လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း (အပိုင်း တစ်)
ယနေ့တွင် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာအကြောင်းကို သင်တို့ အကြားချင်ဆုံးဖြစ်သနည်း။ ရွေးချယ်ရမည့် အကြောင်းအရာအနည်းငယ်ကို သင်တို့အား ငါ ပေးမည်ဖြစ်သည်။ သင်တို့ နှစ်သက်မည့် မည်သည့်အရာမဆို ငါတို့ မိတ်သဟာယပြု၍ရသည်။ ပထမဆုံးမေးခွန်းမှာ ဤသို့ဖြစ်သည်။ သင့်ကိုယ်သင် မည်သို့ သိရှိသနည်း။ သင့်ကိုယ်သင် သိရှိရန် နည်းလမ်းမှာ အဘယ်နည်း။ အဘယ်ကြောင့် သင့်ကိုယ်သင် သိရှိသင့်သနည်း။ ဒုတိယမေးခွန်းမှာ လူတို့သည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် မည်သည့်အရာအားဖြင့် အသက်ရှင်ကြလေပြီနည်း။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအားဖြင့် သင်အသက်ရှင်လေပြီလော၊ သို့မဟုတ် စာတန်ဆန်သော စိတ်သဘောထားများနှင့် အတွေးအခေါ်များအားဖြင့် သင် အသက်ရှင်လေပြီလော။ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအားဖြင့် အသက်ရှင်ကြောင်း မည်သည့် အပြုအမူက ပြသနည်း။ သင်သည် စာတန်ဆန်သော စိတ်သဘောထားများနှင့် အတွေးအခေါ်များဖြင့် အသက်ရှင်လျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သို့ မိမိဘာသာ ထင်ရှားကာ ပေါ်လွင်မည်နည်း။ တတိယမေးခွန်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သည့်အရာ ဖြစ်သနည်း။ ယခင်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သွင်ပြင်လက္ခဏာ ခြောက်ခုကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့် မည်သည့် အခြေအနေများက ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ တိကျသည့် သရုပ်သကန်များဖြစ်သည်ကို ငါတို့ ပြောဆိုဆွေးနွေးကြမည်။ ယခုတွင် သင်တို့ ရွေးချယ်ရန်ဖြစ်သည်။ မည်သည့် မေးခွန်းသည် သင်တို့ နားမလည်ဆုံးဖြစ်သော်လည်း နားအလည်ချင်ဆုံးဖြစ်ပြီး သဘောပေါက်ရန် အခက်ခဲဆုံးဖြစ်သည်ကို တွေ့ရှိရသနည်း။ (ဒုတိယမေးခွန်းကို ကျွန်ုပ်တို့ ရွေးချယ်ပါသည်။) သို့ဆိုလျှင် ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုမည်။ ခဏမျှ ချင့်ချိန်စဉ်းစားကြလော့။ လူတို့သည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် မည်သည့်အရာအားဖြင့် အသက်ရှင်ကြလေပြီနည်း၊ ပြီးလျှင် ဤအကြောင်းအရာတွင် မည်သည့်အရာများ ပါဝင်သနည်း။ ဤစာကြောင်း၏ အဓိကအချက်မှာ “မည်သည့်အရာ”ဟူသည့် စကားလုံးဖြစ်သည်။ ဤ“မည်သည့်အရာ”၏ နယ်ပယ်တွင် မည်သည့်အရာ ပါဝင်သနည်း။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာကို သင်တို့ နားလည်နိုင်သနည်း။ သင်တို့ စဉ်းစားသည့်အရာများသည် အလွန်အရေးအပါဆုံးသောအရာများ ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် လက်တွေ့လုပ်ဆောင်သင့်ပြီး “မည်သည့်အရာ”ဟူသည့် ဤစကား နယ်ပယ်အတွင်းတွင် ကျရောက်သည့် လူသားများက ပိုင်ဆိုင်သင့်ပေသည်။ သင်၏ နေ့စဉ် အသက်တာတွင် သင် ထိတွေ့ဆက်ဆံလာရသည့် မည်သည့်အရာမဆို၊ သင်၏ အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့က သင့်ကို သဘောပေါက်ခွင့်ပေးသည့် မည်သည့်အရာမဆို၊ အပြုသဘောဆောင်သည်ဟု သင်တို့ တွေးထင်သည့်မည်သည့်အရာမဆို၊ သမ္မာတရားနှင့် နီးစပ်ပြီး ကိုက်ညီသည်ဟု သင် တွေးထင်သည့် မည်သည့်အရာမဆို၊ အပြုသဘောဆောင်သည့် အရာများ၏ လက်တွေ့ကျမှုဖြစ်သည်ဟု သင် တွေးထင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု သင် တွေးထင်သည့် မည်သည့်အရာမဆိုသည် ဤနှစ်ကာလများအတောအတွင်းတွင် ဘုရားသခင်နောက်လိုက်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင် အသက်ရှင်နေထိုင်နေခဲ့သည့် အရာများဖြစ်သည်။ ထို့ကြောင့် ငါတို့ ထိုအရာများကို ဖော်ထုတ်ပြီး မိတ်သဟာယပြု၍ရသည်။ သင်တို့ စဉ်းစားနိုင်သည့်အရာမှာ မည်သည့်အရာများ ဖြစ်သနည်း။ (ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်မှုတွင် ဘုရား၏ ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ ကျွန်ုပ်သည် ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးပြီး ကျွန်ုပ်၏ တာဝန်တွင် ရလဒ်များရရှိရန်သာ လိုအပ်သည်ဟု ထင်ပါသည်။) ဤအမြင်သည် အပြုသဘောဆောင်သောအရာအဖြစ် သင် မှတ်ယူသည့် တစ်စုံတစ်ရာ ဖြစ်သည်။ သို့ဆိုလျှင် ဤအမြင်နှင့် ပေါလု၏ အမြင်ကြားတွင် ခြားနားမှုမှာ အဘယ်နည်း။ အနှစ်သာရက အတူတူပင် မဟုတ်လော။ (အတူတူပင် ဖြစ်ပါသည်။) အနှစ်သာရက အတူတူပင် ဖြစ်သည်။ ဤအမြင်၏ အနှစ်သာရသည် စိတ်ကူးတစ်ခုသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) နှစ်ကာလများအတောအတွင်းတွင် ဤစိတ်ကူးဖြင့်လည်းကောင်း၊ မှန်ကန်သည်ဟု သင် ထင်မြင်သည့်အရာဖြင့်လည်းကောင်း သင် အသက်ရှင်နေထိုင်ပြီး ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရန် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ရန် ဤအရာပေါ်သို့လည်း သင် မှီခိုပြီးဖြစ်သည်။ ဤသည်မှာ အခြေအနေတစ်ခု ဖြစ်သည်။ ပထမဦးစွာ သင်၏ အတွေးများနှင့် အမြင်များက မှန်ကန်ခြင်း ရှိမရှိဆိုသည်နှင့် ထိုအရာများက ဘုရားနှုတ်ကပတ်တော်တွင် အခြေခံအကြောင်းရင်း ရှိမရှိဆိုသည်ကို သင် အတည်ပြုရန် လိုအပ်သည်။ ထိုအရာများက မှန်ကန်ကြောင်း၊ အခြေခံအကြောင်းရင်းတစ်ခုရှိကြောင်းနှင့် သင် လုပ်ဆောင်သည့်အရာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သင် တွေးထင်သော်လည်း အမှန်တွင် သင် မှားနေလျှင် ယင်းမှာ ယနေ့ ငါတို့၏ မိတ်သဟာယတွင် ဆွေးနွေးမည့်အရာ ဖြစ်သည်။
လူတို့ အသက်ရှင်နေထိုင်သည့်အရာ အတိအကျနှင့်ဆိုင်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ အရိုးရှင်းဆုံးသော မိတ်သဟာယပြုရန် နည်းလမ်းမှာ လူတိုင်းနားလည်နိုင်သည့် အကြောင်းအရာဖြစ်သည့် ပေါလု၏ အခြေအနေနှင့် အစပြုရန်ဖြစ်ပြီး ထို့နောက် ထိုအရာကို သင်တို့၏ ကိုယ်ပိုင် အခြေအနေနှင့် ဆက်စပ်ရန် ဖြစ်သည်။ အဘယ်ကြောင့် ပေါလုအကြောင်း ပြောရသနည်း။ လူအများစုက ပေါလု၏ ဇာတ်လမ်းကို သိကြသည်။ သမ္မာကျမ်းစာထဲတွင် ပေါလုအကြောင်း မည်သည့် ဇာတ်လမ်းများ၊ အကြောင်းအရာများ ရှိသနည်း။ ဥပမာအနေဖြင့် မည်သည့်အရာများက ပေါလု၏ ကျော်ကြားသော အဆိုများဖြစ်သနည်း၊ သို့မဟုတ် မည်သည့်အရာတို့မှာ သူ၏ စရိုက်လက္ခဏာများ၊ ပင်ကိုစရိုက်နှင့် ပါရမီတို့ ဖြစ်သနည်း။ ငါ့ကို ပြောလော့။ (ပေါလုသည် တရားနှင့်ဆိုင်သည့် ပါရဂူဖြစ်သော ဂါမလျေလ၏ သင်ကြားလေ့ကျင့်ပေးခြင်းခံခဲ့ရသည်။ ယင်းမှာ သူ့အတွက် နာမည်ကောင်းတစ်ခုဖြစ်သည်၊ ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုမှ ဘွဲ့ရခြင်းနှင့် တူညီသည်။) ခေတ်သစ် ဝေါဟာရအရ ပေါလုသည် ဂုဏ်သတင်းကြီးသည့် ဓမ္မပညာကျောင်းမှ ဘွဲ့ရခဲ့သော ဓမ္မပညာ ကျောင်းသားတစ်ဦး ဖြစ်သည်။ ဤသည်မှာ ပေါလု၏ နောက်ခံ၊ ပညာရေးအဆင့်၊ လူမှု အဆင့်အတန်းတို့နှင့် စပ်လျဉ်း၍ ပေါလုအကြောင်းကို အတော်အတန် ကိုယ်စားပြုသည့် ပထမဆုံး အကြောင်းအရာ ဖြစ်သည်။ ဒုတိယအကြောင်းအရာအနေဖြင့် ပေါလု၏ လူသိအများဆုံးသော အဆိုမှာ အဘယ်နည်း။ (“ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈))ဤသည်မှာ သူ၏ အလုပ်များခြင်းအတွက် အရင်းခံအကြောင်း ဖြစ်သည်။ ခေတ်သစ်ဝေါဟာရအရ ပေါလုသည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးခဲ့သည်၊ အလုပ်လုပ်ပြီး ဧဝံဂေလိ ဟောပြောခဲ့သော်လည်း သူ၏ အရင်းခံအကြောင်းမှာ သရဖူတစ်ခု ရရှိရန်ဖြစ်သည်။ ဤသည်မှာ ဒုတိယ အကြောင်းအရာဖြစ်သည်။ သင် ဆက်ပြောနိုင်သည်။ (ပေါလုက “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁)ဟု ပြောခဲ့ပါသည်။) ဤသည်မှာလည်း ပေါလု၏ ဂန္တဝင် အဆိုများထဲမှ တစ်ခုဖြစ်သည်။ ဤသည်မှာ တတိယ အကြောင်းအရာဖြစ်သည်။ အကြောင်းအရာသုံးခုကို ယခုတင် ငါ ဖော်ပြခဲ့သည်။ ပထမမှာ ပေါလုသည် တရားနှင့်ဆိုင်သည့် ပါရဂူဖြစ်သော ဂါမလျေလ၏ ကျောင်းသားတစ်ဦးဖြစ်သည်၊ မျက်မှောက်ခေတ် ဘွဲ့ရကျမ်းစာကျောင်းဆင်းတစ်ဦးနှင့် ညီမျှသည်။ သူသည် သာမန်လူများထက် သမ္မာကျမ်းစာအကြောင်းကို သေချာပေါက် သာ၍ နှံ့စပ်ခဲ့ပေသည်။ ပေါလုသည် ထိုသို့သော ကျောင်းတစ်ကျောင်းမှ ဘွဲ့ရခဲ့သဖြင့် ဓမ္မဟောင်းကျမ်းနှင့်ဆိုင်သော အသိပညာ ရှိခဲ့သည်။ ယင်းမှာ ပေါလုတွင်ရှိခဲ့သည့် ပညာရေးနောက်ခံ ဖြစ်သည်။ ထိုအရာက သူ၏ အနာဂတ် တရားဟောခြင်းနှင့် အသင်းတော်များကို ထောက်ပံ့ခြင်းတို့အား မည်သို့ လွှမ်းမိုးခဲ့သနည်း။ ထိုအရာတွင် အကျိုးကျေးဇူးအချို့ ရှိကောင်း ရှိခဲ့နိုင်သည်။ သို့သော် ထိခိုက်နစ်နာမှုတစ်ခုခုကို ထိုအရာက ဖြစ်စေခဲ့သလော။ (ဖြစ်စေခဲ့ပါသည်။) ဓမ္မပညာ သင်ကြားလေ့လာမှုက သမ္မာတရားနှင့် တန်းတူဖြစ်သလော။ (တန်းတူမဟုတ်ပါ။) ဓမ္မပညာ သင်ကြားလေ့လာခြင်းသည် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားသော အရာသာဖြစ်သည်၊ အနှစ်မဲ့ သဘောတရားသာ ဖြစ်သည်။ လက်တွေ့ကျခြင်းမရှိပေ။ ဒုတိယအကြောင်းအရာမှာ အဘယ်နည်း။ (ပေါလုက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈)ဟု ပြောခဲ့ပါသည်။) ပေါလုသည် ဤစကားများဖြင့် အသက်ရှင်ခဲ့သည်။ ယင်းတို့ဖြင့် သူ လိုက်စားအားထုတ်ခဲ့သည်။ သို့ဆိုလျှင် ထိုစကားများသည် သူ၏ ဆင်းရဲဒုက္ခခံရာတွင်၊ သူ ပေးခဲ့သည့် အဖိုးအခတွင် ပေါလု၏ ကြံရွယ်ချက်နှင့် ရည်မှန်းချက်ဖြစ်ခဲ့သည်ဟု ငါတို့ ပြောနိုင်မည်လော။ (ပြော၍ရနိုင်ပါမည်။) ရိုးရှင်းစွာ ပြောရလျှင် သူ၏ ကြံရွယ်ချက်မှာ ဆုလာဘ်ချီးမြှင့်ခံရဖို့ ဖြစ်သည်။ ယင်းမှာ ပြေးရမည့်လမ်းကို သူ ပြေးခဲ့သည်၊ သူ၏ အဖိုးအခကို သူ ပေးခဲ့ပြီး ဓမ္မသရဖူတစ်ခုအတွက် ထိုအရာများကို အပေးအယူလုပ်ရန် ကောင်းသော တိုက်လှန်ခြင်းကို သူ ပြုခဲ့သည်ဟု ဆိုလိုပေသည်။ ဤအရာက ပေါလု အားထုတ်လိုက်စားခဲ့သည့် နှစ်ကာလများသည် ဆုလာဘ်ချီးမြှင့်ခံရခြင်းနှင့် ဓမ္မသရဖူ ရရှိခြင်းအကြောင်းဖြစ်သည်ကို ပြသပေသည်။ ဤအရာက သူ၏ ကြံရွယ်ချက်နှင့် ရည်မှန်းချက် မဟုတ်ခဲ့လျှင် ထိုသို့သော ဆင်းရဲဒုက္ခကို သူ ကြုံကာ ထိုသို့သော အဖိုးအခကို ပေးနိုင်ခဲ့မည်လော။ သူ၏ ကိုယ်ပိုင် ကိုယ်ကျင့်တရား ကြန်အင်လက္ခဏာ၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများအားဖြင့် သူသည် လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးခဲ့သည့် အဖိုးအခတို့ကို လုပ်ဆောင်ကာ ပေးနိုင်ခဲ့မည်လော။ (လုပ်နိုင်ခဲ့မည် မဟုတ်ပါ။) သခင်ယေရှုက သူ့ကို “ကမ္ဘာမြေပေါ်၌ ငါ အမှုပြုခဲ့ချိန်တွင် သင် ငါ့ကို နှိပ်စက်ညှဉ်းပန်းခဲ့သည်။ သင်ကဲ့သို့သော လူများသည် အပြစ်ပေးခံရကာ ကျိန်ဆဲခံရသည်။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုသို့သော အမှားများအတွက် သင် မထေမိနိုင်ပါ။ သင် မည်သို့ နောင်တရသည်ဖြစ်စေ သင့်ကို ငါ ကယ်တင်လိမ့်မည် မဟုတ်”ဟု ကြိုတင်ပြောခဲ့သည်ဟု ယူဆကြည့်လော့။ ပေါလုတွင် မည်သည့် သဘောထားမျိုး ရှိခဲ့မည်နည်း။ (သူသည် ဘုရားသခင်ကို စွန့်ပစ်ကာ ယုံကြည်တော့မည် မဟုတ်ပေ။) ဘုရားသခင်ကို သူ ယုံကြည်မည် မဟုတ်သည်သာမက ဘုရားသခင်ကို ငြင်းပယ်ခဲ့ပေမည်။ သခင်ယေရှုက ခရစ်တော်ဖြစ်ကြောင်းနှင့် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်ခဲ့ပေမည်။ ထို့ကြောင့် ပေါလုက မည်သည့်အရာဖြင့် အသက်ရှင်ခဲ့သနည်း။ သူသည် ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ မချစ်ခဲ့သကဲ့သို့ သူသည် ဘုရားသခင်ကို ကျိုးနွံနာခံသည့်သူတစ်ဦး မဟုတ်ခဲ့ပေ။ ထို့ကြောင့် ဧဝံဂေလိ ဟောပြောရာတွင် အလွန်များသည့် ဆင်းရဲဒုက္ခများကို သူ အဘယ်ကြောင့် မဆုတ်မနစ် ဖြတ်ကျော်နိုင်ခဲ့သနည်း။ သူ၏ အဓိက အထောက်အပံ့မှာ ကောင်းချီးမင်္ဂလာများအတွက် သူ၏ အလိုဆန္ဒဖြစ်သည်ဟု ပြော၍သင့်လျော်ပေသည်။ ယင်းမှာ သူ့ကို ခွန်အားပေးခဲ့သည့်အရာ ဖြစ်သည်။ ထို့အပြင် ဒမာသက်လမ်းပေါ်တွင် ဘုရားသခင်၏ ကြီးမားသော အလင်းကို ပေါလု မြင်ခဲ့ချိန်တွင် သူ မျက်စိကန်းသွားခဲ့သည်။ သူသည် တစ်ကိုယ်လုံး တုန်လှုပ်လျက် မြေပေါ် မှောက်လျက်လဲသွားခဲ့သည်။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် သူ၏ အံ့ဖွယ်ဖြစ်ခြင်းတို့ကို သူ ခံစားခဲ့ရပြီး သူ့ကို ဘုရားသခင် ရိုက်မည်ကို စိုးသောကြောင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မငြင်းဝံ့ခဲ့ပေ။ အခက်အခဲများ မည်မျှ ကြီးမားသည်ဖြစ်စေ ဧဝံဂေလိတရားကို သူ ဆက်ဟောခဲ့ရသည်။ သူသည် အားထုတ်မှု အရှိန်မလျော့ရဲခဲ့ပေ။ ယင်းမှာ ထိုအရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် ထိုအရာ၏ အကြီးမားဆုံးသော အပိုင်းမှာ ကောင်းချီးခံစားလိုသည့် သူ၏ လွန်ကဲသောဆန္ဒ ဖြစ်ခဲ့သည်။ ကောင်းချီးခံစားဖို့ ဆန္ဒမရှိဘဲ၊ ထိုမျှော်လင့်ချက် ရေးရေးမျှ မရှိဘဲ သူ လုပ်ခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့မည်လော။ သေချာပေါက် လုပ်ဆောင်ခဲ့မည် မဟုတ်ပေ။ တတိယအကြောင်းအရာမှာ ပေါလုသည် အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်သည်ဟု သူ့အတွက် သက်သေခံခဲ့သည်။ ပထမဦးစွာ ပေါလု လုပ်ဆောင်ခဲ့သည့် အလုပ်ကို တစ်ချက်ကြည့်ကြစို့။ ပေါလုတွင် ဘာသာရေး အသိများစွာရှိခဲ့သည်။ သူ့ထံတွင် နာမည်သတင်းကျော်ကြားမှုတစ်ခုနှင့် အတန်အသင့် တစ်မူထူးခြားသော ပညာရေးနောက်ခံတစ်ခု ရှိခဲ့သည်။ သူသည် သာမန်လူစုများထက် သာ၍ ပညာနှံ့စပ်သည်ဟု ပြောနိုင်သည်။ ထို့ကြောင့် ဤအလုပ်ကို သူ လုပ်ဆောင်ရန် မည်သည့်အရာအပေါ် သူ အမှီပြုခဲ့သနည်း။ (သူ၏ ဆုကျေးဇူးများနှင့် ပါရမီများအပြင် သူ၏ သမ္မာကျမ်း အသိပညာတို့ ဖြစ်သည်။) အပြင်ပန်းအားဖြင့် သူသည် ဧဝံဂေလိ ဖြန့်နေပြီး သခင်ယေရှုကို သက်သေခံနေခဲ့နိုင်သော်လည်း သူသည် သခင်ယေရှု၏ နာမကိုသာ သက်သေခံခဲ့သည်။ သခင်ယေရှုသည် ဘုရားသခင်က ထင်ရှားပြီး အမှုပြုနေခြင်း ဖြစ်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း သူ အမှန်တကယ် သက်သေမခံခဲ့ပေ။ ထို့ကြောင့် ပေါလုသည် အမှန်တကယ်တွင် မည်သူ့အတွက် သက်သေခံနေခဲ့သနည်း။ (သူ့ကိုယ်သူအတွက် သက်သေခံခဲ့ပါသည်။ သူက “ငါ အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏၊ သေလျှင်မူကား သာ၍ အကျိုးရှိ၏”ဟု ပြောခဲ့ပါသည်။) သူ၏ စကားများက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ သခင်ယေရှုသည် ခရစ်တော်၊ သခင်နှင့် ဘုရားသခင် မဟုတ်ဘဲ သူသာ ခရစ်တော်၊ သခင်နှင့် ဘုရားသခင်ဖြစ်ကြောင်း ဖြစ်သည်။ ပေါလုသည် သူ၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကြောင့် ဤသို့ အလုပ်များကာ ဟောပြောနိုင်ခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ သူ ဟောပြောသည့်သူများ သို့မဟုတ် သူ့စကားကို ကြားသောလူအားလုံးအား သူသည် ခရစ်တော်နှင့် ဘုရားသခင်အဖြစ် အသက်ရှင်ခဲ့ကြောင်း တွေးထင်စေရန် ဖြစ်သည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ သူ၏ ဆန္ဒများဖြင့် သူ အသက်ရှင်ခဲ့သည်။ ထို့အပြင် ပေါလု၏ အလုပ်သည် သူ၏ သမ္မာကျမ်းဆိုင်ရာ အသိပညာအပေါ် အခြေခံခဲ့သည်။ သူ၏ တရားဟောခြင်းနှင့် စကားများအားလုံးက သူ့တွင် သမ္မာကျမ်း အသိပညာရှိကြောင်း ပြသခဲ့သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဉာဏ်အလင်း ပေးခြင်းအကြောင်း သို့မဟုတ် သမ္မာတရား စစ်မှန်မှုများအကြောင်းကို မပြောခဲ့ပေ။ ဤအကြောင်းအရာများကို သူ၏ စာများတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့သကဲ့သို့ သူ့ထံတွင် ဤအတွေ့အကြုံမျိုး သေချာပေါက် မရှိပေ။ သူ၏ အလုပ်ရှိ မည်သည့်နေရာတွင်မျှ ပေါလုသည် သခင်ယေရှု ပြောဆိုခဲ့သည့် စကားများကို သက်သေမခံခဲ့ပေ။ ဥပမာအနေဖြင့် ဝန်ချခြင်းနှင့် နောင်တတရား လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် ပုံစံအတွက် သခင်ယေရှု၏ သွန်သင်မှုကို ကြည့်လော့ သို့မဟုတ် လူတို့ကို သခင်ယေရှုပြောခဲ့သည့် သွန်သင်မှုများနှင့်ဆိုင်သော စကားများစွာကို ကြည့်လော့။ ထိုအရာများကို ပေါလု လုံးဝ မဟောပြောခဲ့ပေ။ ပေါလု လုပ်ဆောင်ခဲ့သည့် မည်သည့်အရာကမျှ သခင်ယေရှု၏ စကားများနှင့် ပတ်သက်မှု တစ်ခုမျှ မရှိသကဲ့သို့ သူ ဟောပြောခဲ့သမျှမှာ သူ လေ့လာခဲ့သည့် ဓမ္မပညာဆိုင်ရာ သင်ကြားလေ့လာမှုနှင့် သဘောတရားမှ ဖြစ်သော အရာသာ ဖြစ်သည်။ ထိုဓမ္မပညာဆိုင်ရာ သင်ယူလေ့လာမှုနှင့် သဘောတရားတို့တွင် မည်သည့်အရာ ပါဝင်သနည်း။ လူတို့ ပေါင်းရုံးသုံးသပ်နိုင်သည့် လူသား အယူအဆများ၊ စိတ်ကူးများ၊ အတွေးအခေါ်များနှင့် ဆိုလိုချက်များ၊ အတွေ့အကြုံများနှင့် သင်ခန်းစာများ စသည်တို့ ဖြစ်သည်။ တိုတိုပြောရလျှင် ထိုအရာအားလုံးသည် လူသား တွေးခေါ်မှုမှ ဖြစ်ပေါ်ပြီး လူသား အတွေးများနှင့် အမြင်များကို ထင်ဟပ်သည်။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ ထိုအရာတစ်ခုမျှ သမ္မာတရား မဟုတ်ပေ။ အားလုံးက သမ္မာတရားနှင့် ဆန့်ကျင်ပေသည်။
ပေါလု၏ ဥပမာကို ကြားပြီးနောက်တွင် သင့်ကိုယ်သင် သူနှင့် ယှဉ်ကြည့်လော့။ ငါတို့ ယနေ့ ပြောဆိုနေသည့် အကြောင်းအရာ ဖြစ်သည့် “လူတို့သည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် မည်သည့်အရာအားဖြင့် အသက်ရှင်ကြလေပြီနည်း”ဟူသည် နှင့်စပ်လျဉ်း၍ သင်၏ ကိုယ်ပိုင် အခြေအနေများနှင့် အပြုအမူများကို သင် သတိပြုမိသလော။ (ကျွန်ုပ်သည် မိသားစုတစ်စု လုံးဝ မရှိလျှင်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လုံးဝ သစ္စာမဖောက်လျှင်၊ ကြီးမားသည့် စမ်းသပ်မှုများ ကျွန်ုပ်ထံ ရောက်လာသည့်အခါ ဘုရားသခင်ကို ညည်းညူခြင်း မပြုလျှင် အဆုံး၌ ဘုရားသခင်က ကျွန်ုပ်ကို သေခွင့်ပေးမည်မဟုတ်ဟု ကျွန်ုပ် ယုံကြည်သည့်အချက်ကို ထိုအရာက စဉ်းစားမိစေပါသည်။) ယင်းမှာ ဖြစ်ချင်သောအရာဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ယနေ့ မိတ်သဟာယ၏ အကြောင်းအရာနှင့် နီးစပ်သလိုလိုရှိပြီး တကယ့် အခြေအနေတစ်ခုနှင့်လည်း သက်ဆိုင်ပေသည်။ ထိုအရာသည် လက်တွေ့ဘဝရှိ လက်တွေ့ကျသော လိုက်စားမှုအပေါ် အမြင်တစ်ခု ဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (ကျွန်ုပ်တွင် အမြင်တစ်ခု ရှိပါသည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ဘုရားသခင်နောက် အဆုံးထိ ကျွန်ုပ် လိုက်သရွေ့ ကောင်းချီးခံစားရဖို့နှင့် ကောင်းမွန်သည့် အဆုံးသတ်နှင့် ခရီးပန်းတိုင် ရရှိဖို့ သေချာသည်ဟု ကျွန်ုပ် ခံစားရပါသည်။) လူများစွာတို့တွင် ထိုသို့သော အမြင်တစ်ခု ရှိကြသည် မဟုတ်လော။ ထိုအရာသည် အခြေခံအားဖြင့် လူတိုင်း သဘောတူသလိုလိုရှိသည့် အမြင်တစ်ခု ဖြစ်သည်။ တစ်ဦးတစ်ယောက်တွင် မတူကွဲပြားသည့် အမြင်တစ်ခု ရှိသလော။ နားထောင်ကြစို့။ သင်တို့ထံ တစ်စုံတစ်ရာကို ငါ ထောက်ပြပြောဆိုမည်။ လူအချို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး ၎င်းတို့၏ ကိုယ်ပိုင် တစ်ကိုယ်ရေ အတွေ့အကြုံများ၊ ဝိညာဉ်ရေးရာ စာအုပ်များကို ဖတ်ရှုခြင်းမှ ရရှိသည့် စိတ်ကူးများ သို့မဟုတ် အတွေ့အကြုံတစ်မျိုးမျိုးနှင့် ဥပမာအချို့ကို အခြေခံ၍ ဝိညာဉ်ရေးရာ ပြည့်ဝလာဖို့ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သူများ မည်သို့ ပြုမူသင့်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ မည်သို့ ပြုမူသင့်သည် စသည်တို့ကဲ့သို့သော လက်တွေ့လုပ်ဆောင်မှုနှင့် ဆက်စပ်သည့် လုပ်နည်းကိုင်နည်းအချို့ကို ပေါင်းရုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ ဖြည့်ဆည်းနိုင်သည်ဟု တွေးထင်ကြသည်။ ဥပမာအနေဖြင့် လူအချို့သည် နာမကျန်းဖြစ်ခြင်းကို ခံစားရသည့်အခါ ဤကိစ္စရပ်က ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သမ္မာတရားကို ရှာဖွေခြင်း လိုအပ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများ သိရှိသင့်သည့် အခြေခံအကျဆုံးသော အရာများထဲမှတစ်ခု ဖြစ်သည်။ သို့ရာတွင် ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ၎င်းတို့က “ဒီရောဂါကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားတာပါ။ ယုံကြည်ခြင်းနဲ့ ကျွန်တော် အသက်ရှင်ရမယ်။ ဒါကြောင့် ကျွန်တော် ဆေးသောက်မှာ မဟုတ်ဘူး။ ဆေးတွေအထိုးခံမှာ မဟုတ်ဘူး။ ဒါမှမဟုတ် ဆေးရုံကို သွားမှာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို ခင်ဗျား ဘယ်လိုထင်သလဲ။ အားကောင်းတယ် မဟုတ်လား”ဟု ပြောကြသည်။ ဤလူစားမျိုးတွင် ယုံကြည်ခြင်း ရှိသလော။ (ရှိပါသည်။) သင်တို့သည် ဤအမြင်ကို သဘောတူကြပြီး ဤသည်မှာလည်း သင်တို့၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ သင် နာမကျန်းဖြစ်လျှင် ဆေးထိုးမခံခြင်း၊ ဆေးမသောက်ခြင်း သို့မဟုတ် ဆရာဝန်ဆီ မသွားခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသည်ဟု သင်တို့ တွေးထင်ကြသည်။ ထို့ကြောင့် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု မည်သည့်အခြေခံအကြောင်းရင်းပေါ်တွင် သင်တို့ ပြောဆိုကြသနည်း။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်သည်မှာ မှန်ကန်သလော။ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ မှန်ကန်ကြောင်း အတည်ပြုထားသည်ကို သင်တို့ မြင်ပြီးပြီလော။ သင်တို့ မသေချာပေ။ ဤအရာက သမ္မာတရားနှင့် အညီ ဟုတ်မဟုတ်ဟူသည်ကို သင် မသိသည့်အတွက် ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်ခြင်းကို သင် အဘယ်ကြောင့် မရမက လုပ်ဆောင်သနည်း။ သင် နာမကျန်းဖြစ်လျှင် သင်သည် ဘုရားသခင်ထံ ဆုတောင်းခြင်း၊ ဆေးထိုးမခံခြင်း၊ ဆေးမသောက်ခြင်း၊ ဆရာဝန်ကို မပြခြင်းအား မဆုတ်မနစ်သာ လုပ်ဆောင်ပြီး ဤနာမကျန်းမှုကို ဖယ်ရှားပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ရင်း သို့မဟုတ် သင့်ကိုယ်သင် ဘုရားသခင် ပြုသမျှကိုခံရင်း ဘုရားသခင်အပေါ် အတွင်းကျိတ်သာ မှီခိုကာ ဆုတောင်းလေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။) ယခုမှသာ ထိုအရာ မမှန်ကန်ကြောင်း သင်တို့ စဉ်းစားမိသလော သို့မဟုတ် ယခင်က မမှန်ကန်ခဲ့ကြောင်း သင် သဘောပေါက်ခဲ့သလော။ (အတိတ်တွင် ကျွန်ုပ် နာမကျန်းဖြစ်ခဲ့ချိန်တွင် ဆရာဝန် ပြခြင်း သို့မဟုတ် ဆေးသောက်ခြင်းသည် အပြင်ပန်း နည်းလမ်းတစ်ခုဖြစ်ကြောင်းနှင့် ဤသည်မှာ ယုံကြည်မှုကင်းမဲ့ခြင်းကို ဖော်ပြချက်တစ်ခုဖြစ်ကြောင်း ကျွန်ုပ် ခံစားခဲ့သည်။ ထို့ကြောင့် ထိုကိစ္စရပ်ကို ကိုင်တွယ်ရန် ဆုတောင်းခြင်း သို့မဟုတ် အခြားနည်းလမ်းများအပေါ် မှီခိုနေခဲ့သည်။) ဤအရာက ဘုရားသခင်သည် သင့်ကို ရောဂါတစ်ခု ပေးပြီး သင်က ထိုနာမကျန်းမှုကို ကုသလျှင် ဘုရားသခင်ကို သင် သစ္စာဖောက်ခြင်းဖြစ်ပြီး သင့်အတွက် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံမှုမရှိခြင်း ဖြစ်သည်ဟု သွယ်ဝိုက်ညွှန်းဆိုသလော။ (ယင်းမှာ ကျွန်ုပ်၏ ရှုထောင့်အမြင်ဖြစ်ခဲ့သည်။) ထို့ကြောင့် ဤအမြင်သည် မှန်ကန်သည်ဟု သင်တို့ တွေးထင်သလော၊ သို့မဟုတ် မှားယွင်းသည်ဟု သင်တို့ တွေးထင်သလော။ သို့မဟုတ် သင်တို့ စိတ်ရှုပ်ထွေးဆဲဖြစ်ပြီး မှန်သည်လော၊ မှားသည်လောဟူသည်ကို မသိဘဲ ရှိကြကာ အမှန်တွင်တော့ ယင်းမှာ သင် အမြဲ ပြုမူခဲ့သည့်ပုံဖြစ်ပြီး မှားသည်ဟု အခြားမည်သူကမျှ မပြောခဲ့သကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ သင် လိပ်ပြာမလုံ မဖြစ်ခဲ့သောကြောင့် ထိုသို့ သင် ဆက်လက်တွေ့လုပ်ဆောင်နေခဲ့သည်ဟု တွေးထင်ကြသလော။ (ကျွန်ုပ် ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် မည်သည့်အရာကိုမျှ မခံစားခဲ့ရပါ။) သို့ဆိုလျှင် ဤအရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ သင်တို့ အနည်းငယ် စိတ်ရှုပ်ထွေးကြပါသလော။ သင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘေးဖယ်ထားလိုက်ကြစို့။ သို့သော် အနည်းဆုံးအနေဖြင့် တစ်ခုသောအရာကို ငါတို့ သေချာနိုင်သည်။ ယင်းမှာ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းက သမ္မာတရားနှင့် မကိုက်ညီခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သမ္မာတရားနှင့် အမှန်တကယ် ကိုက်ညီလျှင် မည်သည့် စည်းမျဉ်းကို သင် လိုက်လျှောက်နေခဲ့ပြီး မည်သည့် စည်းမျဉ်း နယ်ပယ်အောက်တွင် ထိုသို့သော လက်တွေ့လုပ်ဆောင်မှု အကျုံးဝင်သည်ဟူသည်ကို သင် အနည်းဆုံး သိသင့်ပေသည်။ သို့ရာတွင် ထိုအရာကို ငါတို့ ယခုကြည့်သည့်အခါ လူတို့သည် မိမိတို့ကိုယ်ပိုင် စိတ်ကူးများပေါ် အခြေခံ၍ ဤကဲ့သို့ ပြုမူဆောင်ရွက်ကြသည်ကို ငါတို့ မြင်ရသည်။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ကို ထားရှိသည့် ချုပ်ချယ်မှု ဖြစ်သည်။ ထို့အပြင် လူတို့သည် ၎င်းတို့ မကျန်းမာသည့်အခါ ဤအရာကို လုပ်ဆောင်သင့်သည်ဟု တွေးလျက် မိမိတို့၏ကိုယ်ပိုင် စိတ်ကူးများပေါ် အခြေခံ၍ ဤအရာကို မိမိတို့အတွက် စံနှုန်းတစ်ခုအဖြစ် ဤအရာကို ချမှတ်ကြသော်လည်း ဘုရားသခင် တောင်းဆိုသည့်အရာ သို့မဟုတ် ဆိုလိုသည့်အရာ အတိအကျကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဤသို့ ပြုမူဆောင်ရွက်ခြင်းမှ မည်သည့်ရလဒ်ထွက်လာလိမ့်မည်ကို မသိဘဲ မိမိတို့ကိုယ်တိုင် စိတ်ကူးပြီး ဆုံးဖြတ်သည့် နည်းလမ်းတစ်ခုအတိုင်းသာ ပြုမူဆောင်ရွက်ကြလေသည်။ လူတို့သည် ဤအခြေအနေတွင် ရှိသည့်အခါ မည်သည့်အရာဖြင့် အသက်ရှင်နေထိုင်ကြသနည်း။ (၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများဖြင့် ဖြစ်သည်။) ဤစိတ်ကူးများအတွင်းတွင် အယူအဆတစ်ခု ရှိသလော။ ၎င်းတို့၏ အယူအဆသည် အဘယ်နည်း။ (ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ လက်ခံမှုကို ၎င်းတို့ ရရှိနိုင်ခြင်း ဖြစ်သည်။) ဤသည်မှာ အယူအဆတစ်ခု ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်အပေါ် မှန်ကန်သော သိနားလည်မှု ဖြစ်သလော။ (မဟုတ်ပါ။) ဤတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ရလဒ်တစ်ခု ရှိသည်။ သင်သည် ထိုသို့သော အယူအဆနှင့် ထိုသို့သော စိတ်ကူးများဖြင့် အသက်ရှင်နေထိုင်သည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။
ဤအချိန်တွင် သင်တို့သည် “လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း”ဟူသည့် အကြောင်းအရာအပေါ် အတန်အသင့် အတိုင်းအတာတစ်ခု တွေးဆပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဤအကြောင်းအရာနှင့်ပတ်သက်၍ မည်သည့်အရာကို မိတ်သဟာယပြုလိမ့်မည်ကို အနည်းနှင့်အများ သိကြပေသည်။ ထို့ကြောင့် အခြေအနေ အမျိုးအစား အနည်းငယ်အကြောင်းကို ပြောဆိုဆွေးနွေးကြစို့။ သင်တို့ သေချာစွာ နားထောင်ပြီး နားထောင်နေရင်း ချင့်ချိန်စဉ်းစားကြလော့။ ဤချင့်ချိန်စဉ်းစားခြင်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ငါပြောသည့် အခြေအနေများကို သင်၏ ကိုယ်ပိုင် အခြေအနေများနှင့် ယှဉ်ကြည့်ရန်၊ ယင်းတို့ကို သဘောပေါက်ရန်နှင့် သင်တို့တွင် ထိုအခြေအနေမျိုးနှင့် ပြဿနာမျိုးတို့ ရှိသည်ကို သိရှိရန်အပြင် ထို့နောက် သမ္မာတရားနှင့် လုံးဝ ဆက်စပ်ခြင်းမရှိသည့် အမျိုးမျိုးသောအရာများဖြင့် အသက်ရှင်မည့်အစား သမ္မာတရားဖြင့် အသက်ရှင်ရန် ကြိုးပမ်းရင်း ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရန်ဖြစ်သည်။ “လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း”ဟူသည်မှာ အမှုအရာများစွာ ပါဝင်ပတ်သက်သည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဆုကျေးဇူးများဖြင့် အစပြုကြစို့။ လူအချို့သည် ရှင်းလင်းစွာနှင့် ကျလောက်အောင် စကားပြောနိုင်ကြသည်။ ၎င်းတို့သည် လူတို့နှင့် လျှာသွက်အာသွက် စကားပြောပြီး ဆက်ဆံနိုင်ကြသည်၊ ကျလောက်အောင် အပြောကောင်းကြပြီး အထူးသဖြင့် မြန်မြန်ဆန်ဆန် စဉ်းစားတွေးခေါ်နိုင်ကြသူများ ဖြစ်သည်။ အခြေအနေတိုင်းတွင် မည်သည့်အရာ ပြောရမည်ကို ၎င်းတို့ အတိအကျ သိကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် မိမိတို့၏ ကျလောက်အောင် အပြောကောင်းခြင်းများနှင့် ဉာဏ်ထက်မှုများဖြင့် မိမိတို့၏တာဝန်များကိုလည်း ထမ်းဆောင်ကြသည်။ ၎င်းတို့၏ အတုအယောင်၊ ချိုသော စကားများက သာမန် ပြဿနာများကို ပြဿနာမဟုတ်သည့် အရာများအဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။ ၎င်းတို့သည် ပြဿနာများစွာကို ဖြေရှင်းနိုင်ပုံရကြသည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ အတွေ့အကြုံနှင့်လည်းကောင်း ၎င်းတို့၏ ထိုးထွင်းသိမြင်နိုင်မှုတို့နှင့်လည်းကောင်း ပူးတွဲလျက် ၎င်းတို့၏ ထက်မြက်သောဉာဏ်များဖြင့် ၎င်းတို့ထံ ဖြစ်ပျက်သည့် သာမန်အမှုအရာတစ်ခုခုနှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်နေသည်ကို ၎င်းတို့ မြင်နိုင်ကြသည်။ ပြဿနာကို ဖြေရှင်းရန် ၎င်းတို့ထံမှ စကားအနည်းငယ်သာ လိုသည်။ အခြားသူတို့က “သူတို့က အမှုအရာတွေကို အရမ်းကို လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြတယ်။ ငါက ဘာလို့ မဖြေရှင်းနိုင်ရတာလဲ”ဟု တွေးလျက် ၎င်းတို့ကို လေးစားကြသည်။ ၎င်းတို့သည်လည်း မိမိတို့ကိုယ်ကို အလွန် အားရကျေနပ်ကြပြီး “ကြည့်ပါ၊ ဘုရားသခင်က ငါ့ကို ဒီလိုအပြောကောင်းပြီး အာသွက်လျှာသွက်ဖြစ်တာ၊ ဒီလိုပါးနပ်တဲ့ဉာဏ်၊ ဒီလိုထိုးထွင်းအမြင်နဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းကို ပေးခဲ့တယ်။ ဒါကြောင့် ငါ မကိုင်တွယ်နိုင်တဲ့အရာ တစ်ခုမှမရှိဘူး”ဟု တွေးထင်ကြလေသည်။ ဤသည်မှာ ပြဿနာ ဖြစ်ပေါ်သည့်နေရာ ဖြစ်သည်။ အာသွက်လျှာသွက်ရှိပြီး ဉာဏ်ထက်သော တစ်စုံတစ်ဦးသည် တာဝန်အချို့ကို ထမ်းဆောင်ရန် မိမိ၏ ပါရမီနှင့် အစွမ်းအစအချို့ကို အသုံးပြုကောင်းပြုနိုင်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် အချို့သော ပြဿနာများကို ၎င်းတို့ ဖြေရှင်းကြသော်လည်း သို့မဟုတ် ဘုရားအိမ်တော်အတွက် အမှုအရာ အနည်းငယ်ကို လုပ်ဆောင်ကြသော်လည်း ၎င်းတို့ လုပ်ဆောင်သည့်အရာရာတိုင်းကို သင် အသေးစိတ် ဆန်းစစ်လျှင် ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ခြင်း ရှိမရှိဆိုသည်တို့နှင့် စပ်လျဉ်း၍ မေးခွန်းတစ်ခုဖြင့်သာ သင် ကျန်ရစ်မည်ဖြစ်သည်။ ထိုသို့သော လူများသည် မကြာခဏ သမ္မာတရားကို သို့မဟုတ် သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို နားမလည်ကြပေ။ သို့တိုင်အောင် မိမိတို့တာဝန်များကို ထမ်းဆောင်ကြဆဲဖြစ်သည်။ သို့ရာတွင် မိမိတို့တာဝန်များကို မည်မျှ ကောင်းစွာ ထမ်းဆောင်ကြသည်ဖြစ်စေ၊ ၎င်းတို့ မှီခိုသည့်အရာမှာ အဘယ်နည်း။ မိမိတို့တာဝန်များကို ၎င်းတို့ ထမ်းဆောင်ခြင်း ဇာစ်မြစ်နှင့်ဆိုင်သော အချက်မှာ အဘယ်နည်း။ ၎င်းတို့ တွေးခေါ်မှု၊ ထိုးထွင်းအမြင်နှင့် ကျလောက်အောင် အပြောကောင်းခြင်းတို့ ဖြစ်သည်။ သင်တို့ထဲတွင် ဤကဲ့သို့သောသူတစ်ဦးတလေ ရှိသလော။ (ရှိပါသည်။) မိမိ၏ ဉာဏ်၊ မြင့်မားသည့် ဉာဏ်ရည်ဉာဏ်ကဲ သို့မဟုတ် လျှာသွက်အာသွက်ဖြင့် အသက်ရှင်သောလူသည် မိမိ လုပ်ဆောင်သည့်အရာက သမ္မာတရား စည်းမျဉ်းများနှင့် ညီခြင်း ရှိမရှိဟူသည်ကို သိသလော။ (မသိပါ။) သင်တို့ ပြုမူဆောင်ရွက်သည့်အခါ စည်းမျဉ်းများ ရှိကြသလော။ သို့မဟုတ် နောက်တစ်နည်းဖြင့် ပြောရလျှင် သင်တို့ ပြုမူဆောင်ရွက်သည့်အခါ စာတန်ဆန်သော အတွေးအခေါ်များဖြင့်၊ သင်၏ ကိုယ်ပိုင် ဉာဏ်ထက်မှုများဖြင့်၊ သင်၏ ကိုယ်ပိုင် အသိဉာဏ်နှင့် ဉာဏ်ပညာတို့ဖြင့် သင် လုပ်ဆောင်သလော သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင် ထိုသို့ လုပ်ဆောင်သလော။ သင်တို့သည် စာတန်ဆန်သော အတွေးအခေါ်များဖြင့်၊ သင်၏ ကိုယ်ပိုင် နှစ်သက်မှုများ၊ စိတ်ကူးများဖြင့် အမြဲ ပြုမူဆောင်ရွက်နေလျှင် သင်၏ လုပ်ရပ်များအတွက် စည်းမျဉ်းတစ်ခုမျှ မရှိပေ။ သို့ရာတွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်လျှင် ယင်းမှာ စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ ယခု သင်တို့ ပြောဆို၊ ပြုမူပုံတွင် သမ္မာတရားနှင့် ဆန့်ကျင်သည့်အရာ တစ်ခုခု ရှိသလော။ စည်းမျဉ်းများကို သင်တို့ ဆန့်ကျင်နေသလော။ သင်တို့ ဆန့်ကျင်မိသည့်အခါ ထိုအရာကို သင်တို့ သိကြသလော။ (တစ်ခါတစ်ရံ သိပါသည်။) ထိုအချိန်များတွင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်ကြသနည်း။ (ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆုတောင်းကြသည်၊ နောင်တရရန် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်ကို အားကောင်းစေကြပြီး ထိုသို့ မည်သည့်အခါတွင်မျှ တစ်ဖန် ပြုမူမည်မဟုတ်တော့ဟု ဘုရားသခင်ထံ ကျိန်ဆိုကြသည်။) ပြီးလျှင် နောက်တစ်ကြိမ် သင့်ထံ အလားတူတစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုသို့ သင် ပြုမူဆောင်ရွက်ပြီး သင်၏ သန္နိဋ္ဌာန်ကို တစ်ဖန် အားကောင်းစေသလော။ (ဟုတ်ပါသည်။) သင့်ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါတိုင်းတွင် သင်၏ အလိုဆန္ဒကို အားကောင်းအောင် လုပ်ခြင်းကို အမြဲ ပြန်လည်လုပ်ဆောင်သည်။ ကောင်းပြီ၊ သင်၏ အလိုဆန္ဒ အားကောင်းသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို သင် အမှန်တကယ် လက်တွေ့လုပ်ဆောင်သလော။ စည်းမျဉ်းများဖြင့် သင် အမှန်တကယ် ပြုမူဆောင်ရွက်သလော။ သင်တို့အဖို့ ထိုအရာသည် ရှင်းလင်းသလော။ များစွာသော လူတို့သည် ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ သမ္မာတရားကို မရှာဖွေကြဘဲ မိမိတို့၏ မဖြစ်စလောက် အကြံအဖန်များဖြင့်၊ မိမိတို့၏ ဆုကျေးဇူးများဖြင့် အသက်ရှင်ကြသည်။ ပခုံးထက်က ခေါင်းကောင်းခြင်းနှင့် စကားအဆင်ချောချော ပြောတတ်ခြင်းတို့ကဲ့သို့ ဆုကျေးဇူးမျိုး တစ်ခုတည်းသာ ရှိသလော။ ဆုကျေးဇူးများဖြင့် အသက်ရှင်ခြင်းသည် အခြားမည်သို့ ထင်ရှားသနည်း။ ဥပမာအားဖြင့် လူအချို့သည် သီချင်းဆိုရသည်ကို အလွန်နှစ်သက်ကြပြီး နှစ်ကြိမ် သုံးကြိမ်နားထောင်ပြီးနောက်တွင် သီချင်းတစ်ပုဒ်လုံးကို သီဆိုနိုင်ကြသည်။ ထို့ကြောင့် ဤကဏ္ဍတွင် ၎င်းတို့ တာဝန်များရှိကြပြီး ဤတာဝန်ကို ဘုရားသခင်က ၎င်းတို့ကို ပေးထားခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ဤခံစားချက်သည် မှန်ကန်ပြီး တိကျသည်။ နှစ်ကာလများတစ်လျှောက်တွင် ၎င်းတို့သည် ဓမ္မတေးသီချင်းများစွာကို သင်ယူလေ့လာကြပြီး ၎င်းတို့ သာ၍ သီဆိုလေ၊ သာ၍တော်လေ ဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့ မသိသည့် ပြဿနာတစ်ခု ရှိသည်။ ထိုအရာမှာ အဘယ်နည်း။ ၎င်းတို့၏ သီဆိုမှုက ပိုကောင်းသည်ထက် ကောင်းပြီး ဤဆုကျေးဇူးကို မိမိတို့၏ အသက်အဖြစ် ၎င်းတို့ မှတ်ယူကြလေသည်။ ဤသည်မှာ မှားယွင်းသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ ဆုကျေးဇူးဖြင့် နေ့စဉ်နေ့တိုင်း အသက်ရှင်ကြပြီး နေ့စဉ် ဓမ္မတေးသီချင်းများကို သီဆိုကြသည့်အခါတွင် အသက်ကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသော်လည်း ဤသည်မှာ အတွေးမှားတစ်ခုသာ ဖြစ်သည် မဟုတ်လော။ သင်သည် သီဆိုခြင်းဖြင့် တို့ထိခံရလျှင်ပင် အခြားသူများက ထိုသီဆိုခြင်းကို မွေ့လျော်ပြီး ထိုသီဆိုခြင်းမှ အကျိုးကျေးဇူးရလျှင်ပင် ဤအရာက သင်သည် အသက် ရရှိပြီးဖြစ်သည်ဟု သက်သေပြသလော။ ပြောရခက်၏။ သမ္မာတရားကို သင် မည်မျှနားလည်သည်၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ၊ သင်၏ လုပ်ရပ်များနှင့် တာဝန်တွင် စည်းမျဉ်းများ ရှိမရှိဟူသည်နှင့် သင့်ထံတွင် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ ဤသွင်ပြင်လက္ခဏာများမှသာ လူတို့က သမ္မာတရား လက်တွေ့ကျမှုများ ပိုင်ဆိုင်ခြင်း ရှိမရှိကို သင် အကဲဖြတ်နိုင်ပေသည်။ သမ္မာတရား လက်တွေ့ကျမှုများကို ၎င်းတို့ ပိုင်ဆိုင်လျှင် ၎င်းတို့သည် အသက်ရှိသောသူများ၊ အထူးသဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်သည့်အပြင် ဘုရားသခင်ကို အမှန်တကယ်ချစ်ကာ ကျိုးနွံနာခံနိုင်သည့်သူများ ဖြစ်သည်။ လူတစ်ဦးတွင် ဆုကျေးဇူးများနှင့် ပါရမီများရှိကာ မိမိတို့တာဝန်တွင်လည်း ရလဒ်ကောင်းများ ရရှိသော်လည်း သမ္မာတရားကို မလိုက်စားသကဲ့သို့ မိမိတို့၏ ဆုကျေးဇူးများဖြင့်သာ အသက်ရှင်ကြလျှင်၊ မိမိတို့၏ အရည်အချင်းများကို ကြွားကာ မည်သူကိုမျှ မနာခံလျှင် ထိုသို့သော လူတစ်ဦးက အသက်ကို ပိုင်ဆိုင်နိုင်သလော။ တစ်စုံတစ်ဦးတွင် အသက်ရှိမရှိဟူသည့်အတွက် အဓိကသော့ချက်မှာ သမ္မာတရား လက်တွေ့ကျမှုများကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိဖြစ်သည်။ ပါရမီနှင့် ဆုကျေးဇူးများရှိသည့် လူတစ်ဦးသည် အဘယ်သို့ သမ္မာတရားကို ရရှိနိုင်သနည်း။ ဆုကျေးဇူးများအပေါ် မှီခိုခြင်းမရှိဘဲ အဘယ်သို့ ၎င်းတို့ အသက်ရှင်နိုင်သနည်း။ ဤသို့ အသက်ရှင်ခြင်းကို ၎င်းတို့ မည်သို့ ရှောင်ရှားနိုင်သနည်း။ သမ္မာတရားကို ၎င်းတို့ ရှာဖွေသင့်ကြပေသည်။ ပထမဦးစွာ ဆုကျေးဇူးများက မည်သည့်အရာများဖြစ်ပြီး အသက်က မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကြား ခြားနားမှုကို ၎င်းတို့ ရှင်းလင်းစွာ သိသင့်ကြသည်။ တစ်စုံတစ်ဦးတွင် ဆုကျေးဇူးရှိသည့်အခါ သို့မဟုတ် ပါရမီတစ်ခု ရှိသည့်အခါ ၎င်းတို့သည် တစ်စုံတစ်ရာတွင် ပင်ကိုအားဖြင့် ပိုတော်ကြသည် သို့မဟုတ် အခြားသူများနှင့် နှိုင်းယှဉ်ရာတွင် တစ်နည်းနည်းဖြင့် ထူးချွန်ကြသည်ဟု ဆိုလိုပေသည်။ ဥပမာအားဖြင့် သင်သည် အခြားသူများထက် အနည်းငယ် သာ၍ မြန်ဆန်စွာ တုံ့ပြန်ကောင်းတုံ့ပြန်နိုင်သည်၊ အခြားသူများထက် အနည်းငယ် ပို၍ လျင်မြန်စွာ အမှုကိစ္စများကို နားလည်ကောင်း နားလည်နိုင်သည်၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို သင် ကျွမ်းကျင်ပိုင်နိုင်ပြီး ဖြစ်နိုင်သည် သို့မဟုတ် သင်သည် အပြောကောင်းသော ဟောပြောသူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်၊ စသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ လူတစ်ဦး ရှိကောင်းရှိနိုင်သည့် ဆုကျေးဇူးများနှင့် ပါရမီများဖြစ်သည်။ သင့်ထံတွင် အချို့သော ပါရမီများနှင့် စွမ်းရည်များရှိလျှင် ယင်းတို့ကို သင် နားလည်ပြီး ကိုင်တွယ်ပုံသည် အလွန်အရေးကြီး၏။ အခြားမည်သူတွင်မျှ သင်၏ ပါရမီများနှင့် ဆုကျေးဇူးများမရှိသောကြောင့် သင်သည် အစားထိုး၍ မရနိုင်သောသူ ဖြစ်သည်ဟူ၍ လည်းကောင်း၊ သင်၏ ဆုကျေးဇူးများနှင့် ပါရမီများကို သင်၏ တာဝန်ထမ်းဆောင်ရန် သင် အသုံးပြုလျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်းကောင်း သင် တွေးထင်လျှင် ဤအမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) မှားသည်ဟု သင် အဘယ်ကြောင့် ပြောသနည်း။ ပါရမီများနှင့် ဆုကျေးဇူးများမှာ အတိအကျ အဘယ်အရာများ ဖြစ်ကြသနည်း။ ယင်းတို့ကို သင် မည်သို့ နားလည်သင့်သနည်း၊ အသုံးပြုကာ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ အမှန်တရားမှာ သင့်ထံတွင် မည်သည့် ဆုကျေးဇူး သို့မဟုတ် ပါရမီရှိသည်ဖြစ်စေ သင့်ထံတွင် သမ္မာတရားနှင့် အသက်ရှိသည်ဟု မဆိုလိုပေ။ လူတို့တွင် ဆုကျေးဇူးနှင့် ပါရမီအချို့ ရှိလျှင် ဤဆုကျေးဇူးများနှင့် ပါရမီများကို အသုံးပြုရသည့် တာဝန်တစ်ခု ထမ်းဆောင်ရန်မှာ ၎င်းတို့အတွက် သင့်တော်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မဆိုလိုသကဲ့သို့ အမှုအရာများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း မဆိုလိုပေ။ ဥပမာအနေဖြင့် သီဆိုခြင်းအတွက် ဆုကျေးဇူးဖြင့် သင် မွေးဖွားလျှင် သီဆိုရန် သင်၏ အစွမ်းအစသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား ကိုယ်စားပြုသလော။ သင်သည် စည်းမျဉ်းများအတိုင်း သီဆိုသည်ဟု ဆိုလိုသလော။ မဆိုလိုပေ။ ဥပမာအားဖြင့် သင့်ထံတွင် စကားလုံးများအတွက် သဘာဝကျသော ပါရမီရှိပြီး စာရေးသားရာတွင် တော်သည်ဟု ဆိုကြပါစို့။ သင်သည် သမ္မာတရားကို နားမလည်လျှင် သင်၏ ရေးသားခြင်းသည် သမ္မာတရားနှင့် ကိုက်ညီနိုင်သလော။ သင့်ထံတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသည်ဟု သေချာပေါက် ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဆိုလျှင် ဆုကျေးဇူးများနှင့် ပါရမီများသည် သမ္မာတရားနှင့် ကွဲပြားပြီး နှိုင်းယှဉ်၍မရပေ။ သင့်ထံတွင် မည်သည့် ဆုကျေးဇူးရှိသည်ဖြစ်စေ သင်သည် သမ္မာတရားကို မလိုက်စားလျှင် သင်၏ တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်မည်မဟုတ်။ လူအချို့သည် မိမိတို့၏ ဆုကျေးဇူးများကို မကြာခဏ ကြွားလုံးထုတ်ကြပြီး အခြားသူများထက် ၎င်းတို့ ပိုတော်သည်ဟု ယေဘုယျအားဖြင့် ခံစားကြသောကြောင့် အခြားလူများကို အထင်သေးကာ မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မလိုမလားဖြစ်နေကြသည်။ ၎င်းတို့သည် အမြဲ ကြီးကြပ်လိုကြပြီး အကျိုးဆက်အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်မိကြပြီး ၎င်းတို့၏ အလုပ်လုပ်ခြင်း ခရီးရောက်မှုကလည်း အလွန် နည်းပါးလေသည်။ ဆုကျေးဇူးများက ၎င်းတို့ကို မာနထောင်လွှားစေကာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူစေပြီးဖြစ်သည်။ အခြားသူတို့အပေါ် အထင်သေးစေကာ အခြားသူများထက် ၎င်းတို့ ပိုတော်သည်ဟူ၍ လည်းကောင်း၊ ၎င်းတို့လောက် မည်သူမျှမတော် ဟူ၍လည်းကောင်း အမြဲ ခံစားစေပြီးဖြစ်သကဲ့သို့ ဤအရာကြောင့် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ၎င်းတို့ ဘဝင်ခိုက်လာကြလေသည်။ ဤလူများသည် မိမိတို့ ဆုကျေးဇူးများ၏ ဖျက်ဆီးခြင်းကို ခံရပြီမဟုတ်လော။ ဧကန်အမှန် ခံရကြပြီဖြစ်သည်။ ဆုကျေးဇူးရှိပြီး ပါရမီများရှိသော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူရန် အလားအလာအများဆုံး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ မိမိတို့၏ ဆုကျေးဇူးများဖြင့် အမြဲ အသက်ရှင်လျှင် ယင်းမှာ အလွန် အန္တရာယ်များသောအရာတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်တွင် လူတစ်ဦးက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်ပါရမီမျိုး ၎င်း ပိုင်ဆိုင်သည်ဖြစ်စေ သမ္မာတရားကို မလိုက်စားလျှင် မိမိတို့တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ၎င်းတို့ သေချာပေါက် ပျက်ကွက်လိမ့်မည် ဖြစ်သည်။ လူတစ်ဦးတွင် မည်သည့် ဆုကျေးဇူးများနှင့် ပါရမီများ ရှိသည်ဖြစ်စေ ထိုတာဝန်မျိုးကို ကောင်းစွာ ထမ်းဆောင်သင့်ပေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကိုလည်း နားလည်နိုင်ပြီး စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်လျှင် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ပါရမီများသည် ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့် ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို လက်မခံသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေဘဲ အမှုအရာများကို လုပ်ဆောင်ရန် မိမိတို့၏ ဆုကျေးဇူးများကိုသာ မှီခိုသောသူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှ မည်သည့်ရလဒ်ကိုမျှ စွမ်းဆောင်ရရှိမည် မဟုတ်သကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းခံရမည့် အန္တရာယ် ရှိပေသည်။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်သည်။ လူအချို့သည် စာရေးသားရာတွင် ပါရမီရှိကြသော်လည်း သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့ ရေးသည့်အရာတွင် သမ္မာတရား လက်တွေ့ကျမှု လုံးဝ မရှိပေ။ ယင်းက အခြားသူတို့ကို မည်သို့ တည်ဆောက်ပေးနိုင်သနည်း။ ထိုအရာက ပညာမတတ်သော်လည်း သမ္မာတရား နားလည်သော တစ်စုံတစ်ဦးက မိမိ၏ သက်သေခံချက်အကြောင်း ပြောဆိုခြင်းထက် သက်ရောက်မှု လျော့နည်းပေသည်။ လူများစွာတို့သည် ဆုကျေးဇူးများအလယ်တွင် အသက်ရှင်ကြပြီး ဘုရားအိမ်တော်တွင် ၎င်းတို့က အသုံးဝင်သည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု တွေးထင်ကြသည်။ သို့သော် ငါ့ကို ပြောလော့၊ ၎င်းတို့သည် မည်သည့်အခါမျှ သမ္မာတရား မလိုက်စားဖြစ်လျှင် တန်ဖိုးရှိကြသေးသလော။ တစ်စုံတစ်ဦးတွင် ဆုကျေးဇူးများနှင့် ပါရမီများရှိသော်လည်း သမ္မာတရား စည်းမျဉ်းများ ကင်းမဲ့လျှင် တာဝန်တစ်ခုကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သလော။ ဤကိစ္စရပ်ကို အမှန်တကယ် ရိပ်စားမိပြီး ထိုအရာကို နားလည်သောသူ မည်သူမဆိုသည် ဆုကျေးဇူးနှင့် ပါရမီများအား မည်သို့ သဘောထားရမည်ကို သိလိမ့်မည်။ သင်၏ အခြေအနေမှာ သင်၏ ဆုကျေးဇူးများကို အမြဲ ကြွားဝါပြီး သင့်ထံတွင် သမ္မာတရား လက်တွေ့ကျမှုရှိသည်ဟူ၍ လည်းကောင်း၊ အခြားသူများကို တိတ်တဆိတ် သင် အထင်သေးရင်း ၎င်းတို့ထက် သင် ပိုတော်သည်ဟူ၍လည်းကောင်း တွေးထင်နေသည့် အခြေအနေတစ်ခု ဖြစ်လျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို သင် ရှာဖွေရန် လိုအပ်သည်။ ဆုကျေးဇူးများကို ကြွားဝါခြင်း အနှစ်သာရအား သင် ရိပ်စားမိရမည်။ ဆုကျေးဇူးများကို ကြွားဝါခြင်းသည် မိုက်မဲမှုနှင့် မသိနားမလည်မှုတို့၏ အထွတ်အထိပ် ဖြစ်သည် မဟုတ်လော။ တစ်စုံတစ်ဦးသည် အပြောကောင်းသူတစ်ဦး ဖြစ်လျှင် ၎င်း၌ သမ္မာတရား လက်တွေ့ကျမှုရှိသည်ဟု ဆိုလိုသလော။ ဆုကျေးဇူးများရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးတွင် သမ္မာတရားနှင့် အသက်ရှိခြင်းဖြစ်သည်ဟု ဆိုလိုသလော။ လက်တွေ့ကျမှု လုံးဝ မရှိဘဲ မိမိတို့၏ ဆုကျေးဇူးများနှင့်ပတ်သက်၍ ကြွားဝါသောသူတစ်ဦးသည် အရှက်မဲ့သည် မဟုတ်လော။ ဤအရာများကို ၎င်းတို့ ရိပ်စားမိခဲ့လျှင် ၎င်းတို့ ကြွားမည်မဟုတ်။ နောက်ထပ် မေးခွန်းမှာ ဤသို့ဖြစ်သည်။ ဤအတော်အတန် ဆုကျေးဇူးရှိသော၊ ပါရမီရှိသော လူတို့ ရင်ဆိုင်ရသည့် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ အဘယ်နည်း။ သင်တို့တွင် ထိုသို့သောအရာနှင့် သက်ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် ထိုအရာကို ထိတွေ့ခြင်း ရှိကြသလော။ (၎င်းတို့၏ အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ၎င်းတို့ အခြားသူများထက် ပိုတော်သည်၊ ကဏ္ဍတိုင်းတွင် ၎င်းတို့ တော်ကြသည်ဟု အမြဲ တွေးထင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်။ လူတိုင်းကို အထင်သေးကြသည်။ ထိုသို့သော လူတို့အတွက် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင် ရန် မလွယ်ကူပါ။) ယင်းမှာ ထိုအရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့အတွက် မိမိတို့၏ ဆုကျေးဇူးများနှင့် ပါရမီများကို လက်လွှတ်ရန် ခက်ခဲသည်။ မိမိတို့ ဆုကျေးဇူးများနှင့် ပါရမီများကို အသုံးပြုခြင်းအားဖြင့် ပြဿနာများစွာကို ၎င်းတို့ ဖြေရှင်းနိုင်သည်ဟု အမြဲ တွေးထင်ကြသည်။ အမှုအရာများကို သမ္မာတရားနှင့်အညီ မည်သို့ ရှုမြင်ရမည်ကို ၎င်းတို့ မသိကြပါ။) (ဆုကျေးဇူးရှိသောလူတို့သည် အမှုအရာများကို မိမိတို့ဘာသာ ကိုင်တွယ်နိုင်သည်ဟု အမြဲ တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်အပေါ် မှီခိုရန် ၎င်းတို့အတွက် ခက်ခဲပြီး သမ္မာတရားကို ရှာဖွေရန် ၎င်းတို့ မလိုမလား ဖြစ်နေကြသည်။) သင်တို့ ပြောနေကြသည့်အရာများမှာ အမှန်တရားများဖြစ်ပြီး အမှန်တရားများမှလွဲ၍ မည်သည့်အရာမျှ မဟုတ်ပေ။ ဆုကျေးဇူးရှိပြီး ပါရမီရှိသည့်လူများက ၎င်းတို့သည် အလွန်တော်ကြောင်း၊ ၎င်းတို့သည် အရာအားလုံးကို နားလည်ကြောင်း တွေးထင်ကြသော်လည်း ထိုဆုကျေးဇူးများနှင့် ပါရမီတို့သည် သမ္မာတရားကို ကိုယ်စားမပြုကြောင်း၊ ဤအရာများသည် သမ္မာတရားနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်းကို မသိကြချေ။ လူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် မိမိတို့၏ ဆုကျေးဇူးများနှင့် စိတ်ကူးများကို မှီခိုသည့်အခါတွင် ၎င်းတို့၏ အတွေးများနှင့် ထင်မြင်ချက်များသည် မကြာခဏဆိုသလို သမ္မာတရားနှင့် ဆန့်ကျင်လေသည်။ သို့ရာတွင် ဤအရာကို ၎င်းတို့ မတွေ့မြင်နိုင်ကြချေ။ ၎င်းတို့က “ကျွန်တော် ဘယ်လောက် ပါးနပ်သလဲဆိုတာကို ကြည့်။ အင်မတန်တော်တဲ့ ရွေးချယ်မှုတွေကို ကျွန်တော် လုပ်ခဲ့တယ်။ အရမ်းကို အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုတွေပဲ။ ခင်ဗျားတို့ထဲက ဘယ်သူမှ ကျွန်တော်နဲ့ ယှဉ်လို့မရဘူး” ဟု တွေးကြဆဲဖြစ်သည်။ ၎င်းတို့သည် အတ္တအပြည့်နှင့် မိမိကိုယ်ကို သဘောကျသည့် အခြေအနေတစ်ခုတွင် အစဉ်အမြဲ အသက်ရှင်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများကို တည်ငြိမ်စေကာ ဘုရားသခင်က ၎င်းတို့အား မည်သည့်အရာ တောင်းဆိုသည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာများဖြစ်သည် ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။ ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် ခက်ခဲပြီး ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသောကြောင့် သမ္မာတရား လက်တွေ့ကျမှုကို ဝင်ရောက်ဖို့လည်း ၎င်းတို့အတွက် အလွန်ခက်ခဲလေသည်။ တိုတိုပြောရလျှင် လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားနိုင်သကဲ့သို့ သမ္မာတရားကို လက်မခံနိုင်လျှင် ၎င်းတွင် မည်သည့် ဆုကျေးဇူးရှိသည်ဖြစ်စေ၊ မည်သည့်ပါရမီရှိသည်ဖြစ်စေ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်။ ဤအရာနှင့်ပတ်သက်၍ သံသယအနည်းငယ်မျှ မရှိနိုင်ပေ။
ဆုကျေးဇူးနှင့် ပါရမီများကို တစ်မျိုးတစ်စားတည်းသောအရာအဖြစ် မှတ်ယူ၍ရသည်။ မည်သည့် ပါရမီများ ရှိသနည်း။ လူအချို့သည် နည်းပညာတစ်မျိုးမျိုးနှင့်ပတ်သက်၍ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ ဥပမာအားဖြင့် အမျိုးသားအချို့သည် ကိရိယာတန်ဆာပလာများဖြင့် မွှေနှောက် လက်တည့်စမ်းရသည်ကို နှစ်သက်ကြပြီး လျှပ်စစ်ပစ္စည်းများကို အတော်ကျွမ်းကျင်သည့်လူအချို့၊ အတွင်းပိုင်း ကွန်ပျူတာ ကုဒ်များ သို့မဟုတ် ဆော့ဖ်ဝဲလ် ပရိုဂရမ်များကို အသုံးပြုခြင်းနှင့် ပတ်သက်လာသည့်အခါ လုပ်ကိုင်ဆောင်ရွက်ရသည်ကို အလွန်ပျော်မွေ့ကြသူအချို့ ရှိကြသည်။ ဤအရာများကို ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်ကြပြီး အလွန်မြန်ဆန်စွာ မှတ်မိနိုင်ကြသည်။ ဆိုလိုသည်မှာ ဤအရာများကို ၎င်းတို့၏နားလည်နိုင်စွမ်းနှင့် အလွတ်ကျက်မှတ်နိုင်စွမ်းသည် သာမန်ထက်လွန်ကဲပေသည်။ ဤသည်မှာ ပါရမီတစ်ခုဖြစ်သည်။ လူအချို့သည် ဘာသာစကားများကို သင်ယူရာတွင် တော်ကြသည်။ မည်သည့် ဘာသာစကားကို ၎င်းတို့ သင်ယူလေ့လာသည်ဖြစ်စေ၊ အလွန် မြန်ဆန်စွာ သင်ယူလေ့လာကြပြီး ၎င်းတို့၏ မှတ်ဉာဏ်က သာမန်လူတို့ထက် သာလွန်သည်။ လူအချို့သည် သီချင်းဆိုခြင်း၊ ကခုန်ခြင်း သို့မဟုတ် အနုပညာတွင် တော်ကြသည်။ အချို့မှာ မိတ်ကပ်လိမ်းခြင်းနှင့် သရုပ်ဆောင်ခြင်းတွင် တော်ကြသည်။ အချို့မှာ ဒါရိုက်တာများ လုပ်နိုင်ကြသည်၊ စသည်တို့ဖြစ်၏။ ပါရမီအမျိုးအစား မည်သို့ဖြစ်စေ၊ တစ်စုံတစ်ဦးသည် အလုပ်တစ်မျိုးမျိုးတွင် ပါဝင်ပတ်သက်သရွေ့ ဤအရာက “လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း”ဟူသည့် အကြောင်းအရာကို ခြုံငုံပေသည်။ လူတို့၏ ဆုကျေးဇူးများနှင့် ပါရမီများကို အဘယ်ကြောင့် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ ဆုကျေးဇူးများနှင့် ပါရမီများဖြင့် အသက်ရှင်ရသည်ကို ပျော်မွေ့ကြပြီး လူတို့က ထိုအရာများကို အရင်းအနှီးအဖြစ်၊ မိမိတို့၏ အသက်မွေးမှုရင်းမြစ်အဖြစ်၊ အသက်အဖြစ်လည်းကောင်း၊ တန်ဖိုး၊ လိုက်စားရမည့် ရည်မှန်းချက်နှင့် မိမိတို့ဘဝများ၏ အရေးပါမှုအဖြစ်လည်းကောင်း မှတ်ယူကြသောကြောင့် ဖြစ်သည်။ အသက်ရှင်ရန် ဤအရာများအပေါ် မှီခိုပြီး ယင်းတို့ကို လူ့ဘဝ၏ မရှိမဖြစ်သော အစိတ်အပိုင်းအဖြစ် မြင်ခြင်းသည် သဘာဝကျသည်ဟု လူတို့ ခံစားကြသည်။ ယနေ့တွင် လူတိုင်းနီးပါးသည် မိမိတို့၏ ဆုကျေးဇူးများနှင့် ပါရမီများဖြင့် အသက်ရှင်ကြသည်။ သင်တို့တစ်ဦးစီတိုင်းက မည်သည့် ဆုကျေးဇူးမျိုးဖြင့် အသက်ရှင်ကြသနည်း။ (ကျွန်ုပ်သည် ဘာသာစကားနှင့်ပတ်သက်သည့် ဆုကျေးဇူးတစ်ခုရှိသည်ဟု ထင်ပါသည်။ ထို့ကြောင့် ထိုဆုကျေးဇူးဖြင့် ဧဝံဂေလိတရားကို ကျွန်ုပ် ဖြန့်ဝေသည်။ မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးသောသူ တစ်စုံတစ်ဦးနှင့် ကျွန်ုပ် စကားပြောသည့်အခါ သူတို့ စိတ်ဝင်စားလာအောင် ကျွန်ုပ် ဆွဲဆောင်နိုင်ပြီး ကျွန်ုပ်ပြောသည့်အရာကို သူတို့ ကြားလိုကြသည်။) ကောင်းပြီ၊ ဤဆုကျေးဇူး သင်၌ရှိသည်မှာ ကောင်းသလော၊ မကောင်းသလော။ (ယခု ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ် ကြားပြီးပြီဖြစ်သဖြင့် ဤဆုကျေးဇူးက သမ္မာတရား စည်းမျဉ်းများအား ကျွန်ုပ် ရှာဖွေခြင်းကို တားဆီးမည်ဟု ထင်မိပါသည်။) ဘာသာစကားနှင့်ပတ်သက်သည့် ဆုကျေးဇူးရှိသည်မှာ မကောင်းကြောင်းနှင့် ဤဆုကျေးဇူးကို သင် အသုံးမပြုချင်တော့ကြောင်း သင် ပြောနေခြင်းဖြစ်သည်၊ မှန်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သင် ပြောနေခြင်းဖြစ်သနည်း။ ယနေ့ ဆွေးနွေးမှု၏ အချက်အချာက မည်သည့်အရာဖြစ်သည်၊ သင်တို့ ပြဿနာများထဲမှ မည်သည့်အရာကို ဖြေရှင်းပေးလိမ့်မည်၊ ဤဆုကျေးဇူးများဖြင့် အသက်ရှင်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားပြီး မည်သည့်အရာ မှန်သည်ဆိုသည်တို့ကို သင်တို့ နားလည်ရန် လိုအပ်သည်။ ဤအရာများနှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းနေရမည်။ ဤအရာများကို သင်တို့ နားမလည်လျှင် အဆုံး၌ များစွာ စကားပြောပြီးနောက် မှန်ကန်သည့်အရာများက မှားယွင်းကြောင်း၊ မှားယွင်းသည့်အရာများလည်း မှားယွင်းကြောင်းနှင့် သင်တို့ လုပ်သမျှတိုင်းက မှားယွင်းကြောင်းကိုလည်းကောင်း သင်တို့ ခံစားရလျှင် အသက်ရှင်ခြင်း ပြဿနာကို သင်တို့၏ ဆုကျေးဇူးများဖြင့် ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။ ဧဝံဂေလိ ဖြန့်ရန် ဘာသာစကားနှင့်ပတ်သက်သည့် ကျွန်ုပ်၏ ဆုကျေးဇူးအပေါ် မှီခိုခြင်းအားဖြင့် ကျွန်ုပ်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ဖြစ်ရမည့်အစား ကြွားရန်၊ မိမိကိုယ်ကို အားကျရှုစားရန်နှင့် မိမိကိုယ်ကို အားရကျေနပ်ရန် ဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။) သင်၏ ဆုကျေးဇူးဖြင့် အသက်ရှင်ခြင်းက အဘယ်ကြောင့် မှားယွင်းသည်ဟူသည့် အကြောင်းပြချက်ကို သင် ယခုတင် ဖော်ပြပြီးဖြစ်သည်။ ဤဆုကျေးဇူးက သင်၏ အရင်းအနှီး၊ မိမိကိုယ်ပိုင်တန်ဖိုးကို သဘောပေါက်ခြင်းတစ်ခုဖြစ်ပြီး ဤအတွေးများနှင့် ဤမူလဇာစ်မြစ်က မှားသည်ဟု သင် ထင်သည်။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ (ကျွန်ုပ်၏ ဆုကျေးဇူးက ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် တစ်ခုတည်းသော တန်ဆာပလာဖြစ်ကြောင်းကို ကျွန်ုပ် သိရန်လိုအပ်သည်။ ကျွန်ုပ်၏ ဆုကျေးဇူးကို အသုံးပြုခြင်း ရည်ရွယ်ချက်မှာ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်ဖြစ်ပြီး ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးပြည့်စုံစေရန်ဖြစ်သည်။) ဤသို့စဉ်းစားပြီးနောက်တွင် သင်သည် သမ္မာတရားကို ရုတ်တရက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ (လုပ်ဆောင်နိုင်မည်မဟုတ်ပါ။) သို့ဆိုလျှင် သင်သည် အဘယ်သို့များ ဤဆုကျေးဇူးများဖြင့် အသက်မရှင်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်သနည်း။ သင်၏ တာဝန်ကို သင် ထမ်းဆောင်နေချိန်တွင် သင်၏ တစ်ကိုယ်ရေ ကျွမ်းကျင်မှုများနှင့် အစွမ်းအစများကို ကြွားဝါရန် သင်၏ ဆုကျေးဇူးများကို အသုံးပြုနေလျှင် သင်သည် သင်၏ ဆုကျေးဇူးများဖြင့် အသက်ရှင်နေခြင်း ဖြစ်သည်။ သို့ရာတွင် သင်သည် သင်၏ ဆုကျေးဇူးနှင့် အသိပညာကို သင်၏ တာဝန်အား ကောင်းစွာ ထမ်းဆောင်ရန်နှင့် သင်၏ သစ္စာစောင့်သိမှုကို ပြသရန် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်နိုင်ပြီး ဘုရားသခင် တောင်းဆိုသည့် ရလဒ်များ စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သာ၍ ကောင်းစွာ သက်သေခံနိုင်ရန်နှင့် ဘုရားသခင်က မည်သည့်အမှုကို ပြုနေသည်ဆိုသည်နှင့်ပတ်သက်၍ နားလည်ကာ ရှင်းလင်းစေရန် ကူညီရာတွင် သာ၍ ကောင်းစွာ လုပ်ဆောင်ရန်အပြင် နောက်ဆုံးတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ လူတို့အား ကူညီရန်အလို့ငှာ မည်သို့ စကားပြောပြီး မည်သည့်အရာ ပြောဆိုရမည်ဆိုသည်တို့အပေါ် သင် တွေးဆလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤတွင် ကွာခြားချက်တစ်ခု ရှိသလော။ (ရှိပါသည်။) သင်၏ ဆုကျေးဇူးများ၊ ပါရမီများ သို့မဟုတ် အစွမ်းအစများကို ကြွားလုံးထုတ်နေစဉ် သင် မာန်ပါသွားကာ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်ကို မေ့လျော့ပြီး ထိုအစား အခြားသူတို့ရှေ့တွင် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ပင် ကြွားဝါဖူးသလော။ ဤအရာမျိုး သင့်ထံတွင် ဖြစ်ပျက်ဖူးသလော။ (ဖြစ်ပျက်ဖူးပါသည်။) သို့ဆိုလျှင် ဤအခြေအနေများတွင် လူတစ်ဦး၏ အတွင်းပိုင်း အခြေအနေသည် မည်သည့်အရာနှင့် တူသနည်း။ အလိုလိုက်သည့် အခြေအနေ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ ချုပ်ထိန်းမှု သို့မဟုတ် အပြစ်ရှိသည့်စိတ် ကင်းမဲ့သော အခြေအနေ၊ အမှုအရာများကို လုပ်ဆောင်ချိန်တွင် ၎င်းတို့၏ စိတ်များတွင် ရည်မှန်းချက် သို့မဟုတ် စည်းမျဉ်းများ မရှိသကဲ့သို့ ခရစ်ယာန်တစ်ဦး ရှိသင့်သည့် အခြေခံ ဂုဏ်သိက္ခာနှင့် လူမှုရေးကျင့်ဝတ်တို့ ပျောက်ဆုံးသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤအရာသည် အဘယ်အရာ ဖြစ်လာသနည်း။ ၎င်းတို့က မိမိတို့၏ ကျွမ်းကျင်မှုများကို ကြွားဝါခြင်းနှင့် မိမိတို့ကို ပင်ကိုစရိုက်ကို ရောင်းစားခြင်း ဖြစ်လာသည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်လမ်းကြောင်းတွင် သင်၏ ပါရမီများနှင့် ဆုကျေးဇူးများကို ပြသခြင်းအကြောင်းသာ အရေးစိုက်ပြီး သမ္မာတရားကို သင် မရှာဖွေသည့် အခြေအနေများကို မကြာခဏ တွေ့ကြုံရသလော။ ထိုသို့သော အခြေအနေတစ်ခုတွင် သင် ရှိသည့်အခါ ထိုအရာကို သင့်ဘာသာ သဘောပေါက်နိုင်သလော။ သင် လမ်းကြောင်းကို သင် ပြောင်းလဲနိုင်သလော။ ဤအရာကို သင် သဘောပေါက်ပြီး သင်၏ လမ်းကြောင်းကို ပြောင်းလဲနိုင်လျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ သို့ရာတွင် သင်သည် ဤကဲ့သို့ အမြဲဖြစ်ပြီး အချိန်ကာလအတော်ကြာအောင် ဤအခြေအနေကို အကြိမ်ကြိမ် ကြုံတွေ့လျှင်၊ သင်သည် မိမိ၏ ဆုကျေးဇူးများဖြင့် လုံးလုံး အသက်ရှင်ပြီး သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်သူတစ်ဦး ဖြစ်ပေသည်။ သင်တို့၏ ချုပ်ထိန်းမှုက မည်သည့်နေရာမှ လာသည်ဟု သင်တို့ ထင်သနည်း။ သင်၏ ချုပ်ထိန်းနိုင်စွမ်းကို မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ သမ္မာတရားကို သင် မည်မျှချစ်သည်ဆိုသည်နှင့် မကောင်းမှု သို့မဟုတ် အပျက်သဘောဆောင်သည့်အရာများကို သင် မည်မျှမုန်းသည်ဆိုသည့်အရာက အဆုံးအဖြတ်ပေးပေသည်။ သမ္မာတရားကို သင် နားလည်ပြီးသည့်အခါတွင် သင်သည် မကောင်းမှုကို ပြုလုပ်ချင်မည်မဟုတ်ဘဲ အပျက်သဘောဆောင်သည့်အရာများကို သင် မုန်းသည့်အခါတွင်လည်း မကောင်းမှုကို သင် လုပ်ဆောင်ချင်မည်မဟုတ်။ ထိုသို့ဖြင့် ချုပ်ထိန်းသည့် အသိစိတ်တစ်ခု ဖြစ်လာခြင်း ဖြစ်သည်။ သမ္မာတရားကို မချစ်သောလူတို့အတွက် မကောင်းမှုကို မုန်းတီးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့တွင် ထိန်းချုပ်သည့် စိတ်မရှိကြသကဲ့သို့ ထိုစိတ်မရှိဘဲ ချုပ်တည်းမှုမဲ့စွာ စာရိတ္တပျက်ပြားခြင်းကို မလွန်ဆန်နိုင်သည့် အလားအလာရှိပေသည်။ ၎င်းတို့သည် ထင်ရာမြင်ရာဖြစ်ပြီး မဆင်မခြင်ဖြစ်ကာ မကောင်းမှု မည်မျှ လုပ်ဆောင်ကြသည်ကို အနည်းငယ်မျှ အရေးမစိုက်ကြပေ။
မိမိတို့၏ ဆုကျေးဇူးများကို အားကိုးခြင်းအားဖြင့် အသက်ရှင်သောလူများ တွေ့ကြုံသည့် နောက်ထပ် အခြေအနေတစ်ခု ရှိသည်။ လူတို့တွင် မည်သည့် ပါရမီများ၊ ဆုကျေးဇူးများ သို့မဟုတ် ကျွမ်းကျင်မှုများရှိသည်ဖြစ်စေ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ရုံသာ လုပ်ဆောင်ပြီး အားသွန်ခွန်စိုက် အလုပ်လုပ်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အယူအဆက ၎င်းတို့ စိတ်များတွင် မရှိသည့်အလား သမ္မာတရားကို လုံးဝ မရှာဖွေသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန် မကြိုးစားဘဲ ၎င်းတို့၏ တစ်ခုတည်းသော တွန်းအားက အလုပ်ကို ပြီးစီးကာ အလုပ်တာဝန်ကို ပြီးအောင်လုပ်ရန်သာဖြစ်လျှင် ဤသည်မှာ မိမိတို့၏ ဆုကျေးဇူးများနှင့် ပါရမီများဖြင့်လည်းကောင်း၊ မိမိတို့ကိုယ်ပိုင် အစွမ်းအစများနှင့် ကျွမ်းကျင်မှုများဖြင့်လည်းကောင်း လုံးဝ အသက်ရှင်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ကောင်းချီးများ ရရှိနိုင်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများကို ဘုရားသခင်၏ ကောင်းချီးများအတွက် လဲလှယ်ရန်အလို့ငှာသာ အားသွန်ခွန်စိုက် အလုပ်လုပ်လိုကြလေသည်။ ဤသည်မှာ လူအများစု ရှိကြသည့် အခြေအနေဖြစ်သည်။ လူအများစုသည် အထူးသဖြင့် ဘုရားအိမ်တော်က ၎င်းတို့အား အချို့သော သမားရိုးကျ အလုပ်မျိုးကို တာဝန်ပေးသည့်အခါတွင် ဤရှုထောင့်အမြင်ကို ထားရှိကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှမှာ အားသွန်ခွန်စိုက် အလုပ်လုပ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတို့၏ ရည်မှန်းချက်များ ပြီးမြောက်ရန် အားသွန်ခွန်စိုက် အလုပ်လုပ်ခြင်းကို အားကိုးလိုကြသည်။ တစ်ခါတစ်ရံ စကားပြောခြင်း သို့မဟုတ် တစ်စုံတစ်ရာကို စစ်ဆေးကြည့်ခြင်းအားဖြင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကိုယ့်လက်ကိုယ့်ခြေဖြင့် အလုပ်လုပ်ခြင်း သို့မဟုတ် ဟိုသည် ပြေးလွှားနေရခြင်းအားဖြင့် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ များစွာ ပံ့ပိုးပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ဤသည်မှာ မိမိ၏ ဆုကျေးဇူးများကို အားကိုးခြင်းအားဖြင့် အသက်ရှင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ ဆုကျေးဇူးများနှင့် ပါရမီများဖြင့် အသက်ရှင်ခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မပြောနှင့်၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းဟူသည်ထက် အားသွန်ခွန်စိုက် အလုပ်လုပ်ခြင်းသာ ဖြစ်သည်ဟု အဘယ်ကြောင့် ငါတို့ ဆိုသနည်း။ ကွာခြားချက်တစ်ခုရှိ၏။ ဥပမာအားဖြင့် ဘုရားအိမ်တော်က သင့်ကို အလုပ်တာဝန်တစ်ခု ပေးသည်ဆိုပါစို့။ ပြီးလျှင် ထိုအလုပ်တာဝန်ကို သင် ယူပြီးနောက်တွင် သင့်အနေဖြင့် သင်၏ ခေါင်းဆောင်ထံ ပြန်အစီရင်ခံပြီး သူ၏ ချီးမွမ်းမှုကို ရရှိနိုင်ရန်အလို့ငှာ အလုပ်တာဝန်ကို မည်သို့ အမြန်ဆုံး ပြီးစီးရမည်ကို သင် စဉ်းစားသည်။ သင့်အနေဖြင့် အတန်အသင့် တာဝန်သိတတ်သော သဘောထားတစ်ခုပင် ရှိကာ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သော အစီအစဉ်တစ်ခုကို စီစဉ်ကောင်းစီစဉ်ထားနိုင်သော်လည်း အလုပ်တာဝန် ပြီးစီးခြင်းနှင့် အခြားသူများ မြင်ရန်အတွက် လုပ်ဆောင်ခြင်းကိုသာ သင် အာရုံစိုက်လေသည်။ သို့မဟုတ် ထိုအလုပ်တာဝန်ကို လုပ်နေစဉ် သင့်ကို စိတ်ကျေနပ်စေပြီး ပျော်ရွှင်စေမည့် နည်းလမ်းဖြင့် မည်သို့ ထမ်းဆောင်ရမည်ဆိုသည်နှင့် မည်သည့်အရာက သင် ရှာဖွေသည့် ပြီးပြည့်စုံခြင်း စံနှုန်းတစ်ခု ပြည့်မီသည်ကို စဉ်းစားရင်း မိမိဘာသာ စံနှုန်းတစ်ခု သင် ချမှတ်ကောင်း ချမှတ်နိုင်သည်။ စံနှုန်းများကို သင် မည်သို့ ချမှတ်သည်ဖြစ်စေ သင် လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် ဆက်စပ်မှုမရှိလျှင်၊ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ သတ်မှတ်ချက်များကို နားလည်လာ၍ အတည်ပြုပြီးနောက် လုပ်ဆောင်ရမည့်အစား ကြောင်းကျိုးမမြင်ဘဲ မရေရာသော စိတ်ဖြင့် လုပ်ဆောင်လျှင် ထိုအရာသည် အားသွန်ခွန်စိုက် အလုပ်လုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ ဖြစ်ချင်သည့် စိတ်ဓာတ်တစ်ခုကို ထားရှိရင်း အမှုအရာများကို သင်၏ ကိုယ်ပိုင် ဉာဏ်၊ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် ကျွမ်းကျင်မှုတို့အပေါ် အားကိုးခြင်းအားဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းရလဒ်သည် အဘယ်နည်း။ သင့်အနေဖြင့် အလုပ်တာဝန်ကို ပြီးစီးကောင်းပြီးစီးနိုင်ပြီး မည်သည့်ပြဿနာကိုမျှ မည်သူမျှ မထောက်ပြဘဲရှိနေနိုင်သည်။ သင် အလွန် ဝမ်းသာသော်လည်း ပထမဆုံးအနေဖြင့် အလုပ်တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင် နားမလည်ခဲ့ပေ။ ဒုတိယအနေဖြင့် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့် သင် မထမ်းဆောင်ခဲ့ပေ။ သင်၏ စိတ်နှလုံးက သမ္မာတရားကို မရှာဖွေခဲ့။ သမ္မာတရား စည်းမျဉ်းများကို သင် ရှာဖွေခဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခဲ့လျှင်၊ သင်၏ အလုပ်တာဝန် ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီခဲ့ပေမည်။ သင်သည်လည်း သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်နိုင်ခဲ့မည်ဖြစ်ပြီး သင် လုပ်ဆောင်ခဲ့သည့်အရာက ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည်ကို သင် မှန်ကန်တိကျစွာ နားလည်သဘောပေါက်နိုင်ခဲ့မည်ဖြစ်သည်။ သို့ရာတွင် သင်သည် ထိုအရာကို စိတ်နှစ်ခြင်းမရှိဘဲ နားဝေတိမ်တောင်ဖြစ်သည့် နည်းလမ်းဖြင့် အလုပ်တာဝန်ကို ထမ်းဆောင်လျှင် အလုပ်က ပြီးစီးကာ အလုပ်တာဝန်ကို ထမ်းဆောင်ပြီးဖြစ်လိမ့်မည် ဖြစ်သော်လည်း မည်မျှကောင်းစွာ သင် လုပ်ဆောင်ခဲ့သည်ကို သင်၏ စိတ်နှလုံးတွင် သိလိမ့်မည်မဟုတ်။ သင့်ထံတွင် မည်သည့် စံနှုန်းမျှ ရှိလိမ့်မည်မဟုတ်သကဲ့သို့ အလုပ်တာဝန်ကို ဘုရားသခင်၏ ရည်ရွယ်ချက် သို့မဟုတ် သမ္မာတရားနှင့်အညီ ထမ်းဆောင်ခဲ့ခြင်း ရှိမရှိဟူသည်ကို သင် သိလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အခြေအနေတွင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်၊ အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်။
ဘုရားသခင်ကို ယုံကြည်သူတိုင်း သူ၏ ရည်ရွယ်ချက်များကို နားလည်သင့်သည်။ မိမိတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်သောသူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပြီး ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးစီးခြင်းအားဖြင့်သာ မိမိ၏ တာဝန်ထမ်းဆောင်မှုက စံနှုန်းပြည့်မီနိုင်ပေသည်။ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်ခြင်းအတွက် စံနှုန်းတစ်ခု ရှိသည်။ သခင်ယေရှုက “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။”ဟု ပြောခဲ့သည်။ “ဘုရားသခင်ကို ချစ်ခြင်း”သည် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်တစ်ရပ် ဖြစ်သည်။ ဤသတ်မှတ်ချက်သည် မည်သည့်နေရာတွင် သူ့ဘာသာ ထင်ရှားသင့်သနည်း။ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးစီးခြင်းအားဖြင့် ထင်ရှားသင့်သည်။ လက်တွေ့ကျကျဆိုရလျှင် ထိုအရာသည် လူသားအနေဖြင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ ထိုအရာမှာ သင့်အနေဖြင့် သင်၏ တာဝန်ကို အဖန်ဆင်းခံတစ်ဦးအဖြစ် စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရန်ဖြစ်သည့် ဘုရားသခင်၏သတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို လွယ်ကူစွာ နားလည်သင့်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်ကို ပြည့်မီရန် သင်၏တာဝန်ကို စိတ်နှစ်ထားရန် အဓိက လိုအပ်သည်။ သင့်စိတ်နှလုံးကို နှစ်ထားနိုင်လျှင် သင်၏ စိတ်အကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ပြုမူဆောင်ရွက်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင့်စိတ်၏ စိတ်ကူးများကိုသာ အားကိုးခြင်းအားဖြင့်လည်းကောင်း၊ သင်၏ ဆုကျေးဇူးများပေါ်တွင် အားကိုးခြင်းအားဖြင့်လည်းကောင်း သင်၏ တာဝန်ကို သင် ထမ်းဆောင်လျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ပြည့်မီနိုင်သလော။ လုံးဝ မပြည့်မီနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန်နှင့် သင်၏ တာဝန်ကို သစ္စာစောင့်သိစွာနှင့် ကောင်းမွန်စွာ ထမ်းဆောင်ရန်အလို့ငှာ ပြည့်မီရမည့် စံနှုန်းမှာ အဘယ်နည်း။ ထိုအရာမှာ သင်၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရန် ဖြစ်သည်။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးမရှိဘဲ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင် ကြိုးပမ်းလျှင် အလုပ်ဖြစ်လိမ့်မည် မဟုတ်။ သင်၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးက ယခင်ထက် တိုး၍ အားကောင်းပြီး သာ၍ စစ်မှန်လျှင် သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် သင် အလိုအလျောက် ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဖြစ်သည်။ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတွင် နောက်ဆုံး လာသည့်အရာမှာ “အစွမ်းသတ္တိရှိသမျှ” ဖြစ်သည်။ “စိတ်နှလုံးအကြွင်းမဲ့”က ပထမဆုံး လာသည်။ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် မထမ်းဆောင်လျှင် အစွမ်းသတ္တိရှိသမျှဖြင့် မည်သို့ သင် ထမ်းဆောင်နိုင်မည်နည်း။ ထိုအကြောင်းကြောင့် အစွမ်းသတ္တိရှိသမျှဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းမျှသည် မည်သည့် ရလဒ်ကိုမျှ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပေ။ သို့မဟုတ် စည်းမျဉ်းများနှင့်လည်း တန်းတူမဖြစ်နိုင်ပေ။ ဘုရားသခင် တောင်းဆိုသည့် အရေးအကြီးဆုံးသော အရာမှာ မည်သည့်အရာဖြစ်သနည်း။ (စိတ်နှလုံးအကြွင်းမဲ့ဖြစ်ပါသည်။) ဘုရားသခင်က သင့်ကို မည်သည့်တာဝန် သို့မဟုတ် မည်သည့်အရာ ပေးအပ်သည်ဖြစ်စေ၊ သင် အားသွန်ခွန်စိုက် အလုပ်လုပ်ရုံသာ လုပ်ဆောင်လျှင်၊ ဟိုသည်ပြေးလွှားပြီး အားထုတ်မှု အသုံးပြုရုံ အသုံးပြုလျှင် သမ္မာတရား စည်းမျဉ်းများနှင့် သင် ကိုက်ညီနိုင်သလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ သင် ပြုမူနိုင်သလော။ (မပြုမူနိုင်ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သင် မည်သို့ ကိုက်ညီနိုင်သနည်း။ (စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဖြစ်ပါသည်။) “စိတ်နှလုံးအကြွင်းမဲ့ဖြင့်”ဟူသည့် စကားများကို ပြောဆိုရန် လွယ်ကူပြီး လူတို့က မကြာခဏ ပြောဆိုကြသည်။ ထို့ကြောင့် စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် မည်သို့ လုပ်ဆောင်နိုင်သနည်း။ လူအချို့က “အဲဒီအရာက အမှုကိစ္စတွေကို နောက်ထပ် နည်းနည်း အားထုတ်မှု၊ စစ်မှန်ရိုးသားမှုနဲ့ လုပ်ဆောင်တဲ့အခါ၊ ပိုစဉ်းစားတဲ့အခါ တခြားဘာကိုမှ သင့်ရဲ့စိတ်ကို နေရာယူခွင့်မပေးဘဲ လက်ရှိအလုပ်တာဝန်ကို ဘယ်လို ထမ်းဆောင်ရမလဲဆိုတာကိုသာ အာရုံစိုက်တဲ့အခါမှာ ဖြစ်တာ မဟုတ်လား”ဟု ပြောကြသည်။ ထိုမျှ ရိုးရှင်းသလော။ (မရိုးရှင်းပါ။) ထို့ကြောင့် လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံစည်းမျဉ်း အနည်းငယ်အကြောင်းကို ပြောဆိုဆွေးနွေးကြစို့။ သင်တို့ ပုံမှန် လက်တွေ့လုပ်ဆောင်သည့် သို့မဟုတ် လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်းများအရ အမှုအရာများကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ရန် ပထမဆုံး သင် လုပ်ဆောင်သင့်သည့်အရာမှာ အဘယ်နည်း။ အမှုအရာများကို လုပ်ဆောင်ရာတွင် သင်၏ ဉာဏ်စွမ်းရှိသမျှကို သုံးရမည်၊ သင်၏ အားအင်ကို သုံးပြီး စိတ်နှစ်ထားရမည်ဖြစ်ကာ ဝတ်ကျေတမ်းကျေ မလုပ်ရပေ။ လူတစ်ဦးသည် အမှုအရာများကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် မလုပ်ဆောင်နိုင်လျှင် ၎င်းတို့ စိတ်ပျက်အားလျော့ကြပြီဖြစ်သည်။ ယင်းမှာ မိမိ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးခြင်းကဲ့သို့သာ ဖြစ်သည်။ စကားပြောနေစဉ် ၎င်းတို့၏အတွေးများက ပျံ့လွင့်နေလိမ့်မည်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့ လုံးဝစိတ်နှစ်ထားလိမ့်မည် မဟုတ်ဘဲ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ အရေးမစိုက်ဘဲ ရှိကြလိမ့်မည်။ အကျိုးဆက်အနေဖြင့် အမှုအရာများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြမည် မဟုတ်။ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ သင် ထမ်းဆောင်ခြင်းမရှိဘဲ ထိုအရာထဲသို့ သင်၏ စိတ်နှလုံးတစ်ခုလုံး မနှစ်ထားလျှင် သင်၏ တာဝန်ကို ညံ့ဖျင်းစွာ သင် ထမ်းဆောင်လိမ့်မည်။ သင်၏ တာဝန်ကို နှစ်အချို့ကြာ သင် ထမ်းဆောင်လျှင်ပင် အလွန် ပြည့်ပြည့်ဝဝ သင် ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ သင့်အနေဖြင့် စိတ်မနှစ်ထားလျှင် မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်။ လူအချို့သည် ဇွဲလုံ့လရှိသော အမှုဆောင်များမဟုတ်။ ၎င်းတို့သည် အမြဲ တည်ငြိမ်ခြင်းမရှိသကဲ့သို့ ပြောင်းလဲလွယ်သည်။ အလွန်မြင့်မားစွာ ၎င်းတို့ ရည်မှန်းကြပြီး မည်သည့်နေရာတွင် မိမိတို့ စိတ်နှလုံးများ ချန်ထားမိခဲ့သည်ကို မသိကြပေ။ ထိုသို့သော လူများတွင် စိတ်နှလုံးများ ရှိကြသလော။ လူတစ်ဦးတွင် စိတ်နှလုံး ရှိမရှိဟူသည်ကို သင်တို့ မည်သို့ ခွဲခြားနိုင်သနည်း။ ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည်မှာ နည်းပါးလျှင် ၎င်းတို့၌ စိတ်နှလုံး ရှိကြသလော။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်ထံ ၎င်းတို့ မည်သည့်အခါတွင်မျှ ဆုမတောင်းလျှင် ၎င်းတို့၌ စိတ်နှလုံး ရှိကြသလော။ မည်သည့် ပြဿနာများကို ၎င်းတို့ ရင်ဆိုင်သည်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရှာဖွေလျှင် ၎င်းတို့၌ စိတ်နှလုံး ရှိကြသလော။ လူအချို့သည် သိသာထင်ရှားသည့် မည်သည့်ရလဒ်မျှ မရရှိဘဲ မိမိတို့တာဝန်များကို နှစ်များစွာကြာ ထမ်းဆောင်ကြသည်။ ၎င်းတို့တွင် စိတ်နှလုံးများ ရှိကြသလော။ (မရှိပါ။) စိတ်နှလုံးမရှိကြသည့်လူများသည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ လူတို့သည် မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ မည်သို့ ထမ်းဆောင်နိုင်သနည်း။ ဦးစွာပထမ တာဝန်ကို သင် စဉ်းစားသင့်သည်။ “ဒါက ငါ့တာဝန်ပဲ။ ငါထမ်းရမယ်။ ငါ့ကို အလိုအပ်ဆုံးအချိန်ဖြစ်တဲ့ အခုအချိန်မှာ ငါထွက်ပြေးလို့မရဘူး။ ငါ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြရမယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင့်ထံတွင် အယူအဆဆိုင်ရာ အခြေခံတစ်ခုရှိသည်ဟု ဆိုလိုသည်။ သို့ရာတွင် အယူအဆဆိုင်ရာ အခြေခံရှိခြင်းမျှသည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ သင် ထမ်းဆောင်နေခြင်းဖြစ်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်သော ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့သည် မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ မည်သို့ ထမ်းဆောင်လာနိုင်ကြမည်နည်း။ ဦးစွာပထမ သင့်အနေဖြင့် “ဘယ်သူ့အတွက် ဒီတာဝန်ကို ငါ ထမ်းဆောင်နေတာလဲ။ ဘုရားသခင်အတွက် ထမ်းဆောင်နေတာလား။ အသင်းတော်အတွက် ထမ်းဆောင်နေတာလား။ ဒါမှမဟုတ် လူတစ်ယောက်ယောက်အတွက်များ ထမ်းဆောင်နေတာလား” ဟု စဉ်းစားရန် လိုအပ်သည်။ ဤအရာကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရမည်။ ထို့အပြင် “ဘယ်သူက ဒီတာဝန်ကို ငါ့ကို တာဝန်ပေးခဲ့တာလဲ။ ဘုရားသခင်ကလား၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်ယောက်ကလား၊ ဒါမှမဟုတ် အသင်းတော်ကလား”ဟူ၍ ဖြစ်သည်။ ဤအရာကိုလည်း ရှင်းလင်းရန် လိုအပ်သည်။ ဤအရာသည် သေးငယ်သည့်အရာတစ်ခုကဲ့သို့ ထင်ကောင်း ထင်ရနိုင်သော်လည်း၊ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရဦးမည်ဖြစ်သည်။ ငါ့ကိုပြောလော့၊ သင်တို့၏တာဝန်ကို သင်တို့အား တာဝန်ပေးခဲ့သည်မှာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဦးလော သို့မဟုတ် အသင်းတော်တစ်ခုခုလော။ (မဟုတ်ပါ။) ထိုအရာနှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် သေချာနေသရွေ့ ကောင်းပေ၏။ သင့်ကို သင်၏တာဝန် ပေးအပ်ခဲ့သူမှာ ဘုရားသခင်ဖြစ်သည်ကို သင် အတည်ပြုရမည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးက သင့်ကို ပေးထားခြင်းဖြစ်ပုံ ရနိုင်သော်လည်း အမှန်တွင် ဘုရားသခင်၏ အစီအစဉ်မှ လာခြင်းသာ ဖြစ်ပေသည်။ လူသား အလိုဆန္ဒမှ သိသာထင်ရှားစွာ လာသည့် အချိန်များ ရှိကောင်းရှိနိုင်သော်လည်း ထိုအချိန်တွင်ပင်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ဦးစွာ သင် လက်ခံရယူရမည်ဖြစ်သည်။ ယင်းမှာ မှန်ကန်သည့် တွေ့ကြုံနည်းဖြစ်သည်။ ဘုရားသခင်ထံ ထိုအရာကို သင် လက်ခံပြီး သူ၏ အစီအစဉ်များကို တမင် ကျိုးနွံနာခံကာ သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် ခြေလှမ်းလျှင်၊ ထိုအရာကို ထိုသို့ သင် ကြုံတွေ့လျှင် ဘုရားသခင်၏ လမ်းပြမှုနှင့် အလုပ် သင်၌ ရှိလိမ့်မည်။ အရာရာသည် လူတို့က လုပ်ဆောင်ပြီး လူတို့ထံမှလာသည်ဟု သင် စဉ်ဆက်မပြတ် ယုံကြည်လျှင်၊ အမှုအရာများကို ဤသို့ သင် တွေ့ကြုံလျှင် ဘုရားသခင်၏ ကောင်းချီးများ သို့မဟုတ် သူ၏ အလုပ် သင်၌ ရှိမည်မဟုတ်။ အကြောင်းမှာ သင်သည် ထိုအတွက် အလွန် သေးသိမ်လွန်းသောကြောင့်၊ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့လွန်းသောကြောင့် ဖြစ်သည်။ သင့်တွင် မှန်ကန်သည့် စိတ်ဓာတ်မရှိပေ။ ကိစ္စရပ်များအားလုံးကို လူသား အယူအဆများ၊ စိတ်ကူးများနှင့် သင် အမြဲ မှတ်ယူလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကိစ္စရပ်များ အားလုံးအပေါ် အုပ်စိုးသောသူမှာ ဘုရားသခင် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားအိမ်တော်က မည်သူ့ကို မည်သည့် အလုပ်တာဝန်မျိုး စီစဉ်သည်ဖြစ်စေ ထိုအရာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုတို့မှ လာပြီး ထိုအထဲတွင် ဘုရားသခင်၏ စေတနာ ပါရှိသည်။ ဤအရာကို သင် ပထမဆုံး သိရမည်။ ထိုအရာကို ရှင်းလင်းစွာ မြင်ရန် အလွန်အရေးကြီး၏။ အယူဝါဒများကိုသာ နားလည်ခြင်းက အဆင်ပြေမည်မဟုတ်။ သင်သည် “ဒီတာဝန်ကို ဘုရားသခင်က ငါ့ကို ပေးအပ်ခဲ့တာ။ ငါ့အတွက် မဟုတ်ဘူး။ တခြားဘယ်သူ့အတွက်မှလည်း မဟုတ်ဘူး။ ဘုရားသခင်အတွက် ငါ့တာဝန်ကို ငါထမ်းဆောင်နေတာ။ ဒါဟာ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်ပဲ။ ငါ့ကို ဘုရားသခင်က ပေးအပ်ခဲ့တာ” ဟု သင်၏ စိတ်နှလုံးတွင် အတည်ပြုရမည်။ ဤတာဝန်ကို ဘုရားသခင်က သင့်အား ပေးအပ်ခဲ့သည့်အတွက် ဘုရားသခင်က သင့်ကို မည်သို့ ပေးအပ်ခဲ့သနည်း။ ဤအရာတွင် အမှုအရာများကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်း ပါဝင်သလော။ သမ္မာတရားကို ရှာဖွေရန် လိုအပ်သလော။ သင့်အနေဖြင့် သမ္မာတရား၊ သင့်ကို ဘုရားသခင် ပေးအပ်သည့် တာဝန်၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် စည်းမျဉ်းများအပြင် ဘုရားနှုတ်ကပတ်တော်က ပြောဆိုသည့်အရာများကို ရှာဖွေရန် လိုအပ်သည်။ သူ၏ နှုတ်ကပတ်တော်များကို အတော်လေး ရှင်းလင်းစွာ ပြောဆိုထားလျှင် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး လက်တွေ့အရှိတရား ဖြစ်စေရမည်ကို သင် ချင့်ချိန်စဉ်းစားရမည့်အချိန် ဖြစ်သည်။ သမ္မာတရား နားလည်သည့် လူတို့နှင့်လည်း သင် မိတ်သဟာယပြုသင့်ပြီး ထို့နောက်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်သင့်သည်။ ယင်းမှာ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့အပြင် သင်၏ တာဝန်ကို သင် မထမ်းဆောင်မီ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင် ရှာဖွေကာ သမ္မာတရားကို သိနားလည်လာပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိသော်လည်း ဆောင်ရွက်ရမည့်အချိန် ရောက်လာသည့်အခါ သင်၏ ကိုယ်ပိုင် အတွေးများနှင့် သမ္မာတရား စည်းမျဉ်းများကြားတွင် ခြားနားချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုများ ရှိသည်ဆိုပါစို့။ ဤအရာဖြစ်ပျက်သည့်အခါ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ကိုယ်ရေးကိုယ်တာ ရောနှောမှုတစ်ခုမျှ မရှိဘဲ၊ သင့်ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်ခြင်း သေချာပေါက်မရှိဘဲ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းကို သင် စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းရမည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် စိတ်ကျေနပ်အောင်လုပ်ခြင်းတွင် သင်၏ စိတ်နှလုံးတစ်ခုလုံး နှစ်ထားရမည်။ လူအချို့က “အဲဒီအရာတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် ဂရုမစိုက်ဘူး။ တကယ်တော့ ဒီတာဝန်ကို ကျွန်တော့်ကို ပေးထားတဲ့အတွက် ကျွန်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ကိုယ်စွမ်းကိုယ်စနဲ့ ပြုမူဆောင်ရွက်ပိုင်ခွင့် ရှိတယ်။ လုပ်သင့်တယ်လို့ ကျွန်တော် ထင်တဲ့အရာကို ကျွန်တော် လုပ်မယ်။ ကျွန်တော်က ကျွန်တော့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်နေသေးတာကြောင့် ခင်ဗျားက အပြစ်ရှာစရာ အပြစ်က ဘယ်မှာလဲ” ဟု ပြောကြသည်။ ထို့နောက်တွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို တွက်ဆရာတွင် အားထုတ်မှုအချို့ ထားရှိကြသည်။ အဆုံးတွင် အလုပ်က ပြီးသွားသော်လည်း၊ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်နှင့် ဤအခြေအနေသည် မှန်ကန်သလော။ ဤသည်မှာ မိမိတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ မာနထောင်လွှားမှု၊ ထင်ရာစိုင်းခြင်းနှင့် ထင်ရာမြင်ရာလုပ်ခြင်းအပြင် မဆင်မခြင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ကိုယ်ရေးကိုယ်တာ လုပ်ငန်းတွင် ပါဝင်ခြင်းဖြစ်သည်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း မဟုတ်။ ၎င်းတို့ကို စိတ်ကျေနပ်စေသည့်အရာနှင့် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒကို အခြေခံ၍ ၎င်းတို့ နှစ်သက်သည့်အရာကို လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်၊ မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ခြင်း မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။