အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၈၄)

ထိုင်ဝမ်နိုင်ငံသည် ပြည်သူလူထုက ချမ်းသာဝပြောစွာ နေထိုင်ကြကာ တည်ငြိမ်သည့် လူ့အဖွဲ့အစည်း ရှိသည့် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်သည်။ ငြိမ်ဝပ်ပိပြားမှု၊ ဘဝ အရည်အသွေး၊ ယဉ်ကျေးမှု စံနှုန်းများ အစရှိသည်တို့အားလုံးသည် တရုတ်ပြည်မကြီးထက် များစွာ ပိုမိုသာလွန် ကောင်းမွန်သည်။ လူတို့သည် လွန်စွာ သက်သောင့်သက်သာရှိသော ဘဝများကို နေထိုင်ကြသည်။ သက်သောင့်သက်သာ နေထိုင်ခြင်းသည် ကောင်းမွန်သည့်အရာဖြစ်သော်ငြား ဘုရားသခင်ကို ယုံကြည်ပြီး သက်သောင့်သက်သာနေထိုင်ကြသူ အများအပြားသည် ဒုက္ခခံစားရန် သို့မဟုတ် အဖိုးအခပေးဆပ်ရန် မဆိုထားလင့် သူ့နောက်လိုက်ရန်ပင် မလိုလားကြပေ။ သူတို့ပိုင်ဆိုင်သမျှကို စွန့်လွှတ်ကာ သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် အသုံးခံဖို့ရာ အလွန် ခက်ခဲသည်။ ဤကား အမှန်တကယ် ဖြစ်ပျက်နေသည့်အရာပင် မဟုတ်လော။ လူတို့သည် သက်သောင့်သက်သာ နေထိုင်သည့်အခါတွင် သူတို့သည် စားရန်၊ သောက်ရန်၊ ပျော်ပါးရန်၊ လူ့ဇာတိကို ပျော်မွေ့ရန်နှင့် အသက်တာကို ပျော်မွေ့ရန်တို့ကို အမြဲတွေးနေကြသည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ကာ သမ္မာတရားကို လိုက်စားသူတို့အပေါ် သက်ရောက်မှုတစ်စုံတစ်ရာ ရှိသည်။ ထို့ကြောင့် ဤကဲ့သို့ သက်သောင့်သက်သာ ဖြစ်သော လူမှုပတ်ဝန်းကျင်ရှိ လူအများအပြားသည် သူတို့၏ တာဝန်ကို ထမ်းဆောင်လိုပါလျက် ထမ်းဆောင်ရန် ရုန်းကန်နေကြရသည်။ သူတို့သည် ဒုက္ခအနည်းငယ်မျှကိုပင် သည်းညည်းမခံလိုကြ။ ထို့ပြင် သူတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဖြစ်စေ၊ အသင်းတော်အတွက် အမျိုးမျိုးသော အလုပ်တို့ကို လုပ်ဆောင်ရာတွင်ဖြစ်စေ သူတို့သည် ထိထိရောက်ရောက် မလုပ်ဆောင်ကြပေ။ တစ်ခါတစ်ရံတွင် သူတို့၏ အလုပ် တိုးတက်မှုသည် ထိခိုက်ပြီး ယင်းသည် သူတို့၏ လူမှုဝန်းကျင်နှင့် တစ်စုံတစ်ရာ သက်ဆိုင်မှုရှိနေသည်။ ငါတို့ စုဝေးကြတိုင်း သင်တို့သည် ဤနေရာတွင် ထိုင်ကာ ဒေသနာများကို အစအဆုံး နားထောင်နိုင်ကြသည်ကို မြင်ရသည်မှာ ငါ့သည် တို့ထိခြင်းခံရသည်။ တရုတ်ပြည်မကြီးရှိ လူအချို့သည် ပတ်ဝန်းကျင်က နှိမ်သောကြောင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းတွင် ဖိနှိပ်ကာ ခွဲခြားဆက်ဆံခံရသောကြောင့်လည်းကောင်း၊ ပြင်းထန်သော နှိပ်ကွပ်ညှဉ်းပန်းမှုကို ခံစားရသောကြောင့်လည်းကောင်း ဘုရားသခင်ကို ယုံကြည်နိုင်ကြသည်။ တစ်ချိန်တည်းတွင်ပင် အချို့လူများသည် မျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှု သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် မှီခိုစရာ တစ်စုံတစ်ရာတို့ကို ရှာဖွေကြရုံသက်သက်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ အချို့လူများအတွက်မူ သူတို့၏ စိတ်အားထက်သန်မှု၊ ယုံကြည်မှုနှင့် သစ္စာရှိမှုတို့သည် အဆင်းနီသော နဂါးကြီး၏ လူမဆန်သော နှိပ်ကွပ်ညှဉ်းပန်းမှုများ‌အောက်တွင် ပျက်ပြားကုန်ကြသည်။ အချို့သည် တရုတ်ပြည်မကြီးတွင် ဘုရားသခင်ကို ယုံကြည်ရန်မှာ လွန်စွာ ခက်ခဲကာ လူအများအပြားမှာ လိုက်လံဖမ်းဆီးခံရကာ ပုန်းခိုရန် နေရာမရှိသဖြင့် လိုအပ်ချက်ကြောင့် နိုင်ငံရပ်ခြားသို့ မဖြစ်မနေ ထွက်ပြေးကြရသည်။ ယင်းတို့မှာ ထိုသူတို့ နိုင်ငံရပ်ခြားသို့ ထွက်ပြေးရခြင်း အကြောင်းအရင်းများ ဖြစ်သည်။ တရုတ်ပြည်မကြီး၏ ဖိနှိပ်ခံရပြီး ခက်ခဲသော နေထိုင်မှု ဝန်းကျင်နှင့် နှိုင်းစာလျှင် ထိုင်ဝမ်ရှိလူများသည် အလွန်ကံကောင်းကြသည်။ ဤကဲ့သို့ သက်သောင့်သက်သာ ဘဝမျိုးတွင် ဘုရားသခင်ကို ယုံကြည်ကြသူများသည် ဒုက္ခခံစားရန် သို့မဟုတ် ပြန်လည်ပေးဆပ်ရန် မလိုလားကြပေ။ ထို့ပြင် နှိပ်ကွပ်ညှဉ်းပန်းမှု သို့မဟုတ် အတိဒုက္ခနှင့် တွေ့ကြုံရသောအခါတွင် သူတို့သည် သူတို့၏ တာဝန်များကို မထမ်းဆောင်လိုကြတော့ပေ။ အသက်တာသည် ဤမျှ သက်သောင့်သက်သာ ရှိနေချိန်တွင် လူတို့သည် စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းတို့၌သာ ပျော်မွေ့ကြတော့သည်။ သူတို့သည် “မည်သည်ကို စားရမည်နည်း။ မည်သည့်နေရာသို့ ခရီးသွားရမည်နည်း။ မည်သည့် နိုင်ငံသို့ ငါမရောက်ဖူးသေးသနည်း။ လူသားတစ်ယောက်၏ သက်တမ်းသည် ဆယ်စုနှစ် အချို့သာ ကြာမြင့်သည်။ အကယ်၍ ငါသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို လည်ပတ်ကာ မိမိ၏ အတွေ့အကြုံဗဟုသုတနယ်ပယ်ကို မဖြန့်ကျက်လျှင် အသက်ရှင်နေထိုင်ရသည်မှာ အချည်းနှီးပင် ဖြစ်လိမ့်မည်မဟုတ်လော” ဟူသကဲ့သို့သော အရာများနှင့်သာ အစဉ်အမြဲ စိုးရိမ်ပူပန်နေကြသည်။ ဤကား လူတစ်ယောက်၏ နှလုံးသားသည် အစိုးမရဖြစ်ကာ မထိန်းသိမ်းနိုင် ဖြစ်လာပုံပင် ဖြစ်သည်။ ဤနည်းဤပုံဖြင့် အကြင်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ့ရှေ့မှောက်တွင် တိတ်တဆိတ် စားသောက်နိုင်မည်လော။ အကြင်သူသည် စုဝေးပွဲများ၌ ဒေသနာများကို အာရုံစိုက် နာကြားနိုင်ဦးမည်လော။ ယင်းသည် ခက်ခဲမည်မှာ အသေအချာပင်။ ထို့ကြောင့် အကြင်သူသည် ဘုရားသခင်ကို ယုံကြည်ရန်၊ သမ္မာတရားကို လိုက်စားရန်နှင့် သူ၏ တာဝန်ကို ထမ်းဆောင်ရန် တွန်းအားပေးခံရသည့်အခါ သူသည် မတရား ဆက်ဆံကာ အနှိမ်ခံရသည်ဟု ခံစားရပြီး အသက်ရှင်နေထိုင်ရသည်မှာ အချည်းနှီးသာ ဖြစ်သည်ဟု ဆက်လက်ခံစားရတော့သည်။ ဤသို့ နေပျော်ဖွယ် ပတ်ဝန်းကျင်သည် လူတို့ကို ပြင်းထန်သော စုံစမ်းသွေးဆောင်ခြင်းနှင့် အတားအဆီး ဖြစ်စေသည် မဟုတ်လော။ ဖြစ်စေသည်။ လူသားတိုင်းသည် လူ့ဇာတိ၏ သက်သာမှုကို တောင့်တကြသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ကာ သမ္မာတရားကို လိုက်စားသူတို့အတွက်မူ သက်သာမှုသည် အသက်၏ တိုးတက်မှုအတွက် ကောင်းသောအရာတစ်ခု သေချာပေါက် ဟုတ်မနေချေ။ လူအများစုသည် အနည်းငယ်မျှ ဒုက္ခခံစားရသည့် အခါတွင် အပျက်သဘောဆောင်ကာ အားနည်းလာကြပြီး စိတ်စွမ်းအား စိုးစိမျှပင် မရှိချေ။ ယင်းကား သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်၏ ရလဒ်ပင် မဟုတ်လော။ တရုတ်ပြည်မကြီးရှိ ညီအစ်ကို မောင်နှမများ ထောင်တွင်းနှိပ်စက်ခံနေရခြင်း၊ အပြစ်ဒဏ် ချမှတ်ခံနေရခြင်းနှင့် အကျဉ်းချ ခံနေရခြင်းတို့ကို ပြသသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုမျိုးစုံ ရှိသည်။ သင်တို့ အားလုံး ယင်းတို့ကို ကြည့်ဖူးကြသလော။ (ကြည့်ဖူးပါသည်။) သင်တို့ ကြည့်ပြီးသည့်နောက်တွင် ထိုသူတို့နှင့်ပတ်သက်၍ မည်သို့ခံစားရသနည်း။ (ဘုရားသခင်။ ကျွန်ုပ် မည်သို့ခံစားရသည်ကို အနည်းအကျဉ်းမျှ ပြောပြလိုသည်။ တရုတ်ပြည်မကြီးရှိ ညီအစ်ကို မောင်နှမများသည် ယင်းသို့ နှိပ်စက်မှုဖြင့် နှိပ်ကွပ်ညှဉ်းပန်းမှုများအားလုံးကို တွေ့ကြုံခံစားရသည်ကို မြင်ရပြီးသည့်နောက် သူတို့ ဘုရားသခင်ကို မည်သို့ ဆုတောင်းနိုင်ကြကြောင်း၊ အားကိုးအားထားပြုနိုင်ကြကြောင်း၊ ပြီးလျှင် ယင်းကဲ့သို့ ခက်ခဲသော ပတ်ဝန်းကျင်တွင် သူတို့၏ ယုံကြည်မှုကို ကိုင်ဆွဲထားနိုင်ကြသေးကြောင်း၊ ဘုရားသခင်၏ ဦးဆောင်မှုအောက်တွင် တစ်ဆင့်ချင်း တွေ့ကြုံခံစားကာ သူတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်၍ ဘုရားသခင်ကို သစ္စာမဖောက်ဘဲ ရှိနေကြကြောင်းတို့ကို မြင်တွေ့ရပြီးသည့်အခါတွင် ကျွန်ုပ်သည် သူတို့တွင် အကျွန်ုပ်တို့ထက် ပိုကဲသော ယုံကြည်မှု၊ ပိုမို ကြီးမားသော ဝိညာဉ်ရင့်သန်မှု ရှိသည်ဟု ခံစားရသည်။ အကယ်၍ အကျွန်ုပ်သာ ထိုသို့သော ပတ်ဝန်းကျင်တွင် ရှိရပါက သူတို့ကဲ့သို့ ခိုင်ခိုင်မာမာ သေချာပေါက် ရပ်တည်နိုင်လိမ့်မည်မဟုတ်။ ဤကား ကျွန်ုပ်ကို ဝိညာဉ်ရင့်သန်မှု၌ အလွန် သေးငယ်သည်ဟု ခံစားရစေပါသည်။) တရုတ်ပြည်မကြီးရှိ ညီအစ်ကိုမောင်နှမများသည် အဆင်းနီသော နဂါးကြီး၏ ရက်စက်သော နှိပ်ကွပ်ညှဉ်းပန်းမှုများ ခံစားရသည့် ပတ်ဝန်းကျင်တွင် ဘုရားသခင်ပေါ်တွင် ယုံကြည်ခြင်း၊ စုဝေးပွဲများတက်ရောက်ခြင်း၊ သူတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့ကို မလျှော့တမ်း ဆက်လက်လုပ်ဆောင်နိုင်နေကြသေးသည်။ ဤကား သက်သေခံချက်ပင်။ အင်အားကြီးမားသော သက်သေခံချက်ပင် ဖြစ်သည်။ ယင်းကဲ့သို့ ရန်လိုသော ပတ်ဝန်းကျင်တွင် ၎င်းတို့ ခိုင်မာစွာ ရပ်တည်နိုင်သည်မှာ သက်သေခံချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဤသက်သောင့်သက်သာ ပတ်ဝန်းကျင်တွင် ရှိသော သင်တို့သည် ကွဲပြားခြားနားသော သက်သေခံချက် တစ်မျိုးအား မည်ကဲ့သို့ ပေးရမည်ကို ချင့်ချိန်စဉ်းစားသင့်သည်။ ပထမဦးစွာ ဘုရားသခင်က ပေးထားသည့် ဤဘဝနှင့် ဤပတ်ဝန်းကျင်တို့ရှိ အရာတိုင်းကို သင်တို့ ချစ်ခင်မြတ်နိုးသင့်သည်။ အလားတူစွာပင် သင်တို့သည် ဤကဲ့သို့ ပတ်ဝန်းကျင်တွင် သင်တို့၏ သက်သေခံချက်တွင် မည်ကဲ့သို့ ခိုင်ခိုင်မာမာရပ်တည်နိုင်မည်ဖြစ်ကာ ဘုရားသခင်ကို အရှက်မရစေဘဲ အောင်မြင်သောသူများ ဖြစ်လာနိုင်မည်ကို ချင့်ချိန်စဉ်းစားသင့်သည်။ ဒီမိုကရေစီဝါဒခံယူသော နိုင်ငံ တစ်ခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အစိုးရ၏ နှိပ်စက်မှုများအားဖြင့် နှိမ်နှင်းမှုနှင့် နှိပ်ကွပ်ညှဉ်းပန်းမှုများကို မကြုံတွေ့ရစေကာမူ မိသားစုနှင့် ဆွေမျိုးများ၏ နှိပ်ကွပ်ညှဉ်းပန်းခြင်းကား ရှိနေလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရန်၊ သမ္မာတရား ရရှိရန်နှင့် မိမိတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာရပ်တည်ရန် လိုအပ်သေးသည်။ မည်သည့် ပတ်ဝန်းကျင်တွင် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ သမ္မာတရား ရရှိရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။ သင်သည် သမ္မာတရားကို နားလည်ရန်နှင့် စစ်မှန်မှုကို ဝင်ရောက်ရန် ဒုက္ခခံကာ အဖိုးအခပေးဆပ်ရမည်။ ဘုရားသခင်အတွက် သက်သေခံနိုင်ရန် အတွေ့အကြုံ၏ ရှုထောင့်အားလုံးတွင် သမ္မာတရားကို နားလည်ခြင်းကို စွမ်းဆောင်ရရှိရန် လိုအပ်သည်။ ဤသည်မှာ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ နာမတော်တို့ကို ဖြန့်ဝေခြင်းကိုသာ ဆိုလိုသည်မဟုတ်။ ယင်းသည် ဘဝအတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို အဓိကဆိုလိုသည်။ မည်သည့် လူစု သို့မဟုတ် မည်သည့်နိုင်ငံ၏ လူမှုဖွဲ့စည်းပုံစနစ်တွင်မဆို သမ္မာတရားအတိုင်း နေထိုင်လျှင်လည်းကောင်း၊ ရိုးသားသောသူများ ဖြစ်စေရန် ကြိုးစားအားထုတ်လျှင် လည်းကောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် ကြိုးစားလျှင်လည်းကောင်း လူတို့သည် ခွဲခြားဆက်ဆံခံရမှု၊ အကြဉ်ခံရမှုနှင့် နှိပ်ကွပ်ညှဉ်းပန်း ခံရမှုတို့ ခံရဦးမည်ဖြစ်သည်။ ယင်းမှာ ဒီမိုကရေစီဝါဒ ခံယူသော နိုင်ငံများသည်လည်း ဘုရားသခင်ကို မကျိုးနွံမနာခံသောကြောင့်ဖြစ်သည်။ ဘာသာမဲ့ နိုင်ငံရေးပါတီများသည် အာဏာရယူထားကာ သူတို့သည်လည်း သမ္မာတရားနှင့် ဘုရားသခင်ကို ငြင်းပယ်ကြသည်။ ဤကဲ့သို့ နိုင်ငံတစ်ခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည်နှိပ်ကွပ်ညှဉ်းပန်းခြင်း သို့မဟုတ် အတိဒုက္ခတို့ မရှိသော်ငြား ဧဝံဂေလိတရားကို ဖြန့်ဝေကာ ဘုရားသခင်အတွက် သက်သေခံလိုလျှင် အချို့သော ကန့်သတ်ချက်များသာမက ခွဲခြားဆက်ဆံခံရမှုများ၊ အသရေဖျက်မှုများ၊ စီရင်ခံရမှုများနှင့် ရှုတ်ချခံရမှုများ ရှိနေဦးမည်ဖြစ်သည်။ ဤအရာအားလုံးသည် အမှန်ပေတည်း။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း နားမလည်နိုင်လေလျှင် သင်သည် သမ္မာတရားကို နားလည်သူတစ်ယောက် မဟုတ်။ မည်သည့်နိုင်ငံတွင်မဆို ခရစ်တော်ကို လက်ခံခြင်းနှင့် နောက်လိုက်ခြင်းတို့နှင့်အတူ နှိပ်ကွပ်ညှဉ်းပန်းခြင်းနှင့် အတိဒုက္ခတို့သည် အတိုင်းအတာတစ်ခုအထိ အတူယှဉ်တွဲပါလာမည် ဖြစ်သည်။ သင်သည် အစဉ်အမြဲ သတိဖြင့် လုပ်ဆောင်ကာ ဘုရားသခင်ကို ဆုတောင်းကာ ကိုးစားရန် လိုအပ်သည်။ ထို့ပြင် သင့်တွင် ဉာဏ်ပညာနှင့် အသိဉာဏ်တို့လည်း ရှိရပေမည်။ မည်သည့် နိုင်ငံနှင့် လူမှုပတ်ဝန်းကျင်တွင် သင်ရှိနေသည်ဖြစ်စေ ယင်းတို့ အားလုံးတွင် ဘုရားသခင်က သင့်အတွက် ခင်းကျင်းစီစဉ်ထားသည့် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုရှိသည်။ ယင်းမှာ အကြင်လူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဟူသည့်အပေါ်၌သာ မူတည်သည်။ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်သည် လူတို့အတွက် စုံစမ်းသွေးဆောင်ခြင်းတို့ ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် နှိပ်စက်ခြင်းဖြင့် နှိပ်ကွပ်ညှဉ်းပန်းခြင်းသည်လည်း စုံစမ်းသွေးဆောင်ခြင်းနှင့် စမ်းသပ်မှုတို့ ဖြစ်စေသေးသည်။ သို့ဆိုလျှင် သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်တွင် စမ်းသပ်မှုများရှိသလော။ ဘုရားသခင်၏ စမ်းသပ်မှုများရှိသေးသည်။ ဘုရားသခင်သည် ဤသို့ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို သင့်အတွက် စီစဉ်ထားပြီးဖြစ်ကာ အရာအားလုံးသည် သင်က ယင်းကို မည်သို့ တွေ့ကြုံခံစားသည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်သည် စာတန်၏ ထောင်ချောက်များနှင့် စာတန်၏ စုံစမ်းသွေးဆောင်မှုများအားဖြင့် လုံးလုံး ပိတ်မိလေမည်လော သို့မဟုတ် သင်သည် ၎င်းတို့ကို အဘက်ဘက်တွင် အောင်မြင်ကာ သင်၏ သစ္စာရှိမှုနှင့် တာဝန်တို့တွင် မဆုတ်မနစ်ဘဲ ဘုရားသခင်အပေါ် သက်သေခံမည်လောဟူသည့်အပေါ်တွင် မူတည်သည်။ ယင်းတို့အားလုံးသည် သင်မည်သို့ တွေ့ကြုံခံစားသည်နှင့် မည်သည့်ရွေးချယ်မှုကို သင်ပြုလုပ်သည်တို့ အပေါ်မူတည်သည်။ ပြည်မကြီးတရုတ် ညီအစ်ကို မောင်နှမများတွင် အနည်းငယ် ပိုကြမ်းတမ်းသည့် ပတ်ဝန်းကျင်တစ်ခု ရှိကြသည်။ ပြီးလျှင် ဘုရားသခင်သည် သူတို့ကို အနည်းငယ်ပိုမိုလေးလံသည့် ဝန်တစ်ခုကို ပေးထားကာ သူတို့အတွက် ခင်းကျင်းထားသည့် ပတ်ဝန်းကျင်သည် အနည်းငယ် ပိုမိုကြမ်းတမ်းသည်။ သို့သော် သူသည် ၎င်းတို့ကို ပိုပေးထားသည်လည်း ရှိသေးသည်။ ဘုရားသခင် ချမှတ်ပေးသည့် ပတ်ဝန်းကျင်သည် ပိုမို ကြမ်းတမ်းကာ စမ်းသပ်မှုများသည် ပိုမို ကြီးမားလေလေ လူတို့က ပိုမို ရရှိကြလေလေဖြစ်သည်။ သို့သော် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်လည်း လူတို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် စမ်းသပ်မှုတို့ကို နေရာတိုင်းတွင် တွေ့ကြုံရကာ ဘုရားသခင်က သင့်ကိုလည်း များစွာပေးထားသေးသည်။ သင်စုံစမ်းသွေးဆောင်မှုကို ကြုံရလေတိုင်း အောင်မြင်နိုင်လေလျှင် သင်ရရှိသည်မှာ နှိပ်စက်ခြင်းဖြင့် နှိပ်ကွပ်ညှဉ်းပန်းမှုကို ခံရသော သင်၏ ညီအစ်ကို မောင်နှမများထက် နည်းနည်းမျှ လျော့လိမ့်မည်မဟုတ်။ ယင်းသည်လည်း အောင်မြင်ကျော်လွှားနိုင်ရန်အတွက် သမ္မာတရားလိုက်စားခြင်းနှင့် ဝိညာဉ်ရင့်သန်မှုရှိခြင်းတို့ကို လိုအပ်သေးသည်။ ဥပမာ သင့်မိသားစုနှင့် အတူရှိရခြင်း၊ ကောင်းမွန်စွာ စားသောက်ရခြင်း၊ ဖျော်ဖြေရေးနှင့် ပျော်ရွှင်မှု၊ ထို့ပြင် လူ့ဇာတိကို ဇိမ်ခံရစေကာ စာရိတ္တပျက်ပြားခြင်းကို ဖြစ်စေသော အချို့လူမှုရေး ရေပန်းစားမှုများကဲ့သို့ အရာများအားလုံးတို့သည် သင့်အတွက် စုံစမ်းသွေးဆောင်မှုများ ဖြစ်ကြသည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများနှင့် ကြုံရသည့်အခါ ယင်းတို့သည် သင်၏အာရုံကိုသာ ဖမ်းစားမည်မဟုတ်ဘဲ သင့်ကို နှောင့်ယှက်ကာ မြှူဆွယ်လိမ့်ဦးမည် ဖြစ်သည်။ သင်သည် လောကီ အရာများနှင့် ရေပန်းစားမှုများနောက် လိုက်သောအခိုက်သည် စာတန်၏ စုံစမ်းသွေးဆောင်မှုများ ဖြစ်ပေါ်သည့်အချိန်ဖြစ်သည်။ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများ ပေါ်ပေါက်မည့်အချိန်ဟုလည်း ခေါ်နိုင်ပေသည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများနှင့် စမ်းသပ်မှုများကို မည်သို့ တုံ့ပြန်ရမည်ကို ရွေးချယ်ဖို့ လိုအပ်လိမ့်မည်ဖြစ်ပြီး ယင်းသည် ဘုရားသခင်က လူတို့ကို စမ်းသပ်ကာ ၎င်းတို့သည် မည်သူများ ဖြစ်ကြသည်ကို ပြသသည့် အခိုက်ဖြစ်သည်။ ယင်းသည် ဘုရားသခင်က သင့်ကို ပြောထားသည့်အရာများနှင့် သင်နားလည်ထားသော သမ္မာတရားတို့ သက်ရောက်မှု ရှိလောက်သည့် အခိုက်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် စစ်မှန်သော ယုံကြည်မှုရှိလေလျှင် သင်သည် ဤစုံစမ်းသွေးဆောင်မှုများကို အောင်မြင်ကျော်လွှားနိုင်မည် ဖြစ်ကာ ဘုရားသခင်က သင့်အတွက် ခင်းကျင်းထားသည့် စမ်းသပ်မှုများတွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်မည် ဖြစ်သည်။ အကယ်၍ သမ္မာတရားကို ချစ်မြတ်နိုးရမည့်အစား သင်သည် လောကီကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း၊ ရေပန်းစားမှုများကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း၊ ဇိမ်ခံမှုကို အာသာပြင်းပြခြင်းနှင့် လူ့ဇာတိကို စိတ်ဖြည့်ဆည်းတို့အား ခုံမင်နှစ်သက်လျှင်လည်းကောင်း သင်သည် အနှစ်မဲ့သော အသက်တာကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း သင်သည် ဤလောကီအရာများ နောက်သို့ လိုက်ပေလိမ့်မည်။ သင်သည် ယင်းတို့အတွက် သဘောကျခြင်းခံစားရပြီး ယင်းတို့၏ ဆွဲဆောင်မှုကိုခံရကာ ယင်းတို့ကို စိတ်စွဲနေမည် ဖြစ်သည်။ သင်၏နှလုံးသားသည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် စိတ်ဝင်စားမှု နည်းနည်းချင်းစီ လျော့ကျလာကာ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်လာလိမ့်မည်။ ထို့နောက်တွင် စုံစမ်းသွေးဆောင်မှုများအကြား၌ စာတန်သည် သင့်ကိုဖမ်းယူသွားလိမ့်မည်။ ဤသို့ စမ်းသပ်မှုတွင် သင်သည် သင်၏ သက်သေခံချက်ကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်။ ဒေသနာများစွာ ကြားနာထားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော်လည်း အတွင်းတွင် အနှစ်မဲ့သလို ခံစားနေကြရသူ များစွာရှိလေသည်။ သူတို့သည် ပေါ့ပ်အဆိုတော်များနှင့် ကျော်ကြားသူများ နောက်သို့လိုက်ခြင်း၊ ရေပန်းစားမှုများအတိုင်း ခေတ်မီအောင်နေခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များကို တီဗွီပေါ်တွင် ကြည့်ရှုခြင်းနှင့် ညပျော်လူများ ဖြစ်လာလေသည်အထိ ရုပ်သံဇာတ်လမ်းတွဲများကို တစ်ဆက်တည်း ကြည့်ရှုခြင်းတို့ကို ခုံမင်နှစ်သက်နေသေးသည်။ အချို့ လူငယ်များသည် ဗီဒီယိုဂိမ်းများပင် ကစားကြသေးသည်။ အနှစ်ချုပ်ရလေလျှင် သူတို့သည် မည်သည့်အဖိုးအခကို မဆို ပေးဆပ်ရန် နောက်မတွန့်ဘဲ ယင်းရေပန်းစားသောအရာများကို အရူးအမူး လိုက်စားနေကြသည်။ ထို့ပြင် သူတို့ အဘယ်ကြောင့် ဤသည်တို့ကို လုပ်ဆောင်ကြသနည်း။ ယင်းမှာ သူတို့ သမ္မာတရားကို မရရှိသေးသောကြောင့်ပင်ဖြစ်သည်။ သမ္မာတရားကို မရရှိသေးသူတို့တွင် ခံစားချက်တစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သူ့ကို မယုံကြည်ခြင်းတို့တွင် များစွာသော ခြားနားချက် ရှိလေသည်ဟု မမြင်မှတ်ခြင်းပင်ဖြစ်သည်။ သူတို့၏ စိတ်နှလုံးများတွင် အနှစ်မဲ့ကာ သူတို့၏ အသက်တွင် အဓိပ္ပာယ်မရှိဟု ခံစားနေရသေးသည်။ အကယ်၍ သူတို့သည် ရေပန်းစားမှုများ‌နောက်သို့ လိုက်လေလျှင် သူတို့၏ အသက်တာသည် ပို၍ ပြည့်စုံသည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဘဝတွင် အနည်းငယ်ပို၍ ထူးကဲကြွယ်ဝမှု ရှိသည်ဟုလည်းကောင်း၊ နေ့စဉ်ဘဝတွင် အနည်းငယ် ပိုပျော်ရွှင်ရသည်ဟုလည်းကောင်း ခံစားရလေသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ရေပန်းစားမှုများ နောက်သို့မလိုက်လေလျှင် သူတို့၏ အသက်တာသည် အဓိပ္ပာယ်မဲ့ပြီး အနှစ်မဲ့သည်ဟု ခံစားနေရသေးသည်။ ယင်းမှာ သူတို့ သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့်ပင်။ ထိုသူတို့သည် သမ္မာတရားကို စိုးစဉ်းမျှပင် နားမလည်ဘဲ သမ္မာတရား စစ်မှန်မှုလည်း မရှိသဖြင့် သူတို့သည် ရေပန်းစားမှုများ နောက်သို့ မလိုက်ဘဲ မနေနိုင်ဟုပင် သင် ယုံကြည်စိတ်ချစွာ ဆိုနိုင်ပေသေးသည်။ အချို့လူများသည် သမ္မာတရားကို မည်သည့်အခါကမျှ မလိုက်စားဖူးဘဲ သူတို့၏ တာဝန်များကို ထမ်းဆောင်လျှင်ပင် အသားမကျဖြစ်နေသည်။ သူတို့သည် စုံစမ်းသွေးဆောင်မှုများကြုံရလေလျှင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ နောက်ဆုံးတွင် အရှုံးပေးရလေတော့သည်။ အချို့လူများသည် သူတို့၏ တာဝန်များကို စတင်ထမ်းဆောင်စဉ်တွင် အတော်အတန် စိတ်အားတက်ကြွကာ စိတ်ပိုင်းဖြတ်ချက် ရှိကြသော်လည်း စုံစမ်းသွေးဆောင်မှုများ ကြုံရချိန်တွင်မူ ဆက်လက် မထမ်းဆောင်ချင်ကြတော့ဘဲ ဝတ်ကျေတမ်းကျေ ဖြစ်လာကာ ဆက်ကပ်အပ်နှံခြင်း ကင်းမဲ့လာတော့သည်။ ယင်းတွင် သက်သေခံချက်မရှိ။ အကယ်၍ သူတို့သည် စုံစမ်းသွေးဆောင်မှု ကြုံရသည်နှင့် သူတို့၏ တာဝန်များကို လက်လွှတ်နိုင်ကာ သူတို့ အလိုရှိသည်ကို ရွေးချယ်ကြလေလျှင် သူတို့တွင် သက်သေခံချက်မရှိ။ အကယ်၍ နောက်ထပ် စုံစမ်းသွေးဆောင်ခြင်း ရောက်လာလေလျှင် သူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ လောကီရေပန်းစားမှုများနောက် လိုက်ပြီး အသင်းတော်မှ စွန့်ခွာနိုင်သည်။ သို့မဟုတ် နောက်ထပ် စုံစမ်းသွေးဆောင်ခြင်း ရောက်လာပါက သူတို့သည် ဘုရားသခင်ကို စတင်၍ သံသယဝင်လာကာ သူတည်ရှိသည်၊ မရှိသည်ကိုပင် မသေချာတော့ဘဲ သူတို့သည် လူဝံများမှ ဆင့်ကဲပြောင်းလဲ လာသည်ဟုပင် ယုံကြည်လာကြမည်။ ထိုလူများသည် စာတန်၏ ဖမ်းဆီးခြင်းကို အလုံးစုံ ခံလိုက်ရပြီဖြစ်သည်။ ဤစုံစမ်းသွေးဆောင်ခြင်းများတွင် ပိတ်မိသွားကာ ဘုရားသခင်ထံတွင် ဆုမတောင်းပေ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေတော့ပေ။ သူတို့သည် ၎င်းတို့ ဇာတိပကတိ၏ ကံကြမ္မာကိုသာ တွေးတောလျက် ရလဒ်အနေဖြင့် သူတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာရပ်တည်ရန် ပျက်ကွက်လေသည်။ တစ်ဆင့်ပြီးတစ်ဆင့် သူတို့သည် ငရဲနှင့် သေခြင်း၏ ချောက်နက်ကြီးထဲသို့ စာတန်က ဆွဲခေါ်သွားခြင်း ခံရလေတော့သည်။ ဘုရားသခင်သည် ဤလူကို စာတန်သို့ ပေးအပ်လိုက်ပြီး သူ့အတွက် ကယ်တင်ခံရခြင်း အခွင့်အရေးမရှိတော့ပေ။ သမ္မာတရားလိုက်စားခြင်းသည် အရေးမကြီးသလော ငါ့ကို ပြောလော့။ (အရေးကြီးပါသည်။) သမ္မာတရားသည် အလွန်အရေးကြီးသည်။ သမ္မာတရားသည် မည်သည့် လုပ်ငန်းဆောင်တာကို ထမ်းဆောင်နိုင်သနည်း။ အနည်းဆုံးအနေဖြင့် စုံစမ်းသွေးဆောင်ခြင်း သင်ကြုံရသည့်အခါတွင် ၎င်းသည် စာတန်၏ အကြံအစည်များကို ထွင်းဖောက်မြင်နိုင်စေကာ သင်မည်သည်ကို လုပ်သင့်သည်၊ မည်သည်ကို မလုပ်သင့်ကြောင်းနှင့် သင်မည်သည်ကို ရွေးချယ်သင့်သည်ကို သိစေရန် အထောက်အကူပြုနိုင်သည်။ အနည်းဆုံးအနေဖြင့် ယင်းသည် သင့်ကို ဤသည်တို့အား သိအောင် လုပ်လိမ့်မည်။ အရေးအကြီးဆုံးမှာကား သမ္မာတရားသည် သင့်ကို စုံစမ်းသွေးဆောင်မှု၌ ခိုင်ခိုင်မာမာ ရပ်တည်စေနိုင်ဖို့ အထောက်အကူပြုမည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို ပေးထားသည့် တာဝန်ကို ကိုင်စွဲထားကာ ထိုတာဝန်ကို သစ္စာရှိပြီး စာတန်ကို ငြင်းပယ်နိုင်ချိန်တွင် သင်သည် ခိုင်ခိုင်မာမာ၊ စွဲစွဲမြဲမြဲ၊ မယိမ်းမယိုင် ရပ်တည်နိုင်လိမ့်မည်။ သင်သည် စမ်းသပ်မှုများအကြား၌ ယောဘကဲ့သို့ပင် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်။ ဤကားလူတို့ အနည်းဆုံးအနေဖြင့် ရရှိသင့်သည့်အရာပင် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။