သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၁၁)
မည်သည့်အရာကိုမဆို ကောင်းမွန်စွာ လုပ်ဆောင်ဖို့အလို့ငှာ သမ္မာတရား စည်းမျဉ်းကို ရှာဖွေဖို့ လိုအပ်သည်။ လူတစ်ယောက်သည် တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ်တွင် မည်သို့ကောင်းစွာ လုပ်ဆောင်ရမည်ကို စွဲစွဲမြဲမြဲ တွေးသင့်၏၊ ထို့ပြင် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် ရှာဖွေဖို့ မိမိကိုယ်ကို ငြိမ်သက်စေရန်လည်း လိုအပ်သည်။ တစ်စုံတစ်ခုကို မလုပ်ဆောင်မီ အခြားသူများနှင့် မိတ်သဟာယပြုဖို့ လိုအပ်သည်၊ မိတ်သဟာယ ပြုရမည့်လူ တစ်ယောက်မျှ မရှိပါက မိမိဘာသာ စဉ်းစားဆင်ခြင်ပြီး ဆုတောင်းရမည်ဖြစ်ကာ ဤအရာကို ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းကို ရှာဖွေရမည်။ ဘုရားသခင် ရှေ့မှောက်တွင် မိမိကိုယ်ကို ငြိမ်သက်စေခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စေဖို့ မည်သည့်အရာကိုမျှ သင်မတွေးဘဲနေရန် မလိုအပ်ပေ။ သင်သည် စိတ်နှလုံးထဲတွင် ရှာဖွေခြင်းနှင့် စောင့်မျှော်ခြင်း သဘောထား တစ်ခုဖြင့် ဤအရေးကိစ္စကို ကိုင်တွယ်ဖို့ သင့်တော်သည့်နည်းလမ်းကို ရှာဖွေလျက် တစ်ချိန်တည်းတွင် လုပ်ဆောင်ပြီး စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ အရေးကိစ္စအကြောင်းကို သင်စိုးစဉ်းမျှ မသိပါက မေးမြန်းစုံစမ်းရမည့်လူ တစ်စုံတစ်ယောက်ကို ရှာဖွေလော့။ ဤစုံစမ်းမေးမြန်းသည့် အချိန်ကာလအတွင်းတွင် သင်၌ မည်သည့်သဘောထားရှိသင့်သနည်း။ အမှန်တွင် ဘုရားသခင် မည်သို့အလုပ်လုပ်သည်ကို ကြည့်လျက် သင်သည် ရှာဖွေနေပြီး စောင့်မျှော်သင့်သည်။ သင်၏ စိတ်နှလုံးကို ရုတ်တရက် အလင်းပေးသည့် အလင်းတစ်ခုကို ဖွင့်လိုက်သည့်အလား သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းပြပြီး လမ်းမညွှန်ပေ။ ဘုရားသခင်သည် သင့်ကို လှုံ့ဆော်ပြီး နားလည်စေရန်အတွက် လူတစ်ယောက်၊ သို့မဟုတ် အဖြစ်အပျက်တစ်ခုကို အစဉ်သဖြင့် အသုံးပြုသည်။ ဆုတောင်းဖို့ လေးနက်တည်ငြိမ်စွာ ဒူးထောက်ပြီး နာရီပေါင်းများစွာ နေခြင်းအပြင် ရှာဖွေခြင်း နည်းလမ်းများစွာ ရှိလေသည်။ ယင်းကို လုပ်ဆောင်ခြင်းသည် အခြားအရေးကိစ္စ အားလုံးကို နှောင့်နှေးစေ၏။ တစ်ခါတစ်ရံတွင် အကြင်သူသည် လမ်းလျှောက်နေစဉ် အရေးကိစ္စတစ်ခုကို တွေးဆနိုင်သည်၊ တစ်ခါတစ်ရံတွင် အရေးကိစ္စပေါ်လာသည့်အခါ အကြင်သူသည် အုပ်စုဖွဲ့ကာ ထိုအကြောင်းကို အလျင်အမြန် မိတ်သဟာယပြုနိုင်သည်။ တစ်ခါတစ်ရံတွင် အကြင်သူသည် အထက်မှ ရှာဖွေနိုင်သည်။ တစ်ခါတစ်ရံတွင် အကြင်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိဘာသာ ဖတ်ရှုနိုင်သည်။ ထိုအရေးကိစ္စသည် အရေးတကြီး ဖြစ်သည့်အခါ အကြင်သူသည် အခြေအနေ၏ လက်တွေ့အရှိတရားကို နားလည်ဖို့ ကမန်းကတန်း လုပ်ဆောင်နိုင်သည်၊ ထို့နောက်တွင် မိမိစိတ်နှလုံးထဲ၌ ဆုတောင်းပြီး ရှာဖွေနေရင်းဖြင့်စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို ရှာဖွေပြီး အမှုကိစ္စကို ကိုင်တွယ်နိုင်သည်။ ဤသည်မှာ အမှုအရာများကို သင်တို့လုပ်ဆောင်ရမည့် နည်းလမ်း၊ ရင့်ကျက်သော နည်းလမ်းဖြစ်သည်။ တစ်ခုခု ဖြစ်ပေါ်လာသည့်အချိန်တိုင်း သင်သည် စိတ်လှုပ်ရှားပြီး ထိတ်လန့်ကာ မွှန်ထူသွားပါက သင်၏ဝိညာဉ်ရင့်ကျက်မှုသည် နည်းပါးလွန်းနေသည်။ သင်သည် ယခင်က ဘာမျှအတွေ့အကြုံမရှိဖူးပါ။ ပြီးလျှင် သင်သည် သင်၏ဝိညာဉ်ရင့်ကျက်မှု တိုးတက်လာဖို့အတွက် အမှုအရာများကို တွေ့ကြုံဖို့နှင့် သင့်ကိုယ်သင် လေ့ကျင့်ဖို့ လိုအပ်သည်။ ရှာဖွေခြင်း နည်းလမ်းအချို့ကို သင်တို့သင်ယူရမည်။ တာဝန်ဖြင့် အလုပ်ရှုပ်နေသည့်အခါ အလုပ်ရှုပ်သည့် ပုံစံအတိုင်း ရှာဖွေလော့။ အချိန်ရှိသည့်အခါ အချိန်ရှိသည့် အခြေအနေများအတိုင်း ရှာဖွေပြီး စောင့်မျှော်လော့။ နည်းလမ်းအမျိုးမျိုး ရှိလေသည်။ စောင့်ဖို့အချိန် အလုံအလောက်ရှိပါက ခဏစောင့်လော့။ သင်သည် အရေးကိစ္စကြီးများတွင် အလျင်လို၍မရနိုင်ပေ။ အမှားတစ်ခုကို အလောတကြီး ပြုလုပ်မိခြင်း၏ အကျိုးဆက်များသည် မတွေးဝံ့စရာပင်ဖြစ်၏။ အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်ရရှိဖို့ သင်သည် နောက်ထပ် မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြည့်လျက် စောင့်ရမည်၊ သို့မဟုတ် သင်သည် အခြေအနေကို သိကျွမ်းသည့် လူတစ်ယောက်၏ လှုံ့ဆော်မှုကို ခံရခြင်းရှိမရှိ ကြည့်ရမည်။ ဤအရာအားလုံးမှာ ရှာဖွေဖို့ နည်းလမ်းများဖြစ်၏။ ဘုရားသခင်သည် လူများကို ဉာဏ်အလင်းပေးဖို့ တစ်ခုတည်းသော စည်းစနစ်ကို အသုံးမပြုပေ။ သူ၏ နှုတ်ကပတ်တော်များ၌သာလျှင် သူက သင့်ကို ဉာဏ်အလင်းပေးခြင်း မဟုတ်သကဲ့သို့ သင့်အနီးတွင် ရှိသည့်သူများကိုလည်း သင့်အား လမ်းညွှန်မှု အစဉ် မပေးခိုင်းပေ။ ယခင်က သင်တစ်ခါမျှ မကြုံဖူးသည့် အမှုအရာများ၊ သင်၏ကျွမ်းကျင်မှု ပြင်ပမှ အရေးကိစ္စများနှင့် ပတ်သက်၍ ဘုရားသခင်က သင့်ကို မည်သို့ဉာဏ်အလင်းပေးသနည်း။ သူသည် တစ်ခါတစ်ရံတွင် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို အသိဉာဏ်ပွင့်လင်းစေသည်။ ဤအခြေအနေတွင် သင့်ကို အကြံပေးဖို့ ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် ထိုပညာရပ်နယ်ပယ်ကိုနားလည်သူ တစ်စုံတစ်ဦးကို သင်သည် ရှာဖွေရမည်။ ထိုပညာရပ်နယ်ပယ်ကိုနားလည်သူ မည်သူ့ကိုမဆို ရှာဖွေဖို့၊ သူတို့ထံမှ အကြံဉာဏ်အနည်းငယ်ကို ယူဖို့ သင်မြန်မြန်လုပ်သင့်သည်။ ထို့နောက် စည်းမျဉ်းများအတိုင်း ထိုကိစ္စကို လုပ်လော့။ ၎င်းကို သင်လုပ်နေစဉ်အတွင်း ဘုရားသခင်က သင့်ကို လမ်းပြပါလိမ့်မည်။ သို့သော် လက်ရှိ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု၊ သို့မဟုတ် အထူးပြုမှုအကြောင်းကို အနည်းငယ် သင်နားလည်ရမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ သင်၌ အမြင်သဘောထားအချို့ ရှိရမည်။ သင်လုပ်ဆောင်သင့်သည့်အရာနှင့်စပ်လျဉ်း၍ ဘုရားသခင်က သင့်ကို ဤအခြေခံအုတ်မြစ်ပေါ်တွင် ဉာဏ်အလင်းပေးမည် ဖြစ်သည်။
လူတစ်ဦးသည် မည်သည့်အရာကို လုပ်သည်ဖြစ်စေ စဉ်းစားတွေးခေါ်နိုင်သည်၊ ဒီဇိုင်းရေးဆွဲနိုင်သည်၊ အစီအစဉ်ရေးဆွဲနိုင်သည်၊ ဆွေးနွေးတိုင်ပင်နိုင်သည်၊ ပြီးလျှင် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခုကို ဆုံးဖြတ်ဖို့အတွက် အချို့သော အရင်းအမြစ်များထံမှနေ၍ ထိုအကြောင်း စုံစမ်းမေးမြန်းနိုင်သည်။ သို့သော် အောင်မြင်မှုသည် ဘုရားသခင်အပေါ်တွင် မူတည်နေသေးသည်။ “လူသားက အဆိုပြု၍ ဘုရားသခင်က စီစဉ်နေရာချသည်” ဟူသော ဆိုရိုးစကားသည် မှန်ကန်ပါသည်။ ဘာသာတရားမရှိသူများသည် အတွေ့အကြုံမှတစ်ဆင့် ဤဆိုရိုးစကားကို အကျဉ်းချုပ်တင်ပြထားသည်မှာ မယုံနိုင်ဖွယ်ရာဖြစ်သည်။ ထို့ပြင် အကယ်၍ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် ဤသည်ကို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပါက သူသည် ပညာဗဟုသုတနည်းပါးလွန်းနေပြီး သမ္မာတရားတစ်စုံတစ်ရာကိုမျှ နားမလည်ပါ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ပါက လူသားလုပ်ချင်သောအရာသည် ကောင်းချီးပေးခြင်းကို ခံရလိမ့်မည် ဟူသည်တို့ကို လူများ သူတို့၏စိတ်နှလုံးများထဲတွင် ခိုင်မြဲစွာ ယုံကြည်ထားရမည်။ ဤစည်းမျဉ်းစည်းကမ်းကို သင်၏စိတ်နှလုံးထဲတွင် သင်ပိုင်ဆိုင်ထားရမည်။ ဘုရားသခင်သည် အားလုံးအပေါ် အချုပ်အခြာအာဏာရှိကြောင်းနှင့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချဖို့ အခွင့်ရှိသူမှာ လူသားမဟုတ်ကြောင်းတို့ကို သင်သိထားရမည်။ ထို့ကြောင့် လူတစ်ဦးက မည်သည်ကိုလုပ်သည်ဖြစ်စေ၊ သူ၏စိတ်နှလုံးသည် တို့ထိခြင်းခံရမရကို သိဖို့အတွက် ပထမဦးစွာ သူသည် ဘုရားသခင်ထံ ဆုတောင်းရမည်။ ထို့နောက် ထိုဆောင်ရွက်ပုံနည်းလမ်းသည် သမ္မာတရားနှင့်အညီ ဖြစ်မဖြစ်နှင့် ဖြစ်နိုင်ခြေရှိမရှိတို့ကို သိဖို့အတွက် သမ္မာတရားကို ရှာဖွေရမည်။ အကယ်၍ ဤသည်ကို ချက်ချင်း မဆုံးဖြတ်နိုင်ပါက သင်သည် စောင့်ရမည်။ လုပ်ဆောင်ဖို့အတွက် အလျင်စလို မဖြစ်ပါနှင့်။ ကိစ္စကို သင်စေ့စေ့စပ်စပ် သေသေချာချာ နားလည်ပြီးသည်အထိ၊ အချိန်ကျပြီဟု သင်ခံစားရသည်အထိ၊ ထပ်၍စောင့်ဖို့ မလိုအပ်တော့ဘဲ သင်လုပ်သင့်သည့်အချိန်အထိ၊ ပြီးလျှင် ၎င်းကို လုပ်ဖို့ သင့်စိတ်နှလုံးထဲတွင် ကျိန်းသေမှု လုံလောက်စွာ ရှိသည့်အချိန်အထိ စောင့်ပါ။ ထို့နောက်တွင် သင်ပြုမူလုပ်ဆောင်နိုင်သည်။ သင်သည် ကိစ္စကို စေ့စေ့စပ်စပ် နားလည်နိုင်ခြင်းမရှိပါက၊ ရက်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်တွင် ၎င်းကို သင်စိတ်မဝင်စားပါက၊ ပြီးလျှင် ၎င်းက အောင်မြင်လိမ့်မည်ဟု သင်မသေချာပါက ဤကိစ္စသည် လူသား၏အလိုဆန္ဒမှ အရင်းခံခဲ့ကြောင်း၊ ၎င်းကို ဘုရားသခင်က ခွင့်မပြုကြောင်းတို့ကို ဤသည်က သက်သေပြသည်။ ထို့ကြောင့် ၎င်းကို သင်သည် အလျင်အမြန် လက်လျှော့လိုက်သင့်သည်။ ဘုရားသခင်ထံမှ တစ်ခုခုလာသောအခါ ၎င်းတွင် ယုံကြည်ခြင်းကို သင်အမြဲခံစားရလိမ့်မည်။ ထို့ပြင် မည်သည့်အခြေအနေမျိုး ဖြစ်လာပါစေ ထိုယုံကြည်ခြင်းသည် မဆုတ်ယုတ်သွားတော့ပေ။ နောက်ဆုံးတွင် ကိစ္စကို သင်ရှင်းလင်းပြတ်သားစွာ မြင်ရပြီးသကဲ့သို့ သင်၏စိတ်နှလုံးသည် ပို၍ ပို၍ ကြည်လင်ပြတ်သားလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ထံမှ တစ်ခုခု လာသောအခါ ဖြစ်သည့်ပုံစံပင် ဖြစ်သည်။ ဘုရားသခင်သည် လူများကို စောင့်စေသည်။ ထို့ပြင် ဤသည်က ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းအား စောင့်ဆိုင်းခြင်းကို ဆိုလိုသည်။ ထို့နောက်တွင် ကိစ္စသည် သင့်အတွက် ရှင်းလင်းပြတ်သားလာသည်။ ထို့ကြောင့် ဤစောင့်ဆိုင်းခြင်းသည် လိုအပ်သည်။ သို့သော်လည်း သင်ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့်ပတ်သက်၍ သင်သည် ပြုမူလုပ်ဆောင်ရမည်၊ ပြီးလျှင် သင်သည် စုံစမ်းစစ်ဆေးရမည်။ ထို့ပြင် စုံစမ်းစစ်ဆေးသည့် လုပ်ငန်းစဉ်တွင် ဘုရားသခင်သည် လူတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုမှတစ်ဆင့် အချက်အလက်မှန်များကို သင့်အား ပြောပြကောင်းပြောပြနိုင်သည်။ အကယ်၍ သင်သည် မစုံစမ်းမမေးမြန်းဘဲ သင်၏စိတ်နှလုံးထဲတွင် ရှုပ်ထွေးပြီး မသေချာဖြစ်နေပါက အချက်အလက်မှန်များက မည်သည်ဖြစ်သည်ကို သင်မသိဘဲ ဖြစ်နေလိမ့်မည်။ သို့သော် အကယ်၍ သင်သည် စုံစမ်းမေးမြန်းပါက အချက်အလက်အမှန်များကို သင်ရှာဖွေတွေ့ရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့ကို သင့်အား သိစေသောသူသည် ဘုရားသခင်ဖြစ်လိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လက်တွေ့မကျသလော။ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များနှင့် ကိစ္စများမှတစ်ဆင့် သင့်ကို လမ်းပြပြီး အသိဉာဏ်ပွင့်လင်းစေသည်။ ပြီးလျှင် သူသည် သင့်ကို မည်သို့ပြုမူလုပ်ဆောင်ရမည်ကို ထောက်ပြလျက် သင်၏ အတွေ့အကြုံလုပ်ငန်းစဉ်တွင် ကိစ္စများကို နားလည်ပြီး ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ကိုရဖို့အတွက် သင့်အား ညွှန်ကြားပေးသည်။ ဘုရားသခင်က မမျှော်လင့်ဘဲ ရုတ်တရက် အဆိုပြုချက်တစ်ခု၊ အတွေးတစ်ခု၊ သို့မဟုတ် စိတ်ကူးအကြံအစည်တစ်ခုကို သင့်အား မပေးပါ။ ဘုရားသခင်သည် ထိုသို့ မလုပ်ပါ။ သင်စုံစမ်းစစ်ဆေးပြီး အခြေအနေနှင့်ပတ်သက်သော အချက်အလက်မှန်များအားလုံးသည် ထုတ်ဖော်ပြီးဖြစ်သောအခါ ယခင်က သင့်တွင် ထိုကဲ့သို့သော အတွေးများနှင့် ခံစားချက်များ အဘယ်ကြောင့် ရှိခဲ့သည်ကို သင်သိလိမ့်မည်။ ဤသည်ကို သင်၏စိတ်နှလုံးထဲတွင် သင်နားလည်လိမ့်မည်။ သင်စုံစမ်းစစ်ဆေး၍ ပြီးလျှင်ပြီးချင်း ဤရလဒ်က ထွက်ပေါ်လာသည်မဟုတ်လော။ သင်မည်သို့ ပြုမူလုပ်ဆောင်သင့်သည်နှင့် ပတ်သက်လာသောအခါ ဘုရားသခင်သည် ဤအထဲတွင် ဝင်ပါလိမ့်မည်မဟုတ်ပါ။ သင်သည် မည်သို့ ပြုမူလုပ်ဆောင်ရမည်ကို သိထားပြီးဖြစ်လိမ့်မည်။ ဤသည်မှာ အနည်းငယ်မျှပင် သဘာဝလွန်မဖြစ်သည့်၊ အံ့ဩဖွယ်လည်း ကောင်းပြီး လက်တွေ့လည်းကျသော နည်းလမ်းတစ်ခုဖြင့် လူများကို ဘုရားသခင်အလုပ်လုပ်ပုံနှင့် လမ်းပြပုံဖြစ်သည်။ အပျင်းထူသောလူများသည် ဤသည်ကို သဘာဝလွန် နည်းလမ်းများမှတစ်ဆင့် ဖြစ်ပျက်ဖို့ အမြဲတမ်း လိုချင်ကြသည်။ သူတို့သည် ဘုရားသခင်က သူတို့ကို ဘာလုပ်ဖို့ တိုက်ရိုက် ပြောပြစေလိုကြသည်။ သူတို့သည် ဖြတ်လမ်းကို လိုက်လိုကြပြီး ဘုရားသခင်ကို သူတို့အတွက် လုပ်ပေးစေလိုကြသည်။ ပြီးလျှင် သူတို့သည် ကြိုတင်၍ တစ်နေရာတွင်ရှာဖွေခြင်း သို့မဟုတ် အားထုတ်ခြင်းတို့ကိုလည်း မပြုလုပ်ကြပါ။ ပြီးလျှင် သူတို့သည် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမလုပ်ကြပါ။ ထို့ကြောင့် သူတို့၏အလိုဆန္ဒများသည် အချည်းနှီးဖြစ်ကုန်ကြသည်။ ဘာသာရေးကို အလွန် ရိုသေကိုင်းရှိုင်းသောလူများ၊ သမ္မာတရားကို ချစ်မြတ်နိုးသော လူများသည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် နေထိုင်ကြပြီး၊ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် သူတို့၏စိတ်နှလုံးများကို ငြိမ်သက်စေသည်။ သူတို့တွင် တစ်ခုခုဖြစ်လာပြီး မည်သည့်အရာ လုပ်ရမည်ကို သူတို့ မသိကြသောအခါ သူတို့သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ကြပြီး ဘုရားသခင်ထံမှ ရှာဖွေကာ ဘုရားသခင် မည်သည့်အရာ အလိုရှိသည်ကို သိမြင်နိုင်ကြသည်။ သူတို့တွင် ရှာဖွေနေသော စိတ်နှလုံးတစ်ခု ရှိကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ဤကိစ္စတွင် လမ်းပြသည်။ ထို့ပြင် နောက်ဆုံးတွင် ရလဒ်ကို ထုတ်ဖော်သောအခါ ထိုအခါတွင် သူတို့သည် ဘုရားလက်တော်၏ စီစဉ်ညွှန်ကြားမှုများကို မြင်နိုင်ကြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားသည်ဟု ဆိုသည်မှာ အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်ပါ။ ထို့ကြောင့် ထိုကဲ့သို့သော ကိစ္စများကို ပို၍ တွေ့ကြုံခြင်းဖြင့် ဘုရားသခင်သည် စိတ်ကူးယဉ်ထွင်လုံးတစ်ခု မဟုတ်ကြောင်း၊ သူသည် ဒဏ္ဍာရီတစ်ခု မဟုတ်ကြောင်းနှင့် သူ၌ အနှစ်သာရမရှိခြင်း မဟုတ်ကြောင်းတို့ကို သင်သိလာလိမ့်မည်။ ဘုရားသခင်သည် သင့်ဘေးနားတွင် ရှိနေလိမ့်မည်။ သူ့တည်ရှိမှုကို သင်ခံစားရနိုင်မည်၊ သူ့လမ်းပြမှုကို ခံစားရနိုင်မည်၊ ပြီးလျှင် သူ့လက်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ခံစားရနိုင်မည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ အစစ်အမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ပို၍ပို၍ သတိမူမိလာလိမ့်မည်။ သို့ရာတွင် အကယ်၍ သင်သည် ဤနည်းဖြင့် တွေ့ကြုံဖို့ မတတ်နိုင်ပါက ဤအရာများကို သင်သည် မည်သည့်အခါမျှ ခံစားရနိုင်မည်မဟုတ်ပေ။ “ဘုရားသခင်တစ်ပါး ရှိသလော၊ မရှိသလော။ သူသည် အဘယ်မှာနည်း။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို ကျွန်ုပ် လက်ခံယုံကြည်လာခဲ့ပြီး လူတိုင်းက သူတည်ရှိသည်ဟု ပြောကြသည်။ သို့ဆိုလျှင် သူ့ကို ကျွန်ုပ် အဘယ်ကြောင့် မမြင်ဖူးသနည်း။ သူက လူသားကို ကယ်တင်သည်ဟု သူတို့အားလုံးက ပြောကြသည်။ သို့ဆိုလျှင် လူများအပေါ် ဘုရားသခင် အလုပ်လုပ်ပုံလုပ်နည်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားဖူးသနည်း” ဟု သင်တွေးမိလိမ့်မည်။ ဤအရာများကို သင်သည် မည်သည့်အခါမျှ ခံစားရလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် သင်သည် သင်၏စိတ်နှလုံးထဲတွင် အေးငြိမ်းသက်သာခြင်းကို မည်သည့်အခါမျှခံစားရလိမ့်မည်မဟုတ်ပါ။ သင်ကိုယ်တိုင်အတွက် ၎င်းတို့ကို ခံစားခြင်းဖြင့်သာ အခြားသူများပြောပြီး တွေ့ကြုံနေကြသည့်အရာကို ဘုရားသခင်က ပြီးမြောက်အောင်မြင်ပြီး ဖြစ်ကြောင်းကို သင်သည် သက်သေပြနိုင်လိမ့်မည်။ ဘုရားသခင်၏အမှုတော်သည် အံ့ဩဖွယ်ရာဖြစ်ပြီး နားလည်သဘောပေါက်ဖို့ ခက်ခဲသော်လည်း ၎င်းသည် လက်တွေ့လည်းကျသည်။ ဤလက္ခဏာသွင်ပြင်နှစ်ချက်ကို သင်နားလည်သဘောပေါက်ရမည်။ ၎င်းသည် အံ့ဩဖွယ်ရာဖြစ်ပြီး နားလည်သဘောပေါက်ဖို့ ခက်ခဲသည်ဟူသည်မှာ ဘုရားသခင်လုပ်သမျှအားလုံးသည် ဉာဏ်ပညာအမြော်အမြင်ရှိပြီး လူသားက လက်လှမ်းမမီနိုင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏အနှစ်သာရတို့က ၎င်းကို အဆုံးအဖြတ်ပေးသည်။ သို့သော် အခြားလက္ခဏာသွင်ပြင် နောက်တစ်ခုရှိသေးသည်၊ ယင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မယုံနိုင်လောက်အောင် လက်တွေ့ကျသည် ဟူသည့်အချက်ဖြစ်သည်။ ဤ “လက်တွေ့ကျသည်” ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ၎င်းက လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်နိုင်ကြောင်း၊ လူသား၏တွေးခေါ်ခြင်း၊ စိတ်၊ အတွေးများ၊ ဉာဏ်ပညာ၊ လူသားက ပိုင်ဆိုင်သော ပင်ကိုအသိစိတ်များနှင့် အစွမ်းအစတို့ အပါအဝင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်နိုင်ကြောင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သဘာဝလွန်မဟုတ်ပါ သို့မဟုတ် အနှစ်သာရမရှိခြင်း မဟုတ်ပါ။ သင်သည် တစ်ခုခုကို မှန်မှန်ကန်ကန် လုပ်သောအခါ ဘုရားသခင်က ၎င်းသည် မှန်ကန်ကြောင်း သင့်ကို အသိပေးလိမ့်မည်။ ထို့ပြင် သင်သည် ၎င်းကို အတည်ပြုရလိမ့်မည်။ သင်သည် တစ်ခုခုကို အမှားလုပ်မိသောအခါ ဘုရားသခင်က သင့်ကို တဖြည်းဖြည်း နားလည်အောင် လုပ်ပေးလိမ့်မည်။ သူက သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ ပြီးလျှင် ဤသည်ကို သင်အမှားလုပ်မိပြီ ဖြစ်ကြောင်းကို သင့်အား သိစေလိမ့်မည်။ ထို့ပြင် ၎င်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ကြောင်းကို သင့်အား သိစေလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်အပေါ် ကျေးဇူးတင်လိမ့်မည်။ ဤသည်မှာ “လက်တွေ့ကျသည်” ဟူသည်၏ ဆိုလိုရင်းဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။