ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း (အပိုင်း နှစ်)
သင်တို့၏ ရိုးသားသူများဖြစ်ခြင်း အတွေ့အကြုံက ယခု အဘယ်သို့ရှိသနည်း။ ရလဒ်အနည်းငယ်ကို သင်တို့ ရရှိပြီးပြီလော။ (တစ်ခါတစ်ရံ ကျွန်ုပ်သည် ရိုးသားခြင်းကို လက်တွေ့ကျင့်သုံးသော်လည်း တစ်ခါတစ်ရံ မေ့တတ်သည်။) သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ သင်မေ့နိုင်သလော။ ယင်းကို မေ့နိုင်လျှင် ထိုအရာက မည်သည့်ပြဿနာမျိုးကို ပုံဆောင်သနည်း။ သမ္မာတရားကို သင်တို့ချစ်သလော၊ မချစ်ဘူးလော။ သမ္မာတရားကို မချစ်လျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သင့်အတွက်ခက်လိမ့်မည်။ သင်တို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် ရိုးသားသူဖြစ်ရန် လက်တွေ့လုပ်ဆောင်ခြင်းကို အလေးအနက်ထားရမည်။ ရိုးသားသူတစ်ယောက်မည်သို့ ဖြစ်လာရမည်ဆိုသည်နှင့် မည်သည့်အသိစိတ်ကို ပိုင်ဆိုင်သင့်ကြောင်းကို မကြာခဏ ဆင်ခြင်သင့်ပေသည်။ ဘုရားသခင်က လူများကို ရိုးသားဖို့ တောင်းဆိုပြီး သူတို့သည် ရိုးသားမှုကို အရေးအကြီးဆုံးကိစ္စအဖြစ် လိုက်စားသင့်သည်။ ရိုးသားသောလူများဖြစ်ရန်နှင့် ပေတရု၏ပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်ဖို့လိုအပ်သည့် သမ္မာတရားများနှင့် ၎င်းတို့ဝင်ရောက်ဖို့လိုအပ်သည့် လက်တွေ့အရှိတရားများကို ရှင်းလင်းစွာသိပြီး နားလည်ထားသင့်ကာ လက်တွေ့ကျင့်သုံးမှုလမ်းကြောင်းကို ရှာဖွေရမည်ဖြစ်သည်။ သို့မှသာ ထိုသူတို့သည် ရိုးသားသောလူတစ်ဦးနှင့် ဘုရားသခင် ချစ်မြတ်နိုးသောသူတစ်ဦးဖြစ်လာရန် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိလာမည်ဖြစ်သည်။ သင်သည် ရိုးသားသူများ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်သူများ၊ အထူးသဖြင့် သမ္မာတရားကိုလက်ခံပြီး လိုက်စားနိုင်သူများကို စက်ဆုပ်ရွံရှာပါက၊ သင်သည် ထိုသို့သောလူများကို အမြဲတမ်း အထင်အမြင်သေးနေပါက သင်သည် အပြုသဘောဆောင်သော လက္ခဏာရှင်မဟုတ်ဘဲ သင်သည် ကောက်ကျစ်ဆိုးယုတ်သူများ၏ အမျိုးအစားနှင့် သက်ဆိုင်သည်။ မိမိတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ကြသူများနှင့် သမ္မာတရားကို လိုက်နာကျင့်သုံးရန် အဖိုးအခပေးဆပ်လိုသော သူများကို အထင်သေးပါက သင်သည် အပျက်သဘောဆောင်သော လက္ခဏာရှင်ဖြစ်လာပြီး သင်သည် အပြုသဘောဆောင်သော လက္ခဏာရှင် မဟုတ်သည်မှာ သေချာပေသည်။ လူတစ်ဦးသည် ကယ်တင်ခြင်းကို ရရှိနိုင်သလောဟူသည့် မေးခွန်းမှာသူသည် အပြုသဘောဆောင်သော လက္ခဏာရှင် ဟုတ်မဟုတ်နှင့် သက်ဆိုင်ပါသည်။ တစ်စုံတစ်ယောက်သည် အပြုသဘောဆောင်သော လက္ခဏာရှင်ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် အဓိကအချက်မှာ သူ၏ ရည်မှန်းချက်များနှင့် သူ၏ စိတ်နှလုံးထဲ၌ရှိသော နှစ်သက်မှုများတွင် တည်ရှိသည်။ သင်သည် အပြုသဘောနှင့် အပျက်သဘောတရားများကို ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး ပြတ်သားသော စည်းများကို ရေးဆွဲနိုင်ခြင်း၊ မှန်ကန်သော ရပ်တည်ချက်ရှိခြင်းနှင့် ဘုရားသခင်နှင့် သမ္မာတရားဘက်တွင် ရပ်တည်ခြင်း ရှိနိုင်ရမည်။ ဤသည်ကို သင်ပြုလုပ်နိုင်လျှင် သင်၏ပုံသေအတွေးအခေါ်သည် လုံးဝပုံမှန်ဖြစ်မည်ဖြစ်ပြီး သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူ ဖြစ်လိမ့်မည်။ သင်သည် သမ္မာတရားကိုလိုက်စားသူများ၊ အဖိုးအခပေးဆပ်လိုပြီး ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံလိုသူများကို အမြဲအထင်သေးပါက သင်သည် စာတန်ဘက်တွင် ရပ်တည်နေပြီး အပျက်သဘောဆောင်သည့် လက္ခဏာရှင်တစ်ဦး ဖြစ်နေပေသည်။ လူအချို့တို့သည် ရိုးသားသော ပုဂ္ဂိုလ်များကို မထီမဲ့မြင်ပြု၍ အထင်သေးကြသည်။ သူတို့သည် စကားပြောကောင်းသော၊ ခြယ်လှယ်တတ်ပြီး သူတစ်ပါးကို ရွှန်းရွှန်းဝေသောစကားဖြင့် လှည့်ဖြားရာ၌ ကျွမ်းကျင်သောသူများကိုသာမက မြင့်မားသော တရားဒေသနာများကို အထက်စီးမှနေ၍ ဟောပြောသူများကို လေးစား၊ အထင်ကြီးတတ်သည်။ အကယ်၍ သင်၌ ထိုသို့ဖြစ်ပါက သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပေ။ ထိုအစား သင်သည် ဖာရိရှဲများကို အတုယူနေမည်ဖြစ်ကာ သမ္မာတရားကို လိုက်လျှောက်ခြင်း လမ်းကြောင်းမှန်ပေါ် ရောက်နိုင်မည်မဟုတ်ပေ။ သင်သည် အရေခြုံဖာရိရှဲများ အမျိုးအစားထဲတွင် ပါဝင်မည်ဖြစ်သည်။ လူတို့သည် သူတို့နှစ်သက်ရာနှင့် လိုချင်ရာကို လိုက်ရှာကြ၏။ သင်၏နှလုံးသားထဲတွင် လတ်တလော ဆန္ဒရှိသည့်အရာမှာ အဘယ်နည်း။ သင်တို့သည် သင်တို့အလိုရှိသည့်အရာကိုပင် ရှင်းရှင်းလင်းလင်း မသိကြသည်မှာ ငါစိတ်မကောင်းပေ။ သင်တို့ ချစ်သည့်အရာနှင့် မုန်းသည့်အရာများသည် ရှင်းရှင်းလင်းလင်း မကွဲပြားသည့်အပြင် သင်သည် စာတန်နှင့် မည်သည့်ကိစ္စများတွင် သင့်ကိုယ်သင် လိုက်လျောညီထွေဖြစ်နေသည်ကို သင်မသိပေ။ တစ်ခါတစ်ရံတွင် သင့်စကားများသည် သမ္မာတရားနှင့် ကိုက်ညီနိုင်သော်လည်း သင်လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားနှင့် လွဲနေတတ်သည်။ ယင်းက သမ္မာတရားမရှိလျှင် သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ဘဲ အဆက်မပြတ် ယိမ်းယိုင်နေကာ တစ်ခါတစ်ရံ ဘယ်ဘက်သို့၊ တစ်ခါတစ်ရံ ညာဘက်သို့ ယိမ်းနေသည်ကို ပြသသည်။ တရားဒေသနာများကို နားထောင်ပြီးပြီးချင်း သမ္မာတရားကို သင်နားလည်ပြီး မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆန္ဒရှိပုံရသည်။ သို့သော်လည်း အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် သင့်အထဲ၌ အမှောင်ထုဝင်ရောက်လာပြီး သင်လမ်းကြောင်းမှ လွဲသွားပြန်သည်။ ထိုကဲ့သို့သောလူတို့က လမ်းကြောင်းမှန်ကို ရွေးနိုင်သလော။ သူတို့ ရွေးချယ်နိုင်လျှင်ပင် ပုံမှန်မဟုတ်သော အခြေအနေတွင် ရှိနေကြသဖြင့် ထိုလမ်းကြောင်းပေါ် ခြေမချနိုင်ကြပေ။ သူတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝနားမလည်ဘဲ တစ်နေ့လုံး ကြောင်စီစီဖြင့် လှည့်ပတ်နေသည့် ဇဝေဇဝါဖြစ်နေသောသူများ ဖြစ်ကြသည်။ လူကောင်းများကို နှစ်သက်သည်ဟု သူတို့ပြောကောင်းပြောနိုင်သော်လည်း အရေးကိစ္စ တစ်ခုခုကြုံလာတိုင်း ထိုသူတို့ကို အထင်သေးကြသည်။ သူတို့သည် ရိုးသားခြင်းကို နှစ်သက်သည်ဟု ဆိုကောင်းဆိုနိုင်သော်လည်း တစ်စုံတစ်ခု ကြုံရသောအခါတွင် လိမ်လည်ပြုမူတတ်ကြသည်။ သူတို့သည် သူတို့အား ဦးဆောင်သူတိုင်း၏နောက်သို့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လိုက်ကြသည်။ ဘုရားသခင်သည် ထိုသို့သော လူများကို စုံလင်အောင်ပြုပေးနိုင်သလော။ လိုအပ်သော ပြဋ္ဌာန်းချက်များကို မပြည့်မီသဖြင့် လုံးဝမပြုပေးနိုင်ချေ။ လူကောင်းများ၊ ရိုးသားသောသူများ၊ မိမိတို့တာဝန်ကို ဝီရိယရှိရှိ ထမ်းဆောင်ကြသူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် အဖိုးအခကို ပေးဆပ်ပြီး ထို့အတွက် ဆင်းရဲဒုက္ခခံလိုသူများကို အထင်သေးသောသူတိုင်းသည် သူတို့ကိုယ်တိုင် လူကောင်းများ မဟုတ်ကြပေ။ သူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရား စိုးစဉ်းမျှပင် မရှိသကဲ့သို့ ကယ်တင်ခြင်းကို မရရှိနိုင်ကြချေ။ ကြင်နာသောနှလုံးသားရှိပြီး သမ္မာတရားကို ချစ်မြတ်နိုးသူများသည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ကြပြီး အပြုသဘောဆောင်သော သူများနှင့် အပြန်အလှန် ဆက်ဆံခြင်းကို ပျော်ပိုက်ကြသည်။ ဤသည်မှာ ၎င်းတို့အား အကျိုးကျေးဇူးများစွာကို ရရှိစေသည်။ အခြားတစ်ဖက်တွင်မူ အပြုသဘောဆောင်သော အရာများ သို့မဟုတ် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များကို မချစ်မနှစ်သက်သော သူတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သူတို့၏စိတ်နှလုံးသည် သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်ပြီး သမ္မာတရားကို လိုက်စားကြမည်မဟုတ်ပေ။ သူတို့သည် ဆန္ဒရှိလျှင်ပင် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်ပေ။
ငါသည် ခံစားချက်များ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဟူသည့် အချက်နှစ်ချက်ပေါ်တွင် ယခုမိတ်သဟာယပြုခဲ့သည်။ တဇောက်ကန်းဖြစ်ခြင်းဟူသည့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်လည်းဖြစ်သည့် အခြားအချက်တစ်ခုရှိသေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးက တဇောက်ကန်းဖြစ်ကြသည်။ တဇောက်ကန်းဖြစ်ခြင်း၏ ဖော်ပြချက်များမှာ မည်သည့်အပြုအမူများ ဖြစ်ကြသနည်း။ တဇောက်ကန်းဖြစ်ခြင်း၌ ခံစားချက်များနှင့် စိတ်ခံစားမှုများ ဟူသော လက္ခဏာများပါရှိသလော။ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းကော ပါဝင်သလော။ တဇောက်ကန်းဖြစ်ခြင်းတွင် ဤလက္ခဏာများအားလုံး ပါဝင်သည်။ ဤအရာများအားလုံးသည် လူတစ်ဦး၏ စိတ်သဘောထားနှင့် သက်ဆိုင်သည်။ “သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ဆိုသည်မှာ တဇောက်ကန်းဖြစ်ခြင်း၏ ဥပမာတစ်ခုလော။ “မင်းက ငါ့အပေါ် မကောင်းရင် ငါလည်း မင်းကို မတရားလုပ်မှာပဲ” နှင့် “သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်” ဟူသည်တို့မှာ တဇောက်ကန်းဖြစ်ခြင်း၏ ဥပမာများလော။ (ဟုတ်ပါသည်။) အခြားမည်သည့်ဥပမာများကို သင်တို့ စဉ်းစား၍ရသနည်း။ (“တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏။”) ဤအရာအားလုံးမှာ တဇောက်ကန်းဖြစ်ခြင်း၏ ဥပမာများဖြစ်ကြ၏။ လူတို့သည် ဒေါသထွက်သောအခါ တဇောက်ကန်းဖြစ်ရုံမက ဒေါသမထွက်လျှင်ပင် တဇောက်ကန်းဖြစ်ကြသည်။ ဥပမာအားဖြင့်၊ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပြီး ၎င်းတို့ မနှစ်မြို့သောပုံစံဖြင့် စကားပြောသူများ သို့မဟုတ် ၎င်းတို့နှင့် သဘောမတူနိုင်သော နည်းလမ်းဖြင့် ပြုမူသူများကို မကြာခဏ အပြစ်ဆိုချင်ကြပြီး ၎င်းတို့ကို ဆိုးကျိုးဖြစ်စေသော နည်းလမ်းများဖြင့် ပြုမူသူများကို လက်စားချေလိုကြသည်။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) တဇောက်ကန်းဖြစ်ခြင်း၏ အခြား မည်သည့်ဥပမာများကို သင်စဉ်းစားနိုင်သနည်း။ (ရာထူးဂုဏ်ဒြပ်ဟူသော အဆင့်အတန်းမှ အခြားသူများကို စကားပြောခြင်း သို့မဟုတ် အပြစ်ဆိုခြင်းဖြစ်သည်။) လူတစ်ဦးသည် သူနှစ်သက်သည့်အရာကို လုပ်ဆောင်ရန် သို့မဟုတ် အခြားသူများကို အပြစ်ဆိုခြင်းဖြင့် မိမိ၏ဒေါသကို ဖယ်ထုတ်ရန်အတွက် ၎င်းတို့၏ အဆင့်အတန်းက ပေးထားသော အသာစီးမှုကို အသုံးပြုသည့်အခါ ဤသည်တို့မှာလည်း တဇောက်ကန်းဖြစ်ခြင်းပုံစံများ ဖြစ်သည်။ အမှန်တွင် လူတို့သည် တဇောက်ကန်းဖြစ်ခြင်းကို မကြာခဏပင် ထုတ်ဖော်လေ့ရှိကြသည်။ လူတို့၏ အပြောအဆိုများနှင့် လုပ်ရပ်များက သမ္မာတရားနှင့် မကိုက်ညီသည့် အမှုကိစ္စအများစုသည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှု၊ ဆန္ဒများ၊ နာကြည်းမှု၊ မုန်းတီးမှုနှင့် ဒေါသတို့ကြောင့် ဖြစ်ပေါ်သည်။ ဤအရာများအားလုံးသည် တဇောက်ကန်းဖြစ်ခြင်းမှ ဖြစ်ပေါ်လာသည်။ တဇောက်ကန်းဖြစ်ခြင်းအား ထုတ်ဖော်ချက်များသည် မုန်းတီးခြင်း၊ ဒေါသ သို့မဟုတ် အငြိုးကြီးခြင်းအပြင် ဤအရာနှင့် ပတ်သက်သည့် ကျယ်ပြန့်သောအရာများမှ ဖြစ်ပေါ်လာခြင်းသာ မဟုတ်သော်လည်း ယနေ့ အသေးစိတ်အချက်အလက်များကို ဆန်းစစ်မည်မဟုတ်ပါ။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် တဇောက်ကန်းလုပ်ကြပြီး ဤတဇောက်ကန်းလုပ်ခြင်းသည် ၎င်းတို့၏ စာတန်ဆန်သောစိတ်သဘောထားများမှ ဆင်းသက်လာခြင်းဖြစ်သည်။ တဇောက်ကန်းဖြစ်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီဖို့ဝေးစွ၊ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် မကိုက်ညီပေ၊ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအရ ပြုမူခြင်းသည် တဇောက်ကန်းဖြစ်ခြင်း ဖြစ်သည်။ အဆိုးကို အဆိုးဖြင့် တုံ့ပြန်ခြင်းသည် တဇောက်ကန်းပြုခြင်း ပုံစံတစ်ခုမဟုတ်ပေလော။ (ဟုတ်ပါသည်။) အကောင်းကို အဆိုးဖြင့် တုံ့ပြန်ခြင်းကော။ ဤသည်ကလည်း တဇောက်ကန်းပြုခြင်းပင် ဖြစ်သည်။ ဒေါသကြီးလွန်း၍ ဆံပင်များ ထောင်ထသွားလျှင်ကော။ ဤသည်မှာလည်း တဇောက်ကန်းလုပ်ခြင်းပါပင်။ တဇောက်ကန်းပြုလုပ်ခြင်းသည် သင်ကြုံတွေ့ရသော အရေးကိစ္စများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ တုံ့ပြန်ခြင်းပင်ဖြစ်ကာ “မည်သည့်အခြေအနေ ဖြစ်ပါစေ၊ ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ယခုပင် ထွက်ပေါက်ရှာလိုက်မည်။ အကျိုးဆက်များ မည်သို့ဖြစ်စေ၊ သို့မဟုတ် စည်းမျဉ်းများက မည်သည့်အရာပင်ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်၏ဒေါသကို မည်သူ့ထံဦးတည်နေပါစေ ကျွန်ုပ်အရင်ဆုံး စိတ်လွတ်လက်လွတ် နေပစ်ဖို့လိုသည်” ဟု စဉ်းစားခြင်းဖြစ်သည်။ ဤသည်မှာ တဇောက်ကန်းပြုလုပ်ခြင်းပင်။ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုတွင် တဇောက်ကန်းဖြစ်ခြင်းဆိုသည်မှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ စာတန်ဆန်သော စိတ်သဘောထားဖြစ်ပြီး ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ခြင်းဖြစ်သည်။ တဇောက်ကန်းပြုလုပ်ခြင်းသည် ရိုင်းစိုင်းခြင်းတစ်မျိုးဖြစ်ပြီး ယင်း၏အနှစ်သာရမှာ သားရဲသဘာဝ ပွင့်ထွက်လာခြင်းဖြစ်ပြီး၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ် အနည်းငယ်မျှပင်မရှိပေ။ ဆင်ခြင်တုံတရားကင်းမဲ့မှုအား ဖော်ပြချက်တစ်ခုသည် မိမိ၏အသိဉာဏ်နှင့် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးခြင်း၊ မိမိကိုယ်ကို ချုပ်တည်းပြီး ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ တဇောက်ကန်းပြုခြင်းပင်။
သင်၏ စိတ်သဘောထားကို ပြောင်းလဲရန်အတွက် သင်လုပ်ဆောင်နိုင်ရမည့် အခြေခံအကျဆုံးအရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အဓိကအားဖြင့် သူ့ဘာသာ ပေါ်လွင်သည့် ပုံစံများကို ဘုရားနှုတ်ကပတ်တော်ဖြင့် ယှဉ်ကြည့်ပြီး အသိအမှတ်ပြုရန်ဖြစ်ကာ၊ ဖောက်ပြန်ပျက်စီးသော သဘောထားများကို သင်ထုတ်ဖော်သောအခါ သင်စဉ်းစားနေသည့်အရာနှင့် သင့်အခြေအနေက မည်သည့်အခြေအနေဖြစ်သည်ကို သတိပြုမိရန်ဖြစ်သည်။ ဖြစ်ရပ်များစွာတွင်၊ လူတစ်ဦး၌ ဖြစ်ပေါ်လာသော အခြေအနေတစ်ခုစီသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ပေါ်ပေါက်လာသည်။ အချို့ကိစ္စများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် မတူညီသော အနေအထားများတွင် မတူညီသော အခြေအနေများစွာကို ဖြစ်ပွားစေနိုင်သည်။ ဤအရာအားလုံးကို သင်ပိုင်းခြားသိမြင်နိုင်ရမည်။ သင်၏ ပိုင်းခြားသိမြင်မှုမှ နားလည်မှုအနည်းငယ်ရထားရုံနှင့် မလုံလောက်၊ သင်သည် သင့်ပြဿနာ၏ အရင်းခံက အဘယ်မှာရှိသည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အဘယ်အခြေအနေမျိုးများတွင် ထုတ်ဖော်ပြသသည်နှင့် ယင်းက အဘယ်ပြဿနာမျိုးဟူသည်ကို စိစစ်ပြီး သိနိုင်ရမည်။ ဤအရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်လာပြီးနောက်တွင် လက်တွေ့ကျင့်သုံးရန် သင့်တော်သောနည်းလမ်းကို သိလာလိမ့်မည်။ ယင်းကို အဘယ်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဟူသည်ကို သိရုံမျှနှင့် တစ်စုံတစ်ခုကို သင်လက်တွေ့လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) အဘယ့်ကြောင့်နည်း။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တစ်စုံတစ်ဦးအား သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမှ တားဆီးနေပါက သူသည် သမ္မာတရားကို ရှာဖွေရမည်၊ ဘုရားသခင်၏ ပြုပြင်ခြင်းကို လက်ခံရမည်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီးလျှင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်ဖြစ်သည်။ ဤအရာများကို ပြုလုပ်လျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ လွယ်ကူလာလိမ့်မည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်မှုဟူသည် တစ်စုံတစ်ဦးက အသွင်ပြောင်းလဲခြင်းကို ရရှိအောင်မြင်ပြီဟူသည့် သဘောမျိုးလော။ မဟုတ်ပေ။ ကိစ္စတစ်ခုတွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးရုံဖြင့် ယင်းက နောက်တစ်ကြိမ် ထပ်မံ၍ ပေါ်လာတော့မည်မဟုတ်ဟု မဆိုလိုပေ။ ယင်းသည် ဆက်လက်၍ ပေါ်လာမည်ဖြစ်ကာ ထိုလူ၏ သမ္မာတရားဆိုင်ရာ လက်တွေ့ကျင့်ကြံမှုကို အနှောက်အယှက်ဖြစ်စေကာ အဟန့်အတားဖြစ်စေမည်၊ ဤအခြေအနေမျိုးများတွင် သူသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနေရဦးမည် ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ကိစ္စတစ်ခုတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် အခြားအခြေအနေတစ်ခုတွင် ဖောက်ပြန်ပျက်စီးသော နောက်ထပ်စိတ်သဘောထားတစ်ခု ပေါ်ပေါက်လာနိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမှလည်း တားဆီးပိတ်ပင်နိုင်သည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤအရာက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့၌ နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ၎င်းတို့၏ ပြဿနာများအတွက် အဖြေများကို ရှာတွေ့ရဦးမည်ဖြစ်ကြောင်း ညွှန်ပြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အကြိမ်ကြိမ်ဖြေရှင်းခြင်းဖြင့်သာ ဤစိတ်သဘောထားများ တဖြည်းဖြည်း လျော့ပါးလာမည်ဖြစ်သည်။ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုမျှ တစ်ချက်တည်းဖြင့် ဖြေရှင်း၍မရပါ။ ထိုနည်းဖြင့် အလုပ်မဖြစ်။ သင်သည် သမ္မာတရားကို ဦးစွာနားလည်လာပြီး ပိုင်းခြားသိမြင်ရန် သင်ယူရမည်ဖြစ်သည်။ သင့်ကိုယ်သင် “ကျွန်ုပ် ယခု မမှန်ကန်သော အခြေအနေ၌ရောက်ရှိနေသည်၊ ဤအခြေအနေက အဘယ်သို့ဖြစ်ပေါ်လာသနည်း။ ကျွန်ုပ်၏အတွင်းထဲ၌ အဘယ့်ကြောင့် ဤအခြေအနေမျိုး ဖြစ်ပေါ်လာရသနည်း။ ဤအခြေအနေကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ဖော်ပြသနည်း။ ဤအခြေအနေကို အဘယ်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဖြစ်ပွားစေသနည်း” ဟု မေးရမည်။ ဤမေးခွန်းများကို နားလည်သဘောပေါက်ရန် ဆင်ခြင်သုံးသပ်ပြီး ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင် ရပါမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ပြီးသည်နှင့် ယင်းတို့ကို သင်ပုန်ကန်နိုင်လိမ့်မည်။ ဤနည်းအားဖြင့်၊ သင်၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအတွက် အဟန့်အတားများကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် သင့်အတွက် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ သမ္မာတရားအား လိုက်စားသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟူသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဤနည်းဖြင့် အစဉ်မပြတ်ဖြေရှင်းခြင်းကို ဆိုလိုသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းသည် တဖြည်းဖြည်း ကျယ်လာပြီး ပွင့်လာကာ ယင်းအတွက် အဟန့်အတားများ လျော့နည်းလာလိမ့်မည်။ သင်သည် သမ္မာတရား၏ မတူညီသော လက္ခဏာများအားလုံးကို လက်တွေ့ကျင့်သုံးနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ထုတ်ဖော်ခြင်းက ပို၍ပို၍ လျော့နည်းလာမည်ဖြစ်သည်။ သို့ရာတွင် ဤအရာက သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးလုံးလျားလျား ရှင်းရှင်းလင်းလင်း ဖယ်ရှားပစ်လိုက်ပြီဟု မဆိုလိုပေ။ အထူးအခြေအနေများတွင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနေနိုင်ဆဲ ဖြစ်နိုင်သည်၊ သို့သော် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းမှ သင့်ကို ဟန့်တားနိုင်တော့မည် မဟုတ်ပေ။ ဤသည်မှာ ကောင်းမွန်သော ဦးတည်ချက်ဖြင့် ပြောင်းလဲနေသည်။ အသက်ဝင်ရောက်မှု လမ်းကြောင်းက ရှည်လျားသည်၊ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းက ရှည်လျားသည်။ ကျွန်ုပ်တို့၏ လက်တွေ့ဘဝတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးက မတူညီသောအနေအထားများ၌ အခြေအနေများစွာကို မည်သို့ပို့ဆောင်နိုင်ကြောင်း ကျွန်ုပ်တို့အားလုံး မြင်နိုင်သည်။ ဤအခြေအနေများသည် အပြင်ပန်းတွင် မှန်သည့်ပုံစံရှိသည်ဖြစ်စေ မှားသည့်ပုံစံရှိသည်ဖြစ်စေ၊ အပြုသဘောဆောင်သည့်ပုံစံရှိသည်ဖြစ်စေ အပျက်သဘောဆောင်ပြီး ဆိုးသည့်ပုံစံရှိသည်ဖြစ်စေ ယင်းတို့အားလုံးသည် တစ်စုံတစ်ဦးကို အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သည်၊ ထိုသူ၏ ပြောဆိုပုံနှင့် ပြုမူပုံတို့ကို လွှမ်းမိုးနိုင်ပြီး အရာရာအပေါ် သူ၏အမြင်များနှင့် လူတို့အားဆက်ဆံပုံကို အကျိုးသက်ရောက်စေနိုင်သည်။ သို့ဆိုလျှင် ဤအခြေအနေများက မည်သို့ဖြစ်ပေါ်လာသနည်း။ အမှန်မှာမူ ယင်းတို့အားလုံးသည် လူတို့၏ စာတန်ဆန်သောသဘောသဘာဝများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အပေါ်ယံတွင် ယင်းက လူတို့သည် အခြေအနေများ၏ လွှမ်းမိုးမှုခံနေရပုံပေါ်သော်လည်း အခြေခံအားဖြင့် ယင်းသည် ၎င်းတို့ကို ထိန်းချုပ်သည့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပင် ဖြစ်သည်။ အကျိုးဆက်အားဖြင့် လူတို့အားလုံးသည် ၎င်းတို့၏ အတွင်းထဲမှ စာတန်ဆန်သောသဘောသဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပြီး၊ ယင်းက ၎င်းတို့အား သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကိုတွန်းလှန်ရန် ဦးတည်စေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်နှင့် သင်၏ မမှန်ကန်သော အခြေအနေများကို ပြောင်းပြန်လှန်ရန် သမ္မာတရားကို အသုံးမပြုပါက သင်သည် သင်၏ စာတန်ဆန်သောစိတ်သဘောထား၏ ကန့်သတ်ချုပ်ချယ်မှုများနှင့် နှောင်ကြိုးများမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့်၊ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အသင်းတော်တွင် အချို့သောတာဝန်အတွက် သင့်လျော်သော လူတစ်ဦးရှိသည် ဆိုပါစို့၊ သို့သော် သင်သည် သူ့ကို အထင်သေးသောကြောင့် သူ့ကို အသုံးမပြုလိုပေ။ ဤသည်မှာ လူတို့ကို ဆက်ဆံရာတွင် တရားမျှတသော နည်းလမ်းမဟုတ်ကြောင်း သင်သိသည်ဆိုလျှင် ဤပြဿနာကို သင်မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ သင်သည် “ကျွန်ုပ် အဘယ့်ကြောင့် ဤသို့ပြုမူရသနည်း။ ကျွန်ုပ် သူ့ကို အဘယ့်ကြောင့် မတရားဆက်ဆံရသနည်း။ ကျွန်ုပ်အပေါ် သြဇာလွှမ်းမိုးနေသည့်အရာက အဘယ်နည်း” ဟု စဉ်းစားသင့်သည်။ ဤအရာ၌ သီးခြား အသေးစိတ်အချက်များ မပါဝင်သလော။ ဤလူကို တရားမျှတစွာ မဆက်ဆံလိုခြင်းဖြစ်သည့် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အစွဲများ၊ သင်၏ လိုလားမှုများနှင့် သင်၏ မနှစ်သက်မှုများကြောင့်ဖြစ်သည်။ လူတို့၌ မာနထောင်လွှားသော စိတ်သဘောထားများရှိ၍ ဤအရာများသည် သူတို့အတွင်း၌ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ဤသည်မှာ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဖြစ်သည်ဆိုသည်ကို သံသယဖြစ်စရာ မလိုပေ။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားက သင့်အထဲတွင် ဤအခြေအနေများကို ဖြစ်ပေါ်လာစေသည်။ သင်၏စိတ်နှလုံးထဲတွင် ဤသူကို အထင်သေးခြင်း၊ သူ့အကြောင်း အကောင်းတစ်ခုခုပြောရန်၊ သို့မဟုတ် သူ့ကို တရားမျှတသော နည်းလမ်းဖြင့် အကဲဖြတ်ရန် မလိုလားခြင်းနှင့် သူနှင့်သင့်တော်စေကာမူ တာဝန်တစ်ခုအတွက် သူ့ကို မရွေးချယ်လိုခြင်းတို့ဖြစ်သော ဤအရာအားလုံးသည် သင်၏မာနထောင်လွှားသော စိတ်သဘောထားက ဖြစ်ပေါ်စေသော အကျိုးဆက်များဖြစ်ကြသည်။ လူတို့သည် မာနထောင်လွှားသော စိတ်သဘောထားများ ရှိသောကြောင့် သူတို့၏စိတ်နှလုံးထဲတွင် အမှောင်ထုကို သိုလှောင်ထားကာ ၎င်းတို့၏ အမြင်အာရုံများ လွဲချော်သွားပြီး ကိစ္စများအပေါ် ၎င်းတို့၏ အမြင်များက ဘက်လိုက်ကြသည်။ ဤပြဿနာများကို မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို သိလာခြင်းအားဖြင့် ဖြေရှင်းရမည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာမြင်ပြီး နားလည်ထားသည့်အပြင် ယင်းတို့အား ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ကာ သမ္မာတရား စည်းမျဉ်းနှင့်အညီ လူတို့ကို ဆက်ဆံနိုင်ပါက လူတို့အပေါ် သင်၏အစွဲများနှင့် မမှန်ကန်သော အမြင်များကို ပြောင်းပြန်လှန်နိုင်ပြီး လူတို့ကို မျှမျှတတ ဆက်ဆံလာနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် ယင်းတို့ကို မည်သို့ ပြောင်းပြန်လှန်နိုင်သနည်း။ သင်သည် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ထံတော်သို့ တိုးဝင်ရမည်။ ဤပြဿနာများ၏ အနှစ်သာရကို ရိပ်စားမိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များအား နားလည်သဘောပေါက်ခြင်းကို ရရှိရမည်။ သင်သည် ပူးပေါင်းဆောင်ရွက်ရန်နှင့် သင့်ကိုယ်သင် ပုန်ကန်ရန် ဆန္ဒရှိရမည်။ သင်သည် “နောင်တွင် ဤနည်းလမ်းအတိုင်း ကျွန်ုပ်ပြုမူမည်မဟုတ်။ သူ့အစွမ်းအစက အနည်းငယ် ချို့တဲ့နေနိုင်သော်လည်း သူ့ကို ဆက်ဆံသင့်သည်တိုင်း ကျွန်ုပ်ဆက်ဆံရမည်။ သူ ဤတာဝန်ကို ထမ်းဆောင်ဖို့ သင့်တော်လျှင် သူ့ကို ကျွန်ုပ်တာဝန်ပေးသင့်သည်။ ကျွန်ုပ်သည် အခြားသူတစ်ဦးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း ထိုလူသည် တာဝန်အတွက် မသင့်လျော်ပါက ထိုသူကို ကျွန်ုပ် အသုံးပြုမည်မဟုတ်ပါ။ ထို့အစား သူ့အား ကျွန်ုပ်အသုံးပြုမည်” ဟု မိမိကိုယ်ကို ပြောရမည်။ ဤအခြေအနေကို ပြောင်းပြန်လှန်ခဲ့ပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု ပုံစံတစ်ခု မဟုတ်သလော။ ယင်းမှာ လက်တွေ့လုပ်ဆောင်မှုပုံစံတစ်ခု ဖြစ်သည်။ ယခု သင်သည် ဤနည်းဖြင့် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်နိုင်ခဲ့သနည်း။ အကယ်၍ သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘဲ သင်၏ ဘက်လိုက်သော ရည်ရွယ်ချက်များကို မပုန်ကန်ခဲ့ပါက ဤရလဒ်ကို ရနိုင်မည်လော။ လုံးဝ မရနိုင်ပေ။ ထို့ကြောင့် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အရေးပါ၏။ သင်သည် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရမည်။ ဆိုလိုသည်မှာ သင်သည် သမ္မာတရားဆီသို့ ဦးတည်ကြိုးပမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များကို လိုက်လျှောက်ရန် ကြိုးစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤနည်းဖြင့်ပြုမူရန် မရွေးချယ်ပါက၊ သမ္မာတရားဆီသို့ ဦးတည်ပြီးမကြိုးပမ်းပါက ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်ပေ။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသည် သမ္မာတရားအား အကြွင်းမဲ့ကျိုးနွံနာခံခြင်း ဖြစ်သည်။ သမ္မာတရားကို ကျိုးနွံနာခံရန် သဘောထားနှင့် စိတ်ပိုင်းဖြတ်ချက်ရှိခြင်းဖြင့်သာ သင်သည် သင်၏ တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ နှစ်သက်မှုများနှင့် တွေးခေါ်မြော်မြင်မှုကို စွန့်လွတ်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ မမှန်ကန်သော အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်။ လူများကို မျှမျှတတ ဆက်ဆံခြင်းဆိုသည်မှာ အခြားသူတစ်ဦးဦး၏ အခြေအနေမှာ မည်သို့ပင်ရှိစေကာမူ ထိုသူသည် မှန်မှန်ကန်ကန်ပြောဆိုကာ သမ္မာတရားနှင့်အညီ လိုက်လျောညီထွေစွာ ပြောဆိုသည့်အခါ သင့်အနေဖြင့် လက်ခံပြီး ကျိုးနွံနာခံနိုင်သည်ကို ဆိုလိုသည်။ သင်သည် လူတစ်ဦးအပေါ် အမြဲတမ်း အစွဲစိတ်များရှိပြီး ထိုသူကို အထင်သေးကာ ထိုသူအား အသုံးပြုပြီးသည့်တိုင် ထိုသူအား စကားအများကြီး မပြောလိုပါက၊ သင့်စိတ်နှလုံးထဲတွင် သူ့ကို အထင်သေးနေသေးပါက၊ သင့်အခြေအနေ လုံးဝပြောင်းပြန်မဖြစ်သဖြင့် ဤအရာက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပုပ်ဆွေးနေသော အမြစ်သည် သင့်အတွင်း၌ ရှိနေသေးကြောင်း ပြသသည်။ သေးငယ်ပြီး အရေးမပါသော အခြေအနေတစ်ခုသည် သင့်ကို အလွန်တရာ ဒုက္ခဖြစ်စေနိုင်သည်။ ဤသည်မှာ သင့်စိတ်သဘောထားအတွက် ပြဿနာတစ်ခုလော။ ဤသည်မှာ လူသား၏ သဘောသဘာဝနှင့် အနှစ်သာရဆိုင်ရာ ပြဿနာဖြစ်သည်။ သင်သည် ဤမမှန်ကန်သော အခြေအနေကို ပြောင်းပြန်လှန်ရပါမည်။ ဤလူ၌ အချို့သော အားနည်းချက်များရှိကြောင်း သင်တွေ့ရှိရုံမျှဖြင့် သူ့ကို ကန့်သတ်မထားသင့်ပေ။ သူ၌ ကောင်းမှုတစ်ချို့နှင့် အားသာချက်တစ်ချို့ ရှိကာ သင်သည် သူနှင့် ပိုမိုမိတ်သဟာယဖွဲ့ကာ သူ့ကို ပိုမိုလေးနက်စွာ နားလည်ရန် ကြိုးစားသင့်သည်။ သင်သည် သူ၏ အားသာချက်များကို မြင်ပြီး သူသည် အဆိုပါတာဝန်အတွက် အမှန်တကယ် သင့်လျော်ကြောင်း တွေ့ရှိသောအခါ သင်သည် သင်၏ စက်ဆုပ်ဖွယ်ကောင်းမှုနှင့် ရှက်ဖွယ်အဖြစ်ကို တဖြည်းဖြည်း သိရှိလာပြီး သူ့အား ဤတာဝန်ကို ထမ်းဆောင်စေခြင်းနှင့် သူ့အား ဤနည်းဖြင့် ဆက်ဆံသည်မှာ တရားမျှတပြီး သမ္မာတရားနှင့်ညီကြောင်း နားလည်လာနိုင်သည်။ ထိုအခါ သင်သည် ပို၍ သက်သောင့်သက်သာ ခံစားရလိမ့်မည်။ ဤလူအကြောင်း ပေါ်ပေါက်လာသောအခါ သင်၏ အသိစိတ်ထဲ၌ ဘုရားသခင်ကို စိတ်မပျက်စေမိသည့်အပြင် သမ္မာတရားကို လက်တွေ့ကျင့်သုံးခဲ့ပြီဟူ၍ ငြိမ်းချမ်းမှုကို ခံစားရလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ဤလူအပေါ် သင်၏အမြင်သည် ပြောင်းလဲသွားလိမ့်မည်။ ဤအရာအားလုံးကို အဘယ်သို့ ရရှိအောင်မြင်သနည်း။ ဤအရာကို လုပ်ဆောင်သူမှာ ဘုရားသခင်ဖြစ်သည်။ သမ္မာတရားသည် သင့်အတွင်း၌ ဖြည်းဖြည်းချင်း အလုပ်လုပ်ပြီး ၎င်းသည် သင့်အခြေအနေကို ပြောင်းလဲကာ ပြောင်းပြန်ဖြစ်စေသည်။ သို့ရာတွင် ဤသည်မှာ အစမျှသာ ဖြစ်သည်။ သင်သည် ထပ်တူပြဿနာကို တစ်ဖန် ကြုံတွေ့ရန်ဖြစ်ပါက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ ယခင်လူအပေါ် သင်အသုံးပြုခဲ့သည့် ထပ်တူနည်းစနစ်များကို အသုံးပြုနိုင်မည်ကား မဟုတ်ပေ။ သင်သည် သမ္မာတရားကို မည်မျှချစ်သည်ကိုလည်းကောင်း၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင့်ကိုယ်ပိုင်အလိုတို့ကို ပုန်ကန်ဖို့ သင်၏ သန္နိဋ္ဌာန်ကိုလည်းကောင်း အခြား အမျိုးမျိုးသော အခြေအနေများ၊ သို့မဟုတ် အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက စမ်းသပ်ကောင်းစမ်းသပ်မည်ကို သင်တွေ့ကြုံနေနိုင်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စမ်းသပ်မှုများဖြစ်သည်။ အခြားလူတို့နှင့် သင်၏ဆက်ဆံမှုများ အားလုံးတွင် ၎င်းတို့သည် မည်သူဖြစ်ပါစေ၊ ပြီးလျှင် သင်၏ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့သည် သင်နှင့်ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ၊ ၎င်းတို့သည် သင့်ကို မျက်နှာလိုမျက်နှာရ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိပါစေ သင်သည် ၎င်းတို့ကို မျှမျှတတနှင့် မှန်မှန်ကန်ကန် ဆက်ဆံနိုင်သည့်အခါ သင်၏အခြေအနေသည် လုံးလုံး ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ အခြားသူများကို သင်ဆက်ဆံသည့်ပုံစံသည် သင်၏စိတ်ကူးအထင်များ၊ သင်၏ခံစားချက်များ၊ သို့မဟုတ် သင်၏တဇောက်ကန်းစိတ် တို့အပေါ် အခြေမခံပါက သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် ထိုနေရာသို့ မရောက်ရှိသေးပေ။ သင့်အထဲမှ ကွဲပြားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးသည် သင့် အမူအကျင့်ကို ထိန်းချုပ်နေဆဲဖြစ်ပြီး၊ သင်၏တွေးခေါ်ပုံနှင့် သင့်စိတ်ကို ထိန်းချုပ်နေဆဲ ဖြစ်ပါသည်။ သင့်အထဲမှ ဤအရာများသည် သင့်ကို ထိန်းချုပ်ထားသော သင့်သဘောသဘာဝဖြစ်လာပြီး သမ္မာတရားက သင့်အသက်တာ မဖြစ်သေးပေ။ သင့်တွင် ကောင်းမွန်သောအကျင့် တစ်ချို့ရှိရုံသာဖြစ်သော်လည်း ဤကောင်းသောအကျင့်၏ နောက်ကွယ်တွင် သင်ထုတ်ဖော်ပြသသည့် မတူညီသောအခြေအနေများနှင့် အတွေးအမြင်များအားလုံးနှင့် သင့်စိတ်နှလုံးအတွင်း၌ ခိုအောင်းနေသည့် အရာများသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်လာပြီး သမ္မာတရားနှင့် သဘောကွဲလွဲသည်။ သင်၏ ဤအခြေအနေများနှင့် သင့်အတွေးအမြင်များ အားလုံးသည် ဆင်ခြင်တုံတရားကို အခြေခံလာပြီး စည်းမျဉ်းများ၊ သမ္မာတရားများနှင့် ကိုက်ညီသောအခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထားများသည် သင့်အတွေးများ သို့မဟုတ် သင့်အပြုအမူများကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ ထို့နောက် သင်၏ စိတ်သဘောထားက အမှန်တကယ် ပြောင်းလဲလာပြီးဖြစ်မည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပုန်ကန်ရန် သို့မဟုတ် သင့်ကိုယ်သင် ချုပ်တည်းရန် မလိုအပ်တော့ပေ။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ တိုက်ရိုက်ပင် ပြုမူလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤအရာသည် သင်လုပ်သင့်သည့် အရာပင်ဖြစ်သည်ဟု သင်ယုံကြည်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် လုံးဝမပင်ပန်းဟု သင်ထင်လိမ့်မည်။ ဤသို့ဖြစ်လာသောအခါ သမ္မာတရားက သင်၏ဘဝ ဖြစ်လာလိမ့်မည်။ သင်တို့အားလုံးသည် ထိုနေရာသို့ မရောက်သေး။ သင်သည် သင်၏လိုက်စားမှုကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။ အယူဝါဒ အနည်းငယ်ကို နားလည်ပြီး စိတ်အားထက်သန်မှု အနည်းငယ်ရှိရုံဖြင့် အကျိုးမရှိပေ။ သင်တို့၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်လွန်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနိုင်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့် သင်၏ စစ်မှန်သော နားလည်မှုအကြောင်းကို ပြောဆိုနိုင်ရမည်။ ထို့နောက် သင်သည် စစ်မှန်မှုကို ရရှိလာမည် ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိခြင်းကို ဆိုလိုသည်။ ယခုအချိန်တွင် လူအများစုသည် သက်သေခံနိုင်စွမ်း မရှိကြပေ။ ၎င်းတို့၏အတွေ့အကြုံသည် တိမ်လွန်းနေသေးကာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုရန်၊ တရားဒေသနာများ ပိုမိုနားထောင်ရန်နှင့် ဓမ္မသီချင်းများကို ပိုမိုလေ့လာကြရန် လိုသည်။ အရာများစွာကို တွေ့ကြုံခံစားပြီးနောက် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်သော နားလည်မှု ရရှိကြမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်လက်တွေ့ကျသည်ဟုလည်းကောင်း၊ လူတစ်ဦး၏အသက်ဖြစ်နိုင်သည်ဟုလည်းကောင်း၊ လူတို့ကို စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း လုံးလုံးလျားလျားအသက်ရှင်နေထိုင်စေနိုင်စွမ်း ရှိသည့်အပြင် စာတန်၏ သွေးဆောင်မှုအမျိုးမျိုးကို တုံ့ပြန်ရာတွင် ယင်းတို့ကို အသုံးပြုနိုင်သည်ဟုလည်းကောင်း ခံစားရလိမ့်မည်။ ဤနားလည်မှုကို ရရှိသောသူများသာလျှင် ဝိညာဉ်ရင့်သန်မှုရှိပြီး ဘုရားသခင်၏လူများ အမှန်တကယ် ဖြစ်လာကြသည်။ လူများစွာသည် သမ္မာတရားနှင့် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောဆိုခြင်းမပြုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည် သူတို့၏ဘဝ မဖြစ်သေးသောကြောင့်ဖြစ်ကာ၊ ရလဒ်အနေဖြင့် ၎င်းတို့သည် ပင်ပန်းနွမ်းနယ်ပြီး သနားစရာကောင်းသောဘဝဖြင့် နေထိုင်ကြပြီး အကျည်းတန်မှုအမျိုးမျိုးကို ပြသကြပြီး သူတို့၏ဘဝများသည် ဝမ်းနည်းဖွယ်ကောင်းသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းလာသနည်း။ ဆင်းရဲဒုက္ခ၊ မုန်းတီးမှု၊ မကျေမထမ်းဖြစ်မှု၊ အဆိုးမြင်မှုကိုသာမက မာနာထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ မုသား၊ လှည့်ဖြားမှု၊ လိမ်ညာမှုနှင့် အခြားသူတကာထက် မိမိသာလွန်သည်ဟု ယုံကြည်ခြင်းတို့ကို ဆောင်ကြဉ်းပေးသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် လူများအား မျှော်လင့်ချက်မဲ့မှုကို ကြိတ်မှိတ်လက်ခံခြင်း၊ မှားယွင်းသော ဆင်ခြင်တုံတရားဖြင့် ပြောဆိုခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို ဖြစ်စေသည်။ အခြားအချိန်များတွင် ၎င်းတို့သည် လူတို့အား မိမိကိုယ်ကို မည်မျှသနားစရာ ကောင်းသည်၊ မည်မျှအထီးကျန်ပြီး အထောက်အကူမဲ့သည်ဟု တွေးထင်စေကာ စိတ်ပျက်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းသည့်သဏ္ဍာန်ကို ပြသစေတတ်သည်။ လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြသော်လည်း သမ္မာတရားကို နားမလည်ကြသေးဘဲ အဓိပ္ပာယ်မဲ့သောစကားများသာ ပြောဆိုကြပြီး ၎င်းတို့သည် အထီးကျန်ပြီး အထောက်အကူမဲ့သည်ဟု ဆိုကြသည်။ ဘုရားသခင်သည် သမ္မာတရား၊ ကိုယ်တော်သည် လူသား၏ အထောက်အပံ့ဖြစ်၏၊ သို့သော် လူများက သူ့ကို အားမကိုးကြ၊ သူတို့သည် သူ့ထံမှ လမ်းလွဲကြကာ စာတန်နောက်သို့ လိုက်ကြပြီး စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ ဤသို့သော လူတို့က အလွန်ပင် မရေမရာဖြစ်ကြသည် မဟုတ်သလော။ သမ္မာတရားကို မလိုက်စားသော လူတို့အားလုံးက ဤသို့ဖြစ်ကြ၏။ သမ္မာတရားကို နားလည်သောသူများသည် ဘုရားသခင်နှင့် ပို၍ပို၍ နီးကပ်လာကြပြီး သမ္မာတရားကို တစ်စက်မျှပင် နားမလည်ဘဲ မရရှိပါက သင်သည် ဘုရားသခင်နှင့် အလွန်ဝေးကွာသွားကာ ဘုရားသခင်နှင့်ပင် ပုံမှန်ဆက်ဆံရေးရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ကာ သမ္မာတရားသည် သင့်အတွင်း၌ အသက်ဖြစ်လာပါက ဘုရားသခင်သည် သင့်စိတ်နှလုံးသားထဲတွင် ရှိတော်မူ၏။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ဘဲ မရယူနိုင်ပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လည်းမကျင့်သုံးနိုင်ပါက ဘုရားသခင်သည် သင်၏ဘုရားသခင် မဟုတ်သည့်အပြင် သူသည် သင့်အတွင်း၌ ကိန်းဝပ်မည်မဟုတ်ပေ။ သမ္မာတရားသည် သင်၏သခင်မဟုတ်ဘဲ သင်နှင့်ပတ်သက်သည့် အရာတိုင်းကို ညွှန်ကြားခြင်းမရှိပါက ဤသည်မှာ ဘုရားသခင်က သင်နှင့် ပတ်သက်သည့်အရာတိုင်းကို ညွှန်ကြားခြင်းမရှိသည်နှင့် တူညီပါသည်။ ဆိုလိုသည်မှာ သင်သည် သင့်ကိုယ်သင် ဘုရားသခင်ထံ အပ်နှင်းထားခြင်း မရှိသေးဘဲ သင်သည် ဦးစီးဦးကိုင်နေသူတစ်ဦး ဖြစ်နေဆဲဟု ဆိုလိုသည်။ သင်က ဦးစီးဦးကိုင်နေသောအခါ မည်သူသည် အမှန်တကယ် ဦးစီးဦးကိုင်နေသနည်း။ ယင်းက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်ကာ သမ္မာတရားက ထိန်းချုပ်ခြင်း မရှိချေ။ သင်၏ စကားလုံးများ၊ လုပ်ဆောင်ချက်များ၊ အပြုအမူ၊ အရေးကိစ္စများကို ကိုင်တွယ်ခြင်း၊ သင်၏ တာဝန်ထမ်းဆောင်မှု၊ လူများကို သင်ဆက်ဆံပုံနှင့် သင့်နေ့စဉ်အသက်တာ၊ သင်စားသည့်အရာနှင့် သင်၏ဝတ်စားပုံကိုပင် ဦးနှောက်ခြောက်အောင်စဉ်းစားရန် မလိုအပ်တော့သည့်အခါ၊ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားစည်းမျဉ်းများအရ သင့် အရေးကိစ္စအားလုံးကို ကိုင်တွယ်နိုင်သောအခါ သင်သည် စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေမည်ဖြစ်ပြီး သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်။
ယခုအချိန်တွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် အရေးကြီးဆုံးသော ကိစ္စတစ်ရပ်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ပျက်ကွက်သောမည်သူမဆိုသည် ပညာမဲ့ပြီး မိုက်မဲပေသည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးသူများသည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားနိုင်စွမ်းမရှိ။ ၎င်းတို့သည် ကောင်းချီးများရရှိရန် ဘုရားသခင်ကို ယုံကြည်ဖို့သာ လိုအပ်ပြီး သမ္မာတရားကို ကျင့်သုံးရန်နှင့် အဖိုးအခပေးဆပ်ရန်မလိုဟု ထင်မြင်ကြသည်။ ဘာသာရေးလောကတွင် ဤကဲ့သို့သောလူတို့ များစွာရှိ၏။ ဘုရားသခင်၏ အိမ်တော်အတွင်း၌ ဘုရားသခင်သည် သူ၏အလုပ်ကို မည်သို့လုပ်ဆောင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ပုံနှင့် လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များကို လူအများစုက သိကြသည်။ ဘုရားသခင်၏ အိမ်တော်ထဲ၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးသောသူ ပို၍ပို၍ နည်းပါးလာသည်။ ယခုအချိန်တွင် သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းဖြင့်သာလျှင် စိတ်သဘောထား ပြောင်းလဲမှုကိုရရှိပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည်ဟူသော အယူဝါဒနှင့် စပ်လျဉ်း၍ သင်တို့အားလုံး နားလည်ကြသော်လည်း သမ္မာတရားကို မည်သို့ကျင့်သုံးရမည်နှင့် သမ္မာတရားစစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်ရမည်ဟူသည့် လမ်းကြောင်းနှင့်ပတ်သက်၍ အနည်းငယ် မရှင်းလင်းကြသေးပေ။ ရလဒ်အနေဖြင့် သင်၏ အသက်ဝင်ရောက်မှုမှာ နှေးကွေးစွာ ရှေ့ဆက်နေသည်။ သမ္မာတရားကို ကျင့်သုံးခြင်းသည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရန် သော့ချက်ဖြစ်သည်။ သမ္မာတရားကို မကျင့်သုံးနိုင်ခြင်းက ကြီးမားသော ပြဿနာဖြစ်၏။ သင်တို့အားလုံးသည် စကားများနှင့် အယူဝါဒများကို ဟောနေကြသေးသလော။ (ဟောနေကြသေးသည်။) သို့ဆိုလျှင် သင်တို့ ထိုသို့ဟောပြီးသောအခါ ဤစကားများနှင့် အယူဝါဒများကို လက်တွေ့အသုံးချနိုင်သလော။ ယင်းတို့ကို လက်တွေ့မကျင့်သုံးနိုင်လျှင် ဤအရာက သင်တို့သည် သမ္မာတရားကို နားမလည်သေးဘဲ အယူဝါဒများကိုသာ နားလည်ကာ၊ သမ္မာတရားစစ်မှန်မှုကို မပိုင်ဆိုင်သေးကြောင်း သက်သေပြနေသည်။ အချို့သောလူတို့က သူတို့ရိုးသားသင့်သည်ဟု သိကြသော်လည်း လိမ်လည်လှည့်ဖြားခြင်း၏ ကန့်သတ်ချုပ်ချယ်မှုများမှ မလွတ်မြောက်နိုင်ကြပေ။ အချို့သောလူတို့သည် ဘုရားသခင်အား ကျိုးနွံနာခံလိုစိတ်ရှိပါသည်ဟု ဆိုကြသော်လည်း ပြုပြင်ခြင်းကို ခံရသောအခါ ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ အခြားလူများသည် အယူဝါဒများအကြောင်းကို မှန်ကန်သောဟန်ဖြင့် ပြောဆိုကြပြီး ၎င်းတို့တွင် စစ်မှန်မှုရှိသည်ဟူသော ထင်မြင်ယူဆချက် ပေးကြသော်လည်း ၎င်းတို့တွင် မိမိကိုယ်ကို စစ်မှန်သောသိနားလည်ခြင်း မရှိကြပေ။ အခြားလူများက ၎င်းတို့သည် ဝိညာဉ်ရေးရာ သဘောတရားများအကြောင်းကို ပြောဆိုနိုင်သောကြောင့် ၎င်းတို့သည် အလွန်ပင် ဝိညာဉ်သဘောရှိသည်ဟု ယုံကြည်ကြသော်လည်း စစ်မှန်သော မိမိကိုယ်ကိုသိသောအသိ မရှိနိုင်ကြသည့်အပြင် ၎င်းတို့၏ တာဝန်များတွင်ဖြစ်စေ၊ အရေးကိစ္စများကို ကိုင်တွယ်သည့်အခါဖြစ်စေ စစ်မှန်သော ကျိုးနွံနာခံမှု ကင်းမဲ့ကြသည်။ ဤပြဿနာများအားလုံး၏ အရင်းအမြစ်၌ မည်သည့်အရာရှိသနည်း။ သူတို့က သမ္မာတရားကို လက်မခံနိုင်ကြခြင်းပင်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် သမ္မာတရားကို လက်မခံပါက သူသည် ကိုယ်တော်ကို အမှန်တကယ် ယုံကြည်ပါ၏လော။ သမ္မာတရားကို လက်မခံနိုင်လျှင် သူတို့၏ ပြဿနာတစ်ခုကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သာလျှင် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိကိုယ်ကို သိလာနိုင်သည်။ တစ်စုံတစ်ယောက်သည် စကားများနှင့် အယူဝါဒများကို မည်မျှပင် ရွတ်ဆိုနိုင်သည်ဖြစ်စေ အဓိကအချက်မှာ ဤအယူဝါဒကို လိုက်နာကျင့်သုံးနိုင်ခြင်းဖြစ်ပြီး ယင်းက အရေးကြီးဆုံးသောအရာဖြစ်သည်။ လူတစ်ဦးက လက်တွေ့ကျင့်သုံးသော သမ္မာတရားများသည် စစ်မှန်မှုပင်ဖြစ်၏။ သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်လျှင် သူတို့၌ စစ်မှန်မှု ကင်းမဲ့လေသည်။ အချို့သောလူတို့သည် စကားများနှင့် အယူဝါဒများအကြောင်းကို အလွန်ရှင်းလင်းစွာ ဟောပြောနိုင်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် သမ္မာတရားများစွာကို ရှင်းလင်းပြတ်သားခြင်းမရှိ၊ အချို့အရာများကို မပိုင်းခြားနိုင်သည့်အပြင် ယင်းတို့ကို မရိပ်စားနိုင်သည့်အပြင် ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားပမာဏမှာ အလွန်နည်းပါးသည်။ ရလဒ်အနေဖြင့်၊ ထိုသို့သောလူများသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ရေးသားရန် အလွန်ခက်ခဲသည်။ နေ့စဉ်ဘာသာစကား သို့မဟုတ် လက်တွေ့အတွေ့အကြုံမရှိဘဲ စကားများနှင့် အယူဝါဒအချို့ကိုသာ ရေးနိုင်ကြသည်။ ယခုတွင် သင်တို့၌ စကားများနှင့် အယူဝါဒများကို ရွတ်ဆိုခြင်းဆိုင်ရာ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သည်ဆိုသည့် လမ်းကြောင်းရှိသလော။ စကားများနှင့် အယူဝါဒများကို ရွတ်ဆိုခြင်းဆိုင်ရာ ဤပြဿနာကို ဖြေရှင်းရန် သင်သည် သမ္မာတရားကို လေ့ကျင့်ရမည်။ သမ္မာတရားကို သင်သည် ပို၍ လက်တွေ့ကျင့်သုံးလေ၊ သမ္မာတရားအပေါ်နှင့် သင်၏ လက်တွေ့ကျင့်သုံးမှုအပေါ် ပို၍အားထုတ်လေ၊ အတွေ့အကြုံနှင့် လက်တွေ့ကျင့်သုံးမှု၏ စကားလုံးများကို သင်ပို၍ရရှိလေဖြစ်မည်။ အတွေ့အကြုံနှင့် လက်တွေ့ကျင့်သုံးမှုဆိုင်ရာ စကားလုံးများ သင်ပို၍ပိုင်ဆိုင်ထားလေ၊ သင်သည် စကားများနှင့် အယူဝါဒများကို ရွတ်ဆိုမှု ပို၍နည်းလေဖြစ်သည်။ လူသည် စစ်မှန်မှုကို မည်သို့ရရှိမည်နည်း။ သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် လုပ်ငန်းစဉ်၌ လူတို့သည် အတွေ့အကြုံတစ်ချို့ရှိပြီး တစ်ချို့အရာများကို ထိတွေ့မိကြသည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖေါ်ကာ အမျိုးမျိုးသော အခြေအနေများကို ဖန်တီးကြပြီးနောက် သမ္မာတရားကို ရှာဖွေပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာကာ လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာပြီး ကျင့်ကြံလာကြသည်။ ဤသည်မှာ စစ်မှန်သော အသက်တာအတွေ့အကြုံပင်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ လက်တွေ့မကျင့်သုံးလိုပါက ဤလုပ်ငန်းစဉ်ကို ဖြတ်သန်းရမည်မဟုတ်သကဲ့သို့ ဤလုပ်ငန်းစဉ်မပါဘဲ သင်သည် အသက်ဝင်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ ဤဖြစ်စဉ်၌ သင်သည် များစွာတွေ့ကြုံရလျှင် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာမည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြတ်ပြတ်သားသား ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ သင်လိုက်နာရမည့် လမ်းကြောင်းက ပို၍သာ ရှင်းလင်းလာမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤလက်တွေ့ကျင့်သုံးမှု ဖြစ်စဉ်နှင့် အတွေ့အကြုံတို့ကို မဖြတ်သန်းရသေးဘဲ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်သော အယူဝါဒနှင့်ဆိုင်သော နားလည်သဘောပေါက်ခြင်းသာ ရှိပါက သင်၏ တိုက်ရိုက် နားလည်မှုနှင့် သင်၏ ကိုယ်တိုင်တွေ့ကြုံမှုကြား၌ ခြားနားချက်ရှိသည်ဖြစ်၍ သင်ဟောပြောသမျှ အရာအားလုံးသည် အယူဝါဒများသာ ဖြစ်လိမ့်မည်။ အယူဝါဒများသည် မည်ကဲ့သို့ ပေါ်ပေါက်လာသနည်း။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား လက်တွေ့ကျင့်သုံးခြင်းမရှိသည့်အပြင် အသက်တာအတွေ့အကြုံ မရှိဘဲ နားလည်ရုံ၊ ဆန်းစစ်ရုံ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စကားလုံးအတိုင်း အနက်ဖွင့်ရုံမျှသာ ရှိသည့်အပြင် ဤအရာကို သွန်သင်သောအခါ အယူဝါဒများ ပေါ်ပေါက်လာခြင်းဖြစ်၏။ အယူဝါဒများသည် စစ်မှန်မှု ဖြစ်လာနိုင်သလော။ သင်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း သို့မဟုတ် တွေ့ကြုံခြင်းမရှိလျှင် ၎င်းကို မည်သည့်အခါမျှ သင်နားလည်မည် မဟုတ်ပေ။ သမ္မာတရားအား စကားလုံးအတိုင်း အနက်ဖွင့်ပြခြင်းမျှသည် အစဥ်အမြဲ အယူဝါဒများသာလျှင် ဖြစ်ပေမည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုအချို့ကို ပယ်ချွတ်နေခြင်းဖြစ်ကာ သင်၏ ကယ်တင်ခြင်းဆီသို့ ခြေတစ်လှမ်းလှမ်းနေပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပို၍နီးစပ်လာနေခြင်း ဖြစ်သည်။ ထိုသို့အားဖြင့် ထွက်ပေါ်လာသော ဉာဏ်ပညာ၊ အတွေးအမြင်များ၊ အကြံဉာဏ်များ၊ ခံစားချက်များနှင့် အစရှိသည်တို့သည် လက်တွေ့ကျလာလိမ့်မည်။ စစ်မှန်မှုကို မည်သို့ရရှိသနည်း။ ယင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသော အတွေ့အကြုံအားဖြင့် ရရှိသည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင် စစ်မှန်မှုကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း မရှိသော်လည်း လက်တွေ့ကျသော ဒေသနာများကို ဟောကြားနိုင်ပါသေး၏” ဟူ၍ ပြောကောင်းပြောကြမည်။ သင်ဟောပြောသည့် အကြောင်းအရာသည် လတ်တလောတွင် မှန်သယောင်ရှိပြီး အတော်ပင် လက်တွေ့ကျသယောင် ရှိသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် လမ်းကြောင်း ရှိမည်မဟုတ်ပေ။ ဤအရာက သင်နားလည်သမျှ အရာအားလုံးသည် အယူဝါဒသာဖြစ်သေးသည်ကို သက်သေပြ၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ သင်၌ လက်တွေ့အတွေ့အကြုံလည်းမရှိ သို့မဟုတ် သမ္မာတရားအား သိနားလည်ခြင်းမရှိလျှင် အခြားတစ်စုံတစ်ဦး၌ သင်ယခင်က မစဉ်းစားခဲ့ဖူးသည့် အခြေအနေတစ်ခု ပေါ်လာသည့်အချိန်တွင် ၎င်းအား မည်ကဲ့သို့ဖြေရှင်းရမည်ကို သင်သိမည်မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခဲ့သည့်အခါ ထိုသူအနေဖြင့် ၎င်းကို အမှန်တကယ်နားလည်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုအား တိုးမြှင့်ခြင်းဖြင့်သာလျှင် ၎င်းကို စစ်မှန်စွာနားလည်နိုင်ပြီး ထိုအခါမှသာလျှင် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံသဘောတရားများကို ထိုသူတို့ နားလည်သဘောပေါက်နိုင်သည်။ သင်သည် သမ္မာတရားအား တွေ့ကြုံခံစားခြင်းမရှိလျှင် အယူဝါဒများကိုသာ သင်ဟောပြောနိုင်မည်မှာ မှန်ပေသည်။ သင်သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့်အတိုင်းပင် အခြားသူများကို လိုက်နာရန် သင်ပြောလိမ့်မည်။ စစ်မှန်သော အသက်တာအတွေ့အကြုံမရှိဘဲ သင်သည် မည်သည့်အခါမျှ သမ္မာတရား၏ စစ်မှန်မှုကို သွန်သင်နိုင်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လေ့လာခြင်းနှင့် မတူပေ။ လေ့လာခြင်းဆိုသည်မှာ စာများနှင့် စကားစုများ၌ ကြိုးပမ်းအားထုတ်ခြင်းနှင့် သက်ဆိုင်သည်။ ယင်းမှာ မှတ်စုရေးသားခြင်း၊ အလွတ်ကျက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုတေသနပြုခြင်းတို့ ပြုလုပ်ရုံမျှမက ကောင်းပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကမူ ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင်ဘက်ဖြစ်၏။ သင်သည် သမ္မာတရားကို နားလည်ခြင်းနှင့် အခြေခံစည်းမျဥ်းများအတိုင်း အရေးကိစ္စများကို ကိုင်တွယ်ခြင်း၏ ရလဒ်များကို ရရှိဖို့အတွက် လက်တွေ့ကျသည့် အတွေ့အကြုံအပေါ် မှီခိုရမည်။ သမ္မာတရားကို နားလည်သဘောပေါက်သည်နှင့်တစ်ပြိုင်နက် လက်တွေ့ကျင့်သုံးလိုသူ မည်သူမဆို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်လိမ့်မည်။ သူတို့သည် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်လေ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပယ်ဖျောက်နိုင်လေ ဖြစ်မည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မကျင့်သုံးသော သူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မည်သည့်အခါမှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် သမ္မာတရားကို ရှာဖွေခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်လမ်းကြောင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။