အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၁)

ဘုရားသခင်နောက်သို့ လိုက်လျှောက်သည့် သူများသည် အနည်းဆုံးအနေဖြင့် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်စွမ်း ရှိရမည်။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင် တစ်ချိန်က ပြောကြားခဲ့သည်မှာ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟူ၍ ဖြစ်သည်။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်း ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ မိမိ၏ မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိ၏ အလုပ်အကိုင်ကို စွန့်လွှတ်ခြင်း၊ မိမိ၏ လောကီသံယောဇဉ်များအားလုံး စွန့်လွှတ်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ လုပ်ဆောင်ရလွယ်သည့် အရာတစ်ခုဖြစ်သလော။ ယင်းမှာ အလွန် ခက်ခဲ၏။ ထိုသို့လုပ်ဆောင်ရန် စိတ်ဆန္ဒမရှိပါက ဖြစ်မြောက်အောင် လုံးဝ လုပ်ဆောင်၍ မရနိုင်ပေ။ အကြင်သူသည် စွန့်လွှတ်ဖို့ စိတ်ဆန္ဒရှိသည့်အခါတွင် ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ စိတ်ဆန္ဒကို အလိုအလျောက် ပိုင်ဆိုင်လေသည်။ အကြင်သူသည် ဆင်းရဲဒုက္ခကို ခါးစည်းမခံနိုင်လျှင် စွန့်လွှတ်ရန် ဆန္ဒရှိကောင်း ရှိနေနိုင်သော်ငြားလည်း မည်သည့်အရာကိုမျှ စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်။ မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့ ချစ်ခင်ရသူများနှင့် ခပ်ကင်းကင်းနေရသဖြင့် မိမိတို့၏ တာဝန်များကို ခဏတာ ထမ်းဆောင်ပြီးနောက် အိမ်ကို လွမ်းလာသည့်သူအချို့ ရှိ၏။ ၎င်းတို့ အမှန်တကယ်ကို မခံစားနိုင်ပါက တစ်ချက်မျှကြည့်ရန် အိမ်သို့ တိတ်တဆိတ် ပြန်ပြေးသွားပြီးနောက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ ပြန်လာကောင်း ပြန်လာနိုင်သည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ အိမ်မှ ထွက်လာခဲ့ကြသောသူအချို့သည် နှစ်သစ်ကူးနှင့် အခြားသော အခါကြီးရက်ကြီးများတွင် မိမိတို့ ချစ်ခင်ရသူများကို မလွမ်းဘဲ မနေနိုင်ကြ၍ ညအခါ အခြားသော လူတိုင်း အိပ်စက်နေချိန်တွင် တိတ်တဆိတ် ငိုကြွေးကြသည်။ ငိုကြွေး၍ ပြီးသွားသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကြကာ များစွာ စိတ်သက်သာရာရပြီးနောက် မိမိတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြလေသည်။ ဤလူများသည် မိမိတို့၏ မိသားစုကို စွန့်လွှတ်နိုင်စွမ်း ရှိသော်ငြားလည်း ကြီးမားသော စိတ်ဆင်းရဲမှုကို ခါးစည်းခံနိုင်စွမ်းကား မရှိကြ။ ၎င်းတို့သည် လူ့ဇာတိနှင့်သက်ဆိုင်သော ဤဆွေမျိုးသားချင်းများအတွက် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားနိုင်စွမ်းပင် မရှိကြပါက မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် မည်သို့များ အမှန်တကယ် အသုံးခံနိုင်စွမ်း ရှိကြမည်နည်း။ လူအချို့သည် မိမိတို့၏ အလုပ်အကိုင်များနှင့် မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြသည်။ သို့သော် ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ အချို့သော လူများသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ အချို့မှာမူ ပေါလုကဲ့သို့ပင် သရဖူနှင့် ဆုလာဘ်နောက်ကို လိုက်နေကြခြင်းသာ ဖြစ်သည်။ လူအနည်းငယ်ကသာ သမ္မာတရားနှင့် အသက်ကို ရရှိဖို့နှင့် ကယ်တင်ခြင်းကို ရဖို့ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ကြသည်။ သို့ဖြစ်၍ အဆိုပါ လိုက်စားမှုများထဲမှ အဘယ်အရာသည် ဘုရားရည်ရွယ်ချက်များနှင့် ကိုက်ညီသနည်း။ သမ္မာတရားကိုလည်းကောင်း၊ အသက်ရရှိရေးကိုလည်းကောင်း လိုက်စားခြင်း ဖြစ်သည်မှာ ပြောဖို့ပင်မလို။ ဤသည်မှာ ဘုရားရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးအကြီးဆုံးသော ကဏ္ဍဖြစ်၏။ လောကီအရာများကို သို့မဟုတ် စည်းစိမ်ဥစ္စာကို လက်မလွှတ်နိုင်လျှင် အကြင်သူသည် သမ္မာတရားကို ရရှိနိုင်သလော။ ဧကန်မုချ မရရှိနိုင်။ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး မိမိတို့၏ တာဝန်များကို တာဝန်ယူဆောင်ရွက်ခဲ့သည့် လူအချို့ရှိသော်လည်း ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည်။ နှစ်အတန်ငယ်ကြာအောင် ဤကဲ့သို့ ပြီးပြီးရော နေလာခဲ့ပြီးနောက်တွင် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုမျှ မရှိသည့်အပြင် မည်သည့်အရာမျှလည်း လုံးဝကို မရရှိခဲ့။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ လိုက်စားသည့်သူများနှင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သောသူများသည် သမ္မာတရားကို ရရှိခြင်းငှာ သာ၍ပင် မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ရာတွင် မိမိတို့၏ အားလပ်ချိန်၌ မိမိတို့၏ တာဝန် အနည်းငယ်ကို ထမ်းဆောင်ခြင်းသာ ပါဝင်သည့် လူများစွာ ရှိသည်။ ထိုသို့သော လူများအတွက် သမ္မာတရားကို ရရှိဖို့ လွယ်ကူမည်လော။ ငါမြင်ရသလောက်မှာမူ လွယ်ကူမည်မဟုတ်။ သမ္မာတရားကို ရရှိရေးသည် ရိုးရှင်းသည့် ကိစ္စရပ် မဟုတ်ချေ။ အကြင်သူသည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံပြီး ကြီးစွာသော အဖိုးအခကို ပေးရပေမည်။ အထူးသဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းနှင့် ပြုပြင်ခံရခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်။ အဆိုပါ ဆင်းရဲဒုက္ခအားလုံးကို ခါးစည်းခံရမည်။ ကြီးစွာသော စိတ်ဆင်းရဲခြင်းကို ခါးစည်းမခံဘဲ သမ္မာတရားကို မရရှိနိုင်။ ဤအချိန်ကာလအတွင်းတွင် အကြင်သူသည် အကြိမ်ရေမည်မျှ ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်နည်း။ ဘုရားသခင်ထံ နောင်တမျက်ရည် မည်မျှကျပြရမည်နည်း။ အကြင်သူသည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း မခံရမီ ဘုရားနှုတ်ကပတ်တော်မည်မျှ ဖတ်ရှုရမည်နည်း။ စာတန်ကို အနိုင်မရနိုင်မီ ဝိညာဉ်ရေးရာ တိုက်ပွဲမည်မျှ ကြုံတွေ့ရမည်နည်း။ ပြီးလျှင် အဆိုပါအရာများကို တွေ့ကြုံရသည့် ဖြစ်စဉ်သည် အချိန်မည်မျှကြာသနည်း။ နောက်ဆုံးတွင် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ကြိုးပမ်းရရှိနိုင်သည်အထိ နှစ်ပေါင်းမည်မျှကြာသနည်း။ ပေတရု၏ အတွေ့အကြုံကို ကြည့်လော့။ ကြည့်လျှင် သင်တို့သိလိမ့်မည်။ လူကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းသည် လူတို့စိတ်ကူးသကဲ့သို့ ရိုးရှင်းသလော။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းဟူသည်မှာ အမှန်တကယ်တွင် အဘယ်အရာကို ဆိုလိုသနည်း။ “မိမိ၌ ရှိသမျှအားလုံး” တွင် အပြင်ပန်းအရာများထက်မက ပါဝင်သည်။ မိသားစု၊ ချစ်ခင်ရသောသူများ၊ မိတ်ဆွေများထက်မက ပါဝင်သည်။ မိမိ၏ အလုပ်အကိုင်၊ လစာ၊ စည်းစိမ်ဥစ္စာ၊ ရှေ့ရေးတို့ထက်မက ပါဝင်သည်။ အဆိုပါအရာများသာမက အသိပညာ၊ သင်ယူလေ့လာခြင်း၊ အမှုကိစ္စများအပေါ် မိမိ၏ သဘောထားပုံ၊ အသက်ရှင်နေထိုင်ခြင်း စည်းမျဉ်းများ၊ မိမိ၏ ဇာတိပကတိဆိုင်ရာ နှစ်သက်လိုလားမှုများအပြင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကဲ့သို့ မိမိလိုက်စားပြီး ရည်သန်မျှော်မှန်းသော အရာများဖြစ်သည့် စိတ်နှင့်ရော ဝိညာဉ်တို့နှင့်ပါ သက်ဆိုင်သော အရာများ ပါဝင်သည်။ မိမိ၌ ရှိသမျှအရာအားလုံးကို စွန့်လွှတ်ခြင်းတွင် အဓိကအားဖြင့် အဆိုပါအရာများ ပါဝင်၏။ ယင်းတို့အားလုံးသည် မိမိ၌ ရှိသမျှအရာအားလုံးကို စွန့်လွှတ်ခြင်းဟူသည့်အရာတွင် ပါဝင်သည်။ အပြင်ပန်းအရာများကို တစ်ချက်တည်းနှင့် စွန့်လွှတ်ရန် လွယ်ကူ၏။ သို့ရာတွင် မိမိတို့၏ စိတ်နှလုံးထဲ၌ လူတို့နှစ်သက်သည့်၊ လိုက်စားသည့်၊ ထိန်းသိမ်းထားသည့် အရာများကသာ ၎င်းတို့အတွက် အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာများဖြစ်သည်။ ယင်းတို့သည် လူတစ်ဦးတွင် ရှိသမျှအရာအားလုံးကို ကိုယ်စားပြုပြီး ယင်းတို့သည်ပင်လျှင် စွန့်လွှတ်ရန် အခက်ခဲဆုံးသော အရာများဖြစ်၏။ လက်ရှိအချိန်တွင် လူအများစု မစွန့်လွှတ်နိုင်ရသည့် အဓိကအကြောင်းရင်းမှာ အဆိုပါအရာများသည် ၎င်းတို့ အထူးတလည် အမြတ်တနိုး တန်ဖိုးအထားရဆုံးသော အရာများဖြစ်သည်နှင့်အညီ ယင်းတို့ကို လက်မလွှတ်နိုင်၍ ဖြစ်သည်။ ဥပမာအားဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုနှင့် ငွေကြေးစည်းစိမ်၊ မိမိမြတ်နိုးသော အသက်မွေးမှု သို့မဟုတ် တန်ဖိုးအထားဆုံးသော အရာများဖြစ်သည့် အဆိုပါအရာများသည် လူတစ်ဦးတွင် ရှိသမျှအရာအားလုံး ဖြစ်ပြီး စွန့်လွှတ်ရန် အခက်ခဲဆုံးသော အရာများဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာသည့် ဘဏ်မန်နေဂျာတစ်ဦး ရှိသည်။ ဘုရားနှုတ်ကပတ်တော်များသည် အကယ်စင်စစ် သမ္မာတရားဖြစ်သည်ကို သူမြင်တွေ့ခဲ့ပြီး ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးသည် လူတို့ကို ကယ်တင်ရေးအမှု ဖြစ်ကြောင်းကိုလည်း မြင်တွေ့ခဲ့သည်။ သို့သော် သူ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်သို့ လိုက်ရန် သူဆုံးဖြတ်သည့်အခါတွင်မူ ဘဏ်ရှိ သူ၏ ရာထူးနှင့်ပတ်သက်ပြီး အခက်ကြုံရလေတော့သည်။ “ဘဏ်တွင် ငါ့ရာထူးသည် တန်ဖိုးရှိသည့်အရာ ဖြစ်သည်။ လစာကောင်းပြီး ဩဇာရှိသည်” ဟု ဤတစ်ခဏ၌ သူတွေး၏။ နောက်တစ်ခဏ၌မူ “ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သမ္မာတရားနှင့် ထာဝရအသက်ကို ငါရရှိနိုင်သည်။ ယင်းမှာ အရေးကြီးသည့်အရာ ဖြစ်သည်” ဟု သူတွေးပြန်သည်။ သူ့စိတ်နှလုံးထဲတွင် မပြတ် ရုန်းကန်လွန်ဆွဲနေ၏။ ဤတစ်ခဏတွင် သူသည် ဘဏ်မန်နေဂျာ ဖြစ်လိုသော်လည်း နောက်တစ်ခဏတွင်မူ ဘုရားသခင်ကို ယုံကြည်လိုသည်။ ဤတစ်ခဏတွင် သူသည် ငွေကြေးကို အမိအရ ယူလိုပြီး နောက်တစ်ခဏတွင်မူ သမ္မာတရားကို ရရှိလိုသည်။ ဤတစ်ခဏတွင် သူသည် မိမိ၏ အဆင့်အတန်းကို လက်မလွှတ်နိုင်ဘဲ ဖြစ်နေပြီး နောက်တစ်ခဏတွင်မူ သူသည် ထာဝရအသက်ကို ရရှိလိုသည်။ သူ၏စိတ်နှလုံးက ချီတုံချတုံ ဖြစ်နေ၏။ ဘဏ်မန်နေဂျာဟူသည့် သူ၏ အဆင့်အတန်းသည် သူ့အတွက် အလွန်တန်ဖိုးရှိနေပြီး ယင်းကို သူလက်မလွှတ်နိုင် ဖြစ်နေသည်။ မရေတွက်နိုင်သော လပေါင်းများစွာကြာအောင် သူ၏ စိတ်နှလုံးထဲတွင် ဤတိုက်ပွဲကို ဆင်နွှဲနေပြီး နောက်ဆုံးတွင်မှ ဝန်လေးစွာဖြင့် သူလက်လွှတ်လိုက်ခြင်း ဖြစ်ကောင်းဖြစ်မည်။ သူ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ဖို့ သူ့အတွက် ခက်ခဲလိုက်လေခြင်း။ ဘဏ်မန်နေဂျာဟူသည့် သူ၏ရာထူးသည် မီးခိုးငွေ့တစ်စလို ပျောက်ကွယ်သွားနိုင်သည့် တဒင်္ဂသာခံသောအရာ ဖြစ်ကြောင်းကို သူသိသော်ငြားလည်း သူ့အတွက်မှာမူ လက်လွှတ်ဖို့ရာ မလွယ်ကူဆဲပင် ဖြစ်နေခဲ့သည်။ အချို့သော လူများသည် ဆရာဝန်များ သို့မဟုတ် ရှေ့နေများ သို့မဟုတ် ရာထူးကြီး အလုပ်အမှုဆောင်အရာရှိများဖြစ်ပြီး ၎င်းတို့၏ လုပ်အားခနှင့် လစာသည် များပြား၏။ အဆိုပါအရာများကို လက်လွှတ်ဖို့ရန်မှာ မလွယ်ကူ။ လက်လွှတ်ဖို့ ၎င်းတို့၏ စိတ်ထဲတွင် လပေါင်းမည်မျှကြာအောင် ရုန်းကန်လွန်ဆွဲရမည်ကို မည်သူမျှမသိ။ နှစ်အတန်ကြာ ရုန်းကန်တွန်းလှန်ပြီးမှ ထိုအရာများကို လက်လွှတ်ပြီး ထိုအချိန်၌ ဘုရားအမှုတော်က ပြီးဆုံးနေပြီဖြစ်လျှင် ယင်းသည် အဓိပ္ပာယ်တစ်စုံတစ်ရာရှိလိမ့်မည်လော။ ထိုအချိန်တွင် အကြင်သူသည် ငိုကြွေးမြည်တမ်းကာ အံသွားခဲကြိတ်ရင်း ဘေးဒုက္ခများထဲသို့သာ ကျရောက်သွားနိုင်သည်။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရန်နှင့် သင်၏တာဝန်ကို ထမ်းဆောင်ရန်၊ ပြီးလျှင် သမ္မာတရားကို လိုက်စားရန်နှင့် အသက်ကို ရရှိရန် သင့်အတွက် အရေးအကြီးဆုံးဖြစ်သော အရာမှန်သမျှကို သင်စွန့်လွှတ်နိုင်မှသာလျှင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ သင်ဝင်ရောက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို အလေးထားနိုင်ကြောင်း၊ အရာရာတွင် သူ့ကို ကျိုးနွံနာခံလျက် သူ၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ကြောင်း ဆိုလို၏။ ယင်းမှာ သူသည် သင်၏ အရှင်သခင်နှင့် သင်၏ ဘုရားသခင် ဖြစ်လာပြီးဖြစ်ကြောင်းကို ဆိုလိုသည်။ ဘုရားသခင်အတွက် ယင်းက သင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ သင့်အပေါ် မည်သည့်ဘေးဒုက္ခကျရောက်ပါစေ သူ၏ ကွယ်ကာမှုကို သင်ရလိမ့်မည် ဖြစ်ပြီး ရှင်သန်ကျန်ရစ်နိုင်လိမ့်မည် ဖြစ်သည့်အပြင် သင်သည် သူ့နိုင်ငံသားများထဲမှ တစ်ယောက် ဖြစ်လိမ့်မည်ဟူသည့် သဘောဖြစ်လေသည်။ သင့်အား သူ၏ နောက်လိုက်တစ်ဦးအဖြစ် ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည် သို့မဟုတ် သင့်ကို စုံလင်အောင် ပြုပေးမည်ဟူသည့် သူ၏ကတိတော်ကို သူပေးလိမ့်မည်။ သို့ရာတွင် သင်၏ ပထမဆုံးခြေလှမ်းအနေဖြင့် သင်သည် ခရစ်တော်နောက်ကို လိုက်လျှောက်ရမည်။ ထိုနည်းအားဖြင့်သာ နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းတွင် သင်သည် ပါဝင်လုပ်ဆောင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်။ ခရစ်တော်နောက်ကို သင်မလိုက်လျှောက်ဘဲ ဘုရားနိုင်ငံတော်၏ ပြင်ပတွင် ရှိနေလျှင် ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ပြီးလျှင် သင့်အား ဘုရားသခင် အသိအမှတ်မပြုလျှင် သင့်အနေဖြင့် ကယ်တင်ခြင်းခံရလိုပြီး ဘုရားသခင်၏ ကတိတော်နှင့် သူ၏ စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိလိုလျှင်ပင် အဆိုပါအရာများကို သင်ရရှိနိုင်မည်လော။ ရရှိမည် မဟုတ်။ ဘုရားသခင်၏ လက်ခံမှုကို ရရှိလိုလျှင် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ သင်သည် ဦးစွာ အရည်အချင်းပြည့်မီရမည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်လျှင်၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို သင်ရှာဖွေနိုင်လျှင်၊ သင်သည် စည်းမျဉ်းများအတိုင်း ဆောင်ရွက်နိုင်လျှင်၊ ထို့အပြင် သင်သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိလျှင် သင်သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်နှင့် သူ၏ ကတိတော်ကို လက်ခံရရှိရန် အရည်အချင်းပြည့်မီ၏။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရေးအတွက် သင်၌ ရှိသမျှအားလုံးကို မစွန့်လွှတ်နိုင်လျှင် သင်သည် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပင် မပြည့်မီဘဲ သူ၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကတိတော်တို့ကို တောင်းခံခွင့် လုံးဝ မရှိ။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်တွင် တာဝန်များကို ထမ်းဆောင်နေကြသော လူအများအပြား ရှိကြ၏။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို သေချာပေါက် ရရှိနိုင်မည်ကား မဟုတ်။ သမ္မာတရားကို မရရှိနိုင်မီ သမ္မာတရားကို ချစ်မြတ်နိုးနိုင်ပြီး လက်ခံနိုင်ရမည်။ သမ္မာတရားကို မလိုက်စားလျှင် သမ္မာတရားကို မရရှိနိုင်ချေ။ မိမိတို့၏ အားလပ်ချိန်တွင် မိမိတို့၏တာဝန် ထမ်းဆောင်သူများကိုမူ ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ်။ ဘုရားအမှုနှင့်ပတ်သက်သော ၎င်းတို့၏ အတွေ့အကြုံသည် အလွန်နည်းပါးသဖြင့် ၎င်းတို့အတွက် သမ္မာတရားရရှိဖို့က ပို၍ ခက်ခဲလိမ့်မည်။ လူတစ်ဦးသည် မိမိ၏ တာဝန်ကို မထမ်းဆောင်ပါက သို့မဟုတ် သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိဖို့ အံ့ဩဖွယ်ကောင်းသော အခွင့်အရေးနှင့် လွဲချော်လိမ့်မည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း အခိုင်အမာဆိုကြသော်လည်း မိမိတို့၏ တာဝန်များကိုမူ မထမ်းဆောင်ကြဘဲ လောကီအရာများကို လိုက်စားကြသည်။ ဤသည်မှာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းလော။ အကြင်သူသည် ဘုရားသခင်ကို ဤနည်းအားဖြင့် ယုံကြည်လျှင် ဘုရားနောက် အဆုံးတိုင် လိုက်လျှောက်နိုင်မည်လော။ သခင်ယေရှု၏ တပည့်တော်များကို ကြည့်လော။ ၎င်းတို့ထဲတွင် တံငါသည်များ၊ တောင်သူလယ်သမားများအပြင် အခွန်ကောက်ခံသူတစ်ဦး ပါသည်။ သခင်ယေရှုက ၎င်းတို့အား ခေါ်ပြီး “ငါ့နောက်သို့ လိုက်လော့” ဟု ဆိုသောအခါ ၎င်းတို့သည် မိမိတို့၏ အလုပ်များကို ချထားခဲ့ပြီး သခင့်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်အကိုင်ကိစ္စကို စဉ်းစားခြင်း မရှိသကဲ့သို့ နောက်ပိုင်းတွင် ကမ္ဘာလောကထဲ ရှင်သန်ရပ်တည်ရေး လမ်းကြောင်း ရှိမည် မရှိမည်ကိုလည်း မစဉ်းစားကြဘဲ သခင်ယေရှုနောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ပေတရုသည် သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ ဆက်ကပ်ခဲ့ပြီး သခင်ယေရှု၏ တာဝန်ပေးစေခိုင်းချက်ကို အဆုံးတိုင် ဖြည့်ဆည်းကာ သူ၏ တာဝန်ကို ထိန်းသိမ်းခဲ့သည်။ သူ၏ တစ်ဘဝလုံးတွင် သူသည် ဘုရားသခင်အား ချစ်ခြင်းကို လိုက်စားခဲ့ပြီး အဆုံး၌ ဘုရားသခင်၏ စုံလင်အောင် ပြုပေးခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကိုပင် မစွန့်လွှတ်နိုင်သည့်တိုင် နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဆန္ဒရှိကြသည့် လူအချို့ ရှိသည်။ ၎င်းတို့သည် အိပ်မက်မက်နေခြင်း မဟုတ်လော။

ဘုရားသခင်ကို ယုံကြည်ဖို့ရာ စိတ်အားထက်သန်ခြင်း ရှိရုံဖြင့် မလုံ‌လောက်ချေ။ သူ၏ ရည်ရွယ်ချက်များ၊ လူများကို စုံလင်အောင် သူပြုပေးသည့် နည်းလမ်း၊ မည်သည့်လူများကို စုံလင်အောင် သူပြုပေးသည်၊ ပြီးလျှင် လူများကို စုံလင်အောင် ဘုရားသခင် ပြုပေးခြင်းအပေါ် ထားရှိသင့်သည့် သဘောထားနှင့် အမြင်တို့ကို သင်နားလည်ရမည်။ ထို့ပြင် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအနေဖြင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းသည် မည်မျှအရေးကြီးသည်ကို သိရမည်။ ဤအရာက သမ္မာတရားကို လူတစ်ဦးရရှိနိုင်ခြင်း ရှိမရှိဟူသည့် ကိစ္စနှင့် သက်ဆိုင်သည်။ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းဟူသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှသာ အကြင်သူသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း ဖြစ်သောကြောင့် သမ္မာတရားကို လိုက်စားခြင်းသည် သမ္မာတရားကို ရရှိဖို့အတွက် ပဓာနကျလေသည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက သို့မဟုတ် သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါက သမ္မာတရားကို ရရှိဖို့ ဖြစ်နိုင်မည် မဟုတ်။ ထိုအကြောင်းကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးအကြီးဆုံးအပိုင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူများသာလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်သည်။ ၎င်းတို့သာလျှင် သမ္မာတရားကို အပြည့်အဝ နားလည်နိုင်ပြီး သမ္မာတရားကို အပြည့်အဝ နားလည်နိုင်သည့်သူများသာလျှင် ဘုရားသခင်ကို သိကျွမ်းကြ၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဤအရာများအားလုံးကို စွမ်းဆောင်ရရှိလေသည်။ ဘုရားသခင်ကို လူဦးရေမည်မျှ ယုံကြည်ကြပါစေ ၎င်းတို့ထဲမှ မည်သူသည် သူ၏ လမ်းခရီးကို လိုက်လျှောက်သည်ကိုလည်းကောင်း၊ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည်ကိုလည်းကောင်း၊ ၎င်းတို့ထဲမှ မည်သူသည် သူ့အပေါ် အမှန်တကယ် ကျိုးနွံနာခံသည်ကိုလည်းကောင်း ဘုရားသခင်က ကြည့်လေသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် သူ၏အလိုတော်ကို လိုက်လျှောက်ပြီး သူ့ကို ကျိုးနွံနာခံသည့်လူများ ဖြစ်လာဖို့အတွက် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ လူတို့သည် မိမိတို့၏ ဘဝများတွင် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်ကြောင်း၊ ဘုရားသခင်သည် ကမ္ဘာပေါ်သို့ ကြွလာကတည်းက လူတို့ကို ကယ်တင်ခြင်းအလုပ်ကို မည်သို့ လုပ်ဆောင်နေခဲ့ကြောင်း၊ အကြင်သူသည် ကယ်တင်ခြင်းမရမီ၊ ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးကို ရဖို့ အရည်အချင်း မပြည့်မီတွင် သမ္မာတရားကို မိမိ၏ လိုက်စားခြင်း၌ မည်သည့်အရာကို စွမ်းဆောင်ရရှိရမည်ဖြစ်ကြောင်းတို့ကို သမ္မာတရား လိုက်စားသူများက ဦးစွာ နားလည်ရမည်။ ယခင်က ဤသမ္မာတရားများကို မည်သူမျှ နားမလည်ခဲ့ကြချေ။ လူတိုင်းက လူ့အယူအဆနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို ယုံကြည်ခဲ့ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရခြင်း၊ သရဖူတစ်ခုနှင့် ဆုလာဘ်တစ်ခု ရခြင်းနှင့်ပတ်သက်ကြောင်း တွေးထင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ကာ မှန်သော လမ်းခရီးမှ လမ်းလွဲခဲ့ကြပြီး အန္တိခရစ်တို့၏ လမ်းကြောင်းကို စတင် လျှောက်လှမ်းခဲ့ကြသည်။ သို့ဖြစ်၍ အကြင်သူသည် သမ္မာတရားကို နားလည်ဖို့၊ သမ္မာတရားကို ရရှိဖို့၊ ကယ်တင်ခြင်းခံရဖို့ ဆန္ဒရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ဤမှားယွင်းသော ယခင်က အမြင်များကို ပြုပြင်ရမည်။ အထူးသဖြင့် လူတို့၏ ဘာသာရေး အယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ ဘာသာရေးယုံကြည်မှုဆိုင်ရာ အမြင်များသည် အထူးသဖြင့် အဓိပ္ပာယ်မဲ့၏။ ယင်းတို့အားလုံးသည် သမ္မာတရားကို အကြီးအကျယ် ဆန့်ကျင်ပြီး ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေသည့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းမှုများ ဖြစ်သည်။ ဘုရားသခင်သည် ဘာသာရေးပုဂ္ဂိုလ်များ ယုံကြည်သော နည်းလမ်းများကို လုံးဝ အသိအမှတ်မပြုချေ။ လူများသည် ထိုနည်းလမ်းများကို ယခုအချိန်တွင် ဆက်လက်ထိန်းသိမ်းနေပြီး ကောင်းချီးများကိုရော သရဖူနှင့် ဆုလာဘ်တို့ကိုပါ ဆက်လက်လိုက်စားနေလျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ဤသဘောထားမျိုးဖြင့် ဆက်လက်ယုံကြည်နေလျှင် သမ္မာတရားနှင့် အသက်တို့ကို ရရှိနိုင်မည်လော။ လုံးဝ ရရှိနိုင်မည်မဟုတ်။ သို့ဆိုလျှင် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်း၌ လူများသည် မည်သည့်အမြင်ကို ကျင့်သုံးသင့်သနည်း။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းနှင့် လူများကို သူမည်သို့ကယ်တင်သည်ကို ရှင်းလင်းစွာ မြင်ခြင်းတို့အားဖြင့် စတင်ရမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို မရှာဖွေဘဲ သင်၏ အယူအဆများ၊ စိတ်ကူးများအတိုင်း ဘုရားသခင်ကို ဆက်လက်ယုံကြည်နေလျှင်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ စည်းစိမ်ဥစ္စာတို့အပြင် လောကီအရာများကို ဆက်လက် လိုက်စားနေလျှင် တစ်ကမ္ဘာလုံးကို သင်ရသည့်တိုင်အောင် အဆုံး၌ သင်၏ အသက်ကို ဆုံးရှုံးရပါက ယင်းသည် တန်မည်လော။ လူအချို့က “ကျွန်ုပ် ငွေအလုံအလောက် ရှာဖွေကာ အောင်မြင်သည့် အသက်မွေးမှုတစ်ခု ရှိပြီးသည်နှင့် ကျွန်ုပ်၏ ရည်မှန်းချက်များ ပြည့်ဝပြီး ကျွန်ုပ်၏ အိပ်မက်များ အကောင်အထည်ပေါ်သည့်အခါ ကျွန်ုပ်လာပြီး ယုံကြည်သူကောင်းတစ်ဦးအဖြစ် နေပါမည်” ဟု ပြောကြသည်။ ဘုရားသခင်သည် သင့်အတွက် စောင့်ဆိုင်းသလော။ ဘုရားသခင်၏အမှုသည် သင့်အတွက် စောင့်ဆိုင်းသလော။ သင်သည် ယခုအချိန်တွင် အဆိုပါအရာများကို လက်မလွှတ်နိုင်ပါက ချက်ချင်း လက်လွှတ်ရန် သင့်ကို ဘုရားသခင်မတောင်းဆိုပေ။ သို့သော်လည်း သင်သည် လက်လွှတ်ရေးကိုမူ လက်တွေ့လုပ်ဆောင်ရမည်။ သင်အမှန်တကယ် မလုပ်ဆောင်နိုင်ပါက ဘုရားသခင်ထံ ဆုတောင်းပြီး သူ့အပေါ် အမှီပြုလော့။ သူ့ကို သင့်အား လမ်းပြစေလော့။ ထို့ပြင် သင်သည် ပူးပေါင်းဆောင်ရွက်ကာ သင်၏ တာဝန်များကို ထမ်းဆောင်ရမည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ စင်စစ်အားဖြင့် ယင်းမှာ ကောင်းမှုများကို ပြင်ဆင်ဖို့ ရည်ရွယ်၏။ သင်သည် အဆုံးတွင် လုံးလုံးလျားလျား မစုံလင်လာနိုင်ပင်လျှင် အနည်းဆုံးအနေဖြင့် ကောင်းမှုအနည်းငယ်ကိုကား ပြင်ဆင်ထားရမည်။ ဤသို့အားဖြင့် ဘုရားသခင်က ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးသည့်အချိန် ရောက်လာသည့်အခါတွင် သူ့ကို ထိုကောင်းမှုများအကြောင်း ဖြစ်ကြောင်းကုန်စင် သင်ပြောပြနိုင်ရန် ဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်၏ အမှုသည် အဆုံးသတ်မည် ဖြစ်ပြီး သူသည် စတင်၍ ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးလိမ့်မည်။ သူသည် သင့်အား သင်၏ကောင်းမှုများကို တင်ပြခိုင်းလိမ့်မည်ဖြစ်၍ သင့်တွင် ကောင်းမှုတစ်ခုမျှ မရှိလျှင် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ သင်သည် ဧကန်မုချ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ဥပမာအားဖြင့် သင်သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ ဆယ်နှစ်ခန့်ရှိနေသော်လည်း သင်ထမ်းဆောင်ထားသည့် တန်ဖိုးအရှိဆုံးသော တာဝန်မှာ သင်၏ အားလပ်ချိန်တွင် ဧဝံဂေလိတရားကို ဖြန့်ဝေကာ ထိုနည်းအားဖြင့် ယုံကြည်သူအသစ်အနည်းငယ်ကို ခေါ်ဆောင်လာခြင်းသာ ဖြစ်သည်ဟု ဆိုကြပါစို့။ ထိုလူများသည် အဆုံးတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမည် မရှိမည်ကိုပင် သင်မသိဟု ဆိုကြပါစို့။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ကို သင်ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်သလော။ သင်မပြောပြနိုင်မည်မှာ သေချာပေါက်ပင်ဖြစ်၏။ မည်သည့်ရလဒ်မျိုးကို ဘုရားသခင်ထံ သင်ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်ကြောင်း၊ ဘုရားသခင်စိတ်ကျေနပ်အောင် လုပ်နိုင်ဖို့နှင့် သင့်အား သူ့နောက်လိုက်အဖြစ် ဘုရားသခင်အသိအမှတ်ပြုအောင် လုပ်နိုင်ဖို့ မည်သည့်အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျိုး သင်၌ ရှိရမည်ဖြစ်ကြောင်းတို့ကို သင်သည် ဆင်ခြင်တွေးတောရမည်။ ဘုရားသခင်၏ လက်ရှိ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အချက်ကို အသိအမှတ်ပြုရုံသက်သက်၊ နောက်ဆုံးသောကာလ ခရစ်တော်ကို သင်၏စိတ်နှလုံးထဲမှ လက်ခံရုံသက်သက်ဖြင့်သာ သင်စိတ်ကျေနပ်နေ၍ မရပေ။ ဘုရားသခင် တွေ့မြင်လိုသည်မှာ သင်၏ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့် သူ့အမှုကို သင်၏ကျိုးနွံနာခံခြင်းနှင့် ပတ်သက်သော အကျိုးဖြစ်ထွန်းမှုတို့ဖြစ်သည်။ အဆုံးတွင် ဘုရားသခင် စစ်ဆေးမည့် အရာမှာ သင်သည် သမ္မာတရားကို ရပြီးခြင်း ရှိမရှိနှင့် သင့်ထံ၌ အသက်ရှိမရှိတို့ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်ရမည်။ အသင်းတော်၏ တာဝန်ကျစာရင်းတွင် သင့်နာမည်ထည့်သွင်းရုံမျှသာ သို့မဟုတ် တာဝန်ထမ်းဆောင်ရုံမျှသာ ရှိပြီး သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးနောက်တွင် သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် မရှိပါက ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုနိုင်ဦးမည်လော။ ဘုရားသခင်က သင့်အား အသိအမှတ်မပြုလျှင် သင်သည် သူ့အိမ်တော်၏ ပြင်ပတွင် ဆက်လက်တည်ရှိနေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုရုံမျှသာ ရှိပြီး သမ္မာတရားကိုမူ မလိုက်စားပါက ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းသည် အဆုံးတွင် မည်သည့်အရာကို ရရှိနိုင်သနည်း။ သင်သည် ဘုရားသခင် တောင်းဆိုသော စံနှုန်းများနှင့် အလွန်ပင် ဝေးကွာနေပြီးဖြစ်လိမ့်မည်။ သမ္မာတရားကို ရရှိရေးသည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းလှ။ သမ္မာတရားကို မရရှိနိုင်မီနှင့် ဘုရားသခင်ကို မသိကျွမ်းနိုင်မီတွင် အကြင်သူသည် စမ်းသပ်မှုများနှင့် ဘေးဒုက္ခများအပြင် များစွာသော စိတ်ဆင်းရဲခြင်းနှင့် စစ်ဆေးခြင်းတို့ကို ခါးစည်းခံရမည်ဖြစ်သည်။ ဘုရားအမှု၏ ဤနည်းဟန်ကို သင်တွေ့ကြုံသည့်အခါ သူ့နောက်လိုက်ဖို့ သင်၌ ရှိသမျှအားလုံးကို မစွန့်လွှတ်လျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်သလော။ သင်၏အားလပ်ချိန် အနည်းငယ်တွင် ဘုရားကို ယုံကြည်ရုံဖြင့် ဘုရားသခင်၏ အမှုကို သင်တွေ့ကြုံနိုင်သလော။ နေအိမ်တွင် ဘုရားသခင်ကို ယုံကြည်နေရုံဖြင့် ယင်းကို သင်မည်သို့များ တွေ့ကြုံနိုင်မည်နည်း။ ပြင်ပလောကတွင် ရှင်သန်နေထိုင်ခြင်းဖြင့် ယင်းကို သင်မည်သို့များ တွေ့ကြုံနိုင်မည်နည်း။ သို့ဖြစ်၍ မိမိရှိသမျှအားလုံးကို စွန့်လွှတ်ရေးသည် ဘုရားသခင်နောက် လိုက်ခြင်းနှင့်သက်ဆိုင်သော လိုအပ်ချက်တစ်ခု ဖြစ်သည်။ သင့်ထံ၌ ရှိသမျှအားလုံးကို မစွန့်လွှတ်နိုင်လျှင် သမ္မာတရားကို သင်လုံးဝ ရရှိနိုင်မည် မဟုတ်ပေ။ သင်သမ္မာတရားကို မရရှိနိုင်လျှင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီပေ။ ဤသည်မှာ မည်သည့်လူတစ်ဦးမျှ မပြောင်းလဲနိုင်သည့် အမှန်တရားဖြစ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။