လက်တွေ့လုပ်ဆောင်ခြင်း (၆)

ယခုခေတ်တွင် လူများစွာသည် ပေတရု၏ ဆင်ခြင်တုံတရားကို ရရှိဖို့နေနေသာသာ၊ ပေါလု၏ ဆင်ခြင်တုံတရားကိုပင် ရရှိနိုင်ခြင်း မရှိကြပေ။ ၎င်းတို့၌ ပေါလု၏ မိမိကိုယ်ကို သိသောအသိပင် မရှိကြချေ။ ပေါလုသည် သခင်ယေရှုကို နှိပ်စက်ညှဉ်းပန်းခဲ့သည့်အတွက် သခင်၏ ဆုံးမခြင်းကို ခံခဲ့ရသော်လည်း၊ နောက်ပိုင်းတွင် သခင်အတွက် လုပ်ဆောင်ရန်နှင့် ဒုက္ခဆင်းရဲခံရန် သူဆုံးဖြတ်ခဲ့သည်။ ယေရှုက သူ့ကို အနာရောဂါတစ်ခု ပေးခဲ့၏၊ ထို့ပြင် နောက်ပိုင်းတွင် ပေါလုအနေဖြင့် စတင် အလုပ်လုပ်ကိုင်ခဲ့သောအခါ ဤအနာရောဂါကို သူဆက်လက် ခံစားခဲ့ရသည်။ သူ့ကိုယ်၌ စူးသောဆူးရှိသည်ဟု အဘယ်ကြောင့် ပေါလုပြောခဲ့သနည်း။ စူးသောဆူးဆိုသည်မှာ စင်စစ်အားဖြင့် အနာရောဂါဖြစ်သည်- ထို့ပြင် ပေါလုအတွက် ယင်းမှာ သေလောက်သော အားနည်းချက် ဖြစ်၏။ သူ့အနေဖြင့် မည်ရွေ့မည်မျှသော အလုပ်ကို လုပ်ကိုင်ခဲ့သည် ဖြစ်စေ၊ သို့တည်းမဟုတ် ဒုက္ခခံရန်အတွက် သူ၏ စိတ်ပိုင်းဖြတ်ထားမှုမှာ မည်မျှပင် ကြီးမားသည်ဖြစ်စေ ထိုစူးသောဆူးကို သူမဖယ်ရှားနိုင်ခဲ့ချေ။ သို့တိုင်အောင် ပေါလုသည် ယခုခေတ်မှ သင်တို့ထက် အရည်အချင်း ပို၍သာခဲ့သည်၊ ထို့အပြင် သူ၌ မိမိကိုယ်ကို သိခြင်းလည်းရှိပြီး သင်တို့ထက် ဆင်ခြင်တုံတရား ပို၍ရှိခဲ့သည်။ ပေါလုသည် ယေရှု၏ဆုံးမခြင်းကို ခံခဲ့ရပြီးနောက်၊ သူသည် ယေရှု၏ တပည့်တော်များအား ညှဉ်းပန်းနှိပ်စက်ခြင်းကို ရပ်တန့်ခဲ့ပြီး ယေရှုအတွက် စတင်၍ တရားဟောကာ ဒုက္ခဆင်းရဲခံခဲ့သည်။ ဒုက္ခဆင်းရဲခြင်းကို ကြံ့ကြံ့ခံရန် မည်သည့်အရာက သူ့ကို လှုံ့ဆော်ခဲ့သနည်း။ ပေါလုသည် သူ့အနေဖြင့် ကြီးစွာသော အလင်းကို ရှုမြင်ခဲ့ပြီးသောကြောင့် သခင်ယေရှုအတွက် သက်သေခံရမည် ဟူ၍လည်းကောင်း၊ ယေရှု၏ တပည့်တော်များကို ဆက်လက်၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထို့အပြင် ဘုရားသခင်၏အမှုကို ဆက်လက်၍ ဆန့်ကျင်ခြင်း မပြုရတော့ဟူ၍လည်းကောင်း ယုံကြည်ခဲ့သည်။ ဘာသာရေး ထဲတွင် ပေါလုသည် ရာထူးကြီးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ခဲ့သည်။ သူသည် အလွန်နှံ့စပ်ပြီး ဆုကျေးဇူးနှင့် ပြည့်စုံသောသူတစ်ဦး ဖြစ်ခဲ့သည်၊ သာမန်လူများကို သူအထင်သေးခဲ့ပြီး၊ သူ၌ လူအများစုထက် ပိုခိုင်မာသော ပင်ကိုစရိုက်တစ်ခုရှိခဲ့သည်။ သို့သော်လည်း “ကြီးစွာသောအလင်း” သည် သူ့အပေါ် ထွန်းလင်း ပြီးသောအခါ သူသည် သခင်ယေရှုအတွက် အလုပ်လုပ်ဆောင် နိုင်ခဲ့သည်၊ ဘုရားသခင်အတွက် ဒုက္ခဆင်းရဲခံရန်နှင့် သူ့ကိုယ်သူ ဘုရားသခင်ထံ ဆက်ကပ်ရန် သူဆုံးဖြတ်နိုင်ခဲ့ပြီး၊ ဤအရာက သူ၌ ဆင်ခြင်တုံတရား ရှိကြောင်းကို သက်သေပြခဲ့သည်။ သူသည် ယေရှု၏တပည့်တော်များကို ညှဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီးချုပ်နှောင်နေခဲ့သည့်အချိန်တွင် ယေရှုသည် သူ့ထံ ပေါ်ထွန်းလာခဲ့ပြီး “ပေါလု၊ အဘယ်ကြောင့် သင်ငါ့ကို ညှဉ်းပန်းနှိပ်စက်သနည်း” ဟု ဆိုခဲ့သည်။ ပေါလုကလည်း ချက်ချင်း ပျပ်ဝပ်လျက် “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟု ပြောခဲ့သည်။ ကောင်းကင်မှအသံက “ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း” ဟု ဆိုခဲ့သည်။ ပေါလုသည် ရုတ်တရက် နိုးကြားသွားခဲ့၏၊ ထိုအခါမှသာ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း၊ ဘုရားသခင်ဖြစ်ကြောင်းကို သူသိခဲ့သည်။ “ငါနာခံမှဖြစ်မည်။ ဘုရားသခင်သည် ငါ့အား ဤကျေးဇူးတော်ကို ပေးသနားခဲ့၏- ငါသည် ယေရှုကို ဤကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခဲ့မိ၏၊ သို့သော် ကိုယ်တော်သည် ငါ့ကို ဆုံးမခဲ့ခြင်း မရှိသကဲ့သို့ ကျိန်ဆဲခဲ့ခြင်းလည်း မရှိပေ။ ကိုယ်တော့်အတွက် ငါဒုက္ခဆင်းရဲခံရမည်။” သူ့အနေဖြင့် သခင်ယေရှုခရစ်တော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ယခုတွင် သူ၏တပည့်တော်များအား သတ်ဖြတ်နေကြောင်း၊ သို့သော်လည်း ဘုရားသခင်သည် သူ့ကို မကျိန်ဆဲခဲ့ဘဲ သူ့အပေါ်သို့ အလင်းကို ထွန်းလင်းပေးခဲ့ကြောင်းတို့ကို ပေါလုသည် လက်ခံသွားခဲ့၏။ ဤအရာသည် သူ့ကို လှုံ့ဆော်ခဲ့ပြီး၊ သူက “ငါသည် ကိုယ်တော်၏မျက်နှာကို မော်၍မကြည့်ခဲ့သော်လည်း ကိုယ်တော်၏အသံတော်ကို ငါကြားခဲ့ရပြီး သူ၏ကြီးစွာသောအလင်းကို ရှုမြင်ခဲ့ရပြီ။ ဘုရားသခင်သည် ငါ့ကို အမှန်တကယ် ချစ်ကြောင်း၊ ထို့အပြင် သခင်ယေရှုခရစ်တော်သည် လူသားအပေါ် သနားခြင်း ကရုဏာရှိပြီး လူသား၏အပြစ်များကို ထာဝရခွင့်လွှတ်သော ဘုရားသခင် ဧကန်အမှန် ဖြစ်ကြောင်းကို ယခုမှသာ ငါစစ်မှန်စွာ မြင်ရပြီ။ ငါသည် အပြစ်သားတစ်ဦး ဖြစ်ကြောင်းကို စစ်မှန်စွာ ငါမြင်ပြီ” ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် အမှုပြုရန်အတွက် ပေါလု၏ဆုကျေးဇူးများကို အသုံးပြုခဲ့သော်လည်း၊ ဤအရာကို လောလောဆယ် မေ့ထားလော့။ ထိုအချိန်က သူ၏ဆုံးဖြတ်ချက်၊ သူ၏ ပုံမှန် လူ့အသိစိတ်နှင့် သူ၏မိမိကိုယ်ကို သိခြင်းတို့ကို- သင်တို့သည် ရရှိနိုင်စွမ်း မရှိကြပေ။ ယနေ့တွင် သင်တို့သည် အလင်းမြောက်မြားစွာကို ရခဲ့ကြပြီ မဟုတ်လော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ကြောင်းကို လူများစွာတို့သည် ရှုမြင်ခဲ့ကြပြီ မဟုတ်လော။ ကျိန်ဆဲခြင်းများ၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများသည် လူတို့အပေါ် အကြိမ်များစွာ ကျရောက်ခဲ့ပြီ မဟုတ်လော၊ ၎င်းတို့သည် မည်သည့်အရာတို့ကို သင်ယူခဲ့ကြပြီနည်း။ သင်သည် ဆုံးမပဲ့ပြင်ခံရပြီး ကိုယ်တွယ်ဖြေရှင်းခံရခြင်းတို့မှ မည်သည့် အရာကို ရခဲ့ပြီနည်း။ ပြင်းထန်သော နှုတ်ကပတ်တော်များ၊ ရိုက်နှက်ခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အပေါ် အကြိမ်များစွာ ကျရောက်ခဲ့ပြီး ဖြစ်သော်လည်း သင်သည် ၎င်းတို့ကို အရေးမစိုက်ချေ။ ပေါလု၌ရှိခဲ့သော အနည်းငယ်သော ဆင်ခြင်တုံတရားမျှပင် သင်၌ မရှိပေ၊ သင်သည် အလွန့်အလွန် ဆုတ်ယုတ်နေသည် မဟုတ်လော။ ပေါလုရှင်းလင်းစွာ မမြင်ခဲ့သော အရာများစွာလည်း ရှိခဲ့သည်။ သူ့အပေါ် အလင်းထွန်းလင်းခဲ့ကြောင်းကိုသာ သူသိခဲ့ပြီး၊ သူသည် ဆုံးမခြင်းကို ခံခဲ့ရကြောင်းကို မသိခဲ့ပေ၊ သူ့အပေါ် အလင်းထွန်းလင်းပြီးနောက် သူသည် ဘုရားသခင်အတွက် သူ့ကိုယ်သူ အသုံးခံရမည်၊ ဘုရားသခင်အတွက် ဒုက္ခဆင်းရဲ ခံရမည်၊ သခင်ယေရှုခရစ်တော်အတွက် လမ်းခင်းပေးရန် အရာခပ်သိမ်းကို လုပ်ဆောင်ရမည်၊ ထို့အပြင် သခင်၏ ရွေးနုတ်ခံရရန်အလို့ငှာ ပို၍များပြားသော အပြစ်သားများကို ရယူရမည်ဟု သူကိုယ်တိုင် ထင်မြင်ယူဆခဲ့သည်။ ဤသည်မှာ သူ၏ဆုံးဖြတ်ချက်ဖြစ်ပြီး သူ့အလုပ်၏ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်ခဲ့သည်၊ သို့သော်လည်း သူအလုပ် လုပ်ခဲ့သောအခါ အနာရောဂါက သူသေဆုံးချိန်အထိ သူ့ကို စွန့်ခွာမသွားခဲ့ပေ။ ပေါလုသည် နှစ်ပေါင်းနှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့သည်။ သူသည် မြောက်မြားစွာ ဒုက္ခဆင်းရဲ ခံခဲ့ရပြီး၊ ကြီးစွာသော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘေးဒုက္ခ များစွာကို ခံစားခဲ့ရ၏၊ သို့သော်လည်း ဤအရာများမှာ ပေတရု၏ စမ်းသပ်မှုများထက် နည်းသည်မှာ အမှန်ပင် ဖြစ်သည်။ သင်တို့သည် ပေါလု၏ ဆင်ခြင်တုံတရားကိုပင် ပိုင်ဆိုင်ခြင်းမရှိပါက အဘယ်မျှ သနားစဖွယ်ကောင်းသနည်း။ ဤသို့ဖြစ်နေသောကြောင့် ဘုရားသခင်သည် သင်တို့အပေါ် သာ၍ကြီးသောအမှုကို အဘယ်သို့ စတင်လုပ်ဆောင် နိုင်မည်နည်း။

ပေါလုသည် ဧဝံဂလိတရားကို ဖြန့်ဝေခဲ့စဉ် ကြီးစွာသော ညှဉ်းဆဲခြင်းကို ခံခဲ့ရသည်။ ထိုအချိန်က သူပြုခဲ့သောအမှု၊ သူ၏ဆုံးဖြတ်ချက်၊ ယုံကြည်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် နှိမ့်ချခြင်းတို့အပြင်၊ သူအသက်ရှင်နေထိုင်ခဲ့သော အခြားပြင်ပအရာများစွာတို့သည် ယနေ့ခေတ်မှ သင်တို့ထက် ပို၍အဆင့်မြင်ခဲ့သည်။ ပို၍ ခက်ထန်စွာဆိုရသော် သင်တို့အတွင်းတွင် ပုံမှန် အသိစိတ် မရှိပေ။ သင်သည် အသိတရား သို့မဟုတ် လူ့သဘာဝ တစ်စုံတစ်ရာမျှပင် ပိုင်ဆိုင်ခြင်းမရှိ။ သင်တို့သည် အလွန် ချို့တဲ့လှပေသည်။ ထို့ကြောင့် အချိန်များစွာတွင် သင်တို့ အသက်ရှင်နေထိုင်သည့်အရာ၌ ပုံမှန် အသိစိတ် မတွေ့ရသကဲ့သို့၊ မိမိကိုယ်ကိုယ် သိခြင်း၏ အရိပ်လက္ခဏာ မရှိပေ။ ပေါလုသည် ခန္ဓာကိုယ် နာမကျန်းဖြစ်ခြင်းကို ထိုအချိန်က ခံစားခဲ့ရသော်လည်း၊ သူသည် ဆုတောင်းမြဲ ဆုတောင်းနေခဲ့ကာ ကြိုးစားမြဲ ကြိုးစားနေခဲ့၏- “ဤနာမကျန်းခြင်းမှာ မည်သည့်အရာ အမှန်တကယ် ဖြစ်သနည်း။ ငါသည် သခင်အတွက် ဤအလုပ်အားလုံးကို လုပ်ခဲ့ပြီးဖြစ်သည်၊ ဤရောဂါသည် ငါ့ထံမှ အဘယ်ကြောင့် မထွက်သွားသနည်း။ သခင်ယေရှုသည် ငါ့ကို စမ်းသပ်နေခြင်း ဖြစ်နိုင်သလော။ ကိုယ်တော်သည် ငါ့ကို ဆုံးမထားခြင်း ဖြစ်သလော။ အကယ်၍ ကိုယ်တော်သည် ငါ့ကို ဆုံးမခဲ့သော်၊ ငါသည် ထိုစဉ်အချိန်က သေဆုံးခဲ့မည်ဖြစ်ပြီး သူ့အတွက် ဤအလုပ်အားလုံးကို လုပ်နိုင်စွမ်းရှိမည် မဟုတ်သကဲ့သို့၊ မြောက်မြားစွာသော အလင်းကိုလည်း ရရှိနိုင်ခဲ့မည် မဟုတ်ပေ။ ကိုယ်တော်သည်လည်း ငါ၏ ဆုံးဖြတ်ချက်ကို ပြည့်မြောက်ခဲ့သည်။” ဤနာမကျန်း ဖြစ်ခြင်းသည် ဘုရားသခင်က မိမိအပေါ် စမ်းသပ်နေခြင်း ဖြစ်ကြောင်း၊ မိမိ၏ယုံကြည်ခြင်းနှင့် စိတ်စွမ်းအားကို မီးဆေးနေခြင်း ဖြစ်ကြောင်း ပေါလုအမြဲခံစားခဲ့ရသည်၊ ပေါလုမြင်ခဲ့ပုံမှာ ဤကဲ့သို့ဖြစ်သည်။ လက်တွေ့တွင် သူ၏နာမကျန်းဖြစ်ခြင်းမှာ သခင်ယေရှု သူ့ကိုဆုံးမသည့်အခါက၊ ကျန်ခဲ့သော နောက်ဆက်တွဲတစ်ခုပင် ဖြစ်ခဲ့သည်။ ၎င်းသည် သူ့အား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုအောက်သို့ ရောက်စေခဲ့ပြီး၊ သူ၏ပုန်ကန်မှုကို ထိန်းခဲ့သည်။ အကယ်၍ သင်တို့သည် ပေါလု၏ အခြေအနေများထဲ၌ ရောက်ရှိနေပါက သင်တို့ အဘယ်သို့ လုပ်မည်နည်း။ သင်၏ ဆုံးဖြတ်ချက်နှင့် ဒုက္ခဆင်းရဲခံနိုင်စွမ်းသည် ပေါလု၏ ဆုံးဖြတ်ချက်နှင့် ဒုက္ခဆင်းရဲခံနိုင်စွမ်းကို မီနိုင်သလော။ အကယ်၍ သင်တို့သည် ယနေ့ နာမကျန်းဖြစ်ခြင်းအချို့ကို ခံရပါက၊ သို့မဟုတ် ကြီးမားသော စမ်းသပ်မှုတစ်ခုကို ကြုံရပါက၊ ထို့အပြင် သင်တို့သည် ဒုက္ခခံစားရရန် ပြုခြင်းခံရပါက၊ သင်တို့သည် မည်ကဲ့သို့ဖြစ်ကြလိမ့်မည်ကို မည်သူသိမည်နည်း။ အကယ်၍ သင်တို့သည် ငှက်လှောင်အိမ် တစ်ခုထဲတွင် ပိတ်လှောင်ခံရပြီး အထောက်အပံ့များကို အဆက်မပြတ် ရမည်ဆိုပါက၊ သင်တို့ အဆင်ပြေကြလိမ့်မည်။ ထိုသို့မဟုတ်ပါက သင်တို့သည် လူ့သဘာဝကင်းမဲ့သော ဝံပုလွေများကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် အနည်းငယ်သော အချုပ်အချယ်၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက် ကောင်းသည်၊ အကယ်၍ သင်တို့သည် လွယ်ကူသက်သာသော အချိန်တစ်ခုကို ပေးခြင်းခံရပါက၊ သင်တို့သည် ပျက်စီးကြလိမ့်မည်ဖြစ်၍ သင်တို့သည် မည်ကဲ့သို့ အကာအကွယ်ပေးခြင်းကို ခံနိုင်ကြမည်နည်း။ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားကိုပင် ပိုင်ဆိုင်ခြင်း မရှိသည့်အပြင်၊ သူ၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့ကို အမြဲတစေ ဖိအားပေးရန် လိုအပ်ပြီး၊ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် ကျိုးနွံနာခံရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ သင်တို့သည် ကောင်းကင်ဘုံ၏အမြင့်နှင့် မြေကြီး၏အနက်ကို သိကြလိမ့်မည် မဟုတ်ပေ၊ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ ယင်းမှာ သင်တို့၏ ကံကြမ္မာ အကြောင်းပင် မပါသေးပေ၊ ၎င်းသည် အန္တရာယ်ကျအံ့ဆဲဆဲ ပို၍ပင် ဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ဖြစ်တည်ခြင်းကို ထိန်းသိမ်းထားသည်။ အကယ်၍ သင်တို့သည် သင်တို့ “ဖခင်” ၏ နည်းလမ်းများအတိုင်း အသုံးပြုကာ “ပညာတတ်” ဖြစ်နေဦးမည်ဆိုပါက သင်တို့သည် မည်သည့်လောကထဲသို့ ဝင်ရောက်လိမ့်မည်ကို မည်သူသိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ သင်တို့ကဲ့သို့သော လူများအတွက်၊ အကယ်၍ သင်တို့သည် ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် အနှောင့်အယှက်တို့ တစ်စုံတစ်ရာ ဖြစ်စေခြင်းမရှိဘဲ နာခံလိုက်နာခြင်းသာ ပြုမည်ဆိုလျှင်၊ ငါ၏ရည်မှန်းချက်များ အထမြောက်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။ သခင်ယေရှုစကားပြောနေ၍ အမှုပြုနေသည်ကို ပေါလုမြင်သောအခါ သူမယုံကြည် ခဲ့သေးပေ။ နောင်သောအခါ သခင်ယေရှုသည် ကားတိုင်ပေါ် သံမှိုစွဲရိုက်ခံရ၍ ပြန်လည်ထမြောက် ပြီးနောက်တွင်၊ သူသည် ဤအချက်အလက်ကို သိခဲ့သော်လည်း ဆက်လက်၍ ညှဉ်းပန်းနှိပ်စက်ကာ ဆန့်ကျင်ခဲ့သည်။ တမင်သိလျက် အပြစ်ကျူးလွန်ခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်၊ သို့ဖြစ်၍ သူသည် ဆုံးမခြင်းကို ခံခဲ့ရ၏။ အစအဦးတွင် ပေါလုသည် ယုဒလူမျိုးများအကြားတွင် ယေရှုဟုခေါ်သော ဘုရင်တစ်ပါး ရှိကြောင်းကို သူသိခဲ့ပြီး၊ ဤအကြောင်းကို သူကြားခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဗိမာန်တော်ထဲ၌ တရားဒေသနာများကို ဟောပြောပြီး တိုင်းပြည်အနှံ့ တရားဟောသည်နှင့်အမျှ မည်သည့်လူကိုမဆို နာခံရန် ဟိတ်ကြီးဟန်ကြီးဖြင့် ငြင်းဆိုလျက် ယေရှုကို ဆန့်ကျင်ခဲ့သည်။ ဤအရာများသည် ထိုအချိန်က အမှုအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။ ယေရှု အမှုပြုနေခဲ့သည့်အချိန်တွင် ပေါလုသည် လူတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို တိုက်ရိုက် မပြုခဲ့ဘဲ၊ ယေရှု၏အမှုကို ဖြိုဖျက်ရန် သူသည် တရားဟောပြောခြင်းနှင့် စကားလုံးများကို အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သခင်ယေရှုခရစ်တော် လက်ဝါးကပ်တိုင် ပေါ်တွင် သံမှိုစွဲနှက်ခြင်းကို ခံခဲ့ရသောအခါ၊ သူသည် တစ်နေရာမှ တစ်နေရာ အလျင်အမြန်သွားကာ တပည့်တော်များကို ညှဉ်းပန်းနှိပ်စက်ရန် သူတတ်နိုင်သမျှကို ပြုရင်း ၎င်းတို့ကို စတင်ဖမ်းဆီးခဲ့သည်။ “အလင်း” သည် သူ့အပေါ်သို့ ထွန်းလင်းပြီးနောက်တွင်မှ သူနိုးထလာခဲ့ပြီး ကြီးစွာသောနောင်တကို တွေ့ကြုံခဲ့လေသည်။ သူဆုံးမ ခံခဲ့ရပြီးနောက်တွင် သူ၏နာမကျန်းဖြစ်ခြင်းသည် သူ့ကို မည်သည့်အခါကမျှ စွန့်ခွာမသွားခဲ့ပေ။ တစ်ခါတစ်ရံတွင် သူ၏ရောဂါဝေဒနာမှာ ပို၍ဆိုးလာသည်ကို သူခံစားခဲ့ရသည်၊ ထို့အပြင် သူသည် အိပ်ရာထဲမှမထနိုင်ဖြစ်ခဲ့၏။ သူ့အနေဖြင့် ဤသို့တွေးခဲ့သည် “ဘာဖြစ်နေသနည်း။ ငါသည် ဧကန် အမှန်ပင် ဆုံးမခြင်းကို ခံခဲ့ရသလော။” နာမကျန်း ဖြစ်ခြင်းသည် သူ့ကို မည်သည့်အခါကမျှ မစွန့်သွားခဲ့ချေ၊ ထို့ပြင် ဤနာမကျန်းဖြစ်ခြင်းကြောင့် သူ့အနေဖြင့် အလုပ်မြောက်မြားစွာ လုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ပေါလု၏ မာနထောင်လွှားခြင်းနှင့် တမင်ကျူးလွန်ခြင်းတို့ကြောင့် သူ့အထဲ၌ ဤနာမကျန်း ဖြစ်ခြင်းကို ထည့်ပေးခဲ့သည်ဟု ဆိုနိုင်သည်၊ ၎င်းမှာ ပေါလုအတွက် ပြစ်ဒဏ်တစ်ခု ဖြစ်ခဲ့သော်လည်း ဘုရားသခင်၏အမှု၌ ပေါလု၏ဆုကျေးဇူးများကို အသုံးချရန် အတွက် ပြုခဲ့ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ အမှုကို ချဲ့ထွင်နိုင်စေရန် ဖြစ်၏။ အမှန်တကယ်အားဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်မှာ ပေါလုကို ကယ်တင်ရန် မဟုတ်ဘဲ အသုံးပြုရန်ဖြစ်သည်။ သို့သော်လည်း ပေါလု၏ စိတ်သဘောထားသည် အလွန်မောက်မာပြီး ဇွတ်တရွတ် နိုင်လှသောကြောင့် သူ့အထဲ၌ “စူးသောဆူး” တစ်ခုကို ထည့်ပေးခဲ့ခြင်းဖြစ်သည်။ အဆုံးတွင် ပေါလုသည် သူ၏ အလုပ်ကို အဆုံးသတ်သောအခါ နာမကျန်းဖြစ်ခြင်းသည် သူ့အတွက် ထိုမျှလောက် ကြီးမားသော ညှဉ်းပန်းမှုတစ်ခု မဟုတ်တော့ဘဲ၊ သူ၏အလုပ်က ပြီးဆုံးလာသည်နှင့်အမျှ သူ့အနေနှင့် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” ဟူသော စကားများကို ပြောနိုင်ခဲ့သည်၊ သူသည် ဘုရားသခင်၏အမှုကို မသိခဲ့ခြင်းကြောင့် ယင်းတို့ပြောခဲ့ခြင်းဖြစ်သည်။ သင်တို့ကြား၌ ပေါလုကဲ့သို့သောသူ များစွာရှိကြသော်လည်း အကယ်၍ သင်တို့သည် လမ်းဆုံးတိုင်အောင် လိုက်လျှောက်မည်ဟူသည့် ဆုံးဖြတ်ချက်ကို အမှန်တကယ် ပိုင်ဆိုင်ပါက၊ သင်တို့သည် နှိပ်စက်ခြင်းကို ခံကြရမည် မဟုတ်ပေ။ ပေါလုပုန်ကန်ခဲ့ပုံနှင့် အတိုက်အခံလုပ်ခဲ့ပုံတို့ကို ဤနေရာတွင် ငါတို့ဆွေးနွေးမည် မဟုတ်ပေ၊ သူ၏ အပြုသဘောဆောင်ပြီး ချီးကျူးထိုက်သော အပိုင်းကိုသာ ကြည့်ကြပါစို့၊ သူ၌ အသိစိတ်ရှိခဲ့ပြီး၊ “အလင်း” ကို တစ်ကြိမ်ရပြီးသည့်နောက် သူသည် ဘုရားသခင်ထံ မိမိကိုယ်ကို အပ်နှံဆက်ကပ်နိုင်ခဲ့ကာ ဘုရားသခင်အတွက် ဒုက္ခဆင်းရဲ ခံနိုင်ခဲ့သည်။ ဤသည်မှာ သူ၏ အားသာချက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း သူ၌ အားသာချက်တစ်ခု ရှိခဲ့ခြင်းကြောင့် သူသည် ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသောသူတစ်ဦး ဖြစ်ခဲ့သည်ဟု ထင်မြင်ယူဆသောသူများရှိပါက၊ သူသည် သေချာပေါက် ပြစ်တင်ဆုံးမခံခဲ့ရခြင်း မဟုတ်ဟု ၎င်းတို့ထင်ကြပါက၊ ဤအရာမှာ အသိတရားကင်းမဲ့သော လူများ၏ စကားများပင် ဖြစ်သည်။

ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းကို ပြုသောအခါ လူများစွာက ၎င်းတို့သည် ဘုရားသခင်ထံ ကျိုးနွံ နာခံလိုကြကြောင်း ဆိုကြသည်၊ သို့သော်လည်း ထို့နောက်တွင် တိတ်တဆိတ် သောက်စားပျော်မြူးကြပြီး၊ ၎င်းနှင့်ပတ်သက်၍ မည်သို့မျှ သဘောမထားကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်လွှာပြီးတစ်လွှာ ထုတ်ဖော်လျက် ထပ်ခါတလဲလဲ ပြောပြီး၊ လူတို့၏ အောက်ဆုံးအလွှာကို ထုတ်ဖော်သည့်အခါမှသာ ၎င်းတို့သည် “ငြိမ်သက်ခြင်းကို ရှာတွေ့” ပြီး မောက်မာခြင်းနှင့် ဇွတ်တရွတ်နိုင်ခြင်း လျော့နည်းလာကြသည်၊ သည်းမခံနိုင်အောင် မာနထောင်လွှားခြင်း လျော့နည်းလာသည်။ သင်တို့၏ ယနေ့ကဲ့သို့ အခြေအနေများကြောင့် သင်တို့သည် အကြင်နာ မဲ့စွာ ဆုံးမခြင်းနှင့် ထုတ်ဖော်ခြင်းကို ခံကြရဦးမည်ဖြစ်ပြီး၊ ပိုက်စိတ်တိုက် အသေးစိတ် တရားစီရင်ခြင်းကို ခံကြရမည် ဖြစ်သည်၊ ထိုသို့အားဖြင့် သင်တို့သည် အသက်ရှူရန်ပင် အခွင့်အရေး မရှိစေရန်ဖြစ်သည်။ သင်တို့အတွက် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သင်တို့ထံမှ စွန့်ခွာမသွားခြင်းမှာ သာ၍ကောင်းသည်၊ ထို့ပြင် ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းများသည် သင်တို့နှင့် ဝေးရာ၌မရှိဘဲ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ လက်တော်သည် သင်တို့ထံမှ မည်သည့်အခါမျှ မထွက်သွားကြောင်း သင်တို့ကို မြင်စေခြင်းမှာ သာ၍ကောင်းသည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် မိမိကို မည်သည့်အခါမျှ မစွန့်ခွာသွားကြောင်းကို အာရုန် ရှုမြင်ခဲ့သည့်နည်းတူ (သူရှုမြင်ခဲ့ရသည်မှာ ယေဟောဝါ၏ အစဉ်တစိုက် လမ်းပြခြင်းနှင့် ကာကွယ်ခြင်းဖြစ်သည်၊ သင်တို့ ယနေ့ရှုမြင်ရသော ဘုရားသခင်၏ လမ်းပြခြင်းမှာ ပြစ်တင်ဆုံးမခြင်း၊ ကျိန်ဆဲခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်)၊ ယနေ့တွင် ယေဟောဝါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ လက်တော်သည် သင်တို့ကိုလည်း စွန့်ခွာသွားမည် မဟုတ်ပေ။ သို့သော်လည်း သင်တို့ စိတ်ချနိုင်သောအရာတစ်ခု ရှိသည်- သင်တို့အနေဖြင့် မည်သို့ပင် ဆန့်ကျင်သည်ဖြစ်စေ၊ ပုန်ကန်သည်ဖြစ်စေ၊ ထို့အပြင် ဝေဖန်ချက်များကို ချမှတ်သည် ဖြစ်စေ သင်တို့၏ ဇာတိခန္ဓာအပေါ် အန္တရာယ် တစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း မိမိတို့၏ ဆန့်ကျင်ခြင်းတွင် အတိုင်းထက်လွန်သော လူများရှိပြီး အမှုတော်ကို နှောင့်ယှက်ပါက ဤအရာမှာ လက်မခံနိုင်ပါ၊ အကန့်အသတ်ရှိသည်။ အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဖျက်လိုဖျက်ဆီးလုပ်ခြင်း မပြုနှင့်၊ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မနှောင့်ယှက်နှင့်။ ကျန်သည့်အရာမှန်သမျှကို သင့်အလိုကျ သင်လုပ်နိုင်သည်။ အကယ်၍ သင့်အနေဖြင့် အသက်ကို လိုက်စားလိုခြင်း မရှိဘဲ လောကထဲသို့ ပြန်သွားလိုသည်ဟု သင်ဆိုပါက၊ အလျင်အမြန် သွားလော့။ သင်တို့ပြုသည့် အရာသည် ဘုရားသခင်၏အမှုကို အနှောင့်အယှက် မပြုသရွေ့ သင်တို့အလိုရှိသည့်အရာကို လုပ်နိုင်သည်။ သို့သော်လည်း သင်သိရမည့် နောက်ထပ်အရာတစ်ခု ရှိသည်- အဆုံးတွင် ယင်းကဲ့သို့ တမင်ကျူးလွန်နိုင်သော အပြစ်သားများ အားလုံးသည် သုတ်သင်ဖယ်ရှင်းခြင်းကို ခံကြရမည်။ သင်သည် ယနေ့တွင် အပြစ်ဆိုခြင်းကို ခံရနိုင်ခြင်း ရှိချင်မှရှိမည် ဖြစ်သော်လည်း အဆုံးတွင်မူ လူတစ်စုသာ သက်သေခံနိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ကျန်သည့်လူအပေါင်းမှာ အန္တရာယ်တွေ့ကြလိမ့်မည်။ အကယ်၍ သင်သည် ဤရေစီးကြောင်းထဲ၌ မရှိလိုပါက၊ ရပါသည်။ ယနေ့ခေတ် လူများသည် သည်းခံခြင်းဖြင့် ဆက်ဆံခံကြရသည်၊ မနက်ဖြန်၏ ပြစ်တင်ဆုံးမခြင်းကို သင်မစိုးရိမ်မှသာလျှင် သင့်ကို ငါမကန့်သတ်ပေ။ သို့သော်လည်း အကယ်၍ သင်သည် ဤရေစီးကြောင်းထဲ၌ ရှိပါက၊ သက်သေခံပြီး ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းကို ငြင်းပယ်လိုပြီး လောကထဲသို့ ပြန်သွားလိုပါက၊ ရပါသည်၊ မည်သူမျှ သင့်ကို တားမနေပါ။ သို့သော်လည်း သင်သည် ဘုရားသခင်၏ အမှုကို ဖျက်ဆီးပြီး အနှောင့်အယှက်ဖြစ်စေသော အလုပ်ကို လုပ်ပါက၊ ယင်းအတွက် သင်သည် ခွင့်လွှတ်ခြင်းကို လုံးဝခံရနိုင်မည် မဟုတ်ပေ။ မည်သည့်လူများသည် ပြစ်တင်ဆုံးမခြင်းကို ခံရပြီး မည်သူ၏ မိသားစုဝင်များသည် ကျိန်ဆဲခြင်းကို ခံရသည့်အကြောင်း သင်၏မျက်လုံးများဖြင့်မြင်၍ သင်၏ နားဖြင့်ကြားသည့် အကြောင်းနှင့်ပတ်သက်၍ ဤအရာ အားလုံးအတွက် အကန့်အသတ်များနှင့် နယ်နိမိတ်များ ရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများကို ပေါ့ပေါ့တန်တန် မလုပ်ဆောင်ပေ။ သင်တို့ ကျူးလွန်ထားသော အပြစ်များကို အခြေခံ၍ သင်တို့ကို သင်တို့၏ မဖြောင့်မတ်ခြင်းနှင့်အညီ ဆက်ဆံပြီး အလေးအနက် ထားရမည် ဆိုပါက သင်တို့ထဲမှ မည်သူသည် ဆက်လက် ရှင်သန်နိုင်လိမ့်မည်နည်း။ သင်တို့အားလုံး ဘေးဒုက္ခကို ခံစားကြရပေလိမ့်မည်၊ သင်တို့ထဲမှ မည်သူမျှ ကောင်းမွန်သော အဆုံးသတ် ရှိကြမည်မဟုတ်။ သို့သော်လည်း ယနေ့တွင် လူအများအပြားသည် သည်းခံခြင်းနှင့် ဆက်ဆံခံကြရသည်။ သင်တို့အနေဖြင့် ဝေဖန်၊ ပုန်ကန်ပြီး ဆန့်ကျင်သော်ငြားလည်း သင်တို့ မနှောင့်ယှက်သရွေ့ ငါသည် သင်တို့ကို အပြုံးနှင့် ရင်ဆိုင်မည်။ အကယ်၍ သင်တို့သည် အသက်ကို စစ်မှန်စွာ လိုက်စားနေပါက၊ သင်တို့သည် အနည်းငယ်သော ပြစ်တင်ဆုံးမခြင်းကို ခံရမည်ဖြစ်သည်၊ ထို့အပြင် ခွဲစိတ်ကုသရန်အတွက် ခွဲစိတ်စားပွဲသို့သွားရန် သင်ချစ်ခင်သောအရာနှင့် ခွဲခွာရခြင်းဟူသည့် နာကျင်ခြင်းကို ကြံ့ကြံ့ခံရပေမည်၊ ပေတရုသည် စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲတို့ကို လက်ခံခဲ့သကဲ့သို့ သင်သည် နာကျင်ခြင်းကို ကြံ့ကြံ့ခံရမည်။ ယနေ့တွင် သင်သည် တရားစီရင်ခြင်း ပလ္လင်ရှေ့တွင် ရှိနေ၏။ အနာဂတ်တွင် သင်သည် “ခေါင်းဖြတ်စက်” ပေါ်သို့ သွားရမည်၊ ၎င်းမှာ သင်တို့သည် သင်တို့ကိုယ်ကို “စွန့်လွှတ်” သည့်အချိန် ဖြစ်လိမ့်မည်။

နောက်ဆုံးသောကာလရှိ အမှု၏ ဤနောက်ဆုံးအဆင့် အတောအတွင်း ဘုရားသခင်သည် သင်၏ဇာတိခန္ဓာကို အမြစ်ဖြတ်သုတ်သင်မည် မဟုတ်ဟု သင်ယုံကြည်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ထို့အပြင် သင်သည် သူ့ကို ဆန့်ကျင်ပြီး ဝေဖန်သည့်အတွက် နာမကျန်းဖြစ်ခြင်း တစ်စုံတစ်ရာကို ခံစားရမည်မဟုတ်ဟု ဆိုနိုင်သော်လည်း ဘုရားသခင်၏ ပြင်းထန်သော နှုတ်ကပတ်တော်များ သင့်ထံ ရောက်လာသောအခါ၊ သင်၏ ပုန်ကန်မှု၊ အတိုက်အခံပြုမှုနှင့် သင်၏အကျည်းတန်သော မျက်နှာထားများ အားလုံး ထုတ်ဖော်ခြင်းခံရသောအခါ သင်သည် ပုန်းအောင်း နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် ကြောက်စိတ်မွှန်ပြီး ဘာလုပ်ရ၊ ဘာကိုင်ရမှန်း သိလိမ့်မည် မဟုတ်ချေ။ ယနေ့တွင် သင်တို့၌ အနည်းငယ်သော ဆင်ခြင်တုံတရား ရှိရမည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် ဆိုးယုတ်သော သူများ၏ ပုံမဖမ်းကြနှင့်။ သင်သည် မိမိ၏ ဘိုးဘေးဘီဘင် အဟောင်းကို ကျောခိုင်းသင့်သည်၊ ဤသည်မှာ သင်၌ ရှိသင့်သော ဝိညာဉ်အသက်တာဖြစ်ပြီး ဤအရာမှာ သင်ပိုင်ဆိုင်ထိုက်သော လူ့သဘာဝဖြစ်သည်။ သင်သည် သင်၏အနာဂတ် တက်လမ်းများ၊ သို့မဟုတ် ယနေ့၏ သာယာကြည်နူးမှုများကို ဘေးဖယ်ထားနိုင်စွမ်း အစဉ်သဖြင့် မရှိပေ။ ဘုရားသခင်က ဤသို့ဆို၏- “ငါ့နောက်သို့ လိုက်ရန်နှင့် သမ္မာတရားကို လိုက်စားရန် သင်တို့ တတ်နိုင်သမျှကို ပြုသည့်ကာလပတ်လုံး ငါသည် သင်တို့ကို စုံလင်ခြင်းသို့ ဧကန်အမှန် ရောက်စေမည်။ သင်တို့သည် စုံလင်ခြင်းသို့ ရောက်သောအခါ သင်တို့၌ လှပသော ခရီးပန်းတိုင်တစ်ခု ရှိလိမ့်မည်၊ သင်တို့သည် ငါနှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားရန် ငါ၏နိုင်ငံတော်ထဲသို့ ဆောင်ယူခြင်းကို ခံကြရလိမ့်မည်။” သင်တို့အတွက် လှပသော ခရီးပန်းတိုင်တစ်ခုကို ကတိပေးခဲ့ပြီးဖြစ်သော်လည်း သင်တို့အပေါ် သတ်မှတ်ချက်များကို မည်သည့်အခါမျှ လျော့နည်းစေနိုင်မည် မဟုတ်ပေ။ သတ်မှတ်ချက်တစ်ခုလည်း ရှိသေးသည်- သင်တို့သည် သိမ်းပိုက်ခြင်းကို ခံရမည်ဖြစ်စေ၊ သို့မဟုတ် စုံလင်ခြင်းသို့ ရောက်မည်ဖြစ်စေ သင်တို့သည် ယနေ့တွင် အချို့သော ပြစ်တင်ဆုံးမခြင်းနှင့် အချို့သော ဒုက္ခဆင်းရဲကို ခံကြရမည်၊ သင်တို့သည် ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံကြရမည်၊ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို နားထောင်ရမည်၊ ငါ၏လမ်းခရီးကို လိုက်လျှောက်ပြီး ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရမည်၊ ဤအရာမှာ လူသားတို့ အနေနှင့်သင်တို့ လုပ်ဆောင်သင့်သောအရာဖြစ်၏။ သင်မည်ကဲ့သို့ လိုက်စားသည်ဖြစ်စေ၊ သင့်အနေဖြင့် ဤလမ်းကို ရှင်းလင်းစွာ ကြားသင့်၏။ အကယ်၍ သင်၌ စစ်မှန်သော ထိုးထွင်းအမြင်များရှိပါက သင်သည် ဆက်လက်၍ လိုက်လျှောက်နိုင်သည်။ အကယ်၍ ဤနေရာတွင် တက်လမ်းများ၊ သို့မဟုတ် မျှော်လင့်ချက်များ မရှိဟု သင်ထင်မြင်ယူဆပါက သင်ထွက်သွားနိုင်သည်။ ဤနှုတ်ကပတ်တော်များကို သင့်အား ရှင်းလင်းစွာ ပြောကြားထားပြီးဖြစ်၏၊ သို့သော်လည်း အကယ်၍ သင့်အနေဖြင့် အမှန်တကယ် ထွက်သွားလိုပါက သင်၌ အသိတရား အနည်းငယ်မျှ မရှိကြောင်းကိုသာ ဤအရာက ပြသမည်ဖြစ်သည်၊ သင်၏ ဤလုပ်ရပ်မှာ သင်သည် နတ်ဆိုးတစ်ကောင် ဖြစ်ကြောင်းကို သက်သေပြရန် လုံလောက်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအပေါ် အလုံးစုံအပ်နှံသည်ဟု သင်ဆိုသော်လည်း၊ သင်၏ ဇာတိခန္ဓာနှင့် သင်အသက်ရှင်နေထိုင်သည့်အရာကို အခြေခံပြီး ဆိုရသော်၊ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေဆဲ ဖြစ်သည်။ စာတန်သည်လည်း ဘုရားသခင်၏ လက်တော်ထဲ၌ ရှိသော်ငြားလည်း၊ သင်ကိုယ်တိုင်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ပြီး ဘုရားသခင်၏ စစ်မှန်စွာ ကယ်တင်ခြင်းကို မခံရသေးချေ၊ အကြောင်းမှာ သင်သည် စာတန်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေဆဲ ဖြစ်သောကြောင့် ဖြစ်၏။ ကယ်တင်ခံရရန်အတွက် သင်မည်ကဲ့သို့လိုက်စားရမည်နည်း။ ရွေးချယ်မှုသည် သင့်အပေါ် မူတည်သည်၊ သင်လျှောက်ရမည့် လမ်းကြောင်းကို သင်ရွေးချယ်သင့်သည်။ အဆုံးတွင် သင့်အနေဖြင့် “ငါ၌ ပို၍ကောင်းသောအရာ ဘာမျှမရှိ၊ ငါသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ငါ၏ အသိတရားဖြင့် ပြန်ပေးဆပ်၏၊ ထို့ပြင် ငါ၌ အနည်းငယ်သော လူ့သဘာဝရှိရမည်။ ငါသည် ပို၍ ကြီးမားသောအရာ တစ်စုံတစ်ခုကို ရရှိနိုင်ခြင်း မရှိသည့်အပြင်၊ ငါ၏အရည်အချင်းသည်လည်း အလွန်မမြင့်ပေ။ ငါသည် ရူပါရုံများနှင့် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို နားမလည်ပေ။ ငါသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရုံမျှသာ ဖြစ်သည်၊ ဘုရားသခင်စေခိုင်းသမျှကို ငါလုပ်ပြီး ငါတတ်နိုင်သမျှကို ငါလုပ်သည်။ ငါသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် ငါ၏တာဝန်ကို ငါကောင်းမွန်စွာ ထမ်းဆောင်သည်” ဟု ဆိုနိုင်ပါက၊ ငါသည် ကျေနပ်ဝမ်းမြောက်မည်ဖြစ်သည်။ ဤသည်မှာ သင်လုပ်နိုင်သော အမြင့်မားဆုံး သက်သေခံချက်ပင် ဖြစ်သည်။ ဤသည်မှာ လူတစ်စုအပေါ် သတ်မှတ်ထားသည့် အမြင့်ဆုံး စံနှုန်းဖြစ်သည်- ယင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ သင်လုပ်နိုင်သည့်အတိုင်း များနိုင်သမျှများစွာသာ သင်လုပ်လော့၊ သင့်အပေါ် သတ်မှတ်ချက်များမှာ အလွန်မမြင့်မားချေ။ သင်တတ်နိုင်သမျှကို သင်လုပ်ဆောင်သည့် ကာလပတ်လုံး ဤသည်မှာ သင်၏ သက်သေခံချက်ပင် ဖြစ်၏။

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။