မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၂) အပိုင်း နှစ်

လူတို့၏ စိတ်သဘောထားများမှ လက္ခဏာသွင်ပြင်တစ်ခုဖြစ်သည့် စိတ်နှလုံးမာကျောခြင်းအကြောင်းကို ငါ ယခုတင် ပြောပြခဲ့သည်။ လူတို့၏ စိတ်နှလုံးခိုင်မာခြင်းကြောင့် ၎င်းတို့ကို ဖန်ဆင်းရှင် စီစဉ်ဖွဲ့စည်းသည့် စိတ်ဆင်းရဲဖွယ် အခြေအနေများနှင့် အကျပ်အတည်းများကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ စိတ်ထားမှာ ကျိုးနွံနာခံရမည့်အစား ၎င်းတို့အား အကျိုးရရှိစေသော အရာတိုင်းကို မြဲမြံစွာ ဆုပ်ကိုင်ဖို့နှင့် ယင်းကို မစွန့်လွှတ်ဖို့သာ ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အပြုအမူမျိုးကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ဘုရားသခင်၏အလုပ်သည် လူတို့၏စိတ်ဆန္ဒမှ လွတ်ကင်းသည်ဆိုလျှင် ဘုရားသခင်သည် ဤကဲ့သို့သော လုပ်ရပ်များကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ဘုရားသခင်က “သင်သည် ဤတစ်ကြိမ်တွင် ကျရှုံးသည်ဖြစ်၍ သင်သည် ပျက်စီးကိန်းကြုံပြီ။ သင်ကဲ့သို့သော လူတို့သည် မကောင်းသဖြင့် သင့်ကို ငါ အလိုမရှိတော့” ဟု လုံးဝ ဆိုမည်မဟုတ်ချေ။ ဘုရားသခင်သည် လူတို့အပေါ် လက်မလျှော့သေးပေ။ လူတို့အနေဖြင့် တစ်ပုံစံတည်းသော စိတ်ဆင်းရဲမှုကို တွေ့ကြုံပြီး တစ်ပုံစံတည်းသော အကျပ်အတည်းများကို ရင်ဆိုင်နိုင်ဖို့အလို့ငှာ သူသည် တစ်ပုံစံတည်းသော နည်းလမ်းကို ဆက်၍ အသုံးပြုလျက် မတူညီသော ဝန်းကျင်များနှင့် မတူညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီမံလေသည်။ ဤအရာ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ယင်းက လူတို့ကို သတိတရား ပြန်ရလာစေပါသည်။) ယင်းက လူတို့ကို ပြန်လည်ဆင်ခြင်စေသည်၊ အသိတရားပြန်ရလာစေသည်၊ ပြီးလျှင် ၎င်းတို့၏ ခေါင်းမာသော အမြင်များကို စွန့်လွှတ်စေသည်။ အကြိမ်ကြိမ်အခါခါပင် ဘုရားသခင်သည် ဤပုံစံအတိုင်း လူသားများကို စကားပြောရန်နှင့် ဤပုံစံအတိုင်း လူသားများနှင့် ဆက်ဆံရန်အတွက် သူ၏ကိုယ်ပိုင် ထူးခြားသောနည်းလမ်းများကို အသုံးပြုလေသည်။ နောက်ဆုံးတွင် ဤအမှုပြုခြင်း နည်းစနစ်များအားဖြင့် ဘုရားသခင်ရရှိလိုသည့် ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူတို့အား မတူညီသော အကျပ်အတည်းများ၊ မချိတင်ကဲဝေဒနာအပြင် ၎င်းတို့ဘဝတစ်လျှောက် ရောဂါများနှင့် မိသားစုအတွင်း ကံမကောင်းမှုများကို ဖြတ်သန်းစေခြင်းအားဖြင့် ၎င်းတို့ကို လမ်းပြလေသည်။ လူတို့အား ဤဆင်းရဲဒုက္ခကို တွေ့ကြုံစေခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ စိတ်ဝိညာဉ်ထဲတွင် အစဉ်အမြဲ ဆင်ခြင်စဉ်းစားပြီး နားလည်စေရန်နှင့် စိတ်နှလုံးတွင်း၌ “ဤသည်မှာ ဘုရားသခင်၏ အစီအမံလော။ ကျွန်ုပ်၏ အနာဂတ်လမ်းကြောင်းကို မည်သို့ လျှောက်သင့်သနည်း။ ကျွန်ုပ်သည် ဦးတည်ချက် ပြောင်းသင့်သလော။ သမ္မာတရားလမ်းခရီးကို ကျွန်ုပ် ရှာဖွေသင့်သလော။ ကျွန်ုပ်အသက်ရှင်သည့် နည်းလမ်းကို ပြောင်းလဲသင့်သလော” ဟု စစ်ဆေးအတည်ပြုစေရန် ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား စိတ်ဆင်းရဲမှု၊ ဆင်းရဲဒုက္ခများ၊ ကံမကောင်းမှုများနှင့် အကျပ်အတည်းများ အမျိုးမျိုးကို တွေ့ကြုံစေသည်။ ဤသို့ဖြင့် ၎င်းတို့သည် ယင်းနောက်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတို့၏ကံကြမ္မာအပေါ် အုပ်စိုးသော အချုပ်အခြာအာဏာရှင်တစ်ပါး ရှိကြောင်း၊ လူတို့သည် ဇွတ်တရွတ်နိုင်ခြင်း၊ မာနထောင်လွှားခြင်း သို့မဟုတ် ခေါင်းမာခြင်းတို့ ပြု၍မရဘဲ ဝန်းကျင်အခြေအနေများကို ကျိုးနွံနာခံဖို့၊ ကံကြမ္မာကို ကျိုးနွံနာခံဖို့နှင့် ၎င်းတို့ပတ်လည်တွင် ဖြစ်ပျက်သည့်အရာတိုင်းကို ကျိုးနွံနာခံဖို့ဟူ၍ ကျိုးနွံနာခံခြင်းကိုသာ သင်ယူရမည်ဖြစ်ကြောင်း အတည်ပြုချက် ရရှိမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရှင်းလင်းသော နှုတ်ကပတ်တော်များကို မကြားမီတွင် ဘုရားသခင်သည် သင့်အား အမျိုးမျိုးသော ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တွေ့ကြုံစေရန်နှင့် လူတို့၏ ကံကြမ္မာကို ဘုရားသခင်က စီမံကြောင်း၊ မည်သူမျှ ထိုအရာပေါ် အချုပ်အခြာအာဏာကို မပိုင်ကြောင်းနှင့်၊ လူတို့သည် မိမိတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို မပိုင်ကြောင်း စိတ်နှလုံးထဲ၌ အစဉ်အမြဲ အတည်ပြုစေရန်အတွက် ဤနည်းလမ်းများနှင့် ဖြစ်ရပ်များကို အသုံးပြုလေသည်။ သင်၌ ဤနားလည်မှုမျိုး သို့မဟုတ် သင့်စိတ်နှလုံးထဲ၌ ဤအသံမျိုး အစဉ်အမြဲရှိသည်၊ ထို့ပြင် သင်တွေ့ကြုံသည့် အရာတိုင်းသည် မည်သူတစ်ဦးတစ်ယောက်မျှကြောင့် ဖြစ်ပျက်ခြင်း မဟုတ်သကဲ့သို့ မတော်တဆ ဖြစ်ပျက်ခြင်းမဟုတ်၊ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများ သို့မဟုတ် အခြေအနေများကြောင့် ဖြစ်ပျက်ခြင်းလည်းမဟုတ်၊ သို့သော် အရာရာတိုင်းအပေါ် မမြင်ကွယ်ရာမှ အချုပ်အခြာအာဏာကို ပိုင်ဆိုင်သူမှာ ဘုရားသခင်ဖြစ်ကြောင်း အစဉ်အမြဲ အတည်ပြုသည်။ လူတစ်ဦးက အခြားတစ်ဦးနှင့် တွေ့ဆုံပြီး တစ်စုံတစ်ရာ ဖြစ်ပျက်ခြင်းကဖြစ်စေ၊ ၎င်းတို့၏ဘဝကို ပြောင်းလဲစေသည့် ဝန်းကျင်အခြေအနေတစ်ခုကို ကြုံတွေ့ရခြင်းကဖြစ်စေ တိုက်ဆိုင်မှုကြောင့် မဟုတ်ပေ။ လူတစ်ဦး ရောဂါ၏ ဖိစီးနှိပ်စက်ခြင်း ခံရပြီးနောက်တွင် ကြီးမားသော ကောင်းချီးများ ရရှိသည်မှာ တိုက်ဆိုင်မှုကြောင့် မဟုတ်ပေ။ ဤသည်မှာ လူတစ်ဦးစီအား ဤထူးခြားသောနည်းလမ်းဖြင့် ဘုရားသခင်က စကားပြောနေခြင်းဖြစ်၏။ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် နေ့စဉ်နေ့တိုင်း လူတို့ကို စောင့်ကြည့်နေပြီး လမ်းပြနေသည့်အပြင် လူတစ်ဦးတစ်ယောက်စီကို နေ့စဉ်နေ့တိုင်းနှင့် သူ၏ဘဝတစ်လျှောက်လုံး လမ်းပြနေသည်။ သူသည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်၊ လူတို့၏ဘဝနှင့်ဆိုင်သော အရာရာတိုင်းအပေါ်၊ လူသားမျိုးနွယ်၏ ပန်းတိုင်အပေါ်၊ ထို့ပြင် လူသားမျိုးနွယ်နှင့်ဆိုင်သော တကယ့်အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း လူတို့အား သိစေခြင်းအပြင် ဘုရားသခင်သည် အခြားမည်သည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်လိုသနည်း။ ယင်းမှာ ဖန်ဆင်းရှင် ဘုရားသခင်အပေါ် လူတို့ထားရှိသည့် အချို့သော လက်တွေ့မကျသည့် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် တောင်းဆိုမှုများကို တဖြည်းဖြည်းချင်း လျော့ပါးသွားစေဖို့၊ ပျောက်ကွယ်သွားစေဖို့နှင့် ဖယ်ရှားဖို့၊ ထို့နောက် လူတို့အနေဖြင့် ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို လမ်းပြသည့် နည်းလမ်းများနှင့် ဖန်ဆင်းရှင်က လူတို့တစ်ဘဝလုံး၏ ကံကြမ္မာကို စီမံသည့် နည်းလမ်းများကို ရှင်းရှင်းလင်းလင်း သတိပြုမိပြီး နားလည်နိုင်သည့်အဆင့်သို့ တဖြည်းဖြည်းချင်း ရောက်ရှိဖို့အတွက် ဖြစ်သည်။ ထို့နောက် ဤအရာများမှနေ၍ ဘုရားသခင်၌ စိတ်နေသဘောထားတစ်ခု ရှိကြောင်းနှင့် ဘုရားသခင်သည် ထင်ရှားပေါ်လွင်ပြီး အသက်ပါကြောင်း လူတို့ တွေ့မြင်နိုင်သည်။ သူသည် ရွှံ့စေးရုပ်တု မဟုတ်သည့်အပြင် စက်ရုပ်လည်းမဟုတ်၊ သူသည် လူတို့ စိတ်ကူးသည့် သက်မဲ့သတ္တဝါလည်း မဟုတ်ပေ။ ထိုအစား သူ၌ အသက်နှင့် စိတ်သဘောထားများ ရှိ၏။ တစ်နည်းအားဖြင့် ဤအရာက လူတို့အား ဖန်ဆင်းရှင်အလုပ်လုပ်သည့် နည်းလမ်းကို နားလည်စေပြီး လူတို့အား အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးစိတ်သန်းများကိုလည်းကောင်း၊ လက်တွေ့အရှိတရားတို့နှင့် မကိုက်ညီသည့် အနှစ်မဲ့သော တွေးခေါ်မြော်မြင်မှုနှင့် ဆင်ခြင်တွေးခေါ်မှုတစ်ခုခုကိုလည်းကောင်း လက်လွှတ်စေသည်။ အတိုချုပ်အားဖြင့် ယင်းက လူတို့အား ဘုရားသခင်၏အလုပ်နှင့် ပတ်သက်၍ အနှစ်မဲ့သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ အားလုံးကို လက်လွှတ်စေသည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် ဤအယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတို့သည် ဘုရားသခင်၏အလုပ်နှင့် သူ၏ အချုပ်အခြာအာဏာကို လက်ခံပြီး ကျိုးနွံနာခံနိုင်သည်။ ဤသည်မှာ တစ်နည်းအားဖြင့် သေးငယ်သော ရလဒ်တစ်ခုဖြစ်သော်လည်း နောက်တစ်နည်းအားဖြင့် သင်တို့မတွေ့ရသေးသည့် ရလဒ်တစ်ခုရှိကာ ယင်းမှာ အကြီးမားဆုံးနှင့် အလေးနက်ဆုံးဖြစ်သည့် ရလဒ်ပင်ဖြစ်၏။ ဤရလဒ်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အပေါ် သူလုပ်ဆောင်သမျှနှင့် ပြီးမြောက်အောင်မြင်သမျှ၊ အထူးသဖြင့် လက်တွေ့ကျပြီး စစ်မှန်သော အခြေအနေ၌ သူလုပ်ဆောင်သမျှကို ပြောပြဖို့အတွက် ဤနည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ လူတို့သည် ဤအရာကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အနှစ်မဲ့ပြီး မရေရာသော အရာအချို့ကို ဖယ်ရှားမည်၊ ဖန်ဆင်းရှင်၏ အစီအမံများကို အမှန်တကယ် နာခံပြီး ကျိုးနွံမည်၊ ထို့နောက် ဖန်ဆင်းရှင်ကို စိတ်ကူးကြည့်ရန်၊ သို့မဟုတ် ဘဝတွင် အမှုအရာအချို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အနှစ်မဲ့သော အယူအဆသဘောတရားများ သို့မဟုတ် ဘာသာရေး အမြင်သဘောထားများ သို့မဟုတ် ဓမ္မအတွေးအခေါ်ဆိုင်ရာ အသိပညာအချို့ကို အသုံးပြုမည့်အစား လက်တွေ့ဘဝရှိ ဖန်ဆင်းရှင် စီစဉ်ဖွဲ့စည်းသောအရာတိုင်းကို အမှန်တကယ် ရင်ဆိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မြင်တွေ့လိုသော အဆုံးသတ်နှင့် လူတို့အထဲ၌ သူရရှိလိုသောအရာ ဖြစ်သည်။ ထို့ကြောင့် ပထမအဆင့်၌ ဖန်ဆင်းရှင်၏ အသံတော်ကိုကြားပြီး သမ္မာတရားအမျိုးမျိုးနှင့် ပတ်သက်၍ ဖန်ဆင်းရှင်၏ ရှင်းလင်းသော နှုတ်ကပတ်တော်များကို နားမလည်မီ လူတို့အပေါ်၌ ဘုရားသခင်အလုပ်လုပ်သော နည်းလမ်းမှာ သင့်အနေဖြင့် ဖြတ်သန်းစေရန်နှင့် တွေ့ကြုံစေရန်အတွက် အခြေအနေ အမျိုးမျိုးကို စီစဉ်ဖို့ဖြစ်သည်။ သင်၌ အတည်ပြုချက်တစ်ခုခု ရှိသောအခါနှင့် သင်၏စိတ်နှလုံးအတွင်း၌ ဤအရာများနှင့်ပတ်သက်၍ စိတ်ခံစားချက် အချို့ရှိပြီး ယင်းတို့အားဖြင့် စိတ်တို့ထိခြင်းခံရကာ ယင်းတို့ကို သဘောပေါက်နားလည်သောအခါ ဘဝက မည်သို့ဖြစ်သည်၊ ဘုရားသခင်က မည်သို့ဖြစ်သည်၊ လူသားများ မည်သို့ဖြစ်ပေါ်လာသည်နှင့် လူတို့က မည်သည့်လမ်းကြောင်းမျိုးကို လျှောက်သင့်သည်တို့ကို ဘုရားသခင်က သင့်အား ရှင်းလင်းသော နှုတ်ကပတ်တော်များအားဖြင့် ပြောမည်ဖြစ်သည်။ ဤသို့အားဖြင့် လူသားများသည် ဘုရားသခင်ထံမှလာကြောင်းနှင့် ဘုရားသခင်က ဖန်ဆင်းထားကြောင်းဟူသည့် ယုံကြည်ချက်နှင့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အချုပ်အခြာအာဏာပိုင်တစ်ဦး ရှိသည်ဟူသည့် ယုံကြည်ချက်တို့ကို အခြေခံ၍ လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်ပြီးနောက်ပိုင်းတွင် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံလာသည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုလုပ်ခြင်းကို လက်ခံလာကြခြင်း ဖြစ်သည်။ ဤအရာ၏ ထိရောက်မှုက ပို၍ပင်ကောင်း၏။ ယခုအခါတွင် နောက်ဆုံးသောကာလ ဘုရားသခင်၏အလုပ်ကို လက်ခံသော လူတို့အားလုံးမှာ မည်သူတို့နည်း။ အနည်းဆုံးအနေဖြင့် ထိုသူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို လက်ခံအသိအမှတ်ပြုပြီး စကြဝဠာလောက တစ်ခွင်လုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နာခံရသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကံကြမ္မာကို ယုံကြည်ကြပြီး လူ့ဘဝကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းသည်ဟုလည်း ယုံကြည်ကြသည်။ ထိုမျှမက ၎င်းတို့သည် ဝိညာဉ်ရေးရာနယ်ပယ်၏ တည်ရှိမှုနှင့် ကောင်းကင်နှင့် ငရဲ၏ တည်ရှိမှုအပြင် လူတို့၏ ကံကြမ္မာကို ကြိုတင်စီရင်ထားသည်ဟု ယုံကြည်ကြသည်။ ဤလူများကြားမှနေ၍ ဘုရားသခင်သည် သမ္မာတရားကို ချစ်သူနှင့် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည့် သူရွေးကောက်ထားသော လူတို့ကို စိစစ်ရွေးချယ်ထားလေသည်။ ထိုသူတို့သည် ဘုရားသခင်၏ အသံတော်ကို နားလည်ပြီး ဘုရားသခင်၏ အလုပ်ကို လက်ခံနိုင်ကြသည်။ ဤသည်မှာ ဘုရားသခင်အလုပ်လုပ်သည့် နည်းလမ်းတစ်ခုနှင့် စည်းမျဉ်းတစ်ခုပင် ဖြစ်၏။

လူတို့အပေါ် ဘုရားသခင် အလုပ်လုပ်ပုံနှင့် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းများအကြောင်းကို ငါတို့ ယခုတင် ပြောခဲ့ကြသည်။ လူတို့၏ အယူအဆများမှာ မည်သည့်အရာများ ဖြစ်သည် သို့မဟုတ် ဘုရားသခင်အပေါ် လူတို့က မည်သည့်တောင်းဆိုချက်များ ထားရှိသည်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ မပြောဘဲ ဤအရာများကိုသာ ငါတို့ ထည့်သွင်းပြောဆိုခဲ့ကြသည်။ ဤအရာနှင့်စပ်လျဉ်းသည့် အရေးကိစ္စများကို ယခု ငါတို့ မိတ်သဟာယ ပြုကြစို့။ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ အနှစ်မဲ့ပြီး ဝေဝါးသည့် အချို့သော ထင်မြင်ချက်များနှင့် နားလည်မှုများ ရှိကြောင်း ဤမိတ်သဟာယပြုချက်တွင် ငါတို့ ဖော်ပြခဲ့သည့်အတွက် ဤအရာကို သက်သေပြရန် ဥပမာအချို့ကို ရှာဖွေပြီး အပြုသဘောဆောင်သော ဥပမာများနှင့် အပျက်သဘောဆောင်သော ဥပမာများကို အနည်းငယ် ပြောကြစို့။ ဤအရာအပေါ် အခြေခံ၍ မည်သည့်စိတ်ကူးများသည် အတော်ပင် အနှစ်မဲ့ပြီး အတော်လေး ဝေဝါးသည့်အပြင် မည်သည့်စိတ်ကူးများသည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အယူအဆများဖြစ်ကြောင်း လူတို့ နားလည်နိုင်မည် မဟုတ်လော။ စောစောက သင်တို့ကို ငါပြောပြခဲ့သည့် ဇာတ်လမ်းနှင့် အစပြုရလျှင် ဇာတ်လမ်းထဲမှ ဇာတ်ကောင်သည် ဘဝတွင် စိတ်ဆင်းရဲဖွယ် အတွေ့အကြုံအချို့ကို ကျော်ဖြတ်ခဲ့ရသည်။ စိတ်ဆင်းရဲဖွယ် အတွေ့အကြုံ တစ်ခုစီပြီးသည့်နောက် ဘုရားသခင်သည် သူမ၏ ကံကြမ္မာကို စီမံရန်နှင့် စီစဉ်ညွှန်ကြားရန်အပြင် ရှေ့လျှောက်လမ်းပေါ် သူမကို လမ်းညွှန်ရန်အတွက် သူ၏ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုလျက် ရှေ့ဆက်ခဲ့သည်။ သူမသည် နားမလည်ခဲ့၊ မသိခဲ့၊ ပြန်လည်သုံးသပ်ခဲ့ခြင်း မရှိသော်လည်း ဘုရားသခင်က အမြဲတမ်း ပြုလုပ်ခဲ့သည့်အတိုင်း ဤအတိုင်း ပြုလုပ်နေဆဲဖြစ်သည်။ ဤအဆင့်တွင် သူမသည် ဖန်ဆင်းရှင်အလုပ်လုပ်သည့် ဤနည်းလမ်းနှင့် ပတ်သက်၍ ထင်မြင်ချက်အချို့ကို ထုတ်‌ဖော်ပြသခဲ့သလော။ ထိုထင်မြင်ချက်များကို အယူအဆတစ်မျိုးဖြစ်သည်ဟု ဆိုနိုင်သလော။ ဤအတွေးများနှင့် ဤအယူအဆမျိုးက အတိအကျ မည်သည့်အရာဖြစ်သနည်း။ ပထမဦးဆုံး ဇာတ်ကောင်ဖြစ်သည့် သူမကိုယ်တိုင်အနေဖြင့် ဆန္ဒတစ်ခုရှိခဲ့သည်။ သူမသည် ဘဝတွင် ချမ်းသာဖို့ သို့မဟုတ် ကြွယ်ဝဖို့ မမျှော်လင့်ခဲ့၊ မှီခိုအားထားရမည့် လူတစ်ယောက်ကိုသာ အလိုရှိခဲ့သည်။ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ဆန်းစစ်ခြင်းတို့မှတစ်ဆင့် ဤဆန္ဒသည် မှားယွင်းကြောင်း ငါတို့ တွေ့နိုင်သည်။ တစ်နည်းအားဖြင့် ယင်းသည် လူတို့အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီမံပေးသည့် ကံကြမ္မာနှင့် ဆန့်ကျင်ကာ နောက်တစ်နည်းအားဖြင့် ယင်းသည် လက်တွေ့လည်းမကျပေ။ သို့ဆိုလျှင် ဘုရားသခင်သည် သူမ၏ ဤဆန္ဒနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် ပြောဆိုချက်တစ်ခု ပေးပြီလော။ လူတို့၏ စိတ်ကူးများအရ ဘုရားသခင်အနေဖြင့် လူတစ်ဦးအား အယူဝါဒအနည်းငယ်ကို နားလည်စေဖို့ အလွန်လွယ်ကူမည် မဟုတ်လော။ အကယ်၍ သူသည် ၎င်းတို့အား နားလည်စေလိုပါက ၎င်းတို့နားလည်မည်သာ မဟုတ်လော။ ဤအမျိုးသမီးသည် မှီခိုအားထားရမည့်သူတစ်ဦး ရရှိဖို့ရန် လိုအင်ဆန္ဒရှိခဲ့သည်။ ဘုရားသခင်က သူမကို ထိုလိုအင်ဆန္ဒမရှိအောင်၊ သို့မဟုတ် သူမအနေဖြင့် ထိုလိုအင်ဆန္ဒကို ပြောင်းလဲပစ်အောင် လုပ်ခဲ့နိုင်သည်။ ဘုရားသခင် ထိုသို့ လုပ်ခဲ့သလော။ (မလုပ်ခဲ့ပါ။) ဘုရားသခင်က ထိုသို့ မပြုလုပ်ခဲ့ပေ။ သို့ဖြစ်လျှင် လူတို့၏ ဤအတွေးမျိုးသည် အမှန်တကယ်ပင် အယူအဆများဖြစ်သည် မဟုတ်လော။ ယင်းတို့သည် သဘာဝလွန် မဟုတ်သလော။ ပြီးလျှင် အပေါ်ယံမဆန်သလော။ ထိုသို့သော အတွေးမျိုးသည် လူတို့ထံတွင် ပေါ်ထွက်နိုင်သည်မှာ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်၏။ ယင်းမှာ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ ဘုရားသခင်သည် လူသားကို လွတ်လပ်သော အလိုဆန္ဒဖြင့် ဖန်ဆင်းခဲ့သည်။ လူသားသည် ဦးနှောက်တစ်ခု၊ အတွေးများနှင့် စိတ်ကူးများ ရှိသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင် လူသားသည် ဤလောက၏ အသံများနှင့် မြင်ကွင်းများထဲ နစ်မြုပ်လာခဲ့ပြီး ၎င်းတို့ မိဘများ၏ သွန်သင်လေ့ကျင့်ပေးခြင်း၊ ၎င်းတို့ မိသားစုများ၏ ပုံစံသွင်းခြင်းခံရကာ လူ့အဖွဲ့အစည်း၏ပညာသင်ပေးခြင်း ခံရပြီးသည့်နောက်တွင် လူသား၏စိတ်နှလုံးမှ ပေါက်ဖွားပြီး အားလုံး အလိုအလျောက် ထွက်လာသည့် အရာများဖြစ်သည့် အမှုအရာများစွာ လူတို့၏ အတွေးများတွင် ဖြစ်ပေါ်လေသည်။ လူသားအတွင်း အလိုအလျောက် ထွက်လာသည့် ဤအရာများသည် မည်သို့ ဖြစ်ပေါ်သနည်း။ ပထမဦးဆုံးအနေဖြင့် လူတစ်ဦးသည် ပြဿနာများကို စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိရမည်၊ ဤသည်မှာ ဤအရာများ ဖြစ်ပေါ်နိုင်စေဖို့ လူတစ်ဦး၌ ရှိရမည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့နောက် မိမိ၏ မိသားစုနှင့် လူ့အဖွဲ့အစည်းက သွန်သင်လေ့ကျင့်ပေးခြင်းကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ ပုံစံသွင်းခြင်းများအပြင် မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လိုအင်ဆန္ဒများနှင့် ပြင်းပြသောရည်မှန်းချက်များက စေ့ဆော်ခြင်းမှတစ်ဆင့် ဤအတွေးအခေါ်များ တဖြည်းဖြည်း ပုံပေါ်လာလေသည်။ ထိုသို့ပုံဖော်ထားသော အတွေးများ၊ ထင်မြင်ချက်များနှင့် ပတ်သက်လာသည့်အခါတွင် ယင်းတို့သည် စစ်မှန်မှုနှင့် ကိုက်ညီသည်ဖြစ်စေ၊ အနှစ်မဲ့သည်ဖြစ်စေ၊ ယင်းတို့က မည်သို့ပင်ဖြစ်ကောင်းဖြစ်စေ ထိုအရာတို့အပေါ် ယခု ငါတို့ စရိုက်လက္ခဏာ သရုပ်ဖော်မည် မဟုတ်ချေ။ ထိုအစား ဘုရားသခင်က ဤသို့သော အတွေးမျိုးကို မည်ကဲ့သို့ ကိုင်တွယ်ကြောင်းကိုသာ ငါတို့ပြောမည်။ ဘုရားသခင်က ထိုအရာတို့ကို ပြစ်တင်ရှုတ်ချသလော။ ဘုရားသခင်က ထိုအရာတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိပေ။ သို့ဆိုလျှင် သူက ယင်းတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ သူသည် လူတို့ထံမှ ထိုကဲ့သို့သော အတွေးများကို မဖယ်ရှားပေ။ လူတို့၌ အယူအဆတစ်ခုနှင့် စိတ်ကူးတစ်ခုကို သိုထားကြသည်။ ၎င်းတို့က ဘုရားသခင်၏ ကြီးမြတ်၍ ပုံသဏ္ဌာန်မဲ့သောလက်၏ နူးညံ့သည့် အထိအတွေ့တစ်ခုဖြင့် ၎င်းတို့၏အတွေးအခေါ် ပြောင်းလဲသွားလိမ့်မည်ဟု ထင်ကြသည်။ ဤအယူအဆသည် မရေမရာ၊ သဘာဝလွန်ဖြစ်ပြီး အနှစ်သာရမဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင် အမှုပြုပုံနှင့်ဆိုင်သည့် လူတို့၌ရှိသော အယူအဆတစ်ခု ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများအတွင်း နက်ရှိုင်းသောနေရာများတွင် လူတို့သည် မဖွင့်ဟသော်လည်း ဘုရားသခင်၏အမှုနှင့် သူ့အမှု၏ နည်းစနစ်များနှင့်ဆိုင်သည့် စိတ်ကူးယဉ်များ မကြာခဏ ရှိကြသည်။ ဖန်ဆင်းရှင်က လူသားနံဘေး ညင်ညင်သာသာ လာနေပြီး သူ၏ ကြီးမြတ်သော လက်တစ်ချက်အဝှေ့၊ ဝင်သက်ထွက်သက်၏ လေတစ်ရှိုက်ဖြင့် သို့မဟုတ် အတွေးစ ပြောင်းလဲမှုတစ်ခုဖြင့် လူသားထဲက အပျက်သဘောဆောင်သော အရာများသည် တိမ်တစ်ခုကို လွင့်သွားစေနေသည့် ကြီးမားသော လေ၏ စကားမဲ့ တိတ်ဆိတ်ခြင်းနှင့်အတူ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားလိမ့်မည်ဟု လူတို့က စိတ်ကူးကြသည်။ ဘုရားသခင်သည် လူသား၏ ဤစိတ်ကူးများ၊ လူသား၏ စိတ်က ဖြစ်ပေါ်စေသည့် ဤအရာများကို မည်သို့ သဘောထားသနည်း။ ဘုရားသခင်သည် ယင်းတို့ကို သဘာဝလွန်၊ အနှစ်သာရမဲ့သော နည်းစနစ်များဖြင့် မဖြေရှင်းဘဲ လူသား၏ ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းခြင်းအားဖြင့် ဖြေရှင်းလေသည်။ မည်သည့် ပတ်ဝန်းကျင်မျိုးကို သူ စီစဉ်ဖွဲ့စည်းသနည်း။ ယင်းသည် အနှစ်သာရမမဲ့ပေ၊ ဘုရားသခင်သည် နိယာမအားလုံးကို ချိုးဖောက်ရင်း သဘာဝလွန်ဖြစ်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ထို့ထက် လူသားအား ကိစ္စရပ်ကို နားလည်ဖို့နှင့် မရပ်မနား သုံးသပ်ဆင်ခြင်ဖို့ လှုံ့ဆော်သည့် ပတ်ဝန်းကျင်တစ်ခုကို သူစီစဉ်ဖွဲ့စည်းသည်၊ ယင်းနောက်တွင် ဘုရားသခင်သည် ထိုသူကို လမ်းပြဖို့အတွက် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံတို့ကို အသုံးပြုလေသည်၊ ပြီးနောက် ထိုသူသည် သိနားလည်မှုတစ်ခု ရှိလာပေသည်။ ဘုရားသခင်က ထိုသူ၏ကံကြမ္မာကို မပြောင်းလဲပေ။ သူသည် ထိုသူ၏ ကံကြမ္မာဖြစ်စဉ်အပေါ် ဖြစ်ရပ်အနည်းငယ်ကိုသာ ထပ်ဖြည့်ပေးကာ ထိုသို့ဖြင့် သူ့အား ဤအရာများကို နားလည်အောင် ထောက်ကူပေးသည်။ လူသား၏ အယူအဆများ အားလုံးသည် သဘာဝကိုကျော်လွန်သည်၊ အနှစ်မဲ့သည်၊ ဝေဝါးကာ စစ်မှန်မှုနှင့် ကွဲလွဲသည်။ ယင်းတို့သည် စစ်မှန်မှုနှင့် ကင်းကွာလေသည်။ ဥပမာဆိုရလျှင် လူတစ်ဦးသည် ဆာလောင်ပြီး စားချင်သည်။ “ဘုရားသခင်သည် အနန္တတန်ခိုးရှိ၏။ သူပြုလုပ်ရမည့်အရာမှာ ကျွန်ုပ်အပေါ် အသက်ရှူရန်သာဖြစ်ကာ ကျွန်ုပ်ဗိုက်ပြည့်သွားမည် ဖြစ်သည်။ ကျွန်ုပ်သည် ချက်ပြုတ်ရန် တကယ်လိုအပ်သလော။ ဘုရားသခင်သည် ကျွန်ုပ် မဆာလောင်ခဲ့ရအောင် ထူးဆန်းသောတန်ခိုး အနည်းငယ် ပြုလုပ်နိုင်လျှင် အလွန်ကောင်းမည်” ဟု ပြောမည့်သူများ ရှိသည်။ ဤသည်မှာ လက်တွေ့မကျဘူး မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်အား သင်သည် ဆာလောင်သည်ဟု ပြောလျှင် ဘုရားသခင် ဘာပြောမည်နည်း။ ဘုရားသခင်သည် သင့်အား စားစရာအနည်းငယ် ရှာပြီး ယင်းကို ချက်ပြုတ်ရန် ပြောမည်ဖြစ်သည်။ အကယ်၍ သင်သည် စားစရာမရှိသည့်အပြင် မချက်ပြုတ်တတ်ဟု ပြောခဲ့လျှင် ဘုရားသခင် ဘာလုပ်မည်နည်း။ သူက သင့်အား အချက်အပြုတ်သင်ယူရန် ပြောမည်ဖြစ်သည်။ ဤသည်မှာ ဘုရားအလုပ်၏ လက်တွေ့ကျသောအပိုင်း ဖြစ်၏။ သင်တို့သည် မရှင်းလင်းသော အရာတစ်ခုကို ကြုံတွေ့ရပြီး အနှစ်မဲ့သော ဆုတောင်းချက်များ မတောင်းတော့ သို့မဟုတ် မိမိကိုယ်ကိုယုံကြည်သော နည်းလမ်းဖြင့် ဘုရားသခင်အပေါ် ယောင်တိယောင်ဝါး မမှီခိုတော့၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ သင်၌ရှိသည့် ဤအယူအဆများနှင့် စိတ်ကူးများအပေါ် သင်တို့၏ မျှော်လင့်ချက်များကို မလွှဲပြောင်းတော့သောအခါ သင်ပြုလုပ်သင့်သည့်အရာက မည်သည့်အရာဖြစ်ကြောင်း သင်သိမည်ဖြစ်သည်။ သင်သည် သင်၏ လုပ်စရာ၊ သင်၏တာဝန်နှင့် သင်၏ဝတ္တရားကို သိရမည်ဖြစ်သည်။

ငါသည် လက္ခဏာသွင်ပြင်တစ်ခု အကြောင်းကိုသာ ပြောပြခဲ့ခြင်း ဖြစ်ကာ ယင်းမှာ လူတို့သည် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် ဝန်းကျင်များကို နားမလည်သောအခါ ဘုရားသခင် ဘာလုပ်သနည်း ဟူသည့်အရာ ဖြစ်သည်။ ဘုရားသခင်က ဝန်းကျင်များကို ဆက်လက်၍ စီစဉ်ဖွဲ့စည်းပေးလေသည်။ သူက ထိုသို့ပြုလုပ်သည်မှာ လူတို့အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဆက်လက်၍ နားလည်ရန်နှင့် ဘဝအတွေ့အကြုံအားဖြင့် ၎င်းတို့၏ ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း နားလည်ရန်၊ ထို့ပြင် လူတို့အနေဖြင့် ၎င်းတို့၏ ဆန္ဒများက ၎င်းတို့၏ကံကြမ္မာနှင့် ခြားနားကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်၏ အစီအမံများနှင့် ခြားနားကြောင်းကိုလည်းကောင်း စိတ်ထဲမှ သိရန်အတွက် ဖြစ်သည်။ သူက ထိုသို့ပြုလုပ်သည်မှာ လူတို့အနေဖြင့် ၎င်းတို့၏တစ်ကိုယ်ရေ ဆန္ဒများကို တဖြည်းဖြည်းချင်း လက်လွှတ်တတ်ရန်နှင့် ဖန်ဆင်းရှင် စီစဉ်ညွှန်ကြားသမျှကို ကျိုးနွံနာခံတတ်ရန် ဖြစ်သည်။ ဤသည်ကို နားလည်ဖို့ အတော်ပင် လွယ်ကူ၏။ အခြားလက္ခဏာသွင်ပြင်တစ်ခုမှာ ဘုရားသခင်၏ ရှင်းလင်းသော နှုတ်ကပတ်တော်များသည် လူတို့ထံ ရောက်လာသောအခါ ၎င်းတို့တွင် နောက်ထပ်၍ အချို့သော အယူအဆနှင့် စိတ်ကူးကို ဖြစ်ပေါ်လာကြသည်။ မည်သည့်အယူအဆများနည်း။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသက်မုန့်နှင့် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ကြားသောအခါ ကျွန်ုပ်သည် အဘယ်မျှဉာဏ်ထိုင်းပါစေ ရုတ်တရက် ဉာဏ်ထက်လာသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုသရွေ့ ကျွန်ုပ်၏ အစွမ်းအစသည် တိုးတက်မည်ဖြစ်ပြီး ကျွန်ုပ်၏ စွမ်းရည်များ တိုးပွားမည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ လူတို့၌ရှိသည့် ဤအတွေးများမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းတို့မှာ ၎င်းတို့၏ အယူအဆများဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့်ပုံ ဟုတ်သလော။ (မဟုတ်ပါ။) ဤအရာများမှာ လူသား၏ အယူအဆများဖြစ်သည့်အတွက် ယင်းတို့သည် ဘုရားအလုပ်နှင့် လုံးဝသ‌ဘောကွဲလွဲပြီး ဆန့်ကျင်လေသည်။ ဤတွင် အမှန်တရားတစ်ခု ရှိ၏။ ဘုရားသခင်သည် လူသားနှင့် မျက်နှာချင်းဆိုင် စကားပြောပြီး သူသည် မည်သည့်အရာ လုပ်သင့်သည်၊ မလုပ်သင့်သည်၊ မည်သည့်လမ်းကို လျှောက်သင့်သည်၊ ဘုရားသခင်အား မည်သို့ ကျိုးနွံနာခံသင့်သည့်အပြင် ထိုအလုပ်၏ အမျိုးမျိုးသော လက္ခဏာသွင်ပြင်များထဲ၌ သူဝင်ရောက်သင့်သည့် စည်းမျဉ်းများကို ပြောပြသည်။ ဘုရားသခင်က လူသားအား ဤအရာများအားလုံးကို ရှင်းလင်းစွာ ပြောပြလင့်ကစား လူသားသည် စောင့်ဆိုင်းနေသေးကာ ဘုရားသခင်အနေဖြင့် သူ၏ရည်ရွယ်ချက်များမှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်ကြောင်းကို သူ၏ နှုတ်ကပတ်တော်များအပြင် အခြားသောနည်းလမ်းများဖြင့် ပြောပြမည်ဟု မျှော်မှန်းလျက် ယခင်က စိတ်ကူး၍ပင်မရနိုင်လောက်အောင် ကြီးမားသည့် ရလဒ်များကို ရရှိနိုင်ဖို့ မျှော်လင့်နေပြီး ထူးဆန်းသောတန်ခိုးများကို မျက်မြင်တွေ့ရဖို့ မျှော်လင့်နေသည်။ ဤသည်မှာ လူသား၏ အယူအဆမဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တွင် ဘုရားသခင်က မည်သည့်အရာကို ပြုလုပ်သနည်း။ (ဘုရားသခင်သည် လူတို့အနေဖြင့် ကျော်ဖြတ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံဖို့အတွက် လက်တွေ့ကျသော ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည်။) အကယ်၍ သူသည် ၎င်းတို့အတွက် လက်တွေ့ကျသော ထိုဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးပြီးနောက် လူတို့က သူ၏ ရည်ရွယ်ချက်များကို နားမလည်သေးလျှင် ဘုရားသခင် မည်သည့်အရာကို ပြုလုပ်သနည်း။ (သူသည် လူတို့ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်။) အကယ်၍ သူသည် သင့်အား အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြခြင်း မရှိပါက သင် ဘာလုပ်သင့်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင် ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။) မှန်ပေ၏။ ဘုရားသခင်က သူ၏အလုပ်ကို အစပြုခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ ဘုရားသခင်သည် လူတို့အား စကားလုံးမည်မျှကို မျက်နှာချင်းဆိုင် ပြောပြီးပြီနည်း။ များပြားလွန်းသဖြင့် သင်သည် နှစ်အတန်ကြာအချိန်ယူပြီး ဖတ်လျှင်ပင် အဆုံးသို့ ရောက်ဦးမည် မဟုတ်သေးပေ။ သို့သော် လူတို့သည် နှုတ်ကပတ်တော်မည်မျှ ရရှိသနည်း။ လူတစ်ဦးသည် နှုတ်ကပတ်‌တော်ကို အနည်းငယ်သာ ရရှိပါက ယင်းသည် မည်သည့်အရာကို သက်သေပြသနည်း။ ယင်းက ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ လုံလောက်သော လုံ့လစိုက်ထုတ်မှု မပြုသေးသည့်အပြင် ယင်းတို့ကို နားမထောင်သေးကြောင်း သက်သေပြသည်။ “ကျွန်ုပ် နားထောင်ခဲ့ပါသည်” ဟူ၍ ဆိုသောသူ အချို့ရှိသော်လည်း သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိမှတ်ခဲ့သလော။ သင်သည် ယင်းတို့ကို နားလည်ခဲ့သလော။ သင်သည် ယင်းတို့ကို အာရုံစိုက်ခဲ့သလော။ သင်သည် ယင်းတို့ကို အာရုံမစိုက်ခဲ့သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကိုကျော်လွန်၍ စီးဆင်းသွားပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူသားအား မည်သို့ပြုမူရမည်၊ မည်သို့နေထိုင်ရမည်၊ သူ့အား မည်ကဲ့သို့ ကျိုးနွံနာခံရမည်နှင့် ဖြစ်ရပ်တိုင်းကို မည်ကဲ့သို့ တွေ့ကြုံရမည်ကို ပြောပြဖို့ ရှင်းလင်းသော ဘာသာစကားကို အသုံးပြုသောအခါ လူသားသည် နားမလည်သေးပါက ဘုရားသခင်အနေဖြင့် သူ့အတွက် ဝန်းကျင်များကို ခင်းပေးခြင်း၊ လူသားအား အထူးဉာဏ်ပွင့်ခြင်း အနည်းငယ်ကို ပေးခြင်း၊ သို့မဟုတ် လူသားအား အထူးအတွေ့အကြုံအချို့ကို ဖြတ်သန်းစေခြင်းတို့ကိုသာ ပြုလုပ်သည်။ ယင်းမှာ ဘုရားသခင် ပြုလုပ်နိုင်သည့်၊ ပြုလုပ်သင့်သည့်၊ ပြုလုပ်လိုစိတ်ရှိသည့် အရာ၏ အဆုံးပင်ဖြစ်၏။ “ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခြင်း ခံရစေချင်သည့်အပြင် မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ် မခံစားစေချင်ဘူး မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် ပြုမူလုပ်ဆောင်ဖို့ ထိုနည်းလမ်းမျိုးကို အသုံးပြုခဲ့ပါက လူမည်မျှသည် ကယ်တင်ခြင်း ခံရနိုင်မည်နည်း” ဟု မေးသောသူတို့ ရှိ၏။ တုံ့ပြန်သည့်အနေဖြင့် ဘုရားသခင်က “လူမည်မျှသည် ငါ၏ နှုတ်ကပတ်တော်များကို အရေးစိုက်ပြီး ငါ၏နည်းလမ်းကို လိုက်လျှောက်သနည်း” ဟု မေးမည်ဖြစ်သည်။ ရှိချင်သလောက် ရှိပါစေ။ ဤသည်မှာ ဘုရားသခင်၏ အမြင်ဖြစ်ပြီး သူ့အလုပ်၏ နည်းစနစ်ဖြစ်သည်။ ဘုရားသခင်က ထပ်၍ ဘာမျှမလုပ်တော့ချေ။ ဤအကြောင်းအရာနှင့် ပတ်သက်၍ လူသား၏ အယူအဆမှာ အဘယ်နည်း။ “ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို သနားသည်။ သူသည် ဤလူသားမျိုးနွယ်အတွက် ပူပန်သည်။ ထို့ကြောင့် သူသည် အဆုံးတိုင်အောင် တာဝန်ယူပေးရခြင်း ဖြစ်၏။ အကယ်၍ လူသားက သူ့အား အဆုံးတိုင်အောင် လိုက်လျှောက်ပါက ထိုသူသည် မလွဲမသွေ ကယ်တင်ခံရမည်” ဟူ၍ဖြစ်သည်။ ဤအယူအဆသည် မှန်သလော၊ မှားသလော။ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ ကျေးဇူးတော်ခေတ်တွင် လူတို့အနေဖြင့် ဤအယူအဆများရှိခြင်းက ပုံမှန်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို မသိခဲ့ကြပေ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားအားလုံးကို ပြောပြပြီးဖြစ်ကာ လူတို့အား ကယ်တင်သည့် သူ့အလုပ်၏ စည်းမျဉ်းများကိုလည်း ၎င်းတို့ထံ ရှင်းလင်းစေပြီးဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤအယူအဆများ ရှိနေသေးသည်မှာ အလွန် ရယ်ဖွယ်ကောင်းလေသည်။ ဘုရားသခင်က သင့်အား ဤသမ္မာတရားအားလုံးကို ပြောပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အပြင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိဟု ပြောနေဦးမည်ဖြစ်ကာ ထိုသို့သော ပုန်ကန်ပြီး ဖောက်ပြန်သော စကားများကို ပြောနေသေးသဖြင့် ထိုကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ “ဘုရားသခင်သည် ထိုမျှကြီးမားသော အလုပ်ကို လုပ်ဆောင်သည်။ သူသည် ကမ္ဘာပေါ်ရှိ လူတစ်ဝက်ထက် ပို၍ရယူသင့်ပြီး ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းကို သက်သေခံဖို့အတွက် လူအရေအတွက်များစွာ၊ ဩဇာအာဏာကြီးသော အင်အားစုနှင့် အဆင့်အတန်း မြင့်မားသော ထိတ်ထိတ်ကြဲ အများအပြားတို့ကို အသုံးပြုသင့်သည်။ ယင်းမှာ အံ့ဩဖွယ်ပါတကား” ဟု အမြဲတမ်း စဉ်းစားသောသူ အချို့ရှိလေသည်။ ဤသည်မှာ လူသား၏ အယူအဆဖြစ်၏။ သမ္မာကျမ်းစာထဲတွင်၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးတွင် ကယ်တင်ခံခဲ့ရပြီး စုံလင်အောင်ပြုခြင်းခံခဲ့ရသူ အားလုံးပေါင်း မည်မျှရှိခဲ့သနည်း။ အဆုံးတွင် မည်သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သနည်း။ (ယောဘနှင့် ပေတရုတို့ ဖြစ်ပါသည်။) ၎င်းတို့နှစ်ဦးသာ ဖြစ်ခဲ့သည်။ ဘုရားသခင်၏အမြင်တွင် သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် အမှန်တွင် သူ့ကို သိကျွမ်းခြင်း၊ ဖန်ဆင်းရှင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သည့် စံနှုန်းများကို ပြည့်မီခြင်း ဖြစ်သည်။ အာဗြဟံနှင့်နောဧကဲ့သို့ လူများသည် ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်ခဲ့ကြသော်လည်း ၎င်းတို့သည် ယောဘနှင့် ပေတရုတို့၏ အောက်အဆင့်တစ်ခုတွင် ရှိနေခဲ့ကြဆဲ ဖြစ်သည်။ ဟုတ်ပေ၏၊ ထိုအချိန်က ဘုရားသခင်သည် များလှစွာသော အမှုကို မလုပ်ဆောင်ခဲ့ပေ။ ယခုလုပ်ဆောင်သည့်အတိုင်း လူတို့ကို သူ မထောက်ပံ့ခဲ့သကဲ့သို့ ဤမျှများပြားသည့် ရှင်းလင်းသော နှုတ်ကပတ်တော်တို့ကို မပြောဆိုသကဲ့သို့ ဤမျှကြီးမားသည့် အတိုင်းအတာတစ်ခုဖြင့် ကယ်တင်ခြင်းအမှုကိုလည်း သူ မလုပ်ဆောင်ခဲ့ပေ။ သူသည် များစွာသော လူတို့ကို ရယူခဲ့ကောင်း ရယူနိုင်ခဲ့မည် မဟုတ်သော်လည်း ဤသည်မှာ သူ၏ ကြိုတင်သတ်မှတ်မှုအတွင်းတွင် ရှိနေဆဲဖြစ်၏။ ဤတွင် ဖန်ဆင်းရှင်၏ စိတ်သဘောထား၏ မည်သည့် သွင်ပြင်လက္ခဏာကို မြင်၍ရနိုင်သနည်း။ ဘုရားသခင်သည် လူများစွာကို ရယူဖို့ မျှော်လင့်ထားသော်လည်း အမှန်တွင် များစွာသော လူတို့သည် ရယူခြင်းမခံရနိုင်ပါက ဤလူသားမျိုးနွယ်သည် ဘုရားသခင်က သူ၏ ကယ်တင်ခြင်း အမှုတော်ကို လုပ်ဆောင်နေစဉ်တွင် သူ၏ရယူခြင်းကို မခံရနိုင်ပါက ဘုရားသခင်သည် ၎င်းတို့ကို တကယ်တမ်းတွင် သာ၍ ပစ်ပယ်ကာ စွန့်ပစ်ဖို့ကိုသာ လိုလားပေမည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ စိတ်အတွင်းကျကျ အသံတော်နှင့် အမြင်ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍ လူသားသည် ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုချက်များ သို့မဟုတ် အယူအဆများ ရှိသနည်း။ “ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်တင်ရန် အလိုတော်ရှိသည့်အတွက် အဆုံးထိ ကိုယ်တော်၌ တာဝန်ရှိပါသည်၊ ပြီးလျှင် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးမင်္ဂလာများ ကတိပြုခဲ့သည်၊ ထို့ကြောင့် ယင်းတို့ကို ကိုယ်တော် ကျွန်ုပ်အားပေးရမည်ဖြစ်ပြီး ကျွန်ုပ်အား ရယူခွင့်ပေးရမည်ဖြစ်သည်” ဟူ၍ဖြစ်သည်။ လူသား၏အတွင်းတွင် “ရမည်” ဟူသော အရာများစွာ၊ တောင်းဆိုချက်များစွာ ရှိပြီး ဤသည်မှာ သူ၏ အယူအဆများထဲမှ တစ်ခု ဖြစ်သည်။ အခြားသူတို့က “ဘုရားသခင်သည် ထိုသို့သော ကြီးမြတ်သည့်အမှု၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်ကို လုပ်ဆောင်ရာတွင် အဆုံး၌ လူနှစ်ဦးကိုသာ သူ ရယူလျှင် ယင်းမှာ ဝမ်းနည်းဖွယ်ကောင်းမည် ဖြစ်သည်။ သူ၏ လုပ်ရပ်များသည် အချည်နှီးဖြစ်မည် မဟုတ်လော” ဟု ပြောကြသည်။ လူသားက ထိုသို့ မဖြစ်သင့်ဟု ထင်သော်လည်း ဘုရားသခင်သည် လူနှစ်ဦးကိုပင်လျှင် ရယူရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်အစစ်မှာ ထိုနှစ်ဦးကို ရယူဖို့မျှမဟုတ်ဘဲ ထိုထက်ပို၍ ရယူဖို့ဖြစ်သော်လည်း လူတို့သည် အသိတရားမရကြသကဲ့သို့ နားမလည်ကြဘဲ ဘုရားသခင်ကို ၎င်းတို့အားလုံး နားလည်မှုလွဲပြီး ခုခံကြသည့်အပြင် အားလုံးက အလားအလာမရှိသကဲ့သို့ အသုံးမကျပါက ဘုရားသခင်သည် ၎င်းတို့ကို မပိုင်ဆိုင်ခြင်းကို သာ၍လိုလားပေမည်။ ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ လူအချို့က “ယင်းသည် ဟန်ကျမည်မဟုတ်။ သို့ဆိုလျှင် စာတန်သည် ရယ်နေမည် မဟုတ်လော” ဟု ပြောကြသည်။ စာတန် ရယ်ကောင်းရယ်နေနိုင်သည်၊ သို့သော် ယင်းသည် ဘုရားသခင်၏ နှိမ်နင်းပြီးသောရန်သူ ဖြစ်ဆဲပင် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ထဲမှ စာတန်ကို ပုန်ကန်နိုင်ပြီး ၎င်း၏ ထိန်းချုပ်မှုကို မခံရသည့်သူအချို့ကို ရယူပြီးဖြစ်ဆဲ ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်သော ဖန်ဆင်းခံများကို ရယူပြီး ဖြစ်သည်။ ဘုရားသခင်၏ရယူခြင်း မခံရသေးသူများသည် စာတန်၏ ဖမ်းဆီးခြင်းခံရသည် မဟုတ်လော။ သင်တို့သည် စုံလင်အောင်ပြုခြင်း မခံရကြသေးပေ၊ သင်တို့သည် စာတန်နောက် လိုက်နိုင်စွမ်းရှိကြသလော။ (လိုက်နိုင်စွမ်းမရှိကြပါ။) လူအချို့က “ဘုရားသခင်သည် ကျွန်ုပ်ကို မလိုချင်လျှင်ပင် စာတန်နောက် ကျွန်ုပ် လိုက်လိမ့်ဦးမည်မဟုတ်။ ၎င်းက ကျွန်ုပ်ကို ကောင်းချီးမင်္ဂလာများ ပေးရန်ကမ်းလှမ်းလျှင်ပင် ယင်းတို့ကို ကျွန်ုပ် ယူမည်မဟုတ်” ဟု ပြောကြသည်။ ဘုရားသခင် မရယူသေးသည့်သူများက စာတန်နောက် မလိုက်လျှင်ပင် ဘုရားသခင်သည် ဘုန်းအသရေကို ဤသို့ဖြင့် ရရှိသည် မဟုတ်လော။ ဘုရားသခင်ရယူသည့် လူအရေအတွက် သို့မဟုတ် ၎င်းတို့ကို သူရယူသည့် အတိုင်းအတာတို့နှင့်ပတ်သက်၍ လူတို့၌ အယူအဆများ ရှိကြသည်။ ဘုရားသခင်က ထိုသူအနည်းငယ်တို့ကိုသာ မရယူသင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူသားက ထိုသို့သော အယူအဆတစ်ခု ဖြစ်ပေါ်စေနိုင်သည်မှာ တစ်နည်းအားဖြင့် လူသားသည် ဘုရားသခင်၏ စိတ်ကို နားမလည်နိုင်သကဲ့သို့ သူ မည်သည့်လူစားမျိုးအား ရယူချင်သည်ကို နားမလည်နိုင်သောကြောင့် ဖြစ်သည်၊ လူသားနှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခု အမြဲရှိ၏။ နောက်တစ်နည်းအားဖြင့် ထိုသို့သော အယူအဆတစ်ခု ရှိဖို့ဆိုသည်မှာ လူသားက မိမိကိုယ်ကို နှစ်သိမ့်ဖို့နှင့် သူကိုယ်တိုင်၏ ကံကြမ္မာ၊ အနာဂတ်တို့နှင့် ပတ်သက်သရွေ့ မိမိကိုယ်ကို လွတ်မြောက်စေဖို့ နည်းလမ်းတစ်ခု ဖြစ်ပေသည်။ လူသားက “ဘုရားသခင်သည် အလွန်နည်းပါးသော လူတို့ကို ရယူထားပြီ၊ ကျွန်ုပ်တို့အားလုံးကို ရယူပါက သူ့အတွက် အသရေ တင့်တယ်လိုက်မည် ဖြစ်ခြင်းပါတကား။ ဘုရားသခင်က လူတစ်ဦးကိုမျှ မစွန့်ပစ်ခဲ့​ဘဲ အယောက်တိုင်းကို သိမ်းပိုက်ခဲ့ပြီး အယောက်တိုင်းသည် အဆုံးတွင် စုံလင်အောင်ပြုခြင်းခံရကာ လူတို့ကို ဘုရားသခင်၏ ရွေးချယ်ခြင်း၊ ကယ်တင်ခြင်းတို့နှင့်ဆိုင်သည့် ပြောဆိုမှုက အချည်းနှီး မဖြစ်သကဲ့သို့ သူ၏ စီမံခန့်ခွဲခြင်းအမှုသည် အချည်းနှီး ဖြစ်မလာခဲ့ပါက စာတန်သည် သာ၍ပင် အရှက်ရမည် မဟုတ်လော။ ဘုရားသခင်သည် သာ၍ကြီးမားသော ဘုန်းအသရေကို ရရှိမည် မဟုတ်လော” ဟု ယုံကြည်လေသည်။ ဤအရာကို ၎င်းက ပြောနိုင်သည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် သူသည် ဖန်ဆင်းရှင်ကို မသိသောကြောင့် ဖြစ်သကဲ့သို့ သူကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက် ရှိသောကြောင့် ဖြစ်သည်။ သူသည် သူ၏ အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်သည်၊ ထို့ကြောင့် ယင်းကို ဖန်ဆင်းရှင်၏ ဘုန်းအသရေနှင့် ချိတ်ဆက်ပြီး ထိုသို့ဖြင့် သူသည် ကုသိုလ်လည်းရ ဝမ်းလည်းဝသည်ဟု တွေးထင်လျက် သူ၏စိတ်နှလုံး သက်သာရာရလေသည်။ ထိုမျှမက သူက “ဘုရားသခင်အနေဖြင့် လူတို့အား ရရှိပြီး စာတန်အား အရှက်ရစေသည်မှာ စာတန်၏ အရှုံးနှင့်ပတ်သက်၍ ခိုင်မာသော အထောက်အထားဖြစ်၏။ ယင်းမှာ ငှက်သုံးကောင်အား ကျောက်ခဲတစ်လုံးတည်းဖြင့် ပစ်သတ်ခြင်းပါတကား” ဟုလည်း ခံစားမိသည်။ လူတို့သည် မိမိကိုယ်ကို မည်သို့ အကျိုးရှိအောင် လုပ်ရမည်ကို တွက်ချက်ရာ၌ အမှန်တကယ် တော်ကြသည်။ ဤအယူအဆသည် အတော်ပင် ပါးနပ်သည်မဟုတ်လော။ လူတို့၌ တစ်ကိုယ်ကောင်းဆန်သော စေ့ဆော်မှုများရှိကာ ဤစေ့ဆော်မှုများ၌ ပုန်ကန်မှုနှင့်ဆိုင်သော အရာတစ်ခုရှိသည် မဟုတ်လော။ ဘုရားသခင်အပေါ် ပြုလုပ်သော တောင်းဆိုမှုတစ်ခုရှိသည် မဟုတ်လော။ ထိုအထဲ၌ ဘုရားသခင်အပေါ် “ကိုယ်တော်သည် ကျွန်ုပ်တို့အား ရွေးကောက်ခဲ့ပြီ။ ခေါ်ဆောင်ခဲ့ပြီ။ ကျွန်ုပ်တို့အပေါ် များစွာ အလုပ်လုပ်ခဲ့ပြီ။ ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ အသက်နှင့် ကိုယ်တော်၏ အလုံးစုံကို နှင်းအပ်ခဲ့ပြီ။ ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို နှင်းအပ်ခဲ့ပြီ။ ထို့ပြင် ဤနှစ်ကာလများတစ်လျှောက် ကျွန်ုပ်တို့အား ကိုယ်တော့်နောက်သို့ လိုက်စေခဲ့ပြီ။ အကယ်၍ ကိုယ်တော်သည် အဆုံး၌ ကျွန်ုပ်တို့အား မရရှိနိုင်ခဲ့လျှင် အဘယ်မျှ ဆုံးရှုံးမှု ကြီးလိမ့်မည်နည်း” ဟူသည့် မဖွင့်ဟသော ပုန်ကန်မှုရှိ၏။ ထိုကဲ့သို့သော ဆင်ခြေဆင်လက်သည် ဘုရားသခင်အား အကျပ်ကိုင်ဖို့၊ မိမိတို့ကို မလွှဲသာအောင် ရယူစေဖို့ ကြံစည်အားထုတ်ခြင်း ဖြစ်၏။ ယင်းမှာ ဘုရားသခင်အနေဖြင့် ၎င်းတို့ကို မရယူပါက ၎င်းတို့သည် အခွင့်အရေးဆုံးရှုံးသွားမည် မဟုတ်၊ ဆုံးရှုံးမှုကို ခံစားရမည်မှာ ဘုရားသခင်သာ ဖြစ်သည်ဟု ပြောနေခြင်းဖြစ်၏။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ ဤအရာထဲတွင် လူသား၏ တောင်းဆိုမှုများရော၊ သူ၏ စိတ်ကူးများနှင့် အယူအဆများပါ ရှိ၏။ ဘုရားသခင်သည် ထိုမျှကြီးမားသော အလုပ်ကိုလုပ်သောကြောင့် လူပေါင်းမည်မျှကိုမဆို မဖြစ်မနေ ရယူရမည် ဟူ၍ဖြစ်သည်။ ဤ “မဖြစ်မနေ” ဟူသည့်အရာက မည်သည့်နေရာမှ လာသနည်း။ ယင်းသည် လူသား၏ စိတ်နှလုံးမာကျောပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ပေါင်းစပ်မှုအနည်းငယ်နှင့်အတူ သူ၏ အယူအဆများနှင့် စိတ်ကူးများ၊ သူ၏ မတန်တဆ တောင်းဆိုမှုများနှင့် သူ၏ ဝင့်ဝါမှုတို့မှ လာသည်။

လူသား၏ ထိုသို့သော အယူအဆများကို အခြားရှုထောင့်အမြင်မှနေ၍ မိတ်သဟာယပြုရမည်။ “ဖန်ဆင်းရှင်သည် သူ့အနေဖြင့် လူမည်မျှရယူသည်ကို ဂရုမစိုက်သည့်အပြင် သူရသလောက် လူများကိုသာ ရယူမည်ဟု စဉ်းစားသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သဘောထားဖြစ်သည့်အတွက် သူနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်နည်း။ သာမန်ကာလျှံကာ ယုံကြည်ပြီး ယင်းကို သိပ်အလေးအနက် မထားပါက အဆင်ပြေမည်လော။ မည်သို့ဆိုစေ ဘုရားသခင်က ယင်းကို အလေးအနက် ထားမည်လည်း မဟုတ်သောကြောင့် ငါတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများအား ဖြည့်ဆည်းပေးရာ၌ သိပ်အလေးအနက်ထားဖို့ မလိုသကဲ့သို့ ယင်းကို ငါတို့၏ အဓိကအလုပ်အဖြစ် သို့မဟုတ် ငါတို့၏ တစ်သက်တာလိုက်စားမှုအဖြစ် သဘောထားစရာ မလိုပေ။ ယခုတွင် ငါတို့သည် ဘုရားသခင်၏ အကြံအစည်များကို သိသဖြင့် ငါတို့သည် အသက်ရှင်မှုနည်းလမ်းကို ပြောင်းလဲသင့်သည်မဟုတ်လော” ဟု စဉ်းစားသောသူ အချို့ရှိသည်။ ဤအမြင်မှာ မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) ဘုရားသခင်၏ သဘောထားကို လူတို့အား သိသာထင်ရှားစေပြီ ဖြစ်ပြီး ယင်းကို လူတို့နားလည်သည့်အတွက် ၎င်းတို့သည် မိမိတို့၏ အယူအဆများကို လက်လွှတ်သင့်လေသည်။ ၎င်းတို့၏ အယူအဆများကို လက်လွှတ်စေပြီးနောက် လူတို့သည် မည်သည့်အရာ ပြုလုပ်ပြီး မည်ကဲ့သို့ ရွေးချယ်သင့်သနည်း။ ထို့ပြင် ၎င်းတို့ အစွဲကိုင်သင့်ဆုံးဖြစ်သည့် အမြင်နှင့် သဘောထား ရှိရန်အတွက် ဤအကြောင်းအရာကို မည်သို့ နားလည်ပြီး မည်သို့ ကိုင်တွယ်သင့်သနည်း။ ပထမဦးဆုံး ၎င်းတို့၏ အမြင်များအရ လူတို့သည် ယင်းတို့ကို ချင့်ချိန်တွေးဆရန် ကြိုးစားသင့်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သောအခါ သူ၌ ဘုရားသခင်အပေါ် ကြည်ညိုမှု၊ အထင်ကြီးလေးစားမှုနှင့် ပတ်သက်၍ ဝေဝါးသောစိတ်ကူး ရှိလေသည်။ ၎င်းတို့က “ဘုရားသခင်သည် အနန္တတန်ခိုးရှိ၏။ အရာခပ်သိမ်းကို တတ်နိုင်၏။ ထို့ပြင် ကိုယ်တော်သည် ဤဖောက်ပြန်ပျက်စီးသော လူသားများကြားမှ လူတစ်စုကို ရွေးကောက်ပြီဖြစ်သောကြောင့် သူသည် ထိုသူတို့ကို စုံလင်အောင်ပြုပေးနိုင်မည်မှာ အသေအချာဖြစ်သည်။ ထို့အတွက်ကြောင့် ငါတို့သည် ကောင်းချီးခံစားရဖို့ သေချာသည်မှာ ကျိန်းသေသောကိစ္စပင် ဖြစ်၏” ဟု စဉ်းစားကြသည်။ ထိုသို့သော “ကျိန်းသေသောကိစ္စ” ၏ နောက်ကွယ်၌ မိမိ၏ကံအား စမ်းသပ်ခြင်း စိတ်နေစိတ်ထား ရှိသည်မဟုတ်လော။ သမ္မာတရားလိုက်စားခြင်း သို့မဟုတ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ကြုံရခြင်းမရှိဘဲ ကောင်းချီးများနှင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိဖို့ ဆန္ဒရှိခြင်းသည် လူသားအနေဖြင့် မစွဲကိုင်သင့်ဆုံး သဘောထားပင်ဖြစ်သည်။ ကံစမ်းခြင်းစိတ်နေစိတ်ထားကို မခံယူနှင့်။ ကံဟူသည်မှာ အကြီးမားဆုံးရန်သူ ဖြစ်၏။ မည်သည့်စိတ်ထားမျိုးသည် ကံစမ်းခြင်းဖြစ်သနည်း။ သင်၏ အခြေအနေများ၊ အတွေးများ၊ စိတ်ကူးများ၊ သဘောထားများ၊ အယူအဆများနှင့် ရှုထောင့်အမြင်များထဲမှ မည်သည့်အရာ၏ နောက်ကွယ်၌ သင်၏ ကံစမ်းခြင်းစိတ်နေစိတ်ထား ရှိသနည်း။ ဤအရာကို သင် သတိပြုမိနိုင်သလော။ ဤအရာကို သင် သတိပြုမိပြီး ကောင်းချီးများရရှိဖို့ သင်၏ ကံစမ်းခြင်းစိတ်နေစိတ်ထား ရှိနေကြောင်း တွေ့မြင်ပါက ယင်းကို ပြောင်းလဲဖို့ သင် မည်ကဲ့သို့ ပြုလုပ်သင့်သနည်း။ ယင်းကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ ဤသည်တို့မှာ လက်တွေ့ကျသော အရေးကိစ္စများ ဖြစ်သည်။ ကံစမ်းခြင်း စိတ်နေစိတ်ထားကို သင် ရိပ်စားမိရမည်။ ယင်းကို သင် ဖြေရှင်းရမည်။ အကယ်၍ သင် မဖြေရှင်းလျှင် ယင်းက သင့်ကို အမှားပြုလုပ်စေနိုင်ဖွယ် ရှိပြီး သင် ဒုက္ခရောက်လိမ့်မည်။ သို့ဆိုလျှင် မည်သည့်အရာများ၌ မိမိ၏ ကံစမ်းခြင်းစိတ်နေစိတ်ထား ပါဝင်သနည်း။ “ငါသည် ဘုရားသခင်ကို ယုံကြည်ပြီး ငါ၏မိသားစုကိုပင် စွန့်ပစ်ကာ ငါ၏ အသက်မွေးဝမ်းကြောင်းမှုမှ ထွက်ခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ ငါသည် ချီးမွမ်းထိုက်သော အစေခံမှုကို မပေးခဲ့သေးလျှင်ပင် အလုပ်ကြိုးစားခဲ့ပြီ။ ထို့ပြင် ငါသည် အလုပ်မကြိုးစားခဲ့လျှင်ပင် ခြေကုန်လက်ပန်းကျခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ငါသည် အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်နေသရွေ့ ငါသည် အောင်နိုင်သူများထဲမှတစ်ဦး၊ ကယ်တင်ခံရသူများထဲမှတစ်ဦး၊ ကောင်းချီးခံစားရသူများထဲမှတစ်ဦး၊ ဘုရားသခင်၏ နိုင်ငံတော်သားများထဲမှတစ်ဦး ဖြစ်လာနိုင်သည်” ဟု ထင်မှတ်သောသူအချို့ ရှိလေသည်။ ဤသည်မှာ မိမိ၏ ကံစမ်းခြင်းစိတ်နေစိတ်ထားတစ်ခု ဖြစ်၏။ လူတိုင်း၌ ဤသဘောရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် ဘုရားသခင်နောက် လိုက်လျှောက်ပြီး မိမိတို့၏တာဝန်ကို အချိန်ပြည့်ထမ်းဆောင်ရန် အရာခပ်သိမ်းကို စွန့်လွှတ်ကျောခိုင်းသည့် သူများထဲမှ အများစုသည် ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုး ရှိကြသည်။ မိမိ၏ကံတရားကိုစမ်းကြည့်သော စိတ်နေစိတ်ထားသည် စိတ်ကူး အယူအဆတစ်မျိုးမဟုတ်ပါလား။ (ဟုတ်ပါသည်။) ထိုအရာသည် စိတ်ကူးအယူအဆတစ်မျိုးဖြစ်သည်ဟု ငါအဘယ့်ကြောင့်ဆိုရသနည်း။ အကြောင်းမှာ သင်သည်ဖန်ဆင်းရှင်က ဤအမှုအရာအပေါ်၌ ထားရှိသော ရည်ရွယ်ချက်နှင့် သဘောထားကို မသိရှိသောအခါ သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိသောအခါ သင်သည် ကောင်းမြတ်သောအဆုံးသတ်တစ်ခုကို စိတ်ခံစားချက်အရ မျှော်လင့်လျက် စိတ်ခံစားချက်အရ လိုက်စားသော ကြောင့်ဖြစ်၏။ ပြီးလျှင် ဤသည်မှာ ဤအမှုအရာကို သင်ချဉ်းကပ်ပုံဖြစ်သည်။ ဤအရာသည် စိတ်ကူးအယူအဆတစ်မျိုး ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆသည် ဖန်ဆင်းရှင်အား အကျပ်ကိုင်ခြင်းတစ်မျိုး မဟုတ်ပါလား။ ယင်းသည် ကျိုးကြောင်းဆီလျော်ခြင်း မရှိသည့် တောင်းဆိုမှုတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းမှာ “အကျွန်ုပ်သည် ကိုယ်တော်၏နောက်တော်သို့ လိုက်ပြီးသည့်အတွက်၊ အကျွန်ုပ်၏တာဝန်ကို အချိန်ပြည့်ထမ်းဆောင်ရန် အရာခပ်သိမ်းကို စွန့်လွှတ်ကျောခိုင်းခဲ့ပြီး ကိုယ်တော်၏ အိမ်တော်သို့ လာခဲ့သောကြောင့် အကျွန်ုပ်ကို ဖန်ဆင်းရှင်၏ အစီအစဉ်များ၌ ကျိုးနွံနာခံသောသူတစ်ဦးအဖြစ် ယူဆ၍ရမည် မဟုတ်ပါလား။ သို့ဖြစ်သောကြောင့် အကျွန်ုပ်သည် အလားအလာကောင်းသော အနာဂတ် တစ်ခုကို ယခု ပိုင်ဆိုင်နိုင်ပါသလား။ အကျွန်ုပ်၏အနာဂတ်သည် မှေးမှိန်မနေသင့်ပါ။ ပေါ်ပေါ်လွင်လွင် ဖြစ်နေသင့်ပါသည်” ဟု ပြောသကဲ့သို့ပင် ဖြစ်၏။ ဤသည်မှာ မိမိ၏ကံတရားကို စမ်းကြည့်နေသော စိတ်နေစိတ်ထားတစ်ခုဖြစ်၏။ ထိုကဲ့သို့သော စိတ်နေစိတ်ထားကို မည်သို့ဖြေရှင်းသနည်း။ အကြင်သူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိထားရမည်။ ယခု ငါ ဤကဲ့သို့ မိတ်သဟာယပြုပြီး ဖြစ်သည့်အတွက် လူတိုင်းက ဤအရာကို အခြေခံကျကျ သဘောပေါက်သင့်၏။ “ထို့ကြောင့် ထိုအရာသည် ဘုရားသခင်၏ ထင်မြင်ချက်ဖြစ်၏။ ထိုအရာသည် ဘုရားသခင်၏ ရှုမြင်ပုံနှင့် သဘောထား ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်သင့်သနည်း” လူတို့သည် မိမိတို့၏ကံတရားကို စမ်းကြည့်နေသောစိတ်နေစိတ်ထားကို ဖယ်ထုတ်ထားကြရမည်။ ဤစိတ်နေစိတ်ထားကိုဖယ်ထုတ်ရန်အတွက် “ကျွန်ုပ်သည် ထိုအရာကိုဖယ်ထုတ်ထားခဲ့ပြီး ထိုအတွေးမျိုးအား နောက်ထပ်ပြုလုပ်တော့မည်မဟုတ်ပါ။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်လေးလေး နက်နက်ပြုမူ၍၊ တာဝန်ယူမှုတာဝန်ခံမှုရှိကာ၊ ပို၍ပြင်းပြင်းထန်ထန် အလုပ်လုပ်ပါမည်” ဟုပြောဆိုခြင်းသည် လုံလောက်ပါသလား။ ဤအရာသည် ထိုမျှမရိုးရှင်းပါ။ တစ်ဦးတစ်ယောက်သည် မိမိတို့၏ကံတရားကို စမ်းကြည့်နေသောစိတ်နေစိတ်ထား အလိုအလျောက် ပေါ်ပေါက်လာသောအခါ သူတို့ အထဲ၌ အချို့သောအတွေးများနှင့် အလေ့အထများပေါ်လာသည့်အပြင် စိတ်သဘောထားအချို့လည်း ထုတ်ဖော်လိမ့်မည်။ ဤအရာများကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းသင့်သည်။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဘောထားများကို နားလည်လျှင် ကျွန်ုပ်၏ ကံတရားကိုစမ်းကြည့်နေသော စိတ်နေစိတ်ထားအား ဖယ်ရှားပြီးသား မဟုတ်ပါလား” ဟုပြောကြ၏။ ထိုအရာသည် မည်ကဲ့သို့သောအပြောအဆိုမျိုးဖြစ်သနည်း။ ယင်းသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့၏။ အနှစ်သာရမပါသော အပြော အဆိုဖြစ်၏။ ထိုသို့ဆိုလျှင် ဤပြဿနာကိုမည်သို့ဖြေရှင်းပါသနည်း။ သင့်အနေဖြင့် “ဘုရားသခင်သည် ကျွန်ုပ်ထံမှ အရာခပ်သိမ်းကို ရုပ်သိမ်းသွားလျှင် ကျွန်ုပ် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ဘုရားသခင်ထံ၌ ကျွန်ုပ်ဆက်ကပ်ထားသမျှနှင့် သူ့အတွက် အသုံးခံထားသမျှသည် လိုလိုလားလား ပေးအပ်ထားသောအရာများ ဟုတ်ပါသလား။ သို့တည်းမဟုတ် ကိုယ်တော်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားအားထုတ်မှုများလား။ ကျွန်ုပ်သည် ကိုယ်တော်နှင့် အပေးအယူလုပ်ဖို့ ရည်ရွယ်ချက်တစ်ခုရှိလျှင် ထိုအရာသည်မကောင်းပါ။ ကျွန်ုပ်သည် ယင်းကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်း၍ သမ္မာတရားကို ရှာဖွေဖို့ လိုအပ်မည်” ဟု စဉ်းစားဆင်ခြင်ရမည်။ ထို့အပြင် သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် သင်သည် မည်သည့်သမ္မာတရားစည်းမျဉ်းများကို နားမလည်ကြောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များကို ဆန့်ကျင်သည့် မည်သည့်အရာကို သင်လုပ်နေကြောင်း၊ မည်သည့်လမ်းမျိုးသည် မှားယွင်း၍ ဘေးဒုက္ခတွေ့ရသော လမ်းဖြစ်ကြောင်း၊ မည်သည့်လမ်းမျိုးသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သည့် လမ်းဖြစ်ကြောင်းတို့ကို နားလည်သင့်သည်။ မိမိ၏ ကံတရားကို စမ်းကြည့်နေသော စိတ်နေစိတ်ထားတွင် အခြား မည်သည့်အရာ ပါဝင်ပတ်သက်သနည်း။ ပြင်းထန်သော နာမကျန်းဖြစ်ခြင်းကို ခံစားရပြီး ဘုရားသခင်၏ကယ်တင်ခြင်းကိုခံရ၍ ဖျားနာခြင်းမရှိတော့ သောသူများရှိသည်။ သူတို့က “သင်တို့အားလုံးသည် ကောင်းချီးမင်္ဂလာကို အမိဖမ်းဖို့ ဘုရားသခင်ကိုယုံကြည်ကြ၏။ ကျွန်ုပ်မူကား ကွဲပြား၏။ ကျွန်ုပ်အား ဤနေရာသို့ ဆောင်ယူလာပေးသော အရာမှာ ဘုရားသခင်၏ ကြီးမားလှသောချစ်ခြင်းမေတ္တာဖြစ်၏။ သူ့ကို ယုံကြည်စေသည့် အထူးအခြေအနေများနှင့် အထူးအတွေ့အကြုံများကို ကိုယ်တော်က ကျွန်ုပ်ကို ပေးခဲ့သည်။ ထို့ကြောင့် သင်တို့ကို ချစ်သည်ထက် ကျွန်ုပ်ကို ကိုယ်တော် သာ၍ချစ်လေသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို အထူး ကျေးဇူးတော်ဖြင့် ဆက်ဆံသဖြင့် အဆုံးတွင် ကျွန်ုပ်သည် ရှင်ကျန်ဖို့ သင်တို့ထက် ပို၍ကြီးမားသော အခွင့်အရေး ရှိလိမ့်မည်”ဟု ထင်မှတ်ကြ၏။ သူတို့က မိမိတို့သည် ဘုရားသခင်နှင့် သာမန်ထက်လွန်ကဲသော အထူးဆက်ဆံရေး ရှိထားကြ၍ သူနှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာမန်လူများ၏ ဆက်ဆံရေးနှင့် မတူကွဲပြားကြသည်ဟု မှတ်ယူကြ၏။ သူတို့၏ အထူးသီးသန့် အတွေ့အကြုံကြောင့် သူတို့ကိုယ်သူတို့ သာမန်ထက်လွန်ကဲ၍ တစ်မူထူးခြားသောသူများ အဖြစ်ခံစားကြ၏။ ထို့ကြောင့် မိမိတို့ အောင်မြင်လိမ့်မည်ဟူသော သေချာမှုမျိုးကို ခံယူထားကြ၏။ သူတို့က မိမိတို့ကိုယ်ကို အခြားသူများနှင့် ဧကန်မုချကွဲပြားကြသည်ဟု သတ်မှတ်ထားကြပြီး မိမိတို့သည် ရှင်ကျန်နိုင်စွမ်းရှိသည်မှာ သေချာသည်ဟု ယုံကြည်ကြသည်။ ဤအရာသည်လည်း မိမိ၏ကံတရားကိုစမ်းကြည့်နေသော စိတ်နေစိတ်ထားပင်ဖြစ်၏။ အရေးပါသော တာဝန်အချို့ကိုယူပြီး ရာထူးအဆင့်အတန်းမြင့်မားသည့် အခြားသူများရှိ၏။ သူတို့သည် အခြားသူများထက် ပို၍ဒုက္ခခံခဲ့ကြ၏။ အခြားသူများထက် ပိုပိုသာသာ ပြုပြင်ခံကြရ၏။ မိမိတို့ကိုယ်ကို အခြားသူများထက်ပို၍ အလုပ်ရှုပ်စေကြ၏။ အခြားသူများထက်ပို၍ပြောဆိုကြ၏။ သူတို့က “ကျွန်ုပ်သည် ဘုရားသခင်နှင့် ဘုရားသခင်၏အိမ်တော်အားဖြင့် အရေးပါသော အရိုက်အရာ၌ ခန့်အပ်ခြင်းကိုခံရပြီး၊ ကျွန်ုပ်ညီအစ်ကိုမောင်နှမများ၏ မျက်နှာသာပေးခြင်းကိုလည်း ခံရ၏။ ဤအရာသည်အဘယ်မျှဂုဏ်ယူဖွယ် ဖြစ်သနည်း။ ဤအရာက ကျွန်ုပ်သည်အခြားသူများထက် အလျင်ဦးစွာ ကောင်းချီးခံစားရမည်ဟု ဆိုလိုသည်မဟုတ်ပါလား” ဟုထင်မှတ်ကြ၏။ ဤအရာသည်လည်း မိမိ၏ကံတရားကို စမ်းကြည့်နေသော စိတ်နေစိတ်ထားဖြစ်ပြီး အယူအဆတစ်မျိုးသာ ဖြစ်သည်။

ငါသည် လက်တွေ့ကျသော သရုပ်သကန်အချို့နှင့် လူတစ်ဦး၏ ကံစမ်းခြင်းအခြေအနေများအကြောင်းကို ပြောပြလိုက်ပြီဖြစ်သည်။ အခြားမည်သည့် အခြေအနေများ၊ သရုပ်သကန်များ၊ သို့မဟုတ် မကြာခဏ ပေါ်ထွက်လာပြီး လူတို့၏စိတ်ထဲတွင် ရှိနေကျအရာများသည် မိမိ၏ကံစမ်းခြင်းနှင့်ဆိုင်သနည်း။ အထူးအတွေ့အကြုံများ၊ မြင့်မားသော အဆင့်အတန်းရှိသူများနှင့် ဘုရားအတွက် မိမိကိုယ်ကို အချိန်ပြည့် အသုံးခံဖို့ အရာရာကို ချန်ထားရစ်သူများအပြင် အရည်အချင်းပြည့်မီသော၊ အထူးတာဝန်အချို့ လုပ်ဆောင်ပြီး အထူးပါရမီအချို့ ရှိသူများလည်း ရှိကာ ဤလူတို့အားလုံး၌ မိမိတို့၏ကံစမ်းခြင်းစိတ်နေစိတ်ထား ရှိကြသည်။ “အရည်အချင်း ပြည့်မီသည်” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဥပမာအနေဖြင့် ဧဝံဂေလိဟောပြောသူအချို့က ၎င်းတို့သည် လူ ၁၀ ဦးကို ရရှိလျှင် အသီးအပွင့် ၁၀ လုံး သီးပွင့်ပြီးဖြစ်မည့်အပြင် ကောင်းချီးခံစားရဖို့ အခွင့်အရေး ၁၀ ရာခိုင်နှုန်းရှိမည်၊ အကယ်၍ အသီးအပွင့် ၅၀ သီးပွင့်လျှင် အခွင့်အရေး ၅၀ ရာခိုင်နှုန်းရှိမည်၊ ထို့ပြင် အသီးအပွင့် ၁၀၀ သီးပွင့်လျှင် ၎င်းတို့သည် အခွင့်အရေး ၁၀၀ ရာခိုင်နှုန်း ရှိမည်ဖြစ်သည်။ ဤသည်မှာ အယူအဆတစ်မျိုး၊ အလဲအလှယ်လုပ်ခြင်း တစ်မျိုးနှင့် အထူးသဖြင့် ယင်းသည် မိမိ၏ကံစမ်းခြင်းပင် ဖြစ်၏။ အကယ်၍ ၎င်းတို့သည် ဤအယူအဆများနှင့် မိမိတို့၏ ကံစမ်းခြင်းဟူသည့် ဤစိတ်နေစိတ်ထားကို စွဲကိုင်နေစဉ် ဘုရားသခင်၏အလုပ်ကို တိုင်းတာနိုင်လျှင် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်နေကြသနည်း။ ၎င်းတို့၏လိုက်စားမှုတွင် တစ်စုံတစ်ရာ မှားယွင်းနေသည် မဟုတ်လော။ ဤအရာများသည် ၎င်းတို့အထဲတွင် အဘယ့်ကြောင့် ထွက်ပေါ်လာသနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် ယင်းတို့ကို စွဲကိုင်ပြီး လက်လွှတ်ဖို့ ငြင်းဆန်သနည်း။ အချို့က ယင်းသည် ၎င်းတို့ ဘုရားသခင်ကို မသိသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ ဤသည်မှာ မှန်သလော။ ဤသည်မှာ အနှစ်မဲ့သော အပြောဖြစ်၏။ သို့ဆိုလျှင် မည်သည့်အရာသည် အကြောင်းရင်းအတိအကျ ဖြစ်သနည်း။ ထိုကဲ့သို့သော ရှုထောင့်အမြင်များနှင့် သဘောထားများကို အမြဲတမ်း စွဲကိုင်သော၊ ဤအယူအဆများရှိပြီး ယင်းတို့အပေါ် ဖက်တွယ်ရာ၌ အထူးသဖြင့် ခေါင်းမာသော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ အလေးအနက် လုံ့လစိုက်ထုတ်နေကြသလော။ (မစိုက်ထုတ်ကြပါ။) ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဝတ်ကျေတမ်းကျေသဘောထား၊ ဆိုလိုသည်မှာ မြူကြားမှကြည့်နေသော သူတစ်ဦး၏ စိတ်ထားနှင့် အမြင်တို့ အမြဲတမ်း ရှိကြသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ရာ၌ ၎င်းတို့သည် ဘုရားသခင်အတွက် အဘယ်မျှ ဒုက္ခခံစားခဲ့ပြီးပြီ၊ အဖိုးအခမည်မျှ ပေးခဲ့ပြီးပြီ၊ ကုသိုလ်မည်မျှ ရရှိခဲ့ပြီးပြီ၊ မည်သည့်အထူးပါရမီများ ရှိသည်၊ ၎င်းတို့ အဘယ်မျှကျွမ်းကျင်သည်၊ ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်သည်၊ ဘုရားသခင်နှင့် “ဆင်းရဲဒုက္ခကြားမှ အဖော်မွန်ဖြစ်သည့် အချိန်လေးများ” ဟူသည့် မည်သည့်အချိန်မျိုးကို တွေ့ကြုံခဲ့ပြီးပြီ၊ မည်သည့် အထူးအတွေ့အကြုံများ ရှိခဲ့ပြီးပြီ၊ ထို့ပြင် ဘုရားသခင်က မည်သည့် အထူးကောင်းမွန်သော အရာများကို ၎င်းတို့အား ပေးခဲ့ပြီးပြီ၊ သို့မဟုတ် အခြားလူတို့အား ပေးထားခဲ့ပြီးသည့်အရာနှင့် ကွဲပြားသော မည်သည့် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ပေးခဲ့ပြီးပြီ စသည်တို့ကိုသာ သိဖို့လိုသည်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ လုံလောက်ပြီဟု ၎င်းတို့က တွေးကြသည်။ ၎င်းတို့သည် ဤအမြင်များကို အဘယ်မျှမြဲမြံစွာ ဖက်တွယ်ထားနေပါစေ၊ ၎င်းတို့၏ ဤအမြင်များသည် မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ မည်သည့် ဘုရားနှုတ်ကပတ်တော်များနှင့် သူ့အလုပ်၏ မည်သည့်စည်းမျဉ်းများသည် ဤအမြင်များနှင့် ကွဲလွဲသည်ဖြစ်စေ၊ ဤအမြင်များကို ဘုရားသခင်က အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ဘုရားသခင်က ဤနည်းအတိုင်း အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ အမှုအရာများကို ဤနည်းအတိုင်း ပြီးမြောက်သည်ဖြစ်စေ၊ မပြီးမြောက်သည်ဖြစ်စေ မည်သည့်အခါမျှ ပြန်လည်သုံးသပ်ခြင်း မရှိချေ။ ဤအရေးကိစ္စများကို မည်သည့်အခါမျှ ဂရုမစိုက်ခဲ့ချေ။ ၎င်းတို့သည် ယခုအချိန်ထိ မိမိတို့၏ တစ်ကိုယ်ရေ စိတ်ထဲတွင်သာ တွေးဆခြင်း၊ နက်နဲစွာ စဉ်းစားကြံစည်နေခြင်းနှင့် စိတ်ကူးယဉ်ခြင်းတို့ ပြုခဲ့ပြီဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားသည် ၎င်းတို့အတွက် မည်သည့်အရာ ဖြစ်လာသနည်း။ ယင်းသည် တန်ဆာဆင်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဤလူတို့က ဘုရားသခင်ကို ယုံကြည်သော်လည်း ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်နှင့်ဖြစ်စေ သမ္မာတရားနှင့်ဖြစ်စေ ဘာမျှမသက်ဆိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ ယုံကြည်ခြင်းက မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ယင်းသည် အယူအဆများ၊ စိတ်ကူးများနှင့် ၎င်းတို့၏ကိုယ်ပိုင် လိုအင်ဆန္ဒများသာမက ၎င်းတို့၏ အနာဂတ်ကောင်းချီးများ၊ ပန်းတိုင်များနှင့်သာ သက်ဆိုင်သည်။ ၎င်းတို့သည် သမ္မာတရားထဲ၌ လုံ့လစိုက်ထုတ်မှု မပြုခဲ့သေးသောကြောင့် ဤရလဒ်များနှင့် အဆုံးသတ်ကြရသည်။

ယနေ့မိတ်သဟာယပြုချက်မှနေ၍ ယခုတွင် သင်တို့သည် ဘုရားသခင်၏ အလုပ်လုပ်သည့်နည်းလမ်း သို့မဟုတ် ဘုရားသခင်၏ အမြင်များ၊ သဘောထားတို့နှင့် ပတ်သက်၍ နားလည်မှုအနည်းငယ် ရရှိခဲ့ပြီဖြစ်၍ ဘုရားသခင်အား သိနားလည်ဖို့ သင်၏လိုက်စားမှု၊ သမ္မာတရား သင်၏လိုက်စားမှု၊ အသက်ဝင်ရောက်မှုကို သင်၏လိုက်စားမှု ပတ်သက်လာလျှင် အကျိုးသက်ရောက်မှုတစ်ခုခု ရှိပြီး ရလဒ်အချို့ ရရှိနိုင်သလော။ သင်တို့သည် ကိုယ်ပိုင်အယူအဆများကို လက်လွှတ်ဖို့ရန်အတွက် ယင်းက သင်၏လွဲမှားသော အမြင်များကို ပြောင်းလဲစေနိုင်သလော။ (ပြောင်းလဲစေနိုင်ပါသည်။) ဤအရာက လူတို့အား မည်သည့်အရာပြုလုပ်ဖို့ တောင်းဆိုသနည်း။ (၎င်းတို့၏ အယူအဆများကို လက်လွှတ်ရန်နှင့် ဘုရားသခင်သတ်မှတ်သော စံချိန်စံညွှန်းများအတိုင်း ပြုမူလုပ်ဆောင်ရန် ဖြစ်သည်။) ဘုရားသခင်က ထိုသို့သော တောင်းဆိုမှုများနှင့် စိစစ်သတ်မှတ်ခြင်းများကို ပြုလုပ်ပြီး ဖြစ်သည့်အတွက် သူသည် ယင်းတို့ကို ပြည့်စုံလာစေမည်မှာ အသေအချာ ဖြစ်သည်ကို သင်နားလည်ရမည်။ အဆုံးတွင် အဖြစ်မှန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အချည်းနှီးဖြစ်လာမည် မဟုတ်၊ ယင်းတို့အားလုံးသည် ဖြစ်မြောက်ပြီး ပြည့်စုံမည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူပြောသည့် အရာများကို လုပ်ဆောင်ချင်မှ လုပ်ဆောင်လိမ့်မည်ဟု သင်ထင်မှတ်လျှင် ဤသည်မှာ လူသား၏ အယူအဆနှင့် စိတ်ကူးဖြစ်သည့်အပြင် ဘုရားသခင်အား သံသယဝင်ခြင်းနှင့် အကဲဖြတ်ခြင်းလည်း ဖြစ်သည်။ “ဘုရားသခင်က ယင်းကို အဘယ်သို့ ပြုလုပ်နိုင်သနည်း။ သူသည် သူကယ်တင်သလောက် လူများကိုသာ ကယ်တင်ခြင်းဖြင့် အဘယ်သို့ တင်းတိမ်နိုင်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကြီးမားပြီး အတိုင်းအဆမဲ့သည် မဟုတ်လော။ ဘုရားသခင်၏ စိတ်ရှည်သည်းခံခြင်းသည် အတိုင်းအဆမဲ့ပြီး ဘုရားသခင်၏ ခံနိုင်ရည်ရှိခြင်းနှင့် သနားကရုဏာသည်လည်း အတိုင်းအဆမဲ့သည်” ဟု ပြောသောသူအချို့ ရှိသည်။ ၎င်းတို့သည် သမ္မာတရား မလိုက်စားခြင်းအတွက် ဆင်ခြေမျိုးစုံ ပေးကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို နင်းလျှောက်နိုင်ဖို့အတွက် မိမိအတွက် အဆင်ပြေသော ထွက်ပေါက်ကို ချန်ထားကြကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အလုပ်နှင့် ဖန်ဆင်းရှင်၏ ပေါ်ထွန်းခြင်းကို လျစ်လျူရှုကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယင်းသည် သမ္မာတရား ဖြစ်ကြောင်း ကောင်းကောင်းကြီး သိကြလင့်ကစား ထိုသို့မဖြစ်ဖို့ မျှော်လင့်ကြသည်။ ၎င်းတို့ပြုလုပ်သည့်အရာ၌ မယုံကြည်ခြင်း အရိပ်လက္ခဏာတစ်ခုသာမက ဖန်ဆင်းရှင်နှင့် ယှဉ်ပြိုင်ခြင်း၊ ဖန်ဆင်းရှင်ကို အတိုက်အခံလုပ်ရန်နှင့် အကျပ်ကိုင်ရန် ကြိုးစားခြင်း အရိပ်လက္ခဏာလည်း ရှိသည်။ ဤစကားများကို ငါပြောနေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ “ဤသည်မှာ ကျွန်ုပ်တို့အား နှိုးဆော်ချက်ပေးဖို့၊ ကျွန်ုပ်တို့အား ကြောက်လန့်စေဖို့၊ သို့မဟုတ် နောက်ဆုတ်လိုသူများသည် နောက်ဆုတ်နိုင်ကြောင်း၊ အားနည်းခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိလာသူများသည် ဆက်လက်၍ အားနည်းနိုင်ကြောင်း သို့မဟုတ် အပျက်သဘောဆောင်နိုင်ကြောင်းနှင့် မိမိတို့၏ ကိုယ်ပိုင်အသက်တာဖြင့် နေထိုင်လိုသူများသည် မိမိတို့၏ ကိုယ်ပိုင်အသက်တာဖြင့် နေထိုင်နိုင်ကြောင်း ကျွန်ုပ်တို့အား နားလည်စေဖို့ ဖြစ်သည်။ ဘုရားသခင်၏ အလုပ်က အလွန်ကြာညောင်းမည်မဟုတ်၊ ထို့အပြင် ဘုရားသခင်က ထိုမျှလူများစွာကို အလိုမရှိသောကြောင့် ကျွန်ုပ်တို့၏ သီးသန့်နည်းလမ်းများအတိုင်းသာ လုပ်ကြစို့” ဟု ဆိုသောသူ အချို့ရှိသည်။ ဤသည်မှာ အမှုအရာများ ဖြစ်ပျက်သည့်ပုံဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင်က မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ယင်းကို မည်သို့ ပြောသည်ဖြစ်စေ၊ လူတို့အား နားလည်စေသည့် အရာမှာ သူ၏ ရည်ရွယ်ချက်များဖြစ်ပြီး ၎င်းတို့အား သ‌ဘောပေါက်နားလည်စေသည့် အရာမှာ သမ္မာတရားဖြစ်၏။ သို့ဆိုလျှင် လူတို့သည် မည်သည့်လမ်းကြောင်းကို လိုက်သင့်သနည်း။ ဘုရားသခင်၏ နည်းလမ်းကို လိုက်သင့်သည်။ လူတို့သည် မည်သည့်အရာကို ပြန်လည်သုံးသပ်ပြီး ဖြေရှင်းဖို့ ရှာဖွေသင့်သနည်း။ ဘုရားသခင်အား ဆန့်ကျင်လိုသည့် အယူအဆများ၊ စိတ်ကူးများနှင့် တောင်းဆိုမှုများ အားလုံးကို ဖြစ်သည်။ ဤအရာများအားလုံးမှာ သမ္မာတရားနှင့် ဖီလာဆန့်ကျင်သည်။ သင်သည် ဤအရာများကို လက်လျှော့ရမည်၊ သင်သည် ဤအရာများကို စိတ်နှလုံးထဲမှ ပပျောက်စေရမည့်အပြင် ယင်းတို့၏ ထိခိုက်ခြင်းနှင့် ထိန်းချုပ်ခြင်းကို နောက်ထပ်မခံရပေ။ ဘုရားသခင်၏ ရှေ့မှောက်သို့ အမှန်တကယ် ရောက်လာနိုင်ပြီး ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကို ခံယူနိုင်ရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ သန့်စင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအပေါ် ကျိုးနွံနာခံမှု ရှိရမည်ဖြစ်သည်။ ထိုမျှမက ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်အပြင် သမ္မာတရားနှင့် ဆန့်ကျင်သည့် သင့်အထဲ၌ရှိသော အရာများကို အဆက်မပြတ် ပြန်လည်သုံးသပ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အမျိုးမျိုးသော အကြောင်းအရာများအပေါ် သင်၏ လွဲမှားသော အမြင်များ၊ လူသား၏ မတူညီသော အယူအဆများနှင့် စိတ်ကူးများကို ပြန်လည်သုံးသပ်ရမည် ဖြစ်သည်။ ဤအရာများကို ပြန်လည်သုံးသပ်ပြီး ရှင်းလင်းစွာ နားလည်ကာ ယင်းတို့ကို အပြီးအပြတ် ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်၌ ယုံကြည်မှုလမ်းကြောင်းအမှန်ကို စတင်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ ထိုမှသာ ဘုရားသခင်အား နာခံနိုင်ပြီး သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအမံများကို ကျိုးနွံနာခံနိုင်မည် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။