သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည် (အပိုင်း တစ်)
အသက်ဝင်ရောက်မှုဆိုသည်မှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားကို နားလည်ပြီးနောက်တွင် ဘုရားသခင်အား လူတို့ သိလာသောအခါ၊ ဘုရားသခင်အား ကျိုးနွံနာခံလာသောအခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြန်လည်သုံးသပ်ပြီး သိလာသောအခါ၊ ထိုစိတ်သဘောထားများကို ဖယ်ရှားသောအခါ၊ ဤသို့အားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောအခါတွင် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်သောအခါ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူတို့သည် အသက်ဝင်ရောက်မှုရှိသော သူများဖြစ်သည်။ သမ္မာတရားသည် လူတစ်ယောက်၏ အသက်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူသည် လူပုဂ္ဂိုလ်၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာတစ်ခုခု၏ ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်တော့ပေ။ သူသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်လိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်လိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုနှင့် မှန်ကန်သော သက်သေခံချက်ကို ပိုင်ဆိုင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ အသက်ဝင်ရောက်မှု၏ အဆုံးစွန်သော ရလဒ်ဖြစ်သည်။ လူတစ်ယောက်သည် နှစ်များစွာကြာသည်အထိ ဘုရားသခင်ကို ယုံကြည်သော်လည်း စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်ဆဲဖြစ်ကာ မိမိ၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း ဆောင်ရွက်လျှင်၊ ဆုတောင်းခြင်း၊ သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းမရှိလျှင်၊ အနည်းငယ်မျှပင် မပြောင်းလဲဘဲ နှစ်များစွာ ယုံကြည်ခဲ့လျှင်၊ ဘာသာတရားမရှိသူတစ်ဦးနှင့် ကွာခြားမှု လုံးဝ နီးပါးမရှိလျှင် ထိုကဲ့သို့သောသူသည် အသက်ဝင်ရောက်မှုမရှိပေ။ သမ္မာတရားကို မရရှိထားသကဲ့သို့ အသက်ကိုလည်း မရရှိသေးပေ။ သင်သည် သမ္မာတရားကို မရရှိသေးလျှင် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေခြင်းဖြစ်သည်။ သင်သည် ဆန္ဒရှိလျှင်ပင် ဘုရားသခင်ကို မနာခံနိုင်၊ မချစ်နိုင်ပေ။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်၊ သို့မဟုတ် စိတ်ဓာတ်မခိုင်မာနိုင်ပေ။ သင်သည် စိတ်ဓာတ်မခိုင်မာနိုင်လျှင် မည်သည့်အခြေအနေမျိုးတွင် သင်ပိတ်မိနေမည်နည်း။ အပျက်သဘောဆောင်သောအခြေအနေတွင် အစဉ် ပိတ်မိနေမည်မဟုတ်လော။ သင်သည် သင်၏ ပတ်ဝန်းကျင်အားဖြင့် အစဉ် စိတ်ဓာတ်ယိမ်းယိုင်နေမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို ကြောက်ရွံ့နေမည်။ ဘုရားသခင်က မကျေမနပ်ဖြစ်မည်ကို ကြောက်ရွံ့မည်။ ဤအရာ၊ ထိုအရာများကို ကြောက်ရွံ့နေပြီး သင်၏ တာဝန်အနည်းငယ်ကို မတက်ကြွစွာ၊ တွန့်ဆုတ်စွာဖြင့် ထမ်းဆောင်နေမည်။ ကောင်းမှုအနည်းငယ်ကို ပြင်ဆင်နေလိမ့်မည်။ အခြေခံအားဖြင့် သင်သည် ဆွဲခေါ်ခံရမည်။ ဦးဆောင်ခံရမည်။ တွန်းပို့ခြင်းခံရမည်။ ပြီးလျှင် တက်ကြွပြီး မဖြစ်ခင်က ကြိုတင်စီမံတတ်သော သင်၏ အစိတ်အပိုင်းသည် အလွန်သေးငယ်လိမ့်မည်။ ထို့ကြောင့် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သင်ရရှိသည့် ရလဒ်များသည် ကျေနပ်ဖွယ်မရှိဖြစ်လိမ့်မည်။ ဤသို့သောလူတို့သည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ မပေးနိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် များစွာသောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခံရသည်။ ၎င်းတို့သည် အစဉ်သဖြင့် အပျက်သဘောဆောင်သော အခြေအနေတွင် ပိတ်မိနေကြသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အစဉ် ပင်ပန်းသောအသက်တာကို အသက်ရှင်ကြရသည်။ ၎င်းတို့သည် ဝေဒနာကြီးမားစွာ ခံရလျက်ရှိပြီး လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းကို ရှာမတွေ့နိုင်ပေ။ အချိန်အတန်ကြာပြီးနောက်တွင် ၎င်းတို့ကိုယ်တိုင်၏ စိတ်ဓာတ်အားအင်သည် ၎င်းတို့ကို ထောက်ပံ့ မပေးနိုင်တော့ပေ။ ပြီးလျှင် ၎င်းတို့သည် ဘာသာတရားမရှိသူများကဲ့သို့ စာတန်ဆန်သော စိတ်သဘောထားတစ်ခုအတွင်းတွင် နေ့စဉ် အသက်ရှင်ကြသည်။ ဘုရားသခင်အပေါ် ဤသို့သော ယုံကြည်လက်ခံမှုမျိုးသည် လူတစ်ယောက်ကို ကယ်တင်ခြင်းရရှိဖို့ ထောက်ကူပေးနိုင်သလော။ လူအချို့က “ငါသည် စိတ်အားထက်သန်သည်။ ဘုရားသခင်အတွက် အမှုအရာများကို လုပ်ဆောင်လိုစိတ်ရှိသည်။ ငယ်ရွယ်သည်။ အားအင်နှင့် စိတ်ခိုင်မာမှုရှိသည်။ အခက်အခဲများကို မကြောက်” ဟု ဆိုကြသည်။ ထိုအရာအားလုံးမှာ တစ်ခုခုအသုံးဝင်သလော။ အသုံးမဝင်ပေ။ သင်၏ အားအင်သည် မည်မျှရှိသည်ဖြစ်စေ အသုံးမဝင်ပေ။ လူတစ်ယောက်တွင်ရှိသော အနည်းငယ်သော အားမာန်က ထိုသူကို မည်မျှကြာရှည်စွာ ထောက်ပံ့ပေးနိုင်သနည်း။ သူသည် မကြာခဏပင် ကျရှုံးပြီး မှောက်မှားဦးမည်ဖြစ်သည်။ ပြီးလျှင် အပျက်သဘောဆောင်ခြင်းအတွင်းသို့ ကျရောက်သွားသောအခါ သူသည် မလှုပ်မယှက်ဖြစ်သွားလိမ့်မည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းက မကောင်းပေ။ သင်သည် စိတ်အားထက်သန်မှု၊ သို့မဟုတ် အားအင်သာရှိလျှင် အသုံးဝင်မည်မဟုတ်ပေ။ ထိုအရာများသည် အသက်မဟုတ်ပေ။ လူတစ်ယောက်၏ ခဏတာဖြစ်သော စိတ်အားထက်သန်မှုနှင့် စိတ်ဝင်စားမှုသာဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ၎င်းတို့အားလုံးတွင် အကျဉ်းချုံးဖြစ်သော စွမ်းအင် ပြည့်လျှံနေမှု၊ တစ်ခဏမျှဖြစ်သော စိတ်အားထက်သန်မှု၊ တစ်ခဏမျှဖြစ်သော စေ့ဆော်မှုရှိကြသည်။ ၎င်းတို့အားလုံးသည် အလွန်စိတ်ထက်သန်ပြီး၊ စိတ်လှုပ်ရှားတတ်သောအချိန်များရှိကြသည်။ သို့သော် ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်းမှ ဖြစ်ပေါ်သော သတ္တိဖြစ်ပြီး ကြာရှည်မခံပေ။ လူတို့၏ သဘောတရားများ၊ စံများ၊ အိပ်မက်များသည် မျက်စိတစ်မှိတ်တွင် ပြိုလဲသွားလိမ့်မည်။ ပြီးလျှင် လူတို့သည် သမ္မာတရားမရှိဘဲ ခိုင်မာစွာ မရပ်တည်နိုင်ပေ။ တဇောက်ကန်း လုပ်ဆောင်ခြင်းအားဖြင့် အသက်ရှင်သောသူတစ်ယောက်သည် သူ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ဘုရားသခင်ကို ကျေနပ်စေနိုင်သလော။ (မကျေနပ်စေနိုင်ပါ။) ထို့ကြောင့် လူတို့သည် အသက်ဝင်ရောက်မှုရှိရမည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရမည်။ “သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းသည် အဘယ်ကြောင့် အလွန် အားစိုက်ရသနည်း။ အဘယ်ကြောင့် ငါသည် အရှုပ်အယှက်များစွာဖြင့် ချည်နှောင်ထားခြင်း ခံရသနည်း။ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း” ဟု ပြောသောသူများရှိသည်။ လူတို့သည် ဤပြဿနာကို ဖြေရှင်းရန်အတွက် မိမိတို့ကိုယ်ကို အမှီပြုနိုင်သလော။ “ငါ့တွင် စိတ်ဓာတ်အားအင်နှင့် စိတ်ခိုင်မာမှုရှိသည်။ အခက်အခဲများကို မကြောက်။ ငါသည် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ အတားအဆီးတိုင်းကို ကျော်လွှားမည်။ ဤခက်ခဲသောအရာများကို ငါ လက်ခံကြိုဆိုမည်။ မည်သည့်အရာကိုမျှ မကြောက်။ မည်မျှခက်ခဲပါစေ အဆုံးထိ ဆက်လျှောက်မည်” ဟု ပြောသောသူအချို့ရှိသည်။ ဤသည်မှာ အသုံးဝင်သလော။ ဤအရာသည် ၎င်းတို့ကို အမှန်တကယ်ပင် အနည်းငယ် ထောက်ပံ့ပေးနိုင်သည်။ သို့သော် ၎င်းတို့၏ လက်တွေ့ပြဿနာများက ဆက်လက်၍ရှိနေဦးမည်။ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ၎င်းတို့အတွင်းတွင် အမြစ်တွယ်နေဦးမည်ဖြစ်ပြီး ပြောင်းလဲခဲ့မည် မဟုတ်ပေ။ သင်သည် အဆုံးထိ ဘုရားနောက်သို့ မလျှော့တမ်းလိုက်သော်လည်း သင်၏ အသက်စိတ်သဘောထားကို မပြောင်းလဲသေးလျှင်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုအတွင်းသို့ မဝင်ရောက်သေးလျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင်ရရှိနိုင်သလော။ မရရှိနိုင်သေးပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဆုံးထိ မလျှော့တမ်း လုပ်ဆောင်ခြင်းရှိမရှိနှင့် မသက်ဆိုင်ပေ။ အဓိကအချက်မှာ သမ္မာတရား၊ အသက်နှင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင်ရရှိနိုင်ခြင်း ရှိမရှိဖြစ်သည်။ ဤသည်မှာ အရေးကြီးဆုံးအရာဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရား စစ်မှန်မှုအတွင်းသို့ မဝင်နိုင်လျှင်၊ သမ္မာတရားကို သူ၏ အသက် ဖြစ်အောင်မလုပ်နိုင်လျှင် သူ၏ ပြည့်လျှံနေသော စိတ်ထက်သန်မှု၊ သို့မဟုတ် အားမာန်သည် အလွန်ကြာရှည်စွာ တည်တံ့မည်လော။ မတည်တံ့နိုင်ပေ။ လူတို့သည် သမ္မာတရားကို နားလည်ရမည်။ ဤအရာကို အစားထိုးရန်အတွက် သမ္မာတရားကို အသုံးပြုရမည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီး ယုံကြည်ခြင်းနှင့် စည်းမျဉ်းများကို ပိုင်ဆိုင်သောအခါတွင် သူသည် မဆုတ်မနစ် ဇွဲလုံ့လရှိပြီး အနှောင့်အယှက်များအားလုံး ရှိသော်လည်း ဆက်လက်၍ ကြိုးစားနိုင်လိမ့်မည်။ မည်သို့သော ပတ်ဝန်းကျင်၊ အတားအဆီးများ၊ သို့မဟုတ် စုံစမ်းသွေးဆောင်မှုများပင် ကြုံရပါစေ သူသည် စာတန်ကို အောင်နိုင်ရန်အတွက် ဘုရားသခင်ကို အစဉ် အမှီပြုပြီး ဘုရားသခင်ကို ကိုးစားလိမ့်မည်။ ဤရလဒ်ကို ရရှိရန်အတွက် သင်သည် ဘုရားသခင်ရှေ့ကို မကြာခဏ လာရမည်။ ဘုရားသခင်ကို ရင်ဖွင့်ရမည်။ ဆုတောင်းရာတွင် သင်၏ အခက်အခဲများကို သူ့အား ပြောရမည်။ ပြီးလျှင် ဘုရားသခင်ကို မှန်မှန်ကန်ကန် ပြောဆိုရမည်။ ပြီးလျှင် သင်၏တာဝန်ကို လက်တွေ့ထမ်းဆောင်သောအခါ၊ သင်၏ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ရန်အတွက် မည်သို့ ဆောင်ရွက်ရမည်ကိုလည်း သင် ရှာဖွေရမည်။ သမ္မာတရားကို နားလည်သော၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသောသူများကို သင် ရှာဖွေပြီး မိတ်သဟာယဖွဲ့ကာ ဤသို့ လုပ်ဆောင်ခြင်းမှ ဉာဏ်အလင်းပွင့်ခြင်းနှင့် တည်ဆောက်စရာ ဖြစ်ခြင်းအနည်းငယ်ကို ရရှိရမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ရှာတွေ့ရမည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောအခါ သင်၏ ပြဿနာ ပြေလည်မည်မဟုတ်လော။ သင်သည် အစဉ်သဖြင့် တွန့်ဆုတ်ပြီး မိတ်သဟာယမဖွဲ့ဘဲ “တစ်နေ့တွင် ငါ၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားကောင်း ကြီးထွားလာမည်ဖြစ်ပြီး ငါသည် သမ္မာတရားကို အလိုအလျောက် နားလည်လာလိမ့်မည်။ ဤသို့ဆိုလျှင် ယခုအခါ ဤအရာကို ငါ ကိုင်တွယ်စရာမလို” ဟု မိမိဘာသာ စဉ်းစားလျှင် ဤသို့သော စဉ်းစားပုံမျိုးသည် မရေရာပေ။ လက်တွေ့မကျပေ။ အမှုကိစ္စများကို နှောင့်နှေးစေနိုင်သည်။ ဤပြဿနာကို သမ္မာတရားကို နားလည်သောသူများအား ရှာဖွေပြီး မိတ်သဟာယ ပြုခြင်းအားဖြင့် ဖြေရှင်းနိုင်သည်။ သင်သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိလျှင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းအားဖြင့်လည်း ပြဿနာကို ဖြေရှင်းနိုင်သည်။ ဤပြဿနာအား ဖြေရှင်းခြင်းကို အဘယ်ကြောင့် အလေးအနက်မထားသနည်း။ သင်သည် ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေလျှင် ပြဿနာက သူ့ဘာသာ ပျောက်ကွယ်သွားမည်လော။ ဤသည်မှာ မိုက်မဲသော အတွေးဖြစ်သည်။
ယခုအချိန်တွင် သင်တို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သမ္မာတရားကို သင်တို့ ရှာဖွေနိုင်သလော။ သင်သည် သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို သင်ယူပြီးပြီလော။ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ နယ်ပယ်တွင် စည်းမျဉ်းအချို့ကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ဆောင်ခြင်းမှလွဲ၍ သင်သည် သင်ကိုယ်တိုင်၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်လျှင် သင်၏ အမျိုးမျိုးသော အခြေအနေများကို တိုးတက်စေခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းနှင့်ပတ်သက်လျှင် သမ္မာတရားကို ရှာဖွေနိုင်သလော။ သင်သည် စည်းမျဉ်းများကို ချိုးဖောက်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့် ပြုပြင်ခြင်းခံရသောအခါ ညည်းညူဆဲဖြစ်လျှင်၊ သင်သည် ပြုပြင်ခံရသောကြောင့် ဘောင်ခတ်ခြင်းခံရသည်ဟု ခံစားရဆဲဖြစ်လျှင်၊ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရတော့မည်ဟု တွေးပြီး သင့်ကိုယ်သင် လက်လျှော့သည်အထိ လုပ်ဆောင်ကာ အပျက်သဘောဆောင်လာပြီး ခိုကပ်လာလျှင် သင်၏ စာတန်ဆန်သော စိတ်သဘောထားသည် အလွန်ပြင်းထန်သည်မှာ သင်သည် မွန်းကျပ်နေခြင်း မဟုတ်သလော။ သမ္မာတရားကို နားလည်ခြင်းနှင့်ပတ်သက်သောအခါ လူတို့၏ အခက်အခဲများသည် အလွန်များပြားပြီး ကြီးမားသည်။ ပြဿနာများကို ၎င်းတို့ ကြုံရသောအခါ ၎င်းတို့၏ အပျက်သဘောဆောင်သော အပိုင်းတို့သည် အလွန်အလျင်မြန်စွာ၊ ကြာရှည်စွာ ထွက်ပေါ်လာသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အလွန်နှေးကွေးစွာ၊ နည်းပါးစွာ လက်တွေ့လုပ်ဆောင်သည်။ လူတို့သည် အချို့သော ပတ်ဝန်းကျင်တို့ကို ကြုံရသောအခါ သို့မဟုတ် အခြားလူများထံမှ အကြည့်တစ်မျိုးမျိုးကို သတိထားမိသောအခါ၊ သို့မဟုတ် အချို့သောစကားများ ပြောသည်ကို ကြားသောအခါ၊ သို့မဟုတ် သတင်းအချက်အလက်တစ်ခုခုကို သိရသောအခါတွင် အချိန်နှင့်နေရာက မည်သို့ရှိသည်ဖြစ်စေ အပျက်သဘောဆောင်သောအရာများက ၎င်းတို့ထဲတွင် ထွက်ပေါ်လာမည်။ ဤအရာတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ သဘာဝအလျောက် ထုတ်ဖော်ခြင်းများ ဖြစ်သည်။ ဤအရာက အဘယ်အရာကို သက်သေပြသနည်း။ လူသားဘဝအတွင်းတွင် သမ္မာတရား၏ အရိပ်အယောင်မရှိဆိုသည်ကို သက်သေပြသည်။ လူတို့ထံမှ သဘာဝအလျောက် ထုတ်ဖော်သော အစီအစဉ်တကျ မရှိသောအရာများကို သင်၏ ခေါင်းထဲတွင် စဉ်းစားသည်ဖြစ်စေ၊ သင်၏ နှုတ်မှ ပြောသည်ဖြစ်စေ၊ သင်လုပ်ဆောင်ရန် ရည်ရွယ်သည့်၊ စီစဉ်ထားသည့်အရာတစ်ခုခုဖြစ်စေ၊ ရည်ရွယ်၍ လုပ်ဆောင်သောအရာဖြစ်စေ၊ မရည်ရွယ်ဘဲ လုပ်ဆောင်သောအရာဖြစ်စေ ဤအရာအားလုံးသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ဆက်နွှယ်နေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မည်သည့်နေရာမှ ထုတ်ဖော်သနည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝမှ ထုတ်ဖော်ကာ ဤသည်မှာ အရင်းအမြစ်ဖြစ်သည်ဟု သေချာပေါက်ဆိုနိုင်သည်။ လူတို့ထံမှ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသောအရာများကို စဉ်းစားကြည့်လျှင် လူတို့၌ သမ္မာတရား စစ်မှန်မှုတစ်ခုမျှမရှိ၊ ပုံမှန်လူ့သဘာဝ တစ်ခုမျှမရှိ၊ ပုံမှန်အသိစိတ်တစ်ခုမျှ မရှိဆိုသည်မှာ ရှင်းလင်းသည်။ ယခုအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်ကို စိစစ်နိုင်သည်။ သင်တို့သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းအား အရေးစိုက်ပြီး အာရုံစူးစိုက်လျှင် သင်တို့၏ ရည်ရွယ်ချက်များ၊ အတွေးများ၊ အမြင်များသည် မှန်ကန်သည်၊ မမှန်ကန်သည်ကို သိရှိနိုင်သည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားနှင့် ညီ၊ မညီကို သိရှိနိုင်သည်။ ယေဘုယျအားဖြင့် သင်တို့သည် ဤအရာများကို အနည်းငယ် ပိုင်းခြားသိမြင်နိုင်ပြီး နားလည်နိုင်လိမ့်မည်။ သို့ဆိုလျှင် ဤအရာများကို သင်တို့ နားလည်လာပြီးနောက်တွင် သင်တို့သည် ဖြေရှင်းချက်တစ်ခုအတွက် သမ္မာတရားကို ရှာဖွေနိုင်မည်လော။ သို့မဟုတ် “ငါသည် ဤသို့ စဉ်းစားလိုသည်။ ဤသို့ စဉ်းစားခြင်းသည် ငါ့အတွက် အကျိုးဖြစ်စေသည်။ အခြားလူများက ဝင်ရောက်စွက်ဖက်ခွင့်မရှိ။ ဤအရာများကို ငါက ထုတ်မပြောလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်လျှင်၊ စဉ်းစားခြင်းသာပြုလျှင် မရသလော” ဟု စဉ်းစားလျက် ဤအရာများကို ယင်းတို့ဘာသာ ဖြစ်ပေါ်လာစေမည်လော။ ဤသို့လုပ်ဆောင်သောသူအချို့ မရှိသလော။ ဤအရာသည် မည်သည့်အရာ၏ သရုပ်သကန် ဖြစ်သနည်း။ ဤသို့စဉ်းစားခြင်းက မှားယွင်းသည်ကို ၎င်းတို့ ရှင်းလင်းစွာ သိသော်လည်း သမ္မာတရားကို မရှာဖွေကြပေ။ ဤအတွေးများကို ဘေးဖယ်မထားပေ၊ သို့မဟုတ် မပုန်ကန်ပေ။ ၎င်းတို့သည် လုံးဝ အရေးမစိုက်ဘဲ ဤသို့ ဆက်လက်စဉ်းစားပြီး လုပ်ဆောင်ကြသည်။ ဤလူတို့သည် သမ္မာတရားကို မချစ်ပေ။ ခိုင်မာစွာ မရပ်တည်နိုင်ပေ။
လူအချို့သည် တာဝန်တစ်ခုကို မထမ်းဆောင်ပေ။ မည်သူကမျှ ၎င်းတို့ကို အလေးအနက်မထားပေ။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် ဘုရားနှုတ်ကပတ်တော်ကိုသာ ဖတ်လျှင်၊ အသင်းတော်အသက်တာကို အသက်ရှင်လျှင်၊ ပုံမှန်အားဖြင့် မကောင်းသောအရာများကို မလုပ်လျှင်၊ သို့မဟုတ် ဘာသာတရားမရှိသူများကဲ့သို့ အပျော်အပါး၌ မွေ့လျော်သော ပုံစံဖြင့် မပြုမူလျှင် လုံလောက်ပြီဟု ထင်ကြသည်။ ၎င်းတို့က အဆုံးတွင် ကောင်းချီးအချို့ ရရှိပြီး အသက်ရှင်၍ ကျန်ရစ်ကောင်း ကျန်ရစ်နိုင်သည်ဟု ထင်ကြသည်။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤသို့သော လိုရာဆွဲတွေးသည့်ပုံစံမျိုးကို ကိုင်စွဲထားကြသည်။ အပေါ်ယံတွင် ၎င်းတို့သည် မည်သည့် ဆိုးဝါးသောအမှားများကိုမျှ မကျူးလွန်သော်လည်း အသက်ဝင်ရောက်မှုလုံးဝ မရှိသကဲ့သို့ သမ္မာတရား စစ်မှန်မှုတစ်ခုခုကိုလည်း မရရှိပေ။ လူတစ်ယောက်က ၎င်းတို့ကို အလေးအနက် ထားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပြဿနာများ၊ အားနည်းချက်များ ပြည့်နေသည်ကို သဘောပေါက်ကြသည်။ ပြီးလျှင် အပျက်သဘောဆောင်လာပြီး “အားလုံးပြီးဆုံးသွားပြီ မဟုတ်လော။ ဘုရားသခင်ကို ငါ နှစ်ချီ ယုံကြည်ခဲ့သည်။ ဤအရာမှ မည်သည့်အရာကိုမျှ ငါ မရရှိခဲ့ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်ပင် မလွယ်ကူသည့်ပုံစံရှိသည်” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အေးတိအေးစက်ဖြစ်လာပြီး သမ္မာတရားကို ကြိုးပမ်းလိုစိတ် မရှိတော့ပေ။ အချိန်အတန်ကြာပြီးနောက်တွင် ၎င်းတို့သည် အနှစ်သာရ မရှိသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် မျှော်လင့်ချက် ရှိရန်အတွက် သမ္မာတရားကို လိုက်စားဖို့လိုသည်ဟု ခံစားမိသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စတင် ထမ်းဆောင်ပြီး လူတို့သည် ၎င်းတို့အပေါ် နောက်တစ်ဖန် အလေးအနက် ထားလာကြသောအခါ နောက်ဆုံး၌ ၎င်းတို့က “လူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ရမည်။ ဤသို့မဟုတ်လျှင် ၎င်းတို့အတွက် အမှားများလုပ်မိရန် အလွန်လွယ်ကူသည်။ သမ္မာတရားကို လူတို့ မလိုက်စားလျှင် ပြစ်မှားမှုများကို အစဉ် ကျူးလွန်ကြမည်။ ပြီးလျှင် ပြုပြင်ခြင်း ခံရမည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ စိတ်အားထက်သန်မှုကို အမှီပြုလျှင်လည်း ပြုပြင်ခြင်းခံရမည်။ ငါသည် အရာရာတွင် သတိရှိရမည်။ လုံးဝ မဆင်မခြင် စကားမပြောရ၊ သို့မဟုတ် မဆောင်ရွက်ရပေ။ အမှုအရာများတွင် ဝင်မပါသင့်ပေ။ ထင်ပေါ်ခြင်းထက် ငကြောက်ဖြစ်ခြင်းက ပို၍ကောင်းသည်” ဟု ခံစားကြရသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် လုံးဝ သင့်လျော်မှုရှိသည်၊ ယင်းတွင် မည်သူကမျှ မည်သည့်အမှားကိုမျှ ထောက်မပြနိုင်ဟု ၎င်းတို့က ထင်ကြသည်။ သို့သော် ၎င်းတို့သည် အရေးပါဆုံးသောအချက်ကို သတိမမူမိကြပေ။ သမ္မာတရားကို လိုက်စားသင့်သည်ဆိုသည့် အချက်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုကိုလည်း မလိုက်စားကြပေ။ ဤသည်မှာ ၎င်းတို့၏ သေစေနိုင်သော ချို့ယွင်းချက်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းဖြင့်ပင် ကျေနပ်ကြသည်။ ၎င်းတို့၏ အလုပ် ပြီးမြောက်ရန်အတွက် အရုဏ်ဦးမှ မှောင်ရိပ်ပျိုးသည်အထိ အလုပ်လုပ်ကြသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလွန်အလုပ်ရှုပ်သည်မှာ ထမင်းနှစ်နပ်လွတ်သွားလျှင်ပင် ဂရုမစိုက်ကြပေ။ ၎င်းတို့သည် အမှန်တကယ်ပင် ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်ကြသည်။ သို့သော် ၎င်းတို့တွင် အသက်ဝင်ရောက်မှုမရှိပေ။ အချိန်တိုင်းတွင် ၎င်းတို့သည် အခြားလူများကို သတိထား ရှောင်ကြသည်။ အမှားတစ်ခုလုပ်မိပြီး ပြုပြင်ခြင်းခံရမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးက မှန်ကန်သလော။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတစ်ယောက် ဖြစ်သလော။ လူတို့သည် အဆုံးထိ ၎င်းတို့၏ တာဝန်ကို ဤသို့ ထမ်းဆောင်လျှင် သမ္မာတရားကို ရရှိနိုင်မည်လော၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်မည်လော။ (မဝင်ရောက်နိုင်ပါ။) သင်တို့ထဲတွင် ဤသို့သောလူများစွာ ရှိသည်မဟုတ်လော။ သင်တို့သည် မကြာခဏပင် ဤသို့သောအခြေအနေ၌ပင် မရှိကြသလော။ (ရှိကြပါသည်။) ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသောနည်းလမ်းဖြစ်သည်၊ သင်တို့သည် အပျက်သဘောဆောင်သော အခြေအနေတွင် အသက်ရှင်နေသည်ဟု စဉ်းစားလျက် သတိရှိကြသလော။ အမှုအရာများက သင်တို့အပေါ် ကျရောက်သောအခါ သင်တို့သည် အစဉ်သဖြင့် ငကြောက်များကဲ့သို့ ပြုမူကြသည်။ လူ့အကြိုက်လိုက်သူများကဲ့သို့ အစဉ် ပြုမူကြသည်။ အစဉ်သဖြင့် အလျှော့ပေးပြီး အလယ်အလတ်လမ်းကို ယူကြသည်။ မည်သည့်အခါမျှ တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်အောင် မပြုလုပ်၊ သို့မဟုတ် အမှုအရာများထဲတွင် ဝင်မပါပေ။ မည်သည့်အခါမျှ စည်းမကျော်ပေ။ ယင်းက သင်သည် သင်၏ကိုယ်ပိုင်နေရာတွင် ရပ်နေပြီး သင်၏တာဝန်ကိုသာ ဖက်တွယ်ထားကာ သင့်ကို ခိုင်းသည့်အရာမှန်သမျှကို လုပ်ဆောင်လျက် ရှေ့တွင် ရပ်ခြင်း၊ သို့မဟုတ် နောက်တွင်ရပ်ခြင်းမရှိဘဲ အလိုက်သင့်နေနေသကဲ့သို့ ဖြစ်သည်။ ငါ့ကို ပြောလော့။ သင်သည် ဤပုံစံဖြင့် အဆုံးထိတိုင်အောင် သင်၏တာဝန်ကို မပြတ်ထမ်းဆောင်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်ဟု ထင်သလော။ ဤသို့သော အခြေအနေမျိုးသည် အလွန်အန္တရာယ်ရှိသည်၊ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို သင် ရရှိမည် မဟုတ်ရုံသာမက ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သင် ပုန်ကန်ပြစ်မှားမိဖို့ ဖြစ်နိုင်ခြေရှိသည်ကို သင်တို့ သတိထားမိကြသလော။ ဤသို့သော ပူခြင်းအေးခြင်း မရှိသည့်သူမျိုးက သမ္မာတရားကို လိုက်စားသလော။ ဤသို့သောသူမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူမျိုးဖြစ်သလော။ ဤသို့သော အခြေအနေမျိုးတွင် အသက်ရှင်သောသူ တစ်ယောက်သည် လူ့အကြိုက်လိုက်သူတစ်ယောက်၏ အတွေးများကို မကြာခဏ ဖွင့်ပြပြီး သူတို့တွင်ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပေ။ လူတစ်ယောက်သည် ကောင်းသောအကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းသာ ခံစားရလျှင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်သလော။ (မဖြစ်ပါ။) သူသည် သူ၏ အလုံးစုံကို တာဝန်ထဲသို့ နစ်မြုပ်ခြင်း၊ သူ၏ အလုပ်မှ နုတ်ထွက်ခြင်း၊ သူ၏ မိသားစုကို စွန့်လွှတ်ခြင်းတို့ကို ပြုလုပ်လျှင်ပင် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မပေးအပ်လျှင်၊ ဘုရားသခင်အား သတိထားရှောင်လျှင် ဤသည်မှာ ကောင်းသော အခြေအနေဖြစ်သလော။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သော ပုံမှန်အခြေအနေ ဖြစ်သလော။ ဤအခြေအနေနှင့်ပတ်သက်ပြီး နောင်တွင် ကြီးထွားရင့်သန်လာမည့်အရာသည် ကြောက်မက်ဖွယ် မဖြစ်သလော။ လူတစ်ယောက်သည် ဤအခြေအနေ၌ ဆက်လက်၍ ရှိနေလျှင် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ အသက်ကို ရရှိနိုင်သလော။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) သင်တို့ကိုယ်တိုင် ဤအခြေအနေကိုပင် ပိုင်ဆိုင်သည်ကို သင်တို့ သတိပြုမိသလော။ ဤအရာကို သင်တို့ သတိပြုမိသောအခါ “ငါသည် အဘယ်ကြောင့် ဘုရားသခင်ကို အစဉ် သတိထားရှောင်နေသနည်း။ အဘယ်ကြောင့် ဤသို့ အစဉ် စဉ်းစားသနည်း။ ဤသို့ စဉ်းစားခြင်းသည် အလွန်ကြောက်စရာကောင်းသည်။ ဘုရားကို ဆန့်ကျင်ပြီး သမ္မာတရားကို ငြင်းပယ်နေခြင်းဖြစ်သည်။ ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းနှင့် တူညီသည်” ဟု စဉ်းစားမိသလော။ ဘုရားသခင်ကို သတိထားရှောင်သည့် အခြေအနေသည် သူခိုးတစ်ယောက်ကဲ့သို့ဖြစ်သည်။ အလင်းတွင် အသက်မရှင်ဝံ့ပေ။ သင်၏ မကောင်းဆိုးဝါးဆန်သော မျက်နှာကို ဖော်ထုတ်ရမည်ကို ကြောက်ရွံ့နေသည်။ တစ်ချိန်တည်းတွင် သင်သည် “ဘုရားသခင်ကို ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရပေ။ သူသည် အချိန်တိုင်း၊ နေရာတိုင်းတွင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်။ မိမိက ဘုရားကို စိတ်ဆိုးစေလျှင် အခြေအနေသိပ်မဆိုးလျှင် သူသည် မိမိကို ပြုပြင်မည်။ အခြေအနေဆိုးလျှင် သင့်ကို အပြစ်ဒဏ်ပေးမည်။ သင့်ကို နာမကျန်းဖြစ်အောင် ပြုလုပ်မည်၊ သို့မဟုတ် ဒုက္ခရောက်အောင်လုပ်မည်။ လူတို့သည် ထိုအရာများကို မခံနိုင်ပေ” ဟူ၍ ကြောက်ရွံ့နေသည်။ လူတို့တွင် ဤသို့ နားလည်မှုလွဲခြင်းများ မရှိသလော။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သော အခြေအနေမျိုးသည် ကြောက်မက်ဖွယ်ရာမဟုတ်သလော။ လူတစ်ယောက်သည် ဤအခြေအနေတွင် ရှိသောအခါ၊ သူသည် ဘုရားသခင်ကို သတိထားရှောင်သောအခါ၊ အစဉ်သဖြင့် ဤအတွေးများရှိသောအခါ၊ ဘုရားသခင်အပေါ်တွင် ဤသဘောထားမျိုး အစဉ်ရှိသောအခါ သူသည် ဘုရားသခင်ကို ဘုရားကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သလော။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်သလော။ လူတစ်ယောက်သည် ဤပုံစံဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံသောအခါ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ အနည်းဆုံးအနေဖြင့် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လက်မခံသကဲ့သို့ သူ၏ အမှုတော်၏ အမှန်တရားကိုလည်း လက်မခံပေ။ ၎င်းတို့က “ဘုရားသခင်က သနားကရုဏာထားပြီး ချစ်ခင်သည်မှာ မှန်သည်။ သို့သော်လည်း သူသည် အမျက်ဒေါသလည်း ထွက်သည်။ ဘုရားသခင်၏ အမျက်ဒေါသက လူတစ်ယောက်အပေါ် ကျရောက်သောအခါ ဘေးဒုက္ခရောက်ခြင်းပင်ဖြစ်သည်။ သူသည် လူတို့ကို အချိန်မရွေးသေအောင် ရိုက်နိုင်သည်။ သူဆန္ဒရှိသည့် မည်သူကိုမဆို ဖျက်ဆီးနိုင်သည်။ ဘုရားသခင်၏ ဒေါသကို မဆွနှင့်။ သူ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသည် မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြုဆိုသည်မှာ မှန်သည်။ သူနှင့် ဝေးဝေးတွင်နေလော့” ဟု စဉ်းစားကြသည်။ လူတစ်ယောက်သည် ဤသဘောထားမျိုးနှင့် ဤအယူအဆများ ရှိလျှင် သူသည် ဘုရားသခင်ရှေ့သို့ အပြည့်အဝ၊ ရိုးသားစစ်မှန်စွာ လာရောက်နိုင်သလော။ မလာရောက်နိုင်ပေ။ ဤသို့ဆိုလျှင် သူနှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခု မရှိသလော။ ၎င်းတို့နှစ်ဦးကို ခွဲခြားသည့် အရာများစွာ မရှိသလော။ (ရှိပါသည်။) မည်သည့်အရာများက လူတို့ကို ဘုရားသခင်ရှေ့မှောက် လာရောက်ရန် တားဆီးသနည်း။ (၎င်းတို့၏ အနာဂတ်များနှင့် ကံတရားများဖြစ်သည်။) (ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဖြစ်သည်။) အခြားမည်သည့်အရာရှိသနည်း။ မည်သည့်အရာများက လူတို့အား သမ္မာတရားကို အလွန်အမင်း မနှစ်မြို့စေရန် သမ္မာတရားကို ငြင်းပယ်စေရန်၊ ဘုရားသခင်၏ အသက်ပံ့ပိုးမှုနှင့် သူ၏ကယ်တင်ခြင်းကို ငြင်းပယ်စေရန် လုပ်ဆောင်သနည်း။ ဤအရာကို တွေးဆကြည့်လော့။ လူတို့၏ မည်သည့်အစိတ်အပိုင်းများက လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ရိုးသားစစ်မှန်စွာ လာခြင်းကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို ဘုရားသခင်အား ဦးဆောင်စေပြီး အချုပ်အခြာအာဏာ ကိုင်စွဲစေရန် ပေးအပ်ခြင်းကိုလည်းကောင်း တားဆီးနေသနည်း။ မည်သည့်အရာများက လူတို့ကို ဘုရားသခင်အား ကြောက်ရွံ့စေသနည်း။ ဘုရားသခင်အား နားလည်မှုလွဲစေသနည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့်အပြင် စာတန်ဆန်သော အတွေးအခေါ်များ၊ စာတန်ဆန်သော အတွေးများလည်းရှိသည်။ ၎င်းတို့သည် လှည့်စားတတ်သည်။ နေရာတိုင်းတွင် ဘုရားသခင်ကို သတိထားရှောင်ပြီး ဘုရားသခင်အား သံသယရှိကာ နားလည်မှုလွဲသည်။ ၎င်းတို့သည် ဤအရာများအားလုံးဖြင့် ရောနှောနေသောအခါ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်နိုင်သလော။ ဘုရားနှုတ်ကပတ်တော်များကို သူ၏ အသက်အဖြစ် လက်ခံနိုင်သလော။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များကို ငါ နေ့စဉ်စားသောက်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး တို့ထိခြင်းခံရသောအခါ ငါ ဆုတောင်းသည်။ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် တန်ဖိုးထားသည်။ ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ပြီး မကြာခဏ တိတ်တဆိတ် ဆုတောင်းသည်။ ဘုရားသခင်ကို ချီးမွမ်းသည့် ဓမ္မတေးများ သီဆိုသည်” ဟု ဆိုကြသည်။ ဤသို့သော ဝိညာဉ်အသက်တာက ကောင်းမွန်သော်လည်း ဤလူတို့သည် ၎င်းတို့အပေါ် ကျရောက်သော အမှုအရာများကို တုံ့ပြန်သောအခါတွင် မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို အမှီပြုနေဆဲဖြစ်လျှင်၊ သမ္မာတရားကို လုံးဝ မရှာဖွေလျှင်၊ ၎င်းတို့နားလည်သည့် အယူဝါဒများထဲမှ မည်သည့်အရာကမျှ ၎င်းတို့အပေါ် သက်ရောက်မှုမရှိလျှင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ လူတို့သည် သမ္မာတရားကို မချစ်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားသည်ဟု အခိုင်အမာ ဆိုကြသော်လည်း ဘုရားနှုတ်ကပတ်တော်တို့နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆ မကြည့်ကြပေ။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ အလွန်ပင် ဒုက္ခပေးသည်။ ထို့နောက်တွင် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် လူတို့အတွက် အလွန်ခက်ခဲသည်။ လူတို့သည် သမ္မာတရားကို လုံးဝ နားမလည်သကဲ့သို့ ဘုရားသခင်အား စိုးစဉ်းမျှ သိမြင်မှုမရှိပေ။ ထို့ကြောင့် ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နားလည်မှုလွဲခြင်းများ သေချာပေါက်ရှိကြကာ ဘုရားသခင်နှင့် ၎င်းတို့ကြားတွင် နံရံတစ်ခုခြားနေသည်။ သင်တို့အားလုံး ဤအရာကို ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးကြသလော။ သင်က “ငါသည် ဘုရားသခင်ကို သတိထားရှောင်ခြင်း မပြုလိုပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လိုသည်။ သို့သော် ငါ့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ မထိန်းနိုင်ဘဲ ဘုရားသခင်ကို သတိထားရှောင်မိသည်။ ငါသည် ကိုယ့်ခံစားချက်နှင့်ကိုယ် သီးသန့်ခွဲနေကာ ဘုရားသခင်နှင့် ခွဲခွာလိုသည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် စာတန်ဆန်သော အတွေးအခေါ်များကို အသုံးပြုလိုသည်။ ငါ့၌ မည်သည်သို့ဖြစ်နေသနည်း” ဟု ပြောသည်။ ဤသည်မှာ လူတို့တွင် သမ္မာတရားမရှိ၊ စာတန်ဆန်သော အတွေးအခေါ်များနှင့် အသက်ရှင်ဆဲဖြစ်သည်၊ စာတန်၏ ထိန်းချုပ်ခြင်းကို ခံရဆဲဖြစ်သည်ဆိုသည်ကို ပြသည်။ ဤသည်မှာ လူတို့၏ စာတန်ဆန်သော သဘာဝကြောင့် ၎င်းတို့တွင် ရှိသော သနားဖွယ်ရာ ပုံသဏ္ဌာန်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် ခက်ခဲသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အတားအဆီးဖြစ်သည်။ ဤပြဿနာကို မဖြေရှင်းလျှင် ဘုရားသခင်ကို မိမိ၏ စိတ်နှလုံးပေးအပ်ရန်အတွက်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိရန်အတွက်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် လူတစ်ယောက်အဖို့ ခက်ခဲသည်။ ဤအရာကို သင်တို့အားလုံး ကြုံတွေ့ပြီးသလော။ ဤအမှုကိစ္စကို မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး သိမြင်ဖို့ ကြိုးစားရမည်။ မည်သည့်အရာများက သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်းကို တားဆီးနေသည်ကို ကြည့်ရမည်။ ဤပြဿာနာအား ဖြေရှင်းခြင်းသည် အဓိကအချက်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။