖြစ်သလော။ အလွန်ရှင်းလင်းခြင်းမရှိပါ။” “ဘုရားသခင်ကို ယုံကြည်သူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သလော၊ မဝင်ရောက်နိုင်သလော။ အတည်ပြုခြင်း တစ်ခုမျှမရှိဘဲ ပြောရန်ခက်သည်” ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့်ပတ်သက်ပြီး သံသယများစွာရှိလျက်ဖြင့် သူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံနိုင်သလော။ မဖြစ်နိုင်ပေ။ သူသည် ဘုရားသခင်နောက်သို့လိုက်ရန် အရာအားလုံးကို စွန့်လွှတ်ခဲ့သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး တာဝန်များကို ထမ်းဆောင်သော ဤလူများအားလုံးကို တွေ့မြင်ပြီး “ငါသည် တစ်ခုခုကို ထိမ်ချန်ထားဖို့လိုသည်။ ၎င်းတို့ကဲ့သို့ မိုက်မဲ၍ မဖြစ်ပါ။ ငါသည် ဘုရားသခင်အား အရာရာကို ပေးအပ်လျှင် အနာဂတ်တွင် ငါသည် မည်သို့ အသက်ရှင်ရမည်နည်း။ မည်သူက ငါ့ကို စောင့်ရှောက်မည်နည်း။ ငါ့တွင် အရေးပေါ် အစီအစဉ်တစ်ခု လိုအပ်သည်” ဟူ၍ စဉ်းစားကြသည်။ လှည့်စားသောသူများက မည်မျှ “လာဘ်မြင်” သည်၊ မည်မျှ ကြို၍ စဉ်းစားသည်ကို သင်မြင်တွေ့နိုင်သည်။ အခြားလူများက စုဝေးပွဲများတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ၎င်းတို့သိမြင်ခြင်းအကြောင်းအား ဖွင့်ပြောခြင်း၊ မိတ်သဟာယတွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ကွယ်ဝှက်ထားသော အရာများကို ထုတ်ပြောခြင်း၊ မှောက်မှားမှုကို ၎င်းတို့ မည်မျှကျူးလွန်ခဲ့သည်ကို မှန်မှန်ကန်ကန်ပြောခြင်းတို့ကို မြင်သောအခါတွင် “သင်သည် လူနုံလူအဖြစ်သည်။ ဤအရာတို့သည် အတွင်းရေးကိစ္စများဖြစ်သည်။ အဘယ်ကြောင့် အခြားလူများကို ပြောမည်နည်း။ ဤအရာများကို ငါ့အား ရိုက်နှက်၍ ပြောခိုင်းလျှင်ပင် ငါပြောမည်မဟုတ်ပါ” ဟု စဉ်းစားသောသူအချို့ရှိကြသည်။ ဤသည်မှာ လှည့်စားသောသူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် ရိုးသားဖို့ထက် အသေသာခံမည်ဖြစ်ပြီး အမှန်တရား အလုံးစုံကို မည်သူ့ကိုမျှ မပြောပေ။ လူအချို့က “ကျွန်ုပ်သည် ပြစ်မှားခဲ့ပြီး မကောင်းသောအရာအချို့ကို လုပ်ဆောင်ခဲ့သည်။ ထိုအရာများကို လူတို့အား မျက်နှာချင်းဆိုင်၍ ပြောပြရန် ကျွန်ုပ်အနည်းငယ် ရှက်ရွံ့သည်။ အမှန်တွင် ထိုအရာများသည် အတွင်းရေးများဖြစ်ပြီး ရှက်ဖွယ်ကောင်းသည်။ သို့သော် ထိုအရာများကို ဘုရားသခင်ထံမှ ဖုံးကွယ်၍၊ ကွယ်ဝှက်၍မရပါ။ ဤအရာများကို ဘုရားသခင်အား အရှိအတိုင်းနှင့် ပွင့်လင်းစွာ ကျွန်ုပ် ပြောပြသင့်သည်။ ကျွန်ုပ်၏ အတွေးများ၊ သို့မဟုတ် အတွင်းရေးကိစ္စများကို အခြားလူများအား မပြောရဲသော်လည်း ဘုရားသခင်ကို ပြောရမည်။ အခြားမည်သူ့ကို ကျွန်ုပ် လျှို့ဝှက်ထားရသည်ဖြစ်စေ ဘုရားသခင်ထံမှ လျှို့ဝှက်ထား၍မရပါ” ဟူ၍ ဆိုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်က ဘုရားသခင်အပေါ် ထားရှိသော သဘောထားဖြစ်သည်။ သို့တိုင် လှည့်စားသူများသည် လူတိုင်းအား သတိထားကာကွယ်ကြသည်။ မည်သူ့ကိုမျှ မယုံကြည်ကြသကဲ့သို့ မည်သူနှင့်မျှ ရိုးသားစွာ မပြောဆိုပေ။ မည်သူ့ကိုမျှ အလုံးစုံသော အမှန်တရားကို မပြောပေ။ မည်သူကမျှ ၎င်းတို့ကို နားမလည်နိုင်ပေ။ ၎င်းတို့သည် အားလုံးထဲတွင် အလှည့်စားဆုံးသောသူများဖြစ်ကြသည်။ လူတိုင်းတွင် လှည့်စားသော စိတ်သဘောထားရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ မည်မျှဆိုးဝါးသနည်းဆိုသည့်အချက်ပင်ဖြစ်သည်။ သင်သည် စုဝေးပွဲများတွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သော်လည်း သင့်တွင် လှည့်စားသော စိတ်သဘောထားမရှိဟု ဆိုလိုသလော။ မဆိုလိုပေ။ သင့်တွင်လည်း လှည့်စားသော စိတ်သဘောထားရှိသည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောသနည်း။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်သည်။ သင်သည် သင်၏ မာန၊ သို့မဟုတ် ဘဝင်မြင့်မှုနှင့်မသက်ဆိုင်သောအရာများ၊ ရှက်ဖွယ်မဟုတ်သောအရာများ၊ ပြုပြင်ခြင်းကိုသင်မခံရမည့်အရာများအား မိတ်သဟာယတွင် ဖွင့်ပြောကောင်း ဖွင့်ပြောနိုင်သည်။ သို့သော် သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့်အရာ၊ လူတိုင်းက စက်ဆုပ်ရွံရှာမည့်အရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် စုဝေးပွဲများတွင် ဤအကြောင်းကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်မည်လော။ ပြီးလျှင် သင်သည် ပြောရက်စရာမရှိအောင် ဆိုးရွားသောအရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် ထိုအရာနှင့်ပတ်သက်ပြီး ဖွင့်ပြောကာ အမှန်တရားကို ဖွင့်ပြရန် သင့်အတွက် ပို၍ပင် ခက်ခဲလိမ့်မည်။ တစ်စုံတစ်ယောက်က ထိုအရာကို စူးစမ်းလျှင်၊ သို့မဟုတ် အပြစ်တင်ဖို့ ကြိုးစားလျှင် သင်သည် ယင်းကို ဖုံးကွယ်ရန် သင့်တွင်ရှိသမျှ နည်းလမ်းအားလုံးကို အသုံးပြုလိမ့်မည်။ ဤအကြောင်းအရာ ပေါ်ကောင်းပေါ်သွားမည်ကို သင်သည် ကြောက်လန့်နေလိမ့်မည်။ သင်သည် အစဉ်သဖြင့် ဖုံးဖိပြီး လွတ်မြောက်သွားရန် ကြိုးစားနေလိမ့်မည်။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားတစ်ခုမဟုတ်သလော။ လူကြားအောင် မပြောလျှင် မည်သူကမျှ သင် သိမည်မဟုတ်၊ ဘုရားသခင်ပင်လျှင် ယင်းကို သိရန် မဖြစ်နိုင်ချေဟု သင် ယုံကြည်ကောင်းယုံကြည်နိုင်သည်။ ဤသည်မှာ မှားယွင်းသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို စိစစ်သည်။ သင်သည် ဤအရာကို သတိမမူမိနိုင်လျှင် ဘုရားသခင်ကို သင် လုံးဝ မသိပေ။ လှည့်စားသောသူများသည် အခြားလူများကို လှည့်စားခြင်းသာမဟုတ်ဘဲ ဘုရားသခင်ကို လှည့်စားရန်ပင် ကြိုးစားပြီး ဘုရားသခင်အား အာခံရန် လှည့်စားသောနည်းလမ်းများကို အသုံးပြုရဲကြသည်။ ဤသို့သောလူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ လှည့်စားသောသူများသည် ဘုရားသခင် အရွံ့မုန်းဆုံးသောသူများဖြစ်သည်။ ထို့ကြောင့် လှည့်စားသူများသည် ကယ်တင်ခြင်းကိုရယူရန် အခက်ခဲဆုံးသောသူများဖြစ်သည်။ လှည့်စားတတ်သည့် သဘာဝရှိသောသူများသည် အလိမ်ညာဆုံးသောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် လိမ်ညာပြီး လှည့်စားဖို့ ကြိုးစားလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ခေါင်းမာစွာဖြင့် နောင်တမရကြပေ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရယူနိုင်သည့် သဘောဖြစ်သည်။ လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မကြာခဏ ဖွင့်ပြလျှင်၊ သူသည် လူတို့ကို လိမ်ညာလှည့်စားသော်လည်း ဘုရားသခင်အပေါ်တွင် ရိုးရှင်းပြီး ပွင့်လင်းကာ ဘုရားသခင်ထံ နောင်တရလျှင် ဤသို့သောသူမျိုးသည် ကယ်တင်ခြင်းရယူရန် မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ သင်သည် အမှန်တကယ်ပင် အသိစိတ်ရှိသောသူတစ်ယောက်ဖြစ်လျှင် သင့်ကိုယ်သင် ဘုရားသခင်ထံ ဖွင့်ဟသင့်သည်။ ဘုရားသခင်အား စိတ်နှလုံးထဲမှ စကားပြောသင့်သည်။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ ဘုရားသခင်အား မလိမ်ညာသင့်တော့ပေ။ ဘုရားသခင်အား အချိန်မရွေး လှည့်စားဖို့ မကြိုးစားသင့်ပေ။ ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ ပို၍ပင် မကြိုးစားသင့်ပေ။ အမှန်မှာ လူတို့အနေဖြင့် သိဖို့ မလိုအပ်သည့်အရာအချို့ရှိသည်။ သင်သည် ထိုအရာများနှင့်ပတ်သက်ပြီး ဘုရားသခင်အပေါ် ပွင့်လင်းသရွေ့ ပြဿနာမရှိပေ။ သင်သည် အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်အပေါ်တွင် လျှို့ဝှက်ချက်များမထားရှိရန် သေချာစေလော့။ အခြားလူများကို ပြောဖို့ မသင့်သည့်အရာများအားလုံးကို ဘုရားသခင်အား ပြောနိုင်သည်။ ဤသို့လုပ်ဆောင်သောသူသည် လိမ္မာပါးနပ်သည်။ အခြားလူများကို ဖွင့်ပြောရန် မလိုအပ်ဟု ၎င်းတို့ခံစားရသည့် အရာအချို့ရှိနိုင်သော်လည်း ဤအရာကို လှည့်စားခြင်းဟု မခေါ်သင့်ပေ။ လှည့်စားသောသူများသည် ဤသို့မဟုတ်ပေ။ ၎င်းတို့က အရာရာတိုင်းကို ဖုံးကွယ်သင့်သည်၊ အထူးသဖြင့် အတွင်းရေးကိစ္စများနှင့်ပတ်သက်သောအခါတွင် အခြားလူများကို မည်သည့်အရာကိုမျှ ပြော၍မရဟု ယုံကြည်ကြသည်။ တစ်စုံတစ်ခုကို ပြောခြင်းက ၎င်းတို့အတွက် အကျိုးမရှိလျှင် ၎င်းတို့က ပြောမည်မဟုတ်။ ဘုရားသခင်ကိုပင် ပြောမည်မဟုတ်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားမဟုတ်သလော။ ထိုသို့သောလူတစ်ဦးသည် အမှန်ပင် လှည့်စားတတ်သည်။ လူတစ်ယောက်သည် အလွန်လှည့်စားတတ်ပြီး ဘုရားသခင်အား အမှန်အတိုင်းမပြောဘဲ၊ ဘုရားသခင်ထံမှ အရာရာတိုင်းအား လျှို့ဝှက်ထားလျှင် သူသည် ဘုရားသခင်ကို ယုံကြည်သောသူပင် ဖြစ်သလော။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ သူသည် ဘုရားသခင်ကို သံသယရှိသောသူဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် သူ၏ ယုံကြည်ခြင်းသည် မမှားယွင်းသလော။ သူသည် မယုံကြည်သူတစ်ယောက်၊ အယောင်ဆောင် ယုံကြည်သူတစ်ယောက်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို သံသယဝင်ပြီး သတိထားကာကွယ်လာသည့်အချိန်များ ရှိကြသလော။ (ရှိပါသည်။) ဘုရားသခင်ကို သံသယဝင်ပြီး ဘုရားသခင်အား သတိထားကာကွယ်ခြင်းသည် မည်သည့် စိတ်သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ လူတိုင်းတွင် လှည့်စားသော စိတ်သဘောထားရှိသည်။ မည်မျှ ဆိုးရွားသည်ဆိုသည့် ပြဿနာသာရှိသည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သရွေ့ နောင်တနှင့် ပြောင်းလဲခြင်းကို ရရှိနိုင်လိမ့်မည်။
လူအချို့အတွက် ၎င်းတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ဖောက်ပြန်ပျက်စီးမှုကို ၎င်းတို့ ထုတ်ဖော်မိကြသည်။ ၎င်းတို့တွင် အယူအဆများ၊ စိတ်ကူးများရှိကြသည်။ အခြားလူများအပေါ် မလိုမုန်းထားမှုများရှိသည်။ အခြားလူများအပေါ် ဝေဖန်အပြစ်တင်မှုများပြုလုပ်ပြီး ထိုလူတို့နောက်ကွယ်တွင် ၎င်းတို့အား သေးသိမ်စေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး ဤအရာများကို အပြည့်အဝ ဖွင့်ပြောနိုင်သည်။ သို့သော် ၎င်းတို့သည် ရှက်ဖွယ်ကောင်းသောအရာအချို့ကို လုပ်ဆောင်သောအခါ ၎င်းတို့၏ စိတ်ထဲတွင်သာ ထားရှိလိုကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထာဝရ ပိတ်လှောင်ထားလိုကြသည်။ ၎င်းတို့သည် ထိုအရာများကို အခြားလူများအား မပြောရုံတင်မကဘဲ ဆုတောင်းသောအခါတွင် ဘုရားသခင်အားလည်း ပြောမပြပေ။ ၎င်းတို့သည် ဤအရာများကို ဖုံးဖိရန်၊ သို့မဟုတ် အခြေအနေမှန်ကို ဖုံးကွယ်ရန် မုသားများ ကြံဆရန်အတွက်ပင် ၎င်းတို့ တတ်နိုင်သမျှကြိုးစားကြသည်။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ သင့်တွင် ထိုသို့သော အတွေးများရှိသောအခါ၊ ဤအခြေအနေမျိုးတွင် သင်အသက်ရှင်သောအခါ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်ပြီး၊ သင်သည် ရိုးသားသူတစ်ယောက် မဟုတ်သည်ကိုလည်းကောင်း၊ ရိုးသားသူတစ်ယောက်အဖြစ် ဘုရားသခင် ဖော်ပြသည့် မည်သည့်အရာကမျှ သင့်တွင် ဖော်ပြခြင်းမရှိသည်ကိုလည်းကောင်း၊ သင်သည် လုံးဝပင် လှည့်စားသောသူတစ်ယောက်ဖြစ်သည်ကိုလည်းကောင်း၊ သင်သည် မိုက်မဲသော်လည်း၊ အစွမ်းအစနည်းပြီး ဉာဏ်ထိုင်းသော်လည်း လှည့်စားသောသူတစ်ယောက်ဖြစ်ဆဲဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်သင့်သည်။ ဤသည်မှာ သင့်ကိုယ်သင် သိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သင့်ကိုယ်သင်သိခြင်းတွင် သင်အနည်းဆုံး ရရှိနိုင်သင့်သည့်အရာမှာ သင်ထုတ်ဖော်သည့် သိသာသော ဖောက်ပြန်ပျက်စီးခြင်းကို ရှင်းလင်းစွာမြင်ပြီး ပိုင်းခြားသိမြင်နိုင်ခြင်း၊ ဤအရာကို ကိုင်တွယ်ရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ခြင်းဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်လှည့်စားသော စိတ်သဘောထားကို အမှန်တကယ် သိမြင်လျှင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းသင့်သည်။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏ လှည့်စားသော စိတ်သဘောထားကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ပြီး စိစစ်သင့်သည်။ ယင်း၏ အနှစ်သာရကို သတိမူမိသင့်သည်။ ထို့နောက်တွင် သင်သည် သင်၏ လှည့်စားခြင်းဖြစ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖယ်ရှားရန် မျှော်လင့်ချက်ရှိလိမ့်မည်။ လူအချို့သည် လှည့်စားသူများနှင့် ရိုးသားသူများကြား ကွာခြားချက်ကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ယင်းမှာ ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းလွန်းသည့် သဘောဖြစ်သည်။ လူအချို့က ၎င်းတို့၏ အစွမ်းအစနည်းခြင်း၊ မိုက်မဲခြင်း၊ မသိနားမလည်ခြင်း၊ ထိုးထွင်းအမြင်မရှိခြင်း၊ စကားကောင်းစွာမပြောတတ်ခြင်း၊ လူမှုရေးကျွမ်းကျင်မှုများ မရှိခြင်း၊ အလိမ်ခံရတတ်ခြင်းတို့အား ရိုးသားသည့် သက်သေအထောက်အထားအဖြစ် မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ရိုးသားလွန်းသည်။ ရလဒ်အနေဖြင့် အဆိုးဆုံးကို မကြာခဏ ကြုံရသည်။ အခြားလူများကို မည်သို့အခွင့်ကောင်းယူရမည်ကို ကျွန်ုပ်မသိ။ သို့တိုင်အောင် ကျွန်ုပ်သည် ရိုးသားသူဖြစ်သောကြောင့် ဘုရားသခင်က ကျွန်ုပ်အား နှစ်သက်သည်” ဟု အခြားလူများအား အစဉ်သဖြင့် ပြောဆိုသည်။ ဤစကားလုံးများသည် မှန်ကန်သလော။ ထိုသို့သော စကားများသည် အဓိပ္ပာယ်မရှိပေ။ လူတို့အား အထင်အမြင်မှားစေရန် စီမံထားခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်နှာပြောင်ပြီး အရှက်မရှိပေ။ မိုက်မဲပြီး တုံးအသောသူများသည် မည်သို့ ရိုးသားနိုင်မည်နည်း။ ဤအရာတို့သည် မတူညီသောအရာနှစ်ခုဖြစ်သည်။ သင်လုပ်ဆောင်ခဲ့သော မိုက်မဲသောအရာများကို ရိုးသားမှုအဖြစ် မှတ်ယူခြင်းမှာ အမှားကြီးတစ်ခုဖြစ်သည်။ သူရူးများသည်ပင် မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်သည်၊ မိမိတို့ကိုယ်ကို အထင်ကြီးတတ်သည်ဆိုသည်ကို လူတိုင်း သိမြင်နိုင်သည်။ လူတို့သည် မည်မျှပင် မသိနားမလည်ဖြစ်ပြီး အစွမ်းအစကင်းမဲ့သည်ဖြစ်စေ အခြားလူများကို လိမ်ညာလှည့်စားနိုင်ဆဲဖြစ်သည်။ ဤအရာအားလုံးက အမှန်တရားမဟုတ်လော။ လူနုံလူအနှင့် အစွမ်းအစနည်းသောသူများသည် အမှန်တကယ်ပင် မကောင်းသောအရာ မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြသလော။ ၎င်းတို့တွင် အမှန်တကယ်ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမရှိသလော။ ရှိသည်မှာ လုံးဝ သေချာ၏။ လူအချို့ကလည်း ၎င်းတို့သည် ရိုးသားပြီး အခြားလူများအား ၎င်းတို့၏ မုသားများကို ဖွင့်ပြောသည်ဟု ဆိုကြသည်။ သို့သော် ၎င်းတို့လုပ်ဆောင်သည့် ရှက်ဖွယ်သောအရာများကို ၎င်းတို့ ဖွင့်မပြောရဲပေ။ အသင်းတော်က ၎င်းတို့၏ ပြဿနာအတွက် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသောအခါ ၎င်းတို့သည် လက်မခံနိုင်ကြသကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ နောက်ကွယ်တွင် ဟိုဟိုသည်သည် လှန်လှောရှာဖွေပြီး အမှန်တရားကို ဆွဲထုတ်ရန် နှစ်သက်ကြသည်။ ဤလှည့်စားသူမျိုးသည် သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့ ဘာဆိုဘာမျှ ကျိုးနွံနာခံခြင်း မရှိပေ။ သို့တိုင်အောင် မိမိကိုယ်ကို ရိုးသားသူဟု ထင်ဆဲဖြစ်သည်။ ဤသည်မှာ ထိုသူသည် လုံးဝပင် အရှက်မရှိခြင်း မဟုတ်လော။ ဤသည်မှာ လုံးလုံးပင် မိုက်မဲခြင်းဖြစ်သည်။ ဤသို့သောသူမျိုးသည် လုံးဝ မရိုးသားသကဲ့သို့ မာယာကင်းခြင်းလည်းမရှိပေ။ မိုက်မဲသောသူများသည် မိုက်မဲသောသူများသာဖြစ်ပြီး လူနုံလူအများသည်လူနုံလူအများဖြစ်သည်။ လှည့်စားခြင်းမရှိသော မာယာကင်းမဲ့သည့် သူများသာ ရိုးသားသည်။
လှည့်စားသောသူများကို မည်သို့ပိုင်းခြားသိမြင်နိုင်သနည်း။ လှည့်စားသောသူများ၏ အပြုအမူများမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ၊ ပါဝင်ပတ်သက်သည်ဖြစ်စေ ၎င်းတို့တွင် အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို မည်သူ့ကိုမျှ လုံးဝ စုံစမ်းစစ်ဆေးခွင့်မပြုပေ။ ၎င်းတို့သည် အစဉ်သဖြင့် အခြားလူများကို သတိထားကြသည်။ အမှုကိစ္စများကို အစဉ်သဖြင့် လူတို့၏ နောက်ကွယ်တွင် လုပ်ဆောင်နေကြပြီး၊ ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာကို လုံးဝ မပြောပေ။ တစ်ခါတစ်ရံတွင် မိမိကိုယ်ကို သိမြင်မှုအကြောင်းကို ၎င်းတို့က အနည်းငယ်ပြောကောင်းပြောနိုင်သည်။ သို့သော် အရေးပါသော အချက်များ၊ သို့မဟုတ် အဓိကကျသော စကားများကို ထုတ်မပြောပေ။ ၎င်းတို့သည် တစ်စုံတစ်ခုချွတ်ချော်သွားမည်ကို ကြောက်လန့်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်များကို အခြားလူများက ရိပ်စားမိမည်ကို ကြောက်သဖြင့်၊ ဤအရာများကို အလွန်ပင် အထိမခံနိုင်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ပြီးလျှင် လူအချို့သည် အခြားလူများက ၎င်းတို့အား မာယာကင်းသည်၊ ဒုက္ခခံနိုင်ပြီး ညည်းညူခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့သည် ဝိညာဉ်ရေးရာပြည့်ဝပြီး သမ္မာတရားကို ချစ်ကာ လိုက်စားသည်ဟု ထင်စေရန်အလို့ငှာ တမင်ရည်ရွယ်၍ အယောင်ဆောင်ကြသည်။ ၎င်းတို့သည် ဤသို့သောသူမျိုးမဟုတ်သည်မှာ ရှင်းသည်။ သို့သော် အခြားလူများအတွက် ဤသို့ မလျှော့တမ်းဟန်လုပ်ကြသည်။ ဤသည်မှာလည်း လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ထိုလှည့်စားသောသူများပြောသည့်၊ လုပ်ဆောင်သည့်အရာအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိသည်။ ၎င်းတို့တွင် မည်သည့်ရည်ရွယ်ချက်မျှမရှိလျှင် ပြောဆို၊ ပြုမူမည်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ကို ထိန်းချုပ်သော စိတ်သဘောထားတစ်ခုက ၎င်းတို့အတွင်းတွင်ရှိသည်။ ယင်းမှာ လှည့်စားခြင်း စိတ်သဘောထားဖြစ်သည်။ လူတို့တွင် လှည့်စားသော စိတ်သဘောထားရှိသောအခါ ပြောင်းလဲရန် လွယ်ကူသလော။ သင်တို့သည် မည်မျှ ပြောင်းလဲပြီးကြပြီနည်း။ ရိုးသားခြင်းအား လိုက်စားသည့်လမ်းကြောင်းပေါ်သို့ သင်တို့ ဝင်ရောက်ပြီးဖြစ်သလော။ (ဝင်ရောက်ပြီးဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့ ကြိုးစားနေသည့် ဦးတည်ရာလမ်းကြောင်းဖြစ်သည်။) အဆင့်မည်မျှ သင်တို့ တက်လှမ်းပြီးပြီနည်း။ သို့မဟုတ် လုပ်ဆောင်လိုသည့်အဆင့်တွင် ပိတ်မိနေသလော။ (ယင်းမှာ ကျွန်ုပ်တို့ လုပ်ဆောင်လိုသည့်အရာသာ ဖြစ်နေဆဲဖြစ်သည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို ကျွန်ုပ်တို့ လုပ်ဆောင်ပြီးမှသာ ယင်းသည် လှည့်စားခြင်းပါဝင်နေသည်၊ ကျွန်ုပ်တို့သည် လူတို့အား မှားယွင်းသော ထင်မြင်ချက်ကို ပေးဖို့ ကြိုးစားနေခြင်းဖြစ်သည်ဆိုသည်ကို သဘောပေါက်သည်။ ထိုအခါမှသာ ကျွန်ုပ်တို့သည် လှည့်စားနေခြင်းဖြစ်သည်ကို သဘောပေါက်ကြသည်။) ဤသည်မှာ လှည့်စားခြင်းဖြစ်သည်ကို သင်တို့ သဘောပေါက်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်ကို သင်တို့ နားလည်သဘောပေါက်နိုင်သလော။ ပြီးလျှင် ဤလှည့်စားသောအရာများက မည်သည့်နေရာမှ လာသနည်း။ (ကျွန်ုပ်တို့၏ သဘာဝမှလာသည်။) မှန်သည်။ သင်တို့၏ သဘာဝမှလာပေသည်။ ဤဖောက်ပြန်ပျက်စီးသော အရာများသည် သင်တို့အား နှောင့်ယှက်သလော။ ထိုအရာများကို ရှောင်ရန် ခက်ခဲသည်။ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်။ လွတ်မြောက်ရန် ခက်ခဲသည်။ ပြီးလျှင် အလွန်လည်း ဒုက္ခပေးတတ်သည်။ ဒုက္ခပေးတတ်အောင် မည်သည့်အရာက လုပ်ဆောင်သနည်း။ ထိုအရာများက သင့်အား နာကျင်စေသည်မှာ အဘယ်သို့ဖြစ်သနည်း။ (ကျွန်ုပ်တို့ ပြောင်းလဲလိုသော်လည်း၊ မလုပ်နိုင်သောအခါ အလွန်နာကျင်ရသည်။) ယင်းမှာ ရှုထောင့်တစ်ခုဖြစ်သည်။ သို့သော် ဤသည်မှာ ဒုက္ခပေးခြင်းအဖြစ် အကျုံးမဝင်ပေ။ လူတစ်ယောက်သည် လှည့်စားသော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံရသောအခါ အခြားလူများကို အချိန်မရွေး၊ နေရာမရွေး လိမ်ညာလှည့်စားနိုင်သည်။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ လူများကို လိမ်ညာကာ အထင်အမြင်မှားစေရန် မုသားများအား မည်သို့ပြောရမည်ကို စဉ်းစားနေလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်လိုလျှင်ပင် မလုပ်ဆောင်နိုင်ပေ။ ယင်းမှာ တမင်ရည်ရွယ်၍မဟုတ်ဘဲ သူ့အလိုအလျောက်ဖြစ်ခြင်းဖြစ်သည်။ ဤသည်မှာ ပြဿနာတည်ရှိနေသည့် နေရာဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ လှည့်စားသော စိတ်သဘောထားက နည်းလမ်းမည်မျှဖြင့် ထုတ်ဖော်နိုင်သနည်း။ စစ်ဆေးခြင်း၊ လှည့်စားခြင်း၊ သတိထားခြင်းအပြင်၊ သံသယဝင်ခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်းတို့ဖြင့် ထုတ်ဖော်ပြသည်။ ဤသို့သော အပြုအမူများက ဖော်ထုတ်ပြီး ထင်ရှားစေသော စိတ်သဘောထားသည် လှည့်စားခြင်းဖြစ်သည်။ ဤအကြောင်းအရာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် လှည့်စားသော စိတ်သဘောထားအပေါ် သင်တို့ သာ၍ ရှင်းလင်းသော သိမြင်မှုရှိကြသလော။ သင်တို့တွင် “ကျွန်ုပ်သည် လှည့်စားသော စိတ်သဘောထားမရှိ။ ကျွန်ုပ်သည် လှည့်စားသောသူမဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ရန် နီးစပ်သည်” ဟု ပြောသည့်သူ ရှိသေးသလော။ (မရှိပါ။) ရိုးသားသူတစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ အတိအကျ မည်သည့်အရာဖြစ်သည်ကို အလွန် နားမလည်သောသူများစွာရှိသည်။ လူအချို့က ရိုးသားသူများသည် မာယာကင်းပြီး ဖြောင့်မတ်သောသူများ၊ ၎င်းတို့သွားသည့်နေရာတိုင်းတွင် အနိုင်ကျင့်ခံရပြီး အပယ်ခံရသူများ၊ သို့မဟုတ် နှေးကွေးပြီး အစဉ်သဖြင့် အခြားလူများထက် ပြောဆိုပြုမူခြင်း နောက်ကျသူများဖြစ်သည်ဟု ဆိုကြသည်။ အခြားလူများက အထင်သေးသည့် ဤသို့သော မိုက်မဲမှုကို ပါဝင်လုပ်ဆောင်သော လူအချို့နှင့် မသိနားမလည်သောသူများကလည်း မိမိတို့ကိုယ်ကို ရိုးသားသူများအဖြစ် ဖော်ပြကြသည်။ မိမိတို့ကိုယ်ကို နိမ့်ကျသည်ဟု ခံစားရသော၊ လူ့အဖွဲ့အစည်း၏ နိမ့်ကျသောအဆင့်အတန်းတွင်ရှိသည့် ပညာမတတ်သောသူများအားလုံးသည် ထို့အတူပင် ၎င်းတို့က ရိုးသားသူများဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့၏ အမှားသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ရိုးသားသူတစ်ယောက်ဆိုသည်မှာ မည်သို့သောသူဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ အထင်အမြင်လွဲမှားမှု အရင်းအမြစ်မှာ အဘယ်နည်း။ အဓိကအကြောင်းရင်းမှာ သမ္မာတရားအား ၎င်းတို့ နားမလည်ခြင်းဖြစ်သည်။ ဘုရားသခင်ပြောသည့် “ရိုးသားသောသူများ” သည် လူနုံလူအများ၊ ငတုံးငအများဖြစ်သည်၊ ပညာမတတ်၊ နှုတ်စလျှာစ နှေးကွေးသည်၊ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရသည်။ အလွယ်တကူ လှည့်စားခံရပြီး လိမ်လည်ခံရသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူများသည် အခြားလူများက မကြာခဏ ကြမ်းတမ်းစွာ ခိုင်းစေခံရသောသူများ၊ လူ့အဖွဲ့အစည်း၏ အောက်ခြေတွင်ရှိသော ထိုဦးနှောက်မရှိသည့် သူများဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤနိမ့်ကျသော၊ ဆင်းရဲသောသူများကို မဟုတ်လျှင် ဘုရားသခင်က မည်သူကို ကယ်တင်မည်နည်း။ ဤသည်မှာ ၎င်းတို့ ယုံကြည်သည့်အရာမဟုတ်သလော။ ထိုသူများသည် အမှန်တကယ်ပင် ဘုရားသခင် ကယ်တင်သောသူများဖြစ်သလော။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မှားယွင်းစွာ အနက်ဖွင့်ခြင်းဖြစ်သည်။ ဘုရားသခင် ကယ်တင်သည့်သူများသည် သမ္မာတရားကို ချစ်သောသူများ၊ အစွမ်းအစနှင့် နားလည်သဘောပေါက်နိုင်စွမ်းရှိသော သူများဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိတရားနှင့် အသိစိတ်ရှိသောသူများဖြစ်သည်။ ဘုရားသခင်၏ စေခိုင်းချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သောသူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်သောသူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ချစ်သောသူများ၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ ဘုရားသခင်ကို ကိုးကွယ်သောသူများဖြစ်သည်။ ဤလူအများစုသည် လူ့အဖွဲ့အစည်း၏ အောက်ခြေမှ ဖြစ်သော်လည်း၊ အလုပ်သမားများ၊ လယ်သမားများ၏ မိသားစုများမှ ဖြစ်သော်လည်း ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သောသူများ၊ ငနုံငအများ၊ သို့မဟုတ် အသုံးမကျသောလူများ သေချာပေါက် မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သော၊ လက်တွေ့လုပ်ဆောင်ပြီး ကျိုးနွံနာခံနိုင်သော လူတော်များဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့လိုက်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိရန်အတွက် လောကီ ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများကို စွန့်လွှတ်မည်ဖြစ်သော တရားမျှတခြင်းရှိသည့်သူများဖြစ်သည်။ ၎င်းတို့သည် အားလုံးထဲတွင် အမြော်အမြင်အရှိဆုံးသူများဖြစ်သည်။ ဤလူတို့အားလုံးသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံသော ရိုးသားသည့်သူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးများကို ရရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လူများအဖြစ်၊ ဘုရားသခင့် ဗိမာန်တော်၏ တိုင်များအဖြစ် စုံလင်ခြင်းခံရနိုင်သည်။ ၎င်းတို့သည် ရွှေ၊ ငွေနှင့် တန်ဖိုးရှိသော ကျောက်သံပတ္တမြားတို့နှင့်သက်ဆိုင်သောသူများဖြစ်သည်။ ဖယ်ရှားခြင်းခံရမည်မှာ ထိုနားဝေတိမ်တောင်ဖြစ်သောသူများ၊ မိုက်မဲသောသူများ၊ အဓိပ္ပာယ်မရှိသောသူများနှင့်၊ အသုံးမကျသောသူများဖြစ်သည်။ မယုံကြည်သူများနှင့် အဓိပ္ပာယ်မရှိသောသူများသည် ဘုရားသခင်၏ အမှုတော်နှင့် စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့်အရာအဖြစ် မြင်ကြသနည်း။ အမှိုက်စွန့်ပစ်သည့်နေရာအဖြစ် မြင်ကြသည် မဟုတ်လော။ ဤလူတို့သည် အစွမ်းအစညံ့ဖျင်းရုံမကဘဲ အဓိပ္ပာယ်လည်းမရှိပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို မည်မျှ ဖတ်ပါစေ သမ္မာတရားကို နားမလည်နိုင်ပေ။ တရားဒေသနာမည်မျှကို ၎င်းတို့ ကြားသည်ဖြစ်စေ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိပေ။ ၎င်းတို့သည် ဤမျှ မိုက်မဲလျှင် ကယ်တင်ခြင်းခံရနိုင်သေးသလော။ ဘုရားသခင်သည် ဤလူစားမျိုးကို အလိုရှိနိုင်သလော။ ၎င်းတို့သည် ယုံကြည်သူဖြစ်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ မည်သည့်သမ္မာတရားကိုမျှ နားမလည်သေးပေ။ အဓိပ္ပာယ်မရှိသောအရာများကို ပြောနေဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ရိုးသားသည်ဟု သတ်မှတ်ဆဲဖြစ်သည်။ ၎င်းတို့တွင် အရှက်မရှိသလော။ ဤသို့သောလူတို့သည် သမ္မာတရားကို နားမလည်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အစဉ်သဖြင့် မှားယွင်းစွာ အနက်ဖွင့်ကြသည်။ သို့တိုင်အောင် ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့၏ မှားယွင်းသော အနက်ဖွင့်မှုများကို ရှည်လျားစွာပြောဆိုကြပြီး သမ္မာတရားအဖြစ် ဟောပြောကြသည်။ လူတို့အား “အနည်းငယ် အနိုင်ကျင့်ခံရခြင်းသည် ကောင်းသည်။ လူတို့ အနည်းငယ် ဆုံးရှုံးသင့်သည်။ အနည်းငယ် မိုက်မဲသင့်သည်။ ဤသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူများဖြစ်ပြီး ဘုရားသခင် ကယ်တင်မည့်သူများဖြစ်သည်” ဟု ပြောကြသည်။ ထိုသို့သောအရာများကို ပြောသည့်သူများသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို အလွန်ပင် အရှက်ရစေသည်။ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်တကား။ ဘုရားသခင့် နိုင်ငံတော်၏ တိုင်များနှင့် ဘုရားသခင် ကယ်တင်သော အောင်မြင်သူများအားလုံးသည် သမ္မာတရားကို နားလည်သောသူများဖြစ်ပြီး အမြော်အမြင်ရှိသူများဖြစ်သည်။ ဤလူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ဝေစုတစ်ခု ရရှိမည့်သူများဖြစ်သည်။ မိုက်မဲပြီး မသိနားမလည်သောသူများ၊ အရှက်ကင်းမဲ့ပြီး အသိစိတ်မရှိသောသူများ၊ သမ္မာတရားအား နားလည်ခြင်း တစ်စွန်းတစ်စမျှမရှိသောသူများ၊ ငနုံငအများ၊ လူနုံလူအများဖြစ်သော သူတို့အားလုံးသည် အသုံးမကျသောသူများဖြစ်သည်မဟုတ်လော။ ထိုသို့သော သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် အဘယ်သို့ ဝေစုတစ်ခု ရရှိနိုင်မည်နည်း။ ဘုရားသခင် ပြောဆိုသည့် ရိုးသားသူများသည် သမ္မာတရားကို နားလည်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော၊ အမြော်အမြင်ရှိပြီး လိမ္မာပါးနပ်သော၊ ဘုရားသခင်ထံသို့ ရိုးရှင်းစွာ ဖွင့်ပြောသော၊ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ပြီး ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤလူတို့အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများရှိကြပြီး စည်းမျဉ်းနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်း၌ အာရုံစိုက်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို လိုက်စားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ချစ်ကြသည်။ ၎င်းတို့သည်သာ အမှန်တကယ် ရိုးသားသူများဖြစ်သည်။ လူတစ်ယောက်သည် ရိုးသားခြင်းက မည်သည့်အရာဆိုလိုသည်ကို မသိလျှင်၊ ရိုးသားသူများ၏ အနှစ်သာရသည် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်ကို မမြင်နိုင်လျှင်၊ သို့မဟုတ် ရိုးသားသူများသည် သမ္မာတရားကို ချစ်သောကြောင့်၊ ဘုရားသခင်ကို ချစ်သောကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောကြောင့် ရိုးသားကြခြင်းဖြစ်သည်ကို မမြင်နိုင်လျှင် ဤသို့သောသူမျိုးသည် အလွန်မိုက်မဲပြီး အမှန်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်။ ရိုးသားသူများသည် လူတို့ ထင်မြင်သကဲ့သို့ မာယာကင်းသော၊ နားဝေတိမ်တောင်ဖြစ်သော၊ မသိနားမလည်သော၊ မိုက်မဲသောပုဂ္ဂိုလ်များ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် အသိတရားနှင့် အသိစိတ်ရှိသည့် သာမန်လူ့သဘာဝရှိသောသူများဖြစ်သည်။ ရိုးသားသူများနှင့်ပတ်သက်ပြီး လိမ္မာပါးနပ်သောအရာမှာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ရိုးသားနိုင်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးကို ခံစားရခြင်းဖြစ်သည်။
လူတို့အား ရိုးသားရန် တောင်းဆိုသည့် ဘုရားသခင်၏ တောင်းဆိုချက်ထက် မည်သည့်အရာမျှ ပို၍ အရေးမပါပေ။ ဘုရားသခင်သည် လူတို့အား သူ၏ ရှေ့တွင် အသက်ရှင်ရန်၊ သူ၏ စိစစ်မှုကို လက်ခံရန်၊ အလင်းထဲတွင် အသက်ရှင်ရန် တောင်းဆိုနေသည်။ ရိုးသားသူများသာ စစ်မှန်သော လူသားမျိုးနွယ်ဝင်များ ဖြစ်သည်။ မရိုးသားသောသူများသည် သားရဲတိရစ္ဆာန်များဖြစ်သည်။ လူသား၏ အဝတ်အစားဖြင့် သွားလာနေကြသော တိရစ္ဆာန်များဖြစ်သည်။ လူသားများမဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လိုက်စားရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူရမည်။ သင်သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်သွားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်သောအခါ ထိုအခါမှသာ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်လိမ့်မည်။ မသိနားမလည်သော၊ မိုက်မဲသော၊ မာယာကင်းသောသူများသည် လုံးဝ ရိုးသားသူများမဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆိုခြင်းအားဖြင့်၊ သူသည် လူတို့အား သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရန်၊ ၎င်းတို့၏ လှည့်စားခြင်းနှင့် အယောင်ဆောင်ခြင်းကို ဖယ်ရှားရန်၊ အခြားလူများကို လိမ်ညာခြင်း၊ လှည့်စားခြင်းမပြုရန်၊ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာဖြင့် ထမ်းဆောင်ရန်နှင့် သူ့အား အမှန်တကယ် ချစ်ပြီး ကျိုးနွံနာခံနိုင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များသည်သာ ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်သည်။ လူတို့အား ခရစ်တော်၏ စစ်သားကောင်းများဖြစ်ရန် ဘုရားသခင်က တောင်းဆိုသည်။ ခရစ်တော်၏ စစ်သားကောင်းများဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုဖြင့် ပြင်ဆင်ထားပြီး ခရစ်တော်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိရမည်။ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ရမည်။ စာတန်နှင့် စစ်ပွဲဆင်နွှဲရန် သမ္မာတရားကို အသုံးပြုနိုင်ရမည်။ အရာခပ်သိမ်းတွင် ဘုရားသခင်ဘက်မှ ရပ်တည်ရမည်။ သက်သေခံရမည်။ သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ရမည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် အံ့ဖွယ်ကောင်းသော အောင်မြင်မှုများကို ရယူနိုင်ရမည်။ ဤသည်မှာ ခရစ်တော်၏ စစ်သားကောင်းများဖြစ်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ခရစ်တော်၏ စစ်သားကောင်းများမှာ အောင်မြင်သူများဖြစ်သည်။ စာတန်ကို အောင်မြင်သူများဖြစ်သည်။ ဘုရားသခင်က လူတို့အား ရိုးသားရန်၊ လှည့်စားခြင်းမပြုရန် တောင်းဆိုရာတွင် သူသည် လူတို့အား ငတုံးငအများဖြစ်ရန် တောင်းဆိုခြင်းမဟုတ်ဘဲ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိပြီး ဘုရားသခင်အပေါ် ဘုန်းအသရေကို ယူဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိနိုင်သည့်အရာဖြစ်သည်။ ဤသည်မှာ မိမိ၏ အပြုအမူ ပြောင်းလဲခြင်းမဟုတ်။ ပို၍စကားပြောဆိုခြင်း၊ သို့မဟုတ် လျော့၍ စကားပြောဆိုခြင်းနှင့် မသက်ဆိုင်သကဲ့သို့ ပြုမူဆောင်ရွက်သည့်ပုံစံနှင့်လည်း မသက်ဆိုင်ပေ။ ထိုထက် မိမိ၏ ပြောဆိုပြုမူမှုများနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ မိမိ၏ အတွေးများ၊ အယူအဆများ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြမှုနှင့် လည်းကောင်း၊ မှားယွင်းခြင်းနှင့်လည်းကောင်း သက်ဆိုင်သောအရာမှန်သမျှသည် အရင်းအမြစ်မှနေ၍ ပြောင်းလဲရမည်။ ဤသို့အားဖြင့် သမ္မာတရားနှင့် ကိုက်ညီမည်ဖြစ်သည်။ စိတ်သဘောထားပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိဖို့ဆိုလျှင် စာတန်၏ စိတ်သဘောထား အနှစ်သာရကို ရိပ်စားနိုင်ရမည်။ သင်သည် လှည့်စားသော စိတ်သဘောထား၏ အနှစ်သာရကို ရိပ်စားနိုင်လျှင်၊ ယင်းသည် စာတန်၏ စိတ်သဘောထားဖြစ်ပြီး နတ်ဆိုး၏ စရိုက်ဖြစ်သည်ကို မြင်နိုင်လျှင်၊ စာတန်ကို မုန်းတီးပြီး နတ်ဆိုးကို စွန့်ပစ်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင့်အတွင်းတွင် လှည့်စားသော အခြေအနေရှိသည်ကို သင်မသိလျှင်၊ လှည့်စားသော စိတ်သဘောထား ထုတ်ဖော်ပြမှုများကို သင် သတိပြုမိလျှင်၊ ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို သင် သိလိမ့်မည်မဟုတ်ပေ။ သင်၏ လှည့်စားသောစိတ်သဘောထားကို ပြောင်းလဲရန် ခက်ခဲလိမ့်မည်။ သင်သည် သင့်ထဲတွင် မည်သည့်အရာများ ထုတ်ဖော်ပြသည်၊ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာဖြစ်သည်တို့ကို ဦးစွာ သိမြင်ရမည်။ သင် ထုတ်ဖော်ပြသောအရာများသည် လှည့်စားသော စိတ်သဘောထားနှင့်သက်ဆိုင်လျှင် သင်၏ စိတ်နှလုံးမှ ယင်းကို မုန်းလိမ့်မည်လော။ သင် မုန်းလျှင်၊ မည်သို့ပြောင်းလဲသင့်သနည်း။ သင်၏ ရည်ရွယ်ချက်များကို သင် ပြုပြင်ပြီး သင်၏ အမြင်များကို အမှန်ပြင်ရမည်။ သင်၏ ပြဿနာများကို ဖြေရှင်းရန်အတွက် ဤကိစ္စနှင့်ပတ်သက်ပြီး သမ္မာတရားကို သင် ဦးစွာ ရှာဖွေရမည်။ ဘုရားသခင်တောင်းဆိုသည့်အရာကို ရရှိပြီး သူ့ကို ကျေနပ်စေရန် ကြိုးပမ်းရမည်။ ဘုရားသခင်၊ သို့မဟုတ် အခြားလူများနှင့် အနည်းငယ်မိုက်မဲသော၊ မသိနားမလည်သောသူများကိုပင် လှည့်စားဖို့ မကြိုးစားသောသူတစ်ယောက် ဖြစ်လာရမည်။ မိုက်မဲပြီး မသိနားမလည်သော သူတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားခြင်းသည် အလွန်ပင် အကျင့်ပျက်ပေသည်။ ဤသို့လုပ်ဆောင်ခြင်းသည် သင့်အား နတ်ဆိုးဖြစ်စေသည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ရန်အတွက် မည်သူ့ကိုမဆို လှည့်စားခြင်း၊ လိမ်ညာခြင်းမပြုရပေ။ သို့ရာတွင် နတ်ဆိုးများနှင့် စာတန်ကိုမူ သင်၏ စကားများကို ဉာဏ်ရှိရှိဖြင့် ရွေးချယ်ရမည်။ မရွေးချယ်လျှင်၊ သင်သည် ၎င်းတို့၏ အရူးလုပ်ခြင်းကို ခံရပြီး ဘုရားသခင်အား အရှက်ရစေဖို့ ဖြစ်နိုင်ခြေရှိသည်။ သင်၏ စကားများကို ဉာဏ်ရှိစွာ ရွေးချယ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စာတန်ကို အောင်မြင်ပြီး အရှက်ရစေနိုင်လိမ့်မည်။ မသိနားမလည်သောလူများ၊ မိုက်မဲပြီး၊ ခေါင်းမာသောသူများသည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်က အထင်အမြင်မှားစေခြင်း၊ ဆော့ကစားခြင်း၊ နင်းခြေခြင်းကိုသာ ခံရနိုင်ပြီး အဆုံးတွင် ဝါးမျိုခြင်းကို ခံရနိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။