သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည် (အပိုင်း နှစ်)

လက်ရှိအချိန်တွင် သင်တို့တာဝန်များကို သင်တို့ထမ်းဆောင်သောအခါ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတိုင်း၏ ဘောင်ခတ်ခြင်းကို သင်တို့ခံရရန် ဖြစ်နိုင်သေးသလော။ သမ္မာတရားကို သင်တို့ ကိုင်စွဲနိုင်ပြီး အမှုအရာများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ဤသို့ဆိုလျှင် သင်တို့၌ မည်သည့်အခက်အခဲများ ရှိတတ်သနည်း။ (တစ်ခါတစ်ရံတွင် အခြားသောလူများက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား ထိခိုက်သောအရာများကို လုပ်ဆောင်နေသည်ကို ကျွန်ုပ်မြင်သောအခါ ကျွန်ုပ်က ထောက်ပြသည်။ သို့သော် ၎င်းတို့က လက်မခံသည်ကိုဖြစ်စေ၊ ၎င်းတို့၌ မကောင်းသော သဘောထား ရှိသည်ကိုဖြစ်စေ ကျွန်ုပ် မြင်သောအခါ ကျွန်ုပ်သည် စတင်ငြင်းခုံရမည်ကို ကြောက်ရွံ့သောကြောင့် အလျှော့ပေးလိုက်သည်။) အလျှော့ပေးခြင်းက မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားသည်။ သို့သော် ကျွန်ုပ်က ဤအမှုကိစ္စကို ဖိအားပေးလျှင် ငြင်းခုံမှုစတင်ဖြစ်ပွားပြီး ငြိမ်သက်ခြင်းအား ဖျက်ဆီးမိမည်ကို ကြောက်ရွံ့သည်။ ပြီးလျှင် လူတို့က ကျွန်ုပ်အပေါ် အမြင်ကောင်းမည်မဟုတ်။) သင်သည် ငြင်းခုံမှုများကို ရှောင်လိုလျှင် ညှိနှိုင်းခြင်းသည် တစ်ခုတည်းသောနည်းလမ်းဖြစ်သလော။ မည်သည့်အခြေအနေများတွင် သင် ညှိနှိုင်းနိုင်သနည်း။ သင်၏ကိုယ်ကျိုး၊ သို့မဟုတ် သင်၏ ဂုဏ်ကဲ့သို့သော သေးငယ်သောကိစ္စများနှင့်သက်ဆိုင်လျှင် ငြင်းခုံစရာမလိုပေ။ သည်းခံရန်၊ သို့မဟုတ် ညှိနှိုင်းရန် ရွေးချယ်နိုင်သည်။ သို့သော် အသင်းတော်အလုပ်ကို ထိခိုက်နိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို နစ်နာစေနိုင်သော ကိစ္စများတွင် စည်းမျဉ်းများကို လိုက်နာရမည်။ ဤစည်းမျဉ်းကို သင် မစောင့်ထိန်းလျှင် သင်သည် ဘုရားသခင်အပေါ် သစ္စာမရှိခြင်းဖြစ်သည်။ သင်သည် သိက္ခာဆည်ရန်၊ သို့မဟုတ် သင်၏ အပြန်အလှန် ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများကို ထိန်းသိမ်းရန်အတွက် ညှိနှိုင်းပြီး သမ္မာတရားစည်းမျဉ်းများကို စွန့်လွှတ်ရန် သင်ရွေးချယ်လျှင် ဤသည်မှာ သင်က တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဟုတ်လော။ ဤသည်မှာ သင်၏တာဝန်တွင် တာဝန်မသိတတ်သော၊ ဘုရားသခင်အပေါ် သစ္စာမရှိသော လက္ခဏာမဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်၏တာဝန်လမ်းကြောင်းတွင် လူတိုင်းက သဘောထားကွဲလွဲသော အချိန်ရောက်လာလျှင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ယင်းနှင့်ပတ်သက်၍ သင်၏ အစွမ်းရှိသမျှ ငြင်းခုံခြင်းက ပြဿနာကို ပြေလည်စေမည်လော။ (မပြေလည်ပါ။) ဤသို့ဆိုလျှင် ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤအခြေအနေတွင် သမ္မာတရားကို နားလည်သူသည် ပြဿနာကို ဖြေရှင်းရန် ရှေ့ထွက်သင့်သည်။ ရှေးဦးစွာ ပြဿနာကို ရှေ့တွင်ချပြီး နှစ်ဖက်လုံး၏ ထင်မြင်ချက်များကို ပြောခွင့်ပေးသင့်သည်။ ထို့နောက်တွင် လူတိုင်းက သမ္မာတရားကို အတူတကွ ရှာရန်ဖြစ်သည်။ ဘုရားသခင်ထံ ဆုတောင်းပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်ရှိ သက်ဆိုင်မှုရှိသော သမ္မာတရားကို ဆက်လက်၍ မိတ်သဟာယဖွဲ့ရန် ထုတ်ယူဖို့ ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများကို ၎င်းတို့ မိတ်သဟာယဖွဲ့ပြီး ရှင်းလင်းမှုရရှိပြီးသည့်နောက်တွင် နှစ်ဖက်လုံးက ကျိုးနွံနာခံနိုင်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားအပေါ် ကျိုးနွံနာခံရန် သင်ယူရမည်။ လူအများစုက သမ္မာတရားကို ကျိုးနွံနာခံနိုင်သော်လည်း သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိသောသူ၊ သို့မဟုတ် ကျိုးကြောင်းပြပြောဆို၍ မရနိုင်သောသူ အနည်းငယ်ရှိလျှင် ၎င်းတို့သည် သမ္မာတရားကို လက်မခံသောသူများဖြစ်ကြပြီး ၎င်းတို့၏ သဘာဝသည် ဆိုးယုတ်လူတို့၏ သဘာဝဖြစ်သည်။ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လွယ်ကူစွာ ပိုင်းခြားသိမြင်လိမ့်မည်။ ဤသည်မှာ အသင်းတော်တွင် ငြင်းခုံမှုပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးပြုခြင်းသည် အရေးကြီးသော စည်းမျဉ်းတစ်ခုဖြစ်ပြီး စည်းမျဉ်းမရှိသော ညှိနှိုင်းမှုများကို မပြုလုပ်နိုင်ပါ။ သင်၏ တစ်ကိုယ်ရေ ဆက်ဆံရေးများ၊ ဂုဏ်သိက္ခာနှင့် ကိုယ်ကျိုးတို့ကို ထိန်းသိမ်းရန်အတွက် သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်နိုင်လျှင် သင်သည် စာတန်နှင့် အပေးအယူလုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းနှင့် မညီသကဲ့သို့ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု မရှိခြင်း ဖြစ်သည်။ လူတစ်ဦးချင်းစီက မိမိတို့၏ တစ်ကိုယ်ရေ သိက္ခာဆည်ရန် ကြိုးစားပြီး မိမိတို့၏ ကိုယ်ပိုင်အကြောင်းပြချက်များအပေါ် အလေးထားပါက ဤသည်မှာ သမ္မာတရားအား ရှာဖွေခြင်း သဘောထားဖြစ်သလော။ ဤသည်မှာ မိမိတို့တာဝန်တွင်ရှိသင့်သော သဘောထားဟုတ်သလော။ (မဟုတ်ပါ။) လူတစ်ယောက်အနေဖြင့် သူ၏တာဝန်တွင် သစ္စာစောင့်သိမှုကို ရရှိရန်အတွက် သူသည် ဂုဏ်သတင်း၊ သို့မဟုတ် ကိုယ်ကျိုးအတွက် မယှဉ်ပြိုင်သင့်ပေ။ သူသည် ဘုရားသခင်အား ဩဇာအာဏာ ရှိစေသင့်ပြီး သမ္မာတရားအား သူ၏ အရှင်သခင်ဖြစ်စေသင့်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများသည် အရေးကြီးဆုံးဖြစ်ပြီး ထိရောက်မှုရှိသောအလုပ်သည် အရေးကြီးဆုံးဖြစ်သည်။ ဤစည်းမျဉ်းသည် မမှန်ကန်သလော။ (မှန်ကန်သည်။) သင်တို့အားလုံးသည် ဤစည်းမျဉ်းကို လိုက်နာနိုင်လျှင် လူတို့နှင့် ငြင်းခုံစရာ မည်သည့်အရာကျန်သနည်း။ ငြင်းခုံမှုများ ရှိမည်မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ်ကာကွယ်ပြီး သမ္မာတရားအား လုံးဝ လက်တွေ့မလုပ်ဆောင်သူတို့သည် လူကောင်းများမဟုတ်ဘဲ အခြားလူများထံမှ မျက်နှာသာရရန်အတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အစဉ်သစ္စာဖောက်သောသူများက ပို၍ပင် ဆိုးသည်။ ဤလူတို့အားလုံးသည် မယုံကြည်သူများဖြစ်ကြပြီး ဘုရားသခင်ကို သစ္စာဖောက်သူများဖြစ်သည်။ လူတစ်ယောက်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်အလုပ်၏ ထိရောက်မှုကို ကာကွယ်ရန်အတွက် သဘောထားကွဲလွဲပြီး ငြင်းခုံကာ ၎င်းတို့၏ သဘောထားက အနည်းငယ် အလျှော့ပေးခြင်းမရှိလျှင် ဤသည်မှာ ပြဿနာဖြစ်သည်ဟု သင်တို့ ဆိုမလော။ (မဆိုပါ။) ၎င်းတို့၏ ရည်ရွယ်ချက်က မှန်ကန်သောကြောင့်ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ ဘုရားဘက်တွင် ရပ်တည်ပြီး သမ္မာတရားစည်းမျဉ်းများကို လိုက်နာသောသူ၊ ဘုရားသခင်က ဝမ်းမြောက်သောသူဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သောအခါတွင် ပြင်းထန်သော၊ ပြတ်သားသော သဘောထားရှိခြင်းသည် မြဲမြံစွာ ရပ်တည်ခြင်း၊ စည်းမျဉ်းများကို လိုက်နာခြင်း၏ လက္ခဏာဖြစ်ပြီး ဘုရားသခင်က သဘောကျသည်။ ဤသဘောထားတွင် ပြဿနာတစ်ခုရှိသည်ဟု လူများက ခံစားနိုင်သည်။ သို့သော် ဤသည်မှာ ကြီးမားသော အရာမဟုတ်ပေ။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းနှင့် မသက်ဆိုင်ပေ။ သတိရလော့။ သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်းသည် အရေးကြီးဆုံးအရာဖြစ်သည်။

အသက်ဝင်ရောက်မှုသည် အရေးပါဆုံးသောအရာဖြစ်သည်။ အသက်ဝင်ရောက်မှုက အဓိကအားဖြင့် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ (သမ္မာတရားအား လိုက်စားခြင်းဖြင့် ဆက်စပ်နေသည်။) မှန်သည်။ အဓိကအားဖြင့် သမ္မာတရားအား လိုက်စားခြင်းနှင့် ဆက်စပ်နေသည်။ သမ္မာတရားအား လိုက်စားသောသူတို့သာ အသက်ဝင်ရောက်မှုရှိသည်။ လူတို့သည် အသက်ဝင်ရောက်မှု ရှိလိုလျှင် ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည်။ လူတစ်ဦးသည် သမ္မာတရားအား လိုက်စားခြင်းရှိမရှိကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ မည်သည့်လူစားမျိုးက သမ္မာတရားကို မလိုက်စားသနည်း။ သင်သိသလော။ ငါပြောဆိုသည့် ပထမအမျိုးအစားမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ (လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သော ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် ၎င်းတို့၏ ကိုယ်ပိုင်အခြေအနေများ၊ သရုပ်သကန်များကြား၌ ဆက်စပ်မှုတစ်ခုကို ဆွဲမထုတ်နိုင်ပါ။ ဘုရားသခင်က အခြားလူများအကြောင်းပြောနေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။) အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ်ချိန်ဆ မကြည့်နိုင်ခြင်းဖြစ်သည်။ သို့သော် ဤအရာကို ၎င်းတို့ သိသလော။ (မသိပါ။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့သည် ဤအရာများကို သဘောပေါက်နိုင်စွမ်းမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် ရွှင်ပျနေဆဲဖြစ်သည်။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များစွာကို နားလည်သည်ဟု ထင်သည်။ သို့သော် အမှန်တကယ်တွင် နှုတ်ကပတ်တော်တိုင်းသည် ၎င်းတို့အတွက် စည်းမျဉ်းစည်းကမ်းတစ်ခုသာ ဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်က ငါ့ကို ခိုင်းစေသည့်အရာမှန်သမျှကို ငါ လုပ်ဆောင်ခဲ့သည်။ ငါ့ကို သူ စွန့်လွှတ်ခိုင်းသည့်အရာမှန်သမျှကို ငါ စွန့်လွှတ်ခဲ့ပြီး ငါ့ကိုယ်ငါ အသုံးခံဖို့ သူစေခိုင်းသည့်အခါတွင်လည်း ငါ အသုံးခံခဲ့သည်။ ဘုရားသခင်ကို ဤသို့ ကျိုးနွံနာခံခြင်းအားဖြင့် ငါသည် ကယ်တင်ခြင်းခံရသည်” ဟု ထင်ကြသည်။ နှစ်အတန်ကြာ ဤသို့ ယုံကြည်ပြီးနောက်တွင် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ဟု ပေါလု ပြောခဲ့သကဲ့သို့ ၎င်းတို့၌ အရင်းအနှီးရှိသည်ဟု ထင်ကြသည်။ မည်သည့်ပုံစံဖြင့် ပြောသည်ဖြစ်စေ ပေါလု၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ဤသည်မှာ အမှန်ပင် သနားစဖွယ်ဖြစ်သည်။ သူ့၌ ဝိညာဉ်ရေးရာ သဘောပေါက်နားလည်မှုမရှိသောအခါတွင် ဒုက္ခပေးနေပြီဖြစ်သည်။ သို့သော် ဤအရာအပြင် သူသည် သမ္မာတရားကို မလိုက်စားခဲ့ပေ။ သူသည် သူ၏ ကိုယ်ပိုင်အယူဝါဒ၊ ဆောင်ပုဒ်များ၊ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများ၊ အသိပညာနှင့် အတွေးအခေါ်များအားလုံးတို့ကို သမ္မာတရားအဖြစ် မှတ်ယူပြီး သူ၏ ကိုယ်ပိုင်လိုက်စားမှုများကို ချဲ့ထွင်ရန် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် မည်သည့်အရာကို သူလုပ်ဆောင်သည်ဖြစ်စေ သူသည် သမ္မာတရားစစ်မှန်မှုများကို အသက်ရှင်နေထိုင်နေခြင်းမဟုတ်ဘဲ မည်သည့်အရာကို သူလုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်၏ ရည်ရွယ်ချက်များဖြင့် မကိုက်ညီပေ။ သူ၏ ပြဿနာမှာ ပြင်းထန်သည်။ ပေါလုသည် ဝိညာဉ်ရေးရာ နားလည်မှုကင်းမဲ့ခြင်းနှင့် ပတ်သက်သောအခါ၌ အဆိုးဝါးဆုံးဖြစ်သည်။ မမှန်သလော။ (မှန်ပါသည်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူတို့သည် သမ္မာတရားကို ချစ်သလော။ လုံးဝ မချစ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသောသူများသည် သမ္မာတရားကို သဘောပေါက်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ သဘောမပေါက်လျှင် သမ္မာတရားကို ၎င်းတို့ ချစ်နိုင်ဖို့ မဖြစ်နိုင်ပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့သည် မိမိတို့ကိုယ်ကို မည်သို့ ပေါ်လွင်စေသနည်း။ အဓိက သရုပ်သကန်မှာ လူတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် ပတ်သက်ပြီး ၎င်းတို့ကို မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က နားမလည်သေးပေ။ ပြီးလျှင် လူတို့က သမ္မာတရားနှင့်ပတ်သက်ပြီး ၎င်းတို့ကို မည်မျှရှင်းလင်းစွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က သဘောပေါက်နိုင်စွမ်းမရှိဆဲ ဖြစ်သည်။ ဤသည်မှာ အစွမ်းအစနိမ့်ကျလွန်းခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသောသူတို့သည် သမ္မာတရားကို လိုက်စားနိုင်သလော။ ၎င်းတို့သည် ဆန္ဒရှိလျှင်ပင် မလိုက်စားနိုင်ပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူတို့သည် ဘုရားသခင်ပြောဆိုနေသည့်အရာကို နားမလည်နိုင်ပေ။ ဘုရားသခင်က မည်သည့်အခြေအနေများအား ဖော်ထုတ်သည်ကို မသိပေ။ ပြီးလျှင် မိမိတို့နှင့်ပတ်သက်သည့် နှိုင်းယှဉ်ချက်များ မချမှတ်နိုင်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအားလုံးကို စည်းမျဉ်းစည်းကမ်းများ၊ စကားစုများ၊ ဆောင်ပုဒ်များနှင့် အယူဝါဒများအဖြစ် မှတ်ယူပြီး ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို လုံးဝ မသိကြပေ။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ အစွမ်းအစက နိမ့်လွန်းနေခြင်းဖြစ်သည်။ ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်းကို လုံးဝ မပိုင်ဆိုင်ကြသကဲ့သို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းကို ပြသနေသည်။

ဒုတိယအမျိုးအစားမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူများဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူများသည် သမ္မာတရားကို နားလည်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ စားသောက်သောအခါ နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်နိုင်သည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာကို ဖော်ထုတ်နေသည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်တွင် မည်သည့်သမ္မာတရားများ ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသည်ကိုလည်းကောင်း နားလည်နိုင်သည်။ နားလည်နိုင်စွမ်းရှိခြင်းသည် ဝင်ရောက်မှုရှိခြင်းနှင့် ညီမျှသလော။ (မညီမျှပါ။) ဤသို့ဆိုလျှင် ၎င်းတို့က နားလည်နိုင်သည်ဟု ငါဆိုသောအခါ၌ မည်သည့်အရာကို ညွှန်းဆိုနေခြင်း ဖြစ်သနည်း။ မည်သည့်အရာကို ကိုင်တွယ်နေခြင်း ဖြစ်သနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်နိုင်သည်။) မိမိတို့ဖြင့် နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်နိုင်ခြင်းသည် ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ဖော်ထုတ်သည့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခြေအနေအမျိုးအစားတိုင်းကို ဝန်ခံကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့်အရာကို သိနိုင်စွမ်းရှိသလော။ အတိုင်းအတာတစ်ခုအထိ သိသင့်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များကို သိသင့်သည်။ ဘုရားနှုတ်ကပတ်တော်တွင် မည်သည့်စည်းမျဉ်းများအကြောင်း ပြောဆိုသည်၊ သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့ကို သိသင့်သည်။ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြီး နားလည်သည်။ ဤအတွက်ကြောင့် ၎င်းတို့ကို ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများဟု ခေါ်ခြင်းဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများက ဘုရားနှုတ်ကပတ်တော်ကို စားသောက်သောအခါ၌ မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်နိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာအား ညွှန်းဆိုနေသည်၊ သူ၏ တောင်းဆိုချက်များက မည်သည့်အရာများ ဖြစ်သည်ဆိုသည်ကို နားလည်နိုင်ကြသည်။ ဤသည်မှာ ဤလူအမျိုးအစားသည် သမ္မာတရားကို သဘောပေါက်နားလည်ရန် အစွမ်းအစနှင့် အရည်အချင်းအား ပိုင်ဆိုင်သည်ကို ပြသည်။ ဤသို့ဆိုလျှင် ဤအစွမ်းအစနှင့် အရည်အချင်းကို ပိုင်ဆိုင်ခြင်းက ၎င်းတို့တွင် အသက်ဝင်ရောက်မှုရှိသည်ဟု သေချာပေါက်ဆိုလိုသလော။ (မဆိုလိုပါ။) မတူညီသော ဖြစ်နိုင်ချေအချို့ရှိသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်ကို နားလည်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်ကို သဘောပေါက်နားလည်ရန် အစွမ်းအစနှင့် အရည်အချင်းကို ပိုင်ဆိုင်သည်။ သို့သော် မိမိတို့ကိုယ်ကိုဖြင့် မည်သည့်အခါမျှ နှိုင်းယှဉ်ချိန်ဆမကြည့်ဖူးပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် အခြားလူများကြားတွင်သာ နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်သည်။ အခြားလူများရှိ အားနည်းချက်များကို ရှာဖွေသည်။ ထိုလူတို့အပေါ် အနိုင်ယူရန်အတွက် ထိုလူတို့၏ ချို့ယွင်းချက်များကို အသုံးပြုသည်။ ၎င်းတို့၏ အခြေအနေများအပေါ် အမှားရှာသည်။ စုံစမ်းထောက်လှမ်းသူတစ်ဦးဖြစ်သည့်အလား ၎င်းတို့၏ စိတ်ကို ဖတ်ဖို့ ကြိုးစားသည်။ ၎င်းတို့၌ အခြားမည်သည့်အရာမျှ လုပ်စရာမရှိသောအခါတွင် အခြားလူများတွေးသည့်အရာကို ပြန်ပြောင်းစဉ်းစားသည်။ လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာတွေးနေသည်ကိုလည်းကောင်း၊ ၎င်းတို့စိတ်နှလုံး၌ မည်သည့်အတွေးများ၊ စိတ်ကူးများရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့ ချိန်ရွယ်ချက်၊ ၎င်းတို့၏ အရင်းအခံအကြောင်း၊ ၎င်းတို့မျှော်လင့်သည့်အရာတို့က မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အမှုအရာများအား လုပ်ဆောင်စဉ်တွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည်ကိုလည်းကောင်း ရှာဖွေတွေ့ရှိဖို့ ကြိုးစားကြသည်။ ဤအရာများအား ရှာဖွေတွေ့ရှိရာ၌ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ အခြားလူများကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ချိန်ဆချက်များချမှတ်ကာ ထို့နောက်တွင် ၎င်းတို့၏ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။ ဥပမာအနေဖြင့် “မောင်လှ”နေထိုင်သော ပတ်ဝန်းကျင်၊ သူ၏ မိသားစုနောက်ခံက အဘယ်သို့ရှိသည်၊ ဘုရားသခင်ကို သူယုံကြည်ခဲ့သည်မှာ နှစ်မည်မျှရှိသည်၊ သူ့တွင် ပုံမှန်အားဖြင့် မည်သည့်ပြဿနာ ရှိသည်၊ သူ၏ စိတ်သဘောထားပြောင်းလဲခြင်းအား လိုက်စားသောအခါတွင် သူ့၌ မည်သည့်အားနည်းချက်များရှိသည်၊ အမှုအရာများ ဖြစ်ပျက်သောအခါ မည်သည့်အခက်အခဲများ မကြာခဏ ရှိသည်၊ သူ့အတွက် မည်သည့်အခြေအနေတွင် အပျက်သဘောဆောင်လာဖို့ လွယ်ကူသည်၊ သူ၏တာဝန်ကို မည်မျှကောင်းစွာ ထမ်းဆောင်သည်၊ ဘုရားနှုတ်ကပတ်တော်များကို သူမည်သို့ ချဉ်းကပ်သည်၊ ပြီးလျှင် သူ၏ ဝိညာဉ်ရေးရာအသက်တာက ပုံမှန်ဟုတ်မဟုတ်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများအားလုံးကို ရှင်းလင်းစွာ နားလည်သဘောပေါက်မှုရှိသည်။ ၎င်းတို့သည် အလွန်ဉာဏ်ထက်မြက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းတို့သည် ၎င်းတို့၏ အသိဉာဏ်ကို သင့်တော်သောနေရာ၌ အသုံးမချပေ။ အခြားလူများ၏ ပြဿနာများကို ၎င်းတို့ ဖြေရှင်းသော်လည်း ၎င်းတို့ကိုယ်၌က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤလူစားမျိုးသည် မကြာခဏပင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး၊ သို့မဟုတ် တာဝန်ပမာဏတစ်ခုခုရှိသောသူတစ်ဦး ဖြစ်သည်။ ဤလူစားမျိုးတွင်ရှိသော ဤလိုက်စားမှုနည်းလမ်းသည် ပြဿနာဖြစ်စေတတ်သလော။ (ဖြစ်စေတတ်ပါသည်။) ဤလိုက်စားမှုနည်းလမ်းသည် ပြဿနာဖြစ်စေတတ်ပြီး အလွန်ပင် ပြင်းထန်ဆိုးရွားလေသည်။ မည်မျှပြင်းထန်ဆိုးရွားသနည်း။ ဤအရာကို ငါတို့ မိတ်သဟာယဖွဲ့သင့်သည်။ ဤလူစားမျိုးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်။ ဘုရားနှုတ်ကပတ်တော်ကို နားလည်သည်။ ဘုရားနှုတ်ကပတ်တော်ဖြင့် မည်သို့ နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်နိုင်သည်ကို သိသည်။ သို့သော် မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်ဖြင့် မည်သည့်အခါမျှ နှိုင်းယှဉ်ချိန်ဆ၍ မကြည့်ပေ။ ဤအစား အခြားလူများကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်သည်။ အခြားလူများဖြင့် နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ (ကြွားဝါရန် ဖြစ်သည်။) မှန်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန်၊ ၎င်းတို့၏ အဆင့်အတန်းကို ပို၍ စိတ်ချရစေရန်၊ ၎င်းတို့အနေဖြင့် လူတို့၏ စိတ်နှလုံးကို ပို၍ ဆွဲဆောင်နိုင်စွမ်းရှိစေရန် ကြွားဝါခြင်း ဖြစ်သည်။ ၎င်းတို့က ဤသို့လုပ်ဆောင်နိုင်သည့်အချက်မှာ ၎င်းတို့၏ သဘာဝနှင့် ဆက်စပ်နေပြီး ဘုရားသခင်အား ယုံကြည်သောအခါတွင် ၎င်းတို့လိုက်စားသည့်အရာနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့သည် အမှုအရာများအပေါ် အပြည့်အဝစိတ်နှစ်သည်၊ ၎င်းတို့အလုပ်ကို အပြည့်အဝ လုပ်ဆောင်သည်ဆိုသည့် အချက်ဖြင့်လည်းကောင်း၊ အခြားလူများတွင်ရှိသော အမျိုးမျိုးသော အခြေအနေအားလုံးကို ကောင်းစွာ နားလည်သဘောပေါက်နိုင်သည့်အချက်ဖြင့်လည်းကောင်း အကဲဖြတ်ရလျှင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူများဖြစ်သည်ဟု ဆိုနိုင်သလော။ ဆိုနိုင်ချင်မှ ဆိုနိုင်ပေမည်။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားသူ ဟုတ်မဟုတ်ဆိုသည်ကို မည်သို့ပြောနိုင်သနည်း။ သူသည် ညီအစ်ကိုမောင်နှများ၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်သောအခါ၌ အထူးပင် တာဝန်သိတတ်လျှင်၊ အမှုအရာများ၌ အလွန်ပင်စိတ်နှစ်ပြီး အလုပ်လုပ်လျှင်၊ သူ၏အလုပ်ကို ကောင်းစွာလုပ်ဆောင်လျှင်၊ ညီအစ်ကိုမောင်နှမများ၌ ရှိသော အခြေအနေအမျိုးအစားတိုင်းနှင့်ပတ်သက်ပြီး သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ ထို့နောက် ပြဿနာများကို ဖြေရှင်းလျှင် သူ၏တာဝန်ကို ဤသို့ ထမ်းဆောင်နိုင်ခြင်းအားဖြင့် သူသည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်ဖြစ်သလော။ သူ၏ ဤသရုပ်သကန်များနှင့် ထုတ်ဖော်မှုများအား အကဲဖြတ်ခြင်းဖြင့် သူသည် သမ္မာတရားအား လိုက်စားသူဖြစ်သည်ဆိုသည်ကို သေချာနိုင်သလော။ (မလွဲဧကန် သေချာခြင်းမရှိနိုင်ပါ။) အဘယ်ကြောင့်နည်း။ (အခြားလူများ၏ ပြဿနာများကို ၎င်းတို့ ဖြေရှင်းနိုင်သော်လည်း ၎င်းတို့ကိုယ်တိုင် ဘုရားနှုတ်ကပတ်တော်နှင့် မည်သည့်အခါမျှ နှိုင်းယှဉ်ချိန်ဆ၍ မကြည့်ဖူးပါ။) ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းခဲ့လျှင် အခြားလူများ၏ ပြဿနာများကို အဘယ်သို့ ဖြေရှင်းသနည်း။ (ယင်းတို့ကို ဖြေရှင်းရန် စကားလုံးများနှင့် အယူဝါဒများကို ၎င်းတို့ အမှီပြုသည်။) ၎င်းတို့သည် အချို့သော စကားလုံးများနှင့် အယူဝါဒများကို နားလည်သည်။ ပါးနပ်မှုအချို့ရှိသည်။ ကောင်းသော မှတ်ဉာဏ်ရှိသည်။ အမှုအရာများအပေါ် လျင်မြန်စွာ တုံ့ပြန်သည်။ ပြီးလျှင် တရားဒေသနာတစ်ပုဒ်ကို ၎င်းတို့ ကြားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် အခြားလူများထံ ချက်ချင်းသွား၍ ကြွားဝါပြောဆိုနိုင်သည်။ ဤအရာများကို အကဲဖြတ်ခြင်းဖြင့် ၎င်းတို့၌ အသက်ဝင်ရောက်မှုရှိသလော။ (မရှိပါ။) အခြားလူများ၏ အခက်အခဲများကို ဖြေရှင်းသော်လည်း ၎င်းတို့ကိုယ်တိုင်၏ အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းခြင်းသည် သမ္မာတရားအား လိုက်စားခြင်း၏ သရုပ်သကန်တစ်ခုမဟုတ်။ ၎င်းတို့သည် အခြားလူများကို အယုံသွင်းပြီး သိမ်းသွင်းစည်းရုံးရန်အတွက် အယူဝါဒနှင့် ဘုရားနှုတ်ကပတ်တော်များကိုသာ အသုံးပြုသည်၊ သို့မဟုတ် နည်းဗျူဟာနှင့် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ ၎င်းတို့သည် လူတို့အား ဆင်းရဲဒုက္ခမခံရစေရန် ကူညီပေးဖို့အတွက် ၎င်းတို့နားလည်သည့် စကားများ၊ အယူဝါဒများကို အသုံးပြုသည်၊ သို့မဟုတ် ဘဝအတွေ့အကြုံဆိုင်ရာ စကားများကို အတုခိုးပြီး ကူးချသည်။ ၎င်းတို့သည် အခြားလူများ၏ အခက်အခဲများကို ဖြေရှင်းရန်အတွက် ၎င်းတို့ကိုယ်တိုင် ဖြတ်သန်းခဲ့ရသည့်အရာနှင့် ၎င်းတို့၏ အမှန်တကယ် အတွေ့အကြုံများကို အသုံးပြုခြင်းအစား ဤနည်းလမ်းများကို အသုံးပြုသည်။ ဤသည်မှာ ဤလူသည် သမ္မာတရားလိုက်စားသူ မဟုတ်ဆိုသည်ကို သက်သေပြသည်။ အခြားလူများကို ၎င်းတို့ ပံ့ပိုးပေးသည်မှာ အဘယ်အရာနည်း။ (အယူဝါဒဖြစ်သည်။) အယူဝါဒဖြစ်သည်ဟု ငါတို့ အဘယ်ကြောင့်ဆိုသနည်း။ ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများမှ မလာသောကြောင့် ဖြစ်သည်။ ၎င်းတို့ အမှန်တကယ် ဖြတ်သန်းပြီးဖြစ်သည့် အရာတစ်ခုမဟုတ်ဘဲ ၎င်းတို့၏ အမှန်တကယ် နားလည်မှုမဟုတ်သောကြောင့် ဖြစ်သည်။ အခြားလူများကို ၎င်းတို့ အမှန်တကယ် ရေလောင်းပေးသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ လူတို့ကို အယုံသွင်းပြီး နှစ်သိမ့်သော အယူဝါဒ၊ စကားစုများနှင့် စကားများဖြစ်သည်။ ၎င်းတို့သည် လူသားနည်းလမ်းများ၊ နည်းဗျူဟာများနှင့် ပါးနပ်မှုများကိုလည်း အသုံးပြုသည်။ မည်သို့ဖြစ်စေ လူတို့၏မေးခွန်းများကို ဖြေခြင်းသည် ပြဿနာများကို ဖြေရှင်းခြင်းဖြစ်သည်ဟုလည်းကောင်း၊ ဤသည်မှာ အလုပ်လုပ်နေခြင်းဖြစ်သည်ဟုလည်းကောင်း ၎င်းတို့က ထင်ကြသည်။ ၎င်းတို့၏ သရုပ်သကန်များ၊ အခြားလူများအား ၎င်းတို့ ပံ့ပိုးသည့်အရာများ၊ ၎င်းတို့အလုပ်လုပ်သည့် ပုံစံ၊ ၎င်းတို့ လိုက်စားသောလမ်းကြောင်းတို့ကို အကဲဖြတ်လျှင် ဤသူသည် သမ္မာတရားကို လိုက်စားသူဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူမဟုတ်။ ၎င်းတို့ကိုယ်၌က ဝင်ရောက်မှုမရှိသောအခါ၌ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်းသည် အနည်းငယ် မရိုးသားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် မရိုးသားခြင်း ဖြစ်သည်။ ကြောင်သူတော်ဆန်သည်။ အခြားလူများကို လှည့်စားသည်။ ဤသို့ဆိုလျှင် ဤသို့သောလူတို့သည် ၎င်းတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) အဘယ်ကြောင့် မထမ်းဆောင်နိုင်သနည်း။ သမ္မာတရားကို မလိုက်စားသောကြောင့်၊ မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား နားလည်ခြင်းကြား၌ တိုက်ရိုက်ဆက်စပ်မှုတစ်ခုရှိသောကြောင့် ဖြစ်သည်။ ဥပမာအနေဖြင့် အသင်းတော်ကို ရေလောင်းရန် သမ္မာတရားကို နားလည်ရမည်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို နားလည်ရမည်။ ပြဿနာများကို ကိုင်တွယ်ရန်အတွက်လည်း သမ္မာတရားကို နားလည်ရမည်။ လူတို့အပေါ် ပိုင်းခြားသိမြင်မှုရှိရန်အတွက် သမ္မာတရားကို နားလည်ခြင်းက ပို၍ပင် လိုအပ်သည်။ အသင်းတော်အလုပ်၏ ရှုထောင့်တိုင်းက သမ္မာတရားနှင့် သက်ဆိုင်သည်။ သမ္မာတရားကို နားမလည်လျှင် အသင်းတော်၏ ပဓာနကျသောအလုပ်ကို ကောင်းစွာ လုပ်မည်မဟုတ်ပေ။ ပြီးလျှင် အထွေထွေအလုပ်များ၌ ပြီးစလွယ်သာ လုပ်ဆောင်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားကို မလိုက်စားလျှင် သူသည် မည်မျှအလုပ်ရှုပ်သည်ဖြစ်စေ၊ မည်မျှအောက်ခြေသိမ်း အလုပ်လုပ်ရသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှဒုက္ခခံရသည်ဖြစ်စေ ကောင်းစွာလုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ပြီးလျှင် အလုပ်နှင့် တာဝန်များ၏ အတိုင်းအတာ အပြည့်အဝအထိ ၎င်းတို့တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် အလုပ်လုပ်သောအခါ အကြောင်းမရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ပြေးလွှားသွားလာပြီး ပြဿနာများရှိသည့်နေရာကို မြင်တွေ့ပြီးနောက်တွင် ယင်းတို့ကို လွယ်သယောင်ဖြစ်သောနည်းဖြင့် ပြုပြင်ကြသည်။ လူတစ်ယောက်တွင် အခက်အခဲတစ်မျိုးမျိုးရှိသောအခါ အယူဝါဒအနည်းငယ်ကို ၎င်းတို့ မိတ်သဟာယဖွဲ့သည်။ ပြီးလျှင် လူတစ်ယောက်က အပျက်သဘောဆောင်ပြီး အားနည်းသောအခါ ၎င်းတို့က ထိုသူကို တိုက်တွန်းအားပေးသည်။ ဤသည်တို့မှာ ၎င်းတို့လုပ်ဆောင်သောအရာများ ဖြစ်သည်။ ၎င်းတို့က မိမိတို့ဦးဆောင်သောလူတို့ကို စောင့်ကြည့်နေလျှင် လူတိုင်းက အလုပ်ရှုပ်နေပြီး အလဟဿမနေသရွေ့ ၎င်းတို့၏ အလုပ်ကို ကောင်းစွာလုပ်ဆောင်နေသည်ဟုလည်းကောင်း၊ ၎င်းတို့သည် အလုပ်ကို စစ်ဆေးညွှန်ကြားလျက် နေရာတကာသို့ လှည့်လည်သွားလာနိုင်လျှင်၊ မည်သူကမျှ ၎င်းတို့ကို မတိုင်ကြားလျှင်၊ သို့မဟုတ် မဖော်ထုတ်လျှင်၊ ၎င်းတို့သွားသည့်နေရာတိုင်း၌ တရားဟောပြီး စကားပြောနိုင်လျှင်၊ မည်သည့်အနှောင့်အယှက်မျှမရှိဘဲ အရာရာတိုင်းက အဆင်ပြေချောမွေ့လျှင်လည်းကောင်း ၎င်းတို့၏ အလုပ်နှင့်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနေသည်ဟု ထင်ကြသည်။ ဤသည်မှာ အဆင့်အတန်းရှိသည့်နေရာမှနေ၍ အလုပ်လုပ်နေခြင်းဖြစ်ပြီး လက်တွေ့ကျသော သဘောဖြင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်း မဟုတ်။ ၎င်းတို့သည် အလုပ်လုပ်ခြင်းအပေါ် အရေးစိုက်ပြီး အလုပ်လုပ်ခြင်းအပေါ်၌ အရေးစိုက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းအတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကောင်း မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့လုပ်ဆောင်သမျှမှာ ဤလူကို တွန်းအားပေးရန်၊ သို့မဟုတ် ထိုလူကို အားပေးရန် အယူဝါဒနှင့် ဆောင်ပုဒ်များကို တစိုက်မတ်မတ် အသုံးပြုခြင်း၊ ဤအလုပ်ဖြင့် မိမိတို့ကိုယ်ကို တစိုက်မတ်မတ် အလုပ်ရှုပ်နေစေခြင်းဖြစ်သည်။ ၎င်းတို့သည် အလဟဿမနေသရွေ့ အဆင်ပြေသည်ဟု ထင်ကြသည်။ ပထမတစ်ခုမှာ ၎င်းတို့သည် အချောင်ခို၍ မရပေ။ ဒုတိယမှာ အလုပ်ကြိုးစားရမည်။ တတိယမှာ ဒုက္ခကို တောင့်ခံနိုင်ရမည်။ ၎င်းတို့သည် တစ်နေကုန် ပျာယာခတ်နေကြသည်။ တစ်နေရာရာ၌ ပြဿနာတစ်ခုရှိလျှင် အခွင့်အရေးရသည်နှင့် ပြုပြင်ရမည်။ ပြီးလျှင် လူတစ်ယောက်ယောက်၌ ပြဿနာတစ်ခုခုရှိမရှိကို အစဉ် လိုက်လံမေးမြန်းရမည်။ ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ လက်တွေ့တွင် ဤသရုပ်သကန်များရှိခြင်းက သမ္မာတရားကို ၎င်းတို့ လိုက်စားသည်ဟု သေချာပေါက် ဆိုလိုသလော။ ဤသည်မှာ ၎င်းတို့၌ အသက်ဝင်ရောက်မှုရှိသည်ဟု သေချာပေါက် ဆိုလိုသလော။ ဤသည်မှာ အငြင်းပွားဖွယ် ကိစ္စဖြစ်နေဆဲ ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော်လည်း သမ္မာတရားကို မလိုက်စားသည့်လူတို့၏ ပထမသရုပ်သကန် ဖြစ်သည်။

ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော်လည်း သမ္မာတရားကို မလိုက်စားသည့်လူများ၏ ဒုတိယသရုပ်သကန်မှာ ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကပြောသည့်အရာ၏ လက်တွေ့ကျသောအပိုင်းကို နားလည်နိုင်ခြင်း၊ မိမိကိုယ်ကို ထိုနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်နိုင်ခြင်း၊ သို့သော်လည်း မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ ဤလူစားမျိုးသည် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်အတိုင်းဖြစ်စေ၊ သမ္မာတရားစည်းမျဉ်းများအတိုင်းဖြစ်စေ မလုပ်ဆောင်သကဲ့သို့ မိမိတို့ကိုယ်ကို ချုပ်တည်းခြင်းမျိုးလည်း မရှိပေ။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့က လူတို့အား ၎င်းတို့ကို ကျိုးနွံနာခံပြီး နားထောင်စေရန်သာ လုပ်ဆောင်လိုသည်။ သို့သော် ၎င်းတို့ကိုယ်၌က သမ္မာတရားကို ကျိုးနွံနာခံလိုခြင်း မရှိပေ။ ၎င်းတို့က သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားအား ကျိုးနွံနာခံခြင်းကို အခြားလူတို့၏ တာဝန်၊ ဝတ္တရား၊ အလုပ်အဖြစ်လည်းကောင်း၊ အခြားလူများ လုပ်ဆောင်သင့်သည့် အရာတစ်ခုအဖြစ်လည်းကောင်း မှတ်ယူကြသည်။ ၎င်းတို့သည် ခွဲခြားထားသကဲ့သို့ မိမိတို့ကိုယ်ကို မှတ်ယူကြသည်။ ၎င်းတို့ မည်မျှနားလည်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်မည်မျှကို မိမိတို့ကိုယ်ကိုဖြင့် ဆက်စပ်နိုင်သည်ဖြစ်စေ ဘုရားသခင်ပြောသမျှတိုင်းက အခြားလူများကို ဦးတည်ပြီး ၎င်းတို့ကိုယ်တိုင်ဖြင့် လုံးဝ သက်ဆိုင်ခြင်းမရှိဟု ထင်ကြသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သနည်း။ ၎င်းတို့သည် အလွန်လည်း အလုပ်ရှုပ်သည်။ အသင်းတော်ဆီသို့သွားပြီး ၎င်းတို့နှင့်ပတ်သက်၍ မည်သူက ဝေဖန်မှုရှိသည်ဆိုသည်ကို ကြည့်ကာ မှတ်သားထားသည်။ ထို့နောက်တွင် ယင်းကို “ပြုပြင်”ရန် နည်းလမ်းများကို ဦးနှောက်ခြောက်ခံ စဉ်းစားသည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် ဖွင့်ပြောပြီး မိတ်သဟာယပြုကြစို့။ သင့်စိတ်အတွင်းတွင် မည်သို့တွေးသည်ဖြစ်စေ၊ ကျွန်ုပ်နှင့်ပတ်သက်ပြီး သင့်၌ မည်သည့်ထင်မြင်ချက် ရှိသည်ဖြစ်စေ၊ ကျွန်ုပ်နှင့်ပတ်သက်ပြီး သင့်၌ မည်သည့်ဝေဖန်ချက် ရှိသည်ဖြစ်စေ ကျွန်ုပ်ကို အသိပေးပါ၊ ပြီးလျှင် ပြောင်းလဲရန်၊ အမှုအရာများကို ပြောင်းလဲလုပ်ဆောင်ရန် ကျွန်ုပ် အစွမ်းရှိသမျှ လုပ်ဆောင်ပါမည်” ဟု ပြောကြသည်။ ပြောင်းလဲရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ အခြားလူများကို ၎င်းတို့အား နှစ်သက်စေရန် လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤအရာအပြင် ၎င်းတို့သည် ၎င်းတို့နှင့်ပတ်သက်ပြီး မည်သူက ဝေဖန်မှုရှိသည်၊ မည်သူက ၎င်းတို့ကို ကျိုးနွံနာခံခြင်း မရှိသည်ကို ကြည့်ပြီး ဤအရာကို “ပြုပြင်”ရန် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ရှာသည်။ ၎င်းတို့က “ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးကောက်သောအခါ၌ ဘုရားသခင်က အရှင်သခင်ဖြစ်သည်။ ဘုရားအိမ်တော်တွင် သမ္မာတရားက ဩဇာအာဏာဖြစ်သည်။ ညီအစ်ကိုမောင်နှမများက မည်သူ့ကို ခေါင်းဆောင်အဖြစ် တင်မြှောက်သည်ဖြစ်စေ ဤသည်မှာ ဘုရားသခင်က ဆန္ဒရှိခဲ့သောအရာ ဖြစ်ပြီး သင်တို့ ကျိုးနွံနာခံသင့်သည်။ သင်သည် ကျွန်ုပ်အား ကျိုးနွံနာခံနေခြင်း မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို၊ သမ္မာတရားကို ကျိုးနွံနာခံနေခြင်း ဖြစ်သည်။ သင်သည် ကျိုးနွံနာခံခြင်း မရှိပါက အပြစ်ဒဏ်ပေးခြင်းခံရလိမ့်မည်” ဟု ဆိုကြသည်။ လူအချို့သည် နားထောင်ပြီးနောက်တွင် ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်အား အနက်အဓိပ္ပာယ်ကောက်လွဲနေသည်၊ လူတို့အား အထင်အမြင်မှားစေရန်အတွက် အချက်အလက်များကို မလိမ့်တပတ်လုပ်သည်ဆိုသည်ကို သိပြီး နားမထောင်ကြပေ။ ခေါင်းဆောင်က ဤလူတို့သည် သူ့အပေါ် အတော်အတန်ပင် ကျိုးနွံနာခံခြင်းမရှိသည်ကို မြင်သောအခါ “သင်သည် ငါ့ကိုကျိုးနွံနာခံရန် ငြင်းဆန်သည် မဟုတ်လော။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ငါ့တွင် အခြားနည်းများရှိသည်။ ငါသည် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တော့မည်ဖြစ်သည်” ဟု တွေးသည်။ ခေါင်းဆောင်က သူ့အား ကျိုးနွံနာခံခြင်း မရှိသောလူတို့ကို “ကျွန်ုပ် သင့်အားပေးခဲ့သော အလုပ် ပြီးပြီလော” ဟု ပြောသည်။ လူတို့က “မပြီးခင်တွင် အနည်းငယ်သာ လုပ်ဆောင်ဖို့ ကျန်သည်။ မည်သည့်နှောင့်နှေးမှုမျှ ဖြစ်မည်မဟုတ်” ဟု ပြောသည်။ ခေါင်းဆောင်က “အနည်းငယ်ကျန်ခြင်းက အဘယ်သို့ နှောင့်နှေးခြင်း မဟုတ်သနည်း။ ဘုရားသခင်၏ အမြင်တွင် အနည်းငယ်က များစွာဖြစ်သည်။ ဤသည်မှာ သစ္စာမဲ့ခြင်း၏ သရုပ်သကန်ဖြစ်သည်။ ဤအရာကို သင်၏တာဝန်ကို ထမ်းဆောင်ခြင်းဟု ခေါ်ဆိုသလော” ဟု ပြောသည်။ အမှန်တကယ်တွင် ဤသည်မှာ ခေါင်းဆောင်က အမှန်တကယ် ပြောလိုသောအရာ ဖြစ်သလော။ သူ၏ စိတ်နှလုံးတွင် မည်သည့်ရည်မှန်းချက်ရှိသနည်း။ ၎င်းတို့သည် အခြားလူတို့ကို ကျိုးနွံနာခံစေရန် အတင်းလုပ်ဆောင်လိုသည်။ လူတို့ကို အနိုင်ယူလိုသည်။ လူတို့အား မာန်စွယ်ချိုးလိုသည်။ သို့သော် ၎င်းတို့သည် ဤသို့တိကျပြတ်သားစွာ မပြောနိုင်ပေ။ ပြောလျှင် ညီအစ်ကိုမောင်နှမတို့က ၎င်းတို့အကြောင်း ပိုင်းခြားသိမြင်ပြီး ၎င်းတို့ကို ဖော်ထုတ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများအား လုပ်ဆောင်ခြင်းအတွက် ဖြောင့်မှန်သော အကြောင်းပြချက်နှင့် ဆင်ခြေကို ရှာရသည်။ ၎င်းတို့သည် လူတို့အား “လေးစားဖွယ်ဖြစ်ပြီး ကျိုးကြောင်းသင့်သော” ပုံစံဖြင့် ဖိနှိပ်ရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့က လူတို့ကို ဖိနှိပ်ပြီးနောက်တွင် အခြားလူတို့အတွက် မသိသာပေ။ ပစ်မှတ်ထားထားသောလူတို့အား နာခံစေသည်။ ပြီးလျှင် ခေါင်းဆောင်၏ ပန်းတိုင်ဖြစ်သည့် ၎င်းတို့၏ အဆင့်အတန်းကို အားကောင်းစေခြင်းနှင့် ခိုင်မာစေခြင်းကို ရရှိသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (၎င်းတို့သည် မသိမသာ အန္တရာယ်ပေးတတ်ပြီး အကြံသမားဖြစ်သည်။) ၎င်းတို့သည် မသိမသာ အန္တရာယ်ပေးတတ်သည်၊ အကြံသမားဖြစ်သည်၊ အဆိပ်ရှိသည်၊ ပြီးလျှင် အဆင့်အတန်းရဖို့အတွက် အမှုအရာများကို လုပ်ဆောင်သည်။ ၎င်းတို့၏ အဆင့်အတန်းနှင့် မသက်ဆိုင်သောအရာများကို အရေးမစိုက်။ ယင်းတို့အပေါ် လုံးဝ စိတ်မနှစ်ပေ။ သို့သော် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အသင်းတော်ရှိ ၎င်းတို့၏ ရာထူးကို ထိခိုက်သောအရာများနှင့်ပတ်သက်သောအခါ၌ ၎င်းတို့သည် ဤအရာများကို တွယ်ကပ်နေပြီး လက်မလွှတ်ဘဲ စတင်၍ အလေးအနက်ထားလာသည်။ ၎င်းတို့၏ ပုံမှန်စုဝေးပွဲများ၌ သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် တစ်ခါတစ်ရံတွင် မိမိတို့ကိုယ်ကို သိမြင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်နှင့် မိမိတို့ကိုယ်ကိုအကြား နှိုင်းယှဉ်ချိန်ဆချက်များ ချမှတ်လိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်လိမ့်မည်။ သို့သော် ယင်းနောက်ကွယ်တွင် ရည်မှန်းချက်တစ်ခု၊ ရည်ရွယ်ချက်တစ်ခုရှိသည်။ ယင်းတို့အားလုံးမှာ အခြားလူများအား ၎င်းတို့အပေါ် အထင်ကြီးလေးစားရန်၊ အားကျရန်၊ ကြောက်ရွံ့ရန်နှင့် ၎င်းတို့အဆင့်အတန်းကို ခိုင်မာစေရန် လုပ်ဆောင်ဖို့ ဖြစ်သည်။ ၎င်းတို့တွင် ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်တစ်ခုရှိသည်။ ၎င်းတို့၏ အဆင့်အတန်းအတွက်မဟုတ်လျှင် ၎င်းတို့က စကားတစ်ခွန်းမှမဟပေ။ ၎င်းတို့၏ အဆင့်အတန်းကို လုံခြုံစိတ်ချစေရန်အတွက် မဟုတ်လျှင် ၎င်းတို့က မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းက ၎င်းတို့၏ အဆင့်အတန်းအတွက် ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းအတွက် အလွန်အပင်ပန်းခံလိမ့်မည်။ သို့သော် အသင်းတော်၏အလုပ်အတွက်ဆိုလျှင် ပြဿနာများကို ၎င်းတို့ ရှာတွေ့သောအခါ ၎င်းတို့က ဖြေရှင်းမည်မဟုတ်။ အခြားလူများက ပြဿနာများကို တိုင်ကြားသောအခါ ၎င်းတို့က ကိုင်တွယ်မည်မဟုတ်။ ပြီးလျှင် မည်သည့်အရာကိုမျှ အာရုံစိုက်ရန် တုတ်တုတ်မျှလှုပ်မည်မဟုတ်ပေ။ အခြားလူများက မိမိတို့၏တာဝန်များကို ထမ်းဆောင်လျက် အလုပ်ရှုပ်နေသည်ကို ၎င်းတို့ မြင်သော်လည်း မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ (ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အသက်ရှင်သော ဆိုးယုတ်သော၊ ယုတ်မာသောသူတစ်ဦး ဖြစ်သည်။) အဆင့်အတန်းအတွက်သာ အသက်ရှင်သောသူသည် သမ္မာတရားကို လိုက်စားသောသူ ဖြစ်သလော။ သမ္မာတရားကို လိုက်စားနိုင်စွမ်းရှိသလော။ (မရှိပါ။) ဤသည်မှာ ပြောဖို့ခက်သည်။ ၎င်းတို့သည် အသိတရားကို သတိပြုမိခြင်း အနည်းငယ်ရှိလျှင်၊ ရှက်စိတ်ရှိလျှင်၊ သိက္ခာနှင့် ကိုယ်ကျင့်သိက္ခာရှိလျှင်၊ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုတစ်ခုခုကို တွေ့ကြုံပြီးနောက်၊ ပြုပြင်ခံရခြင်း၊ သို့မဟုတ် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းခံရခြင်းကို တွေ့ကြုံပြီးနောက် သမ္မာတရားကို လက်ခံနိုင်လျှင် ၎င်းတို့သည် အမှုအရာများကို ပြောင်းလဲပစ်ဖို့ ဖြစ်နိုင်ချေရှိသည်။ သို့ရာတွင် ၎င်းတို့သည် ထုံထိုင်းလျှင်၊ တုံးအလျှင်၊ စိတ်နှလုံးမာကျောလျှင်၊ သမ္မာတရားကို လုံးဝ လက်မခံလျှင် မည်မျှနားလည်သည်ဖြစ်စေ တစ်ခုခုအသုံးဝင်သလော။ (အသုံးမဝင်ပါ။) ၎င်းတို့ မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးကို တို့ထိနိုင်မည်မဟုတ်။ အပြင်ပန်းတွင် ၎င်းတို့သည် မည်မျှ အလုပ်ရှုပ်သည့်ပုံရှိပါစေ၊ လမ်းများတွင် အပြေးအလွှားသွားလျက် မည်မျှပင် အချိန်ကုန်ဆုံးပါစေ၊ မည်မျှ အနစ်နာခံ၊ စွန့်လွှတ်ပြီး အသုံးခံပါစေ ဂုဏ်အဆင့်အတန်းအတွက်သာ အစဉ်ပြောဆို ပြုမူသောလူစားမျိုးကို သမ္မာတရားကို လိုက်စားသူအဖြစ် မှတ်ယူနိုင်သလော။ လုံးဝ မမှတ်ယူနိုင်ပေ။ ဂုဏ်အဆင့်အတန်းအတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်လိမ့်မည်။ ဂုဏ်အဆင့်အတန်းအတွက် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံကြလိမ့်မည်။ ဂုဏ်အဆင့်အတန်းအတွက် မည်သည့်အကြောင်းကြောင့်မှ ရပ်တန့်မည်မဟုတ်။ ၎င်းတို့သည် အခြားသူများ၏ အမှားကိုရှာဖို့၊ အကွက်ဆင်ဖို့၊ သို့မဟုတ် အခက်အခဲဖြစ်အောင် လုပ်ဖို့ကြိုးစားပြီး အခြားလူများအား ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်နင်းခြေပစ်သည်။ ၎င်းတို့သည် အပြစ်ပေးခံရခြင်း၊ ဒဏ်ခတ်ခံရခြင်း အန္တရာယ်ကိုပင် မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် အကျိုးဆက်များကို တွေးတောခြင်း တစ်ခုတလေမျှ မရှိဘဲ ဂုဏ်အဆင့်အတန်းအတွက် လုပ်ဆောင်ကြသည်။ ဤသို့သော လူတို့သည် မည်သည့်အရာကို လိုက်စားသနည်း။ (ဂုဏ်အဆင့်အတန်းကို လိုက်စားသည်။) ပေါလုနှင့် မည်သည့်နေရာတွင် ဆင်တူသနည်း။ (ဆုသရဖူကို လိုက်စားခြင်းတွင် ဖြစ်သည်။) ၎င်းတို့သည် ဖြောင့်မတ်ခြင်းသရဖူနောက်ကို လိုက်ကြသည်။ ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားကြသည်။ သမ္မာတရားကို လိုက်စားခြင်းထက် ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းအား သဘာဝကျသော လိုက်စားမှုအဖြစ် မှတ်ယူကြသည်။ ထိုသို့သောလူတို့၏ အထင်ရှားဆုံး စရိုက်လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် လုပ်ဆောင်ကြခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ဆောင်သော ဤလူစားမျိုးသည် အခြားလူများကို အထင်အမြင်မှားစေခြင်း၌ အကျွမ်းကျင်ဆုံးဖြစ်သည်။ ၎င်းတို့ကို သင်ပထမဆုံးတွေ့သောအခါ ၎င်းတို့အကြောင်းကို သင်ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့ပြောသည့် အယူဝါဒက ကောင်းသည့်ပုံစံရှိသည်ကိုလည်းကောင်း၊ ၎င်းတို့ပြောသည့်အရာက လက်တွေ့ကျသည်ဟု ထင်ရသည်ကိုလည်းကောင်း၊ ၎င်းတို့ စီစဉ်သည့်အလုပ်က အလွန်သင့်တော်သည်ကိုလည်း သင်မြင်ရသည်။ ပြီးလျှင် ၎င်းတို့၌ အစွမ်းအစတစ်ခုခု ရှိသည့်ပုံစံရှိပြီး သင်က ၎င်းတို့ကို အလွန်ပင် လေးစားသည်။ ဤလူစားမျိုးသည် သူ၏တာဝန်ကို ထမ်းဆောင်သောအခါ အဖိုးအခပေးဆပ်လိုစိတ်လည်း ရှိသည်။ ၎င်းတို့သည် နေ့စဉ်အလုပ်ကြိုးစားပြီး ပင်ပန်းခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ မညည်းညူပေ။ ၎င်းတို့၌ နုနယ်ခြင်း တစ်စက်မျှပင် မရှိ။ အခြားလူများက အားနည်းသောအခါ ၎င်းတို့က အားမနည်းပေ။ ၎င်းတို့သည် ဇာတိကပတိ၏ သက်သာမှုများကိုလည်း မတပ်မက်ဘဲ အစားကြေးများသူများ မဟုတ်ပေ။ ၎င်းတို့၏ ဧည့်ခံမိသားစုက ၎င်းတို့အတွက် အထူးတလည်ဖြစ်သောအရာတစ်ခုကို ပြင်ဆင်ပေးသောအခါ ၎င်းတို့က ငြင်းဆန်ပြီး မစားပေ။ နေ့စဉ် အစားအစာများကိုသာ စားသည်။ ဤသို့သောလူကို မြင်တွေ့သူမည်သူမဆိုက ၎င်းတို့ကို လေးစားသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဆင့်အတန်းအတွက် အမှုအရာများအား လုပ်ဆောင်ခြင်းရှိမရှိကို မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားလိုက်စားသူဟုတ်မဟုတ် ကြည့်ရမည်။ ဤသည်မှာ မည်သည့်နေရာတွင် ပေါ်လွင်မည်နည်း။ (အမှုအရာများကို လုပ်ဆောင်သောအခါ၌ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် စမှတ်တွင် ဖြစ်သည်။) ဤသည်မှာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယင်းသည် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်တွင် အဓိက ပေါ်လွင်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းအတွက် ဖြစ်လျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို မကြာခဏဖတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် သမ္မာတရားအား နားလည်ခြင်းနှင့် မိမိတို့ကိုယ်ကို သိမြင်ခြင်းအား အရေးစိုက်ရမည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအပေါ် မကြာခဏ မိတ်သဟာယဖွဲ့လျှင် ၎င်းတို့၌ များစွာချို့တဲ့သည်ကိုလည်းကောင်း၊ သမ္မာတရား မရှိသည်ကိုလည်းကောင်း ၎င်းတို့ မြင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားဖို့ အလိုအလျောက် ကြိုးပမ်းလိမ့်မည်။ လူတို့သည် မိမိတို့ကိုယ်ကို သိလေလေ၊ သမ္မာတရားကို လိုက်စားနိုင်လေလေ ဖြစ်သည်။ အဆင့်အတန်းအတွက် အစဉ်ပြောဆိုပြီး အမှုအရာများကို လုပ်ဆောင်သောသူများသည် သိသာစွာပင် သမ္မာတရားကို လိုက်စားသူများမဟုတ်။ ၎င်းတို့သည် ပြုပြင်ခြင်းခံရသောအခါ ယင်းကို လက်မခံပေ။ ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်သတင်းထိခိုက်မည်ကို အလွန်ကြောက်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို လက်ခံပြီး မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်သလော။ ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံ၌ လမ်းလွဲမှုများကို အမှန်တကယ် နားလည်နိုင်သလော။ ၎င်းတို့၌ ဤသရုပ်သကန်တစ်ခုမျှမရှိလျှင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူ မဟုတ်ဆိုသည်ကို သေချာနိုင်သည်။ ငါ့ကိုပြောလော့။ သမ္မာတရားအား မချစ်သော၊ အဆင့်အတန်းကို လိုက်စားသောလူတို့တွင် အခြားမည်သည့် သရုပ်သကန်များရှိသနည်း။ (အခြားလူများက ၎င်းတို့ကို ဝေဖန်ချက်ပေးသောအခါ ၎င်းတို့က လက်ခံရမည့်အစား ခုခံကာကွယ်သည်။ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြသည်။ ပြီးလျှင် အကြောင်းပြချက်များ ပေးသည်။ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားရန်အတွက် ပြောဆိုကြသည်။ လူတစ်ယောက်က ၎င်းတို့ကို မပံ့ပိုးလျှင် ၎င်းတို့က ထိုသူကို တိုက်ခိုက်ပြီး ဝေဖန်အကဲဖြတ်သည်။) လူတို့က အခြားလူများကို တိုက်ခိုက်ပြီး ဝေဖန်အကဲဖြတ်သောအခါ၊ ပြီးလျှင် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအတွက် ပြောဆိုပြီး မိမိတို့ကိုယ်ကို ခုခံကာကွယ်သောအခါ ၎င်းတို့လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် ပန်းတိုင်သည် သိသာစွာပင် မှားယွင်းသည်။ ပြီးလျှင် ၎င်းတို့သည် အဆင့်အတန်းအတွက် အလုံးစုံ အသက်ရှင်နေခြင်းဖြစ်သည်။ အဆင့်အတန်းအတွက် အရာရာကို ပြောဆိုပြီး လုပ်ဆောင်သောလူအမျိုးအစားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားမှုရှိသလော။ သမ္မာတရားကို လက်ခံနိုင်သလော။ လုံးဝ လက်မခံနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားမှု ရှိလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်ဟုလည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်လျှင် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမည်ဟုလည်းကောင်း ၎င်းတို့က ထင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် အဆင့်အတန်းဖြင့်ပါလာသော ပျော်ရွှင်မှုကို ဆုံးရှုံးရမည်။ ပြီးလျှင် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်မည်မဟုတ်။ ထို့ကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားဖို့၊ ဆုလာဘ်များရရှိခြင်းကို လိုက်စားဖို့ကို ရွေးချယ်ကြသည်။ အဆင့်အတန်းကို လိုက်စားသောသူတို့သည် အခြားမည်သည့်နည်းများဖြင့် မိမိတို့ကိုယ်ကို ပေါ်လွင်စေကြသနည်း။ အခြားမည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သနည်း။ (၎င်းတို့အနီးတွင် သမ္မာတရားကို ပို၍လိုက်စားတတ်သော၊ ပျိုးထောင်ပေးဖို့ ထိုက်တန်သော၊ ညီအစ်ကိုမောင်နှမများက ပံ့ပိုးပေးရန် ပို၍ဆန္ဒရှိသော ပါရမီရှိသည့် ပုဂ္ဂိုလ်အချို့ကို ၎င်းတို့မြင်လျှင် ဤလူတို့သည် ထကြွပြီး ၎င်းတို့နေရာအား ဝင်ယူမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်းအား ခြိမ်းခြောက်မည်ကိုလည်းကောင်း ကြောက်ရွံ့သောကြောင့် ၎င်းတို့သည် ဤပါရမီရှိသော ပုဂ္ဂိုလ်များကို ဖိနှိပ်ဖို့ နည်းလမ်းများကို စဉ်းစားကြသည်။ ပြီးလျှင် ထိုသူတို့အား နှိပ်ကွပ်ရန်အတွက် အကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံတို့ကို ရှာကြသည်။ အတွေ့ရအများဆုံးနည်းလမ်းမှာ ၎င်းတို့ကို အလွန်အကျွံမာနထောင်လွှားသည်၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည်ဟုလည်းကောင်း၊ အခြားလူများကို အစဉ် ဘောင်ခတ်နေသည်ဟုလည်းကောင်း သတ်မှတ်ပြီး ဤသည်တို့မှာ မှန်သည်ဟု လူတို့အား ယုံကြည်စေရန် လုပ်ဆောင်ကာ ဘုရားအိမ်တော်အား ဤပုဂ္ဂိုလ်များကို ရာထူးတိုးမြှင့်ခွင့်၊ သို့မဟုတ် ပျိုးထောင်ခွင့်မပေးခြင်း ဖြစ်သည်။) ဤသည်မှာ အတွေ့ရအများဆုံး သရုပ်သကန်ဖြစ်သည်။ သင်တို့ ဖြည့်စွက်ချင်သော အရာတစ်ခုခုရှိသလော။ (၎င်းတို့သည် အစဉ်မိမိတို့ကိုယ်ကို သက်သေခံလိုပြီး ကြွားဝါလိုကြသည်။ ၎င်းတို့ကိုယ်တိုင်နှင့် ပတ်သက်ပြီး အံ့ဩဖွယ်ကောင်းသောအရာတစ်ခုခုကို အစဉ်ပြောဆိုကြသည်။ ၎င်းတို့၏ အကျည်းတန်သောအပိုင်းကို မည်သည့်အခါမျှ မပြောပေ။ မကောင်းသောအရာတစ်ခုကို ၎င်းတို့ ပြုလုပ်လျှင် ၎င်းတို့သည် ပြန်လည်သုံးသပ်ခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့လုပ်ရပ်များကို စိစစ်ခြင်းမရှိ။) ၎င်းတို့သည် မည်သို့ဒုက္ခခံပြီး အဖိုးအခပေးဆပ်သည်၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့လမ်းပြသည်ဆိုသည်ကို အစဉ်ပြောဆိုပြီး ၎င်းတို့လုပ်ဆောင်ပြီးသည့်အလုပ်ကို ပြသည်။ ဤသည်မှာ အဆင့်အတန်းကို ကာကွယ်ပြီး ခိုင်မာစေခြင်းက ပေါ်လွင်စေသည့်ပုံစံ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အဆင့်အတန်းကို လိုက်စားပြီး အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ဆောင်သောသူများ၌ အခြားသော အဓိကအကျဆုံး လက္ခဏာတစ်ခုရှိသည်။ ယင်းမှာ မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့၌ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည် ဖြစ်သည်။ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုသောကြောင့် အဆင့်အတန်းကို လိုက်စားခြင်း ဖြစ်သည်။ ၎င်းတို့က အမိန့်ပေးသည့်သူ ဖြစ်လိုသည်။ ပြီးလျှင် ဩဇာအာဏာရှိသည့် တစ်ဦးတည်းသောသူ ဖြစ်လိုသည်။ အခြေအနေက မည်သို့ဖြစ်စေ လူတိုင်းက ၎င်းတို့ကို နားထောင်ရမည်။ မည်သူက ပြဿနာရှိသည်ဖြစ်စေ ရှာဖွေပြီး လမ်းညွှန်ချက်ကို မေးမြန်းဖို့အတွက် ၎င်းတို့ထံ လာရမည်။ ၎င်းတို့ ခံစားလိုသည့်အရာမှာ ဤအဆင့်အတန်း၏ အကျိုးအမြတ်များ ဖြစ်သည်။ အခြေအနေက မည်သို့ဖြစ်စေ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ၎င်းတို့ပြောသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မှားလျှင်ပင် ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိရမည်ဖြစ်ဆဲ ဖြစ်ပြီး အခြားလူများကို ၎င်းတို့အား နားထောင်ပြီး နာခံစေရန် လုပ်ဆောင်ရမည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ အခြေအနေက မည်သို့ဖြစ်စေ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ၎င်းတို့နားလည်သည့် အခြေအနေဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းတို့သည် ဝင်ပါရမည်ဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်ပြဿနာကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ ၎င်းတို့က ဆုံးဖြတ်ချက်ချရမည်။ အခြားလူများအနေဖြင့် စကားပြောဆိုရန် အခွင့်အလမ်းမရှိ။ မည်သည့်ဖြေရှင်းချက်ကို ၎င်းတို့ အကြံပြုသည်ဖြစ်စေ လူတိုင်းကို ၎င်းတို့က လက်ခံအောင် လုပ်ဆောင်ရမည်။ ပြီးလျှင် အခြားလူများက လက်မခံလျှင် ၎င်းတို့သည် စိတ်ဆိုးပြီး ထိုသူတို့ကို ပြုပြင်သည်။ တစ်စုံတစ်ယောက်က ဝေဖန်မှုများ၊ သို့မဟုတ် ထင်မြင်ချက်များရှိလျှင် ယင်းက မှန်ကန်ပြီး သမ္မာတရားနှင့်ပင်ညီလျှင် ၎င်းတို့သည် ယင်းကို ကန့်ကွက်ရန် နည်းလမ်းမျိုးစုံကို စဉ်းစားရသည်။ ၎င်းတို့သည် တစ်ပတ်ရိုက်ရာတွင် အထူးပင်ကျွမ်းကျင်သည်။ အခြားလူကို ချောမွေ့သောစကားလုံးများဖြင့် အယုံသွင်းလိမ့်မည်။ အဆုံးတွင် ထိုသူတို့အား ၎င်းတို့နည်းလမ်းအတိုင်း လုပ်ဆောင်စေရန် ပြုလုပ်လိမ့်မည်။ ၎င်းတို့သည် အရာရာတိုင်း၌ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်အမှုဆောင်များ၊ သို့မဟုတ် တွဲဖက်လုပ်ကိုင်သူများနှင့် မည်သည့်အခါမျှ ဆွေးနွေးညှိနှိုင်းခြင်းမပြုလုပ်ပေ။ ၎င်းတို့သည် ဒီမိုကရေစီဝါဒခံယူသောသူ မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် အလွန့်အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်‌ကြောင်း၊ သမ္မာတရားကို လုံးဝ လက်မခံနိုင်သကဲ့သို့ သမ္မာတရားကို လုံးဝ ကျိုးနွံနာခံနိုင်ခြင်း မရှိကြောင်းကို သက်သေပြဖို့ လုံလောက်သည်။ ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပျက်လျှင်၊ သို့မဟုတ် အရေးပါသောအရာတစ်ခု ဖြစ်ပျက်လျှင် လူတိုင်းအား အကဲဖြတ်စေပြီး ၎င်းတို့၏ ထင်မြင်ချက်ကို ထုတ်ဖော်ပြောခွင့်ပြုနိုင်လျှင်၊ အဆုံး၌ လူအများစု၏ ထင်မြင်ချက်အတိုင်း လက်တွေ့လုပ်ဆောင်မှုနည်းလမ်းတစ်ခုအပေါ် အခြေချနိုင်လျှင်၊ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်မဟုတ်ဆိုသည်ကို သေချာစေနိုင်လျှင်၊ ယင်းသည် အလုပ်ကို ‌ယေဘုယျအားဖြင့် အကျိုးရှိစေမည်ဆိုသည်ကို သေချာစေနိုင်လျှင်၊ ဤသည်မှာ သူ၏ သဘောထားဖြစ်လျှင် သူသည် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်သောသူနှင့် သမ္မာတရားကို လက်ခံနိုင်သောသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းနောက်ကွယ်တွင် စည်းမျဉ်းများရှိသောကြောင့် ဖြစ်သည်။ သို့ရာတွင် အဆင့်အတန်းကို လိုက်စားသောသူတို့က အမှုအရာများအား ဤသို့ လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည်မဟုတ်ပါ။) ၎င်းတို့သည် အမှုအရာများကို မည်သို့ လုပ်ဆောင်မည်နည်း။ တစ်စုံတစ်ခု ဖြစ်ပျက်လျှင် အခြားလူများ၌ မည်သည့်အကြံရှိသည်ကို ၎င်းတို့ ဂရုစိုက်မည်မဟုတ်။ လူတို့က မိမိတို့၏ အကြံကို မမျှဝေမီ ကြာမြင့်သောအချိန်ကတည်းက ၎င်းတို့သည် စိတ်ထဲတွင် ဖြေရှင်းချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်ရှိနှင့်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းသည် ၎င်းတို့လုပ်ဆောင်မည့်အရာ ဖြစ်သည်ဟု ဆုံးဖြတ်နှင့်ပြီး ဖြစ်မည်။ ဤအဆင့်တွင် လူတို့က မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က အရေးစိုက်မည်မဟုတ်ပေ။ လူတစ်ယောက်က ၎င်းတို့ကို အပြစ်ဖော်ဆုံးမခဲ့လျှင်ပင် ၎င်းတို့က လုံးဝ ဂရုစိုက်မည်မဟုတ်။ အသင်းတော်အလုပ်ကို အကျိုးရှိစေသည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက လက်ခံနိုင်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို အလေးထားခြင်းမရှိပေ။ ဤအရာများသည် ၎င်းတို့ အလေးထားသည့် နယ်ပယ်အတွင်းတွင်မရှိ။ မည်သည့်အရာကို ၎င်းတို့ အလေးထားသနည်း။ ၎င်းတို့ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ဤအမှုကိစ္စတွင် ၎င်းတို့သည် အဆုံးအဖြတ်ပေးသူ ဖြစ်လိုသည်။ ဤအမှုကိစ္စကို ၎င်းတို့၏ နည်းအတိုင်း လုပ်ဆောင်ရမည်။ ဤအမှုကိစ္စသည် ၎င်းတို့၏ အဆင့်အတန်းအတွက် အကျိုးဖြစ်၊ မဖြစ်ကို ကြည့်ရှုရမည်။ ဤသည်မှာ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် ရှုထောင့်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်သလော။ (မဟုတ်ပါ။) သမ္မာတရားကို မလိုက်စားသူများက အမှုအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အစဉ် အလေးထားသည်။ ၎င်းတို့အား မည်သို့ အကျိုးဖြစ်စေသည်ကို အစဉ် အလေးထားသည်။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ စမှတ်ဖြစ်သည်။

လူအချို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသော်လည်း သမ္မာတရားကို မလိုက်စားကြပေ။ အမှန်ပင် ဤသို့သောလူအချို့ရှိသည်။ ၎င်းတို့၏ အဓိကသရုပ်သကန်များနှင့်ပတ်သက်လျှင် ပထမအမျိုးအစားမှာ အမှုအရာများကို လုပ်ဆောင်ဖို့သက်သက်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ရသည်ကို နှစ်သက်ပြီး အငြိမ်မနေနိုင်ပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်လျက် အလုပ်ရှုပ်နေသရွေ့ ပျော်ရွှင်သည်။ ပြီးမြောက်အောင်မြင်သည်ဟူသည့် ခံစားချက်ရှိသည်။ စစ်မှန်သည်ဟု ခံစားရသည်။ ဒုတိယ သရုပ်သကန်အမျိုးအစားမှာ အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤလူအမျိုးအစားသည် အထူးပင်ပြင်းထန်သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသည်။ ၎င်းတို့သည် အစဉ်သဖြင့် လူတို့ကို ထိန်းချုပ်လိုပြီး သိမ်းသွင်းစည်းရုံးလိုသည်။ အစဉ်သဖြင့် ဘုရားသခင်ကို အစားထိုးရန် ဆန္ဒရှိသည်။ ဘုရားသခင်ကို အစားထိုးရန် ဆန္ဒရှိခြင်းက ပေါလု၏ မည်သည့်လိုက်စားမှုများနှင့် ဆက်နွှယ်သနည်း။ (ခရစ်တော်ဖြစ်ရန် သူ၏ လိုက်စားမှု ဖြစ်ပါသည်။) အဆင့်အတန်းကို လိုက်စားရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် မြင့်မြတ်သောသူဖြစ်ရန်၊ အခြားလူများက ကြည်ညိုလေးစားသည့် အဆင့်အတန်းရှိသူတစ်ဦးဖြစ်ရန်သက်သက် မဟုတ်ပေ။ ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်မှာ လူတို့ကို သိမ်းသွင်းစည်းရုံးနိုင်ပြီး ထိန်းချုပ်နိုင်ရန်၊ ၎င်းတို့ကို အခြားလူများက ကြည်ညိုလေးစားပြီး ဘုရားကဲ့သို့ ဆက်ဆံအောင် ပြုလုပ်ရန်နှင့် လူတိုင်းအား ၎င်းတို့နောက်သို့လိုက်စေရန်၊ ၎င်းတို့ကို ကျိုးနွံနာခံစေပြီး ယုံကြည်စေရန် ဖြစ်သည်။ ဤအရာအားလုံးက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ လူတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားဖြစ်လာမည်ဆိုသည်ကို ညွှန်းဆိုသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းမဟုတ်ဘဲ စာတန်ကို လိုက်စားခြင်း ဖြစ်သည်။ အဆင့်အတန်းကို လိုက်စားခြင်းသည် သိသာစွာပင် သမ္မာတရားကို လိုက်စားခြင်းမဟုတ်။ ပြီးလျှင် အလုပ်၊ သို့မဟုတ် ဂုဏ်သတင်းကို လိုက်စားခြင်းသည်လည်း သမ္မာတရားအား လိုက်စားခြင်းမဟုတ်။ အခြားမည်သည့် သရုပ်သကန်များရှိသနည်း။ (ကောင်းချီးများကို ၎င်းတို့ လိုက်စားသည်။) မှန်သည်။ ၎င်းတို့သည် အဖိုးအခပေးဆပ်သည်။ မိမိတို့ကိုယ်ကို အသုံးခံသည်။ ဒုက္ခခံသည်။ အမှုကိစ္စအားလုံး၌ ၎င်းတို့၏ ကိုယ်ကျိုးကို စွန့်ပစ်နိုင်သည်။ သို့သော် ၎င်းတို့သည် ကောင်းချီးရရန် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးခံစားရရန်နှင့် ကောင်းသော ခရီးပန်းတိုင်ရှိရန်အတွက်သာ ဤသို့ မိမိတို့ကိုယ်ကို ပြသခြင်းဖြစ်သည်။ ဤသည်မှာလည်း သမ္မာတရားအား လိုက်စားခြင်းမဟုတ်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော်လည်း သမ္မာတရားကို မလိုက်စားသောသူတို့က မိမိတို့ကိုယ်ကို ပေါ်လွင်စေသည့် တတိယနည်းလမ်းဖြစ်သည်။ ၎င်းတို့သည် ပေါလုကဲ့သို့ပင် ကောင်းချီးရရန်အတွက်၊ ၎င်းတို့၏ ခရီးပန်းတိုင်အတွက် အမှုအရာများကို လုပ်ဆောင်ပြီး ဒုက္ခခံကာ လုံးဝ အပြည့်အဝအနစ်နာခံသည်။ အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်သည် ရှင်းလင်းသည်။ ကောင်းချီးများရရှိရန်အတွက် အရေးကြီးဆုံးနှင့် မရှိမဖြစ်အလိုအပ်ဆုံးက မည်သည့်အရာဖြစ်စေ ယင်းက ၎င်းတို့ သီးသန့်အာရုံစိုက်ပြီး လုပ်ဆောင်သောအရာ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများ၏ အသိအမှတ်ပြုမှုနှင့် ပံ့ပိုးမှုကို ၎င်းတို့ ရရှိသရွေ့ အဆင်ပြေသည်။ လူတိုင်းက ၎င်းတို့ကို မည်သို့မြင်သည်၊ အထက်က ၎င်းတို့ကို မည်သို့မြင်သည်၊ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့ရှိမရှိတို့ကိုသာ အာရုံစိုက်သည်။ ၎င်းတို့သည် ကောင်းချီးခံစားရပြီး ဆုလာဘ်ရရှိမည်ဆိုသည်မှာ သေချာသရွေ့ အဆင်ပြေသည်။ သို့ရာတွင် ၎င်းတို့လုပ်ဆောင်သည့်အရာကို အကဲဖြတ်ရန်အတွက် သမ္မာတရားကို မည်သည့်အခါမျှ အသုံးမပြုကြသကဲ့သို့ ကောင်းချီးခံစားရလိုသည့် ဆန္ဒကို မည်သည့်အခါမျှ လက်မလျှော့ကြပေ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိကြပေ။ ၎င်းတို့က တစ်စုံတစ်ခုကို ညံ့ဖျင်းစွာလုပ်ဆောင်ပြီး ပြုပြင်ခြင်းခံရလျှင်၊ အထက်က ၎င်းတို့အပေါ် ကျေနပ်ခြင်းမရှိလျှင်၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်မရှိသည်ကိုဖြစ်စေ၊ ကောင်းမွန်သော ခရီးပန်းတိုင်အား ရရှိဖို့ မျှော်လင့်ချက်မရှိကောင်း မရှိနိုင်သည်ကိုဖြစ်စေ ၎င်းတို့ မြင်လျှင် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ၎င်းတို့၏ တာဝန်ကို နောက်ထပ် လုပ်ဆောင်လိုစိတ်မရှိတော့ဘဲ စွန့်လွှတ်လိမ့်မည်။ မယုံကြည်လိုခြင်းသက်သက်ဖြစ်သောသူအချို့ပင်ရှိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက အကျိုးမရှိဟု ၎င်းတို့က ထင်ကြသည်။ အထက်တွင်ရှိသော လိုက်စားမှုနည်းလမ်းသုံးခုမှာ သမ္မာတရားကို မလိုက်စားသူများ လိုက်လျှောက်သည့် လမ်းကြောင်းများ ဖြစ်သည်။ အသင်းတော်တိုင်းတွင် အသင့်အတင့်များပြားသော ဤသို့သောလူအမျိုးအစားများ ရှိသည်။ ပြီးလျှင် ၎င်းတို့အားလုံးမှာ သမ္မာတရားကို မချစ်သောသူများဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ကျိုးဖြင့်၊ ကောင်းချီးများရရှိခြင်းဖြင့်၊ ဆုလာဘ်များ ချီးမြှင့်ခံရခြင်းဖြင့် အစဉ် ဆက်စပ်ပြီး ၎င်းတို့၏ အသက်ဝင်ရောက်မှု၊ သမ္မာတရားအား နားလည်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းတို့ဖြင့် လုံးဝ မဆက်စပ်ပေ။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ၊ တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ မိမိကိုယ်ကို သိမြင်မှုကို လုံးဝ မလိုက်စားခဲ့ပေ။ အသက်ဝင်ရောက်မှုကို လုံးဝ မလိုက်စားခဲ့သကဲ့သို့ ဘုရားသခင်အား ချစ်ခြင်း၊ သို့မဟုတ် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို လုံးဝ မလိုက်စားခဲ့ပေ။ ၎င်းတို့က မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သမ္မာတရားကို မရှာဖွေပေ။ မည်သည့်ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်ဖြစ်စေ ယင်းနှင့် ဘုရားနှုတ်ကပတ်တော်ရှိ သမ္မာတရားကြား ချိတ်ဆက်မှုများ မပြုလုပ်ပေ။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်များက တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်သည်။ အားလုံးမှာ ကောင်းချီးများနှင့် တစ်ကိုယ်ရေအကျိုးမြတ်ကို ရယူခြင်းအတွက် ရည်ရွယ်ထားသည်။ ၎င်းတို့သည် မည်သို့ပြုပြင်ခြင်းခံရသည်ဖြစ်စေ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း မပြုဘဲ ၎င်းတို့က မှန်ကန်သည်ဟု ဆက်လက်၍ ထင်မြင်သည်။ ဤလူစားမျိုးသည် အပျက်သဘောဆောင်ခြင်းသိပ်မရှိ။ ကောင်းချီးခံရပြီး နိုင်ငံတော်သို့ ဝင်ရောက်ရမည်ဆိုလျှင် မည်သည့်ဒုက္ခပမာဏကိုမျှ မကြောက်ရွံ့ပေ။ ၎င်းတို့သည် အမှန်ပင် ဇွဲရှိသည်။ သို့သော်လည်း သမ္မာတရားကို လက်ခံရန် ၎င်းတို့အနေဖြင့် အလွန်ခက်ခဲသည်။ ၎င်းတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကိုအကြောင်း သိမြင်မှုရဖို့ထက် သေရခြင်းကို ပို၍နှစ်သက်ပြီး ၎င်းတို့က အလွန်ပင်ကောင်းစွာ လုပ်ဆောင်နေသည်ဟု ထင်ကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသော်လည်း သမ္မာတရားအား မလိုက်စားသောသူတို့တွင် အခြားသရုပ်သကန်တစ်ခုရှိသည်။ လူအချို့မှာ တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်သော်လည်း ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများကို၊ သို့မဟုတ် လူတို့၏ အခြေအနေအမျိုးမျိုးအား ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို စိတ်မဝင်စားကြပေ။ ဤအရာများကို ၎င်းတို့ နားလည်လျှင်ပင် စိတ်မဝင်စားကြပေ။ ဤသို့ဆိုလျှင် ၎င်းတို့က စိတ်မဝင်စားလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ဆဲ ဖြစ်သနည်း။ ၎င်းတို့စိတ်နှလုံးတွင် မရေရာသော၊ လက်တွေ့မကျသော အတွေးမျိုး အသေအချာပင်ရှိသည်။ ၎င်းတို့က “ကမ္ဘာပေါ်တွင်ရှိသော ဘုရားသခင်က မည်သည့်အရာအား လုပ်ဆောင်နိုင်စွမ်းရှိသည်ကို ငါမသိ။ ငါမပြောနိုင်ပါ။ သူသည် အဓိကအားဖြင့် သမ္မာတရားကို မိတ်သဟာဖွဲ့နိုင်သည့် ပုံစံရှိသည်။ ဤသမ္မာတရားဆိုသည့်အရာများကို ငါ သိပ်နားမလည်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ သူပြောသည့်အရာများက အလွန်ကောင်းသည်။ ပြီးလျှင် လူတို့အား လမ်းမှန်ကို လိုက်လျှောက်စေသည်။ သို့ရာတွင် သူသည် အမှန်တကယ်ပင် ဘုရားဖြစ်သည်၊ မဖြစ်သည်ကို ငါမပြောနိုင်” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အလွန်သံသယဝင်ကြသဖြင့် အဘယ်ကြောင့် ထွက်ခွာခြင်းမရှိဘဲ ဘုရားအိမ်တော်၌ နေကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးတွင် မရေရာသော အမြင်နှင့် စိတ်ကူးယဉ်တစ်ခုရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့က “ငါသည် ဤနေရာတွင် ဆက်လက်၍ အချိန်ဖြုန်းလျှင် အဆုံး၌ သေခြင်းမှ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်သည်။ နောက်ဆုံးတွင် ကောင်းကင်ဘုံသို့ ဝင်ရောက်ပြီး ကြီးမားသောကောင်းချီးများကို ရကောင်းရနိုင်သည်” ဟု တွေးကြသည်။ ထို့ကြောင့် အခြားလူများက စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားပြီး ပြုပြင်ခြင်းကို လက်ခံစဉ်တွင် ၎င်းတို့က ထိုနေရာ၌ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ဆုတောင်းကာ “အို ဘုရားသခင်၊ ဤအခက်အခဲများတစ်လျှောက် ကျွန်ုပ်ကို ဦးဆောင်ပါ။ ပြုပြင်ခံရခြင်းအား ကျွန်ုပ်ကို လက်ခံနိုင်စေတော်မူပါ။ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျွန်ုပ် ကျိုးနွံနာခံလိုစိတ်ရှိပါသည်” ဟု ပြောကြသည်။ ၎င်းတို့ဆုတောင်းသည့် စကားများက မမှားသည်ကို သင်ကြားရသည်။ သို့သော် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်၊ သို့မဟုတ် မှားယွင်းသည်ဆိုသည်ကို မည်သည့်အခါမျှ ဝန်မခံပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ၎င်းတို့ အသိအမှတ်ပြုသည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ဖြစ်သည့် လူ့ဇာတိခံဘုရားသခင်နှင့် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကိုမူ လုံးဝ အရေးမစိုက်ပေ။ ဤအရာများက ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက ရိုးရှင်းပြီး အနှစ်မဲ့ပုံဖြစ်သည်။ အခြားလူများက လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားရန် လိုအပ်ခြင်းကို မည်သို့ပြောသည်ဖြစ်စေ ၎င်းတို့က “သင်တို့အားလုံးက အလွန်ဖောက်ပြန်ပျက်စီးပြီး ငါက မပျက်စီးသည်မှာ အဘယ်သို့ဖြစ်သနည်း” ဟူ၍ မိမိဘာသာ တွေးတောကောက်ချက်ချသည်။ ၎င်းတို့သည် ပြည့်စုံမှုရှိပြီး အပြစ်အနာအဆာမရှိ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု ထင်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အခြားလူများအပေါ် မလိုမုန်းထားသည်၊ သို့မဟုတ် အထင်သေးသည်။ သို့သော် ၎င်းတို့က ဤအရာကို မကောင်းသောအတွေးတစ်ခုသာဖြစ်ပြီး ချုပ်ထိန်းလိုက်လျှင် ပျောက်သွားလိမ့်မည်ဟု ထင်မြင်လျက် ပုံမှန်ဖြစ်သည်ဟု သတ်မှတ်ကြသည်။ သို့မဟုတ် အခြားလူများက ဘုရားသခင်အား ပုန်ကန်သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က “ငါသည် ဘုရားသခင်ကို မည်သည့်အခါမျှ မပုန်ကန်ခဲ့။ ငါ၏ စိတ်နှလုံးတွင် ဘုရားအတွက် ငါ့၌ရှိသောချစ်ခြင်းသည် မည်သည့်အခါမျှ ယိမ်းယိုင်ခြင်းမရှိ” ဟု တွေးသည်။ ၎င်းတို့သည် ဤဝါကျအနည်းငယ်ကိုသာပြောပြီး မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်မကြည့်ပေ၊ သို့မဟုတ် စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မသိပေ။ ဤသို့သောလူတို့သည် သမ္မာတရားကို လိုက်စားသူများ ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အကောင်းမြင်ဆဲဖြစ်ပြီး ဘုရားသခင်အား ဤသို့ယုံကြည်ခြင်းသည် မဆိုးပေဟု ထင်သနည်း။ ဤတွင် မည်သည့်အရာ ဖြစ်နေသနည်း။ ဤသည်မှာ သမ္မာတရားအား ၎င်းတို့မချစ်ဆိုသည်ကို ပြသည်။ လူတို့၏ အယူအဆများအရ ၎င်းတို့မှာ မည်သည့်လူအမျိုးအစား ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်ပုံစံများဖြင့် ပြသသနည်း။ ၎င်းတို့သည် စကားပြောကောင်းသည်၊ လိမ္မာပါးနပ်သည်၊ သင်လွယ်တတ်လွယ်သည်၊ အမှုအရာများကို နားလည်ရန် ခိုင်မာသော အရည်အချင်းရှိသည်။ သင်၏ ပါးစပ်မှ စကားများထွက်လာသည်နှင့် တစ်ပြိုင်နက် သင်ပြောနေသည့်အရာကို ၎င်းတို့ နားလည်သည်။ ပြီးလျှင် အထူးသဖြင့် အယူဝါဒကို လျင်မြန်စွာ နားလည်သည်။ သို့ရာတွင် မည်သည့်အရာကို ၎င်းတို့ နားလည်သည်ဖြစ်စေ ကောင်းချီးများရရှိရန် ၎င်းတို့၏ ဦးတည်ချက်နှင့် ချိန်ရွယ်ချက်သည် မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ထို့အပြင် ၎င်းတို့နားလည်သည့် သမ္မာတရားများကို ဓမ္မပညာဆိုင်ရာ သဘောတရားများအဖြစ်၊ သို့မဟုတ် မူဝါဒ၊ သို့မဟုတ် သွန်သင်မှုအမျိုးအစားဖြစ် မှတ်ယူကြသည်။ ယင်းတို့သည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့ မထင်ကြပေ။ ထို့ကြောင့် ယင်းတို့ကို ၎င်းတို့၏ ဘဝ၌ အသုံးချဖို့ မဆိုထားနှင့်၊ လက်တွေ့မလုပ်ဆောင်ပေ၊ သို့မဟုတ် မတွေ့ကြုံပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို ၎င်းတို့ ရရှိပြီးဖြစ်သည်ဟု ထင်မြင်လျက် ၎င်းတို့နှစ်သက်ကာ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့်ကိုက်ညီသော အယူဝါဒများကိုသာ လက်ခံပြီး ဟောပြောသည်။ အယူဝါဒများကို ဟောပြောနိုင်ပြီး လူများစွာအား အထင်ကြီးအောင်လုပ်နိုင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ၎င်းတို့ ရရှိသည့် အကြီးဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ၊ သို့မဟုတ် မိမိကိုယ်ကို သိမြင်မှုရှိမရှိနှင့် ပတ်သက်လျှင် ဤအရာတို့သည် သိပ်အရေးမကြီးသည့် အသေးအဖွဲကိစ္စများ ဖြစ်သည်ဟုလည်းကောင်း၊ ဝိညာဉ်ရေးရာ အယူဝါဒများကို ဟောပြောနိုင်ခြင်း၊ မေးခွန်းများကို ဖြေနိုင်ခြင်း၊ ၎င်းတို့အား လူများလေးစားအောင် လုပ်ဆောင်နိုင်ခြင်းတို့သည် အရေးပါဆုံးဖြစ်ပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကို ၎င်းတို့ ခံစားရန် ၎င်းတို့ကို အရည်အချင်းပြည့်မီစေသောအရာဖြစ်သည်ဟုလည်းကောင်း ထင်ကြသည်။ ထို့ကြောင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ အရေးမစိုက်ကြပေ။ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းမရှိပေ။ ပြီးလျှင် အဆင့်မြင့်သော တရားဒေသနာများကို ဟောကြားနိုင်ခြင်းဖြင့်သာ ကျေနပ်ကြသည်။ ဤပြဿနာသည် အတော်အတန် ဆိုးရွားသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများ၌ရှိသည့် အရာထက်ပင် ပို၍ ဆိုးရွားသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့ ရှင်းလင်းစွာ သိသော်လည်း လက်တွေ့မလုပ်ဆောင်သောကြောင့်၊ သို့မဟုတ် မတွေ့ကြုံသောကြောင့် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သော၊ သမ္မာတရားကို ဆော့ကစားသောသူတစ်ယောက် ဖြစ်သည်။ ဤပြဿနာ၏ သဘာဝမှာ အလွန်မဆိုးရွားသလော။

ယခုတွင် သင်တို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော်လည်း သမ္မာတရားအား မလိုက်စားသောသူတို့ကို ပိုင်းခြားသိမြင်နိုင်သည် မဟုတ်လော။ သင်တို့သည် ပုံစံတစ်ခုခုဖြင့် ဤလူစားမျိုးကဲ့သို့ မိမိတို့ကိုယ်ကို ပေါ်လွင်စေသလော။ (ပေါ်လွင်စေပါသည်။ အဓိကအားဖြင့် အဆင့်အတန်းအတွက် ကျွန်ုပ်လုပ်ဆောင်သော အရာများတွင် ဖြစ်သည်။) အဆင့်အတန်းအတွက် အမှုအရာများကို ပြောဆိုခြင်းနှင့် အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ဆောင်ခြင်း၊ အရာရာတိုင်းက အဆင့်အတန်းကို ဗဟိုပြုလည်ပတ်နေသည်။ ဤသည်မှာ ဒုက္ခပေးတတ်သည်။ သမ္မာတရားကို ဤသို့ လိုက်စားရန် ဖြစ်နိုင်သလော။ အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ဆောင်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ အဓိကအားဖြင့် ယင်းသည် မိမိကိုယ်တိုင်၏ သိက္ခာ၊ ပုံရိပ်နှင့် ဂုဏ်တို့အပြင် အခြားလူများ၏ စိတ်နှလုံးတွင် ကိုင်စွဲသော အဆင့်အတန်း၊ ၎င်းတို့ကို အထင်ကြီးလေးစားပြီး ကြည်ညိုခြင်းရှိမရှိတို့အား အာရုံစိုက်ခြင်း ပါဝင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ဤသွင်ပြင်လက္ခဏာများကိုသာ ၎င်းတို့ အရေးစိုက်သည်။ မည်သည့်အခါမျှ ဘုရားသခင်ကို မချီးမြှောက်ပေ၊ သို့မဟုတ် သက်သေမခံပေ။ ဥပမာအနေဖြင့် သမ္မာတရားကို မလိုက်စားသူတစ်ဦးက ယုံကြည်သူအသစ်တစ်ယောက်ကို တွေ့သောအခါ သူ၏ စိတ်နှလုံး၌ “သင်သည် နှစ်အနည်းငယ်သာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည်။ မည်သည့်အရာကိုမျှ သင်နားမလည်” ဟု တွေးကာ ထိုသူအား အထင်သေးသည်။ ယုံကြည်သူအသစ်က သမ္မာတရားကို ရှာဖွေလိုလျှင် ၎င်းတို့က ယုံကြည်သူအသစ်၏ အသွင်အပြင်၊ ပြောဆိုသည့် ပုံစံ၊ ထိုသူအား နှစ်သက်ခြင်းရှိမရှိတို့ကို ဦးစွာ စဉ်းစားမည်။ ယုံကြည်သူအသစ်က ညံ့ဖျင်းသော အစွမ်းအစရှိလျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့လိုစိတ်ရှိမည်မဟုတ်။ တိုက်တွန်းအားပေးသည့် စကားအနည်းငယ်ကိုသာ ပြောပြီး ထားလိုက်မည်ဖြစ်သည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် ယုံကြည်သူဖြစ်သည်မှာ နှစ်များစွာကြာပြီး အရင်းအနှီးရှိသည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဝါရင့်မှုကို အသုံးချကြသည်။) ဤအရင်းအနှီးသည် ၎င်းတို့၏ အဆင့်အတန်းကို အခိုင်အမာပြောဆိုသည့် သရုပ်သကန်ဖြစ်သည်။ အရင်းအနှီးရှိသောကြောင့် ၎င်းတို့သည် မိမိကိုယ်ကို အပ်နှင်းထားသည့် အဆင့်အတန်းတစ်ခုဖြစ်ပြီး အခြားလူများက ပေးအပ်ထားခြင်းမဟုတ်သည့် အဆင့်အတန်းရှိသည့်နေရာမှ ပြောဆိုခွင့်ရှိသည်ဟု ခံစားရသည်။ ဤပုံစံဖြင့် အလုပ်လုပ်ပြီး စကားပြောသော ဤသို့သောလူတို့သည် သမ္မာတရားကို လိုက်စားသူများ ဟုတ်သလော။ (မဟုတ်ပါ။) သင်တို့သည် မိမိတို့ကိုယ်ကို ဤသို့ ပြသသလော။ သင်က “ကျွန်ုပ်သည် ဘုရားသခင်ကို ဆယ်နှစ်ကြာ ယုံကြည်ခဲ့သည်။ နှစ်နှစ်ကြာသာ ယုံကြည်ခဲ့သောသူနှင့် ကျွန်ုပ်အား တွဲဖက်ပေးခြင်းမှာ ကျွန်ုပ်ကို စော်ကားခြင်း မဟုတ်လော။ ကျွန်ုပ်သည် ထိုသူကို စကားပင်မပြောလိုပါ။ စကားတစ်လုံးသည်ပင် ကျွန်ုပ်ကို မောပန်းစေလိမ့်မည်။ သူသည် မည်သည့်အရာကိုမျှ နားမလည်” ဟု ပြောသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ ကြီးစိုးခြင်းခံရခြင်းမှ အရင်းခံသည်။ သင့်၌ အဆင့်အတန်းကို တန်ဖိုးထားသော စိတ်နှလုံးမရှိလျှင်၊ လူတို့အား အတွေ့အကြုံအရ၊ သို့မဟုတ် ဝါအရ အဆင့်မခွဲလျှင်၊ သင့်၌ အရင်းအနှီးရှိသည်ဟု မထင်လျှင် သင်သည် လူတစ်ယောက်အား ဤသို့ ဆက်ဆံမည်လော။ ရှင်းလင်းစွာပင် သင့်အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသောကြောင့် လူတို့အား သင်ဆက်ဆံသည့်နည်းလမ်း၏ သရုပ်သကန်များသည် အခြားလူတို့အတွက် အကျိုးမရှိပေ။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ လိုက်စားမှုများနှင့် သင့်စိတ်နှလုံးအတွင်းပိုင်းထဲတွင် မည်သည့်အရာတည်ရှိသည်ဆိုသည်တို့ကို ဖော်ထုတ်ပြသည်။ အဆင့်အတန်းအတွက် လုပ်ဆောင်ခြင်း၏ အခြားသော သရုပ်သကန်တစ်ခုရှိသည်။ ဥပမာအနေဖြင့် လူအချို့သည် အတတ်ပညာပိုင်းဆိုင်ရာ အသိကို ရရှိပြီးဖြစ်သည်၊ သို့မဟုတ် နယ်ပယ်တစ်ခုခုတွင် ကျွမ်းကျင်သူများ ဖြစ်သည်။ သို့ရာတွင် ဤနယ်ပယ်အကြောင်း ဆွေးနွေးသောအခါ အခြားလူများက ဦးစွာ ပြောဆိုလျှင် ၎င်းတို့က စိတ်မကြည်မလင်ဖြစ်ပြီး “သင်တို့သည် အသိစိတ်မရှိဘဲ အဘယ်သို့ ပြောဆိုနိုင်သနည်း။ ကြီးမြတ်ခြင်းက သင်တို့ရှေ့တည့်တည့်တွင်ရှိနေလျှင် သင်တို့ သိမည်မဟုတ်” ဟု တွေးကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် တက္ကသိုလ်တွင် ဤဘာသာရပ်ကို အဓိကဘာသာရပ်အဖြစ် သင်ယူခဲ့ပြီး ကျွန်ုပ်၏ သုတေသနအားလုံးကို ဤကိစ္စများအတွက် ရည်စူးနှစ်မြှုပ်ခဲ့သည်။ ဘွဲ့ရပြီးနောက် ဤနယ်ပယ်တွင် နှစ်အတန်ကြာ အလုပ်လုပ်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ကတည်းက ဤအသက်မွေးဝမ်းကျောင်းပညာကို ငါ စွန့်လွှတ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည်။ သို့သော် ယင်းနှင့်ပတ်သက်ပြီး အရာရာတိုင်းကို ငါ အလွယ်တကူပင် သတိရနိုင်သည်။ ဤအကြောင်းပြောရခြင်းကို ငါမနှစ်သက်။ ကြွားဝါနေသကဲ့သို့ ဖြစ်သည်” ဟု ဆိုကြသည်။ ဤစကားများကို မည်သို့ထင်သနည်း။ ဤစကားများသည် ဘာသာတရားမရှိသူများ ပညာရှင်များ၏ စကားများသာဖြစ်သည်။ ပြီးလျှင် စာတန်ဆန်သော အတွေးအခေါ်များကို အခြေခံ၍ ပြောခြင်းဖြစ်ကာ ၎င်းတို့အား နှံ့စပ်သည့် ပုံစံဖြစ်စေပြီး လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရရှိစေသည်။ ၎င်းတို့က မကြွားဝါလိုဟု အခိုင်အမာဆိုသော်လည်း ၎င်းတို့လုပ်ဆောင်နေသည့်အရာကိုက အတိအကျပင် ထိုသို့ဖြစ်နေလေသည်။ ပို၍ ကျွမ်းကျင်လိမ္မာသော ပုံစံဖြင့်လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ ဤ အသက်မွေးဝမ်းကျောင်းပညာကို ၎င်းတို့လေ့လာခဲ့သည့် နှစ်အရေအတွက်နှင့် ၎င်းတို့ရရှိခဲ့သည့်အရာကဲ့သို့သော ၎င်းတို့တွင်ရှိသည့် အရင်းအနှီးကို ထုတ်ဖော်ပြောပြီး ၎င်းတို့သည် ထိုနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်သည်ဟူသည့် အချက်ကို ပြရန်အတွက် ဤနည်းလမ်းကို အသုံးပြုသည်။ နယ်ပယ်တစ်ခုတွင် ကျွမ်းကျင်သူဖြစ်ခြင်းသည် သင်က ထိုနယ်ပယ်ကို သေချာပေါက်နားလည်သည်ဟု ဆိုလိုသလော။ သင်က ဘုရားအိမ်တော်တွင် အလုပ်လုပ်နေသည့် ကျွမ်းကျင်သူဖြစ်လျှင် ဤသည်မှာ သင်ပြုလုပ်ရမည့် နည်းဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (သမ္မာတရားကို ရှာဖွေသင့်သည်။ ညီအစ်ကိုမောင်နှမများဖြင့် အတူတကွ ဆွေးနွေးပြီး ရှာဖွေသင့်သည်။) လူတိုင်း အတူတကွ ရှာဖွေသင့်သည်။ သင်က “ကျွန်ုပ်သည် ရိုးသားဖို့ လိုသည်။ ကျွန်ုပ်သည် ဤအသက်မွေးဝမ်းကျောင်းပညာတွင် နှစ်အတန်ကြာ အလုပ်လုပ်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ အနည်းငယ်သိသည်။ သို့သော် ဘုရားအိမ်တော်က ဤအသက်မွေးဝမ်းကျောင်းပညာကို အသုံးပြုပုံနောက်ကွယ်ရှိ စည်းမျဉ်းများကို ကျွန်ုပ်မသိ။ ကျွန်ုပ်တွင်ရှိသော အသိပညာက ဘုရားအိမ်တော်အတွက် အသုံးဝင်သလောဆိုသည်ကို ကျွန်ုပ်မသိပါ။ ဤအရာကို ကျွန်ုပ်တို့ အတူတကွ ဆွေးနွေးနိုင်သည်။ ဤနယ်ပယ်၏ အခြေခံအချက်များကို သင်တို့အား ကျွန်ုပ်အနည်းငယ်ပြောပြမည်” ဟု ဆိုသည်။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသော စကားပြောပုံဖြစ်သည်။ ၎င်းတို့သည် ဤအသက်မွေးဝမ်းကျောင်းပညာနှင့်ပတ်သက်၍ ကောင်းစွာတတ်သိနားလည်သော်လည်း နှိမ့်ချပြီး မာနမကြီးပေ။ ဟန်ဆောင်နေခြင်း မဟုတ်ပေ။ အလုပ်ကို အမှန်ပင် ကောင်းစွာလုပ်ဆောင်လိုသည်။ ၎င်းတို့ သင်ယူတတ်မြောက်ခဲ့သောအရာနှင့် ၎င်းတို့သိသည့်အရာတို့ကို လူတိုင်းဖြင့် မျှဝေလိုပြီး မည်သည့်အရာကိုမျှ ထိမ်ချန်မထားပေ။ အခြားလူများက ၎င်းတို့ကို မည်သို့ မြင်သည်ဖြစ်စေ၊ ဆက်ဆံသည်ဖြစ်စေ ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက်သက်သက်ဖြင့် ဤအရာကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ကျေနပ်စေရန်အတွက်သက်သက်ဖြင့်၊ သမ္မာတရားကို ရရှိပြီး လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ခြင်းအတွက်သက်သက်ဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း၏ ကဏ္ဍတိုင်းတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပြီး ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အလေးထားသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ လူတိုင်းနှင့် ဦးစွာ မိတ်သဟာယပြုသည်။ ထို့နောက် အများသဘောတူညီချက်တစ်ခု ရရှိရန်အတွက် စုပေါင်းဆွေးနွေးပြီး ညီအစ်ကိုမောင်နှမများအား စိတ်ကူးများနှင့် အားစိုက်ထုတ်မှုများကို ပံ့ပိုးခွင့်ပေးသည်။ အားလုံးက အလုပ်ကို ကောင်းစွာပြီးမြောက်ရာ၌ တစ်စုတစ်စည်းတည်းရှိကြသည်။ ဤနည်းလမ်းကို အဘယ်သို့ထင်သနည်း။ သမ္မာတရားအားလိုက်စားသူတို့သာ ဤသို့ လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို တူညီစွာ ယုံကြည်ကြသော်လည်း သမ္မာတရားကို လိုက်စားသူတို့နှင့် မလိုက်စားသူတို့သည် မတူညီသောပုံစံများဖြင့် မိမိတို့ကိုယ်ကို ပေါ်လွင်စေကြသည်။ မည်သည့်လူစားမျိုးက စက်ဆုပ်ဖွယ်ဖြစ်သနည်း။ (သမ္မာတရားအား မလိုက်စားသူတို့သည် စက်ဆုပ်ဖွယ်ဖြစ်သည်။) အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုအကြောင်းကို သင်အနည်းငယ်သိလျှင် ကြွားဝါဖို့မလိုပေ။ အသက်မွေးဝမ်းကျောင်းပညာကို သင်အနည်းငယ်သိလျှင် အခြားလူများကိုလည်း သိမ်ငယ်စေဖို့၊ သို့မဟုတ် ဘောင်ခတ်ဖို့ မလိုပေ။ လူအချို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်သောအခါ၌ မာန်တက်ကြသည်။ ဟန်များသော ကိုယ်နှုတ်အမူအရာဖြင့် လမ်းလျှောက်ပြီး ပြောဆိုကြကာ အရာရှိပုံစံပင် ဖမ်းကြသည်။ ဤသို့ လုပ်ဆောင်သည့်ပုံစံသည် ပို၍ပင် စက်ဆုပ်ဖွယ်ဖြစ်သည်။ သင့်၌ အဆင့်အတန်းတစ်ခုခုရှိလျှင်ပင် ကြွားလုံးထုတ်ဖို့၊ သို့မဟုတ် မာနကြီးဖို့ မလိုပေ။ ညီအစ်ကိုမောင်နှမများအား ၎င်းတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အတွက် ဦးဆောင်ရန် သင်သည် တာဝန်သိစွာ လုပ်ဆောင်သင့်သည်။ ဤသည်မှာ သင့်တာဝန်နှင့် သင်ဖြစ်မြောက်သင့်သည့်အရာ ဖြစ်သည်။ ထို့အပြင် သင့်၌ လူ့သဘာဝရှိပြီး သစ္စာရှိလျှင် အမှုအရာများကို လုပ်ဆောင်သောအခါ တာဝန်ယူရမည်။ မည်သို့ တာဝန်ယူသင့်သနည်း။ လူတို့နားမလည်သည့် နယ်ပယ်များတွင်၊ လူတို့က အမှားလုပ်တတ်သည့်၊ သို့မဟုတ် အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရတတ်သည့် နယ်ပယ်များတွင် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်လည်းကောင်း၊ ဖြစ်ပေါ်လာသော မည်သည့်အမှားများနှင့် လမ်းလွဲမှုများကိုမဆို ပြုပြင်ခြင်းအားဖြင့်လည်းကောင်း ဖြစ်သည်။ လူတိုင်းက မှန်သောနည်းလမ်းကို အသုံးပြုလျက် အမှုအရာများကို လုပ်ဆောင်နိုင်ဖို့ သေချာစေရန် သင်ပြုလုပ်သင့်သည်။ ဤသို့အားဖြင့် ၎င်းတို့သည် အမှားများ မပြုလုပ်တော့ပေ၊ သို့မဟုတ် အခြားလူများ၏ ဘောင်ခတ်ခြင်း မခံရတော့ပေ။ ဤသို့ဖြင့် သင်သည် သင့်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တာဝန်၌ တာဝန်သိတတ်ပြီး သစ္စာရှိခြင်း ဖြစ်သည်။ ဤအရာကို သင်ရရှိပြီးသည်နှင့် အဆင့်အတန်းကို သင်လိုက်စားသည်ဟု အခြားလူများက ဆိုနိုင်သေးသလော။ မဆိုနိုင်ပေ။ သင်လက်တွေ့လုပ်ဆောင်သည့် စည်းမျဉ်းများက မှန်ကန်နေပြီဖြစ်ပြီး သင့်လမ်းကြောင်းကလည်း ထို့အတူပင်ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရားကို လိုက်စားသူတို့၏ သရုပ်သကန်များ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်နည်းလမ်း ဖြစ်သည်။ ဆန့်ကျင်ဘက်မှာ ဂုဏ်အသရေမရှိသည့် အပြုအမူ အမြောက်အမြားမှလွဲ၍ အခြားမဟုတ်ပေ။ ကြွားဝါလိုပြီး အထင်ကြီးခံလိုခြင်း၊ သို့သော် ၎င်းတို့သိသည့်အရာကိုလည်း ထိမ်ချန်ကာ ဖုံးထားလိုခြင်း၊ ဤအရာများကို အခြားလူများက သိလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသနိုင်တော့မည်မဟုတ်၊ သို့မဟုတ် အထင်ကြီးခြင်း ခံရတော့မည်မဟုတ်သည်ကို ကြောက်ရွံ့ခြင်းတို့ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ပုန်ကန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အရေးမစိုက်။ ပြီးလျှင် အတိုင်းသား ရပ်၍ပင်ကြည့်ပြီး “ငါမပြောလျှင် တစ်စုံတစ်ဦးက ဤအမှုကိစ္စကို ရှင်းလင်းစွာ ရှင်းပြနိုင်ခြင်းရှိမရှိကို ကြည့်ကြစို့။ တစ်စုံတစ်ခုကို ငါပြောလျှင်ပင် အရာရာတိုင်းကို ပြောမည်မဟုတ်။ ယနေ့တွင် အနည်းငယ် ဖွင့်ပြောပြီး မနက်ဖြန်တွင် အနည်းငယ် ဖွင့်ပြောမည်။ ပြီးလျှင် သင်တို့အား အမှန်အတိုင်း ပြောပြမည်မဟုတ်သေး။ သင်တို့ဘာသာ ချင့်ချိန်စဉ်းစားခိုင်းမည်။ ငါ့ထံမှ တစ်စုံတစ်ခုကို ရယူရန် အလွန်လွယ်ကူခြင်းမရှိ။ ငါနားလည်သည့်အရာအားလုံးကို သင်တို့အား ပြောပြပြီး နားလည်စေလျှင် ငါ့၌ မည်သည့်အရာမျှ ကျန်မည်မဟုတ်။ ပြီးလျှင် သင်တို့က ငါ့ထက် သာလိမ့်မည်။ ထိုအခါတွင် ငါ့ကို သင်တို့ မည်သို့မြင်မည်နည်း” ဟူ၍ မိမိတို့ဘာသာ တခစ်ခစ်ရယ်မောသည်။ မည်သည့် သတ္တဝါမျိုးက ဤသို့ တွေးမည်နည်း။ ဤလူသည် အဆိပ်ရှိသည်။ ကောင်းသည့်အရာ တစ်ခုမျှ မရှိပေ။ သူသည် ရိုးသားသူတစ်ဦး ဟုတ်သလော။ (မဟုတ်ပါ။) သင်တို့ထဲမှ တစ်ယောက်ယောက်က ဤသို့ လုပ်ဆောင်ဖူးသလော။ (လုပ်ဆောင်ဖူးပါသည်။ အထူးသဖြင့် ကျွန်ုပ်သည် ဧဝံဂေလိကို အချိန်ကြာမြင့်စွာ ဖြန့်ဝေပြီး ရလဒ်အချို့ ရရှိပြီးနောက်တွင် ကျွန်ုပ်၌ အဖိုးတန်အရည်အချင်းအချို့နှင့် အရင်းအနှီးရှိသကဲ့သို့ ခံစားရသည်။ နည်းလမ်းကောင်းတစ်ခုခုကို ကျွန်ုပ်သိသလော၊ သို့မဟုတ် မျှဝေရန် အတွေ့အကြုံကောင်းတစ်ခုခုရှိသလောဆိုသည်ကို အခြားလူများက မေးသောအခါ၌ ကျွန်ုပ် ငြင်းဆန်ခဲ့သည်။ ကျွန်ုပ်သည် “တပည့်ကို ဆရာစားမချန်လျှင် ဆရာသည် မိမိ၏ အသက်မွေးမှုကို ဆုံးရှုံးရလိမ့်မည်” ဟူသည့် စာတန်၏ အဆိပ်ရှိသော အဆိုဖြင့် နေထိုင်ခဲ့သည်။ အခြားလူများက ကျွန်ုပ်ထက်သာလွန်ပြီးနောက်တွင် ကျွန်ုပ်၏ အဆင့်အတန်း ဆုံးရှုံးရမည်ကို ကြောက်ခဲ့သည်။) အခြားလူများက သင်၏ ထင်ပေါ်မှုကို ခိုးယူခြင်းအား ကြောက်ခြင်းသည် ကျော်လွှားရန် လွယ်ကူသောအရာ မဟုတ်ပေ။ ဂုဏ်သတင်းနှင့် ကိုယ်ကျိုးသည် လူတို့က ယှဉ်ပြိုင်ကြိုးစားလျက် ၎င်းတို့၏ တစ်ဘဝလုံးကုန်ဆုံးစေသော ပန်းတိုင်များဖြစ်သည်။ သို့သော် ယင်းတို့သည် နှလုံးတွင်ရှိသော ဓားမြှောင်နှစ်ချောင်းလည်း ဖြစ်သည်။ ယင်းတို့သည် သင့်ကို ဘဝပျက်စေလိမ့်မည်။

အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးဖြစ်စေသော အရာများကို လုပ်ဆောင်ခဲ့သောလူအချို့သည် ၎င်းတို့က ကူညီထောက်ပံ့မှုတစ်ခု ပြုလုပ်ခဲ့ပြီး အသင်းတော်အတွင်းတွင် အဆင့်အတန်းတစ်ခုရှိသည်ဟု ထင်ကြသည်။ ၎င်းတို့က အခြားလူများ၏ ရှေ့၌ ရှိသောအခါတိုင်းတွင် ၎င်းတို့လုပ်ဆောင်ခဲ့သော ဤကောင်းသည့်အရာများကို ထုတ်ပြောသည်။ ဤသို့ဖြင့် လူတိုင်းက ၎င်းတို့အပေါ် လုံးဝ အသစ်သော သိမြင်မှုနှင့် နားလည်မှုရှိကြသည်။ ယင်းမှာ ၎င်းတို့၏ အရင်းအနှီးနှင့် အဆင့်အတန်းကို နားလည်ခြင်းနှင့် အသင်းတော်အတွင်း ၎င်းတို့၏ ဂုဏ်သတင်းနှင့် နေရာကို နားလည်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်သနည်း။ (ကြွားဝါပြီး ကြွားလုံးထုတ်ရန် ဖြစ်သည်။) ကြွားလုံးထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မိမိတို့ကိုယ်ကို သက်သေထူရန် ဖြစ်သည်။ မိမိတို့ကိုယ်ကို သက်သေထူခြင်းအားဖြင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ (အခြားလူများအား ၎င်းတို့ကို အထင်ကြီးလေးစားအောင် လုပ်ဆောင်နိုင်သည်။) လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားအောင် ၎င်းတို့ကို အကောင်းပြောအောင်၊ ၎င်းတို့ကို ကြောက်ရွံ့အောင် လုပ်ဆောင်သည်။ ဤအရာများကို ရရှိပြီးနောက်တွင် ၎င်းတို့သည် စိတ်အတွင်း၌ မည်သို့ခံစားရသနည်း။ (၎င်းတို့ ပျော်မွေ့ပါသည်။) အဆင့်အတန်း၏ အကျိုးအမြတ်များကို ၎င်းတို့ ပျော်မွေ့ကြသည်။ သင်တို့သည်လည်း ဤအရာများကို လိုက်စားသလော။ လူတို့တွင်ရှိသော ဤအတွေးများ၊ အယူအဆများနှင့် တွေးခေါ်ပုံများကို မည်သည့်အရာက ဖြစ်စေသနည်း။ မည်သည့်အရာက ယင်းတို့ကို ပေါ်ပေါက်စေသနည်း။ ယင်းတို့၏ အရင်းအမြစ်မှာ အဘယ်နည်း။ ယင်းတို့၏ အရင်းအမြစ်မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ လူတို့အား ဤသို့ မိမိတို့ကိုယ်ကို ထုတ်ဖော်စေပြီး ဤလိုက်စားမှုမျိုးတို့ ဖြစ်ပေါ်စေသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ လူအချို့သည် ဘုရားအိမ်တော်တွင် မကြာခဏပင် အခြားလူများထက် သာလွန်သည်ဟု ခံစားရသည်။ မည်သည့်ပုံစံများဖြင့် ဖြစ်သနည်း။ ဤပုံစံတို့ဖြင့် သာလွန်သည်ဟု မည်သည့်အရာက ၎င်းတို့အား ခံစားရစေသနည်း။ ဥပမာ လူအချို့သည် နိုင်ငံခြားဘာသာစကားတစ်ခုအား မည်သို့ပြောရမည်ကို သိသည်။ ပြီးလျှင် ဤသည်မှာ ၎င်းတို့၌ ဆုကျေးဇူးရှိပြီး ကျွမ်းကျင်မှုရှိခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်၌ ၎င်းတို့မရှိလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ချဲ့ထွင်ရန် အလွန်ပင်ခက်ခဲဖို့ များလိမ့်မည်ဟုလည်းကောင်း အဓိပ္ပာယ်ရသည်ဟု ၎င်းတို့က ထင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့သွားသည့်နေရာတိုင်း၌ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားအောင် လုပ်ဆောင်လိုသည်။ ဤလူအမျိုးအစားတို့က အခြားလူများကို တွေ့သောအခါ မည်သည့်နည်းလမ်းကို အသုံးချသနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားအိမ်တော်၌ မတူညီသောတာဝန်များအား ထမ်းဆောင်သောလူတို့အပေါ်သို့ မတူညီသောအဆင့်မျိုးစုံကို သတ်မှတ်ပေးထားသည်။ ခေါင်းဆောင်များသည် ထိပ်ဆုံးတွင်ရှိပြီး ထူးခြားသည့် ပင်ကိုစွမ်းရည်များ ရှိသောသူတို့က ဒုတိယလိုက်သည်။ ပြီးလျှင် သာမန်ပင်ကိုစွမ်းရည် ရှိသောသူများရှိသည်။ ပြီးလျှင် အောက်ခြေ၌ ပံ့ပိုးပေးရသည့်တာဝန်မျိုးစုံကို ထမ်းဆောင်သောသူတို့ရှိသည်။ လူအချို့က အရေးကြီးသောတာဝန်များနှင့် အထူးတာဝန်များကို ထမ်းဆောင်ရန် အရည်အချင်းကို အရင်းအနှီးအဖြစ် သဘောထားပြီး ယင်းအား သမ္မာတရားစစ်မှန်မှုများရှိခြင်းအဖြစ် သဘောထားသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤသည်မှာ အဓိပ္ပာယ်မရှိ မဖြစ်သလော။ အထူးတာဝန်အချို့ကို ထမ်းဆောင်ရခြင်းက ၎င်းတို့အား မာနထောင်လွှားပြီး မာန်တက်စေသည်။ ပြီးလျှင် လူတိုင်းကို ၎င်းတို့က အထင်သေးသည်။ လူတစ်ယောက်ကို ၎င်းတို့ တွေ့ဆုံသောအခါ ၎င်းတို့အစဉ်လုပ်ဆောင်သည့် ပထမဆုံးအရာမှာ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဆိုသည်ကို မေးခြင်း ဖြစ်သည်။ ထိုသူသည် သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သည်ဆိုလျှင် ၎င်းတို့က ထိုသူကို အထင်သေးပြီး ဤလူကို ၎င်းတို့ အာရုံစိုက်ဖို့မထိုက်တန်ဟု ထင်ကြသည်။ ဤလူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လိုလျှင် ၎င်းတို့သည် အပေါ်ယံ၌ သဘောတူလက်ခံကြသည်။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် “သင်သည် ငါနှင့် မိတ်သဟာယပြုလိုသလော။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင်ထမ်းဆောင်သည့်တာဝန်ကို ကြည့်ပါ။ သင်သည် အဘယ်သို့ ငါနှင့်စကားပြောဖို့ ထိုက်တန်သနည်း” ဟု တွေးကြသည်။ ထိုသူထမ်းဆောင်သည့် တာဝန်က ၎င်းတို့၏တာဝန်ထက်ပို၍ အရေးကြီးလျှင် ၎င်းတို့က ထိုသူကို မြှောက်ပင့်ပြီး အားကျကြသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်များကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည် မျက်နှာလိုမျက်နှာရလုပ်ပြီး ခယကြသည်။ လူတို့ကို ၎င်းတို့ဆက်ဆံသည့်ပုံစံ၌ စည်းမျဉ်းနှင့်ညီကြသလော။ (မညီပါ။ ၎င်းတို့သည် လူတို့အား သူတို့ထမ်းဆောင်သည့်တာဝန်အရ၊ ၎င်းတို့သတ်မှတ်သည့် အမျိုးမျိုးသော မတူညီသည့် အဆင့်များအရ ဆက်ဆံကြသည်။) ၎င်းတို့သည် လူတို့အား သူတို့၏အတွေ့အကြုံနှင့် ဝါရင့်မှုအရ၊ သူတို့၏ ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများအရ အဆင့်ခွဲသည်။ ၎င်းတို့က လူတို့အား ဤသို့ အဆင့်ခွဲခြင်းအားဖြင့် မည်သည့်အချက်ကို ထုတ်ဖော်ပြသနည်း။ ဤသည်မှာ လူတစ်ဦး၏ လိုက်စားမှုများ၊ လူတစ်ဦး၏ အသက်ဝင်ရောက်မှု၊ လူတစ်ဦး၏ သဘာဝအနှစ်သာရနှင့် သူ၏ လူ့သဘာဝအရည်အသွေးတို့ကို ထုတ်ဖော်ပြသည်။ လူအချို့သည် အထက်လူကြီးခေါင်းဆောင်တစ်ဦးကို မြင်သောအခါ ခေါင်းညိတ်ပြီး အနည်းငယ်ဦးညွှတ်ကာ ယဉ်ကျေးကြသည်။ အရည်အချင်းအချို့ရှိသော၊ ပါရမီရှိသော၊ စကားပြောဆိုရာ၌ ကျွမ်းကျင်သော၊ ဘုရားအိမ်တော်တွင် အရေးကြီးတာဝန်များကို ထမ်းဆောင်ခဲ့သော၊ သို့မဟုတ် အထက်က ရာထူးတိုးပေးပြီး အရေးကြီးသည်ဟု မြင်သောသူတစ်ယောက်ကို ၎င်းတို့ မြင်သောအခါ အထူးယဉ်ကျေးသောပုံစံဖြင့် စကားပြောကြသည်။ အစွမ်းအစနိမ့်သူ၊ သို့မဟုတ် သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သူကို ၎င်းတို့ မြင်သောအခါ ထိုသူကို ၎င်းတို့ အထင်သေးပြီး ထိုသူကို မမြင်ရသကဲ့သို့ ဆက်ဆံကြသည်။ ထိုသူကို ၎င်းတို့ဆက်ဆံပုံက မတူပေ။ ၎င်းတို့က စိတ်အတွင်းတွင် မည်သည့်အရာကို တွေးနေသနည်း။ “သင်ကဲ့သို့သောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဆင့်အတန်းနိမ့်ဆဲဖြစ်သည်။ သို့တိုင်အောင် သင်က ငါနှင့်တူညီသည့်အဆင့်၌ ရှိသကဲ့သို့ စကားပြောလိုဆဲဖြစ်သည်။ ပြီးလျှင် အသက်ဝင်ရောက်မှုနှင့်၊ ရိုးသားသူတစ်ဦးဖြစ်ခြင်းနှင့် ပတ်သက်ပြီး ငါနှင့် မိတ်သဟာယဖွဲ့လိုဆဲဖြစ်သည်။ သင်က ဤသို့လုပ်ဆောင်ရန် မသင့်တော်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ မာနထောင်လွှားခြင်း၊ ကြမ်းတမ်းခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ အသင်းတော်တွင် ဤသို့သောလူအမျိုးအစား များစွာရှိသလော။ (ရှိပါသည်။) သင်တို့သည် ဤလူစားမျိုးဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့က မည်သူဖြစ်သည်ဆိုသည့်အပေါ် အခြေခံပြီး လူတို့အား ကွဲပြားစွာ ဆက်ဆံခြင်းဖြစ်သည့် ဤအရာများထဲမှ မည်သည့်အရာကမျှ သမ္မာတရားအား လိုက်စားသူတို့၏ သရုပ်သကန်များ မဟုတ်။ မည်သည့်အရာကို ၎င်းတို့ လိုက်စားနေကြသနည်း။ (အဆင့်အတန်းကို လိုက်စားနေကြသည်။) လူတို့၏ အပြုအမူ၊ ထုတ်ဖော်မှုများ၊ ပုံမှန်ပြသသော သရုပ်သကန်များသည် ၎င်းတို့၌ ရှိသော အတွေးများ၊ အမြင်များ၊ ရည်ရွယ်ချက်များနှင့် လိုက်စားမှုများအပြင် ၎င်းတို့ရောက်ရှိနေသည့်လမ်းကြောင်းကိုပါ ပြသနိုင်သည်။ သင်ထုတ်ဖော်သည့်အရာ၊ သင်ပုံမှန် ပြသသည့်အရာသည် သင်လိုက်စားသည့်အရာ ဖြစ်သည်။ သင်၏ လိုက်စားမှုက ဖော်ထုတ်ခြင်းခံရသည်။ ဤလူအမျိုးအစားတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသော်လည်း၊ ဘုရားနှုတ်ကပတ်တော်ကို နားလည်နိုင်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်ဖြင့် ချိတ်ဆက်မှုများ ပြုလုပ်နိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အခြေအနေများကို ဘုရားနှုတ်ကပတ်တော်ဖြင့် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်သော်လည်း မည်သည့်အရာ ဖြစ်ပျက်ပါစေ သမ္မာတရားကို မရှာကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားကို ၎င်းတို့၏ စည်းမျဉ်းများအဖြစ် အသုံးပြုလျက် မချဉ်းကပ်ကြပေ။ ထိုထက် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများကို အခြေခံပြီး ချဉ်းကပ်ကာ ပြုမူဆောင်ရွက်ကြသည်။ ဤသို့သောလူတို့သည် သမ္မာတရားလက်တွေ့ကျမှုများအတွင်းသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) ၎င်းတို့သည် ကမ္ဘာလောကကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် မယုံကြည်သူများ၌ရှိသော စည်းမျဉ်းများနှင့် နည်းလမ်းများကို ၎င်းတို့၏စိတ်နှလုံး၌ ထားထားဆဲဖြစ်သည်။ ၎င်းတို့သည် လူတို့အား သူတို့၏အတွေ့အကြုံနှင့် ဝါရင့်မှုအရ အဆင့်ခွဲဆဲဖြစ်သည်။ ပြီးလျှင် ဘုရားအိမ်တော်ရှိ လူတို့အပေါ်တွင် မတူညီသော အဆင့်မျိုးစုံကို သတ်မှတ်ဆဲဖြစ်သည်။ ၎င်းတို့သည် လူတို့ကို အကဲဖြတ်ရန်အတွက် သမ္မာတရားကို အသုံးမပြုပေ။ ထိုထက် မယုံကြည်သောသူတို့၏ အမြင်များနှင့် စံနှုန်းများကို အသုံးပြုလျက် လူတို့ကို အကဲဖြတ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့ စကားပြောပြီး တရားဟောသောအခါတွင် သမ္မာတရားကို နားလည်သည့်သူဖြစ်သည်ဟု ထင်ရသော်လည်း ၎င်းတို့တာဝန်များကို ထမ်းဆောင်သည့်ပုံတွင် အနည်းငယ်သော သမ္မာတရားလက်တွေ့မှုတစ်ခုတလေကို မြင်ရနိုင်သလော။ (မမြင်ရနိုင်ပါ။) ဤသို့ဆိုလျှင် ဤလူတို့သည် အသက်ဝင်ရောက်မှုရှိသူများ ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့အတွင်းတွင် ဖောက်ပြန်ပျက်စီးသောအရာ များပြားစွာရှိသဖြင့် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် သတ်မှတ်ချက်များ ပြည့်မီရန် အလွန်ပင် စံမမီပေ။ ၎င်းတို့သည် ဤအရာများကို အရင်းအနှီးအဖြစ် အစဉ် သဘောထားလျှင် ၎င်းတို့နားလည်သည့် ဘုရားနှုတ်ကပတ်တော်မည်မျှကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် အမှန်တကယ် သမ္မာတရားပါဝင်သလော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ပါဝင်သလော။ အသက်ဝင်ရောက်မှုနှင့် ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲခြင်းက ၎င်းတို့အတွက် မည်သို့အရေးပါသနည်း။ ၎င်းတို့စိတ်နှလုံးတွင် အမြစ်တွယ်ပြီးဖြစ်သည်မှာ အတိအကျမည်သည့်အရာနည်း။ အသေအချာပင် လူထံမှ အမွေဆက်ခံသော စာတန်ဆန်သော အတွေးအခေါ်များနှင့် အမှုအရာများအားလုံးဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများပါ ဖြစ်သည်။ ဤအရာများသည် လူတို့၏ စိတ်နှလုံး၌ နက်နဲစွာ အမြစ်တွယ်လျှင် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် အလွန့်အလွန် ခက်ခဲလိမ့်မည်။ အထက်က ၎င်းတို့အား မည်သို့မြင်သည်ကိုလည်းကောင်း၊ အထက်က ၎င်းတို့အား အသိအမှတ်ပြုမပြုကိုလည်းကောင်း၊ ဘုရားစိတ်နှလုံး၌ ၎င်းတို့ရှိမရှိကိုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား သိမသိကိုလည်းကောင်း ၎င်းတို့ အစဉ်သဖြင့် စဉ်းစားသည်။ ၎င်းတို့သည် အခြားလူများအား အလားတူပင် ရှုမြင်သည်။ အထက်က ထိုသူတို့အား အသိအမှတ်ပြုမပြုကိုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အပေါ် နှစ်သက်မှု ရှိမရှိကိုလည်းကောင်း ၎င်းတို့ ကြည့်သည်။ ၎င်းတို့သည် လူတို့အား မည်သူဖြစ်သည်ဆိုသည့်အပေါ် အခြေခံ၍ ကွဲပြားစွာ ဆက်ဆံသည်။ ၎င်းတို့စိတ်နှလုံးသည် ဤအရာများအပေါ် အစဉ်အလေးထားသောအခါ သမ္မာတရားက ၎င်းတို့အပေါ် သက်ရောက်မှုမည်မျှရှိနိုင်သနည်း။ ဤအခြေအနေများတွင် အစဉ်နေထိုင်ပြီး ဤလောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များအားဖြင့် နေထိုင်သောသူများက မည်သည့်အရာကို အမှန်တကယ် လိုက်စားနေကြသနည်း။ သမ္မာတရားလက်တွေ့ကျမှုများသို့ ၎င်းတို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာနှင့်အညီ ၎င်းတို့၏ ဘဝများကို နေထိုင်ကြသနည်း။ (လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ ၎င်းတို့ နေထိုင်ကြသည်။) စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ ၎င်းတို့ နေထိုင်ကြသည်။ သို့တိုင်အောင် ၎င်းတို့၌ အသိအမြင်ရှိသည်၊ သင်ယူတတ်မြောက်ခြင်းရှိပြီး အမြော်အမြင်ရှိသည်ဟု ထင်ကြပြီး စိတ်အတွင်းတွင် များစွာပျော်မွေ့ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို မည်သည့်အရာအဖြစ် မြင်သနည်း။ (လူ့အဖွဲ့အစည်းတစ်ခုအဖြစ် မြင်ပါသည်။) လူ့အဖွဲ့အစည်းတစ်ခုအဖြစ် မြင်သည်။ ဤအမြင်ကို ၎င်းတို့ မစွန့်ပစ်ရသေးပေ။ ဤသို့ဆိုလျှင် ဤပြဿနာများကို ၎င်းတို့ မည်သို့ ပြုပြင်သနည်း။ ဤသည်မှာ လူတို့က ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ဘုရားသခင် ဖော်ထုတ်သည့် အမှန်တရားများကို အသိအမှတ်ပြုနိုင်သည့် ကိစ္စသက်သက်မဟုတ်ပေ။ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းကိုလည်း ၎င်းတို့ တွေ့ကြုံရမည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို သိရန်၊ အရင်းအနှီး၊ ဆုကျေးဇူးများ၊ အသိပညာနှင့် အရည်အချင်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်ရန်၊ ဤအရာများကို လက်လွှတ်ရန်၊ ဘုရားနှုတ်ကပတ်တော်ရှိ သမ္မာတရားများကို လက်ခံရန်၊ သမ္မာတရားနှင့်အညီ အသက်ရှင်ရန်တို့လည်း လိုအပ်သည်။ ထိုအခါမှသာ ဖောက်ပြန်ပျက်စီးသော သဘာဝတစ်ခု၏ ပြဿနာကို ပြုပြင်နိုင်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။